အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း(၂၅၁)
ဒေါင်ဝုခ်က လှမ်းလှမ်းမှာ ရှိနေတဲ့ မန်နေဂျာယူးကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်တယ်။ မန်နေဂျာယူးက လက်နှစ်ဖက်လုံးမှာ ပလတ်စတစ်အိတ်တစ်အိတ်စီကို ဆွဲလို့ ရုပ်သံဌာနဆီ ပြန်သွားနေတာပါ။ အဲဒီအိတ်ထဲက ပစ္စည်းတွေအကုန်လုံးကလည်း ဒေါင်ဝုခ်ရဲ့ ကိုယ်ပိုင်ပိုက်ဆံတွေနဲ့ပဲ ဝယ်ပေးခဲ့တာလေ။
“တောက်”
ဒေါင်ဝုခ်ရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားတယ်။ သူ မန်နေဂျာယူးဆီကနေ အချက်အလက်တွေ အမှန်အတိုင်း ထွက်လာအောင် မနည်း ဆွဲထုတ်နိုင်ခဲ့ပေမဲ့ အလဲအလှယ်လုပ်ဖို့ မျှော်လင့်ချက်ကိုတော့ ဘာမှ မမြင်ရသေးဘူး။ အလဲအလှယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ဘာလိုချင်လဲဆိုတာ တိတိကျကျ သိမှ ဖြစ်တာမျိုး မဟုတ်လား။ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ အဲဒီမန်နေဂျာယူးကတော့ သူ့ကုမ္ပဏီအပေါ် နောက်ဆုံးအချိန်အထိ သစ္စာရှိနေတုန်းပဲ။ ဆိုလိုတာက သူက ဒီသတင်းကနေ ဘာအမြတ်အစွန်းမှ မထုတ်ချင်ဘူးပေါ့။
ဒေါင်ဝုခ်က မန်နေဂျာယူးကို ပေးခဲ့တဲ့ ကမ်းလှမ်းချက်က ရိုးရိုးလေးပါ။ ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်မယ့် အဖွဲ့ဝင်ရဲ့ နာမည်ကိုပဲ မန်နေဂျာယူးဆီကနေ မေးခဲ့တာ။ ကောလာဟလတစ်ခုကနေ အမှန်တရား ဖြစ်လာတဲ့ အချိန်ကစပြီး အဲဒီအရာက တန်ဖိုးရှိလာပြီလေ။ ဒေါင်ဝုခ်က သတင်းဆောင်းပါး မရေးခင် TTO ရဲ့ နောက်ကွယ်က ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအဆင့် တာဝန်ရှိသူတစ်ဦးနဲ့ စကားပြောဖို့ စဉ်းစားလိုက်တယ်။ ပုံမှန်ဆိုရင် ကုမ္ပဏီဘက်က တုံ့ပြန်ပုံ နှစ်နည်းပဲ ရှိတတ်တယ်။
ပထမတစ်နည်းကတော့ လျှို့ဝှက်ချက် ထိန်းသိမ်းရမယ်ဆိုတဲ့ သဘောတူညီချက်ကြောင့် ကုမ္ပဏီက အဲဒီအဖွဲ့ဝင်ရဲ့ နာမည်ကို ထုတ်မပြောနိုင်တဲ့ အခါမျိုးပေါ့။ ဒီလို အခြေအနေဆိုရင် ကုမ္ပဏီက သတင်းကို လျှို့ဝှက်ထားပေးဖို့ သူ့ကို ပိုက်ဆံပေးမှာပဲ။ ဒုတိယတစ်နည်းကတော့ အများပြည်သူ သိသွားလည်း ဘာမှ မဖြစ်တဲ့ အခါမျိုးပေါ့။ ဒီလိုဆိုရင်တော့ သူက သတင်းဆောင်းပါးကို စိတ်ကြိုက်ရေးပြီး တင်လိုက်ရုံပဲ။ အဲဒီအခါကျရင် သူက စာမူခအပြင် အထူးသီးသန့် သတင်းဖြစ်တဲ့အတွက် အပိုဆုကြေးပါ ရဦးမှာလေ။
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် သူကတော့ ပိုက်ဆံရမှာ သေချာနေတာမို့လို့ ရလာမယ့် အမြတ်အစွန်းတချို့ကို မန်နေဂျာယူးကို ခွဲပေးမယ်လို့ ပြောခဲ့ပေမဲ့ ငြင်းပယ်ခံလိုက်ရတာပေါ့။
“ဒီအတိုင်းပဲ တင်လိုက်ရမလား”
ဒေါင်ဝုခ်က စီဂရက်တစ်လိပ်ကို ထုတ်ပြီး ပါးစပ်မှာ ခဲလိုက်တယ်။ သတင်းဆောင်းပါး တင်ဖို့ကတော့ လွယ်လွယ်လေးပါ။ အယ်ဒီတာက ပိုက်ဆံဆို မျက်စိမှိတ်နေတဲ့လူ။ အမြတ်ထွက်မယ်လို့ ယူဆလိုက်တာနဲ့ အဲဒီသတင်းဆောင်းပါးက တစ်လုံးမှ ပြင်စရာမလိုဘဲ ချက်ချင်း အိုကေရမှာ။ ဒါပေမဲ့ ပြဿနာက အဲဒီနောက်ပိုင်းမှ လာမှာလေ။ TTO ရဲ့ နောက်ကွယ်က ကုမ္ပဏီက တစ်ခုခု တုံ့ပြန် အရေးယူလာနိုင်တယ်။
“အဲဒီလိုတော့ လုပ်လို့မဖြစ်ဘူး”
သူက မီးခိုးတွေနဲ့အတူ သက်ပြင်းအရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။ ရှုံးမယ့်တိုက်ပွဲကို စမယ့် လူမိုက်ဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူးလေ။ ဒေါင်ဝုခ်က TTO ရဲ့ နောက်ကွယ်က ကုမ္ပဏီနဲ့ အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးမျိုးကိုပဲ ထိန်းသိမ်းထားချင်တာ။ ဒါပေမဲ့ အဲဒီကုမ္ပဏီဘက်ကတော့ ဒါကို အပြန်အလှန် အကျိုးပြုတယ်လို့ မမြင်ဘဲ ကပ်ပါးရပ်ပါး နေတယ်လို့ပဲ မြင်မှာပေါ့။
ဟိုးရှေးရှေးတုန်းကတော့ သတင်းထောက်တွေရဲ့ အာဏာက စိတ်ကူးထဲကထက်ကို ပိုပြီး ကြီးမားခဲ့ဖူးတယ်။ သတင်းစာတွေကပဲ သတင်းရဲ့ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်ခဲ့တဲ့ ခေတ်တုန်းကဆိုရင် ဖျော်ဖြေရေး၊ နိုင်ငံရေး ဒါမှမဟုတ် စီးပွားရေး သတင်းထောက်ပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဗီအိုင်ပီတွေလို ဆက်ဆံခဲ့ကြတာပေါ့။ သတင်းထောက်တစ်ယောက်ရဲ့ ဆောင်းပါးတစ်စောင်တည်းနဲ့တင် နာမည်ကြီး နိုင်ငံရေးသမားတစ်ဦးရဲ့ လမ်းကြောင်းကို အဆုံးသတ်ပစ်နိုင်ခဲ့တာ ဒါမှမဟုတ် နာမည်ကြီး အနုပညာရှင်တစ်ယောက်ကို ဘဝပျက်အောင် လုပ်ပစ်နိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ အဲဒီခေတ်တုန်းကတော့ သူတို့ရဲ့ ကလောင်ဖျားတွေမှာ အာဏာရှိခဲ့တာပေါ့။
ဒါပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ သတင်းထောက်တွေရဲ့ တောက်ပခဲ့တဲ့ နေ့ရက်တွေကတော့ အဆုံးသတ်ကို ရောက်သွားခဲ့ပါပြီ။ အချက်အလက် သတင်းတွေကို အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူ ရနိုင်လာတယ်။ သတင်းထောက်တွေ အာဏာရှိခဲ့တဲ့ အကြောင်းရင်းကတော့ အမှန်တရားတွေရဲ့ အပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် အမြင်တွေကို ထပ်လောင်း ထည့်သွင်းနိုင်ခဲ့လို့ပဲ။ သူတို့ရဲ့ အမြင်တွေကို သုံးပြီး အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေကို သိသိသာသာ ပြောင်းလဲပစ်နိုင်ခဲ့ကြတယ်။
ဒါပေမဲ့ အင်တာနက် ပေါ်လာကတည်းကတော့ သတင်းထောက်တွေ ပိုင်ဆိုင်ခဲ့တဲ့ လုပ်ပိုင်ခွင့် အာဏာတွေက သိသိသာသာကြီး ကျဆင်းသွားခဲ့ရတယ်။ အတိတ်တုန်းက အစိုးရကို ဆန့်ကျင်ပြီး ဆောင်းပါးတွေရေးဖို့ အသက်နဲ့လဲခဲ့တဲ့ သတင်းထောက် အနည်းငယ်ကလွဲလို့ မကြာသေးမီ နှစ်တွေအတွင်းမှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတဲ့ သတင်းထောက်ဆိုတာ သိပ်မရှိတော့ဘူး။
ဒါ့အပြင် သတင်းဆောင်းပါးတွေရဲ့ အရည်အသွေးနဲ့ သဘာဝကလည်း ပြောင်းလဲသွားခဲ့တယ်။ အရင်တုန်းကတော့ သုံးနှုန်းထားတဲ့ စကားလုံးတွေရဲ့ နက်နဲတဲ့ စဉ်းစားတွေးခေါ်မှုနဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကြောင့် ဆောင်းပါးတွေက ချီးကျူးဂုဏ်ပြုခံခဲ့ရပေမဲ့ အခုအချိန်မှာတော့ မြန်နှုန်းကသာ အရာအားလုံး ဖြစ်နေပြီ။
ဆောင်းပါးတစ်စောင်က ဘယ်လောက်ပဲ ကောင်းနေပါစေဦးတော့ အင်တာနက်ပေါ် တင်လိုက်တာနဲ့ ချက်ချင်းပဲ တခြားနေရာတစ်ခုခုမှာ ကူးယူဖော်ပြခံလိုက်ရတာပဲ။ သတင်းစာခေတ်တုန်းကတော့ တခြားကုမ္ပဏီတွေရဲ့ သီးသန့်သတင်းတွေကို လိုက်မီဖို့ တစ်ရက်နီးပါးတောင် အချိန်ယူခဲ့ရပေမဲ့ အခုအချိန်မှာတော့ မိနစ်ပိုင်းအတွင်းမှာတင် အကုန်ပြီးသွားရော။
အခြေအနေက ဒီလို ဖြစ်နေတော့ သတင်းထောက်တွေ ကိုယ်တိုင်ကကော သူတို့ ပင်ပင်ပန်းပန်း ဖန်တီးထားခဲ့တဲ့ သတင်းဆောင်းပါးတွေက တခြားနေရာတွေမှာ ကူးယူဖော်ပြခံရပြီး သီးသန့်ဆိုတဲ့ ခေါင်းစဉ်ကြီး ပျောက်ဆုံးသွားတဲ့အပေါ် ဘယ်လို ခံစားရပါ့မလဲ။
သူတို့ စဉ်းစားတာကတော့ နက်နက်နဲနဲ ရေးရတဲ့ ခေတ်က ကုန်ဆုံးသွားပြီ၊ အခုခေတ်က မြန်ဆန်ရမယ့် ခေတ်ပဲပေါ့။
အဲဒီရဲ့ ရလဒ်အနေနဲ့ ကိုယ်ပိုင် အင်တာနက် သတင်းကုမ္ပဏီတွေ ပေါ်ပေါက်လာခဲ့တယ်။ သတင်းလောကရဲ့ ထိပ်သီး သတင်းကုမ္ပဏီကြီး ၃ ခုတောင်မှ သတင်းတွေကို ရှာဖွေဖို့ တစ်ဦးနဲ့တစ်ဦးရဲ့ ဝက်ဘ်ဆိုက်တွေကို အမြဲတမ်း စောင့်ကြည့်နေကြရတာ။ တစ်ခုခု တက်လာတာနဲ့ ချက်ချင်းပဲ 'တခြားမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆောင်းပါးတွေကို ကူးယူဖော်ပြကြတော့တာပဲ။
ဒါပေမဲ့ ကြည့်ရှုသူတွေရဲ့ ကလစ်နှိပ်မှုကို ရဖို့အတွက် မြန်ဆန်ရုံနဲ့တင် မလုံလောက်ပြန်ဘူး။ ကလစ်နှိပ်မှု မရှိရင် ကုမ္ပဏီက ကြော်ငြာဝင်ငွေ ဆုံးရှုံးရပြီး နောက်ဆုံးမှာတော့ လုပ်ငန်း ပိတ်လိုက်ရတဲ့အထိ ဖြစ်သွားနိုင်တယ်။ အဲဒီအတွက်ကြောင့် သူတို့က အခုအချိန်မှာ ခေါင်းစဉ်တွေ ပေးတဲ့နေရာမှာ ပိုပြီး အားစိုက်လာကြတယ်။ သတင်းထောက်တွေက အလုပ်ကြမ်းတွေကို အကုန်လုပ်ထားပြီးပြီဆိုတော့ နောက်ထပ် လုပ်ရမယ့် အလုပ်က စာဖတ်သူတွေကို ဆွဲဆောင်နိုင်မယ့် ခေါင်းစဉ်တွေကို မြန်မြန်ဆန်ဆန် လက်ဦးမှုရယူပြီး အာရုံဖမ်းစားဖို့ပဲ။
ဒေါင်ဝုခ်ကလည်း တစ်ချိန်တုန်းကတော့ စစ်မှန်တဲ့ သတင်းထောက်တစ်ယောက် ဖြစ်ဖို့ ရည်မှန်းချက်ကြီးခဲ့ဖူးတာပေါ့။ မတရားသဖြင့် နိုင်ငံရေးရာဇဝတ်ကောင်အဖြစ် အစွပ်စွဲခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်ပေးခဲ့တဲ့ သတင်းထောက်တွေကို ကြည့်ပြီး သူကြီးပြင်းလာခဲ့ရတာမို့လို့ တစ်နေ့ကျရင် သူလည်း အဲဒီလိုလူမျိုး ဖြစ်လာရမယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒါကြောင့်မို့လို့ပဲ သူ သတင်းထောက်စာမေးပွဲအတွက် ပြင်ဆင်ခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့တယ်။ သူ ရာဇဝတ်မှုခင်း သတင်းထောက်အဖြစ် ရဲစခန်းတွေမှာပဲ အချိန်ပြည့် နေထိုင်ခဲ့ရတဲ့ အချိန်မှာတော့ သူ စိတ်ကူးယဉ်ခဲ့တဲ့ သတင်းထောက်ဘဝနဲ့ အလှမ်းဝေးနေမှန်း သဘောပေါက်ခဲ့ပေမဲ့ သူကတော့ ဝန်ထမ်းသစ် မို့လို့ ဖြစ်မှာပါဆိုပြီး အောင့်အည်းသည်းခံခဲ့တယ်။
နောက်ဆုံးမှာတော့ သူလည်း ရဲတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ရှိလာပြီး ကောင်းမွန်တဲ့ သတင်းဆောင်းပါးတွေ ရေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိခဲ့တာပေါ့။ အစမ်းခန့်ကာလ ပြီးဆုံးလို့ အလုပ်အကိုင် အတည်တကျရပြီး သူ့အလုပ်နဲ့သူ ရပ်တည်နိုင်လာတဲ့ အချိန်မှာတောင် သူ့ရဲ့ အတွေးတွေက ပြောင်းလဲမသွားခဲ့ဘူး။ သူကတော့ စိတ်အားထက်သန်စရာကောင်းတဲ့ ဆောင်းပါးတွေကို ရေးနိုင်ပါသေးတယ်လို့ တွေးနေတုန်းပဲ။
သူက သတင်းတွေ ရေးဖို့အတွက် ရဲစခန်းတွေ၊ မီးသတ်စခန်းတွေကို သူ့အိမ်လိုမျိုး ဝင်ထွက်သွားလာခဲ့တယ်။ သူ့ရဲ့ ဆောင်းပါးတွေက သေးငယ်ပြီး တခြားအရာတွေနဲ့ ယှဉ်ရင် သိပ်ပြီး အရေးမပါလှပေမဲ့လည်း သူ့ကဏ္ဍရဲ့ အဆုံးမှာ သူ့နာမည်လေးကို မြင်ရတဲ့အခါ ခံစားရတဲ့ ဂုဏ်ယူမှုကိုတော့ ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး
အဲဒီလိုမျိုးပဲ သူက အောင်မြင်မှု လမ်းကြောင်းပေါ်ကို ဖြည်းဖြည်းချင်း တက်လှမ်းလာခဲ့ပြီး တစ်နေ့ကျရင် သူ့ရဲ့ စီနီယာ သတင်းထောက်ကြီးလို ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုယ်သူ ပြန်လည် သုံးသပ်မိသွားခဲ့တယ်။ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး သူ့ရဲ့ စီနီယာတွေ ခိုင်းထားတဲ့ ဖြစ်ရပ်တစ်ခုအကြောင်းကို ဘာအာရုံမှ မရှိဘဲ စာသားတွေ စပ်ဟပ်ပြီး ရေးနေမိတာ။ သူ့ရဲ့ ကလောင်က လူတိုင်း အာရုံစိုက်နေကြတဲ့ အရှုပ်တော်ပုံကြီးတွေရဲ့ အောက်မှာ ဖုံးကွယ်နေတဲ့ ပြည်သူတွေရဲ့ နာကျင်မှုတွေကို မရေးနိုင်တော့ဘူး။ သူက ပြည်သူတွေရဲ့ အမြင်ကို ပြောင်းလဲပေးနိုင်မယ့် ဆောင်းပါးတွေကို မရေးတော့ဘဲ မနေ့က တင်ထားတဲ့ ဆောင်းပါးကိုပဲ အသစ် ပြန်ပြင်ရေးနေတဲ့ အဆင့် ဖြစ်နေခဲ့ပြီ။
သူ့ရဲ့ ပထမဆုံး 'သီးသန့်' ခေါင်းစဉ် တပ်နိုင်ခဲ့တဲ့ ဆောင်းပါးကတော့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမျိုးသားတစ်ယောက်အကြောင်းပဲ ဖြစ်တယ်။ ဆောင်းပါး ရေးနေတုန်းကတော့ သူ ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့ပြီလို့ ခံစားခဲ့ရပေမဲ့ အချိန်အတန်ကြာ ကုန်လွန်သွားတဲ့ အခါမှာတော့ သူ ရေးခဲ့တာတွေက အမှိုက်ပုံကြီးတစ်ခု ဖြစ်နေမှန်း မြင်လိုက်ရတယ်။
'ငါ ဘာကို ရေးချင်တာလဲ' ဆိုတဲ့ အတွေးက သူ့ခေါင်းထဲကို ဖြတ်ခနဲ ဝင်လာပြီး သူ ပုံမှန်လို့ ထင်ထားခဲ့သမျှ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပဲ။ သူ အလေးအနက် စဉ်းစားပြီး စိတ်သစ်ကိုယ်သစ်နဲ့ ပြန်စရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီလိုနဲ့ နောက်ထပ် နှစ်နှစ် ကုန်လွန်သွားတဲ့ အခါမှာတော့ ဒေါင်ဝုခ်က သူ့ကိုယ်သူ အကာအကွယ်ပေးသူတစ်ယောက် ဖြစ်လာမှန်း သိလိုက်ရတယ်။ ရုပ်သံဌာန သတင်းထောက်တစ်ယောက်အနေနဲ့ ရတဲ့ သူ့ရဲ့ လစဉ်လစာတွေက စုငွေစာရင်းထဲမှာ တိုးတိုးလာပြီး အဲဒီ ဂဏန်းတွေ တက်လာတာကို ကြည့်ရတာကပဲ သူ့ရဲ့ တစ်ခုတည်းသော ပျော်ရွှင်မှု ဖြစ်လာခဲ့တာပေါ့။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဂျူနီယာတွေကို 'သတင်းထောက် စိတ်ဓာတ်' အကြောင်း သင်ပေးနေတာ မြင်ရင် သူ သက်ပြင်းပဲ ချမိတော့တယ်။
သူတို့တွေ ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းနေကြတာပဲလို့ ကွယ်ရာမှာတောင် အတင်းပြောမိသေးတာ။ သူ့ရဲ့ စားပွဲခုံထောင့်မှာ ရှိနေတဲ့ ကော်ဖီကွက်တွေ ပေကျံနေတဲ့ 'စစ်မှန်သော သတင်းထောက်' ဆိုတဲ့ ဆောင်ပုဒ်ကြီးကို မြင်ပြီးနောက်မှာတော့ သူ အဲဒီအရာကို လွှင့်ပစ်လိုက်ပါပြီ။ သူ့ကို ဘာက ဒီလိုမျိုး ဖြစ်အောင် လုပ်လိုက်တာလဲဆိုတာကိုတောင် သူ မတွေးချင်တော့ဘူး။ သူ အထွေထွေသတင်းကဏ္ဍကနေ ယဉ်ကျေးမှုသတင်းကဏ္ဍကို ပြောင်းရွှေ့ခံရတဲ့ အခါမှာတော့ နည်းနည်းတောင် ဝမ်းသာသွားသေးတယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းခဲစရာ ကိစ္စရပ်တွေထဲကနေ သူ လွတ်မြောက်သွားခဲ့ပြီလေ။
တည်ငြိမ်တဲ့ အလုပ်တစ်ခု၊ အဲဒါက ဒေါင်ဝုခ်အတွက်တော့ သတင်းထောက်အလုပ်ရဲ့ အဓိပ္ပာယ်ပဲ၊ အဲဒီထက် ဘာမှ မပိုဘူး။ သူ့မှာ အဲဒီအလုပ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်တောင် မရှိတော့ဘူး။ ဒီအတိုင်းပဲ ဒါကို သဘာဝကျတဲ့ အရာတစ်ခုလို လက်ခံလိုက်တာပေါ့။ အစမ်းခန့်ကာလ လူနည်းစုကို တာဝန်ယူကြီးကြပ်ရတဲ့ အခါမှာတော့ အသက်ပြည့်လို့ အနားမယူခင်အထိ ဒီအလုပ်ကို လုပ်သွားဖို့ကပဲ သူ့ရဲ့ အိပ်မက် ဖြစ်လာခဲ့တယ်။ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ လူသတ်မှုကြီး ဖြစ်ပွားခဲ့ပေမဲ့ အထွေထွေသတင်းကဏ္ဍမှာတော့ သူ့ရဲ့ စီနီယာတွေ တစ်ယောက်မှ မရှိတော့ဘူး။
ဌာနကြီးမှူးရဲ့ အမိန့်ကို ကြားရတော့ သူ အဲဒီ အတွေ့အကြုံမရှိသေးတဲ့ လူသစ်ကလေးတွေကို သွားတွေ့ခဲ့တယ်။ သူတို့တွေက ရုပ်သံဌာန ပတ်ပတ်လည်ကို ကြည့်ပြီး စိတ်အားထက်သန်မှုတွေနဲ့ တောက်လောင်နေတာကို မြင်ရတဲ့အခါ သူကတော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးတဲ့ အပြုံးမျိုးနဲ့ ပြုံးမိတာပေါ့။ နောက်ဆုံးမှာတော့ သူတို့တွေလည်း သူ့လိုပဲ ဖြစ်လာကြမှာပါပဲလို့ တွေးရင်း သူက လမ်းညွှန်ပြသပေးခဲ့တယ်။
မကြာခင်မှာပဲ ဒေါင်ဝုခ်က အလုပ်ကနေ ထွက်လိုက်တယ်။ နှုတ်ထွက်စာ တင်နေတဲ့ အချိန်မှာတောင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သူ ကိုယ်တိုင်လည်း သေချာ နားမလည်ခဲ့ဘူး။ သူ ထွက်သွားပြီးရင် ဘာဝင်ငွေမှ ရှိတော့မှာ မဟုတ်ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ဌာနက စားပွဲခုံကို ရှင်းလင်းနေခဲ့ပြီ။ သူ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ အစမ်းခန့် သတင်းထောက်လေးတစ်ယောက် အဆင်အခြင်မဲ့ လုပ်ကိုင်ရင်း ဆေးရုံတက်လိုက်ရတာကို မြင်လိုက်ရလို့ပဲ။ အဲဒါက ထူးခြားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလူသစ်က နောက်ရက်မှာပဲ ရဲစခန်းကို ပြန်လွှတ်ခံရတာပဲလေ။ ဒီလို ကိစ္စမျိုးတွေက နေ့စဉ်လိုလို ဖြစ်ပျက်နေတာပဲ။ ရာဇဝတ်မှုခင်း သတင်းထောက် လုပ်နေပြီးတော့ ကျန်းကျန်းမာမာ ရှိနေတာကမှ ထူးဆန်းဦးမယ်။ ဒေါင်ဝုခ်က အဲဒီလို ရိုးရိုးပုံမှန် ဖြစ်ရပ်မျိုးကို မြင်ပြီးမှပဲ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ။
သူ့မှာ အနာဂတ်အတွက် ရှင်းလင်းတဲ့ မျှော်မှန်းချက်လည်း မရှိဘူး၊ ဘာအစီအစဉ်မှလည်း မရှိဘူး။ အသက် ၃၀ ကျော်မှ စစ်မှန်တဲ့ သတင်းထောက်ပြန်ဖြစ်ဖို့ အိပ်မက်မက်တာမျိုးလည်း မဟုတ်ပါဘူး။ အဲဒီလို အိပ်မက်မျိုးကတော့ သူ့စိတ်ရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲကို ပျောက်ကွယ်သွားခဲ့တာ ကြာပါပြီ။
ဒါဆို သူ ဘာလို့ ထွက်ခဲ့တာလဲ။
ဒေါင်ဝုခ် ကိုယ်တိုင်လည်း အဲဒီမေးခွန်းကို မဖြေနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကုမ္ပဏီက ပေးတဲ့ ပိုက်ဆံနဲ့ပဲ ဒီအတိုင်း ဆက်မနေနိုင်တော့ဘူးဆိုတဲ့ အတွေးက သူ့စိတ်ထဲမှာ ပြည့်နှက်နေခဲ့ပြီး အဲဒီအတွေးကပဲ သူ့ကို အလုပ်ထွက်ဖို့ တွန်းပို့ခဲ့တာပေါ့
အလုပ်က ထွက်ပြီးနောက်မှာတော့ သူ စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ပဲ ခဏတဖြုတ် ဖြတ်သန်းခဲ့တယ်။ သူ့မှာ လုပ်ကျွေးရမယ့် မိသားစုလည်း မရှိတော့ အဆင်ပြေပြေပါပဲ။ ဒါပေမဲ့ ခြောက်လလောက် အချည်းနှီး အချိန်ဖြုန်းပြီးတဲ့ အခါမှာတော့ သူ စိုးရိမ်စိတ် ဝင်လာခဲ့ပြီ။
ဘဝရပ်တည်ဖို့အတွက် ဘာပြန်လုပ်ရမလဲဆိုတာ စဉ်းစားပြီးတဲ့နောက်မှာတော့ သူ တတ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်ဖြစ်တဲ့ သတင်းထောက်အလုပ်ကိုပဲ ပြန်စခဲ့တယ်။ သေချာတာကတော့ သူ အလုပ်စဝင်တုန်းက ရှိခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက်တွေကတော့ တစ်ခုမှ မရှိတော့ဘူးပေါ့။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဘဝရပ်တည်နိုင်ဖို့ပဲ။
သူ့ရဲ့ အသိအကျွမ်းတချို့က ဒီလုပ်ငန်းခွင်ထဲမှာပဲ ပြန်လုပ်မှာကို ဘာလို့ အရင်ကုမ္ပဏီကနေ ထွက်ခဲ့တာလဲလို့ မေးကြပေမဲ့ ဒေါင်ဝုခ်ကို စိတ်ပျက်စေတာကတော့ သူကိုယ်တိုင်လည်း အဲဒီအဖြေကို မသိတာပဲ ဖြစ်တယ်။ သူ့မှာ အိပ်မက်တွေ မရှိတော့ဘူး၊ မဟုတ်ဘူး၊ အဲဒီအိပ်မက်တွေကို သူ လွှင့်ပစ်ခဲ့တာ။ ဒါပေမဲ့ လစာကောင်းကောင်းပေးတဲ့ အလုပ်ကနေ သူ့ကို ဘာက နှုတ်ထွက်အောင် လုပ်လိုက်လဲဆိုတာ သူ မသိခဲ့ဘူး။
ပြီးတော့ အခုအချိန်မှာတော့ ဒေါင်ဝုခ်က အနုပညာရှင်တွေနောက်ကို လိုက်လံ စုံစမ်းရတဲ့ သတင်းထောက်များစွာထဲက တစ်ယောက် ဖြစ်နေခဲ့ပြီ
“ဘာပဲဖြစ်ဖြစ် စမ်းပြီးတော့ စုံစမ်းကြည့်ရမလား”
ဒေါင်ဝုခ်က စီဂရက်ပြာကို ခါထုတ်လိုက်ပြီး သူ့ရဲ့ ဖုန်းကို ထုတ်လိုက်တယ်။
* * * * * * * * *
“ဒါဆို အဲဒီကိစ္စကို အဲဒီမှာတင်ပဲ ထားလိုက်ကြရအောင်”
NL ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ပတ်နာရင်က ကျေနပ်အားရတဲ့ အပြုံးမျိုး ပြုံးလိုက်တယ်။ လူတွေက ဖျော်ဖြေရေးလောကကို အပိုင်စီးထားတဲ့ ဖျော်ဖြေရေးကုမ္ပဏီ ကြီး ၃ ခုကို ရည်ညွှန်းဖို့ ထိပ်သီး ၃ ခု ဆိုတဲ့ စကားလုံးကို ခဏခဏ သုံးလေ့ရှိကြတာ။ Yellow Star ရယ်၊ Jewel Entertainment ရယ်၊ ပြီးတော့ NL ကုမ္ပဏီ ရယ်ပေါ့။ JA Production က မကြာသေးမီကမှ အစွမ်းပြလာတာမျိုး ရှိပေမဲ့ အခြေခံ အဆောက်အအုံ အပြည့်အစုံ တည်ဆောက်နိုင်ဖို့အထိကတော့ အဝေးကြီး လိုပါသေးတယ်။
နာရင်က လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့ပြီး သူမရဲ့ အတွေ့အကြုံ အကုန်လုံးကို TTO အပေါ်မှာပဲ ပုံအောထားခဲ့တာ။ ပြီးတော့ TTO ကို ဒီခေတ်ရဲ့ အကောင်းဆုံး အိုင်ဒေါအဖွဲ့အဖြစ် ပြောစမှတ်ပြုလာအောင် စင်မြင့်ကို ပြင်ဆင်ပေးခဲ့တယ်။ သူမက ရုပ်သံဌာနတွေက ထုတ်လုပ်သူတွေကို လိုက်လံ ဦးညွှတ်ရတဲ့အထိ၊ ဝန်ထမ်းတွေရဲ့ မွေးနေ့မှာ လက်ဆောင်တွေ ပေးရတဲ့အထိ လုပ်ခဲ့ပြီး သူမရဲ့ လူတွေကို ကင်မရာရှေ့ ရောက်အောင် လုပ်ခဲ့လို့ ရလဒ်တွေကလည်း ပေါ်ထွက်လာနေပြီပေါ့။
စီဒီခေတ် ပျက်စီးနေတဲ့ ဒီဘက်ခေတ်မှာ အယ်လ်ဘမ် စီဒီအချပ်ရေ သန်းချီ ရောင်းချနိုင်ခဲ့တဲ့ တစ်ခုတည်းသော အိုင်ဒေါ အနုပညာရှင်အဖွဲ့က TTO ပဲ ဖြစ်တယ်။ ဒါတင်မကသေးဘဲ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး ရုပ်သံအစီအစဉ်တစ်ခုမှာ TTO ကို မိတ်ဆက်ပေးဖို့ အစီအစဉ်ကိုလည်း သူမ အခုတင်ပဲ ချမှတ်ပေးခဲ့တာ။ အခုအချိန်မှာတော့ မီဒီယာတွေက ဒီ 'ကိုရီးယားလှိုင်းလုံး' အသစ်အကြောင်းကိုပဲ အုတ်အော်သောင်းနင်း ဖြစ်နေကြတယ်။ ကိုရီးယားက ပုံမှန်ဆို ရန်လိုတတ်တဲ့ ဂျပန်နိုင်ငံက အခုတော့ အာရုံစိုက်မှုတွေ အများကြီး ရနေပြီး ဂျပန်မှာလည်း ဒီလိုပဲ ဖြစ်နေတာ။ ဒီဈေးကွက်အသစ်ကိုသာ အသုံးချနိုင်မယ်ဆိုရင် တောင်ကိုရီးယားမှာတော့ အိပ်မက်တောင် မမက်ဖူးတဲ့ ပိုက်ဆံအမြောက်အမြားကို သူမ လက်ထဲ ရောက်အောင် လုပ်နိုင်မှာပေါ့။ နာရင်က အဲဒီခြေလှမ်းဟာ NL ကုမ္ပဏီအတွက် တောင်ကိုရီးယားမှာ တစ်ခုတည်းသော အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာဖို့ ပထမဆုံး ခြေလှမ်းပဲလို့ ယုံကြည်ထားတယ်။
နာရင်ရဲ့ အိပ်မက်က သူမရဲ့ ကုမ္ပဏီကို အိုင်ဒေါ အနုပညာရှင်တွေချည်းပဲ မွေးထုတ်ပေးတဲ့ ကုမ္ပဏီမျိုး မဟုတ်ဘဲ ကိုရီးယားမှာ ရှိနေတဲ့ အနုပညာပိုးပါတဲ့ လူတိုင်း ဝင်ချင်ရမယ့် နံပါတ်တစ် ဖျော်ဖြေရေးကုမ္ပဏီကြီး ဖြစ်လာဖို့ပဲ။ အခုအချိန်မှာတော့ အိုင်ဒေါတွေကို ဖျော်ဖြေရေးလောကမှာ အလှပြသက်သက် အရာတွေလိုပဲ ဆက်ဆံနေကြတာ။
ဒါ့အပြင် အိုင်ဒေါတွေရဲ့ နောက်ကွယ်က ကုမ္ပဏီတွေက နာမည်ကြီး မင်းသား၊ မင်းသမီးတွေကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေထက် အာဏာ ပိုနည်းကြတယ်။ အဲဒီအလားအလာကိုသာ သူမ ပြောင်းလဲပစ်နိုင်မယ်ဆိုရင်၊ အိုင်ဒေါတွေကသာ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ နေရာကို အစားထိုးဝင်ရောက်နိုင်မယ်ဆိုရင်တော့ သူမရဲ့ ကုမ္ပဏီ ပုံရိပ်ကို ပြောင်းလဲဖို့က လွယ်လွယ်လေး ဖြစ်သွားမှာပေါ့။ အဲဒီအတွက်ကြောင့် နာရင်က ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
ရုပ်ရှင်ထဲက အိုင်ဒေါတွေ။
ရုပ်ရှင်လောကမှာတော့ အိုင်ဒေါတွေက ကျရှုံးခြင်းရဲ့ ပြယုဂ်တွေ ဖြစ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ပရိသတ် သိန်းနဲ့ချီရှိတဲ့ အိုင်ဒေါတွေ ရုပ်ရှင်တွေ စပြီး ရိုက်ခဲ့ကြပေမဲ့ သူတို့ရဲ့ လူကြိုက်များမှုကတော့ အမြဲတမ်း အောက်ဆုံးမှာပဲ ရှိခဲ့တာ။ အဲဒီအချိန်ကစပြီး အိုင်ဒေါတွေ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်တဲ့ ရုပ်ရှင်တွေက အမြဲတမ်း ကျရှုံးတတ်တယ်ဆိုတဲ့ ကောလာဟလတွေက ပျံ့နှံ့နေခဲ့တာပေါ့။ ညံ့ဖျင်းလှတဲ့ သရုပ်ဆောင်ချက်တွေရဲ့ အဟန့်အတားကို ဖန်အဖွဲ့အားတစ်ခုတည်းနဲ့တင် မဖြည့်ဆည်းနိုင်ဘူးဆိုတာကို သက်သေပြ ပြီးသား ဖြစ်နေလို့ပဲ။
အဲဒီအချက်ကနေ နာရင်က အခွင့်အရေးတစ်ခုကို မြင်လိုက်တာပေါ့။ အောင်မြင်မှုရဲ့ လမ်းစက အမြဲတမ်း ပြဿနာရဲ့ ဗဟိုချက်မှာပဲ ရှိနေတတ်တာ။ သူမက သရုပ်ဆောင် ဖြစ်ချင်တဲ့သူတွေကို ရှာဖွေပြီး အိုင်ဒေါတွေ ဖြစ်အောင် လုပ်ပေးခဲ့တယ်။ TTO က ဘက်စုံသုံး အိုင်ဒေါအဖွဲ့ ဖြစ်တယ်။ ကခြင်းနဲ့ သီဆိုခြင်းကတော့ အခြေခံပဲ၊ သရုပ်ဆောင်ခြင်းကလည်း သူတို့ကို အကဲဖြတ်တဲ့ စံနှုန်းတွေထဲမှာ ပါဝင်တယ်လေ။ သူမက 'မင်းသား၊ မင်းသမီး အိုင်ဒေါ' တွေကို ပျိုးထောင်ဖို့အတွက် ဂန်နမ်မှာ ရှိတဲ့ အကောင်းဆုံး သရုပ်ဆောင်သင်တန်းကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ 'Film' နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ သေချာတာကတော့ တခြားကုမ္ပဏီတွေလည်း ဒီလိုမျိုးတွေ လုပ်နေကြတာပဲ၊ ဒါပေမဲ့ နာရင်ကတော့ သူမ ကိုယ်တိုင်က အစေ့စပ်ဆုံးနဲ့ အမြန်ဆန်ဆုံးပဲလို့ ယုံကြည်ထားတာပေါ့။
“ဒီပွဲဦးထွက်က ငါတို့ကုမ္ပဏီအတွက် အလှည့်အပြောင်း ဖြစ်လာမှာ၊ နင်လည်း သိတယ်မလား ဌာနကြီးမှူးချွဲ”
“ဟုတ်ကဲ့ပါ”
အိုင်ဒေါတွေဆိုတာ သူတို့ရဲ့ ပုံရိပ်ကပဲ အသက်။ သူတို့ရဲ့ ပုံရိပ်သာ မရှိရင် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး
နာရင်က အရင် ရှေ့ဆောင်လမ်းပြတွေ လုပ်ခဲ့တဲ့ ကျရှုံးမှုမျိုးတွေကို ထပ်ပြီး မလုပ်ချင်ဘူး။ သူမက အိုင်ဒေါတစ်ယောက်ကို ထိပ်ဆုံးကနေ စခွင့်မပေးဘဲ အောက်ခြေကနေ၊ ဇာတ်ပို့ ဇာတ်ရံနေရာကနေပဲ စခိုင်းမှာ။ အဲဒီအိုင်ဒေါရဲ့ သရုပ်ဆောင် အရည်အချင်းကနေတစ်ဆင့် အများပြည်သူရဲ့ အာရုံစိုက်မှုကို သူမက ဆွဲဆောင်မှာ ဖြစ်တယ်။
'အဖိုးအိုရဲ့ လက်ထဲကို အဲဒီတူကြီး ရောက်သွားအောင်... ဘယ်သူက ဖန်တီးခဲ့တာလဲ' နဲ့ ပတ်သက်ပြီး အများပြည်သူကို ထုတ်ပြန်ထားတဲ့ အချက်အလက်တွေထဲမှာတော့ TTO အဖွဲ့ဝင်တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ သတင်း မပါဝင်ခဲ့ဘူး။ သူမက ဒါကို တမင်သက်သက် ချန်လှပ်ထားခိုင်းခဲ့တာ။ TTO အဖွဲ့ဝင် ဆွန်းဂျဲက ရုပ်ရှင်ထဲမှာ ပွဲဦးထွက် သရုပ်ဆောင်ထားတယ်ဆိုတဲ့ အချက်ကို ပရိသတ်တွေ ကိုယ်တိုင်ပဲ ရှာဖွေတွေ့ရှိရမှာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူမက ရုပ်ရှင်ရုံတင်မယ့် နေ့အထိ အချက်အလက်တွေကို ထုတ်မပြောဘဲ နေဖို့ စီစဉ်ထားတာပေါ့။ ဘာပဲဖြစ်ဖြစ် နှုတ်ဆိတ်နေခြင်းက တစ်ခါတလေမှာ အကောင်းဆုံး ကြော်ငြာနည်းလမ်းပဲလေ။
“ဪ ဥက္ကဋ္ဌ... သတင်းထောက်တစ်ယောက်က ဖုန်းဆက်ပြီးတော့ ဥက္ကဋ္ဌနဲ့ စကားပြောချင်လို့တဲ့”
“သတင်းထောက် ဟုတ်လား”
နာရင်က နှုတ်ခမ်းကို မဆိုစလောက် ဆူလိုက်တယ်။ ဌာနကြီးမှူးချွဲက အစွမ်းအစရှိတဲ့ လူတစ်ယောက်။ သူက အသုံးမဝင်တဲ့ အစီရင်ခံစာမျိုးတွေကိုတော့ လုပ်မယ့်လူ မဟုတ်ဘူး။ သူက ဒီလိုမျိုး အစီရင်ခံလာတယ်ဆိုကတည်းက ဒီဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလို့ သူ ယူဆလို့ပဲ ဖြစ်ရမယ်။
“ဖုန်းလွှဲပေးလိုက်”
* * * * * * * * *