အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း(၂၅၈)
ဘတ်စ်ကားပေါ် လှစ်ခနဲ တက်လိုက်ရင်း မာရူးတစ်ယောက် နောက်ဘက်ခုံတွေထဲက တစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ပြတင်းပေါက်ကို နည်းနည်းလေး ဖွင့်ပြီး သူ့အိတ်ထဲကနေ ဇာတ်ညွှန်းကို ထုတ်လိုက်တာပေါ့။ သူ့မှာ ဖတ်ရမယ့် စာသားက နှစ်ကြောင်းတည်း ရှိတာတိုင်အောင် အထပ်ထပ်အခါခါ ပြန်ဖတ်နေမိတယ်။ စိတ်အာရုံထဲ မရှိဘဲနဲ့တောင် သဘာဝအတိုင်း ညည်းညည်းညူညူ ရွတ်ဆိုနိုင်အောင် စကားလုံးတစ်လုံးချင်းစီကို သူ့လျှာ၊ သူ့သွား၊ သူ့နှုတ်ခမ်းတွေထဲအထိ စွဲမြဲသွားအောင် မှတ်သားနေခဲ့တာလေ။
အဲဒီစာသားတွေကို ဆက်တိုက်ဖတ်နေရင်းနဲ့ပဲ စကားလုံးအနည်းငယ်ကို ပြောထွက်ဖို့ ခံစားလိုက်ရတဲ့ ဖိအားကို နောက်ဆုံးတော့ သူ သိလိုက်ရတယ်။ စာသားတွေ ဒီထက်မက ပိုရှည်ရင်ကောင်းမှာပဲလို့ သူ တွေးနေမိတယ်၊ ဒါမှ သူ အသက်ရှူဖို့ အချိန်နည်းနည်း ရမှာကိုး။ ဒီတိုတိုတုတ်တုတ် စကားလုံးလေးတွေကနေတစ်ဆင့် အဲဒီလူမိုက်က အဖိုးအိုအပေါ် ထားတဲ့ မထောက်မညှာ အထင်သေးတဲ့ စိတ်အာရုံကိုရော၊ ထိုအဖိုးအိုရဲ့ အထက်မှာ ရှိနေတယ်ဆိုတဲ့ စိတ်သက်သာရာရမှုကိုပါ သူ ဖော်ပြရမှာ ဖြစ်နေလို့ပဲ။
“ဘာကောင်လဲ... အောက်တန်းစား... တောက်... ကောင်...”
သူ ဂန်ဟွမ်နဲ့အတူ သရုပ်ဆောင်ကျင့်ခဲ့တဲ့ အလေ့အကျင့်ခန်းမထဲက နံရံတစ်ခုပေါ်မှာ ဆောင်ပုဒ်တစ်ခု ရှိတယ်လေ။ အဲဒါကတော့ ‘တစ်ကြိမ်တည်း ရွတ်ဆိုလိုက်တဲ့ စာသားတစ်ခုရဲ့ အရည်အသွေးဟာ အကြိမ်တစ်ရာ ရွတ်ဆိုလိုက်တဲ့ စာသားရဲ့ အရည်အသွေးနဲ့ မတူခြားနားတယ်’ ဆိုတာပါပဲ။ စကားလုံးကတော့ ‘အောက်တန်းစား’ ဆိုပြီး ပုံသေဖြစ်နေနိုင်ပေမဲ့ အသံနေအသံထား၊ အသံအနိမ့်အမြင့်နဲ့ ထွက်လာတဲ့ အသံထွက်ပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေ ရှိနိုင်တာပေါ့။ ဘယ်လို ‘အောက်တန်းစား’ ဆိုတဲ့ အသုံးအနှုန်းမျိုးက စာသားနဲ့ တကယ်ကိုက်ညီမှာလဲ။ တစ်ယောက်တည်း လေ့ကျင့်တုန်းကတော့ သူ့မှာ တိကျတဲ့ အဖြေတစ်ခု ရှိခဲ့ပေမဲ့ အခု ဇာတ်ညွှန်းဖတ်ပွဲကို သွားနေတဲ့ လမ်းပေါ်မှာတော့ စိတ်တွေ ရှုပ်ထွေးနေမိတယ်။
“ဟို... အစ်ကို။ အသံလေး နည်းနည်းလောက် တိုးပေးလို့ ရမလားခင်ဗျာ”
အဲဒီအသံကို ကြားလိုက်ရတဲ့အခါ မာရူးတစ်ယောက် လန့်ဖျပ်သွားတယ်။ သူ့ဘေးမှာ တစ်ယောက်ယောက် လာထိုင်နေတာကို သူ သတိမထားမိဘဲ ဖြစ်နေခဲ့တာကိုး။ ပြတင်းပေါက် အပြင်ဘက်ကို သူ လှမ်းကြည့်လိုက်တော့ ရှုခင်းတွေက ဆူဝမ် မဟုတ်တော့ဘူး။
“အားနာလိုက်တာဗျာ”
သူ ဇာတ်ညွှန်းကို အိတ်ထဲ ပြန်ထည့်လိုက်တယ်။ သူ့ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးက ပြုံးပြပြီး သူမရဲ့ ဒူးခေါင်းပေါ်ကို လှမ်းကြည့်လိုက်တာပေါ့။ သူမက လေ့ကျင့်ခန်းစာအုပ် တစ်ခုခုကို ဖတ်နေပြီး လိုင်စင်စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ပုံပဲ။
‘ဟူး...’
သူ့ဘေးမှာ လူတစ်ယောက် လာထိုင်တာကိုတောင် သတိမထားမိလောက်အောင် စိတ်နှစ်ထားမိတဲ့ အဖြစ်ကို မာရူးတစ်ယောက် လုံးဝ သဘောမကျဘူး။ သူ့စိတ်ကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အောင် လုပ်ဖို့ လိုအပ်နေပြီလေ။ သူ အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ရင်း မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ဇာတ်ညွှန်းအကြောင်းကို ခဏလောက် မေ့ပစ်လိုက်ပြီး သူ့ရဲ့ အသက်ရှူမှုကိုသာ အာရုံစိုက်နေမိတာပေါ့။ အဲဒီလိုလုပ်လိုက်လို့ပဲ တင်းကျပ်နေတဲ့ သူ့ရဲ့ အာရုံကြောတွေက အတိုင်းအတာတစ်ခုအထိ ပြန်လည် တည်ငြိမ်သွားခဲ့တယ်။
“ဆင်းပါရစေခင်ဗျာ”
သူ့ရှေ့တည့်တည့်မှာ ဂန်နမ် ဘူတာရုံကို လှမ်းမြင်လိုက်ရတယ်။ သူ ဘတ်စ်ကားလက်ကိုင်ကွင်းကို လှမ်းဆွဲပြီး ကိုယ်ကို ကြွလိုက်ကာ ကားပေါ်ကနေ ဆင်းလိုက်တာပေါ့။ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ လူအုပ်ကြီးကို မြင်လိုက်ရတော့မှ ဒီနေ့ဟာ ပိတ်ရက်ဖြစ်နေမှန်း သူ နောက်တစ်ကြိမ် ပြန်သတိရသွားမိတယ်။
မာရူးက ဖုန်းကို ဖွင့်ပြီး ယိုဂျင်ဆီကို ဖုန်းခေါ်လိုက်တယ်။
“ငါ ဂန်နမ် ဘူတာရုံကို ရောက်နေပြီ။ နင် ဘယ်မှာလဲ”
“မကြာခင် ရောက်တော့မယ်”
“အဲဒီ မကြာခင်က ဘယ်လောက်ကြာမှာလဲ”
“မကြာခင် ရောက်တော့မယ်လို့ ပြောနေတယ်လေ”
ယိုဂျင်က အဲဒီလိုပြောပြီး ဖုန်းကို ဖြတ်ခနဲ ချပစ်လိုက်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ ‘မကြာခင် ရောက်တော့မယ်’ ဆိုတဲ့ စကားဟာ ယောက်ျားတွေရဲ့ ‘ငါ စစ်တပ်ထဲတုန်းက’ ဆိုတဲ့ ပုံပြင်တွေလိုပဲ ဝေဝါးပြီး ယုံကြည်ရခက်လွန်းတာကြောင့် သူ လက်ရှိမှာတော့ အနီးအနားက စတိုးဆိုင်တစ်ခုဆီကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။
စတိုးဆိုင်ထဲမှာလည်း လူတွေနဲ့ ပြည့်နှက်နေတာပဲ။ အဲဒီမှာရှိတဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံနဲ့ အချိန်ပိုင်းအလုပ်သမားလေးကို သနားကရုဏာစိတ်နဲ့ လှမ်းကြည့်ပြီးတဲ့နောက် သူက စားပွဲဝိုင်းတွေရှိတဲ့ နေရာဘက်ကို လျှောက်သွားလိုက်တယ်။ သူက အမောပြေ အားကစားဖျော်ရည်ကို သောက်ရင်း၊ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို ငေးကြည့်နေခိုက်မှာပဲ မိန်းကလေးတစ်ယောက်က သူ့မျက်စိထဲ ဝင်လာတာပေါ့။ သူ မျက်မှောင်ကြုတ်ပြီး သေချာအာရုံစိုက် ကြည့်လိုက်တဲ့အခါ အဲဒီမိန်းကလေးက ယိုဂျင် ဖြစ်နေတယ်။
မာရူးက တစ်ဝက်ပဲ ကျန်တော့တဲ့ ဖျော်ရည်ဗူး အဖုံးကို ပိတ်ပြီး စတိုးဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ လမ်းတစ်ဖက်ကနေ လက်လှမ်းပြပြီး ပြန်ချလိုက်တဲ့ ယိုဂျင်ကို သူ မြင်လိုက်ရတာပေါ့။
‘ငါ့ကို ဘာလုပ်စေချင်တာလဲ မသိဘူး’
လူကူးမျဉ်းကြားရှေ့မှာ ရှိနေတဲ့ ယိုဂျင်ကို မာရူးက စိုက်ကြည့်နေမိတယ်။ မီးပွိုင့်က အစိမ်းရောင် ပြောင်းသွားတဲ့အခါ ယိုဂျင်က သူ့ဆီကို ပြေးလာပြီး ဖျော်ရည်ကို လှမ်းလုတာပေါ့။ ဒါပေမဲ့ သူ့အနေနဲ့ သူမကို ပေးဖို့ စိတ်ကူး လုံးဝမရှိပါဘူး။
“ငါ့ကို နည်းနည်းပေးသောက်ပါဦး။ ရေငတ်လို့”
“နင့်ဘာသာနင် တစ်ဗူး သွားဝယ်သောက်ပါလား”
“နင်က ဒီလိုမျိုး လုပ်မှာပေါ့လေ”
“ငါ သောက်နေတဲ့ဟာကြီးကို”
“ဒါက ဘာဖြစ်လဲ မာရူးရဲ့။ နင်က သွယ်ဝိုက်ပြီး နမ်းမိမှာကို စိုးရိမ်နေတာလား။ အဲဒါလား။ နင်က ငါ့ကို မိန်းကေ... အား”
ယိုဂျင်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေလို့ မာရူးက ပလတ်စတစ်ဗူးနဲ့ သူမရဲ့ ခေါင်းကို ‘တောက်’ခနဲ ခေါက်လိုက်တယ်။ ယိုဂျင်က မျက်မှောင်ကြုတ်ပြီး သူမရဲ့ ဖုန်းကို ထုတ်လိုက်တာပေါ့။
“နင် ဘာလုပ်မလို့လဲ”
“တိုင်မလို့ပေါ့၊ ဘာလုပ်ရမှာလဲ”
သူမရဲ့ လက်မနှစ်ဖက်နဲ့ ဖုန်းပေါ်မှာ လျှပ်စီးလက်သလို မြန်ဆန်တဲ့ အရှိန်နဲ့ စာရိုက်ပြီးတဲ့နောက် ယိုဂျင်က နှာခေါင်းရှုံ့ပြလိုက်တယ်။ ဘာတွေဖြစ်နေတာလဲလို့ မာရူး တွေးနေမိတုန်းမှာပဲ သူ့ဆီကို မက်ဆေ့ခ်ျတစ်ခု ဝင်လာတယ်။ မာရူးက မျက်မှောင်ကြုတ်ရင်း ဖုန်းကို ထုတ်ကြည့်လိုက်တာပေါ့။
“ငါ့သူငယ်ချင်းကို မရစ်နဲ့”
သူမဆီက လာတဲ့စာပဲ။
ဟို... ခွင့်လွှတ်ပါဦးဗျာ။ ကျွန်တော်က နင့်ရဲ့ ရည်းစားပါနော်။ ပြီးတော့ နင့်ရဲ့ အနာဂတ် လင်ယောက်ျားလည်း ဟုတ်တယ်။
“စိတ်မကောင်းပါဘူး ဘရို၊ သူက ငါ့ဘက်တော်သား ဖြစ်နေလို့”
“...ဟူး"
အောင်နိုင်သူရဲ့ အပြုံးမျိုးနဲ့ ပြုံးရင်း ယိုဂျင်က စတိုးဆိုင်ထဲ ဝင်သွားပြီး ဖျော်ရည်တစ်ဗူး ကိုင်ကာ ပြန်ထွက်လာခဲ့တယ်။
“သွားကြစို့”
“ဟုတ်ကဲ့ပါခင်ဗျာ”
အဲဒီနောက် သူတို့နှစ်ယောက်လုံး JA အဆောက်အအုံဆီကို ဦးတည်ပြီး ထွက်လာခဲ့ကြတယ်။
“နင် အများကြီး လေ့ကျင့်ခဲ့ရဲ့လား”
“ငါ့မှာ စာသားက နှစ်ကြောင်းတည်း ရှိတာ။ အဲဒါကြောင့် ငါ အမှားကြီးကြီး လုပ်မိတာလွဲလို့ သူတို့ ငါ့ကို ဆူမှာမဟုတ်ပါဘူး”
“နင်ကတော့ ကံကောင်းတာပေါ့။ ငါ့မှာက အခန်းလေးခန်းတောင် ပါတာဆိုတော့ ကျက်ရမှာတွေ အများကြီးပဲ”
သူမရဲ့ စကားလုံးတွေထဲမှာ သရော်စာသံ ပါနေတာကတော့ သေချာသလောက်ပဲ။ သူတို့နှစ်ယောက်လုံးက အရံသရုပ်ဆောင်တွေ ဖြစ်ကြပေမဲ့ သူတို့ ပါဝင်ရမယ့် အခန်းတွေကတော့ ကွာခြားလွန်းလှတယ်။ ယိုဂျင်က ဒုတိယသားရဲ့ ဒုတိယသမီး နေရာက ဖြစ်နေတာ။ ဇာတ်ကောင်နေရာတွေအရ ဆိုရင်တော့ သူမက ဆူယွန်းရဲ့ ညီမငယ်ပေါ့။ သနားစရာကောင်းလောက်အောင် သေဆုံးသွားရတဲ့ ဆူယွန်းနဲ့မတူဘဲ ယိုဂျင်ကတော့ ရုပ်ရှင်အစပိုင်းမှာ သာယာချမ်းမြေ့တဲ့ မိသားစု ဆက်ဆံရေးကို ဖော်ပြဖို့အတွက် အသုံးချခံရတဲ့ ပစ္စည်းတစ်ခုလို ဖြစ်နေပြီး၊ သူမရဲ့ အဖေနဲ့ အစ်မဖြစ်သူ သေဆုံးသွားတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးတဲ့နောက် ခါးသီးတဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်ရမယ့်သူ ဖြစ်နေတယ်။ အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲ ရလဒ်ဟာ အပြစ်မဲ့တဲ့ သားကောင်တစ်ဦး ဖြစ်လာရတယ်ဆိုတာကို ပရိသတ်တွေ မြင်သာအောင် ဖော်ပြပေးရမယ့် တာဝန်ကို သူမက ယူထားရတာလေ။
“အား... ရင်တုန်လိုက်တာ။ ဒီနေ့ အစ်မအန်းဂျူဟယွန်းလည်း လာမှာမလား”
“နင်တို့နှစ်ယောက် အတူတူ သရုပ်ဆောင်ရမယ့် အခန်း ရှိတယ်မဟုတ်လား။ သားသုံးယောက် အတူတူ ထမင်းစားတဲ့ အခန်းလေ”
“အင်း။ အဲဒီအခန်းကို ငါ တကယ် မျှော်လင့်နေတာ။ အဲဒါဆိုရင် အစ်မအန်းဂျူဟယွန်း သရုပ်ဆောင်နေတာကို ငါ့မျက်စိရှေ့တင် တည့်တည့်ကြီး ကြည့်ရတော့မှာ မဟုတ်လား။ ငါတော့ ပျော်လွန်းလို့ မေ့လဲသွားမလား မသိဘူး”
“သူ့မှာ ဘာတွေ အဲလောက်အထိ ကောင်းနေလို့လဲ”
“သူက လန်းတယ်လေ။ ဒီကမ္ဘာပေါ်မှာ သူ့ထက်လန်းတဲ့ မင်းသမီး မရှိတော့ဘူး”
“နင်ကတော့ လုံးဝကို အရူးအမူး ဖန် ဖြစ်နေတာပဲကိုး”
ဟန်ဘာဒါကလည်း အန်းဂျူဟယွန်းကို သဘောကျတယ်ဆိုတဲ့ အချက်ကို မာရူး ပြန်သတိရသွားမိတယ်။ မိန်းကလေးတွေဆိုတာ ချောမောလှပတဲ့ မင်းသားတွေကို ပိုသဘောကျရမှာ မဟုတ်ဘူးလား။ အဲဒီအကြောင်းကို သူ ပြန်တွေးကြည့်လိုက်တဲ့အခါ မိန်းကလေး အိုင်ဒေါအဖွဲ့တွေရဲ့ ဖန်တွေဟာလည်း အများစုက ဆယ်ကျော်သက် မိန်းကလေးတွေ ဖြစ်နေတတ်တာကို သူ သတိထားမိလိုက်တယ်။ အဲဒီအဖွဲ့တွေမှာ အမျိုးသားဖန်တွေ အများကြီး ရှိတာကတော့ မှန်ပေမဲ့ တကယ်တမ်း လက်တွေ့လှုပ်ရှားကြသူတွေကတော့ မိန်းကလေးတွေချည်းပါပဲ။
‘အင်းလေ... ဒါကြောင့်လည်း စျေးကွက်ရှာဖွေရေး ဌာနတွေက ဆယ်ကျော်သက် မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး လုပ်ဆောင်ကြတာပေါ့’ မာရူးက သူ့ရဲ့ အတိတ်က အမှတ်ရစရာတွေကို ခက်ခက်ခဲခဲ ပြန်စဉ်းစားရင်း သူ့ဘာသာနင် ခေါင်းညိတ်မိနေတယ်။
“ငါ ဆူယွန်းအစ်မနဲ့လည်း ရင်းနှီးချင်မိတယ်”
“လူတွေရဲ့ ဆက်ဆံရေးဆိုတာ သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာ ရှိနေတာက အကောင်းဆုံးပဲ”
“နင်က ဘာတွေ လျှောက်ပြောနေတာလဲ။ ရင်းရင်းနှီးနှီး ရှိနေတာက ပိုကောင်းတာပေါ့” ယိုဂျင်က အဲဒီလိုပြောရင်း ဖြဲခနဲ ပြုံးပြလိုက်တယ်။
“အေးပါလေ။ အဲဒါကတော့ နင့်အဆုံးအဖြတ်ပေါ့”
“ဘာလဲ... နင် ငါ့ကို ပြောစရာ တစ်ခုခု ရှိလို့လား”
“မရှိပါဘူး”
“သူ့အကြောင်း မကောင်းတဲ့ ကောလာဟလတွေ ထွက်နေတာကို ပြောတာလား”
ပုခုံးတွန့်ပြလိုက်တဲ့ ယိုဂျင်ကို မာရူးက လှမ်းကြည့်လိုက်တယ်။ သူမက အဲဒီအကြောင်းကို တော်တော်လေး သိထားတဲ့ပုံပဲ။
“နင်က ဇာတ်လမ်းတွဲတစ်ခုမှာတောင် တစ်ခါမှ မပါဝင်ဖူးသေးဘူး မဟုတ်လား” ယိုဂျင်က အဝေးကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။ သူမရဲ့ မျက်နှာက ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာ။ ခဏလောက်တော့ သူမက လူကြီးတစ်ယောက်လို ဖြစ်နေခဲ့တယ်။
“ငါ ပါဖူးတယ်လို့ နင် ထင်လို့လား”
“ဒါဆိုရင် ဇာတ်လမ်းတွဲတွေ အကြိမ်ကြိမ် ရိုက်ဖူးတဲ့ စီနီယာတစ်ယောက်အနေနဲ့ ငါ နင့်ကို အကြံဉာဏ်ပေးမယ်။ ဟင်း... ဟင်း... ဒါက အဖိုးတန်တဲ့ အကြံဉာဏ်မို့လို့ စိတ်ထဲမှာ သေချာမှတ်ထားဦး”
“ငါက အဖိုးတန်တဲ့အရာတွေကို သဘောမကျလို့၊ မယူတော့ဘူး”
“နားထောင်စမ်းပါ။ ငါ့ကို စီနီယာတစ်ယောက်လို တစ်ခါလောက် လုပ်ခွင့်ပေးပါဦး”
အနှစ်ချုပ်ကတော့ သူမက စီနီယာတစ်ယောက်လို ဟန်လုပ်ချင်နေတာပဲကိုး။ မာရူးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ယိုဂျင်ကို လှမ်းကြည့်လိုက်တယ်။ ယိုဂျင်က သူမရဲ့ လက်ညှိုးတွေကို ထောင်ပြရင်း ပြောလိုက်တာပေါ့။
“ဒါက ရိုက်ကူးရေးလုပ်နေတုန်းက စီနီယာ သရုပ်ဆောင်တစ်ယောက် ငါ့ကို ပြောပြခဲ့တာ။ ‘ကင်မရာက လက်ရှိအခြေအနေကိုပဲ မှတ်တမ်းတင်တာ’ တဲ့၊ ပြီးတော့ နောက်တစ်ခုက ‘သရုပ်ဆောင်ကြေး ပိုရတဲ့သူက ပိုပြီး လုပ်ပိုင်ခွင့် အာဏာရှိတယ်’ တဲ့”
“ဒါက ငယ်ရွယ်တဲ့သူတစ်ယောက်အတွက် သင့်တော်တဲ့ အကြံဉာဏ်မျိုးတော့ မဟုတ်ဘူး ထင်တယ်”
“ဘာဖြစ်လဲ။ နင်က အခုထိ ဆန်တာကလော့စ်ကို ယုံကြည်နေတဲ့ အမျိုးအစားထဲကလား။ ကလေးလေး ဟန်မာရူး ရဲ့” ယိုဂျင်က နောက်ပြောင်တဲ့ သံစဉ်နဲ့ ပြောလိုက်တယ်။
“ဆန်တာက ရှိပါတယ်။ သူက သူတပါးရဲ့ ရည်းစားကို အသုံးချပြီး ခြိမ်းခြောက်တတ်တဲ့ လူဆိုးတွေရဲ့ ရှေ့မှောက်မှာတင် ပေါ်မလာတာပါ”
“အို... မဟုတ်တာ။ နင်က အဲဒီအထိ သွားချင်တာပေါ့လေ”
ယိုဂျင်က ဖုန်းကို ထုတ်ပြီး သူ့ကို ခြိမ်းခြောက်ဖို့ ပြင်နေတာကို မြင်လိုက်ရတော့ မာရူးက ခေါင်းကို ခါယမ်းလိုက်တယ်။
“နင့်မှာ သဘောကျတဲ့ ယောက်ျားလေး ရှိလား”
“ဘာလို့ မေးတာလဲ”
“ဘာလို့လဲဆိုတော့ ငါက သူ့ရဲ့ သူငယ်ချင်း ဖြစ်လာမှာမို့လို့လေ၊ ပြီးရင် ငါတို့ ဘက်ချလာပါတီ လုပ်ကြမလို့”
“အဲဒါက ကလေးဆန်လွန်းပါတယ်။ ပြီးတော့ ဘက်ချလာပါတီဆိုတာ ဘာကြီးလဲ”
“...ငါ ပြောတာကို မေ့လိုက်တော့။ ကလေးတစ်ယောက်ကို ငါ ဘာတွေ လျှောက်ပြောနေမိတာလဲ မသိဘူး”
ယိုဂျင်က မရပ်မနား တောက်လျှောက် စကားတွေ ပြောနေတာကြောင့် မာရူးတစ်ယောက် စိတ်ရှုပ်စရာ ကောင်းလာပြန်တယ်။ သူမက ပုံမှန်အားဖြင့်လည်း စကားများတဲ့ မိန်းကလေး ဖြစ်ပေမဲ့ ဒီနေ့မှာတော့ အထူးသဖြင့် ပိုပြီး စကားတွေ ထွက်နေတာပေါ့။
“ဟေ့... နင် ရင်တုန်နေလို့ အဲဒီလိုမျိုး လုပ်နေတာလား”
“ဘယ်သူက ရင်တုန်နေလို့လဲ”
သူမက ဘာမှမဟုတ်သလိုမျိုး ပြန်ပြောလိုက်ပေမဲ့၊ သူမက သူ့ကို မျက်နှာလွှဲသွားတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် မာရူးက အကွက်အကွင်းတည့်တည့်ကို ထိုးနှက်လိုက်နိုင်မှန်း သိသာနေတာပဲ။ အင်းလေ... သူမက အချိန်အကြာကြီး အားကျခဲ့ရတဲ့ မင်းသမီးတွေနဲ့အတူ သရုပ်ဆောင်ရတော့မှာ ဆိုတော့ အဲဒီလို ဖြစ်နေတာက သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပါဘူး။ မာရူးကို ဒီလိုမျိုး လှမ်းခေါ်လိုက်ရတဲ့ အကြောင်းရင်းကလည်း စကားတွေ တရစပ် ပြောရင်းနဲ့ သူမရဲ့ ရင်တုန်နေမှုတွေကို တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ချင်လို့ ဖြစ်မှာပေါ့။
“သေချာ လုပ်စမ်းပါ။ ရင်တုန်မနေနဲ့ဦး”
“ငါ ရင်မတုန်ပါဘူး” ယိုဂျင်က သူ့ကို ပြန်ပြီး ဖြဲပြလိုက်တယ်။
“ရောက်ပြီ”
သူတို့နှစ်ယောက်လုံး JA အဆောက်အအုံ ရှေ့ကို ရောက်နေခဲ့ကြပြီ။ မာရူးက အရင်က ဒီနေရာကို အကြိမ်အနည်းငယ် လာဖူးတာတိုင်အောင်၊ ဒီနေ့မှာတော့ တစ်မျိုးဆန်းသစ်နေသလို ခံစားရတယ်။ ပထမထပ် ဧည့်ခန်းထဲမှာ လူတွေအများကြီး ရှိနေပြီး၊ သူတို့က အလယ်တည့်တည့်ကနေ နှစ်ခြမ်း ကွဲနေတာပေါ့။ တစ်ဖက်မှာတော့ ဖုန်းတွေ၊ ကင်မရာတွေနဲ့ အသံဖမ်းစက်တွေ ကိုင်ထားတဲ့ လူတွေက ကမူးရှူးထိုး သွားလာလှုပ်ရှားနေကြပြီး၊ နောက်တစ်ဖက်မှာတော့ ဖုန်းပြောလို့ အလုပ်ရှုပ်နေကြတယ်။ ရှေ့ကလူတွေက သတင်းထောက်တွေ ဖြစ်ပြီး နောက်ကလူတွေကတော့ မန်နေဂျာတွေ ဖြစ်ပုံရတာပဲ။
သူတို့နှစ်ယောက်လုံးက အခြေအနေကို ရှင်းပြနေတဲ့ ဝန်ထမ်းတစ်ဦးရဲ့ ဘေးကနေ ဖြတ်ကျော်ပြီး အပေါ်ထပ်ကို တက်ဖို့ ဓာတ်လှေကားဆီ သွားလိုက်ကြတယ်။ ဇာတ်ညွှန်းဖတ်ပွဲက သတ္တမထပ်မှာ လုပ်မှာလေ။ ဒီအထပ်က JA Production က အသုံးချနေတဲ့ အထပ်ပဲ။ မာရူးတစ်ယောက် လူတွေ့စစ်ဆေးခြင်းအတွက် လာခဲ့တုန်းကလိုပဲ၊ သူက လမ်းညွှန်သူနောက်ကို လိုက်ရင်း သူ့ရဲ့ ညာဘက်က စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့တယ်။ မှန်နံရံတွေ ရှိတဲ့ စင်္ကြံလမ်းအတိုင်း လျှောက်လာပြီး ဘယ်ဘက်ကို တစ်ချက် ကွေ့လိုက်တာပေါ့။ ‘အစည်းအဝေးခန်းမ ၁’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်အောက်မှာ လူတွေအများကြီး ရှိနေတာကို သူ မြင်လိုက်ရတယ်။ ပထမထပ်မှာလိုပဲ ကင်မရာတွေ ကိုင်ထားတဲ့ လူတွေနဲ့ မန်နေဂျာတွေ ရှိနေကြတာ။ လူတိုင်းက စက်ကနေ ဝယ်ထားတဲ့ ကော်ဖီခွက်ကလေးတွေကို ကိုင်ပြီး စောင့်ဆိုင်းနေကြတယ်။
အဲဒီအချိန်မှာပဲ ဆံပင်အတိုနဲ့ အမျိုးသားတစ်ဦးက ယိုဂျင်ဆီကို လျှောက်လာခဲ့တယ်။
“ဘယ်သူ့ကို မြင်လိုက်ရတာလဲ ကြည့်စမ်းဦး။ တွေ့ရတာ ကြာပြီပဲ လီယိုဂျင်”
“အာ... မင်္ဂလာပါ သတင်းထောက်ကြီး”
သူတို့နှစ်ယောက်လုံးက နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ကြတယ်။ မာရူးကတော့ ဘေးဘက်ကို ဖယ်ပေးလိုက်တာပေါ့။ အချင်းချင်း စကားပြောရင်း ပြုံးရွှင်နေကြတဲ့ ပုံစံအရ သူတို့နှစ်ယောက်က တော်တော်လေး ရင်းနှီးနေကြတဲ့ပုံပဲ။ သတင်းထောက်က တစ်ခုခုကို ပြောလိုက်တိုင်း ယိုဂျင်က ပါးစပ်ကို လက်နဲ့အုပ်ပြီး တခိခိ ရယ်မောနေတတ်တယ်။ မာရူးကို ပြသခဲ့တဲ့ လက်တွေ့ဆန်လွန်းတဲ့ ပုံစံနဲ့မတူဘဲ သူမက တော်တော်လေး ယဉ်ကျေးပျံနှံ့နေတဲ့ ပုံစံ ဖြစ်နေတာ။
သူတို့ စကားပြောပြီးသွားတဲ့အခါ ယိုဂျင်က မာရူးဆီကို လျှောက်လာခဲ့တယ်။
“နင်က လူကြိုက်များတာပဲ။ သတင်းထောက်ကတောင် နင့်ကို သိနေတယ်”
“လွန်ခဲ့တဲ့ အချိန်တုန်းက ဇာတ်လမ်းတွဲတစ်ခု ရိုက်တုန်းက ရင်းနှီးခဲ့တာ။ ဒါပေမဲ့ သူက တော်တော်လေး အောက်တန်းကျတဲ့လူမို့လို့ ငါ သူ့ကို သိပ်မကြိုက်ဘူး၊ ဒီနေရာမှာ သူ့ကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“အောက်တန်းကျတယ် ဟုတ်လား။ နင်တို့နှစ်ယောက် စောစောက ကြည့်ရတာ တော်တော်လေး ရင်းနှီးနေတဲ့ပုံပဲကို”
“ငါက သတင်းထောက်တွေနဲ့ အစကတည်းက မျက်နှာပျက်စရာ မဖြစ်ချင်လို့ပါ။ နင်လည်း ဒီလမ်းကြောင်းအတိုင်း ဆက်သွားချင်တယ်ဆိုရင် ပြုံးပြတတ်တဲ့ အလေ့အကျင့် လုပ်ထားဦး ကြားလား။ အဲဒီလိုမျိုး တောင့်တောင့်ကြီး ဖြစ်နေတဲ့ မျက်နှာပေးနဲ့ဆိုရင် ဘယ်သူမှ ဓာတ်ပုံရိုက်ပေးမှာ မဟုတ်ဘူး” ယိုဂျင်က မာရူးရဲ့ ပါးကို လက်နဲ့ဆိတ်ရင်း ပြောလိုက်တာပေါ့။
“ဒါပေမဲ့ ငါတို့က ဒီနေရာမှာပဲ စောင့်နေဖို့ လိုအပ်လို့လား”
“ငါလည်း မသိဘူးလေ။ လူတွေအကုန်လုံး ဟိုဘက်မှာ ရှိနေကြတာဆိုတော့ ငါတို့လည်း အဲဒီမှာ ရှိနေသင့်တာပေါ့၊ ဟုတ်တယ်မလား”
ယိုဂျင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခိုက်မှာပဲ သတင်းထောက်တွေဆီကနေ လှုပ်လှုပ်ရှားရှား အသံတွေ ထွက်ပေါ်လာခဲ့တယ်။ သူတို့က စက္ကူခွက်တွေကို လွှင့်ပစ်လိုက်ကြပြီး သူတို့ရဲ့ ကိရိယာတွေကို ကောက်ကိုင်လိုက်ကြတာပေါ့။
“သတင်းထောက်တို့ခင်ဗျာ၊ ခင်ဗျားတို့လည်း အခုလောက်ဆို သိလောက်ပြီဖြစ်ပေမဲ့၊ ဒီစည်းကိုတော့ ကျော်လို့မရပါဘူး။ ကျေးဇူးပြုပြီး စည်းကမ်းတွေကို လိုက်နာပေးကြပါ”
ဝန်ထမ်းတစ်ဦးက ဘယ်ကနေ ရောက်လာမှန်းမသိဘဲ ပေါ်လာပြီး ကြမ်းပြင်ပေါ်က အဖြူရောင်မျဉ်းတားထားတာကို ညွှန်ပြရင်း ပြောလိုက်တယ်။ မာရူးလည်း အဲဒီစည်းရဲ့ နောက်ကွယ်မှာပဲ ရပ်နေလိုက်တာပေါ့။ တစ်နည်းနည်းနဲ့ သူက သတင်းထောက်တွေနဲ့အတူ ရပ်နေမိသလို ဖြစ်သွားခဲ့တယ်။ မကြာခင်မှာပဲ စင်္ကြံလမ်းရဲ့ အဆုံးကနေ တစ်စုံတစ်ဦး ပေါ်လာခဲ့တယ်။ သူမက လက်တစ်ဖက်မှာ ရေသန့်ဗူးတစ်ဗူးကို ကိုင်ထားတာ။
“အန်းဂျူဟယွန်း ရောက်လာပြီ”
“ဒါက လေးနှစ်အတွင်း သူမရဲ့ ပထမဆုံး စီးပွားဖြစ် ရုပ်ရှင်ပဲ။ ဓာတ်ပုံ သေချာရိုက်ထားဦး။ ငါတို့ အဲဒါကို ဆောင်းပါးပေါ်မှာ ချက်ချင်း တင်မှာ”
“ဟေ့... မတွန်းနဲ့လေ”
သတင်းထောက်တွေက ဓာတ်ပုံတွေ တရစပ် ရိုက်ကူးကြတော့တယ်။ အခန်းတွင်း ဖြစ်နေတာတိုင်အောင် ကင်မရာ ဖလက်ရှ်မီးတွေက နေရာအနှံ့မှာ လင်းခနဲ လင်းခနဲ ဖြစ်နေတာပေါ့။ အဲဒီလို မျက်စိကျိန်းမတတ် လင်းထိန်နေတဲ့ ဖလက်ရှ်မီးတွေကြားထဲမှာတောင် အန်းဂျူဟယွန်းက မျက်တောင်တစ်ချက် မခတ်တာကို မာရူး မြင်လိုက်ရတဲ့အခါ သူမက တကယ့် ပရော်ဖက်ရှင်နယ် စစ်စစ်ပဲလို့ တွေးမိနေတယ်။
အန်းဂျူဟယွန်းက သတင်းထောက်တွေဘက်ကို လက်တစ်ချက် လှမ်းပြပြီးတဲ့နောက် အစည်းအဝေးခန်းမ ၁ ဆီကို လျှောက်သွားလိုက်တယ်။ သူမရဲ့ မန်နေဂျာ ဖြစ်ပုံရတဲ့လူက တံခါးကို လှမ်းဖွင့်ပေးတာပေါ့။ သူမက အထဲကို မဝင်ခင် နောက်ဆုံးတစ်ကြိမ် ပြန်လှည့်ကြည့်လိုက်တယ်။
“နင်တို့နှစ်ယောက် ဟိုမှာ ဘာလုပ်နေကြတာလဲ” အန်းဂျူဟယွန်းက မာရူးကို ညွှန်ပြရင်း ပြောလိုက်တယ်။ သတင်းထောက်တွေအားလုံးက ချက်ချင်းပဲ လှည့်ကြည့်လာကြတာပေါ့။
“နင်တို့တွေ ဘယ်တုန်းက အလုပ်ပြောင်းသွားကြတာလဲ” အန်းဂျူဟယွန်းက သူတို့နှစ်ယောက်ကို သူမဆီ လာခဲ့ဖို့ လက်ဟန်ပြလိုက်တယ်။ မာရူးက သူ့ရဲ့ မျက်ခုံးတွေကို ကုတ်ရင်း အစည်းအဝေးခန်းမဆီကို လျှောက်သွားလိုက်တာပေါ့။
“နင်တို့ ရောက်နေရင်လည်း အထဲမှာ စောင့်နေပါလား”
မာရူးက သူ့နောက်ကျောဘက်ကို တစ်ချက် လှမ်းကြည့်ပြီးမှ စကားပြောလိုက်တယ်။
“ဒီလိုမျိုး အဖြစ်အပျက်ကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာမို့လို့ပါ။ အဲဒါထက် အစ်မက တော်တော်လေး လူကြိုက်များတာပဲနော်”
“ငါက ကြယ်ပွင့်တစ်ပွင့်ပဲလေ။ ဒါပေမဲ့ ငါ အဲဒါကို သိပ်မကြိုက်ပါဘူး။ အဲဒီ သတင်းထောက်တွေထဲမှာ ငါ့အကြောင်း မကောင်းတဲ့ ဆောင်းပါး ရေးခဲ့ဖူးတဲ့သူ အနည်းဆုံး တစ်ယောက်တော့ ပါမှာပဲ။ ငါ သွားပြီးတော့ ငါ့ဓာတ်ပုံကို ဖျက်ခိုင်းလိုက်ရမလား”
အန်းဂျူဟယွန်းက ပြုံးပြရင်းနဲ့ ပြဿနာတက်စရာ ကောင်းတဲ့ အကြောင်းအရာတွေကို မျက်တောင်တစ်ချက် မခတ်ဘဲ ပြောနေတာ ဖြစ်တယ်။ လူတွေ့မေးမြန်းခန်းတစ်ခုမှာတောင် ဆဲဆိုနိုင်တဲ့ မင်းသမီးဆိုတော့ တကယ်ကို ရဲတင်းလွန်းလှတာပေါ့။ မာရူးရဲ့ နောက်ကနေ လိုက်လာတဲ့ ယိုဂျင်က ပြောလိုက်တယ်။
“အစ်မက တကယ်ကို လန်းတာပဲနော်”
“နင်လည်း နောက်ကျရင် သူတို့ကို ‘Fxxx’လို့ စိန်ခေါ်လိုက်လို့ ရတာပေါ့။ အသံထွက်က အရေးကြီးတယ်။ ‘Fxxx’ ဆိုပြီး ခပ်ပေါ့ပေါ့ မဟုတ်ဘူး။ စကားလုံး တစ်လုံးချင်းစီကို သေချာ ပီပီသသ အသံထွက်ရမယ်။ F..xxx"
“ဟဟဟား"
အမျိုးသမီးနှစ်ယောက်လုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ အစည်းအဝေးခန်းမထဲကို ဝင်သွားကြတယ်။ ခန်းမထဲမှာတော့ လူတွေအများကြီး နေရာယူထားကြပြီးသား ဖြစ်နေပြီ။ အလယ်က စားပွဲအရှည်ကြီးပေါ်မှာတော့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ နာမည်တွေ ရေးထားတဲ့ ကတ်ပြားလေးတွေ ရှိနေတာပေါ့။ နံရံတွေဘက်မှာလည်း ကုလားထိုင်တွေကို စီတန်းထားပြီး၊ အဲဒီကုလားထိုင်တွေပေါ်မှာလည်း ဇာတ်ညွှန်းတွေကို ကိုင်ထားတဲ့ လူတွေ ရှိနေကြတယ်။
‘အရံသရုပ်ဆောင်တွေကတော့ အပြင်ဘက်မှာ ထိုင်ရမယ့်ပုံပဲ’
အလယ်က စားပွဲဝိုင်းကတော့ အဓိကဇာတ်ဆောင်တွေနဲ့ ဇာတ်ပို့တွေအတွက် သီးသန့်ဖြစ်ပုံရတယ်။ အန်းဂျူဟယွန်းက စားပွဲမှာ ရဲရဲဝံ့ဝံ့ ဝင်ထိုင်လိုက်တာပေါ့။ အမှန်ပါပဲ၊ သူမရဲ့ ရှေ့တည့်တည့်မှာ သူမ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ရဲ့ နာမည် ရှိနေတယ်။
မာရူးကတော့ ညာဘက်နံရံရှေ့က ကုလားထိုင်တွေထဲက တစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ အဲဒီမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက သူ့ကို နှုတ်ဆက်တာပေါ့။ မာရူးကလည်း ပြန်ပြီး နှုတ်ဆက်လိုက်တယ်။
‘ဒီနေရာက လေထုကတော့ တကယ်ကို လေးလံလွန်းတယ်’
လေထုက ကွဲပြားခြားနားနေခဲ့တယ်။ ဒါက အလေ့အကျင့်ခန်း အစစ်အမှန် မဟုတ်ဘဲ သတင်းထောက်တွေအတွက် ပြသတဲ့ ပွဲတစ်ခုမျှသာ ဖြစ်တာတိုင်အောင်၊ ဒီနေရာမှာ ရှိနေတဲ့လူတွေက ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြတာမို့လို့ ပတ်ဝန်းကျင် အနေအထားက ကွဲပြားခြားနားနေတာပေါ့။ မာရူးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အိတ်ထဲကနေ ဇာတ်ညွှန်းကို ထုတ်လိုက်တယ်။ သူ့အနေနဲ့ ဒီနေရာက လေထု အနေအထားကို အရင်ဆုံး ကျင့်သားရအောင် လုပ်ရမှာ ဖြစ်လို့ပဲ။
* * * * * * * * *