အခန်း ၂၇၆
Vol. 28 Ch. 276
အခန်း(၂၇၆)
ဆွန်းဂျဲဟာ ကွက်လပ်မရှိ တစ်ပြင်လုံး မှန်တွေချည်း တပ်ဆင်ထားတဲ့ လေ့ကျင့်ရေးအခန်းရဲ့ နံရံမှန်ကြီးရှေ့မှာ ရပ်နေမိတယ်။ တစ်ခါတလေ မှန်ထဲကနေ တစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရတာ သူ့အတွက် တစ်မျိုးကြီး ဖြစ်နေတတ်တယ်။ မှန်ထဲက ဒီလူဟာ ဘယ်သူပါလိမ့်။
“ခဏလောက် နားရအောင်ကွာ၊ သေတော့မယ်... ပင်ပန်းလိုက်တာ”
အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ လီဟျော့ထယ်ဆီက ထွက်လာတဲ့ စကားသံကြောင့် ဆွန်းဂျဲဟာ မှန်ဆီကနေ မျက်လုံးလွှဲလိုက်ပါတယ်။ အဖွဲ့ဝင်တွေအားလုံး ကကွက်လပ်ကျင့်ပြီးလို့ ကြမ်းပြင်ပေါ်မှာ ပစ်လှဲနေကြပြီလေ။
အာ... ဟုတ်သားပဲ။ ငါက TTO ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။
ဆွန်းဂျဲဟာ မှန်ထဲက ရွှေဝါရောင် ဆံပင်နဲ့ လူကို တစ်ခါပြန်ကြည့်မိတယ်။ အနုပညာလောကထဲ စဝင်ကတည်းက ကလေးဆန်တဲ့ ပုံစံတွေ အကုန်ပျောက်ဆုံးသွားခဲ့တဲ့ လူတစ်ယောက်က သူ့ကို ပြန်စိုက်ကြည့်နေသလိုမျိုး။ ဒါကြီးက ခြောက်နှစ်တောင် ရှိသွားခဲ့ပြီပဲ။ တချို့အတွက်တော့ ဒါဟာ အချိန်တိုလေး ဖြစ်နိုင်ပေမဲ့ တခြားသူတွေအတွက်ကျတော့လည်း ထာဝရလို ရှည်လျားလှပါတယ်။ ဆွန်းဂျဲအတွက်ဆိုရင်တော့ အစပိုင်းမှာ ထာဝရကြီးလို ခံစားခဲ့ရပေမဲ့ ဒီရက်ပိုင်းမှာတော့ အချိန်တွေဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သလိုပါပဲ။
သူ့ကိုယ်သူ NL ကုမ္ပဏီရဲ့ စီအီးအိုပါလို့ မိတ်ဆက်ခဲ့တဲ့ နာရင်ရဲ့ နောက်ကိုလိုက်ပြီး TTO အဖွဲ့ထဲ ရောက်လာခဲ့တဲ့ အချိန်တွေကို သူ ပြန်သတိရမိတယ်။ ဆွန်းဂျဲတစ်ယောက် ဘာရည်ရွယ်ချက်မှမရှိဘဲ သရုပ်ဆောင်လေ့ကျင့်ခန်းတွေပဲ ဇွတ်လုပ်နေတဲ့ အချိန်တုန်းက နာရင်ဟာ သူ့ကို အခွင့်အရေးတစ်ခု ပေးမယ်လို့ ပြောခဲ့တာပါ။ သူမက သူ့ကို မျက်စိမှိတ်ပြီး နောက်ကလိုက်ခဲ့ဖို့ ပြောတာမျိုး မဟုတ်ပါဘူး။ သူမမှာ ကိုယ်ပိုင် မျှော်မှန်းချက်တွေ အတိအကျ ရှိပြီးသား။ အဲဒီတုန်းက သူ ငယ်သေးပေမဲ့ နာရင်ရဲ့ စကားတွေဟာ လေလုံးထွားနေတာ မဟုတ်ဘူးဆိုတာ ဆွန်းဂျဲ ယုံကြည်ခဲ့တယ်။
“မင်းက သရုပ်ဆောင်တွေရဲ့ မြင့်မားတဲ့ အတားအဆီးတံတိုင်းကြီးကို ကျော်ဖြတ်ချင်တာလား။ ကံကောင်းရင်တော့ ကျော်ဖြတ်နိုင်မှာပေါ့။ ဒါပေမဲ့ အခုခေတ်မှာ သရုပ်ဆောင်ကောင်းရုံသက်သက်နဲ့တော့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်တော့ဘူးဆိုတာ မင်း သိထားသင့်တယ်။ ဟုတ်တယ်... ရုပ်ရှင်လောကမှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင်တွေကတော့ သရုပ်ဆောင်ချက်တစ်ခုတည်းနဲ့တင် ဒီလိုနေရာမျိုး ရောက်လာတာ မှန်ပေမဲ့ အဲဒါက လူနည်းစုလေးတင်ပဲလေ။ သူတို့က သရုပ်ဆောင်နတ်ဘုရားရဲ့ အချစ်တော်တွေ။ ပြီးတော့ ကံတရားကလည်း အများကြီး ပါတာပေါ့။ မင်း သိတယ်မလား၊ ငါက လောင်းကစားလုပ်ရတာ မကြိုက်ဘူး။ စွန့်စားရတာတွေက ငါ့အလုပ် မဟုတ်ဘူး။ ငါ အလိုရှိတာက သေချာပေါက် ဖြစ်လာရမယ့် ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုးပဲ။ မင်းက သရုပ်ဆောင်ချင်တာ ဟုတ်တယ်မလား။ ဒါဆိုရင် အရင်ဆုံး ကတာနဲ့ သီချင်းဆိုတာကို သင်ရမယ်။
မင်းကိုယ်မင်း ပြည်သူတွေ ကြားထဲမှာ အရင်ဆုံး လူသိများအောင် လုပ်ရမယ်။ အဲဒီကျမှ သရုပ်ဆောင်တာကို စလို့ရမှာ။ အစကတည်းက ခက်ခဲတဲ့ လမ်းကို ရွေးလျှောက်တာက လူမိုက်တွေရဲ့ အလုပ်ပဲ။ လူဆိုတာ ပတ်လမ်းကိုလည်း လျှောက်တတ်ရတယ်လေ။ အစပိုင်းမှာတော့ အဆိုတော်လုပ်နေတဲ့ကောင်က သရုပ်ဆောင်လောကရဲ့ ထမင်းပန်းကန်ကို လုချင်နေတယ်ဆိုပြီး ပြည်သူတွေက မင်းကို အထင်သေးကြလိမ့်မယ်။ ဒါပေမဲ့ မင်း တစ်ခါတည်းနဲ့ နာမည်ကြီးသွားပြီဆိုရင်တော့ ငွေကြေးတွေက မင်းကို အလိုအလျောက် လိုအပ်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ မင်းရဲ့ အရည်အချင်းကို သက်သေပြလိုက်ပေါ့။ မင်းကို အထင်သေးခဲ့တဲ့ လူတွေရဲ့ ရှေ့မှာ မင်းရဲ့ သရုပ်ဆောင်မှုတွေကို ချပြလိုက်။ မင်း လုပ်နိုင်တယ်မလား”
ဆွန်းဂျဲဟာ တစ်ရက်လောက် စဉ်းစားပြီးတဲ့နောက် နာရင်ရဲ့ နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနေ့မှာတင် အဝတ်အစားတွေ ထုပ်ပိုးပြီး အဆောင်ကို ပြောင်းလာခဲ့တယ်။ အဲဒီမှာတင် TTO ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဟျော့ထယ်၊ ဂျန်ဆူ၊ ဆူဟို၊ ဂန်ဂျွန်းတို့နဲ့ ဆုံခဲ့တာပါ။ သူတို့အားလုံးက နာရင် ကိုယ်တိုင် ရွေးချယ်ထားတဲ့ လူတွေချည်းပဲ။ အဖွဲ့ထဲမှာ အိုင်ဒေါတစ်ယောက် ဖြစ်ချင်တယ်လို့ တကယ် ရည်မှန်းချက်ရှိတာက အသက်အကြီးဆုံး အစ်ကိုကြီး ဟျော့ထယ် တစ်ယောက်ပဲ ရှိတယ်။ ကျန်တဲ့လူတွေကတော့ ကတာ၊ သရုပ်ဆောင်တာ ဒါမှမဟုတ် တီးဝိုင်းအလုပ်တွေ အရင်က လုပ်ခဲ့ကြတဲ့ လူတွေပါ။ အတူတူ စအိပ်ရတဲ့ ပထမဆုံးနေ့မှာတင် နာရင်က သူမရဲ့ အစီအစဉ်ကို ရှင်းပြခဲ့တယ်။ သူတို့အဖွဲ့ရဲ့ နာမည်က TTO တဲ့။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ နယ်ပယ်စုံမှာ ကျွမ်းကျင်တဲ့ အိုင်ဒေါအဖွဲ့ ဖြစ်လာဖို့ပဲ။ နာရင်ရဲ့ ရည်မှန်းချက်က ရုပ်သံမီဒီယာရဲ့ နယ်ပယ်အားလုံးမှာ သုံးစားလို့ရမယ့် အဖွဲ့တစ်ဖွဲ့ကို ဖန်တီးဖို့ပါ။ အစပိုင်းမှာ အိုင်ဒေါအနေနဲ့ စတင်ရမှာ ဖြစ်ပေမဲ့ အိုင်ဒေါအဖြစ်နဲ့ နာမည်ကြီးပြီးတာနဲ့ သူတို့ လုပ်ချင်တဲ့အရာမှန်သမျှကို နောက်ကနေ ပံ့ပိုးပေးမယ်လို့ သူမက ပြောခဲ့တယ်။
အဲဒီနောက်မှာတော့ ပင်ပန်းခက်ခဲလှတဲ့ သင်တန်းတွေ စတင်ပါတော့တယ်။ NL ကုမ္ပဏီရဲ့ အရင်အိုင်ဒေါအဖွဲ့တွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ အကောင်းဆုံး၊ အတော်ဆုံး နည်းပြတွေက သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့ကြတယ်။ သူတို့တွေဟာ မနက် ၈ နာရီကတည်းက လေ့ကျင့်ရေးကို စတင်ခဲ့ပြီး နေဝင်တဲ့အထိ မနားတမ်း လုပ်ခဲ့ကြတာပါ။ အဲဒါတင် အားမရသေးဘဲ တစ်ခါတလေ ညနက်ပိုင်းအထိ၊ နောက်တစ်ရက် ကူးတဲ့အထိ ဆက်တိုက် လုပ်ခဲ့ကြတယ်။ အဲဒါဟာ နာကျင်မှုတွေရဲ့ အစပဲ။ သူတို့ဟာ လေ့ကျင့်ရေးအခန်းထဲမှာတင် အခြေချ နေထိုင်ပြီး ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့ကြတယ်။ ဘယ်သူ့ကိုမှလည်း ချပြခွင့်မရှိသေးတော့ သူတို့မှာ အောင်မြင်မှုရဲ့ အရသာကိုလည်း မခံစားရဘူး။ အဖွဲ့ဝင်တွေ ကြားထဲမှာ ညဘက်ကြီး ထွက်ပြေးဖို့အထိ တိုင်ပင်ခဲ့ကြတဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး။ သူတို့ဟာ အကျဉ်းထောင်ထဲမှာ နေထိုင်နေရသလို ဖြစ်နေပြီး အဆုံးသတ်ကလည်း ဘယ်မှာမှန်း မသိသာခဲ့ဘူး။ နေ့တိုင်းလည်း ဆဲဆိုအပြစ်တင်တာတွေကို ခံခဲ့ရသေးတယ်။ ဒီလို နာကျင်မှုတွေအားလုံးကို ခံစားနေရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတောင် မှုန်ဝါးဝါး ဖြစ်လာခဲ့ရတယ်။
‘ထွက်ပြေးဖို့’ ဆိုတဲ့ စကားလုံးက သူတို့ကြားထဲမှာ ရိုးအီနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တဲ့ အချိန်ပေါ့။ ငါးယောက်လုံး တကယ် ထွက်ပြေးကြစို့လို့ စဉ်းစားနေမိတဲ့ အခိုက်အတန့်မှာပဲ နာရင်ဟာ လေ့ကျင့်ရေးအခန်းထဲကို ရောက်လာခဲ့တယ်။ သူမဟာ လေ့ကျင့်ရေးအခန်းတံခါးကို အကျယ်ကြီး ဖွင့်ထားခဲ့ပြီး အေးစက်လှတဲ့ မျက်လုံးတွေနဲ့ စကားပြောခဲ့ပါတယ်။
“မင်းတို့တွေ ဘယ်လောက်ကြာကြာ အသက်ရှင်နေဦးမယ် ထင်လို့လဲ။ အခုမှ တစ်နှစ်ပဲ ရှိသေးတာ။ တစ်နှစ်... သက်သက်ပဲ ရှိသေးတယ်။ အဲဒါလေးကိုတောင် မအောင့်နိုင်ဘဲ ထွက်ပြေးချင်တယ်ဆိုရင်တော့ အခုချက်ချင်းသာ ထွက်သွားလိုက်ကြ၊ ပြီးတော့ မင်းတို့ရဲ့ ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးကို အရှုံးသမားအဖြစ်နဲ့ပဲ ဖြတ်သန်းလိုက်ကြပေါ့။ မင်းတို့ရဲ့ ပါရမီတွေကို ပွင့်လန်းလာအောင် လုပ်ပေးနိုင်တာ ငါကလွဲလို့ ဘယ်သူမှမရှိဘူးဆိုတာ ငါ အာမခံရဲတယ်။ မင်းတို့အားလုံးကို ရှာဖွေခဲ့တာလည်း ငါပဲ၊ မင်းတို့အားလုံးကို မြေတောင်မြှောက်ပေးနေတာလည်း ငါပဲ။ မင်းတို့အားလုံးဟာ ကြယ်ပွင့်တွေ ဖြစ်လာကြမှာ။ လူတိုင်း အားကျရမယ့် ကြယ်ပွင့်တွေပေါ့။ ဒါပေမဲ့ အခုအချိန်မှာတော့ မင်းတို့ဟာ သနားစရာကောင်းတဲ့ သင်တန်းသားလေးတွေ သက်သက်ပဲ။ မင်းတို့ရဲ့ သင်တန်းသားဘဝကို ဒီမှာတင် အဆုံးသတ်ချင်တယ်ဆိုရင်လည်း ထွက်သွားနိုင်ပါတယ်။ မင်းတို့ကို ဆုံးရှုံးလိုက်ရတာ ငါ့အတွက်လည်း နာကျင်ရမှာ မှန်ပေမဲ့ ငါ အစကနေ ပြန်စလို့ရတယ်။ ငါ့မှာ ငွေလည်းရှိတယ်၊ အရင်းအမြစ်တွေလည်း ရှိတယ်။ မင်းတို့က ရတနာဖြစ်လာမယ့် ကျောက်ရိုင်းတွေဆိုတာ သေချာပေမဲ့ ကမ္ဘာပေါ်မှာ မင်းတို့တစ်ဖွဲ့တည်း ရတနာ ရှိတာမှ မဟုတ်တာ။ အချိန်နည်းနည်းပေးရင် ငါ အသစ်တွေ ရှာလို့ရတယ်။ ရှာဖို့ အချိန်ဖြုန်းရမှာ နှမြောစရာကောင်းလို့”
အဲဒီညမှာပဲ ပတ်နာရင်ဆိုတဲ့ မိန်းမဟာ တကယ် ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပဲလို့ ဆွန်းဂျဲ တွေးမိခဲ့တယ်။ သူမဟာ တခြားသူတွေ ဘာတွေးနေလဲဆိုတာကို အကုန်အစင် ရိပ်မိနေတဲ့ လူစားမျိုး။ သူမဟာ လွတ်မြောက်နိုင်စွမ်းမရှိတဲ့ ထောင်ချောက်တစ်ခုကို ဆင်ထားခဲ့ပြီး ထွက်သွားတာကြောင့် ဆွန်းဂျဲဟာ အဲဒီနေ့မှာတင် ‘ထွက်ပြေးဖို့’ ဆိုတဲ့ စကားလုံးကို သူ့ခေါင်းထဲကနေ အပြီးတိုင် ဖျက်ထုတ်ပစ်လိုက်ပါတယ်။ ကျန်တဲ့ လေးယောက်လည်း ထို့အတူပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ လေ့ကျင့်ရေးအခန်းထဲမှာ ‘ထွက်ပြေးတာ’ နဲ့ ‘လွတ်မြောက်တာ’ ဆိုတဲ့ စကားလုံးတွေဟာ တားမြစ်ချက်တွေ ဖြစ်သွားခဲ့ရတယ်။
ဒီလိုနဲ့ နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်တယ်။ TTO အဖွဲ့ဟာ ၂ နှစ်အကြာမှာတော့ ပွဲဦးထွက်ခွင့် ရခဲ့ပါတယ်။ ဂီတအစီအစဉ်တစ်ခုလုံးမှာ သူတို့ထက် စီနီယာကျတဲ့ လူတွေချည်းပဲ။ သူတို့တွေဟာ နားနေခန်း အများကြီးကို လိုက်ပတ်ပြီး ခေါင်းငုံ့ နှုတ်ဆက်ခဲ့ကြရတယ်။ သူတို့ထက် နှစ်အတော်ကြာ စောပြီး ပွဲဦးထွက်ခဲ့တဲ့ အိုင်ဒေါတွေကိုလည်း အလားတူပဲ နှုတ်ဆက်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ ပထမဆုံး စတိတ်စင် ဖျော်ဖြေမှုကို အသံသွင်းခဲ့ကြတယ်။ ဘာအမှားအယွင်းမှ မရှိခဲ့သလို၊ ဘာရင်ခုန်စိတ်လှုပ်ရှားမှုမှလည်း မရှိခဲ့ပါဘူး။ သူတို့ဟာ စိတ်ထဲမှာ ဟာတာတာ အမူအရာတွေနဲ့ပဲ စင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ကြတယ်။ ဒီနေရာကို ရောက်ဖို့ သူတို့ ၂ နှစ်တောင် အချိန်ပေးခဲ့ရတာ ဖြစ်ပေမဲ့ စင်ပေါ်ကို တကယ်တမ်း တက်လိုက်ရတဲ့အချိန်မှာ ဘာမှ မထူးခြားသလို ခံစားလိုက်ရတယ်။ အဖွဲ့ဝင်တိုင်းလည်း ဒီလိုပဲ ခံစားခဲ့ရတာပါ။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ဖက်လှည်းတလဲနဲ့ မျက်ရည်ပူတွေ ကျရလောက်တဲ့အထိ အောင်မြင်မှု ခံစားချက်မျိုးကို မမျှော်လင့်ခဲ့ပါဘူး။ သူတို့ လိုချင်ခဲ့တာက အနည်းဆုံးတော့ အောင်မြင်မှုရဲ့ အရသာလေး တစ်ခုခုပေါ့။
သူတို့တွေ ဇဝေဇဝါ စိတ်တွေနဲ့ စင်ပေါ်က ဆင်းလာတဲ့အချိန်မှာ နာရင်က သူတို့ကို စောင့်နေခဲ့ပါတယ်။ သူမက ပြုံးရင်း စကားပြောလာတယ်။
“ဒါက ဘာမှ မဟုတ်ပါဘူး ဟုတ်တယ်မလား”
သူမ ပြောခဲ့သလိုပါပဲ။ ဒါဟာ ဘာမှ မဟုတ်ခဲ့ပါဘူး။ သူတို့တွေ ဒီလိုအရာမျိုးအတွက်နဲ့ ၂ နှစ်တောင် အချိန်ဖြုန်းခဲ့ကြတာလား။ သူတို့ဟာ ရုပ်သံဌာနကနေ ပျင်းစရာကောင်းတဲ့ အဆောင်ကို ပြန်လာခဲ့ကြတယ်။ အဲဒီနောက်မှာတော့ လေ့ကျင့်ရေးတွေ ပြန်စပါတော့တယ်။ သူတို့ ပွဲဦးထွက်ခဲ့တယ်ဆိုတာကိုတောင် မေ့သွားကြပြီး ပင်ပန်းလှတဲ့ လေ့ကျင့်ရေးတွေကို ပြန်လုပ်ခဲ့ကြတာပါ။ ပိတ်ရက်ရောက်တော့ အဖွဲ့ဝင်တွေဟာ တီဗီရှေ့မှာ စုရုံးမိကြတယ်။ အဲဒီနေ့အတွက်တော့ သူတို့တွေ ကြက်ကြော် အစပ်အချိုဆော့စ်နဲ့၊ ပီဇာ၊ မုန့်တွေနဲ့ အမှိုက်သရိုက်လို အစားအစာမှန်သမျှကို စားခွင့် အထူးခွင့်ပြုချက် ရခဲ့ပါတယ်။ ဂီတအစီအစဉ် စတင်ခဲ့ပြီး ‘NEW & HOT’ ကဏ္ဍမှာ TTO ကို ပြသခဲ့တယ်။ တီဗီထဲမှာ သီချင်းဆိုနေတဲ့ သူတို့ကိုယ်သူတို့ ကြည့်နေတဲ့အချိန်မှာ ဆွန်းဂျဲဟာ မေးထောက်ပြီး ကြည့်နေခဲ့တာပါ။ အဲဒီအချိန်တုန်းကလည်း သူ့မှာ အောင်မြင်မှု ခံစားချက် မရှိခဲ့ပါဘူး။ တကယ်တော့ စခရင်ပေါ်ကနေ မဆိုစလောက် အမှားလေးတွေကို မြင်နေရလို့ သူ စိတ်တောင် တိုနေခဲ့တာ။ အမှန်အတိုင်း ပြောရရင် သူတို့တွေ ဘယ်လောက်ပဲ လေ့ကျင့်ခဲ့ပါစေဦးတော့ စခရင်ပေါ်ကနေ ကြည့်တဲ့အခါမှာ TTO ရဲ့ ပုံစံက တော်တော်လေး အဆင်မပြေ ဖြစ်နေခဲ့တုန်းပဲ။
အစီအစဉ် ပြီးဆုံးသွားတဲ့အခါမှာတော့ အဖွဲ့ဝင်တွေဟာ ဘာစကားမှမဆိုဘဲ လေ့ကျင့်ရေး ပြန်လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဖျော်ဖြေမှုအပေါ် ဘာဝေဖန်ချက်မျိုးမှ အပြန်အလှန် ပြောဆိုတာမျိုး မလုပ်ခဲ့ကြဘူး။ သူတို့ရဲ့ အဆောင်ဘဝဟာ အင်တာနက်လည်း မရှိသလို၊ ပြင်ပကမ္ဘာနဲ့ ဘာဆက်သွယ်မှုမှလည်း မရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့ အမြင်မှာ TTO က ဘယ်လိုပုံစံမျိုး ဖြစ်နေလဲဆိုတာ သူတို့ မသိခဲ့ကြဘူး။ နောက်တစ်ကြိမ် တီဗီပေါ် ရောက်လာတာကတော့ တစ်လအကြာ ‘Music Net’ လို့ ခေါ်တဲ့ အစီအစဉ်မှာပါ။ အရင်လိုပဲ တိုက်ရိုက်ထုတ်လွှင့်မှုတော့ မဟုတ်ပါဘူး။ ရုပ်သံဌာနကို ရောက်တဲ့အချိန်မှာ ဆွန်းဂျဲဟာ ဆိုင်းဘုတ်စာတန်းတွေ ကိုင်ထားတဲ့ မိန်းကလေး သုံးယောက်ကို လှမ်းမြင်လိုက်ရတယ်။ သူတို့ရဲ့ ဖန်တွေပေါ့။ ဖန် သုံးယောက်... TTO ရဲ့ အဖွဲ့ဝင် ငါးယောက်ထက်တောင် နည်းနေပါသေးတယ်။ ဆွန်းဂျဲဟာ သူတို့ကို ကျေးဇူးလည်း တင်မိသလို၊ သူတို့ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် လုပ်မိမလားဆိုပြီး သံသယလည်း ဝင်မိခဲ့တယ်။
ဒါပေမဲ့ အတိအကျ နှစ်လအကြာမှာတော့ ဆွန်းဂျဲဟာ မိုးပြာရောင် ပူဖောင်းတွေနဲ့ ပြည့်နှက်နေတဲ့ မြင်ကွင်းကြီးကို မြင်ခွင့်ရခဲ့ပါတယ်။ TTO ကို ကိုယ်စားပြုတဲ့ မိုးပြာရောင် ပူဖောင်းတွေ အများကြီးကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ ငါတို့ လုပ်နိုင်ခဲ့ပြီဆိုတဲ့ ခံစားချက်မျိုး သူ ရလိုက်တယ်။ ဆွန်းဂျဲဟာ ‘လုပ်နိုင်ခဲ့ပြီ’ ဆိုတဲ့ ဝမ်းသာပီတိကြောင့် ငိုကြွေးမိခဲ့ပါတယ်။ ကျန်တဲ့ လေးယောက်လည်း သူနဲ့အတူ ငိုခဲ့ကြတာပေါ့။ ဒါဟာ သူတို့ ပွဲဦးထွက်ပြီးတာနဲ့ ခြောက်လပဲ ရှိပါသေးတယ်။ TTO ဟာ အနုပညာရှင်တွေကြားထဲမှာ အရှိန်အဟုန်နဲ့ တက်လှမ်းလာခဲ့ပြီး အခုဆိုရင် တခြားအိုင်ဒေါတွေထက် ပိုကြီးမားတဲ့ ဖန်ဒမ်ကြီးကို ပိုင်ဆိုင်နေခဲ့ပြီ။ အဲဒီအပေါ်မှာ နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားခဲ့ပြန်တယ်။ သူတို့နာမည်နဲ့ ထွက်ထားတဲ့ အယ်လ်ဘမ်တွေဟာ အချပ်ရေ တစ်သန်းကျော်အထိ ရောင်းချခဲ့ရပါတယ်။ လူသုံးများတဲ့ အမ်ပီသရီးပလေယာတွေ ခေတ်စားလာပြီးနောက်ပိုင်း ထွက်ရှိခဲ့တဲ့ သူတို့ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်တောင်မှ အချပ်ရေ တစ်သန်း ရောင်းထွက်ခဲ့သေးတယ်။ တခြားအိုင်ဒေါတွေ ကြုံတွေ့ခဲ့ရတဲ့ အရောင်းအဝယ် ကျဆင်းမှု ဒဏ်ကို TTO ကတော့ ကျော်လွှားနိုင်ခဲ့တာပါ။
“မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ခဲ့ပြီ။ အခုကစပြီး မင်းတို့ လုပ်ချင်တဲ့အရာတွေကို လုပ်လို့ရမယ့် အချိန်ပဲ”
သူမ ကတိပေးခဲ့သလိုပါပဲ၊ နာရင်ဟာ အိုင်ဒေါအဖွဲ့အနေနဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ပေးခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ သူတို့တစ်ယောက်ချင်းစီ လုပ်ချင်တဲ့အရာတွေကို စတင်လုပ်ဆောင်ခဲ့ကြတယ်။ တချို့က မြန်ဆန်တဲ့ သီချင်းတွေထက် ရိုးရာသီချင်းတွေကို ဆိုကြပြီး၊ တချို့ကတော့ ဂစ်တာတစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ကြတယ်။ သူတို့ဟာ Sitcomsတွေမှာ ပါဝင်လာခဲ့ကြပြီး နာမည်ကြီးမှုကို ပိုမိုဆွဲဆောင်နိုင်ခဲ့ကြသလို နောက်ဆုံးမှာတော့ တရုတ်ပြည်အထိ သွားရောက်ပြီး ကုန်ပစ္စည်း ကြော်ငြာမင်းသားတွေ ဖြစ်လာခဲ့ကြတယ်။
ဆွန်းဂျဲကတော့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတစ်ခုအတွက် သရုပ်ဆောင်ပညာကို လေ့ကျင့်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူဟာ ရုပ်သံလိုင်းမှာ ပြသတော့မယ့် အရှေ့တိုင်း ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ခွင့် ရခဲ့တယ်။ သရုပ်ဆောင်လောကမှာ သူ့ရဲ့ ပထမဆုံး စိန်ခေါ်မှုက သမိုင်းနောက်ခံ ဇာတ်လမ်းတွဲတစ်ခု ဖြစ်နေခဲ့တာပါ။ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးအတွက် အစည်းအဝေးကို အစဦးဆုံး သွားခဲ့တဲ့အချိန်တုန်းက သူ အေးစက်စက် အကြည့်တွေကို ခံခဲ့ရဖူးတယ်။ လူတိုင်းက သူ့ကို အပြုံးတွေနဲ့ နှုတ်ဆက်ကြပေမဲ့ သူတို့တွေ သူ့ကို အထင်သေးနေကြတာ အထင်အရှားပါပဲ။ အဲဒါက သူ မျှော်လင့်ထားပြီးသား အရာမို့လို့ သူ သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။ ခြောက်နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေက သူ့ကို မလှုပ်ခတ်နိုင်အောင် အကြံ့ခိုင်ဆုံး ဖြစ်စေခဲ့ပြီလေ။
“အိုင်ဒေါတဲ့လား”
“သူသာ အိုင်ဒေါမဟုတ်ရင် ဒီနေရာကို ရောက်တောင် ရောက်လာမှာ မဟုတ်ဘူး”
“သူ သရုပ်ဆောင်တာ ညံ့မှာ သေချာပါတယ်။ သူ့ရဲ့ အရည်အချင်းမရှိမှုကြောင့် သူ့ဘာသာသူပဲ ပျက်စီးသွားမယ့် လူစားမျိုးပဲ”
သူ့ပတ်ဝန်းကျင်ကနေ ဒီလိုစကားသံတွေကို သူ ကြားနေခဲ့ရတာ။ ဆွန်းဂျဲဟာ ပြုံးလိုက်ပါတယ်။ သူ အထင်သေးခံရလေလေ၊ ပိုပြီး သဘောကျလေလေပဲ။ ဘာလို့လဲဆိုတော့ လက်စားချေရတာက ပိုပြီး အရသာရှိမှာမို့လို့ပါ။ နာရင် ပြောတာ မှန်ခဲ့တယ်။ သူက အိုင်ဒေါဖြစ်နေလို့ သူတို့က အထင်သေးခဲ့ကြတာ။ ဒါပေမဲ့ သူက တခြားလူတွေနဲ့ မတူဘူးဆိုတာကို သူတို့အားလုံးကို ချပြတော့မှာပါ။
ရိုက်ကူးရေး စတင်ပြီးတဲ့နောက်မှာတော့ ဆွန်းဂျဲဟာ အသက်နဲ့လဲမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ အသံနေအသံထားကအစ၊ ဇာတ်လမ်းအထားအသို ခေတ်ကာလရဲ့ စကားပြောဟန်နဲ့ ပတ်ဝန်းကျင်အထိ အရာအားလုံးကို သူ ပြင်ဆင်ထားခဲ့တာပါ။ ရိုက်ကူးရေး မစတင်ခင်တုန်းကတော့ လူတိုင်းက သူ့ရဲ့ သရုပ်ဆောင်မှုအပေါ် စိုးရိမ်နေခဲ့ကြပေမဲ့ ရိုက်ကူးရေး တကယ် စတင်လိုက်တဲ့အချိန်မှာတော့ အဲဒီလိုမျိုး ဘာမှ ဖြစ်မလာခဲ့ပါဘူး။ တကယ်တော့ ဆွန်းဂျဲနဲ့ ရွယ်တူ သရုပ်ဆောင်တစ်ယောက်ဟာ ရှေးဟောင်းစကားပြောဟန် အဆင်မပြေမှုကြောင့် ဆူပူအပြောခံခဲ့ရသေးတယ်။
နောက်ဆုံးတော့ သူ ပြုံးနိုင်မယ့် အချိန်ကို ရောက်ရှိလာခဲ့ပြီပေါ့။
သူ့အလုပ်သူ လုပ်နေရင်းနဲ့ ရိုက်ကူးရေးကွင်းထဲမှာ သရုပ်ဆောင်သင်တန်း အတူတူတက်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီသူငယ်ချင်းရဲ့ အခန်းက စစ်ဗိုလ် ၁ တဲ့။ သူတို့ ငယ်ငယ်တုန်းကတော့ အဲဒီကောင်ရဲ့ သရုပ်ဆောင်မှုက သင်တန်းမှာ အကောင်းဆုံးလို့ နာမည်ကြီးခဲ့တာ။ သူ တစ်ကိုယ်တော် သရုပ်ဆောင်ချက်တွေ လုပ်ပြတဲ့အခါ လူတိုင်းက အသက်ရှူအောင့်ပြီး ကြည့်ခဲ့ကြရတာလေ။ ဒါပေမဲ့ အခုတော့ သူဟာ ကင်မရာရှေ့မှာ သရုပ်ဆောင်ဖို့အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းရမယ့် အခန်းကနေ ပါဝင်နေရပြီး တီဗီပေါ်မှာ သူ့မျက်နှာ ပါလာမလားဆိုတာတောင် မသေချာပါဘူး။ သူ့ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ ဆွန်းဂျဲဟာ နာရင်ရဲ့ စကားကို ပြန်သတိရမိတယ်။ သရုပ်ဆောင်မှု သက်သက်တစ်ခုတည်းနဲ့တင် ကြယ်ပွင့်တစ်ဦး ဖြစ်လာဖို့ တံခါးကို ဖွင့်ရတာ သိပ်ကို ခက်ခဲလှပါတယ်။
ဆွန်းဂျဲက သူ့ကို စကားလှမ်းပြောလိုက်တယ်။ ခဏလောက် လန့်သွားပြီးတဲ့နောက် အဲဒီသူငယ်ချင်းက သူ့ကို မတူမတန်တဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့ပါတယ်။ ဆွန်းဂျဲဟာ သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းကြောင့် မဟုတ်ဘဲ နာမည်ကြီးမှုကြောင့် အခန်းရခဲ့တာမို့လို့ သနားစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းနေရတာလို့ သူက ပြောခဲ့တယ်။
ဆွန်းဂျဲက အဲဒါကို အပြုံးလေးနဲ့ပဲ ဝန်ခံလိုက်ပါတယ်။ ဆွန်းဂျဲက စိတ်မဆိုးဘဲ ဝန်ခံလိုက်တာကို မြင်တော့ အဲဒီကောင်က အသုံးမကျတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို ပြောပြီး သူ့ကို ဆဲဆိုပါတော့တယ်။ မင်းရဲ့ နည်းလမ်းတွေနဲ့ အောင်မြင်မှု ရတာကို တကယ်ပဲ ပျော်နေတာလား။ ဒါက သရုပ်ဆောင်တစ်ယောက် ဖြစ်သင့်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ မင်းက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရပြီ အစရှိသဖြင့်ပေါ့။
အဲဒီကောင်ရဲ့ စကားတွေ ဆုံးသွားတာနဲ့ တပြိုင်နက် ဒါရိုက်တာက သူတို့ဆီ ရောက်လာခဲ့ပါတယ်။ ဒီနေ့ မင်းရဲ့ သရုပ်ဆောင်မှုက သိပ်ကောင်းတယ်လို့ ပြောပြီး သူ့ပခုံးကို ဖက်လာတဲ့ ဒါရိုက်တာကို ဆွန်းဂျဲက ပြုံးပြလိုက်တယ်။ ပြီးတော့မှ သူ့သူငယ်ချင်းကို လှမ်းကြည့်လိုက်တာပေါ့။ အခြေခံတွေ ဘာတွေအကြောင်း တတွတ်တွတ်ပြောနေခဲ့တဲ့ အဲဒီသူချင်းဟာ သူ့ကိုရော ဒါရိုက်တာကိုပါ တုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ အဲဒီမှာတင် ဒါရိုက်တာက ဆက်ပြောလာတယ် ‘သူက ဘယ်သူလဲ’။
အဲဒီသူငယ်ချင်းဟာ ချက်ချင်းပဲ ဦးညွှတ်လိုက်ပြီး သူ့ရဲ့ အခန်းက ဘာလဲဆိုတာကို ရှင်းပြဖို့ လုပ်ပေမဲ့ ဒါရိုက်တာက ခေါင်းခါလိုက်ပြီး သူ စိတ်မဝင်စားဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ ဒါရိုက်တာက ဆွန်းဂျဲကို မပြန်ခင် ဝိုင်းဖွဲ့စားသောက်တဲ့ပွဲကို လာခဲ့ဖို့ ပြောပြီး ထွက်သွားပါတော့တယ်။ ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အခါမှာတော့ သရုပ်ဆောင်တွေ အားလုံးက သူ့ကို မပြန်ခင် နှုတ်ဆက်ခဲ့ကြတယ်။ ဆွန်းဂျဲကလည်း နွေးနွေးထွေးထွေး ပြန်နှုတ်ဆက်ခဲ့ပြီး အဲဒီအချိန်တစ်လျှောက်လုံးမှာတော့ သူ့သူငယ်ချင်းဟာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပါဘူး။
အဖွဲ့သားတွေ အထုပ်အပိုးတွေ သိမ်းဆည်းဖို့ ပြင်ဆင်နေကြတုန်းမှာပဲ ဆွန်းဂျဲဟာ တိတ်ဆိတ်နေတဲ့ သူ့သူငယ်ချင်းကို မေးခွန်းတစ်ခုတည်း မေးလိုက်ပါတယ်။
“ဒါနဲ့... မင်းကော မင်းရဲ့ ဘဝကို ကျေနပ်ရဲ့လား”
ပါရမီက ကမ္ဘာကြီးကို လှုပ်ခတ်စေတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလို ပါရမီမျိုး ရှိတဲ့လူတွေက သိပ်ကို နည်းပါးလှတာပေါ့။ ဒါဟာ ကျန်တဲ့လူတွေကတော့ သာမန်လူတွေရဲ့ တိုက်ပွဲပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလို ဖြစ်နေမှတော့ ပါရမီ ပြီးရင် လူတွေကို အဆင့်အတန်း ခွဲခြားပေးတာက ဘာဖြစ်မလဲ။
နောက်ဆုံးတော့ ပတ်ဝန်းကျင်အခြေအနေပဲ ဖြစ်လာတာပေါ့။ အဲဒီတုန်းက နာရင်ရဲ့ လက်ကို တွဲဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့နဲ့ သူ့သူငယ်ချင်းကြားက ကွာဟချက်ကို ကျယ်ပြန့်စေခဲ့တဲ့ အခိုက်အတန့်ပဲလို့ ဆွန်းဂျဲ ယုံကြည်ထားပါတယ်။ အကယ်၍ အဲဒီသူငယ်ချင်းမှာ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို ကျော်လွန်နိုင်တဲ့ ပါရမီမျိုး ရှိခဲ့မယ်ဆိုရင်တော့ အဲဒီနေ့က ဆုံတွေ့မှုဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေမဲ့ နောက်ဆုံးမှာတော့ ရလဒ်က ကောင်းမွန်တဲ့ အကဲဖြတ်မှု ခံရတဲ့ အဓိကဇာတ်ကောင်နဲ့ တစ်ခန်းတည်းသာ ပါဝင်ခွင့်ရတဲ့ ဘေးထွက်ဇာတ်ကောင်တို့ရဲ့ ဆုံတွေ့မှု သက်သက်သာ ဖြစ်ခဲ့ရတယ်။
ရလဒ်တွေရဲ့ ရှေ့မှောက်မှာတော့ အဲဒီလို စကားတွေအားလုံးဟာ အဓိပ္ပာယ်မရှိတဲ့ လေလုံးတွေပါပဲ။ ဆွန်းဂျဲဟာ သူ့သူငယ်ချင်းရဲ့ ပုံရိပ်ထဲမှာ သူ့ကိုယ်သူ ပြန်မြင်ကြည့်မိတယ်။ အကယ်၍ သူသာ နာရင်ရဲ့ လက်ကို မတွဲခဲ့ဘဲ သရုပ်ဆောင်တာကိုပဲ ဆက်ပြီး ဇွတ်လုပ်နေခဲ့မယ်ဆိုရင် ဘာဖြစ်သွားမလဲ။ သူလည်း သူ့သူငယ်ချင်းလိုပဲ နေ့စဉ် အသုံးစရိတ်လေးကို မနည်းရုန်းကန်နေရတဲ့ ဘဝမျိုး ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် လမ်းခရီးမှာတင် လက်လျှော့လိုက်ပြီး ကောလိပ်တက်တာ ဒါမှမဟုတ် စစ်တပ်ထဲ ရောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဲဒီလို ဆုံတွေ့ပြီးတဲ့နောက်မှာတော့ အဲဒီသူငယ်ချင်းကို ရိုက်ကူးရေးကွင်းထဲမှာ ထပ်မမြင်ရတော့ပါဘူး။ သူဟာ “သူ့ကို ဖမ်းဆီးလိုက်စမ်း” ဆိုတဲ့ စာသားတိုလေး တစ်ခုကို ပြောပြီး ထွက်ခွာသွားခဲ့တာပါ။ ဇာတ်လမ်းတွဲ အဆုံးသတ်က ခရက်ဒစ်စာရင်းမှာလည်း သူ့နာမည် ပါမလာခဲ့ပါဘူး။ သူ့ရဲ့ ဘဝဟာ အော်ဟစ်သံ တစ်ချက်တည်းနဲ့တင် ပျောက်ကွယ်သွားခဲ့ရတယ်။
‘နောက်ဆုံးတော့လည်း သရုပ်ဆောင်အရည်အချင်းထက် နာမည်ကြီးမှုက အထက်မှာပဲ ရှိနေတာပဲ’
ဒါဟာ ခါးသီးလှတဲ့ စကားလုံးတွေ ဖြစ်ပေမဲ့ ဆွန်းဂျဲအနေနဲ့ ငြင်းပယ်လို့ မရတော့ပါဘူး။
သရုပ်ဆောင်တာက ဘေးထွက်အရည်အချင်းတစ်ခု သက်သက်ပါပဲ။
နောက်ဆုံးတော့ ပြည်သူတွေက ကြယ်ပွင့်တွေကိုပဲ မြင်ချင်ကြတာဖြစ်ပြီး၊ ကြယ်ပွင့်တွေ ဘာလုပ်လုပ် သဘောကျကြတာပဲလေ။ ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ စီးဆင်းမှုကို ဖျက်ဆီးပစ်လောက်အောင်အထိ ဆိုးဆိုးဝါးဝါး ညံ့ဖျင်းမနေသရွေ့တော့ သူတို့တွေဟာ ချီးကျူးစကားတွေကိုပဲ ကြားရမှာ။ ဒါက ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ။
“ရေသောက်ပြီး လေ့ကျင့်ရေး ပြန်လုပ်ကြရအောင်။ ဆွန်းဂျဲ မင်း ချောတာ ငါတို့ သိပြီးသားမို့လို့ မှန်ကြည့်တာ ရပ်ပြီး ဒီကို ပြန်လာခဲ့တော့”
ဟျော့ထယ်ရဲ့ အသံကို ကြားလိုက်ရတဲ့အခါမှပဲ ဆွန်းဂျဲဟာ သူ့ရဲ့ အတွေးတွေထဲကနေ ပြန်လည် နိုးထလာခဲ့ပါတယ်။ မှန်ထဲက ရွှေဝါရောင်ဆံပင်နဲ့ လူကို တစ်ခါပြန်ကြည့်လိုက်တဲ့အခါ ဆွန်းဂျဲဟာ ပြုံးလိုက်မိတယ်။
ငါက TTO အဖွဲ့ဝင်ပဲ။
ငါက နာမည်ကြီး အိုင်ဒေါ ဆွန်းဂျဲပဲ။
ဟုတ်တယ်၊ အဲဒါ ငါ့ရဲ့ တကယ့် ဖြစ်တည်မှုပဲ။
သူက မှန်ထဲက မိမိကိုယ်ကိုယ်ဆီ လက်သီးချင်း အောင်ပွဲခံသလို တိုက်လိုက်ပြီး ကိုယ်ကို လှည့်လိုက်ပါတယ်။ အခုလို ခေတ်ကာလမျိုးမှာ သရုပ်ဆောင်ချက်တစ်ခုတည်းနဲ့တင် ကမ္ဘာကြီးကို လှုပ်ခတ်နိုင်တဲ့ သရုပ်ဆောင်တွေဆိုတာ ရှားပါးမျိုးစိတ်တွေပဲလို့ သူ တွေးနေမိပါတော့တယ်။
* * * * * * * * *