← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း(၂၅၂)

မွန်းတည့်စာစားချိန် ရောက်ပြီ။ မာရူးက အတန်းထဲက ကွန်ပျူတာမှာ တပ်ထားတဲ့ မောက်စ်ကို လှမ်းကိုင်လိုက်တယ်။ အတန်းချိန်တွေမှာ သုံးဖို့ဆိုပြီး စာသင်ခန်းတိုင်းမှာ ကွန်ပျူတာတွေ ဆင်ပေးထားပေမဲ့ ဆရာ ဆရာမတွေကတော့ သုံးလေ့မရှိကြပါဘူး။ ဆရာတွေအတွက်ကတော့ မြေဖြူနဲ့ ကျောက်သင်ပုန်းကို သုံးရတာက ပိုအဆင်ပြေပြီး ကွန်ပျူတာတွေက ရှုပ်ရှုပ်ရှက်ရှက် အလုပ်ရှုပ်စရာကြီး ဖြစ်နေလို့လေ။ ကျောင်းသားတွေကိုတော့ ကျောင်းဆင်းချိန် အနားပေးတဲ့အချိန်တွေမှာ ကွန်ပျူတာသုံးခွင့် ပေးထားတတ်ပြီး အဲဒီအချိန်ဆို အများစုက ဂိမ်းဆော့နေကြတာ များပါတယ်။ ဆရာတွေ မိသွားရင်တော့ ဆူခံရမှာ ဖြစ်ပေမဲ့လည်း ဘယ်သူမှ ဂရုစိုက်နေတဲ့ပုံ မပေါ်ပါဘူး။

မာရူးက အင်တာနက် ဘရောင်ဇာကို ဖွင့်လိုက်တယ်။ သူ ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် တခြားတစ်ယောက်က ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ တီဗီကို လှမ်းဖွင့်လိုက်တယ်။ ဒီအတန်းကတော့ ကျောင်းဆင်းချိန်တွေဆို ဟာသနဲ့ အလွဲအချော် ဝဘ်ဆိုက်တွေကိုပဲ ကြည့်လေ့ရှိတာပါ။ တစ်ခါတရံမှာတော့ တံခါးဝမှာ လူတစ်ယောက်ကို အစောင့်ချထားပြီး ညစ်ညမ်းရုပ်ပုံတွေ ရှိတဲ့ ဆိုက်တွေကို လိုက်ရှာတတ်ကြသေးတယ်။ တခြားအချိန်တွေမှာတော့ အများအားဖြင့် တိုက်ခိုက်ရေးဂိမ်းတွေ ဆော့ဖို့ပဲ သုံးကြတာပါ။

“မာရူး... ဂိမ်းဆော့မလို့လား”

“မဟုတ်ပါဘူး”

“ဒါဆို အပြာကား ကြည့်မလို့လား”

“အိပ်မက်ပဲ မက်နေလိုက်”

လူတွေ စုရုံးစုရုံး ရောက်လာကြတယ်။ မာရူးက လက်မှတ်ဝယ်တဲ့ ပေ့ချ်ကို ကလစ်နှိပ်လိုက်တယ်။ သူက သူ့ညီမလေးအတွက် လက်မှတ်တွေကို စောစောစီးစီး ဝယ်ပေးထားဖို့ စိတ်ကူးထားတာပါ။ အကယ်၍ သူသာ တကယ်ပဲ အတန်းထဲမှာ အဆင့် ၅ အတွင်း ဝင်ခဲ့ရင် ဒီလက်မှတ်တွေကို ချက်ချင်း ပေးလိုက်မှာ ဖြစ်ပြီး အဆင့်မဝင်ခဲ့ရင်တော့ နည်းနည်းလောက်ဆူပူပြီးမှ နောက်ဆုံးကျမှ ပေးဖို့ပါပဲ။ သူက တော်တဲ့ကလေးမို့လို့ အဆင့် ၅ အတွင်း ဝင်ဖို့ကတော့ အခွင့်အရေး အများကြီး ရှိပါတယ်။ TTO လက်မှတ်တွေလည်း ပါနေတာမို့လို့ သူလည်း ပိုပြီး ကြိုးစားမှာ အသေအချာပါပဲ။

“TTO ရဲ့ ဖျော်ဖြေပွဲလား”

“မင်းက ဘာလို့ အဲဒါတွေကို ရအောင်ယူဖို့ ကြိုးစားနေရတာလဲ”

တခြားသူတွေက သူ့ရဲ့ လှုပ်ရှားမှုကို စိတ်ဝင်တစားနဲ့ လှမ်းမေးကြတယ်။

“ငါ သုံးစရာ အကြောင်းရှိလို့ပါ”

“TTO အတွက် သုံးစရာ ရှိတယ် ဟုတ်လား... အဲဒီကောင်တွေက သီချင်းဆိုတာရော ကတာရော ဘာမှ သိပ်တော်တာ မဟုတ်ဘဲနဲ့”

“သီချင်းဆိုတာရော ကတာရော မတော်ပါဘူးဆိုတဲ့ အဲဒီကောင်တွေက မင်းတို့ထက် ပိုက်ဆံ အများကြီး ပိုရှာနိုင်နေတယ်ဆိုတာ မင်း သိရဲ့လား”

“တောက်... ခက်တော့တာပဲ” အဲဒီကောင်က ပြောပြောဆိုဆိုနဲ့ သူ့ရဲ့ စာပွဲခုံပေါ်မှာ မှောက်ပြီး အိပ်ပျော်သွားတော့တယ်။

မာရူးက ဇွန်လမှာ လုပ်မယ့် TTO ရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေကို ဝယ်ဖို့ နေရာအနှံ့ လိုက်ကလစ်နေမိတယ်။ သူ အကောင့်တစ်ခု ဖွင့်လိုက်ပြီး လက်မှတ်လှမ်းယူတဲ့ ခလုတ်ကို နှိပ်လိုက်တယ်။ သို့ပေမဲ့ သူ့ဆီမှာ ပေါ်လာတဲ့ သတိပေးချက် ဝင်းဒိုးတစ်ခုကတော့ လက်မှတ်တွေအားလုံး ရောင်းကုန်သွားပြီ ဖြစ်ကြောင်း ပြောနေခဲ့တယ်။

“ဖျော်ဖြေပွဲက ဇွန်လကျမှ လုပ်မှာကို အခုကတည်းက ရောင်းကုန်သွားပြီ ဟုတ်လား”

မာရူး ရယ်မိသွားတယ်။ ဖျော်ဖြေပွဲလုပ်ဖို့ သုံးပတ်လောက် လိုသေးတာကို လက်မှတ်တွေက ရောင်းကုန်နေပြီ။ အိုင်ဒေါပွဲတွေရဲ့ လက်မှတ်တွေက ဒီလိုပဲ ဖြစ်နေကျ ထင်ပါရဲ့။ သူက ကျန်တဲ့ လက်မှတ်များ ရှိမလားဆိုပြီး အာမခံချက်ရှိမယ့် တခြား ဝဘ်ဆိုက်တွေကို လိုက်ရှာကြည့်ပေမဲ့ တခြား ဝဘ်ဆိုက်တွေမှာတော့ ဒီလက်မှတ်တွေကို လုံးဝ မရောင်းပါဘူး။ ဒါက ပထမဆုံး ဆိုက်တစ်ခုတည်းကပဲ သီးသန့်စာချုပ်နဲ့ ရောင်းတာလို့ ဆိုလိုတာပဲ။

“မင်း ဖျော်ဖြေပွဲလက်မှတ် လိုချင်လို့လား” ရေခဲမုန့် စားနေတဲ့ သူ့ရဲ့ အတန်းဖော် နောက်တစ်ယောက်က လှမ်းပြောတယ်။ မာရူးက ခေါင်းငြိမ့်ပြလိုက်တယ်။

“ဒါဆို မင်း လက်မှတ်တွေ စရောင်းတဲ့နေ့ကတည်းက ကြိုးစားခဲ့ရမှာလေ။ တစ်ပတ်လောက် ကြာသွားပြီးတဲ့နောက်မှာ ဒါတွေကို ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မင်းအနေနဲ့ ပြန်ရောင်းတဲ့သူတွေဆီကဖြစ်ဖြစ်၊ လက်မှတ်မှောင်ခိုသမားတွေဆီကဖြစ်ဖြစ် မဝယ်ရင်တော့ ရဖို့ အတော်လေး ခက်လိမ့်မယ်”

ဒီကောင်က တော်တော်လေး နှံ့စပ်တဲ့ပုံပဲ။ မာရူးက နည်းလမ်း ရှိမလားလို့ လှမ်းမေးလိုက်တယ်။

“ခဏ စောင့်ဦး” ပြောပြောဆိုဆိုနဲ့ သူက ကီးဘုတ်ကို လှမ်းယူပြီး ဝဘ်ဆိုက်တစ်ခုဆီ သွားလိုက်တယ်။

“တကယ်လို့ လက်ကျန် ရှိသေးရင် ဒီဝဘ်ဆိုက်မှာ ပေါ်လာလိမ့်မယ်”

“မင်းက တော်တော် သိတာပဲ”

“ငါ့အစ်မက အသည်းစွဲဖန် ဖြစ်နေလို့လေ။ လက်မှတ်တွေ စရောင်းမယ့် ညကတည်းက ငါ့ကို ဝဘ်ဆိုက်ကို ခဏခဏ ပြန်ဖွင့်ခိုင်းနေတာ။ အင်တာနက် ပိုမြန်တယ်ဆိုပြီး အင်တာနက်ဆိုင်အထိတောင် သွားတဲ့ တကယ့် အရူးအမူး ဖန်ကြီးပဲ” ပြောပြောဆိုဆိုနဲ့ သူက ခေါင်းကို တဗြင်းဗြင်း ခါယမ်းနေတယ်။ ဒီအကြောင်းကို သူ စတောင် မစဉ်းစားချင်တော့တဲ့ ပုံပဲ။

“ဒါပေမဲ့ မင်း TTO ရဲ့ လက်မှတ်တွေကို ရဖို့တော့ အတော်လေး ခက်လိမ့်မယ် သိလား... ငါ့အစ်မလို လူတွေက တစ်ယောက် နှစ်ယောက်တည်း ရှိတာ မဟုတ်တော့ ပြန်ရောင်းတဲ့ လက်မှတ်တွေတောင် ပေါ်လာတာနဲ့ ချက်ချင်း ဝယ်သွားကြတာမျိုး ဖြစ်မှာ”

မာရူးက ‘အင်း’ ဟု ညည်းတွားလိုက်ပြီး ဝဘ်ဆိုက်ကို ခဏခဏ ပြန်ဖွင့်တဲ့ ခလုတ်ကို အကြိမ်ကြိမ် နှိပ်နေမိတယ်။ ဝဘ်ဆိုက်စာမျက်နှာပေါ်မှာ တစ်ခုခု ပေါ်လာဖို့အတွက် သူ ဆယ်စက္ကန့်လောက် စောင့်လိုက်ရတယ်။

“ရောင်းနေပြီပဲ။ အဲလောက်ကြီး မခက်ပါဘူး”

မာရူးက သူ ထင်ထားတာထက် ပိုပြီး လွယ်ကူသွားလိမ့်မယ်လို့ တွေးရင်း အဲဒီ ပို့စ်ကို ကလစ်နှိပ်လိုက်တယ်။

“....”

ပိုစ်တင်လိုက်တာ ငါးစက္ကန့်တောင် မပြည့်သေးဘူး၊ လက်မှတ်ဝယ်ချင်ပါတယ်ဆိုတဲ့ ကွန်မန့်တွေ ငါးခုတောင် ရောက်နေပြီ။

“မခက်ဘူး ဟုတ်လား... ငါ ဒါမျိုးကို အကြိမ်ကြိမ် ကြိုးစားဖူးတယ်၊ မင်းကို ငါ အသေအချာ ပြောနိုင်တာကတော့ ဒါက တကယ်ကို ခက်လွန်းတယ်ဆိုတာပဲ” လို့ အတန်းဖော်က ထူးဆန်းတဲ့ အပြုံးနဲ့ ပြန်ပြောတယ်။ မာရူးကတော့ ဘာကြောင့်ရယ်မသိဘဲ ပိုပြီး ဇွဲထက်သန်လာသလို ခံစားလိုက်ရတယ်။ သူ စာမျက်နှာကို အကြိမ်ကြိမ် ပြန်ဖွင့်ကြည့်နေမိတယ်။ စာအသစ်တစ်ခုကို မြင်လိုက်ရပြီးတဲ့နောက် သူက အတတ်နိုင်ဆုံး အမြန်ဆုံး ကလစ်နှိပ်လိုက်ပေမဲ့ အဲဒီမှာလည်း ကွန်မန့်တွေက ရောက်နှင့်နေပြီ။ ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ အရာတွေကို ‘တန်ဖိုးမဖြတ်နိုင်တဲ့အရာ’ လို့ ခေါ်ကြပြီး အဲဒီသဘောတရားအတိုင်း ဆိုရင်တော့ TTO ဖျော်ဖြေပွဲလက်မှတ်တွေကိုလည်း တန်ဖိုးမဖြတ်နိုင်တဲ့အရာလို့ ယူဆလို့ရနိုင်ပါတယ်။

“မင်း ကုန်ကျစရိတ်ကို ဂရုမစိုက်ဘူးလား”

“ကုန်ကျစရိတ် ဟုတ်လား”

မာရူးက လက်မှတ်ရောင်းတဲ့ ဆိုက်မှာ လက်မှတ်ဈေးနှုန်းကို လှမ်းကြည့်လိုက်တယ်။ အိုလံပစ် ကျွမ်းဘား အားကစားကွင်းမှာ လုပ်မယ့် ဖျော်ဖြေပွဲပွဲရဲ့ လက်မှတ်ဈေးနှုန်းက ဝမ် ၈ သောင်း ဖြစ်နေခဲ့တယ်။

“ဝမ် ၈ သောင်းပဲဟာ။ ဘာဖြစ်လို့လဲ” မာရူးကတော့ အဲဒါကို သိပ်ပြီး ဈေးကြီးတယ်လို့ မထင်ပါဘူး။ သို့သော်လည်း အတန်းထဲက တခြားသူတွေကတော့ သူ ရူးနေပြီလို့ ထင်နေကြတယ်။

“မင်း အိမ်က ရွှေတွင်းတူးနေလို့လား... ဝမ် ၈ သောင်းကြီးတောင်‌”

“အဲဒါ ဂိမ်းဆိုင်မှာ ဘယ်နှနာရီလောက် ဆော့လို့ရတဲ့ ပိုက်ဆံလဲ”

“အဲဒီလောက် ပိုက်ဆံဆိုရင် ဘိလိယက်တစ်ပွဲ ဆော့လို့ရတယ်၊ ဂိမ်းဆိုင်မှာ နာရီအနည်းငယ် သွားဆော့လို့ရတယ်၊ ပြီးတော့ ကာရာအိုကေမှာပါ တစ်ညလုံး သွားအိပ်လို့ရသေးတယ်။ ဟန်မာရူး မင်းက ချမ်းသာနေတာလား... နေပါဦး၊ မင်းက ပထမဆုံးအနေနဲ့ ယောကျာ်းလေး အိုင်ဒေါအဖွဲ့ရဲ့ လက်မှတ်ကို ဘာဖြစ်လို့ ဝယ်နေရတာလဲ” သူ့သူငယ်ချင်းတွေက တကယ်ကို စိတ်ဝင်တစား ရှိနေကြတယ်။ တကယ်တော့ ကျောင်းသားတစ်ယောက်အတွက်တော့ ဝမ် ၈ သောင်းဆိုတာ အများကြီးပါပဲ။

“ပြီးတော့ TTO ရဲ့ လက်မှတ်တွေက သူတို့ အောင်မြင်နေလို့ ဈေးကြီးတာ။ တခြား အိုင်ဒေါတွေဆို ၄ သောင်းကနေ ၅ သောင်းလောက်ပဲ ယူတာ” ဒီအတန်းဖော်က သူ့အစ်မကြောင့်မို့လို့ တော်တော်လေး နှံ့စပ်နေတာ ဖြစ်ပါတယ်။

“အဲဒါထက်ကို...” လို့ ပြောပြောဆိုဆိုနဲ့ သူ့အတန်းဖော်က ဝဘ်ဆိုက်ကို ထပ်ပြီး ဆွဲဖွင့်လိုက်တယ်။ TTO နဲ့ ပတ်သက်တဲ့ တခြား စာတစ်စောင်က အခုတင်ပဲ ထပ်ပေါ်လာတာပါ။ သူက အဲဒီ ပို့စ်ကို ကလစ်နှိပ်လိုက်တယ်။

“ဒါကို ကြည့်လိုက်ဦး။ ဒါမျိုး ပြန်ရောင်းတဲ့ လက်မှတ်တွေက မူရင်းဈေးထက် နှစ်ဆနီးပါး ရှိတယ်။ အခုက နှစ်ဆ ဈေးဖြစ်နေပေမဲ့ နောက်ကျရင် မူရင်းဈေးထက် ၃ ဆလောက် ဖြစ်သွားတာကို မင်း မြင်ရလိမ့်မယ်”

၁ သိန်း ၅ သောင်း။ အဲဒါက မူရင်းဈေးထက် နှစ်ဆနီးပါး ဖြစ်နေတာတောင်မှ လက်မှတ်ရောင်းတဲ့သူဆီမှာ သူတို့ကို ရောင်းပေးပါလို့ တောင်းပန်နေတဲ့ ကွန်မန့်တွေ ရှိနေခဲ့တယ်။

‘...ငါ သရုပ်ဆောင်လုပ်တာကို ရပ်ပြီး ဒီစီးပွားရေးပဲ စလုပ်လိုက်ရမလား’ မာရူးက ရွှေဥဥတဲ့ ငန်းတစ်ကောင်ကို မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ဒီနေရာမှာလည်း ဈေးကွက်သဘောတရားတွေ အသုံးချခံနေရတာကို မြင်တော့ သူ စိတ်ပျက်မိသွားတယ်။

“မူရင်းဈေးထက် နှစ်ဆ ဟုတ်လား”

၁ သိန်း ၅ သောင်းဆိုတာ မာရူးအတွက်တော့ သေးငယ်တဲ့ ပိုက်ဆံပမာဏ မဟုတ်ပါဘူး။ ဒါတင်မကသေးဘဲ သူက သူ့ညီမလေးကို ကွန်ဆတ်ပွဲကို တစ်ယောက်တည်း မလွှတ်နိုင်တာကြောင့် ဘာဒါရဲ့ သူငယ်ချင်းတွေအတွက်ပါ လက်မှတ်အချို့ကို ဝယ်ပေးဖို့ မူလက စိတ်ကူးထားတာပါ။ သူက အခြေအနေ ကြည့်ပြီး ၇ စောင်လောက် ဝယ်ဖို့ စိတ်ကူးထားတာဖြစ်ပြီး အကယ်၍ ပြန်ရောင်းတဲ့ လက်မှတ်တွေကိုသာ ဝယ်ရမယ်ဆိုရင်တော့ ဝမ် ၁ သန်းကျော်သွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကမှ ဝယ်ထားတဲ့ လက်မှတ်တွေရဲ့ ပိုင်ဆိုင်ခွင့်က လူတွေကို ရင်းနှီးမြှပ်နှံမှုရဲ့ နှစ်ဆနီးပါး ပြန်ရစေတာပဲ။ ကုမ္ပဏီတွေကကော ဒီအကြောင်းကို သိကြရဲ့လား။ အကယ်၍ သူတို့သာ သိရင်တော့ ဒါကနေ ဧရာမ အကျိုးအမြတ်တွေ ရနိုင်မှာ ဖြစ်ပါတယ်။ သူတို့က ပြေစာပေါ်မှာ ၈ သောင်းလို့ ရိုက်နှိပ်ပြီး လက်ငင်းငွေသားကိုတော့ ၁ သိန်း ၆ သောင်းအထိ ရအောင် ယူနိုင်တဲ့ မျက်လှည့်မျိုး သုံးနိုင်တာပေါ့။ အမှန်တော့ သူတို့အနေနဲ့ အဲဒီလို သေးငယ်တဲ့ ပိုက်ဆံလေး ရဖို့အတွက် ဒီလိုမျိုး လုပ်စရာ အကြောင်းတော့ မရှိပါဘူး။ သို့သော်လည်း တစ်ဦးချင်း အဆင့်မှာတော့ ဒါက တကယ်ကို အမြတ်ထွက်စရာပါပဲ။ ကလစ်အနည်းငယ် နှိပ်လိုက်ရုံနဲ့တင် ဝမ်သောင်းဂဏန်းလောက် တန်ဖိုးရှိနေတာလေ။

“ငါလည်း အရင်က ဒါမျိုးနဲ့ မုန့်ဖိုးအချို့ ရှာခဲ့ဖူးတယ်၊ ဒါပေမဲ့ လက်မှတ်ရဖို့က သိပ်ခက်လွန်းလို့ လက်လျှော့လိုက်တာ။ ဆာဗာကလည်း စိတ်မထင်ရင် မထင်သလို ကျသွားတတ်ပြီး ငါက ထိုင်ခုံကို ကြိုတင်မှာဖို့ ကလစ်နှိပ်လိုက်ရင် အဲဒါက မှာပြီးသား ဖြစ်နေပြီလို့ပဲ ပြနေတာ။ ရယ်စရာကောင်းတာက သူတို့က အပြင်မှာ လက်မှတ်ကို လုံးဝ မရောင်းတာပဲ။ ဒီအပေါ်မှာ အမြတ်ထုတ်နေတဲ့ မှောင်ခိုသမားတွေ ရှိနေတယ်ဆိုတာ ငါ လုံးဝ ကျိန်ပြောရဲတယ်”

မာရူးက အဲဒီစကားကို ကြားတော့ ပြုံးမိသွားတယ်။ ကျောင်းနားက စာငှက်က စာဆိုတတ်တယ်လို့ ပြောကြတာပဲ။ ဒီကောင်က သူ့အစ်မကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း သိမြင်နေတဲ့ပုံပဲ။

“ငါကတော့ ဒီဈေးနဲ့ မဝယ်ချင်ပါဘူး။ အကယ်၍ ဒါတွေက တစ်ဦးချင်း ရောင်းတဲ့သူတွေဆိုရင် ထိုင်ခုံတွေကလည်း တခြားစီ ဖြစ်နေမှာ မဟုတ်လား”

“ဟုတ်တယ်”

“ငါးခုံကနေ ခြောက်ခုံလောက်အထိ ဆက်တိုက်ဖြစ်နေမယ့် နေရာကို ရနိုင်မယ့် နည်းလမ်း မရှိဘူးလား”

“ရှိတာပေါ့” လို့ အတန်းဖော်က မသင်္ကာစရာ အပြုံးနဲ့ ပြောတယ်။

“ဘယ်လိုမျိုးလဲ”

“ဒါပေမဲ့ မင်းက ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ ရင်းနှီးဖို့တော့ လိုလိမ့်မယ်”

“ဒါကတော့ အကောင်းဆုံး နည်းလမ်းပဲ”

မာရူးက အတန်းဖော်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး မောက်စ်ကို ပြန်ကိုင်လိုက်တယ်။ သူ နည်းလမ်းတစ်ခုခုနဲ့တော့ လက်မှတ်တွေကို ရအောင် ယူရပါလိမ့်မယ်။ အကယ်၍ ဘာဒါသာ သူ့ကို လာပြီး ဂျီကျနေရင် သူ့ရဲ့ နေ့စဉ်ဘဝက စိတ်ညစ်စရာကြီး ဖြစ်သွားမှာ ဖြစ်လို့လေ။

မျက်နှာပြင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ခဏလောက် စိုက်ကြည့်နေပြီးတဲ့နောက် မာရူးက ရုတ်တရက် ခေါင်းမော့လာတယ်။ သူ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ သူ့မှာ အကူအညီတောင်းလို့ရမယ့် လူတစ်ယောက် ရှိနေတာပဲ။ သူ အစောကြီးကတည်းက တောင်းခဲ့ရင်လည်း ရတာပဲကို။ မာရူးက မောက်စ်ကို ချလိုက်ပြီး သူ့ရဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး အရည်အချင်းကတော့ အဆက်အသွယ် ရှိခြင်းပါပဲ။ ရုတ်တရက်ကြီး ဖုန်းဆက်ရတာက ရိုင်းရာကျမှာ စိုးလို့ သူ မက်ဆေ့ခ်ျတစ်ခုပဲ ချန်ထားလိုက်တယ်။ အမှန်တော့ ဒီလိုမျိုး ကိစ္စကို လှမ်းမေးရတာက ပထမဆုံးအနေနဲ့ ယဉ်ကျေးမှု မရှိရာ ရောက်ပေမဲ့ သူ့မှာ တခြား မေးစရာ နေရာမှ မရှိဘဲကိုး။

“ဒီလောက်ဆိုရင်တော့ ရပြီ ထင်ပါတယ်”

မာရူးက နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့ပြီးတဲ့နောက်မှာတော့ သက်ပြင်းချရင်း စိတ်အေးသွားတော့တယ်။

* * * * * * * * *

ဂျွန်မင်းက မာရူးဆီကနေ ရတဲ့ မက်ဆေ့ခ်ျကို ဖတ်ပြီး တဟားဟား ရယ်မိသွားတယ်။ မာရူးက သူ့ကို ဒီလိုမျိုး ကိစ္စ လာမေးလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။

‘အရာရာထဲကမှ အိုင်ဒေါ ဖြစ်နေတယ် ဟုတ်လား’

ပြီးတော့ ယောကျာ်းလေး အိုင်ဒေါအဖွဲ့လည်း ဖြစ်နေသေးတယ်။ ဒါက မာရူးရဲ့ အကြိုက် ဖြစ်နေတာလား။ တကယ် အောင်မြင်နေတဲ့ အိုင်ဒေါတွေကို အားကျပြီး အိုင်ဒေါဖြစ်ချင်နေတဲ့သူတွေ ရှိကြပေမဲ့လည်း...

“မာရူးက... အိုင်ဒေါလား”

ဂျွန်မင်းက အဲဒီစကားကို အသံထွက်ပြီး ပြောမိတဲ့အခါမှာတော့ သူ့ကိုယ်သူ မဆီမဆိုင်သလို ခံစားလိုက်ရတယ်။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တာပဲ။ သူက စင်ပေါ်မှာ သရုပ်ဆောင်ဖို့နဲ့ပဲ သင့်တော်တာဖြစ်ပြီး သူ့ရဲ့ အပြုံးက အိုင်ဒေါတစ်ယောက်ရဲ့ အပြုံးမျိုး ဖြစ်နေဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

သူ စဉ်းစားနေတုန်းမှာပဲ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ရောက်လာပြန်တယ်။ အဲဒီ မက်ဆေ့ခ်ျမှာတော့ မာရူးက အဲဒီလက်မှတ်တွေကို ဘာဖြစ်လို့ လိုချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ပြောထားတယ် ‘သူ့ရဲ့ ညီမလေးအတွက်တဲ့’

“သူ့ကိုတော့ အစ်ကိုကောင်းတစ်ယောက် လုပ်ခွင့်ပေးလိုက်ရမှာပဲ”

ဂျွန်မင်းက သူ့စာပွဲပေါ်မှာ ရှိနေတဲ့ စာချုပ်စာတမ်းကို လှမ်းကြည့်လိုက်တယ်။ သူ့ကိစ္စရော၊ မာရူးရဲ့ ကိစ္စအတွက်ပါ မာရူးကို ဒီကို ခေါ်ဖို့ လိုအပ်နေပြီလို့ ထင်ရပါတယ်။ သူက မာရူးကို လာခဲ့ဖို့ ပြန်ပြီး မက်ဆေ့ခ်ျ ပို့လိုက်ပြီး ဖုန်းကို ပိတ်လိုက်တော့တယ်။

* * * * * * * * *

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ နားလည်ပါပြီ”

ဒေါင်ဝုခ်က ဖုန်းကို ချလိုက်ပြီး မြေပြင်ပေါ်ကို တံတွေး လှမ်းထွေးလိုက်တယ်။ တစ်ဖက်လူက တကယ့် မြေခွေးအိုကြီးပဲ။ TTO ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ NL ကုမ္ပဏီရဲ့ အပိုင်ရှင် ပတ်နာရင်။ ဒီမိန်းမက တီဗီသတင်းဌာနရဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ သူနဲ့ ပထမဆုံး တွေ့တုန်းကတော့ အရာအားလုံးကို စွန့်လွှတ်ဖို့ ပြင်ဆင်ထားတဲ့ပုံမျိုး ရှိခဲ့ပေမဲ့ သူက အခုတော့ နာမည်မရှိတဲ့ သတင်းထောက်တစ်ယောက်ပဲဆိုတာ သိသွားတာနဲ့ ချက်ချင်း သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတော့တာပဲ။ ဒါကြောင့်လည်း သူက မိန်းမတစ်ယောက်အနေနဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်လိမ့်မယ်။

သူ့အနေနဲ့ ရုပ်ရှင်ကိစ္စကိုတော့ လက်လျှော့လိုက်ရမယ့်ပုံပဲ။ ဥက္ကဋ္ဌက ‘သူတို့အနေနဲ့ နောင်ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားချင်ပါတယ်’ လို့အထိ ပြောလာတယ်ဆိုရင် ဒါက သူ ဘာမှ လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်နေပြီလို့ ဆိုလိုတာပဲ။ အကယ်၍ သတင်းထောက်တစ်ယောက်မှာ ခိုင်မာတဲ့ သတင်းမြစ် မရှိရင် အဲဒီသတင်းထောက်က ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ပြီးတော့ ဒီဘက်ခေတ်မှာ အိုင်ဒေါအဖွဲ့တွေရဲ့ နောက်ကွယ်က ကုမ္ပဏီတွေက အရင်တုန်းကလို အားကိုးရာမဲ့တဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။ သတင်းထောက်တစ်ယောက်က အိုင်ဒေါအဖွဲ့တစ်ဖွဲ့နဲ့ ပတ်သက်ပြီး ကောလာဟလဆန်တဲ့ သတင်းကို ရေးသားခဲ့လို့ တရားစွဲခံရတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးပြီး အဲဒီသတင်းထောက်က နေရာအနှံ့ကို အခေါ်ခံခဲ့ရသေးတယ်။ ဥပဒေမှာတော့ ပြည်သူ့အကျိုးစီးပွားအတွက် ရေးသားတဲ့ သတင်းစာပညာအတွက် ကင်းလွတ်ခွင့် ရှိတယ်လို့ ပြဌာန်းထားပေမဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းအတွက်တော့ အဲဒါကို သက်သေပြဖို့ ခက်ခဲပါတယ်။ ဒါတင်မကသေးဘဲ သတင်းရဲ့ အကြောင်းအရာတွေကလည်း အမှန်တရားထက် ကောလာဟလတွေက များနေတာကိုး။

အရင်တုန်းကတော့ ဖျော်ဖြေရေး ကုမ္ပဏီတွေက သတင်းထောက်တွေနဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်းဖို့အတွက် သူတို့ကို တရားစွဲတဲ့အထိ မလုပ်ကြပေမဲ့ အခုခေတ်မှာတော့ သူတို့က ရက်စက်ကြပါတယ်။ အမှန်တော့ သတင်းထောက် အများစုကတော့ ကိုရီးယား သတင်းထောက်များ သမဂ္ဂထဲမှာ ပါဝင်နေကြတာမို့လို့ သူတို့ကို အကျပ်အတည်းဖြစ်အောင်အထိတော့ မတွန်းပို့ကြပေမဲ့ အခုခေတ်မှာတော့ ငြိမ်ခံမနေကြတော့ပါဘူး။

ဒါပေမဲ့ သူတို့က ဧရာမ သတင်းဌာနကြီး သုံးခုနဲ့ တီဗီသတင်းဌာနတွေအတွက်တော့ ကြင်နာတတ်တဲ့သူတွေ ဖြစ်နေတုန်းပါပဲ။ အင်တာနက် သတင်းထောက်တွေကိုပဲ အေးစက်စက် ဆက်ဆံကြတာ။ ဒေါင်ဝုခ်က ဝင်လုဆဲဆဲ နေမင်းကို ကြည့်ရင်း ပြောလိုက်တယ်။

“တောက်... ငါ အလကားနေရင်း အလုပ်ထွက်ခဲ့မိတာပဲ”

* * * * * * * * *

“ဒီနေ့ လေ့ကျင့်ခန်း မရှိဘူးလား”

“ဒါပေမဲ့ စာပြန်ရမှာ ရှိတယ်”

“ဟာ...” ဒိုဝူး၊ ဒိုဂျင်နဲ့ ဒေးမြောင်တို့ အားလုံး သက်ပြင်း ချလိုက်ကြတယ်။ မနက်ဖြန်က လပတ်စာမေးပွဲ စမယ့်နေ့ပဲ။ အထက်တန်းကျောင်း ဒုတိယနှစ်ရဲ့ လကွယ်စာမေးပွဲ။ တက္ကသိုလ်ဝင်ခွင့် ရဖို့ပဲ အဓိကထားနေကြတဲ့ ကိုရီးယား ပညာရေးရဲ့ ဝမ်းနည်းစရာ အမှန်တရားက အင်ဂျင်နီယာကျောင်းတွေမှာလည်း အကျုံးဝင်နေတာပဲ။ အတန်းထဲက ကျောင်းသား အများစုက ဆိုးလ်မြို့ပြင်မှာ ဖြစ်နေရင်တောင် တက္ကသိုလ်တစ်ခုခု ဝင်ခွင့်ရဖို့ ရည်မှန်းထားကြတာ။ မဟုတ်သေးပါဘူး၊ အချို့ဆိုရင် အထူးရွေးချယ်မှု စနစ်နဲ့ SKY တက္ကသိုလ်တွေထဲက တစ်ခုခုကို ဝင်ခွင့်ရဖို့ ရည်မှန်းထားကြပြီး တကယ်ကို ကြိုးကြိုးစားစား စာကြည့်နေကြတာပါ။

“မင်းတို့ အရင် သွားနှင့်ကြ”

“မာရူး မင်းက ဘယ်သွားမလို့လဲ”

“ငါ ကိစ္စလေး ရှိလို့ပါ”

သူ့သူငယ်ချင်း သုံးယောက်နဲ့ လမ်းခွဲပြီးတဲ့နောက် မာရူးက ဘတ်စကား စီးလိုက်တယ်။ ဂျွန်မင်းက သူ့ကို ဆိုးလ်ကို လာခဲ့ဖို့ ပြောထားတာပါ။ ဂျွန်မင်းက ပုံမှန်ဆိုရင် ကိစ္စတွေကို ဖုန်းနဲ့ပဲ ပြောလေ့ရှိတာမို့လို့ ဒီတစ်ခါတော့ အရေးကြီးတဲ့ တစ်စုံတစ်ခု ရှိနေတဲ့ပုံပဲ။ သူ့ဖုန်းက ရုတ်တရက် တုန်ခါလာတယ်။ မက်ဆေ့ခ်ျ ဝင်လာတဲ့ အသံပဲ။ သူက ဂျွန်မင်းဆီက ဖြစ်လိမ့်မယ်လို့ တွေးပြီး ဖွင့်ကြည့်လိုက်ပေမဲ့ မဟုတ်ပါဘူး။

* မင်း လပတ်စာမေးပွဲ စတော့မယ်လို့ ကြားတယ်။ စာကြည့်နေရဲ့လား။

သူမဆီက လာတာပါ။

“ငါ မကြာခင် စတော့မလို့။ မင်းရဲ့ စာမေးပွဲကကော ဘယ်လိုလဲ”

“မမေးနဲ့”

“ညံ့ခဲ့တယ် ထင်တယ်”

“ငါ မမေးနဲ့လို့ ပြောနေတယ်လေ”

“မတော်တာက အပြစ်မှ မဟုတ်တာ”

“သေချင်လို့လား”

“မင်းရဲ့ စာမေးပွဲတွေ ပြီးသွားပြီဆိုတော့ အချိန်နည်းနည်း ရမယ့်ပုံပဲ။ တနင်္ဂနွေကျရင် တွေ့ကြမလား”

“မင်း စာမေးပွဲတွေ ပြီးမှပဲ တွေ့ကြရအောင်။ မင်းရဲ့ ရမှတ်တွေက ငါ့ထက် နည်းနေရင်တော့ ငါ မင်းကို ခွင့်မလွှတ်ဘူးနော်”

မာရူးက ပုခုံးတွန့်လိုက်ပြီး ဖုန်းကို ပိတ်လိုက်တယ်။ သူ့ရဲ့ ပထမနှစ်တုန်းကတော့ သူ့ရဲ့ ရမှတ်တွေက အထက်တန်း အဆင့်အတွင်း ဝင်ဖို့ လုံလောက်ခဲ့ပါတယ်။ သူ့ရဲ့ နောင်အနာဂတ် အလုပ်အကိုင်ကို သရုပ်ဆောင်အဖြစ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးကတည်းက သူက အဆင့်တွေကို လက်လျှော့လိုက်ပေမဲ့ သူ့ရဲ့ ရမှတ်တွေကတော့ မထင်မှတ်ဘဲ သိပ်ပြီး မဆိုးလှပါဘူး။ သို့သော်လည်း သူ့ရဲ့ ရမှတ်တွေက ပိုပြီး တိုးတက်လာမှာ မဟုတ်ဘူးလို့ သူ ခံစားရတာကြောင့် စာမေးပွဲကို ခပ်ပေါ့ပေါ့ပဲ သဘောထားနေတာပါ။ လင်မယားဆိုတာ တူတတ်ကြတယ်လို့ ပြောကြတာပဲ၊ သူမကလည်း စာကျက်တဲ့နေရာမှာ သိပ်ပြီး ပါရမီပါလှတာ မဟုတ်ပါဘူး။

‘အခုမှ စဉ်းစားမိတယ်၊ ငါ့သမီးလေးက စာတော်ရဲ့လား’ သူက သမီးလေးကို မျိုးရိုးဗီဇကောင်းတွေ မပေးနိုင်ခဲ့တာကြောင့် မမွေးရသေးတဲ့ သူ့သမီးလေးအတွက် ရုတ်တရက် အားနာစိတ် ဖြစ်မိသွားတယ်။

“...သူမအတွက် ကောင်းမွန်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေတော့ ပေးရမှာပဲ”

သူ ဘယ်တော့မှ မေ့ပစ်လို့မရမယ့် နောက်ထပ် အစီအစဉ်တစ်ခုက သူ့စိတ်ထဲမှာ ပေါ်ပေါက်လာခဲ့တော့တယ်။

* * * * * * * * *

All Chapters