← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း(၂၆၅)

ဘာဒါဟာ အမှတ်တရ လက်မှတ်နဲ့ ဖျော်ဖြေပွဲလက်မှတ်တွေကို ကိုင်ပြီး သူ့အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ အခုထိ အိပ်မက်မက်နေသလိုပါပဲ။ သူ အသည်းစွဲချစ်ရတဲ့ ဆွန်းဂျဲအိုပါးရဲ့ အမှတ်တရ လက်မှတ်ကို ရခဲ့ရုံတင်မကဘူး၊ လက်မှတ် ခြောက်စောင်တောင် ရခဲ့တာလေ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ ရိုးရိုးခုံတွေမဟုတ်ဘဲ R-seats တွေ ဖြစ်နေတာ။ ရှေ့ဆုံးတန်းမှာ ထိုင်ရမှာပေါ့။ ကံကောင်းရင် TTO အိုပါးတွေရဲ့ လက်ကိုတောင် ဆွဲခွင့်ရဦးမယ်။

“ဒါကို ပလတ်စတစ် သွားလောင်းရမယ်"

သူဟာ အမှတ်တရ လက်မှတ်ကို ယူပြီး အိမ်ကနေ ချက်ချင်း ပြန်ထွက်လာခဲ့တယ်။ ပြီးတော့ တိုက်ခန်းဝင်းထဲမှာရှိတဲ့ စာရေးကိရိယာဆိုင်ဆီကို တန်းပြေးတော့တာပါပဲ။ နေဝင်သွားပြီဆိုပေမဲ့ စာရေးကိရိယာဆိုင်က ဖွင့်ထားတုန်းပဲ ရှိသေးတယ်။ ဆိုင်ရှင်အန်တီကြီးကို အမှတ်တရ လက်မှတ် ပေးလိုက်ပြီး ပလတ်စတစ်လောင်းပေးဖို့ သူ ပြောလိုက်တယ်။ ဒါဟာ သိပ်အရေးကြီးတဲ့အရာမို့လို့ သေသေချာချာလေး လုပ်ပေးဖို့လည်း မမေ့တမ်း ထည့်ပြောလိုက်သေးတယ်။

“TTO ပါလား။ ငါ့သမီးလည်း သူတို့ကို သိပ်ကြိုက်တာ"

အန်တီကြီးက ကြင်နာတဲ့ အပြုံးနဲ့အတူ အမှတ်တရ လက်မှတ်ကို ပလတ်စတစ် လောင်းပေးရှာတယ်။ ဘာဒါဟာ အပူငွေ့ မပျောက်သေးတဲ့ ပလတ်စတစ်လောင်းထားတဲ့ အမှတ်တရ လက်မှတ်ကို ကိုင်ပြီး ပြန်ထွက်လာခဲ့တယ်။

နံရံပေါ်မှာ ဒါကို ချိတ်ထားရင် ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲလို့ သူ တွေးနေမိတယ်။ ပြုံးလို့ကို မဆုံးနိုင်ပါဘူး။ အမှတ်တရ လက်မှတ်တစ်ခုတည်းနဲ့ ဒီလောက်တောင် ပျော်နေလို့ ဖြစ်ပါ့မလားလို့တောင် ကိုယ့်ကိုယ်ကိုယ် တွေးမိနေသေးတယ်။

‘အော်... ဟုတ်သားပဲ၊ သူတို့ကို ဖုန်းဆက်ရမယ်'

ဖျော်ဖြေပွဲသွားနိုင်အောင် ကူညီပေးခဲ့တဲ့ သူငယ်ချင်းတွေကို သတိရသွားတာပါ။ လက်မှတ်က ခြောက်စောင်တောင် ရှိတာဆိုတော့ သူတို့ကိုပါ တစ်ခါတည်း ခေါ်သွားလို့ ရတာပေါ့။ အားလုံး စုစုစည်းစည်းနဲ့ ဖျော်ဖြေပွဲကြည့်ရင်း အော်ဟစ်သီဆိုကြမယ်လေ။ စိတ်ကူးယဉ်ကြည့်ရုံနဲ့တင် ရင်တွေ ခုန်လာရတယ်။ သူ ဒီလိုမျိုး စိတ်ကူးယဉ် အစီအစဉ်တွေ ဆွဲနေတုန်းမှာပဲ သူ့နားထဲကို အသံတစ်သံ တိုးဝင်လာပါတယ်။

“ဘယ်နား ထိခိုက်သွားသေးလဲ"

ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် ဘာဒါ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်တယ်။ အဲဒီမှာ စက်ဘီးစီးလာတဲ့ ဒိုဝူးကို တွေ့လိုက်ရတာပါပဲ။ သူက စက်ဘီးစီးဦးထုပ် အမည်းရောင်ကို ဆောင်းထားပြီး အဲဒါက သူနဲ့ တော်တော်လေး လိုက်ဖက်နေတယ်။

“အာ... အာ"

ဘာဒါက သူ့ကို လက်ညှိုးထိုးပြလိုက်တယ်။

“ငါ့ကို လက်ညှိုးထိုးရဲတယ်ပေါ့"

ဒိုဝူးက လမ်းဖယ်ပေးဖို့ လက်ကို ဘေးဘက်ဆီ ယမ်းပြလိုက်တယ်။ အဲဒီလိုလုပ်ရင်း စက်ဘီးလက်ကိုင်မှာရှိတဲ့ မီးလုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ စူးရှတဲ့ အလင်းရောင်ကြောင့် ဘာဒါ မျက်မှောင်ကုပ်သွားရတယ်။

“စူးလိုက်တာ။ ပိတ်လိုက်စမ်းပါ"

“မင်း လမ်းဖယ်ပေးလိုက်ရင် ရပြီလေ"

“မဖယ်ပေးချင်ပါဘူး"

“....”

ဘာဒါက ကလေးကလားဆန်ဆန် ဂျစ်ကန်ကန်လုပ်ပြီး သူ့လမ်းကို ပိတ်ရပ်ထားလိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဖျော်ရည်ကိစ္စကို သူ အခုထိ မမေ့နိုင်သေးဘူးလေ။ ကျေးဇူးတင်လို့ ပေးတာကို သူက ငြင်းပယ်ရဲတယ်ပေါ့။ ဒါပေမဲ့ ဒီအတွက် စိတ်ဆိုးသွားတာမျိုးတော့ မဟုတ်ပါဘူး။

“မောင်နှမတွေများ တူလိုက်တာ"

ဒိုဝူးက စက်ဘီးပေါ်က ဆင်းပြီး စက်ဘီးကို မလိုက်တယ်။ ဘာဒါ့ကို ပတ်ပြီး သွားဖို့ ပြင်နေတဲ့ ပုံပါပဲ။ ဘာဒါက နှာခေါင်းရှုံ့ပြီး သူ လုပ်သမျှကို စောင့်ကြည့်နေတုန်းမှာ စက်ဘီးရှေ့မီးက သူ့မျက်လုံးထဲ ဝင်လာပြန်တယ်။

“ကြောင်ကလေးလား"

ချစ်စရာကောင်းတဲ့ ကြောင်ရုပ်မီးအိမ်ကလေး ဖြစ်နေတာကိုး။ ညာဘက်လက်ကိုင်မှာ တပ်ထားတဲ့ ကြောင်ရုပ်မီးအိမ်ကလေးဆီကနေ အလင်းရောင် ထွက်နေတာပါ။ ဘာဒါက မီးအိမ်ကလေးကို တစ်ချက်ကြည့်ပြီး ဒိုဝူးကို ပြန်စိုက်ကြည့်လိုက်တယ်။ ဒိုဝူးက သူ့အကြည့်ကို ရှောင်ပြီး စက်ဘီးပေါ် ပြန်တက်လိုက်တယ်။ ထွက်ပြေးဖို့ ကြံနေတာ ထင်းထင်းကြီး သိသာနေတာပဲ။

ဘာဒါက ပြုံးစိစိနဲ့ ဒိုဝူးရဲ့ အင်္ကျီကို လှမ်းဆွဲထားလိုက်တယ်။ ဒါဟာ အခွင့်အရေးပဲလေ။ အစ်ကိုဖြစ်သူကို ဒီလူနဲ့ မိတ်ဆက်ပေးဖို့ အကြိမ်ကြိမ် ပူဆာခဲ့ပေမဲ့ အခါခါ ပျက်စီးခဲ့ရတာ။ ဒီအခွင့်အရေးကိုတော့ သူ အဆုံးရှုံးမခံနိုင်ဘူး။ အေးအေးဆေးဆေး နေတတ်တာက သူ့စရိုက်မှ မဟုတ်တာ။

“ဒါက ဘာလဲ။ ကြောင်ကလေးပါလား။ အိုပါးမှာလည်း ချစ်စရာကောင်းတဲ့ အကွက်လေးတွေ ရှိသားပဲ"

“လွှတ်စမ်း"

“လွှတ်ပေးရင် ညီမကို ဘာပြန်လုပ်ပေးမှာလဲ"

“ဘာ"

“အိုပါး... ညီမတို့ အခုလို ဆုံတာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီဆိုတာ သိရဲ့လား။ ဒါတင်မကဘူး၊ ဆုံတဲ့ အကြိမ်တိုင်းကလည်း အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်ကြီးတွေချည်းပဲ။ ဒီလောက်ဆိုရင် ညီမတို့က ရေစက်ရှိလို့လို့ ပြောလို့ရပြီ မဟုတ်ဘူးလား"

“ဘာ... ဘာတွေ လာပြောနေတာလဲ"

ဒိုဝူး နည်းနည်း ယောင်ချာချာ ဖြစ်သွားတယ်။ ကြောင်ရုပ်မီးအိမ်ကလေးကြောင့် ဖြစ်မှာပါ။ ကြောင်ရုပ်မီးအိမ်ကလေးကို လက်နှစ်ဖက်နဲ့ လှမ်းအုပ်ထားတဲ့ ဒိုဝူးကို ကြည့်ပြီး ဘာဒါ့စိတ်ထဲ တကယ်ကို ချစ်စရာကောင်းတယ်လို့ မြင်နေမိတယ်။ ရုပ်ခပ်ဆိုးဆိုးနဲ့ လူတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့ ပြောရတာက တစ်မျိုးကြီးတော့ ဖြစ်နေပေမဲ့ပေါ့။

“ဒါက အိုပါး ရည်းစားပေးတဲ့ လက်ဆောင်လား"

“မင်းအလုပ် မဟုတ်ပါဘူး"

“အိုပါးက တကယ်တော့ ရှက်တတ်တာပဲ ဟုတ်တယ်မလား"

“ဘာတွေ လျှောက်ပြောနေတာလဲ"

“ဒါဆို ဘာလို့ ထွက်ပြေးဖို့ ကြိုးစားနေတာလဲ"

“ငါ မပြေးပါဘူး... တော်ပါပြီ။ ငါ ကလေးတစ်ယောက်နဲ့ ဘာတွေ လျှောက်လုပ်နေမိပါလိမ့်"

“ညီမတို့က နှစ်နှစ်ပဲ ကွာတာကို"

ဘာဒါက ဒိုဝူးကို သဘောကျတယ်။ မြောင်ဒုံ အနုပညာပြဇာတ်ရုံနားမှာ သူ့ကို ပထမဆုံး စတွေ့တုန်းကတော့ လူမိုက်ပုံစံ ပေါက်နေလို့ မျက်လုံးချင်းတောင် မဆုံရဲခဲ့ဘူး။ ဒါပေမဲ့ တကယ့်လူမိုက်တွေနဲ့ တိုးတဲ့အချိန်မှာတော့ သူကပဲ ဘာဒါ့ကို ကယ်တင်ပေးခဲ့တာလေ။ သူ့သူငယ်ချင်းတွေကတော့ အဲဒီလူက ကြောက်စရာကောင်းတယ်လို့ ပြောကြပေမဲ့ ဘာဒါကတော့ အဲဒီလို မတွေးပါဘူး။ သူတစ်ပါးကို ကူညီတယ်ဆိုတာ တကယ်ကို လုပ်ရခက်တဲ့ အရာပဲဥစ္စာ။

ဒီနောက်ကွယ်မှာ တချို့သော အကြောင်းအရင်းတွေ ရှိနေတယ်ဆိုတာ သိလိုက်ရပေမဲ့လည်း သူ အကူအညီ ရခဲ့တယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲမသွားပါဘူး။ နည်းနည်း ချဲ့ကားပြောရရင်တော့ မြင်းဖြူရှင်မင်းသားလေးလိုပါပဲ။ ဘာလို့လဲဆိုတော့ သူ ဒုက္ခရောက်နေတဲ့ အချိန်တည့်တည့်မှာ ကွက်တိ ပေါ်လာခဲ့တာကိုး။

ဒါတင်မကသေးဘူး၊ ဒီလူက တော်တော်လေးလည်း ချောပါတယ်။ အေးစက်စက် အမူအရာ ရှိနေပေမဲ့လည်း သူတစ်ပါးကို လျစ်လျူရှုမထားဘဲ မေးသမျှကို ပြန်ဖြေပေးတတ်တယ်။ တကယ်လို့ သူက လူဆိုးသာဆိုရင် ဘာဒါ့ကို ဂရုမစိုက်ဘဲ ကျော်သွားမှာပေါ့၊ အခုတော့ စကားတွေ ဘာတွေ ပြန်ပြောနေသေးတယ်လေ။

“ခဏလေး။ ဒီတစ်ခါသာ ထွက်ပြေးသွားရင်... ဘာဖြစ်မလဲဆိုတာ သိတယ်မလား"

ဘာဒါက လမ်းတစ်ဖက်က စတိုးဆိုင်ထဲကို ပြေးဝင်သွားပြီး ငှက်ပျောသီးနို့ရည် သွားဝယ်လိုက်တယ်။

‘ဒါကို မကြိုက်တဲ့လူ ရှိတာ ငါတစ်ခါမှ မမြင်ဖူးသေးဘူး'

သူဟာ ငှက်ပျောသီးနို့ရည်ကို ကိုင်ပြီး စတိုးဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ စက်ဘီးက ဘယ်နားမှ ရှိမနေတော့ဘူး။ တကယ်ပဲ ဒီအတိုင်း ထွက်သွားတာလား။ လိုက်ရှာဖို့ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါမှာတော့ မီးလင်းပြီး ဝေးရာကို မောင်းထွက်သွားတဲ့ စက်ဘီးတစ်စီးကို တွေ့လိုက်ရတယ်။ ဘာဒါဟာ စက်ဘီးနောက်ကို အားကုန်သုံးပြီး ပြေးလိုက်တော့တာပါပဲ။ သူက အပြေးပြိုင်ပွဲတွေမှာ အမြဲတမ်း နောက်ဆုံးလူအဖြစ် ပြေးရသူလေ။ အရှိန်အကုန် မနင်းထားတဲ့ စက်ဘီးတစ်စီးကို မိအောင် လိုက်ဖို့ဆိုတာ သူ့အတွက်တော့ အပန်းမကြီးပါဘူး။

“မပြေးနဲ့လို့ ပြောနေတယ်လေ"

သူ အော်လိုက်တဲ့အခါမှာ စက်ဘီးက ရပ်သွားတယ်။ ဘာဒါလည်း မောဟိုက်ပြီး စက်ဘီးနား ရောက်သွားတာပေါ့။ ဒိုဝူးကတော့ ဆွံ့အလို့ နေပါတယ်။

“အ... အခန့်၊” မောလို့ အသက်ရှူမဝ ဖြစ်နေတဲ့ကြားကပဲ ဘာဒါက ငှက်ပျောသီးနို့ရည်ကို လှမ်းပေးလိုက်တယ်။

“မင်းကတော့ တကယ်ကို ဇွဲကောင်းတာပဲ"

“ညီမက ဇွဲ သိပ်သန်တာလေ။ ဟင်း... ဟင်း"

“ဒါဆို ဒါကို သောက်လိုက်ရုံပဲမလား"

“အင်း"

“တကယ့် မောင်နှမတွေပဲ၊ ထူးထူးဆန်းဆန်းတွေ"

ဒိုဝူးက ငှက်ပျောသီးနို့ရည် အဖုံးကို ဖွင့်ပြီး အဲဒီနေရာမှာတင် တစ်ကျိုက်တည်း အကုန်မော့သောက်လိုက်တယ်။ ဘာဒါက သူ့ကို ကြည့်ပြီး သဘောတွေ ကျနေတာပေါ့။

“ကဲ... ကျေနပ်ပြီလား"

ဒိုဝူးက ပလတ်စတစ်ဘူးခွံကို ပြန်ပေးတယ်။ ဘာဒါက အဲဒါကို လှမ်းယူရင်း မေးလိုက်တယ်။

“အိုပါးမှာ ရည်းစား ရှိလား"

“မရှိဘူး"

တကယ်ပဲ မရှိတာလား။ ဘာဒါက ခေါင်းကလေးစောင်းပြီး ဒိုဝူးကို စိုက်ကြည့်နေတုန်းမှာ ဒိုဝူးက ပြန်ထွက်ဖို့ ပြင်နေပြန်တယ်။ ဘာဒါက စကား နည်းနည်းလောက် ထပ်ပြောချင်သေးတာမို့လို့ သူ့ကို လှမ်းဆွဲဖို့ လုပ်လိုက်ပေမဲ့ လွဲသွားခဲ့ရတယ်။ စက်ဘီးက ရှေ့ကို ထွက်သွားပြီး ဘာဒါ့လက်က လေထဲမှာပဲ ကောက်ကွေး ကျန်ရစ်ခဲ့တယ်။ လှမ်းဆွဲမိမယ်လို့ ထင်ထားခဲ့တာမို့လို့ သူ့ရဲ့ ခန္ဓာကိုယ် အရှိန်က ရှေ့ကို ငိုက်ကျသွားတာပေါ့။ သူက ဖျတ်လတ်တက်ကြွသူမို့လို့ လဲမကျသွားခဲ့ပေမဲ့ တခြားလက်တစ်ဖက်က ကိုင်ထားတဲ့ ပလတ်စတစ်လောင်းထားတဲ့ အမှတ်တရ လက်မှတ်ကတော့ လေထဲကို ဝဲပျံသွားခဲ့ရတယ်။ ပြီးတော့ အမှတ်တရ လက်မှတ်က ကြမ်းပြင်ပေါ် လျှောတိုက်သွားပြီး ရေဆိုးမြောင်းရဲ့ ဘေးဘက်တည့်တည့်ကို သွားဆောင့်မိတော့တာပါပဲ။ ရေနုတ်မြောင်း ဘေးပတ်ပတ်လည်မှာက မိုးရေတွေ တင်ကျန်နေတုန်းဖြစ်ပြီး အမှိုက်စအချို့လည်း ရှိနေခဲ့တာ။

ဘာဒါဟာ စိတ်ပျက်အားငယ်သွားပြီး ရေဆိုးမြောင်းရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်မိတယ်။ ပလတ်စတစ်လောင်းထားတဲ့ အနားစွန်းကလေးက ပွင့်ထွက်သွားပြီး အထဲကို ရေတွေ ဝင်သွားခဲ့ပြီလေ။

“.....”

ခုနကတင် ပျော်ရွှင်နေခဲ့တဲ့ စိတ်အခြေအနေက ချက်ချင်းဆိုသလို ရင်ဘတ်ထဲအထိ ထိုးဆင်းသွားခဲ့ရတယ်။ ဒါက ပြောရရင် ဘာမှမဟုတ်တဲ့ အရာကလေးဆိုပေမဲ့လည်း ဘာကြောင့်ရယ်မသိ ငိုချင်စိတ်ပေါက်လာမိတယ်။

* * * * * * * * *

ဒိုဝူးက စက်ဘီးကို ရပ်လိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။ မာရူးရဲ့ ညီမလေးက ဆောင့်ကြောင့်ထိုင်ပြီး ပလတ်စတစ်လောင်းထားတဲ့ စာရွက်ကလေးကို ကောက်နေတာ တွေ့ရတယ်။ ခုနတင် တက်ကြွရွှင်လန်းနေတဲ့ ကောင်မလေးက ချက်ချင်းကြီး စိတ်ဓာတ်ကျသွားတာ မြင်လိုက်ရတော့ ဒိုဝူးလည်း စိတ်မကောင်း ဖြစ်သွားမိတယ်။

‘...ငါ ဘာတွေ လျှောက်လုပ်နေမိတာပါလိမ့်'

သူ့လမ်းသူ ဆက်သွားပြီး လျစ်လျူရှုထားလိုက်တော့မလို့ပဲ၊ ဒါပေမဲ့ စိတ်ပျက်အားငယ်နေတဲ့ ကောင်မလေးရဲ့ မျက်နှာက သူ့မျက်လုံးထဲကနေ ထွက်မသွားဘူး။ သူက ဇွဲကောင်းတဲ့ ကောင်မလေးပါ။ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုပေမဲ့ တကယ်တမ်း မုန်းလို့ရတဲ့အထဲတော့ မပါပါဘူး။ ကျေးဇူးရှင် သူငယ်ချင်းရဲ့ ညီမလေးပဲဥစ္စာ၊ အကြောင်းပြချက်မရှိဘဲနဲ့တော့ မုန်းနေစရာ အကြောင်းမရှိပါဘူး။ အကြောင်းမရှိ အကြောင်းရှာပြီး သူ့ကို ဆွဲထားတတ်လို့သာ စိတ်အနှောင့်အယှက် ဖြစ်ရတာပါ။ မဟုတ်ဘူး၊ အမှန်အတိုင်း ဝန်ခံရရင်တော့ အဲဒီကောင်မလေးက သူ့အပေါ် စိတ်ကူးရှိနေတယ်ဆိုတာ သူ အတိုင်းအတာတစ်ခုအထိတော့ ရိပ်မိပါတယ်။ ကောင်မလေးက အဲဒီလောက်အထိ ထင်ထင်ရှားရှား ပြသနေတာကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေပါ့မလဲ။

သူ့ရဲ့ အလယ်တန်းကျောင်းသားဘဝတုန်းကတော့ သူက လူလိမ္မာလေးမဟုတ်ခဲ့တာမို့လို့ သူ့အရွယ် ကောင်မလေး သူငယ်ချင်း အနည်းငယ် ရှိခဲ့ဖူးတယ်။ သူတို့နဲ့အတူ ဆေးလိပ် သောက်ဖူးသလို ကာရာအိုကေလည်း အတူတူ သွားဖူးတယ်။ ဘယ်သူကမှ တစ်ယောက်ကိုတစ်ယောက် ချစ်ရေးဆိုခဲ့ကြတာ မဟုတ်ပေမဲ့ ပတ်ဝန်းကျင်ကလူတွေကတော့ သူတို့ကို ရည်းစားတွေလို သဘောထားကြတာပေါ့။ အဲဒီတုန်းက ကောင်မလေးတွေကတော့... ပြောရရင် လူကြားထဲ ကြွားဝါဖို့ သက်သက်ပါပဲ။ လူမိုက်တွေရဲ့ သဘာဝက အဲဒီလိုပဲလေ။ သူတို့နဲ့အတူ လျှောက်လည်နေတဲ့ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး တခြားလူတွေက ချီးကျူးရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားနေတတ်ကြတာ။

အထက်ကျောင်းတန်း ရောက်ကတည်းကတော့ သူတို့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါပြီ။ ချန်ဟူးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ အဲဒီလို လူမျိုးတွေနဲ့ မက်ဆေ့ခ်ျတောင် အပြန်အလှန် မပို့ဖြစ်တော့ဘူး။ သဲပေါ်မှာ ဆောက်ထားတဲ့ ဆက်ဆံရေးတွေက အဲဒီလိုပဲ လွယ်လွယ်ကူကူ ပြိုပျက်သွားခဲ့ရတာပေါ့။ အခု သူ့မှာရှိတဲ့ သူငယ်ချင်းတွေကတော့ လျှပ်စစ်အင်ဂျင်နီယာအတန်းက လူတွေပဲ ရှိတော့တယ်။ သူတို့အားလုံးက လူကောင်းတွေမို့လို့ အလွယ်တကူပဲ ရင်းနှီးသွားခဲ့ကြတာ။ အော်... အခုဆို ပြဇာတ်အဖွဲ့လည်း ရှိသေးတာပဲ။

ဒါပေမဲ့ အဲဒီအဖွဲ့ နှစ်ခုလုံးမှာ သူ့အရွယ် ကောင်မလေးတွေ မရှိကြဘူး။ ပြဇာတ်အဖွဲ့ထဲမှာ ဂျူနီယာ နှစ်ယောက် ရှိပေမဲ့ တစ်ယောက်က ဒေးမြောင်ကို စိတ်ဝင်စားနေပုံရပြီး ကျန်တဲ့တစ်ယောက်ကတော့ ယောက်ျားလျာလေးလို ဖြစ်နေတာမို့လို့ မိန်းကလေးတစ်ယောက်လိုတောင် သူ သဘောမထားမိဘူး။

ဒီလို အခြေအနေမျိုးမှာ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူရဲ့ ညီမလေးက ဒီလို ချဉ်းကပ်လာတော့ သူ့မှာ ဖိအားတစ်ခုလို ဖြစ်နေရတယ်။ ဒီကောင်မလေးက ဆေးလိပ်သောက်မယ့် ပုံစံမျိုးလည်း မဟုတ်သလို၊ နေရာတကာ တံတွေးထွေးပြီး ဆဲဆိုနေမယ့် အမျိုးအစားလည်း မဟုတ်ဘူး။ ဒိုဝူးအနေနဲ့ အခုလို ကောင်မလေးမျိုးနဲ့ ဘယ်လို စကားပြောရမလဲ၊ ဘာတွေ ပြောရမလဲဆိုတာ တကယ်ကို မသိတာပါ။

ဒါကြောင့်မို့လို့ စိတ်ညစ်နေတဲ့ ပုံပေါက်နေတဲ့ မာရူးရဲ့ ညီမလေးကို ဘာပြောရမှန်းမသိဘဲ ဒီအတိုင်း စောင့်ကြည့်နေမိတာပါပဲ။ ဒီအချိန်မှာ ဘာပဲပြောပြော ကောင်မလေးက သူ့ကို အော်ဟစ်ပေါက်ကွဲလာမှာကိုလည်း စိုးရိမ်မိသလို၊ ဒီအတိုင်း ငြိမ်နေပြန်ရင်လည်း တာဝန်မဲ့ရာကျမလားလို့ ခံစားနေရတယ်။ သူ ဒီလိုမျိုး ဗျာများနေတုန်းမှာပဲ မာရူးရဲ့ ညီမလေးက ထရပ်လိုက်တယ်။

“ညီမ သွားတော့မယ်"

သူ့အသံက တကယ်ကို စိတ်ပျက်အားငယ်နေတဲ့ အသံမျိုး။ စိုစွတ်နေတဲ့ ပလတ်စတစ်စာရွက်ကလေးကို ကိုင်ပြီး ထွက်သွားတဲ့ ကောင်မလေးကို ကြည့်ရင်း ဒိုဝူးလည်း နောက်ကနေ လိုက်သွားခဲ့မိတယ်။

“အဲဒါ ငါ့ကို ပေး"

“ဟင်"

“ဘာလဲတော့ မသိဘူး၊ ငါ သုတ်ပေးမယ်"

ဒီအတိုင်း တောင့်တောင့်ကြီး ရပ်နေတဲ့ မာရူးရဲ့ ညီမလေးလက်ထဲကနေ ပလတ်စတစ်စာရွက်ကလေးကို သူ လှမ်းယူလိုက်တယ်။ ပေရေနေတဲ့ စာရွက်ကလေးပေါ်မှာ ဘယ်သူ့ရဲ့ လက်မှတ်မှန်းမသိတာနဲ့ ကောင်မလေးရဲ့ နာမည် ရှိနေတာကို တွေ့ရတယ်။ သိပ်အရေးကြီးတဲ့အရာ ဖြစ်ပုံရတာမို့လို့ ဒိုဝူးစိတ်ထဲ တစ်မျိုးကြီး စိတ်မကောင်း ဖြစ်သွားမိတယ်၊ အမှန်အတိုင်း ပြောရရင် ဒါက ကောင်မလေးရဲ့ အမှားကြောင့် ဖြစ်တာဆိုပေမဲ့ပေါ့။ ဒါပေမဲ့ ဒီစကားကိုတော့ ကောင်မလေးကို သူ ထုတ်မပြောလိုက်ပါဘူး။

ဒိုဝူးက စက်ဘီးဘောင်မှာ တပ်ထားတဲ့ အိတ်ထဲကနေ တစ်ရှူးတချို့ ထုတ်လိုက်တယ်။ အထဲကို ရေနည်းနည်း ဝင်သွားတယ်ဆိုပေမဲ့ သုတ်လိုက်ပြီးတဲ့နောက်မှာတော့ သိပ်ပြီး ပေပေရေရေ ဖြစ်မနေတော့ပါဘူး။

“ရော့"

ကောင်မလေးက စာရွက်ကို လှမ်းယူပြီး သူ့ကို ဦးညွှတ်နှုတ်ဆက်ရှာတယ်။

“စောစောကကိစ္စ စိတ်မရှိပါနဲ့။ တကယ်လို့ ဒါက အရေးကြီးတဲ့အရာဆိုရင် နောက်မှ မာရူးကို ပြောလိုက်လေ။ ငါ လုပ်ပေးနိုင်တဲ့ အရာဆိုရင်တော့ တစ်ခုခု လုပ်ပေးပါ့မယ်"

မာရူးအပေါ်မှာ အကြွေးရှိနေတာမို့လို့ ကောင်မလေးအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖို့ သူ ဆုံးဖြတ်လိုက်တာပါ။ ဒီစကားကို ပြောပြီးနောက် ဒိုဝူး လှည့်ထွက်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ ရင်းနှီးနေတဲ့ လက်ကလေးက သူ့အင်္ကျီကို ပြန်ဆွဲလိုက်ပြန်ပါပြီ။ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သွားလေးတွေအကုန်ပေါ်အောင် ပြုံးပြနေတဲ့ မာရူးရဲ့ ညီမလေးကို တွေ့လိုက်ရတာပါပဲ။

“ဒါဆို ညီမကို ဖုန်းနံပါတ် ပေး၊ ပြီးတော့ နောက်မှ ထမင်းတစ်နပ်လည်း ကျွေးရမယ်နော်"

ဒိုဝူးက အဲဒီမျက်နှာကို ကြည့်ပြီး မျက်မှောင်ကုပ်သွားမိတယ်။ မာရူးရဲ့ အပြုံးတွေကို သူ့ညီမရဲ့ အပြုံးထဲမှာပါ မြင်နေရတာကိုး။

သိပ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အရာတစ်ခုခုနဲ့ ငြိစွန်းသွားသလိုမျိုး စိတ်ထဲမှာ တစ်ဆို့ဆို့ကြီး ခံစားလိုက်ရတယ်။

* * * * * * * * *

စာပြန်နွှေဖို့အတွက် မှတ်စုတွေကို ဖတ်နေတဲ့ မာရူးဟာ သူ့ဖုန်း တုန်ခါလာတာကို ရုတ်တရက် သတိထားမိလိုက်တယ်။ ဘယ်သူလဲဆိုတာ ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ဖုန်းမျက်နှာပြင်ပေါ်က နာမည်ကို မြင်ပြီး သူ အံ့ဩသွားရတယ်။

“ဘာကိစ္စလဲ"

“မင်း ညီမကလေ တကယ်ပဲ... အား... တော်ပါပြီ။ ဒါတွေအားလုံး ငါ့အမှားတွေချည်းပါပဲ”

“ရုတ်တရက်ကြီး ဘာတွေ ပြောနေတာလဲ"

“ထားလိုက်တော့”

ဒါတင်ပဲ ပြောပြီး ဒိုဝူးက ဖုန်းချသွားခဲ့တယ်။

ဒါ ဘာဖြစ်တာပါလိမ့်။ သူ ဘာကိစ္စလဲဆိုတာ စဉ်းစားရင်း ဖုန်းကို စိုက်ကြည့်နေတုန်းမှာပဲ အိမ်ရှေ့တံခါးရဲ့ လျှို့ဝှက်နံပါတ် နှိပ်သံကို ကြားလိုက်ရတယ်။ မာရူး အခန်းထဲက ထွက်ကြည့်လိုက်တော့ ဘာဒါ အိမ်ပြန်ရောက်လာတာကို တွေ့ရတယ်။ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိဆုံချင်းမှာပဲ ဘာဒါက တောင့်ခနဲ ဖြစ်သွားတာပေါ့။ အမှတ်တရ လက်မှတ်နဲ့ ဖုန်းကို ကျောပိုးအိတ်နောက်မှာ ဝှက်ထားတဲ့ ပုံစံက တကယ့်ကို သံသယဖြစ်စရာ ကောင်းနေတာ။

“ငါ ခုနတင် ဒိုဝူးဆီက ဖုန်းရတယ်"

“ဒို... ဒိုဝူး အဲဒါ ဘယ်သူလဲ"

“အိုဟို... ကြည့်စမ်း၊ မင်း ပုံစံက အပြစ်လုပ်ထားတဲ့လူနဲ့ ကွက်တိပဲ။ ကဲ... ဘာဖြစ်ခဲ့တာလဲ ပြောစမ်း"

“ဘာမှမဖြစ်ဘူး"

ဒါတင်ပဲ ပြောပြီး သူက သူ့အခန်းထဲကို တန်းပြေးဝင်သွားတော့တာပါပဲ။ မာရူး သံသယဖြစ်မိပေမဲ့ အတင်း လိုက်မမေးတော့ပါဘူး။ တစ်ယောက်ယောက်ကို အတင်းမေးရမယ်ဆိုရင် ဘာဒါ့ကို မေးမယ့်အစား ဒိုဝူးကိုပဲ မေးရမှာလေ။ သူ ဒိုဝူးဆီကို ဖုန်းပြန်ခေါ်လိုက်တယ်။ ဒါပေမဲ့ တစ်ဖက်လူက လိုင်းမအားသေးဘူးဆိုတဲ့ အသံပဲ ပြန်ကြားရတာပေါ့။ အဲဒီအချိန်မှာပဲ ဘာဒါ့အခန်းထဲကနေ တိုးတိုးတိုးတိုးနဲ့ စကားပြောနေတဲ့ အသံကို ကြားလိုက်ရတယ်။ ကဲ... ဒါကတော့ ထင်ထင်ရှားရှားကြီး သိသာနေတာပေါ့။

‘ငါလည်း မသိတော့ဘူး'

ငယ်ရွယ်စဉ်အချိန်မှာ အချစ်ဆိုတာ ကောင်းမွန်တဲ့အရာတစ်ခုလို့ တွေးတတ်တဲ့ လူတစ်ယောက်ဖြစ်တာမို့လို့ ညီမဖြစ်သူရဲ့ အချစ်ရေးကို သူ ကန့်ကွက်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ အဲဒီလူက သူ့သူငယ်ချင်း ဖြစ်နေတာကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပေါ့...။ ကောင်မလေးက အဲဒီလောက်အထိ ဇွဲသန်သန်နဲ့ ဖြစ်နေတာကို တွေ့နေရတော့ သူ့မှာ တားဆီးဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။ နောက်ပိုင်းကျမှ လမ်းခွဲပြတ်စဲပြီး “အစ်ကို့သူငယ်ချင်းက ဘာဖြစ်လို့၊ ညာဖြစ်လို့...” ဆိုပြီး သူ့ဆီ လာငိုမပြဖို့သာ သူ ဆုတောင်းမိပါတော့တယ်။

မာရူးက ညီမဖြစ်သူရဲ့ အခန်းတံခါးကို တစ်ချက်လှမ်းကြည့်ပြီး ကိုယ်ကို လှည့်ပြန်လာခဲ့တယ်။

* * * * * * * * *

All Chapters