အခန်း ၅၀၁
Vol. 42 Ch. 501
အခန်း(၅၀၁)
မိုက်ကယ်ဟာ အပ်ပါးဝုဒ်နယ်မြေမှာရှိတဲ့ မိန်းလမ်းဆီချက်ချင်း ပြန်ပြီးတယ်လီပို့လုပ်လိုက်တယ်။
အဲဒီရောက်တော့ ကုမ္ပဏီဖွင့်ပွဲအတွက် ရုံးချုပ်နဲ့ ဆိုင်ကို အပြိုင်အဆိုင် အလှဆင်နေကြတဲ့ ရှီနာနဲ့ ကျန်တဲ့အဖွဲ့သားတွေက သူ့ကို ဝမ်းသာအားရ ကြိုဆိုကြတာပေါ့။
“သခင်မိုက်ကယ်။ ပြန်လာပြီလား။ ဒီနေရာလေးကို သဘောကျရဲ့လားဟင်” ရှီနာက ဦးညွှတ်ပြီး မေးလိုက်တယ်။
မိုက်ကယ်က အခန်းထဲ ပတ်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ အရင်ကမ္ဘာကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ ရုံးချုပ်အသစ်ရဲ့ ဧည့်ကြိုခန်းက မြို့ကြီးပြကြီးတွေမှာရှိတဲ့ မိုးမျှော်တိုက်ကြီးတွေရဲ့ အဝင်ခန်းမအတိုင်းပဲ။ ကျယ်ကျယ်ဝန်းဝန်းနဲ့ ခေတ်မှီဆန်းသစ်ပြီး ရိုးရိုးရှင်းရှင်းလေး ဖြစ်နေပေမဲ့ တစ်ဖက်ကလည်း တိတ်တဆိတ်နဲ့ ခန့်ညားထည်ဝါမှုကို ပြသနေသလိုမျိုး။
နေရာတစ်ခုလုံးကိုတော့ အနောက်ဘက်မှာ မောင်းနှင်နေတဲ့ ဂျင်နရေတာစက်ကနေ လျှပ်စစ်မီးတွေနဲ့ ရေပိုက်လိုင်းစနစ်တွေအပြင် တခြားလိုအပ်တဲ့ လည်ပတ်မှုစနစ်အားလုံးကို စွမ်းအင်ပေးထားတာပါ။
ဧည့်ကြိုခန်းရဲ့ အရှေ့တည့်တည့်မှာတော့ ရီနေးတား ဆိုတဲ့ စာလုံးအကြီးကြီးတွေနဲ့ နောက်ခံမှာ ဝါကျင့်ကျင့် မီးလင်းရောင်မှိန်မှိန်လေး လင်းနေတဲ့ ဆိုင်းဘုတ်အကြီးကြီးတစ်ခု ရှိနေတယ်။
“သဘောကျပါတယ်။ တကယ့်ကို လုပ်ငန်းခွင်အပြင်အဆင်အတိုင်း ပရော်ဖက်ရှင်နယ် ဆန်တာပဲ” သူက သူတို့ကို ချီးကျူးလိုက်တယ်။
“သခင်မိုက်ကယ် သဘောကျတယ်ဆိုတော့လည်း ကျွန်မတို့ ဝမ်းသာရတာပေါ့။ ဒါပေမဲ့ သခင်ကိုယ်တိုင် ဆုံးဖြတ်ပေးရမယ့် ကိစ္စအချို့ ကျန်သေးတယ်ရှင့်။ ဓာတ်လှေကားအကြောင်း ဆွေးနွေးဖို့ ခုန်းနဲ့ တွေ့ချင်လားဟင်”
မိုက်ကယ်က ခုန်းရဲ့ လက်ရာကို ယုံကြည်ပြီးသားမို့ အကူအညီ မလိုပါဘူး။ “ဒီကိစ္စကိုတော့ သူ့ကိုပဲ စိတ်ချလက်ချ လွှဲထားလိုက်မယ်။ အခုလောလောဆယ် ကက်စတယ်လာနဲ့တွေ့ပြီး ဆိုင်ဖွင့်ဖို့ အစီအစဉ်တွေကို ဆွေးနွေးချင်တယ်” လို့ ပြောလိုက်တယ်။
ရှီနာက ခေါင်းညိတ်ပြီး မိုက်ကယ်ကို မြေအောက် ဆယ်ထပ်မှာရှိတဲ့ ရုံးချုပ်ရဲ့ အနိမ့်ဆုံးနေရာဆီ လမ်းပြခေါ်သွားတယ်။ ဒီနေရာကတော့ ရီနေးတားရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်တဲ့ မဟာဗျူဟာမြောက် အစည်းအဝေးခန်းမပေါ့။
ကက်စတယ်လာကတော့ အခန်းတွေထဲက တစ်ခန်းမှာ အခြေချနေထိုင်နေပြီ။ သူမက ရုံးခန်းနဲ့ ကိုယ်ပိုင်နားနေဆောင်တစ်ခု လုပ်ထားပေမဲ့ တော်တော်လေး ကျဉ်းမြောင်းလွန်းတာကြောင့် သူမလို စီအီးအိုတစ်ယောက်နဲ့ဆို မလိုက်ဖက်လှဘူး။
“ဒီထက် ပိုကျယ်ကျယ်ဝန်းဝန်း လုပ်လို့ရသားနဲ့” သူက သူမကို ပြောလိုက်တယ်။
“ကျွန်မအတွက် ဒီလောက်ဆို အဆင်ပြေပါတယ် သခင်လေး။ အိပ်ဖို့ ကုတင်တစ်လုံးရှိရင်တင် စိတ်ကျေနပ်ပါပြီ”
ကက်စတယ်လာကိုတော့ ငြင်းလို့မရပါဘူး။ အချိန်တွေ ဒီလောက်ကြာသွားပြီး ရီနေးတားရဲ့ စီအီးအိုနဲ့ လုပ်ငန်းလည်ပတ်မှု အားလုံးရဲ့ အကြီးအကဲအဖြစ် လုပ်သက် နှစ်အနည်းငယ် ရှိနေပြီဆိုရင်တောင် သူမက ဗန်ဒါဘစ် အစေခံဝတ်စုံကိုပဲ ဝတ်ဆင်ထားတုန်းပဲ။
“မိန်းလမ်းမှာရှိတဲ့ ကျွန်တော်တို့ ကုန်တိုက်အကြောင်း ပြောကြရအောင်။ ဘယ်လိုအခြေအနေ ရှိလဲ”
ကက်စတယ်လာက စာအိတ်ထဲကနေ စာရွက်အချို့ကို ထုတ်ပြီး မိုက်ကယ်ကို ကမ်းပေးလိုက်တယ်။
“ကျွန်မတို့ မက်ထရိုပိုလစ်မှာ လူကြိုက်များမယ့် ပစ္စည်းစာရင်းကို အတိအကျ ပြင်ဆင်ထားပါတယ်။ ဒါက အပ်ပါးဝုဒ်နယ်မြေမှာရှိတဲ့ အရိပ်ဝံပုလွေတွေ စုဆောင်းထားတဲ့ ဖောက်သည်တွေရဲ့ အချက်အလက်တွေကနေတစ်ဆင့် ပြုစုထားတာပါ။ လူတွေနဲ့ ရင်းနှီးပြီးသား ပစ္စည်းတွေကိုပဲ အရင်ရောင်းသင့်တယ်လို့ ကျွန်မတို့ ယူဆပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေက အရည်အသွေး ပိုကောင်းတာမို့ လူတွေက သဘာဝအတိုင်း ကျွန်မတို့ဆီကပဲ ဝယ်ချင်ကြမှာပါ။
ဒါက လူတွေကို ဆိုင်ထဲ ဝင်လာအောင် ဆွဲဆောင်တဲ့ နည်းလမ်းပေါ့။ ပြီးတော့ တခြားကုမ္ပဏီတွေနဲ့ ကွဲထွက်သွားအောင် လူတွေ တစ်ခါမှမမြင်ဖူးသေးတဲ့ ပစ္စည်းအသစ်အဆန်းတွေကိုပါ မိတ်ဆက်ပေးရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူတွေရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့ပြီး ရီနေးတားဆိုတဲ့ နာမည်ကလည်း ဖောက်သည်တွေရဲ့ စိတ်ထဲမှာ သဘာဝအတိုင်း ပြန့်နှံ့သွားမှာပါ”
မိုက်ကယ်က ကက်စတယ်လာရဲ့ အစီရင်ခံစာကို ကြည့်လိုက်ပြီး ဘာမှ လိုအပ်ချက် မတွေ့ဘူး။ “ကောင်းပြီ။ မင်းရဲ့ အစီအစဉ်အတိုင်းပဲ သွားကြတာပေါ့။ ပစ္စည်းတွေ ပို့ဆောင်တာရော စတင်နေပြီလား”
ကက်စတယ်လာက ခေါင်းညိတ်တယ်။ “ကျွန်မတို့ ပြောနေတဲ့ အချိန်မှာပဲ ကုန်တင်ကားတွေက မက်ထရိုပိုလစ်ဆီ ဦးတည်မောင်းနှင်နေပါပြီ။ ပစ္စည်းတွေကိုတော့ အန်ဂိုရာမြို့မှာရှိတဲ့ ကျွန်မတို့ရဲ့ သိုလှောင်ရုံကနေ ယူထားတာမို့ အလွန်ဆုံး တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်း ရောက်ပါလိမ့်မယ်”
သူမရဲ့ အစီရင်ခံစာအရ ကုန်တိုက်မှာ ရောင်းချမယ့် ပစ္စည်းအားလုံးကို တင်ဆောင်ပြီး မက်ထရိုပိုလစ်ဆီ ဦးတည်သွားနေတဲ့ ကုန်တင်ကား စုစုပေါင်း ဆယ်စီးလောက် ရှိတယ်။ ပြီးတော့ အနာဂတ်မှာ ပစ္စည်းတွေ ပြန်ဖြည့်တင်းဖို့အတွက် အပတ်စဉ် ကုန်တင်ကား ငါးစီးလောက် ထပ်လာလိမ့်မယ်။
ဝယ်လိုအား ပိုများလာရင်တော့ ပစ္စည်းပို့ဆောင်မှုကို ဒီထက်မက တိုးမြှင့်ရမှာပေါ့။
ကံကောင်းတာက မြို့စားကတော်က ကုန်တင်ကားတွေ ရောက်လာတာနဲ့ တံတိုင်းက အစောင့်တွေက ပေးဖြတ်လိမ့်မယ်လို့ သူ့ကို အာမခံထားပြီးသားပါ။
အခုတော့ သူလုပ်ရမှာက စောင့်ဆိုင်းဖို့ပဲ။
“ငါ လုပ်ချင်တာ တစ်ခုရှိသေးတယ်။ ရှီနာ... ငါ မကြာသေးခင်ကပဲ မြို့စားကတော်ရဲ့ ရဲတိုက်အနီးက အိမ်တော်ကြီးတစ်လုံးကို စီမံခန့်ခွဲပိုင်ခွင့် ရခဲ့တယ်။ အဲဒီမှာ ဆိုဒါစက်ရုံတစ်ရုံ ဆောက်ဖို့ အစီအစဉ်ရှိတယ်”
ရှီနာ့မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ “ဆိုဒါလား သခင်မိုက်ကယ်။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ထုတ်ကုန်ပဲနော်”
“ဒါ အပိုင်ပဲ” ကက်စတယ်လာက ထောက်ခံလိုက်တယ်။ “ကျွန်မတို့ရဲ့ အားထုတ်မှုအားလုံးကို ဆိုဒါ ကြော်ငြာတဲ့နေရာမှာပဲ ပုံအောလိုက်မယ်ဆိုရင် ဖောက်သည်တွေကြားထဲ နေရာရဖို့ ပိုလွယ်ကူသွားလိမ့်မယ်”
ရီနေးတား ကုမ္ပဏီက အစုံရောင်းတာမို့ လူတွေကြားထဲမှာ သီးသန့် ကွဲထွက်နေတဲ့ ထုတ်ကုန်ရယ်လို့ မရှိဘူး။ လူတွေက သူတို့ ဘာရောင်းလဲဆိုတာ အသေအချာ မသိကြတာကြောင့် မှတ်မိဖို့ ခက်ခဲစေပါတယ်။
ဒါက သူတို့ သိမ်းပိုက်ပြီးသား နယ်မြေတွေမှာ ပြဿနာမရှိပေမဲ့ သူတို့ကို မသိသေးတဲ့ မက်ထရိုပိုလစ်လို နေရာမျိုးမှာဆိုရင်တော့ မက်ထရိုပိုလစ်ရဲ့ ရေပန်းစားမှုရေစီးကြောင်းထဲ နာမည်ပေါက်သွားဖို့အတွက် ပေါက်ကွဲအားရှိတဲ့ ထုတ်ကုန်တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်။
လူတွေက ဆိုဒါကြောင့် ရီနေးတားကို သိလာကြလိမ့်မယ်။ ပြီးတော့ ရီနေးတားကို ပိုပြီး ရင်းနှီးသွားတာနဲ့ တခြားထုတ်ကုန်တွေကလည်း အလိုလို လူကြိုက်များလာမှာပဲ။
“ရှီနာ... ငါတို့ရဲ့ အင်ဂျင်နီယာတွေကို ဆိုဒါစက်ရုံအတွက် ဗိသုကာပုံစံ ထုတ်ခိုင်းလိုက်ပါ။ အသေးစိတ် အချက်အလက်တွေကို ငါ ပြောပြမှာမို့လို့ ငါ့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးပါဦး”
ဖြူဖွေးတဲ့ အကြေးခွံတွေရှိတဲ့ ဒရာဂွန်ဘွန်းမလေးက ခေါင်းညိတ်ပြီး သူမလိုအပ်တဲ့ အင်ဂျင်နီယာစာရင်းကို ချက်ချင်း ထုတ်ပေးလိုက်တယ်။ အရိပ်ဝံပုလွေတွေရဲ့ အကူအညီနဲ့ အဲဒီအင်ဂျင်နီယာတွေက အစည်းအဝေးခန်းမဆီ တိုက်ရိုက် တယ်လီပို့ ရောက်ရှိလာတာပေါ့။
“ငါနဲ့ လာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်။ ငါတို့ လုပ်ရမှာကတော့...” သူက သူတို့ကို ပြောလိုက်တယ်။
သူက စက်ရုံရဲ့ သတ်မှတ်ချက်တွေ၊ ဘာတွေထုတ်လုပ်မှာလဲ၊ ပြီးတော့ နောက်ဆုံးရလဒ် ထွက်လာဖို့ ဘယ်လိုလည်ပတ်ရမလဲဆိုတာတွေကို ပြောပြလိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူတို့က စက်ရုံမှာ ဆိုဒါတစ်ခုတည်း လုပ်မှာမဟုတ်ဘူး။ ဆိုဒါတွေ ထည့်ရောင်းဖို့ လိုအပ်တဲ့ ဖန်ပုလင်းတွေကိုပါ တစ်ခါတည်း ထုတ်လုပ်မှာပါ။
“ဒါ လုပ်လို့ရပါတယ် သခင်။ ရက်နည်းနည်းလောက်ပဲ အချိန်ပေးပါ၊ ဗိသုကာပုံစံကြမ်းကို အပြီးထုတ်ပေးပါ့မယ်” လို့ အင်ဂျင်နီယာတစ်ယောက်က ပြောလိုက်တယ်။
* * * * * * * *
တစ်ရက် ကုန်လွန်သွားခဲ့ပြီ...
အစည်းအရုံး ရုံးချုပ်မှာတော့ ကလော်ဒီယာဟာ သူမရဲ့ စားပွဲပေါ်မှာ စုပုံနေတဲ့ စာရွက်စာတမ်းပုံကြီးတွေကြောင့် ခေါင်းကို စားပွဲပေါ် မှောက်ချထားမိတယ်။
“မစ္စ ကလော်ဒီယာ။ ခရိုကိုဒိုင်းလယ်သာရေကုမ္ပဏီက သူတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အယ်လီဂေတာကလပ်နဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ လုပ်ဖို့ တောင်းဆိုနေပါတယ်”
“မဒမ် ထိပ်တန်း ဝိုင်ကုမ္ပဏီ နှစ်ခုကလည်း လျှို့ဝှက်နယ်မြေ စိန်ခေါ်ပွဲအတွက် တောင်းဆိုနေကြပါတယ်။ သူတို့ပွဲကို အချိန်ဇယားထက် စောပြီး လုပ်ပေးလို့ရမလားလို့ မေးနေကြပါတယ်”
ကလော်ဒီယာ ညည်းတွားလိုက်တယ်။ “မရဘူး။ အခုတင် လုပ်စရာတွေ ပုံနေလို့ မအားတော့တဲ့အထဲ”
လူတိုင်းက ပွဲတော်အတွက် ပြင်ဆင်ဖို့ အလောတကြီး ဖြစ်နေကြတာကြောင့် စိန်ခေါ်ပွဲတွေ ဆက်တိုက် ဝင်လာတဲ့ဒဏ်ကို သူမ ခံနေရတာပါ။
ပြီးတော့ ပိုဆိုးတာက ဘာနာဘီဘဏ္ဍာတိုက်ရဲ့ လေလံပွဲကလည်း နီးကပ်နေပြီမို့ လူတိုင်းက သူတို့ စုဆောင်းနိုင်သမျှ ငွေကြေးနဲ့ အာဏာတွေကို အစွမ်းကုန် သိုလှောင်ဖို့ စိတ်ဆန္ဒတွေ ပိုပြင်းပြနေကြတယ်။
“ဟို... မစ္စ ကလော်ဒီယာ။ ကျွန်မတို့ ဧည့်ကြိုခန်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်ရှင့်။ လူကြီးလူကောင်းတွေ အများကြီး ရောက်လာပြီး မဒမ်နဲ့ တွေ့ဖို့ တောင်းဆိုနေကြပါတယ်” လို့ ဝန်ထမ်းတစ်ယောက်က အလောတကြီး လာပြောတယ်။
ကလော်ဒီယာ သက်ပြင်းချပြီး စားပွဲကနေ ထကာ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့နေရာဆီ လျှောက်သွားလိုက်တယ်။
အဲဒီရောက်တော့ ထိပ်တန်းကုမ္ပဏီ ခေါင်းဆောင်အချို့က ကုလားထိုင်တွေပေါ်မှာ စိတ်ရှည်လက်ရှည် စောင့်နေကြတာကို သူမ တွေ့လိုက်ရတယ်။
သူတို့က လက်ဂါစီ့စ် အဆင့်တွေလောက် မဟုတ်ပေမဲ့ အဆင့် သတ်မှတ်ချက်အရတော့ ထိပ်တန်းစာရင်းဝင်တွေပါပဲ။
ဥပမာအားဖြင့် မိကျောင်းသားရေကုမ္ပဏီက အဆင့် ၃၁၂ ရှိပြီး အယ်လီဂေတာကလပ်ကတော့ အဆင့် ၃၂၅ မှာ ရှိတယ်။
“မစ္စတာ ခရိုကိုဒိုင်း၊ မစ္စတာ အယ်လီဂေတာ... ရှင်တို့ ဒီကို ဘာကိစ္စနဲ့ လာကြတာလဲ” ကလော်ဒီယာက သူတို့ကို မေးလိုက်တယ်။
တစ်ကိုယ်လုံးကို ကောင်းဘွိုင်တစ်ယောက်လို မိကျောင်းသားရေတွေ ဝတ်ဆင်ထားတဲ့ မိကျောင်းလူသားက ကလော်ဒီယာကို သူ့ဦးထုပ်ကို အသာလေးပင့်ပြီး နှုတ်ဆက်လိုက်တယ်။
“ကျွန်တော်တို့ စိန်ခေါ်ပွဲတစ်ခု လုပ်မလို့ပါ မဒမ်။ ထုတ်ကုန်ခွင့်ပြုချက်မှာ သူ့ရဲ့ နေရာကို ကျွန်တော် ယူချင်လို့ပါ”
* * * * * * * *
စာစဉ်(၄၂)