အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း(၂၆၇)
စာမေးပွဲတွေ ပြီးသွားပြီ။ သူ စာတွေအများကြီး ပြန်နွှေခဲ့ပေမဲ့ ရလဒ်ကတော့ ဘယ်လိုနေမလဲ။ သူ ကိုယ်တိုင်လည်း မသိဘူးလေ။ စာမေးပွဲအဖြေလွှာတွေကို သူ အမှတ်မတွက်ကြည့်ခဲ့ပါဘူး။ အမှတ်တွေကောင်းနေရင် သိပ်ဝမ်းသာသွားပြီး နောက်စာမေးပွဲတွေကို အာရုံပျက်စီးကုန်မှာ စိုးလို့ရယ်၊ အမှတ်တွေ မကောင်းရင်လည်း စိတ်တည်ငြိမ်မှု ပျက်ပြားသွားမှာ စိုးရိမ်လို့ရယ်ကြောင့်ပါပဲ။ နောက်ဆုံးစာမေးပွဲက ကိုရီးယားစာဖြစ်ပြီး အချိန်နည်းနည်း ပိုနေတာမို့လို့ စာမေးပွဲစာရွက်ရဲ့ ကွက်လပ်တွေပေါ်မှာ သူ ပုံတစ်ပုံ ဆွဲနေလိုက်တယ်။ ယုန်ကလေးတစ်ကောင် ဆွဲလိုက်တာ၊ ထွက်လာတဲ့ပုံလေးက တော်တော်လေး ချစ်စရာကောင်းနေတာပေါ့။ ဒါကြောင့် သူ စိတ်ထဲမှာ ကျေနပ်နေမိတယ်။
သူ စာမေးပွဲစာရွက်တွေကို ခေါက်ပြီး လွယ်အိတ်ထဲ ထည့်လိုက်ရုံရှိသေး၊ အတန်းပိုင်ဆရာက အခန်းထဲ ဝင်လာပါတယ်။ ဆရာက ‘အားလုံးပဲ ကောင်းကောင်းဖြေနိုင်ခဲ့ကြတယ်’၊ ‘အေးအေးဆေးဆေး အနားယူကြတာပေါ့’ လို့ ပြောပြီး အတန်းဆင်းလိုက်တာနဲ့ ကျောင်းသားတွေလည်း ပျော်ရွှင်အော်ဟစ်ရင်း အပြင်ကို တရုန်းရုန်း ပြေးထွက်ကုန်ကြတော့တယ်။
သူ မာရူး ဆီ ဖုန်းဆက်လိုက်တယ်။ ဒီနေ့မှာ သူတို့နှစ်ယောက်လုံး စာမေးပွဲပြီးကြတာမို့လို့ အပြင်မှာ လျှောက်လည်ဖို့ ဆုံးဖြတ်ထားကြတာလေ။ တွေ့မယ့်နေရာကို နှစ်ယောက်သား တိုင်ပင်လိုက်ပြီး မာရူး က ဒီဘက်ကို လာခဲ့မယ်လို့ ပြောပါတယ်။
“ဟင်"
ဘယ်ကိုသွားရင် ကောင်းမလဲလို့ သူ စဉ်းစားနေမိတယ်။ သူတို့နှစ်ယောက်လုံး ဆူဝမ် မှာ နေကြတာဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အစွန်းတစ်ဖက်စီမှာ နေကြတာမို့လို့ မာရူး ရောက်လာဖို့ အချိန်နည်းနည်းတော့ ကြာဦးမှာပါ။ အဲဒါကြောင့် အပြင်ကနေ စောင့်နေဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ စားပွဲခုံကို လက်ချောင်းလေးတွေနဲ့ တောက်တောက် တောက်တောက် ခေါက်နေရင်း ခေါင်းထဲမှာ တစ်ခုခု ပေါ်လာတာနဲ့ စားပွဲခုံအံဆွဲထဲကို လက်နှိုက်ရှာကြည့်လိုက်တယ်။ အနောက်ဘက်အကျဆုံးနေရာမှာ စာအုပ်အသေးလေးတစ်အုပ် သွားတွေ့တယ်လေ။ လက်ဝါးခန့်ပဲ ရှိပြီး တော်တော်လေးကို ပါးလွှာတဲ့ စာအုပ်ကလေးပါ။ မြေအောက်ရထားဘူတာရုံက တစ်ပတ်ရစ်စာအုပ်ဆိုင်မှာ သူ ဝယ်ခဲ့တဲ့ စာအုပ်ပေါ့။ စာအုပ်အရွယ်အစားလေးကို သဘောကျလို့ ကောက်ကိုင်မိရာကနေ ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
A Christmas Carol တဲ့။
Charles Dickens ရေးသားပြီး လူအများအပြား ချစ်ခင်မြတ်နိုးကြတဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ပေါ့။ သူ့အဖေရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး နားထောင်ခဲ့ရတဲ့ ပုံပြင်တွေထဲမှာ ဒါက သူအကြိုက်ဆုံး ပုံပြင်လေးပါ။ သူ ငယ်ငယ်တုန်းကတော့ စကရူးချ် ဆိုတာ တကယ့်ကို မိုက်မဲပြီး လူဆိုးကြီးတစ်ယောက်လို့ပဲ ထင်ခဲ့တာ။ ပိုက်ဆံရှိရင် တခြားသူတွေကို မျှဝေရမယ် - အဲဒီတုန်းကတော့ သူ ဒီလိုပဲ တွေးခဲ့တာပေါ့။ သို့ပေမဲ့ အရွယ်နည်းနည်း ရောက်လာတဲ့အခါမှာတော့ သူ့အတွေးတွေ ပြောင်းလဲသွားခဲ့တယ်။ စကရူးချ် ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ အခြေအနေကို သူ နားလည်ပေးနိုင်လာခဲ့တယ်လေ။ သူ့ကို လူလောဘသားကြီး၊ အချစ်မရှိတဲ့သူလို့ ပုံဖော်ထားကြပေမဲ့ သူက အပြစ်တင် စုတ်သတ်ရမယ့်သူမျိုးတော့ မဟုတ်ပါဘူး။
“ဘာလုပ်နေတာလဲ"
သူ စာဖတ်နေတုန်း တစ်ယောက်ယောက်က လှမ်းမေးလိုက်တယ်။ သူ့ရဲ့ ကပ်လျက်သူငယ်ချင်း သုံးယောက်က အိမ်ပြန်ဖို့ ပြင်ဆင်နေကြတာပါ။
“အိမ်မပြန်သေးဘူးလား"
“ချိန်းထားတာရှိလို့လေ၊ အဲဒါကြောင့် အတန်းထဲမှာ ခဏစောင့်နေမလို့။ ဒီမှာက အဲကွန်းလည်း ရှိတာပဲကို"
“ချိန်းထားတာ ရှိတယ် ဟုတ်လား" သူ့သူငယ်ချင်းက ခေါင်းလေးစောင်းပြီး မေးလိုက်တယ်။
သူက ခပ်ဖွဖွလေး ပြုံးပြရင်း လျှို့ဝှက်ချက်လို့ပဲ ပြောလိုက်ပါတယ်။ အဲဒီလိုပြောလိုက်တော့ သူငယ်ချင်းသုံးယောက်က အချင်းချင်း တိုးတိုးတိုးတိုးနဲ့ ခဏလောက် တိုင်ပင်ပြီးနောက် ‘နင့်ရည်းစားမလား’ လို့ မေးလာကြတယ်။ သူ နည်းနည်းတော့ ရှက်သွားပေမဲ့ ခေါင်းငြိမ့်ပြလိုက်မိတာပေါ့။
“ဒါဆို နင့်ကို လက်စွပ်ပေးတဲ့သူလား"
သူတို့ထဲက တစ်ယောက်က ထပ်မေးပြန်တယ်။ ကျောင်းဝန်းထဲမှာ အလှဆင်ပစ္စည်းတွေ ဝတ်ဆင်ခွင့် ပိတ်ပင်ထားတာမို့လို့ ကျောင်းထဲမှာတော့ သူ လက်စွပ်မဝတ်ထားပါဘူး၊ ဒါပေမဲ့ အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမျိုးမှာတော့ တစ်ခါတရံ ဝတ်လေ့ရှိတယ်။ မာရူး ကိုတော့ သူ ရှက်တယ်လို့ ပြောခဲ့ပေမဲ့ သူ့အကြိုက်နဲ့ ကွက်တိကျနေတဲ့ ဒီလက်စွပ်လေးကို သူ ကြွားချင်နေခဲ့တာလည်း ပါတာပေါ့။
“အင်း"
“သူ ဒီကို လာမှာလား"
“ဟုတ်တယ်"
“သူက ဒီနားကကျောင်းမှာ တက်တာလား။ ဆန်ထရယ်လား။ အန်ဂျီလား"
“ဟင့်အင်း၊ အဲဒါထက် အဝေးကြီးမှာ။ ဝူဆောင်းအင်ဂျင်နီယာအထက်တန်းကျောင်း ဆိုတဲ့နေရာမှာ တက်တာ"
“တကယ်ကြီးလား"
ဒီမှာတင် သူ့သူငယ်ချင်း သုံးယောက်က ကုလားထိုင်တွေ ဆွဲယူလာပြီး သူ့ကို ဝိုင်းအုံပိတ်ဆို့ကာ ထိုင်လိုက်ကြပါတော့တယ်။ သူငယ်ချင်းတွေကို ကြည့်ပြီး သူ နည်းနည်းတော့ လန့်သွားမိတယ်။
“ငါတို့က အခုထိ နင့်အကြောင်းကို ဘာမှမသိသေးပါလား။ ကဲ... ဒါဆို စုံစမ်းစစ်ဆေးရေး စကြစို့"
“ဘာ... ဘာကိုပြောတာလဲ"
“အကုန်လုံးကို ပြောပြစမ်းပါ၊ ဘယ်တုန်းက စတွေ့တာလဲ၊ သူ့ရဲ့ ဘယ်အချက်ကို သဘောကျတာလဲ၊ ရုပ်ချောလား မချောဘူးလား၊ အရပ်အမောင်းကော ဘယ်လိုလဲဆိုတာမျိုးပေါ့။ ငါတို့လိုဆရာမကြီးတွေက နင့်အတွက် အကဲဖြတ်ပေးမယ်"
သုံးယောက်သား ဖြဲဖြဲဖြဲဖြဲနဲ့ ပြုံးနေကြတယ်။ သူငယ်ချင်းတွေကို ရည်းစားရှိတယ်လို့သာ သူ ပြောပြဖူးတာ၊ အသေးစိတ်ကိုတော့ တစ်ခါမှ သေသေချာချာ မပြောပြဖြစ်ခဲ့ဘူးလေ။ သူငယ်ချင်း သုံးယောက်ရဲ့ မျက်လုံးတွေကို သူ မဝံ့မရဲ စိုက်ကြည့်နေမိတယ်။
“စာမေးပွဲတွေလည်း ပြီးပြီဆိုတော့ ငါတို့မှာ အချိန်တွေ အမျာ….ကြီး ရှိတာပေါ့"
“ဟုတ်ပ"
“ဒါကြောင့် အေးအေးဆေးဆေးသာ အကုန်ပြောပြစမ်းပါ"
သူငယ်ချင်းတွေရဲ့ ဇွဲကောင်းကောင်းနဲ့ အတင်းအကျပ် မေးမြန်းမှုကြောင့် နောက်ဆုံးတော့ သူ လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။
“...သူ့ကို ဒယ်ဟတ်ရိုမှာ စတွေ့ခဲ့တာ"
“အိုဟို၊ နင်က ပြဇာတ်အဖွဲ့ထဲကဆိုတော့ ဟုတ်ပြီ။ သူကကော ပြဇာတ်ကတာပဲလား"
“အင်း"
“ဒါဆို တွက်ခြေကိုက်သွားတာပေါ့။ နင်တို့နှစ်ယောက် ပြဇာတ်တစ်ခုအတွက် ပြင်ဆင်ရင်းနဲ့ တွေ့ကြတာလား"
“ဟင့်အင်း၊ အဲလိုမျိုး မဟုတ်ပါဘူး"
သူ မတော်တဆ ဆုံတွေ့ခဲ့ရတဲ့ မာရူး အကြောင်းကို စတင်ပြီး ပြောပြလိုက်ပါတယ်။ ပထမတော့ မိမိရည်းစားအကြောင်းကို ပြောရတာ ရှက်သလိုလို ဖြစ်နေပေမဲ့ ပြောရင်းပြောရင်းနဲ့ တကယ်ပဲ စိတ်ထဲမှာ ပျော်စရာကောင်းလာတာကို သိလိုက်ရတယ်။ သတိထားမိတဲ့အချိန်မှာတော့ မာရူး အကြောင်း ပြောပြနေရတာကို သူ စိတ်ထဲကနေ တကယ်ကို နှစ်သက်သဘောကျနေခဲ့ပြီလေ။
“အဲဒီလူက တော်တော်လေး အထာကျသားပဲ။ ယောက်ျားပီသသားပဲ"
“သူက လူကောင်ကြီးကြီးမားမားနဲ့ မလား"
“အင်း၊ မီးလောင်ဒဏ်ရာတွေ ရနေတာတောင် တစ်ခွန်းမှ မညည်းညူဘူးဆိုကတည်းက သူက တကယ့်အဖိုးတန်ပဲဟ"
သူ့ဆီကနေ ကြားရတဲ့ မာရူး အကြောင်းတွေကို အခြေခံပြီး သူငယ်ချင်းတွေက သူတို့ဘာသာ အကဲဖြတ်ချက်တွေ ပေးနေကြတယ်။ အများစုကတော့ အကောင်းမြင်တာတွေချည်းပါပဲ။ မာရူး ချီးမွမ်းခံရတာကို ကြားရတော့ သူလည်း စိတ်ထဲမှာ ကြည်နူးနေမိတယ်။ အားရပါးရနဲ့ မာရူး အကြောင်း ဆက်ပြောနေတုန်းမှာပဲ သူငယ်ချင်းတွေက သူ့ကို ‘အချစ်မူးနေတဲ့ကောင်မလေး’ ဆိုပြီး ဝိုင်းစနောက်ကြသေးတယ်။
“ကဲ... ဒါဆို တိုးတက်မှုအခြေအနေကော ဘယ်လိုလဲ"
“......”
ခုနကအထိ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် ပြောနေတဲ့ သူဟာ အဲဒီမေးခွန်းရှေ့မှာတော့ ဆွံ့အသွားရရှာတယ်။ ငြိမ်နေတာဟာ အရာအားလုံးကို ဝန်ခံလိုက်တာပဲဆိုတာ သူ သိနေပေမဲ့ ‘တိုးတက်မှု’ ဆိုတဲ့ စကားလုံးကြီးကြောင့် သူ ပါးစပ်ဟဖို့ မစွမ်းသာတော့ဘူးလေ။ သူငယ်ချင်းတွေကို အသာလေး ခိုးကြည့်လိုက်တော့ အားလုံးက မျက်နှာတွေမှာ ရုပ်ဆိုးဆိုးအပြုံးတွေ ပြုံးနေကြတာ တွေ့ရတယ်။
ဒီသုံးယောက်က ညစ်ညမ်းတဲ့အကြောင်းအရာတွေ ပြောရတာ သဘောကျတတ်ကြတယ်ဆိုပေမဲ့ ဒီတစ်ခါတော့ နည်းနည်း လက်လွန်နေကြပြီ။ အကယ်၍ သူတို့ နမ်းခဲ့ကြတဲ့အကြောင်းကိုသာ ပြောပြလိုက်ရင်ဖြင့်… သူ စိတ်ကူးထဲတောင် မထည့်ချင်တော့ဘူး။ အတော်ကြာအောင် ဝေခွဲမရဖြစ်နေပြီးနောက် နောက်ဆုံးတော့ လက်ချင်းပဲ ကိုင်ရသေးတယ်လို့ ပြောလိုက်ရပါတော့တယ်။ ကံကောင်းချင်တော့ သူတို့က စိတ်ပျက်သွားကြတဲ့ ပုံစံမျိုးနဲ့ပဲ ယုံကြည်သွားကြပုံရတယ်။
“ဒါပေမဲ့ အဲဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဒါဆို နင့်ဘလော့ဂ်ပို့စ်တွေမှာ ပထမဆုံး လာပြီး ကွန်မန့်ပေးတဲ့သူက နောက်ဆုံးတော့ နင့်ရည်းစား ဖြစ်လာတာပေါ့"
“အင်း… အဲလိုပဲ ပြောရမှာပေါ့"
သူ ပြုံးရင်းနဲ့ ပြောလိုက်ပါတယ်။ သူ အထက်တန်းကျောင်း ပထမနှစ်တုန်းက ဘလော့ဂ်တွေကို စတင်ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။ Cyland လိုမျိုး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ နေရာတွေနဲ့ ရုပ်ပုံလေးတွေ မရှိပေမဲ့ မိမိရဲ့အကြောင်းအရာတွေကို အေးအေးဆေးဆေး ရေးသားနိုင်တဲ့ ဘလော့ဂ်တွေကို သူ ပိုသဘောကျမိတယ်။ သူ့အတွက်တော့ ဘလော့ဂ်တွေဟာ စာအုပ်တွေရဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ ပုံစံတစ်ခုလိုပါပဲ။ နယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့သူတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ကိုယ်ပိုင်စကားလုံးတွေနဲ့ အနှစ်ချုပ် ရေးသားထားကြတာလေ။ ပို့စ်တစ်ခုချင်းစီ၊ စာမျက်နှာတစ်ခုချင်းစီက စုပုံလာပြီး နောက်ဆုံးမှာတော့ ရှည်လျားတဲ့ ဇာတ်လမ်းတွဲကြီးတစ်ခု ဖြစ်လာတာပေါ့။
အဲဒီနေရာမှာ သူဟာ အဓိကအားဖြင့် ပြဇာတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အများဆုံး ပြောဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားအတွင်းမှာ ကပြနေတဲ့ ပြဇာတ်တွေတင်မကဘဲ ပြည်ပက နာမည်ကြီးပြဇာတ်အဖွဲ့တွေရဲ့ အကြောင်းကိုပါ သူ အနှစ်ချုပ် တင်ပြခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ မိမိတို့ အသီးသီးရဲ့ အထက်တန်းကျောင်း ပြဇာတ်အဖွဲ့တွေမှာ ရှိနေကြတဲ့ အသက်တူကျောင်းသားတွေနဲ့ အမြင်ချင်း ဖလှယ်နိုင်မယ့် ကဏ္ဍတစ်ခုကိုလည်း သူ ဖန်တီးထားခဲ့သေးတယ်။
အဲဒီမှာ မာရူး နဲ့ ဆုံခဲ့တာ ဖြစ်ပါတယ်။ မာရူး ကလည်း ပြဇာတ်နဲ့ပတ်သက်တဲ့ ဘလော့ဂ်တစ်ခုကို လုပ်နေတာလေ။ အခု ပြန်တွေးကြည့်ရင် အဲဒါက တကယ့်ကို ကြီးမားတဲ့ တိုက်ဆိုင်မှုကြီးတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိတောင် မသိကြသေးလို့ပဲ။
“ငါက နင့်ကို Cyland အကောင့်တစ်ခုလောက် ဖွင့်ပါလို့ အခါခါပြောတာကို နင်က ငြင်းခဲ့တယ်။ အခုကျမှ အဲဒီအကြောင်းပြချက်က တကယ်တော့ နင့်ရည်းစားကြောင့် ဖြစ်နေတာပေါ့ ဟုတ်လား"
သူ့သူငယ်ချင်းက သူ့ပါးပြင်ကို လှမ်းဆိတ်လိုက်တယ်။ သူ အနေရခက်စွာနဲ့ပဲ ပြုံးနေမိတာပေါ့။
“ဩော် အင်း၊ ငါ မှတ်မိသလောက်ဆိုရင် နင့်ရဲ့ ID က Black Swan မလား"
“အင်း” သူ ခေါင်းငြိမ့်ပြလိုက်တယ်။
“Swan ဆိုတာ ဘာငှက်ကြီးလဲ"
“နင်ကလည်း အ၊ အဲဒါ ငန်းလေ။ ဒါပေမဲ့ သူတို့က အများအားဖြင့် အဖြူရောင်တွေပဲ ရှိတာ"
“ဒါဆို Black Swan ဆိုတာ အမည်းရောင်ငန်းကြီးပေါ့"
“အဲလိုပဲ ထင်တာပဲ” သုံးယောက်သား အချင်းချင်း ပြောနေကြတယ်။ အဲဒီ ID အကြောင်းကို စတင်ပြောဆိုခဲ့တဲ့ ကောင်မလေးက ထပ်မေးပြန်တယ်။
“‘Swan’ လို့ပဲ ပေးတာက ပိုမလှဘူးလား။ Black Swan ဆိုတာကြီးက ငါ့အတွက်တော့ တစ်မျိုးကြီးပဲ။ ဘာပဲဖြစ်ဖြစ် အမည်းရောင် ငှက်ကြီးလေ။ ကျီးကန်းလိုမျိုး နိမိတ်မကောင်းတာမျိုး မဟုတ်ဘူးလား"
အဲဒီကောင်မလေး ပြောတာကို သူ နားလည်ပေးနိုင်ပေမဲ့ ခေါင်းခါပြရင်း ရှင်းပြလိုက်ပါတယ်။
“တစ်ချိန်တုန်းကတော့ လူတိုင်းက ငန်းတွေအကုန်လုံး အဖြူရောင်ပဲ ရှိတယ်လို့ ထင်ခဲ့ကြတာ။ ဘာလို့လဲဆိုတော့ သူတို့က အဖြူရောင်တွေကိုပဲ မြင်ဖူးခဲ့ကြတာကိုး။ အဲဒီနောက်မှာတော့ အမည်းရောင် ငန်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အားလုံးက ထိတ်လန့်အံ့ဩသွားကြတာပေါ့။ အဲဒီအချိန်ကစပြီး လူတွေဟာ ‘ငန်းနက်’ ဆိုတဲ့ စကားလုံးကို အလွန်အဖိုးတန်တဲ့ အရာတစ်ခုကို ရည်ညွှန်းဖို့အတွက် သုံးစွဲလာကြတာ"
“ဩော်၊ အဖိုးတန်တာ ဟုတ်လား။ အဲဒါဆို နင့်ကိုယ်နင် အဲလိုမျိုး ယူဆထားတာပေါ့ ဟုတ်လား” သူ့သူငယ်ချင်းတစ်ယောက်က စနောက်လိုက်တယ်။
သူ ခပ်ဖွဖွလေး ပြုံးပြီးမှ ဆက်ပြောလိုက်ပါတယ်၊
“မဟုတ်ပါဘူး။ Black swan မှာ တခြားအဓိပ္ပာယ်လည်း ရှိသေးတယ်။ မဖြစ်နိုင်တာကနေ ဖြစ်နိုင်လာတာ၊ မရှိတာကနေ ရှိလာတာမျိုးပေါ့"
“ဒါဆို... အံ့ဖွယ်ဖန်တီးမှုပေါ့"
စာမေးပွဲအမှတ်တွေမှာ ကျောင်းမှာ အမြဲတမ်း ပထမရလေ့ရှိတဲ့ သူ့သူငယ်ချင်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။ သူ ခေါင်းငြိမ့်ပြလိုက်ပါတယ်။
“အံ့ဖွယ်ဖန်တီးမှုတွေကိုပဲ သီးသန့်ရည်ညွှန်းတာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါက အဲဒီအဓိပ္ပာယ်ကို သဘောကျလို့ ID ပေးထားခဲ့တာ။ စိတ်ထဲမှာ တစ်မျိုးလေး ကောင်းလို့လေ။ မဖြစ်နိုင်တာကနေ ဖြစ်နိုင်လာတာ ဆိုတာကြီးက"
“နင် ပြောပြမှပဲ၊ တော်ဝင်နေတဲ့ အဖြူရောင်ငန်းထက် အံ့ဩစရာကောင်းတဲ့ ငန်းနက်က ပိုပြီး အထာကျသလိုပဲ" အားလုံးပဲ တဟားဟား ရယ်မောကုန်ကြတယ်။
“အဲဒီအဓိပ္ပာယ်နဲ့ဆိုရင် Pwincess Yoonjoo ဆိုတာကြီးက ကလေးကလား သိပ်ဆန်မနေဘူးလား"
“နင့် ID ကျတော့ Squishy Apple တဲ့။ နင်လည်း ငါ့ထက် မသာပါဘူးအေ"
“အနည်းဆုံးတော့ ငါ့မှာ ငါ့နာမည် ပါသေးတယ်။ ငါ့ကို နင်နဲ့ လာမနှိုင်းနဲ့"
သူငယ်ချင်း သုံးယောက်က တစ်ယောက်ရဲ့ Cyland ID ကို တစ်ယောက်က ထုတ်ဖော်ပြောဆိုရင်း ငြင်းခုံနေကြတော့တယ်။ အရေးမပါတဲ့ စကားဝိုင်းလေးတွေဆိုပေမဲ့ အဲဒါကပဲ သူတို့တွေ ဘယ်လောက်အထိ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြောင်း သက်သေပြနေတာ ဖြစ်နိုင်ပါတယ်။
“ဩော် အင်း၊ နင် ဘာစာအုပ် ဖတ်နေတာလဲ"
“ဩော် ဒါလား။ A Christmas Carol လေ။ စကရူးချ် ပါတဲ့ စာအုပ်"
“အာ၊ သရဲတွေကြောင့် သူ စိတ်ဓာတ်တွေ ပြောင်းလဲသွားတဲ့ စာအုပ်မလား"
“အင်း"
“ငါတော့ အဲဒီပုံပြင်ကို တကယ်မကြိုက်ဘူး"
“ဘာလို့လဲ"
“အဲဒါက နင့်ကို ကလေးကောင်းတစ်ယောက်ဖြစ်အောင် အတင်းအကျပ် ဖိအားပေးနေသလိုပဲ။ ငါ့မှာ ငါ့လမ်းစဉ် ရှိတာပဲကို။ ဒါတင်မကဘဲ သရဲတစ်ကောင်က ပေါ်လာပြီး သူ့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွေကို လိုက်ပြပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲအောင် လုပ်တယ် ဟုတ်လား။ သရဲတစ်ကောင်မှာ အဲဒါထက် ပိုအသုံးကျတာ လုပ်စရာ မရှိတော့ဘူးလား"
ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသူဆီကနေ ထွက်လာတဲ့ ခနဲ့တဲ့တဲ့ အဖြေကို ကြားတော့ တခြားသူငယ်ချင်းနှစ်ယောက်က သူ့မှာ စိတ်ကူးယဉ်မှုနဲ့ မျှော်လင့်ချက်တွေ မရှိဘူးလို့ ပြောကြပြန်တယ်။
“စိတ်ကူးယဉ်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း မဟုတ်ပါဘူး။ စကရူးချ် ကိုပဲ ကြည့်ဦးလေ။ သူ အဲဒီလောက် ပိုက်ဆံအများကြီးရအောင် တော်တော်လေး ကြိုးစားခဲ့ရတာ။ ပုံပြင်ထဲမှာ သူက အဲဒီပိုက်ဆံတွေကို ခိုးယူခဲ့တာလို့ မပြောထားဘူးမလား။ ငါ့အမြင်တော့၊ လူတွေ တရားဥပဒေနဲ့အညီ ရှာဖွေထားတဲ့ ပိုက်ဆံတွေကို လှူဒါန်းဖို့ အတင်းအကျပ် လုပ်တာက အကြမ်းဖက်မှု ပုံစံတစ်မျိုးပဲ"
“အဲဒါလည်း ဟုတ်သားပဲ"
“ပြီးတော့ သရဲတွေကလည်း။ တကယ့်ကို ရှေးရိုးစွဲကြီး။ သူတို့က စကရူးချ် နဲ့ လုံးဝလည်း မပတ်သက်ဘူး။ ဒါကတော့ ရှေးဟောင်းစာအုပ်တစ်အုပ်ဆိုတော့ အဲဒီတုန်းက နတ်မင်းကြီး ကယ်တင်ခြင်းကို သုံးတာ ထုံးစံပဲဆိုပေမဲ့၊ သရဲတွေကို သုံးမယ်ဆိုရင်လည်း အနည်းဆုံးတော့ ကြောက်စရာကောင်းတာတွေ သုံးပါလား။ အဲဒီစာအုပ်ထဲက သရဲတွေက အကုန်လုံး လူကြီးလူကောင်းတွေလို ပုံဖော်ထားတာ"
“အမလေး"
အဲဒီကောင်မလေးက ခေါင်းခါပြတယ်။ တစ်ချိန်တည်းမှာပဲ၊ သူ့သူငယ်ချင်းတွေက ညည်းညူနေတဲ့ အဲဒီကောင်မလေးရဲ့ ခါးကို လှမ်းပြီး ကလိထိုးကြပါတော့တယ်။ ကောင်မလေးက ချက်ချင်းပဲ လက်မြှောက်အရှုံးပေးလိုက်ပြီး ‘စကရူးချ် က လူဆိုးကြီးပါ’ လို့ မတတ်သာတဲ့အဆုံး ဝန်ခံလိုက်ရရှာတယ်။
“နေဦး ခဏ"
တုန်ခါနေတဲ့ သူ့ဖုန်းကို သူ ကောက်ကိုင်လိုက်တယ်။ ဖုန်းဆက်တဲ့သူက မာရူး ပါ။ သူ နောက် မိနစ် ၂၀ နေရင် ရောက်တော့မယ်လို့ ပြောပါတယ်။
“နင့်ရည်းစားလား"
“အင်း၊ သူ မကြာခင် ရောက်တော့မယ်"
“ဟူး၊ ငါတို့သာ နင်တို့နောက် လိုက်ခဲ့ရင် နင် ငါတို့ကို စိတ်ဆိုးမှာ မလား"
“ဖြစ်နိုင်တာပေါ့"
“စာမေးပွဲတွေပြီးလို့ နင်တို့နှစ်ယောက် တွေ့ကြမှာကို ငါတို့က ဝင်ရှုပ်ရင် တော်တော်လေး စိတ်ပျက်စရာကောင်းမှာပဲနော်"
သူငယ်ချင်း သုံးယောက်က နောက်မှ အတူတူ လျှောက်လည်ကြတာပေါ့လို့ ပြောပြီး အတန်းထဲကနေ ထွက်သွားကြတယ်။ သူ ပြုံးရင်းနဲ့ အတန်းထဲက နာရီကို လှမ်းကြည့်လိုက်ပါတယ်။ သူငယ်ချင်းတွေကြောင့် မာရူး ကို စောင့်နေရတဲ့အချိန်က ပျင်းစရာ မကောင်းခဲ့ပါဘူး။
သူ အကြိမ်ကြိမ် ဖတ်ဖူးခဲ့တဲ့ A Christmas Carol စာအုပ်ကို ပိတ်ပြီး အံဆွဲထဲကို ပြန်ထည့်လိုက်တယ်။
‘သရဲတွေ ဟုတ်လား'
သူ မေးထောက်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ သူ့မှာတော့ တခြားအမြင်တစ်ခု ရှိခဲ့တယ်လေ။ တကယ်တော့ အဲဒီသရဲသုံးကောင်ဟာ စကရူးချ် ကိုယ်တိုင်ပဲ ဖြစ်နိုင်တယ်လို့ သူ တွေးခဲ့ဖူးတယ်။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က စကရူးချ် တွေက သူ့ကို ကယ်တင်ဖို့ ကြိုးစားနေကြတာမျိုးပေါ့။ ဒါကတော့ မဖြစ်နိုင်တာ သေချာပေမဲ့၊ အကယ်၍ တကယ်သာ အဲဒီလိုမျိုး ရေးသားခဲ့မယ်ဆိုရင် ပိုပြီး ကောင်းမလားလို့ သူ တွေးမိတာပါ။
“ပြီးတော့၊ စကရူးချ် က တကယ်တော့ အဲဒီလောက်အထိ လူဆိုးကြီး မဟုတ်ပါဘူး"
စကရူးချ် ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို တွေးရင်း သူ ခပ်ဖွဖွလေး ပြုံးလိုက်မိတယ်။ စကရူးချ် အနေနဲ့ သရဲသုံးကောင်နဲ့ တွေ့ဆုံနိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်း မာလေ ကြောင့်ပါပဲ။ မာလေ က စကရူးချ် ကို သူ့လိုမျိုး ဘဝမျိုး မရောက်စေဖို့ လာရောက် သတိပေးခဲ့တာလေ။
‘သူ သေဆုံးသွားပြီးနောက်မှာတောင် သူ့ကို လာရောက်ကူညီပေးမယ့် သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်ဆိုတာကို တွေးကြည့်ရင် စကရူးချ် ရဲ့ ဘဝက အဲဒီလောက်ကြီး ဆိုးဝါးမနေခဲ့ပါဘူး'
စာအုပ်ထဲမှာလည်း စကရူးချ် ဟာ အတိတ်တုန်းက ကြင်နာတတ်တဲ့သူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ဖော်ပြထားတာပဲ။
သူ အတွေးကမ္ဘာထဲမှာ နစ်မျောနေရင်း သီချင်းလေး တညည်းညူညူ လုပ်နေမိတယ်။ အဲဒီနောက်မှာတော့ အချိန်တန်ပြီဆိုတာကို သတိပြုမိသွားပြီး နေရာကနေ ထလိုက်ပါတော့တယ်။
* * * * * * * * *