အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း(၂၆၁)
မာရူးက ဖတ်လက်စ ဇာတ်ညွှန်းကို ပိတ်လိုက်ပြီး လည်ပင်းကို ဆန့်ထုတ်ကာ အညောင်းပြေလုပ်လိုက်တယ်။ ထိုင်နေတာ သိပ်မကြာသေးဘူးဆိုပေမဲ့ တစ်ကိုယ်လုံး တောင့်တင်းနေသလို ခံစားနေရလို့ပဲ။ ဇာတ်ညွှန်းကို ပေါင်ပေါ်တင်၊ လက်ချောင်းချင်း ယှက်ပြီး သော့ခတ်လိုက်ရင်း လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ကာ လည်ပင်းကြောတွေ ဆန့်သွားအောင် ခေါင်းကို ရှေ့ဘက် တွန်းချလိုက်မိတယ်။ အဲဒီအချိန်မှာပဲ သူ့ဇာတ်ညွှန်းစာအုပ်ပေါ်ကို အရိပ်တစ်ခု ဖြတ်ကျော် ကျရောက်လာတာ မြင်လိုက်ရတယ်လေ။
“စောစောက နင့်ပုံစံကြီးက ကြောက်စရာကြီးနော်။ ဘယ်သူ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလဲ”
သူ ခေါင်းမော့ကြည့်လိုက်တော့ ပြုံးစစလုပ်နေတဲ့ ဆူယွန်းကို တွေ့လိုက်ရတယ်။
“လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး ထင်တာပဲ”
“အတည်ပြောနေတာလား”
“ဘယ်သူသိမှာလဲ”
ဒီမိန်းကလေးနဲ့ စကားဆက်ပြောနေလို့ ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာ မာရူး ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် ချက်ချင်းပဲ ထိုင်ရာကနေ ထပြီး အစည်းအဝေးခန်းထဲက ထွက်လာခဲ့တယ်။
“ဘယ်တုန်းကတည်းက ဒီလောက်တောင် လေ့ကျင့်ထားတာလဲ”
ဆူယွန်းက သူ့နောက်ကနေ တကောက်ကောက် လိုက်ရင်း မေးနေပြန်တယ်။ မာရူးက ခြေလှမ်းရပ်ပြီး သူမကို စိုက်ကြည့်လိုက်တယ်။
“ပြောစရာ စကားရှိလို့လား”
“အောင်မာ.. ဘာမှမရှိပါဘူး”
“ဒါဆို ဘာလို့ လိုက်နေတာလဲ”
“နင်ကလည်း ရယ်စရာကောင်းလိုက်တာ။ ငါက နင်နဲ့ လမ်းကြုံလို့ တစ်ဖက်တည်း သွားနေတာပါအေ။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတဲ့ပုံပဲ”
“အေးပါဗျာ၊ ဒါဆိုလည်း”
မာရူးက ခေါင်းညိတ်ပြပြီး ယောကျာ်းလေး သန့်စင်ခန်းရှိရာဆီ ချက်ချင်း ခြေဦးလှည့်လိုက်တယ်။ သူ့နောက်က လိုက်လာတဲ့ ဆူယွန်းကတော့ ကြောင်အမ်းအမ်း မျက်နှာပေးနဲ့ သန့်စင်ခန်း အဝင်ဝမှာတင် ခြေလှမ်းတွေ ရပ်ကျန်ခဲ့တော့တာပေါ့။
“အစ်မသွားမယ့်လမ်းက ဒီနေရာ မဟုတ်ဘူး ထင်တယ်နော်၊ ဟုတ်လား”
မာရူးက အဲဒီစကားကို ပြောရင်း ပုခုံးနှစ်ဖက်ကို ပင့်ပြလိုက်တယ်။ သန့်စင်ခန်းထဲ ရောက်တော့ ဂွတ်ဂျွန်တစ်ယောက် လက်ဆေးနေတာ တွေ့ရတယ်။ ခါတိုင်းလည်း မျက်နှာမှိုင်းတေတေရှိလှတဲ့ အဲဒီလူက အခုတော့ မျက်ကွင်းတွေပါ ညိုနေရှာပြီ။ ဂွတ်ဂျွန်က သက်ပြင်းတစ်ချက်ချရင်း မှန်ထဲကနေတစ်ဆင့် မာရူး ရောက်လာတာကို မြင်သွားတယ်။
“ပင်ပန်းနေတဲ့ပုံပဲနော်”
“အလုပ်အသစ်ကြောင့် အိပ်ရေးပျက်နေလို့ဗျာ။ အခု လှဲချလိုက်ရင် ချက်ချင်း အိပ်ပျော်သွားမယ့်အခြေအနေပဲ”
“အိပ်စက်ခြင်းက အကောင်းဆုံး ဆေးတစ်ခွက်ပေါ့”
ဂွတ်ဂျွန်က စက္ကူတစ်ရှူးနဲ့ လက်ကို သုတ်ရင်း သူ့ကို ပြန်ပြုံးပြတယ်။
“စောစောက မင်း တော်တော် လုပ်နိုင်ခဲ့တာပဲ”
“ကျေးဇူးတင်ပါတယ်ဗျာ။ ရင်ထဲမှာ စိုးရိမ်နေခဲ့တာ၊ အစ်ကို့ဆီက ဒီလိုစကား ကြားရတော့မှပဲ စိတ်အေးရတော့တယ်။ အော်... ဒါနဲ့ စကားမစပ်၊ ခါတိုင်း အရံသရုပ်ဆောင်တွေကိုကျတော့ ဇာတ်ညွှန်းဖတ်ပွဲကို မခေါ်ကြဘူးလားဟင်”
“ငါလည်း သေချာတော့ မသိဘူးလေ။ ဒါပေမဲ့ စကားပြော နှစ်ခွန်း သုံးခွန်းလောက် ပြောဖို့အတွက်နဲ့ သူတို့ကို ခေါ်ပြီး နာရီပေါင်းများစွာ ထိုင်စောင့်ခိုင်းရတာကလည်း တစ်မျိုးကြီးပဲ မဟုတ်လား။ ဒါကြောင့်မို့လို့ မခေါ်တာကပဲ ပိုမှန်လိမ့်မယ် ထင်ပါတယ်”
အဲဒီစကားကို ကြားတော့ မာရူးက ခေါင်းညိတ်မိတယ်။ သူ့မှာ ပြောရမယ့် စကားက နှစ်ခွန်းပဲ ရှိတာလေ။ အဲဒါ ပြီးသွားပြီဆိုတော့ အခု သူ လုပ်ဖို့ ကျန်တာက တခြား သရုပ်ဆောင်တွေ သရုပ်ဆောင်နေတုန်း ဇာတ်ညွှန်းစာအုပ်ကို လိုက်လှန်ကြည့်နေရုံပဲပေါ့။
“ဒါနဲ့... မင်း စကားပြောစာသားကို ပြောင်းလိုက်တာ ငါ သတိထားမိတယ်”
အပြစ်တင်ဝေဖန်သလို ထွက်လာတဲ့ အဲဒီစကားကြောင့် မာရူးက သူ့မျက်လုံးတွေကို ကုတ်ခြစ်ရင်း စဥ်းစားနေမိတယ်။ မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်မရဘဲ စကားပြောစာသားတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲပစ်တာကတော့ အမှားအယွင်း ဖြစ်တာ သေချာတာပေါ့။ သူ အရင်ကလည်း ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး အပြောခံခဲ့ရဖူးသေးတယ်။ ဇာတ်ညွှန်းဆိုတာ သရုပ်ဆောင်အချင်းချင်း ကြားက သဘောတူညီချက် ဖြစ်သလို စာရေးဆရာရဲ့ စိတ်ကူးရည်ရွယ်ချက်တွေရဲ့ အနှစ်သာရလည်း ဖြစ်တယ်လေ။ အဲဒါမျိုးကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲပစ်ခဲ့တာဆိုတော့ သူ ဘာမှ ပြန်ပြောပိုင်ခွင့် မရှိဘူးပေါ့။
တကယ်လို့ ဂွတ်ဂျွန်က သူ့ကို အပြစ်တင်ရုံ သက်သက်ပဲ ပြောတာဆိုရင်တော့ မာရူးအနေနဲ့ တောင်းပန်လိုက်ရုံပဲ။ ဒါပေမဲ့ အခုပုံစံက အဖြေတစ်ခုခုကို လိုချင်နေတဲ့ပုံစံ ဖြစ်နေတယ်။ မာရူးက စကားမပြောခင် သူ့အတွေးတွေကို သေချာ ပြန်စီစစ်လိုက်တယ်။
“ကျွန်တော် အဲဒီစာသားကို အသံထွက်ပြီး အကြိမ်ကြိမ် ရွတ်ကြည့်ခဲ့တာ။ ဒါပေမဲ့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေပြီး သိပ် သဘောမကျလို့ပါ”
“နောက်ဘက် အပိုင်းကိုလား”
“ဟုတ်ကဲ့။ အမှန်တော့ အရှေ့ဘက် အပိုင်းကို ဖတ်တုန်းက ဘာမှ အဆင်မပြေတာ မရှိခဲ့ပါဘူး။ သဘာဝလည်း ကျသလို အဲဒီအခြေအနေရဲ့ အနှစ်သာရလည်း အပြည့်အဝ ပါပြီးသားပဲ။ အကြိမ်ပေါင်း ရာနဲ့ချီပြီး လေ့ကျင့်ခဲ့တုန်းကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာမှ မတွေ့ခဲ့ဘူး။ ဒါပေမဲ့... ဆရာကြီးက သူ့ဇာတ်ညွှန်းကို ဖတ်ပြနေတာကို မြင်လိုက်ရတဲ့အချိန်ကျမှ အဲဒီစကားလုံးတွေက ကျွန်တော့်လျှာဖျားမှာ တစ်မျိုးကြီး ဖြစ်လာတော့တာပဲ။ အစည်းအဝေးခန်းထဲမှာတင် အဲဒီစာသားတွေကို စိတ်ထဲကနေ ထပ်ခါတလဲလဲ ရွတ်ကြည့်မိသလို ကိုယ့်ဘာကိုယ်လည်း အသံတိုးတိုးလေးနဲ့ ပြောကြည့်မိသေးတယ်။ အရင်တုန်းကလောက် စိတ်ထဲမှာ အဆင်မပြေတော့သလို ခံစားရလို့ပါ”
“အရင်တုန်းကလောက် အဆင်မပြေတော့ဘူး ဟုတ်လား”
မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ ဆရာကြီး ယွန်းမွန်ဂျောင်ရဲ့ သရုပ်ဆောင်ချက်ကို ကြည့်နေရင်းနဲ့ ဒီလို ဖြစ်လာခဲ့တာပဲ။ 'ဒီစာသားက ဒီအတိုင်းပဲဆို အဆင်ပြေပါ့မလား' ဆိုတဲ့ မေးခွန်းက ခေါင်းထဲ ရောက်လာတဲ့ အချိန်ကစပြီး သူ မူရင်းဇာတ်ညွှန်းအပေါ် သံသယ ဝင်လာခဲ့တာပေါ့။ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှပါတယ်ဆိုတဲ့ ဇာတ်ညွှန်းအပေါ် စိတ်ပျက်စရာတစ်ခု တွေ့သွားပြီးတဲ့နောက်မှာတော့ သူ အဲဒီအထဲကို စိတ်ခံစားမှုတွေ အပြည့်အဝ ထည့်လို့ မရတော့ဘူး။ သို့ပေမဲ့ အဲဒီစာသားက လုံးဝဥဿုံ မှားနေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မှန်ကန်သွားအောင် စကားလုံးလေးတွေကို နည်းနည်းလောက် ပြောင်းလဲပေးဖို့ လိုအပ်နေတယ်လို့ပဲ သူ ခံစားမိတာပါ။
“မူရင်းစာသားက 'ခင်ဗျား ဒီနေရာမှာ မူးလဲနေရအောင် တချိန်လုံး ဘာသောက်လုပ်တွေလုပ်နေခဲ့တာလဲ' လို့ ရှိတာ မဟုတ်လား”
“ဟုတ်တယ်လေ”
ဂွတ်ဂျွန်က သူ့ဘက်ကို လုံးဝ ကိုယ်လှည့်ပြီး မျက်နှာချင်းဆိုင်လိုက်တာ မာရူး မြင်လိုက်ရတယ်။
“အခု ကျွန်တော် ပြောင်းလိုက်တဲ့ စာသားကကျတော့ 'ခင်ဗျား ဒီလိုအခြေအနေမျိုးရောက်သွားရအောင် ဒီလောက်နှစ်တွေအကြာကြီး ဘာသောက်လုပ်တွေလုပ်နေခဲ့တာလဲ' ဆိုပြီး ဖြစ်သွားတာပါ။ ဒါက စကားလုံး ကွဲပြားသွားတာပဲ ရှိတာ၊ အဓိပ္ပာယ်ချင်းကတော့ အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်က ပိုပြီး ခြုံငုံမိတဲ့အပြင် ပိုပြီး အပျက်သဘောဆောင်တဲ့ အသုံးအနှုန်းမျိုးကို လိုချင်လို့ပါ။ 'ဒီလောက်နှစ်တွေအကြာကြီး' ဆိုတာက ပုံမှန် သုံးနေကျ စကားမျိုး ဖြစ်ပေမဲ့ သနားစရာကောင်းတဲ့ အဖိုးအိုအတွက်တော့ တကယ့်ကို ရိုင်းစိုင်းစော်ကားတဲ့ အသံမျိုး ဖြစ်သွားစေလိမ့်မယ် ထင်လို့ပါ”
“ဒါဆို 'ဒီနေရာမှာ မူးလဲနေရအောင်' နဲ့ ' ဒီလိုအခြေအနေမျိုးရောက်သွားရအောင်' ကော ဘာကွာလို့လဲ”
ဂွတ်ဂျွန်က သူ့မျက်မှန်ကို လက်ညှိုးနဲ့ အသာပင့်ရင်း မေးလိုက်တယ်။
“'ဒီနေရာမှာ မူးလဲနေရအောင်' ဆိုတာက အဖိုးအိုရဲ့ လက်ရှိအခြေအနေကိုပဲ ရည်ညွှန်းတာဗျ။ သူက ခုံတန်းလျားပေါ်မှာ လှဲနေတာကိုး။ တစ်ဖက်မှာကျတော့ 'ဒီလိုအခြေအနေမျိုးရောက်သွားရအောင်' ဆိုတာက သူ့ရဲ့ ဘဝတစ်ခုလုံးရဲ့ အခြေအနေကို ပိုပြီး ခြုံငုံရည်ညွှန်းတာဖြစ်သလို အဲဒီဘဝအပေါ် ရွံရှာမုန်းတီးမှုကို ပိုပြီး ဖော်ပြရာ ရောက်မယ်လို့ ကျွန်တော် တွေးမိလို့ပါ”
“အဲဒါကြောင့်မို့လို့ ပိုပြီး ခြုံငုံမိတဲ့ စကားလုံးကို သုံးလိုက်တာပေါ့”
“ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးကို ပြောပြတာပါဗျာ”
သူ့စကားကို နားထောင်ပြီးတဲ့နောက်မှာတော့ ဂွတ်ဂျွန်က “အင်း” လို့ တစ်ချက် ညည်းတွတ်ပြီး သန့်စင်ခန်းထဲကနေ ထွက်သွားခဲ့တယ်။ မာရူးလည်း သူ့နောက်ကနေ လိုက်သွားဖို့ လိုတယ်လို့ ခံစားလိုက်ရတာပေါ့။
“မင်းတို့ နှစ်ယောက် ဘာတွေ...”
အပြင်ကနေ စောင့်နေတဲ့ ဆူယွန်းက သူတို့နှစ်ယောက် ထွက်လာတာနဲ့ ချက်ချင်း လှမ်းမေးပေမဲ့ မာရူးက ပြန်မဖြေခဲ့သလို ဂွတ်ဂျွန်ကလည်း စိတ်ထဲ ထည့်ထားပုံ မရပါဘူး။ မာရူးက သူမကို မျက်ရိပ်ပြပြီး နှုတ်ဆက်လိုက်ရင်း စ္စာလမ်းအတိုင်း ဂွတ်ဂျွန်ရဲ့ နောက်ကနေ တိတ်တိတ်ကလေး လိုက်လာခဲ့တယ်။ ဂွတ်ဂျွန်က ပြတင်းပေါက်တစ်ခုရဲ့ အရှေ့မှာ ခြေလှမ်းရပ်လိုက်ပြီးမှ စကားစပြောတယ်။
“ပထမဆုံးအနေနဲ့... မင်း ဇာတ်ညွှန်းအတိုင်း ကြက်တူရွေးစာအံသလို လိုက်မပြောဘဲ ကိုယ်ပိုင်အမြင် ရှိတာကိုတော့ ငါ အကောင်းမြင်ပါတယ်။ ငါက ငါပြောသမျှကို တိတိကျကျ လိုက်လုပ်တဲ့လူမျိုးထက် စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို တကယ် တွေးတောတတ်တဲ့ လူမျိုးကို ပိုသဘောကျတာ။ ဒါပေမဲ့ မင်းက အခု ခြေလှမ်း တစ်လှမ်း ပိုလွန်သွားပြီ”
ဂွတ်ဂျွန်က သူ့အင်္ကျီအိတ်ထဲ လိပ်ထည့်ထားတဲ့ ဇာတ်ညွှန်းစာအုပ်ကို ထုတ်လိုက်တယ်။
“မင်းပြောတာကတော့ အဓိပ္ပာယ်ရှိတာ အမှန်ပဲ။ အခြေအနေကို ပိုပြီး ခြုံငုံဖော်ပြနိုင်တဲ့ စကားလုံးမျိုးပေါ့။ ဒါက မဆိုးတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ စကားလုံး ကွဲပြားသွားရင် အဓိပ္ပာယ် သက်ရောက်ပုံချင်း ကွာသွားနိုင်တာလည်း အမှန်ပဲလေ။ ဒါပေမဲ့ မင်းရဲ့ အတွေးအမြင်က မှားနေတယ်။ မတူတာ မဟုတ်ဘူး၊ မှားနေတာ။ ဘာဖြစ်လို့လဲဆိုတာ မင်း သဘောပေါက်ရဲ့လား”
မာရူးက သိပ်ပြီး စဥ်းစားမနေတော့ဘဲ မသိပါဘူးလို့ပဲ ပြန်ဖြေလိုက်တယ်။ အဲဒီစာသားက သူ သေချာ အာရုံစိုက်ပြီး တွေးတောခဲ့ပြီးမှ ရလာတဲ့ အဖြေပဲလေ။ အခုအချိန်အထိတော့ သူ့စကားထဲမှာ ဘာအမှားအယွင်း ရှိနေလဲဆိုတာ သူ မရိပ်မိသေးဘူး။
“မင်းရဲ့ စကားလုံးက စာရေးဆရာရဲ့ အမြင်နဲ့ ကြည့်ရင်တော့ တကယ့်ကို ကောင်းမွန်တဲ့ စကားလုံးမျိုး ဖြစ်မှာပါ။ စာရေးဆရာက အဲဒီလို ရေးလိုက်မယ်ဆိုရင် စာဖတ်သူတွေကို တွေးတောစရာ တစ်ခုခု ပေးနိုင်မှာဖြစ်သလို ဝါကျရဲ့ အရသာကိုလည်း ပြောင်းလဲသွားစေမှာပေါ့။ ဒါပေမဲ့... အဲဒီစာသားကို ပြောရမယ့် အသက် ၁၇ နှစ်အရွယ် လူမိုက်ကောင်လေးရဲ့ အမြင်နဲ့ ပြန်စဥ်းစားကြည့်ရင်ကော ဘယ်လိုရှိမလဲ။ မင်းရဲ့ စကားလုံးက အဲဒီလူမိုက်ကောင်လေးက အဖိုးအိုကို ကြည့်ပြီး အများကြီး တွေးတောဆင်ခြင်ပြီးမှ ပြောရမယ့် စကားမျိုး ဖြစ်နေတာပေါ့။ မင်းကော ဘယ်လို ထင်လဲ”
ဂွတ်ဂျွန်က အဲဒီလို ပြောလိုက်တဲ့ အချိန်ကျမှပဲ မာရူးတစ်ယောက် သူ ဆိုလိုတဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားတော့တယ်။
မာရူးမှာ ဇာတ်ညွှန်းစာအုပ်ကို အကြိမ်ကြိမ် ဖတ်ခွင့်ရခဲ့တာကိုး။ ဇာတ်လမ်းရဲ့ အဖြစ်အပျက် အစီအစဥ်တွေ၊ ဇာတ်ကောင်အမျိုးမျိုးရဲ့ စိတ်ခံစားမှု အပြောင်းအလဲတွေနဲ့ ဇာတ်သိမ်းပိုင်းအထိ ဖြစ်ပျက်သမျှ အခြေအနေအားလုံးကို သူ သိနေခဲ့တာပဲ။ သူက ဇာတ်ကောင်အားလုံးအပေါ် ခြုံငုံပြီး သိမြင်နိုင်တဲ့ အခြေအနေမျိုး ရှိနေတာ။ ဇာတ်ကောင်ရဲ့ ပတ်ဝန်းကျင် ကမ္ဘာတစ်ခုလုံးကို အပြည့်အဝ နားလည်ထားတဲ့အတွက် 'လူမိုက်ကောင်လေး' ရဲ့ ချို့ယွင်းချက်ကို သူ မြင်သွားခဲ့တာပေါ့။ ဒါတင်မကဘဲ ဆရာကြီး ယွန်းမွန်ဂျောင်ရဲ့ လွှမ်းမိုးမှုရှိလှတဲ့ သရုပ်ဆောင်ချက်တွေကိုလည်း သူ မျက်မြင်တွေ့ခဲ့ရသေးတာကိုး။ ဒါကြောင့်မို့လို့ လူမိုက်ကောင်လေးရဲ့ စကားပြောစာသားအပေါ် သူ အားမရ ဖြစ်မိတာကလည်း မဆန်းပါဘူး။
အဲဒါကြောင့်မို့လို့ပဲ သူက ဇာတ်ကောင်ရဲ့ စရိုက်ကို ပိုပေါ်လွင်စေချင်တဲ့ စိတ်နဲ့ စကားလုံးကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာပဲ။
ဒါပေမဲ့ အဲဒီလူမိုက်ကောင်လေးက အရာအားလုံးကို ကြိုသိနေတဲ့ နတ်ဘုရားမှ မဟုတ်တာ။ သူက အဲဒီဇာတ်လမ်းကမ္ဘာထဲက သာမန် အထက်တန်းကျောင်းသားတစ်ယောက်ပဲလေ။ သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံး အရက်သောက်ထားတဲ့ ကျောင်းသားလေးတစ်ယောက်က ခုံတန်းလျားပေါ်မှာ လှဲနေတဲ့ အဖိုးအိုတစ်ယောက်ရဲ့ နောက်ခံအကြောင်းရင်းတွေကို တွေးတောပြီး ဒီလောက် နက်နဲတဲ့ စကားလုံးမျိုးကို ပြောပါ့မလား။
မပြောနိုင်ပါဘူး။ အမှန်ဆိုရင် သူက ဒီထက် ပိုပြီး အောက်တန်းကျတဲ့ စကားလုံးမျိုးကိုတောင် သုံးပြီး ပြောဦးမှာပါ။ တစ်ခါတလေ ဘာစကားမှမပြောဘဲ အဖိုးအိုရဲ့ ကိုယ်ခန္ဓာကို ခြေထောက်နဲ့ ပိတ်ကန်ရင်တောင် ကန်မိဦးမှာပဲ။ ဒါပေမဲ့ အကြမ်းဖက်ရုံ သက်သက်နဲ့တော့ ဆရာကြီးရဲ့ ဒေါသကို နှိုးဆွဖို့ မလုံလောက်ဘူးလေ။ ဆရာကြီးရဲ့ စိတ်ခံစားမှုကို ဆွပေးနိုင်မယ့် စကားလုံးမျိုး ဖြစ်နေဖို့ လိုအပ်သလို တစ်ပြိုင်တည်းမှာပဲ အထက်တန်းကျောင်းသား လူမိုက်လေးရဲ့ အပေါ်ယံ စိတ်ခံစားမှုကိုလည်း ဖော်ပြနိုင်ဖို့ လိုတာပေါ့။
“ဇာတ်ကောင်တွေမှာ မတူညီတဲ့ အဆင့်တွေ ရှိတယ်ကွ။ အသွင်အပြင် ရှိမယ်၊ အပေါ်ယံ စရိုက်လက္ခဏာတွေ ရှိမယ်၊ ပြီးတော့မှ အတွင်းစိတ် စရိုက်လက္ခဏာတွေ ရှိတာပေါ့။ မင်းပြောသလို အဲဒီလူမိုက်ကောင်လေးရဲ့ အတွင်းစိတ်ထဲအထိ နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်ရင်တော့ သူ့မှာလည်း ကိုယ်ပိုင်အတွေးအခေါ် ရှိနိုင်ပြီး အဖိုးအိုကို အဲဒီလိုမျိုး ပြောကောင်းပြောနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါက ဒီရုပ်ရှင်နဲ့ကျတော့ အဆင်မပြေဘူးလေ။ ကင်မရာက လူမိုက်လေးဆီမှာ မဟုတ်ဘဲ အဖိုးအိုဆီမှာပဲ အဓိက အာရုံစိုက်ထားရမှာ။
ငါ ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း လေ့လာတုန်းက အများကြီး သင်ယူခဲ့ရတာ ရှိတယ်။ စာအုပ်တစ်အုပ်မှာကျတော့ အချိန်ကန့်သတ်ချက် မရှိဘူး။ ဇာတ်သိမ်းဆိုတာ ရှိပေမဲ့ စာမျက်နှာကို လှန်မလှန်ဆိုတာ ဖတ်တဲ့သူကပဲ ရွေးချယ်ခွင့် ရှိတာလေ။ တစ်ဖက်မှာကျတော့ ရုပ်ရှင်ဆိုတာ အချိန်သမုဒ္ဒရာထဲမှာ ခရီးနှင်နေတဲ့ သင်္ဘောတစ်စင်းလိုမျိုး ဖြစ်နေလို့ ပရိသတ်တွေကို ပေးချင်တဲ့ သတင်းစကားကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး ပေးနိုင်ဖို့ လိုတယ်။ စာအုပ်ထဲမှာဆိုရင် တစ်ခုခုကို နားမလည်ရင် နောက်ပြန်လှန်ဖတ်လို့ ရပေမဲ့ ရုပ်ရှင်မှာကျတော့ အဲဒီလို လုပ်လို့မရဘူးလေ။ အော်... သေသေချာချာ ပြောရရင်တော့ ခဏရပ်ပြီး နောက်ပြန်ရစ်ကြည့်လို့ ရနိုင်တယ်ဆိုပေမဲ့ ရုပ်ရှင်ရုံထဲမှာတော့ အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား” အဲဒီစကားတွေကို ပြောပြီးတဲ့နောက်မှာတော့ ဂွတ်ဂျွန်က စကားတွေအကြာကြီး ပြောလိုက်ရလို့ နှုတ်ခမ်းတွေ ညောင်းသွားတဲ့ပုံစံမျိုးနဲ့ နှုတ်ခမ်းကို လေမှုတ်ထုတ်လိုက်တယ်။
“ဒါပေမဲ့ 'ဒီလောက်နှစ်တွေအကြာကြီး' ဆိုတဲ့ အပိုင်းကိုတော့ ငါ သဘောကျတယ်။ အဲဒါလေးကိုတော့ ငါ ယူသုံးလိုက်မယ်နော်”
“အဲဒါဆို ကျွန်တော့်ကို မူပိုင်ခွင့်ကြေး ပေးမှာလားဗျ”
“ကော်ဖီတစ်ခွက်နဲ့ပဲ အပြတ်အသတ် ရှင်းလိုက်ကြရအောင်ပါ”
ဂွတ်ဂျွန်က အလိုအလျောက် အရောင်းစက်ထဲကနေ ကော်ဖီတစ်ခွက် ဝယ်ပေးလိုက်တယ်။ မာရူးကလည်း ပြုံးပြုံးလေးနဲ့ ကော်ဖီခွက်ကို လှမ်းယူလိုက်တာပေါ့။ အမှန်ဆိုရင်တော့ သူကသာ ကော်ဖီဝယ် တိုက်ရမှာပါ။ မိမိ သင်ယူခဲ့ရတဲ့ ပညာရပ်အတွက် သင်တန်းကြေး ပေးရတာက သဘာဝပဲ မဟုတ်လား။
သူ ကော်ဖီသောက်နေတုန်းမှာပဲ စင်္ကြံလမ်းရဲ့ ဟိုဘက်အစွန်းကနေ လူနှစ်ယောက် ထွက်လာတာ တွေ့လိုက်ရတယ်။ အဲဒါကတော့ နှုတ်ခမ်းမှာ စီးကရက်တစ်လိပ် ကိုက်ထားတဲ့ ဆရာကြီး ယွန်းမွန်ဂျောင်နဲ့ ဂျုန်ဂွန်တို့ပဲ ဖြစ်ပါတယ်။
“ဟင်... မင်းတို့ နှစ်ယောက်က သိကြတာလား”
ဂျုန်ဂွန်က မာရူးနဲ့ ဂွတ်ဂျွန်ကို လက်ညှိုးထိုးရင်း လှမ်းမေးလိုက်တယ်။ ဂွတ်ဂျွန်ကလည်း “ဟုတ်ကဲ့” လို့ ပြန်ဖြေတာပေါ့။
“ဒါက ဘာဖြစ်တာလဲဟ။ ဆရာကြီး ယွန်းကလည်း မင်းကို သိနေတယ်၊ အခု စာရေးဆရာကလည်း မင်းကို သိနေပြန်ပြီ။ မင်းက ဘာကောင်မို့လို့လဲ” ဂျုန်ဂွန်က စနောက်တဲ့ လေသံနဲ့ မေးလိုက်တယ်။
“ကျွန်တော်က သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါဗျာ”
“အဲဒါကို ငါ မသိဘူးလို့ ထင်နေတာလား”
“ကျွန်တော်က အထက်တန်းကျောင်းသားပါ”
“ဒီကလေးကို ကြည့်စမ်း။ စကားတစ်ခွန်းပြောတိုင်း ပြန်ပက်နေတာပဲ... ငါတော့ သဘောကျသွားပြီဟေ့။ ဟေး... မင်း နာမည် ဘယ်လိုခေါ်လဲ”
“ကျွန်တော့်နာမည် ဟန်မာရူး ပါခင်ဗျာ”
“ဟန်မာရူး ဟန်မာရူး၊ ဟန်မာရူး... အော် ဟိုတစ်လောက ကောင်လေးပဲ ငါက မှတ်ဉာဏ် သိပ်မကောင်းလှပေမဲ့ မင်းရဲ့ ထူးဆန်းတဲ့ နာမည်ကြောင့် မှတ်မိနေတာဗျ။ ဟုတ်ပါပြီ၊ ဟန်မာရူး။ အေး... မင်း သရုပ်ဆောင်တာ တော်ပါတယ်”
ဂျုန်ဂွန်က စက်ထဲကနေ ကော်ဖီတစ်ခွက် ဝယ်ပြီး ဆရာကြီး ယွန်းမွန်ဂျောင်ကို ပေးလိုက်သလို ဂွတ်ဂျွန်ကလည်း ဆရာကြီးအတွက် စီးကရက် မီးညှိပေးလိုက်တယ်။
“ဆရာကြီးက ဆေးလိပ်သောက်တတ်တာလားဟင်”
သူတို့ အရင်က အကြိမ်ကြိမ် ဆုံဖူးကြပေမဲ့ ဂွတ်ဂျွန်တစ်ယောက် ဆရာကြီး ဆေးလိပ်သောက်တာကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲလေ။
“ဒါက ငါ့ရဲ့ အကျင့်ဆိုးတစ်ခုပါကွာ။ တစ်ခါတလေကျတော့လည်း အယူအဆတစ်ခုလိုမျိုး ဖြစ်နေတာပေါ့”
ဆရာကြီး ယွန်းမွန်ဂျောင်က စီးကရက်ကို တစ်ချက် အားရပါးရ ရှိုက်လိုက်တယ်။ စီးကရက်ထိပ်ဖျားလေးက ရဲခနဲ ဖြစ်သွားတာပေါ့။ လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ရင်း မီးခိုးတွေကို လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူက စီးကရက်ကို အမှိုက်ပုံးပေါ်က ပြာခွက်မှာ ကပ်ပြီး ငြိမ်းပစ်လိုက်တယ်။
“မင်း အများကြီး လေ့ကျင့်ထားတာကို ငါ မြင်ပါတယ်”
ဆရာကြီး ယွန်းမွန်ဂျောင်က မာရူးကို ကြင်နာစရာကောင်းတဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
“ကျွန်တော်လည်း သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်လို့ပါဗျာ။ နောင်ကိုလည်း ကျွန်တော့်ကို အများကြီး သင်ပြပေးပါဦး ခင်ဗျာ”
“ငါ မင်းကို သင်ပြပေးစရာ ဘာမှမရှိပါဘူးကွာ။ မင်း အခုလည်း အဆင်ပြေပြေ လုပ်နိုင်နေတာပဲ။ အတွေ့အကြုံ နည်းနည်းလောက် ရလာရင်တော့ မင်းက သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာပါ”
“ဟိုး... ဆရာကြီးက တစ်စုံတစ်ယောက်ရဲ့ သရုပ်ဆောင်မှုကို ဒီလိုမျိုး ချီးမွမ်းတာကို မြင်ရတာ ဒါ ပထမဆုံးအကြိမ် ထင်တယ်ဗျ။ ဒါတင်မကဘဲ သူက ငယ်ငယ်လေးပဲ ရှိသေးတာကိုး”
ဂျုန်ဂွန်က မာရူးကို စိတ်ဝင်တစားနဲ့ ကြည့်နေတယ်။ မာရူးကတော့ ကော်ဖီကို သောက်ရင်း အလိုက်သင့်ပဲ ပြန်ပြုံးပြနေမိတာပေါ့။
“ဒါပေမဲ့ ဒီရုပ်ရှင်အတွက်တော့ ဒါတင်နဲ့ မလုံလောက်သေးဘူးနော်။ ငါက ဒီဇာတ်ကားကို တကယ့်ကို အကောင်းဆုံးဖြစ်အောင် လောဘတကြီး ဖန်တီးမှာမို့လို့ပဲ”
ဂျုန်ဂွန်က “ကြိုးစားကြဦးဗျာ” လို့ ပြောပြီး လှည့်ထွက်သွားခဲ့တယ်။ သူက ကိုယ်လုံးဝတုတ်တုတ်နဲ့မို့လို့ ကြည့်လိုက်ရင် လူကောင်းကြီးတစ်ယောက်လို ထင်ရပေမဲ့ ရုပ်ရှင်ရိုက်ကူးနေတဲ့အချိန်မှာတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မာရူးက ကောလာဟလတွေကနေတစ်ဆင့် ကြားဖူးထားတာပေါ့။ မဟုတ်ဘူး၊ ကြောက်စရာကောင်းတယ်ဆိုတာထက် ရက်စက်တယ်ဆိုတဲ့ စကားလုံးက သူ့အတွက် ပိုပြီး သင့်တော်လိမ့်မယ်။ အမှားအယွင်း မဆိုစလောက်လေး တွေ့တာနဲ့ “နောက်တစ်ခေါက်” လို့ ချက်ချင်း အော်တတ်သလို ဆဲရေးတိုင်းထွာတာကလည်း သူ့အတွက်တော့ ပုံမှန်လို ဖြစ်နေတာလေ။ အဲဒီအကြောင်းကို လီဂျွန်မင်း ဆီကနေ သူ ကြားဖူးခဲ့တာ။ သူက မိမိအလုပ်အပေါ် တကယ့်ကို စိတ်အားထက်သန်မှု အပြည့်ရှိပြီး အရည်အချင်း မပြည့်ဝတဲ့ သရုပ်ဆောင်တွေ၊ အလုပ်ကို သေသေချာချာ မလုပ်တဲ့သူတွေနဲ့ အလုပ်လုပ်ရတာကို သိပ်မုန်းတာကိုး။ ဒါကြောင့်မို့လို့ ရုပ်ရှင်ကို အဆင်ပြေပြေနဲ့ မြန်မြန်ပြီးချင်တဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ အမြင်မှာတော့ သူက ရှောင်ရှားရမယ့် ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပေါ့။
အဲဒီလို ရှိပေမဲ့လည်း သူက တကယ့်ကို နာမည်ကြီးပြီး ငှားရမ်းဖို့ ခက်ခဲတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်နေပြန်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ ရိုက်ကူးသမျှ ရုပ်ရှင်တိုင်းက အမြဲတမ်း အောင်မြင်မှုအပြည့် ရလေ့ရှိပြီး ဇာတ်ကားတစ်ကားချင်းစီတိုင်းမှာ ကြည့်ရှုသူ ၇ သန်းကနေ ၈ သန်းနီးပါးအထိ ရှိတတ်လို့ပဲလေ။ ကယ်လို့သာ လီဂျွန်မင်း ရဲ့ ကိုယ်ပိုင်အဆက်အသွယ်တွေနဲ့ ဆရာကြီး ယွန်းမွန်ဂျောင်ရဲ့ ပါဝင်ကူညီမှုသာ မရှိခဲ့ရင် သူ့ကို ဒါရိုက်တာအဖြစ် ငှားရမ်းနိုင်ဖို့က တကယ့်ကို ခက်ခဲလိမ့်မယ်လို့ လီဂျွန်မင်းက ပြောခဲ့ဖူးတယ်။
“အဲဒါကတော့ ကျွန်တော့်ကို ဖိအားပေးလိုက်သလို ဖြစ်သွားပြီပဲ”
“မင်းအနေနဲ့ အမြဲတမ်း စိတ်ကို တင်းထားရလိမ့်မယ်နော်။ အဲဒီလူက အော်လံကို ကိုင်လိုက်ပြီဆိုတာနဲ့ ဘာမဆို လိုက်ပြီး ဆဲတော့တာပဲ။ ငါသာ ဒီလောကထဲမှာ နောက်ထပ် နည်းနည်းလောက် ထပ်ကြာကြာ နေခဲ့ဦးမယ်ဆိုရင် ငါ့ကိုတောင် ဆဲဦးမှာပဲ”
“မဖြစ်နိုင်တာဗျာ”
ဆရာကြီး ယွန်းမွန်ဂျောင်က လှည့်ထွက်သွားခဲ့တယ်။
နားချိန်ကလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ နောက်ထပ် ကျန်ရှိနေတဲ့ အပိုင်းကတော့ ပြင်းထန်လှတဲ့ စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်ပွားမယ့် အပိုင်းတွေပဲလေ။ အစောပိုင်းတုန်းက ရှိခဲ့တဲ့ ပေါ့ပေါ့ပါးပါး အခြေအနေမျိုးကတော့ ရှိတော့မှာ မဟုတ်ပါဘူး။
'ကဲ... သွားကြစို့'
သူ့ရဲ့ စကားပြောစာသားအပိုင်းကတော့ ပြီးသွားပြီဆိုပေမဲ့ သင်ယူစရာတွေကတော့ အများကြီး ကျန်နေသေးတာပဲ။ ဝါရင့် ဆရာကြီးတွေရဲ့ စကားပြောစာသားတွေကို နားထောင်ရင်းနဲ့ အတွေ့အကြုံတွေကို သူ ထပ်ပြီး ဆည်းပူးရဦးမှာ ဖြစ်လို့ပဲလေ။
* * * * * * * * *