အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း(၂၇၂)
ကျောင်းဆင်းတော့ ပြဇာတ်အဖွဲ့က လူတွေအားလုံး ငါးထပ်ကို စုလာကြတယ်။ စာမေးပွဲပြီးကတည်းက ပထမဆုံးအကြိမ် ပြန်ဆုံကြတာလေ။ ဘယ်သူမှ စာမေးပွဲအကြောင်း စကားစမတင်ဘဲ တန်းပြီးတော့ပဲ လေ့ကျင့်ခန်းဆင်းကြတယ်။ ဒေးမြောင်ရဲ့ ဦးဆောင်မှုနဲ့ ကိုယ်လက်လှုပ်ရှားတာ တချို့လုပ်ပြီး ဇာတ်ညွှန်းကို စဖတ်မလို့ ပြင်နေတုန်းမှာပဲ ဆူယွန်း ငှားပေးထားတဲ့ အဝတ်အစားတွေကို ဘယ်တော့ ဝတ်ရမလဲလို့ အာရမ်က လှမ်းမေးပါတော့တယ်။
“ဘာပဲဖြစ်ဖြစ် ဝတ်စုံတွေက အဆင်ပြေမပြေ အရင် စစ်ကြည့်ရမှာ မဟုတ်လား”
သူပြောတာလည်း မမှားတော့ အားလုံးပဲ အဲဒီလိုလုပ်ဖို့ သဘောတူလိုက်ကြတယ်။ အာရမ်က တခစ်ခစ်ရယ်ရင်း ဂျီယွန်းကို လက်ဆွဲပြီး သန့်စင်ခန်းဘက် ခေါ်သွားချိန်မှာ ယောက်ျားလေးတွေကတော့ စာသင်ခန်းထဲမှာတင် အဝတ်လဲကြတာပေါ့။ မြို့ပြ နောက်ခံဇာတ်လမ်း ဖြစ်နေလို့ ဝတ်စုံတွေ ရှာရဖွေရတာကတော့ သိပ်ပြီး မခက်ခဲလှပါဘူး။ ရဲဝတ်စုံဆိုရင် ကျောင်းဆင်းသွားတဲ့ စီနီယာတွေ ထားခဲ့တာ တစ်စုံရှိနေပြီး ကျန်တဲ့ဝတ်စုံတွေကတော့ သာမန် အရပ်ဝတ်အင်္ကျီတွေနဲ့တင် အဆင်ပြေတယ်။ ပြင်ဆင်ရ အခက်ဆုံးက ဘားမယ် ဝတ်စုံပဲ၊ ဒါပေမဲ့ အဲဒါကို ဆူယွန်းက အစအဆုံး တာဝန်ယူ ဖြေရှင်းပေးသွားခဲ့တာ။
မာရူးလည်း သူ့လွယ်အိတ်ထဲကနေ ကုတ်အင်္ကျီနဲ့ ဘောင်းဘီတစ်စုံကို ထုတ်လိုက်တယ်။ စတော့ကျန်ပစ္စည်းတွေ လျှော့ဈေးနဲ့ရောင်းတဲ့ ဆိုင်တွေကို ပတ်ကြည့်ရင်း ရှာတွေ့ခဲ့တာပါ။ ဆိုင်ရှင်က ဒီဝတ်စုံဟာ အရင်ပိုင်ရှင် ကုန်လှောင်ရုံမှာ အလုပ်လုပ်တုန်းက စုတ်ပြဲသွားတာ ဖြစ်လို့ဆိုပြီး သူ့ကို ဈေးပေါပေါနဲ့ ရောင်းပေးလိုက်တာလေ။
“အတော်ပဲနော်၊ တော်တော်လေး ကောင်းတယ်”
အဝတ်က သေသေချာချာ ပြန်ဖာထေးထားပြီးသား။ သူ့ရဲ့ ကိုယ်တိုင်းကို မေးပြီး ဒါကို သူ့ဆီသာ အပ်ထားလိုက်စမ်းပါလို့ ပြောခဲ့တဲ့ အဖွားအိုရဲ့ လက်ရာက တကယ်ကို ပြောင်မြောက်လှပါတယ်။
“ငါ... ငါနဲ့ တော်ရဲ့လားမသိဘူး” ရဲဝတ်စုံကို အနိုင်နိုင် အတင်းစွတ်ပြီးဝတ်ထားရတဲ့ ဒေးမြောင်က မှန်ရှေ့မှာ ရပ်ရင်း ပြောလိုက်တယ်။
ရဲတံဆိပ်ပါတဲ့ ဂျာကင်အင်္ကျီနဲ့ ဘောင်းဘီအနက်ရောင်၊ အပေါ်ကနေ ဝေါကီတော်ကီ ချိတ်ထားတဲ့ အဝါရောင် အပေါ်ထပ် အင်္ကျီလက်ပြတ်ကိုလည်း ထပ်ဝတ်ထားသေးတယ်။ လက်ထဲမှာ ရဲတုတ်ပါ ကိုင်လိုက်ရင်တော့ တကယ့် ရဲအရာရှိတစ်ယောက်အတိုင်း ကွက်တိပါပဲ။
“မူးယစ်မောင်းနှင်မှု စစ်ဆေးရေးမှာ အပင်ပန်းခံပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ” မာရူးက ပြုံးစိစိနဲ့ လှမ်းစနောက်လိုက်တယ်။
ဒေးမြောင်ရဲ့ နောက်မှာတော့ သားရေဂျာကင်ကို ဝတ်ထားတဲ့ ဒိုဝူး ရှိနေတယ်။ ရပ်ကွက်ထဲက လမ်းသရဲ လူမိုက်တစ်ယောက်ရဲ့ ပုံစံအတိုင်း တစ်ထေရာတည်းပဲ။ လမ်းသွားလမ်းလာတွေသာ ဆောင့်ကြောင့်ထိုင် ဆေးလိပ်သောက်နေတဲ့ သူ့ပုံကို မြင်ရင် ကြောက်ကြောက်လန့်လန့်နဲ့ ပိုက်ဆံထုတ်ပေးရမယ့် ရုပ်မျိုး ပေါက်နေတာ။
“လူတွေကို ကြင်ကြင်နာနာ ဆက်ဆံပါဦး ဒိုဝူးရဲ့”
“လာနောက်မနေနဲ့စမ်းပါ”
“မင်းရဲ့ ဒီဆိုးဝါးတဲ့ နှုတ်ကတင် မင်းကို လမ်းသရဲနဲ့ တကယ်တူအောင် လုပ်ပေးနေတာ”
“တောက်... ငါတော့ဖြင့်...”
စင်ပေါ်ရောက်လို့ လူရှိန်ပြီး စာသားတွေ မေ့မသွားသရွေ့တော့ သူ့ရဲ့ လမ်းသရဲ သရုပ်ဆောင်မှုက လူကြိုက်များမှာ သေချာပါတယ်။ ဘန်ဂျူးကတော့ နက်ကတိုင်ကို စည်းထားလျက်သားနဲ့ ဟိုဘက်ဒီဘက် ယိမ်းထိုးပြနေပြီးမှ တစ်ခုခု လိုနေသလို ခံစားရလို့ ပြန်ဖြုတ်လိုက်တယ်။ အဲဒီအစား အင်္ကျီအပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်၊ လက်ထဲက ဆိုဂျူပုလင်းအလွတ်ကို ကောက်ကိုင်လိုက်ပြီး -
“ငါ အခု မူးနေတဲ့ပုံ ပေါက်ပြီလား”
ဘန်ဂျူးရဲ့ အခန်းက အရက်မူးနေတဲ့သူနေရာကနေ သရုပ်ဆောင်ရမှာ ဖြစ်နေလို့ပဲ။
“ဝတ်စုံတစ်ခုတည်းနဲ့တော့ အရက်မူးနေတဲ့သူ ဖြစ်မလာနိုင်ဘူးလေ၊ မင်းရဲ့ သရုပ်ဆောင်မှုကလည်း ကောင်းဖို့ လိုဦးမယ်”
“ဟုတ်ပါပြီ၊ ဒါပေမဲ့ ဒီဆိုဂျူပုလင်းကြီး ပါနေတာက မမိုက်ဘူးလား”
“တကယ်တော့ အချုပ်ခန်းထဲကို ဆိုဂျူပုလင်း ယူသွားလို့မရပေမယ့် ပြဇာတ်ဖြစ်နေတော့လည်း အဆင်ပြေပါတယ်လေ”
ဘန်ဂျူးက ခေါင်းညိတ်ပြပြီး ဆိုဂျူပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။
“စင်ပေါ်မတက်ခင် ဆိုဂျူတစ်ငုံလောက် သောက်သွားရင် ပိုပြီး ကွက်တိဖြစ်သွားမလားဟင်”
“မထင်ပါဘူး၊ တကယ်လို့ မင်းကိုယ်မင်း သရုပ်မဆောင်နိုင်ဘူး ထင်ရင် မင်းအစ်မကိုပဲ အကူအညီတောင်းလိုက်ပေါ့၊ မင်းနဲ့ အနီးဆုံးမှာ အတော်ဆုံး သရုပ်ဆောင်ဆရာမကြီး ရှိနေတာပဲဥစ္စာ”
“ကျွန်တော့်အစ်မဆီကနေ သရုပ်ဆောင်ပညာ သင်မယ့်အစား ကိုယ့်ဘာသာကိုယ်ပဲ လေ့လာလိုက်ပါတော့မယ်၊ ကျွန်တော့်အစ်မက ဘာမဆို အသေးစိတ် ဇောက်ချလုပ်တတ်တဲ့လူဗျ၊ တကယ်လို့ သွားသင်ပေးဖို့ ပြောလိုက်ရင်... အား... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီး”
အဲဒီလို အခြေအနေမျိုးကို စိတ်ကူးထဲတောင် မထည့်ချင်သလိုမျိုး ဘန်ဂျူးတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားတယ်။
မာရူးကတော့ ဂျူဟယွန်းအကြောင်းကို သေသေချာချာ မသိသေးတာမို့ ခေါင်းပဲ ငိတ်ပြလိုက်မိတယ်။
“ဒါနဲ့ စီနီယာ... ဒီကုတ်အင်္ကျီနဲ့ ဘောင်းဘီအစုံက စီနီယာနဲ့ တကယ် လိုက်ဖက်တယ်နော်” ဘန်ဂျူးက မာရူးကို လှမ်းပြောတယ်။
မာရူးက ပြုံးလိုက်ပြီး သူ့နက်ကတိုင်ကို ပြန်ပြင်စည်းလိုက်တယ်။ အရင်ဘဝတုန်းက ဒီလိုဝတ်စုံတွေကို မရေမတွက်နိုင်အောင် ဝတ်ခဲ့ဖူးတာလေ။ ဒါကိုမှ ဝတ်ရတာ အဆင်မပြေဘဲ ကန့်လန့်ကန့်လန့် ဖြစ်နေရင် အဲဒါကပဲ ပြဿနာ ဖြစ်နေမှာပေါ့။ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အခါ ဒီဝတ်စုံကြီးအတိုင်း အိပ်ပျော်သွားခဲ့တာတွေကိုတောင် သူ မှတ်မိနေသေးတယ်။ အဲဒီလောက်အထိ အဝတ်များခဲ့တာမို့ ဘယ်လိုဝတ်ရင် ကြည့်ကောင်းမလဲဆိုတာကို သူ့ခန္ဓာကိုယ်က အလိုလို မှတ်မိနေတာ ဖြစ်ပါတယ်။
သူတို့တစ်ယောက်နဲ့တစ်ယောက် အဝတ်အစားတွေကို ကြည့်ရှုရင်း အဆင်ပြေရဲ့လားဆိုတာ စစ်ဆေးပေးကြတယ်။ ဒီအချိန်မှာပဲ အာရမ်က စာသင်ခန်းတံခါးကို ဖွင့်ပြီး ဝင်လာခဲ့တယ်။ သူက ဒေါင်လိုက်အစင်းကြောင်းတွေပါတဲ့ ကုတ်အင်္ကျီ၊ ဘောင်းဘီအစုံနဲ့ တီရှပ်အဖြူရောင်ကို ဝတ်ထားတာပါ။ သာမန် ပေါ့ပေါ့ပါးပါး ဝတ်စုံမျိုး ဖြစ်နေလို့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်နဲ့တော့ မတူဘူး။ သူ့ရဲ့ အခန်းက လိမ်လည်လှည့်ဖြားသူ တစ်ယောက်နေရာက ဖြစ်လို့ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျနေဖို့ လိုအပ်ပြီး ဆူယွန်း ရွေးပေးလိုက်တဲ့ ဝတ်စုံကလည်း အဲဒီပုံစံနဲ့ ကွက်တိ ကျနေတာပဲ။
“ငါနဲ့ လိုက်တယ်မဟုတ်လား”
“အသေအချာပေါ့၊ လိုက်ဖက်ပါတယ်” မာရူးက ပြုံးပြီး ပြောလိုက်တယ်။
အာရမ်က ရင်ဘတ်အိတ်ကပ်ထဲကနေ မျက်မှန်ဝိုင်းလေးကို ထုတ်ပြီး တပ်လိုက်ရင်း -
“ငါ့ကိုကြည့်ရတာ ပညာတတ်ပုံစံ ပိုပေါက်သွားပြီ မဟုတ်လား၊ တကယ့် လိမ်လည်လှည့်ဖြားသူကြီးလိုပဲလေ”
“ဒါတွေကို ဘယ်ကနေ ရလာတာလဲ”
“ဆရာမရဲ့ အိမ်ကနေ ယူလာတာ၊ အဝတ်လဲခန်း သပ်သပ်ရှိတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး သိလား၊ ပြီးခဲ့တဲ့တစ်ခေါက် သွားတုန်းက ဘာရှာရမှန်းမသိလို့ ဒီတစ်ခေါက်ကျမှ အများကြီး လိုက်ကြည့်ခဲ့တာ၊ ဒါပေမဲ့ တကယ် ပြောတာနော်... အဝတ်အစားတွေက ဒီစာသင်ခန်းရဲ့ တစ်ဝက်လောက်ရှိတဲ့ အခန်းထဲမှာ အပြည့်ပဲ”
အာရမ်က သူ့လက်မကို ထောင်ပြလိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျီယွန်းက အာရမ်ရဲ့နောက်ကနေ ခေါင်းလေးပြူပြီး ချောင်းကြည့်နေတာကို မြင်လိုက်ရတယ်။ သူ့ကိုယ်လုံးလေးက တံခါးနောက်မှာ ပုန်းနေတုန်းမို့ ဝတ်စုံကို သေသေချာချာ မမြင်ရသေးဘူး။
“ကဲ... ကြည့်လိုက်ကြဦးဟေ့”
အာရမ်က ဂျီယွန်းကို အတင်းဆွဲထုတ်ပြီး သူ့ရှေ့မှာ ရပ်ခိုင်းလိုက်တယ်။ မာရူး ခပ်အူအူပဲ ရယ်မိသွားတော့တယ်။ ဂျီယွန်းက ဒူးအထိရှည်တဲ့ ဂါဝန်တစ်ဆက်တည်းအပေါ်မှာ ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်ထားတာ ဖြစ်လို့ပဲ။
“ဟာ... နေ... နေပါဦး”
ဂျီယွန်းက ချက်ချင်းပဲ အာရမ်ရဲ့ ကျောနောက်မှာ ပြန်ပုန်းသွားတယ်။ မာရူးက သူ့နောက်က ယောက်ျားလေးတွေဆီ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တော့ ဒိုဝူးနဲ့ ဘန်ဂျူးက ပျော်စရာ တစ်ခုခုကို ရှာတွေ့သွားသလိုမျိုး တခစ်ခစ် ရယ်နေကြပြီး ဒေးမြောင်ကတော့ မျက်လုံးကို ဘယ်နားထားရမှန်းမသိဘဲ ဟိုကြည့်ဒီကြည့် ဖြစ်နေရှာတယ်။
“သူနဲ့ လိုက်ဖက်တယ် မဟုတ်လား”
အာရမ်က ဘေးကို ဖယ်ပေးရင်း ပြောလိုက်တော့မှ ဂျီယွန်းရဲ့ ပုံစံကို အားလုံး အထင်းသား မြင်လိုက်ရတော့တယ်။ ကလေးဆန်တဲ့ သူ့မျက်နှာလေးက ရှက်သွေးဖြန်းပြီး နီမြန်းနေကာ ဂါဝန်အောက်နားစွန်းကိုလည်း အစွမ်းကုန် အောက်ကို ဆွဲချနေရှာတာ။ အဲဒီအချိန်မှာ အာရမ်က ဂျီယွန်း အောက်ကို ဆွဲချနေတဲ့ ဂါဝန်စကို အပေါ် ပြန်ပင့်တင်ပေးရင်း -
“အောက်ကို ဒီလောက်ကြီး ဆွဲချနေရင် ဆွဲဆောင်မှုရှိတဲ့ အလှတရားက ပေါ်လာတော့မှာ မဟုတ်ဘူးလေ”
“ဒါ... ဒါပေမဲ့ ဒါက တိုလွန်းတယ်လေ”
“ရပါတယ်၊ အခုခေတ်မှာ ဒါက ပုံမှန်ပဲဥစ္စာ၊ တီဗီထဲက လူတွေကိုပဲ ကြည့်ကြည့်လေ”
ဂျီယွန်းလည်း အာရမ်ကို ခဏလောက် ငြင်းခုံပြီးတဲ့နောက်မှာတော့ အရှုံးပေးလိုက်ရရှာတယ်။ သူက အောက်ကို ငုံ့ကြည့်ရင်း ရှေ့ကို တစ်လှမ်း တိုးလာခဲ့တယ်။
“ဒါ ဆရာမ ရွေးပေးလိုက်တဲ့ ဝတ်စုံလေ၊ ဘယ်လိုလဲ... သူနဲ့ လိုက်တယ် မဟုတ်လား”
အာရမ်က ဝတ်စုံပိုင်ရှင် ဂျီယွန်းထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေပုံရတယ်။ မာရူးကတော့ အာရမ် ကျောင်းလာရတဲ့ ရည်ရွယ်ချက်က ဂျီယွန်းကို စနောက်ဖို့သက်သက်ပဲလို့ တွေးမိနေတော့တာ။ မာရူးက ဂျီယွန်းကို ထိပ်ဆုံးကနေ ခြေဆုံးအထိ အကဲခတ်ကြည့်လိုက်တယ်။ လောလောဆယ်တော့ သူက ဘားမယ်တစ်ယောက်ရဲ့ ပုံစံနဲ့ အတော်လေး နီးစပ်နေပါပြီ။ ကလေးဆန်တဲ့ မျက်နှာပေါက်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ အမူအရာတွေကြောင့် ဆွဲဆောင်မှုရှိတဲ့ အလှမျိုး ပေါ်မလာသေးပေမယ့် သူ့ရဲ့ အဝတ်အစားတွေကတော့ အခန်းကဏ္ဍနဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။
“ကြည့်ရတာ... ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလားဟင်”
“မင်းရဲ့ အမူအရာကသာ တစ်မျိုးကြီး ဖြစ်နေတာပါ၊ ဘယ်လိုလဲ ဒေးမြောင်... မင်းကော ဘာတွေးမိလဲ”
မာရူးက မေးခွန်းကို ဒေးမြောင်ဆီ လွှဲပေးလိုက်တယ်။ နောက်နားမှာ ရှိနေတဲ့ ဒေးမြောင်တစ်ယောက် လန့်ဖျပ်သွားပြီး -
“ဘာ... ဘာကို ဘာတွေးရမှာလဲ”
“ဂျီယွန်းရဲ့ ဝတ်စုံကို ပြောတာလေ၊ မင်းရဲ့ အမြင်ကို မေးနေတာ”
“...သူနဲ့ လိုက်တော့ လိုက်ပါတယ်၊ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ”
“ဟို... အင်း...”
“ပြောစမ်းပါ၊ မင်းကိုယ်တိုင်လည်း ဇာတ်ကွက်ကို သေသေချာချာ ပြန်ညှိရဦးမှာ မဟုတ်လား”
“ငါ့အမြင်ကတော့... နည်းနည်း ရဲလွန်းတယ်လို့ ထင်လို့ပါ”
ဒေးမြောင်က အဲဒီလိုပြောပြီး ရှက်ရှက်နဲ့ မျက်နှာလွှဲသွားတယ်။ ဂျီယွန်းလည်း တွန့်ခနဲ ဖြစ်သွားပြီး အာရမ်ရဲ့ ဘေးနားကို ကပ်သွားရှာတယ်။
“ရဲလွန်းတယ် ဟုတ်လား၊ ဒါဆိုရင်တော့ အဆင်ပြေတာပေါ့၊ ဇာတ်ကွက်ရဲ့ အဓိကအာဘော်နဲ့ ကိုက်ညီသွားပြီလို့ ထင်တာပဲ” မာရူးက ပြုံးရင်း ပြောလိုက်တယ်။
ဂျီယွန်း ဝတ်ရတာ အဆင်မပြေဖြစ်မှာ စိုးလို့ ဝတ်စုံကို နည်းနည်းပါးပါး ပြန်ပြင်ဖို့ လိုချင်လိုလိမ့်မယ်၊ ဒါပေမဲ့ လောလောဆယ်တော့ သိသာတဲ့ ပြဿနာမျိုး ဘာမှ ရှိမနေပါဘူး။ ဘာပဲပြောပြော သူ ဘာဝတ်ဝတ် ချစ်စရာကောင်းနေတာကတော့ အမှန်ပဲလေ။
“ဂျီယွန်း”
“ရှင်”
“ဒါ မင်းကိုယ်တိုင် လုပ်ချင်တယ်လို့ ပြောခဲ့တဲ့ အခန်းပဲလေ၊ ရှက်တာကိုတော့ ငါ နားလည်ပါတယ်၊ ဒါပေမဲ့ စင်ပေါ်ရောက်တဲ့အထိ ဒီလိုမျိုး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလို့တော့ မရဘူးနော်၊ ဒါနဲ့... ဘားမယ်တစ်ယောက်ရဲ့ အမူအရာက ဘယ်လိုရှိလဲဆိုတာ မင်း သိလား”
“မ... မသိဘူးရှင့်”
မာရူး သက်ပြင်းချမိသွားတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ဒီလိုအရာမျိုးကို ဘယ်လိုရှင်းပြရပါ့မလဲ။ ဘားမယ်တွေ အကြမ်းဖျင်း ဘာလုပ်တတ်လဲဆိုတာကို သူ သိလောက်ပေမယ့် ကိုယ်တိုင် မမြင်ဖူးဘဲနဲ့တော့ အဲဒီလိုလူမျိုးရဲ့ စရိုက်ကို အပြည့်အစုံ နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
သီးသန့်အခန်းတွေထဲမှာ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ အများကြီးရှိပြီး တစ်ခါတလေကျရင် အဲဒီအခန်းတွေထဲကို အမျိုးသမီးတွေကို ခေါ်ရတာမျိုးတွေ ရှိတတ်တယ်။ အဲဒါက မကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုဆိုတာ အားလုံး သိကြပေမယ့် လူ့အဖွဲ့အစည်းလို့ ခေါ်တဲ့ ဂေဟစနစ်ကြီးထဲမှာ ကိုယ်ကျင့်တရားက အမြဲတမ်း ပထမဦးစားပေး ဖြစ်မနေတတ်ပါဘူး။ မာရူးရဲ့ ဝေဝါးနေတဲ့ အတိတ်မှတ်ဉာဏ်တွေထဲမှာတော့ အလုပ်တွေ ခွဲတမ်းချပေးတဲ့ ကုမ္ပဏီအရာရှိကြီးတစ်ဦးကို ဖားခဲ့ရတာတွေကို မှတ်မိနေသေးတယ်။ သူက အဲဒီလူတွေကို အရက်တွေအများကြီး တိုက်ပြီး အမျိုးသမီးတွေကို မခေါ်ဖြစ်အောင် ဆွဲဆောင်ခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ စာချုပ်ပုံစံကို မျက်စိတစ်ချက်တောင် စောင်းမကြည့်တဲ့ အဲဒီလူတွေဆီကို အမျိုးသမီးတွေ ခေါ်လာပေးခဲ့ရတာပါပဲ။
ဘားမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတိုင်းကလည်း အမြဲတမ်း ညှို့ဓာတ်ပြင်းပြီး မြူဆွယ်နေကြတာတော့ မဟုတ်ပါဘူး။ တကယ်တော့ အပြင်မှာ ဆုံရမယ်ဆိုရင် သူတို့က သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျနေတတ်ပြီး ဘယ်နေရာမှာ အလုပ်လုပ်လဲဆိုတာကိုတောင် ခွဲခြားရခက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်က ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ ယောက်ျားတွေရဲ့ စိတ်ကို ဖမ်းစားရတာ ဖြစ်တဲ့အတွက် အဲဒီအမျိုးသမီးတွေမှာ ဆွဲဆောင်မှုရှိတဲ့ အရှိန်အဝါတစ်ခုတော့ ရှိနေတတ်တာပေါ့။ သူတို့က ယောက်ျားတွေကို သူတို့ဆီလာဖို့ အတင်းအဓမ္မ မြူဆွယ်နေတာမျိုး မဟုတ်ဘဲနဲ့ ထိုယောက်ျားက သူတို့ကို လိုချင်လာအောင် ဖန်တီးတတ်ကြတာ ဖြစ်ပါတယ်။
“ကျွန်မ အဲဒါကို သိဖို့ လိုအပ်လို့လားဟင်” ဂျီယွန်းက လှမ်းမေးတယ်။
မာရူး ခဏလောက် တွေးကြည့်ပြီးမှ ခေါင်းခါပြလိုက်တယ်။ အခု ပြဇာတ်ကို ကပြမှာက အထက်တန်းကျောင်းသားတွေလေ။ တကယ့် အပြင်ကအတိုင်း ထပ်တူကျဖို့အထိတော့ သိပ်ပြီး မလိုအပ်ပါဘူး။ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေက ဇာတ်ကောင်နဲ့ တစ်သားတည်းဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားကြပေမယ့် အပျော်တမ်းတွေ၊ အထူးသဖြင့် သရုပ်ဆောင်လောကထဲကို ခုမှ စဝင်ခါစ လူတွေအတွက်တော့ အဲဒီလောက်အထိ မလိုပါဘူး။ စိတ်ကူးပုံဖော်မှု ရှိရင်တင် လုံလောက်ပါပြီ။
‘ငါ အဲဒီနှစ်ခုကို သီးသန့်စီ ခွဲထားရမယ်’
သူ့ရဲ့ ဂျူနီယာတွေကို မွန်ဂျောင်ရဲ့ အဆင့်အတန်းမျိုးအထိ သရုပ်ဆောင်ခိုင်းဖို့ ကြိုးစားတာက မိုက်မဲရာကျပါလိမ့်မယ်။ မွန်ဂျောင်က ဇာတ်ကောင်ကို ပုံဖော်ဖန်တီးတာကို မြင်ပြီး စိတ်ဓာတ်တွေ အကြီးအကျယ် တက်ကြွသွားခဲ့တာမို့ သူက မွန်ဂျောင်ကိုပဲ စံနှုန်းတစ်ခုလို သတ်မှတ်မိနေတာ ဖြစ်လို့ပဲ။ သူ့ရဲ့ စံနှုန်းတွေက မြင့်မားလွန်းနေခဲ့တာ။
“ဆရာမက မင်းကို အဲဒီအကြောင်းတွေ အများကြီး ပြောပြလိမ့်မယ်၊ မင်းက သူ့ရဲ့ အကြံဉာဏ်တွေကို သေသေချာချာ နားထောင်ရုံပါပဲ”
“အား... ဟုတ်ကဲ့ပါ”
မာရူးက ဝတ်စုံတွေ အသီးသီး လဲထားကြတဲ့ ပြဇာတ်အဖွဲ့သားတွေကို ဝေ့ကြည့်လိုက်တယ်။ အခုက ပထမဆုံးအကြိမ်မို့လို့ သူတို့ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေပေမယ့် မကြာခင်မှာပဲ ကျင့်သားရသွားကြမှာပါ။ သရုပ်ဆောင်တာကလည်း အဝတ်အစား ဝတ်ရသလိုပါပဲ၊ အကြာကြီး ဝတ်ထားရင် အဝတ်အစားက ကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားသလိုမျိုး ကျင့်သားရသွားတတ်တာ ဖြစ်တယ်။ အခု လောလောဆယ် ကျန်နေတာကတော့ သူတို့ ပြသနေတဲ့ ပုံရိပ်နဲ့ ကိုက်ညီအောင် သရုပ်ဆောင်ဖို့ပါပဲ။
“ဝါး... ဒါတွေက ပြဇာတ်ဝတ်စုံတွေလား”
ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် မာရူးက တံခါးဘက်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီမှာ တံခါးကြားကနေ ချောင်းကြည့်နေတဲ့ မီဆိုကို မြင်လိုက်ရတာပေါ့။
“စီနီယာ”
“ငါလည်း ပါတယ်ဟေ့”
မီဆိုရဲ့နောက်မှာ ဂန်ဟွမ်လည်း ရှိနေတယ်။ ဒိုဝူးနဲ့ ပထမနှစ် ကျောင်းသားတွေကတော့ သူတို့ကို သေသေချာချာ မသိကြသေးတာ သိသာပါတယ်။ မာရူးက သူတို့နှစ်ယောက်ဆီ တိုးသွားလိုက်တယ်။
“စီနီယာတို့ ဘာကိစ္စ ရှိလို့ လာကြတာလဲ”
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင်က ငါ့ကို အတင်းမောင်းထုတ်လိုက်လို့ ကလေးတွေကို သေသေချာချာတောင် နှုတ်မဆက်လိုက်ရဘူးလေ၊ ဒါကြောင့် ဒီနေ့ ဂျူနီယာတွေကို လာကြည့်တာ”
မာရူးက မီဆိုရဲ့ လက်ထဲကနေ စက္ကူအိတ်ကို လှမ်းယူလိုက်တယ်။ အိတ်ထဲကနေ မုန့်နံ့တွေ သင်းပျံ့နေတာပဲ။
“မင်းတို့ ညစာ မစားရသေးဘူး မဟုတ်လား”
“မစားရသေးဘူးဗျ”
“ဒါဆိုရင် အရင် စားကြရအောင်၊ ငါတို့လည်း မစားရသေးဘူး၊ ဒါနဲ့... ဒေးမြောင်... မတွေ့တာ ကြာပြီနော်”
“ဟာဟာ... ဟုတ်ပဗျာ၊ တော်တော်လေးကို ကြာသွားပြီ” ဒေးမြောင်က ခေါင်းကို ကုတ်ရင်း ပြောရှာတယ်။
မာရူးက စာသင်ခန်းထဲ ဝင်လာတဲ့ ဂန်ဟွမ်ကို တိုးတိုးလေး ကပ်မေးလိုက်တယ်။
“ကျွန်တော်တို့အတွက် ဘာမှ ပါမလာဘူးလား”
“ဟေ့ကောင်... အဲဒီမုန့်ထုပ်တွေကို ငါ ဝယ်ပေးခဲ့တာကွ”
“အော်... ဟုတ်ကဲ့ပါ”
“ဒါနဲ့ မင်းတို့ ဘာလို့ ဒီမှာ လေ့ကျင့်နေကြတာလဲ၊ ငါ လာတဲ့လမ်းမှာ ကျယ်ကျယ်ဝန်းဝန်း နေရာတစ်ခု မြင်ခဲ့သားပဲ”
“ကိစ္စတချို့ ရှိသွားလို့ပါ၊ အဲဒီနေရာက အခု ဘေ့စ်ဘောအဖွဲ့ရဲ့ အားကစားခန်းမ ဖြစ်သွားပြီလေ”
“တကယ်လား”
မာရူးက ဂန်ဟွမ်နဲ့ စကားပြောနေတုန်းမှာ မီဆိုကတော့ လူတွေကို ထိုင်ခိုင်းပြီး သူ့ကိုယ်သူ မိတ်ဆက်ပေးနေပါပြီ။ သူ ဒီမှာ ဆရာမအဖြစ် ရှိနေတုန်းကတော့ တကယ့် မိစ္ဆာမကြီးအတိုင်းပဲ၊ အခု စီနီယာတစ်ယောက်အနေနဲ့ လာလည်တော့မှပဲ တကယ့်ကို ကြင်နာတတ်တဲ့လူ ဖြစ်နေတော့တာ။ အဲဒါကပဲ မီဆိုရဲ့ တကယ့် ပင်ကိုယ်စရိုက်အစစ် ဖြစ်ပါလိမ့်မယ်။
“ဒါနဲ့... မင်းပုံစံကတော့ တကယ့်ကို လမ်းသရဲ အစစ်အတိုင်းပဲနော်”
မီဆိုက ရုတ်တရက် ဒိုဝူးကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။ အမြဲတမ်း တည်တည်တံ့တံ့ ရှိလှတဲ့ ဒိုဝူးတောင်မှ ရုတ်တရက် အပြောခံလိုက်ရလို့ နည်းနည်း လန့်သွားပြီး အူကြောင်ကြောင်နဲ့ပဲ ပြန်ပြုံးပြရှာတယ်။
မီဆိုကတော့ ခါတိုင်းလိုပဲ စကားကို ဒုန်းတိ ပြောတတ်ဆဲပဲလို့ မာရူး တွေးမိရင်း သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။ မီဆို ယူလာတဲ့ မုန့်ထုပ်တွေကို ပြင်ဆင်ပြီး အားလုံးပဲ စားကြတာပေါ့။ မီဆိုက ဒီကျောင်းက ဆင်းသွားတဲ့ စီနီယာတစ်ယောက် ဖြစ်ကြောင်း ဒေးမြောင်က ကလေးတွေကို ရှင်းပြပေးတယ်။ မီဆိုဟာ ဒီပြဇာတ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ယောက် ဖြစ်တယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ ဂျီယွန်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားတာကို မာရူး သတိထားမိလိုက်တယ်။
“ဒေးမြောင်က မိတ်ဆက်ပေးတာ တကယ် တော်တာပဲ၊ အော်... ဒါနဲ့ သူ့နာမည်က ယန်ဂန်ဟွမ် လို့ ခေါ်တယ်၊ သူလည်း သရုပ်ဆောင်လောကထဲကပဲ၊ တကယ်လို့ မင်းတို့တွေ ဒီလမ်းကြောင်းပေါ်မှာ ဆက်ပြီး ကြိုးစားသွားလို့ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိပ်မက်တွေ ရှိလာမယ်ဆိုရင် သူ့ကို ပြန်ဆုံဖို့ အခွင့်အရေး အများကြီး ရှိတယ်၊ သူက တော်တော်လေး နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေလို့ပဲ”
“မင်းကလည်း ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ၊ လူကို လာမြှောက်ပေးနေပြန်ပြီ”
ဂန်ဟွမ်က မျက်မှောင်ကုပ်ပြီး မီဆိုကို ကြည့်လိုက်တယ်။ မီဆိုနဲ့ ဂန်ဟွမ်တို့ရဲ့ အပြန်အလှန် စနောက်မှုတွေကြောင့် ပျံ့လွင့်နေတဲ့ တင်းမာမှုတွေက တော်တော်လေး လျော့ပါးသွားခဲ့ရတာပေါ့။ အဖွဲ့သားတွေလည်း စိတ်လက် ပေါ့ပါးသွားကြတယ်။
မေးခွန်း အမေးဆုံးလူကတော့ တခြားသူမဟုတ်ဘဲ အာရမ်ပဲ ဖြစ်ပါတယ်။ အသေအချာပါပဲ၊ သူက သရုပ်ဆောင်တဲ့ အပိုင်းကို စိတ်ဝင်စားတာ မဟုတ်ဘဲ မီဆိုရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေကိုပဲ စိတ်ဝင်စားနေတာ။ မီဆိုဟာ ဒီကျောင်းက ဆရာတစ်ယောက်နဲ့ လက်ထပ်ဖို့ အခြေအနေ ရှိနေတယ်လို့ ဂန်ဟွမ်က ပြောလိုက်တဲ့အခါမှာတော့ အားလုံး မျက်လုံးအဝိုင်းသားနဲ့ မီဆိုကို ဝိုင်းကြည့်ကြပါတော့တယ်။
“ဘယ်သူလဲဟင်”
“ဒါ... ဒါဆိုရင် စီနီယာက အထက်တန်းကျောင်းတုန်းက စီနီယာ့ကို စာသင်ပေးခဲ့တဲ့ ဆရာနဲ့ လက်ထပ်မှာပေါ့ ဟုတ်လား”
“ဘယ်သူလဲ သိပါရစေ”
ကျောင်းသားတွေရဲ့ အတင်းဝိုင်းမေးတာကို မတားဆီးနိုင်တော့တဲ့အဆုံး မီဆိုက ပတ်တေးဆစ် ရဲ့ နာမည်ကို ပြောလိုက်ရတော့တယ်။ ပြဇာတ်အဖွဲ့ကို တာဝန်ယူထားတဲ့ ဆရာက ဒီဇာတ်လမ်းရဲ့ ခေါင်းဆောင်မင်းသား ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ဂျီယွန်းနဲ့ အာရမ်တို့က အံ့ဩတသ ဖြစ်သွားကြပြီး အဲဒီဇာတ်လမ်းအကြောင်း ပိုပြီး ပြောပြဖို့ မီဆိုကို အတင်း တောင်းဆိုကြတော့တာပဲ။
မီဆိုရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာနေတာကို မာရူး မြင်လိုက်ရတယ်။ သူ့စိတ်ထဲမှာ တကယ်ကို ကြည်နူးနေပုံရပါတယ်။ သူတို့အားလုံး မီဆိုနဲ့ တေးဆစ်တို့ရဲ့ အချစ်ဇာတ်လမ်းကို အတော်ကြာအောင် နားထောင်ခဲ့ကြတယ်။ တစ်ခါတလေကျရင် ဂန်ဟွမ်က ဝင်ပြီးတော့ တေးဆစ်က သနားစရာကောင်းပါတယ်လို့ စနောက်တတ်ပြီး အဲဒီလိုအချိန်တိုင်းမှာ မီဆိုက ဂန်ဟွမ်ရဲ့ ပါးစပ်ထဲကို မုန့်ထုပ် တစ်ထုပ် အတင်း ထိုးထည့်ပေးတတ်တာပေါ့။
“ဇာတ်လမ်းတွဲတစ်ခုလိုပဲနော်”
“ဟုတ်ပါ့”
ကောင်မလေးနှစ်ယောက်ကတော့ ခေတ်ကို ကျော်လွန်သွားတဲ့ အချစ်ဇာတ်လမ်းကို အသည်းစွဲ စိတ်ဝင်စားနေကြတာ။ ဒီလို အကြောင်းအရာမျိုးတွေနဲ့ ပတ်သက်လာရင် သူတို့က တကယ်ကို စိတ်ကူးယဉ်ဆန်တတ်ကြတာပဲ။
“ဒါနဲ့ သရုပ်ဆောင်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုလို့ရလားဟင်၊ သရုပ်ဆောင်တင် မဟုတ်ဘဲ အဲဒီနဲ့ ပတ်သက်တဲ့ နယ်ပယ်တွေမှာကော”
ဒိုဝူးက ပထမဆုံး မေးခွန်းကို မေးလိုက်တယ်။ မီဆိုက ‘ဒါ တကယ့်ကို ထက်မြက်တဲ့ မေးခွန်းပဲ’ လို့ စကားချီးရင်း သရုပ်ဆောင်လောကရဲ့ အခြေအနေအရပ်ရပ်ကို ရှင်းပြပေးတယ်။ ဒီလောကက အသက်မွေးဝမ်းကျောင်း ပြုဖို့အတွက် တကယ်ကို မလွယ်ကူတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး အောင်မြင်ဖို့အတွက် စိတ်ကူးယဉ်ရုံတင် မလုံလောက်ဘူးဆိုတာကိုလည်း သူက ထည့်ပြောသွားခဲ့သေးတာ။
“ဒါပေမဲ့ ပျော်ဖို့ကောင်းတာကတော့ အမှန်ပဲ၊ တကယ်လို့ မင်းတို့ စိတ်ကူးရှိတယ်ဆိုရင် စိန်ခေါ်ကြည့်တာက မဆိုးပါဘူး၊ အမှန်အတိုင်း ပြောရရင်တော့ ငါနဲ့ နီးစပ်တဲ့လူတစ်ယောက်ယောက်က သရုပ်ဆောင်လုပ်ချင်တယ်လို့ ပြောလာရင် ငါကတော့ အတတ်နိုင်ဆုံး အစွမ်းကုန် တားမှာပဲ၊ ဒါပေမဲ့ အဲဒီလို တားတဲ့ကြားကမှ သူတို့က တကယ် လုပ်ချင်သေးတယ်ဆိုရင်တော့ ငါ့ဘက်ကလည်း အစွမ်းကုန် ကူညီပေးမှာပေါ့၊ အော်... ဒါနဲ့ မင်းက ဘာဖြစ်လို့ မေးတာလဲ၊ စိတ်ဝင်စားလို့လား”
“မဟုတ်ပါဘူး၊ ကျွန်တော်က ကျွန်တော့်အဖေရဲ့ ဆီဆိုင်ကို ဆက်ခံမှာမို့လို့ပါ”
“မင်းကတော့ တကယ့်ကို လေကြီးတဲ့ကောင်လေးပဲ”
“...”
ဒိုဝူးက မျက်နှာလွှဲသွားတယ်။
“ငါက မကောင်းတဲ့ အပိုင်းတွေကိုပဲ ပြောပြခဲ့ပေမယ့် မင်းတို့ရှေ့တည့်တည့်မှာတင် အောင်မြင်နေတဲ့လူ ရှိနေတာပဲဥစ္စာ၊ ငါလည်း သရုပ်ဆောင်လုပ်ရင်း အသက်မွေးနေတာပဲ၊ ငါ့ဘေးက ဒီကောင်လည်း တူတူပါပဲ၊ ‘မင်းတို့ ကြိုးစားရင် သေချာပေါက် အောင်မြင်ရမယ်’ လို့တော့ ငါ အာမမခံနိုင်ပေမယ့် ဒီအတားအဆီးကြီးကို ကျော်ဖြတ်နိုင်သွားရင်တော့ အသက်မွေးဝမ်းကျောင်း ပြုဖို့အတွက် ဘာမှ ပူစရာ မလိုတော့ပါဘူး၊ အော်... ဒါပေမဲ့ ဒီကောင်ကတော့ ဆင်းရဲသားလို နေထိုင်တာပေါ့လေ၊ အဲဒါက သူက သူ့ဘဝကို သေသေချာချာ စီမံကိန်း မချတတ်လို့ပဲ”
ဂန်ဟွမ်က သူ့လက်နှစ်ဖက်နဲ့ နားကို ပိတ်ထားလိုက်တယ်။ အဲဒီအကြောင်းကို ထပ်ပြီး မကြားချင်တော့လို့လေ။
“တကယ်လို့ မင်းတို့ တကယ် စိတ်ပါဝင်စားတယ်ဆိုရင် စိန်ခေါ်ကြည့်ကြစမ်းပါ၊ မင်းတို့လည်း ငါ့လိုမျိုး Made-self woman ဖြစ်လာနိုင်တာပေါ့၊ ကျရှုံးမှာကို မကြောက်ကြနဲ့၊ ကြိုးစားရင် သေချာပေါက် ဖြစ်နိုင်ပါတယ်”
မီဆိုက ယုံကြည်မှုအပြည့်နဲ့ ပြောနေတာမို့ အဖွဲ့သားတွေအားလုံး ခေါင်းညိတ်ပြီး အားကျနေကြတယ်။ သူက အချစ်ရေးမှာကော စီးပွားရေးမှာပါ အောင်မြင်နေတဲ့လူ မဟုတ်လား။ မာရူးကတော့ ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် စကားလုံးအသုံးအနှုန်းကို ပြန်ပြင်ပေးလိုက်မိတယ်။
“ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အောင်မြင်တဲ့ အမျိုးသမီးကို ‘Made-self woman’ လို့ မခေါ်ဘူးဗျ၊ ‘Self-made woman’ လို့ ခေါ်တာ”
အဲဒီလို ပြန်ပြင်ပေးပြီးတဲ့နောက်မှာတော့ မာရူးတစ်ယောက် မီဆိုရဲ့ စူးရှတဲ့ အကြည့်တွေကို မနည်း မျက်နှာလွှဲပြီး ရှောင်ပုန်းလိုက်ရပါတော့တယ်။
* * * * * * * * *