← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း(၂၇၃)

“ငါ မင်းတို့ကို ငြိမ်ငြိမ်နေလို့ ပြောထားတယ်လေ။ မင်းတို့ကောင်တွေ ကောင်းတာတစ်ခုမှ လုပ်ထားလို့ ဒီကို ရောက်နေကြတာ မဟုတ်ဘူး။ နည်းနည်းပါးပါး ရှက်စိတ်ရှိရင် ငြိမ်ငြိမ်လေး နေစမ်း။ တိတ်တိတ်နေဆိုတာ... နံရံပေါ်က စာလုံးကို မြင်ရုံနဲ့ မသိသာဘူးလား”

ရဲဝန်ထမ်းက ကြမ်းပြင်ကို ‘ဖုန်း’ခနဲ ခြေဆောင့်လိုက်တယ်။ အချုပ်ခန်းထဲက လူတွေဟာ ဘယ်သူက ပိုပြီး ဒုက္ခဆင်းရဲရောက်တဲ့ ဘဝမျိုး ကြုံနေရလဲဆိုတာ ပြိုင်ဆိုင်ပြောဆိုနေကြရင်းကနေ ရဲက အော်လိုက်တော့မှပဲ ပါးစပ်ပိတ်သွားကြလေရဲ့။ ဒါပေမဲ့ အဲဒါက ခဏတာပဲ ခံပြီး မကြာခင်မှာပဲ တိုးတိုးတိုးတိုးနဲ့ ပြန်ပြောလာကြပြန်တယ်။

“သိတယ်မလား... ကျွန်မ... ကျွန်မ ပြောတာက၊ ကျွန်မဘဝက တော်တော်လေး သနားဖို့ကောင်းခဲ့တာပေါ့”

စကားထစ်နေတဲ့ မိန်းကလေးက သူ ဘားမှာ အလုပ်လုပ်ခဲ့တဲ့အကြောင်း ဖွင့်ဟပြောပြနေတယ်။ သူ့ရဲ့ စကားထစ်နေတဲ့ ပုံစံက ကြည့်ရတာ တစ်မျိုးကြီး အဆင်မပြေဖြစ်နေသလိုပဲ။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က သူ့စကားကို ကြားဖြတ်ပြီး အော်ဟောက်လိုက်ပါတယ်။

“တော်စမ်းပါတော့ ဆူညံလွန်းလို့ အိပ်လို့တောင် မရတော့ဘူး”

နံရံကို မှီပြီး အိပ်နေတဲ့ လူငယ်တွေထဲက တစ်ယောက်က ရုတ်တရက် ထအော်တာပါ။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ မျက်လုံးတွေက ပတ်ဝန်းကျင်ကို ဝေ့ကြည့်သွားတယ်။ အချုပ်ခန်းထဲက တခြားလူတွေလည်း အဲဒီလူငယ် မကြားအောင် တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်ပဲ ကတိုးကတိတ် ပြောကြတော့တယ်။

“မင်းအရွယ်နဲ့ ဒီလိုနေရာမျိုး ရောက်နေရတာ။ အိမ်က ကလေးတွေကိုကော မသနားဘူးလား”

လူငယ်က ထအော်တဲ့အခါ အချုပ်ခန်းနားမှာ အလုပ်လုပ်နေတဲ့ ရဲဝန်ထမ်းက မျက်မှောင်ကုတ်ပြီး မတ်တတ်ထရပ်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲက ဖိုင်တွဲနဲ့ အချုပ်ခန်း သံတိုင်တွေကို တောက်တောက်တောက်နဲ့ ခေါက်လိုက်လေရဲ့။

“ဟေ့ကောင် မင်းကော ငြိမ်ငြိမ်မနေနိုင်ဘူးလား။ ဟမ် မင်းက ဒီနေရာကို ခြေချင်းလိမ်နေအောင် လာနေတဲ့ ကောင်ပဲ။ မင်း အဖေနဲ့အမေအတွက် စိတ်သစ်လူသစ် မမွေးနိုင်တော့ဘူးလား။ ဒီကို အခေါက်ခေါက်အခါခါ လာနေရတာ မငြီးငွေ့သေးဘူးလား။ ဒီအတိုင်းဆို မင်း အကျဉ်းစခန်းကို ရောက်သွားလိမ့်မယ် သိရဲ့လား”

“...ကျွန်တော် အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါးကြီး ဘာမှမလုပ်ခဲ့ပါဘူး”

“အဲဒါက ပိုပြီး ပြဿနာပဲဟေ့”

အဲဒီလူငယ်က အချုပ်ခန်းထဲမှာတော့ ခြင်္သေ့လို ဝံကြွားနေပေမဲ့ ရဲဝန်ထမ်းရှေ့မှာတော့ ယုန်သူငယ်လေးတစ်ကောင်ထက် မပိုပါဘူး။ ရဲဝန်ထမ်း ထွက်သွားတဲ့အခါကျမှ အဲဒီဆိုးပေကောင်က သူ့အစွယ်တွေကို ပြန်ထုတ်ပြပြန်တယ်၊ ဒါပေမဲ့ အထဲကလူတွေကတော့ သူ့ကို နှာခေါင်းရှုံ့ရုံပဲ တုံ့ပြန်ကြတယ်။ ဒီကောင့်ရဲ့ ပင်ကိုယ်သဘာဝအမှန်ကို သူတို့ ရိပ်မိသွားကြတာကိုး။

“မင်းလို ကောင်စုတ်ကများ...” ရုတ်တရက် တစ်ယောက်ယောက်က လျှာလေးအာလေးနဲ့ ပြောလိုက်တယ်။

ဆိုဂျူနံ့ တထောင်ထောင်ထွက်နေတဲ့ လူတစ်ယောက်က ယိုင်တိယိုင်တိုင်နဲ့ လမ်းသူရဲဆီကို လျှောက်လာတယ်။ လမ်းသူရဲက မျက်လုံးအာရုံတွေ ပျက်ပြားနေတဲ့ အဲဒီလူကို ကြောက်သွားပုံရပြီး နောက်ကို တွန့်ဆုတ်သွားခဲ့တယ်။

“ငါ မင်းအရွယ်တုန်းက ဟမ် မင်း သိလား။ အာ... ဟမ်”

သူက သောက်လွန်းလို့ စကားတောင် ကောင်းကောင်းမပြောနိုင်တော့တာလား၊ ဒါမှမဟုတ် တခြားအကြောင်းကိစ္စပဲ ရှိလို့လားတော့မသိ၊ အဲဒီမူးနေတဲ့လူက ‘ဟမ်’ဆိုတာကိုပဲ တတွတ်တွတ် ရွတ်နေတော့တယ်။ ဒီအတိုင်း ခဏလောက် ဆက်ဖြစ်နေပြီးတဲ့နောက်မှာတော့ အဲဒီမူးနေတဲ့လူက ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ လဲကျသွားပါလေရော။ အသံကသာ ကျယ်နေတာ၊ အမူအရာတွေကတော့ အမှန်တကယ် မူးရူးနေတဲ့သူတစ်ယောက်အတိုင်းပဲ။

လဲကျသွားတဲ့ အရက်သမားက ကြမ်းပြင်ပေါ်မှာ သူ့လက်ကို ဟိုစမ်းဒီစမ်းလုပ်ရင်း ခြေကျင်းဝတ် သေးသေးလေးတစ်ခုကို လှမ်းဖမ်းဆွဲလိုက်တယ်။ ခြေကျင်းဝတ် အဖမ်းခံလိုက်ရတဲ့ မိန်းကလေးက စမတ်ကျကျ ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ညိုမှောင်တဲ့ အသားအရေရှိတဲ့ သူက စိတ်အနှောင့်အယှက်ဖြစ်ရတာ သိသာလွန်းလှပြီး သူ့ခြေကျင်းဝတ်ကို ဆွဲထားတဲ့ လက်ကို ခါထုတ်ဖို့ ကြိုးစားနေတယ်။

“ကျွန်မက တကယ်တော့ ဒီလိုနေရာမျိုးမှာ ရှိနေရမယ့်သူ မဟုတ်ဘူး။ ဟယ်လို... ဥပဒေအရာရှိလား။ ကျွန်မက ဒယ်ယန်းကော်ပိုရေးရှင်း နဲ့ ပတ်သက်နေတဲ့ အမျိုးသမီးတစ်ယောက်နော်။ ရှင်တို့ ကျွန်မကို ဒီမှာ ဒီအတိုင်း ချည်နှောင်ထားရင် နောင်တရလိမ့်မယ်။ ရှင့်အနေနဲ့ ဒယ်ယန်းကော်ပိုရေးရှင်း အကြောင်းကို သိတယ်မလား။ တိုင်းပြည်မှာ ငြင်းချက်ထုတ်လို့မရတဲ့ ထိပ်တန်းကုမ္ပဏီကြီးလေ ကျွန်မကို ဒီမှာ ဖမ်းထားလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ရှင်တို့ မကြောက်ကြဘူးလား”

အဲဒီအမျိုးသမီးက ‘ဒယ်ယန်းကော်ပိုရေးရှင်း’ ဆိုတဲ့ စကားလုံးကို ခပ်ပြင်းပြင်း ဖိပြောသွားတယ်။ သူ့ရဲ့ မျက်မှန်ကို ပင့်တင်ရင်း ဝင့်ဝါတဲ့ မျက်နှာပေးလုပ်နေတဲ့ အဲဒီအမျိုးသမီးဆီကို ရဲဝန်ထမ်းက လျှောက်လာတယ်။

“ပွဲစားခကို ယူပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့သူက ဒယ်ယန်းကော်ပိုရေးရှင်း နဲ့ ပတ်သက်နေတယ် ဟုတ်စ။ ကဲ... ဒါဆိုလည်း ပြောပြစမ်းပါဦး။ မင်းက ဘယ်ဌာနက ဘယ်သူနဲ့ ပတ်သက်နေလို့လဲ။ ဥက္ကဋ္ဌလား။ စီအီးအိုလား။ ဒါမှမဟုတ် ဒါရိုက်တာအဖွဲ့ဝင်တွေထဲက တစ်ယောက်ယောက်လား။ ဘယ်သူလဲ”

“ဘ... ဘယ်သူက ပွဲစားခယူပြီး ပြေးဖို့ ကြိုးစားတယ်လို့ ပြောလို့လဲ။ ကျွန်မက ဘဏ်မှာ ကိစ္စလေး ရှိလို့ သူတို့အတွက် သွားလုပ်ပေးတာ၊ ပြီးတော့ ငွေထုတ်ပြီးတာနဲ့ ချက်ချင်း အဖမ်းခံလိုက်ရတာ။ ဒါက အထင်လွဲတာပါ”

“အထင်လွဲတာ ဟုတ်ကောဟုတ်ပါ့မလား”

“တကယ် အထင်လွဲတာပါဆို”

“ကဲပါ... မင်းက အဲဒီလောက်တောင် မတရားခံရတယ်ဆိုရင်လည်း မနက်ဖြန်ကျရင် နစ်နာသူတွေ ရောက်လာလိမ့်မယ်၊ အဲဒီကျမှ သူတို့ကို ရှင်းပြလိုက်ပေါ့”

“ကျွန်မကို အပြင်ပေးထွက်ဖို့ ပြောနေတာလေ၊ အဲဒီလူတွေကို ခေါ်ခိုင်းနေတာ မဟုတ်ဘူး”

“မင်းပြောနေတာကော အဓိပ္ပာယ်ရှိရဲ့လား။ ဒီအတိုင်း ဂျစ်ကန်ကန် ဆက်လုပ်နေရင် အထဲက အချုပ်ခန်းတစ်ခုဆီ ရွှေ့ပစ်လိုက်မယ်။ ဟိုဘက်မှာ အလုပ်လုပ်နေတဲ့ လူတွေကို မမြင်ဘူးလား။ သူတို့က တိုင်စာတွေကို ဖြေရှင်းပေးဖို့ ပင်ပင်ပန်းပန်း လုပ်နေကြတာ။ တကယ်ပဲ”

လူလိမ်အမျိုးသမီးက ကျွတ်တစ်ချက်သတ်ပြီး ထွက်သွားတဲ့ ရဲဝန်ထမ်းကို ကြည့်ပြီး နှုတ်ခမ်းစူထားတော့တယ်။ အဲဒီနောက်မှာ လူလိမ်အမျိုးသမီးက ရဲဝန်ထမ်းကို အကြိမ်ကြိမ် လှမ်းခေါ်ပေမဲ့ ရဲကတော့ လှည့်ပင်မကြည့်ဘဲ သူ့အလုပ်ကိုသာ အာရုံစိုက်နေခဲ့တယ်။ နောက်ဆုံးတော့ လူလိမ်အမျိုးသမီးလည်း လုပ်ရတာ လက်လျှော့သွားပြီး ဒီအတိုင်း ထိုင်ချလိုက်ရတော့တာပေါ့။

“မင်းက လူတစ်ယောက်ကို လိမ်ဖို့ ကြိုးစားတာပဲ၊ ပိုပြီး ကြီးကြီးမားမားကို ရည်မှန်းခဲ့ရမှာ။ ဒီလို မဆိုစလောက် ပွဲစားခလေးက ဘာလုပ်လို့ရမှာလဲ”

သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လူတစ်ယောက်က လှမ်းပြောလိုက်တယ်။ သပ်သပ်ရပ်ရပ် ဝတ်စုံဝတ်ထားတဲ့ အဲဒီအမျိုးသားက စိတ်ပျက်စရာကောင်းတဲ့ မျက်နှာပေးနဲ့ လူလိမ်အမျိုးသမီးကို ကြည့်နေတာပါ။ ဒီတော့ လူလိမ်အမျိုးသမီးကလည်း စကားတွေ ပြန်ပတ်တော့တာပေါ့။

“ဘယ်သူက လူလိမ်လဲဟင့်။ ရှင်က တော်တော်ရယ်ရတဲ့လူပဲ။ ဟေ့... စကားပြောရင် ဆင်ခြင်ပြောနော် သိလား။ ရှင်က ဘယ်သူလဲ၊ ဘယ်မှာ အလုပ်လုပ်လဲဆိုတာ ကျွန်မမသိပေမဲ့ ကျွန်မကို ဒီလိုနေရာမျိုးမှာ ဒီလို လာဆက်ဆံရင်တော့ မလွယ်ဘူးနော်။ ကျွန်မက ဒီလိုနေရာမျိုးမှာ ရှိနေရမယ့် လူစားမျိုး လုံးဝမဟုတ်ဘူး။ ဘာလို့ ဘယ်သူမှ နားမလည်ကြတာလဲ”

“ဒီလောက် ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးက ဘာလို့ ဒီလို တန်ဖိုးနည်းတဲ့ အဝတ်အစားတွေကို ဝတ်ထားရတာလဲ”

“တန်ဖိုးနည်းတဲ့ အဝတ်အစား ဟုတ်စ။ ဒါတွေက အမှတ်တံဆိပ်ပါတဲ့ အကောင်းစားတွေနော် ဒါပေမဲ့ ရှင့်လို လူစားမျိုးကတော့ အမှတ်တံဆိပ်တွေအကြောင်း ဘာမှ သိမှာမဟုတ်ပါဘူးလေ”

“အမှတ်တံဆိပ် ဟုတ်လား။ ဒီလိုမျိုးကို ပြောတာလား” အဲဒီအမျိုးသားက ပြောပြောဆိုဆိုနဲ့ သူ့လက်ကောက်ဝတ်က နာရီကို ပြလိုက်တယ်။

လူလိမ်အမျိုးသမီးက မျက်လုံးအဝိုင်းသားနဲ့ အဲဒီနာရီကို အနီးကပ် သေချာကြည့်လိုက်ပြီးမှ၊

“ဒါက သိသာလွန်းတဲ့ အတုကြီးပဲ မဟုတ်လား”

“မင်း မျက်စိ မှုန်နေပြီပဲ။ အဲဒါထက် မင်းသိတယ်ဆိုတဲ့ ဒယ်ယန်းကော်ပိုရေးရှင်း က လူအကြောင်းကိုပဲ ပြောပြစမ်းပါဦး”

“ဘာဖြစ်လို့လဲ။ အခုအချိန်ကျမှ ကျွန်မကို လာပြီး ဖားနေလည်း ရှင့်အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူးနော် သိရဲ့လား”

အဲဒီအမျိုးသားက ပုခုံးတစ်ချက်တွန့်ပြပြီး ငြိမ်နေလိုက်တယ်။ လူလိမ်အမျိုးသမီးကတော့ သူမပဲ အနိုင်ရသွားသလိုမျိုး လက်မောင်းကို ပိုက်ထားလေရဲ့။ သူမ အောင်နိုင်သူလို ခံစားနေရတဲ့ အချိန်မှာပဲ ရဲဝန်ထမ်းက သူ့ဘေးကနေ ဖြတ်သွားပြီး အဲဒီအမျိုးသားဆီကို လျှောက်သွားခဲ့တယ်။

“ခင်ဗျားအနေနဲ့ မနက်ဖြန် ရုံးဖွင့်ချိန် ၉ နာရီကျရင် ထွက်သွားလို့ရပါပြီ။ သူတို့ကိုယ်သူတို့ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေပါလို့ ပြောတဲ့လူတွေ ရောက်နေကြတယ်၊ သူတို့ကို တွေ့ချင်လား”

“ရပါတယ်၊ အဆင်ပြေတယ်။ ဪ... အဲဒါထက် မျက်နှာကြီး ဖူးရောင်နေတဲ့ အဲဒီလူကော ဘယ်လိုလဲ”

“သူက ဒူးထောက်ပြီး တောင်းပန်နေလို့ ပြန်လွှတ်ရတာ တော်တော်လေး လက်ဝင်သွားတယ်။ ပြီးတော့ ဒါက သူ ခင်ဗျားအတွက် ဝယ်လာပေးတဲ့ စားစရာအချို့ပါ။ ပုံမှန်ဆိုရင်တော့ ထမင်းကျွေးချိန်မှ ပေးရမှာ ဖြစ်ပေမဲ့ ခင်ဗျားက မနက်ဖြန် စောစော ထွက်ရမှာဆိုတော့ အခုပဲ ကြိုပေးလိုက်တာပါ”

ရဲက အချုပ်ခန်း သံတိုင်ကြားကနေ ပဲပြားတစ်ဝက်ကို တွန်းပို့ပေးလိုက်တယ်။ အဲဒီမြင်ကွင်းကို မြင်တော့ ဘားမယ်ကလေးက လှမ်းပြောတယ်၊

“သူက အခုမှ ဝင်လာတာလေ၊ ပဲပြားပေးတာက ဘာသဘောလဲ”

သူ့ရဲ့ အသံက သူများထက်စာရင် ပိုပြီး ကြည်လင်ပြတ်သားနေတယ်။ ရဲဝန်ထမ်းက ဘားမယ်ကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားခဲ့တယ်။ ကုမ္ပဏီဝန်ထမ်း အမျိုးသားကတော့ မထီမဲ့မြင် ပုံစံနဲ့ ပြုံးလိုက်ပြီး၊

“တော်တော်လေး ရယ်ရတာပဲ မဟုတ်လား။ ဒီကောင့်ကို ရိုက်ခဲ့တာက ငါ၊ ပြီးတော့ ငါ့ကို လက်ဆောင်တွေပေးပြီး တောင်းပန်နေတာကလည်း ဒီကောင်ပဲ။ ငွေရှိရင် အပြစ်သားကနေ အပြစ်မရှိသူ ဖြစ်သွားပြီး ငွေမရှိရင် အပြစ်မရှိသူကနေ အပြစ်သား ဖြစ်သွားတယ်ဆိုတဲ့ စကားကို သိကြတယ်မလား” ကုမ္ပဏီဝန်ထမ်းက လက်ထဲမှာ ပဲပြားပန်းကန်ကို ကိုင်ထားရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ပြောလိုက်တယ်။

အချုပ်ခန်းထဲက လူတွေက စိတ်ပျက်အားလျော့နေတဲ့ မျက်လုံးတွေနဲ့ ကုမ္ပဏီဝန်ထမ်းကို ကြည့်နေကြတယ်။ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်က ရဲစခန်းရှေ့မှာ ဒူးထောက်နေခဲ့တယ်ဆိုတာကို ရဲဝန်ထမ်းဆီကနေ အခုတင် ကြားလိုက်ရတာကိုး။ သူက ရာထူးကြီးကြီးပိုင်းမှာ ရှိနေတာ ဖြစ်နိုင်တာကြောင့် သူ့ရဲ့ အငြိုးအတေး အမုန်းဒေါသကို ခံရရင် ဘာတစ်ခုမှ ကောင်းလာမှာ မဟုတ်ဘူးလေ။ သူတို့က ဥပဒေချိုးဖောက်လို့ အချုပ်ခန်းထဲ ရောက်နေကြတဲ့ လူတွေဆိုပေမဲ့ အခြေခံလူမှုရေး အသိတရားတော့ ရှိကြပါသေးတယ်။

“ဒါကို သေချာ စဉ်းစားကြည့်ရင် တော်တော်လေး ရယ်ရတယ်။ အဲဒီ ဂျူနီယာက မှန်တာကို ပြောခဲ့တာပဲ။ ဆိုလိုတာက ဒီကောင်က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပေါ့။ ခါးသီးတဲ့ စကားတွေကို ပြောတဲ့လူကို ကိုယ့်အနားမှာ ထားရမယ်ဆိုတဲ့ စကား ရှိတယ်မလား။ အဲ့ကောင်က အစွန့်လွှတ်ဆုံး သစ္စာအရှိဆုံး ဂျူနီယာပဲ။ ဒါပေမဲ့ သိရဲ့လား။ ခါးသီးတာမှာလည်း အကန့်အသတ် ရှိတာပေါ့။ နည်းနည်းလောက် ပိုပြီး ချိုမြိန်လို့မရဘူးလား။ အဲ့လိုကောင်က ဘယ်သူမို့လို့ ငါ့ကို ဘာလုပ်ပါ ညာလုပ်ပါလို့ လာပြောနေရတာလဲ။ လူ့အဖွဲ့အစည်းမှာ ပါးစပ်တစ်ပေါက်တည်းနဲ့ အသက်ရှင်နေကြတာ မဟုတ်ဘူး။ ဒီကမ္ဘာကြီးက အာဏာ၊ လုပ်ပိုင်ခွင့်၊ ပြီးတော့ နောက်ဆုံးအနေနဲ့ နိုင်ငံရေးအပေါ်မှာပဲ မူတည်နေတာ။ လူတွေကို ဘယ်လို ဖားရမလဲဆိုတာ သိရမယ်၊ ပြီးတော့ စကားလုံးတွေထဲမှာ မုသာဝါဒတွေကို ရောနှောတတ်ရမယ်၊ အဲဒါမှ ဒီလို တောတွင်းလို အရိုင်းဆန်တဲ့ ကုမ္ပဏီထဲမှာ မင်း ရှင်သန်နိုင်မှာ။ လူငယ်တွေကတော့ စိတ်ဓာတ်တွေပဲ တက်ကြွနေကြတာ။ သူတို့က တရားမျှတမှုအကြောင်းပဲ သိကြတာကိုး တရားမျှတမှုက ထမင်းကျွေးလို့လား”

ကုမ္ပဏီဝန်ထမ်းက ရယ်မောပြီးတဲ့နောက် ပဲပြားကို စားလိုက်တယ်။

“အခုတော့ ဒီကောင်လည်း အခြေအနေကို နားလည်သွားပုံရပါပြီ။ အဲဒါက ဘယ်လောက်တောင် ကောင်းလိုက်လဲ။ အဲ့ကောင်က နည်းနည်းလေး လက်လျှော့လိုက်ရုံနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရသွားတာပဲ။ ဒီကောင် ရဲစခန်းရှေ့မှာ ဒူးထောက်ခဲ့လို့ ငါ့စိတ်ထဲမှာတော့ သက်သာရာရသွားတာ အမှန်ပဲ... ဒါပေမဲ့ ငါ့ကို ဒီနေရာ ရောက်အောင် လုပ်ခဲ့တဲ့သူဖြစ်နေလို့ အဲ့ကောင်ကို အဲဒီလောက်အလွယ်တကူတော့ ခွင့်မလွှတ်နိုင်ဘူး”

ပဲပြားစားနေတဲ့ ကုမ္ပဏီဝန်ထမ်းရဲ့ မျက်နှာပေါ်မှာ ခေါင်းမာလွန်းခြင်း ဆိုတာကြီးက အထင်အရှား ရေးထိုးထားသလိုပဲ။ လူတိုင်း ငြိမ်နေကြတဲ့အချိန်မှာ ဘားမယ်က ကုမ္ပဏီဝန်ထမ်းနားကို ချဉ်းကပ်လာခဲ့တယ်။

“အစ်ကို့ကို ကြည့်ရတာ တော်တော်လေး လူကောင်းတစ်ယောက်နဲ့ တူတယ်နော် အိုပါး”

ကုမ္ပဏီဝန်ထမ်းက မျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာနေတဲ့ ဘားမယ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။

“ငါက ဒယ်ယန်းကော်ပိုရေးရှင်း မှာ အလုပ်လုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ရာထူးကတော့ အဲဒီလောက်ကြီး မမြင့်ပါဘူး။ ငါ့အသက်အရွယ်နဲ့ ဆီလျော်တဲ့ ရာထူးနေရာမှာပဲ ရှိနေတာပါ”

“အလိုလေး... အိုပါးက တော်တော်လေး လန်းတာပဲ။ ကျွန်မက ဒီနားမှာပဲ အလုပ်လုပ်တာ။ တစ်ခေါက်လောက် လာလည်ဦးလေ။ ကျွန်မ အလကား ဝန်ဆောင်မှု ပေးပါ့မယ်”

ဘားမယ်က အဲဒီလိုပြောရင်း သူ့နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူတို့ပတ်ဝန်းကျင်က လူတွေက ရယ်မောလာကြတယ်။ သူတို့ ဘာလို့ ရယ်နေကြတာလဲ။ သူလည်း မသိပါဘူး။ ဒါက တော်တော်လေး ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပဲ၊ ဒါပေမဲ့ မကြာခင်မှာပဲ လူတိုင်းက သူတို့ရဲ့ ခါးသီးတဲ့ မျက်နှာပေးတွေဆီကို ပြန်ရောက်သွားကြပြန်တယ်။

“ဟေ့... အာဂျီမား”

“ဘယ်သူက အာဂျီမားလဲ….ဟင့်”

“ဒါဆို ဘာလဲ၊ လူလိမ်မ လို့ ခေါ်ရမလား”

“ဘယ်သူက လူလိမ်မလဲ။ ရှင်ကော လိမ်ညာနေတာ မဟုတ်ဘူးလား။ အာ... ဟုတ်ပါပြီ၊ ကျွန်မက အဲဒါကို ငြင်းခုံချင်လို့ ပြောတာ မဟုတ်ပါဘူး၊ ဒီအတိုင်း ပြောပြတာပါ။ ကျွန်မပြောတာကို ရှင် နားလည်တယ်မလား။ ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းကြရအောင်လေ၊ ဟုတ်ပြီလား”

ဝင့်ဝါနေတဲ့ လူလိမ်အမျိုးသမီးက ကုမ္ပဏီဝန်ထမ်းရဲ့ အကြည့်ကို ရှောင်ဖယ်လိုက်တယ်။ ကုမ္ပဏီဝန်ထမ်းကလည်း နောက်ထပ် ပတ်သက်ရမှာ ပျင်းပုံရတာကြောင့် ပါးစပ်ပိတ်နေလိုက်တော့တာပေါ့။ ဘားမယ်ကတော့ ကုမ္ပဏီဝန်ထမ်းကို ဆက်ပြီး မြှူဆွယ်ဖို့ ကြိုးစားနေသေးတယ်၊ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်ရတဲ့အခါကျမှပဲ အချုပ်ခန်းရဲ့ ထောင့်တစ်နေရာဆီကို ပြန်သွားတော့တယ်။

“တောက်... အသက်ကြီးတဲ့လူတွေ အခုလို ဖြစ်နေကြလို့ပဲ ကျွန်တော့်လို သနားဖို့ကောင်းတဲ့ လူငယ်တွေ ရှိနေရတာ။ အဲဒါကို သိကြရဲ့လား” တစ်ချိန်လုံး ငြိမ်နေခဲ့တဲ့ ဆိုးပေကောင်က ရုတ်တရက် ထပြောလာတယ်။

သူ့ပုံစံက အစိုးရအာဏာပိုင်ကလွဲရင် ဘာကိုမျှ ကြောက်ရွံ့ပုံမရဘူး။

“ခင်ဗျားတို့သာ ပိုပြီး တရားမျှတတဲ့ ကမ္ဘာကြီးကို တည်ဆောက်ခဲ့ရင်... ဟုတ်တယ်မလား။ ခင်ဗျားတို့လို လူတွေက ကိုယ့်အလုပ်ကို သေသေချာချာ မလုပ်ကြလို့ပဲ ကြိုးစားအားထုတ်နေရတာက ဘာအဓိပ္ပာယ်မှ မရှိတော့တာ”

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ထူးထူးဆန်းဆန်း ပုံစံမျိုးနဲ့ လဲလျောင်းနေတဲ့ အဲဒီမူးနေတဲ့လူက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ့ရဲ့ ညာဘက်လက်ကို လေထဲမြှောက်လိုက်လေရဲ့။

“ဟုတ်တယ် မင်း စကားပြောတာ တော်တယ်။ အဲဒါ ငါပြောချင်တဲ့ စကားပဲ။ ငါ ဘာမှားသွားလို့လဲ၊ ဟမ်။ ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ငါက ကုမ္ပဏီကို သေသေချာချာ သွားလိုက် ပြန်လိုက်လုပ်ပြီး အသက်အရွယ်အလိုက် အနားယူခဲ့တာ။ ငါက ဆိုင်သေးသေးလေးတစ်ဆိုင် ဖွင့်ပြီး သာမန်ဘဝနဲ့ အသက်ရှင်ဖို့ ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ အရောင်းအဝယ်က ဘာမှ မဖြစ်ထွန်းဘူး တောက်... အကျိန်ခံထားရသလိုပဲ။ ငါက သောက်ချင်လွန်းလို့ မူးနေတာ မဟုတ်ဘူး။ ငါက သောက်ချင်လို့ သောက်ခဲ့တာ မဟုတ်ဘူး ကမ္ဘာကြီးက ငါ့ကို သောက်အောင် ဖန်တီးခဲ့တာ”

အဲဒီမူးနေတဲ့လူက သူ့ရဲ့ ဒဿနတွေကိုပြောတော့တာပေါ့။

“ဘာတွေလဲဗျာ။ အဘိုးကြီး… ခင်ဗျားမှာ အဲဒီလိုပြောဖို့ အရည်အချင်း မရှိပါဘူး။ နေအောက်မှာ သောက်ပြီး ဒီကို ရောက်လာတာဆိုရင်လည်း သွားအိပ်လိုက်စမ်းပါ။ အဘိုးကြီးရဲ့ ဘဝက အမှိုက်ပုံထဲ ရောက်နေတာကို ကမ္ဘာကြီးကို လာပြီး ပြစ်တင်ဝေဖန်နေဖို့ အရည်အချင်း မရှိပါဘူး”

“မင်းလို ကောင်စုတ်လေးကများ မင်းက ဘယ်လိုကြောင့် လူကြီးကို ပြန်ခံပြောရဲတာလဲ”

“ဘာတွေလဲဗျာ။ အဘိုးကြီးက တကယ့်ကို အိုပယ်ပဲ”

သူတို့နှစ်ယောက်က တစ်ယောက်ရဲ့ ကော်လံကို တစ်ယောက် ဆွဲကိုင်ပြီး အပြန်အလှန် ဟောက်နေကြတော့တယ်။ စားပွဲမှာ ထိုင်နေတဲ့ ရဲဝန်ထမ်းက မတ်တတ်ထရပ်ပြီး အချုပ်ခန်းဆီ လာခဲ့တယ်။

“အားလုံး ပါးစပ်ပိတ်စမ်း”

ရဲက အော်လိုက်တာကို ကြားတော့မှ အဲဒီနှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် လွှတ်လိုက်ကြတယ်။

“မင်းက ကမ္ဘာကြီးအတွက် ဒီလောက်တောင် စိုးရိမ်ပူပန်နေပြီး ဘာလို့ စီကရက်ခိုးလို့ ဒီကို ရောက်လာရတာလဲ။ ကမ္ဘာကြီးအတွက် မပူပန်ခင် မင်းကိုယ်မင်း အရင် ဂရုစိုက်ပါဦးလား”

“...တောင်းပန်ပါတယ်”

“ပြီးတော့ ခင်ဗျားလည်းပဲ ဦးကြီး။ ‘အရောင်းအဝယ် မဖြစ်ထွန်းဘူး’ ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားက စတော့ရှယ်ယာ ကစားလို့ ကောင်းမွန်တဲ့ ဆိုင်ကြီးကို ဖျက်ဆီးပစ်ခဲ့တာ၊ ပြီးတော့ ကြွေးမြီတွေကြောင့် ဒီကို ရောက်လာတာ မဟုတ်ဘူးလား။ ခင်ဗျားအကြောင်းကို ကျွန်တော် အကုန်သိနေတာကို ခင်ဗျားက လိမ်ညာတာတွေကိုပဲ ဆက်ပြောနေတုန်းပဲ”

“...ကျွန်တော် စတော့ရှယ်ယာ ရှုံးသွားတာက ကမ္ဘာကြီးက..."

“ကမ္ဘာကြီးကို အပြစ်တင်နေတာကို ရပ်လိုက်စမ်းပါ။ ကျွန်တော်လည်း အလုပ်ရှုပ်နေတာ”

ရဲက သတိပေးချက်တစ်ခု ပေးပြီးတဲ့နောက် လှည့်ပြန်သွားခဲ့တယ်။ အဲဒီနောက်မှာ လူလိမ်အမျိုးသမီးက လှမ်းပြောတယ်။

“တကယ်တော့ ကျွန်မလည်း အခုလို ဖြစ်ချင်လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့တာ။ မိဘတွေရဲ့ မျက်နှာကိုတောင် မသိရပါဘူး။ ရိုက်နှက်ခံရရင်းနဲ့ပဲ ကြီးပြင်းလာခဲ့ရတာ။ ကျွန်မ... တကယ်ပဲ ခက်ခဲခဲ့တာပေါ့”

လူလိမ်အမျိုးသမီးက သနားစရာကောင်းတဲ့ အသံမျိုးနဲ့ ပြောနေတယ်။ သူက မျက်ရည်တွေကိုတောင် သုတ်နေသေးတာ။ ဒါပေမဲ့ ဘာဖြစ်လို့လဲမသိ၊ ကြည့်ရတာ အဲဒီလောက်ကြီး ဝမ်းနည်းနေပုံတော့ မရဘူး။

“ကျွန်မသာ မေတ္တာတရားတွေ ပြည့်ဝတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရရင် ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဟုတ်ပါတယ်၊ ကျွန်မက လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ကျွန်မ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကပဲ ကျွန်မကို အခုလို ဖြစ်အောင် ဖန်တီးခဲ့တာ။ ကျွန်မက ကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းချင်ခဲ့တာ သိရဲ့လား။ ကျွန်မကိုသာ အခွင့်အရေး ပေးခဲ့မယ်ဆိုရင်...” အဲဒီလိုပြောရင်း သူက ကုမ္ပဏီဝန်ထမ်းကို တစ်ချက် ကြည့်လိုက်တယ်။

ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းကတော့ စိတ်ဝင်စားပုံ လုံးဝမရတာ ထင်ရှားလွန်းလှပါတယ်။

“အာ... မျက်နှာတောင် မမြင်ဖူးတဲ့ ကျွန်မရဲ့ အဖေနဲ့အမေက ဘာတွေလုပ်နေကြမလဲ မသိဘူး။ သူတို့ စွန့်ပစ်ခဲ့တဲ့ သနားဖို့ကောင်းတဲ့ ကလေးငယ်ကိုကော မှတ်မိကြသေးရဲ့လား မသိဘူး...”

အဲဒီအချိန်မှာပဲ ရဲဝန်ထမ်းက အချုပ်ခန်းဆီ လျှောက်လာပြီး ပြောလိုက်တယ်၊

“ဪ... ဒါနဲ့၊ မနက်ဖြန် ခင်ဗျားရဲ့ အဖေက ခင်ဗျားဆီ လာတွေ့လိမ့်မယ်၊ အဲဒါကို စိတ်ထဲ မှတ်ထားလိုက်ဦး”

ရဲဝန်ထမ်း ထွက်သွားပြီးတဲ့နောက်မှာတော့ လူလိမ်အမျိုးသမီးက စုတ်တစ်ချက်သတ်ပြီး အဲဒီနေရာမှာတင် လှဲချလိုက်တော့တာပေါ့။

“သူက တော်တော်လေး ထူးဆန်းတဲ့ အမျိုးသမီးပဲ မဟုတ်လား အိုပါး”

ဘားမယ်က အခွင့်အရေးကို အရယူပြီး လှမ်းပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ လမ်းသရဲကလည်း ‘တွေ့လား။ လူကြီးတွေက ပြဿနာပဲ’ လို့ ပြောပြီး အရာအားလုံးကို တခြားလူတွေအပေါ် အပြစ်ပုံချတော့တယ်။

“ဒါတွေက ကမ္ဘာကြီးရဲ့ အပြစ်တွေပဲ၊ တောက်...” မူးနေတဲ့လူက အော်လိုက်တယ်။

“ဆင်းရဲရင် ငြိမ်ငြိမ်နေစမ်းပါ။ အကြွေစေ့တွေက အမြဲတမ်း အသံကျယ်နေတာပဲ၊ တောက်...” ကုမ္ပဏီဝန်ထမ်းကလည်း ထပ်အော်လိုက်ပြန်တယ်။

အချုပ်ခန်းထဲမှာ ပြန်ပြီး ဆူညံလာပြန်တယ်။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးနေကြတာပေါ့။ အဲဒီအချိန်မှာပဲ ရဲဝန်ထမ်းက ဒေါသထွက်လာခဲ့တယ်။

“ငါ မင်းတို့ကို တိတ်တိတ်နေလို့ ပြောထားတယ်လေ မင်းတို့ကောင်တွေက တစ်ယောက်နဲ့တစ်ယောက် ဘာမှ ထူးမခြားနားပါဘူး။ မင်းတို့ကိုယ်မင်းတို့ မှားနေတယ်လို့ကော မထင်ကြဘူးလား။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ပဲ အပြစ်တင်နေကြတယ်။ တကယ့်ကို ကောင်းမွန်တဲ့ ဘဝတွေပါပဲ။ ဘာတစ်ခုမှ မင်းတို့အပြစ် မဟုတ်ဘူးပေါ့။ မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြစမ်းပါ။ ဆိုလိုတာက မင်းတို့ကိုယ်မင်းတို့ နည်းနည်းပါးပါး ပြန်လည်သုံးသပ်သင့်တယ်လို့ ပြောတာ။ ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နေကြတဲ့ လူတွေရဲ့ရှေ့မှာ မရှက်ကြဘူးလား”

ရဲက သက်ပြင်းချရင်း ခေါင်းကို ခါလိုက်တယ်။ အချုပ်ခန်းထဲမှာ ပြန်ပြီး တိတ်ဆိတ်သွားပြန်တယ်။ လူတိုင်းက တိုးတိုးတိတ်တိတ် ရေရွတ်ရင်း ရဲဝန်ထမ်းကိုပဲ ကြည့်နေကြတော့တာပေါ့။ အဲဒီအချိန်မှာပဲ ရဲက သူ့ရဲ့ တယ်လီဖုန်းကို ကောက်ကိုင်လိုက်တယ်။

“ဟုတ်ကဲ့၊ အကြီးအကဲ။ ဘာလဲခင်ဗျာ။ မှတ်တမ်းစာစောင်လား” ရဲဝန်ထမ်းက ပျာပျာသလဲ ဖြစ်သွားပုံရတယ်။ သူက ချက်ချင်းပဲ သူ့စားပွဲခုံကို မွှေနှောက်ရှာဖွေပြီးတဲ့နောက် စာရွက်တစ်ရွက်ကို ထုတ်လိုက်တယ်။ အဲဒီစာရွက်ပေါ်မှာ ‘မှတ်တမ်းစာစောင်’ လို့ ရေးထားလေရဲ့။

“ကျွန်... ကျွန်တော့်ဆီမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့ လူသစ်ကို ခင်ဗျားဆီ ပို့ခိုင်းလိုက်တာ။ ဗျာ။ မဖြစ်နိုင်တာ။ အဟား... ကြည့်ရတာ အဲဒီလူသစ်က မေ့သွားပုံရတယ်။ တောက်... သူက ဘာမှ အသုံးမကျဘူးပဲ၊ မဟုတ်ဘူးလား။ အမှားတွေ ဒီလောက်တောင် များနေတာလား။ ဗျာ။ ကျွန်တော်က လူသစ်ကိုပဲ ထပ်ပြီး အပြစ်ပုံချနေပြန်ပြီလို့ မေးတာလားခင်ဗျာ။ အကြီးအကဲ။ ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေလို့လဲ။ ကျွန်တော်က ကျွန်တော့်အမှားတွေအတွက် တခြားလူတွေကို ဘယ်တော့မှ အပြစ်မတင်ပါဘူး။ ဒါပေါ့ဗျာ။ ကျွန်တော့်ဆီကနေ တရားမျှတမှုနဲ့ သစ္စာတရားကို ဖယ်ထုတ်လိုက်ရင် ကျွန်တော့်မှာ ဘာမှ ရှိမနေတော့ဘူးဆိုတာကို ခင်ဗျားက ကျွန်တော့်ထက် ပိုသိတာပဲ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော် လူသစ်ကို သင်ကြားပြသပေးပြီး အဲဒီမှတ်တမ်းကို ခင်ဗျားဆီ ချက်ချင်း ပို့ခိုင်းလိုက်ပါ့မယ်။ ဟုတ်ကဲ့၊ အလုပ်တွေအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ရဲက ဖုန်းချလိုက်ပြီးတဲ့နောက် စနိုးစနောင့် ဖြစ်နေတော့တယ်။

“တောက်... မင်းတို့အားလုံးကြောင့် ငါ အမှားလုပ်မိသွားပြီ။ တကယ်ပဲ... တခြားလူတွေကို အပြစ်တင်တဲ့လူတွေက အဆိုးဆုံးပဲ”

အချုပ်ခန်းထဲက လူတွေက ရဲဝန်ထမ်းကို မျက်စောင်းထိုး ကြည့်လိုက်ကြတော့တယ်။

* * * * * * * * *

မီဆိုက ဂန်ဟွမ်ကို တစ်ချက် ကြည့်လိုက်တယ်။ ဂန်ဟွမ်ကလည်း မီဆိုရဲ့ စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာကို ဖတ်မိသွားသလိုမျိုး ခေါင်းကို ညိတ်ပြလိုက်လေရဲ့။

“သူတို့က တော်တော်လေး ကောင်းကြတယ် မဟုတ်လား”

“ဒါက... တကယ်ပဲ၊ သူတို့ရဲ့ လက်တွဲလုပ်ဆောင်မှုက တကယ့်ကို ကောင်းမွန်တာပဲ”

“မပြည့်စုံတဲ့ အစိတ်အပိုင်းတွေကပဲ သူတို့ကို ပိုပြီး ချစ်ဖို့ကောင်းအောင် ဖန်တီးပေးထားသလိုပဲ။ အရှေ့က ဦးဆောင်တဲ့လူက အဲဒီလောက်အထိ ကောင်းနေရင် မပြည့်စုံတဲ့ အစိတ်အပိုင်းတွေကတောင် ဆွဲဆောင်မှုရှိနေတယ်လို့ ထင်ရတာပေါ့”

“လူတိုင်းက အမှားတွေ လုပ်နေကြတာဆိုရင်၊ စကားပြောမှားတာ ဒါမှမဟုတ် ရုတ်တရက် ရယ်မောမိတာတွေက ချို့ယွင်းချက်တစ်ခုလို ထင်ရနိုင်ပေမဲ့၊ ဒါက တောက်လျှောက် ချောချောမွေ့မွေ့ ဆက်သွားနေတော့ ချို့ယွင်းချက်တစ်ခုလို့ မခံစားရဘူး”

“ငါ တကယ်ပဲ အံ့ဩသွားရတယ်။ သူတို့ ဘယ်အချိန်ကတည်းက ဒီလောက်တောင် တော်လာကြတာလဲ”

“ငါ့အနေနဲ့ အကြံဉာဏ်ပေးချင်တဲ့ အပိုင်းအချို့တော့ ရှိပါတယ်၊ ဒါပေမဲ့ အဲဒါက ဒီလောက်ပါပဲ။ အကြံဉာဏ် သက်သက်ပါပဲ။ သူတို့ နားထောင်မလား မနာခံဘူးလားဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တာပေါ့။ ဝါး... သူက မွန်ဂျောင်ဆရာကြီးဆီကနေ အရာတော်တော်များများကို သင်ယူခဲ့ပုံရတယ်”

မီဆိုက လက်မောင်းကို ပိုက်ထားရင်း ဒေးမြောင်ကို ကြည့်လိုက်တယ်။ ဒေးမြောင်ရဲ့ စိတ်နေသဘောထားက စင်ပေါ်ကို ရောက်သွားတာနဲ့ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့တာကိုး။ သူ့ရဲ့ ရှက်တတ်တဲ့ စိတ်နေသဘောထားက သရုပ်ဆောင်မှုတစ်ခုလို ဖြစ်သွားပြီး သူ့ရဲ့ ဇာတ်ကောင်ထဲကို အသည်းအသန် နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့တယ်။ အခုအချိန်မှာတော့ သူ့ရဲ့ အသံနေအထားနဲ့ လှုပ်ရှားမှုတွေက ပိုပြီး မြင့်မားလာခဲ့ပြီး ပိုလို့တောင် သဘာဝကျလာခဲ့လို့ မီဆိုကို အံ့အားသင့်စေခဲ့တယ်။ လွန်ခဲ့တဲ့နှစ်က လူတွေ ပိုများခဲ့တာကြောင့် အမျိုးအစား ပိုစုံခဲ့တာ မှန်ပေမဲ့၊ ဒီနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ လွန်ခဲ့တဲ့နှစ်က လူတွေက စည်းလုံးမှု အားနည်းခဲ့ကြတယ်။ ကလပ်ရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့တဲ့ ယွန်းဂျုံက ကလပ်ရဲ့ ပျော်ရွှင်စရာ ဖန်တီးပေးသူ ဖြစ်ခဲ့ပေမဲ့ လူတိုင်းကို ဦးဆောင်နိုင်မယ့် အရည်အချင်းတော့ အားနည်းခဲ့တာပေါ့။ တစ်ဖက်မှာတော့ ဒေးမြောင်က အလုပ်အပေါ်မှာ အပြည့်အဝ နားလည် သဘောပေါက်ထားခဲ့တယ်။

‘ဒါပေမဲ့လည်း...'

မီဆိုက မာရူးကို တစ်ချက် ကြည့်လိုက်တယ်။ အဲဒီကလေးက အလယ်ကနေ လူတိုင်းကို ပံ့ပိုးပေးထားလို့သာ ပြဇာတ်က ပိုပြီး နက်ရှိုင်းမှု ရှိနေတာပါ။ အဆင်မပြေဖြစ်နေတဲ့ ဘားမယ်၊ အော်ဟောက်ဖို့ပဲ သိတဲ့ လမ်းသူရဲ၊ စကားလုံးတွေကိုတောင် သေသေချာချာ အသံမထွက်နိုင်တဲ့ အရက်သမား၊ အသိဉာဏ်ရှိပုံ လုံးဝမရတဲ့ လူလိမ်အမျိုးသမီး။ တခြား ဇာတ်ကောင်တွေအားလုံးက တစ်ခုခု လွဲချော်နေသလိုမျိုး ရှိနေပေမဲ့ မာရူးရဲ့ ဇာတ်ကောင်ကတော့ လူတိုင်းကို တကယ့် လက်တွေ့ဆန်အောင် ဖန်တီးပေးထားသလိုပဲ။ မာရူးရဲ့ အာရုံစူးစိုက်မှုက သူ့ပတ်ဝန်းကျင်က တခြားလူတွေကိုပါ သက်ရောက်နေခဲ့တာ။ မာရူးနဲ့ စကားပြောရတဲ့ ဇာတ်ကောင်တွေက အသက်ဝင်လာကြပြီး အကျိုးဆက်အနေနဲ့ ပြဇာတ်က အပြည့်အဝ မပြည့်စုံသေးဘူးဆိုရင်တောင် ပျက်စီးယိုယွင်းမသွားခဲ့ပါဘူး။

သူက သူတို့ထက် နည်းနည်းလေးပဲ ပိုပြီး တော်နေတာဆိုရင်တော့ တခြားလူတွေက သူ့ရဲ့ သရုပ်ဆောင်မှုအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှု ရှိနိုင်ပေမဲ့၊ သူ့ရဲ့ အတိုင်းထက်အလွန် တော်လွန်းလှတဲ့ အရည်အချင်းတွေကြောင့် တခြားလူတိုင်းရဲ့ သရုပ်ဆောင်မှုအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိနေခဲ့တာပေါ့။ ဒေးမြောင်ရဲ့ ဦးဆောင်မှုနဲ့ မာရူးရဲ့ ဆွဲဆောင်မှု။ သူတို့နှစ်ယောက်ကတော့ တကယ့်ကို ပြည့်စုံလွန်းလှတဲ့ အတွဲအစပ်ပါပဲ။

“ဒီနားကို စုလိုက်ကြဦး” ဒေးမြောင်က ပြောလိုက်တယ်။

ကလပ်အဖွဲ့ဝင်တွေက ဝိုင်းအုံစုဝေးလာကြတယ်။ မီဆိုကတော့ ဆက်ပြီး စောင့်ကြည့်နေမိတယ်။ တိတ်ဆိတ်ခြင်းက ရွှေဆိုတဲ့ စကား ရှိတယ်မလား။ ကြည့်ရတာတော့ သူ့ရဲ့ အကြံဉာဏ်တွေက ဒီနေရာမှာ မလိုအပ်တော့ဘူး ထင်ပါရဲ့။

* * * * * * * * *

All Chapters