အခန်း ၂၇၄
Vol. 28 Ch. 274
အခန်း(၂၇၄)
“ဘယ်လိုလဲ၊ ငါတို့ အခြေအနေ တော်တော်လေး အဆင်ပြေရဲ့လား”
ဇာတ်တိုက်လေ့ကျင့်မှု တစ်ကျော့ပြီးသွားတော့ သူတို့တွေ ခဏနားကြတယ်။ ပြတင်းပေါက်ရှေ့မှာ ထိုင်ပြီး သူတို့လေ့ကျင့်တာကို ကြည့်နေတဲ့ မီဆိုနဲ့ ဂန်ဟွမ်ကို မာရူးက လှမ်းမေးလိုက်တာပါ။ စာသားတွေကို အပိုင်မထိန်းနိုင်သေးတာ၊ တချို့လူတွေ ဗြုန်းခနဲ ရယ်မိကုန်တာတွေ ရှိနေပြီး ပြီးပြည့်စုံဖို့ လိုနေသေးပေမဲ့ ဒါဟာ တခြားသူတွေကို ပထမဆုံးအကြိမ် ထုတ်ပြတဲ့ သူတို့ရဲ့ ပထမဆုံး ပြဇာတ်အစအဆုံး တိုက်ရိုက် သရုပ်ဆောင်မှုပဲ ဖြစ်နေလို့ပါ။ သူတို့ဆီက ပွင့်ပွင့်လင်းလင်း ဝေဖန်ပေးမယ့် စကားတွေကို သူ ကြားချင်နေမိတယ်။
“မင်းတို့ တော်တော်လေးကို လေ့ကျင့်ဖို့ လိုသေးတာပေါ့။ အဝေးကြီး လိုပါသေးတယ်။ အထူးသဖြင့် ပထမနှစ် အသစ်တွေပေါ့လေ။ ယုံကြည်မှုရှိတာ ကောင်းတာမှန်ပေမဲ့ အရည်အချင်းကတော့ ယုံကြည်မှုနဲ့ တစ်ခြားစီပဲကွ။ မင်းတို့ တကယ်ပဲ ရှိသမျှ ခွန်အားတွေအကုန် စိုက်ထုတ်နေကြတာ သေချာရဲ့လား”
“အမှန်အတိုင်း ပြောရရင်တော့ မနှစ်ကလောက် မတက်ကြွဘူး၊ အရှိန်မပါဘူး ဖြစ်နေတယ်”
“မင်းတို့က ဘယ်တုန်းက အရှိန်ပါဖူးလို့လဲဟ”
“ဒါလည်း ဟုတ်တာပါပဲ” လို့ မာရူးက ပြုံးပြုံးလေး ပြန်ပြောလိုက်တယ်။
မနှစ်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ပြိုင်ပွဲမှာ ဆုရရမယ်ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု သူတို့မှာ ရှိခဲ့တာပေါ့။ အစကတည်းကလည်း မီဆိုက ပြိုင်ပွဲကို စိတ်ထဲထားပြီး ကျောင်းသားတွေကို လေ့ကျင့်ပေးခဲ့တာမို့ လေထုတစ်ခုလုံးက ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး လေ့ကျင့်ရတာ တကယ့်ကို ပင်ပန်းခက်ခဲခဲ့တာပါ။
ဒါပေမဲ့ ဒီနှစ်ကတော့ အခြေအနေချင်း မတူတော့ဘူး။ ပထမဆုံး အခက်အခဲက လေ့ကျင့်ဖို့ နေရာမလောက်ငှတာပဲ။ သူတို့ လေ့ကျင့်ရမယ့် နေရာက သေးသွားတော့ လေ့ကျင့်ခန်း လုပ်ရတာ အကန့်အသတ်တွေ ရှိလာတယ်။ တာဝန်ခံ နည်းပြဖြစ်တဲ့ ဆူယွန်းကလည်း အလုပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ မီဆိုနဲ့ ကွာခြားတယ်။ ဆူယွန်းက အောင်မြင်မှုတွေ၊ ရလဒ်တွေကို စိတ်မဝင်စားဘူး။ သူ့အတွက်တော့ နည်းပြလုပ်ရတာ ဂျွန်မင်း ပေးတဲ့ အလုပ်တစ်ခုသက်သက်ပဲ။ မီဆိုလိုမျိုး အတိတ်က အောင်မြင်မှု ဂုဏ်ဒြပ်တွေကို ပြန်လည်ဖော်ဆောင်ချင်တဲ့ စိတ်ဆန္ဒမျိုးလည်း သူ့မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နောက်ဆုံးတစ်ချက်ကတော့ ကလပ်အဖွဲ့ဝင်တွေမှာလည်း ကိုယ်စီကိုယ်စီ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိနေကြတော့ လေ့ကျင့်ချိန်တွေ နည်းပါးသွားရတာပေါ့။
“ဆုရရင်တော့ ကောင်းတာပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ရဲ့ သဘောထားတွေကို အရင် နားထောင်ကြည့်ဖို့ စိတ်ကူးထားတယ်။ ပြီးတော့ ဒေးမြောင်ရဲ့ သဘောထားကလည်း သိပ်ကို အရေးကြီးတယ်လေ”
“ငါလည်း ဝူဆောင်းအထက်တန်းကျောင်းကို တစ်နိုင်ငံလုံး ပြိုင်ပွဲမှာ နိုင်စေချင်တာပေါ့၊ ဒါပေမဲ့ လောလောဆယ်တော့ ငါက တာဝန်ခံ မဟုတ်တော့ဘူးလေ။ သူတို့တွေ ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာ ကြည့်ရတာလည်း မဆိုးပါဘူး”
“ကလေးတွေအကုန်လုံးက အခြေခံ စိတ်သဘောထားကောင်းတဲ့ ကလေးတွေချည်းပါပဲ” လို့ ပြောရင်း မာရူးက နောက်ကို လှည့်ကြည့်လိုက်တယ်။
ဒေးမြောင်က တခြားသူတွေကို ပြဇာတ်ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ရှင်းပြနေတာပါ။ အဖွဲ့ဝင်တွေကလည်း သူ့ကိုပဲ အာရုံစိုက်နေကြတယ်။ မနှစ်ကထက်စာရင်တော့ သူတို့အချင်းချင်း စည်းလုံးညီညွတ်မှု ပိုရှိလာတာ အမှန်ပဲ။
“မင်းတို့တွေက ပြဇာတ်တစ်ခုအတွက် ပြင်ဆင်နေရတဲ့ အချက်အပေါ်မှာတင် အားရကျေနပ်နေပြီး ရလဒ်ကို ဂရုမစိုက်ဘူးဆိုရင်တော့ ဒီလောက်ဆို တော်တော်လေး အဆင်ပြေနေပါပြီ။ ကောင်းကောင်း လုပ်နိုင်ကြတယ်။ နောက်ထပ် နည်းနည်းလောက် ပိုပြီး လေ့ကျင့်လိုက်ရင် ဒုတိယဆုကိုတော့ မှန်းလို့ ရနိုင်တာပေါ့”
“အကယ်၍ ကျွန်တော်တို့က ပထမဆုံး ဂုဏ်ထူးဆောင်ဆုကြီးကို မှန်းမယ်ဆိုရင်ကော”
“ဒါဆိုရင်တော့ ငါ စောစောက ပြောသလိုပဲ၊ မင်းတို့တွေ ပြီးပြည့်စုံဖို့ အဝေးကြီး လိုသေးတာပေါ့”
အဲဒီအချိန်မှာပဲ တစ်ချိန်လုံး နားထောင်နေတဲ့ ဂန်ဟွမ်က ဝင်ပြောလိုက်တယ်။
“ပျော်ပျော်ရွှင်ရွှင် လုပ်တာ ကောင်းတာပေါ့။ မာရူး... မီဆိုသာ တကယ် စိတ်ဆုံးဖြတ်ပြီး လုပ်ပြီဆိုရင် ဘယ်လောက်အထိ ပင်ပန်းရလဲဆိုတာ မင်းအသိဆုံးမလား”
“ဒါကတော့ ကျွန်တော် ကောင်းကောင်း သိတာပေါ့”
“ဒီမိန်းမရဲ့ စံနှုန်းတွေက မြင့်လွန်းတယ်။ အခုမှ စလုပ်တဲ့ လူတွေဆီကနေ ပြီးပြည့်စုံမှုကို သူက လိုချင်တာ။ သူနဲ့ အတူတူ အလုပ်လုပ်ရတဲ့ အသင်းဖော်တွေ တော်တော် ပင်ပန်းရလိမ့်မယ်။ ဒါပေမဲ့ ငါ ဒါတော့ ရဲရဲကြီး ပြောရဲတယ်၊ သူကတော့ အဲဒီလူတွေကို သူတို့လုပ်ခဲ့တဲ့ အလုပ်အတွက် ဂုဏ်ယူဝင့်ကြွားနိုင်အောင် ဖန်တီးပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်စိုက်ထုတ်ခဲ့တဲ့ ခွန်အားနဲ့ အချိန်တွေအပေါ် မူတည်ပြီး ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုက အဆမတန် ဆတိုးတက်လာတာမျိုးကိုး။ မင်းတို့ အခုလုပ်နေသလိုပဲ ဆက်လုပ်သွားမယ်ဆိုရင်တော့ ပြိုင်ပွဲပြီးတဲ့အခါမှာ သိပ်ပြီး ပျော်ရွှင်ရမှာလည်း မဟုတ်သလို၊ သိပ်ပြီး စိတ်ဓာတ်ကျ ဝမ်းနည်းနေရမှာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ‘သင့်တင့်ရုံ’ကလေး လုပ်တယ်ဆိုတာက ဒီလိုပဲ ဖြစ်လာတာမျိုးလေ”
“အဲဒါက ကျွန်တော့်အတွက်တော့ တော်တော်လေး စွဲမက်စရာ ကောင်းနေသလိုပဲဗျ”
“တကယ်လား။ သင့်တင့်ရုံကလေး လုပ်တာကိုလား” လို့ ဂန်ဟွမ်က အံ့ဩတကြီး မေးလိုက်တယ်။
မာရူးက ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်မိတယ်။
“အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော့်အလုပ်ကို မထိခိုက်ဘူးဆိုတဲ့ အခြေအနေမျိုးမှာ ဒီအလုပ်အတွက် အချိန်ကို ရှိသမျှ အကုန်လုံး စိုက်ထုတ်ချင်တာပေါ့။ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် နည်းနည်း ဖိအားပေးပြီး တွန်းအားပေးရရင်တောင် ဒီအလုပ်အပေါ်မှာပဲ ပိုပြီး အာရုံစိုက်ချင်တာ။ သိတယ်မလား။ လွန်ခဲ့တဲ့ ဆောင်းတွင်းတုန်းက စင်ပေါ်မတက်ခဲ့ရတာကို ကျွန်တော် တကယ်ပဲ ရင်ထဲမှာ မတင်မကျနဲ့ မခံချင်စိတ်တွေ ဖြစ်ခဲ့ရတာ။ အခုမှ ထုတ်ပြောတာပါ၊ တစ်ခါတလေ ကျိုးနေတဲ့ ခြေထောက်ကို ပွတ်သပ်ရင်း နာရီကို ငေးကြည့်ပြီး ‘တခြားသူတွေကတော့ အခုလောက်ဆို စင်ပေါ်မှာ ရောက်နေလောက်ပြီ’လို့ တွေးမိတာမျိုးတွေ ရှိခဲ့တယ်”
“အဲဒါက မင်း စိုက်ထုတ်ခဲ့တဲ့ ခွန်အားတွေကြောင့်ပေါ့ကွ။ အဲဒီလောက်အထိ ရင်းနှီးမြှုပ်နှံခဲ့မှတော့ အဲဒီလောက်အထိ ဆုံးရှုံးမှုကြီးမားတာ ခံစားရမှာပဲ”
“တကယ့်ကို အမှန်ပါပဲဗျာ။ အဲဒီတုန်းကသာ ကျွန်တော် သင့်တင့်ရုံကလေးပဲ လုပ်ခဲ့ရင် အခုလိုမျိုး မခံမရပ်နိုင် ဖြစ်နေမှာ မဟုတ်ဘူး”
“အဲဒီခံစားချက်က သိပ်တော့ မကောင်းဘူး မဟုတ်လား”
“ဆိုးဝါးလွန်းတာပေါ့ဗျာ”
“အဲဒီလိုဆိုတော့ မင်း နိုင်ချင်တဲ့စိတ် ပိုပြီးတော့တောင် ပြင်းထန်မလာဘူးလား”
အဲဒီမေးခွန်းကို ကြားတော့ မာရူးက ပခုံးနှစ်ဖက်ကို ပင့်တင်လိုက်တယ်။ အနိုင်ရရှိမှု။ ဒီကမ္ဘာပေါ်မှာ ရှုံးနိမ့်တာကို ကြိုက်တဲ့လူ ဘယ်နှစ်ယောက် ရှိလို့လဲ။ လူသားမှန်ရင်တော့ အခွင့်အရေးရရင် သရဖူကို ဆောင်းချင်ကြတာချည်းပဲပေါ့။ သူကတော့ မီးလောင်ဒဏ်ရာတွေကြောင့် စင်ပေါ်မတက်နိုင်ခဲ့ရဘူး။ ချွေးနံ့တွေ ချဉ်စော်နံလာတဲ့အထိ အားသွန်ခွန်စိုက် လှုပ်ရှားရုန်းကန်ခဲ့ပြီး၊ စာသားတွေကို ရွတ်ဆိုနိုင်လွန်းလို့ အလိုလို ညည်းဆိုမိတဲ့အထိ ဖြစ်ခဲ့ရပြီးမှ အရာအားလုံးက အလကား ဖြစ်သွားခဲ့ရတာမို့ အဲဒီအချိန်တုန်းက တကယ့်ကို ရင်နာစရာ ကောင်းခဲ့တာပါ။
သူ့မှာ အာသီသတွေ၊ ရည်မှန်းချက်တွေ ရှိလာခဲ့တယ်။ ဒီနှစ်မှာတော့ အားလုံးရဲ့ အရည်အချင်းတွေက မနှစ်ကထက် ပိုကောင်းလာကြသလို စည်းလုံးညီညွတ်မှုလည်း ပိုရှိလာကြတယ်။ ပြိုင်ပွဲကို ဝင်ရောက်စိန်ခေါ်ဖို့အတွက် လုံလောက်တဲ့ အရည်အချင်းမျိုး သူတို့မှာ သေချာပေါက် ရှိနေတယ်။
ဒါပေမဲ့လည်း...
“မာရူး... မင်းကို ငါ ခဏလောက် စကားပြောလို့ ရမလား” လို့ ဒေးမြောင်က လှမ်းခေါ်လိုက်တယ်။ မာရူးက စီနီယာနှစ်ယောက်ကို ကြည့်ပြီး စကားဆိုလိုက်တယ်။
“ကလပ်ဥက္ကဋ္ဌက ကျွန်တော့်ကို ခေါ်နေလို့၊ ခွင့်ပြုပါဦးဗျာ”
မီဆိုက သူ့ကို ပြုံးပြလိုက်တယ်။
“ငါတို့လည်း ပြန်ရတော့မယ် မဟုတ်လား”
မီဆိုက ဂန်ဟွမ်ကို ဆွဲထူလိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေက ဘာဖြစ်နေလဲဆိုတာ ရိပ်မိသွားကြပြီး သူတို့နှစ်ယောက်ရှေ့မှာ လာရပ်ကြတယ်။
“ကြိုးကြိုးစားစား လုပ်ကြနော်။ ပြီးတော့ ပျော်ပျော်ရွှင်ရွှင်လည်း ဖြတ်သန်းကြ။ နောင်တရစရာတွေ ချန်မထားခဲ့ကြနဲ့ဦး”
“ငါက ဒီကျောင်းဆင်း မဟုတ်ပေမဲ့ ဒီအနုပညာလောကထဲမှာ လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ မင်းတို့ကို အားပေးနေပါ့မယ်။ အောင်မြင်ပါစေကွာ”
သူတို့နှစ်ယောက်က နှုတ်ဆက်စကား ပြောပြီး ထွက်ခွာသွားကြတယ်။ အားလုံးက လိုက်ပို့ဖို့ လုပ်ကြပေမဲ့ သူတို့နှစ်ယောက်က ငြင်းဆန်ခဲ့တာပေါ့။
စင်္ကြံလမ်းမှာ သူတို့နှစ်ယောက်ကို လိုက်ပို့ပြီးတဲ့နောက် ကလပ်အဖွဲ့ဝင်တွေ အတန်းထဲ ပြန်ဝင်လာကြတယ်။
“အစ်မမီဆိုက တကယ့်ကို မိုက်တာပဲ” လို့ အာရမ်က လက်မနှစ်ဖက် ထောင်ပြီး ပြောလိုက်တယ်။
ဂျီယွန်းကလည်း ခေါင်းညိတ်ထောက်ခံတာပေါ့။
“သူနဲ့ အချိန်အကြာကြီး အတူတူ နေကြည့်ရင်တော့ မင်းထင်သလောက် မမိုက်ဘူးဆိုတာ သိလာလိမ့်မယ်”
“ဒါတော့ အမှန်ပဲ”
မာရူးနဲ့ ဒေးမြောင်က တစ်ချိန်တည်းမှာပဲ ပြိုင်တူ ပြုံးလိုက်ကြတယ်။ ပြန်တွေးကြည့်ရင်တော့ အမှတ်တရတွေပေါ့လေ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ သူတို့ တော်တော်လေးကို ပင်ပန်းဆင်းရဲခဲ့ကြရတာ။
“ငါ့ကို ခဏလောက် ပြန်အာရုံစိုက်ပေးလို့ ရမလား” လို့ ဒေးမြောင်က ထိုင်ချရင်း ပြောလိုက်တယ်။
“မင်းတို့တွေ အရင်ကလောက် အမှားမများတော့တာကတော့ တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်။ ပထမနှစ်တွေ... တော်ကြတယ်ဟ။ ဒါပေမဲ့ မင်းတို့ သွားရမယ့်လမ်းက အဝေးကြီး လိုပါသေးတယ်။ စာသားတွေဆိုတာက ဒီအတိုင်း အလွတ်ကျက်ဖို့ ခက်ခဲတဲ့ အရာမျိုးလေ။ ဇာတ်လမ်းရဲ့ စီးဆင်းမှုအတိုင်း ခန္ဓာကိုယ်ထဲ စွဲမြဲသွားအောင် လုပ်ရမှာ။ သီချင်းစာသားတွေက သံစဉ်မပါရင် အလွတ်ကျက်ရ ခက်ပြီး၊ သီချင်းဆိုကြည့်တဲ့အခါ ကျက်ရလွယ်ကူသွားသလိုမျိုးပေါ့။ သရုပ်ဆောင်တာလည်း ဒီအတိုင်းပဲ။ ကိုယ့်စာသားကိုပဲ အလွတ်မကျက်ဘဲ ကိုယ့်စာသား မတိုင်ခင်နဲ့ ပြီးနောက်က စာသားတွေကိုပါ သိအောင် လုပ်ထားကြ။ ပိုပြီးတော့ အဆင့်တက်ရရင် ဇာတ်လမ်းရဲ့ စီးဆင်းမှုတစ်ခုလုံးကို မှတ်မိအောင် ကြိုးစားကြပါ”
အဖွဲ့ဝင်တွေက ခေါင်းညိတ်ကြတယ်။
“အာရမ်... မင်းရဲ့ အသံထွက်နဲ့ အသံပါဝါက ပြီးပြည့်စုံတယ်။ ယုံကြည်မှု အပြည့်ရှိတဲ့ အသံမျိုးလည်း ထွက်တယ်။ ဒါပေမဲ့ မင်းကို လူလိမ်တစ်ယောက်ရဲ့ စရိုက်လက္ခဏာမျိုး ပိုပြီး ပေါ်လွင်စေချင်သေးတယ်။ စကားပြောတဲ့အခါ အတက်အကျ အနိမ့်အမြင့်တွေ ပါစေချင်တာ။ ပုံမှန်ဆိုရင် အသံကို နှိမ့်ထားပြီး အရေးကြီးဆုံး အချိန်ကျမှ အသံကို ဟိန်းခနဲ ပွင့်ထွက်သွားအောင် လုပ်ရမယ်။ အဲဒါက ပိုပြီးတော့ သက်ရောက်မှု ရှိစေတာပေါ့။ မိန့်ခွန်းပြောတဲ့ လူတွေရဲ့ ဗီဒီယိုတွေကို ကြည့်ရင် ငါပြောတာကို သဘောပေါက်လိမ့်မယ်။ လူလိမ်တွေဆိုတာ အသံက သိပ်ကို အရေးကြီးတဲ့ လူတွေမို့ အဲဒါကို စိတ်ထဲ မှတ်ထားပါ”
“ဟုတ်ကဲ့ပါ စီနီယာ”
ဒေးမြောင် ထောက်ပြတဲ့ အချက်တွေကို အာရမ်က သူ့ရဲ့ ဇာတ်ညွှန်းစာအုပ်ပေါ်မှာ ချရေးလိုက်တယ်။
“ဘန်ဂျူး... မင်း သရုပ်ဆောင်တဲ့အခါ ရှက်ရွံ့မနေတာကို ငါ သဘောကျတယ်။ ဒါပေမဲ့ မင်းက အခြေအနေထဲကို စိတ်နှစ်လွန်းသွားတော့ အသံထွက်တွေက အချင်းချင်း ပူးကပ်ပြီး ဗလုံးဗထွေး ဖြစ်ကုန်တယ်။ အခုလောလောဆယ်တော့ ဒီမှာ ငါတို့ပဲ ရှိနေပြီး မင်း ဘာပြောမယ်ဆိုတာ အားလုံးက သိနေကြလို့ နားလည်ပေးလို့ ရပေမဲ့ ပရိသတ်တွေအတွက်ကျတော့ ဒီလိုမျိုး ဖြစ်မှာ မဟုတ်ဘူး။ မင်းက အရက်မူးနေတယ်ဆိုတာကို အမူအရာနဲ့ ပြသရမှာဖြစ်ပြီး စကားပြောတဲ့အခါမှာတော့ နည်းနည်း ပိုပြီး ပြတ်သားသန့်ရှင်းအောင် ပြောရလိမ့်မယ်”
“ဟုတ်ကဲ့”
“ဂျီယွန်း... မင်းကတော့... ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုပြီး လွှတ်ပေးလိုက်ရင် ပိုကောင်းမယ် ထင်တယ်။ ဇာတ်ညွှန်းထဲမှာတော့ ဒီလို ရေးထားပေမဲ့ ဒီအမျိုးသမီးက အချုပ်ခန်းထဲက လူတွေအကုန်လုံး လှည့်ကြည့်ရလောက်တဲ့အထိ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်လေ။ ဒါပေမဲ့ ဒီနေရာမှာ အရေးကြီးတာက ‘ဆွဲဆောင်မှုရှိတယ်’ဆိုတာက လှပတာသက်သက်ကိုပဲ ပြောတာ မဟုတ်ဘူး။ အခုကျတော့ မင်းက လှနေအောင်ပဲ သိပ်ပြီး အားထုတ်နေသလို ဖြစ်နေတယ်။ အင်း... ဒါက မင်း နားလည်ဖို့ သိပ်ခက်ခဲသွားမလား မသိဘူး”
“မဟုတ်ပါဘူး။ စီနီယာပြောတာကို နားလည်ပါတယ်ရှင့်။ ပြင်ဆင်ဖို့ ကြိုးစားပါ့မယ်”
ဂျီယွန်းကလည်း ခေါင်းညိတ်ပြတယ်။ ဒေးမြောင်က ပြုံးပြီး နောက်တစ်ယောက်ကို ဆက်ပြောတယ်။
“ဒိုဝူး... မင်းကတော့ တကယ်ကို ကောင်းကောင်း လုပ်နိုင်ပါတယ်။ ငါ့အနေနဲ့ သိပ်ပြီး ထောက်ပြစရာ မရှိပါဘူး။ အကယ်၍ တစ်ချက်လောက်ပဲ ပြောရမယ်ဆိုရင်တော့ ကိုယ်နဲ့ စကားပြောနေတဲ့ အဖော်ရဲ့ စကားလုံးတွေအပေါ် အမူအရာ တုံ့ပြန်မှု နည်းနည်း ပိုပြီး ရှိစေချင်တာပဲ။ မင်းက ကိုယ်ပြောမယ့် စကားအပေါ်မှာပဲ အာရုံစိုက်လွန်းနေတော့ တခြားသူ စကားပြောနေတုန်း ကြားဖြတ်ဝင်ချင်တဲ့ အလေ့အထမျိုး ရှိနေတယ်။ အဲဒါက လူမိုက်တစ်ယောက်ရဲ့ စရိုက်နဲ့ ကိုက်ညီတာ မှန်ပေမဲ့ ကိုယ်နဲ့အတူ စကားပြောနေတဲ့ အဖော်ကိုတော့ နည်းနည်း လန့်သွားအောင်၊ ယောင်သွားအောင် ဖန်တီးမိသလို ဖြစ်လိမ့်မယ်”
“အဲဒီတော့ ငါ့ကို နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်တာပေါ့၊ ဟုတ်လား”
“ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဟုတ်တာပေါ့”
“သိပါပြီ”
ဒိုဝူးကလည်း အဲဒီအချက်ကို လက်ခံလိုက်တယ်။
ဒေးမြောင်ကတော့ တကယ့်ကို အမြင်ကျယ်တဲ့ လူတစ်ယောက်ပါပဲ။ လူတစ်ဦးချင်းစီ တိုင်းကို ဝေဖန်အကြံပြုချက်တွေ ပေးဖို့ဆိုတာ မလွယ်ကူပေမဲ့ သူကတော့ အကြံဉာဏ်ပေးဖို့ အချိန်တိုင်းမှာ အားစိုက်ထုတ်ပေးခဲ့တာပါ။ သူ့ရဲ့ အကြံပြုချက်တွေက ဝေဝါးဝါး အရာမျိုးတွေ မဟုတ်ဘဲ သိပ်ကို အသေးစိတ်ကျလှတယ်။ လူအများစု မလုပ်နိုင်တဲ့ အရာမျိုးကို သူက လုပ်ပေးနေတာပေါ့။
“ငါ့အခြေအနေကကော ဘယ်လိုလဲ”
သူ့အပိုင်း ပြီးသွားတဲ့အခါတိုင်း ဒေးမြောင်က သူ့ကိုယ်သူ ဘာတွေ ပြင်ဆင်ရမလဲဆိုတာ အမြဲတမ်း ပြန်မေးလေ့ရှိတယ်။ အကယ်၍ ဒေးမြောင်သာ အာဏာရှင်ဆန်တဲ့ ကလပ်ဥက္ကဋ္ဌမျိုး ဆိုရင်တော့ အတန်းထဲမှာ အိုးတိုးအမ်းတမ်းနဲ့ တိတ်ဆိတ်မှုတွေ ရှိနေမှာ ဖြစ်ပေမဲ့ သူ့ရဲ့ စိတ်နေသဘောထားက သိပ်ကို ကောင်းမွန်လွန်းတော့ ကလပ်အဖွဲ့ဝင်တွေကလည်း အားမနာတမ်း အလွယ်တကူ ထောက်ပြနိုင်ကြတာပေါ့။ ဒေးမြောင်က သူ့ရဲ့ သရုပ်ဆောင်မှုကို ပြင်ဆင်ဖို့အတွက် အသေးဆုံး အချက်ကလေးတွေကိုပင် ချရေးမှတ်သားထားလေ့ ရှိတယ်။
‘သူကတော့ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ'
သူက ဘာပဲလုပ်လုပ် ကောင်းကောင်း လုပ်နိုင်မယ့် လူစားမျိုးပါ။ ဒေးမြောင်က သူတို့တွေ ပြန်ပြီး လေ့ကျင့်ခန်း မစတင်ခင် အားလုံးကို အားပေးစကား ပြောလိုက်တယ်။ သူတို့တွေ နောက်ထပ် တစ်နာရီလောက် ထပ်ပြီး လေ့ကျင့်ကြတယ်။ ဒီတစ်ကြိမ်မှာတော့ အခြေအနေ တော်တော်လေး ပိုကောင်းလာခဲ့တာပေါ့။
“၈ နာရီတောင် ကျော်သွားပြီ” လို့ မာရူးက နာရီကို ကြည့်ရင်း ပြောလိုက်တယ်။ ဒေးမြောင်က တစ်စုံတစ်ခုကို အားမလိုအားမရ ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ အားလုံးကို လူစုလိုက်တယ်။
“အားလုံးပဲ ပင်ပန်းသွားကြပြီ။ အိမ်ကို သေသေချာချာ ဂရုစိုက်ပြီး ပြန်ကြဦးနော်”
“စီနီယာတို့လည်း ပင်ပန်းပါပြီဗျာ”
ကလပ်ကနေ ထွက်ခွာသွားကြတဲ့ ဒိုဝူး၊ ဘန်ဂျူး၊ ဂျီယွန်းနဲ့ အာရမ်တို့ကို မာရူးက လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်တယ်။ ဂျီယွန်းနဲ့ အာရမ်က ၉ နာရီဆို အိမ်ပြန်ရောက်ရမှာမို့ လေ့ကျင့်ဖို့အတွက် နောက်ထပ် မနေနိုင်ကြတော့ဘူး။ ဘန်ဂျူးကလည်း တစ်ယောက်တည်း နေတာမို့ သူ့ကို ညဉ့်နက်တဲ့အထိ မထားချင်ကြဘူး၊ ဒိုဝူးကကျတော့လည်း အဖွဲ့ဝင် လိုအပ်ချက်ကို လာဖြည့်ပေးထားတဲ့ လူမို့ သူ့ကို ခက်ခဲတဲ့ အရာတွေ ထပ်လုပ်ခိုင်းဖို့ အားနာစရာ ဖြစ်နေလို့ပါ။
မာရူးက မပြန်သေးဘဲ ကျန်နေခဲ့တဲ့ ဒေးမြောင်ကို စကားလှမ်းပြောလိုက်တယ်။
“ပြန်တွေးကြည့်ရင် မနှစ်က တကယ့်ကို အံ့ဩစရာပဲနော်”
“မင်းပြောတာ ဟုတ်တယ်။ နည်းပြ မီဆိုက ငါတို့ကို နောက်ဆုံး ကားဂိတ်ပိတ်တဲ့အထိ လေ့ကျင့်ခိုင်းခဲ့တာကိုး”
“ငါတို့တွေ ကျောင်းမှာတင် အခြေချ နေထိုင်ခဲ့ကြတာပဲ”
“အခု ပြန်တွေးကြည့်ရင်တောင် ငါ အံ့ဩမိတုန်းပဲ။ ဆိုလိုတာက မိန်းကလေးတွေတောင် အိမ်ပြန်ချိန် ကန့်သတ်ချက် မရှိခဲ့ကြဘူးလေ”
“အကယ်၍ ရှိခဲ့ရင်တောင် စီနီယာ မီဆိုက သူတို့ မိဘတွေဆီ ဖုန်းဆက်ပြီး သူ တာဝန်ယူပါတယ်ဆိုပြီး အိမ်ပြန်ချိန် ကန့်သတ်ချက်ကို ပယ်ဖျက်ခိုင်းမှာ သေချာတယ်”
“ဒါတော့ မင်းပြောတာ တကယ် အမှန်ပဲ”
မာရူးက နာရီကို ကြည့်ပြီးမှ စကား ဆက်လိုက်တယ်။
“မင်း ဒီနေ့လည်း သုံးနေရာစာ လူစားဝင် သရုပ်ဆောင်ဦးမှာလား”
“ဒီအတိုင်း ပြန်လိုက်ဖို့ကျတော့လည်း နှမြောစရာ ကောင်းနေလို့ပါကွာ”
မာရူးက ကြမ်းပြင်ပေါ်က ဇာတ်ညွှန်းစာအုပ်တွေကို ကောက်ယူလိုက်တယ်။ အားလုံး အတူတူ လေ့ကျင့်နိုင်ရင် ကောင်းမှာ ဖြစ်ပေမဲ့ အခြေအနေက အဲဒီလို လုပ်ဖို့ ခက်ခဲနေတာပေါ့။ နောက်ဆုံးတော့ ကျန်ခဲ့တဲ့၊ စိတ်အားထက်သန်တဲ့ လူတွေအနေနဲ့ လုပ်နိုင်တာဆိုလို့ နှစ်နေရာစာ၊ သုံးနေရာစာ လူစားဝင် သရုပ်ဆောင်ကြဖို့ပဲ ရှိတာပေါ့။
“ဒီနေ့ကော ဘယ်အချိန်ကျမှ ပြန်ကြမလဲ”
“ငါလည်း မသိသေးပါဘူးကွာ”
ဒေးမြောင်က ခေါင်းကို ကုတ်ရင်း ပြုံးလိုက်တယ်။ သူက ထူးထူးဆန်းဆန်း အရာတွေမှာ တော်တော်လေး ဇွဲသန်တဲ့ လူမျိုးမို့ ဘယ်သူမှ စကားမပြောရင် နောက်ဆုံး ကားဂိတ်ပိတ်တဲ့အထိ ဒီမှာ နေနေဦးမှာ သေချာတယ်။ အဲဒါကလည်း မာရူး အလိုရှိနေတဲ့ အချက်ပဲလေ။
သရုပ်ဆောင်တဲ့ နေရာမှာတော့ အမှတ်ပေး စံနှုန်းဆိုတာ တိတိကျကျ မရှိဘူး။ ကိုယ် ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ၊ ဘယ်လောက်အထိ ကောင်းကောင်း လုပ်နိုင်နေပြီလဲဆိုတာ သိနိုင်မယ့် နည်းလမ်း မရှိဘူး။ ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်လာပြီလို့ သိမြင်နားလည်လာတဲ့ အချိန်တစ်ခုတော့ ရှိလာတာပေါ့။
အဲဒီလို အရာမျိုးကို ခံစားသိရှိနိုင်ဖို့အတွက် မာရူးအနေနဲ့ သူ့ရဲ့ အချိန်တွေကို သိပ်ကို အကျိုးရှိရှိ သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခဲ့တဲ့ အချိန်တွေဟာ တည်ငြိမ်တဲ့ သရုပ်ဆောင် အရည်အချင်းတွေအဖြစ် သူ့ဆီကို ပြန်လည် ရောက်ရှိလာလိမ့်မယ်ဆိုတာ သူ အလိုလို သိနေခဲ့တယ်။
“ဒါဆို စကြရအောင်”
“လမ်းခုလတ်မှာ ကြားဖြတ်မရပ်ကြေးနော်၊ ဟုတ်ပြီလား”
“အဲဒါကိုတော့ မင်း ငါ့ကို ပြောနေဖို့ မလိုပါဘူးကွာ”
အသက်ကို ဝဝရှူသွင်းလိုက်ပြီးတဲ့နောက် မာရူးက ပထမဆုံး စာသားကို စတင် ရွတ်ဆိုလိုက်တယ်။
ညဉ့်နက်သထက် နက်လာခဲ့ပြီ ဖြစ်ပေမဲ့ ကျောင်းက မီးရောင်တွေကတော့ မှိတ်သွားခြင်း မရှိသေးပါဘူး။
* * * * * * * * *
ဂျုန်ဂွန်ကတော့ သူ့ရဲ့ ရုပ်ရှင်မှတ်တမ်း သမိုင်းကြောင်းကို အမြဲတမ်း အားမလိုအားမရ ဖြစ်နေခဲ့တာ။
အစတုန်းကတော့ သူ့မှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာမယ်ဆိုတဲ့ ကြီးကျယ်တဲ့ အိပ်မက်မျိုး မရှိခဲ့ပါဘူး။ အစပိုင်းမှာတော့ သူက ပြင်ပရုပ်သံရိုက်ကူးရေး ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအသစ်ကလေးအဖြစ် စတင် လုပ်ကိုင်ခဲ့တာပါ။ သူ့အလုပ်က ကီလိုဂရမ် ဆယ်ဂဏန်းလောက် လေးတဲ့ ကင်မရာ အသုံးအဆောင် ပစ္စည်းတွေကို ဆင်ပြီး ဗီဒီယိုတွေ ရိုက်ကူးရတဲ့ အလုပ်ပေါ့။ အဲဒီ လေးထောင့်ဘောင်ကလေးထဲမှာ ကိုယ်အလိုရှိတဲ့ ပုံရိပ်ကို ရိုက်ကူးနိုင်တာကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ တွေ့ရှိခဲ့တာကြောင့် ဒီအလုပ်ကို စလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အနားယူသွားပြီဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရပြီး သူ့ရဲ့ အိပ်မက်အသစ်ကို ပျိုးထောင်ခွင့် ရခဲ့တာပေါ့။
‘ပုံရိပ်တစ်ခုကို ရိုက်ကူးနေတာက ဘာအကျိုးရှိမှာလဲကွ။ မင်းက ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးရမှာ’
အခုအချိန်မှာ သူ့ရဲ့ ဆရာအဖြစ် လေးစားရတဲ့ အဲဒီဒါရိုက်တာကြီးက ဂျုန်ဂွန်ရဲ့ နှလုံးသားကို လှုပ်ခါသွားစေခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ ရုပ်ရှင်ထုတ်လုပ်ရေး ပညာရပ်ကို စတင် လေ့လာခဲ့တာပေါ့။ ပထမဆုံးအနေနဲ့ ပြည်ပကနေ ‘ရုပ်ရှင်ရိုက်ကူးခြင်း အခြေခံပညာ’ ဆိုတဲ့ စာအုပ်ကို ဝယ်ယူပြီး စတင် ဖတ်ရှုခဲ့တယ်။ အဲဒီနောက်မှာတော့ ဇာတ်ညွှန်းရေးသားခြင်းနဲ့ ဆက်စပ်တဲ့ စာအုပ်တွေကို ဖတ်ခဲ့တာပေါ့။ ကင်မရာ အသုံးပြုတဲ့ အပိုင်းမှာတော့ သူ့မှာ အတွေ့အကြုံတွေ ရှိထားပြီးသားဖြစ်သလို နယ်ပယ်ထဲက စီနီယာတွေဆီကနေလည်း သင်ယူခဲ့တာမို့ အဲဒီအပိုင်းကိုတော့ သူ ယုံကြည်မှု အပြည့်ရှိနေခဲ့တယ်။
ကိုယ်တိုင် လေ့လာမှုတွေနဲ့ သူ့ရဲ့ ထူးခြားတဲ့ အဆက်အသွယ်တွေကြောင့် ရုပ်ရှင်ဆိုတာ ဘာလဲဆိုတာကို နှစ်နှစ်တိုင်တိုင် အချိန်ယူ လေ့လာခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ ကောက်ချက်တစ်ခု ချနိုင်ခဲ့တာပေါ့။
“တောက်... ရိုက်ကူးလိုက်ရင် အဲဒါ ရုပ်ရှင်ပဲပေါ့ကွာ”
ရုပ်ရှင်တွေက ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားပြီး ဘယ်လောက်အထိ စိတ်ကူးယဉ်ဆန်လဲဆိုတာကို အင်္ဂလိပ်စကားလုံး အမျိုးမျိုး၊ အနုပညာဆန်တဲ့ အသုံးအနှုန်းတွေ သုံးပြီး ဖော်ပြနေကြတဲ့ စီနီယာတွေအကုန်လုံးကို သူ ဥပေက္ခာပြုလိုက်ပြီး၊ ၈ မီလီမီတာ ကင်မရာတစ်လုံး၊ မီးလင်းပြားတစ်ခုတည်းနဲ့ ရုပ်ရှင်တွေကို စတင် ရိုက်ကူးခဲ့ပါတယ်။ သူ ကင်မရာမန်းအဖြစ် လုပ်ကိုင်စဉ်က ရင်းနှီးခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ အသံပိုင်းဆိုင်ရာ ရောစပ်မှု အခြေခံကို သိတဲ့ သူ့ရဲ့ ဂျူနီယာတစ်ယောက်ကို ခေါ်ယူပြီး တစ်လတည်းနဲ့ ရုပ်ရှင်တစ်ပုဒ်ကို အပြီးသတ် ဖန်တီးခဲ့တာပေါ့။ အဲဒီနောက်မှာတော့ အဲဒီရုပ်ရှင်ကို အမှီအခိုကင်းတဲ့ အင်ဒီး ရုပ်ရှင်ဆုပေးပွဲတစ်ခုဆီ တင်သွင်းခဲ့ပြီး ဆုတစ်ခု ဆွတ်ခူးရရှိခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့ လက်အောက်က ထုတ်လုပ်ရေးအဖွဲ့မှာ ဝန်ထမ်းအသစ်အဖြစ် ခဏတဖြုတ် လုပ်ကိုင်ခဲ့ပြီး၊ အမိန့်ပေး အော်ဟစ်ရမယ့် ဒါရိုက်တာ အသံချဲ့စက်ကို ကိုယ်တိုင် ကိုင်တွယ်ချင်တာကြောင့် အလုပ်ကနေ ထွက်ခဲ့ပါတယ်။ ပြီးတော့ သူ အချိန်အတော်ကြာ စုဆောင်းထားခဲ့တဲ့ ဇာတ်ညွှန်းတွေကို ကိုင်ဆောင်ပြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအမျိုးမျိုးရဲ့ တံခါးတွေကို လှည့်လည် ခေါက်ခဲ့ရင်းနဲ့ပဲ အခွင့်အရေးတစ်ခု ရရှိခဲ့တာပေါ့။
အဲဒါကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်လာခဲ့တာပါ။ ရလဒ်တွေကလည်း တော်တော်လေး ကောင်းမွန်ခဲ့တယ်။ နာမည်ကြီး သရုပ်ဆောင်တွေ မပါဝင်တဲ့ ရုပ်ရှင်တစ်ပုဒ်အတွက်တော့ အောင်မြင်မှုက တော်တော်လေး ကောင်းမွန်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ နောက်ထပ် လက်ရာမှာတော့ တကယ့်ကို အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီး နောက်ထပ် ၅ နှစ်အထိ ဒါရိုက်တာ အသံချဲ့စက်ကို ပြန်မကိုင်နိုင်ခဲ့တော့ဘူး။ ဝမ်းရေးအတွက် ရုပ်ရှင်ထုတ်လုပ်ရေး အောက်ခြေပိုင်းကနေ ပြန်လည် စတင်လုပ်ကိုင်ခဲ့ရပြီး၊ အခွင့်အရေးတစ်ခုကြောင့် နောက်ထပ် ရုပ်ရှင်တစ်ပုဒ် ရိုက်ကူးခွင့် ရခဲ့ပြန်ပေမဲ့ အဲဒီတစ်ပုဒ်လည်း ထပ်ပြီး ပျက်စီးခဲ့ရပြန်တာပေါ့။ သူ့မှာ ‘အရှုံးသမား ဒါရိုက်တာ’ ဆိုတဲ့ တံဆိပ်ကြီး အကပ်ခံခဲ့ရပြီး အဲဒီနောက်ပိုင်း ၅ နှစ်လုံးလုံး ဇာတ်ညွှန်းတွေပဲ ဆက်တိုက် ရေးသားနေခဲ့ရတယ်။ အဲဒီအချိန်မှာတော့ သူ့အသက်က လေးဆယ် ရှိနေပြီ။
သူ့မှာ အလုပ်လုပ်စရာ နေရာ ရှိနေတာမို့ နေ့စဉ် လူနေမှုဘဝမှာတော့ အခက်အခဲ မရှိခဲ့ပေမဲ့ ပထမဆုံး လက်ရာပြီးနောက် သူ့ရဲ့ ဖန်တီးမှုတွေအားလုံး ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာကို မြင်ပြီး သူ စိတ်ဓာတ်ကျ စိတ်ပျက်ခဲ့ရတယ်။ ဒါပေမဲ့လည်း သူ အရှုံးမပေးတတ်ခဲ့ဘူး။ သူ့အသက် လေးဆယ့်ငါးနှစ် ရောက်တဲ့အခါမှာတော့ နောက်ထပ် အခွင့်အရေးတစ်ခု သူ့ဆီ ရောက်ရှိလာခဲ့တယ်။ စုစုပေါင်း အသုံးစရိတ်က ဝမ် ၆ ဘီလီယံ ဖြစ်ပြီး၊ ‘ဒီတစ်ကြိမ်သာ ထပ်ရှုံးရင်တော့ ဒါရိုက်တာ အသံချဲ့စက်ကို ဘယ်တော့မှ ပြန်မကိုင်တော့ဘူး’ ဆိုတဲ့ စိတ်ကူးမျိုးနဲ့ အလုပ်ကို လက်ခံခဲ့တာပါ။ ရလဒ်ကတော့ ကြည့်ရှုသူ ၇ သန်းအထိ ရှိခဲ့တယ်။ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုကြီးပေါ့။ အဲဒီနောက်ပိုင်း သူ ရိုက်ကူးသမျှ ရုပ်ရှင်တိုင်းဟာ ကြည့်ရှုသူ ၅ သန်းထက်မနည်း ရှိခဲ့ကြတယ်။ သူ့မှာ ‘ရွှေလက်’ ဆိုတဲ့ အမည်ပြောင်ကို ရရှိခဲ့တာပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ‘ရုပ်ရှင်အနုပညာ အရည်အသွေး မရှိတဲ့’ ဒါရိုက်တာ ဆိုပြီးတော့လည်း တံဆိပ် အကပ်ခံခဲ့ရပြန်တယ်။
ရုပ်ရှင်အနုပညာ အရည်အသွေး။ ဂျုန်ဂွန်က သူ့ရဲ့ ပထမဆုံး လက်ရာကို ပြန်လည် အမှတ်ရမိတယ်။ အဲဒီရုပ်ရှင်တုန်းကတော့ ဘယ်သူမှ ရုပ်ရှင်အနုပညာ အရည်အသွေး မရှိဘူးလို့ မပြောခဲ့ကြဘူး။ ညံ့ဖျင်းလှတဲ့ ၈ မီလီမီတာ ကင်မရာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ပြီးပြည့်စုံမှုမရှိတဲ့ ပုံရိပ်တွေ ပါဝင်နေကာ၊ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အကောင်းဆုံးတွေ မဟုတ်ခဲ့ကြပေမဲ့ ပြင်းထန်တဲ့ မက်ဆေ့ခ်ျတစ်ခု ပါဝင်နေတာကြောင့် အကဲဖြတ်မှု ကောင်းကောင်း ရရှိခဲ့တာပါ။
အာသီသ။ ဂျုန်ဂွန်မှာ အာသီသတွေ ပြင်းထန်လာခဲ့တယ်။ ကမ္ဘာကြီးကို ချပြနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီလို့ သူ တွေးနေမိတဲ့ အချိန်မှာပဲ၊ သူ့ရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ ဂျွန်မင်းက သူ့ကို ကမ်းလှမ်းချက်တစ်ခု ပေးလာခဲ့တယ်။
‘မင်း အဓိက သရုပ်ဆောင်အဖြစ် ဆရာကြီး မွန်ဂျောင်ကို သုံးကြည့်ချင်လား”
အဲဒီစကားလုံးတွေကို ကြားရတဲ့ နောက်တစ်နေ့မှာပဲ သူ ရေးနေတဲ့ ဇာတ်ညွှန်းကို အံဆွဲထဲ ထည့်ပိတ်ထားလိုက်တော့တယ်။
ပြီးတော့ အခုအချိန်မှာတော့...
“ကျွန်တော့် အခြေအနေ ဘယ်လိုလဲဗျာ”
မော်နီတာမျက်နှာပြင်ကနေတစ်ဆင့် ပြင်းထန်တဲ့ မျက်လုံးအစုံနဲ့ ကြည့်နေတဲ့ မွန်ဂျောင်ကို မြင်လိုက်ရတော့ ဂျုန်ဂွန်က စကားဆိုလိုက်တယ်။
“အဲဒါကို နောက်တစ်ခေါက် ပြန်လုပ်ကြည့်ကြရအောင်ဗျာ”
သူကတော့ တကယ့်ကို ညှာတာမှုမရှိတဲ့ လူတစ်ယောက်ပါပဲ။
* * * * * * * * *