အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း(၂၆၄)
“ရပြီဟေ့၊ ရလာပြီ”
Cylandပေါ်မှာ တင်ထားတဲ့ ဘာဒါ့ရဲ့ ရင်နှီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်တစ်ခု ဖြစ်နေခဲ့တယ်။ ဓာတ်ပုံထဲက ဘာဒါ့သူငယ်ချင်းဟာ လက်ထဲမှာ လက်မှတ်နှစ်စောင်ကို ကိုင်ပြီး ရွှင်ရွှင်ပျံပျံကြီး ရယ်မောနေတာပေါ့။ ဘာဒါက အဲဒီဓာတ်ပုံကို မနာလိုစိတ်လေးနဲ့ ငေးကြည့်နေပြီးမှ ကွန်မန့်တွေဆီ အောက်ကို ဆွဲချကြည့်လိုက်မိတယ်။ သူမရဲ့ တခြားသူငယ်ချင်းတွေကလည်း သူတို့လည်း မနာလိုဖြစ်ရပါတယ်ဆိုပြီး ကွန်မန့်တွေ ပလူပျံအောင် ပေးထားကြလေရဲ့။
“သူ့ကျတော့လည်း ကံကောင်းလိုက်တာ”
သူမဟာ လက်နှစ်ဖက်နဲ့ မေးထောက်ပြီး ကွန်ပျူတာစခရင်ကို ငေးငေးငေါင်ငေါင်ကြီး စိုက်ကြည့်နေမိတယ်။ သူငယ်ချင်းရဲ့ လက်ထဲက လက်မှတ်နှစ်စောင်က အခုအချိန်မှာတော့ အမှတ်ကောင်းကောင်းရတဲ့ အောင်စာရင်းကတ်ပြားထက်တောင် ပိုပြီး မနာလိုစရာ ကောင်းနေတာပေါ့။ ဘာဒါက နံရံပေါ်မှာ ကပ်ထားတဲ့ TTO ရဲ့ ပိုစတာကို လှည့်ကြည့်ဖို့ ခေါင်းကို အသာလေး စောင်းလိုက်တယ်။ ပိုစတာထဲမှာ အိုပါးငါးယောက်က ပုံစံအမျိုးမျိုးနဲ့ ပို့စ်ပေးထားကြတာပဲ။ ဘာဒါက အထူးသဖြင့် ဘယ်ဘက်အစွန်မှာ ရပ်နေတဲ့ လူငယ်လေးဖြစ်တဲ့ အန်းဆွန်းဂျဲကို ကြည့်ပြီး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ်။
“ငါလည်း တကယ် သွားချင်လိုက်တာ”
သူမအနေနဲ့ TTO ကို စပြီး ကြိုက်ကတည်းက အမေဖြစ်သူကို မပြောဘဲ တေးဂီတအစီအစဉ်တွေရဲ့ စတူဒီယို တိုက်ရိုက်ထုတ်လွှင့်မှုတွေဆီ သွားဖူးတယ်၊ ဖန်ပေးစာတွေ ရေးဖူးတယ်၊ Fan Cafe မှာတောင် တက်တက်ကြွကြွ လှုပ်ရှားဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖျော်ဖြေပွဲ ကိုတော့ တစ်ခေါက်ကလေးမှ မရောက်ဖူးခဲ့ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိတော့ ဖျော်ဖြေပွဲအပြီး ပြန်ရေးထားတဲ့ Review တွေကို ဖတ်ရုံနဲ့တင် သူမ ကျေနပ်နိုင်ခဲ့သေးပေမဲ့ ဒီရက်ပိုင်းမှာတော့ အဲဒီ Review တွေက သူမရဲ့ ရင်ထဲက ဆာလောင်မွတ်သိပ်မှုကို ပိုပြီး ပြင်းထန်လာစေတာပေါ့။
လွန်ခဲ့တဲ့ သီတင်းပတ် ခြောက်လလောက်က အမေဖြစ်သူကို ဒီအကြောင်း သဲ့သဲ့ကလေး စကားစပ်ပြီး ဖျော်ဖြေပွဲ သွားခွင့်ပြုဖို့ တောင်းဆိုဖူးပေမဲ့ လက်မှတ်စျေးနှုန်းတွေကြောင့် ငြင်းပယ်ခြင်း ခံခဲ့ရတယ်။ တကယ်လည်း လက်မှတ်တွေက စျေးကြီးလွန်းတာကိုး။ ဒါတင်မကသေးဘူး၊ ပုံမှန်စျေးနဲ့ ဝယ်ဖို့တောင် ခက်ခဲလွန်းလို့ အချိန်အတော်များများမှာ မူရင်းစျေးထက် ပိုက်ဆံပိုပေးပြီး ဝယ်ကြရတာပဲ။ အဆိုးဆုံးကတော့ ဖျော်ဖြေပွဲတွေရဲ့ လုံခြုံရေး အားနည်းချက်တွေအကြောင်း သတင်းထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ သူမအနေနဲ့ ဒီလိုကိစ္စမျိုးနဲ့ အဝေးဆုံးအရာတွေကို စကားစဖို့တောင် လုံးဝ မတွေးရဲတော့ဘူး
“အား... ငါလည်း အဲဒီကို သွားနိုင်ရင် သိပ်ကောင်းမှာပဲ”
သူမဟာ ကုတင်ပေါ်မှာ ပက်လက်ကလေး လှဲချလိုက်တယ်။ တကယ်လို့သာ ဖျော်ဖြေပွဲကို သွားရမယ်ဆိုရင် အိုပါးတွေကို အနီးကပ် မြင်တွေ့နိုင်မှာပေါ့။ ကံကောင်းရင်တော့ သူတို့ဆီကနေ လက်ဆောင်တောင် ရချင်ရဦးမှာ။ ဘာဒါက ကုတင်ပေါ်မှာ အချိန်အတော်ကြာ လူးလှိမ့်နေပြီးမှ လက်မှတ်နှစ်စောင် ရထားတယ်လို့ ခုနကတင် ပို့စ်တင်ထားတဲ့ သူငယ်ချင်းဆီ ဖုန်းခေါ်လိုက်တယ်။
“ဟဲ့၊ နင် အဲဒီလက်မှတ်တွေကို ဘယ်လိုရတာလဲ”
“ဒီတစ်ခေါက် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရရင် ဝယ်ပေးမယ်လို့ ငါ့အဖေက ပြောထားတာလေ၊ အခုတော့ တကယ် ဝယ်ပေးတာပဲ”
“တကယ်ကြီးလား၊ အံ့ဩဖို့ကောင်းလိုက်တာ”
“အေးဟ။ ငါဆို ငိုတောင် ငိုချင်လာတယ်။ နင်လည်း သိသားပဲမဟုတ်လား။ ငါ အဲဒီဖျော်ဖြေပွဲကို သွားနိုင်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ”
“သိတာပေါ့၊ သိတာပေါ့။ ဟူး... ငါလည်း သွားချင်လိုက်တာ”
“နင်လည်း ဒီတစ်ခေါက် စာမေးပွဲမှာ အမှတ်ကောင်းရင် လက်မှတ်ရနိုင်တယ်လို့ ငါ့ကို ပြောထားတယ် မဟုတ်ဘူးလား”
“...ငါတော့ သွားပါပြီအေ။ အင်္ဂလိပ်စာ စာမေးပွဲကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ”
ဘာဒါနဲ့ သူမရဲ့ သူငယ်ချင်းဟာ ဖုန်းမချခင် ၁၀ မိနစ်လောက်အထိ အဆက်မပြတ် စကားတွေ တတွတ်တွတ် ပြောဖြစ်ခဲ့ကြတယ်။ ဘာဒါက သူမကိုပါ ခေါ်သွားဖို့တော့ မတောင်းဆိုရဲခဲ့ဘူး။ ကြည့်ရသလောက်တော့ သူမမှာ အတူတူ သွားဖို့ စီစဉ်ထားတဲ့ တခြားသူငယ်ချင်းတစ်ယောက် ရှိနေပုံရလို့ သူတို့ကြားက ဆက်ဆံရေးကို အဆင်မပြေ ဖြစ်မခံချင်ဘူးလေ။
ဒီမှာတင် ဖျော်ဖြေပွဲက ပိုစတာတွေနဲ့ လက်ပတ်တွေကိုပဲ တောင်းရမလားလို့ သူမ တွေးမိပြန်တယ်။ ဘာဒါက စာတိုပို့ဖို့ လုပ်လိုက်ပြီးမှ ဖျော်ဖြေပွဲဖြစ်ဖို့ လိုသေးတာကို သတိရသွားတာပေါ့။
'ဒီတစ်ခေါက်လည်း ငါ တကယ် အစွမ်းကုန် ကြိုးစားခဲ့တာပဲကို'
သေချာဖို့အတွက် အောင်စာရင်းကတ်ပြားကို ကြည့်ရဦးမှာ ဖြစ်ပေမဲ့ အတန်းထဲမှာ အဆင့်ငါးဆင့်အတွင်း ဝင်ဖို့ကတော့ ဒီတစ်ခေါက်မှာလည်း လက်လှမ်းမမီနိုင်တော့တဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်။ မနေ့ကအထိတော့ အဆင့်ငါးက ဆံခြည်တစ်မျှင်စာကလေးပဲ လိုတော့တာ ဖြစ်ပေမဲ့ အင်္ဂလိပ်စာ စာမေးပွဲက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။ ဒီဘာသာရပ်ကို သူမ အားအစိုက်ဆုံး ကြိုးစားခဲ့တာ ဖြစ်လျက်နဲ့ အကြီးအကျယ်ကို မှားယွင်း ပျက်စီးခဲ့ရတယ်။
“သူတို့လည်း ငါ့ကို အများကြီး ကူညီပေးခဲ့ကြတာပဲ”
သူမရဲ့ အတန်းထဲမှာ TTO ဖန်တွေ အများကြီး ရှိကြတာကိုး။ သူမရဲ့ အခြေအနေကို ပြောပြတုန်းက သူတို့တွေဟာ ကိုယ့်ကိစ္စလိုမျိုး သဘောထားပြီး ဝိုင်းကူညီပေးခဲ့ကြတာ။ အတန်းထဲမှာ လိုက်မှတ်ထားတဲ့ မှတ်စုတွေကို ပြကြသလို၊ စာမေးပွဲပြီးရင်လည်း အတူတူ စာကျက်တဲ့ဝိုင်းတွေ လုပ်ခဲ့ကြသေးတယ်။
'ငါတို့တော့ မဖြစ်နိုင်တော့ဘူး၊ အနည်းဆုံး နင်တော့ ဖြစ်အောင်လုပ်' ဆိုပြီး စာမေးပွဲကာလအတွင်းမှာ သူမကို အဲဒီလောက်အထိ ဂရုစိုက်ပေးခဲ့ကြတာ ဖြစ်လျက်နဲ့ အခုတော့ အားလုံး ပျက်စီးသွားခဲ့ရပြီ။
ဖျော်ဖြေပွဲ။ ဟုတ်ပါတယ်၊ အသေအချာ တွေးကြည့်ရင် ဒါက ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ TTO အိုပါးတွေက သူမရဲ့ ဘဝအတွက် ဘာမှ အထောက်အကူပြုပေးနေတာလည်း မဟုတ်ဘူး၊ ပြီးတော့ အွန်လိုင်းက ဗီဒီယိုတွေကို ကြည့်ပြီးတော့လည်း စိတ်အမောပြေနိုင်တာပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး လိုက်တွေးနေရင် အရာအားလုံးက အဓိပ္ပာယ်မဲ့သွားမှာ မဟုတ်ဘူးလား။
ဘာဒါ့အတွက်တော့ TTO ဟာ စိတ်ထွက်ပေါက် နားခိုရာကလေးတစ်ခုပေါ့။ အစတုန်းကတော့ အဲဒီအိုပါးတွေထဲက တစ်ယောက်ယောက်နဲ့ တွဲရရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးပေမဲ့ အခုတော့ သူတို့ကို ငေးကြည့်နေရုံနဲ့တင် ကျေနပ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ သူမက လက်တွေ့ဘဝနဲ့ စိတ်ကူးယဉ်မှုကို ခွဲခြား သိနေခဲ့တာကိုး။
ဒါပေမဲ့ တစ်ခေါက်ကလေးပဲဖြစ်ဖြစ် သူတို့ကို အနီးကပ် ငေးကြည့်ချင်မိတာပဲ။ လည်ချောင်းကွဲမတတ် အတူတူ သီချင်းဆိုချင်တယ်၊ အတူတူလည်း ခုန်ပေါက်ချင်မိတယ်။ ဖျော်ဖြေပွဲကို တစ်ခေါက်ပဲဖြစ်ဖြစ် ရောက်ဖူးတဲ့ သူမရဲ့ သူငယ်ချင်းတွေအားလုံးက အနည်းဆုံး တစ်ခေါက်တော့ သွားရကျိုးနပ်ပါတယ်လို့ ပြောကြတယ်။ အဲဒီကို ရောက်သွားရင် ခေါင်းထဲက အပူအပင်တွေအကုန်လုံး လွင့်စင်သွားသလို ခံစားရတယ်လို့လည်း ဆိုကြတာပဲ
ဘာဒါက အမ်ပီသရီးထဲက TTO ရဲ့ သီချင်းအသစ်ကို နားထောင်ရင်း မျက်နှာကျက်ကို ငေးငေါင်ကြည့်နေမိတယ်။ အိမ်ရှေ့တံခါး ပွင့်သွားတဲ့ အသံကို သူမ ကြားလိုက်ရတာပေါ့။
'သူ ပြန်လာပြီလား'
သူမရဲ့ အစ်ကိုက မနက်အစောကြီးကတည်းက အပြင်ထွက်သွားတာ။ တခြားသရုပ်ဆောင်တွေနဲ့အတူ ဇာတ်ညွှန်းဖတ်ဖို့ ရှိတယ်လို့ ပြောသွားတာကို မြင်ရတော့ အစ်ကိုဖြစ်သူက တစိမ်းတစ်ယောက်လိုမျိုးတောင် ထူးထူးဆန်းဆန်း ခံစားရစေတယ်။ အစ်ကိုဖြစ်သူက အိမ်မှာ ဂိမ်းဆော့လိုက်၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်လိုက်ပဲ အမြဲ လုပ်နေတတ်သူလို့ သူမ အမြဲ ထင်ခဲ့တာ ဖြစ်ပေမဲ့ အထက်တန်းကျောင်း တက်ကတည်းက လူတစ်ယောက်လို ပြောင်းလဲသွားပြီး အခုဆိုရင် လူမှုပတ်ဝန်းကျင်ထဲကို အခြေချ ဝင်ရောက်သွားတဲ့ လူကြီးတစ်ယောက်လိုမျိုး ဖြစ်နေခဲ့ပြီ။
အဲဒါက သူ့ကို မုန်းလို့တော့ မဟုတ်ပါဘူး။ အမှန်တော့ သူမအပေါ် အများကြီး စာနာထောက်ထားပြီး နည်းလမ်းမျိုးစုံနဲ့ ဂရုစိုက်ပေးတတ်လို့ ကျေးဇူးတောင် တင်မိသေးတယ်။ သူမ သုံးဖို့အတွက် ခရက်ဒစ်ကတ် ကို တိတ်တဆိတ် ပေးထားတဲ့ အစ်ကိုဖြစ်သူကို မုန်းစရာ အကြောင်းလည်း မရှိပါဘူး။
ဒါပေမဲ့ တစ်နှစ်အတွင်းမှာတင် အဲဒီလောက်အထိ အကြီးအကျယ် ပြောင်းလဲသွားတာကို မြင်ရတော့ သူမ စိတ်ထဲမှာ ထူးထူးဆန်းဆန်း ပူပန်မိပြန်တယ်။ အရင်တုန်းကတော့ အမေဖြစ်သူနဲ့ စကားပြောဖြစ်တိုင်း 'နင့်အစ်ကို ဘယ်တော့မှ လူမှန်းသိပါ့မလဲ' ဆိုတဲ့ စကားမျိုး အမြဲ ပြောဖြစ်ခဲ့ကြပေမဲ့ ဒီရက်ပိုင်းမှာတော့ အဲဒီလိုမျိုး တစ်ခါမှ မကြားရတော့ဘူး။
'အခုတော့ အဲဒီစကားကို ငါ့ကိုပဲ ပြောနေတာ'
အစ်ကိုဖြစ်သူနဲ့ နှိုင်းယှဉ်ခံရလို့ မကျေမနပ် ဖြစ်တာမျိုး မဟုတ်ဘဲ အစ်ကိုဖြစ်သူကို ကြည့်လိုက်ရင် သူမအနေနဲ့လည်း အကျိုးရှိမယ့် တစ်ခုခုကို လုပ်ရတော့မယ်ဆိုတဲ့ ခံစားချက်မျိုး ဝင်လာစေလို့ အင်အားချို့နဲ့ဖြစ်ရတာပါ။ TTO ရဲ့ ဖျော်ဖြေပွဲကို သွားနိုင်အောင် ကူညီပေးမယ်လို့ သူ ပြောတုန်းကလည်း အစ်ကိုဖြစ်သူ အများကြီး ပြောင်းလဲသွားပြီလို့ သူမ ထင်ခဲ့တာပဲ။
ဒါက အထက်တန်းကျောင်းသားနဲ့ အလယ်တန်းကျောင်းသူကြားက ကွာခြားချက် ဖြစ်နေမလား။ သူမလည်း အသက်ကြီးလာရင် လူမှန်းသိလာပြီး TTO ကို မေ့ပျောက်ကာ စာပဲ ကြိုးစားကျက်ပြီး အကျိုးရှိမယ့်အရာတွေကိုပဲ လုပ်ဖြစ်တော့မှာလား။
ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ အစ်ကိုရှိတဲ့ သူမရဲ့ သူငယ်ချင်းအချို့ကတော့ သူတို့အစ်ကိုတွေနဲ့ အမြဲတမ်း ရန်ဖြစ်ရတယ်လို့ ပြောတတ်ကြပြီး ညီမတွေကို အော်ဟစ်ငေါက်ငမ်းကာ ခိုင်းစရာရှိရင် အမြဲ ခိုင်းတတ်တဲ့ ဆိုးဝါးတဲ့ အစ်ကိုတွေပဲလို့ ဆိုကြတာကိုး။
သူမရဲ့ အခန်းတံခါးကို ခေါက်တဲ့အသံ ကြားလိုက်ရတယ်။ သူမ နေရာကနေ ထရပ်ပြီး လှမ်းပြောလိုက်တာပေါ့။
“ဘာလဲ”
“ထမင်းစားပြီးပြီလား”
“မစားရသေးဘူး၊ အမေက နောက်ကျမယ် ပြောတယ်”
“မစားရသေးရင်လည်း တစ်ခုခု စားထားရမှာပေါ့”
“...ဗိုက်မဆာပါဘူးဆို”
သူ့အပေါ် ဘာရန်ငြိုးမှမရှိတာကို သူမကိုယ်တိုင် ကောင်းကောင်းသိရဲ့သားနဲ့ ထွက်လာတဲ့ စကားလုံးတွေက အနည်းငယ် စူးစူးရှရှ ဖြစ်နေခဲ့တယ်။ သူမကိုယ်တိုင်လည်း ကလေးဆန်လိုက်တာလို့ တွေးမိတာပေါ့
“ဒါဆိုရင်လည်း အပြင်ထွက်ပြီး စားစရာရှိတာ လာစားဦး”
“စားစရာ”
တံခါးအပြင်ဘက်ကနေ တစ်ရှူးရှူးတစ်ရှဲရှဲ အသံတွေကို သူမ ကြားလိုက်ရတယ်။ ပြီးတော့ အနံ့ကို ရှူကြည့်မိတာပေါ့။ မွှေးကြိုင်လှတဲ့ အနံ့တစ်ခု ရနေခဲ့တယ်။ သူမ ကုတင်ပေါ်က ဆင်းပြီး တံခါးဖွင့်လိုက်တော့ ရှေ့မှာ အဖြူရောင် ပလတ်စတစ်အိတ်တစ်အိတ် ရှိနေတာကို တွေ့လိုက်ရတယ်။ အစ်ကိုဖြစ်သူကတော့ ဧည့်ခန်း တီဗီရှေ့မှာ စားပွဲတစ်လုံးကို ပြင်ဆင်နေလေရဲ့
“အဖေက ဒီနေ့ စက်ရုံမှာပဲ အိပ်မယ်လို့ ပြောတယ် မဟုတ်လား”
“အေးလေ။ ဒါနဲ့ အဲဒါ ဘာလဲ”
“ကြက်ကင်တစ်ကောင်လုံး”
“တကယ်ကြီးလား”
ဘာဒါက ရွှင်ရွှင်ပြုံးပြုံး ဖြစ်သွားပြီး စားပွဲရှေ့မှာ ဝင်ထိုင်လိုက်တယ်။ သူမ ရင်ထဲက စိတ်ပျက်အားငယ်မှုတွေလည်း လုံးဝ ပျောက်ကွယ်သွားရပြီပေါ့။ အဝါရောင် စက္ကူအိတ်ထဲမှာတော့ ကြက်ကင် နှစ်ကောင်လုံးလုံး ရှိနေခဲ့တယ်။ သူမ ကြက်ကင်ရှေ့မှာ သွားရည်ကျနေတုန်းမှာပဲ အစ်ကိုဖြစ်သူက မုန်လာဥချဉ်တွေကို ပန်းကန်လုံးထဲ ထည့်ပြီး ကိုကာကိုလာ ကို ငှဲ့ပေးနေတာပေါ့။
“ဆော့စ် လည်း ပါတယ်၊ တို့စားချင်ရင် တို့စားလို့ရတယ်”
ဘာဒါက ခေါင်းညိတ်ပြပြီး ကြက်တောင်ပံတစ်ဖက်ကို လှမ်းကိုင်လိုက်တယ်။ ကြက်ကင်က အငွေ့တထောင်းထောင်း ထွက်နေတုန်း ဖြစ်ပြီး ကိုင်ဖို့တောင် နည်းနည်း ပူလွန်းနေသေးတယ်။ စားစရာရှေ့မှာ အဲဒီလောက်အထိ ချက်ချင်း ပြောင်းလဲသွားတဲ့ မိမိကိုယ်မိမိ အံ့ဩမိပေမဲ့ ပြုံးစိစိဖြစ်နေတာကိုတော့ ရပ်လို့မရခဲ့ဘူး။
'ဟုတ်ပြီ။ ငါ အချိန်ပိုင်းအလုပ် လုပ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် လက်မှတ်ဝယ်ဖို့ ရှာတော့မယ်'
အဲဒီလိုမျိုး တွေးလိုက်တော့မှ သူမ ရင်ထဲမှာ ပိုပြီး နေသာထိုင်သာ ရှိသွားတာပေါ့။ သူမ ကြက်တောင်ပံကို ကိုက်ပြီး ဝါးစားနေမိတယ်။ အဲဒီအချိန်မှာပဲ အစ်ကိုဖြစ်သူက တီဗီကို ဖွင့်လိုက်ရာ အထဲမှာ တိုက်တိုက်ဆိုင်ဆိုင် TTO အဖွဲ့ လာနေခဲ့တယ်။ သူတို့က လိုအပ်နေသူတွေအတွက် ရန်ပုံငွေပွဲတစ်ခု လုပ်ပေးနေကြတာပဲ။
အစ်ကိုဖြစ်သူက တီဗီအသံကို မြှင့်လိုက်ပြီးမှ သူမဆီ ရီမုဒ် ကို လှမ်းပေးလိုက်တယ်။
“နင် ကြည့်မလို့ မဟုတ်လား”
“ဟင် အင်း”
အစ်ကိုဖြစ်သူက ကြက်တောင်ပံတစ်ဖက်ကို ဖဲ့ယူပြီး အားရပါးရ စားနေရင်း နောက်လက်တစ်ဖက်ကတော့ ဖုန်းကို ကြည့်နေခဲ့တယ်။ အလယ်တန်းကျောင်းသား ဘဝတုန်းကဆိုရင် ဒါမျိုးက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပဲ။ အဲဒီတုန်းကဆိုရင် သူ ကြည့်ချင်တဲ့ ဂိမ်းအစီအစဉ် ရှိတယ်ဆိုပြီး သူမဆီကနေ ရီမုဒ်ကို လုယူမှာ သေချာတယ်။ ဒါတင်မကသေးဘူး၊ သူမ ကြိုက်တဲ့ အနုပညာရှင်တွေကို ကြည့်ပြီးတော့လည်း လှောင်ပြောင် သရော်ဦးမှာပေါ့။
“ဒီနေ့ ဘာတွေလုပ်ခဲ့လဲ” သူမ ပါးစပ်ထဲက အသားတွေကို မျိုချပြီးမှ လှမ်းမေးလိုက်တယ်။
“ဇာတ်ညွှန်းဖတ်တယ်၊ ပူဇော်ပွဲလုပ်တယ်၊ ပြီးတော့ ထမင်းစားတယ်”
“ပူဇော်ပွဲတွေကော ရှိတာလား”
“ရှိတာပေါ့။ ရုပ်ရှင်တစ်ကား ဖြစ်မြောက်ဖို့အတွက် စိုက်ထုတ်ရတဲ့ ငွေကြေးက မနည်းဘူးလေ၊ ဒါကြောင့် နတ်ဘုရားတွေဆီက အကူအညီရဖို့ ဆုတောင်းတာက ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား”
“အဲဒီလိုလား။ ဒါနဲ့ နေပါဦး၊ အစ်ကိုက အဲဒီလိုမျိုးတွေကို ယုံလို့လား”
“အင်း ယုံတာပေါ့”
ဒီအဖြေက တော်တော်လေးကို မျှော်လင့်မထားတဲ့ အဖြေ ဖြစ်နေခဲ့တယ်။
ဘာဒါက တီဗီကို ကြည့်ရင်း ကြက်ကင်ကို ဆက်ပြီး ဝါးစားနေမိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆွန်းဂျဲက တီဗီထဲမှာ သီချင်းဆိုနေတာပေါ့။ သူက ပိန်ပိန်ပါးပါး မျက်နှာနဲ့မလိုက်အောင် စူးရှတဲ့ မျက်လုံးတွေ ရှိပြီး မျက်လုံးတွေကို အသာလေး ဖုံးအုပ်ထားတဲ့ ဆံပင်ပုံစံကလည်း သိပ်ကို စတိုင်ကျလွန်းတယ်။
သူမ အသည်းစွဲ ဆွန်းဂျဲအိုပါးကတော့ TTO အဖွဲ့ထဲမှာ ဆွဲဆောင်မှု အရှိဆုံး အဖွဲ့ဝင်ပေါ့။ သူက တကယ်ကို စတိုင်ကျတာ။
“စာမေးပွဲကော ဘယ်လိုလဲ”
အဲဒီစကားကို ကြားလိုက်ရတဲ့အခါ သူမ သီးမလိုတောင် ဖြစ်သွားရတယ်
“ဒီ... ဒီလိုပါပဲ၊ သိပ်တော့ မဆိုးပါဘူး”
“အသံက သိပ်ပြီး ယုံကြည်ချက်မရှိတဲ့ ပုံစံပဲ။ နင့်အတွက် အဆင့်ငါးအတွင်း ဝင်ဖို့က လွယ်ပါတယ်လို့ ကြားထားသလိုပဲ”
“ငါက ဘယ်တုန်းက လွယ်တယ်လို့ ပြောလို့လဲ။ ငါ ပြောတာက... ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ပြောတာ”
“အမှတ်တွေက မျှော်လင့်ထားသလောက် မရလို့လား”
“မသိဘူးဟာ”
ဘာဒါက နှုတ်ခမ်းကို ဆူလိုက်ပြီး ကြက်ကင်ကို အငမ်းမရပဲ ဆက်စားနေမိတယ်။ သူမ စာမေးပွဲကာလအတွင်းမှာ ဒီတစ်ခေါက်လောက် အာရုံစိုက်ခဲ့ဖူးတာ မရှိခဲ့ဘူး။ အဖြေတွေကိုတောင် သုံးခေါက်လောက် ပြန်စစ်ခဲ့သေးတာ။ အဖြေလွှာ မှားကူးတာမျိုးလည်း မရှိနိုင်လို့ သူမ ကိုယ်တိုင် တွက်ထားတဲ့ အမှတ်တွေက ပြောင်းလဲသွားစရာ အကြောင်းမရှိဘူး။ တစ်နည်းအားဖြင့်တော့ အဆင့်ငါးအတွင်း ဝင်ဖို့က လုံးဝ မဖြစ်နိုင်တော့တာပဲ။
“ပြီးတော့ နင် အစွမ်းကုန် ကြိုးစားခဲ့တာလား”
“အစွမ်းကုန်... ကြိုးစားခဲ့တာပေါ့။ တကယ် ပြောတာ”
သူမ ကြိုးစားခဲ့တဲ့ အားထုတ်မှုတွေအကြောင်း၊ သူငယ်ချင်းတွေနဲ့ စာကျက်ဝိုင်းတွေ လုပ်ခဲ့တာတွေအကြောင်း ပြောပြချင်မိပေမဲ့ မပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကိစ္စက ပြီးသွားပြီမို့ ဂျစ်ကန်ကန် ကလေးတစ်ယောက်လိုမျိုး ဂျီမကျချင်တော့ဘူးလေ။
“ဒါဆိုရင် ဖျော်ဖြေပွဲ သွားဖို့က မဖြစ်နိုင်တော့ဘူးပေါ့”
“ငါ အဆင့်ငါးအတွင်း ဝင်ခဲ့ရင်တောင် ဘာပဲဖြစ်ဖြစ် သွားနိုင်မှာ မဟုတ်ပါဘူး။ အမေကလည်း လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး၊ ပြီးတော့ လက်မှတ်တွေကလည်း တကယ် စျေးကြီးတာ။ အစ်ကို့ရဲ့ အချိန်ပိုင်းအလုပ်က ရတဲ့ပိုက်ဆံနဲ့တင် ဘယ်လိုမှ မလောက်နိုင်ဘူး”
“အင်း၊ လက်မှတ်တွေက စျေးကြီးတာတော့ အမှန်ပဲ။ ဝမ်တစ်သိန်းကျော်တောင် ရှိတာကိုး”
“အစ်ကိုက စုံစမ်းကြည့်ထားတာလား”
“စုံစမ်းကြည့်တာပေါ့။ ဘာပဲဖြစ်ဖြစ် နင် အဆင့်ငါးအတွင်း ဝင်ရင် ဖျော်ဖြေပွဲ လွှတ်မယ်လို့ ငါ ကတိပေးထားတာပဲကို” မာရူးက လည်ပင်းရိုးကို ပါးစပ်ထဲ ထည့်ဝါးရင်း စကားလှမ်းပြောတယ်။ သူမကတော့ ဒါကို ကြည့်ပြီး အနည်းငယ် မနှစ်မြို့စရာ ကောင်းတယ်လို့ ထင်မိတာပေါ့။
“ငါ ကိုယ့်ဘာသာကိုယ် အချိန်ပိုင်းအလုပ် လုပ်ပြီး ပိုက်ဆံရှာဝယ်မယ်။ ဒီနွေရာသီမှာ အလုပ်လုပ်မှာ”
“အလယ်တန်းကျောင်းသားတွေကိုတော့ အလုပ်လုပ်ခွင့် မပြုဘူး ထင်တယ်”
“ခွင့်မပြုဘူး ဘာလို့လဲ”
“လူတွေက အထက်တန်းကျောင်းသားတွေကိုပဲ ပိုပြီး ငှားချင်ကြတာကိုး။ ပြီးတော့ အလယ်တန်းကျောင်းသားဆိုရင် အုပ်ထိန်းသူရဲ့ သဘောတူညီချက်လည်း လိုအပ်သေးတယ်၊ အမေက နင့်ကို ခွင့်ပြုပါ့မလား”
မာရူးက ကြက်ကင်ရဲ့ အကြွပ်သားကို ကိုက်ဝါးလိုက်တယ်။
သူက ဒီနေ့မှ ဘာလို့ အဲဒီလောက်အထိ လေကြီးနေရတာလဲ။ ဘာဒါက နှုတ်ခမ်းကို ဆူလိုက်ပြီး သူ့ရဲ့ ခါးကို လက်ညှိုးနဲ့ လှမ်းထိုးလိုက်တာပေါ့။ တင်ပလ္လင်ခွေ ထိုင်နေတဲ့ မာရူးဟာ ဘေးတိုက်ကို ဖျတ်ခနဲ လဲကျသွားရလေရဲ့။
“အမေကတော့ အဲဒီအတွက် အချိန်ရှိရင် စာပဲ ကြိုးစားကျက်ပါလို့ ပြောမှာ သေချာတယ်။ ၁၀၀ ရာခိုင်နှုန်း သေချာတယ်”
အစ်ကိုဖြစ်သူကတော့ ဘာပဲဖြစ်ဖြစ် စကားကို ဆက်ပြောနေတုန်းပဲ။ သူတို့ အရင်ကလို အချိန်ဟောင်းတွေဆီ ပြန်ရောက်သွားသလို ခံစားရစေတယ်။ ဘာဒါက တီဗီကို ကြည့်ရင်း မုန်လာဥချဉ်ကို ကိုက်ဝါးနေမိတာပေါ့။ သူ့ကို ဆက်ပြီး စကားပြောနေလည်း အပိုပဲ ဖြစ်နေမှာကိုး။ တကယ်လို့ အမေက အချိန်ပိုင်းအလုပ် လုပ်ခွင့်မပေးရင် မုန့်ဖိုးပဲ စုရတော့မှာပေါ့။
အစ်ကိုဖြစ်သူ ပေးထားတဲ့ ခရက်ဒစ်ကတ် ကျေးဇူးကြောင့် သူမ ပိုက်ဆံ တော်တော်လေး စုမိထားပြီးသား ဖြစ်တယ်။ ဝမ်လေးသောင်းလောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ ဒါက လက်မှတ်ဝယ်ဖို့အတွက် ဘယ်လိုမှ မလောက်နိုင်သေးတာတော့ အမှန်ပဲ...
“နင့်ရဲ့ ပျမ်းမျှအမှတ်က ဘယ်လောက်လောက် ရှိမလဲ”
“ဘာလို့ မေးတာလဲ”
“သိချင်လို့ပါ”
“...၉၂ ပတ်ဝန်းကျင်လောက် ထင်တယ်”
“မဆိုးပါဘူး။ ဒုတိယနှစ် စာမေးပွဲတုန်းက နင့်ရဲ့ ပျမ်းမျှအမှတ်က ၈၀ ပဲ ရှိတာ မဟုတ်လား။ နင် တကယ် ကြိုးစားခဲ့တာပဲ”
“အဲဒါက ဘာထူးမှာလဲ။ ငါ အဆင့်ငါးအတွင်း မဝင်ခဲ့တာပဲကို။ ငါ့အတန်းထဲမှာ စာတော်တဲ့ ကလေးတွေ အများကြီး ရှိတာ နင်လည်း သိရဲ့သားနဲ့”
“ဒါဆိုရင် အဲဒီကလေးတွေသာ မရှိရင် နင် အဆင့်ငါးအတွင်း ဝင်တာပေါ့”
“ဖြစ်နိုင်တာပေါ့”
“တိုးတက်မှု အများကြီး ရှိတာပဲ။ ဂုဏ်ယူပါတယ်”
“....”
ဘာဒါက နှုတ်ခမ်းကို ဆူလိုက်ရင်း ချန်နယ် ကို ပြောင်းလိုက်တယ်။ ချီးကျူးစကား ကြားရလို့ ဝမ်းသာမိတဲ့ မိမိကိုယ်မိမိ ကလေးဆန်လိုက်တာလို့ တွေးမိသလို၊ တစ်ခုခုကို မျှော်လင့်နေမိတဲ့ မိမိကိုယ်မိမိလည်း သနားစရာ ကောင်းလိုက်တာလို့ ခံစားရပြန်တယ်။
'ဟုတ်တယ်၊ ငါ့အစွမ်းနဲ့ငါပဲ လုပ်ရမယ်'
အမေပေးတဲ့ မုန့်ဖိုးကို စုတာက 'ကိုယ့်အစွမ်းနဲ့ကိုယ်' ဟုတ်မဟုတ် ဆိုတာ ငြင်းခုံစရာ ရှိပေမဲ့ သူမ လိုချင်တဲ့အရာကို ရဖို့အတွက်တော့ ပိုပြီး တော်အောင် လုပ်ရုံမှတစ်ပါး အခြားမရှိဘူးလေ။
“နောက်တစ်ခေါက်ကျရင် ပိုပြီး ကြိုးစားကြည့်ဦး၊ ဟုတ်ပြီလား”
အဲဒီလို ပြောပြီး မာရူးက ကိုကာကိုလာခွက်ကို ကိုင်ကာ နေရာကနေ ထရပ်ပြီး သူ့အခန်းထဲ ဝင်သွားခဲ့တယ်။ ဘာဒါက 'အစ်ကို စားပြီးတာတွေ မသိမ်းတော့ဘူးလား' လို့ လှမ်းပြောဖို့ လုပ်ပြီးမှ မပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒါကို သူ ဝယ်ပေးတာ ဖြစ်လို့ သိမ်းခိုင်းဖို့အထိတော့ သူမမှာ မျက်နှာမပြောင်ရဲဘူးလေ။ သူမ ကြက်ရိုးတွေကို တစ်ပုံတည်းဖြစ်အောင် စုပုံနေပြီး အိုးခွက်အလွတ်တွေကို ကောက်သိမ်းနေတုန်းမှာ မာရူး ထိုင်သွားခဲ့တဲ့ နေရာမှာ စာအိတ်တစ်အိတ် တင်ကျန်နေတာကို တွေ့လိုက်ရတယ်။
‘ဟင်’
ဘာဒါက လက်လှမ်းပြီး စာအိတ်ကို ကောက်ယူလိုက်တယ်။ အထဲကို အသာလေး ချောင်းကြည့်လိုက်တဲ့အခါ လိပ်ထားတဲ့ စက္ကူလိပ်တစ်ခုကို တွေ့လိုက်ရတာပေါ့။
“ဟေ့၊ အစ်ကို တစ်ခုခု ကျန်ခဲ့တယ်”
သူမ အစ်ကိုဖြစ်သူဆီ အကျယ်ကြီး လှမ်းအော်ပြောလိုက်ပေမဲ့ ဘာအသံမှ ပြန်မလာခဲ့ဘူး။ စူးစမ်းချင်စိတ်ကြောင့် သူမ အဲဒီစက္ကူလိပ်ကို ဆွဲထုတ်ကြည့်လိုက်မိတယ်။ စက္ကူလိပ် ကျွတ်ထွက်လာတာနဲ့အမျှ တစ်စုံတစ်ခုကလည်း ကြမ်းပြင်ပေါ်ကို ဖြောင်းခနဲ ပြုတ်ကျသွားခဲ့တယ်။
“...အစ်ကို”
ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့ အရာတွေကတော့ လက်မှတ်တွေ ဖြစ်နေခဲ့တယ်၊ ဒီနွေရာသီမှာ လုပ်မယ့် TTO ရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေပေါ့။ ဒါတင်မကသေးဘူး၊ တစ်စောင်တည်း မဟုတ်ဘဲ ခြောက်စောင်တောင် အပြည့်အစုံ ရှိနေတာ။ ဘာဒါက လိပ်ထားတဲ့ စက္ကူလိပ်ကိုပါ ထပ်ကြည့်လိုက်မိတယ်။ စက္ကူရဲ့ အတွင်းပိုင်းက ပန်းရောင် ဖြစ်နေပြီး အထဲမှာတော့ ဒီလို စာသားတွေ ရေးထားတာပေါ့။
(ကျွန်တော်တို့ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်)
ဘာဒါက အဲဒီစာသားတွေရဲ့ အောက်မှာရှိတဲ့ နာမည်တွေကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိတယ်။ ဆွန်းဂျဲ၊ ပြီးတော့ ဘာဒါ။ ဒါက ဆွန်းဂျဲအိုပါးရဲ့ ကိုယ်တိုင်လက်မှတ် ဖြစ်နေခဲ့တာပဲ
“ဝိုး အစ်ကို”
ဘာဒါက ဝမ်းသာအားရ ခုန်ပေါက်ရင်း လက်မှတ်တွေကို အလင်းရောင်ဆီ မြှောက်ပြီး ကြည့်နေမိတယ်။ အစ်ကိုဖြစ်သူကတော့ အခန်းထဲကနေ 'တိုးတိုးနေစမ်းပါ' လို့ အသံတိုးတိုးကလေးနဲ့ လှမ်းပြောသံကို သူမ ကြားလိုက်ရတော့တယ်။
* * * * * * * * *