အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း(၂၆၃)
“စီနီယာ့ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူးဗျာ”
မွန်ဂျောင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ခန္ဓာကိုယ်ကို တွန့်လိပ်ထားလိုက်တယ်။ သက်ပြင်းငွေ့တွေ လွင့်ပြယ်သွားတဲ့အခါ စားပွဲပေါ်ကို သူ့ရဲ့ ဇာတ်ညွှန်းစာအုပ် တင်လိုက်ရင်း နောက်ထပ် သက်ပြင်းတစ်ချက် ထပ်မှုတ်ထုတ်လိုက်ပြန်တယ်။ ဒါဟာ ဇာတ်ညွှန်းဖတ်ပွဲ ပြီးဆုံးသွားပြီဆိုတဲ့ အချက်ပြမှုပါပဲ။
ဖြောင်း ဖြောင်း ဖြောင်း။ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအကုန်လုံး လက်ခုပ်တီးပြီး ချီးကျူးလိုက်ကြတယ်။ ဇာတ်ညွှန်းဖတ်ပွဲကတော့ ဘာအခက်အခဲမှမရှိဘဲ အဆင်ပြေပြေ ပြီးဆုံးသွားခဲ့ပါပြီ။ သတင်းထောက်တွေကလည်း ချက်ချင်းပဲ မွန်ဂျောင်ရဲ့ ဓာတ်ပုံတွေကို တဖျတ်ဖျတ် ရိုက်ကြတော့တာပေါ့။ အခုလောလောဆယ် ချွန်းမူရိုမှာ နာမည်ကြီးပြီး အောင်မြင်နေတဲ့ သရုပ်ဆောင် ထယ်ဟိုတောင်မှ အခုအချိန်မှာတော့ လူရာမသွင်းခံရဘဲ အေးစက်စက် အပစ်ပယ်ခံထားရတယ်။
မာရူးဟာ လက်ခုပ်မတီးခင် ခေါင်းကို တရမ်းရမ်း လုပ်နေမိတယ်။ ဒါက လှုပ်ရှားမှုအပိုင်းတွေ မပါဘဲ စာသား သက်သက်ပဲ ဖတ်ရတဲ့ ဇာတ်ညွှန်းဖတ်ပွဲတစ်ခုမျှသာ ဖြစ်ပေမဲ့ အသံသရုပ်ဆောင်မှု သက်သက်နဲ့တင် ဘယ်လောက်အထိ အသက်ဝင်နိုင်မလဲဆိုတာ ကန့်သတ်ချက် ရှိနေတာတောင် မွန်ဂျောင်ကတော့ မာရူးကို အစကနေ အဆုံးအထိ ဖမ်းစားထားနိုင်ခဲ့တာလေ။ တကယ်လို့ ဒီအထဲမှာ လှုပ်ရှားမှုတွေပါ ထပ်ပေါင်းထည့်လိုက်ရင်တော့ ကြောက်စရာကောင်းလောက်အောင်ကို တော်နေတော့မှာ အမှန်ပဲ။
သူက ဒီလိုလူမျိုးနဲ့အတူ တွဲပြီး သရုပ်ဆောင်ရတော့မှာ။ သူ့အပေါ် ကျရောက်လာတဲ့ ဖိအားတွေက ရုတ်တရက်ဆိုသလို မြင့်တက်လာခဲ့တယ်။ တကယ်လို့ သူသာ လူပြက်တစ်ယောက်လို အရှက်မကွဲချင်ဘူးဆိုရင်၊ မွန်ဂျောင်ရဲ့ ရှိန်စရာကောင်းတဲ့ အရှိန်အဝါအောက်မှာ မပြားချင်ဘူးဆိုရင်တော့ သူ အခုလုပ်နေတာထက် ပိုပြီး ကောင်းအောင် လုပ်ရတော့မယ်။
မာရူးဟာ မွန်ဂျောင်နဲ့ စကားပြောနေတဲ့ ထယ်ဟိုကို လှမ်းကြည့်လိုက်တယ်။ ဆရာကြီးဆိုတာ ဆရာကြီးပါပဲလားလို့ သူ စိတ်ထဲကနေ တွေးနေမိတာပေါ့။ ထယ်ဟိုရဲ့ အသံသရုပ်ဆောင်မှုကလည်း မွန်ဂျောင်ရဲ့အသံကို ဘယ်လိုမှ မရှုံးနိမ့်စေခဲ့ဘူး။ တကယ်လို့ သူ့ရဲ့ စကားပြောတွေထဲမှာ ခွန်အားသာ မပါခဲ့ရင် သူ့ရဲ့ စကားပြောအပိုဒ်တွေဟာ မွန်ဂျောင်ရဲ့ စကားပြောတွေအောက်မှာ ဝါးမြိုခံလိုက်ရမှာ အမှန်ပဲ၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးကတော့ အဆင့်အတန်း တူတူပါပဲ၊ ပြီးတော့ သူက ဇာတ်ညွှန်းဖတ်ပွဲရဲ့ တင်းမာမှုကိုလည်း ပိုပြီး တိုးပွားစေခဲ့သေးတယ်။
‘ဒါဟာ အတွေ့အကြုံပဲပေါ့'
မွန်ဂျောင် စကားတောင် မပြောတဲ့ အခန်းမျိုးမှာ သရုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ စားပွဲဝိုင်းဘေးက သရုပ်ဆောင်တွေကတော့ မွန်ဂျောင်နဲ့ တကယ်ကို စကားစမြည် ပြောဆိုနေရတာလေ။ အရည်အချင်း လုံလုံလောက်လောက် မရှိရင်တော့ သူတို့ရဲ့ ဇာတ်ကောင်ဟာ မွန်ဂျောင်ရဲ့ ရှိနေမှုကြီးအောက်မှာ နင်းချေခံရပြီး ပျောက်ကွယ်သွားမှာပဲ။ မွန်ဂျောင်ရဲ့အနားမှာ ရှိနေတဲ့ သရုပ်ဆောင်တွေ စိတ်အေးလက်အေး ရှိနေနိုင်တာကတော့ နင်းချေမခံရဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေလို့ ဖြစ်လိမ့်မယ်။ တစ်ဖက်မှာလည်း ဒါရိုက်တာနဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေကြတဲ့ အရံသရုပ်ဆောင်လေးတွေကတော့ တော်တော်လေးကို စိတ်လှုပ်ရှားနေတဲ့ ပုံစံ ပေါက်နေကြတယ်။ အဲဒီဖိအားကို ကျော်လွှားနိုင်မလား၊ ဒါမှမဟုတ် အရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ပဲ မှေးမှိန်ပျောက်ကွယ်သွားမလား။ ဒါက ခြိမ်းခြောက်မှုတစ်ခု ဖြစ်သလို တစ်ချိန်တည်းမှာပဲ အခွင့်အရေးတစ်ခုလည်း ဖြစ်နေပြန်တယ်။ အဲဒီဖိအားကို ကျော်လွှားနိုင်တဲ့သူတွေကတော့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိကြမှာပေါ့။
“အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဒီအဆောက်အအုံရဲ့ ခေါင်မိုးပေါ်မှာ ကန်တော့ပွဲပေးပွဲ လုပ်ကြမှာမို့လို့ ဘယ်မှမသွားကြဘဲ လာပြီး ပူးပေါင်းပေးကြပါဦး”
ဒါရိုက်တာက အက်ကွဲကွဲ အသံကြီးနဲ့ ပြောလိုက်တယ်။ အစည်းအဝေးခန်းမထဲက လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ထရပ်ကြတော့တာပေါ့။
“တော်လိုက်တာ” လို့ မာရူးက ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါက်နေတဲ့ ယိုဂျင်ကို လှမ်းပြောလိုက်တယ်။ သူမရဲ့ မိဘတွေရဲ့ အလောင်းတွေကို တွေ့ရတဲ့အခါ အော်ဟစ်ရမယ့်အပိုင်းမှာ အမှားတစ်ခု လုပ်မိပြီးတဲ့နောက် သူမရဲ့ မျက်နှာက ဖြူလျော်နေခဲ့တာ။ အမှားနှစ်ခု လုပ်မိပြီးတဲ့နောက်မှာတော့ သူမ ခပ်လန့်လန့် ဖြစ်နေတဲ့ ပုံပါပဲ။
“နင်ကတော့ ကံကောင်းတာပေါ့”
“ဒါက ဘာကို ပြောတာလဲ”
“ဟူး... ငါလည်း မသိတော့ဘူး။ ပင်ပန်းလိုက်တာ၊ ငါ တကယ်ကို ပင်ပန်းနေပြီ”
ယိုဂျင်က မာရူးရဲ့ နောက်ကျောဘက်ကို လျှောက်လာပြီး သူမရဲ့ လက်တွေကို မာရူးရဲ့ ပုခုံးပေါ် တင်လိုက်တယ်၊ ပြီးတော့ ခြေထောက်တွေကို လျှော့ချလိုက်လို့ သူမက မာရူးရဲ့ ပုခုံးပေါ်မှာ တကယ့်ကို တွဲလောင်းခိုနေသလို ဖြစ်နေတာပေါ့။ မာရူးကတော့ ခြေထောက်တွေကို အားစိုက်ထားရင်း မျက်မှောင်ကုတ်လိုက်မိတယ်။
“နင် ကိုယ့်ကိုယ်ကိုယ် လေးမှန်း သိရဲ့လား”
“အို... လုပ်ပါနဲ့ဟယ်” လို့ ယိုဂျင်က ညည်းညူလိုက်တယ်။ မာရူးက ယိုဂျင်ရဲ့ လက်တွေကို သူ့ပုခုံးပေါ်ကနေ ခါချပြီး ခေါင်မိုးပေါ်ကို အရင် သွားချင်နေတာ၊ ဒါပေမဲ့ သူမကို သနားစရာကောင်းတယ်လို့ မြင်မိလို့ အခုလောလောဆယ်တော့ သူမရဲ့ အစေခံအဖြစ်ပဲ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူက တုန်တုန်ချည့်ချည့် ဖြစ်နေတဲ့ ယိုဂျင်ကို ခေါ်ပြီး ဓာတ်လှေကားဆီကို လျှောက်သွားလိုက်တယ်။ အရေးကြီးတဲ့ လူတွေကတော့ အပေါ်ကို အရင် ရောက်နှင့်နေကြပြီ ထင်ပါရဲ့၊ ဘာလို့လဲဆိုတော့ အစည်းအဝေးခန်းမထဲမှာ ကျန်နေခဲ့တဲ့သူတွေက သတင်းထောက်အချို့နဲ့ အရံသရုပ်ဆောင်အနည်းငယ်ပဲ ရှိတော့လို့ပဲ။
“မင်း နောက်က ဘယ်သူလဲ”
ဂွန်ဆူက ဓာတ်လှေကားရှေ့မှာ သူ့ကို လှမ်းမေးလိုက်တယ်။ ဂွန်ဆူကတော့ ရုပ်ရှင်ထဲက တတိယမြောက် သားဖြစ်ပြီး အဖိုးအိုရဲ့ သတ်ဖြတ်ခြင်းကို ပထမဆုံး ခံရမယ့်သူပေါ့။ သူ့ရဲ့ ပုံမှန် ဉာဏ်ပြေးတတ်တဲ့ အမူအရာနဲ့မတူဘဲ သူက ရုပ်ရှင်ထဲမှာ အဖိုးအို ဖြစ်တဲ့ သူ့အဖေရဲ့ သေဆုံးခြင်းကို အသည်းအသန် လိုလားနေတဲ့ လူဆိုးတွေထဲက တစ်ယောက် ဖြစ်နေတယ်။
“ကျွန်... ကျွန်မနာမည် လီယိုဂျင် ပါ”
ယိုဂျင်က ချက်ချင်းပဲ မတ်တတ် တည့်တည့်ရပ်လိုက်ပြီး ဂွန်ဆူကို လှမ်းကြည့်လိုက်တယ်။ ဂွန်ဆူက ပြန်ဖြေတာကတော့၊
“အော်... မင်းက ယိုဂျင်ကိုး”
“ငါတို့တွေ အတူတူ သရုပ်ဆောင်ရမယ့် အခန်းတွေ မရှိပေမဲ့ အဆင်ပြေပြေ ဖြတ်သန်းနိုင်ကြဖို့ မျှော်လင့်ပါတယ်”
ဂွန်ဆူက သူ့ရဲ့ လက်ကို ကမ်းပေးလိုက်တဲ့အခါ ယိုဂျင်က ချက်ချင်းပဲ လှမ်းဆွဲလိုက်တယ်။
ဂွန်ဆူနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် ယိုဂျင်က သူမရဲ့ ညာဘက်လက်ကို ကြည့်ရင်း ပြုံးနေတာကို မာရူး မြင်လိုက်ရတယ်။ သူမရဲ့ မျက်နှာအမူအရာအရဆိုရင် သူမက ဂွန်ဆူ ဘယ်သူလဲဆိုတာကို သိနေတဲ့ပုံပဲ။ အဲဒီလိုသာ မဟုတ်ရင်တော့ သူမ ဒီလောက်အထိ ဝမ်းသာအားရ ဖြစ်နေစရာ အကြောင်းမရှိဘူးလေ။
“မင်း ငါ့ကို ဘာမှ မမေးတော့ဘူးလား”
မာရူးက အဲဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို တွေးတောလိုက်ပြီးမှ စကားပြောလိုက်တယ်၊
“သူ့အကြောင်း ဘာသံမှ မကြားရတာကို ကြည့်ရင် သူ အဆင်ပြေနေတာ နေမှာပါ”
“အဲဒါတော့ ဟုတ်မှာပါ”
“သူ ဘာပြဿနာမှ မရှာဘူးမလား။ သူက အကူအညီပေးတာကို တန်ဖိုးမထားတတ်တဲ့ လူစားမျိုး”
“မိသားစုဝင်တွေဆိုရင်တော့ ဒီစကားအပေါ် စိတ်ဆိုးကြမှာပဲ၊ ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာလို့ လုံးဝ မခံစားရဘူး။ ငါကိုယ်တိုင်ကလည်း ထူးဆန်းတဲ့သူတစ်ယောက် ဖြစ်နေလို့နေမှာပါ” လို့ ဂွန်ဆူက တဟားဟား ရယ်မောလိုက်တယ်။
ယိုဂျင်ကတော့ ဒါဟာ သူမ မကြားသင့်တဲ့ စကားဝိုင်းတစ်ခုလို့ ဆုံးဖြတ်လိုက်ပြီး ခပ်လှမ်းလှမ်းကို ဖယ်ပေးလိုက်တယ်။
“ပထမတော့ သူ ဘာမှတောင် မစားဘူး၊ ပြီးတော့ ငါ ပြောသမျှကို အကုန် ပြောင်းပြန် လိုက်လုပ်နေတာ၊ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ သူ အနည်းဆုံးတော့ အစားအသောက် မှန်မှန် စားနေပါပြီ။ ယောက်ျားတွေဟာ အစားစားချင်တဲ့ ဆန္ဒရှေ့မှာတော့ တူတူပါပဲလား”
“အင်းလေ၊ အသီးစားချင်တဲ့သူကတော့ သစ်ပင်ပေါ် တက်ရမှာပေါ့”
မာရူးက အသံကို နှိမ့်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်။
“ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် ပြောခဲ့တဲ့အချက်ကို အစ်ကို စစ်ဆေးပြီးပြီလား”
ဂွန်ဆူက ခေါင်းညိတ်ပြလိုက်တယ်။
“အစ်ကို အဲဒါကို အကြောင်းကြားတော့မလို့လား”
“ငါလည်း သေချာ မသိသေးဘူး။ ငါ့ညီလေး စိတ်ငြိမ်ခါစပဲ ရှိသေးတာကို သူ့ရဲ့ စိတ်ကို လိုက်ပြီး မဆွချင်သေးဘူး။ အကြောင်းကြားဖို့ဆိုရင် သူ့ရဲ့ ထွက်ဆိုချက် လိုလိမ့်မယ်၊ ဒါပေမဲ့ လောလောဆယ်တော့ သူ အဖေကို ဆန့်ကျင်လိမ့်မယ်လို့ ငါ မတွေးရဲသေးဘူး”
“ကောင်းပါပြီ”
“အခုလောလောဆယ်တော့ ငါ သူ့ကို အိမ်နဲ့ ခွဲထားလိုက်တယ်၊ ဒါကြောင့် လောလောဆယ်တော့ သူ့ကို စောင့်ကြည့်နေဦးမှာပဲ။ တကယ်လို့ သူ စိတ်ပျက်လာရင် ငါ့ကို အကူအညီ တောင်းလိမ့်မယ်၊ တကယ်လို့ မတောင်းရင်တော့... အင်း...” လို့ ဂွန်ဆူက သူ့ရဲ့ စကားကို အဆုံးမသတ်ခဲ့ဘူး။
သူက ဒီကိစ္စမှာ ဘေးလူတစ်ယောက်လိုမျိုး ပြောနေပေမဲ့ ဂွန်ဆော့ရဲ့ အဖေက ဂွန်ဆူရဲ့ အဖေလည်း ဖြစ်နေတာပဲလေ။ တကယ်လို့ သူ့ရဲ့ စိတ်ခံစားချက်တွေက သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ လုံးဝ ကွဲပြားနေမယ်ဆိုရင်တော့ သူက ရဲတွေကို ချက်ချင်း အကြောင်းကြားပြီး အနားမကပ်ရ အမိန့် ထုတ်ပယ်ခိုင်းမှာပဲ၊ ဒါပေမဲ့ အဲဒါက ပြောသလောက် မလွယ်ကူလှဘူး။ ဒါ့အပြင် ဂွန်ဆော့က အကြမ်းဖက်မှု ဖြစ်ရပ်တွေကို ငြင်းဆိုပြီး ဂွန်ဆူရဲ့ အစား မကောင်းပြောလာနိုင်တဲ့ အလားအလာလည်း ရှိနေတာကြောင့် ဂွန်ဆူက ဒီကိစ္စကို အကြောင်းကြားဖို့ သတိထားနေရတာ။
“သူ လူလားမြောက်ဖို့ အချိန်တန်ပါပြီ”
အဲဒီနောက်မှာတော့ ဂွန်ဆူက ဂွန်ဆော့အကြောင်းကို ထပ်ပြီး မပြောတော့ဘူး။ ဒါက ပြောလို့ ကောင်းတဲ့ အကြောင်းအရာလည်း မဟုတ်ဘူး၊ ပြီးတော့ မိသားစု ကိစ္စတွေကို တခြားလူတွေကို ပြောပြဖို့ဆိုတာ ဘယ်သူမှ စိတ်သက်တောင့်သက်သာ ရှိမယ့် ကိစ္စမျိုး မဟုတ်ဘူးလေ။
“အဲဒါ မင်းရည်းစားလား”
“မဖြစ်နိုင်တာ။ ကျွန်တော့်ရည်းစားက သူ့ထက် အဆတစ်ရာမက ပိုလှတယ်”
“ဝိုး... သူက အဲလောက်တောင် လှတာလား”
ယိုဂျင်က အကြောင်းအရာ ပြောင်းသွားတာကို သိလိုက်ပြီးတဲ့နောက် အနားကို တိုးလာခဲ့တယ်။
“စောစောက ဘာအကြောင်းလဲ” လို့ ယိုဂျင်က မာရူးကို တိုးတိုးလေး ကပ်မေးလိုက်တယ်။
မာရူးက “နင် လှတယ်လို့ ငါ ပြောလိုက်တာ” လို့ပဲ ပြန်ဖြေလိုက်ပြီး သူ့ခါးကို အဆိတ်ခံလိုက်ရတယ်။ မာရူးက သူမရဲ့လက်ကို ရှောင်ဖို့ ဘေးတိုက် တိမ်းလိုက်ရတာပေါ့။
“သူက နည်းနည်း အကြမ်းပတမ်း နိုင်တယ်၊ သူ့ကို စိတ်ထဲမထားပါနဲ့”
“ဘာလို့လဲ။ သူက ချစ်စရာလေးပါ”
ယိုဂျင်က ဂွန်ဆူရဲ့ စကားကို ကြားရတဲ့အခါ ပြုံးစိစိ ဖြစ်သွားတယ်။ အော်... မာရူးကတော့ ဒီကောင်မလေးကတော့ ကယ်လို့မရတော့ဘူးလို့ တွေးရင်း ဓာတ်လှေကားထဲကို ခုန်ဝင်လိုက်တော့တယ်။ ဓာတ်လှေကား တံခါးတွေက သူတို့သုံးယောက်လုံး အထဲရောက်ပြီး ပိတ်ခါနီးဆဲဆဲမှာပဲ ‘နေဦး’လို့ အော်ဟစ်ပြီး သူတို့ဆီကို ပြေးလာတဲ့ ဆူယွန်းကို မြင်လိုက်ရတယ်။ သူမ အခုထိ မိတ်ကပ် ပြင်နေခဲ့တာ ထင်ပါရဲ့။
မာရူးက ဂွန်ဆူကို လှမ်းကြည့်လိုက်တဲ့အခါ ဂွန်ဆူက ဘာမှ တွန့်ဆုတ်မနေဘဲ ဓာတ်လှေကားရဲ့ ပိတ်တဲ့ ခလုတ်ကို အားရပါးရ နှိပ်ချလိုက်တယ်။
“သူက အစ်ကို့နောက်ကို လိုက်နေတာပဲ၊ အစ်ကိုတို့နှစ်ယောက် တစ်ခေါက်လောက် ဒိတ်လုပ်ကြည့်ပါလား”
“ငါက လွတ်လပ်တဲ့ ဝိညာဉ်ကွ။ ကြောက်စရာကောင်းတဲ့ မိန်းမတွေကို ငါ မကြိုက်ဘူး”
မာရူးရဲ့ ပါးစပ်ကနေ တခွိခွိ ရယ်သံ ထွက်လာခဲ့တယ်။ တံခါးတွေက လုံးဝ ပိတ်လုနီးပါး ဖြစ်သွားပြီး ဆူယွန်းရဲ့ ထိတ်လန့်သွားတဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အချိန်မှာပဲ ဆူယွန်းက သူမရဲ့ အားရှိသမျှနဲ့ ပြေးလာပြီး ပိတ်နေတဲ့ တံခါးကြားထဲကို သူမရဲ့ ခြေထောက်ကို ထိုးထည့်လိုက်တယ်။ သူမက ပုံမှန် လေ့ကျင့်ခန်း လုပ်နေကျမို့ တကယ်ကို တုံ့ပြန်မှု မြန်ဆန်လှတာပဲ။
“ထူးဆန်းလိုက်တာ။ ငါ စောင့်ပါလို့ ပြောခဲ့တယ် ထင်တာပဲ”
ဆူယွန်းက သူမရဲ့ ဂျင်းဘောင်းဘီပေါ်က ဖုန်တွေကို ခါချရင်း သူမရဲ့ အသက်ကြီးတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားတယ်။
“အေးလေ၊ ထူးဆန်းတာပဲ။ ငါ ဖွင့်တဲ့ ခလုတ်ကို နှိပ်လိုက်တာ။ ဘာလို့ အလုပ်မလုပ်တာလဲ မသိဘူး”
ဂွန်ဆူက ဘာမကောင်းတဲ့ စိတ်မှ မရှိတဲ့ မျက်နှာပေးမျိုးနဲ့ ပြောလိုက်တယ်။ သူက တကယ့် သရုပ်ဆောင်တစ်ယောက်ပါပဲလား။ သူ့ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာက ချက်ချင်းပဲ။ ဒါပေမဲ့ သူ့ကို စကားပြောနေတဲ့သူကလည်း သရုပ်ဆောင်မှုနဲ့ အသက်မွေးနေတဲ့သူလေ။
“မဖြစ်နိုင်တာ။ ရှင် ပိတ်တဲ့ ခလုတ်ကို အသည်းအသန် နှိပ်နေခဲ့တာ နေမှာပါ။ အလျော်အနေနဲ့ ကျွန်မကို ညစာ ကျွေးရင် မကောင်းဘူးလား” လို့ ဆူယွန်းက ပြောလိုက်တယ်။
ဒီမိန်းမကတော့ တကယ်ကို သာမန် မဟုတ်ဘူးပဲ။ မာရူးကတော့ ခေါင်းကို လွှဲလိုက်ရင်း ဟန်ဆောင်ပြီး ချောင်းဆိုးလိုက်မိတယ်။ သူကတော့ အဲဒီနှစ်ယောက်ကြားထဲမှာ ညှပ်မခံချင်ဘူးလေ။
“အမှန်တော့ မာရူးက ပိတ်တဲ့ ခလုတ်ကို နှိပ်နေခဲ့တာပါ” လို့ ဂွန်ဆူက လန်းဆန်းတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။
“မဖြစ်နိုင်တာ။ ရှင် အသည်းအသန် ခလုတ်နှိပ်နေတာကို ကျွန်မ မြင်သားပဲ။ ယိုဂျင်... နင်လည်း မြင်တယ်မလား”
“ဟင်။ အာ... အင်း၊ ဟုတ်တယ်” လို့ ယိုဂျင်က ဘာမှမသိဘဲ ဖြေလိုက်တယ်။
မာရူးကတော့ သူ့ကို အကူအညီ တောင်းနေတဲ့ ဂွန်ဆူရဲ့ မျက်လုံးတွေကို လျစ်လျူရှုလိုက်ပြီး ဒီနှစ်ယောက်ဟာ ကောင်းမွန်တဲ့ လင်မယား စုံတွဲ ဖြစ်လာပါစေလို့ မျှော်လင့်ရင်း ဓာတ်လှေကားထဲကနေ ထွက်ခဲ့တော့တယ်။
သူက အရေးပေါ် လှေကားကနေ ခေါင်မိုးပေါ်ကို တက်ခဲ့လိုက်တယ်။ ခေါင်မိုးပေါ်မှာတော့ အလယ်ဗဟိုမှာ ဝက်ခေါင်းကြီး တင်ထားပြီး အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေ ရှိနေတဲ့ ကန်တော့ပွဲပေးတဲ့ စားပွဲတစ်ခုကို သူ မြင်လိုက်ရတယ်။ အဲဒီနောက်ကွယ်မှာတော့ လိုက်ကာကာတစ်ခုလည်း ရှိနေတာပေါ့။
ဂွန်ဆူနဲ့ ဆူယွန်းကတော့ တခြား အသက်ကြီးတဲ့ သရုပ်ဆောင်တွေ ရှိတဲ့နေရာဆီကို ချက်ချင်း လျှောက်သွားကြပြီး မာရူးနဲ့ ယိုဂျင်ကတော့ ခပ်လှမ်းလှမ်းမှာပဲ ရပ်နေခဲ့ကြတယ်။
“ကျွန်တော်တို့ရဲ့ ရုပ်ရှင်ကြီး အောင်မြင်ပါစေ”
ဒါရိုက်တာနဲ့ ရုပ်ရှင်လောကက တခြားလူတွေက ဝက်ရဲ့ ပါးစပ်ထဲကို ပိုက်ဆံထည့်ထားတဲ့စာအိတ်တွေ ထိုးထည့်လိုက်ကြတယ်။ နတ်တွေကို ဆိုဂျူနဲ့ ပူဇော်ပြီးတဲ့နောက် ဒါရိုက်တာက ဦးချလိုက်တယ်။
“ဝက်မင်းကြီးခင်ဗျာ... ကျွန်တော်တို့ ရုပ်ရှင်ကြီးကို အရင်းကျေတဲ့အပြင် ဒီနှစ်ရဲ့ ရုပ်ရှင်ကြည့်ရှုမှု နှုန်းထားရဲ့ တစ်ဝက်ကို သိမ်းပိုက်နိုင်ပါစေဗျာ”
အဲဒီနောက် ဒါရိုက်တာက ဝက်ခေါင်းတင်ထားတဲ့ လင်ဗန်းကို မြှောက်လိုက်ပြီး ဝက်ရဲ့ နှာခေါင်းကို နမ်းလိုက်တယ်။ သတင်းထောက်တွေကတော့ ရယ်မောရင်း ဓာတ်ပုံတွေ ရိုက်ကြပြီး အဓိက သရုပ်ဆောင်တွေကတော့ သူ ကျိန်ဆဲနေတာပဲဆိုပြီး သူ့ဆီကနေ လင်ဗန်းကို ချက်ချင်း လုယူလိုက်ကြတယ်။
ကန်တော့ပွဲပေးပွဲ ပြီးတဲ့နောက်မှာတော့ တစ်ယောက်ယောက်က JA Production ရဲ့ အဖွဲ့ဝင်တွေဟာ (၁၆) ထပ်က စားသောက်ဆိုင်မှာ အတူတူ အစားစားကြမယ်လို့ ပြောလိုက်တယ်။
“ဒါဆို သွားကြစို့လေ၊ ဟုတ်တယ်မလား”
ဆူယွန်းက ဂွန်ဆူရဲ့ လက်မောင်းကို ချိတ်လိုက်ရင်း အောက်ကို ဆင်းသွားခဲ့တယ်။ ဂွန်ဆူကတော့ ဘာမှ မတတ်နိုင်ဘဲ အတင်း ဆွဲခေါ်သွားခြင်း ခံလိုက်ရတာပေါ့။
“သူက တကယ်ကို တော်တာပဲ” လို့ ယိုဂျင်က အဲဒီနှစ်ယောက်ကို ကြည့်ရင်း ပြောလိုက်တယ်။
“နင် ကင်ဆူယွန်း ကို ပြောတာလား”
“အင်း၊ အဲဒီအစ်မက တကယ်ကို အံ့ဩဖို့ ကောင်းတာ”
“နင် သူ့ဆီကနေ သင်ယူစရာ ရှိတယ်လို့ ထင်လို့လား”
“ဒါပေါ့။ မိန်းမတစ်ယောက်က သူမရဲ့ လက်နက်တွေကို ဘယ်လို သုံးရမလဲဆိုတာကို သူက ပြသနေတာလေ။ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင် ဖြစ်လာဖို့ဆိုတာ လေ့ကျင့်မှုက မရှိမဖြစ် လိုအပ်တာပေါ့” လို့ ယိုဂျင်က အပြုံးနဲ့ ပြောလိုက်တယ်။
“အဲဒါက နင်နဲ့ တကယ်ကို မလိုက်ဖက်ပါဘူး”
“ဘာပြောလိုက်တာလဲ”
“နင် နေရာတကာ လျှောက်ပြီး ဆရာကြီး သွားမလုပ်ပါနဲ့။ တစ်ယောက်ယောက်က နင့်ကို တကယ်ပဲ လာပြီး ပြဿနာရှာလိမ့်မယ်”
“နင်က ဒီလိုမျိုး လုပ်ချင်တာပေါ့ ဟုတ်လား။ ငါ သူ့ကို အကုန်လုံး သွားပြောပြပစ်မယ်။ အကုန်လုံးပဲ”
“ဘာလို့ ရုတ်တရက်ကြီး အဲဒီလို ပြောင်းသွားရတာလဲ”
မာရူးဟာ ယိုဂျင်ကို လက်မြှောက်အရှုံးပေးလိုက်ရတယ်။ သူ ဘာမှ ပြန်ပြီး မတုံ့ပြန်နိုင်ခဲ့ဘူး။ သူက သူမကို ဖုန်းဆက်ပြီး ယိုဂျင်နဲ့ သူငယ်ချင်း ဆက်မလုပ်ဖို့ ပြောရမလားလို့ တကယ်ကို လေးလေးနက်နက် တွေးတောနေမိတာ။
“ဒါနဲ့... နင်ကော ဘယ်လိုမျိုး လေ့ကျင့်ခဲ့တာလဲ” လို့ သူတို့နှစ်ယောက် လှေကားကနေ ဆင်းနေတုန်း ယိုဂျင်က လှမ်းမေးလိုက်တယ်။
သူမရဲ့ ချိုသာလွန်းတဲ့ အသံကြီးက မာရူးကို ကြက်သီးထစေခဲ့တာ။
“....”
“နင် ငါ့ကို ဘာလို့ အဲလိုကြီး စိုက်ကြည့်နေတာလဲ”
“နင် နေမကောင်းဘူးလားလို့ တွေးနေတာ။ နင် ရုတ်တရက်ကြီး အဲလိုမျိုး ရှက်ကိုးရှက်ကန်း ဖြစ်နေရင် ငါ တကယ် ကြက်သီးထလို့ပါ”
“နင်ကတော့... တကယ်ပဲ... တော်ပါပြီ၊ မပြောတော့ဘူး”
ယိုဂျင်က အပေါ်ကို မော့ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ သူမရဲ့ ရှေ့ဆံပင်တွေက လေထဲကို ခဏလောက် မြောက်တက်သွားပြီးမှ ပြန်ကျလာခဲ့တာ။
“ဒါဆို ငါ တည့်တည့်ပဲ မေးမယ်။ နင့်မှာ ထူးခြားတဲ့ လေ့ကျင့်မှု နည်းလမ်းမျိုး ရှိလို့လား”
“ဘာလို့ မေးတာလဲ။ ရုတ်တရက်ကြီးပါလား”
“နင် တော်လို့ မေးတာပေါ့။ နင့်မှာ ဘာလျှို့ဝှက်ချက် ရှိလဲဆိုတာကို ငါ့ကို ပြောပြစေချင်လို့ပါ”
ယိုဂျင်က နှုတ်ခမ်းစူလိုက်ပြီးမှ သက်ပြင်းချလိုက်ပြန်တယ်။
“ငါတော့ အဓိပ္ပာယ်မရှိတဲ့ အမှားတစ်ခု လုပ်မိသွားပြီ။ အဲဒါတောင် နှစ်ခါတိတိဗျာ။ တော်ပါပြီ... အမှားတွေအကြောင်း မပြောတော့ဘူး၊ အမှားဆိုတာ ဖြစ်တတ်တာပဲ။ ဒါပေမဲ့ ငါ့ရဲ့ သရုပ်ဆောင်မှုကို ငါ သဘောမကျဘူး။ အကယ်ဒမီကတော့ ငါ့ကို ဘာမှ ထောက်ပြတာမျိုး မရှိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ သရုပ်ဆောင် အရည်အချင်းက တခြားလူတွေနဲ့ ယှဉ်ရင် မှေးမှိန်နေတာပဲ။ ငါကိုယ်တိုင်တောင် အဲဒါကို မြင်နေရတာဆိုတော့ တခြားလူတွေက ငါ့ကို ဘယ်လို မြင်ကြမလဲ။ ငါ မတွေးရဲတောင် မတွေးရဲဘူး။ ဒါက ငါ့ရဲ့ သိက္ခာကို လာပြီး ထိခိုက်စေတာပဲ”
ယိုဂျင်က မာရူးရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ မာရူးကတော့ သူမ ရှက်နေတာတောင်မှ ဒီလို မေးခွန်းမျိုးကို မေးရဲတဲ့ သူမရဲ့ သတ္တိကို လက်ခုပ်တီးပြီး ချီးကျူးချင်နေမိတာ၊ ပြီးတော့ သူမကို နည်းလမ်းကိုလည်း ပြောပြချင်တာပေါ့၊ ဒါပေမဲ့ သူ့မှာလည်း ဘာနည်းလမ်းမှ မရှိဘူးလေ။ အခုအချိန်မှာတော့ ဟန်မာရူး ဆိုတဲ့ လူဟာ လူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံ ဆိုတဲ့ ကောင်းချီးပေးမှုနဲ့ သူ့ရဲ့ လူငယ်ဘဝကနေ လာတဲ့ စိန်ခေါ်ချင်တဲ့ စိတ်ဓာတ်တွေ ရောပြွမ်းနေတာ။
အကျဉ်းချုပ် ပြောရရင်တော့ သူ့ရဲ့ အကြံဉာဏ်က ‘တစ်ခေါက်လောက် သေကြည့်လိုက်၊ နတ်ဘုရားနဲ့ တွေ့ပြီးမှ ပြန်စလိုက်’ ဆိုတာမျိုးပဲ ဖြစ်လိမ့်မယ်။ အဲဒါက ဘယ်လိုမှ သုံးစားလို့ရတဲ့ အကြံဉာဏ် မဟုတ်ဘူးလေ။
“...ပါရမီ လို့ပဲ ပြောရမလား”
“ဝိုး... နင်ကတော့ ကိုယ့်ကိုယ်ကိုယ် တကယ်ကို အထင်ကြီးနေတာပဲ.... သူက ဒီလိုကောင်မျိုးရဲ့ ဘာကို သဘောကျနေတာလဲ မသိဘူး”
ယိုဂျင်က ခေါင်းကို ရမ်းရင်း အရင် ဆင်းသွားခဲ့တယ်။ မာရူးကတော့ မျက်ခုံးကို ကုတ်ရင်း နောက်ကနေ လိုက်လာခဲ့တာပေါ့။ သူတို့ လှေကားရဲ့ တစ်ဝက်လောက်ကို ရောက်တဲ့အခါ၊
“ဒါဆို ပါရမီ မရှိတဲ့လူတွေက ဘယ်လောက်ပဲ အသည်းအသန် လေ့ကျင့်လေ့ကျင့် တော်မလာတော့ဘူးပေါ့ ဟုတ်လား” လို့ ယိုဂျင်က လှည့်ပြီး မေးလိုက်တယ်။
“အဲဒါကတော့ သူတို့ ဘယ်လောက်အထိ ကြိုးစားအားထုတ်လဲ ဆိုတာအပေါ်မှာ မူတည်တာပေါ့... လို့ ငါ ပြောချင်တာပေါ့၊ ဒါပေမဲ့ ငါ ကြိုးစားအားထုတ်မှု ဆိုတဲ့ စကားလုံးကို မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ပါရမီ ရှိတဲ့လူတွေကသာ ကြိုးစားအားထုတ်မှု ထပ်ပေါင်းထည့်လိုက်ရင် ပါရမီ မရှိတဲ့လူတွေက အဲဒီကွာဟချက်ကို ဘယ်လိုမှ လိုက်မှီနိုင်တော့မှာ မဟုတ်လို့ပဲ”
“နင်ကတော့ အဆိုးမြင်ဝါဒီ တကယ် ဖြစ်နေတာပဲ”
“အကောင်းမြင်ဝါဒီ ဖြစ်တာထက်တော့ ပိုကောင်းပါတယ်”
“ငါ နင် ဘဝင်မြင့်နေတာကို မကြည့်ချင်လို့ကို ဒီရုပ်ရှင်ထဲမှာ အသိအမှတ်ပြုခံရအောင် လုပ်ပြမယ်။ ပါရမီ ဟုတ်လား။ ဟွန်း... ဇွဲရှိမှုနဲ့ ကြိုးစားအားထုတ်မှုက ပါရမီကို အနိုင်ယူပြလိမ့်မယ်”
ယိုဂျင်က ပြုံးစိစိနဲ့ အရေးပေါ် ထွက်ပေါက်ကနေ ထွက်သွားခဲ့တယ်။
“...ဒါဆို နင်က ဘာလို့ လာမေးနေတာလဲ”
မာရူးက နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ရင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့တော့တယ်။
* * * * * * * * *