အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း(၂၅၅)
“ဟူး... အဆောက်အဦးကြီးက အမိုက်စားပဲ ဟု” အဆောက်အဦးကြီးကို မော့ကြည့်ရင်း ဒေါင်ဝုခ် က ရေရွတ်လိုက်မိတယ်။ ဧရာမ မိုးမျှော်တိုက်ကြီးပေါ့။ ဒီလိုနေရာမျိုးမှာ ဒီလိုအဆောက်အဦးကြီး ဆောက်ဖို့ ဘယ်လောက်တောင် ကုန်မလဲလို့ သူ တွေးနေမိတာ။
‘ဝမ် သန်းပေါင်း ရာနဲ့ချီ ကုန်မှာလား။ ပါးစပ်က ပြောရတာ လွယ်ပေမယ့် တကယ်လုပ်ဖို့ကျ မလွယ်ဘူးလေ။’
ဇာတ်လမ်းတွဲတွေထဲမှာဆိုရင်တော့ ဇာတ်လိုက်တွေဟာ အကြောင်းတစ်ခုခုရှိတိုင်း ဝမ်သန်းပေါင်း ရာနဲ့ချီပြီး လိမ်လည်ခံရတာ ခဏခဏပါပဲ။ ဒါပေမဲ့ လက်တွေ့ဘဝမှာကော ဘယ်လိုရှိမလဲ။ သန်းပေါင်း ရာနဲ့ချီဆိုတာ အိပ်မက်ထဲက ဂဏန်းတွေသက်သက်ပဲ ဖြစ်ပြီး တကယ်တမ်းကျတော့ လူတစ်ယောက်ရဲ့ ဘဝပျက်ဖို့အတွက် ဝမ်သန်းဂဏန်းလောက်ဆိုရင်တင် လုံလောက်နေပါပြီ။ ဒေါင်ဝုခ် ဟာ ‘JA’ ဆိုတဲ့ စာလုံးကြီး ရေးထွင်းထားတဲ့ အဆောက်အဦးကြီးရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတာတောင် ဒါဟာ တကယ်ပဲလားလို့ သံသယဝင်နေမိတယ်။ အရှိတရားနဲ့ သိပ်ကွာဟလွန်းနေလို့ပဲ။ သူ့ဘဝက နေ့လယ်စာ စားဖို့အတွက် ဝမ်ထောင်ဂဏန်းလောက်ကိုပဲ ဟိုလှည့်ဒီလှည့်နဲ့ အနိုင်နိုင် တွက်ချက်နေရတာဆိုတော့ ဒီအဆောက်အဦးကြီးက သူ့စိတ်ကူးယဉ်မှုရဲ့ အစွန်းဆုံးမှာ ရှိနေတာပေါ့။
အလုပ်စဝင်ကတည်းက လက်ကမချဘဲ ကိုင်လာခဲ့တဲ့ မှတ်စုစာအုပ်ကလေးကို ကိုင်ပြီး အဆောက်အဦးရှေ့မှာ လျှောက်သွားနေပေမယ့် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပါဘူး။
ဒီရက်ပိုင်း အနုပညာလောကထဲမှာ ထိပ်သီးဖျော်ဖြေရေး ကုမ္ပဏီကြီး ၃ ခုက အတော်လေး ဂယက်ရိုက်နေတာ။ အထူးသဖြင့် NL ကုမ္ပဏီနဲ့ သူတို့ရဲ့ TTO ကြောင့်ပေါ့။ အခုအချိန်မှာတောင် NL ကုမ္ပဏီ အဆောက်အဦး အပြင်ဘက်မှာ သတင်းထောက်တွေ အုပ်စုလိုက်ကြီး ဝိုင်းအုံနေကြတာကို မြင်နိုင်တယ်။ သူတို့က ကားထဲမှာတင် ထမင်းစားရင်း ကုမ္ပဏီထဲကို ဘယ်သူတွေအဝင်အထွက်ရှိလဲဆိုတာ မျက်ခြေမပြတ် စောင့်ကြည့်နေကြတာပါ။
အကယ်၍ TTO ရဲ့ သဲလွန်စလေးတစ်ခုခု တွေ့လိုက်တာနဲ့ ချက်ချင်းပဲ နောက်ကနေ တိတ်တဆိတ် လိုက်ချောင်းကြတော့တာပေါ့။ တစ်မျိုးပြောရရင် လျှို့ဝှက်စုံစမ်းစစ်ဆေးမှုလိုမျိုးပေါ့လေ။ အချို့ကဆိုရင် အနုပညာသတင်းထောက်တွေဟာ ရဲတွေထက်တောင် ပိုပြီး လျှို့ဝှက်တာဝန်တွေကို ပိုလုပ်ကြတယ်လို့ ပြောကြသေးတယ်။
ဒေါင်ဝုခ် လည်း သတင်းကောင်းကောင်း ရေးနိုင်ဖို့အတွက် NL ကုမ္ပဏီရှေ့မှာ စောင့်တာက အကောင်းဆုံးဆိုတာ သိထားပေမယ့် ကြီးကြီးမားမား တစ်ခုခု လိုချင်ရင်တော့ ကိုယ်တိုင် လှုပ်ရှားရမယ်ဆိုတာကိုလည်း ကောင်းကောင်းကြီး နားလည်ထားတယ်။
‘ဒီရက်ပိုင်း JA က တော်တော်လေး သံသယဖြစ်စရာ ကောင်းနေတယ်’
လီဂျွန်မင်း ဆိုတာက ဒီလောကထဲမှာ လူတိုင်းသိတဲ့သူ ဖြစ်ပေမယ့် JA Production ကျတော့ အဲဒီလို မဟုတ်ပြန်ဘူး။ လူအများစုကတော့ လီဂျွန်မင်း ရဲ့ အခွန်ကိစ္စတွေကို ရှင်းဖို့အတွက်ပဲ သက်သက် ဖန်တီးထားတဲ့ ကုမ္ပဏီတစ်ခုလို့ မြင်ကြတာများတယ်။ ဒါပေမဲ့ ဒီနှစ်အစပိုင်းကတည်းက ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကို ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်လာခဲ့တယ်။ ဘဏ္ဍာရေးလောကထဲမှာတောင် လီဂျွန်မင်း တစ်ကယ်တမ်း လှုပ်ရှားတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပြီ။
လောလောဆယ် JA Production ရဲ့ လက်အောက်မှာ အသိသာဆုံး မင်းသမီးကတော့ ကင်ဆူယွန်း ပဲ ဖြစ်တယ်။ သူမရဲ့ ကိုယ်ရေးရာဇဝင်အရ ဆိုရင်တော့ ဒီနှစ်မှာ အသက် ၂၆ နှစ် ရှိပြီ။ လူငယ် မင်းသမီးအသစ်ကလေး ဖြစ်ပေမယ့် တိုတောင်းတဲ့ ဇာတ်လမ်းတွဲ တော်တော်များများမှာ ဆက်တိုက် ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့တာ။ ဒါပေမဲ့ သူမဟာ JA Production ရဲ့ တခြားသရုပ်ဆောင်တွေနဲ့ ယှဉ်ရင်သာ နာမည်နည်းနည်းရှိတာဖြစ်ပြီး တကယ့် နာမည်ကြီး မင်းသမီးတွေ၊ သူတို့ရဲ့ ရုပ်ရှင်မှတ်တမ်းတွေနဲ့ ယှဉ်ရင်တော့ အများကြီး လိုပါသေးတယ်။ ဘယ်တုန်းကမှလည်း ခေါင်းဆောင်မင်းသမီးနေရာမျိုး မရခဲ့ဖူးဘူး။ မင်းသမီးတွေရဲ့ အနုပညာသက်တမ်းက ပိုရှည်လာပြီး အသက် ၃၀ ကျော် နောက်ပိုင်းအထိ အလုပ်လုပ်နိုင်ကြတယ်ဆိုပေမယ့် အသက် ၂၀ ကျော် အရွယ်တွေက သူတို့ရဲ့ အကောင်းဆုံး အချိန်ဖြစ်တာကြောင့် မင်းသမီးတစ်ယောက်ရဲ့ အနုပညာသက်တမ်းက သိပ်ပြီးတော့ မရှည်လှပါဘူး။
ဒါတင်မကသေးဘူး၊ သူမနဲ့ ပတ်သက်ပြီး မကောင်းတဲ့ ကောလာဟလမျိုးစုံလည်း ထွက်နေသေးတယ်။ အတည်ပြုနိုင်တာ မရှိပေမယ့် အချစ်ရေး ပြဿနာတွေ ရှိနေပုံရလို့ အောင်မြင်တဲ့ လမ်းကြောင်းပေါ်တက်ဖို့ ခက်ခဲပုံပါပဲ။
ဒီလိုနဲ့ပဲ JA Production က လူထုကြားထဲမှာ သိပ်ပြီး နာမည်မကြီးခဲ့ဘူး။ လီဂျွန်မင်း ကလည်း ဒီလောကထဲမှာပဲ နာမည်ကြီးတဲ့သူဖြစ်ပြီး လူထုရှေ့ကို ဘယ်တုန်းကမှ ချပြခြင်းမရှိတာကြောင့် ကုမ္ပဏီရော၊ သူ့ရဲ့ CEO ပါ လူသိနည်းလှပါတယ်။
လီဂျွန်မင်း ရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ရင်တော့ ဒါက အားမရစရာလို့ ထင်ရပေမယ့် ဒေါင်ဝုခ် ကတော့ ဒီရက်ပိုင်း လီဂျွန်မင်း နောက်ကို လိုက်ရင်းနဲ့ စိတ်ဝင်စားစရာ အချက်တစ်ခုကို တွေ့ခဲ့ရတယ်။
လီဂျွန်မင်း ဟာ ပါရမီရှိတဲ့ သင်တန်းသားအသစ်တွေကို ရှာဖွေရွေးချယ်တဲ့နေရာမှာ ဆရာတစ်ဦးအဖြစ် လူသိများတယ်။ ကလေးသရုပ်ဆောင်တွေကနေ သူ့လက်ထဲရောက်ပြီး လူငယ်ကြယ်ပွင့်တွေ ဖြစ်သွားကြတဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီကြယ်ပွင့်တွေထဲက တစ်ယောက်မှ JA Production ထဲမှာ မရှိကြတာပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကဆိုရင်တော့ လီဂျွန်မင်း က ကုမ္ပဏီ မထောင်ရသေးတာမို့ နားလည်ပေးလို့ရပေမယ့် JA Production ကို တည်ထောင်ပြီးနောက်ပိုင်းမှာတောင် သူကိုယ်တိုင် စုဆောင်းပျိုးထောင်ခဲ့တဲ့ ကြယ်ပွင့်တွေကို တခြားကုမ္ပဏီတွေဆီ အလွယ်တကူပဲ လွှဲပေးခဲ့တယ်။ ရလဒ်အနေနဲ့ JA မှာ ရှိနေတဲ့ တစ်ဦးတည်းသော မင်းသမီးက ကင်ဆူယွန်း နဲ့ တခြား သရုပ်ဆောင်သစ် အနည်းငယ်ပဲ ရှိတော့တယ်။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက JA Production ဟာ လီဟျော့ ကို လက်မခံခဲ့တာပါပဲ။ လီဟျော့ က ဘယ်သူလဲ။ ကြော်ငြာတွေ အများကြီးရိုက်ပြီး အမျိုးသမီးထုကြီးရဲ့ နှလုံးသားကို ဖမ်းစားထားတဲ့ တက်သစ်စ ကြယ်ပွင့်တစ်ဦးလေ။ လီဟျော့ ကြော်ငြာပေးတဲ့ ခေါင်းလျှော်ရည်က ရောင်းအား နှစ်ဆ တက်သွားတယ်ဆိုတဲ့ ဇာတ်လမ်းက ဒီလောကထဲမှာ တော်တော်လေး နာမည်ကြီးတယ်။ ကုမ္ပဏီ တော်တော်များများက မျက်စိကျနေတဲ့ လီဟျော့ က JA Production ဆီကို သူ့ခြေထောက်နဲ့သူ လျှောက်လာတာတောင် JA Production က သူ့ကို ငြင်းပယ်လိုက်တာက ပိုပြီး အံ့ဩစရာ ကောင်းနေတယ်။
ဒီဇာတ်လမ်းက ဒီလောကထဲမှာ ပြန့်သွားပြီးတဲ့နောက်မှာတော့ လူတွေဟာ JA Production ကို စိတ်ဝင်စားလာကြတယ်။ အများစုကတော့ လီဂျွန်မင်း ဟာ ကုမ္ပဏီကို အကြီးကြီးဖြစ်အောင် လုပ်ဖို့ စိတ်မကူးထားသလို လူနည်းစု လက်ရွေးစင်တွေနဲ့ပဲ ဖွဲ့စည်းဖို့လည်း အစီအစဉ်မရှိဘူးလို့ ထင်ကြတယ်။ သူက သရုပ်ဆောင်အသစ်တွေကို ပျိုးထောင်ပေးဖို့ကိုပဲ အာရုံစိုက်နေတာလို့ ထင်ကြတာပေါ့။
ပြဿနာတစ်စုံတစ်ရာမရှိတဲ့ ကုမ္ပဏီတွေဆိုရင် သတင်းထောက်တွေအတွက် ရေးစရာ သတင်းမရှိဘူးလေ။ ပြဿနာရှာမယ့် သရုပ်ဆောင်တွေမရှိတဲ့ ကုမ္ပဏီဘက်ကို ကင်မရာ လှည့်နေတာက အချိန်ဖြုန်းတာသက်သက်ပဲ။ ဒါပေမဲ့ ဒေါင်ဝုခ် ကတော့ သံသယဝင်နေတယ်။ ဒါကြောင့်လည်း သူဟာ ဂျွန်မင်း နောက်ကို လိုက်ခဲ့ပြီး ဂျွန်မင်း က လူထုကြားထဲမှာ သိပ်လူသိမများတဲ့ သရုပ်ဆောင် တော်တော်များများနဲ့ မကြာခဏ တွေ့ဆုံလေ့ရှိတာကို သိခဲ့ရတာ။ ဒီလောကအကြောင်း ဘာမှမသိတဲ့ ဒေါင်ဝုခ် ဟာ စတင်စုံစမ်းစစ်ဆေးခဲ့ပြီး ဂျွန်မင်း မကြာခဏ တွေ့ဆုံလေ့ရှိတဲ့ အသက် ၂၀ နဲ့ ၃၀ ကြား သရုပ်ဆောင်တွေဟာ တကယ်တမ်းကျတော့ ပြဇာတ်လောကထဲမှာ တော်တော်လေး နာမည်ရထားသူတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
တကယ်တော့ ကိုရီးယားရဲ့ ပြဇာတ်လောကက အလွန် သေးငယ်ပါတယ်။ စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာပဲ သရုပ်ဆောင်တွေရဲ့ မြေမြတ်မဟာလို့ လူသိများတဲ့ ဟျဲဟွာ ဘူတာရုံ အနီးက လမ်းတွေမှာတောင် ပိတ်သိမ်းသွားတဲ့ ပြဇာတ်ရုံတွေ အများကြီးရှိတယ်ဆိုတာကို သိခဲ့ရတယ်။ ဂျွန်မင်း က ဒီလိုနေရာမျိုးတွေက သရုပ်ဆောင်တွေနဲ့ လိုက်တွေ့နေတာတဲ့လား။
ဒေါင်ဝုခ် ဟာ ဂျွန်မင်း နဲ့ မကြာခဏ တွေ့လေ့ရှိတဲ့ ဟောင်ဂွန်ဆူ ၊ ယန်ဂန်ဟွမ် နဲ့ ယန်မီဆို တို့ သုံးယောက်အကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း စုံစမ်းခဲ့တယ်။ သူတို့ သုံးယောက်လုံးဟာ အသက် ၃၀ အစောပိုင်းတွေ ဖြစ်ကြပေမယ့် သူတို့ရဲ့ လျှောက်လှမ်းလာတဲ့ လမ်းကြောင်းကတော့ တခြားသူတွေနဲ့ မတူပါဘူး။
ဟောင်ဂွန်ဆူ လို့ လူသိများတဲ့ သရုပ်ဆောင်ကတော့ အင်ဒီးရုပ်ရှင်လောက ထဲမှာ ပါရမီရှိသူအဖြစ် လူသိများပြီး Mise en scène ရုပ်ရှင်ဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်ထဲမှာ သူပြသခဲ့တဲ့ အနုပညာစွမ်းရည်က အံ့မခန်းဖြစ်ခဲ့တာကြောင့် အချို့ကုမ္ပဏီတွေက သူ့ကို တိတ်တဆိတ် ကမ်းလှမ်းမှုတွေ လုပ်နေကြတယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေတယ်။
ယန်ဂန်ဟွမ် ကလည်း အံ့ဩဖို့ကောင်းတဲ့သူပဲ။ သူက ဆိုးလ်မြို့တော် ပြဇာတ်ရုံကနေ ထွက်ခွာပြီး သူဖြစ်ချင်တဲ့ သရုပ်ဆောင်မှုကို လုပ်ဖို့အတွက် ဟျဲဟွာ ဘူတာရုံ အနီးက ပြဇာတ်လောကထဲကို ဝင်လာခဲ့တာ။ တည်ငြိမ်တဲ့ ဝင်ငွေကို စွန့်လွှတ်ပြီး ဘဝကို ရင်းလိုက်တဲ့ သူ့ရဲ့ ရဲရင့်မှုက အံ့ဩစရာ ကောင်းလှသလို၊ သူက သရုပ်ဆောင်ရုံတင်မကဘဲ ပြဇာတ်စင်မြင့် မြောက်မြားစွာရဲ့ ထုတ်လုပ်ရေးပိုင်းမှာပါ ပါဝင်ခဲ့ပြီး အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့တယ်။ သူက လူမှုရေး သရော်စာ ပြဇာတ်တွေကို အဓိက ကပြတာမို့ လူသိနည်းတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပေမယ့် သူ့ရဲ့ ပြဇာတ်တွေကို လာကြည့်ကြတဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရှိနေပုံရတယ်။
နောက်တစ်ယောက်ကတော့ ယန်မီဆို ပါ။ သူမရဲ့ သရုပ်ဆောင်မှု သက်တမ်းက တခြား နှစ်ယောက်နဲ့ ယှဉ်ရင် အားနည်းပေမယ့် နည်းပြတစ်ယောက်အနေနဲ့ဆိုရင်တော့ သူမရဲ့ အဆင့်အတန်းက အလွန် မြင့်မားပါတယ်။ သူမက အကြီးဆုံး သရုပ်ဆောင် သင်တန်းကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Film Academy မှာ နည်းပြအဖြစ် လုပ်ခဲ့ဖူးသူပါ။ မကြာသေးခင်ကတော့ သူမဟာ Film Academy ကနေ ထွက်ခွာပြီးနောက် ပြဇာတ်အဖွဲ့အချို့ ဒါမှမဟုတ် ကောလိပ်အဆင့် ကလပ်အသင်းအချို့မှာ လေ့ကျင့်သင်ကြားပေးနေတာကို တွေ့ခဲ့ရတယ်။
ဒေါင်ဝုခ် ဟာ လီဂျွန်မင်း က လူကြိုက်များတဲ့ မီဒီယာတွေဆီမှာ မိတ်ဆက်ခြင်းမရှိသေးတဲ့ တခြားသရုပ်ဆောင်တွေနဲ့ တွေ့ဆုံနေတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ဂျွန်မင်း က အဲဒီလူတွေကိုပါ တခြားဆီကို လွှတ်လိုက်ဦးမှာလား။ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဆိုရင်တော့ ဒါက မဖြစ်နိုင်ဘူးလို့ သူ ဆုံးဖြတ်ထားတယ်။ သူတို့က တကယ်ပဲ ရင်းနှီးပုံရပြီး နောင်အနာဂတ်မှာလည်း ဒီလိုပဲ ဆက်ရှိနေဦးမယ့်ပုံပါပဲ။
ဒါဆိုရင် ဘာကြောင့် အဲဒီသရုပ်ဆောင်တွေကို JA Production ရဲ့ လက်အောက်ထဲကို မသွင်းတာလဲ။ ဒေါင်ဝုခ် က အလွန် သိချင်နေမိပေမယ့် ဂျွန်မင်း ရဲ့ စိတ်ထဲကိုတော့ နှိုက်ကြည့်လို့ မရခဲ့ပါဘူး။
ဒီလို အခြေအနေမျိုးမှာပဲ နောက်ဆုံးတော့ လှုပ်ရှားမှုတစ်ခုကို သူ မြင်လိုက်ရပြီ။ ဟောင်ဂွန်ဆူ ဟာ JA Production က ထုတ်လုပ်တဲ့ ရုပ်ရှင်ထဲမှာ ပါဝင်နေတာကို သူ တွေ့လိုက်ရတာပေါ့။
ရုပ်ရှင်လောကထဲမှာ လူတိုင်း ပြောနေကြတဲ့ ‘အဖိုးအိုရဲ့ လက်ထဲကို အဲဒီတူကြီး ရောက်သွားအောင်... ဘယ်သူက ဖန်တီးခဲ့တာလဲ’ ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဟောင်ဂွန်ဆူ က ဇာတ်ပို့နေရာကနေ ပါဝင်ထားတာ ဖြစ်တယ်။ ဒေါင်ဝုခ် က ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ယုံကြည်နေတယ်။ ဂျွန်မင်း ဟာ သူ့ရဲ့ လက်ရွေးစင် သရုပ်ဆောင်တွေကို လူထုရှေ့ကို တဖြည်းဖြည်း ချပြဖို့ ကြိုးစားနေတာဆိုတဲ့ အတွေးကို ခေါင်းထဲက ထုတ်လို့ မရဘူးဖြစ်နေတာ။ လီဂျွန်မင်း အရင်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာကို သူ အမှတ်ရနေသေးတယ်။
‘ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ကျွန်တော်ကိုယ်တိုင် မော့ကြည့်ရလောက်တဲ့အထိ ထူးချွန်တဲ့ မင်းသား ဒါမှမဟုတ် မင်းသမီးတစ်ယောက်နဲ့ ဆုံတွေ့ဖို့ပါပဲ’
သူက ‘ပျိုးထောင်ပေးဖို့’ မဟုတ်ဘဲ ‘ဆုံတွေ့ဖို့’ ဆိုတဲ့ စကားလုံးကို သုံးခဲ့တာ။ အဲဒီစကားတွေအရ ဆိုရင်တော့ သူ ပျိုးထောင်ပြီး တခြားကုမ္ပဏီတွေကို ပေးလိုက်တဲ့ သရုပ်ဆောင်တွေဟာ သူ မော့ကြည့်ရလောက်တဲ့အထိ ဖြစ်မနေခဲ့လို့ ဖြစ်ပါလိမ့်မယ်။
ဒါဆိုရင် သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားတဲ့ သုံးယောက်ကကော။ ဟောင်ဂွန်ဆူ နဲ့ ယန်ဂန်ဟွမ် တို့က ဘာကြောင့် အခုထိ ကုမ္ပဏီတစ်ခုခုရဲ့ လက်အောက်ထဲမှာ မရှိသေးတာလဲ။
ဒေါင်ဝုခ် က လီဂျွန်မင်း သူ့အနီးအနားမှာပဲ လျှို့ဝှက်သိမ်းဆည်းထားတဲ့ သရုပ်ဆောင်တွေဟာ လီဂျွန်မင်း ရဲ့ ဖဲချပ်အကွက်တွေ ဖြစ်လိမ့်မယ်လို့ ယူဆထားတယ်။
ဒါပေမဲ့ အခုအချိန်အထိတော့ သတင်းထောက်တစ်ယောက်အနေနဲ့ ဒါက သတင်းတန်ဖိုး သိပ်ရှိမနေသေးပါဘူး။ ‘ဒီလိုမျိုး ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလ ရှိတယ်’ ဆိုတာထက် မပိုသေးလို့ပါ။ ဒါပေမဲ့ JA Production က အများပိုင်စာရင်းမဝင်သေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ထည့်တွက်လိုက်ရင်တော့ ဇာတ်လမ်းက တစ်မျိုး ပြောင်းသွားပြီ။
ဒေါင်ဝုခ် ဟာ အနုပညာရှင်တစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းကြောင့် ရှယ်ယာစျေးနှုန်းတွေ ကောင်းကင်ပေါ် ထိုးတက်သွားတာတွေကို အကြိမ်ကြိမ် မြင်ဖူးထားတာလေ။ ကုမ္ပဏီတွေ ပူးပေါင်းတဲ့အချိန်မှာ နာမည်ကြီး အနုပညာရှင်တစ်ယောက် ပါဝင်နေရုံနဲ့တင် ရှယ်ယာစျေးနှုန်းတွေက အဆမတန် တက်သွားတတ်တာ။ ဒါက သက်သေပြပြီးသား ငွေစီးဆင်းမှု လမ်းကြောင်းတစ်ခုပဲ။
လီဂျွန်မင်း ဟာ တော်ရုံတန်ရုံ အရည်အချင်းရှိတဲ့ ဆရာတစ်ဦး ဖြစ်ရုံတင်မကဘဲ ထူးချွန်တဲ့ စီးပွားရေးသမားတစ်ယောက်လည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ဒေါင်ဝုခ် ရှေ့မှာရှိတဲ့ အဆောက်အဦးလိုမျိုး အဆောက်အဦး တော်တော်များများကို သူ ဆောက်နိုင်ခဲ့တာပဲ။ သူက ငွေရဲ့ စွမ်းအားကို ကောင်းကောင်း သိထားမှာဖြစ်သလို၊ ပိုပြီး ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း နားလည်ထားမှာ သေချာတယ်။
အကယ်၍ လီဂျွန်မင်း သာ တကယ် လှုပ်ရှားတော့မယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က သူ ပျိုးထောင်ထားပြီး ‘အခုထိ လူအများ သတိမထားမိသေးတဲ့’ ကြယ်ပွင့်တွေရဲ့ စွမ်းရည်ကို သက်သေပြဖို့ပဲ။ ဒေါင်ဝုခ် ကတော့ ဒီရုပ်ရှင်ဟာ အဲဒီအစီအစဉ်ရဲ့ အစပျိုးမှုပဲလို့ ယုံကြည်ထားတယ်။
‘ဒါက ငါထင်သလိုသာ ဆိုရင်တော့ တကယ့် သတင်းကြီးပဲ’
ဒေါင်ဝုခ် ဟာ အဆောက်အဦးရှေ့က အလိုအလျောက် အရောင်းစက်ထဲကနေ ကော်ဖီတစ်ခွက် ဝယ်သောက်နေတုန်း အဆောက်အဦးထဲကနေ လူငယ်လေးတစ်ယောက် ထွက်လာတာကို မြင်လိုက်ရတယ်။ သူ့လက်ထဲမှာ စာအိတ်တစ်အိတ်ကို ကိုင်ထားတာ။ အဝေးကကြည့်ရင် အသက်ကြီးပုံရပေမယ့် အနားရောက်လာလို့ သေချာကြည့်လိုက်တဲ့အခါမှာတော့ တော်တော်လေး ငယ်သေးတာကို တွေ့လိုက်ရတယ်။ အရပ်ကလည်း နည်းနည်း ပုသေးတယ်။
‘ဒီလို ကလေးမျိုးက ဘာလို့ ဒီနေရာကို ရောက်နေတာပါလိမ့်’
ဒေါင်ဝုခ် ဟာ ကော်ဖီသောက်ရင်း သူ့ဘေးကနေ ဖြတ်သွားတဲ့ အဲဒီကလေးကို လှမ်းကြည့်လိုက်မိတယ်။ အာရုံက အဲဒီကလေးဆီ ရောက်သွားတာကြောင့် ကော်ဖီခွက်စောင်းသွားပြီး သူ့ရဲ့ အင်္ကျီပေါ်ကို ကော်ဖီတွေ ဖိတ်ကျသွားတော့တာပေါ့။
“အား... ပူလိုက်တာ"
သူက ကော်ဖီခွက်ကို လွှတ်ချလိုက်ပြီး လက်မောင်းတွေကို ယမ်းခါလိုက်တယ်။ ဘေးက ဖြတ်သွားတဲ့ ကလေးကလည်း ချက်ချင်းပဲ ဘေးကို ရှောင်လိုက်ပေမယ့် ဒေါင်ဝုခ် ရဲ့ လက်ချောင်းထိပ်တွေက စာအိတ်ကို သွားထိမိသွားတယ်။ စာအိတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားရင်း ထိပ်ဝက စုတ်ပြဲသွားခဲ့တယ်။
“ဟာ... စိတ်မရှိပါနဲ့ဗျာ၊ တောင်းပန်ပါတယ်” ဒေါင်ဝုခ် က အပူလောင်လို့ နီရဲသွားတဲ့ သူ့လက်ကို ခါရင်း ပြောလိုက်တယ်။
“ရပါတယ်ခင်ဗျာ။ လက်ကော အဆင်ပြေရဲ့လား”
“နည်းနည်းတော့ ပူသွားပေမယ့် ရပါတယ်။ မင်းကော ဘာမှမဖြစ်ဘူးမလား။ ဘယ်နားမှ မထိခိုက်သွားဘူးမလား”
“ကျွန်တော် ဘာမှမဖြစ်ပါဘူး"
ဒေါင်ဝုခ် က ခေါင်းညိတ်ပြလိုက်ပြီး သူ့ရှေ့မှာ ပြုတ်ကျနေတဲ့ စာအိတ်ကို ကောက်ဖို့ လက်လှမ်းလိုက်တယ်။ စာအိတ်ကို အဲဒီကလေးဆီ လှမ်းပေးခါနီးမှာပဲ စာအိတ်ရဲ့ ထိပ်ဆုံးမှာ ‘JA Production’ ဆိုတဲ့ စာလုံးကို မြင်လိုက်ရတာ။ ဒေါင်ဝုခ် တစ်ကိုယ်လုံး တုန်သွားပြီး အဲဒီနောက်က စာသားတွေကို အမြန်ပဲ ဖတ်လိုက်မိတယ်။ အဲဒါက သီးသန့် အနုပညာရှင် စာချုပ် ဖြစ်နေတာပဲ။
‘ဒါက...’
ဒေါင်ဝုခ် က စာအိတ်ကို ကိုင်ထားရင်း သူ့ရှေ့က ကလေးကို ငေးကြည့်နေမိပါတော့တယ်။
* * * * * * * * *