← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း(၂၆၂)

“စီနီယာ့ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးထားမိဘူး”

အဆောက်အအုံရဲ့ ဆေးလိပ်သောက်တဲ့နေရာမှာ ဆေးလိပ်သောက်နေတဲ့ ဒေါင်ဝုခ်ဟာ ရင်းနှီးနေတဲ့ အသံတစ်ခု ကြားလိုက်ရလို့ ခေါင်းလှည့်ကြည့်လိုက်တယ်။ ကုတ်အင်္ကျီ ဝတ်ထားတဲ့ လူတစ်ယောက်က သူ့ဆီ လျှောက်လာရင်း လက်လှမ်းပြနေတာပါ။ သူ့မျက်လုံးထဲကို ပထမဆုံး ဝင်လာတာက အဲဒီလူရဲ့ မျက်နှာမဟုတ်ဘဲ လက်ကောက်ဝတ်က နာရီဖြစ်နေတယ်။ သူ့အလုပ်က အနုပညာရှင်တွေနဲ့ ဆက်ဆံရတာဆိုတော့ တံဆိပ်အကောင်းစား ပစ္စည်းတွေကို မြင်ရတာ ရိုးနေပြီ ဖြစ်ပြီး လျှောက်လာတဲ့လူရဲ့ နာရီက သိပ်ကို ဈေးကြီးတဲ့ တံဆိပ်ဆိုတာ ချက်ချင်း သိလိုက်တယ်။

“အာ... အေး။ မတွေ့ရတာ ကြာပြီနော်”

ဒေါင်ဝုခ်က အဲဒီလူကို ကြည့်ပြီး အပြုံးတုကြီးနဲ့ ပြုံးပြလိုက်တယ်။

“ဘယ်လောက်တောင် ကြာသွားပြီလဲ။ နေကောင်းတယ်မလား”

“အေး... ငါလည်း အဆင်ပြေပြေပါပဲ”

သူ့ရှေ့ကလူကို အထာကျကျနဲ့ ဝင့်ဝင့်ကြွားကြွား နေပြချင်ပေမဲ့ အဲဒီလူရဲ့ လက်ကောက်ဝတ်က တံဆိပ်အကောင်းစား နာရီကြီးကြောင့် သူ မလုပ်နိုင်ခဲ့ဘူး။

“ဆယ်နှစ်လောက် ရှိသွားပြီ ထင်တယ်နော်။ မဟုတ်ဘူး... အဲဒါထက်တောင် ပိုဦးမယ်။ စီနီယာ့အကြောင်း သတင်းတွေ ကြားပါတယ်။ အဲဒီလောက် ခက်ခဲတဲ့ စာမေးပွဲကြီးကို အောင်ပြီး ရုပ်သံလိုင်းတစ်ခုမှာ သတင်းထောက် ဖြစ်သွားတယ်ဆို။ ဟုတ်တယ်မလား”

သူ့ဂျူနီယာက ဒီစကားတွေကို ပြောရင်း သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေတယ်။ အဲဒီအကြည့်က ဒေါင်ဝုခ်ရဲ့ စုတ်ပြတ်နေတဲ့ ဖိနပ်တွေနဲ့ လမ်းဘေးကနေ ဝယ်ထားတဲ့ တံဆိပ်မရှိတဲ့ ကုတ်အင်္ကျီဆီ ရောက်သွားတော့ ဒေါင်ဝုခ်လည်း မျက်နှာကို အသာလွှဲပြီး ပြန်မပြောဘဲ နေလိုက်တယ်။

ဂျူနီယာက နှုတ်ခမ်းကို လျှာနဲ့တစ်ချက်သပ်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။

“စီနီယာ... ဒါ ကျွန်တော့် လိပ်စာကတ်။ အချိန်ရရင် ဖုန်းဆက်လိုက်ဦးလေ”

သိပ်ကို ပါးနပ်ပြီး အလိုက်သိတတ်တဲ့ သူ့ဂျူနီယာက ကိုယ်ကိုလှည့်ပြီး ထွက်သွားတယ်။ ဒေါင်ဝုခ်ကတော့ ဂျူနီယာ့ရဲ့ လိပ်စာကတ်ကို ကြည့်ပြီး သက်ပြင်းချမိတော့တာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်က သူတို့တွေဟာ ညီအစ်ကိုတွေလို ရင်းနှီးခဲ့ကြတာပါ။ အရက်သောက်ရင်း သူတို့ရဲ့ တောက်ပမယ့် အနာဂတ်အကြောင်းတွေ ပြောခဲ့ကြတာကို သူ မရေမရာပဲ မှတ်မိတော့တယ်။ ရှက်စိတ်ကြောင့် အဲဒီလူနဲ့ ကောင်းကောင်းမွန်မွန် စကားမပြောနိုင်ခဲ့တဲ့ ဖြစ်တည်မှုကို မခံချင်စိတ်နဲ့ ဒေါင်ဝုခ်ဟာ ဆေးလိပ်ကို တရစပ် ဖိသောက်နေမိတယ်။ ရုပ်သံသတင်းထောက်...။ သူ့မှာသာ အဲဒီရာထူး အဆောင်အယောင် ရှိနေရင် အဲဒီလူနဲ့ ရင်းရင်းနှီးနှီး နေပြပြီး ဒီညနေတောင် အတူတူ ထမင်းသွားစားကြဦးမှာ။

‘အကုန်လုံးက အပိုတွေပါပဲ’

သူ ခဏကလေးပဲ ညည်းတွားမိတာပါ။ ပိုက်ဆံက လူကို လူရုပ်ပေါက်အောင် လုပ်ပေးနိုင်တာပဲလို့ ဒေါင်ဝုခ်က တွေးရင်း ဆေးလိပ်ပြာခွက်ထဲမှာ ဆေးလိပ်တိုကို ဖိချေပစ်လိုက်တယ်။ သူက သူ့မှတ်စုစာအုပ်ကို ကောက်ကိုင်၊ ကင်မရာကိုဆွဲပြီး ဇာတ်ညွှန်းဖတ်ပွဲ ခန်းမဆီ ပြန်လာခဲ့တယ်။ ကုမ္ပဏီအနည်းငယ်ကိုပဲ အထဲမှာ ဗီဒီယိုရိုက်ဖို့ ခွင့်ပြုထားတာပါ။ သူ့လို အင်တာနက် သတင်းထောက်တွေကတော့ အဆုံးထိ စောင့်ပြီး မင်းသားမင်းသမီးတွေ ပြန်ထွက်လာမယ့် အချိန်ကျမှပဲ ဓာတ်ပုံရိုက်ခွင့် ရကြတယ်။

‘ဒါနဲ့...’

ဒေါင်ဝုခ်ရဲ့ မျက်လုံးတွေက လူငယ်လေးတစ်ယောက်ဆီ ရောက်သွားတယ်။ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်မယ့်ပုံပဲ။ နံရံကို မှီပြီး ဇာတ်ညွှန်းစာမျက်နှာတွေကို တရွက်ချင်း လှန်နေတဲ့ ပုံစံက ကြည့်လို့ တော်တော်လှတယ်။ သူ့မျက်လုံးတွေနဲ့ နှုတ်ခမ်းတွေမှာတော့ ဘာခံစားချက်မှ မရှိတဲ့ အမူအရာ ပေါ်နေတယ်။ အပြစ်ပြောစရာမရှိအောင် ချောမောလှပနေတာမျိုး မဟုတ်ပေမဲ့ မင်းသားတစ်ယောက်အတွက်တော့ ကောင်းမွန်တဲ့ မျက်နှာအချိုးအစား ရှိနေတာ အမှန်ပဲ။

ဒါပေမဲ့ အဲဒါကြောင့် ဒေါင်ဝုခ်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာတော့ မဟုတ်ဘူး။

‘ငါ ကြည့်လိုက်တာနဲ့ သိနိုင်တယ်’

သရုပ်ဆောင်မှုဆိုတာ တခြားသူတွေကို အကဲဖြတ်ဖို့ အခက်ဆုံး နယ်ပယ်တစ်ခုပါ။ အနုပညာ ပုံစံတစ်ခု ဖြစ်ပေမဲ့ ဘာအတိအကျ သတ်မှတ်ချက်မှ မရှိဘူး။ အဲဒီလို ဖြစ်နေတာတောင် လူတွေက မင်းသားမင်းသမီးတွေကို သူတို့ရဲ့ သရုပ်ဆောင်ချက်တွေပေါ် မူတည်ပြီး အကဲဖြတ်ကြတုန်းပဲ။ ဒေါင်ဝုခ်လည်း တူတူပါပဲ။ သူကလည်း ကြည့်လိုက်တာနဲ့ သိတယ ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်စံနှုန်းနဲ့ မင်းသားတွေကို အကဲဖြတ်နိုင်တယ်။

“စောစောက မင်း တော်တော်လုပ်နိုင်တာပဲ”

ဒေါင်ဝုခ်က အဲဒီလူငယ်လေးဘေးမှာ ဝင်ထိုင်လိုက်တယ်။

“...ကျေးဇူးတင်ပါတယ်” လူငယ်လေးက ခေါင်းတစ်ချက် ငြိတ်ပြပြီး ဇာတ်ညွှန်းဆီ မျက်လုံး ပြန်ပို့လိုက်တယ်။

ဒေါင်ဝုခ်ကတော့ စိတ်ထဲကနေ ဒီကောင်လေး တော်တော်ရင့်ကျက်တာပဲလို့ တွေးနေမိတယ်။

“မင်းကို အရင်က မမြင်ဖူးပါဘူး။ ဘယ်ကုမ္ပဏီကလဲ။ ဒါမှမဟုတ် ကုမ္ပဏီ မရှိသေးတာလား”

လူငယ်လေးက သူ့မေးခွန်းကို ပြန်မဖြေဘဲ ဒေါင်ဝုခ်ကို စိုက်ကြည့်နေတယ်။ ဒေါင်ဝုခ်ကို သံသယဝင်နေတဲ့ ပုံပဲ။ ဒေါင်ဝုခ်က ချက်ချင်းပဲ သူ့ပိုက်ဆံအိတ်ထဲကနေ လိပ်စာကတ်ကို ထုတ်လိုက်တယ်။ ဒါက ကလေးတွေကို စကားပြောလာအောင် လုပ်နိုင်တဲ့ မာစတာသော့ချက်ပဲ... သတင်းထောက် လိပ်စာကတ်လေ။ သူက သူ့ကုမ္ပဏီနာမည်ကို လက်မနဲ့ အသာလေး ဖုံးထားလိုက်တယ်။ ဒီနိုင်ငံရဲ့ ပညာရေးက ယဉ်ကျေးမှုကို အဓိက သင်ကြားပေးတာမို့ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတာက မယဉ်ကျေးဘူးလို့ သင်ထားကြတယ်။ အထက်တန်းကျောင်းသားတွေဆိုတာ ဒီလို လိပ်စာကတ် ပြလိုက်ရင် ဆယ်ယောက်မှာ ဆယ်ယောက်လုံး မချင့်မရဲနဲ့ အရင်ပြန်ဖြေကြတာချည်းပဲ။

လူငယ်လေးက လိပ်စာကတ်ကို ကြည့်လိုက်တယ်။

‘ဒီလောက်ဆို ရပြီ’

သူ့လက်ကို ပြန်ရုပ်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ လူငယ်လေးက သူ့လက်ထဲကနေ လိပ်စာကတ်ကို ဖြတ်ခနဲ ဆွဲယူသွားတာပါ။ ဒီလိုမျိုး အဖြစ်အပျက်က ပထမဆုံးမို့ ဒေါင်ဝုခ်တစ်ယောက် လူငယ်လေးကို ကြောင်အမ်းအမ်းကြီး ကြည့်နေမိတယ်။

“Mint News ဒါ ဘယ်လို ကုမ္ပဏီမျိုးလဲ”

ဒါက သူ့ရဲ့ ပထမဆုံး မေးခွန်းပဲ။ ဒေါင်ဝုခ်ဟာ သူ့ခေါင်းနောက်စေ့ကို အုန်းခနဲ အရိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဒီကလေးက သူ့လက်ထဲက လိပ်စာကတ်ကို လုယူရဲတဲ့အထိ သတ္တိကောင်းလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးထားမိဘူး။ ပိုပြီး ရယ်ချင်စရာကောင်းတာက လူငယ်လေးရဲ့ စကားတွေပဲ။

“ဒါ ကျွန်တော့်ကို ပေးတာ မဟုတ်ဘူးလား။ လိပ်စာကတ်လေ”

ဒေါင်ဝုခ်က လှုပ်ခတ်နေတဲ့ နှုတ်ခမ်းတွေကို အနိုင်နိုင် ထိန်းပြီး ပြုံးရင်း ခေါင်းငြိတ်ပြလိုက်တယ်။ ဒါက လိပ်စာကတ်ရဲ့ အဓိက ရည်ရွယ်ချက်ပဲလေ... မဟုတ်ဘူးလို့ သူ ငြင်းလို့မရဘူး။

“Mint Newsက... ဒီတစ်ဝိုက်မှာ တော်တော်လေး လူသိများပါတယ်။ မင်း မသိဘူးလား”

“အော်... ဟုတ်လား။ သတင်းကုမ္ပဏီတစ်ခုပေါ့”

လူငယ်လေးက ဇာတ်လမ်းထဲကအတိုင်း သဘာဝကျကျပဲ သူ့ပိုက်ဆံအိတ်ကို ထုတ်၊ လိပ်စာကတ်ကို ခေတ္တမျှ ကြည့်ပြီးနောက် အထဲ ထည့်လိုက်တယ်။ သူ့ရဲ့ အပြုအမူတွေက ဒီလိုမျိုး အလုပ်တွေကို လုပ်နေကျအတိုင်း သဘာဝကျပြီး သပ်ရပ်လွန်းနေတယ်။ ပုံမှန်ဆိုရင် သူ့အရွယ် ကလေးတွေဟာ ဒါမျိုး ရရင် ဘာလုပ်ရမှန်းမသိဘဲ ကြောင်ရပ်နေတတ်တာ ဒါမှမဟုတ် အိတ်ကပ်ထဲ ကောက်ထည့်လိုက်တာမျိုး လုပ်တတ်ပေမဲ့ ဒီကောင်လေးကတော့ သိသိသာသာကို ကွဲပြားနေတယ်။

“ဒါဆို ခင်ဗျားက သတင်းထောက်တစ်ယောက် ပေါ့လေ”

“အေး... ဟုတ်ပါတယ်”

“ခင်ဗျားက ဆရာ ယွန်းမွန်ဂျောင်ကို အင်တာဗျူးဖို့ လာတာလား”

“အေး... ဟုတ်တယ်”

ဘယ်လိုဖြစ်သွားလဲမသိဘူး... သူက မေးခွန်းမေးရမယ့်သူ မဟုတ်တော့ဘဲ ပြန်ဖြေနေရတဲ့သူ ဖြစ်နေပြီ။ ဒေါင်ဝုခ်က ခေါင်းငြိတ်နေတဲ့ လူငယ်လေးကို မေးခွန်းတစ်ခု ပြန်ပစ်လိုက်တယ်။ အကယ်၍ စကားဝိုင်းက ဒီဘက်ကို ဆက်သွားနေရင် သူပဲ ရှုံးမှာလေ။

“အဲဒါထက်... ငါ မင်းကို မေးနေတာလေ။ မင်း ဘယ်သင်တန်းကျောင်းကလဲ။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုနဲ့ စာချုပ်ချုပ်ထားတာလား”

ဒေါင်ဝုခ်က နာမည်ကြီးနေတဲ့ ကြယ်ပွင့်တွေကို စိတ်မဝင်စားပါဘူး။ သူတို့အကြောင်း သတင်းရေးရတာ သိပ်လွယ်လွန်းတယ်။ ကင်မရာတွေက သူတို့နောက်ကို အမြဲ လိုက်နေတာကိုး။ ဒါပေမဲ့ သူတို့ဆီကနေ တန်ဖိုးရှိတဲ့ သတင်းကို ရှာဖို့ကျတော့ သိပ်ကို ခက်ခဲတယ်။ အနုပညာ ကုမ္ပဏီတွေက သူတို့ရဲ့ ကြယ်ပွင့်တွေကို သေချာ စောင့်ရှောက်ထားပြီး မကောင်းတဲ့ သတင်းတွေ ရေးခွင့်မပေးသလို၊ ကြယ်ပွင့်တွေ ကိုယ်တိုင်ကလည်း ပြဿနာဖြစ်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ကြဘူး။ နောက်ဆုံးတော့ ကြယ်ပွင့်တွေနဲ့ ပတ်သက်ပြီး အဖိုးတန်တဲ့ သတင်းဆိုတာ အိမ်ထောင်ပြုတာ၊ အလုပ်သစ် ထွက်တာ၊ ဒါမှမဟုတ် အလှူအတန်း လုပ်တာမျိုးပဲ ရှိတယ်။ တစ်နည်းပြောရရင် အဲဒီသတင်းတွေက သူတို့အတွက် အကျိုးရှိစေမယ့် သတင်းတွေပဲ။ ဒီနယ်ပယ်ရဲ့ ထုံးစံအရ အဲဒီလို သတင်းမျိုးကို အနုပညာ ကုမ္ပဏီနဲ့ စာချုပ်ရှိထားတဲ့ သတင်းဌာနကြီးတွေ ဒါမှမဟုတ် သတင်းထောက်တွေကိုပဲ ပေးလေ့ရှိကြတယ်။

လှပတဲ့ ပန်းတစ်ပွင့်မှာ ပျားတွေ အများကြီး အုံနေမှာပဲ... အဲဒီကနေ ပျားရည်ရဖို့က မလွယ်ဘူး။ ဒါကြောင့်မို့ ကုမ္ပဏီအကြီးစားတွေမှာ မဟုတ်တဲ့ သတင်းထောက်တွေက အရည်အချင်းရှိပေမဲ့ မပွင့်လန်းသေးတဲ့ မင်းသားသစ်တွေကို ရှာဖွေပြီး အစောပိုင်းကတည်းက ရင်းနှီးအောင် လုပ်ကြရတယ်။ သူတို့က အလားအလာရှိတဲ့ လူငယ်လေးတွေအကြောင်း သတင်းကောင်းတွေ ရေးပေးပြီး အဲဒီကတစ်ဆင့် ရင်းနှီးမှု တည်ဆောက်ကြတာပါ။ အဲဒီလူငယ်လေးက ကြယ်ပွင့်တစ်ယောက် ဖြစ်လာတဲ့အခါ အစောကတည်းက ရင်းနှီးခဲ့တဲ့ သတင်းထောက်က အဲဒီခင်မင်မှုကို သုံးပြီး သူတို့ဆီကနေ သတင်းကောင်းတွေ ရနိုင်တာပေါ့။

ဒေါင်ဝုခ်ရဲ့ မျက်လုံးထဲမှာတော့ သူ့ရှေ့က လူငယ်လေးက ဆွဲဆောင်မှု အပြည့်ရှိနေတယ်။ သူ့ရဲ့ အလားအလာကိုတော့ ဇာတ်ညွှန်းဖတ်ပွဲမှာ လုပ်ပြခဲ့တဲ့ သရုပ်ဆောင်ချက်နဲ့တင် သက်သေပြပြီးသားပဲ။ အရည်အချင်း ရှိတဲ့သူတွေက အခွင့်အရေးကောင်းနဲ့ ကြုံရင် လူထုရဲ့ အာရုံစိုက်မှုကို ချက်ချင်း ရနိုင်ကြတယ်။ သူ့ရုပ်ရည်ကလည်း မဆိုးလှဘူး၊ ပြီးတော့ သူ့ရဲ့ အေးစက်စက် အမူအရာက မိန်းကလေးတွေအကြား ရေပန်းစားမယ့် ပုံပဲ။

မဟုတ်ဘူး... ဒေါင်ဝုခ် ခန့်မှန်းတာကတော့ ဒီကောင်လေးက မမကြီးတွေရဲ့ အသဲစွဲ ဖြစ်လာလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်လေး နာမည်ကြီးလာမယ်လို့ သူ ဆုံးဖြတ်လိုက်တယ်၊ ဆိုလိုတာက အခုကတည်းက ရင်းနှီးအောင် လုပ်ထားရင် သူ့အတွက် မဆိုးဘူးပေါ့။ သူ အရင်ဆုံး သိအောင်လုပ်ရမှာက ဒီကောင်လေး ကုမ္ပဏီ ရှိမရှိ၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ ပံ့ပိုးမှုမပါဘဲ လူရွေးပွဲကို အောင်မြင်လာတာလား ဆိုတာပဲ။ အကယ်၍ သူသာ ဘယ်ကုမ္ပဏီမှာမှ မရှိသေးရင် ရင်းနှီးဖို့ ပိုလွယ်သွားမှာပါ။ ဘာလို့လဲဆိုတော့ သတင်းထောက်တွေရှေ့မှာ ဘယ်လို ပြုမူရမလဲဆိုတာ သူ့ကို ဘယ်သူမှ သင်ပေးထားဦးမှာ မဟုတ်လို့ပဲ။

“ဒါဆို ခင်ဗျားက ကျွန်တော် ဘယ်ကလဲဆိုတာ သိချင်နေတာပေါ့”

“ဟမ်...”

ဒေါင်ဝုခ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ လူငယ်လေးကို ကြည့်လိုက်တယ်။ ပုံမှန်ဆိုရင် သံသယ အရှိဆုံးလူတွေတောင် ဒါမျိုးဆို အေးအေးဆေးဆေး ပြန်ဖြေတတ်ကြတာပဲ။ ဘာလို့လဲဆိုတော့ အဲဒါက ဘာမှ ထိခိုက်စရာ မရှိလို့လေ။ ဒါပေမဲ့ ဒီလူငယ်လေးကတော့ သူ့ကို ပြန်မဖြေဘူး။ အမှန်တော့ သူက ဒေါင်ဝုခ်ကို အကဲခတ်ဖို့ ကြိုးစားနေသလိုမျိုး မျက်မှောင်ကြုတ်ပြီး ကြည့်နေတာ။

‘ဒီကောင်လေး...’

ဒေါင်ဝုခ်က ဒီကောင်လေးကို လူမှုပတ်ဝန်းကျင် အတွေ့အကြုံ ရှိတဲ့သူတစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ ကုမ္ပဏီတစ်ခုခုမှာ ရှိနေတယ်ဆိုတာ သေချာသွားပြီ။ သတင်းထောက်တွေ မေးတဲ့ မေးခွန်းတွေကို မဖြေဖို့ သူ သင်ကြားထားရမယ်။

‘ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ သူတို့ကို တခြားအရာတစ်ခုလည်း သင်ပေးထားသေးတယ်’

သူတို့က မရေမရာ ပြန်ဖြေရမယ်၊ ဒါပေမဲ့ ယဉ်ယဉ်ကျေးကျေး ပြုမူရမယ်။ အနုပညာရှင်တွေအနေနဲ့ သတင်းထောက်တွေနဲ့ ဘယ်လိုနည်းနဲ့မှ မကောင်းတဲ့ ဆက်ဆံရေးမျိုး မရှိသင့်ဘူး။ အထူးသဖြင့် အသစ်တွေဆိုရင်ပေါ့။ ကုမ္ပဏီတွေက သတင်းထောက်တွေနဲ့ ရန်မဖြစ်ဖို့ အမြဲ သင်ပေးလေ့ရှိတယ်။

ဒါကြောင့်မို့ ဒေါင်ဝုခ်ရဲ့ ရိုးရှင်းတဲ့ တွေးခေါ်မှုအရ မကြာခင်မှာပဲ သူ့ဆီကနေ အချက်အလက်အချို့ကို ရတော့မယ်လို့ တွေးလိုက်ပေမဲ့...

“ကျွန်တော်ကတော့ ဒီအတိုင်း အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားနေတဲ့ မင်းသားသစ်တစ်ယောက်ပါပဲ”

“အာ... အေးပါ၊ ဟုတ်ပါပြီ”

သူ နံရံတစ်ခုနဲ့ စကားပြောနေရသလို ခံစားလိုက်ရတယ်။ ဒေါင်ဝုခ်က သူ့ကိုယ်သူ သတင်းထောက်တစ်ယောက်အနေနဲ့ အရည်အချင်း မပြည့်ဝဘူးလို့ တစ်ခါမှ မတွေးဖူးပါဘူး။ သူက အမြဲတမ်း တစ်ဖက်လူကို နည်းပရိယာယ်မျိုးစုံ သုံးပြီး စကားပြောလာအောင် လုပ်နိုင်ခဲ့တာ။ အဲဒါမှ မရရင် တစ်ဖက်လူ စကားပြောလာတဲ့အထိ ဇွဲရှိရှိနဲ့ နှောင့်ယှက်တတ်တာ။ ဒါပေမဲ့ ဒီကောင်လေးက ဘာလဲ။ သူက အစကတည်းက စည်းတစ်ခုကို အပြတ်သားကြီး တားထားတာမို့ သူ ဘာမှ မမေးနိုင်တော့ဘူး။ ဒါက သူ မရိုမသေ လုပ်နေတာမျိုးလည်း မဟုတ်ဘူး။ သူက နှိမ့်ချတဲ့ စကားလုံးတွေ သုံးပြီး သေသေချာချာ ပြန်ဖြေသွားတာ။ ဒေါင်ဝုခ်အနေနဲ့ သူ့ကို အပြစ်ရှာစရာ ဘာမှ မရှိဘူး။

“ဟမ်း... စောစောက မင်း တော်တော် ကောင်းပါတယ်”

“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အဲဒါကို ခင်ဗျား စောစောကတင် ကျွန်တော့်ကို ပြောပြီးပြီ ထင်တယ်”

“ဟုတ်လား။ ဒီရက်ပိုင်း ငါ့မှတ်ဉာဏ်တွေ သိပ်မကောင်းတော့လို့ပါ။ ဒါနဲ့... ဒီက အခြေအနေကို မင်း ဘယ်လိုထင်လဲ။ ကြည့်ရတာ ဒါ မင်းအတွက် ပထမဆုံးအကြိမ် ထင်တယ်”

“ကောင်းပါတယ်”

“အာ... ဟုတ်ပြီ။ ဒီမှာ ရှိနေတဲ့သူတွေထဲမှာ မင်း လေးစားတဲ့ စီနီယာ မင်းသား ရှိလား”

“ကျွန်တော် ဆရာ မွန်ဂျောင်ကို လေးစားပါတယ်”

“ဟုတ်ပြီ။ ဆရာ ယွန်းမွန်ဂျောင်ကတော့ တကယ် လေးစားဖို့ ကောင်းပါတယ်။ သူက ဒီနယ်ပယ်ရဲ့ ဂန္ထဝင်တစ်ယောက်ပဲ မဟုတ်လား”

“ဟုတ်ပါတယ်”

“ဘာကြောင့် မင်းက စပြီး လေးစား...”

“သူက ဂန္ထဝင်တစ်ယောက် မို့လို့ပါ”

“အာ...”

ဒေါင်ဝုခ်က သူ့ရဲ့ လှုပ်ခတ်ချင်နေတဲ့ အပြုံးကို အနိုင်နိုင် ထိန်းလိုက်ရတယ်။ ဒါမျိုးက တစ်ခါမှ မကြုံဖူးတာတော့ မဟုတ်ပါဘူး။ အင်တာဗျူးမေးသမျှကို မေးခွန်းတိုင်းကို သိပ်ကို တိုတိုတုတ်တုတ် ပြန်ဖြေတတ်တဲ့ အနုပညာရှင်အချို့ ရှိကြတယ်။ သူတို့တွေက အင်တာဗျူးရဲ့ စီးဆင်းမှုကို ဖြတ်တောက်လိုက်တဲ့ အဆိုးဆုံး အင်တာဗျူးခံရသူတွေပဲ။ သူ့ရှေ့က လူငယ်လေးက အတိအကျ အဲဒီလိုလူမျိုး ဖြစ်နေတယ်။ စကားပြောဆိုမှုဆိုတာ အကြောင်းအရာတစ်ခု လိုအပ်ပေမဲ့ လူငယ်လေးကတော့ အကြောင်းအရာတစ်ခုကို စပြောလိုက်တာနဲ့ ချက်ချင်း အဆုံးသတ်ပစ်တာပဲ။ သူက သံသယဝင်ပြီး အကာအကွယ်ယူနေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲဆိုတော့ သူက အဖြေတွေတော့ ပေးနေတာပဲ။ ဒါ သူ့ရဲ့ သဘာဝလား။ ဒါမှမဟုတ် သူက ပုံစံတစ်ခု ဖန်တီးနေတာလား။ အကယ်၍ အဲဒီလိုဆိုရင် ဘယ်သူက သူ့အတွက် ဒီလိုပုံစံကို ဖန်တီးပေးထားတာလဲ။

အဲဒီအချိန်မှာပဲ...

“ကျွန်တော်က သူစိမ်းတွေနဲ့ဆို အဆင်မပြေတတ်ရုံတင်ပါ၊ ပုံစံတစ်ခုခု ဖန်တီးနေတာမျိုး မဟုတ်ပါဘူး” လူငယ်လေးက ပြုံးရင်း ပြောလိုက်တယ်။ ဒေါင်ဝုခ်ကတော့ ဒီကလေး သူ့စိတ်ကို ဖတ်လိုက်သလို ခံစားရလို့ လန့်ဖျပ်သွားမိတယ်။ အရှက်မရှိခြင်းက သတင်းထောက်တွေရဲ့ လိုအပ်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပေမဲ့ သူ့ရဲ့ မျက်နှာဖုံးကတော့ ခဏကလေးအတွင်းမှာ ကွဲအက်သွားခဲ့ပြီ။

‘သူက ခက်ခဲတဲ့ ရန်သူပဲ’ ဒါက သူ့စိတ်ထဲ ဝင်လာတဲ့ အချက်ပဲ။ တစ်ပြိုင်တည်းမှာပဲ ဒီကောင်လေးက သူ့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့တယ်။

ပုံမှန်ဆိုရင် သူတို့ရဲ့ အပြုအမူတွေမှာ ရဲရင့်လွန်းတဲ့သူတွေက သတင်းထူးကြီး ဖြစ်လာတတ်ကြတယ်၊ ဒါမှမဟုတ် ဘာမှမဟုတ်တာမျိုးလည်း ဖြစ်တတ်တယ်။ ဒေါင်ဝုခ်က ဒီလူငယ်လေးဆီကနေ အဲဒီလို ရဲရင့်မှုကို မြင်လိုက်ရတာ။

‘ဒါပေမဲ့ သူက အထက်တန်းကျောင်းသားတစ်ယောက်ထက် မပိုပါဘူး။ မင်း ငါ့ကို အကုန်လုံး ပြောပြရုံကလွဲလို့ ရွေးချယ်စရာ မရှိစေရဘူး။ ငါက ဒီလောကရဲ့ အရသာအားလုံးကို မြည်းစမ်းဖူးပြီးသား။ မင်း မည်မျှပင် မခံစားရတဲ့ မျက်နှာပေးကို ထိန်းထားနိုင်ပါစေဦး၊ ငါ အဲဒါကို အပိုင်းပိုင်း ချေဖျက်ပစ်ပြီးတော့...’

သူ တွေးနေတုန်းမှာပဲ တစ်စုံတစ်ယောက်က လူငယ်လေးဆီ လျှောက်လာတယ်။ အဲဒီလူက ဇာတ်ညွှန်းဖတ်ပွဲမှာ ဗီဒီယိုရိုက်ခွင့် ရထားတဲ့ နာမည်ကြီး မဂ္ဂဇင်းကုမ္ပဏီတစ်ခုက သတင်းထောက်တစ်ယောက်ပဲ။

“ဟို... ခွင့်လွှတ်ပါ၊ ကျွန်တော် မင်းကို မေးခွန်းအချို့ မေးလို့ရမလား”

ဒီသတင်းထောက်ကလည်း ဒီကောင်လေးကို စိတ်ဝင်စားနေတဲ့ ပုံပဲ။

‘ဟဲဟဲ... ဟေ့လူ၊ မင်း ဒီကောင်လေးရဲ့ စိတ်ကို အဲဒီလိုနဲ့ ဖမ်းစားနိုင်မှာ မဟုတ်ဘူး’

ဒေါင်ဝုခ်က ဒီလူငယ်လေးရဲ့ တိုတိုတုတ်တုတ် အဖြေတွေကြောင့် အဲဒီလူကြီး ကြောင်အမ်းပြီး ထွက်သွားမယ့်အချိန်ကို စောင့်နေလိုက်တယ်။

“ဟုတ်ကဲ့၊ ရပါတယ်”

‘...ဘာ’

လူငယ်လေးက ခပ်ဖျော့ဖျော့ အပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။ အဲဒီအပြုံးက သူ ဖန်တီးထားတဲ့ အေးစက်စက် အမူအရာနဲ့ လိုက်ဖက်လှတယ်။ အဲဒီနှစ်ယောက်က စကားတွေ ဖောင်ဖွဲ့နေကြတာ။ စောစောက စကားလုံး တိုတိုလေးတွေနဲ့ ဖြေခဲ့တဲ့ လူငယ်လေးက အခုအချိန်မှာတော့ အစက ဖြစ်ခဲ့သမျှတွေက အလိမ်အညာတွေအတိုင်း သေသေချာချာ ပြန်ဖြေနေတယ်။ အမှန်တော့ သူက အဲဒီသတင်းထောက်ကို စကားတွေ ပိုပြောနိုင်အောင် အရိပ်အမြွက်တွေတောင် ပေးနေသေးတာ။

“မင်းသာ မျက်နှာဖုံးစာမျက်နှာပေါ် ရောက်တဲ့အထိ နာမည်ကြီးလာမယ့်နေ့ ရောက်ရင် အဲဒီအင်တာဗျူးကို ငါ အရှေ့ဆုံးမှာ ထည့်ပေးမယ်”

“ဟာ... ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည် QE ပေါ်မှာ ပါလာမယ့်နေ့ ရှိရင် တကယ် ဝမ်းသာမိမှာပါ။ ဒါပေမဲ့ မကြာခင်တော့ ဖြစ်လာဦးမှာ မဟုတ်ပါဘူး”

“အဲဒါက အချိန်တစ်ခု ရရင် အောင်မြင်လာမယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတဲ့ ပုံပဲနော်”

“မင်းသားသစ်တစ်ယောက်အနေနဲ့ သင့်တော်တဲ့ ရည်မှန်းချက် မရှိရင် စီနီယာတွေရဲ့ အတွေ့အကြုံကို မှီနိုင်မှာ မဟုတ်ဘူးလေ”

“ဟာဟာ... မင်း စကားပြော တော်တာပဲ။ မင်းနာမည် ဘယ်လို ခေါ်လဲ”

“ကျွန်တော့်နာမည် ဟန်မာရူး ပါ”

“ဟုတ်ပြီ၊ မာရူး။ နောက်တစ်ခါ ပြန်တွေ့ရင် ငါ မင်းကို ထမင်းကျွေးမယ်”

အင်တာဗျူးက ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပြီးသွားတယ်။ မဂ္ဂဇင်း သတင်းထောက် ထွက်သွားပြီးနောက် ဟန်မာရူးက စောစောက နွေးထွေးတဲ့ နွေဦးအပြုံးတွေ ပျောက်ကွယ်သွားသလိုမျိုး ထက်မြက်တဲ့ မျက်လုံးတွေနဲ့ ဇာတ်ညွှန်းကို ပြန်ဖတ်နေပြန်တယ်။

‘ဒီကလေး ဘာဖြစ်နေတာလဲ’

ဒေါင်ဝုခ်တစ်ယောက် ကြောင်အမ်းသွားမိတယ်။ ဒီလူငယ်လေးက သာမန်တော့ မဟုတ်ဘူး။

“မင်း ငါ့ကို နာမည်မရှိတဲ့ ကုမ္ပဏီကမို့လို့ အထင်သေးနေတာလား”

“နာမည်မရှိတဲ့ မင်းသားတစ်ယောက်ဆီကနေ အလေးအမြတ် ပြုတာကို ခံချင်နေတဲ့သူက ဘယ်သူလဲဆိုတာ သိချင်မိသားပဲ။ အင်း... အဲဒီသတင်းထောက်ကတော့ ကျွန်တော့်အတွက် အကျိုးရှိစေမယ့်သူမို့ နားလည်ပေးလို့ ရပါတယ်”

“ဟူး...”

ဒေါင်ဝုခ်အနေနဲ့ ဒီကောင်လေးက မယဉ်ကျေးဘူးလို့ ပြောလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က ဒီကောင်လေးဆီကို အကျိုးအမြတ် ကြည့်ပြီး အရင်ချဉ်းကပ်ခဲ့တာမို့ ကောင်လေးကလည်း အဲဒီအတိုင်းပဲ တုံ့ပြန်ခဲ့တာလေ။ သူက အလိမ်အညာတွေနဲ့ စခဲ့တာမို့ အထင်သေးခံရရင်တောင် သူ ဘာမှ ပြောခွင့်မရှိဘူး။ ဒီလူငယ်လေးက ကလေးမဟုတ်ဘူး၊ အဲဒါကို သတိမပြုမိခဲ့တာက သူ့အပြစ်ပဲ။

“ငါ တောင်းပန်ပါတယ်။ အရင်ဆုံး တောင်းပန်ပါရစေ။ Mint Newsဆိုတာ အင်တာနက် သတင်းကုမ္ပဏီတစ်ခုမျှရုံပါပဲ။ ငါကတော့ အဲဒီမှာ အလုပ်လုပ်နေတဲ့ သနားစရာ သတင်းထောက်တစ်ယောက်ပေါ့။ ငါ မင်းဆီ ချဉ်းကပ်ခဲ့တဲ့ အကြောင်းရင်းက မင်းမှာ အလားအလာ ရှိတယ်လို့ တွေးမိလို့ပါ။ အလားအလာ ရှိတဲ့သူတွေ အသစ်ဖြစ်နေတုန်းမှာ ရင်းနှီးအောင် လုပ်ထားရင် နောင်ကျရင် ငါ့အတွက် အမြတ်ထွက်နိုင်လို့လေ”

အခုအချိန်မှာ သူ ဘယ်သူ့ကို လှည့်စားရဦးမှာလဲ။ သူတို့နှစ်ယောက်လုံးက လူလည်တွေမို့လို့ သူပဲ သူ့ရဲ့ ဖဲချပ်ကို အရင်လှန်ပြလိုက်တယ်။ အကယ်၍ ဒီလူငယ်လေးက တကယ် လူလည်ဆိုရင် တစ်စုံတစ်ရာ တုံ့ပြန်မှု ပေးလိမ့်မယ်။ အကယ်၍ သူက လူလည်မဟုတ်ဘဲ အကြွားသန်နေရုံဆိုရင်တော့ ဒေါင်ဝုခ်က သူ့ကို စကားပြောလာအောင် ပြန်ပြီး သိမ်းသွင်းရမှာပေါ့။

ပြီးတော့...

“ကျွန်တော်က ရင်းနှီးဖို့ ထိုက်တန်ရဲလား”

“...ငါ့မျက်လုံးတွေကတော့ ဟုတ်တယ်လို့ ပြောနေတာပဲ”

လူငယ်လေး မာရူးက သူ့ဇာတ်ညွှန်းကို ပိတ်ပြီး သူ့ဘက်ကို လှည့်ကြည့်လာတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေတယ်။ ဒါက ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခု စတင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။

“ကျွန်တော် ဟန်မာရူး ပါ”

“ငါကတော့ ကင်ဒေါင်ဝုခ် ပါ”

ဒေါင်ဝုခ်က မာရူးနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ သူ တကယ့်လူလည်အစစ်နဲ့ တွေ့ခဲ့ပြီ။

* * * * * * * * *

All Chapters