← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း(၂၅၉)

“ကင်မရာသမားတွေ ဒီဘက်ကို ကြွပေးကြပါဦးခင်ဗျာ”

သုံးချောင်းထောက် ကင်မရာတွေကိုယ်စီနဲ့ လူနှစ်ယောက် ဝင်လာကြတယ်။ ကင်မရာသမားတွေဟာ ဒေါင့်ကောင်းကောင်း ရနိုင်မယ့်နေရာကို ရှာဖို့ အခန်းထဲ လှည့်ပတ်ကြည့်နေကြပြီး တပြိုင်နက်တည်းမှာပဲ ကင်မရာနှစ်လုံးကို အဆင်သင့် နေရာချလိုက်တယ်။ အဲဒီနောက်မှာတော့ အပြင်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေပါ ဝင်လာကြတာပေါ့။ သူတို့က ကြိုတင်ညွှန်ကြားထားခြင်း ခံရသလိုမျိုး ဘာသံမှမထွက်ဘဲ ကိုယ့်နေရာကိုယ် ရှာထိုင်ကြတယ်။ ဆက်တိုက်ဆိုသလိုပဲ လက်ထဲမှာ ဇာတ်ညွှန်းတွေ ကိုင်ထားတဲ့လူတွေ ဝင်လာပြန်တယ်။ ကြည့်ရတာ ဒီရုပ်ရှင်ရဲ့ ပရိုဂျူဆာတွေ ထင်ပါရဲ့။

လွတ်နေတဲ့ ခုံတွေမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် လာထိုင်ကြရင်း နောက်ဆုံးတော့ မင်းသား၊ မင်းသမီးတွေအတွက် ချန်ထားတဲ့ ခုံအနည်းငယ်ကလွဲလို့ ကျန်တဲ့ခုံတွေ အကုန်ပြည့်သွားတော့တယ်။

“ဂျီဆော့ ဘာလို့ အခုထိ ရောက်မလာသေးတာပါလိမ့်”

ယိုဂျင်က မေးလိုက်တော့ မာရူးလည်း အစည်းအဝေးခန်းမထဲကို ဝေ့ဝဲကြည့်မိတာပေါ့။ အမြဲတမ်း ပေါ့ပေါ့ပါးပါး ပြုံးနေတတ်တဲ့ ဂျီဆော့ရဲ့ အရိပ်အယောင်ကို ဘယ်နေရာမှာမှ မတွေ့ရဘူး။

“သူ့မှာ ကြိုချိန်းထားတာ ရှိနေလို့နေမှာပေါ့”

“နင်ကတော့လေ... နည်းနည်းလေးတောင် စိတ်မပူဘူးလား”

“ငါတို့က သူများအတွက် စိတ်ပူပေးရလောက်အောင်အထိ မရင်းနှီးကြသေးဘူးလေ”

“တကယ်ကို နှလုံးသားမရှိတဲ့ လူသားပဲ”

“အဲလောက်တောင် စိတ်ပူနေရင်လည်း သူ့ဆီ ဖုန်းဆက်ကြည့်လိုက်ပါလား”

“အပိုအလုပ်တွေ မလုပ်ချင်ပါဘူး... ထားလိုက်တော့”

ဘယ်သူက ပိုပြီး နှလုံးသားမရှိတာလဲဆိုတာ တွေးရင်း မာရူးကတော့ ရင်ထဲက အကြောက်တရားတွေကို မောင်းထုတ်တဲ့အနေနဲ့ လက်မောင်းနှစ်ဖက်ကို အသာဆန့်ထုတ်လိုက်တယ်။

“အာ... အစ်မဆူယွန်း လာပြီ”

ဆူယွန်းက အခန်းထဲ ဝင်လာပြီး သူမထက် အရင်ရောက်နေတဲ့ သရုပ်ဆောင်တွေကို နှုတ်ဆက်လိုက်တယ်။ စီနီယာ သရုပ်ဆောင်တွေကလည်း သူမကို နွေးနွေးထွေးထွေး ကြိုဆိုကြတာပေါ့။ ဆူယွန်းက ဂျူဟယွန်းရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်တယ်။

“အစ်မ... ဒီတစ်ခေါက်လည်း ညီမကို သေချာလေး စောင့်ရှောက်ပေးပါဦးနော်”

“အေးပါအေ။ တို့တွေ ပြီးခဲ့တဲ့ အခေါက်က ဇာတ်လမ်းတွဲအတူတူ ရိုက်ဖူးကတည်းကဆို ဒါ ဒုတိယအကြိမ်မြောက်ပေါ့ ဟုတ်လား။ ညည်းလည်း တို့ကို ပြန်ကြည့်ပေးဦးပေါ့”

ဆူယွန်းနဲ့ ဂျူဟယွန်းတို့က တစ်ယောက်ကိုတစ်ယောက် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေကြပေမယ့် သူတို့နှစ်ယောက်ကြားက လျှပ်စစ်မီးပွားတွေ ပွင့်ထွက်နေတာကိုတော့ မာရူးတစ်ယောက် အတိုင်းသား မြင်နေရတယ်။

“အိုး... ယိုဂျင်။ ညည်းက ဘာလို့ ဟိုးအဝေးကြီးမှာ သွားထိုင်နေရတာလဲ။ ညည်းခုံက ဒီမှာလေ”

ဆူယွန်းက ယိုဂျင်ကို လှမ်းခေါ်လိုက်တယ်။ ယိုဂျင်က ခေါင်းလေးစောင်းပြီး စားပွဲပေါ်က နာမည်ကတ်ပြားတွေကို ကြည့်ဖို့ ထရပ်လိုက်တယ်။ မာရူးလည်း လှမ်းကြည့်လိုက်တော့ ‘သမီးအလတ် / လီယိုဂျင်’ ဆိုတဲ့ နာမည်ကတ်ပြား ရှိနေတာ အမှန်ပဲ။ ယိုဂျင်က သူမအတွက် သတ်မှတ်ထားတဲ့ ခုံဆီ လျှောက်သွားပြီး ထိုင်လိုက်တယ်။ ယိုဂျင် ထသွားလို့ လွတ်သွားတဲ့ ခုံမှာတော့ တခြားလူတစ်ယောက် ချက်ချင်း ဝင်ထိုင်လိုက်တာပေါ့။ ယိုဂျင်က သူ့ကို အားနာသလိုမျိုး လှမ်းကြည့်နေတာကို မာရူး မြင်လိုက်ရတယ်။ ဒါပေမယ့် ဇာတ်ဝင်ခန်း အများကြီးပါတဲ့ ယိုဂျင်က အဓိကစားပွဲမှာ ထိုင်ရမှာ သဘာဝကျတာမို့ မာရူးကတော့ ပုခုံးတစ်ချက်ပဲ တွန့်ပြလိုက်ပါတယ်။ တကယ့်တော့ အရံသရုပ်ဆောင်တွေထဲမှာတင် အဆင့်အတန်းချင်းက ကွာခြားနေတာကိုး။

“အာ... အားလုံး ရောက်နေကြပြီပဲ”

အဲဒီနောက်မှာတော့ ဘတ်ထယ်ဟို ဝင်လာတယ်။ သူက ဒယ်ဂျုံရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး မင်းသားဆု ရထားတဲ့သူဆိုတော့ သတင်းထောက်တွေအားလုံး သူ့ကို ဓာတ်ပုံရိုက်ဖို့ အပြိုင်အလှန် ကြိုးစားနေကြတာကို မာရူး မြင်လိုက်ရတယ်။ သရုပ်ဆောင်တွေ အားလုံးကလည်း သူ့ကို နှုတ်ဆက်ဖို့ အသာလေး ထရပ်ကြတာပေါ့။

“မတ်တပ်မရပ်ကြပါနဲ့ဦး။ အဲဒါက အဘိုးကြီးယွန်း ရောက်လာမှ လုပ်ရမှာ”

ထယ်ဟိုက အားရပါးရ ရယ်မောပြီး သူ့ခုံမှာ ဝင်ထိုင်လိုက်တယ်။ အသံစစ်ဆေးတုန်းကအတိုင်းပဲ သူ့ရဲ့ တက်ကြွတဲ့ အရည်အချင်းကတော့ အခုထိ မပြောင်းလဲသေးဘူး။ မာရူးရဲ့ မျက်လုံးတွေက ထယ်ဟိုနဲ့ ခဏတာ ဆုံသွားတဲ့အချိန်မှာ ထယ်ဟိုက သူ့ကို မျက်စိတစ်ချက် မှိတ်ပြလိုက်တယ်။ မာရူးလည်း ပြန်ပြုံးပြရင်း ခေါင်းလေး အသာညိတ်ပြီး နှုတ်ဆက်လိုက်တာပေါ့။

မကြာခင်မှာပဲ ရုပ်ရှင်ထဲမှာ ထယ်ဟိုရဲ့ ဇနီးအဖြစ် သရုပ်ဆောင်မယ့် ဂျောင်ယွန်းဟဲ ဝင်လာတယ်။ သူမက ရိုးရိုးရှင်းရှင်း အဝတ်အစားတွေကို ဝတ်ထားပေမယ့် မိတ်ကပ်ကိုတော့ အထူကြီး လိမ်းထားတာပဲ။ ယွန်းဟဲ က ဂျူဟယွန်းကို ရန်လိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို မာရူး သတိထားမိလိုက်တယ်။ ကြည့်ရတာ ဒီနှစ်ယောက် ဆက်ဆံရေးက မကောင်းဘူး ထင်ပါရဲ့။

“ဂျူဟယွန်း... ညည်းဆံပင်က အခုထိ ခရမ်းရောင်ကြီးအတိုင်းပဲ ရှိသေးတာပဲ။ ရိုက်ကူးရေးလုပ်တဲ့အထိ အဲဒီဆံပင်ကြီးအတိုင်း ထားမယ်ဆိုရင်တော့ ကြည့်ရတာ တော်တော်လေး ကောင်းမယ့် မြင်ကွင်းကြီး ဖြစ်နေမှာပဲနော်”

“ဟုတ်လား... အဲလိုလုပ်ရမလား။ ဒါဆို ဒါရိုက်တာကြီးကို ခွင့်ပြုချက်တောင်းပြီး ဒီအတိုင်း ထားလိုက်ရမလား”

“ဖူး... ညည်းကလည်း နောက်တာကို အတည်ကြီး လိုက်တွေးနေပြန်ပြီ”

“ညီမကလည်း နောက်တာပဲလေ။ အစ်မက အတည်ကြီး မှတ်သွားတာလား”

ဂျူဟယွန်းနဲ့ ယွန်းဟဲ တို့က အဲလိုပြောပြီးတာနဲ့ တပြိုင်နက် ဟက်ဟက်ပတ်ပတ် ရယ်မောရင်း တစ်ယောက်ကိုတစ်ယောက် နွေးနွေးထွေးထွေး ကြည့်လိုက်ကြတယ်။ မာရူးတစ်ယောက် သက်ပြင်းပဲ ချမိတော့တယ်။ အဲဒီလို နွေးထွေးတဲ့ အပြုံးတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ ဓားတစ်လက် ရှိနေတာကိုး။ မိန်းမတွေရဲ့ စကားပြောပုံက တကယ်ကို ကြောက်စရာကောင်းလှတယ်။

‘သူတို့တွေက တစ်ယောက်ကိုတစ်ယောက် ရန်လိုနေတာကို အထင်အရှား ပြနေကြတာပဲ။ ဒီနှစ်ယောက် ဆက်ဆံရေးက အဲလောက်တောင် ဆိုးနေတာလား’

သတင်းထောက်တွေရဲ့ ရှေ့မှာတင် ဒီလိုအခြေအနေမျိုး ဖန်တီးနေကြတာကို ကြည့်ရင် သူတို့နှစ်ယောက်ကြားက အဆင်မပြေမှုက တော်တော်လေးကို ကြီးမားနေပုံရတယ်။ ပြန်တွေးကြည့်ရင် ဂျူဟယွန်းမှာ ရန်သူတွေ တော်တော်များပုံပဲ။ ဆူယွန်းနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိပုံမရဘူးလေ။ လျှို့ဝှက်ချက်တွေ အများကြီးရှိတဲ့ ဆူယွန်းလို မိန်းမမျိုးအတွက်တော့ မိမိစိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်တဲ့ ဂျူဟယွန်းလို မိန်းမမျိုးက နေရထိုင်ရ ခက်စေတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေမှာ အမှန်ပဲ။

“တို့ မင်းသမီးတွေရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းမွန်နေပုံရတယ်နော်”

ထယ်ဟိုက သူ့ရဲ့ ဇာတ်ညွှန်းစာအုပ်ကို ကောက်ကိုင်ရင်း ဝင်ပြောလိုက်တယ်။ သူ့ရဲ့ စကားကြောင့် တင်းမာနေတဲ့ အခြေအနေက ချက်ချင်းဆိုသလို ငြိမ်သက်သွားတာပေါ့။ ယွန်းဟဲ က တခစ်ခစ် ရယ်မောပြီး ထယ်ဟို ဝလာတယ်လို့ စနောက်လိုက်တယ်။ စကားဝိုင်းရဲ့ ဦးတည်ချက်က ထယ်ဟိုနဲ့ ယွန်းဟဲ ဆီကို ပြောင်းသွားပြီး ဂျူဟယွန်းကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး သူမရဲ့ ဇာတ်ညွှန်းကိုပဲ ဆက်ဖတ်နေတော့တယ်။

“ဟူး...”

မာရူးရဲ့ ဘေးမှာ ထိုင်နေတဲ့ လူတစ်ယောက် သက်ပြင်းချလိုက်တာကို သူ သတိထားမိတယ်။ သူက ဂျူဟယွန်းကို ပူပန်တုန်လှုပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို ထောက်ရင် ဒီလူက သူမရဲ့ မန်နေဂျာ ဖြစ်ရမယ်။ မိမိတာဝန်ယူထားရတဲ့ မင်းသမီး အမှားအယွင်းတစ်ခုခု လုပ်မိမှာကို စိုးရိမ်ပူပန်နေရတဲ့ သူ့ကိုကြည့်ပြီး မာရူး တကယ်ပဲ သနားမိသွားတယ်။

“မမဂျူဟယွန်းရယ်... ကျေးဇူးပြုပြီး စိတ်ကို နည်းနည်းလောက် ထိန်းပေးပါဦး”

မာရူးကတော့ စိတ်ထဲကနေ အဲဒီမန်နေဂျာကိုပဲ အားပေးနေမိတော့တယ်။ မန်နေဂျာတစ်ယောက်ရဲ့ ခံစားချက်ကို သူ ကောင်းကောင်း နားလည်တာပေါ့။ ဘာပဲဖြစ်ဖြစ် မန်နေဂျာတွေဆိုတာ ဘာလုပ်လုပ် အဆဲခံရတဲ့သူတွေ မဟုတ်လား။ သန်းခေါင်ယံအချိန်ကြီးမှာလည်း အရေးမပါတဲ့ ကိစ္စတွေအတွက် လှည့်ပတ်သွားလာနေရသလို အကြောင်းတစ်ခုခုကြောင့် မင်းသမီးကို အချိန်မီ မပို့ဆောင်နိုင်ရင်လည်း နေရာအနှံ့ကို ဖုန်းဆက်ပြီး တောင်းပန်နေရတဲ့သူတွေလေ။

“အားလုံး စုံကြပြီထင်တယ်နော်။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ... ဟားဟား”

ချွဲဂျုန်ဂွန် ဝင်လာတယ်။ သူက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာပေါ့။ သူ့နောက်ကနေ မည်းနက်နေတဲ့ မျက်မှန်ကြီးကို တပ်ဆင်ထားတဲ့ ဂွတ်ဂျွန်ပါ ဝင်လာတယ်။ သူက မူရင်းဝတ္ထုရဲ့ စာရေးဆရာဖြစ်သလို ဇာတ်ညွှန်းရေးသားတဲ့နေရာမှာလည်း ပါဝင်ခဲ့သူမို့ ဒီနေရာကို ရောက်လာဖို့ အရည်အချင်း ပြည့်မီတာပေါ့။

မာရူးက ဂွတ်ဂျွန်ကို နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းလေး အသာညိတ်ပြလိုက်တယ်။ ဂွတ်ဂျွန်ကလည်း သူ့ကို လက်ပြပြီး ပြန်လည်နှုတ်ဆက်တာပေါ့။

ဂွန်ဆူ အပါအဝင် သရုပ်ဆောင်အများစု စားပွဲမှာ ဝင်ထိုင်ပြီးတဲ့အထိ အချိန်အနည်းငယ် ထပ်ကုန်သွားတယ်။

“ဒါဆို တို့တွေ အဘိုးကြီးယွန်း တစ်ယောက်ပဲ လိုတော့တာပေါ့ ဟုတ်လား”

ဒါရိုက်တာ ချွဲဂျုန်ဂွန်က ဝင်ထိုင်ရင်း ပြောလိုက်တယ်။ ဂွတ်ဂျွန်က သူ့ဘေးမှာ ဝင်ထိုင်တာပေါ့။ ဇာတ်ညွှန်းဖတ်ရမယ့် အချိန်ရောက်ဖို့ ငါးမိနစ်လောက် လိုသေးတယ်။ အဲဒီအချိန်မှာပဲ ဂျွန်မင်း ဝင်လာတယ်။ သူ့နောက်မှာ လူအနည်းငယ် လိုက်လာကြပြီး ကြည့်ရတာ ထုတ်လုပ်ရေးကုမ္ပဏီက လူတွေ ထင်ပါရဲ့။

အားလုံးက ဒါရိုက်တာရဲ့ ဦးဆောင်မှုအောက်မှာ စကားတွေ စပြောကြတယ်။ သူက ဒီမှာရှိတဲ့ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပုံရပြီး စကားပြောရတာ ပေါ့ပေါ့ပါးပါး ရှိလှတယ်။ လူတိုင်းကို စကားပြောခွင့် ရအောင်လည်း သူက ဖန်တီးပေးသေးတယ်။ သူက ‘ကတ်’ လို့ အော်ရုံတင်မကဘဲ ဇာတ်လမ်းတစ်ခုလုံးကို တကယ်ပဲ စိတ်ဝင်တစား ဂရုစိုက်တတ်တဲ့ ဒါရိုက်တာစစ်စစ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ။

အားလုံးက မကြာသေးခင်က ကိစ္စတွေကို ပြောဆိုရယ်မောနေကြတုန်း တံခါးက နောက်တစ်ကြိမ် ပွင့်လာပြန်တယ်။ ဒီတစ်ခေါက်မှာတော့ အားလုံးက တိတ်ဆိတ်စွာနဲ့ တံခါးဝဆီကိုပဲ ကြည့်မိကြတာပေါ့။ မာရူးလည်း အတူတူပါပဲ။ သူက ဇာတ်ညွှန်းစာအုပ်ကို ပိတ်လိုက်ပြီး မွန်ဂျောင် အစည်းအဝေးခန်းမထဲ ဝင်လာတာကို စိုက်ကြည့်နေမိတယ်။ သူက လက်တစ်ဖက်မှာ မည်းနက်နေတဲ့ ပလတ်စတစ်အိတ်တစ်အိတ်ကို ကိုင်ထားပြီး နို့နှစ်ရောင် ကုတ်အင်္ကျီနဲ့ ထိပ်တွေ စုတ်ပြဲနေတဲ့ ညိုမှိုင်းမှိုင်း ဖိနပ်တစ်စုံကို ဝတ်ဆင်ထားတယ်။ သူက ကြင်နာတတ်တဲ့ အပြုံးတစ်ခုနဲ့ အခန်းထဲ ဝင်လာတာကို ကြည့်ရင် ရပ်ကွက်ထဲမှာ တွေ့နိုင်မယ့် ရိုးရိုး အဘိုးကြီးတစ်ယောက်လိုပါပဲ။

“အားလုံးပဲ အားနာပါတယ်ဗျာ။ ကျွန်တော် သွားစရာ နေရာတစ်ခု ရှိနေလို့ နည်းနည်းလေး နောက်ကျသွားတယ်”

“မဟန်တာပဲ အဘိုးရယ်။ အချိန်က ကွက်တိပါပဲ။ မဟုတ်ဘူး... အဘိုးက တစ်မိနစ်တောင် စောသေးတယ်”

ဂျုန်ဂွန်က အသာအယာ နောက်ပြောင်လိုက်ရင်း မွန်ဂျောင်ကို အဓိကနေရာက ခုံဆီ ခေါ်သွားပေးတယ်။

“နေဦးဗျာ”

မွန်ဂျောင်က ခုံမှာ မထိုင်ခင် သူ့လက်ထဲက ပလတ်စတစ်အိတ်ထဲကနေ တစ်စုံတစ်ခုကို ထုတ်လိုက်တယ်။ အဲဒါတွေက လိမ္မော်သီးတွေပဲ။

လိမ္မော်သီးတွေ ဟုတ်လား။ မာရူးတစ်ယောက် ဘာတွေဖြစ်နေတာလဲလို့ တွေးတောနေတုန်းမှာပဲ မွန်ဂျောင်က စားပွဲပတ်လည်က သရုပ်ဆောင်တွေကို လိမ္မော်သီး တစ်လုံးစီ လိုက်ပေးနေတယ်။ ကျန်တဲ့အသီးတွေကိုတော့ အပြင်ဘက်က လူတွေကို ပေးလိုက်တာပေါ့။

“အားလုံးပဲ စောင့်ရှောက်ပေးကြပါဦး”

မွန်ဂျောင်က နွေးထွေးတဲ့ အပြုံးနဲ့ အဲဒီစကားကို ပြောရင်း သူ့ခုံမှာ ဝင်ထိုင်လိုက်တယ်။

“တို့တွေ ဒီလိမ္မော်သီးတွေကို မိသားစုရဲ့ ရတနာတစ်ခုလိုမျိုး တန်ဖိုးထားပြီး သိမ်းထားရမလား မသိဘူးနော်”

“မဟုတ်ဘူးလေ... ဒါကို ကံကောင်းခြင်းရဲ့ အဆောင်အယောင်တစ်ခုလို သဘောထားရမှာ”

“စားပွဲပေါ်တင်ပြီး စားဖို့တောင် တကယ် နှမြောစရာကြီးနော်”

သရုပ်ဆောင်တွေ အားလုံးက မွန်ဂျောင်ကို ချီးမွမ်းတဲ့ စကားလုံးတွေကိုယ်စီ ပြောကြတာပေါ့။ အဲဒီအချိန်မှာ မာရူးကတော့ လိမ္မော်သီး အခွံကို ခွာပြီး စားပွဲပေါ်တင် စားနေပြီ။ သူ့ဘေးမှာ ထိုင်နေတဲ့ မန်နေဂျာက သူ့ကို အံ့ဩတုန်လှုပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီးမှ သူ့အသီးကို သူ ပြန်စားတော့တယ်။

“ကဲ... ဒါဆိုရင် စားလို့သောက်လို့ ပြီးကြပြီဆိုရင် ဇာတ်ညွှန်းဖတ်တာ စကြရအောင်”

ဂျုန်ဂွန်က လိမ္မော်သီးခွံတွေကို တစ်ဖက်ဆီ ဖယ်လိုက်ရင်း ပြောလိုက်တယ်။

သရုပ်ဆောင်တွေ အားလုံးကလည်း ဇာတ်ညွှန်းစာအုပ်တွေကိုယ်စီ မြှောက်ကိုင်လိုက်ကြတယ်။ တင်းမာခက်ထန်တဲ့ အခြေအနေမျိုး ရှိမနေဘူး။ ဒါက သူတို့ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတစ်ခုလိုပါပဲ။

မာရူးက သူ အရင်က လုပ်ခဲ့ဖူးတဲ့ ဇာတ်ညွှန်းဖတ်ပွဲတွေကို ပြန်တွေးမိသွားတယ်။ သူက မီဆို၊ ဂန်ဟွမ်၊ ဆူယွန်းတို့နဲ့ အတူတူ တစ်ခေါက် လုပ်ခဲ့ဖူးတာလေ။ နည်းပြအမျိုးမျိုးရဲ့ အောက်မှာ လုပ်ခဲ့ဖူးပေမယ့် သူတို့အားလုံးက ဇာတ်ညွှန်းဖတ်တဲ့ အချိန်တွေမှာ တော်တော်လေး စည်းကမ်းကြီးကြတယ်။ အဲဒီအချိန်တုန်းက သူက အမြဲတမ်း တကယ့်ရိုက်ကူးရေးလိုမျိုး လေ့ကျင့်ရမယ်လို့ အပြောခံခဲ့ရပေမယ့် အခုဒီနေရာကတော့ ခါတိုင်းထက် ပိုပြီး လျော့ရဲနေသလို ခံစားရလို့ သူ့မှာ အနေခက်သလို တုန့်ဆိုင်းဆိုင်း ဖြစ်နေမိတာပေါ့။

ဒါက တကယ့် ပရော်ဖက်ရှင်နယ်တွေရဲ့ ပုံစံမျိုးပေါ့ ဟုတ်လား။

ဂျုန်ဂွန်က ထရပ်လိုက်တယ်။ သူက ရုပ်ရှင်ကြီး အောင်မြင်ပါစေကြောင်း ဆုတောင်းစကား ပြောရင်း အစည်းအဝေးကို အကျဉ်းချုံး စတင်လိုက်တာပေါ့။ မူရင်းစာရေးဆရာဖြစ်တဲ့ ဂွတ်ဂျွန်က သူ့နောက်ကနေ ထရပ်ပြန်တယ်။

“ကျွန်တော် နည်းနည်း မာနကြီးသလိုမျိုး ပြုမူမိရင်လည်း နားလည်ပေးကြပါဦးခင်ဗျာ”

ဂွတ်ဂျွန်က သူ နောက်နေတာ မဟုတ်ကြောင်းကို သူ့ရဲ့ မျက်နှာအမူအရာနဲ့ သက်သေပြလိုက်တယ်။ သရုပ်ဆောင်တွေ အားလုံးက စိတ်ထဲကနေ ညည်းတွားမိကြတာပေါ့။ အဲဒီနောက်မှာတော့ မွန်ဂျောင်ကနေ စလို့ အရံသရုပ်ဆောင်တွေအထိ အားလုံးက အလှည့်ကျ နှုတ်ဆက်စကား ပြောကြတယ်။

အဓိကနေရာတွေထဲက တစ်ခုမှာ ထိုင်နေတဲ့ ယိုဂျင်ကတော့ ကြိုတင်ပြင်ဆင်ထားသလိုမျိုးပဲ ချောချောမွေ့မွေ့ နှုတ်ဆက်စကား ပြောသွားနိုင်တယ်။

“နှုတ်ဆက်တာတွေလည်း ပြီးပြီဆိုတော့ စလိုက်ကြရအောင်။ အရံသရုပ်ဆောင်တွေရဲ့ စကားပြောခန်းတွေကိုတော့ ကျွန်တော်ပဲ ဖတ်ပေးသွားမယ်။ နားချိန်မရှိဘဲ တစ်ဆက်တည်း ဇာတ်ညွှန်းကို ဖတ်သွားကြမယ်နော်။ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် လုပ်ကြရအောင်ဗျာ”

ဂျုန်ဂွန်ရဲ့ စကားကို ကြားပြီးနောက် မာရူးက ခေါင်းမော့ကြည့်လိုက်တယ်။ သူက အရံသရုပ်ဆောင်တွေရဲ့ စကားပြောခန်းတွေကို ဖတ်ပေးမယ် ဟုတ်လား။ သူ နည်းနည်း ဇဝေဇဝါ ဖြစ်သွားပေမယ့်လည်း သူက မေးမြန်းနိုင်တဲ့ အခြေအနေမျိုးမှာ ရှိမနေတာမို့ ငြိမ်ပြီး စောင့်နေလိုက်တာပေါ့။

စားပွဲဆီကနေ စာမျက်နှာလှန်လိုက်တဲ့ အသံတွေ ကြားလိုက်ရတယ်။ တပြိုင်နက်တည်းမှာပဲ စည်းချက်ညီညီ ထွက်ပေါ်လာတဲ့ စာမျက်နှာလှန်သံကို ကြားလိုက်ရတဲ့အခါ မာရူး နည်းနည်း ထိတ်လန့်သွားမိတယ်။ ဒါက ဇာတ်ညွှန်းဖတ်ပွဲ စတင်ခြင်းရဲ့ အချက်ပြသံပဲ။ အပြင်ဘက်က လူတွေကလည်း သူတို့ရဲ့ ဇာတ်ညွှန်းစာအုပ်တွေကိုယ်စီ လှန်လိုက်ကြတယ်။

#Scene 1. အမှိုက်ဟောင်းဆိုင်။ မွန်းတည့်ချိန်

ရုပ်ရှင်က မွန်ဂျောင်ရဲ့ တစ်ယောက်တည်း စကားပြောခန်းနဲ့ စတင်ခဲ့တယ်။

“ငါပြောသလိုပဲ... ငါ့ကို နောက်ထပ် ၁၀ ဝမ်လောက် ပိုပေးပါဦး”

အသံက ကျယ်ဝန်းလှတဲ့ အစည်းအဝေးခန်းမကြီးတစ်ခုလုံးကို လွှမ်းမိုးသွားတယ်။ အသံက သိပ်ပြီး မကျယ်လှပေမယ့် မာရူးရဲ့ ဘေးနားတင် ပြောနေသလိုမျိုး တိတိလင်းလင်း ရှိလှတယ်။ မွန်ဂျောင်က ဇာတ်ညွှန်းကို ကြည့်ရင်း သူ့ရဲ့ စကားပြောခန်းကို ပြောလိုက်တာ။ သူ့ကျောပြင်က ကုန်းနေတယ်။ ပေါ့ပေါ့ပါးပါး အနေအထားကနေ ထွက်လာတဲ့ သူ့ရဲ့အသံက မာရူး ကျောပြင်ကို ဆန့်ထုတ်ပြီး ဝမ်းဗိုက်ကို တင်းကျပ်ထားတဲ့ အချိန်ထက် ပိုပြီးတော့ သိပ်သည်းကျစ်လစ်နေတာကိုး။

“မရဘူးလို့ ငါပြောပြီးပြီလေ... ခဏခဏ လာမတောင်းနေနဲ့တော့”

ဒါရိုက်တာရဲ့ ဆက်တိုက်ဆိုသလို ထွက်လာတဲ့ အသံကတော့ တကယ့်ကို အရည်အသွေး နိမ့်ပါးလွန်းလှတယ်။ အသံကို မဆိုးဝါးအောင် ကြိုးစားထားတာကို အတိုင်းသား ခံစားရပေမယ့် မွန်ဂျောင်ရဲ့ အသံနဲ့ ယှဉ်လိုက်ရင်တော့ သိသိသာသာ ကွာခြားလွန်းလှတာမို့ နားထောင်နေရတဲ့ လူတွေမှာတောင် မျက်နှာပူစရာ ဖြစ်နေရတယ်။ ဂျုန်ဂွန်က သူက အရံသရုပ်ဆောင်တွေနေရာမှာ ဝင်ဖတ်ပေးနေတာဆိုတာ သိပေမယ့် အခြေအနေက ချက်ချင်းကြီး ကွာခြားသွားတဲ့အခါမှာတော့ တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ကြီး ဖြစ်သွားရတာပေါ့။ အဲဒါက အမှိုက်ဟောင်းဆိုင်က မြင်ကွင်းကနေ လက်တွေ့ဘဝလို့ ခေါ်တဲ့ အစည်းအဝေးခန်းမဆီကို ချက်ချင်းကြီး ကူးပြောင်းသွားသလိုမျိုးပဲ။

အဲလို ကွာဟချက်တွေ ရှိနေပေမယ့်လည်း မွန်ဂျောင်က နောက်တစ်ကြိမ် စကားပြောလိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင်က အရင်အတိုင်း ပြန်ပြောင်းသွားပြန်တယ်။ အမှိုက်ဟောင်းဆိုင်ပိုင်ရှင်ဆီကနေ ၁၀ ဝမ် ပိုရဖို့ တောင်းပန်နေတဲ့ သနားစရာ အဘိုးကြီးတစ်ယောက်ရဲ့ ပုံစံက ပြန်ပေါ်လာတာပေါ့။

ဒါက တကယ့်ကို ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံတစ်ခုပဲ။

ကမ္ဘာတစ်ခုလုံးကို ဖန်တီးနိုင်စွမ်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ စကားလုံးတစ်လုံးချင်းစီရဲ့ အလေးချိန်ကို ကြည့်ပြီး မာရူးတစ်ယောက် အံ့အားသင့် မှင်တက်မိနေတော့တယ်။ မာရူးက မွန်ဂျောင်ရဲ့ ကျောပြင်ကိုပဲ ကြည့်နေရတဲ့ အဖြစ်ကို တကယ်ပဲ မကျေမနပ် ဖြစ်နေမိတာပေါ့။ သူသာ အခုထိုင်နေတဲ့ နေရာထက် နည်းနည်းလောက် ဘယ်ဘက်ကို တိုးထိုင်ခဲ့မယ်ဆိုရင် မွန်ဂျောင်ရဲ့ သရုပ်ဆောင်နေတဲ့ မျက်နှာအမူအရာကို မြင်နိုင်ခဲ့မှာပဲ။

တစ်ချိန်က တောင်ကိုရီးယားရဲ့ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်လို့ လူသိများခဲ့တဲ့ လူတစ်ယောက်ရဲ့ သရုပ်ဆောင်မှုကတော့ တကယ်ကို ကွာခြားလှတယ်။ အဲဒီစကားလုံးတွေထဲက စိတ်ခံစားမှုတွေက လုံးဝ ခက်ထန်ကြမ်းတမ်းမနေဘူး။ ဒါက နေ့စဉ်ဘဝမှာ ကြားနေရတဲ့ စကားပြောဆိုမှုမျိုးပါပဲ။ မွန်ဂျောင်က သူ့ရဲ့ ရိုးရိုးရှင်းရှင်း စကားပြောပုံလေးနဲ့တင် နားထောင်နေရတဲ့လူတွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိရှစေတာကိုး။

မာရူးက ဆရာကြီးတွေနဲ့ အတွေ့အကြုံမရှိတဲ့ လူသစ်တွေကြားက အခြေခံကျကျ ကွာခြားချက်ကို ပြန်လည်အမှတ်ရနေမိတယ်။

‘ညံ့ဖျင်းလိုက်တာ’

ကလပ်ထဲမှာ အတည်ငြိမ်ဆုံး သရုပ်ဆောင်နိုင်တယ်လို့ အကဲဖြတ်ခြင်းခံရတဲ့ ဂွန်ဆော့တောင်မှ ဒီလူ့ရှေ့မှာတော့ အသေးအဖွဲကလေးလို ဖြစ်နေရတယ်။

ဇာတ်လမ်းက ဆက်တိုက်ဆိုသလို တိုးတက်လာပြီး သရုပ်ဆောင်တွေ ပိုပြီး ပါဝင်လာကြတယ်။

မာရူးက နားထောင်ရင်း ဇာတ်ညွှန်းကို မျက်လုံးနဲ့ လိုက်ဖတ်နေပြီး စိတ်ထဲကနေလည်း အဲဒီစကားပြောခန်းတွေကို လိုက်ပြောကြည့်နေမိတာပေါ့။ သူတို့နဲ့ ယှဉ်လိုက်ရင် သူ့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကို သိလိုက်ရတဲ့အခါမှာတော့ သူ သုန်မှုန်စွာနဲ့ပဲ ပြုံးမိတော့တယ်။

ဒီမှာရှိတဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့ပါးပါး ရှိလှပုံရတယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်အထိ ပြုံးနေတဲ့ သရုပ်ဆောင်တစ်ယောက်က မြင်ကွင်းပြောင်းသွားတာနဲ့ တပြိုင်နက် ဒေါသတကြီး ဖြစ်သွားသလို လွန်ခဲ့တဲ့ မိနစ်ပိုင်းအထိ ငိုနေတဲ့သူကလည်း အရူးတစ်ယောက်လိုမျိုး ဟဟပပ ရယ်မောနေပြန်တယ်။

စိတ်ခံစားမှုတွေက ချက်ချင်းဆိုသလို ပြောင်းလဲသွားတာပဲ။ သူတို့မှာ ဘာပြင်ဆင်မှုမှ လိုအပ်ပုံမရဘူး။ ပိုပြီး အံ့ဩဖို့ကောင်းတာက သူတို့ ဇာတ်ဝင်ခန်းထဲမှာ မပါဝင်ရတဲ့ အချိန်တွေမှာ တခြားသရုပ်ဆောင်တွေနဲ့ပါ စကားလက်ဆုံ ကျနေကြသေးတာပဲ။

ဒီပတ်ဝန်းကျင်က ဂျူနီယာ သရုပ်ဆောင်တွေရဲ့ အမှားအယွင်းတွေကို ခွင့်လွှတ်ပေးနိုင်လောက်အောင်အထိ လျော့ရဲနေပေမယ့် သရုပ်ဆောင်တွေ ပြောလိုက်တဲ့ စကားလုံးတွေက တကယ့်ကို စေ့စပ်သေချာလွန်းလှတာမို့ မာရူးမှာတော့ မိမိရဲ့ အသက်ရှူနှုန်းကို သတိထားပြီး ထိန်းချုပ်နေရတယ်။ အဲဒီစကားလုံးတွေကို စိတ်ထဲကနေ လိုက်လံတုပကြည့်ရုံတင်ပဲ သူ့မှာ အင်အားတွေ တော်တော်လေး ကုန်ခမ်းနေပြီလေ။

“အဲဒီ ‘အဲဒါထက်’ ဆိုတဲ့ စကားလုံးကို ဖယ်လိုက်လို့ ရမလားခင်ဗျာ”

“အဲဒါကို ဖယ်လိုက်ဖို့က နည်းနည်း ရှည်နေမလားလို့။ တခြား စကားလုံးတစ်ခုခုနဲ့ အစားထိုးလိုက်ရမလား”

“ဒါဆိုရင် ‘ဒါမှမဟုတ်’ ဆိုတာနဲ့ပဲ သွားလိုက်ပါဗျာ”

“ကောင်းပြီလေ... ဒါဆို အဲဒါနဲ့ပဲ စမ်းကြည့်ကြတာပေါ့”

ဂွတ်ဂျွန်က စကားလုံးအချို့ကို ပြင်ဆင်ဖို့အတွက် တစ်ခါတရံမှာ ကြားဖြတ်ပြောတတ်တယ်။ သူက စာသားအနေနဲ့ ရေးသားထားတဲ့ စကားလုံးတွေက သရုပ်ဆောင်တွေရဲ့ နှုတ်ကနေ ထွက်လာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ကွာဟချက်တွေကို ပြင်ဆင်ပေးနေတာ ဖြစ်ရမယ်။

“အဖေ... အဲဒါက မဟုတ်.... အဖေ... အဲဒါ... သမီး တကယ်ပဲ တောင်းပန်ပါတယ်”

ယိုဂျင်ကတော့ နာမည်ကြီး သရုပ်ဆောင်တွေကြားထဲကနေ ပထမဆုံးအကြိမ် စကားပြောလိုက်တာပဲ။ သူမက အမြဲတမ်း ရဲရဲဝံ့ဝံ့ သရုပ်ဆောင်တတ်ပေမယ့် အခုအချိန်မှာတော့ တောင့်တင်းနေပုံရတယ်။ ဘေးမှာ ထိုင်နေတဲ့ သရုပ်ဆောင်တွေရဲ့ ပတ်ဝန်းကျင် ဖိအားကြောင့် သူမ တုန်လှုပ်နေပုံပဲ။

“ရိုက်ကူးရေးလုပ်တဲ့ အချိန်ကျမှ အဲလိုမျိုး ဖြစ်နေဦးမယ်ဆိုရင်တော့ ငါ ညည်းကို ဆဲမိလိမ့်မယ်နော်”

ဂျုန်ဂွန်က ပြုံးရင်း ပြောလိုက်တယ်။

တခြားသရုပ်ဆောင်တွေကတော့ ရယ်မောပြီး ကျော်ဖြတ်လိုက်ကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ ယိုဂျင်ကတော့ ကြောက်ဒူးတုန်သွားပြီး ‘ဟုတ်ကဲ့’ လို့ပဲ ထပ်ခါတလဲလဲ ပြောနေမိတော့တယ်။ မာရူးမှာ သူမရဲ့ ကျောပြင်ကို သွားပြီး အသာအယာ ပုတ်ပေးချင်စိတ် ပေါက်လာတဲ့အထိ သနားမိသွားတာပေါ့။

“ဟင်း... တို့တွေ ခဏလောက် နားကြမလား”

ဒါရိုက်တာရဲ့ စကားကို ကြားရတော့ အားလုံးက ဇာတ်ညွှန်းစာအုပ်တွေကို ချလိုက်ကြတယ်။ ယိုဂျင်က ပူပန်တုန်လှုပ်စွာနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတဲ့အချိန်မှာ ဆူယွန်းက သူမရဲ့ ပုခုံးကို ပုတ်ပေးရင်း ဘာမှမဖြစ်ကြောင်း ပြောလိုက်တာပေါ့။

“စိတ်မပူပါနဲ့။ ညည်း ခါတိုင်း လုပ်နေကျအတိုင်းပဲ လုပ်ပါ”

“ဟုတ်တယ်လေ... ညည်းကို ဘယ်သူမှ ကိုက်စားမှာ မဟုတ်ပါဘူး”

စီနီယာ သရုပ်ဆောင်တွေ အားလုံးက သူမကို အားပေးစကား ပြောကြတယ်။ ယိုဂျင်က မနည်း ပြုံးပြရင်း ခေါင်းညိတ်လိုက်တာပေါ့။ သူတို့ နားနေကြတဲ့ အချိန်မှာ ကင်မရာသမားတွေက လှည့်ပတ်သွားလာရင်း သရုပ်ဆောင်တွေရဲ့ ဇာတ်ညွှန်းစာအုပ်တွေကို ဓာတ်ပုံရိုက်နေကြတယ်။ ဒါပေမယ့် ဇာတ်ညွှန်းဖတ်ပွဲကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဘာအင်တာဗျူးမှတော့ မလုပ်ကြပါဘူး။

“ကဲ... ဒါဆို တို့တွေ အလုပ်ထဲ ပြန်ဝင်ကြရအောင် ဟုတ်ပြီလား”

ဂျုန်ဂွန်က သူ့ရဲ့ ဇာတ်ညွှန်းစာအုပ်ကို ဖွင့်ရင်း ပြောလိုက်တော့တယ်။

* * * * * * * * *

All Chapters