← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း(၂၅၃)

“မန်နေဂျာချွဲ။ လူသစ်တွေကို သေချာလေး ကြည့်ထားပေးပါဦးနော်။ ကျွန်မ JA ဘက်ကို ခဏလောက် သွားလိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ မမ”

နာရင်က ဆိုဖာပေါ်ကနေ မတ်တတ်ရပ်လိုက်တယ်။ အဲဒီဆိုဖာက လူတွေ ထိုင်ရတာ သက်သောင့်သက်သာရှိအောင် အထူးပြုလုပ်ထားပါတယ်ဆိုပြီး ကြော်ငြာထားတာ ဖြစ်ပေမဲ့ တစ်နေ့ခင်းလုံး ထိုင်နေရတော့ သူ့ခါးတွေ တောင့်တင်းနေတာပဲ။ ငယ်ငယ်တုန်းကဆို ကြမ်းပြင်မာမာပေါ်မှာ ခဏတဖြုတ် အိပ်လိုက်ရုံနဲ့တင် ဘာမှမဖြစ်ဘဲ လန်းဆန်းနေခဲ့တာကို ပြန်တွေးမိပြီး ငါလည်း အသက်ကြီးလာပြီ ထင်ပါရဲ့လို့ တစ်ယောက်တည်း ကျိတ်တွေးနေမိတယ်။

နာရင်တစ်ယောက် သူ့ရဲ့ အတိတ်ဟောင်းတွေကို ပြန်လည်အမှတ်ရနေမိတာပါ။ သူက စားပွဲပေါ်မှာရှိတဲ့ အနုပညာရှင်အသီးသီးရဲ့ အလုပ်အချိန်ဇယားတွေကို ကြည့်ရင်းနဲ့ ပြုံးလိုက်တယ်။ တစ်ချိန်က သူလည်း အဆိုတော်တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ အိပ်မက် ရှိခဲ့ဖူးတာပေါ့။ လမ်းမှာ သွားနေရင်းနဲ့ ‘အဆိုတော် လုပ်ကြည့်ဖို့ စိတ်မဝင်စားဘူးလား’ လို့ ကမ်းလှမ်းခံရတုန်းကဆို သူ့အိပ်မက်တွေ တကယ်ဖြစ်လာတော့မယ်လို့ ထင်ခဲ့တာ။

ဒါပေမဲ့ အဲဒါက လူလိမ်တွေဖြစ်နေပြီး ဟိုကြေး ဒီကြေးဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတွေပဲ ကုန်သွားခဲ့ရတယ်။ အိမ်မှာလည်း အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ‘ယောကျာ်းကောင်းကောင်းတစ်ယောက် ရှာပြီးသာ အိမ်ထောင်ပြုလိုက်ပါ’ လို့ အဖေဖြစ်သူက ပြောတဲ့အခါ သူ စိတ်တိုတိုနဲ့ အိမ်ကနေ ဆင်းခဲ့တော့တာပဲ။ မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ ဆိုးလ်မြို့ကို တက်လာပြီး လမ်းဘေးမှာတင် ဖြစ်သလိုနေရင်း အလုပ်အကိုင် လိုက်ရှာခဲ့ရတယ်။

ဘဝကို အနိမ့်အမြင့် အတက်အကျမျိုးစုံ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ရုပ်သံလိုင်းတစ်ခုရဲ့ ထမင်းချက်ဆောင်မှာ အလုပ်တစ်ခု ရခဲ့တယ်။ အစပိုင်းမှာတော့ အဲဒီက အန်တီကြီးတွေက ဒါမျိုးက နင့်လို မိန်းကလေးငယ်ငယ်လေးတွေ လုပ်နိုင်တဲ့ အလုပ်မဟုတ်ဘူး၊ မကြာခင် လက်လျှော့သွားမှာပါလို့ ပြောကြသေးတာ။ ဒါပေမဲ့ ငွေရဖို့အတွက် သူ အံကြိတ်ခံခဲ့တယ်။ ပထမဆုံးရတဲ့ လစာလေးနဲ့ မြို့ပြင်က စုတ်ချာချာ အိမ်လေးတစ်လုံးကို ငှားပြီး ပြောင်းခဲ့တယ်။

နားခိုစရာ နေရာလေးတစ်ခု ရသွားတဲ့အခါမှာတော့ အဆိုတော်ဖြစ်ဖို့အတွက် သူ ပြန်ပြီး ကြိုးစားပါတော့တယ်။ သီချင်းဆိုနည်း သင်တန်းတွေ တက်ပြီး အသံကျင့်သလို တူရိယာတီးခတ်တာတွေကိုပါ လေ့လာခဲ့တယ်။ ထမင်းချက်ဆောင်က အလုပ်နဲ့ ဒွန်တွဲပြီး လုပ်ရတာ အတော်လေး ပင်ပန်းပေမဲ့ ဒါက သူ့အိပ်မက်ဆီ သွားဖို့ လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ပဲလို့ အခိုင်အမာ ယုံကြည်ထားပြီး အားတင်းဖြတ်သန်းခဲ့တာပေါ့။

ဒီလိုနဲ့ပဲ တစ်နှစ်တာ အချိန်ကို ကုန်လွန်စေခဲ့တယ်။ အဲဒီအချိန်မှာ ထမင်းချက်ဆောင်က အန်တီကြီးတွေနဲ့လည်း တော်တော်လေး ရင်းနှီးသွားကြပြီ။ အန်တီကြီးတွေက သူ့အိပ်မက်ကို အားပေးကြသလို အသံကြိုးအတွက် ကောင်းတယ်ဆိုတဲ့ အစားအစာတွေကိုလည်း တစ်ခါတလေ ချက်ပြုတ်ကျွေးမွေးတတ်ကြသေးတယ်။ အဲဒီလို နွေးထွေးတဲ့ သံယောဇဉ်တွေကပဲ နာရင့်ရဲ့ ကြိုးစားမှုတစ်လျှောက်လုံးမှာ အားအင်တွေ ဖြစ်စေခဲ့တာပါ။

ဒါပေမဲ့ အဲဒီတစ်နှစ်အတွင်းမှာ သူ ဝင်ပြိုင်ခဲ့တဲ့ အသံစစ်ဆေးပွဲတွေအားလုံးကတော့ လိုအပ်ချက်လေးတွေ ရှိနေလို့ အမြဲပဲ ကျရှုံးခဲ့ရတယ်။ ဒေသတွင်း ပြိုင်ပွဲတွေမှာ ဆုတွေရခဲ့ပေမဲ့ အဲဒါက လုံလောက်မှု မရှိခဲ့ဘူး။

သူ့ရဲ့ အရည်အချင်းကို သေချာသက်သေပြနိုင်ဖို့ဆိုရင် အကြီးစားပြိုင်ပွဲကြီးတွေမှာ သွားပြီး စွမ်းရည်ပြနိုင်မှ ဖြစ်မယ်။ အဲဒီလိုဖြစ်ဖို့ ဂန်ဗြွန်း တေးဂီတပွဲတော်ဒါမှမဟုတ် ကောလိပ် တေးဂီတပွဲတော်တွေမှာ ဆုရဖို့ အဓိက ဦးတည်ရမှာပေါ့။ ဒါပေမဲ့ သူက အဲဒီပြိုင်ပွဲနှစ်ခုစလုံးကို ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မီခဲ့ဘူး။ အဲဒီပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့ဆိုရင် ကောလိပ်ကျောင်းသား ဖြစ်နေရမှာလေ၊ အထက်တန်းကျောင်းပြီးတာနဲ့ လူ့အဖွဲ့အစည်းထဲ တိုက်ရိုက်ဝင်လာခဲ့တဲ့ သူ့အတွက်တော့ ကောလိပ်ဆိုတာ စိမ်းသက်လွန်းတဲ့ နေရာတစ်ခုပဲပေါ့။

နောက်ထပ် ခြောက်လလောက် ထပ်ကုန်သွားပေမဲ့ နာရင်တစ်ယောက် အသံစစ်ဆေးပွဲ တစ်ခုမှ အောင်မြင်မှု မရသေးဘူး။ ဖျော်ဖြေရေး ကုမ္ပဏီအသစ်လေးတွေကတောင် သူ့ကို လက်မခံကြဘူး။ သူ့နာမည်နဲ့ အယ်လ်ဘမ်တစ်ခု ထုတ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲလို့ တွေးမိတယ်။ ဒါပေမဲ့ ကြိုးစားမှုကတော့ ငါ့ကို သစ္စာဖောက်မှာမဟုတ်ပါဘူးလို့ တွေးရင်း နောက်ထပ် အသံစစ်ဆေးပွဲတစ်ခုအတွက် သူ ဆက်ပြင်ဆင်ခဲ့ပြန်တယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာတော့ သူ ခါးသီးတဲ့ အမှန်တရားတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတော့တာပဲ။

“မစ် နာရင်။ သီချင်းဆိုတာကတော့ အဆင်ပြေပါတယ်။ အဆိုပညာရှင်တစ်ယောက်ဆိုတာ သိသာပါတယ်၊ ဒါပေမဲ့ တီဗီကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါဦး။ ဟို မိန်းကလေးတွေကို ကြည့်လိုက်ဦး၊ ဘယ်လောက်တောင် လှပပြီး အပြစ်ကင်းစင်ကာ သန့်ပြန့်နေကြသလဲ။ သူတို့ သီချင်းဆိုတာကလည်း ပြတ်သားပြီး ကြည်လင်နေတာပဲ။ မကြာသေးခင်က ၈၈ အိုလံပစ်မှာ Koreanaအဖွဲ့ ဖျော်ဖြေသွားတာကို တွေ့လိုက်တယ်မလား။ မင်းရဲ့ အသံမှာ အဲဒီလောက်အထိ ဆွဲဆောင်မှုမျိုး ရှိနေရင်တော့ ရုပ်ရည်ကို ထည့်တွေးနေမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့... မင်းက အဲဒီလိုမျိုး မဟုတ်နေဘူးလေ။ တစ်ကိုယ်တော် အဆိုတော်အဖြစ်ထက် နှစ်ယောက်တွဲ အဖွဲ့အနေနဲ့ ဆိုရင်ကော ဘယ်လိုလဲ။ မင်းရဲ့ မျက်နှာကို နည်းနည်းလောက် ဖုံးကွယ်ထားနိုင်ရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ်”

အဲဒီအချိန်ကျမှပဲ ‘အဆိုတော်ဆိုတာ သီချင်းဆိုကောင်းရုံနဲ့တင် ရပြီ’ ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်က မှားနေမှန်း နာရင် ရိပ်မိသွားတော့တယ်။ သူက အရာရာကို လွယ်လွယ်လေး ထင်ခဲ့မိတာပေါ့။ အပြင်ထွက်ခါနီးမှာတော့ ထရော့တ်အဆိုတော်အဖြစ် လုပ်ဖို့ ကမ်းလှမ်းချက်တစ်ခု ရခဲ့ပေမဲ့ နာရင် ခေါင်းခါလိုက်တယ်။ သူက အစွဲအလမ်းရှိလို့ မဟုတ်ပါဘူး။ သူကိုယ်တိုင် စီအီးအို ဖြစ်နေရင်တောင် နှစ်ခုထဲက တစ်ခုတည်း ရှိတဲ့လူထက် အရည်အချင်းရော ရုပ်ရည်ပါ နှစ်မျိုးစလုံး ပြည့်စုံတဲ့လူကိုပဲ ရွေးချယ်မိမှာလေ။ အကယ်၍ လူတွေရဲ့ နှလုံးသားကို လှုပ်ခတ်ချင်တယ်ဆိုရင်တော့ အပြတ်အသတ် သာလွန်တဲ့ အဆိုစွမ်းရည်မျိုး ရှိနေရမယ်၊ ဒါပေမဲ့ သူကိုယ်တိုင် ပြန်သုံးသပ်ကြည့်ရင်တောင် အဲဒီလို အရည်အချင်းမျိုး မရှိနေဘူး။

ကိုးဆယ်စုနှစ်တွေ ရောက်လာတဲ့အခါမှာတော့ နာရင့်ရဲ့ အိပ်မက်တွေ ပြောင်းလဲသွားခဲ့ပါပြီ။ သူကိုယ်တိုင် အဆိုတော်ဖြစ်ဖို့ မတောင့်တတော့ဘဲ အဲဒီအဆိုတော်တွေကို စီမံခန့်ခွဲပေးရတဲ့ မန်နေဂျာတစ်ယောက် ဖြစ်ချင်လာခဲ့တယ်။ ဒါက သူ့ရဲ့အိပ်မက်ကို တခြားလူတွေအပေါ် ပုံချလိုက်တာမျိုး မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါစီးဆင်းဖို့ ဆုံးဖြတ်လိုက်တာသာ ဖြစ်တယ်။

လူ့အဖွဲ့အစည်းက အရည်အချင်းစုံတဲ့ လူမျိုးကို အဲဒီလောက်တောင် အလိုရှိနေတယ်ဆိုရင်လည်း သူက အဆိုတော်တင်မကဘဲ ဘာမဆို လုပ်နိုင်တဲ့ ဖျော်ဖြေရေးသမားတွေကို ဖန်တီးပေးလိုက်မှာပေါ့။ နာရင်က အသံစစ်ဆေးပွဲတုန်းက ကြားခဲ့ရတဲ့ ဝေဖန်ချက်တွေကို စော်ကားမှုလို့ မသတ်မှတ်ခဲ့ဘူး။ ယဉ်ကျေးမှု စီးပွားရေးလောကမှာ အောင်မြင်နေတဲ့သူတွေက အကန့်အသတ်နဲ့ ကျွမ်းကျင်သူတွေ မဟုတ်ဘဲ နယ်ပယ်စုံမှာ အစုံရတဲ့သူတွေ ဖြစ်မှန်း သိမြင်သွားတဲ့ အချိန်မှာတင် သူ သွားရမယ့် လမ်းစကို ရှာတွေ့သွားခဲ့ပြီ။

အခုဆိုရင် သူ့မှာ ရည်မှန်းချက် ရှိသွားပြီမို့ အကောင်အထည်ဖော်ဖို့ စတင်လှုပ်ရှားပါတော့တယ်။ ပထမဆုံးအနေနဲ့ တခြားနိုင်ငံတွေက အလားတူ ဖြစ်ရပ်တွေကို လိုက်ရှာကြည့်တယ်။ ယဉ်ကျေးမှု စီးပွားရေးလောက၊ အထူးသဖြင့် ဂီတလောကရဲ့ ရှေ့တန်းမှာ ရှိနေတဲ့ ထိပ်သီးနိုင်ငံနှစ်ခုကတော့ အမေရိကန်နဲ့ ဂျပန်ပေါ့။ အဲဒီနိုင်ငံနှစ်ခုက ဖြစ်ရပ်တွေကို လေ့လာကြည့်တဲ့အခါ ဖျော်ဖြေရေး နယ်ပယ်အသီးသီးကြားက အကန့်အသတ်တွေက ဝေဝါးလာနေတာကို သူ တွေ့လိုက်ရတယ်။ အမေရိကန်က အားကစားကြယ်ပွင့်တွေနဲ့ ဂျပန်က အဆိုတော်တွေဟာ သူတို့နိုင်ငံရဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲနဲ့ ကြော်ငြာတွေလို တခြားနယ်ပယ်တွေမှာပါ အောင်မြင်ကျော်ကြားလာတာကို မြင်တွေ့ခဲ့ရတယ်။ ယဉ်ကျေးမှု ရေစီးကြောင်းဆိုတာ ထပ်တလဲလဲ ဖြစ်ပေါ်တတ်တဲ့ အရာတစ်ခုပဲလို့ တွေးမိပြီး ဒီလိုမျိုး ဖြစ်ရပ်တွေက ကိုရီးယားမှာလည်း အလားတူ ဖြစ်လာလိမ့်မယ်လို့ နာရင် ခန့်မှန်းခဲ့တယ်။

အဲဒီအချိန်ဝန်းကျင်မှာတင် နာရင်က တီဗီပေါ်မှာ အလှည့်အပြောင်း ဖြစ်စေမယ့် အရာတစ်ခုကို မြင်တွေ့လိုက်ရတယ်။ အဲဒါကတော့ ခေတ်ပေါ်ဂီတရဲ့ အဓိကပရိသတ်ဖြစ်တဲ့ အသက် ၂၀ နဲ့ ၃၀ အရွယ်တွေကို ဆယ်ကျော်သက်အရွယ်အထိ ဆွဲချပေးလိုက်နိုင်တဲ့ ပြိုင်ဘက်ကင်း အိုင်ကွန်တစ်ခုပဲ။ ခေတ်ရေစီးကြောင်းကို ဖန်တီးသူတွေမှာ ဘယ်လောက်တောင် စွမ်းအားရှိသလဲဆိုတာ နာရင် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတာပေါ့။ စိမ်းသက်နေတဲ့ ဂီတအမျိုးအစား ဖြစ်ပေမဲ့လည်း သူတို့ရဲ့ ဖျော်ဖြေမှုတွေ၊ သီချင်းစာသားတွေက လူငယ်မျိုးဆက်သစ်တွေရဲ့ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့တယ်။ သူတို့ရဲ့ သက်ရောက်မှုက စိတ်ကူးထဲကထက်တောင် ကျော်လွန်နေခဲ့တာ။ ရုပ်သံလိုင်းနဲ့ ပတ်သက်တဲ့ လူအတော်များများက ဆယ်ကျော်သက်တွေရဲ့ ငွေသုံးနိုင်စွမ်းအားကို အထင်သေးခဲ့ကြပေမဲ့ Seo Taiji & Boysအဖွဲ့ကို မြင်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အမြင်တွေကို ပြောင်းလဲလိုက်ကြရပြီ။

ဆယ်ကျော်သက်တွေက သူတို့ရဲ့ မိဘတွေကတစ်ဆင့် ငွေကြေးအမြောက်အမြားကို သုံးစွဲကြတာလေ။ လူငယ်တွေက တစ်ခုခုအပေါ် ရူးသွပ်လာကြတဲ့အခါ သူတို့ရဲ့ မိဘမျိုးဆက်တွေကလည်း ဆောထယ်ဂျီအပေါ် အာရုံစိုက်လာကြပြီး ရလဒ်အနေနဲ့ ဆောထယ်ဂျီဟာ ယဉ်ကျေးမှုရဲ့ အိုင်ကွန်တစ်ခု ဖြစ်လာခဲ့တော့တယ်။

ဒီအခြေအနေအားလုံး ဖြစ်ပျက်နေတာကို စောင့်ကြည့်ရင်း နာရင် သဘောပေါက်သွားတာကတော့ အသက် တစ်ဆယ်ကျော်နဲ့ နှစ်ဆယ်ကျော်အရွယ် လူငယ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်မှသာ ခေတ်ပြိုင်ယဉ်ကျေးမှုကို ဦးဆောင်နိုင်လိမ့်မယ် ဆိုတာပဲ။

ဒါဆိုရင် လူထုအရှေ့ကို ဘယ်လိုမျိုးအရာကို ချပြရမလဲဆိုတာ သူ စဉ်းစားရတော့မယ်။

နာရင်ကတော့ သုံးစွဲသူ ပရိသတ်တွေနဲ့ သက်တမ်းတူ အရွယ်တူ ဖြစ်နေရမယ်လို့ ယုံကြည်ထားတယ်။ အသက်ကြီးလာတာနဲ့အမျှ အရည်အချင်းတွေ ပိုကောင်းလာမှာကတော့ အမှန်ပဲ ဖြစ်ပေမဲ့ အသက်ကြီးလွန်းနေရင်တော့ လူငယ်တွေက အဲဒီကြယ်ပွင့်တွေအပေါ် သူတို့ကိုယ်သူတို့ ပုံရိပ်ထင်ဟပ်နိုင်မှာ မဟုတ်တော့ဘူး။

အိုင်ကွန်ဆိုတာ လူတွေ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ပုံဖော်ပေးရမယ့်အရာလေ။ ကိုယ်နဲ့ သက်တူရွယ်တူလေးက လှလည်းလှ၊ သီချင်းလည်း ကောင်းကောင်းဆိုနိုင်၊ အကလည်း တော်နေတာကို စောင့်ကြည့်ရတဲ့ ခံစားချက်မျိုးပေါ့။ ဒါမျိုးကမှ သူတို့ရဲ့ အလိုဆန္ဒတွေကို လှုံ့ဆော်ပေးနိုင်မှာ။ တစ်နည်းပြောရရင်တော့ စာသားအတိုင်း အိုင်ဒေါတွေကို ဖန်တီးပေးရမှာ ဖြစ်တယ်။

နာရင်က သူ့ရဲ့ စိတ်ကူးအတွေးအခေါ်တွေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စုဆောင်းထားတဲ့ ငွေကြေးတွေကို အသုံးပြုပြီး ရင်းနှီးမြှုပ်နှံသူတွေကို စတင်ရှာဖွေပါတော့တယ်။ လူတိုင်းကလည်း ဒီလိုမျိုးပဲ စဉ်းစားနေကြမှာ ဖြစ်လို့ အရင်ဆုံး စတင်လှုပ်ရှားနိုင်တဲ့သူကသာ အနိုင်ရရှိမှာကို သူ ကောင်းကောင်းကြီး သိနေတာပေါ့။

နေရာစုံကို လိုက်လံ စုံစမ်းပြီးတဲ့နောက်မှာတော့ ထမင်းချက်ဆောင်က အန်တီကြီးတစ်ယောက်ရဲ့ အကူအညီကြောင့် တေးဂီတအစီအစဉ်က ထုတ်လုပ်သူတစ်ယောက်နဲ့ နာရင် ဆုံတွေ့ခွင့် ရခဲ့တယ်။ အဲဒီလူကတစ်ဆင့် စီမံခန့်ခွဲမှု လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လူတစ်ယောက်နဲ့ ထပ်မံ ချိတ်ဆက်မိခဲ့တာပေါ့။ အဲဒီလူကတော့ အဓိက မန်နေဂျာကြီး ချွဲ ပဲ ဖြစ်တယ်။

အဲဒီနေ့ကစပြီး မန်နေဂျာကြီး ချွဲ နဲ့ နာရင်တို့ဟာ ရုပ်ရည်ချောမောပြီး အဆိုတော်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိတဲ့ လူငယ်တွေကို စတင်ရှာဖွေကြပါတော့တယ်။ သီချင်းဆိုတဲ့နေရာမှာ အရည်အချင်း မဆိုစလောက် လိုအပ်ချက်ရှိနေတဲ့သူတွေကို စုစည်းပြီး လေ့ကျင့်သင်ကြားပေးခဲ့ကြတယ်။ စုတ်ချာချာ ဗီလာအိမ်လေးထဲမှာ ခေါက်ဆွဲပြုတ်ကို အတူတူစားရင်း၊ တီဗီထဲက နာမည်ကြီးအဆိုတော်တွေကို ကြည့်ပြီး သူတို့ရဲ့ စိတ်ဓာတ်တွေကို အတူတူ မြှင့်တင်ခဲ့ကြတာပေါ့။ နာရင်က လိုက်ဖ် စင်မြင့်ပေါ်မှာ သီချင်းကို တိုက်ရိုက်ဆိုနိုင်မယ့်အဆင့်အထိ သီချင်းဆိုစွမ်းရည်မျိုးကို တောင်းဆိုမနေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လိုက်ဖ်စင်မြင့်တွေကို သီချင်းတကယ်မဆိုဘဲ ကြိုတင်အသံသွင်းထားတဲ့ သီချင်းအသံနဲ့ နှုတ်ခမ်းလှုပ်ရှားမှုကို ကိုက်ညီအောင် လိုက်လုပ်တာနဲ့ ကြိုတင်အသံသွင်းထားတာတွေနဲ့ ကိုင်တွယ်ဖြေရှင်းလို့ ရနေတာပဲလေ။ အဲဒီအစား သီချင်းဆိုတာအပြင် အင်္ဂလိပ်စာ တော်တဲ့သူ၊ ဂျပန်စာ တော်တဲ့သူ၊ ဟင်းချက်တာ ဝါသနာပါတဲ့သူ ဒါမှမဟုတ် ဟာသဥာဏ် ရွှင်တဲ့သူ စသဖြင့် တခြားအချက်တွေကိုသာ သူ ပိုပြီး အာရုံစိုက်ခဲ့တယ်။ သီချင်းဆိုရုံတင်မကဘဲ တခြားအရာတွေကိုပါ လုပ်ဆောင်နိုင်တဲ့ ကာရိုက်တာမျိုးတွေကိုပဲ ရွေးချယ်ခဲ့တာပါ။

နောက်ဆုံးတော့ တေးဂီတအစီအစဉ် ထုတ်လုပ်သူရဲ့ အကူအညီကြောင့် သူတို့ကို အများပြည်သူကြည့်ရှုတဲ့ တီဗီစင်မြင့်ပေါ်မှာ တင်ဆက်နိုင်ခဲ့တယ်။ အစပိုင်းမှာတော့ တုံ့ပြန်မှုတွေက အေးစက်နေခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီခေတ်က အမြင်နဲ့ကြည့်ရင် အဲဒီအဖွဲ့က ရော့ခ်လည်းမဟုတ်၊ ဘဲလတ်ဒ်လည်းမဟုတ်တဲ့ ထူးဆန်းတဲ့ ဂီတနောက်မှာ ကခုန်နေကြတဲ့ ကလေးတစ်စု မျှသာ ဖြစ်နေလို့ပဲ။ ဒါပေမဲ့ မကြာခင်မှာပဲ တခြား ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကလည်း အလားတူ လူငယ်အဖွဲ့တစ်ဖွဲ့နဲ့ ထွက်ပေါ်လာခဲ့ပြန်တယ်။

၅ ယောက်စီ ပါဝင်တဲ့ ဆင်တူယိုးမှား မိန်းကလေးအဖွဲ့ နှစ်ဖွဲ့။

အဲဒီအဖွဲ့နှစ်ဖွဲ့ရဲ့ ပရိသတ်တွေကြားမှာ ထူးဆန်းတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတာကို တွေ့လိုက်ရတဲ့အခါ နာရင်က ဒါဟာ အခွင့်အရေးပဲလို့ တွေးမိသွားတယ်။ အဲဒီနောက်မှာတော့ ပြိုင်ဘက်ဖျော်ဖြေရေး ကုမ္ပဏီဆီ သွားပြီး ဒီပြိုင်ဆိုင်မှုကို အများပြည်သူအရှေ့ ချပြဖို့ ကမ်းလှမ်းခဲ့တယ်။ တစ်ဖက်ကလည်း ဒီလိုပဲ အတွေးတူနေပုံရတာမို့ အစီအစဉ်က ဘာအခက်အခဲမှမရှိဘဲ အဆင်ပြေသွားခဲ့တာပေါ့။ အဲဒီဖျော်ဖြေရေး ကုမ္ပဏီကတော့ လက်ရှိ ထိပ်သီး သုံးခုထဲကတစ်ခုဖြစ်တဲ့ Yellow Star ကလွဲလို့ အခြားမဟုတ်ပါဘူး။

အဲဒီနောက်ပိုင်းမှာတော့ အရာအားလုံးက သူ့အလိုလို အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တော့တယ်။ ပရိသတ်တွေက သူတို့နှစ်သက်တဲ့ အနုပညာရှင်တွေအတွက် အပြတ်အသတ်ကို ဝန်းရံလှုပ်ရှားလာကြတာ။ သူတို့ရဲ့ အနုပညာရှင်ကို ကိုယ်စားပြုတဲ့ အရောင်တစ်မျိုးကို သတ်မှတ်ကြပြီး ဖျော်ဖြေပွဲတွေကို အဲဒီအရောင် ဝတ်စုံတွေ ဝတ်ဆင်ပြီး တက်ရောက်ကြတယ်၊ အဲဒါကပဲ ပရိသတ်တွေရဲ့ အလေ့အထတစ်ခုလို ဖြစ်လာခဲ့တာပေါ့။ ရဲလိုးစတားက မိန်းကလေးအဖွဲ့က အဝါရောင်ကို ကိုယ်စားပြုပြီး NLကုမ္ပဏီက မိန်းကလေးအဖွဲ့ကတော့ မိုးပြာရောင် နဲ့ သွားကြတယ်။

ပရိသတ်အုပ်စုက ဆယ်ကျော်သက်တွေအဆင့်ကနေ တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးမှာတော့ တီဗီအစီအစဉ်တွေမှာ ဒီအဖွဲ့တွေကို ရည်ညွှန်းဖို့ ‘အိုင်ဒေါ’ ဆိုတဲ့ စကားလုံးကို သုံးစွဲလာကြကာ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ နှောင်းပိုင်းမှာတော့ အဲဒီပရိသတ်အုပ်စုတွေဟာ Fandomsဆိုတဲ့ စကားလုံးအသစ် “ဖန်ဒမ်”ဆိုတာတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့တွေ အောင်မြင်ခဲ့ကြတယ်၊ မဟုတ်သေးဘူး၊ ၈၀ ပြည့်လွန်နှစ်တွေက ‘အိုပါးတပ်ဖွဲ့’ ကို ဦးဆောင်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြတွေထက်တောင် ပိုပြီး အောင်မြင်ခဲ့ကြတာ။

နာရင်က ချက်ချင်းပဲ နောက်ဆက်တွဲ အဖွဲ့သစ်တစ်ခုအတွက် ထပ်မံပြင်ဆင်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အိုင်ဒေါအဖွဲ့တုန်းက အများကြီး ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ခဲ့ပေမဲ့ ဒုတိယအဖွဲ့ကတော့ မတူတော့ဘူး။ အဆိုရော အကပါ တော်တဲ့ လူငယ်တွေကို ရွေးချယ်ဖို့ တရားဝင် အသံစစ်ဆေးပွဲတွေ ကျင်းပခဲ့သလို တခြားသော စရိုက်လက္ခဏာတွေကိုပါ လိုက်ရှာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့အတွက် လူမှုပညာရပ်ဆိုင်ရာ သင်တန်းအချို့ကိုပါ ပြင်ဆင်ပေးခဲ့သေးတယ်။ စာသားအတိုင်း ‘အိုင်ဒေါ’ အစစ်အမှန် ဖြစ်လာဖို့ဆိုရင် ဘယ်နယ်ပယ်မှာမှ လိုအပ်ချက် ရှိနေလို့ မဖြစ်ဘူးလေ။

အချိန်တွေ ကုန်လွန်သွားပြီး ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေ ရောက်တဲ့အခါ ထိပ်သီး ဖျော်ဖြေရေးကုမ္ပဏီကြီး ၃ ခုက သူတို့ရဲ့ ခြေကုပ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ အိုင်ဒေါတွေကို တိုက်ရိုက် အားပေး ထောက်ပံ့နိုင်တဲ့ အဆင့်အထိ ရောက်ရှိလာခဲ့ကြတယ်။ အခုဆိုရင် နာမည်တန်ဖိုး ရှိနေတာက အဆိုတော်တွေတင် မဟုတ်တော့ဘဲ ကုမ္ပဏီတွေကိုယ်တိုင် ဖြစ်လာခဲ့ပြီ။

အဲဒီနောက်မှာတော့ နောက်ဆုံးအဆင့် ရောက်ရှိလာခဲ့တာပေါ့။ နာရင်က လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း သူ ရှာဖွေစုဆောင်းခဲ့သမျှနဲ့ လေ့လာခဲ့သမျှ အရာအားလုံးကို TTOအဖွဲ့ထဲကို ပုံအောပြီး ထည့်သွင်းလိုက်တယ်။ ၅ ယောက်ပါဝင်တဲ့ ယောကျာ်းလေးအဖွဲ့ပေါ့။ သူက အဆိုတော် ဖြစ်ချင်တဲ့သူတွေတင်မကဘဲ သရုပ်ဆောင်ဖြစ်ချင်တဲ့ လူငယ်တွေကိုပါ ရွေးချယ်ပြီး စုစည်းပေးခဲ့တာ။ အဲဒီနောက် သူတို့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့တယ်။ သရုပ်ဆောင်ဖြစ်ချင်တဲ့သူကို သီချင်းဆိုတာကို အဓိက အာရုံစိုက်ခိုင်းပြီး သီချင်းဆိုချင်တဲ့သူကိုတော့ သရုပ်ဆောင်ပိုင်း လေ့ကျင့်ခိုင်းခဲ့တာပေါ့။

ဘက်စုံရတဲ့ ဖျော်ဖြေရေးသမား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ တီဗီအစီအစဉ်တွေကလည်း တစ်ဦးတည်း စကားပြောတဲ့ Talk show တွေကနေ ဟာသ ပုံစံမျိုးစုံ လုပ်ရတဲ့ အစီအစဉ်တွေဘက်ကို ကူးပြောင်းလာနေပြီး၊ TTO အဖွဲ့က သူတို့ရဲ့ ထူးချွန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည်တွေကြောင့် တီဗီအစီအစဉ်တွေအတွက်တော့ မရှိမဖြစ် အောင်မြင်မှု အာမခံချက်တစ်ခု ဖြစ်လာခဲ့တော့တယ်။

ပြီးတော့ နောက်ဆုံးမှာ နာရင်က တီဗီရှိုးတွေတင်မကဘဲ သူ့ရဲ့ အိုင်ဒေါတွေကို ဇာတ်လမ်းတွဲ တွေထဲမှာပါ ဝင်ရောက် သရုပ်ဆောင်ခိုင်းဖို့ ကြိုးစားခဲ့ပြန်တယ်။ အဲဒီဇာတ်လမ်းတွဲ ရဲ့ ဒါရိုက်တာတွေက သာမန်အဆိုတော်အဆင့်မျှသာ ရှိတဲ့သူတွေကို သူတို့ရဲ့ ဖန်တီးမှုလက်ရာထဲမှာ သရုပ်ဆောင်ခွင့် မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်ခဲ့ကြပေမဲ့ အိုင်ဒေါတွေ ပါဝင်လာမယ့် အစီအစဉ်ကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့ကြပါဘူး။

ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲ တွေကို အလကား ရိုက်ကူးနေကြတာမှ မဟုတ်တာလေ။ ရုပ်သံလိုင်းလောကမှာ လုပ်ကိုင်နေတဲ့သူတွေက အိုင်ဒေါဖန်ဒမ်တစ်ခုရဲ့ စွမ်းအားက ဘယ်လောက်အထိ ကြောက်ဖို့ကောင်းသလဲဆိုတာ သိနေကြတာပဲ။ သူတို့ရဲ့ အိုင်ဒေါအပေါ် အကန်းအမှား ယုံကြည်ကိုးကွယ်မှုက အဲဒီအစီအစဉ်ကို ကြည့်ရှုဖို့ ဖြစ်လာစေပြီး၊ ကြည့်ရှုနှုန်း မြင့်တက်လာတာနဲ့အမျှ ကြော်ငြာဝင်ငွေတွေလည်း တိုးပွားလာမှာလေ။ တီဗီရုပ်သံလိုင်းတွေက ဒါမျိုးကို လက်လွတ်ခံမှာ မဟုတ်ဘူး။

နာရင်က ဒါရိုက်တာတွေကို စည်းရုံးဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို တစ်ဖက်မှာလည်း အိုင်ဒေါကို သေချာအာရုံစိုက်ပြီး ကောင်းကောင်းလုပ်ဖို့ ညွှန်ကြားခဲ့တယ်။ အကယ်၍ ဒီနေရာမှာသာ လွဲချော်သွားခဲ့ရင် အရာအားလုံးက ရေစုန်မျောသွားမှာ ဖြစ်လို့ပဲ။

ကံကောင်းထောက်မစွာနဲ့ပဲ တစ်ချိန်က သရုပ်ဆောင်ဖြစ်ချင်ခဲ့တဲ့ အဲဒီကောင်လေးက ထင်မှတ်မထားလောက်အောင်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့တယ်။ သူက သရုပ်ဆောင်သစ် အတော်များများထက်တောင် ပိုတော်တယ်ဆိုပြီး ချီးကျူးခံခဲ့ရတာ။ ဒါကတော့ ဖြစ်သင့်ဖြစ်ထိုက်တာပေါ့။ သူက ဒါအတွက် လေ့ကျင့်ပြင်ဆင်ထားခဲ့တာကိုး။ ဒါတင်မကသေးဘူး၊ လူပေါင်း ရာနဲ့ချီတဲ့ အရှေ့မှာ ပြုံးပြရတဲ့ အတွေ့အကြုံလည်း ရှိပြီးသားဖြစ်လို့ ဘယ်လိုထောင့်ချိုးကနေ ကြည့်ရင် သူ့မျက်နှာက အကြည့်အကောင်းဆုံးဖြစ်မလဲဆိုတာ ကောင်းကောင်းကြီး သိနေတာပေါ့။

အဲဒီကောင်လေးကို ‘သာမန်အဆိုတော်မျှသာ’ လို့ နှိမ့်ချခဲ့တဲ့ ဇာတ်လမ်းတွဲ ရဲ့ ထုတ်လုပ်သူက သူ့ကို နွေးထွေးတဲ့ လေသံနဲ့ ဖုန်းဆက်ခေါ်တဲ့ အချိန်မှာတော့ နာရင် သူ့အိပ်မက်ဆီကို ခြေတစ်လှမ်း ပိုနီးကပ်သွားပြီလို့ ခံစားလိုက်ရတယ်။

အဲဒီနောက်ပိုင်းကတော့ အိုင်ဒေါတွေရဲ့ ကမ္ဘာ ဖြစ်လာခဲ့တော့တာပေါ့။ ရုပ်ရှင်သရုပ်ဆောင်ကြီးတွေက အရင်အတိုင်း မယိမ်းမယိုင် ရှိနေဆဲ ဖြစ်ပေမဲ့လည်း ဒါက ပြောင်းလဲသွားဖို့ အချိန်တစ်ခုပဲ လိုတော့မှန်း နာရင် အသေအချာ ယုံကြည်နေခဲ့တယ်။

* * * * * * * * *

ရုံးပိတ်ရက်မဟုတ်တဲ့ ကြားရက်တွေရဲ့ JAအဆောက်အအုံကြီးကတော့ တစ်စင်းတည်း ထွန်းလင်းနေတဲ့ ကြယ်ပွင့်တစ်ပွင့်လိုပဲ။ ပထမထပ် ဧည့်ခန်းက ကဖေးဆိုင်လေးထဲမှာတော့ အလုပ်တွေ ကျန်နေသေးပုံရတဲ့ ဝန်ထမ်းအချို့က ကော်ဖီသောက်ရင်း စကားစမြည် ပြောနေကြတယ်။ ချိန်းထားတဲ့ အချိန်ရောက်ဖို့ နာရီဝက်လောက် လိုသေးတာပဲ။

‘မသွားခင် ညစာ အရင်စားလိုက်ရမလား’

မာရူး က အပြင်ထွက်ပြီး ဂုတ်ဘတ်ပူပူလေး သွားစားဖို့ တွေးလိုက်မိသေးပေမဲ့၊ ဂျွန်မင်း က သူ့ကို ညစာ ကျွေးကောင်းကျွေးနိုင်တာမို့ ကဖေးဆိုင်မှာပဲ ပေါ့ပေါ့ပါးပါး တစ်ခုခု စားဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အမေရိကန်နို ကော်ဖီတစ်ခွက်နဲ့ ဘန်မုန့်တစ်ခု မှာပြီး နေရာယူလိုက်တယ်။ အဲဒီအချိန်မှာတင် ဝိုင်းဝိုင်းမျက်မှန် တပ်ထားတဲ့ အမျိုးသမီးတစ်ယောက် အဆောက်အအုံထဲ ဝင်လာတာ တွေ့လိုက်ရတယ်။ ကြည့်ရတာ အသက် ၃၀ ကျော်နှောင်းပိုင်းလောက် ရှိပုံရပြီး စမတ်ကျတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတယ်။

“နွားနို့တီးစိမ်း နှစ်ခွက် ပါဆယ်ထုတ်ပေးပါ”

သူက မှာယူပြီးတော့ ကိုယ်ကို လှည့်လိုက်တယ်။ အဲဒီအချိန်မှာပဲ အချင်းချင်း စကားပြောလာကြတဲ့ ရုံးဝန်ထမ်း အမျိုးသမီး နှစ်ယောက်က မျက်မှန်နဲ့ အမျိုးသမီးကို ဝင်တိုက်မိပါလေရော။ ကြည့်ရတာ သူတို့က ရှေ့ကို သေသေချာချာ မကြည့်မိကြဘူး ထင်တယ်။ ဝန်ထမ်းအမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲက စက္ကူခွက်က တွန့်ကြေသွားပြီး ကော်ဖီတွေက နေရာအနှံ့ စင်သွားတော့တာပဲ။ ကော်ဖီက အဲဒီလောက်အထိ မပူတာမို့ ဘယ်သူမှတော့ မျက်မှောင်ကြုတ်မသွားကြဘူး။

“အော်... လူကိုလည်း ကြည့်လျှောက်ပါဦးရှင်”

လူများတဲ့ဘက်က အသံပိုကျယ်တာကတော့ သဘာဝပဲပေါ့။ သူတို့ကိုယ်တိုင် သေသေချာချာ မကြည့်ဘဲ ဝင်တိုက်မိတာက ထင်ထင်းကြီး ဖြစ်နေပါလျက်နဲ့ အပြစ်တင် စကားဆိုနေတဲ့ ရုံးဝန်ထမ်း အမျိုးသမီး နှစ်ယောက်ကို မာရူး စိုက်ကြည့်နေမိတယ်။ အမှားလုပ်ထားတဲ့သူက သူတို့ကိုယ်သူတို့ သားကောင်လိုမျိုး ဟန်ဆောင်ဖုံးကွယ်တတ်တဲ့ လူစားမျိုးတွေကတော့ နေရာတိုင်းမှာ ရှိနေတာပဲ။

“အော်... ကျွန်မကတော့ လမ်းကို သေသေချာချာ ကြည့်လျှောက်နေတာပါရှင်။ ရှင်တို့ကပဲ ကျွန်မကို လာတိုက်တာလေ”

“မလိမ်ပါနဲ့ရှင်။ ရှင်က ရုတ်တရက်ကြီး ရပ်ပြီး ကိုယ်ကို လှည့်လိုက်လို့ ကျွန်မတို့က ဝင်တိုက်မိတာပေါ့”

“အလို... ဒါက ကျွန်မအပြစ်ပေါ့ ဟုတ်လား” မျက်မှန်နဲ့ အမျိုးသမီးက သူ့ရင်ဘတ်ပေါ် လက်တင်ပြီး ပြောလိုက်တယ်။

“ဒါပေါ့၊ မဟုတ်လို့လား။ အဲဒါထက် ကျွန်မ အင်္ကျီကို ဘယ်လို တာဝန်ယူပေးမှာလဲ”

ရုံးဝန်ထမ်း အမျိုးသမီးက သူ့ရဲ့ ရှပ်အင်္ကျီကို ထောက်ပြလိုက်တယ်။ မျက်မှန်နဲ့ အမျိုးသမီးကတော့ လေသံတိုးတိုးနဲ့ ညည်းတွားလိုက်မိတာပေါ့။ ကဖေးဆိုင် ဝန်ထမ်းက နှစ်ဖက်စလုံးကို ဖျန်ဖြေပေးဖို့ ကြိုးစားပေမဲ့ အဲဒီ ရုံးဝန်ထမ်း အမျိုးသမီး နှစ်ယောက်ကတော့ လျှော့ပေးမယ့် အရိပ်အယောင် လုံးဝ မပြကြဘူး။

ကွက်တိ အဲဒီအချိန်မှာပဲ တခြား ဝန်ထမ်းတစ်ယောက်က မာရူး မှာထားတာတွေ ရပြီဖြစ်ကြောင်း လှမ်းပြောလိုက်တယ်။

“ဟို... ခွင့်ပြုပါဦးခင်ဗျာ၊ လမ်းလေး နည်းနည်း ဖယ်ပေးပါဦး” ကောင်တာကို ပိတ်ရပ်နေတဲ့ အမျိုးသမီး သုံးယောက်ကို မာရူး လှမ်းပြောလိုက်တယ်။ မျက်မှန်နဲ့ အမျိုးသမီးက တောင်းပန်စကားဆိုရင်း လမ်းဖယ်ပေးခဲ့ပေမဲ့ ရုံးဝန်ထမ်း အမျိုးသမီး နှစ်ယောက်ကတော့ လုံးဝ မဖယ်ပေးဘူး။

“ဒီမှာ ကောင်လေး။ တခြားလမ်းက သွားစမ်း။ ဒီမှာ ဘာဖြစ်နေလဲ မမြင်ဘူးလား” အဲဒီစကားကို ကြားတော့ မာရူး စိတ်ပျက်လက်ပျက်နဲ့ပဲ ပြုံးလိုက်မိတယ်။ ဒီအမျိုးသမီးကတော့ တကယ်ကို အခွင့်အရေးသမားပဲ။

“ဟို... အန်တီ၊ ကျွန်တော် ဒီမှာ ဘာဖြစ်နေလဲဆိုတာ အကုန်မြင်နေရတာပါ။ ခင်ဗျားတို့ နှစ်ယောက်စလုံး လမ်းကို သေသေချာချာ မကြည့်ဘဲ လျှောက်လာကြတာ ထင်ထင်းကြီးဗျာ။ လျော်ကြေးရချင်လို့ အတင်းလုပ်နေတာကိုတော့ နားလည်ပေးလို့ ရပေမဲ့ တခြားလူတွေရဲ့ လမ်းကိုတော့ လာမပိတ်ပါနဲ့ဗျာ”

“ဘာ... ဘာပြောတယ်။ နင်က အခု ငါ့ကို အဒေါ်ကြီး လို့ ခေါ်လိုက်တာလား”

“မဟုတ်ပါဘူးဗျာ။ ကျွန်တော်က သေသေချာချာကို အန်တီ လို့ ခေါ်လိုက်တာပါ”

“ဒီကောင်စုတ်လေးကတော့‌”

ရုံးဝန်ထမ်း အမျိုးသမီး နှစ်ယောက်ထဲက တစ်ယောက်က လက်ရွယ်ပြီး မာရူး နားကို တိုးလာတဲ့ အချိန်မှာတင်…

“ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ”

မာရူး ရဲ့ အနောက်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ အဲဒါကတော့ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ဘယ်ရီဦးထုပ်ကို ဆောင်းပြီး လက်ထဲမှာ မှတ်စုစာအုပ် ကိုင်ထားတဲ့ ဂျွန်မင်း ပဲ ဖြစ်နေတော့တယ်။ JA နဲ့ ဘာမှမပတ်သက်တဲ့ အဲဒီရုံးဝန်ထမ်း အမျိုးသမီးတွေဟာ အဆောက်အအုံရဲ့ ပိုင်ရှင်ကို မှတ်မိသွားပုံရပြီး ချက်ချင်းပဲ ထွက်ပြေးသွားကြတော့တာပေါ့။

မာရူးကတော့ ဂျွန်မင်းကို ကြည့်ပြီး သဘောတကျနဲ့ ပုခုံးတွန့်ပြလိုက်ပါတော့တယ်။

* * * * * * * * *

All Chapters