← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း(၂၆၀)

သူ့ကိုယ်သူ ဒီလောက်အထိ တုန်ယင်နေလိမ့်မယ်လို့ မထင်ထားမိပေမဲ့ ဖြူလွလွ ဇာတ်ညွှန်းစာမျက်နှာပေါ်က စာလုံးတွေကတော့ ကပြနေကြသလိုမျိုး ဝေဝါးလှုပ်ရှားနေကြတယ်။ ဒါက သူမအတွက် ပထမဆုံးအကြိမ် ကြုံဖူးတဲ့ အတွေ့အကြုံပဲ။ ယိုဂျင်က သူမကိုယ်သူမ စိတ်လှုပ်ရှားနေတာထက် စိတ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ဖြစ်နေတဲ့ ကိုယ့်အခြေအနေကို ပိုပြီး စိတ်တိုမိနေတာပါ။ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ မျက်လုံးထဲမှာ ဖိအားတွေ တက်လာပြီး ရှေ့တည့်တည့်မှာ အလင်းရောင်ဖြူဖြူတစ်ချက် ဖျတ်ခနဲ လင်းခနဲ ဖြစ်သွားတဲ့အထိပါပဲ။ အဲဒီအခြေအနေ ရောက်မှ သူမ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်တယ်။ ဇာတ်ညွှန်းပေါ်က စာလုံးတွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။

“နင်က ထင်ထားတာထက်ကို ပိုပြီး စိတ်လှုပ်ရှားလွယ်တာပဲ”

ဘေးနားမှာ ရှိနေတဲ့ ဆူယွန်းက လှမ်းပြောလိုက်တာမို့ ယိုဂျင်လည်း ခေါင်းပဲ ငြိမ့်ပြလိုက်မိတယ်။

ဒါရိုက်တာက မနားဘဲ တစ်ဆက်တည်း ဇာတ်တိုက်မယ်လို့ အသေအချာ ပြောထားခဲ့တာ ဖြစ်ပေမဲ့ အခုတော့ သူမကြောင့်ပဲ အရှိန်ပျက်သွားရပြီ။ သူမလို အငယ်တန်း သရုပ်ဆောင်တစ်ယောက်က ဒီအခန်းထဲမှာ ရှိနေတဲ့ စီနီယာတွေ အများကြီးရဲ့ အချိန်ဇယားကို ရှုပ်ထွေးအောင် လုပ်လိုက်သလို ဖြစ်သွားတာလေ။ ယိုဂျင်တစ်ယောက် စားပွဲဝိုင်းဘေးမှာ ထိုင်နေတဲ့ စီနီယာတွေရဲ့ မျက်နှာကို တည့်တည့်မကြည့်ရဲလောက်အောင်အထိ အားနာပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေမိတယ်။

“ကဲ... ဒါဆိုရင် အဲဒီနေရာကနေပဲ ပြန်စကြစို့”

ဒါရိုက်တာ ဂျုန်ဂွန်က ပြန်စဖို့ အချက်ပြလိုက်တယ်။ ယိုဂျင်လည်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ရင်း နောက်တစ်ကြိမ် ဒီလို အမှားမျိုး ထပ်မဖြစ်စေရဘူးလို့ စိတ်ပိုင်းဖြတ်လိုက်မိတယ်။

“စောစောက ရပ်သွားတဲ့ နေရာကနေပဲ စမယ်”

ဂျုန်ဂွန်က လက်ဖျောက်တစ်ချက် တီးလိုက်ပြီးတဲ့နောက်မှာတော့ ယိုဂျင်လည်း အလိုအလျောက်ပဲ စကားစပြောလိုက်တော့တယ်။ အသက်ပြင်းပြင်း တစ်ချက် မရှူသွင်းမိခင်မှာပဲ အကြိမ်ကြိမ် လေ့ကျင့်ထားခဲ့တဲ့ စကားလုံးတွေကို စက်ရုပ်တစ်ရုပ်လို ရွတ်ဆိုမိသွားတာပါ။ အမှားအယွင်းမရှိခဲ့ဘူး ဆိုရပေမဲ့ စကားလုံးတွေထဲမှာ စိတ်ခံစားမှု ဘာတစ်ခုမှ ပါမသွားခဲ့ဘူး။ အလိုလိုက်ထားလို့ စိတ်ကောက်နေတဲ့ သမီးငယ်လေးရဲ့ အသံမျိုး ဇာတ်ညွှန်းထဲမှာ ထွက်မလာခဲ့ပါဘူး။ အဲဒါကို သူမကိုယ်တိုင်လည်း သိနေတာမို့ တခြားသရုပ်ဆောင်တွေက ဒီအပေါ်မှာ ဘာများ ပြောကြမလဲဆိုတာ မတွေးရဲတော့ဘူး။

“ကျူရှင်ကို နောက်မကျစေနဲ့၊ ပြီးတော့ နင့်အမေကိုလည်း စိတ်မပူစေနဲ့ဦး”

ဇာတ်လမ်းထဲမှာ အဖိုးအိုရဲ့ ဒုတိယမြောက် သားကြီးလည်းဖြစ်၊ ယိုဂျင်ရဲ့ အဖေလည်းဖြစ်တဲ့ ကန်ဆူယော က သူ့ရဲ့ ဇာတ်ညွှန်းအတိုင်း ပြန်ပြောလိုက်တယ်။ ကန်ဆူယော က ဇာတ်ညွှန်းကို ကြည့်မနေဘဲ ယိုဂျင်ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း စကားပြောနေတာဖြစ်ပြီး မျက်နှာပေါ်မှာလည်း တည်ငြိမ်တဲ့ အပြုံးတစ်ခု ရှိနေတယ်။ သမီးဖြစ်သူကို ငေးကြည့်နေတဲ့ ဖခင်တစ်ယောက်ရဲ့ အပြုံးမျိုးပါပဲ။ အဲဒီအပြုံးကို မြင်လိုက်ရတော့ ယိုဂျင်က တစ်ဖက်ကလည်း ရှက်သလို ခံစားရပြီး တခြားတစ်ဖက်ကကျတော့လည်း စိတ်သက်သာရာ ရသွားတယ်။ တင်းတောင့်နေတဲ့ သူမရဲ့ နှုတ်ခမ်းတွေက အတော်လေး ပြေလျော့သွားတာကို ခံစားလိုက်ရတာပါ။ ငါ လုပ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှုလည်း ဝင်လာတယ်။

“အဖေကလည်း... သမီးကို ပွစိပွစိ လာမလုပ်ပါနဲ့တော့”

သူမရဲ့ တင်းတောင့်နေတဲ့ မျက်နှာပေးကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ စူပုတ်ပုတ် မျက်နှာပေးလေး လုပ်လိုက်ရင်း ကန်ဆူယော ကို စိုက်ကြည့်လိုက်တယ်။ ကန်ဆူယော ကလည်း ခေါင်းကို ငြိမ့်ပြပြီး အလိုက်သင့်ပဲ ဆက်ပြောပေးသွားတယ်။

“သူ တော်သားပဲ။ ဒီဘက်ခေတ် ကလေးတွေက သရုပ်ဆောင်တာ တကယ် ထူးချွန်ကြတယ် မဟုတ်လား ခင်ဗျာ”

ဒါရိုက်တာရဲ့ စကားကို ကြားတော့ ယွန်းမွန်ဂျောင်က “ဒါပေါ့” လို့ ပြန်ပြောလိုက်တယ်။ ချီးမွမ်းခံလိုက်ရတယ်လို့ ခံစားလိုက်ရတာမို့ ယိုဂျင်လည်း ပြုံးနိုင်သွားပြီ။ စိတ်လှုပ်ရှားနေတာတွေလည်း မရှိတော့ဘူး။ အခုမှပဲ စီနီယာ သရုပ်ဆောင်တွေနဲ့အတူ ဇာတ်ညွှန်း အတူတူ ဖတ်နေရသလို ခံစားချက်မျိုး ဝင်လာတော့တယ်။

ယိုဂျင်က စီနီယာ သရုပ်ဆောင်တွေရဲ့ မျက်နှာအမူအရာတွေကို လှမ်းကြည့်ရင်း စာမျက်နှာကို အသာအယာ ကျော်လှန်လိုက်တယ်။ ဒါက ရိုးရိုးတန်းတန်း ဇာတ်ညွှန်းဖတ်ရုံသက်သက် အဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့ လူတိုင်းကတော့ သူတို့ရဲ့ စကားလုံးတွေထဲမှာ စိတ်ခံစားမှုကို အပြည့်အဝ ထည့်သွင်းထားကြတယ်။

ထယ်ဟိုက သူ့ဇာတ်ညွှန်းအတိုင်း ပြောရင်းနဲ့ စားပွဲခုံကို လက်သီးနဲ့ ‘ဒုန်း’ခနဲ ထုချလိုက်တယ်။ ဒီအခန်းက အဓိကဇာတ်ဆောင်ဖြစ်တဲ့ ယွန်းမွန်ဂျောင်နဲ့ အကြီးအကျယ် စကားများ ရန်ဖြစ်ကြတဲ့ အခန်းမို့လို့ ဒီအတိုင်း ကြည့်မနေတဲ့သူဆိုရင် တကယ်ပဲ ရန်ပွဲဖြစ်နေပြီလို့ ထင်မှတ်မှားလောက်အောင်အထိ သက်ဝင်လှုပ်ရှားနေတာပါ။ အံ့ဩစရာကောင်းတာက အပြန်အလှန် စကားများနေကြတဲ့ အဲဒီလူနှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်တောင် မနေကြတာပါပဲ။ ဒါပေမဲ့လည်း အဲဒီ ရက်စက်ကြမ်းတမ်းတဲ့ စိတ်ခံစားမှုကြီးက တကယ့်ကို အစစ်အမှန်အတိုင်း ခံစားနေရတယ်။

စကားလုံးမုန်တိုင်းတွေ တိုက်ခတ်ပြီးသွားတဲ့နောက်မှာတော့ ယွန်းမွန်ဂျောင်က ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း အထီးကျန်ကျန် ကျန်ရစ်ခဲ့ပြီဆိုတာကို သိသွားပြီး တစ်ယောက်တည်း ရေရွတ်တဲ့ အခန်းကို စလိုက်တယ်။ စောစောကတင် လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးမြိုတော့မလိုမျိုး အော်ဟစ်နေခဲ့တဲ့ ထယ်ဟိုတောင်မှ ယွန်းမွန်ဂျောင်ကိုတစ်လှည့်၊ ဇာတ်ညွှန်းကိုတစ်လှည့် လေးလံထိုင်းမှိုင်းတဲ့ မျက်နှာပေးနဲ့ ပြောင်းလဲကြည့်ရှုလာရပြီ။ ယိုဂျင်လည်း တခြားသရုပ်ဆောင်တွေကိုပါ လှမ်းကြည့်မိတယ်။ လူတိုင်းကလည်း ထယ်ဟိုလိုပဲ ယွန်းမွန်ဂျောင်ရဲ့ သရုပ်ဆောင်မှုအပေါ်ကို အာရုံစူးစိုက်နေကြတာပဲ။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ဆီကနေ တစ်ခုခု သင်ယူခွင့်ရလိုက်သလိုမျိုး တစ်ချက်တစ်ချက် ခေါင်းငြိမ့်ပြရုံကလေးပဲ လုပ်နေကြတာ။

နောက်ထပ် စာမျက်နှာတစ်ခုကို ထပ်လှန်လိုက်ပြန်ပြီ။ အခုအခန်းကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အဖိုးအိုက အရက်မူးပြီး လမ်းမတွေပေါ်မှာ လျှောက်သွားနေတဲ့ အခန်းဆီ ရောက်သွားတယ်။ သူ့အသံက စောစောကလို ဒေါသထွက်နေတဲ့ အသံမျိုး မဟုတ်တော့ဘဲ အင်အားချို့နဲ့ အားအင်ကုန်ခမ်းနေတဲ့ ပုံစံမျိုးပဲ ခံစားရတယ်။ သူ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခု ခြွေရုတ် ခွဲထွက်သွားသလိုမျိုးပါပဲ။ မူးနေတဲ့သူတစ်ယောက်လို စကားလုံးတွေကို ဗလုံးဗထွေး ပြောမနေဘူး။ အမှန်တော့ အသံထွက်တွေက အရင်ကထက်တောင် ပိုပြီး ရှင်းလင်းပြတ်သားနေသေးတယ်။ ဒါပေမဲ့လည်း အဲဒီစကားလုံးတစ်ခုချင်းစီက အရင်ကထက် အဆပေါင်းများစွာ ပိုပြီး အေးစက်နေသလို ခံစားရတယ်။

ယွန်းမွန်ဂျောင်ရဲ့ မျက်နှာတစ်ခုလုံး ရဲရဲနီလာတာကို ယိုဂျင် မြင်လိုက်ရတယ်။ သူ့ရဲ့ စကားလုံးတွေထဲမှာ အားအင်တွေ ပါမနေဘူး ဆိုရပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာကတော့ ချောက်ကမ်းပါး အစွန်းဆီ တွန်းပို့ခံထားရတဲ့ လူတစ်ယောက်လိုမျိုး အသည်းအသန် ဖြစ်နေရှာတယ်။ စကားလုံးတွေနဲ့ မျက်နှာအမူအရာကြားက သိသာလှတဲ့ ကွဲပြားခြားနားမှုကြီးက ကင်မရာရှေ့ကို ချက်ချင်းဝင်ပြီး ရိုက်ကူးလိုက်ရင်တောင် ရလောက်အောင်အထိ ပြောင်မြောက်လွန်းလှပါတယ်။ ယိုဂျင်က ယွန်းမွန်ဂျောင်ကို ငေးကြည့်နေမိရင်း ဇာတ်ညွှန်းကို ကြည့်ဖို့တောင် မေ့လျော့နေခဲ့တယ်။ ယွန်းမွန်ဂျောင်က သူ့ရဲ့ သားသုံးယောက်လုံးရဲ့ အပြုအမူတွေအတွက် သူ့ကိုယ်သူပဲ အပြစ်တင်နေရင်း နောက်ဆုံးမှာတော့ အရာအားလုံးကို လက်လျှော့လိုက်တဲ့ ပုံစံမျိုး ဖြစ်သွားခဲ့တယ်။

သူ့ရဲ့ အသက်ရှူသံက တကယ့်ကို ပါးလွှာလွန်းလှတယ်။ အသက်ရှင်သန်ရမယ့် အဓိပ္ပာယ် ပျောက်ဆုံးသွားခဲ့တဲ့ အဖိုးအိုတစ်ယောက်ရဲ့ ညည်းတွားသံပါပဲ။ သူ့ကိုယ်သူလည်း ရှက်ရွံ့မိသလို သားသမီးတွေအပေါ်မှာလည်း ဒေါသထွက်နေမိတယ်။ တစ်ချိန်တည်းမှာပဲ ထပ်တူလည်း သနားကရုဏာ သက်နေမိတာပေါ့။ ယွန်းမွန်ဂျောင်က အဲဒီလို ရှုပ်ထွေးလှတဲ့ စိတ်ခံစားမှုတွေ ပြည့်နှက်နေတဲ့ အခိုက်အတန့်ကို သူ့ကိုယ်သူ လှောင်ပြောင်တဲ့ ရယ်သံလေးနဲ့ အသက်ရှူသံ ခပ်ပြတ်ပြတ်ကလေးတွေ သုံးပြီး ဖော်ပြသွားခဲ့တာမို့ ယိုဂျင်လည်း ဒါတွေအားလုံးကို ကြည့်ရင်း ပါးစပ်ကလေး အနည်းငယ် ဟောင်းလောင်းပွင့်လျက်သား ဖြစ်နေမိတော့တယ်။

လန့်ဖျပ်သွားတာလား။ အဲဒီစကားလုံးနဲ့တင် မလုံလောက်သေးဘူး။ စိတ်အာရုံတွေ လွှမ်းမိုးခံလိုက်ရတာလား။ ဒါလည်း မပြည့်စုံသေးပါဘူး။ ဒီအခြေအနေကို ဖော်ပြဖို့ သူမမှာ စကားလုံး ရှာမရတော့ဘူး။ အကြာကြီး စဉ်းစားတွေးတောပြီးတဲ့ နောက်ဆုံးမှာတော့ အဖြေတစ်ခုဆီ သူမ ရောက်ရှိသွားခဲ့တယ်။

‘ငါကိုယ်တိုင် အဲဒီအဖိုးအို ဖြစ်သွားတာပဲ’

သက်ပြင်းချနေတဲ့ အဖိုးအိုရဲ့ နေရာမှာ သူမကိုယ်သူမ မြင်ယောင်လာပြီး သူ့လို ခံစားချက်မျိုး ခံစားရကာ အဲဒီလို နှေးကွေးတဲ့ အသက်ရှူသံမျိုးနဲ့ပဲ အဲဒီဝေဒနာတွေကို မှုတ်ထုတ်လိုက်သလိုပါပဲ။ အဲဒီသရုပ်ဆောင်မှုက သူမကို ပြသနေတာမျိုး မဟုတ်ဘဲ အဖိုးအိုကို နားလည်အောင်၊ မဟုတ်ဘူး... ထပ်တူခံစားရအောင် ဖန်တီးပေးလိုက်တာ။ အဲဒီ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှု စွမ်းရည်က အဲဒီလူကလွဲလို့ တခြားဘာကိုမျှ ခဏတာအတွင်း မမြင်နိုင်အောင် လုပ်လိုက်ပြီး မိမိကိုယ်ကိုယ်ပါ မေ့လျော့သွားစေခဲ့တယ်။ သရုပ်ဆောင်တစ်ယောက်က ‘ဇာတ်ကောင်ထဲ စီးမျောသွားတဲ့’ သရုပ်ဆောင်မှုမျိုး လုပ်နိုင်တယ်လို့ ပြောကြတုန်းက သူမ ဘယ်တုန်းကမှ နားမလည်ခဲ့ဖူးပေမဲ့ အခုတော့ အဲဒါ ဘာကို ဆိုလိုသလဲဆိုတာ အသေအချာ နားလည်သွားခဲ့ပါပြီ။ အခုထက်ထိ အဲဒီလိုမျိုး သရုပ်ဆောင်နိုင်တဲ့သူကို တစ်ခါမှ မတွေ့ဖူးခဲ့လို့သာ သူမ နားမလည်ခဲ့တာပဲ ဖြစ်ရမယ်။

ပြီးတော့ အခုအချိန်မှာတော့ အဲဒီစကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သူမ အပြည့်အဝ သဘောပေါက်သွားခဲ့ပြီ။

‘ဒါက အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်သလို အဆိုးဆုံး အခွင့်အရေးလည်း ဖြစ်နိုင်တယ်’

ယိုဂျင်က နံရံကို ကျောမှီပြီး ထိုင်နေတဲ့ မာရူး ရှိရာဆီကို လှည့်ကြည့်လိုက်တယ်။ ဇာတ်ညွှန်းက ဖြည်းဖြည်းချင်းပဲ မာရူး ပြောရမယ့် စာသားတွေဆီ ဦးတည်နေပြီလေ။ သူ ပြောရမှာက စာကြောင်း နှစ်ကြောင်းပဲ ရှိတာပါ။ အဲဒီစာကြောင်းလေးနဲ့ပဲ ယွန်းမွန်ဂျောင်နဲ့ အပြန်အလှန် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကြီးကျယ်လှတဲ့ စီနီယာကြီးတစ်ယောက်နဲ့ အခန်းတစ်ခုတည်းမှာ အတူတူ သရုပ်ဆောင်ရတာက အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ယွန်းမွန်ဂျောင်ရဲ့ သရုပ်ဆောင်မှုနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ သရုပ်ဆောင်မှုက မှေးမှိန်ဖျော့တော့သွားနိုင်တဲ့ အလားအလာလည်း ရှိနေတယ်။ ဒါရိုက်တာကတော့ အကောင်းဆုံး ပုံရိပ်ကိုပဲ လိုချင်မှာဖြစ်ပြီး ယွန်းမွန်ဂျောင်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုကို မြင်ပြီးသွားတဲ့နောက်မှာ သူ့ရဲ့ စံနှုန်းတွေက ဘယ်လောက်အထိ မြင့်တက်သွားမလဲဆိုတာ မသိနိုင်ဘူးလေ။

သူမ ခဏလောက် စိတ်ကူးယဉ်ကြည့်လိုက်မိတယ်။ မီးဆိုင်းတွေ၊ အလင်းပြန်ပြားတွေနဲ့ ကင်မရာ ရိုက်ကူးနေတဲ့ အချိန်။ စတက်ဖ်အဖွဲ့သားတွေ အများကြီးက သူ့ကို စိုက်ကြည့်နေကြမှာဖြစ်ပြီး သူ့ရှေ့တည့်တည့်မှာလည်း ကြီးကျယ်တဲ့ စီနီယာကြီးက သရုပ်ဆောင်နေမှာ။ နောက်ဆုံးကျရင် ကင်မရာက သူ့ရဲ့ မျက်နှာနဲ့ နှုတ်ခမ်းဆီကို အနီးကပ် ဖြတ်ယူသွားလိမ့်မယ်။ ဖိအားတွေက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ။

တွေးကြည့်ရုံတင်တင် သူမ ချမ်းတုန်မိသွားတယ်။ အနည်းဆုံးတော့ သူမ ပါဝင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာတော့ သရုပ်ဆောင်အသစ်တွေ အမှားလုပ်မိတာကို ပြစ်တင်ဝေဖန်လေ့ မရှိကြပါဘူး။ ဒါပေမဲ့ အဲဒီအမှားက အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်လာမယ်ဆိုရင်တော့ ဇာတ်လမ်းက တစ်မျိုး ပြောင်းသွားလိမ့်မယ်။ တစ်ခါတလေကျရင် ဒါရိုက်တာက ရိုက်ကူးရေးကို အဲဒီနေရာတင် ချက်ချင်း ရပ်ပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်တာမျိုးလေ။

‘ဟူး... ဒါကြောင့်မို့လို့ပဲ လူတွေက အောက်ခြေအဆင့်ကနေပဲ တဖြည်းဖြည်း တက်လှမ်းရတာဖြစ်မယ်’

ကြီးကျယ်တဲ့ စီနီယာ သရုပ်ဆောင်ကြီးတစ်ယောက်နဲ့ နှစ်ယောက်တွဲ အခန်း ရိုက်ရမှာ။ ယွန်းမွန်ဂျောင်ရဲ့ သရုပ်ဆောင်မှုကို မမြင်ရသေးခင် အချိန်တုန်းကဆိုရင်တော့ သူမ ဝမ်းသာအားရ လက်ခံမိမှာ ဖြစ်ပေမဲ့ အခု သူ့ရဲ့ လှုပ်ရှားမှုတွေကို မြင်ပြီးတဲ့နောက်မှာတော့ အဲဒီလို လုပ်ချင်တဲ့ စိတ်ဆန္ဒ အနည်းငယ်မျှတောင် မရှိတော့ပါဘူး။

ယွန်းမွန်ဂျောင်က ဇာတ်ညွှန်းကို ဖတ်ရင်းနဲ့ အရက်သမားတစ်ဦးလိုပဲ ဆက်ပြီး သရုပ်ဆောင်နေတယ်။ သူက လမ်းဘေးက ခုံတန်းလျားတစ်ခုပေါ်မှာ လှဲလျောင်းနေတာပါ။ ယိုဂျင်က မာရူးကို လှမ်းကြည့်လိုက်တယ်။ သူ ထွက်ပေါ်လာရမယ့် အချိန် ရောက်ပြီလေ။

“ဟေ့... ငါ သွားကြစို့လို့ ပြောနေတယ်လေ။ နင် ဟိုမှာ ဘာလုပ်နေတာလဲ” ဒါရိုက်တာက ပြောလိုက်တယ်။

ဒီစာသားကို ဂျီဆော့က ပြောရမှာ ဖြစ်ပေမဲ့ သူ ရောက်မနေတာမို့ ဒါရိုက်တာကပဲ သူ့နေရာမှာ ဝင်ပြောပေးလိုက်တာပါ။ ဒါရိုက်တာက နောက်ထပ် စာကြောင်းကိုလည်း ဆက်ပြောလိုက်ပြီး အခုတော့ မာရူးရဲ့ အလှည့် ရောက်လာပြီ။

ဒါပေမဲ့ သူက မာရူး ပြောရမယ့် စာသားကိုပါ ထပ်ပြီး ပြောချင်နေပုံပဲ။

“ခင်ဗျား ဒီနေရာမှာ မူးလဲနေရအောင် တချိန်လုံး ဘာသောက်လုပ်တွေလုပ်နေခဲ့တာလဲ”

ဒါရိုက်တာက အဲဒီစာသားကို နောက်ပြောင်တဲ့ သဘောမျိုးနဲ့ ပြောလိုက်တာပါ။ သရုပ်ဆောင်တွေလည်း တဟားဟား ရယ်မောလိုက်ကြတယ်။ အခန်းတွင်း လေထုကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။

မာရူးက ဘာမှမပြောဘဲ သူ့ရဲ့ ဇာတ်ညွှန်းကိုသာ စိုက်ကြည့်နေတယ်။ ယိုဂျင်လည်း စိတ်မရှည်သလို ဖြစ်လာရပြီ။ ကာယကံရှင်ကိုယ်တိုင်က ငြိမ်ငြိမ်ကလေး ထိုင်နေတာမို့ သူမအနေနဲ့လည်း ဝင်ပြောစရာ အကြောင်းမရှိဘူးလေ။ ပိုပြီးတော့လည်း သူက အရံဇာတ်ဆောင်သက်သက်ပဲ မဟုတ်လား။ အဓိက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကို နားထောင်ဖို့က ပိုပြီး အရေးကြီးတာမို့လို့ အရံဇာတ်ဆောင်တစ်ယောက်အနေနဲ့ အရှိန်အဟုန်ကို ဖြတ်တောက်လိုက်တာမျိုးက သူ့ရဲ့ အဆင့်အတန်းနဲ့ မဆီလျော်လှဘူးလေ။

မာရူးကလည်း အဲဒါကို သိနေတဲ့ပုံစံနဲ့ သိပ်ပြီး ဂရုစိုက်နေပုံမရဘူး။ ဒါနဲ့ပဲ ဒီအခန်းထဲမှာရှိတဲ့ လူဘယ်နှစ်ယောက်ကများ သူ့လို အရံဇာတ်ဆောင်တစ်ယောက် ဒီပွဲကို တက်ရောက်လာတယ်ဆိုတဲ့ အချက်ကို သတိထားမိကြမှာမို့လို့လဲ။

သူမ ဇာတ်ညွှန်းကို ကျော်လှန်တော့မယ့် အချိန်မှာပဲ၊

“ဒါရိုက်တာ” ယွန်းမွန်ဂျောင်က သူ့ရဲ့ ကျောပြင်ကို မတ်လိုက်ရင်း လှမ်းပြောလိုက်တယ်။ ဒါရိုက်တာက သူ့ကို ဇဝေဇဝါနဲ့ လှမ်းကြည့်လာတယ်။

“သရုပ်ဆောင်က ဟိုမှာ ရှိနေတာပဲဥစ္စာ၊ သူ့ရဲ့ ဇာတ်ညွှန်းစကားပြောတွေကို တစ်ချက်လောက် နားထောင်ကြည့်ကြရင် မကောင်းဘူးလား”

“အော်... သူ ရောက်နေတာလား”

ဒါရိုက်တာက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တယ်။ မာရူးက ဇာတ်ညွှန်းကို ကိုင်ထားတဲ့ သူ့ရဲ့ လက်ကို မြှောက်ပြီး ဝှေ့ယမ်းပြနေတာကို ယိုဂျင် မြင်လိုက်ရတယ်။

သူ့ရဲ့ တည်ရှိမှုကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးလို့ သူမ ထင်ထားခဲ့တာ ဖြစ်ပေမဲ့ အားလုံးထဲကမှ အဓိက ဇာတ်ဆောင်ကြီးကိုယ်တိုင်က သူ့ကို လှမ်းခေါ်လိုက်တာပါ။ ယိုဂျင်လည်း အံ့ဩတုန်လှုပ်စွာနဲ့ ယွန်းမွန်ဂျောင်နဲ့ မာရူးကို တစ်လှည့်စီ ကြည့်နေမိတော့တယ်။

“ဆောရီးပါဗျာ၊ ကျွန်တော် သိထားသလောက်တော့ မင်းတို့အဖွဲ့ထဲက အများစုက ပျက်ကွက်ကြတယ် ထင်လို့ပါ။ ကဲ... ဒါဆိုရင် နားထောင်ကြည့်ကြတာပေါ့ ဟုတ်ပြီလား”

“ဒါဆိုရင် စောစောက စာကြောင်းကနေပဲ ပြန်စရအောင်”

ယွန်းမွန်ဂျောင်က စာမျက်နှာကို နောက်ပြန်လှန်လိုက်တဲ့အခါမှာတော့ အစည်းအဝေးခန်းထဲမှာ ရှိနေတဲ့ လူတိုင်းကလည်း လိုက်ပြီး လှန်ကြတော့တယ်။ ဒါက ဆရာတစ်ယောက်ရဲ့ တပည့်တွေ ဖြစ်ရတဲ့ ခံစားချက်မျိုး ဖြစ်မယ် ထင်တယ်။ ယိုဂျင်လည်း တံတွေးတစ်ချက် မျိုချလိုက်ပြီးမှ မာရူးကို လှမ်းကြည့်လိုက်တယ်။

ခဏတာ တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ ယွန်းမွန်ဂျောင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့ရဲ့ စာသားကို ပြန်စလိုက်တယ်။ အားအင်ချို့တဲ့နေတဲ့ အဖိုးအိုရဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ ရယ်သံက ထပ်ပြီး ထွက်ပေါ်လာပြန်ပြီး အဲဒီနောက်မှာတော့ ဒါရိုက်တာကလည်း လမ်းသရဲရဲ့ စာသားကို အားစိုက်ပြီး ပြောပေးလိုက်တယ်။

အဲဒီနောက်မှာတော့၊

“ခင်ဗျား ဒီလိုအခြေအနေမျိုး‌ရောက်သွားရအောင် ဒီလောက်နှစ်တွေအကြာကြီး ဘာသောက်လုပ်တွေလုပ်နေခဲ့တာလဲ”

မာရူးရဲ့ တွန့်ကွေးနေတဲ့ နှုတ်ခမ်းဆီကနေ ထွက်ပေါ်လာတဲ့ အဲဒီ စက်ဆုပ်ရွံရှာဖွေ စကားလုံးတွေကို ကြားလိုက်ရတဲ့ ခိုက်အတန့်မှာပဲ ယိုဂျင်တစ်ယောက် တကယ့်ကို မသက်မသာ ဖြစ်သွားရတယ်။ သူ့ခေါင်းက ဘေးဘက်ကို အနည်းငယ် စောင်းနေပြီး ခြေထောက်ကိုလည်း ချိတ်ထားသေးတာ။ စောစောလေးတင်က ရိုးရိုးပုံမှန် ကျောင်းသားတစ်ယောက်လို ဖြစ်နေခဲ့တာတောင် အခုအချိန်မှာတော့ လမ်းသရဲတစ်ယောက်ထက် ပိုပြီး ပုံမကျပန်းမကျ ဖြစ်နေတော့တယ်။ မဟုတ်သေးဘူး၊ ‘လမ်းသရဲ’ ဆိုတဲ့ စကားလုံးနဲ့တောင် မတန်ပါဘူး။ သူက အဲဒီထက်မက ပိုပြီး စက်ဆုပ်ရွံရှာဖို့ ကောင်းနေတာပါ။

သူက ကြမ်းပြင်ကို စိုက်ကြည့်နေတာဖြစ်ပြီး တစ်စုံတစ်ခုကို နှိမ့်ချစောင်းမြောင်း ကြည့်နေတဲ့ ပုံစံမျိုးပဲ။ သူ စိုက်ကြည့်နေတဲ့ နေရာမှာ အဖိုးအိုတစ်ယောက် လဲလျောင်းနေတယ်လို့ ယိုဂျင်တစ်ယောက် ထင်မှတ်မှားမိသွားတယ်။ မာရူးရဲ့ အမူအရာကို ဖယ်ထားလိုက်ဦးတော့၊ သူ့ရဲ့ မျက်လုံးတွေက စိတ်ကူးယဉ်အရာတစ်ခုကို ကြည့်နေတာ မဟုတ်ဘဲ တကယ့် အစစ်အမှန်တစ်ခုခုကို ကြည့်နေသလိုမျိုး ဖြစ်နေတာမို့လို့ ယိုဂျင်ကိုယ်တိုင်ပဲ ဘာမှရှာမတွေ့လို့ ဝေဝါးနေရတဲ့ ထူးဆန်းတဲ့သူတစ်ယောက်လို ခဏတာ ခံစားလိုက်ရတယ်။

အဲဒီစာသား ပြောပြီးတဲ့နောက် မာရူးရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်ပြုံးလိုက်တဲ့ အချိန်မှာတော့ ယိုဂျင်လည်း မသိစိတ်ကနေ မျက်မှောင်ကုတ်မိသွားတော့တယ်။ သူ့အပေါ်ကို ရုတ်တရက် စက်ဆုပ်ရွံရှာတဲ့ စိတ် ခံစားလိုက်ရတာပါ။ မာရူးရဲ့ ရွံရှာဖွေ ကောင်းလှတဲ့ အတွင်းစိတ် အမှန်တရားကြီးက သရုပ်ဆောင်မှု ပုံစံကနေတစ်ဆင့် ထွက်ပေါ်လာတာများလားလို့တောင် တွေးမိသွားတယ်။ ဒါက အဲလိုမဟုတ်ဘူးဆိုတာ သူမ အသေအချာ သိနေတာ ဖြစ်ပေမဲ့လည်း သူ့အပေါ် ခံစားလိုက်ရတဲ့ ငြင်းပယ်ချင်စိတ်ကတော့ မယုံနိုင်လောက်အောင်ကို အစစ်အမှန်ကြီး ဖြစ်နေခဲ့တယ်။

မာရူးရဲ့ အသံကတော့ ယွန်းမွန်ဂျောင်ရဲ့ နောက်က လိုက်ပါလာတဲ့ စကားလုံးတွေအောက်မှာ ချက်ချင်းပဲ မြုပ်ဝင်သွားခဲ့ရတယ်။ ယွန်းမွန်ဂျောင်က တကယ့်ကို သဘာဝကျကျကြီး ဆက်ပြောသွားတာလေ။ ဘယ်သူမှ အပြစ်အနာအဆာ ရှာမတွေ့ခဲ့သလို ဘယ်သူမှလည်း ရယ်မောမနေကြပါဘူး။ အခန်းထဲမှာ ရှိနေတဲ့ မြူးကြွကြွ လေထုကြီးက ချက်ချင်းဆိုသလို အေးစိမ့်သွားခဲ့ရပြီ။ တစ်ယောက်ယောက်က သူတို့အပေါ်ကို ရေခဲရေတွေနဲ့ လောင်းချလိုက်သလိုပါပဲ။

ယိုဂျင်က သရုပ်ဆောင်တွေကို လှမ်းကြည့်လိုက်မိတယ်။ ဒါရိုက်တာ၊ ယွန်းမွန်ဂျောင်နဲ့ ထယ်ဟိုတို့ အဖွဲ့ဆီမှာတော့ ဘာအပြောင်းအလဲမှ ရှာမတွေ့ခဲ့ပေမဲ့ ဘေးနားမှာရှိတဲ့ သရုပ်ဆောင်တွေဆီကနေတော့ မသိမသာ တင်းမာနေတဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်။ အထူးသဖြင့် ဆူယွန်းပေါ့... သူမက ဇာတ်ညွှန်းကို ကြောက်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေရင်း မျက်နှာပေါ်မှာလည်း အပြုံးစိစိလေး တစ်ခု ရှိနေတာ။ ဆူယွန်းရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့ ခိုက်အတန့်မှာပဲ ယိုဂျင်ရဲ့ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ချမ်းတုန်သွားရပြီး ချက်ချင်းပဲ မိမိရဲ့ ဇာတ်ညွှန်းစာမျက်နှာဆီ မျက်လုံးတွေကို ပြန်လွှဲလိုက်ရတော့တယ်။

ယွန်းမွန်ဂျောင်ရဲ့ စကားလုံးတွေ ပြီးသွားတဲ့နောက်မှာတော့ လမ်းမပေါ်က အခန်းက ပြီးဆုံးသွားခဲ့ပြီ။ လူတိုင်းကို ဦးဆောင်နေတဲ့ ဒါရိုက်တာကလည်း အဲဒီနေရာတင် ရပ်လိုက်ပြီး လက်ပိုက်ရင်း ပြုံးလိုက်တော့တယ်။

“အစ်ကိုကြီး... ဒီဘက်ခေတ် ကလေးတွေက သရုပ်ဆောင်တာ တကယ် ထူးချွန်ကြတာပဲဗျာ။ တကယ်ကို ပြောတာပါ”

သူ့မျက်နှာပေါ်မှာ ကျေနပ်အားရတဲ့ အပြုံးတစ်ခု ရှိနေတယ်။ အဲဒီအပြုံးကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ယိုဂျင်တစ်ယောက် သွားတွေကို တင်းတင်းကြိတ်မိသွားတော့တယ်။ ဒါက သူမ အမှားလုပ်မိတုန်းက သူပြောခဲ့တဲ့ စကားလုံးတွေနဲ့ အတူတူပါပဲ။ ကွဲပြားခြားနားချက် ရှိတယ်ဆိုရင်တော့ စောစောတုန်းက သူက အားပေးတဲ့အနေနဲ့ ပြောခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ တကယ့်ကို အံ့ဩမှင်တက်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာပဲ။ သူမရဲ့ သိက္ခာကို အနည်းငယ် ကုတ်ခြစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။

‘အေးလေ... ဟုတ်သားပဲ’

သူမ မေ့လုနီးပါး ဖြစ်နေခဲ့တာ။ အရင်တုန်းက အပျော်တမ်း သရုပ်ဆောင်သင်တန်းတုန်းကလည်း ဒီလိုမျိုး အဖြစ်အပျက် အလားတူ ဖြစ်ပွားခဲ့ဖူးတယ်။ မာရူး ဒဏ်ရာရလို့ ထွက်သွားပြီးတဲ့နောက်မှာတော့ အဲဒီခံစားချက်တွေကို မေ့ပျောက်နေခဲ့တာ ဖြစ်ပေမဲ့ ဒီနေ့မှာတော့ အဲဒီခံစားချက်တွေက ပြန်လည် နိုးထလာခဲ့ပြန်ပါပြီ။

ငါ နင့်ထက် ပိုတော်အောင် လုပ်ပြမယ်။

ဒါက အပျော်တမ်း သရုပ်ဆောင်သင်တန်းတုန်းက သူမကိုယ်သူမ သတ်မှတ်ထားခဲ့တဲ့ ရည်မှန်းချက်ပဲ။ ယိုဂျင်က နှာခေါင်းထဲကနေ သက်ပြင်းအရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး မာရူးကို စိုက်ကြည့်လိုက်တယ်။ သူကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့ဘာသာသူ တိုးတိုးကလေး ရေရွတ်နေရင်း စာမျက်နှာတွေကို ဟိုဘက်ဒီဘက် ကျော်လှန်နေတုန်းပဲ။

သူမရဲ့ စိတ်တွေ ပြန်ပြီး တောက်လောင်လာရပြီ။ လေထုကတော့ နားချိန်ပေးတော့မယ့် ပုံစံမျိုး ဖြစ်နေခဲ့ပေမဲ့ ယိုဂျင်ကတော့ လက်ထဲက ဇာတ်ညွှန်းကို မလွှတ်တမ်း စိုက်ကြည့်နေမိတုန်းပါပဲ။ သူမအနေနဲ့ ရွယ်တူချင်းတွေရဲ့ နောက်မှာတော့ အကျန်မခံနိုင်ဘူးလေ။

“ကဲ... ခဏလောက် နားကြစို့ဗျာ” ဒါရိုက်တာ ဂျုန်ဂွန်က မတ်တတ်ရပ်လိုက်ရင်း လှမ်းပြောလိုက်တော့တယ်။

* * * * * * * * *

All Chapters