← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း(၂၅၆)

‘ဒီလို အခြေအနေမျိုးကနေ ရုန်းထွက်နိုင်မယ့် လမ်းစကတော့ အမြဲရှိတာပဲ၊ အခုလည်း ငါ့အတွက် လမ်းပွင့်သွားပြီ ထင်တယ်’

သူ ကံကောင်းသွားတာပဲ။ JA Production နဲ့ ပတ်သက်တဲ့ လူတစ်ယောက်နဲ့ ဒီလိုမျိုး ဆုံရလိမ့်မယ်လို့ သူ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ စုတ်ပြဲနေတဲ့ စာအိတ်အနောက်မှာ မြင်လိုက်ရတဲ့ စာရွက်တွေကို သူ စစ်ဆေးကြည့်လိုက်တယ်။ ဒါဟာ အသေအချာကို စာချုပ်ပုံစံစာရွက်ပဲ။

“အပူလောင်သွားတဲ့ပုံပဲ။ တကယ်ရော အဆင်ပြေရဲ့လားဟင်”

ကလေးက သူ့ကို စိတ်ပူတဲ့မျက်နှာနဲ့ ကြည့်နေရှာတယ်။ ဒေါင်ဝုခ်လည်း အဆင်ပြေပါတယ်ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လေ။

“နည်းနည်းတော့ စပ်ဖျင်းဖျင်းဖြစ်နေတာ၊ အပူလောင်တာ တော်တော်ပြင်းပုံရတယ်”

“ဆိုးတာပဲ။ အနားမှာ ဆေးဆိုင်တစ်ဆိုင်ရှိတယ်၊ အခုလောလောဆယ် အဲဒီကို သွားကြရအောင်”

“သွား၊ သွားကြမလား” ဒေါင်ဝုခ်တစ်ယောက် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်။ JA Production ရဲ့ အတွင်းရေးတွေကို စုံစမ်းဖို့ သူ ကြိုးစားခဲ့သမျှတွေ အခုမှပဲ အရာထင်တော့တယ်လို့ တွေးမိလို့ပေါ့။ အခုချိန်မှာတော့ သူ သတိထားရမယ်။ ဒဏ်ရာက သေးသေးလေးတင် ရှိတာကို ဒီကလေးက သူ့အတွက် အခုလို စိတ်ပူပေးနေတာကြည့်ရင် စိတ်သဘောထားကောင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်ရမယ်။ ဒီကောင်လေးကိုသာ သွေးဆောင်နိုင်ရင် JA Production နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ ရနိုင်မလားပဲ။

“သိပ်တော့ မပြင်းထန်ပါဘူး၊ ဒါဆို ရပါပြီ” ဆေးဆိုင်ကနေ ဝယ်လာတဲ့ လိမ်းဆေးကို လိမ်းရင်း ဒေါင်ဝုခ်က ပြောလိုက်တယ်။ ကလေးရဲ့ မျက်နှာမှာတော့ စိတ်ပူနေတဲ့ အရိပ်အယောင်တွေ ရှိနေတုန်းပဲ။

“တကယ်ပဲ အဆင်ပြေရဲ့လားဟင်”

“နည်းနည်းတော့ စပ်ဖျင်းဖျင်းဖြစ်နေပေမဲ့ မနာတော့ပါဘူး”

“တကယ် အားနာဖို့ကောင်းလိုက်တာ။ ကျွန်တော် သွားရမယ့် လမ်းကို သေသေချာချာ ကြည့်ခဲ့သင့်တာ”

“မဟုတ်တာ၊ မဟုတ်တာ၊ လုံးဝ မဟုတ်တာ။ ငါ့ဘာသာငါ ကော်ဖီ မှောက်မိတာပါ”

ဒေါင်ဝုခ်က လိမ်းဆေးကို အိတ်ထဲ ပြန်ထည့်ရင်း အိတ်ထဲကနေ လက်ပ်တော့ပ်နဲ့ ကင်မရာတစ်လုံးကို ထုတ်လိုက်တယ်။ အဲဒီအပြင် သူ့ပစ္စည်းတွေကို ဟိုလှန်ဒီလှန် ရှာဖွေချင်ယောင်ဆောင်ရင်း ကြမ်းပြင်ပေါ်ကို သူ့ရဲ့ လိပ်စာကတ်အချို့ လွတ်ကျသွားအောင် လုပ်လိုက်သေးတယ်။ ကြမ်းပြင်ပေါ် လိပ်စာကတ် ပြုတ်ကျသွားတာကို ကလေး မြင်သွားတာ သေချာပြီဆိုမှ ဒေါင်ဝုခ်က ဘာမှမသိသလို ဟန်ဆောင်ပြီး အိတ်ထဲကိုပဲ ဆက်ရှာနေလိုက်တယ်။

ကလေးက ကုန်းပြီး လိပ်စာကတ်ကို ကောက်ပေးရှာတယ်။

“ဟို... ဒီမှာခင်ဗျာ”

ကလေးက လိပ်စာကတ်ကို ကမ်းပေးတယ်။ ဒေါင်ဝုခ်လည်း အတတ်နိုင်ဆုံး သဘာဝကျကျ ပြုံးပြပြီး အဲဒါကို လှမ်းယူလိုက်တယ်။

“အစ်ကိုက သတင်းထောက်တစ်ယောက်လား” ကလေးက သိချင်စိတ် ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ မေးလာတယ်။

သူ ထောင်ချောက်ထဲ တိုးဝင်လာပြီပေါ့။ အတွေ့အကြုံမရှိသေးတဲ့ လူသစ်တွေက သတင်းထောက်တွေဆိုရင် အထူးသဖြင့် အားနည်းတတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘာမှမသိကြသေးလို့ပဲ။ သတင်းထောက်က သူတို့အကြောင်းကို ကောင်းမွန်တဲ့ ဆောင်းပါးတစ်ပုဒ် ရေးပေးလိမ့်မယ်လို့ အမြဲတမ်း မျှော်လင့်ချက် ထားတတ်ကြတာကိုး။

“ငါ ရုပ်သံဌာနတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတာပေါ့။ YBS ကို မင်း သိတယ်မလား”

“သိတာပေါ့ ခင်ဗျာ။ အော်... အစ်ကိုက တကယ်ပဲ သတင်းထောက်တစ်ယောက်ပဲ”

အဲဒီအလုပ်ကနေ ထွက်ခဲ့တာ ကြာပြီဆိုပေမဲ့ သူ လိမ်ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် YBS မှာ သတင်းထောက်အဖြစ် လုပ်ခဲ့ဖူးတဲ့ အချိန်တစ်ခု ရှိခဲ့တာပဲလေ။ ကောင်လေးရဲ့ စိတ်ထဲမှာ သံသယတွေ ကင်းစင်သွားတာကို မြင်လိုက်ရတော့မှ ဒေါင်ဝုခ်က သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို စကားစတင်လိုက်တယ်။

“အင်း... ရည်ရွယ်ချက်ရှိရှိ မဟုတ်ပေမဲ့ ငါ မကြည့်သင့်တဲ့အရာတစ်ခုကို မတော်တဆ ကြည့်မိသွားသလို ဖြစ်သွားတယ်”

ဒေါင်ဝုခ်က ကောင်လေး ကိုင်ထားတဲ့ စာအိတ်ကို အကဲခတ်ရင်း သေသေချာချာ ကြည့်လိုက်တယ်။ ဒီနေရာမှာ သူ ဆန္ဒမစောရဘူး။ သူ စိတ်အေးလက်အေး ရှိနေတဲ့ပုံစံမျိုး ပေါ်နေရမယ်။ အထဲက အကြောင်းအရာတွေကို နည်းနည်းပါးပါးပဲ စိတ်ဝင်စားတဲ့ပုံစံမျိုး ပြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သိပ်ပြီး စိတ်ဝင်စားပြနေရင် ကောင်လေးက သူ့ကို သံသယဝင်သွားနိုင်တယ်လေ။

“အော်... ဒါလား ခင်ဗျာ”

ကလေးက စကားပြောရင်း စာအိတ်ကို သူ့ဘက် တိုးပေးလာတယ်။ အဲဒါကို ကြွားချင်နေတဲ့ပုံပဲ။ ဒေါင်ဝုခ်တစ်ယောက် ရင်ထဲမှာတော့ ခုန်ပေါက်ဝမ်းသာသွားမိတယ်။

“ကျွန်တော် မကြာသေးခင်ကပဲ စာချုပ်ချုပ်ခဲ့တာပါ”

“JA Production နဲ့လား”

“ဟုတ်ကဲ့”

“အဲလိုလား။ အင်း... ငါက မကြာသေးခင်ကပဲ ဖျော်ဖြေရေးလောကအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးနေတာ၊ ပြီးတော့...”

“အော်... တကယ်လား ခင်ဗျာ”

“နာမည်ကြီး ကုမ္ပဏီတွေမှာ ရှိနေပေမဲ့ အခုထိ လူအများ သတိမထားမိသေးတဲ့ မင်းသားအသစ်တွေအကြောင်း ရေးမယ့် အထူးထုတ်ဆောင်းပါးလို့ ပြောလို့ရတာပေါ့”

‘အထူးထုတ်ဆောင်းပါး’ ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါ ကောင်လေးရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ ဟုတ်ပြီ၊ တုံ့ပြန်မှု ရှိလာပြီ။ သူက သိပ်ပြီး ရှက်တတ်တဲ့ပုံလည်းမပေါ်သလို ရည်မှန်းချက်လည်း အတော်အတန် ရှိမယ့်ပုံပဲ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် နည်းနည်းလောက် မြှောက်ပင့်ပေးလိုက်ရုံနဲ့ အချက်အလက်မျိုးစုံကို အကုန်အစင် ထုတ်ပြောလာတော့မှာပဲ။

“အဲဒီထဲမှာ ကျွန်တော့်နာမည်သာ ပါသွားရင် သိပ်ကောင်းမှာပဲနော်”

“ဟုတ်တာပေါ့။ ဘာလဲ၊ မင်း စိတ်ဝင်စားလို့လား”

“...ဟဟဟား” ကောင်လေးက အားနာသလိုနဲ့ ရယ်လိုက်တယ်။ ဒေါင်ဝုခ်က လမ်းတစ်ဖက်ကမ်းက ကော်ဖီဆိုင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

“ဒါဆိုရင် ငါတို့ ခဏလောက် စကားပြောကြမလား။ ငါတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိမယ့် အရာတစ်ခုခုပေါ့”

ဒေါင်ဝုခ်က ကောင်လေးရဲ့ ပုခုံးကို ဖက်လိုက်တယ်။

“ငါ့နာမည်က ကင်ဒေါင်ဝုခ် ပါ၊ မင်းနာမည်က ဘယ်လိုခေါ်လဲ”

“အား... ဟုတ်သားပဲ။ ကျွန်တော့်နာမည်က ယူဆူအီ ပါ ခင်ဗျာ”

“ဆူအီ လား။ နာမည်ကောင်းလေးပဲ”

ဒေါင်ဝုခ်က ပြုံးပြရင်း ကော်ဖီဆိုင်ဘက်ကို လျှောက်သွားလိုက်တယ်။

* * * * * * * * *

“ပင်ပန်းနေတဲ့ ပုံပဲဗျာ”

လီဂျွန်မင်း က လက်ဖက်ရည်ခွက်ကို လာချပေးရင်း အဲဒီစကားကို ပြောလိုက်တဲ့ စားဖိုမှူးကို ပြုံးပြလိုက်တယ်။

“ငါ အိပ်ချိန်ကို နည်းနည်းလေး လျှော့လိုက်တာနဲ့ အကျိုးသက်ရောက်မှုက ချက်ချင်းပြနေပြီ ထင်တယ်။ ငါလည်း အိုလာပြီထင်ပါရဲ့”

လက်ဖက်ရည်ခွက်ထဲကနေ ချိုခါးခါး အနံ့တစ်ခု တက်လာတယ်။ ဂျင်းလက်ဖက်ရည် ဖြစ်ပုံရတယ်။ စားဖိုမှူးက ကျန်းမာရေးက အရေးကြီးဆုံးပဲလို့ ပြောပြီး ထွက်သွားတယ်။ ဂျွန်မင်း ကလည်း ဟုတ်တာပေါ့လို့ ပြန်ပြောရင်း လက်ဖက်ရည်ကို သောက်လိုက်တယ်။ မုန့်ချိုချိုတွေရဲ့ အချိုဓာတ်တွေ စင်ကြယ်သွားသလိုပဲ။ လက်ဖက်ရည်က သူ့ကို မသိစိတ်ကနေ လေပူတွေ မှုတ်ထုတ်မိစေတယ်။

“နှစ်ယောက် ထွက်သွားတာကို အတည်ပြုပြီးပါပြီ”

သူ့အနောက်ကနေ ထွက်လာတဲ့ စကားသံကို ကြားလိုက်ရတဲ့အခါ ဂျွန်မင်း ခေါင်းညိတ်လိုက်တယ်။

“မန်နေဂျာချုပ်ကန်။ မာရူး ရော ဘယ်လိုလဲ”

“သူ အခုလေးတင် ထွက်သွားပါပြီ”

“ဥက္ကဋ္ဌ ပတ် ရော”

“သူ့ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး”

“ငါ အလကား စိတ်ပူနေခဲ့တာပဲ။ သူ နောက်ထပ် စုံစမ်းဦးမယ်လို့ ထင်နေတာ”

“သူက အကူအညီလာတောင်းတဲ့သူဖြစ်ပြီးတော့ တစ်ဖက်လူ မနှစ်မြို့မယ့်အရာကို လုပ်လောက်အောင်အထိ လူမိုက်တော့ မဟုတ်ပါဘူး”

“မင်းပြောတာ မှန်ပါတယ်။ မန်နေဂျာချုပ်ကန်။ ညစာ စားပြီးပြီလား”

“မစားရသေးပါဘူး ခင်ဗျာ”

“ဒါဆို ထိုင်လေ”

“ဟုတ်ကဲ့ ခင်ဗျာ”

ဂျွန်မင်း လက်မြှောက်ပြလိုက်တဲ့အခါ အမျိုးသမီးဝန်ထမ်းတစ်ဦးက သူ့ဆီ ချက်ချင်း ချဉ်းကပ်လာတယ်။ သူက မန်နေဂျာချုပ်ကန် ကို ဘာစားချင်လဲလို့ မေးလိုက်တယ်။

“ခေါက်ဆွဲပြုတ်နဲ့ ကြက်ဥ။ အဲဒါ ရနိုင်မလား”

ဝန်ထမ်းက အဲဒီစကားကို ကြားတော့ နည်းနည်းလေး နေရခက်တဲ့ အပြုံးမျိုး ပြုံးလိုက်ရှာတယ်။

“သူ လိုချင်တာပဲ ပေးလိုက်ပါ။ ဆန်းပြားတဲ့ တောင်းဆိုမှုအတွက် စိတ်မရှိပါနဲ့” ဂျွန်မင်း က ဝင်ပြောပေးလိုက်တယ်။ ဝန်ထမ်းက ဦးညွှတ်ပြီး ထွက်သွားတယ်။

“မင်းက ခေါက်ဆွဲပြုတ်ကို ဘယ်တော့မှ မရိုးဘူးလား”

“ကျွန်တော့်တစ်သက်လုံး ရိုးသွားလိမ့်မယ် မထင်ဘူး”

“တစ်ယောက်ယောက်က အထင်မှားပြီး မင်းကို လစာနည်းနည်းပဲ ပေးထားတယ်လို့ ပြောဦးမယ်”

“အဲဒါအတွက် စိတ်မပူပါနဲ့။ ကျွန်တော် အပြင်မှာဆိုရင် ကောင်းကောင်းမွန်မွန် စားပါတယ်။ နေ့လယ်ကတောင် အမဲသားကင် စားခဲ့သေးတယ်။ ဒါပေမဲ့ အဲဒါကြောင့်မလို့ အခု အဆီပြန်သလို ခံစားနေရတာ။ ကျွန်တော့်ရဲ့ လျှာက ခေါက်ဆွဲပြုတ်နဲ့ ကြက်ဥကို တကယ် တမ်းတနေတာပါ”

ဂျွန်မင်း က သူ့ရဲ့ လက်ဖက်ရည်ကို သောက်ရင်း ပြုံးပြလိုက်တယ်။ ခေါက်ဆွဲပြုတ် ရောက်လာပြီးတဲ့နောက် မန်နေဂျာချုပ်ကန် ခေါက်ဆွဲစားနေတဲ့အချိန်မှာ ဂျွန်မင်း က ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ သူ့ရဲ့ အစီရင်ခံစာအရဆိုရင် ဖုန်းလာရမယ့် အချိန်ရောက်ပြီ။ အမှန်ပဲ၊ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဖုန်းက စပြီး မြည်လာတော့တယ်။ မန်နေဂျာချုပ်ကန် က စားပွဲပေါ်မှာ တုန်ခါနေတဲ့ ဖုန်းကို ကြည့်လိုက်တယ်။

“ဆက်စားပါ။ ဖုန်းကို ငါပဲ ကိုင်လိုက်မယ်”

ဂျွန်မင်း က မန်နေဂျာချုပ်ကန် ရဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။

“ဟယ်လို”

“အော်... ဥက္ကဋ္ဌ”

“ဆူအီ လား”

“ဟုတ်ကဲ့၊ ဒါပေမဲ့ ဥက္ကဋ္ဌက ဘာလို့ ဖုန်းကို ကိုင်တာလဲ ခင်ဗျာ”

“ငါ အခု မန်နေဂျာချုပ်ကန် နဲ့ အတူရှိနေလို့။ အဲဒါထက် ငါ မင်းကို လုပ်ခိုင်းထားတဲ့ အလုပ်က ဘာဖြစ်သွားပြီလဲ”

“လောလောဆယ်တော့ ကျွန်တော် ကော်ဖီဆိုင်တစ်ခုမှာ သူနဲ့ စကားပြောနေပါတယ်။ ဥက္ကဋ္ဌ ညွှန်ကြားထားတဲ့အတိုင်း ကင်ဒေါင်ဝုခ် ဆိုတဲ့ ဒီသတင်းထောက်ရဲ့ အနားမှာပဲ စာချုပ်ပုံစံစာရွက်ကို ချပစ်ဖို့ စီစဉ်ထားခဲ့တာ၊ ဒါပေမဲ့ အခြေအနေက ကျွန်တော် မျှော်လင့်ထားတာထက် ပိုကောင်းသွားလို့ သံသယမဝင်စေဘဲ စာရွက်စာတမ်းတွေကို ပြနိုင်ခဲ့ပါတယ် ခင်ဗျာ”

“သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ”

“ဥက္ကဋ္ဌ ခန့်မှန်းထားတဲ့အတိုင်းပါပဲ ခင်ဗျာ။ သူ သေမတတ် ဝမ်းသာနေတာ။ ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို မနည်း ဖုံးကွယ်ထားရတယ်။ သူ့ကိုကြည့်ပြီး လိုက်ရယ်မိတော့မလို့”

ဂျွန်မင်း ရဲ့ မျက်စိထဲမှာ ဆူအီ ရဲ့ နောက်ပြောင်ချင်တဲ့ အပြုံးကို ပုံဖော်ကြည့်လို့ ရနေတယ်။ ယူဆူအီ။ သူက လီဂျွန်မင်း က သူ့ရဲ့ ပံ့ပိုးကူညီမှုအားလုံးနဲ့ ပျိုးထောင်ပေးနေတဲ့ လူငယ်တွေထဲက တစ်ယောက်ပဲလေ။ ဂျွန်မင်း က သူ့အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားရှိတာကြောင့် သူတို့ ပထမဆုံး ဆုံတွေ့ကတည်းက နှုတ်ကတိစာချုပ် ချုပ်ဆိုထားပြီးသား ဖြစ်တယ်။

“မင်း အခု သူနဲ့ အတူရှိနေတာလား”

“ဟုတ်ကဲ့။ ကျွန်တော် ဖုန်းလာလို့ ဆိုပြီး ဟန်ဆောင်ကာ သူ့ကို ခဏ ထားခဲ့တာပါ။ ပြတင်းပေါက်ကနေတစ်ဆင့် သူ ပြုံးနေတာကို မြင်နေရတယ်။ ကျွန်တော်လည်း သူ့ကို ပြန်ပြုံးပြသင့်တယ် ထင်တယ်”

“သူ မင်းကို သံသယမဝင်ဘူးလား”

“မဝင်ပါဘူး ခင်ဗျာ။ သူက ဥက္ကဋ္ဌ ပြောသလောက်ကြီး ထက်မြက်တဲ့သူလို့ ကျွန်တော် မထင်ဘူး။ သူက လူကြီးလူကောင်း တစ်ယောက်လိုမျိုး ကြွားဝါနေတာမလို့ သိပ်ပြီး ယုံကြည်ရမယ့်ပုံ မပေါ်ဘူး”

“အဲဒါက သူ သူ့ရဲ့ အရှိန်အဝါ အကောင်းဆုံး အချိန်ကို မရောက်သေးလို့ပါ။ သူက အရင်က ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ အရင်အလုပ်ကနေ မထွက်ခင်အထိ တကယ့်ကို အရည်အချင်းရှိခဲ့တာ။ သူက လူသစ် ဖြစ်နေတုန်းကတင် သီးသန့်သတင်း ထူးခြားဆောင်းပါး ငါးစောင်ကို ရေးနိုင်ခဲ့တဲ့ အရည်အချင်းရှိတဲ့ သတင်းထောက်တစ်ယောက်ပဲလေ”

“တကယ်လား ခင်ဗျာ။ ဒါဆို အခုကျမှ ဘာလို့ ဒီလောက် သနားစရာကောင်းတဲ့ ပုံစံ ဖြစ်နေရတာလဲ”

“သူ့မှာ အကြောင်းပြချက် ရှိမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နောက်ကို လိုက်နေတာ သူတစ်ယောက်တည်းပဲ ရှိတာမလို့ ငါတို့ သူ့ကို တစ်ခုခု ပေးသင့်တယ်”

“အာဟ…”

“သူ မင်းကို ဘယ်လိုမေးခွန်းတွေ မေးလဲ”

“သူ ဘာမှ မမေးသေးဘူး ခင်ဗျာ။ မကြာသေးခင်က ဖျော်ဖြေရေးလောကထဲက အကြောင်းအရာတွေကိုပဲ ကျွန်တော့်ကို ပြောပြနေတာ။ ဟိုလိုမျိုး သတင်းတွေ ထွက်လာပေမဲ့ တကယ်တမ်းကျတော့ တခြားအရာ ဖြစ်နေတာတို့ ဘာတို့ပေါ့ ခင်ဗျာ”

“ငါတို့ ကုမ္ပဏီအကြောင်းကော ဘာမှ မမေးသေးဘူးလား”

“မမေးသေးဘူး ခင်ဗျာ။ ဥက္ကဋ္ဌသာ ကျွန်တော့်ကို ကြိုမပြောထားရင် သူ့ကို စကားပြောကောင်းတဲ့လူတစ်ယောက်လို့ပဲ ထင်မိမှာ။ အော်... သူ အခု ကျွန်တော့်ကို လှမ်းကြည့်နေပြီ။ သူ ကျွန်တော့်ကို သံသယဝင်သွားနိုင်မလား ခင်ဗျာ”

“ဖုန်းပြောနေတာပဲဟာကို။ အဲဒါထက် ငါ ပြောထားတဲ့အတိုင်းပဲ လုပ်ပါ။ သူ ကုမ္ပဏီအကြောင်း စပြောလာရင် မင်း သတင်းကို သူ့ဆီ ပေါက်ကြားလိုက်လို့ ရပြီ”

“ဒါပေမဲ့ ဥက္ကဋ္ဌ ခင်ဗျာ။ အဲဒီသတင်းက လူထုဆီ ရောက်ဖို့က အချိန်ပိုင်းပဲ လိုတော့တာ မဟုတ်ဘူးလား။ ကျွန်တော်တို့ သတင်းအချက်အလက်တွေကို အခုပဲ သူ့ကို ပြောပြလိုက်ရင် ရပြီ ထင်တာပဲ”

“ငါတို့က အဲဒီလိုမျိုး လုပ်လိုက်ရင် သူလည်းပဲ ဆန္ဒတစ်ခု ရှိလာလိမ့်မယ်။ ငါတို့က မတော်တဆ ပေးလိုက်တဲ့အရာတွေထဲကနေ တကယ့် သတင်းအချက်အလက်အမှန်ကို ရအောင် သူကိုယ်တိုင် ကြိုးစား အားထုတ်ရမယ့် ပုံစံမျိုး ဖြစ်အောင် လုပ်ရမယ်”

“ဟာ... ကျွန်တော်တော့ နားမလည်တော့ဘူး။ ကျွန်တော်က တကယ် ဉာဏ်တုံးတာပဲ။ ရှုပ်ထွေးတဲ့ အရာတွေကို တွေးနေရတာထက် ဥက္ကဋ္ဌ ခိုင်းတာကိုပဲ လုပ်ရတာက ပိုပြီး စိတ်သက်သာရာရတယ်။ ဒါဆို ဥက္ကဋ္ဌ၊ ကျွန်တော် ဥက္ကဋ္ဌ ခိုင်းထားတဲ့အတိုင်းပဲ ဆက်လုပ်လိုက်ပါမယ်”

“ကောင်းပြီ။ ဒါဆို ကြိုးစားပေးပါဦး”

“ဟုတ်ကဲ့ ပါ ဥက္ကဋ္ဌ ခင်ဗျာ”

ဂျွန်မင်း ဖုန်းချလိုက်ပြီး ဖုန်းကို စားပွဲပေါ် ပြန်တင်လိုက်တယ်။

“ငါ ဒါကို အမြဲ တွေးမိတာ၊ ဆူအီ ကတော့ ယဉ်ကျေးမှုကို နည်းနည်းလောက် သင်ယူဖို့ တကယ် လိုအပ်နေပြီ”

“ဘာဖြစ်လို့လဲ။ သူက တက်ကြွဖျတ်လတ်လို့ ငါ သဘောကျပါတယ်။ အပိုယဉ်ကျေးမှုတွေကို ဂရုစိုက်နေရတာထက် စိတ်လွတ်ကိုယ်လွတ် ရှိနေတာက ပိုကောင်းတာပေါ့”

“အဲဒါက သူ့မှာ အရည်အချင်းရှိတယ်ဆိုတဲ့ အခြေအနေမျိုးမှာမှ မဟုတ်ဘူးလား”

“သဘာဝကျကျပေါ့”

မန်နေဂျာချုပ်ကန် က ခေါက်ဆွဲ တစ်လုပ် စားပြီးနောက်မှာ ပြောလိုက်တယ်။

“ဒါပေမဲ့ ဥက္ကဋ္ဌက နောက်ပိုင်းကျရင် အဲဒီသတင်းထောက်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား။ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို မကြာခင် စတော့မှာဆိုတော့ သတင်းတွေကို ဖြန့်ဝေပေးမယ့် အဓိက သတင်းထောက်တစ်ယောက်တော့ လိုအပ်တာပေါ့ မဟုတ်ဘူးလား”

ပြီးတော့ သူက ခေါက်ဆွဲပြုတ်ကို အပြတ်ရှင်းလိုက်တယ်။

“အဲဒါတော့ မှန်ပါတယ်။ ဒါပေမဲ့ ငါတို့က လူတစ်ယောက်နဲ့ လက်တွဲလုပ်တော့မယ်ဆိုရင် အဲဒီလူက အရည်အချင်းရှိတဲ့သူ ဖြစ်ရင် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။ လောလောဆယ်တော့ ငါ သူ့ကို စောင့်ကြည့်နေတာ၊ ဒါပေမဲ့ သူ အတိတ်က ရှိခဲ့တဲ့ အရည်အချင်းတွေကို ပြန်ထုတ်ပြနိုင်မလားဆိုတာတော့ ငါတို့ မသိသေးဘူး” ဂျွန်မင်း က ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ပြောလိုက်တယ်။

အနုပညာရှင်တွေနဲ့ သတင်းထောက်တွေဆိုတာ နောက်ဆုံးတော့ အပြန်အလှန် အမှီသဟဲပြုနေကြရတဲ့ ဆက်ဆံရေးမျိုးပဲ။ တစ်ခါတရံမှာ သူတို့ အချင်းချင်း ပြိုင်ဆိုင်မှုတွေ ရှိကြပေမဲ့ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာတော့ အများအားဖြင့် လက်တွဲပြီး အလုပ်လုပ်ကြတာက များပါတယ်။ သတင်းရေးစရာ အနုပညာရှင်တွေ မရှိရင် သတင်းထောက်တွေလည်း အသက်မွေးဝမ်းကျောင်း ပြုနိုင်မှာ မဟုတ်သလို အပြန်အလှန်အားဖြင့်လည်း ထို့အတူပဲလေ။ ဆောင်းပါး ရေးပေးမယ့် သတင်းထောက်တွေ မရှိရင် အနုပညာရှင်တွေလည်း လူထုကြားထဲမှာ ဘယ်တော့မှ အမှတ်ရစရာ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါဟာ လူ့အဖွဲ့အစည်းမှာ ရှိတဲ့ အလွန်ရှားပါးတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခြေအနေမျိုးတွေထဲက တစ်ခုပဲ။

ဖျော်ဖြေရေးသတင်းထောက်တွေရဲ့ ကမ္ဘာကတော့ တောခွေးတွေနဲ့ ပြည့်နှက်နေတာပဲ။ သူတို့က သားကောင်အတွက် အချင်းချင်း ပြိုင်ဆိုင်ကြပေမဲ့ ဘုံရန်သူတစ်ယောက်ရဲ့ ရှေ့မှောက်မှာကျတော့ အတူတူ စုဝေးပြီး တိုက်ခိုက်ဖို့ ပြင်ဆင်တတ်ကြပြန်ရော။ ဒါပေမဲ့ အဲဒီလို အခြေအနေမှာတောင်မှ ကောင်းမွန်တဲ့ သားကောင်တစ်ကောင် ပေါ်လာရင် တချို့က တစ်ယောက်တည်း အမဲလိုက်ဖို့အတွက် အုပ်စုထဲကနေ တိတ်တဆိတ် ခွဲထွက်သွားတတ်ကြသေးတယ်။

ဘုံအကျိုးစီးပွားကို ရှေးရှုပြီး အဲဒီလိုလူမျိုးတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ဆိုတာ အလွန်ပဲ ခက်ခဲတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သူတို့ ယုံကြည်ရတဲ့ သတင်းထောက်တွေရဲ့ ရေးသားမှုကြောင့် အရှုပ်တော်ပုံ ဆောင်းပါးတွေ ထွက်ပေါ်လာပြီး ဒုက္ခရောက်ခဲ့ရတဲ့ အမှုဆောင်အရာရှိချုပ်တွေ အများကြီး ရှိခဲ့ဖူးတာပဲ။ ပြိုင်ဘက်ကုမ္ပဏီဆီကနေ ငွေကြေးလက်ခံပြီးနောက်မှာ မဟုတ်မမှန်တဲ့ အကြောင်းအရာတွေကို လုပ်ကြံရေးသားတတ်တဲ့ မသမာတဲ့ သတင်းထောက်တွေလည်း ရှိကြသေးတယ်။

သို့သော်လည်း အုပ်စုထဲက တခြားသူတွေထက် သာလွန်ထူးကဲတဲ့ လူအနည်းငယ်ကတော့ ရှားရှားပါးပါး ရှိတတ်ကြပါတယ်။ သူတို့ကတော့ အရည်အချင်းလည်းရှိပြီး သစ္စာလည်းရှိတဲ့ သတင်းထောက်တွေပဲပေါ့။ မီဒီယာလောကက အဲဒီလို လူမျိုးတစ်ယောက်နဲ့ ဆက်သွယ်မှု ရှိထားရင် ကုမ္ပဏီရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်ဖို့အတွက် အလွန်ပဲ လွယ်ကူသွားလိမ့်မယ်။

ဂျွန်မင်း က ကင်ဒေါင်ဝုခ် ဆိုတဲ့ သတင်းထောက်နဲ့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဆုံတွေ့ခဲ့ဖူးတာ ဖြစ်ပေမဲ့ အဲဒီသတင်းထောက်က သူ့နောက်ကို လိုက်နေတယ်ဆိုတာ သိလိုက်ရတဲ့ မကြာသေးခင်ကမှပဲ သူ့ကို အသုံးချဖို့ တွေးမိခဲ့တာ ဖြစ်တယ်။

“အဲဒီသတင်းထောက်က ဆူအီ ပြောပြတဲ့ အကြောင်းအရာတွေကို အခြေခံပြီး တခြားအရာတွေကို လျှောက်ရေးလိုက်ရင် ဥက္ကဋ္ဌ ဘယ်လိုလုပ်မလဲ” မန်နေဂျာချုပ်ကန် က စိတ်ပူတဲ့ လေသံနဲ့ ပြောလာတယ်။

“ဒါဆိုရင်တော့ သူက ရေတိုမှာတင် အာရုံစိုက်ခံရလိမ့်မယ်၊ ဒါပေမဲ့ အဲဒါက ဒီလောက်ပါပဲ။ ဒါပေမဲ့ အဲဒီသတင်းထောက်က သူ့ရဲ့ အရင်ဆောင်းပါးတွေကို ငါ ဖတ်ကြည့်ရသလောက်တော့ သူ လုံးဝ သေချာတာ မရှိရင် အရာရာကို လျှောက်မရေးတတ်ဘူး။ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုပဲ အဓိက ရေးသားတဲ့ အင်တာနက် သတင်းကုမ္ပဏီတစ်ခုထဲကို ဝင်ရောက်ပြီးတဲ့နောက်မှာတောင်မှ သူက ကောင်းမွန်တဲ့ ဆောင်းပါးတွေကိုပဲ ရေးသားနေတုန်းပဲ။ သူက ဒီဘက်ခေတ်မှာ ရှာရခက်တဲ့ သတင်းထောက်တစ်ယောက်ပဲလေ။ သူ ဘာလုပ်နေလဲဆိုတာကို သူသာ တကယ် သိတယ်ဆိုရင် ငါတို့ရဲ့ သတင်းအချက်အလက်တွေကို လအနည်းငယ်လောက်အထိ တိတ်တိတ်ဆိတ်ဆိတ် ထိန်းသိမ်းထားလိမ့်မယ်။ ပြီးတော့မှ ငါတို့ စတင် လှုပ်ရှားမယ့် အချိန်လောက်ကျမှ ဆောင်းပါးကို ဖွင့်ချလိုက်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ဆွဲဆောင်လိမ့်မယ်”

“...ဟူး... ဥက္ကဋ္ဌက လူတွေကို စမ်းသပ်လွန်းတာပဲ ခင်ဗျာ။ သူ အလှည့်စားခံလိုက်ရတယ်ဆိုတာ သိသွားပြီးတဲ့နောက်မှာ ငါတို့ကို ကျောခိုင်းသွားနိုင်တဲ့ အလားအလာလည်း ရှိတာပဲကို”

“ငါ့ရဲ့ လက်ဖျားမှာ ငွေကြေးလို့ ခေါ်တဲ့ ဧရာမ အသုံးတော်ခံ တစ်ခု ရှိနေတာမလို့ သိပ်တော့ စိတ်မပူပါဘူး။ ပြီးတော့ ငါ ထင်တဲ့အတိုင်းသာ သူ ဖြစ်နေမယ်ဆိုရင် ဒီလောက်လေးနဲ့တော့ သူ အလှည့်စားခံလိုက်ရတယ်လို့ ခံစားရလိမ့်မယ် မထင်ဘူး”

“ငွေက အရာရာကို မတတ်နိုင်ပါဘူး ဘော့စ်”

“ဒါပေမဲ့ အဲဒါက လူတွေကို အလုပ်လုပ်အောင်တော့ လုပ်နိုင်တာပေါ့။ မင်း အခု ငါနဲ့ အတူရှိနေတာကလည်း ငွေကြောင့်ပဲ မဟုတ်ဘူးလား”

“အော်... ဥက္ကဋ္ဌက ကျွန်တော့်ကို အဲဒီလို မြင်တာလား။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ကျွန်တော် ဒီမှာရှိနေတာက ကျွန်တော့်ရဲ့ သစ္စာရှိမှုကြောင့်ပါ ခင်ဗျာ”

“ဒါဆိုရင် မင်းရဲ့ လစာကို နည်းနည်းလောက် လျှော့လိုက်ရမလား”

“ငွေအပေါ် သစ္စာရှိမှုကို ပြောတာပါ ခင်ဗျာ။ ဥက္ကဋ္ဌလည်း အဲဒါကို သိနေတာပဲ မဟုတ်ဘူးလား” မန်နေဂျာချုပ်ကန် က တဟားဟား ရယ်လိုက်တယ်။

ဂျွန်မင်း က သူ့ရဲ့ ဘယ်ရီဦးထုပ်ကို ပြန်ဆောင်းပြီး မတ်တတ်ရပ်လိုက်တယ်။ လွင်ပြင်ထဲမှာ လွတ်လွတ်လပ်လပ် မြက်စားခိုင်းထားတဲ့ သိုးတွေကို ပြန်ခေါ်ရမယ့် အချိန်ရောက်ပြီပေါ့။ အခုချိန်မှာတော့ သူ့အနေနဲ့ ဟဲဂျူလိုမျိုး သူ့ကို လျှပ်စစ်စီးသွားသလိုမျိုး ခံစားရစေမယ့် မင်းသားတွေကို မတွေ့သေးဘူးဆိုပေမဲ့ သူတို့မှာလည်း နောင်တစ်ချိန်မှာ အဲဒီလို ဖြစ်လာနိုင်မယ့် အလားအလာတွေ ရှိကြတာပဲ။ အခု သူ လုပ်ဖို့ လိုအပ်တာကတော့ သူတို့တွေကို ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို အတွေ့အကြုံ ရရှိနိုင်စေဖို့အတွက် လမ်းစတစ်ခု ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။

အဲဒီလို လုပ်နိုင်ဖို့အတွက် သူ့မှာ ဆက်ဆံရေးတွေနဲ့ ငွေကြေးတွေ ပိုပြီး လိုအပ်တယ်။ လူအချင်းချင်း ဆက်ဆံရေးတွေက လူတွေ အလိုရှိသလို ဖြစ်မလာနိုင်တဲ့ အချိန်တွေ ရှိတတ်ပေမဲ့ ငွေကြေးကတော့ အဲဒီလို မဟုတ်ဘူး။ ဂျွန်မင်း က ငွေကြေးကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေ နောက်ကျမသွားစေဖို့အတွက် ကြိုတင် ပြင်ဆင်နေတာပဲ ဖြစ်တယ်။

‘ဒါက ငါ့ရဲ့ အလုပ်ပဲလေ’

ဂျွန်မင်း က သူ့ရဲ့ နာရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကိုယ်ကို လှည့်လိုက်တယ်။

“ဒါဆို သွားနားတော့လေ”

“ဟုတ်ကဲ့ ပါ ဥက္ကဋ္ဌ ခင်ဗျာ။ ကောင်းသောည ဖြစ်ပါစေ”

* * * * * * * * *

All Chapters