အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း(၂၇၅)
မီးအလင်းရောင်အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်အသစ်ကလေးဟာ ကော်ဖီသောက်ရင်း ဆောင့်ကြောင့်ထိုင်နေတုန်း ခေါင်းပေါ်ကို ရေစက်တစ်စက် ‘တောက်’ခနဲ ကျလာတာကြောင့် အပေါ်ကို မော့ကြည့်လိုက်မိတယ်။
“မိုးအကြီးအကျယ် ရွာတော့မယ် ထင်တယ်”
မနက်ပိုင်း လမ်းဘေးဇာတ်ကွက်ကို ရိုက်ကူးနေတုန်းက ရာသီဥတုက သိပ်သာယာနေခဲ့တာပါ။ ဒါပေမဲ့ ညနေငါးနာရီကျော်ကတည်းက မိုးတိမ်တွေ မှိုင်းညို့လာခဲ့ပြီး အခု ရှစ်နာရီကျော်သွားတဲ့အချိန်မှာတော့ ဘယ်အချိန်မဆို မိုးပြိုရွာချတော့မယ့်အလား ဖြစ်နေပြီ။ ကန့်သတ်နယ်မြေအပြင်ဘက်ကနေ ရပ်ကြည့်နေကြတဲ့ လူတွေတောင် တစ်ယောက်ပြီးတစ်ယောက် ပြန်ကုန်ကြပြီလေ။ ထီးကိုယ်စီ ဆောင်းထားကြတဲ့သူတွေလည်း ရှိနေတယ်။
“မိုးရွာရင် မီးတွေကို ဘယ်လိုလုပ်ကြမလဲဟင်”
ဘေးနားမှာ ဆေးလိပ်သောက်ရင်း ကော်ဖီသောက်နေတဲ့ သူ့ရဲ့စီနီယာအစ်ကိုကြီးကို အငယ်ဆုံးလေးက လှမ်းမေးလိုက်တယ်။
“မိုးမရွာခင် အပြတ်ရိုက်ရမှာပေါ့ကွ၊ ဒါကတော့ အသိသာကြီးပဲဥစ္စာ”
“ဒါပေမဲ့ သူတို့ကြည့်ရတာ ရိုက်ကူးရေးကို အခုထိ သိမ်းမယ့်ပုံ မပေါ်သေးဘူးနော်”
“ဒါဆိုရင်တော့ ငါတို့လည်း ကြိုတင်ပြင်ဆင်ထားရုံပဲ ရှိတာပေါ့”
စီနီယာအစ်ကိုကြီးက ဆေးလိပ်ကို နောက်ဆုံးတစ်ချက် ရှိုက်ဖွာပြီးတော့ နေရာကနေ ထရပ်လိုက်တယ်။ အငယ်ဆုံးလေးလည်း သူ့နောက်ကနေ လိုက်ထရတာပေါ့။ မီးပိုင်းဆိုင်ရာဒါရိုက်တာကတော့ ဒါရိုက်တာနဲ့ စကားပြောပြီး ပြန်လျှောက်လာနေပြီ။
“ဟေ့ကောင်တွေ... ကားထဲကနေ မိုးကာပစ္စည်းတွေ သွားထုတ်ထားလိုက်ကြစမ်း”
“တောက်... ကျိန်စာမိသလိုပဲ၊ အချိန်ပိုတွေ ဆင်းရဦးမှာလားဗျာ”
“ဒါရိုက်တာက အားမရသေးဘူးဆိုတော့ ဒီလောက်နဲ့ သိမ်းပါ့မလားကွ။ အဲဒီအဘိုးကြီးကလည်း တကယ့်လူပဲ။ ငါတို့ကို အဆုံးထိ ဆွဲခေါ်သွားဖို့ ကြံနေတာ။ အော်... ဒါနဲ့ ဟိုကောင်လေး၊ မီးတွေသာ ပြတ်သွားလို့ကတော့ ငါတို့အားလုံး သွားပြီဆိုတာ မင်းသိတယ်မဟုတ်လား”
“ဟုတ်ကဲ့... သိပါတယ်ခင်ဗျာ”
“မီးသီးတွေ ကွဲသွားရင်တော့ ငါတို့လည်း အပြောခံရတော့မှာပဲ။ အဲဒီတော့ မီးစက်နဲ့ ပါဝါပိုင်းကို သေချာဂရုစိုက် စောင့်ကြည့်ထား။ အရင်ဆုံး အဓိကမီးကြီးကို မိုးကာအုပ်လိုက်ကြရအောင်။ ပြီးတော့ မိုးက တအားသဲလာလို့ မခံနိုင်တော့ဘူးဆိုရင် ရုပ်သိမ်းမယ်လို့ သူပြောထားတာကြောင့် ပစ္စည်းတွေ သိမ်းဖို့လည်း အသင့်ပြင်ထားဦး”
“သူတို့က ငါတို့ကို အလုပ်တွေ တအားခိုင်းလွန်းနေတာပဲ မဟုတ်ဘူးလား” လို့ စီနီယာဖြစ်သူက ညည်းတွားလိုက်တယ်။
“ဟေ့ကောင်... အနည်းဆုံးတော့ သူတို့ ပိုက်ဆံ အပြည့်အဝ ပေးတာပဲလေ။ မညည်းညူဘဲ အလုပ်စလုပ်ကြစမ်းပါ။ အော်... ဒါနဲ့ မင်း အလုပ်ပြီးသွားရင် ငါ့ဆီ လာခဲ့ဦး။ မင်း ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကို စိတ်ဝင်စားတယ် မဟုတ်လား”
အငယ်ဆုံးလေးက မျက်နှာကလေး ဝင်းခနဲ ဖြစ်သွားပြီး ပြန်မေးလိုက်မိတယ်။
“ကျွန်တော် တကယ် လာခဲ့ရမလားဟင်”
“အေး... မင်းအလုပ်ကို မင်း သေသေချာချာ လုပ်ဖို့ပဲ လိုတယ်”
မီးပိုင်းဆိုင်ရာဒါရိုက်တာက အဓိကကင်မရာရှိတဲ့နေရာဆီ ပြန်သွားခဲ့တယ်။ အငယ်ဆုံးလေးကတော့ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရင်ထဲမှာ တိတ်တိတ်ကလေး ဝမ်းသာပီတိဖြစ်နေမိတော့တာပေါ့။
“မင်း တကယ့်အဖွဲ့ကောင်းထဲ ရောက်လာတယ်လို့ မထင်ဘူးလား။ အသစ်တွေကို ဒီလို ဂရုတစိုက်ရှိတဲ့ မီးပိုင်းဆိုင်ရာအဖွဲ့ဆိုတာ သိပ်မရှိဘူးကွ။ ငါလည်း နေရာအချို့ကို ရောက်ဖူးပါတယ်၊ ဒါပေမဲ့ နေရာတိုင်းမှာ အသစ်ဆိုရင် အစေခံလိုပဲ ခိုင်းကြတာချည်းပဲ။ ဒါပေမဲ့ သူကတော့ မတူဘူး။ သူ့လက်အောက်က လူတွေကို သေချာ စောင့်ရှောက်တယ်”
“ဒါဆို ကျွန်တော်က ကံကောင်းတဲ့ ကောင်လေးပေါ့နော်”
“အမှန်ပေါ့ကွ။ မင်း ဒီအဖွဲ့ထဲ ဝင်လာတာ ကံကောင်းတာ။ ကဲ... ဒါဆို မိုးကာတွေ အုပ်ပြီး ကေဘယ်ကြိုးတွေကို ရှင်းကြရအောင်။ ရေတွေ တင်မကျန်နေအောင် ရေနုတ်မြောင်းလေးတွေ တူးဖို့လည်း မမေ့နဲ့ဦး။ မင်း စစ်တပ်ထဲမှာ ဒါမျိုးတွေ လုပ်ခဲ့ဖူးတယ် မဟုတ်လား”
“သေချာတာပေါ့”
သူက ကားထဲကနေ မိုးကာပစ္စည်းတွေကို ထုတ်ပြီး တပ်ဆင်လိုက်တယ်။ ရိုက်ကူးရေးကွင်းတစ်ခုလုံး အလုပ်ရှုပ်ပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပြီ။ တခြားအဖွဲ့တွေကလည်း မိုးရွာလာရင် အသင့်ဖြစ်အောင် သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို ပြင်ဆင်နေကြတယ်။
‘ရုပ်ရှင်တွေကို ဒီလိုမျိုး ဖန်တီးကြတာကိုး...’
အပူချိန်က တဖြည်းဖြည်း ကျဆင်းလာတာကြောင့် မင်းသား၊ မင်းသမီးတွေအတွက် လျှပ်စစ်အပူပေးစက်တွေကို လာရောက်တပ်ဆင်ပေးကြတယ်။ မန်နေဂျာလို့ ထင်ရတဲ့သူတွေက သဘတ်တွေကို ယူလာပြီး သရုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ မင်းသားတွေကို လိုက်ဝေပေးနေကြတယ်။ ဖလင်အဖွဲ့က မိုးကာပစ္စည်းတွေ တပ်ဆင်ရုံနဲ့ အလုပ်ရှုပ်နေချိန်မှာ ဒါရိုက်တာ မော်နီတာကြည့်တဲ့ နေရာမှာတော့ မိုးကာတဲလေး ဆောက်ထားပြီးသား ဖြစ်နေပြီ။
“ငါတို့ ဒါကို ဘယ်နှကြိမ်မြောက် ထပ်လုပ်နေရတာလဲ”
“ဒါက တစ်ဆယ့်လေးကြိမ်မြောက် ရှိပြီ”
“ရူးစရာကြီးပဲ”
ဇာတ်ညွှန်းကြီးကြပ်သူရဲ့ အသံက အငယ်ဆုံးလေးရဲ့ နားထဲကို တိုးဝင်လာခဲ့တယ်။ ဇာတ်ညွှန်းကြီးကြပ်သူဆိုတာ ရိုက်ကူးရေးအတွင်း ဖြစ်ပျက်သမျှ တိုးတက်မှုတွေနဲ့ အစီအစဉ်တွေကို မှတ်တမ်းတင်ရတဲ့ တာဝန်ရှိသူ ဖြစ်တာကြောင့် ဇာတ်ကွက်တစ်ခုတည်းကို အကြိမ်ကြိမ် အထပ်ထပ် ပြန်ရိုက်နေရတာထက် ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိတော့ဘူးလေ။ ရာသီဥတုက အပြောင်းအလဲဖြစ်ပြီး ပစ္စည်းကိရိယာတွေကို လိုက်ပြောင်းနေရတာကြောင့် ပိုလို့တောင် ဆိုးနေသေးတယ်။ အဖွဲ့ဝင်အသစ်လေးက ဒါရိုက်တာနဲ့ စကားအနည်းငယ်ပြောပြီး ခပ်သုတ်သုတ် လျှောက်သွားတဲ့ ဇာတ်ညွှန်းကြီးကြပ်သူကို လှမ်းကြည့်နေမိတယ်။ သူ ကားဆီ ပြန်ရောက်လို့ မိုးဖွဲဖွဲကြောင့် စိုစွတ်နေတဲ့ ကိရိယာတွေကို သုတ်သင်ရှင်းလင်းနေတုန်းမှာပဲ မီးပိုင်းဆိုင်ရာဒါရိုက်တာ ပေါ်လာပြန်တယ်။
“ငါတို့ နောက်ခံမီးကို ပြောင်းမယ်။ ဟိုးအနောက်ဘက်ဆုံးက မီးကို သွားယူချေ”
“ဟုတ်ကဲ့”
အငယ်ဆုံးလေးက မီးဒေါက်တိုင်ကို ထုတ်ပြီး မီးပိုင်ဆိုင်ရာဒါရိုက်တာနောက်ကနေ လိုက်သွားခဲ့တယ်။ မင်းသားတွေ နေရာကထပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နေကြတာကို ကြည့်ရတာ ရိုက်ကူးရေးက မကြာခင် ပြန်စတော့မယ့်ပုံပဲ။
“ဟိုဘက်ကလူ... အသံဖမ်းမိုက်ကို သေသေချာချာ ကိုင်စမ်း”
အသံပိုင်းဆိုင်ရာ ဒါရိုက်တာလို့ ထင်ရတဲ့သူက ရုတ်တရက် လှမ်းအော်လိုက်တယ်။ အသံဖမ်းမိုက်ကို ကိုင်ထားတဲ့သူက လန့်ဖျပ်သွားပြီး မိုက်ရဲ့ ဦးတည်ရာကို အမြန်ညှိလိုက်ရတယ်။
“ဒါရိုက်တာ ကင်... ခင်ဗျား အင်ဂျင်နီယာပတ်ကို ဘာလုပ်လိုက်လို့ အသစ်ကောင်က အသံဖမ်းမိုက်ကို ကိုင်နေရတာလဲ”
“အင်ဂျင်နီယာပတ်က အူအတက်ပေါက်သွားလို့ဗျ။ ခွဲစိတ်ပြီးရင် ပြန်လာခဲ့မယ်ဆိုပြီး အဲဒီကောင်ကို လွှတ်လိုက်တာ၊ ဒါပေမဲ့ သူက အဆင့်မမီသေးဘူး ဖြစ်နေတယ်”
“ငါ့ကင်မရာထဲမှာ မိုက်မွှေးတွေ ဝင်မလာအောင်ပဲ လုပ်ပေးစမ်းပါ။ စောစောကလည်း အောက်ကို စိုက်ကျနေသေးတယ်။ ခင်ဗျားကိုယ်တိုင်ပဲ ဝင်ကိုင်လိုက်ပါလား”
“ငါက အဲဒါကြီးကို ကိုင်ဖို့အထိတော့ ကိုယ့်ကိုယ်ကိုယ် အောက်ကျမခံနိုင်ဘူးဟေ့”
“စကားများနေတာ တော်စမ်းပါ။ ဒါရိုက်တာ ချွဲဂျုန်ဂွန် စိတ်အခြေအနေ မကောင်းဖြစ်နေတယ်၊ သတိထားကြဦး”
“အဲဒီလူကတော့ စိတ်ထင်ရင် ထင်သလို စိတ်တိုတတ်တာပဲဥစ္စာ၊ အသစ်အဆန်းလည်း မဟုတ်ဘဲနဲ့။ အို... ဒါရိုက်တာ ချွဲ... စိတ်တိုမနေပါနဲ့ဗျာ”
အငယ်ဆုံးလေးက အဲဒီစကားပြောသံတွေကို နားထောင်ရင်း မီးပိုင်းဆိုင်ရာဖိုဒါရိုက်တာကို ကူညီပေးနေမိတယ်။ သူ ရိုက်ကူးရေးကွင်းကို ပထမဆုံး ရောက်ခါစတုန်းက ဘာလုပ်ရမှန်း မသိခဲ့ဘူးလေ။ လူတွေက နေရာအနှံ့ကနေ လှမ်းခေါ်နေကြပေမဲ့ သူ သေသေချာချာ နားမလည်ဘဲ ဘာလုပ်ရမှန်းမသိ ယောင်လည်လည် ဖြစ်နေခဲ့ရတာ။ တစ်ခါတလေ ကိုယ့်အဖွဲ့မဟုတ်တဲ့ တခြားအဖွဲ့ကို ဝင်ကူညီပေးမိလို့ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူးဆိုပြီး အဆူခံရသေးတယ်။ ဒါပေမဲ့ အခုတော့ အလုပ်တွေကို ကျွမ်းကျင်လာပြီမို့ ဘာပြဿနာမှ မရှိတော့ပါဘူး။
“အားလုံးပဲ အသင့်ပြင်ထားကြ”
ထုတ်လုပ်ရေးအဖွဲ့ရဲ့ အငယ်ဆုံးလေးက လှမ်းအော်လိုက်တယ်။ အဲဒီလူက မင်းသား၊ မင်းသမီးတိုင်းရဲ့ အခြေအနေကို လိုက်လံစစ်ဆေးနေတာကို မြင်တော့ မီးပိုင်းဆိုင်ရာအဖွဲ့ဝင်လေးက သူ့အတွက် ရင်ထဲကနေ တိတ်တိတ်ကလေး အားပေးမိတယ်။ ငါတို့လည်း အဖွဲ့အသီးသီးရဲ့ အငယ်ဆုံးတွေအဖြစ် အကောင်းဆုံး ကြိုးစားကြတာပေါ့။
“ဟေး... ဟေး မိုးစရွာနေပြီဟေ့”
“ဝတ်စုံတွေ မစိုစေနဲ့”
“မတော်တဆမှုတွေ မဖြစ်အောင် သတိထားကြ”
မိုးကတော့ ရွာလာပြီ၊ ဒါပေမဲ့ ထီးဆောင်းရလောက်အောင်အထိတော့ မဟုတ်သေးပါဘူး။ သို့ပေမဲ့ ဒါက လူတွေအတွက်ပဲ ပြောတာပါ၊ ပစ္စည်းကိရိယာတွေအတွက်ကတော့ ဒီလောက်မိုးပမာဏကတောင် အန္တရာယ်ကြီးလှတယ်လေ။ အဲဒါကြောင့် ရိုက်ကူးရေးနေရာတစ်ခုလုံး ပိုပြီး ဆူညံလှုပ်ရှားလာခဲ့တယ်။ အဲဒီလိုမျိုး ဖြစ်နေပေမဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ သေသေချာချာ လုပ်ထားခဲ့တာကြောင့် ကြီးကြီးမားမား မတော်တဆမှုတော့ ဘာမှမရှိခဲ့ပါဘူး။
မီးပိုင်းဆိုင်ရာအဖွဲ့ရဲ့ အငယ်ဆုံးလေးဟာ သူ့စီနီယာနဲ့အတူ အဓိကမော်နီတာရှိတဲ့နေရာဆီ တိတ်တိတ်ကလေး ချဉ်းကပ်သွားလိုက်တယ်။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ကင်မရာဒါရိုက်တာတို့ဟာ မျက်မှောင်ကုတ်နေကြတာကို သူတို့ မြင်လိုက်ရတယ်။ သူတို့ဆီကနေ ဘယ်သူမှ အနားမကပ်ရဲတဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေတာကတော့ အထင်အရှားပဲ။ သူတို့ ဇာတ်ကွက်တစ်ခုချင်းစီကို အကြိမ်ကြိမ် ပြန်ရိုက်နေကြတာ။ ဒါရိုက်တာ ဂျုန်ဂွန်ရဲ့ နဖူးပေါ်က အရေးအကြောင်းတွေကို မြင်ရတော့ သူ တံတွေးကို ဂလုခနဲ မြိုချလိုက်မိတယ်။
မွန်ဂျောင်က လမ်းဘေးက ခုံတန်းလျားတစ်ခုပေါ်မှာ ထိုင်နေပြီး တစ်ဖက်မှာတော့ ဖြတ်သွားဖြတ်လာ လုပ်မယ့် ဇာတ်ပို့သရုပ်ဆောင်တွေ ရှိနေကြတယ်။ ဒါက ဇာတ်လိုက်မင်းသားရဲ့ တစ်ယောက်တည်း စကားပြောရမယ့် ဇာတ်ကွက်ပဲ။ ဂျုန်ဂွန်က မျက်လုံးနဲ့ အချက်ပြလိုက်တဲ့အခါမှာတော့ လက်ထောက်ဒါရိုက်တာက ထုတ်လုပ်ရေးအဖွဲ့ရဲ့ အငယ်ဆုံးလေးကို အချက်ပြလိုက်တော့တယ်။
“ကလက်ပါ အသင့်ပြင်ထား”
(TR Note: Clapper ရိုက်ကူးရေးအခန်းတစ်ခုစမရိုက်ခင် အသံနဲ့ ရုပ်ရှင်ဖိုင် တွဲလို့ရအောင် ရိုက်ချက်ရှေ့မှာပြပေးရတဲ့ဘုတ်ပြားရဲ့ အပေါ်မှာရှိတဲ့ ခေါက်ပြီးအသံထွက်စေတဲ့ သစ်သားတံနှစ်ချောင်း)
လက်ထောက်ဒါရိုက်တာရဲ့ အချက်ပြမှုနဲ့အတူ ထုတ်လုပ်ရေးအဖွဲ့ရဲ့ အငယ်ဆုံးလေးက ကင်မရာနဲ့ မွန်ဂျောင်ရဲ့ ကြားထဲမှာ ဝင်ရပ်ပြီး ဆလိတ်ပြားကို ကိုင်လိုက်တယ်။ သူက ဆလိတ်ပြားကို ဖွင့်ပြီး စောင့်နေတာပါ။ အသံဖမ်းသူက အချက်ပြပြီးတဲ့နောက်မှာတော့ ကွင်းပြင်တစ်ခုလုံးမှာ လျှပ်စစ်အသံ သဲ့သဲ့ကလေးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ဒုတိယဒါရိုက်တာက သူ့ကို အချက်ပြလိုက်တယ်။
(TR Note: Slate ရိုက်ကူးရေးအခန်းတစ်ခုစမရိုက်ခင် အသံနဲ့ ရုပ်ရှင်ဖိုင် တွဲလို့ရအောင် ရိုက်ချက်ရှေ့မှာပြပေးရတဲ့ဘုတ်ပြား)
“သုံး စဉ်း နှစ် စဉ်း တစ်ဆယ့်ငါး” လို့ သူက ဆလိတ်ပြားကို ကိုင်ရင်း အော်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ ကင်မရာက တုန်ခါသံအချို့ ထွက်ပေါ်လာပြီး ပွင့်သွားခဲ့ပြီ။ သူ ဆလိတ်ပြားကို ‘ဖြောင်း’ခနဲ ရိုက်လိုက်တယ်။ ပြီးတော့ ဇာတ်ခုံပေါ်ကနေ တိတ်တိတ်ကလေး ဆင်းလာခဲ့ပြီး ခဏတာ တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားခဲ့တယ်။ အဆုံးမှာတော့ တည်ငြိမ်တဲ့ မျက်နှာနဲ့ ရှေ့ကို စိုက်ကြည့်နေတဲ့ ဂျုန်ဂွန်က စကားပြောလိုက်တယ်။
“အက်ရှင်”
မီးပိုင်းဆိုင်ရာအဖွဲ့ရဲ့ အငယ်ဆုံးလေးဟာ အသံထွက်သွားမှာ စိုးရိမ်တာကြောင့် တံတွေးတောင် မမြိုချရဲဘဲ ရိုက်ကူးရေးကွင်းကို စိုက်ကြည့်နေမိတယ်။ ဒါရိုက်တာရဲ့ အော်သံနဲ့အတူ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ဇာတ်ပို့တွေက ပုံမှန်ခြေလှမ်းတွေနဲ့ လျှောက်လာကြပြီ။ အသံဖမ်းမိုက်က မွန်ဂျောင်ရဲ့ အနားကို ချဉ်းကပ်သွားတယ်။ ရိုက်ကူးရေးနေရာမှာ လူအနည်းဆုံး ဒါဇင်ဝက်လောက် ရှိနေပေမဲ့ မိုးရွာတဲ့အသံက အကျယ်ဆုံး ဖြစ်နေရလောက်အောင် တိတ်ဆိတ်နေခဲ့တာပေါ့။
“မိုးအကြီးအကျယ် ရွာတော့မယ့်ပုံပဲ”
မွန်ဂျောင်က သူ့ရဲ့ စကားပြောဇာတ်ကွက်ကို စတင်လိုက်တယ်။ ဒါက ဇာတ်ကွက်ရဲ့ အပိုင်းတိုကလေးတစ်ခုပဲ ဖြစ်ပေမဲ့ သူတို့ ဒါကို တစ်ဆယ့်ငါးကြိမ်မြောက် လုပ်နေကြတာ။ ဒါက ဇာတ်ကွက်ရဲ့ နောက်ဆုံးဖြတ်တောက်မှု ဖြစ်ပေမဲ့လည်း ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လောက်တောင် အကြိမ်ကြိမ် ပြန်ရိုက်နေရသလဲဆိုတာ တွေးကြည့်ရင် အံ့ဩစရာပဲ။ ဒါရိုက်တာရဲ့ ဇွဲသန်မှုကို အထင်အရှား ခံစားရတယ်။ အငယ်ဆုံးလေးက အဓိကမော်နီတာကိုပဲ အာရုံစိုက်ထားတယ်။ သူက စောင်းပြီး ကြည့်နေရတာကြောင့် အနည်းငယ် ပုံပျက်နေပေမဲ့ ပုံရိပ်တစ်ခုလုံးကိုတော့ မြင်နေရပါတယ်။ ဖရိမ်ထဲက မွန်ဂျောင်ရဲ့ ပုံရိပ်က Full Shot ကနေ Bust Shot အထိ အနီးကပ် ဖြစ်သွားခဲ့ပြီ။ အငယ်ဆုံးလေးက ကင်မရာရဲ့ လှုပ်ရှားမှုကို အာရုံစိုက်နေမိတယ်။ ကင်မရာလှုပ်ရှားမှုဆိုတာ ရုပ်ရှင်ရိုက်ကူးမှုရဲ့ အခြေခံ၊ မဟုတ်ဘူး... အနှစ်သာရပဲလေ။ အဲဒါက ဒါရိုက်တာကို အကဲဖြတ်ပေးတဲ့အရာပဲ။ သူက ဖရိမ်ဖွဲ့စည်းပုံကို လေ့လာနေတာကြောင့် ဒါမျိုးကို လူကိုယ်တိုင် မြင်တွေ့ခွင့်ရတဲ့ အခွင့်အရေးက ရွှေထက်တောင် တန်ဖိုးရှိလှတယ်။
ထိုင်နေတဲ့ မွန်ဂျောင်က စက္ကူဂျပ်ဖာဟောင်းတွေကို ကောက်ကိုင်ရင်း နေရာကနေ ထရပ်လိုက်ပြီး ကောင်းကင်ယံဆီ မော့ကြည့်လိုက်တယ်။ အဲဒီအချိန်မှာပဲ မိုးက ပိုပြီး သည်းထန်လာခဲ့တော့တယ်။ စောစောက ဇာတ်ကွက်အပြီးမှာ အမြန်သုတ်ထားတဲ့ သူ့ရဲ့ခေါင်းက ချက်ချင်းပဲ ပြန်စိုသွားခဲ့ပြီး မိုးရေတွေက သူ့မျက်နှာပေါ် စီးကျလာခဲ့ပြီ။ အလင်းမှိန်မှိန်လေးက မွန်ဂျောင်ရဲ့ ပုံရိပ်ပေါ်မှာ ဖျော့တော့စွာ လင်းလက်နေပြီး ကင်မရာက မွန်ဂျောင်ရဲ့ မျက်နှာကို အနက်ရှိုင်းဆုံး ဖမ်းယူထားတယ်။ ဇာတ်ပို့တွေက ဘေးကနေ ဖြတ်လျှောက်သွားကြပြီး မွန်ဂျောင်က ခါးသက်သက် အပြုံးတစ်ခုနဲ့အတူ စက္ကူဂျပ်ဖာပေါ်က မိုးရေတွေကို ခါချလိုက်တယ်။ ကောင်းကင်က ကျလာတဲ့ မိုးရေတွေနဲ့ မွန်ဂျောင် ခါချလိုက်တဲ့ ရေစက်တွေက ရောပြွမ်းသွားခဲ့ပြီ။
“ဒါက တကယ့်ကို ရက်စက်တဲ့ မိုးသည်းထန်မှုပဲ”
မီးအလင်းရောင်အဖွဲ့ရဲ့ အငယ်ဆုံးလေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။ စောစောက စကားပြောကွက်က မူရင်းနဲ့ မတူတော့ဘူးလေ။ ဇာတ်ညွှန်းကြီးကြပ်သူက အဲဒါကို သတိပြုမိသွားပုံရပြီး လိုက်လံစစ်ဆေးနေတော့တယ်။ လက်ထောက်ဒါရိုက်တာကလည်း ဇာတ်ညွှန်းကို ကြည့်နေတယ်။ ဒါဆို ဒါရိုက်တာကကော
ဂျုန်ဂွန်က ဘာစကားမှမပြောဘဲ မော်နီတာကိုပဲ စိုက်ကြည့်နေတယ်။ သူ့ရဲ့ အကြည့်တွေနဲ့ မော်နီတာကို ဖောက်ထွက်တော့မယ့်အလား ဖြစ်နေတာ။ မွန်ဂျောင်က ဇာတ်ပို့တွေ လာခဲ့တဲ့ လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားခဲ့တယ်။ စက္ကူဂျပ်ဖာကြီးက မြေပြင်ပေါ်မှာ တရွတ်တိုက်ပါသွားပြီး စွတ်ကြောင်းအရှည်ကြီး ကျန်ရစ်ခဲ့တာပေါ့။
သူ့ကို ကြည့်ရတာ သနားစရာကောင်းလွန်းနေတယ်။ ဒါက ဇာတ်ညွှန်းထဲမှာ ပါတဲ့ ဇာတ်ကွက် မဟုတ်ပါဘူး။ ဒါကို ကြိုတင်ပြီး သဘောတူထားကြတာလား။ ဒါမှမဟုတ် မွန်ဂျောင်ဘက်က စကားပြောကွက်လိုပဲ ကိုယ်တိုင်ဉာဏ်ဆင်ပြီး သရုပ်ဆောင်လိုက်တာလား။ အဲဒီနောက်မှာတော့ ဂျုန်ဂွန်က မွန်ဂျောင်ရဲ့ ပုံရိပ်ကနေ ဖြည်းဖြည်းချင်း Zoom Outဆွဲဖို့ ညွှန်ကြားလိုက်ပြီး မွန်ဂျောင်နဲ့ သူ့ရဲ့ လမ်းကြောင်းကြီးက အဝေးဆီသို့ လွင့်မျောပျောက်ကွယ်သွားတဲ့ အကျိုးသက်ရောက်မှုကို ဖန်တီးလိုက်တယ်။
“ကတ်” လို့ ဂျုန်ဂွန်က ပြောလိုက်တယ်။
သူ့ရဲ့ အသံက တစ်ဆယ့်လေးကြိမ်မြောက်တုန်းက အသံနဲ့ မတူတော့ပါဘူး။ အသက်ဝင်မှုတွေ၊ ဒါမှမဟုတ် ဝမ်းမြောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အသံမျိုး ဖြစ်နေခဲ့တာ။ သူ အဲဒီစကား ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ထုတ်လုပ်ရေးအဖွဲ့ရဲ့ အငယ်ဆုံးလေးက ဆလိတ်ပြားကို ကိုင်ပြီး ကင်မရာရှေ့မှာ ဝင်ရပ်လိုက်ပြန်တယ်။
သူက ဆလိတ်ပြားကို ချက်ချင်း ‘ဖြောင်း’ခနဲ ရိုက်လိုက်ပြီး ‘Three dash two dash fifteen’ လို့ လှမ်းအော်လိုက်တယ်။ ကင်မရာတွေအားလုံး ရပ်တန့်သွားပြီး အသံဖမ်းစက်တွေလည်း တိတ်ဆိတ်သွားခဲ့ပြီ။
မိုးက ပိုပြီး သည်းထန်လာခဲ့တယ်။
အားလုံးက ဂျုန်ဂွန်ဆီကိုပဲ လှမ်းကြည့်နေကြတယ်။
“ကောင်းပြီ အားလုံးပဲ ပင်ပန်းသွားကြပြီ သိမ်းကြစို့”
ဒါရိုက်တာက အိုကေပေးလိုက်ပြီလေ။ ရိုက်ကူးရေး ပြီးဆုံးသွားခဲ့ပြီ။
“ဟေ့... အသစ်ကောင် ပစ္စည်းတွေ သိမ်းကြစို့”
မီးပိုင်းဆိုင်ရာအဖွဲ့ရဲ့ အငယ်ဆုံးလေးက မီးပိုင်းဆိုင်ရာဒါရိုက်တာဆီကို ပြေးသွားလိုက်တယ်။ သူ ပြေးသွားနေပေမဲ့လည်း သူ့ရဲ့ အာရုံက ဒါရိုက်တာနဲ့ မွန်ဂျောင်ဆီမှာပဲ ရှိနေခဲ့တာပါ။
“ဒါရိုက်တာ... ခင်ဗျားက ဒီထက်မက ပိုကောင်းအောင် လုပ်နိုင်ရဲ့သားနဲ့ ကျွန်တော့်ကို ဘာလို့ ဒီလောက်အထိ ဒုက္ခပေးခဲ့ရတာလဲဗျာ။ နောက်ဆုံးတော့ ကျွန်တော်တို့ တစ်ဆယ့်ငါးကြိမ်အထိ ရိုက်လိုက်ရတယ်”
“ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တာပဲဥစ္စာ။ ဘယ်လိုလဲ... အဆင်ပြေရဲ့လား”
“အံ့ဩစရာပဲဗျာ။ ရိုးရိုးလေး အံ့ဩစရာကောင်းတာတင် မဟုတ်ဘူး၊ တကယ့်ကို အံ့ဩစရာကြီး ကျွန်တော် ဒီအပိုင်းအတွက် နောက်ဆုံးရိုက်ချက်ကိုပဲ သုံးတော့မယ်”
“ကျွန်တော်လည်း သဘောကျပါတယ်ဗျာ။ မိုးရေစိုသွားတော့ ခေါင်းထဲက နည်းနည်း ရှင်းသွားသလိုပဲ”
“နောက်နောင်ကျရင် မိုးရွာထဲမှာပဲ ရိုက်ရတော့မယ် ထင်တယ်။ ခင်ဗျား ဒီအပိုင်းကို မြင်တယ်မဟုတ်လား။ စက္ကူဂျပ်ဖာကို တရွတ်တိုက်ဆွဲသွားလို့ ကျန်ခဲ့တဲ့ လမ်းကြောင်းကြီးလေ။ အဲဒါက ရင်ထဲကို အတော်လေး ထိခိုက်စေတယ်”
“ဒါမျိုး ဖြစ်သွားသေးတာလား။ ကျွန်တော်လည်း သတိမထားမိလိုက်ဘူး”
မွန်ဂျောင်က အားရပါးရ ရယ်မောလိုက်တယ်။ မီးပိုင်းဆိုင်ရာအဖွဲ့ရဲ့ အငယ်ဆုံးလေးကတော့ အဲဒီလမ်းကြောင်းကြီးဟာ လုံးဝဥဿုံ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ယုံကြည်နေမိတယ်။ အဲဒါက အကြိမ်ကြိမ် ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ပဲလေ။ အကယ်၍ သူတို့သာ ရိုက်ချက်တစ်ခုတည်းနဲ့ ရပ်နားလိုက်မယ်ဆိုရင် ဘယ်တော့မှ ဆုံတွေ့နိုင်မှာမဟုတ်တဲ့ ရတနာတစ်ပါးပေါ့။
“ဟေ့ကောင်... အလုပ်လုပ်စမ်း”
“အာ... ဟုတ်ကဲ့”
မီးပိုင်းဆိုင်ရာအဖွဲ့ရဲ့ အငယ်ဆုံးလေးက သတိပြန်ဝင်လာပြီး သုံးခြေထောက်စင်ကြီးကို မလိုက်တော့တယ်။
* * * * * * * * *
မွန်ဂျောင်က ကားထဲမှာ ရေနွေးကြမ်းနွေးနွေးလေးကို သောက်နေမိတယ်။ နွေးထွေးမှုတွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲ စီးဆင်းသွားပြီး ရုပ်ရောစိတ်ပါ အရည်ပျော်သွားစေခဲ့တာပေါ့။
“အပင်ပန်းခံပြီး ကြိုးစားပေးခဲ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ”
“ဒါက အဲလောက်ကြီး မပင်ပန်းပါဘူး”
“ကျွန်တော်တို့ သွားကြတော့မလား”
“ငါ ဒါလေး သောက်လို့ပြီးတဲ့အထိ ခဏလောက် စောင့်ပါဦး”
“ကောင်းပါပြီ။ ကျွန်တော် စတိုးဆိုင်ဆီ ခဏလောက် သွားလိုက်ဦးမယ်”
ယာယီမန်နေဂျာက ကားထဲကနေ ထွက်သွားခဲ့ပြီ။ မွန်ဂျောင်က ကားပေါ်ကို မိုးရေစက်တွေ လာမှန်နေတဲ့ အသံကို နားထောင်ရင်း မျက်လုံးတွေကို မှိတ်ထားလိုက်မိတယ်။ ရိုက်ကူးရေးကတော့ ဘာပြဿနာမှမရှိဘဲ ပြီးဆုံးသွားခဲ့ပြီလေ။ အတားအဆီးအချို့ ရှိခဲ့ပေမဲ့လည်း အနည်းဆုံးတော့ အဲဒီဇာတ်ကွက်ကို နောက်မှရိုက်ဖို့ ချန်မထားခဲ့ရဘူး။ သူတို့ အဲဒီနေ့အတွက် သတ်မှတ်ထားတဲ့ ရိုက်ချက်တွေကို အပြီးသတ်နိုင်ခဲ့တာပဲ။ ဒါမျိုး မလုပ်ဖြစ်တာ ကြာပြီဖြစ်တာကြောင့် ဇာတ်ကောင်စရိုက်ထဲ ဝင်သွားဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမဲ့ သူ ဖြည်းဖြည်းချင်းတော့ အသားကျလာပါပြီ။
‘ရင်းနှီးတဲ့ မျက်နှာအချို့လည်း ရှိနေတာပဲ’
သူ့ရဲ့ မိတ်ဆွေဟောင်းအချို့က ကြီးပြင်းလာကြပြီး ရိုက်ကူးရေးကွင်းကို ဦးဆောင်နေကြပြီလေ။ သူ့ကို အံ့ဩစေဆုံးအရာကတော့ ဂျုန်ဂွန်ရဲ့ လက်အောက်က လက်ထောက်ဒါရိုက်တာပါပဲ။ ရုပ်ရှင်လောကကနေ အနားယူပြီး ပြဇာတ်ရုံဆီ ပြန်သွားခါနီးတုန်းက သူ တွေ့ခဲ့ရတဲ့ အထက်တန်းကျောင်းသားလေးက အခုတော့ လက်ထောက်ဒါရိုက်တာ ဖြစ်နေခဲ့ပြီ။ အချိန်တွေ အကြာကြီး ကြာသွားခဲ့ပေမဲ့လည်း သူ့ကို မှတ်မိနေရတဲ့ အကြောင်းရင်းကတော့ အဲဒီကောင်လေးက တစ်နေ့ကျရင် မွန်ဂျောင်နဲ့ ရိုက်ကူးရေးကွင်းမှာ ဆုံတွေ့ရစေရမယ်လို့ သူ့ကို ကြုံးဝါးခဲ့ဖူးလို့ပဲ။ ဒါတင်မကဘဲ တခြားရင်းနှီးတဲ့ မျက်နှာတွေလည်း အများကြီး ရှိနေတာကြောင့် ရိုက်ကူးရေးအတွင်း သူ ပျော်ရွှင်ခဲ့ရပါတယ်။
ကင်မရာနဲ့ အသံဖမ်းပစ္စည်းတွေက အရင်ကထက် ပိုပြီး အဆင့်မြင့်လာခဲ့ပြီး အရင်က လူတွေလုပ်ခဲ့ရတဲ့ နေရာအချို့မှာ အခုတော့ စက်ပစ္စည်းတွေက အစားထိုး လုပ်ဆောင်ပေးနေကြပြီ၊ ဒါပေမဲ့ ရုပ်ရှင်တွေကိုတော့ လူတွေကပဲ ရိုက်ကူးနေကြတုန်းပါပဲ။ ဆွေးနွေးမှုတွေ၊ အငြင်းပွားမှုတွေနဲ့ ရန်ဖြစ်မှုတွေ အများကြီး ရှိနေတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲမသွားပါဘူး။ အဲဒီအချက်ကပဲ မွန်ဂျောင်ကို စိတ်သက်သာရာရစေခဲ့တာ။ လွမ်းဆွတ်စရာတစ်ခုခုကို ပြန်တွေ့လိုက်ရသလို ခံစားရတာကြောင့် သူ သိပ်ကို ကျေးဇူးတင်မိပါတယ်။
သူ ဒီလိုမျိုး တွေးနေတုန်းမှာပဲ တစ်စုံတစ်ယောက်က ကားမှန်ပြတင်းကို အသာလေး လာခေါက်ခဲ့တယ်။ အသက်သုံးဆယ်နှောင်းပိုင်းအရွယ်လို့ ထင်ရတဲ့ မျက်နှာပေါ်မှာ သာယာတဲ့အပြုံး ရှိနေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ သူ့ဘေးမှာ ရပ်နေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးတစ်ဦး ဖြစ်ပါတယ်။
မွန်ဂျောင်က ကားမှန်ကို အောက်ချလိုက်တယ်။ အပြင်ကလူတွေက ထီးဆောင်းထားကြတာကြောင့် ကားထဲကို မိုးရေတွေ ဝင်မလာပါဘူး။
“မင်္ဂလာပါ ဆရာ။ ကျွန်မ နှုတ်ဆက်ဖို့ လာခဲ့တာပါ။ ဆရာ့ဆီက အချိန်ခဏလောက် ပေးလို့ရမလားရှင်”
“မင်းတို့က ဘယ်သူတွေလဲဆိုတာ ငါမသိပေမဲ့ ရပါတယ်၊ လာခဲ့ကြပါ”
“ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မနာမည်က ပတ်နာရင် ပါ၊ NL ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကျွန်မဘေးကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကျွန်မတို့ရဲ့ သရုပ်ဆောင် ဆွန်းဂျဲ ပါရှင်။ ဆွန်းဂျဲ... ဒါက ဆရာကြီး မွန်ဂျောင် ပဲ”
“မင်္ဂလာပါ ဆရာကြီးခင်ဗျာ။ ကျွန်တော်က ဆွန်းဂျဲ ပါ၊ သရုပ်ဆောင်အသစ်တစ်ယောက်ပါ” လို့ လူငယ်လေးက ကြည်လင်တဲ့ အသံနဲ့ နှုတ်ဆက်လိုက်တယ်။
သူက ရုပ်ရည်ချောမောပြီး ပခုံးကျယ်ကျယ်နဲ့ ကြည့်ကောင်းတဲ့ လူငယ်လေးတစ်ဦး ဖြစ်နေခဲ့တာပေါ့။
“မင်္ဂလာပါကွယ်၊ တွေ့ရတာ ဝမ်းသာပါတယ်”
မွန်ဂျောင်က ကားတံခါးကို ဖွင့်ပြီး အပြင်ကို ထွက်လိုက်ပြီးတော့ ဆွန်းဂျဲဆီ လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းပေးလိုက်တယ်။ ဆွန်းဂျဲက သူ့ရဲ့ လက်နှစ်ဖက်လုံးနဲ့ ဆရာကြီးရဲ့လက်ကို ဆုပ်ကိုင်လိုက်တော့တယ်။
“နောင်ကျရင်လည်း ဆရာ့ဆီကနေ အများကြီး သင်ယူခွင့်ရဖို့ မျှော်လင့်ပါတယ်ခင်ဗျာ”
“အခု မင်းပြောခဲ့တဲ့ စကားကို မမေ့ဘဲ အကောင်းဆုံး ကြိုးစားသွားပါ။ ငါ မင်းအတွက် အားပေးနေပါ့မယ်”
မွန်ဂျောင်က အပြုံးတစ်ခုနဲ့အတူ သူ့ရဲ့လက်ကို အသာအယာ လှုပ်ယမ်းရင်း နှုတ်ဆက်လိုက်ပါတော့တယ်။
* * * * * * * * *