← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း(၂၆၆)

“မနေ့က တစ်ခုခု ဖြစ်လို့လား”

မာရူးက သူ့ရဲ့ ဘယ်ဘက်အရှေ့ စောင်းစောင်းခုံမှာ ထိုင်နေတဲ့ ဒိုဝူးကို လှမ်းမေးလိုက်တယ်။

ဒီလိုမေးခွန်းမျိုးဆိုရင် ဒိုဝူးက ‘ဘာကို ပြောတာလဲ’ လို့ ပုံမှန်အတိုင်း ပြန်ဖြေလေ့ရှိပေမဲ့ ဒီတစ်ကြိမ်မှာတော့ ခဏလောက် စဉ်းစားပြီးမှ ‘ဘာမှမဖြစ်ပါဘူး’ လို့ ငြင်းလိုက်တယ်။ ဒိုဝူး ပုံစံက သိသိသာသာကြီးကို မသင်္ကာစရာကောင်းနေတာမို့ မာရူးက မျက်ခုံးပင့်လိုက်မိတယ်လေ။

“ဒါဆို မင်း ငါ့ကို ဘာလို့ ဖုန်းဆက်တာလဲ”

“ဒီတိုင်း ဆက်တာပါပဲ။ ငါ ဆက်ချင်တဲ့သူကို ငါ ဆက်လို့ရတာပဲဥစ္စာ”

“အေးပါ။ အဲဒီလိုမျိုး လုပ်ချင်တယ်ပေါ့လေ”

မာရူးက လက်ပိုက်လိုက်ရင်း ဒိုဝူးကို စိုက်ကြည့်နေမိတယ်။ အကြာကြီး အောင့်အည်းသည်းခံပြီးတဲ့နောက်မှာတော့ ဒိုဝူးတစ်ယောက် ပေါက်ကွဲထွက်လာခဲ့တော့တာပေါ့။

“မင်း ညီမက ငါ့ဆီကနေ ဖုန်းနံပါတ် တောင်းလို့လေ။ အခု ကျေနပ်ပြီလား”

“ပြီးတော့ မင်းက ပေးလိုက်တယ်ပေါ့”

“မပေးရင် သူက ငိုတော့မယ့်ရုပ်နဲ့ဥစ္စာ။ ငါက ဘာလုပ်ရမှာလဲ။ တောက်”

“ဟေ့လူ၊ အဲဒါ မိကျောင်းမျက်ရည်ဆိုတာ မင်း သိသင့်တာပေါ့။ ကြည့်တော့သာ ဆင်ခြင်တုံတရားရှိတဲ့ ကောင်လေးကျနေတာပဲ၊ စိတ်ကတော့ တော်တော် နုတာပဲကိုး”

“...ဒီအကြောင်း ဆက်မပြောကြစို့နဲ့”

ပြောပြောဆိုဆိုနဲ့ ဒိုဝူးက တစ်ဖက်ကို လှည့်သွားတယ်။ မာရူးက မျက်ခုံးကို ကုတ်ရင်း ထပ်မေးလိုက်ပြန်တယ်။

“မင်း သူနဲ့ တွဲတော့မလို့လား”

“ဘာ... ဘာတွေ လာလျှောက်ပြောနေတာလဲ”

သူ ဗုန်းခနဲ ပြန်လှည့်အလာမှာတော့ သံနဲ့လုပ်ထားတဲ့ စာပွဲနဲ့ ကုလားထိုင်ဟာ တဂျိဂျိနဲ့ အသံအကျယ်ကြီး ထွက်လာခဲ့တယ်။ ဒီလောက်တောင် ပြင်းပြင်းထန်ထန် တုံ့ပြန်တယ်ဆိုတော့ကာ တွဲဖို့ဆိုတာကြီးကို စိတ်ထဲမှာ လုံးဝမရှိတာတော့ မဟုတ်ပုံပဲ။

“တွဲမယ်ဆိုရင်လည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ။ သူက နည်းနည်း စွာတောက်တောက်နိုင်ပေမဲ့ မကောင်းတဲ့ ကလေးတော့ မဟုတ်ပါဘူး။ နေပါဦး... ပြန်စဉ်းစားကြည့်ရင် သူက တကယ်ပဲ ကောင်မလေးဆိုးလေး ဖြစ်နေနိုင်တာပဲ။ အခု သူ လုပ်နေတဲ့ ပုံစံအတိုင်းဆိုရင် နောင်ကျရင် ဘယ်လိုယောက်ျားမျိုးကိုမဆို ချက်ကျွေးမယ့် ပုံစံပဲ”

“ဟေ့ကောင်၊ အာပလာကောင်။ ငါက ဘယ်တုန်းက...”

“ငါက ဖြစ်လာနိုင်တာကို ကြိုပြောပြထားရုံသက်သက်ပါ။ သူ့အစ်ကိုတစ်ယောက်အနေနဲ့ ဒီလောက်တော့ ပြောပိုင်ခွင့် ရှိတာပဲ မဟုတ်လား။ တကယ်လို့ တွဲဖြစ်ခဲ့ရင်လည်း သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးပါ၊ တတ်နိုင်ရင် မငိုစေနဲ့ပေါ့။ ပြီးတော့ သူ့အကြောင်း လာပြီး ညည်းမပြနဲ့ဦး။ ဟုတ်ပြီလား”

“ဒါမျိုး ဖြစ်လာမှာ မဟုတ်လို့ မင်း စိုးရိမ်မနေပါနဲ့”

“အဲဒါတော့ ငါလည်း တထပ်ချည်း မပြောရဲဘူး။ ယောက်ျားနဲ့ မိန်းမကြားက ကိစ္စက ခန့်မှန်းရခက်တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ မင်းက ဆီဆိုင်ပိုင်ရှင်ရဲ့ သားပဲဟာ၊ ငါကတော့ သဘောတူပါတယ်ဗျာ။ ဟေ့... ယောက်ဖလေး။ နောင်ကျရင် ငါ့ကို ကောင်းကောင်း ဆက်ဆံဦးနော်၊ ဟုတ်ပြီလား။ မင်းတို့နှစ်ယောက် လက်ထပ်ရင် အိမ်ပါ တစ်ခါတည်း ဝယ်လို့ရတာပေါ့”

ဒီစကားတွေကို ပြောပြီးတာနဲ့ မာရူးက သူ့ခုံကနေ ချက်ချင်း ထရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒိုဝူးက သူ့ရဲ့ ခဲချွန်စက်ကို ပြောင်းပြန်ကိုင်ပြီး ထရပ်လိုက်တာကို မြင်လိုက်ရလို့ပဲ။ သူက အခန်းအပြင်ဘက်ကို ထွက်ပြေးရင်း တဟားဟားနဲ့ အော်ရယ်တော့တယ်။ ဒိုဝူးက နောက်ကနေ ပြေးလိုက်နေပေမဲ့ အကွာအဝေးကတော့ ပိုပြီး ဝေးရုံပဲ ရှိတော့တာပေါ့။

“ဟေ့ကောင်၊ ငါ ဒါကို မှတ်ထားမယ်နော်”

ဒိုဝူး လှမ်းပစ်လိုက်တဲ့ ခဲချွန်စက်ကို မာရူးက ဖမ်းလိုက်မိတယ်။ ဒိုဝူးကတော့ အမောတကောနဲ့ အခန်းထဲကို ပြန်လှည့်ဝင်သွားခဲ့ပြီ။ မာရူးက သူ့လက်ထဲက ခဲချွန်စက်ကို လှည့်ပတ်ကစားနေမိတယ်။

‘ဘာဒါ့အတွက် လူအမျိုးမျိုးနဲ့ တွေ့ဆုံရတာက အတွေ့အကြုံကောင်း ဖြစ်မှာပါ’

ပန်းပွင့်ပေါင်း တစ်ထောင်ကို မြင်ဖူးတဲ့လူက ပန်းပွင့်တစ်ပွင့်တည်းကိုပဲ မြင်ဖူးတဲ့လူထက် ပန်းအကြောင်း ပိုသိမှာကတော့ အမှန်ပဲလေ။ ပန်းပွင့်ပေါင်း တစ်ထောင်ကို မြင်ဖူးတဲ့လူက မိမိနဲ့ ဘာက အဆင်ပြေမလဲဆိုတာကို သိပြီး ပန်းဝယ်တဲ့အခါမှာလည်း ပညာရှိရှိ ဆုံးဖြတ်နိုင်လိမ့်မယ်။

လူသားတွေရဲ့ ဆက်ဆံရေးကို ပစ္စည်းဝယ်တာနဲ့ သွားနှိုင်းယှဉ်တာက သိပ်ပြီး လူဆန်လှတယ်တော့ မဟုတ်ပေမဲ့ လက်တွေ့ဘဝကကော ဘယ်လိုလဲ။ အခုခေတ်အထိ လူတစ်ယောက်ရဲ့ တန်ဖိုးကို ပစ္စည်းတစ်ခုလိုမျိုး နှိုင်းယှဉ် ဆုံးဖြတ်နေကြတဲ့ လူတွေ ရှိနေတုန်းပဲ။ မဟုတ်ဘူး၊ တကယ်တော့ ဘယ်သူမှ လုံးဝ ဘက်မလိုက်ဘဲ နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လူနှစ်ယောက်ကြားက ဆက်ဆံရေးဆိုတာ ဒီလောက်အထိ မရိုးရှင်းပါဘူး။ ဒါပေါ့၊ ‘အချစ်’ ဆိုတဲ့ စကားလုံးအောက်မှာတော့ ရိုးရှင်းသွားစေနိုင်တာပေါ့။ ဒါပေမဲ့ ရိုမန်တစ်ဆန်တယ်ဆိုတာကလည်း မိမိတို့ရဲ့ ဆက်ဆံရေးမှာ ‘အချစ်’ နဲ့ ပြည့်စုံခွင့်ရတဲ့သူတွေက အလွန်တရာ ရှားပါးလှလွန်းလို့သာ ရိုမန်တစ်ဆန်တယ်လို့ ခေါ်ကြတာပဲ မဟုတ်လား။

‘သူ့မှာ အဲဒီလို ဆုံးဖြတ်နိုင်တဲ့ စွမ်းရည် လိုအပ်တယ်’

မကောင်းတဲ့ အပြုအမူတွေ ရှိနေတဲ့လူကို ဖုံးကွယ်ပေးတာ ဒါမှမဟုတ် ပံ့ပိုးပေးတာမျိုးကို အချစ်လို့ သတ်မှတ်ပြီး အားလုံးက လေးစားရမှာမျိုး ဖြစ်နိုင်ပေမဲ့ တချို့အတွက်တော့ အဲဒါက မိုက်မဲမှု သက်သက်သာ ဖြစ်လိမ့်မယ်။

‘ပထမဆုံး အချစ်နဲ့ လက်ထပ်တာဟာ မိမိရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ငရဲပြည်ထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲ’ ဆိုတဲ့ စကားပုံတစ်ခု ရှိခဲ့ဖူးတယ်။ မာရူးကတော့ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် လူအမျိုးမျိုးနဲ့ တွေ့ဆုံကြည့်တာက အကောင်းဆုံးပဲလို့ တွေးထားတယ်။ အကောင်းဆုံး အခြေအနေကတော့ ပထမဆုံး အချစ်နဲ့ပဲ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရတာမျိုး ဖြစ်ပေမဲ့ အဲဒါက ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာကို ကမ္ဘာပေါ်က လူတိုင်း သိကြတာပဲ။ ဒါကြောင့်မို့လည်း အဲဒါကို အကောင်းဆုံး အခြေအနေ လို့ ခေါ်ကြတာပေါ့။

“မင်းတို့နှစ်ယောက် အချစ်ခရီးလမ်း သာယာပါစေဗျာ”

မာရူးက ခဲချွန်ခလုတ်ကို လက်ထဲမှာ လှည့်ကစားရင်း စာသင်ခန်းထဲကို ပြန်ဝင်လာခဲ့တယ်။

* * * * * * * * *

“ပြီးသွားပြီ”

ချွဲအာရမ်က လက်မောင်းနှစ်ဖက်ကို မြှောက်ပြီး အော်ဟစ်လိုက်တယ်။

သူမက စာမေးပွဲတွေကို အဆုံးအထိ အေးအေးဆေးဆေး ဖြေဆိုနိုင်ခဲ့တယ်။ ထူးဆန်းတာကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ဖိအားတွေ ပျောက်ကွယ်သွားတဲ့အချိန်ကစပြီး စာမေးပွဲတွေက သူမကို ပျော်ရွှင်မှု ပေးစွမ်းလာခဲ့တာပဲ။ မိမိ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အောင်မြင်မှု ခံစားချက်နဲ့ နောက်ထပ် ချည်နှောင်ခံထားရခြင်း မရှိတော့ဘူးဆိုတဲ့ စိတ်သက်သာရာရမှုတို့က သူမရဲ့ စိတ်ကို လွှမ်းမိုးသွားခဲ့တယ်။

“အာ... လီဂျီယွန်း၊ နင်ကတော့ ကောင်းတာပေါ့။ တော်လည်း တော်တယ်”

ချွဲအာရမ်က စာသင်ခန်းကို ဖြတ်ပြီး လီဂျီယွန်းရဲ့ စာပွဲဆီ ယိမ်းထိုး ရောက်ရှိလာပြီး စာပွဲပေါ်ကို မှောက်ချလိုက်တယ်။ သူတို့ရဲ့ နောက်ဆုံးစာမေးပွဲဖြစ်တဲ့ သမိုင်းဘာသာရပ်က ချွဲအာရမ် အမုန်းဆုံး ဘာသာရပ် ဖြစ်ပြီး ကြည့်ရတာတော့ အဲဒီမေးခွန်းတွေကို ဖြေဆိုဖို့ သူမရဲ့ စွမ်းအင်အားလုံးကို အကုန်သုံးလိုက်ရပုံပဲ။

“ကောင်းကောင်း ဖြေနိုင်ခဲ့လား”

“ငါလည်း မသိတော့ဘူး။ အဲဒီအကြောင်း မတွေးချင်တော့ဘူး။ ဒါပေမဲ့ ကျောင်းဆင်းချိန်တုန်းက ဖတ်ထားမိတာ တချို့ စာမေးပွဲမှာ ပါလာလို့ ဖြေလိုက်ရတယ်။ မှန်သလား မှားသလားတော့ မသိဘူးပေါ့။ အာ... ငါတို့က အဲဒီ သက္ကရာဇ်တွေကို ဘာလို့ အဲဒီလောက်အထိ အလွတ်ကျက်နေရတာလဲ။ အဲဒီ အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်ဆိုတာ သိရင် ရပြီ မဟုတ်ဘူးလား”

ချွဲအာရမ်က အဆုံးမရှိ ညည်းတွားနေရင်းကနေ အော်ဟစ်လိုက်ပြီး စာမေးပွဲမေးခွန်းစာရွက်ကို နှစ်ပိုင်း ဖြဲပစ်လိုက်တယ်။ အတန်းထဲက တခြားသူတွေလည်း အဲဒီလိုပဲ လုပ်နေကြတာပေါ့။ လီဂျီယွန်းက သူတို့ကို ကြည့်ပြီး အနေရခက်စွာနဲ့ ပြုံးလိုက်မိတယ်။ ဘာလို့လဲဆိုတော့ သူမအတွက် သမိုင်းက လွယ်ကူနေခဲ့လို့ပဲ။

“စာမေးပွဲတွေ ပြီးသွားပြီ။ ဒီနေ့ ငါတို့ ဘာလုပ်ကြမလဲ။ ဒီလိုမျိုး လွတ်လွတ်လပ်လပ် ကစားနိုင်မယ့်အချိန်က ဘယ်တော့ ရှိဦးမှာလဲ”

ချွဲအာရမ်က မျက်လုံးတွေ တောက်ပလာရင်း ပြောလိုက်တယ်။

သူမရဲ့ မျက်နှာက ခေါင်းထဲမှာ ‘ကစားဖို့’ ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ပြည့်နှက်နေတဲ့ ပုံစံမျိုး ဖြစ်နေပြီး စာမေးပွဲအကြောင်းကိုလည်း မေ့သွားခဲ့ပုံပဲ။

“...ဟိုလေ၊ ဒီနေ့ ငါ လုပ်စရာလေး ရှိလို့”

လီဂျီယွန်းက အတတ်နိုင်ဆုံး သဘာဝကျကျ ပြောလိုက်တယ်လို့ ထင်ပေမဲ့ ချွဲအာရမ်က သူမကို မသင်္ကာသလို စိုက်ကြည့်လာတယ်။ လီဂျီယွန်းက အသည်းအသန် စဉ်းစားလိုက်မိတယ်။ လိမ်ညာတာက မကောင်းတဲ့အရာ ဖြစ်ပြီး ဘယ်တော့မှ မလိမ်ရဘူးလို့ သူမ အမြဲ တွေးခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ လိမ်ညာဖို့ အသည်းအသန် လိုအပ်နေပြီလေ။ ဘာလို့လဲဆိုတော့ တကယ်လို့ အမှန်အတိုင်း ပြောလိုက်ရင် ချွဲအာရမ်က၊ မဟုတ်ဘူး... သူမတင်မကဘဲ ဘေးနားမှာ စုနေတဲ့ သူငယ်ချင်းတွေပါ နောက်ကနေ လိုက်လာကြဖို့ ရာခိုင်နှုန်း အတော်လေး များနေလို့ပဲ။

“ဟင်... မင်း လုပ်စရာရှိတယ်ဆိုတာ ဘာကြီးလဲ သိချင်စရာပဲ”

ချွဲအာရမ်က အသံကို နှိမ့်ပြီး မေးလိုက်တယ်။ လီဂျီယွန်းက အကြောင်းအရာကို လွှဲဖို့ ကြိုးစားပေမဲ့ သူမအပေါ်မှာတော့ မအောင်မြင်ခဲ့ပါဘူး။

“မသင်္ကာစရာပဲ။ တော်တော်လေး မသင်္ကာစရာကောင်းတယ်”

“မ... မဟုတ်ပါဘူး”

“ဘာက မဟုတ်တာလဲ”

အတန်းပိုင်ဆရာ အခန်းထဲကို ဝင်လာတဲ့အချိန်မှာတော့ လီဂျီယွန်းတစ်ယောက် ဗျာများသွားခဲ့ရတယ်။ အဲဒါကြောင့်ပဲ ချွဲအာရမ်က သူမရဲ့ နေရာကို ပြန်သွားခဲ့ပြီး လီဂျီယွန်းလည်း သက်ပြင်းချနိုင်ခဲ့တော့တာပေါ့။

“စာမေးပွဲတွေ ပြီးသွားပြီဆိုပြီး စိတ်မလွှတ်လိုက်ကြနဲ့ဦး။ တက္ကသိုလ်တက်ဖို့ ရည်မှန်းထားတဲ့သူတွေက ပုံဆွဲတာကိုလည်း ကြိုးစားကြည့်ကြဦး။ ဟုတ်ပြီလား”

“ဟုတ်ကဲ့”

“မင်းတို့ကတော့ အပြောကောင်းကြတုန်းပဲ။ ရလဒ်တွေ ထွက်လာရင် ဘာဖြစ်မယ်ဆိုတာ သိကြတယ် မဟုတ်လား။ ပျမ်းမျှအမှတ်အောက် ရတဲ့သူတွေကတော့ ပြင်ဆင်ထားကြပေတော့”

အတန်းပိုင်ဆရာ ထွက်သွားတာနဲ့ အားလုံးက ဝိုင်းပြီး အော်ဟစ်ဆန္ဒပြကြတော့တယ်။ လီဂျီယွန်းလည်း အဲဒီအထဲမှာ ပါဝင်လိုက်မိတယ်။ ဆရာက အဲဒီလိုတွေ ပြောခဲ့ပေမဲ့ တကယ်တော့ တော်တော်လေး သဘောကောင်းတဲ့သူ ဖြစ်ပြီး သူတို့က ရင်းနှီးကြလို့သာ အခုလိုမျိုး ဝိုင်းပြီး အော်ဟစ်နောက်ပြောင်နိုင်ကြတာပဲ။

လီဂျီယွန်းက ချွဲအာရမ်နဲ့ သူမရဲ့ သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်တယ်။ သူတို့က ဝိုင်းဖွဲ့ပြီး ဘယ်သွားကြမလဲဆိုတာကို တိုင်ပင်နေကြတာပေါ့။ အခုက အချိန်ကောင်းပဲ။ ဘယ်သူမှ သူမကို အာရုံမစိုက်မိခင် အတန်းထဲကနေ ထွက်သွားဖို့က အကောင်းဆုံး အခွင့်အရေးပဲလေ။ သူမက ‘ငါ သွားတော့မယ်နော်’ လို့ ပြောပြီး ထွက်လာခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ တခြားသူတွေကလည်း သူမကို လက်ပြပြီး နှုတ်ဆက်ခဲ့ကြတယ်။ သူမက သက်ပြင်းချလိုက်ရင်း ငါးလွှာဆီကို ဦးတည်လိုက်တယ်။ လေးလွှာကို ရောက်ခါနီးမှာပဲ သူမရဲ့ ဖုန်းဆီကနေ စာတစ်စောင် ရောက်လာတဲ့ အကြောင်း အသိပေးချက် တက်လာခဲ့တယ်။

“ချစ်သူသက်တမ်း ဒိတ် မှာ ပျော်ရွှင်ပါစေ”

အဲဒီစာက ချွဲအာရမ်ဆီက ဖြစ်နေတယ်။ လီဂျီယွန်းက အဲဒီစကားလုံးတွေကို မြင်လိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ ဝေဝေဝါးဝါး ဖြစ်သွားခဲ့ရတယ်။ သူမရဲ့ မျက်နှာက ပူထူလာတာမို့ လမ်းလျှောက်တာကိုတောင် ခဏ ရပ်လိုက်မိတယ်လေ။

သူမက စိတ်ကို ပြန်ထိန်းလိုက်ပြီး စာရိုက်တဲ့နေရာမှာ ‘မဟုတ်ပါဘူး’ လို့ ရေးလိုက်ပေမဲ့ ပို့လိုက်တဲ့ ခလုတ်ကိုတော့ မနှိပ်နိုင်ခဲ့ဘူး။ အတိအကျ ပြောရရင်တော့ အဲဒါက ချစ်သူသက်တမ်း ဒိတ် တစ်ခု မဟုတ်ပါဘူး။ ဒါက ဒေးမြောင်နဲ့အတူ ပြဇာတ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်ဖို့ နေရာတစ်ခုကို အတူတူ သွားရုံသက်သက်ပဲဥစ္စာ။

‘...ချစ်သူနဲ့ဒိတ် တဲ့လား’

လီဂျီယွန်းက အဲဒီစကားလုံးကို ဖတ်ပြီး ခဏလောက် ပြုံးလိုက်မိပေမဲ့ ချက်ချင်းပဲ ခေါင်းကို ခါယမ်းပစ်လိုက်တယ်။ ဒါက ချစ်သူဒိတ် မဟုတ်ပါဘူး။ အင်း... ဟုတ်တယ်။ လုံးဝ မဟုတ်ပါဘူး။ လီဂျီယွန်းက ဖုန်းကို ပိတ်လိုက်တယ်။ သူမ ဘာပဲလုပ်လုပ် ချွဲအာရမ်ကတော့ နောက်ပြောင်နေမှာကတော့ အသေအချာပဲ။

စာမေးပွဲတွေ ပြီးသွားပြီဖြစ်လို့ ငါးလွှာက ကိုယ်ပိုင်စာကြည့်ခန်းကတော့ အလွတ်ကြီး ဖြစ်နေခဲ့ပြီ။ အဲဒီနေရာက ပြဇာတ်အသင်းရဲ့ အသင်းခန်းမ ပြန်ဖြစ်သွားခဲ့တာပေါ့။ သူမက ပြတင်းပေါက်နားမှာ ထိုင်လိုက်ရင်း ကျောင်းကွင်းပြင်ကို ငေးကြည့်နေမိတယ်။ စာမေးပွဲတွေ ပြီးသွားတာကို အောင်ပွဲခံတဲ့အနေနဲ့ လူအများအပြားက ဘောလုံးကစားနေကြတာကို မြင်နေရတယ်။

“မင်း ရောက်နေပြီပဲ”

လီဂျီယွန်းက အဲဒီစကားသံကြောင့် နည်းနည်း လန့်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်တယ်။ စာသင်ခန်းရဲ့ နောက်တံခါးဝမှာ ဒေးမြောင်ကို မြင်လိုက်ရတယ်။ ဒေးမြောင်က ပစ္စည်းတွေ သွားဝယ်မယ့်အကြောင်းကို ကြားသိခဲ့တုန်းက လီဂျီယွန်းက သူမရဲ့ ဘဝမှာ ရှိသမျှ သတ္တိတွေကို အကုန်စုစည်းပြီး သူမပါ လိုက်ခဲ့လို့ ရမလားလို့ မေးခဲ့ဖူးတယ်။ ဒေးမြောင်ကလည်း ဘာမှ မဆိုင်းမတွဘဲ လက်ခံခဲ့တာပေါ့။ အဲဒီတုန်းက လီဂျီယွန်းရဲ့ ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ စီနီယာက သူမနဲ့အတူ သွားရမှာကို ဝမ်းသာနေတယ်လို့ ထင်ခဲ့မိလို့ပဲ။

ဒါပေမဲ့ အဲဒီ မျှော်လင့်ချက်က ချက်ချင်းပဲ ပျက်စီးသွားခဲ့ရတယ်။

“နင်လည်း လိုက်မှာလား”

အန်းဘန်ဂျူးလည်း ရောက်နေခဲ့တာပဲ။ ဒီကောင်က လက်ထဲက ဘောလုံးကို စာသင်ခန်းထဲ ကန်သွင်းရင်းနဲ့ မျက်နှာမှာ အပြုံးကြီးနဲ့ ရောက်လာခဲ့တယ်။ ပုံမှန်ဆိုရင် တက်ကြွပြီး စိတ်အားထက်သန်တတ်တဲ့ ဒီကောင်က ဒီနေ့မှာတော့ တော်တော်လေး မုန်းဖို့ကောင်းနေတာပဲ။

“ဒီနေ့လို ကစားချင်စရာကောင်းတဲ့နေ့မှာ အတူတူ ကူညီပေးကြလို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ ချွဲအာရမ်ကိုပါ လှမ်းခေါ်လိုက်ရမလား”

“ဟင့်အင်း၊ မခေါ်နဲ့တော့။ ဒါက အစကတည်းက ငါ တစ်ယောက်တည်း လုပ်ရမယ့် အလုပ်ပဲဟာ”

ဒေးမြောင်က ပြုံးပြီး ပြောလိုက်တယ်။ လီဂျီယွန်းကတော့ အောင့်သက်သက်နဲ့ သူတို့နှစ်ယောက်ဆီကို လျှောက်သွားလိုက်မိတယ်။ ခုနလေးတင် စိတ်ကူးယဉ်နေမိတာကို အမှတ်ရပြီး သူမကိုယ်သူမ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ဒေးမြောင်ကိုလည်း နည်းနည်း စိတ်ဆိုးမိတယ်လေ။ သူ ဘာမှ အပြစ်မလုပ်ထားဘူးဆိုတာကို ကောင်းကောင်း သိနေပေမဲ့လည်း ဘာမှမသိဘဲ အပြုံးကြီးနဲ့ ရှိနေတဲ့ သူ့ကို ကြည့်ပြီး စိတ်တိုမိတာပေါ့။

“ငါတို့က အလှဆင်ပစ္စည်းတွေ၊ ပြဇာတ်သုံး ပစ္စည်းတချို့နဲ့ ပင်အပ်တချို့ သွားဝယ်ကြမယ်။ ပထမဆုံး အနီးအနားက စူပါမားကတ်ကို သွားပြီးတော့မှ အထူးဆိုင်ကို သွားကြမယ်။ ဒီလိုပစ္စည်းမျိုးတွေက ဈေးသက်သက်သာသာနဲ့ ရဖို့အတွက် အလုပ်များများနဲ့ လှည့်ပတ်ရှာရမှာပဲ”

“ကျွန်တော့်ကိုသာ လွှတ်ထားလိုက်။ လမ်းလျှောက်ဖို့ဆိုရင်တော့ ယုံကြည်ချက် အပြည့်ပဲ”

အန်းဘန်ဂျူးက သူ့ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်တယ်။ လီဂျီယွန်းလည်း ခေါင်းငြိမ့်ပြလိုက်မိပေမဲ့ တစ်စုံတစ်ခုကြောင့် အားအင်ကုန်ခမ်းနေသလို ခံစားနေရတယ်။

“မင်း နေမကောင်းလို့လား”

“အင်... မ... မဟုတ်ပါဘူး”

ဒေးမြောင်က သူမရဲ့ ပြောင်းလဲမှုကို ချက်ချင်း သတိပြုမိသွားခဲ့တယ်။ ဒီစီနီယာက တကယ်ပဲ ကြင်နာတတ်တဲ့သူ ဖြစ်နေတာပဲ။ လီဂျီယွန်းကတော့ ဒါကို မတတ်နိုင်ဘူးလို့ပဲ တွေးလိုက်မိတော့တယ်။

အဲဒီအချိန်မှာပဲ၊

“မင်းတို့ သွားကြတော့မလို့လား”

မာရူးလည်း ရောက်ရှိလာခဲ့ပြန်တယ်။

“အင်း”

“မင်းတို့နဲ့အတူ မလိုက်နိုင်တာ စိတ်မကောင်းပါဘူးကွာ။ ငါ ကြိုတင်ချိန်းထားတာလေး ရှိလို့”

“ရပါတယ်၊ ဒါက ဘာမှ အရေးကြီးတာ မဟုတ်ပါဘူး”

“မင်း နောက်က နှစ်ယောက်နဲ့ အတူတူ သွားမလို့လား”

“အေး။ ငါ ဈေးသက်သက်သာသာနဲ့ ရမယ့် နေရာတွေကို ပတ်ကြည့်မလို့လေ”

မာရူးက အသံတိုးတိုးနဲ့ ညည်းတွားလိုက်ပြီး အန်းဘန်ဂျူးရဲ့ ပုခုံးပေါ်ကို လက်တင်လိုက်တယ်။

“ဒါဆို ဒီကောင့်ကို ငါ ခဏ ငှားလိုက်မယ်နော်”

“အန်းဘန်ဂျူးကိုလား”

“အေး။ မင်းတို့က လေးလံတဲ့ ပစ္စည်းတွေ ဝယ်မှာလည်း မဟုတ်ဘဲဟာ၊ မင်းတို့ နှစ်ယောက်တည်းဆိုရင် ရတယ် မဟုတ်လား”

“ရတော့ ရပါတယ်၊ ဒါပေမဲ့...”

ဒေးမြောင်က စကားကို အဆုံးမသတ်ဘဲ လီဂျီယွန်းကို လှမ်းကြည့်လိုက်တယ်။ လီဂျီယွန်းက ခဏလောက် မှင်တက်သွားမိပေမဲ့ ဒါက အခွင့်အရေးပဲဆိုတာကို သိလိုက်တာနဲ့ ချက်ချင်း အော်လိုက်မိတော့တယ်။

“ရပါတယ်”

သူမ အော်ပြီးမှပဲ သူမရဲ့ အသံက ဘယ်လောက်အထိ ကျယ်သွားခဲ့သလဲဆိုတာကို သတိထားမိတော့တယ်။ သူမက နှုတ်ခမ်းကို ကိုက်လိုက်ရင်း အောက်ကို ငုံ့ကြည့်နေမိတယ်။ တော်တော်လေးကို ရှက်ဖို့ကောင်းတာပဲ။

“ဒါဆို သွားကြတော့လေ။ အန်းဘန်ဂျူး၊ ငါနဲ့အတူ ကွန်တိန်နာဆီ လိုက်ခဲ့ဦး”

“ဟုတ်ကဲ့”

လီဂျီယွန်းက စိတ်ထဲကနေ မာရူးကို ကျေးဇူးတင်နေမိတယ်။ ဒါပေါ့၊ သူက သူမရဲ့ စိတ်ခံစားချက်ကို သိလို့ လုပ်ပေးတာတော့ မဟုတ်ပါဘူး။ တိုက်ဆိုင်သွားတာပဲ ဖြစ်ရမယ်။

“ဟိုလေ... ဒါဆို ငါ တစ်ယောက်တည်းပဲ သွားလိုက်ရမလား”

“အင်... ဘာလို့ အဲဒီလို ပြောတာလဲ”

ဒေးမြောင်ရဲ့ စကားက မထင်မှတ်ထားတာမို့ လီဂျီယွန်းက အရှေ့ကို တစ်လှမ်း တိုးလိုက်မိတယ်။ ဒေးမြောင်က လန့်သွားပြီး နောက်ကို တစ်လှမ်း ဆုတ်သွားခဲ့တာပေါ့။

“ဟို... အဲဒါက ငါတို့ လမ်းအများကြီး လျှောက်ရမှာဆိုတော့ မင်းအတွက် ပင်ပန်းလိမ့်မယ် ထင်လို့ပါ”

“ငါ အဆင်ပြေပါတယ်”

“တ... တကယ်လား”

“အင်း”

လီဂျီယွန်းက မိမိကိုယ်ကိုယ် ဒီလောက်အထိ ရှင်းရှင်းလင်းလင်း ပြောနိုင်ခဲ့တာကို အံ့ဩနေမိတယ်။ ဖြစ်နိုင်တာကတော့ သူမက သူ့နဲ့အတူ ဘယ်လောက်အထိ သွားချင်နေသလဲဆိုတာကို ပြသနေတာ ဖြစ်လိမ့်မယ်။

“ဒါဆို အနီးဆုံး နေရာတွေကို အရင် သွားကြစို့”

ဒေးမြောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း လှေကားကနေ ဆင်းသွားခဲ့တယ်။ လီဂျီယွန်းလည်း နောက်ကနေ လိုက်သွားခဲ့တာပေါ့။ သူတို့နှစ်ယောက်လုံးက စကားသိပ်မပြောတတ်ကြလို့ ခဏအတွင်းမှာပဲ တိတ်ဆိတ်သွားခဲ့ပေမဲ့ လီဂျီယွန်းအတွက်တော့ ဒါက အဆင်ပြေပါတယ်။ ဒေးမြောင် ပြုံးနေတာကို ကြည့်နေရရုံနဲ့တင် သူမအတွက် အဆင်ပြေနေခဲ့ပြီလေ။

“ဟို... စီနီယာ”

ဘတ်စ်ကားမှတ်တိုင်ကို သွားတဲ့ လမ်းမှာ လီဂျီယွန်းက စကားစလိုက်တယ်။

“အင်း”

“စီ... စီနီယာမှာ ချစ်သူ ရှိလား”

အဲဒီမေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ ဒေးမြောင်က လမ်းလျှောက်နေရာကနေ ချက်ချင်း ရပ်တန့်သွားခဲ့တယ်။ လီဂျီယွန်းက ဇဝေဇဝါဖြစ်သွားပြီး ဘေးကို လှည့်ကြည့်လိုက်တဲ့အခါမှာ ဒေးမြောင်ရဲ့ မျက်လုံးတွေက ဟိုဟိုဒီဒီ ပျာယာခတ်နေတာကို တွေ့လိုက်ရတယ်။

‘သူ့မျက်နှာကြီး ရဲတောက်နေတာပဲ’

လီဂျီယွန်းက စိတ်သက်သာရာရစွာနဲ့ ပြုံးလိုက်မိတယ်။ သူ့ရဲ့ မျက်နှာအမူအရာကတင် အဖြေကို အလုံအလောက် ပေးနေခဲ့ပြီလေ။ ဒေးမြောင်က ခဏလောက် ဗျာများသွားပြီးမှ ပြန်ဖြေခဲ့တယ်။

“မ... မင်းကော”

အဲဒီမေးခွန်းကြောင့် လီဂျီယွန်းလည်း အကြည့်လွှဲလိုက်ရပြန်တယ်။ အဲဒီအချိန်မှာပဲ သူလည်း သူမနဲ့ စိတ်ခံစားချက်ချင်း တူနေနိုင်တယ်လို့ တွေးလိုက်မိတာပေါ့။

“ငါ... ငါတို့ သွားကြစို့”

“အင်း... အင်း”

သူတို့ ပြန်ပြီး လမ်းလျှောက်ထွက်လာတဲ့အချိန်မှာ နှစ်ယောက်လုံးရဲ့ မျက်နှာတွေ ရဲတောက်နေလိမ့်မယ်လို့ လီဂျီယွန်း တွေးနေမိတော့တယ်။

* * * * * * * * *

“ဒါပဲလား”

“အေး၊ ဒါပဲ”

မာရူးက ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ အန်းဘန်ဂျူးကို လက်ပြနှုတ်ဆက်လိုက်တယ်။ အန်းဘန်ဂျူးက ခေါင်းကို ကုတ်ရင်း နှုတ်ဆက်ပြီး ထွက်သွားခဲ့တော့တာပေါ့။

“သူများအချစ်ရေးကို ကူညီပေးရတာ တော်တော်လေး ခက်တာပဲ”

သူတို့ အခုလောက်ဆိုရင် ကျောင်းဝင်းထဲကနေ ထွက်သွားလောက်ပြီ။ မာရူးက လက်မောင်းတွေကို ဆန့်ထုတ်လိုက်ရင်း ကွန်တိန်နာဘေးမှာ ချထားတဲ့ သူ့ရဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်တယ်။

စာမေးပွဲတွေ ပြီးသွားပြီဖြစ်လို့ ကျောင်းကလည်း ကျောင်းသားတွေနဲ့ ပြန်ပြီး စည်ကားလာခဲ့ပြီ။ အထူးသဖြင့် ကျောင်းရဲ့ ကွင်းပြင်ကြီးပေါ့။ ကျောင်းသားတွေက တောက်လောင်နေတဲ့ လူငယ်ဘဝရဲ့ အရှိန်အဝါကို ပြသနေကြတာပဲ။ ဘောလုံးကစားနေတာကို ခဏလောက် ကြည့်ပြီးတဲ့နောက်မှာတော့ သူ ကျောင်းကနေ ထွက်လာခဲ့တယ်။ ဘတ်စ်ကားမှတ်တိုင်ဆီကို လမ်းလျှောက်သွားရင်းနဲ့ ဖုန်းကို ထုတ်လိုက်တယ်။ သူ ကြိုက်နှစ်သက်တဲ့ ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့တာပေါ့။

“ဟယ်လို”

“ငါ ပြီးပြီ”

“တကယ်လား။ ဒါဆို ငါ လာခဲ့မယ်”

“မင်း လာမလို့လား”

“အေးလေ။ ဖင်လေးတဲ့သူကို ငါ့ဆီ လာခဲ့ပါလို့ မပြောရက်ပါဘူးဗျာ”

“နင် တကယ် အဆော်ခံချင်နေတာလား”

“ဟိုလေ... ငါ ထင်တာ မမှားဘူးဆိုရင် မင်း ဒီရက်ပိုင်း တော်တော်လေး ကြမ်းလာသလားလို့”

“အား... လာရုံသာ လာခဲ့၊ လာပြီး အပြစ်ပေးခံဖို့ ပြင်ထားလိုက်”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ သွားနေပါပြီဗျာ။ ဘာစားချင်လဲ စဉ်းစားထားလိုက်ဦး။ ငါ ဝယ်ကျွေးမယ်”

“ငါ့မှာလည်း ငါ့ပိုက်ဆံ ရှိပါတယ်နော်”

မာရူးက တဟားဟား ရယ်မောလိုက်ရင်း ဖုန်းချလိုက်တယ်။

အချိန်အတော်လေး ကြာခဲ့ပြီဖြစ်လို့ သူ သူမကို သွားတွေ့တော့မယ်လေ။

* * * * * * * * *

All Chapters