အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း(၂၆၈)
ကျောင်းဝင်းထဲက မြေယာရှုခင်း အလှဆင်ဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ်က ကျောင်းအာဏာပိုင်တွေ စိုက်ပျိုးထားခဲ့တဲ့ သစ်ပင်ပုကလေးတွေပေါ်မှာ စိမ်းစိုတဲ့ သစ်ရွက်နုကလေးတွေ စပြီး ဝေဆာလို့ လာနေပါပြီ။ သူမက ကျောင်းတံခါးဝဘက်က အပင်ကလေးတစ်ပင်ရဲ့ ဘေးမှာ ရပ်နေတာပါ။ လေယူရာအတိုင်း ယိမ်းထိုးလှုပ်ရှားနေတဲ့ သစ်ရွက်ကလေးတွေပေါ်ကို နေရောင်ခြည် ဖြာကျနေပြီး အဲဒီနေခြည်အစအနကလေးတွေက သူမရဲ့ မျက်နှာပေါ်ကို ဟိုတစ်စ ဒီတစ်စ လာပြီး ရိုက်ခတ်နေတယ်။ ရာသီဥတုက ပူအိုက်လှပေမဲ့လည်း သစ်ရွက်ကလေးတွေ လှုပ်ရှားရာက ထွက်ပေါ်လာတဲ့ တရှဲရှဲအသံ စည်းချက်အတိုင်း သူမက တိုးတိုးကလေး သီချင်းညည်းနေမိတယ်။ ဘာကြောင့်များ ဘာမှမလုပ်ဘဲ ဒီတိုင်းရပ်နေရင်းနဲ့တင် သဘောကျပြီး ပျော်နေရပါလိမ့်။ ဟန်မာရူးကြောင့်ပဲ နေမလား။
သူမ လက်ပတ်နာရီကို ကြည့်လိုက်တော့ တစ်နာရီ ထိုးတော့မယ်ဆိုတာ သိလိုက်ရတယ်။ မနက်စာကိုလည်း သိပ်အဝမစားခဲ့ရတော့ ဗိုက်က တော်တော်လေး ဆာနေပြီလေ။ ဒါနဲ့ သူတို့နှစ်ယောက် အရင်ဆုံး အပြင်ထွက်ပြီး တစ်ခုခု စားကြဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။ ကျောင်းတံတိုင်းကြီးရဲ့ အရိပ်အောက်ကနေ ဘတ်စကားမှတ်တိုင်ရှိရာဘက်ကို သူမ ဖြည်းဖြည်းချင်း လျှောက်လာခဲ့တော့တယ်။
‘သူ အခုလောက်ဆို ရောက်ခါနီးပြီ ထင်တယ်’
လွန်ခဲ့တဲ့ ခဏလေးတင်ကပဲ သူ ရောက်ခါနီးပြီလို့ ဖုန်းဆက်ထားတာပါ။ သူမ ဘတ်စကားမှတ်တိုင်နားမှာ ခြေဖျားလေးထောက်ပြီး မျှော်ကြည့်လိုက်ပြီးတော့မှ မှတ်တိုင်ရဲ့ အနောက်တည့်တည့်မှာရှိတဲ့ စတိုးဆိုင်ထဲကို ဝင်လာခဲ့တယ်။ နှုတ်ဆက်တဲ့ ဆိုင်ရှင်အမျိုးသမီးကြီးကို ပြုံးပြလိုက်ပြီး မစ်တီးတစ်ဘူး ဝယ်လိုက်ပါတယ်။ ဒါပေမဲ့ မာရူးက ဒါမျိုး ကြိုက်ပါ့မလား။ ခဏလောက် တွန့်ဆုတ် တွေဝေသွားပြီးတဲ့နောက် နောက်ထပ်တစ်ဘူးပါ ထပ်ဝယ်လိုက်တယ်။ တကယ်လို့ သူ မကြိုက်ဘူးဆိုရင်လည်း နှစ်ဘူးစလုံး သူမပဲ အကုန်သောက်လိုက်တော့မယ်လို့ တွေးလိုက်တာပေါ့။
ဘူးမျက်နှာပြင်ပေါ်က ရေစက်ကလေးတွေကို လက်နဲ့ သုတ်လိုက်တဲ့အချိန်မှာပဲ အဝေးကနေ မောင်းနှင်လာတဲ့ လိုင်းကားနံပါတ် ၈၂ ဟာ တရွေ့ရွေ့နဲ့ ချဉ်းကပ်လာတာကို တွေ့လိုက်ရတယ်။ ကားက မှတ်တိုင်နား ရောက်တော့ အရှိန်လျှော့လိုက်ပြီး လူအချို့ကို ဝေါခနဲ ချပေးလိုက်ပါတယ်။ အဲဒီလူတွေထဲမှာ မာရူးတစ်ယောက် ပါလာခဲ့ပြီ။
သူမ လက်ထဲက ဘူးကလေးကို ကိုင်ထားရင်းနဲ့ပဲ လက်ဝှေ့ယမ်းပြလိုက်တယ်။ မာရူးက လမ်းကို ဖြတ်ကူးပြီး သူမရှိရာဆီ လျှောက်လာခဲ့ပါတယ်။
“ပူလိုက်တာ။ ဘာလို့ အပြင်မှာ ထွက်ရပ်နေတာလဲ”
“သိပ်လည်း မပူပါဘူး” လို့ ပြောရင်းနဲ့ပဲ လက်ထဲက အအေးဘူးတစ်ဘူးကို မာရူးဆီ ကမ်းပေးလိုက်တယ်။
မာရူးက ကျေးဇူးတင်စကားဆိုရင်း မော့သောက်လိုက်ပါတယ်။
“မစ်တီး ကြိုက်လို့လား”
“မကြိုက်ဘူး” သူက ချက်ချင်းပဲ တုံ့ဆိုင်းမနေဘဲ ပြန်ဖြေတယ်။
သူမ မျက်မှောင်ကြုတ်သွားမိတယ်။
“ဒါဆို ဘာလို့ သောက်နေတာလဲ”
“မင်း ပေးလို့ပေါ့”
မာရူးက ဘာမှမဖြစ်သလို အေးအေးဆေးဆေး ပြန်ဖြေတာကို ကြားတော့ သူမကပဲ အူကြောင်ကြောင်နဲ့ ပြုံးလိုက်မိပါတော့တယ်။
“နေ့လယ်စာ စားပြီးပြီလား”
“မစားရသေးဘူး။ ဘာစားချင်လဲ”
“ကြည့်ရသေးတာပေါ့...”
နေ့လယ်စာအတွက် ဘာစားရမလဲဆိုတဲ့ Menu ကို ရွေးချယ်ရတာထက် ပိုအရေးကြီးတာ ရှိဦးမလား။ သူမဟာ အင်္ဂလိပ်စာ စာမေးပွဲရဲ့ နောက်ဆုံးမေးခွန်းကို ဖြေဆိုနေရသလိုမျိုး အလေးအနက်ကို တွေးတောနေမိတာ။ လမ်းဘေးသရေစာရောင်းတဲ့ဆိုင်မှာပဲ စားကြမလား။ ဒါမှမဟုတ် စျေးတန်း လမ်းမကြီးဘက်မှာပဲ လိုက်ကြည့်ကြမလား။ အသစ်ဖွင့်တဲ့ဆိုင်က ကောင်းတယ်လို့ တခြားသူတွေ ပြောကြတာ ကြားသားပဲ။
ခဏလောက် စဉ်းစားပြီးတဲ့နောက် ဘာစကားမှမပြောဘဲ သူမကို ဒီတိုင်း ငေးကြည့်နေတဲ့ မာရူးကို လှည့်မေးလိုက်တယ်။
“ဘယ်ဆိုင် သွားရင် ကောင်းမလဲ”
“ကိုယ်ကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။ မင်း သွားချင်တဲ့နေရာ မရှိဘူးလား။ ပြီးခဲ့တဲ့တစ်ခေါက်က ပီဇာစားချင်တယ်လို့ ပြောဖူးတယ် ထင်လို့”
“အာ”
သူမ လက်ခုပ်တစ်ချက်တီးပြီး ခေါင်းကို တဆတ်ဆတ် ငြိတ်လိုက်မိတယ်။ စျေးတန်း လမ်းမကြီးပေါ်မှာ အသစ်ဖွင့်ထားတဲ့ ပီဇာဆိုင်ကို သွားသတိရလိုက်တာပေါ့။ အဲဒီဆိုင်ကို ရောက်ဖူးပြီးသား သူငယ်ချင်းတွေရဲ့ အဆိုအရ ပီဇာဂျုံသားက ပါးပါးလျလျနဲ့ မုန့်သားက တော်တော်လေး ကြွပ်ရွတယ်တဲ့။ အသုပ် ကလည်း ရှယ်ပဲလို့ ပြောကြတာမို့ တွေဝေနေစရာ အကြောင်းမရှိတော့ပါဘူး။
သူမ မာရူးရဲ့လက်ကို ဆွဲပြီး အရှေ့ကို ခပ်သွက်သွက် လျှောက်ခဲ့တယ်။ ဆုံးဖြတ်ပြီးပြီဆိုတော့ မြန်မြန်သွားမှ ဖြစ်မယ်လေ။ လမ်းတွေအတိုင်း မာရူးကို ဦးဆောင်ခေါ်သွားပြီး လူကူးမြန်းကျားကနေ ဖြတ်ကူးလိုက်ပါတယ်။ လမ်းဘေးဝဲယာမှာ လူနေအိမ်တွေ မရှိတော့ဘဲ စျေးဆိုင်ခန်းတန်းကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ မွန်းလွဲတစ်နာရီပဲ ရှိသေးပေမဲ့ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျောင်းသားတွေက လမ်းပေါ်မှာ ပြည့်နှက်နေတာပဲ။ သူတို့အားလုံးက ဒီဝန်းကျင်က ကျောင်းတွေကဖြစ်ပြီး စာမေးပွဲတွေ ဖြေဆိုပြီးလို့ ပြန်လာကြတဲ့ ကျောင်းသားတွေပေါ့။
‘နောက်ကျရင် ထိုင်ခုံရမှာ မဟုတ်ဘူး’
ကျောင်းဆင်းပြီး အဲဒီဆိုင်ကို သွားခဲ့တဲ့ သူငယ်ချင်းတွေက မိနစ် ၃၀ လောက် တန်းစီစောင့်ဆိုင်းပြီးမှ ဝင်ခဲ့ရတယ်လို့ ပြောဖူးတာ။ သူမ လမ်းလျှောက်ရင်းနဲ့ မာရူးရဲ့ လက်ကို တင်းတင်းကလေး ဆုပ်ကိုင်ထားမိတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်ကအထိ သူ့လက်ကို ကိုင်ရမှာ ရှက်သလိုလိုနဲ့ ရင်ခုန်နေခဲ့ရပေမဲ့ အခုတော့ ဒါက သဘာဝတစ်ခုလို ဖြစ်နေခဲ့ပါပြီ။
“ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ”
“အဲဒီဆိုင်က နာမည်ကြီးတယ်လေ၊ အချိန်မီ မရောက်ရင် အပြင်မှာ တန်းစီစောင့်နေရလိမ့်မယ်”
သူမ လမ်းပေါ်မှာ ပိတ်ညှပ်နေတဲ့ ကျောင်းသားတွေကြားထဲကနေ အတင်းတိုးဝှေ့ပြီး ရိုဒီယို လမ်းထဲကို ဝင်လာခဲ့တယ်။ ဒီလမ်းထဲမှာတော့ အဝတ်အထည်ဆိုင်တွေ ချည်းပါပဲ။ အဝတ်အထည်ဆိုင်တွေကြားက လမ်းကြားကျဉ်းကလေးတစ်ခုထဲကို သူမ ဝင်လိုက်ပါတယ်။ လမ်းကြားထဲမှာတော့ ဖုန်တွေ၊ အမှိုက်တွေနဲ့ အဲယားကွန်း ကွန်ပရက်ဆာ စက်အပြင်ပုံးတွေနဲ့ ရှုပ်ပွနေတာပဲ။ ပုံမှန်ဆိုရင် သူမ ဘယ်တော့မှ မသုံးမယ့် ဖြတ်လမ်း ဖြစ်ပေမဲ့ ဒီနေ့အတွက်တော့ ရွေးချယ်စရာ မရှိဘူးလေ။
“ဒီလမ်းကနေ သွားမှာလား”
မာရူးရဲ့ မေးခွန်းကို ကြားတော့ သူမ ခေါင်းကို အားရပါးရ ငြိတ်ပြလိုက်တယ်။ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတဲ့ မာရူးကို အတင်းဆွဲပြီး လမ်းကြားထဲကနေ ဖြတ်ပြေးခဲ့တော့တယ်။
“ပီဇာတစ်ပွဲ စားဖို့အရေး ဒီလောက်အထိ အပင်ပန်းခံရမှာလား”
“ငါ့သူငယ်ချင်းက ကောင်းတယ်လို့ ပြောထားလို့ပါဟ”
မာရူးက ပြုံးပြီးတော့ပဲ အနောက်ကနေ လိုက်လာခဲ့ပါတယ်။
လမ်းကြားထဲကနေ ထွက်လာပြီးပြီးချင်း ပထမဆုံး မြင်လိုက်ရတာကတော့ ဘေးဘယ်ညာက ဆိုင်တွေနဲ့မတူဘဲ အရောင်အသွေး စုံလင်လှတဲ့ ပီဇာဆိုင် ဆိုင်းဘုတ်ကြီးပါပဲ။ ဆိုင်အရှေ့မှာ Menu စာဘုတ်ကလေးတစ်ခု ရှိနေတယ်။ အဲဒီစာဘုတ်ပေါ်မှာ ဆိုင်ရှင်ကိုယ်တိုင် ရောင်စုံမြေဖြူကလေးတွေနဲ့ လက်ရေးလှလှလေး ရေးထားတာ ဖြစ်ပုံရတယ်။ သူမ ဆိုင်အရှေ့ကို လျှောက်သွားရင်း စိတ်ထဲကနေ ဆိုင်ရဲ့ အပြင်အဆင်ကို တိတ်တဆိတ် သဘောကျနေမိတယ်။
“ကြိုဆိုပါတယ်ရှင်”
ဆိုင်ထဲ ဝင်လိုက်တာနဲ့ တံခါးမှာ ချိတ်ထားတဲ့ ခေါင်းလောင်းလေးက ဂျလင်ဂျလင်နဲ့ အသံမြည်သွားပြီး ဧပရွန်ဝတ်ထားတဲ့ အမျိုးသမီးကြီးက သူတို့နှစ်ယောက်ကို ဆီးကြို နှုတ်ဆက်ပါတယ်။ ငွေကောင်တာက အဝင်ဝရဲ့ ဘေးနားတင် ရှိတာပါ။ သူမရဲ့ ရှေ့မှာတော့ စားပွဲတွေမှာ ထိုင်ပြီး အစားအစာတွေကို အရသာရှိရှိ သုံးဆောင်နေကြတဲ့ လူတွေကို မြင်နေရသလို အားလုံး ထင်ထင်းလင်းလင်း မြင်နိုင်အောင် ဖွင့်လှစ်ထားတဲ့ မီးဖိုချောင်ကိုလည်း တွေ့နေရတယ်။ တောက်လောင်နေတဲ့ ဖိုကြီးရဲ့ ရှေ့မှာ တစ်ခုခုကို ချက်ပြုတ်နေတဲ့ စားဖိုမှူးကိုလည်း လှမ်းမြင်နေရတာပေါ့။
“လွတ်တဲ့ စားပွဲ ရှိသေးလားခင်ဗျာ” မာရူးက လှမ်းမေးလိုက်တယ်။
ဆိုင်ရှင်အမျိုးသမီးကြီးက စားပွဲနေရာဘက်ကို ခြေဖျားထောက်ပြီး လှမ်းကြည့်လိုက်ပြီးတော့ ကောင်တာပေါ်က မှတ်စုစာရွက်ကလေးတွေကို လှန်လှော ရှာဖွေလိုက်ပါတယ်။
“စားပွဲအလွတ် တစ်လုံး ရှိပါသေးတယ်။ ဒီဘက်ကို ကြွပါ”
စားပွဲတွေ ထားတဲ့နေရာက တော်တော်လေး ကျယ်ဝန်းပြီး စားပွဲအလုံး ၂၀ နီးပါးလောက် ရှိတာပါ။ အခုတော့ သုံးလုံးပဲ လွတ်တော့တယ်။ အဲဒီလွတ်တဲ့ စားပွဲ သုံးလုံးထဲက နှစ်လုံးမှာ ‘ဘိုကင်ယူထားသည်’ ဆိုတဲ့ ဆိုင်းဘုတ်ကလေး တင်ထားတာမို့ တကယ်တမ်း လွတ်နေတာက စားပွဲတစ်လုံးတည်း။ သူတို့အနောက်ကနေ ကပ်ပြီး ဝင်လာတဲ့ ကျောင်းသားအချို့ကို မြင်လိုက်ရတော့မှ သူမ ရင်ပတ်ကို လက်နဲ့ဖိပြီး သက်ပြင်းချနိုင်ပါတော့တယ်။ တကယ်လို့ အဲဒီဖြတ်လမ်းကနေ မလာခဲ့ရင် သူတို့တွေ အပြင်မှာ တန်းစီစောင့်နေရတော့မှာ သေချာတယ်။
“တွေ့လား။ ငါတို့ တိုးလို့ နောက်ကျသွားရင် ခုံရမှာ မဟုတ်ဘူး”
သူမ စိတ်ထဲမှာ နည်းနည်းတော့ ဂုဏ်ယူမိသွားတာပေါ့။ မာရူးက နေရာမှာ ဝင်ထိုင်ရင်း “မင်းက အတော်ဆုံးပဲ” လို့ ပြန်ပြောရှာပါတယ်။ သူမ စားပွဲရဲ့ ဘေးတစ်ဖက်မှာ ရှိနေတဲ့ Menu စာအုပ်ကို ဖွင့်လိုက်ပြီး စားမယ့်ပီဇာကို ရွေးချယ်လိုက်တယ်။ စပါဂက်တီအတွက်တော့ ရိုးရိုး ခရမ်းချဉ်သီး စပါဂက်တီကိုပဲ ရွေးလိုက်တာပေါ့။ အအေးအတွက်ကတော့ စတော်ဘယ်ရီ စမူသီ တစ်ခွက်ကို ရွေးလိုက်ပါတယ်။
အစားအစာတွေရဲ့ မွှေးပျံ့တဲ့အနံ့ကို ရလိုက်တဲ့အခါ သူမ ပြုံးမိသွားတယ်။ လူတွေ တိုးတိုး တိုးတိုးနဲ့ စကားပြောနေကြတဲ့ အသံတွေအပြင် ဇွန်းခက်ရင်းချင်း ထိခတ်မိတဲ့ အသံတွေကိုလည်း သဲ့သဲ့ကလေး ကြားနေရတာပေါ့။
“မွှေးနေတာပဲ”
“ဟုတ်တယ်မလား”
သူမ အရင်ဆုံး ရောက်လာတဲ့ စမူသီအေးအေးလေးကို တစ်ငုံ သောက်လိုက်ရင်း ပြုံးပြလိုက်တယ်။ ချိုအီမှုက အနေတော်ပါပဲ။ ပိုက်ကလေးကို ဟိုလှည့်ဒီလှည့် ကစားရင်း စကားစလိုက်ပါတယ်။
“ဇာတ်ညွှန်းဖတ်ပွဲတုန်းက အဆင်ပြေခဲ့ရဲ့လား”
“ဒီလိုပါပဲ။ နည်းနည်းတော့ ရင်ခုန်မိပေမဲ့ အဆင်ပြေပြေ ပြီးသွားခဲ့ပါတယ်”
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလှချေလား။ အော်... ဒါနဲ့ ဆရာ ဘတ်ထယ်ဟို ကိုကော တွေ့ခဲ့လား”
“တွေ့ခဲ့တယ်”
“စကားကော ပြောခွင့်ရခဲ့လား”
“လူရွေးပွဲလုပ်တုန်းက စကားအနည်းငယ် နှုတ်ဆက်ခွင့် ရခဲ့ပါတယ်”
“အပြင်မှာ အနီးကပ် မြင်ရတာ ဘယ်လိုလဲဟင်။ ရုပ်ရှင်တွေထဲကအတိုင်း လန်းနေတုန်းပဲလား”
“ဝဝတုတ်တုတ်နဲ့ သာမန် လူလတ်ပိုင်း အရွယ်ကြီးတစ်ယောက်ပါပဲ”
“မဖြစ်နိုင်တာ”
“အခုလောလောဆယ်တော့ အဲဒီအတိုင်းပဲလေ။ သူက ဇာတ်ကောင်စရိုက်အတွက် ဝိတ်တင်ထားတာကိုး”
“...ကြည့်ရတာ ချစ်စရာကောင်းနေမလား မသိဘူးနော်”
“မင်း စိတ်ထဲ ဘယ်လိုတွေ လျှောက်တွေးနေလဲတော့ မသိဘူး၊ ဒါပေမဲ့ မင်းထင်သလောက်တော့ ကြည့်ကောင်းနေမှာ မဟုတ်ဘူး။ အဲဒီလောက်တောင် သိချင်နေရင် ရုပ်ရှင်ရုံတင်တဲ့အခါကျမှ သွားကြည့်လိုက်တော့”
သူမ စိတ်ကူးထဲမှာ ဝဝတုတ်တုတ် ဖြစ်နေမယ့် ဆရာ ထယ်ဟို ရဲ့ ပုံရိပ်ကို ပုံဖော်ကြည့်မိတယ်။ ပြီးခဲ့တဲ့နှစ်က ရုံတင်ခဲ့တဲ့ ရုပ်ရှင်ထဲမှာ ဆရာ ထယ်ဟို က ရာဇဝတ်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ဖျက်တဲ့ အထီးကျန် အစိုးရရှေ့နေအဖြစ် သရုပ်ဆောင်ခဲ့တာလေ။ အဲဒီတုန်းက ဝံပုလွေတစ်ကောင်လို ပုံစံမျိုးနဲ့ တကယ့်ကို ကြည့်လို့ကောင်းလွန်းတာ။ အသက် ၄၀ ကျော်သွားပြီ ဖြစ်ပေမဲ့လည်း သူ့ရဲ့ခန့်ညားတဲ့ ရုပ်ရည်က ပျက်စီးမသွားဘဲ ပိုပြီးတော့တောင် ရင့်ကျက် တည်ကြည်လာခဲ့သေးတယ်။ အဲဒီလိုလူမျိုးက အခုတော့ ဝိတ်တက်နေပြီတဲ့။
‘သူက တကယ့်ကို စမတ်ကျတဲ့ မင်းသားတစ်ယောက်ပဲ၊ ဝနေရင်တောင် ချစ်စရာကောင်းနေမှာပါ’
“သတိထားပါဦးရှင်၊ ပူပါတယ်”
သူတို့မှာထားတဲ့ ပီဇာ ရောက်လာခဲ့ပါပြီ။ သူငယ်ချင်းတွေ ပြောတဲ့အတိုင်း ဂျုံသားက တကယ်ကို ပါးပါးလေး။
“မင်းရဲ့ ပန်းကန်ပေး”
မာရူးက ပီဇာတစ်ဖတ်ကို အသာလေး ဖြတ်ပြီး သူမရဲ့ ပန်းကန်ထဲကို ထည့်ပေးပါတယ်။ တစ်ခါတရံမှာ သူက စိတ်တိုစရာကောင်းအောင် ဂျစ်ကန်ကန် လုပ်တတ်ပေမဲ့ ဒီလို အသေးအဖွဲ ကိစ္စကလေးတွေမှာကျတော့ တကယ့်ကို ဂရုစိုက်တတ်လွန်းတယ်။ ပန်းကန်ထဲမှာ ပီဇာတစ်ဖတ် ရောက်နေပြီ။ ဇွန်းနဲ့ ခက်ရင်း ရှိနေပေမဲ့လည်း သူမကတော့ ဂျုံသားရဲ့ အနားသတ်ကို လက်နဲ့ပဲ ကိုင်လိုက်တယ်။ ပီဇာဆိုတာ လက်နဲ့ကိုင်စားမှ အရသာ အရှိဆုံး မဟုတ်လား။
ကြွပ်ရွနေတဲ့ ဂျုံသားနဲ့ အပေါ်ကနေ အရည်ပျော်ကျနေတဲ့ နူးညံ့လှတဲ့ ဒိန်ခဲတွေ။ သူမ ပီဇာကို တစ်ကိုက် ကိုက်လိုက်ရင်း သဘောကျလွန်းလို့ မျက်နှာလေး ဝင်းပသွားခဲ့တယ်။
‘ကောင်းလိုက်တာ’
သူငယ်ချင်းတွေ ဘာလို့ ဒီလောက်အထိ ချီးမွမ်းခန်းဖွင့်နေကြလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ ဒိန်ခဲက နည်းနည်းလေး ငန်သလိုရှိပေမဲ့လည်း မှိုကလေးတွေက အဲဒီအငန်ဓာတ်ကို ထိန်းညှိပေးလိုက်လို့ အရသာက ပိုပြီးတော့တောင် လေးနက်သွားစေတယ်။ အပေါ်ကနေ ဆမ်းထားတဲ့ အစာပလာတွေ အများကြီး မပါလို့ ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းကြီးလို ထင်ရပေမဲ့လည်း ဆော့စ်၊ ဒိန်ခဲနဲ့ မှိုတို့ရဲ့ ပေါင်းစပ်မှုက တကယ့်ကို အထာကျလှတာမို့ တခြားအစာပလာတွေသာ ထပ်ထည့်လိုက်ရင် ဒီအရသာစစ်စစ်ကြီးကို ပျက်စီးသွားစေမှာ သေချာတယ်။
“ဒါလေးက တော်တော် အဆင်ပြေသားပဲ”
မာရူးလည်း သဘောကျပုံရတယ်။ အစားအသောက် ဂျေးများလှတဲ့ မာရူးကတောင် အသိအမှတ်ပြုတယ်ဆိုရင်တော့ ဒါ တကယ်ကို ကောင်းတဲ့ ပီဇာပဲ ဖြစ်ရမယ်။ အရှိန်ရတုန်း စပါဂက်တီကိုလည်း တစ်ခက်ရင်းစာလောက် လှမ်းစားလိုက်ပါသေးတယ်။ အနည်းငယ် ချေထားတဲ့ ခရမ်းချဉ်သီးကလေးတွေက အချဉ်ဓာတ်ကို အနေတော်လေး ဖြည့်ဆည်းပေးထားလို့ စားရတာ ဘယ်တော့မှ ရိုးအီမသွားဘူး။
‘ပျော်စရာကြီး’
အစားအသောက်ဆိုတာ တကယ်ကို အကောင်းဆုံး စိတ်ချမ်းသာမှုပါပဲ။ သူမ စပါဂက်တီကို ပန်းကန်ထဲ ထပ်ထည့်ဖို့ လုပ်နေတုန်းမှာပဲ သူမရဲ့ မျက်နှာရှေ့ တည့်တည့်ဆီကို လက်တစ်ဖက် ရောက်လာခဲ့တယ်။ တစ်ရှူးကို ကိုင်ထားတဲ့ အဲဒီလက်က သူမရဲ့ မျက်နှာနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး နှုတ်ခမ်းဘေးက ပေရေနေတာတွေကို သုတ်ပေးလိုက်တာပါ။
သူမ ခေါင်းကို မော့ကြည့်လိုက်မိတယ်။ မာရူးက ကိုင်ထားတဲ့ တစ်ရှူးကို ပြန်ချလိုက်တာကို တွေ့ရတယ်။ ပုံမှန်ဆိုရင်တော့ မာရူးက သူမကို ကလေးလိုပဲလို့ စနောက်ပြီး ပြောနေကျ ဖြစ်ပေမဲ့ ဒီနေ့တော့ ဘာစကားမှမဆိုဘဲ ငေးကြည့်နေခဲ့တယ်။ ဘာမှမဖြစ်ခဲ့သလို နေနေတဲ့ မာရူးကို သူမ ပြန်စိုက်ကြည့်လိုက်ရင်း…
“ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး”
သူမ ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်တယ်။ သူကလည်း တစ်ခါတရံကျတော့ ဂရုစိုက်တတ်သားပဲနော်။
အစားအသောက်တွေ အကုန်စားပြီးတဲ့နောက် သူတို့ နေရာကနေ ထရပ်လိုက်ကြတယ်။ တကယ့်ကို ကျေနပ်စရာကောင်းတဲ့ အစားအစာတစ်ခု ဖြစ်ခဲ့တာမို့ နောက်တစ်ခေါက်လည်း ထပ်လာဦးမယ်လို့ စိတ်ထဲ တွေးထားလိုက်တယ်။
ကောင်တာအရှေ့ ရောက်တော့ သူမ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း ပိုက်ဆံတွေကို စုဆောင်းထားခဲ့တာမို့ ဒီနေ့အတွက် ပိုက်ဆံရှင်းရမှာကို သူမ လုံးဝ အဆင်ပြေနေတာပေါ့။
“ငါ ရှင်းမယ်လေ”
ဒါပေမဲ့ သူမ ပိုက်ဆံကိုတောင် ထုတ်မရသေးခင်မှာပဲ မာရူးက ကတ်ကို အရင်ဆုံး ကမ်းပေးလိုက်ပြီ။ သူမက “ဒါနဲ့မရှင်းပါနဲ့၊ ဒါလေးပဲ ယူလိုက်ပါ” လို့ ပြောပြီး ငွေစက္ကူအချို့ကို ထုတ်ပေးပေမဲ့ မာရူးက တားလိုက်ပါတယ်။
ဆိုင်ဝန်ထမ်းက ကတ်ကို ယူပြီး ငွေချေစနစ်ကို လုပ်ဆောင်ပေးလိုက်တယ်။ သူမဘက်က ပိုက်ဆံမရှင်းလိုက်ရတာမို့ အဲဒီပိုက်ဆံတွေကို မာရူးဆီပဲ အတင်းပြန်ပေးဖို့ လုပ်တာပေါ့။
“ရော့... ဒီမှာ”
“ရပါတယ်”
“ငါမှ အဆင်မပြေတာ”
ဆိုင်ဝန်ထမ်းကို အားနာတဲ့အမူအရာနဲ့ နှုတ်ဆက်လိုက်ပြီး မာရူးကို အပြင်ဘက် ဆွဲခေါ်လာခဲ့တယ်။ အပြင်ရောက်တာတောင် မာရူးက ပိုက်ဆံတွေကို မယူချင်တာမို့ လက်နှစ်ဖက်ကို အနောက်မှာ ပုန်းထားလိုက်သေးတယ်။
“တကယ်ပဲ ဒီလို လုပ်မှာလား”
သူမ မာရူးကို မကျေမနပ်နဲ့ စိုက်ကြည့်လိုက်တယ်။
“ငါ အားနာလာပြီနော်”
“ဘာကို အားနာရမှာလဲ”
“နင်ပဲ အမြဲတမ်း ပိုက်ဆံစိုက်ထုတ်နေရတာလေ။ ပြီးတော့ နင်အမြဲတမ်း ဒီလိုပဲ လုပ်နေတာ။ ငါ့ကို ဒီလိုမျိုး အလကားကျွေးတာကို မကြိုက်ဘူးလို့ ဘယ်နှစ်ခေါက် ပြောရဦးမလဲ”
သူတို့နှစ်ယောက်စလုံးက ပိုက်ဆံ သိပ်အများကြီး မရှိကြသေးတဲ့ ကျောင်းသားတွေချည်းပါပဲ။ သူမကတော့ ဒိတ်လုပ်တဲ့ ကုန်ကျစရိတ်တွေကို တစ်ဝက်စီ မျှခံချင်တာပေါ့။ အတန်းထဲက သူငယ်ချင်းအချို့ကတော့ ယောင်္ကျားလေးပဲ အကုန်အကျခံရမှာပေါ့လို့ ပြောကြပေမဲ့ သူမကတော့ အဲဒီအယူအဆကို သဘောမတူပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောကျကြတယ်ဆိုရင် ကုန်ကျစရိတ်နဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း အတူတူ မျှဝေခံရမယ်လို့ ထင်တာ။ တစ်ဖက်တည်းကပဲ အနစ်နာခံနေရရင် အဲဒါကို အချစ်လို့ ဘယ်လိုခေါ်မလဲ။
မာရူးက ခဏလောက် သူ့မျက်ခုံးကို ကုတ်လိုက်ပြီးတဲ့နောက် သူမရဲ့ အနားကို တစ်လှမ်း တိုးလာခဲ့တယ်။
“ကိုယ့်အတွက်ကတော့ ဘာမှမဖြစ်ပါဘူး”
“ဒါပေမဲ့ ငါက အားနာနေတာပေါ့”
“ဘာကို အားနာရမှာလဲ”
“မင်းပဲ ကုန်ကျစရိတ်တွေ အကုန်လုံးကို လိုက်ရှင်းပေးနေရတာကို”
“အဲဒီလိုဆိုရင်တော့ မင်း အားနာနေစရာ မလိုပါဘူး”
သူ့စကားကို ကြားတော့ သူမ မျက်မှောင်ကြုတ်မိသွားပြန်တယ်။ စကားတွေကို ထပ်ခါတလဲလဲ ပြောခိုင်းနေတဲ့ သူ့ကို တစ်ခုခု ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ မာရူးက သူမရဲ့အနားကို တိုးကပ်လာပြီး ဖက်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ ခေါင်းတစ်ခုလုံး ဗလာဖြစ်သွားခဲ့ရပြီ။ ဘာပြောရမယ်ဆိုတာတောင် မေ့သွားပြီး အူကြောင်ကြောင်ကြီး ဖြစ်သွားခဲ့တာ။ ပြီးတော့မှ သူတို့က လမ်းလယ်ခေါင်ကြီးမှာ ရောက်နေတာဖြစ်ပြီး တခြားလူတွေကလည်း သူတို့ကို ဝိုင်းကြည့်နေကြတယ်ဆိုတာ သတိထားမိတော့တယ်။ စိတ်ထဲကနေ အော်ဟစ်လိုက်ပြီး မာရူးကို တွန်းထုတ်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ တိုးညှင်းတဲ့ အသံတစ်သံက နားထဲကို ဝင်လာခဲ့တယ်။
“ကိုယ်တို့ လက်ထပ်ပြီးသွားရင် အဲဒီပိုက်ဆံတွေအကုန်လုံးက ကိုယ်တို့ရဲ့ ပူးတွဲပိုင်ဆိုင်မှုတွေ ဖြစ်လာမှာပဲဥစ္စာ၊ ဒါကြောင့် အဆင်ပြေပါတယ်”
သူမ လက်တွေထဲမှာ ဘာခွန်အားမှ မရှိတော့သလို ခံစားလိုက်ရတယ်။ သူ့ရဲ့ စကားတွေက တကယ့်ကို အဓိပ္ပာယ်မရှိလွန်းတာ။ လက်... လက်ထပ်မယ် ဟုတ်လား။ ပူးတွဲပိုင်ဆိုင်မှုတွေလား။ အဲဒီစကားလုံးတွေက သူမရဲ့ ခေါင်းထဲမှာ ပြည့်နှက်သွားပြီး တစ်ပြိုင်နက်တည်းမှာပဲ မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ပူထူသွားခဲ့ရပါပြီ။
မာရူးက သူမရဲ့ မျက်နှာရှေ့တည့်တည့်ကနေ ပြုံးစိစိနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။ ပြီးတော့ အဲဒီလူက ဆက်ပြောသေးတာ။
“အိုခေ... တကယ့်ကို ရဲတင်းလှချေလား”
ပြောပြောဆိုဆိုနဲ့ မာရူးက အနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ရှက်သွေးဖြာနေတဲ့ မိန်းကလေးတစ်ယောက်လို သူ့ကိုယ်သူ ပြန်ဖက်ထားလိုက်သေးတယ်။ သူမ စိတ်ထဲက နောက်ဆုံး ကျန်နေတဲ့ စိတ်ရှည်မှု မျှင်ကလေး ပြတ်တောက်သွားသလို ခံစားလိုက်ရပြီး လက်မောင်းတွေကို အားရပါးရ ယမ်းခါလိုက်ပါတော့တယ်။
သွားသေလိုက်တော့
* * * * * * * * *
“တကယ်ကြီးလား”
သူမက တကယ့်ကို မယုံကြည်နိုင်တဲ့ မျက်နှာပေးမျိုး ဖြစ်နေတာမို့ မာရူးက သူရလာတဲ့ စာချုပ်ပုံစံကို ကမ်းပေးလိုက်ပါတယ်။ သူမက ချဉ်စုတ်စုတ် မျက်နှာပေးနဲ့ပဲ စာချုပ်ကို စပြီး ဖတ်ကြည့်နေခဲ့တယ်။ စောစောက အတင်းဖက်လိုက်တာကြောင့် အခုထိ စိတ်ဆိုးမပြေသေးတဲ့ ပုံပဲ။
“အော်... အစစ်ကြီးပဲကိုး”
သူမ မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း စာချုပ်ကို ပြန်ပေးလိုက်တယ်။ မာရူးက ပခုံးတွန့်ပြလိုက်တာပေါ့။
“ဒါဆို နောက်ဆို နင်က JA Production မှာ အလုပ်လုပ်ရတော့မှာပေါ့”
“အဆင်မပြေတာမျိုး မရှိရင်တော့ ဟုတ်တာပေါ့။ ရုပ်ရှင်ရိုက်တာ ပြီးသွားရင် လုပ်စရာတွေ ရှိလာလိမ့်မယ်လို့ ကြားတယ်”
“အဲဒါ တော်တော်လေး မိုက်တာပဲ။ ကုမ္ပဏီတစ်ခုပေါ့နော်...”
သူမ စာချုပ်ပုံစံကို ကြည့်ရင်း စိတ်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးနေမိတယ်။ မာရူးအနေနဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားဖို့က သူမရဲ့ အိပ်မက်ဆိုတာကို ကောင်းကောင်းသိနေတာမို့ သူမ အခု ဘယ်လိုခံစားနေရမလဲဆိုတာ မှန်းဆလို့ ရနေတာပေါ့။
“ကိုယ် မင်းအတွက် လမ်းခင်းပေးထားမှာမို့လို့ ကိုယ့်အနောက်ကနေ အမှီလိုက်နိုင်အောင်သာ ကြိုးစားပါတော့”
“သူတပါး ခင်းပေးထားတဲ့ လမ်းပေါ်ကိုတော့ ငါ ဘယ်တော့မှ လျှောက်မှာမဟုတ်ဘူး”
သူမ ပြန်ပြီး ပြုံးပြလိုက်တယ်။ မာရူးက စာချုပ်ကို သူ့လွယ်အိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။
“ဒါဆို အလုပ်တွေ စပြီး ဝင်လာပြီဆိုရင် နင် တော်တော်လေး အလုပ်ရှုပ်တော့မှာပေါ့”
“အဲဒါတော့ ကိုယ်လည်း သေချာမပြောတတ်ဘူး။ ကိုယ် ဘယ်လောက်အထိ ကောင်းကောင်း လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်မှာပေါ့”
“ဒါဆို နင် နာမည်ကြီး စတားတစ်ယောက် ဖြစ်သွားရင် ငါတို့တွေ တွေ့ခွင့်ရမှာ မဟုတ်တော့ဘူးပေါ့နော်” သူမ နှုတ်ခမ်းလေး ဆူပြီး ပြောရှာတယ်။
“ကိုယ်ကတော့ မင်းနဲ့ တွဲနေတာကို လူသိရှင်ကြားပဲ ချပြမှာပါ”
“ပြောရတာတော့ လွယ်တာပေါ့”
“အမှန်တော့ ကိုယ်တို့ရဲ့ စေ့စပ်ပွဲ အခမ်းအနားကို လူထုဆီ တိုက်ရိုက်ထုတ်လွှင့်လိုက်တာက ပိုတောင် ကောင်းဦးမယ်။ ကိုယ်သာ တကယ် နာမည်ကြီးလာရင် သတင်းထောက်တွေက အလုအယက် ရောက်လာကြမှာပဲ မဟုတ်လား။ ဒါဆို ကိုယ် ဘာမှတောင် ပြင်ဆင်နေစရာ မလိုတော့ဘူးပေါ့”
“အိပ်မက်ပဲ မက်နေလိုက်”
“အဆင်သင့်သာ ပြင်ထားပါ”
“ဘာအတွက်လဲ”
“စေ့စပ်ပွဲ အခမ်းအနားအတွက်လေ”
“နင်တော့ ရူးနေပြီ ထင်တယ်”
သူမ အသံထွက်ပြီး ရယ်မောလိုက်ပြီးတဲ့နောက် အဝေးကို လှည့်ကြည့်ရင်း တိုးညှင်းတဲ့ အသံကလေးနဲ့ မေးလိုက်တယ်။
“...တကယ် ပြောနေတာလား”
“ကိုယ်က ဘယ်တုန်းက နောက်ပြောင်ဖူးလို့လဲ”
“ဟေ့... ငါတို့က အထက်တန်းကျောင်း ဒုတိယနှစ်ပဲ ရှိသေးတာလေ။ စေ့စပ်တာတွေ၊ လက်ထပ်တာတွေ ဆိုတာကတော့...”
“မင်းမထင်မှတ်ထားတဲ့ အချိန်မှာ မမျှော်လင့်ဘဲ မကြာခင် ဖြစ်လာနိုင်တာပဲလေ သိရဲ့လား။ တကယ်လို့ ရှေးခေတ်ကသာဆိုရင် ကိုယ်တို့တွေ လက်ထပ်ပြီးလို့ ကလေးနှစ်ယောက်တောင် ရနေလောက်ပြီ...”
“တ... တော်တော့ အဲဒီထက် ပိုပြီးတော့ ရှေ့မဆက်နဲ့တော့”
သူမရဲ့ မျက်နှာလေး ခရမ်းချဉ်သီးလို ရဲတောက်သွားခဲ့ရပါပြီ။ မာရူးက သူမကို ပိုပြီး စနောက်ချင်နေပေမဲ့လည်း အတတ်နိုင်ဆုံး စိတ်ကို ထိန်းထားလိုက်ရတယ်။ အဲဒီထက် ပိုပြောမိရင်တော့ ပါးရိုက်ခံရဖို့ သေချာသလောက် ရှိနေပြီလေ။
“ဒါကြောင့် လောလောဆယ်တော့ ကုန်ကျစရိတ်တွေကို ကိုယ်ပဲ တာဝန်ယူပါရစေ။ ပိုက်ဆံရှာနိုင်တဲ့သူက ရှင်းတာ သဘာဝကျပါတယ်ဟ။ နောက်ပိုင်းကျမှ ကိုယ် ပိုက်ဆံမရှိတော့ဘူးဆိုရင် အဲဒီအချိန်ကျမှ မင်းက ကိုယ့်ကို ပြန်ပြီး လုပ်ကျွေးပေါ့။ ရိုးရိုးလေးပဲ မဟုတ်လား”
“ငါက ဘယ်တုန်းက မင်းကို ပြန်လုပ်ကျွေးမယ်လို့ ပြောခဲ့လို့လဲ”
“ဒါဆိုရင်တော့ ကိုယ် ပိုက်ဆံပြတ်မသွားအောင် အထူးသတိထားရတော့မှာပေါ့။ နောင်ခါလာမယ့် အနာဂတ်မှာလည်း မင်းကို ဆက်ပြီး စောင့်ရှောက်ပေးရဦးမှာကိုး”
မာရူးက သူ့ဆီကို ဝဲပျံလာတဲ့ လက်သုတ်ပုဝါကို ရှောင်ရှားဖို့ ခေါင်းကို အသာလေး တိမ်းလိုက်ရတယ်။ ဒီလက်သုတ်ပုဝါတွေ ပစ်ပေါက်တဲ့ အရှိန်က တစ်ခေါက်ထက်တစ်ခေါက် ပိုပြီး မြန်လာတာမို့ သူမကို မိန်းကလေး ဘေ့စ်ဘောအသင်းထဲသာ သွားထည့်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။
“ဟင်း...”
မာရူးက သူ့ရဲ့အကြည့်တွေကို ရှောင်ဖယ်ပြီး ကော်ဖီသောက်နေတဲ့ သူမကို စိုက်ကြည့်နေမိတယ်။
တကယ်လို့ သူ့ဘဝမှာ ဘယ်တော့မှ ကြည့်လို့ ရိုးသွားမှာမဟုတ်တဲ့ မျက်နှာတစ်ခု ရှိတယ်ဆိုရင် အဲဒါဟာ သူမရဲ့ မျက်နှာကလေးပဲ ဖြစ်ပါလိမ့်မယ်။
* * * * * * * * *