အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း(၂၇၁)
စာမေးပွဲတွေ ပြီးသွားတော့ နောက်လကို ရောက်လာခဲ့ပြီ။ အခုဆို ဇွန်လထဲ ရောက်နေပါပြီ။ တချို့ကလည်း မျှော်တလင့်လင့် စောင့်စားနေပြီး အများစုကတော့ ကြောက်ဒူးတုန်အောင် ကြောက်နေကြတဲ့ အောင်စာရင်းကတ်ပြား ထွက်လာခဲ့တယ်။ မာရူးက သူ့အတန်းထဲမှာ အဆင့် ၁၀ ရတယ်။ သူ အားရကျေနပ်မိပါတယ်။ ဘာပဲပြောပြော သူက ပျမ်းမျှအဆင့်ထက်စာရင် အထက်မှာ ရှိနေတာကိုး။
“မိဘတွေရဲ့ လက်မှတ် အောင်စာရင်းမှာ တောင်းခဲ့ဖို့ မမေ့ကြနဲ့ဦး"
အတန်းပိုင်ဆရာက အဲဒီလိုပြောပြီး အတန်းချိန်ကို သိမ်းလိုက်တယ်။ ဆရာ အခန်းထဲက ထွက်သွားတာနဲ့ တစ်ပြိုင်နက် လူတိုင်းဆီကနေ သက်ပြင်းချသံတွေ တရုန်းရုန်း ထွက်လာတော့တာပဲ။
“ဟာ... သွားပါပြီကွာ” ဒိုဂျင်က သူ့အောင်စာရင်းကတ်ပြားကို ချရင်း ညည်းညူလိုက်တယ်။
သူ အမြန် ဝေ့ကြည့်လိုက်တော့ သူ့အဆင့်က အတန်းထဲမှာ ၂၇ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
“ငါ မင်းကို ပြီးခဲ့တဲ့အခေါက်က ပြောသားပဲ၊ အမှတ်ကောင်းကောင်းမရရင် အချက်အပြုတ်ကောလိပ်ကို တက်ရမှာ မဟုတ်ဘူးလို့"
“ကြားရသလောက်တော့ ဂျူနီယာကောလိပ်တွေအတွက် လူတွေ့စစ်ဆေးမှုနဲ့ လက်တွေ့ကျွမ်းကျင်မှု စာမေးပွဲတွေနဲ့ တက်လို့ရတဲ့ ကျောင်းတစ်ကျောင်း ရှိတယ်တဲ့"
သူကတော့ ကြိုတင်ပြီး စုံစမ်းလေ့လာထားပုံ ရပါတယ်။
“ဒါမှမဟုတ်ရင်လည်း တက္ကသိုလ်တက်ဖို့ကို မေ့ပစ်လိုက်ပြီး ကြုံရာစားသောက်ဆိုင်တစ်ခုခုမှာ အောက်ခြေကနေပဲ စလုပ်လိုက်တော့မယ်"
“အီဆိုးလ်တို့ ဆိုင်ကို ပြောတာလား"
“မဟုတ်ပါဘူး၊ အဲဒီဆိုင်က နောက်ပိုင်းကျရင် ငါ တာဝန်ယူ စောင့်ရှောက်ရမယ့် ဆိုင်လေ"
“အင်... ဟုတ်လား၊ မင်းက နောက်တောက်တောက်နဲ့ အတည်ကြီး ပြောနေတော့ ငါတောင် နည်းနည်း တွေဝေသွားတယ်"
“တကယ်ကြီးလား"
ဒိုဂျင်က သူ့ရည်းစား အီဆိုးလ်ရဲ့ မိသားစု စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ် လုပ်ဖို့ သွားလာနေတာပါ။ အစပိုင်းမှာတော့ အသေးအဖွဲ ကူညီပေးရတဲ့ အလုပ်တွေနဲ့ စတင်ခဲ့ပေမဲ့ အခုတော့ အီဆိုးလ်ရဲ့ အမေဆီကနေ ဟင်းချက်နည်းတွေကို သင်ယူနေရပြီ ထင်ပါရဲ့။ မာရူးက အဲဒီအိမ်ကို အိမ်ပါသမက်အဖြစ် ဝင်နေတော့မှာလားလို့ နောက်ပြောင်ခဲ့ဖူးပြီး အခုတော့ အဲဒီပြက်လုံးက ပြက်လုံးတစ်ခုတင် မဟုတ်တော့ဘဲ လက်တွေ့ ဖြစ်လာနေပြီ။
“ဟင်းချက်ရတာ ပျော်စရာကြီးကွ။ ကြက်သွန်နီ အခွံနွှာရတာနဲ့ ကြက်သွန်ဖြူ ထောင်းရတာ ခက်ပေမဲ့ ဟင်းတစ်ခွက် ချက်ပြီးသွားလို့ ဟင်းပွဲပြင်လိုက်ရတဲ့အခါ ခံစားရတဲ့ အားရကျေနပ်မှုက တော်တော်လေးကို ကြီးမားတာ။ အဲဒီမှာ ဖောက်သည်တွေက အရသာရှိလိုက်တာလို့များ ပြောလိုက်ရင်တော့ ဒါဟာ တကယ့်ကို အကောင်းတကာ့ အကောင်းဆုံးပဲပေါ့” ဒိုဂျင်က ဖြဲခနဲ ပြုံးလိုက်တယ်။
သူ့ရဲ့ ဝါသနာအစစ်အမှန်ကို သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ထင်ပါရဲ့။
တောင်ကိုရီးယားရဲ့ ပညာရေးစနစ် ပုံစံအကျဉ်းချုပ်ကတော့ ဒီလိုမျိုး ဖြစ်နေခဲ့တယ်။ မူလတန်းကျောင်းက ကလေးတွေရဲ့ စိတ်ထဲမှာ လူသားဆန်တဲ့ စိတ်ဓာတ်တွေ တည်ဆောက်ပေးဖို့ အဓိကထားပြီး၊ အလယ်တန်းကျောင်းကျတော့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ပညာပေးဖို့ အဓိကထားကာ နောင်အနာဂတ်မှာ သူတို့ ဘာလုပ်ချင်လဲဆိုတာကို တွေးတောလာအောင် လှုံ့ဆော်ပေးတယ်၊ အထက်တန်းကျောင်းကျတော့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းအလိုက် အထူးပြုပညာရပ်တွေကို သင်ကြားပေးဖို့ အာရုံစိုက်တယ်။ သို့ပေမဲ့လည်း ဒီလိုကျိုးကြောင်းဆီလျော်မှုတွေက လက်ရှိခေတ်ကာလမှာတော့ အသုံးမဝင်တော့ပါဘူး။
မူလတန်းကျောင်းကို တက်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်း၊ တစ်ခုတည်းသာ ရှိပါတယ်။ အဲဒါကတော့ တက္ကသိုလ် တက်နိုင်ဖို့ပါပဲ။ ‘မင်းရဲ့ အိမ်မက်က ဘာလဲ’ ဆိုတဲ့ မေးခွန်းက ပျောက်ဆုံးသွားခဲ့တာ ကြာလှပြီ ဖြစ်ပြီး ကျောင်းသားတွေဟာ ပိုကောင်းတဲ့ တက္ကသိုလ်တစ်ခုခုကို တက်လှမ်းနိုင်ဖို့အတွက် သူတို့ရဲ့ ဖောင်တိန်တွေ၊ စာရွက်တွေနဲ့ပဲ အမြဲတမ်း လုံးပန်းနေကြရတယ်။ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေကလည်း ဘာမှ ထူးမခြားနားပါဘူး။ အဲဒီနေရာတွေထဲက ဘယ်နေရာကမှ ဘဝဆိုတာ ဘာလဲဆိုတာကို သင်ကြားမပေးခဲ့ကြဘူး။
ဆရာတွေကတောင် ‘အဲဒါကို တက္ကသိုလ်ရောက်မှ လုပ်လို့ရတယ်’ လို့ အမြဲတမ်း ပြောလေ့ရှိကြတယ်။ အရာအားလုံးကို တက္ကသိုလ် ဝင်ခွင့်ရပြီးတဲ့အထိ ရွှေ့ဆိုင်းထားခဲ့ရတာပါ။ သူတို့က ကျောင်းသားတွေကို လောကကြီးအကြောင်း ဘာတစ်ခုမှ သင်မပေးခဲ့ကြဘူး။ ဒီလိုနဲ့ပဲ ကျောင်းသားတွေဟာ တက္ကသိုလ်တက်ဖို့ စာလေ့လာရတဲ့ ၁၂ နှစ်တာ အချိန်တွေကို ကုန်ဆုံးစေခဲ့ပြီး ရုတ်တရက်ကြီး လူကြီးတွေ ဖြစ်သွားကြတော့တာပဲ။ အဲဒီအချိန်ကျရင် သူတို့က အသက် ၂၀ ရှိနေပြီ။ အသက် ၂၀ ဆိုတာ သိပ်ပြီး မငယ်တော့ဘူးဆိုပေမဲ့ အဲဒီအချိန်မှာ ကျောင်းသားတွေ သိတာဆိုလို့ ၉ နှစ်တာ မသင်မနေရ ပညာရေးနဲ့ ၃ နှစ်တာ တပိုင်းမသင်မနေရ ပညာရေးကြောင့် တိုင်းပြည်အတွင်းမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ အဆင့်သတ်မှတ်ချက်တွေကိုပဲ သိကြတော့တယ်။
သူတို့အနေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဘာလုပ်ချင်လဲဆိုတာကို တွေးတောရမှာဖြစ်ပြီး သူတို့ ဘာမှာ ကျွမ်းကျင်လဲဆိုတာကို ရှာဖွေရမှာ ဖြစ်ပေမဲ့လည်း လူကြီးမိဘတွေရဲ့ ဂရုစိုက်မှု အားနည်းချက်တွေရော၊ ပညာရေးရဲ့ မစွမ်းဆောင်နိုင်မှုတွေကြောင့်ပါ ကျောင်းသားတွေဟာ ‘အိမ်မက်’ ဆိုတာကို မျက်စိအောက်ကနေ ပျောက်ကွယ်သွားစေပြီး မေးခွန်းတွေကိုပဲ ဖြေရှင်းနေရတဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်သွားခဲ့ကြရပြီ။
ဒီလို အမြင်နဲ့ကြည့်ရင် ဒိုဂျင်ကို ကံကောင်းတဲ့ကောင်လို့ သတ်မှတ်လို့ရပါတယ်။ သူက သူ ပျော်ရွှင်ရမယ့်အရာကို ရှာတွေ့နေပြီကိုး။ ပြီးတော့ သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်မယ့် နေရာတစ်ခုလည်း ရှိနေတာမို့ ပိုလို့တောင် ကောင်းသေးတယ်။
“အဲဒီအတွက် အဆင်ပြေပါစေကွာ"
“ကျေးဇူးပဲ"
“ဒါနဲ့ မင်း မိဘတွေကိုကော အဲဒီအကြောင်း ပြောပြပြီးပြီလား"
“ငါ အဲဒီအကြောင်းကို သွယ်ဝိုက်ပြီး စကားစပ်ကြည့်ဖူးတယ်၊ သူတို့က သိပ်ပြီး မုန်းတီးနေတဲ့ပုံတော့ မရပါဘူး။ ငါ့အဖေက သဘောကျနေတာ။ သူက ဟင်းချက်တာကလည်း ကျွမ်းကျင်မှု ပညာရပ်တစ်ခုပဲတဲ့၊ ဒီတိုင်းပြည်မှာ ကောင်းမွန်တဲ့ ကျွမ်းကျင်မှု တစ်ခုခုရှိနေရင် အသက်ရှင် နေထိုင်ဖို့အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ပြောတယ်"
“မင်းအဖေ ပြောတာ ရာနှုန်းပြည့် အမှန်ပဲကွ။ စာမေးပွဲတွေမှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ မြင်ရင် မင်းအနေနဲ့ ဟင်းချက်တဲ့ဘက်ကိုပဲ ပိုပြီး အာရုံစိုက်လိုက်တာ ပိုကောင်းတယ်။ ဟင်းချက်သင်တန်းတွေ ဘာတွေကိုလည်း လိုက်ကြည့်ဦး။ အနည်းဆုံးတော့ အခြေခံကို သင်ယူထားသင့်တယ်လေ"
“ငါ စဉ်းစားကြည့်ပါဦးမယ်"
သူ့ဘဝကို ဘာလုပ်ရမှန်း မသိဘဲ ဝေခွဲမရဖြစ်ခဲ့ဖူးတဲ့ သူ့သူငယ်ချင်းဟာ အခုတော့ လမ်းကြောင်းတစ်ခုကို ဆုံးဖြတ်ပြီး ရှေ့ကို လှမ်းချီနေခဲ့ပြီ။ မာရူးက ဘာကြောင့်မှန်းမသိ ဝမ်းသာပီတိဖြစ်မိတယ်။ တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်လည်း ပျင်းရိပျင်းတွဲ မနေသင့်တော့ဘူးဆိုတဲ့ သတိပေးချက်တစ်ခုကိုလည်း ခံစားလိုက်ရတယ်။ ဒီနေ့က ဇွန်လ ၃ ရက်နေ့။ ရုပ်ရှင် ရိုက်ကူးရေး စတင်ခဲ့တာ သုံးရက်ရှိသွားပြီ။ ဇာတ်လမ်းကို ဘယ်လောက်အထိ ရိုက်ကူးပြီးသွားပြီလဲ၊ သို့မဟုတ် ပြဿနာ တစ်စုံတစ်ရာ ရှိနေလား၊ ရိုက်ကူးရေးအတွင်းမှာ ဘယ်လိုမျိုး အခြေအနေ ရှိနေလဲဆိုတာကို သူ မသိပေမဲ့လည်း မည်သည့်သတင်းမှ ထွက်မလာခြင်းက ကောင်းသောသတင်းပဲလို့ သူ ယုံကြည်ထားပါတယ်။
ရုပ်ရှင်ရိုက်ကူးရေးကို နှစ်လကြာမြင့်ဖို့ သတ်မှတ်ထားတယ်။ သူ ကြားရသလောက်တော့ တည်းဖြတ်မှုအားလုံး ပြီးစီးသွားတဲ့အခါ ဒီနှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ်အစပိုင်းမှာ အချောသတ်ထားတဲ့ ရုပ်ရှင်ကို ရုံတင်ပြသတော့မှာ ဖြစ်တယ်တဲ့။ အဲဒီအစီအစဉ်ကို သူ ပထမဆုံး ကြားရတုန်းက ရုပ်ရှင်တစ်ကား ထုတ်လုပ်ဖို့အတွက် ၆ လပဲ ကြာတာလားလို့ သူ တွေးမိခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်အများစုက သူတို့အကြောင်း ပြောကြတဲ့အခါ ‘၅ နှစ်တာ ထုတ်လုပ်ရေး’ သို့မဟုတ် ‘၁၀ နှစ်တာ ထုတ်လုပ်ရေး’ ဆိုတဲ့ နာမည်တပ်မှုတွေ ရှိတတ်ကြလို့ပဲ။
ဂွန်ဆူက အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးခဲ့ဖူးတယ်။
‘အဲဒါက ထုတ်လုပ်ရေး အချိန်ပိုင်းထဲမှာ စီစဉ်တဲ့အဆင့်ကို ထည့်သွင်းထားလို့လေ’
Pre-productionလို့ ခေါ်တဲ့ အဲဒီအဆင့်က ရုပ်ရှင်ရဲ့ ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်တဲ့အဆင့်ဖြစ်ပြီး အချိန်အရှည်ကြာဆုံး ယူရပါတယ်။ ထုတ်လုပ်ရေး အချိန်ရှည်လျားတဲ့ ရုပ်ရှင်တွေကတော့ Pre-production အဆင့်မှာ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတာ သို့မဟုတ် အဲဒီအဆင့်အတွင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေ ဖြစ်ပုံရတယ်။
ညွှန်ကြားမှုပုံစံ၊ ဇာတ်ညွှန်း တည်းဖြတ်မှုတွေအပြင် ရုပ်ရှင်ရဲ့ ကမ္ဘာကြီး တည်ဆောက်ပုံအပေါ် စုံစမ်းလေ့လာမှုတွေက ရုပ်ရှင်ရဲ့ အရာရာတိုင်းကို ဆုံးဖြတ်ပေးရတာမို့ အပြစ်ဆိုဖွယ်မရှိအောင် ပြီးပြည့်စုံနေရမယ်။ ဒါကြောင့် သဘာဝကျကျပဲ အချိန်အကြာကြီး ယူရတာပေါ့။
အဲဒါပြီးရင်တော့ Crank-in လို့ခေါ်တဲ့ လက်တွေ့ ရိုက်ကူးရေးအဆင့်ကို ရောက်ပြီ၊ အဲဒါကို Production အဆင့်လို့လည်း ခေါ်ပြီး၊ အဲဒီနောက်မှာတော့ တည်းဖြတ်မှုအားလုံး ပြုလုပ်မယ့် Post-production အဆင့်က လိုက်လာတာ။
ဇာတ်ကွက်တစ်ခုချင်းစီကို အခြေခံကနေစပြီး ဖန်တီးရတဲ့ Blockbuster အဆင့်မျိုး မဟုတ်ရင်တော့ ရိုက်ကူးရေး သက်သက်က သိပ်ပြီး မရှည်ပါဘူး။ ကိုရီးယားမှာတော့ အများအားဖြင့် နှစ်လကနေ လေးလဝန်းကျင်ပဲ ကြာတတ်တယ်။ အချိတ်အဆက်မိမိနဲ့ သွားနိုင်ရင် တစ်လလောက်နဲ့တောင် ပြီးသွားနိုင်တာ။ ရိုက်ကွင်းအားလုံးကို ရိုက်ပြီးသွားမှ တည်းဖြတ်တဲ့ အပိုင်းက လာတာလေ။ ဆိုလိုတာက ဖလင်လိပ်တွေ သက်သက်ကိုတော့ ရုပ်ရှင်လို့ ခေါ်လို့မရသေးဘူး။ မတည်းဖြတ်ခင် ဗီဒီယိုရဲ့ အရည်အသွေးက သိပ်ပြီး မကောင်းလှဘူး။
ဒီအလုပ်က တိုင်းပြည်အတွင်းမှာရှိတဲ့ အကောင်းဆုံး အဖွဲ့သားတွေနဲ့ အကောင်းဆုံး သရုပ်ဆောင်တွေ ပါဝင်နေတာမို့ နှစ်လဆိုတာ တော်တော်လေးကို ရက်ရက်ရောရော ပေးထားတဲ့ အချိန် ဖြစ်နိုင်ပါတယ်။
‘ဇွန်လ ၁၈ ရက်’ မာရူးက သူ့ရဲ့ ဇာတ်ကွက်ကို ရိုက်ကူးရမယ့် ရက်စွဲကို သူ့ကိုယ်သူ ပြန်လည် သတိပေးလိုက်တယ်။
ကံကောင်းထောက်မစွာပဲ အဲဒါက ပိတ်ရက်မှာ ဖြစ်နေလို့ သူ ကျောင်းပျက်စရာ မလိုတော့ဘူး။ ညဘက် ရိုက်ကူးရေး ဖြစ်ပေမဲ့လည်း သူက ကွင်းပြင်ကို ကြိုတင်ပြီး ရောက်နေရမှာမို့ ရက်သတ္တပတ် ရုံးဖွင့်ရက်တွေမှာသာ ဖြစ်ခဲ့ရင် အရာအားလုံးက ပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။
‘ငါ ဆုံးဖြတ်ချက်တစ်ခုခု ချရမယ့် အချိန် ရောက်ပြီလား'
ဂျွန်မင်းက သူ အလုပ်တွေ စလုပ်ရပြီဆိုရင် အလုပ်များလာလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ သူ ဆိုလိုတာက သူ့ရဲ့ ကျောင်းတက်ရက် မှတ်တမ်းကို ထိခိုက်နိုင်တယ်ဆိုတာပါပဲ။ စုစုပေါင်း စာသင်နှစ်ရဲ့ သုံးပုံတစ်ပုံလောက် ပျက်ကွက်ခဲ့ရင် သူ အတန်းထပ်နေရမှာမို့ အဲဒီကိစ္စကိုလည်း သူ ဂရုစိုက်ရမယ်။ အမှန်တော့ သူ့လိုမျိုး နာမည်မကြီးသေးတဲ့ သရုပ်ဆောင်တစ်ယောက်က အဲဒီလောက်အထိ အလုပ်များလာမှာ မဟုတ်ပေမဲ့ ကြိုတင်ပြင်ဆင်ထားတာက အမြဲတမ်း အကောင်းဆုံးပါပဲ။
“အော်... ဟုတ်သားပဲ၊ မာရူး။ ဒီနေ့ နည်းပြ မလာဘူးလို့ ငါ ကြားတယ်"
“အင်း... ငါလည်း ကြားတယ်"
ဒေးမြောင်က သူ့ကို စကားလှမ်းပြောလိုက်တယ်။ သူမ မလာနိုင်ရတဲ့ အကြောင်းရင်းကတော့ ရုပ်ရှင်ရိုက်ကူးရေးကြောင့် ဖြစ်နိုင်ပါတယ်။ သူမက မကြာခင်မှာ ဇာတ်လမ်းတွဲ အသစ်တစ်ခုကိုလည်း ရိုက်ကူးရနိုင်တယ်လို့ ပြောခဲ့ဖူးသေးတယ်။ သူမက သရုပ်ဆောင် အသက်မွေးဝမ်းကျောင်းကို မထိခိုက်စေမယ့် အဆင့်လောက်အထိပဲ သူမရဲ့ နည်းပြအလုပ်ကို လုပ်ဆောင်မှာဖြစ်ပြီး ဂျွန်မင်းကလည်း အဲဒီအချက်ကို ခွင့်ပြုထားပြီးသား ဖြစ်ရမယ်။
“ငါတို့ ဒါကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတော့မယ် ထင်တယ်"
“တကယ်ကြီးလား။ အဲဒါဆိုရင်တော့ ငါ ပိုပြီး အာရုံစိုက်ပြီး စဉ်းစားရတော့မှာပေါ့"
ဒေးမြောင်က အဲဒီအချက်ကို ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ လက်ခံလိုက်တယ်။ မာရူးကတော့ ဒေးမြောင် ညည်းညူလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ သူက မမျှော်လင့်ဘဲ တည်ငြိမ်နေခဲ့တယ်။ အာဏာရလာတဲ့အခါ ပျင်းရိသွားတတ်တဲ့ လူတွေရှိသလို တာဝန်ယူရတဲ့အခါ ပိုပြီး စွမ်းဆောင်ရည် ရှိလာတတ်တဲ့ လူတွေလည်း ရှိကြတယ်လေ။ ဒေးမြောင်ကတော့ ဒုတိယလူစားမျိုး ဖြစ်ပုံရပါတယ်။ သူက ဂျူနီယာတွေရဲ့ ရှေ့မှာ လေးစားလောက်စရာ စီနီယာတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တစ်ကြိမ်က ပြောခဲ့ဖူးတယ်။ သူက လူတိုင်း သရုပ်ဆောင်ရတာကို ပျော်မွေ့နိုင်မယ့် စင်မြင့်တစ်ခုကိုပဲ ဖန်တီးပေးချင်တာတဲ့။
သူက သရုပ်ဆောင်ရတာကို သဘောကျတဲ့ ကောင်လေးတစ်ယောက်ပါ။ ဆူယွန်း မရှိတဲ့ လစ်ဟင်းမှုကို ဖြည့်ဆည်းပေးဖို့ သူက လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။ အရာအားလုံးထက် ဂျူနီယာတွေက သူ့ကို ယုံကြည်ပြီး နောက်ကနေ လိုက်ကြတာမို့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။
“မာရူး၊ မင်းလည်း ရိုက်ကူးရေး ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား"
“ငါ့အလှည့်က ၁၈ ရက်နေ့။ တစ်ရက်တည်းပဲဆိုတော့ ငါတို့ကို သိပ်ပြီးတော့ အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ပါဘူး"
“အဲဒါဆို တော်သေးတာပေါ့။ အော်... ဒီနေ့ကစပြီး ငါတို့ ဇာတ်ကောင်ပစ္စည်းတွေ ဖန်တီးဖို့အတွက် နေ့တိုင်း တစ်နာရီလောက် အချိန်ယူကြမယ်၊ အဲဒီနောက်မှာတော့ ၉ နာရီအထိ သရုပ်ဆောင် လေ့ကျင့်ကြမယ်။ မင်း အဆင်ပြေရဲ့လား"
“ဘာမှ ပြဿနာမရှိပါဘူး"
“ဒိုဝူး၊ မင်းကော ဘယ်လိုလဲ"
အိပ်ပျော်နေတဲ့ ဒိုဝူးက ဖြည်းဖြည်းကလေး လက်ကိုမြှောက်ပြီး သူ့လက်နှစ်ချောင်းနဲ့ ဝိုင်းဝိုင်းပုံစံ ပြုလုပ်ပြလိုက်တယ်။ ဒေးမြောင်က ခေါင်းညိတ်လိုက်ပါတယ်။
“စာမေးပွဲတွေ ပြီးသွားပြီဆိုတော့ ငါတို့ စိတ်အေးလက်အေးနဲ့ လေ့ကျင့်လို့ရပြီပေါ့” ဒေးမြောင်က အဲဒီလိုပြောရင်း သူ့လက်မောင်းတွေကို ဆန့်ထုတ်လိုက်တယ်။
‘ကျောင်းပြင်ပက ကိစ္စတွေက အရေးကြီးပေမဲ့ ဒါကိုလည်း ငါ ပေါ့ဆလို့ မဖြစ်ဘူး'
ပြဇာတ်ကလပ်က တော်တော်လေးကို သေးငယ်တာမို့ ပြဇာတ်တစ်ခု ဖန်တီးနိုင်ဖို့အတွက် အဖွဲ့ဝင် တစ်ဦးချင်းစီက တော်တော်လေး အားစိုက်ထုတ်ရပါတယ်။ မာရူးက လုံးဝ စိုးရိမ်ပူပန်မှု မရှိတာတော့ မဟုတ်ပေမဲ့ ဒေးမြောင်ကို မြင်လိုက်ရပြီးတဲ့နောက်မှာတော့ ကြီးမားတဲ့ ပြဿနာတွေ ရှိလာမှာမဟုတ်ဘူးလို့ သူ ခံစားလိုက်ရတယ်။ ဒေးမြောင်က ကလပ်ကို ဦးဆောင်တဲ့နေရာမှာ အဲဒီလောက်အထိ အရည်အချင်း ရှိတာကိုး။
ဒီမှာတင် စပီကာကနေ နောက်ထပ် အတန်းချိန် စတင်တော့မယ့်အကြောင်း ကြေညာလိုက်တယ်။ မာရူးက သူ့အိတ်ထဲကနေ စာအုပ်တစ်အုပ်နဲ့ ပြဋ္ဌာန်းစာအုပ်ကို ထုတ်လိုက်တယ်။ စာမေးပွဲတွေ ပြီးသွားခဲ့ပြီ ဖြစ်ပြီး တော်တော်လေး ပျင်းစရာကောင်းတဲ့ နေ့စဉ်ဘဝထဲကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ။
* * * * * * * * *
“ဖူး... အလုပ်တွေ အများကြီး လုပ်ပေးခဲ့လို့ ကျေးဇူးပါပဲ"
“မင်းလည်း အတူတူပါပဲကွာ။ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
“ငါက ပိုက်ဆံရလို့ လုပ်တာပါ၊ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"
မီဆိုက ဂန်ဟွမ်ဆီကို ဘီယာဗူးတစ်ဗူး လှမ်းပစ်ပေးလိုက်တယ်။ ဒီနေ့က ‘ထီအိပ်မက်’ ပြဇာတ်ကို နောက်ဆုံးအကြိမ် ကပြဖျော်ဖြေတဲ့ နေ့ ဖြစ်ပါတယ်။ မနက်ခင်းတစ်ခုလုံးမှာ သူတို့ဟာ ဂျူနီယာတွေနဲ့အတူ စင်ပေါ်က ဇာတ်ကောင်ပစ္စည်းအားလုံးကို ဖယ်ရှားခဲ့ကြပြီး ပြဇာတ်ရုံအသေးလေးကို သူတို့ မငှားရမ်းခင်က အခြေအနေအတိုင်း ပြန်လည် ဖြစ်စေခဲ့တယ်။ အချိန်တိုလေးအတွင်းမှာပဲ ဖြစ်ပေမဲ့ စင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်လည်ရပ်တည်ခွင့်ရတာက တော်တော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်။ ငါ သရုပ်ဆောင်တဲ့နေရာမှာ ဒီထက်မက အရည်အချင်း ပိုရှိခဲ့ရင် ကောင်းမှာပဲ။ မီဆိုက ဘီယာပေါ်က အမြှုပ်တွေကို သောက်ရင်း တွေးမိတယ်။
“မင်း ငါ့ကို ပြောပြထားတဲ့ ဇာတ်လမ်းတွဲကော ဘာဖြစ်သွားပြီလဲ” ဂန်ဟွမ်က မေးလိုက်တယ်။
သူက အခုလို အချိန်မျိုးတွေမှာ တကယ်ပဲ ထုံအအနိုင်လှချည်ရဲ့။ မီဆိုက ဘီယာဗူးရဲ့ တစ်ဝက်ကို တစ်ငုံတည်းနဲ့ မော့သောက်လိုက်ပြီးနောက် ခေါင်းကို ခါယမ်းလိုက်တယ်။ သူမက ဂျွန်မင်းကတစ်ဆင့် ဇာတ်လမ်းတွဲ ဇာတ်ညွှန်းတစ်ခုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒါရိုက်တာဆီကနေ အိုကေဆိုတဲ့ အဖြေကိုတော့ မရရှိခဲ့ပါဘူး။ မီဆိုက ‘သရုပ်ဆောင် အရည်အချင်း ကောင်းမွန်ပေမဲ့ သူမရဲ့ ရုပ်ရည်က ဇာတ်ကောင်နဲ့ မကိုက်ညီဘူး’ လို့ အကဲဖြတ်ခြင်းခံရတဲ့အခါ ခါးခါးသီးသီး ပြုံးမိပါတယ်။ သူမ အသက် ၂၀ တုန်းကတော့ ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ လူရွေးပွဲတွေကို စိန်ခေါ်ခဲ့ဖူးတယ်။ သူမက အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ‘ရှုံးနိမိတ်သည် အောင်ခြင်း၏ အမိခင်’ ဆိုတဲ့ စကားပုံအဟောင်းကို ရင်ထဲမှာ အသည်းစွဲ မှတ်ယူထားခဲ့တယ်။ သို့သော်လည်း သူမ အသက် ၃၀ ရောက်လာပြီး သူမကိုယ်တိုင် သရုပ်ဆောင်တာထက် တခြားလူတွေကို သရုပ်ဆောင်နည်း သင်ကြားပေးတဲ့နေရာမှာ အချိန်တွေ ပိုပြီး ကုန်ဆုံးလာခဲ့ရတဲ့အခါမှာတော့ လက်တွေ့ဘဝဆီကို မျက်လုံး လွှဲလိုက်ရပါတော့တယ်။ သူမဟာ သရုပ်ဆောင်ဖြစ်ဖို့ ရည်မှန်းထားတဲ့သူတွေကို ပရော်ဖက်ရှင်နယ်အဆင့် သင်ကြားပေးဖို့ စတင်ခဲ့တယ်။
“အာ... စူပါစတားတစ်ယောက် ဖြစ်လာမယ့် ငါ့ရဲ့အိမ်မက်ကတော့ ပျောက်ကွယ်သွားပြီ ထင်ပါရဲ့"
“မင်း စကားပြောပုံက လုံးဝ လက်လျှော့လိုက်တဲ့ ပုံစံမျိုးပေါ့"
“ဟဲလို... မစ္စတာ ယန်ဂန်ဟွမ် ငါက ရုပ်ကလေး နုပျိုနေသေးတယ်ဆိုပေမဲ့ ဒီနှစ်ထဲမှာ အသက် ၃၁ နှစ် ရှိနေပြီကွ။ အသက် ၃၀ ကျော်သွားတဲ့ အမျိုးသမီးတစ်ယောက်ကို လျှော့မတွက်နဲ့။ အဲဒါက လောကကြီးတစ်ခုလုံး တင်းကျပ်သွားသလိုမျိုး ငါ့ကို ခံစားရစေတယ်"
“ရုပ်ကလေးက နုပျိုနေသေးတယ်တဲ့... ဟဲဟဲ"
မီဆိုက သောက်ပြီးသား ဘီယာဗူးခွံကို သူမရဲ့ လက်ဗလာနဲ့ ညှစ်ခြေပစ်လိုက်ပြီး ဂန်ဟွမ်ဆီကို လှမ်းပစ်လိုက်တယ်။ ဗူးခွံက ဂန်ဟွမ်ရဲ့ နဖူးကို ‘ဖြောင်း’ ဆိုတဲ့ အသံနဲ့အတူ ထိမှန်သွားပြီးနောက် ကြမ်းပြင်ပေါ်ကို ကျသွားခဲ့တယ်။
“မင်းကို လက်ထပ်မယ့် ဆရာ့ကို ငါ သနားမိပါတယ်ကွာ။ တကယ်ကို သနားမိတာ"
“မင်းကို ငါ တကယ်ကြီး ထိုးကြိတ်ပေးစေချင်တာလား"
“မဟုတ်ပါဘူး၊ ငါက ဒီလောကကြီးနဲ့ ခွဲခွာဖို့ သိပ်ပြီး ငယ်သေးလို့ပါ၊ ဒါကြောင့် ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်ပါရစေ"
ဂန်ဟွမ်က ဒယ်ဟက်ရိုရဲ့ လမ်းဘေးမှာ ရောင်းချတဲ့ ကြက်သားတုတ်ထိုး တစ်ချောင်းကို သူမဆီ ကမ်းပေးလိုက်တယ်။ သူတို့က ပြဇာတ်တစ်ခု ပြီးသွားတိုင်း အပြင်ကို ထွက်လာခဲ့ကြပြီး အခုလိုမျိုး ကြက်သားတုတ်ထိုးတွေနဲ့ ဘီယာတွေကို အမြဲတမ်း စားသောက်လေ့ ရှိကြတာပေါ့။
“မင်း စီနီယာ ဂျွန်မင်းနဲ့ တွေ့ခဲ့လား"
“တွေ့ခဲ့တယ်"
“စာချုပ်ကော ဘာဖြစ်သွားလဲ"
“ငါ လက်မှတ်ထိုးခဲ့ပြီ"
“ဒါဆိုရင်တော့ အခုဆို မင်းရော ငါရော ဂွန်ဆူပါ အိုးတစ်လုံးထဲက ထမင်းကို အတူတူ စားကြရတော့မှာပေါ့။ ဆင်းရဲမွဲတေမှုကြီးကို နှုတ်ဆက်လိုက်ပြီဟေ့"
ဂန်ဟွမ်က အောင်ပွဲခံလိုက်တယ်။ သူက ရသမျှ ပိုက်ဆံတွေကို သုံးပစ်တတ်တဲ့ လူစားမျိုးမို့ ပိုက်ဆံ တော်တော်လေး ရနေရင်တောင် အမြဲတမ်း ပိုက်ဆံ ပြတ်လပ်နေတတ်တယ်။ သူက ဒီတစ်ကြိမ် ပြဇာတ်ကနေ ရရှိတဲ့ အကျိုးအမြတ် အများစုကိုလည်း သူ့ရဲ့ ဂျူနီယာတွေကို ပေးကမ်းဖို့ သုံးစွဲခဲ့တာမို့ သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ မဆိုစလောက်ပဲ ကျန်တော့တာ ဖြစ်တယ်။
“မင်း အပ်ငွေစာရင်း အကောင့်တစ်ခုခု ဖွင့်ထားရမယ့် အချိန် ရောက်ပြီ မဟုတ်ဘူးလား"
“မရှိပါဘူးကွာ၊ ငါ့ကို လက်ထပ်မယ့် အမျိုးသမီးလည်း မရှိတာပဲ၊ အဲဒါကြောင့် ငါ့အတွက် မလိုပါဘူး။ ဘဝဆိုတာ ရသမျှကို သုံးပစ်ဖို့ပဲ မဟုတ်ဘူးလား"
“ငရဲကျမယ့် အရူးကောင်။ မင်းနဲ့ ဂွန်ဆူက ဘာလို့ ဘဝကို အဲဒီလောက်အထိ လွယ်လွယ်ကူကူ ဖြတ်သန်းနေကြတာလဲ"
“မစ် ယန်မီဆို ခင်ဗျာ၊ မင်းကော အဲဒီစာရင်းထဲမှာ မင်းရဲ့နာမည်ကို ဘာလို့ ချန်လှပ်ထားတာလဲ"
“တချို့ ယောကျာ်းတွေနဲ့မတူဘဲ ငါက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ အပြင်းအထန် ကြိုးစားခဲ့ရတာကွ။ ငါ့နာမည်နဲ့ အိမ်တစ်လုံးတောင် ရှိသေးတယ်"
“အဲဒါကိုတော့ ငါ တကယ် အားကျတယ်ကွာ"
ဂန်ဟွမ်က ဖြဲခနဲ ပြုံးလိုက်တယ်။
“မင်း တကယ်ပဲ တွဲနေတဲ့ မိန်းကလေး မရှိဘူးလား"
“မရှိပါဘူး"
“အင်းလေ... ချက်ချင်းကြီး အဆက်အသွယ် ဖြတ်ပစ်တတ်တဲ့ မင်းလို လူမျိုးနဲ့ ဘယ်သူက တွဲမှာလဲ။ မင်း အိမ်ခြေမဲ့ဘဝကို လက်တွေ့ ခံစားကြည့်ဖို့အတွက် အဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်တုန်းက ငါ တကယ်ကို အံ့ဩမှင်တက်သွားခဲ့ရတာ"
“မင်းက ဇာတ်လမ်းဟောင်းတွေကို ပြန်ပြောနေပြန်ပြီ။ ငါ့အကြောင်းကို စိုးရိမ်မနေဘဲ မင်းအကြောင်းကိုပဲ မင်း စိုးရိမ်စမ်းပါ။ မင်းရဲ့ အဲဒီဆရာက သူတော်စင်တစ်ယောက်ပဲမို့ သူ့ကို လက်လွတ်မခံနဲ့၊ အိုကေ"
မီဆိုက ဂန်ဟွမ်က သူမရဲ့ စိတ်အာရုံကို နှောင့်ယှက်နေတာမို့ သူ့ရဲ့ ခါးကို လက်သီးနဲ့ ထိုးလိုက်တယ်။ ဂန်ဟွမ်က နာကျင်မှုကြောင့် သူ့ခါးကို ပြန်လည် ဆုပ်ကိုင်ထားလိုက်ရတယ်။
“ဂွန်ဆူက ရိုက်ကူးရေး စတင်နေပြီ ထင်တယ်"
“ငါ ကြားတယ်"
“သွားကြည့်ကြမလား"
“သူ့ကို သွားပြီး မနှောင့်ယှက်ဘဲ ဒီမှာပဲ နေစမ်းပါ။ မင်း အဲဒီလောက်အထိ အားနေရင် ဒယ်ဟက်ရိုမှာ မိန်းကလေးတစ်ယောက်လောက် ရှာဖို့ ကြိုးစားဦး။ မင်း တစ်သက်လုံး တစ်ယောက်တည်း နေသွားမှာတော့ မဟုတ်ဘူး မဟုတ်လား"
“ကျေးဇူးပြု၍ ငါ့ရဲ့ အချစ်ရေးကို ငါ့ဘာသာကိုယ်ပဲ စီမံခွင့်ပေးပါဦးဗျာ၊ ဟုတ်ပြီလား။ မင်းက ငါ့အမေလည်း မဟုတ်ဘဲနဲ့ အဲဒီလောက်အထိ ပွစိပွစိ ပြောမနေပါနဲ့"
ဂန်ဟွမ်က ခဏလောက် တွတွတတနဲ့ ညည်းညူနေပြီးနောက် ရုတ်တရက်ကြီး မတ်တတ်ရပ်လိုက်တယ်။
“ငါ အားနေတာဆိုတော့ ငါ့ရဲ့ ပထမဆုံး တပည့်ဆီကို သွားကြည့်ရမယ်"
“မင်းရဲ့ ပထမဆုံး တပည့်”
“ဟို ရှေးရိုးစွဲကောင်ကြီးလေ"
“အော်... မာရူးကို ပြောတာလား"
“သွားကြမလား"
“သွားရမလား"
မီဆိုက ဂန်ဟွမ်ကို ကြည့်ပြီး ပြုံးလိုက်တယ်။ မာရူးက သူတို့ကို သိပ်ပြီး ဝင်မစွက်ဖက်ဖို့ ပြောခဲ့ဖူးပေမဲ့ သွားကြည့်ရုံသက်သက်ကတော့ ဝင်စွက်ဖက်တာ မဟုတ်တာမို့ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး။
“အော်... နေဦး။ ကင်ဆူယွန်းက အဲဒီမှာ သူတို့ရဲ့ နည်းပြအဖြစ် ရှိနေတာ မဟုတ်ဘူးလား။ ငါ ရုတ်တရက်ကြီး မသွားချင်တော့ဘူး"
ဂန်ဟွမ်က အောက်ကို ပြန်ထိုင်ဖို့ ပြုလုပ်လိုက်စဉ်မှာပဲ မီဆိုက သူ့ကို ပြန်လည် ဆွဲထူလိုက်တယ်။
“မင်းက ယောကျာ်းတစ်ယောက်ပဲ။ ဘာလို့ မင်းရဲ့ ဆုံးဖြတ်ချက်တွေကို အဲဒီလိုမျိုး စိတ်ကူးပေါက်သလို ပြောင်းလဲနေရတာလဲ။ အခုတော့ သွားကြစို့။ ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ဂျူနီယာတွေကို ငါ မြင်ချင်လှပြီ"
သူမက ပထမနှစ် ကျောင်းသားအသစ်တွေကို သေချာတောင် နှုတ်မဆက်ရသေးပါဘူး။ သူမက သူတို့အတွက် ကောင်းမွန်တဲ့ မုန့်တစ်ခုခု ဝယ်ကျွေးပြီး အားပေးသင့်တယ်လို့ တွေးလိုက်တယ်။
မီဆိုက မသွားချင်သွားချင် ဖြစ်နေတဲ့ ဂန်ဟွမ်ကို သူမရဲ့ ကားထဲကို ထည့်လိုက်ပြီးနောက် ကားကို စတင် မောင်းနှင်လိုက်ပါတော့တယ်။
* * * * * * * * *