← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း(၂၇၇)

သူ့ကိုယ်သူ ယူးဂျီဆော့ လို့ မိတ်ဆက်လိုက်တယ်။ ဆွန်းဂျဲက သူ့ရှေ့မှာရှိနေတဲ့ အထက်တန်းကျောင်းသားလေးရဲ့ နှုတ်ဆက်စကားကို လက်ခံလိုက်ပါတယ်။

“သူက ငါတို့ဆီက ပါရမီရှင်လေးတွေထဲက တစ်ယောက်လေ။ ဥက္ကဋ္ဌကိုယ်တိုင် မြေတောင်မြှောက်ပေးဖို့ ကြိုးစားနေတဲ့သူပေါ့။ အော်... သူက မင်းနဲ့ ဇာတ်ကားတစ်ကားတည်းမှာ အတူတူ သရုပ်ဆောင်ရမှာ ဆွန်းဂျဲရဲ့။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ဆုံဖြစ်ကြမယ်တော့ မထင်ပါဘူး။ စကားစပ်မိလို့ ပြောပြတာပါ”

Yellow Star က မန်နေဂျာချုပ်က အဲဒီစကားတွေ ပြောပြီးတာနဲ့ ထွက်သွားတော့တယ်။ ဆွန်းဂျဲ သရုပ်ဆောင်ပညာသင်ဖို့ ဂန်နမ်က Film Academy ကို ရောက်လာချိန်မှာ သူတို့နှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြတာပါ။

“ကဲ ဒါဆိုရင် စကြရအောင်”

နည်းပြ ဆရာ ဝင်လာပါတယ်။ Film Academy ဆိုတာ တကယ်ကို ထူးချွန်တဲ့ သရုပ်ဆောင်တွေ အများကြီး မွေးထုတ်ပေးခဲ့တဲ့နေရာလေ။ အဓိက ရည်ရွယ်ချက်က လုပ်ငန်းခွင်ထဲမှာ တကယ်အလုပ်လုပ်မယ့် သရုပ်ဆောင်တွေကို သင်ကြားပေးဖို့ ဖြစ်နေတော့ ငွေရှိရုံနဲ့ တက်လို့မရတဲ့ ထူးဆန်းတဲ့ အကယ်ဒမီတစ်ခုပေါ့။

ဆွန်းဂျဲက ဂျီဆော့ ဆိုတဲ့ ကောင်လေးကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူ့အသက်အရွယ်နဲ့ ဒီအတန်းမှာ သင်ခန်းစာတွေ တက်နေနိုင်တယ်ဆိုကတည်းက သူက သာမန်လူတော့ မဟုတ်တာ သေချာတယ်။ အင်းလေ... Yellow Star ကလည်း ဒါကို သိလို့ပဲ သူ့ကို ခေါ်ထားတာ ဖြစ်မှာပေါ့။ ထိပ်သီး ဖျော်ဖြေရေးကုမ္ပဏီ သုံးခုထဲက NL Company နဲ့ Jewel Entertainment တို့က အိုင်ဒေါအဖွဲ့တွေကြောင့် နာမည်ကြီးပြီး အောင်မြင်လာတာဆိုရင် Yellow Star ကတော့ သရုပ်ဆောင်တွေနဲ့ အောင်မြင်မှုရလာတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေလို့ပဲ။ ဒီလိုအသက်အရွယ်နဲ့ ဒီကောင်လေးက အဲဒီနေရာမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရှိနေတယ်ဆိုတာ သူ သရုပ်ဆောင်ပိုင်းမှာ အံ့ဩစရာကောင်းတဲ့ ပါရမီ ရှိနေလို့ဆိုတာ ထင်ရှားပါတယ်။

သူ့စိတ်ထဲမှာ ခဏတာ မနာလိုသလို ဖြစ်သွားပေမဲ့ ပြုံးပြုံးလေးပဲ ကျော်ဖြတ်လိုက်တယ်။ အခုလောလောဆယ်တော့ သူတို့နှစ်ယောက်လုံးက တူညီတဲ့ အခြေအနေမှာပဲ ရှိနေကြတာပဲလေ။ လူထုက သရုပ်ဆောင်ကောင်းတဲ့သူထက် လူကြိုက်များပြီး ရေပန်းစားတဲ့သူကိုပဲ လိုချင်ကြတယ်ဆိုတာ သူ အကောင်းဆုံး သိတာပေါ့။ သူသာ အခြေခံကို ပိုင်ပိုင်နိုင်နိုင် လုပ်ပြနိုင်ရင် လူထုရဲ့ အထင်သေးတာကို ခံရမှာမဟုတ်ပါဘူး။

တကယ်တော့ သူက အိုင်ဒေါတစ်ယောက်ဖြစ်နေတာကြောင့် ရလာတဲ့ အားသာချက်အချို့လည်း ရှိပါသေးတယ်။ ‘သူက အိုင်ဒေါဖြစ်ပေမဲ့ သရုပ်ဆောင်ကောင်းသားပဲ’ ဆိုတဲ့ အမှတ်ပေးမှုကို ရနိုင်တာမျိုးပေါ့။ ဒါက တကယ့်သရုပ်ဆောင်တစ်ယောက်အတွက် အကောင်းကြီး မဟုတ်တာ သေချာပေမဲ့ ဆွန်းဂျဲကတော့ ဒါကို သိပ်ဂရုစိုက်စရာ မလိုဘူးလို့ ယူဆထားတယ်။ သူက အသုံးမဝင်တဲ့ အတွေးအခေါ်တွေကို စွန့်လွှတ်ခဲ့တာ ကြာပြီလေ။ အဆုံးသတ်မှာတော့ လူကြိုက်များတဲ့သူပဲ ရှင်သန်ကျန်ရစ်မှာပဲ။ အဲဒါကပဲ အောင်မြင်မှု မဟုတ်လား။

လေ့ကျင့်ခန်းတွေ စတင်ပြီးတဲ့နောက်မှာတော့ နည်းပြက ကျောင်းသားတွေကို သူတို့ရင်ထဲမှာ ရှိနေတဲ့ အလိုဆန္ဒတွေအကုန်လုံးကို ထုတ်ပစ်ဖို့ ပြောပါတယ်။ ဆွန်းဂျဲကလည်း ရိုင်းစိုင်းကြမ်းတမ်းတဲ့ လူတစ်ယောက်လိုမျိုး ဆဲဆိုသောင်းကျန်းပြလိုက်တယ်။ အချိန်တိုလေးပဲ ဖြစ်ပေမဲ့ ဂျီဆော့ က တခြားသူတွေနဲ့ လုံးဝ ကွဲပြားနေတယ်ဆိုတာ ဆွန်းဂျဲ သတိထားမိလိုက်တယ်။ စာသင်ကျောင်းနားက စာကလေးကတောင် စာအော်ဖတ်တတ်တယ်လို့ ပြောကြတယ် မဟုတ်လား။ ဆွန်းဂျဲမှာ သရုပ်ဆောင်ကျွမ်းကျင်မှု မရှိရင်တောင် သူ့ရဲ့ အတွေ့အကြုံတွေကြောင့် တခြားသူတွေကို အကဲဖြတ်နိုင်တဲ့ မျက်လုံးမျိုးတော့ ရှိနေပါတယ်။ သူ့မျက်လုံးနဲ့ ကြည့်ရသလောက်တော့ ဂျီဆော့ က ငယ်သေးပေမဲ့ တကယ်ကို ပါရမီပါတဲ့သူပဲ။

သူ့ရဲ့ စရိုက်ကလည်း တကယ့်ကို တက်ကြွလွန်းတယ်။ ပထမဆုံး နှုတ်ဆက်ပြီး သုံးမိနစ်တောင်မပြည့်ခင်မှာတင် ရိုရိုသေသေ ပြောဆိုတာတွေကို ဖြုတ်ပစ်လိုက်နိုင်တဲ့အထိပဲ။ တော်သေးတာက ဆွန်းဂျဲက သူ့ရဲ့ အလိုက်သင့် တက်ကြွတဲ့ အပြုအမူကို မမုန်းတာကြောင့် သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောဖြစ်သွားကြတယ်။

နားနားနေနေ ရှိနေတဲ့အချိန်မှာ ဂျီဆော့ က ဇာတ်ညွှန်းတစ်ခုကို စိုက်ကြည့်ရင်း တစ်ခုခုကို တတွတ်တွတ် ရွတ်နေတယ်။ ဆွန်းဂျဲ လှမ်းကြည့်လိုက်တော့ အဲဒါ သူ ရိုက်ကူးနေတဲ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ စကားပြောပုံတွေကို ကြည့်ရသလောက်တော့ သူက လူမိုက်ဂိုဏ်းသားတွေထဲက တစ်ယောက် ဖြစ်ပုံရတယ်။ အသေးအဖွဲဆုံး အခန်းကဏ္ဍလေးတစ်ခုပေါ့။

“မင်း လုပ်နေတာနဲ့တင် လုံလောက်နေပြီလို့ ငါ ထင်ပါတယ်” လို့ ဆွန်းဂျဲက သူ့ကို ပြောလိုက်တယ်။

စကားပြောခန်းကလည်း တိုတိုလေးတင်၊ ပြီးတော့ ပြကွက်ကလည်း သုံးကွက်ပဲ ရှိတာလေ။ ဒီလောက် အချိန်တိုလေးအတွင်းမှာ သရုပ်ဆောင်မှုက ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပေါ်လွင်လာနိုင်မှာမလို့လဲ။ ဂျီဆော့ အနေနဲ့ အပြည့်အဝ လုပ်နိုင်နေပြီလို့ သူ ယုံကြည်ထားတယ်။ ဒါပေမဲ့ ဂျီဆော့ က ခေါင်းခါရင်း ပြန်ပြောလာတယ်၊

“ကျွန်တော် လိုပါသေးတယ်”

“တကယ်လား”

“ဟုတ်တယ်။ ကျွန်တော် တစ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးပြီလေ။ ကျွန်တော် မူလက လိုချင်ခဲ့တဲ့ အခန်းက လူမိုက် ၂ နေရာပေါ့။ နောက်ဆုံး လူရွေးပွဲအထိ သွားပြီးတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ပြိုင်ခဲ့တာ၊ ဒါပေမဲ့ သူ့ကို ရှုံးသွားတယ်။ ကျွန်တော်လည်း တော်တော်လေး ယုံကြည်မှု ရှိခဲ့တာပါ။ ဒါပေမဲ့ အပြတ်အသတ် ရှုံးခဲ့တာဆိုတော့ မတရားဘူးလို့တော့ မခံစားရပါဘူး။ လက်ခံရုံပဲ ရှိတာပေါ့။ အနည်းဆုံးတော့ သူက လူမိုက်ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ကျွန်တော့်ထက် ပိုလေ့လာထားတာကိုး။ သူက အခုအချိန်မှာတောင် သူ့ရဲ့ ပြကွက်ကို ပိုကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားနေမှာ သေချာတယ်၊ အဲဒါကြောင့် ကျွန်တော်လည်း အနားယူနေလို့ မဖြစ်ဘူးလေ။ သူက ခပ်ကြမ်းကြမ်း လုပ်ရုံနဲ့ ယှဉ်လို့ရမယ့်သူမျိုး မဟုတ်ဘူး”

“သူက မင်းထက် သရုပ်ဆောင် ပိုတော်တာလား”

“အဲဒါကြောင့်ပဲ သူက ကျွန်တော် လိုချင်တဲ့ နေရာကို ရသွားတာပေါ့၊ မဟုတ်ဘူးလား။ ကျွန်တော် သူ့ကို တစ်ကြိမ် ရှုံးခဲ့ပြီးပြီ။ ဒုတိယအကြိမ်တော့ ထပ်မရှုံးချင်တော့ဘူး၊ အဲဒါကြောင့်ပဲ ဒီလိုမျိုး အစွမ်းကုန် ကြိုးစားနေတာ”

“ဟုတ်လား”

အဲဒီစကားကို ကြားတော့ ဆွန်းဂျဲက စိတ်ထဲကနေ သူ့ကို ရယ်မိသွားတယ်။ အသေးအဖွဲ ဇာတ်ကောင်နေရာလေးတစ်ခုအတွက်နဲ့ သူတို့တွေ ပြိုင်ဆိုင်နေကြတာကိုး။ အံ့ဩစရာတော့ ဘာမှမရှိပါဘူး။ ဒီကောင်လေးက သူ့သူငယ်ချင်းကို အရည်အချင်းကြောင့် မဟုတ်ဘဲ ရုပ်ရည်ကြောင့် ရှုံးခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အင်းလေ... အသေးအဖွဲ အခန်းတွေဆိုတာက ဒီလိုပဲ မဟုတ်လား။

“ပြန်စကြရအောင်” လို့ နည်းပြဆရာ ပြန်ဝင်လာရင်း ပြောပါတယ်။

ဆွန်းဂျဲက လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်ပြီး အကြောလျှော့လိုက်ရင်း မတ်တပ်ထရပ်လိုက်တယ်။

* * * * * * * * *

“ဒါ အမှန်ပဲလို့ ငါ ပြောသားပဲ။ မရယ်ရဘူးလား” လို့ ယိုဂျင်က အဲဒီစကားကို ပြောပြီး သက်ပြင်းချရင်း ခေါင်းငုံ့လိုက်တယ်။

သူမ ကောင်းကောင်း လုပ်နိုင်ပါ့မလား။ အရင်ကဆိုရင်တော့ သူမအနေနဲ့ ဒီလောက်နဲ့တင် ကျေနပ်ပြီး နောက်တစ်ခုကို ဆက်သွားမှာပါ။

“ရယ်ရတယ်၊ ရယ်ရတယ်၊ ဟွန်း... ရယ်ရတယ်ပေါ့”

သူမက အဲဒီစကားလုံးကိုပဲ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ရွတ်နေပြီးမှ ဇာတ်ညွှန်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး မှန်ရှေ့က ကုလားထိုင်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။ သူမက လူငယ်ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခွင့် ရထားပြီး မကြာခင်မှာ ရိုက်ကူးရေး စတော့မှာ ဖြစ်ပါတယ်။ သူမရဲ့ အခန်းက အဓိကနေရာတော့ မဟုတ်ပါဘူး။ ဇာတ်လိုက်ရဲ့ အတန်းထဲမှာ ရှိတဲ့ ပြဿနာရှာ တတ်တဲ့ ကလေးတွေထဲက တစ်ယောက် အဖြစ်တင်ပါ။ ဒါက သူမရဲ့ တတိယမြောက် ဇာတ်လမ်းတွဲ ရိုက်ကူးမှုပဲ ဖြစ်နေတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှု တစ်ခုချင်းစီတိုင်းမှာ စကားပြောခန်းတွေ ပိုပိုများလာတာကို ကြည့်ရင် သူမ လျှောက်နေတဲ့ လမ်းကြောင်းက မှားတော့မနေပါဘူး၊ ဒါပေမဲ့ မကြာသေးခင်ကစလို့ ဇာတ်ညွှန်းကို ကြည့်လိုက်တိုင်း သူမရဲ့ ရင်ထဲမှာ ဗြာများလာပြီး အာရုံစိုက်လို့ မရအောင် ဖြစ်နေရတယ်။

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ သူမက အရည်အချင်းချင်း သိသိသာသာ ကွာခြားလွန်းတဲ့ တစ်စုံတစ်ယောက်ကို မြင်တွေ့ခဲ့ရလို့ပဲ။

“ဟင်း”

သူမထက် ဝါရင့်တဲ့ သရုပ်ဆောင်ကြီးတွေ သရုပ်ဆောင်တာကို ကြည့်ရတဲ့အခါမှာတော့ သူမအနေနဲ့ လေးစားမှုကိုပဲ ခံစားရပါတယ်။ သူတို့တွေက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုများ ဒီလိုမျိုး ဖွင့်ထုတ်ပြနိုင်ကြပါလိမ့်။ သူတို့ရဲ့ လက်ချောင်းလေးတွေ လှုပ်ရှားမှုတိုင်းမှာ အဓိပ္ပာယ်တစ်ခုစီ ရှိနေအောင် ဘယ်လိုများ ဖန်တီးနိုင်ကြတာလဲ။ သူတို့ရဲ့ အသံထွက်၊ သူတို့ရဲ့ အမူအရာ၊ သူတို့ရဲ့ မျက်နှာပေး အရာအားလုံးက ‘ထူးခြားမှု’ ဆိုတာကို ဖော်ပြနေကြတယ်။ သူတို့ကို ကြည့်နေရုံနဲ့တင် သူမကို ပိုကောင်းအောင် လုပ်ချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

ဒါပေမဲ့ မိမိနဲ့ သက်တူရွယ်တူ တစ်ယောက်ယောက်က ဒီလိုမျိုး လုပ်ပြနေတာကို မြင်လိုက်ရတဲ့အခါမှာတော့ ခံစားရတာက လေးစားမှု မဟုတ်တော့ဘဲ သိမ်ငယ်စိတ်နဲ့ မလုံခြုံမှုတွေ ဖြစ်နေခဲ့တယ်။ ဒါက သူမ တစ်ခါမှ မခံစားဖူးတဲ့ အရာမျိုးပါ။ အမှန်တော့ သူမ တက်ခဲ့တဲ့ အကယ်ဒမီမှာလည်း သူမထက် တော်တဲ့သူတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ကို ကြည့်ပြီး သူမရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ တကယ်တော့ သူမက ပိုပြီး စိတ်အားထက်သန်လာပြီး ပြိုင်ဆိုင်လိုစိတ်တွေတောင် ပြင်းထန်လာခဲ့သေးတယ်။ သူတို့ထက် ပိုတော်တဲ့သူ ဖြစ်လာစေရမယ်လို့ ဆုံးဖြတ်ပြီး လေ့ကျင့်မှုတွေကို ပိုလုပ်ခဲ့တာပေါ့။

သူမထက် မဆိုစလောက်လေး ပိုတော်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့တယ်။ ဝါရင့်ကြီးတွေရဲ့ အတိုင်းအထက်အလွန် ကျွမ်းကျင်မှုတွေကတော့ သူမအတွက် လမ်းပြကြယ် ဖြစ်ခဲ့တာပေါ့။

ဒါပေမဲ့ အစွမ်းထက်လွန်းတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ သူမရဲ့ အားနည်းလှတဲ့ သရုပ်ဆောင်မှုကို ပြန်လည်ငုံ့ကြည့်မိအောင် တွန်းပို့နေသလို ဖြစ်နေခဲ့တယ်။ အော်... ဒါက အဲဒီလူ မကောင်းလို့ ဒါမှမဟုတ် မှားနေလို့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်တော့ သူ့ကို မြင်လိုက်ရတာက သူမကို စိတ်ပျက်အားလျော့စေပြီး ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းတယ်လို့ ခံစားရစေလို့ပဲ။ သူမက အရင်ကလိုပဲ အစွမ်းကုန် ကြိုးစားရင် အမီလိုက်နိုင်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပေမဲ့ သူမရဲ့ မျက်နှာပေါ်မှာတော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတဲ့ အပြုံးတစ်ခုပဲ ပေါ်လာပါတယ်။

“အား... ဒါက မဟုတ်သေးပါဘူး”

သူမက ခြေဆောင့်လိုက်ရင်း မတ်တပ်ထရပ်လိုက်တယ်။ ဒါက သူမရဲ့ သဘာဝမဟုတ်ဘူးလို့ သူမ တွေးလိုက်မိတယ်။ သူမက ဖုန်းကို ထုတ်ပြီး သူမရဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ အဲဒီလူဆီကို ဖုန်းခေါ်လိုက်တယ်။ ည ၈ နာရီ ရှိပါပြီ။ သိပ်တော့ မနောက်ကျသေးတာမလို့ အဆင်ပြေမှာပါ။

“ဘာလဲ”

မာရူးက ဖုန်းကို ကိုင်ကိုင်ချင်း အဲဒီလို ပြောလိုက်တော့ သူမ စိတ်တိုသွားပေမဲ့ ဖုန်းခေါ်တဲ့သူက မိမိကိုယ်တိုင် ဖြစ်နေတာကြောင့် အောင့်အည်းသည်းခံဖို့ ဆုံးဖြတ်လိုက်တယ်။

“နင် ဘယ်လို လေ့ကျင့်လဲ။ ငါ့ကို အခုချက်ချင်း ပြောစမ်း”

“ငါ ပြီးခဲ့တဲ့အပတ်ကတင် နင့်ကို ပြောပြီးပြီ မဟုတ်လား”

“အေးလေ... ဒါပေမဲ့ သေသေချာချာ ထပ်ပြောပြဦး”

“ငါ ပြောပြီးပြီပဲ၊ နင် ပြန်လည်မွေးဖွားလာရမယ်လို့”

“နင်က ဒီလိုမျိုး လုပ်ချင်တာပေါ့ ဟုတ်လား”

“ဒါဆို ငါက နင့်ကို ဘယ်လို ရှင်းပြရမှာလဲ။ ငါ ဇာတ်ညွှန်းကို လေ့လာခဲ့တယ်လို့ ပြောရမလား”

“နင်က တကယ်ကို မောက်မာတာပဲ”

“နင် ငါ့ကို မောက်မာတဲ့ကောင်လို့ မြင်တာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ၊ အဲဒါကို သိပ်စိတ်ထဲမထားပါနဲ့။ အဲဒါထက် နင့်ရဲ့ အမူအရာက ဘာဖြစ်နေတာလဲ။ တခြားလူတွေ ကြားရင်တော့ ငါကပဲ နင့်အပေါ် အမှားလုပ်ထားသလိုလို ဖြစ်နေဦးမယ်”

“နင် ငါ့အပေါ် အမှားလုပ်ထားတာ ဟုတ်တယ်လေ။ ကဲ... ဒါဆို ငါတို့ ဒီလို လုပ်ကြမယ်။ နင် ငါနဲ့အတူတူ လေ့ကျင့်ရမယ်။ နင် ဘာတွေလုပ်နေလဲဆိုတာ ငါ မြင်ရမှ ဖြစ်မယ်”

“ငါ့မှာ နင်နဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး”

“တကယ်လား။ အဲဒါ ကောင်းတာပေါ့။ ငါ့မှာ အချိန်တွေ အများကြီး ရှိတယ်။ ငါ့အချိန်ရဲ့ တစ်ဝက်ကို နင့်ကို ပေးမယ်”

“...ဒါပေမဲ့ တကယ်ပြောတာပါ၊ ငါ့မှာ ထူးထူးခြားခြား ဘာမှမရှိပါဘူး။ နင် အမြဲတမ်း လုပ်နေကျအတိုင်းပဲ လုပ်ပါ”

“တွေ့လား။ နင် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားပြန်ပြီ”

“နင်က ဘာလို့ လူတစ်ယောက်ကို ခဏလောက်တောင် မယုံကြည်နိုင်ရတာလဲ။ ပြီးတော့ ငါ အချိန်မရှိဘူးလို့ ပြောတာ မနောက်ဘူးနော်။ နင်လည်း ဇာတ်လမ်းတွဲတစ်ခု ရိုက်နေတယ်လို့ ငါ ထင်တာပဲ။ အဲဒီအပြင် နင့်ရဲ့ ကျောင်းက ကလပ်အသင်းအလုပ်တွေကိုပါ ထည့်တွက်ရင် နင်က ငါ့ထက်တောင် ပိုအလုပ်ရှုပ်နေသင့်တာ”

“ငါ ပြဇာတ်ကလပ်မှာ မရှိတော့ဘူး။ အဲဒါထက် နင်က ဒီနှစ်မှာလည်း ပြဇာတ်ကလပ်မှာ ရှိနေတုန်းပဲလား”

“အင်း... ရှိတုန်းပဲ”

“ဒါပေမဲ့ နင်က ကုမ္ပဏီတစ်ခု ရထားပြီပဲလေ။ နင် အလုပ်တွေ စလုပ်ပြီဆိုတာနဲ့ ကလပ်အလုပ်တွေကို လိုက်လုပ်ဖို့ ခက်ခဲသွားမှာကို၊ ဒါတောင် အဲဒီမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတုန်းပဲလား”

“ငါလို လူသစ်တစ်ယောက်ကို ဘယ်သူက သုံးမှာမလို့လဲ။ ပြီးတော့ ငါ့မှာ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သင်ယူစရာတွေလည်း အများကြီး ရှိသေးတယ်လေ”

“ဟွန်း... လူသစ် ဟုတ်လား”

“ဘာပဲဖြစ်ဖြစ်၊ ငါ့မှာ ထူးခြားတဲ့ နည်းလမ်းမျိုးလည်း မရှိတာမလို့ ငါတို့တွေ ကိုယ့်နေရာကိုယ်စီမှာပဲ အကောင်းဆုံး ကြိုးစားကြတာပေါ့။ ဇာတ်လမ်းတွဲအတွက် အဆင်ပြေပါစေ”

“နေဦး”

သူမ မအော်မိခင်မှာတင် မာရူးက ဖုန်းချသွားခဲ့ပါပြီ။ သူမရဲ့ အသံက အချည်းနှီးပဲ ပဲ့တင်ထပ်သွားပြီး ပျောက်ကွယ်သွားတော့တယ်။ ယိုဂျင်က ပြုံးစိစိနဲ့ ရန်သူတစ်ယောက်ကို သတ်မှတ်လိုက်သလိုမျိုး သူ့နာမည်ကို လှမ်းရေရွတ်လိုက်တယ်၊

“နင်က ဒီလိုမျိုး လုပ်ချင်တာပေါ့ ဟုတ်လား...”

* * * * * * * * *

နွေရာသီ ရောက်တော့မယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ဇွန်လလယ် ဖြစ်နေတာတောင် အပူချိန်တိုင်းကိရိယာပေါ်က အနီရောင်မျဉ်းက ၂၇ ဒီဂရီဆဲလ်စီးယပ်စ်ကို ပြသနေခဲ့တယ်။ မိုးရွာလိုက်လို့ အပူရှိန်က မဆိုစလောက်လေး လျော့သွားသလို ရှိပေမဲ့ မိုးမရွာခဲ့ဖူးသလိုမျိုး ပြန်ပြီးတော့ အပူရှိန် မြင့်တက်လာပြန်တယ်။ တိမ်တိုက်တွေဆိုတဲ့ သဘာဝ အရိပ်အာဝါသကိုလည်း ဘယ်နေရာမှာမှ မမြင်ရတာကြောင့် အပြင်မှာ ခဏလောက် လမ်းလျှောက်ရုံနဲ့တင် လူတိုင်း ချွေးပြန်လာရမယ့် ရာသီဥတု ဖြစ်နေပါပြီ။

ဒီလို ပတ်ဝန်းကျင်မျိုးအောက်မှာ စာသင်နေရတဲ့ ကျောင်းသားတွေကတော့ စိတ်ဓာတ်တွေ အကြီးအကျယ် ပျက်စီးနေကြပြီး လေအေးပေးစက်အောက်က နေရာကို ရဖို့အတွက် ပြိုင်ဆိုင်မှုကလည်း ခရူးဆိတ်စစ်ပွဲထက်တောင် ပိုပြီး ပြင်းထန်နေပါသေးတယ်။ အတန်းခေါင်းဆောင်က တရားမျှတမှု ရှိအောင် မဲနှိုက်ကြမယ်လို့ ပြောပေမဲ့ ‘တရားမျှတမှုကို ဂရုမစိုက်နိုင်ဘူး’ ဆိုတဲ့ အမူအရာနဲ့ပဲ ဘောလုံးပွဲ ကစားပြီး နေရာတွေကို ဆုံးဖြတ်ဖို့ သဘောတူလိုက်ကြတယ်။

မာရူးကတော့ အဲဒီကောင်တွေရဲ့ ခေါင်းထဲမှာ ခွန်အားနဲ့ စိတ်အားထက်သန်မှုတွေပဲ ရှိနေတယ်လို့ မြည်တွဲနေမိပေမဲ့ ပြိုင်ဘက်ရဲ့ ဂိုးပေါက်ထဲကိုတော့ ဘောလုံးတွေကို အသည်းအသန် သွင်းယူနေခဲ့တယ်။ ရာသီဥတုက သူ့ကို ဒီလိုမျိုး အသည်းအသန် ဖြစ်လာအောင် တွန်းအားပေးနေတာပဲလေ။

“ဟန်မာရူး... မင်းက အတော်ဆုံးပဲ”

“မင်းကြောင့် ငါတို့တွေ ကယ်တင်ခြင်း ခံလိုက်ရတာ”

အနိုင်ရရှိသူတွေအနေနဲ့ သူတို့အဖွဲ့က အကောင်းဆုံး နေရာတွေကို ရရှိသွားခဲ့တယ်။ အပေါ်ကနေ ကျလာတဲ့ အေးမြတဲ့ လေညင်းကို ခံစားရင်း မာရူးက တစ်နေ့တာလုံးကို သက်သောင့်သက်သာ ဖြတ်သန်းခဲ့ပြီး လန်းဆန်းတဲ့ ခန္ဓာကိုယ်နဲ့ စိတ်အခြေအနေမျိုးနဲ့ ကလပ်ကို သွားနိုင်ခဲ့ပါတယ်။

ပြဇာတ်ကလပ်ကတော့ ထုံးစံအတိုင်း ငါးလွှာမှာ စုဝေးနေကြတာပါ။ သူတို့တွေ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု အချို့လုပ်ပြီးတဲ့နောက် လေ့ကျင့်ခန်းတွေကို စတင်လိုက်ကြတယ်။

ဒီမှာတင် သူ့ရဲ့ ဖုန်းက မြည်လာပါတယ်။ မာရူးက ဖုန်းမျက်နှာပြင်ပေါ်က နာမည်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖုန်းကို ကိုင်လိုက်တယ်၊

“နင် ဒီရက်ပိုင်း ဖုန်းခေါ်တာ သိပ်ခေတ်စားနေတာလား”

ဖုန်းခေါ်တဲ့သူ ဖြစ်တဲ့ ယိုဂျင်က ရုတ်တရက် မေးလာတယ်၊

“နင် လေ့ကျင့်နေတာလား”

“အင်း... ဘာလို့ မေးတာလဲ”

“နင် ဘယ်နှစ်လွှာမှာ ရှိနေတာလဲ”

အဲဒီစကားလုံးတွေက မာရူးကို မလုံမလဲ ဖြစ်သွားစေတယ်။ မာရူးက အခန်းရဲ့ ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ကို ခေါင်းပြူကြည့်လိုက်တယ်။ နောက်ကျမှ အိမ်ပြန်ကြတဲ့ ကျောင်းသားတွေထဲမှာ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရတယ်။ ဝူဆောင်းမှာက ကျောင်းဝတ်စုံ မရှိတာကြောင့် အဲဒီမိန်းကလေး ဝတ်ထားတဲ့ ကျောင်းဝတ်စုံက တကယ်ကို မျက်စိကျစရာ ဖြစ်နေတာပေါ့။ သူမက ဖုန်းပြောရင်း ကျောင်းအဆောက်အအုံတွေကို အထင်အရှား လှမ်းကြည့်နေတာကြောင့် ကျောင်းက ဆင်းလာတဲ့သူတွေရဲ့ အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။ အားလုံးထက် ပိုဆိုးတာက ဘိုဆောင်းမိန်းကလေးအထက်တန်းကျောင်းက လှပတဲ့ ဝတ်စုံရှိတာကြောင့် နာမည်ကြီးတာပဲလေ။

“နင် ရူးနေတာလား”

“ဘာလဲ။ ငါ ကြားတာတော့ နင်လည်း အခု ငါလုပ်သလိုမျိုး ညဉ့်နက်သန်းခေါင်မှာ သူ့ရဲ့ အိမ်ကို သွားခဲ့ဖူးတယ်ဆို။ ဒါတင်မကဘဲ အဲဒီမှာတင် နင် ဖွင့်ပြောခဲ့တာ မဟုတ်လား”

“နင်တို့နှစ်ယောက်က ဒါတွေကိုပါ ပြောဖြစ်တဲ့အထိ ရင်းနှီးနေကြတာလား...”

“ဘာလို့လဲဆိုတော့ ငါတို့က သူငယ်ချင်းတွေမလို့လေ”

သူမရဲ့ ပြုံးနေတဲ့ မျက်နှာက သူ့မျက်စိရှေ့မှာ ပေါ်လာသလိုမျိုး ခံစားလိုက်ရတယ်။ မာရူးက သက်ပြင်းချလိုက်ပြီး သူ ငါးလွှာမှာ ရှိနေကြောင်း ပြောလိုက်တယ်။ သူမက သူသာ ဂရုမစိုက်ဘဲ ထားလိုက်ရင် ပထမထပ်ကစပြီး အတန်းတိုင်းကို လိုက်ရှာမယ့် မိန်းကလေးမျိုးလေ။ အပျော်တမ်း သရုပ်ဆောင်တန်းမှာ သူမအကြောင်း သိခဲ့ရသလောက်တော့ သူမက ဒီလိုမျိုး လုပ်နိုင်လောက်အောင် ခေါင်းမာတဲ့သူ ဖြစ်နေလို့ပဲ။

“ဘာဖြစ်လို့လဲ” လို့ ဒေးမြောင်က အနားကို ချဉ်းကပ်လာရင်း မေးပါတယ်။ မာရူးက ဘယ်လို ရှင်းပြရမလဲဆိုတာကို ခဏလောက် တွေးလိုက်ပြီးမှ ပြောလိုက်တယ်၊

“ဂြိုဟ်သားတွေ ကျူးကျော်လာလို့”

“ဘာလဲ”

မကြာခင်မှာပဲ တံခါးပွင့်သွားပြီး ယိုဂျင် ဝင်လာခဲ့ပါတယ်။ ဝတ်စုံနဲ့ ရှိနေတဲ့ ယိုဂျင်ကို မြင်တော့ ကလပ်အဖွဲ့ဝင်တွေက ဝေခွဲမရတဲ့ မျက်နှာပေးမျိုး ဖြစ်သွားကြတယ်။

“အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မက ဘိုဆောင်းမိန်းကလေးအထက်တန်းကျောင်းက လီယိုဂျင် ပါ။ ကျွန်မတို့ ကျောင်းနှစ်ကျောင်းလုံးက ပြီးခဲ့တဲ့နှစ်က မြောင်ဟွာကို ရှုံးခဲ့ကြတာဆိုတော့ မှတ်မိကြဦးမယ် ထင်ပါတယ်”

အဲဒီစကားကို ကြားတော့ ဒေးမြောင်က သတိရသွားပြီး “အော်...” ဆိုတဲ့ အသံမျိုး လုပ်လိုက်တယ်။ ဒါပေမဲ့ အဲဒါက ခဏတာပဲ ဖြစ်နေခဲ့တာပါ။

“ဒါပေမဲ့ သူမက ဘာလို့ ဒီကို ရောက်နေတာလဲ” လို့ သူက မာရူးကို အသံတိုးတိုးနဲ့ မေးပါတယ်။

မာရူးလည်း ဒါကို သိချင်နေတာကြောင့် သူ့ကို အဖြေမပေးနိုင်ခဲ့ပါဘူး။ သူမက ဘာလို့ ဒီကို ရောက်လာတာပါလိမ့်။

“ဒါနဲ့... နင် ဘာလို့ ဒီကို ရောက်နေတာလဲ” လို့ သူက မေးလိုက်တယ်။

သူက လှည့်ပတ်ပြောရတာကို ကြိုက်တဲ့သူ မဟုတ်တာကြောင့် တိုက်ရိုက်ပဲ မေးလိုက်တာပါ။

“ကွင်းဆင်းလေ့လာတာလေ။ ငါ အလကား လာတာတော့ မဟုတ်ပါဘူး”

ယိုဂျင်က သူမရဲ့ အိတ်ထဲကနေ အလှကုန်ပစ္စည်းအချို့ကို ထုတ်လိုက်တယ်။ မာရူးက သူမ ဘာလို့ ဒါတွေကို ထုတ်တာလဲဆိုတာကို မသိတာကြောင့် ခေါင်းစောင်းပြီး ကြည့်နေမိပေမဲ့ ဂျီယွန်းနဲ့ အာရမ်တို့ကတော့ မျက်လုံးတွေ ပြူးသွားကြတယ်။ သူတို့တွေက အဲဒါတွေ ဘာလဲဆိုတာကို သိကြလို့ပဲ။

“ဝါး... ဒါတွေက တကယ်ကို ဈေးကြီးတဲ့ အလှကုန် အမှတ်တံဆိပ်တွေပဲ”

“ငါ့အမေ လက်ဆောင်ရဖူးတဲ့ ပစ္စည်းတွေနဲ့ တူတူပဲလို့ ထင်တယ်”

ဒီ ဂျူနီယာ နှစ်ယောက်က ပုံမှန်အားဖြင့် မိတ်ကပ် အများကြီး မပြင်တတ်ကြပေမဲ့ အလှကုန်ပစ္စည်းတွေကိုတော့ စိတ်ဝင်စားပုံရပါတယ်။

“နင်တို့ သရုပ်ဆောင်တာကို ငါ့ကို ကြည့်ခွင့်ပေးပါ။ အဲဒါရဲ့ အလဲအလှယ်အနေနဲ့ မိတ်ကပ်ပိုင်းကို ငါ တာဝန်ယူပေးမယ်။ ငါ့အမေက ထိပ်တန်းစတားတွေကိုပဲ မိတ်ကပ်ပြင်ပေးတာဆိုတာ နင်တို့ သိကြတယ်မဟုတ်လား။ ငါလည်း သူမဆီကနေ အချို့အရာတွေကို သင်ယူထားတာဆိုတော့ တော်တော်လေး တတ်မြောက်ထားပါတယ်” လို့ ယိုဂျင်က ရဲရဲဝံ့ဝံ့ ပြောလိုက်တယ်။

မာရူးက “ဟက်” ဆိုတဲ့ အသံမျိုး လုပ်လိုက်တယ်။ သူမက တကယ်ကို လက်သွက်ခြေသွက် ရှိပြီး အလဲအလှယ် လုပ်ရမှာကိုလည်း သိတာပဲ။ ယွန်းဂျုံနဲ့ ဒန်မီတို့ ကလပ်ကနေ ထွက်သွားကတည်းက သူတို့မှာ မိတ်ကပ်ပြင်ပေးမယ့်သူ မရှိဘဲ ဖြစ်နေတာလေ။

“ဒေးမြောင်... မင်း ဘယ်လို ထင်လဲ”

“ဒါဆို သူမက ငါတို့ လေ့ကျင့်တာကို ကြည့်ခွင့်ရဖို့အတွက် အလဲအလှယ်အနေနဲ့ မိတ်ကပ်ပြင်ပေးမယ်ပေါ့”

“အင်း”

“ဘာဖြစ်လို့လဲ”

“ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် မင်း ဘယ်လိုထင်လဲ။ ငါ့အမြင်တော့ ဒါက မဆိုးတဲ့ အလဲအလှယ်ပဲ။ ငါတို့မှာ ကြည့်ရှုသူ ရှိနေရင် မဆိုစလောက်လေးတော့ ပိုပြီး စိတ်လှုပ်ရှားမှု ရှိလာနိုင်တာပေါ့။ အားလုံးထက် ပိုအရေးကြီးတာက ငါတို့မှာ မိတ်ကပ်ပြင်ပေးမယ့်သူ လိုအပ်နေတာပဲ မဟုတ်လား”

“ဒါလည်း ဟုတ်တာပဲ”

“သူမက နည်းနည်းတော့ ထူးဆန်းပေမဲ့ လူဆိုးတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် မင်းအနေနဲ့ သဘောတူပေးနိုင်ရင် ကောင်းမယ်”

“ငါ့ဘက်က ငြင်းပယ်စရာ အကြောင်းပြချက်တော့ မရှိပါဘူး။ သူမက ရုတ်တရက်ကြီး ငါတို့ဆီ ရောက်လာလို့ နည်းနည်း ဝေခွဲမရ ဖြစ်သွားရုံပါပဲ”

သူတို့တွေ ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ ယိုဂျင်က သူတို့ စကားပြောတာကို ကြားပုံရပြီး လှမ်းပြောတယ်၊

“ဒါဆိုရင် ကျေးဇူးပြုပြီး စောင့်ရှောက်ပေးကြပါဦး။ ငါ နင်တို့ကို အနှောင့်အယှက် မပေးပါဘူး၊ အဲဒါကြောင့် နင်တို့ ပုံမှန် လုပ်နေကျအတိုင်းပဲ လုပ်ကြပါ။ အမြဲတမ်းအတိုင်းပဲပေါ့”

ယိုဂျင်က အသေးစိတ်အချက်အလက်အားလုံးကို အကုန်အစင် ခွဲခြမ်းစိတ်ဖြာတော့မယ့် ပုံစံမျိုး ဖြစ်နေခဲ့တယ်။ မာရူးက ပုခုံးတွန့်လိုက်ပြီးမှ ပြောလိုက်တယ်၊

“ဒါဆိုရင် လေ့ကျင့်ခန်းကို ပြန်စကြရအောင်”

* * * * * * * * *

ယိုဂျင်က လက်ပိုက်လိုက်ပြီး မာရူးကို စိုက်ကြည့်နေမိတယ်။ သူမက ဇာတ်ညွှန်းကို ဖတ်လိုက်၊ စင်မြင့်ထက်ကို ကြည့်လိုက်နဲ့ ဘာတွေ ကွဲပြားနေလဲ၊ ဘာက ဒီလိုမျိုး ပြောင်းလဲမှုကို ဖြစ်ပေါ်စေတာလဲဆိုတာကို အလှည့်ကျ ကြည့်နေခဲ့တယ်။

ဒါပေမဲ့ အဲဒါက ခဏတာပဲ ဖြစ်နေခဲ့တာပါ။ စင်မြင့်ထက်က စီးဆင်းမှုတွေက တကယ်ကို ချောမွေ့လွန်းနေတာကို မြင်ရတဲ့အခါမှာတော့ သူမအနေနဲ့ မှင်တက်မိသွားရတယ်။ မာရူးက အဲဒီနေရာမှာ ဇာတ်ညွှန်းကို ဖတ်နေတဲ့အချိန်တုန်းကနဲ့ လုံးဝ ကွဲပြားနေခဲ့တာကိုး။ သူ့ကို ကြည့်ရင်း မာရူးရဲ့ အကြည့်၊ အမူအရာ၊ အသံအနေအထား၊ အသက်ရှူပုံနဲ့ အရာအားလုံးက သူမထက် အများကြီး သာလွန်တဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်ဆိုတာကို ယိုဂျင် သဘောပေါက်လိုက်မိတယ်။

‘ပြီးခဲ့တဲ့ ဆောင်းရာသီကစရင် ဒါက နာရီဝက်၊ အော်... ခြောက်လပဲ ရှိသေးတာလေ။ ခြောက်လပဲ ရှိသေးတာကို'

သူမက လက်ထဲက ဇာတ်ညွှန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မျက်လုံးတွေကို တင်းကျပ်ထားလိုက်မိတယ်။ သူ့ရှေ့မှာရှိနေတဲ့ ကောင်လေးက ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ လုံးဝကို ပြောင်းလဲသွားခဲ့တာပါ။ ပြောရမယ်ဆိုရင် သူက လူထူးလူဆန်းတစ်ယောက်ပဲ။ သူ့ကို ဖော်ပြဖို့အတွက် သူမ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော စကားလုံးက ဒါပဲ ရှိပါတယ်။ လာပြီး ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့တာက ကောင်းတဲ့အရာ ဖြစ်ခဲ့တယ်လို့ သူမ ယူဆလိုက်တယ်။ ယိုဂျင်က သူ့နဲ့ မိမိကြားက ကွာဟချက်ကို လျှော့ချနိုင်ဖို့အတွက် သူမ ဘာတွေလုပ်ရမလဲဆိုတာကို စတင် စဉ်းစားနေမိပါတော့တယ်။

* * * * * * * * *

All Chapters