အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း(၂၇၈)
“အားလုံးပဲ ပင်ပန်းသွားကြပြီ၊ ကျေးဇူးတင်ပါတယ်”
တစ်ခေါက် အစအဆုံး တိုက်ကြည့်ပြီးတဲ့နောက် ဒေးမြောင်က လူတွေကို သူ့အနား စုလိုက်တယ်။
“ကဲ... ဒါဆိုရင် ဒီတစ်ခေါက် တိုက်တာမှာ ဘာတွေလိုနေသေးလဲဆိုတာ ပြောပြကြပါဦး။ ဘန်ဂျူးကပဲ စပြောလိုက်ပါဦး”
လေ့ကျင့်တာက အရေးကြီးတာပေါ့။ ဒါဟာ ရင့်ကျက်လာဖို့အတွက် ပထမဆုံးခြေလှမ်းပဲလေ။ ဒါပေမဲ့ ပြီးခဲ့တာတွေကို ပြန်သုံးသပ်တာကလည်း လေ့ကျင့်တာလောက်နီးနီး အရေးကြီးလှတယ်။ လေ့ကျင့်တာက လမ်းလျှောက်နေတာနဲ့ တူတယ်ဆိုရင် ပြန်သုံးသပ်တာက မိမိတို့လျှောက်ခဲ့တဲ့ လမ်းဟာ မှန်ရဲ့လားလို့ ပြန်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ပဲပေါ့။ ဘန်ဂျူးက ဘာမှတွန့်ဆုတ်မနေဘဲ စကားပြောလာတယ်။ သူ့ရဲ့ အသံထွက်က လိုနေသေးတယ်လို့ သူက ဆိုသလို ဂျီယွန်းကလည်း အမူအရာတွေလုပ်တဲ့အခါ အရမ်းရှက်နေတယ်လို့ ပြောပြခဲ့တယ်။
ဘန်ဂျူးပြီးတော့ အာရမ်ရဲ့ အလှည့် ရောက်လာတယ်။ အာရမ်ကလည်း သူမ တွေ့ရှိတဲ့ လိုအပ်ချက်တွေကို ပြောပြတယ်။ အမှားတွေကို ထောက်ပြတဲ့နေရာမှာ ဘာမှ တွန့်ဆုတ်နှေးကွေးမနေပါဘူး။ အမှားက သူမကိုယ်တိုင်ဆီကပဲဖြစ်ဖြစ်၊ တခြားသူတွေဆီကပဲဖြစ်ဖြစ် ဘာကိုမှ မငဲ့ကွက်ဘဲ အသံထွက်ပြီး ထုတ်ပြောခဲ့တာချည်းပဲ။
တစ်ပတ်လည်သွားပြီးတဲ့နောက် ဒေးမြောင်က ခုနတင်ပဲ သူကြားလိုက်ရတဲ့အချက်တွေကို သူ့ခေါင်းထဲမှာ အကျဉ်းချုံး မှတ်သားလိုက်တယ်။ အခုဆိုရင် ပြဿနာတွေကို သိပြီဆိုတော့ အဖြေရှာဖို့ အချိန်ရောက်ပြီပေါ့။ အဲဒီလုပ်ငန်းစဉ်မှာ သူ့ဘက်က ဘာစိတ်ခံစားချက်မှ မပါဝင်ပါဘူး။ သူက ပြဿနာတွေကို ရိုးရိုးရှင်းရှင်းလေးပဲ စုစည်းလိုက်တယ်။
ကလပ်အဖွဲ့ဝင်တွေကို သူတို့ရှာဖွေတွေ့ရှိထားတဲ့ ပြဿနာတွေကို ပြောပြပြီးတဲ့နောက် သူ လုပ်နေကျအတိုင်းပဲ အကြံဉာဏ်တွေ ပေးတော့တာပေါ့။ သူက အကြံဉာဏ်တွေ ပေးနေတယ်ဆိုပေမဲ့ အဲဒါတွေက တိကျပြတ်သားတဲ့ အဖြေတွေတော့ မဟုတ်ပါဘူး။ ပြဿနာတွေထဲမှာတင် အဖြေတွေ ကပ်ပါလာတာမျိုးက အကြိမ်ကြိမ်မက ရှိခဲ့ဖူးလို့ ဒေးမြောင်က အားလုံး နားလည်လွယ်အောင် ပိုပြီး ရိုးရှင်းသွားအောင်ပဲ လုပ်ပေးလိုက်တာပါ။
သူတို့ကို လမ်းညွှန်ပြသပေးတာပေါ့။ ဒါက သင်္ချာပုစ္ဆာတစ်ခုလိုမျိုး တိကျတဲ့အဖြေရှိနေတာ မဟုတ်လို့ - ‘ဒါလေးကို ဒီလိုမျိုး စမ်းလုပ်ကြည့်ရင် ဘယ်လိုနေမလဲ’ ဆိုပြီး သူတို့ လုပ်ဆောင်နိုင်မယ့် အပြုအမူအချို့ကိုပဲ သူက အကြံပြုလိုက်တာ ဖြစ်ပါတယ်။ အားလုံးကလည်း တော်ကြသူတွေမို့ သူ ဘာပြောချင်လဲဆိုတာကို ချက်ချင်း သဘောပေါက်သွားပြီး သူတို့ရဲ့ ပြဿနာတွေကို ကိုယ့်ဘာကိုယ် ဖြေရှင်းသွားကြလို့ ဒေးမြောင်လည်း ဒီနည်းလမ်းကိုပဲ ဆက်သုံးနေမိတာပေါ့။
ဒါပေမဲ့ ဒီနည်းလမ်းက လူတိုင်းအတွက် အကျိုးရှိတာတော့ မဟုတ်ဘူးလေ။ ဆွေးနွေးပွဲကနေ အမြဲတမ်း ချန်လှပ်ထားခြင်းခံရတဲ့သူ တစ်ယောက်တော့ ရှိနေစမြဲပဲ။ အဲဒါက တခြားသူမဟုတ်ဘဲ မာရူး ပါပဲ။ အဖွဲ့ဝင်တွေက တစ်ယောက်ရဲ့ အမှားကိုတစ်ယောက် ထောက်ပြပြီး ပြင်ဆင်ကြတဲ့ ဒီနည်းလမ်းမှာ မာရူးရဲ့ အမည်က တစ်ကြိမ်တစ်ခါမျှတောင် ပါမလာခဲ့ဘူး။ အမှန်အတိုင်း ပြောရရင် ဒါက မကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ မာရူးက သူ့ရဲ့ ဇာတ်ကောင်နေရာကို အဲဒီလောက်အထိ အဆင်ပြေပြေ စည်းချက်ကျကျ စုပ်ယူထားနိုင်တယ်လို့ပဲ ဆိုရမှာပေါ့။
ဒါပေမဲ့ ဒေးမြောင်ကတော့ မာရူးအတွက် သူ ဘာမှ အကူအညီမပေးနိုင်တာကို စိတ်မကောင်း ဖြစ်နေမိတယ်။
“ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြမလား။ မိုးလည်း ချုပ်နေပြီ”
ရှစ်နာရီ ကျော်ရုံပဲ ရှိပါသေးတယ်။ ဒေးမြောင်က ကောင်မလေးတွေကို လိုက်ပို့ပေးဖို့ ဒိုဝူးကို အကူအညီတောင်းလိုက်တယ်။ ပထမနှစ်ကျောင်းသားတွေနဲ့ ဒိုဝူး ထွက်သွားပြီးတဲ့နောက် သူက ထိုင်ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်စဉ်မှာပဲ၊
“နင်တို့ အလုပ်သိမ်းတာ တော်တော် စောတာပဲနော်”
သူ့နောက်ကျောဘက်က ထွက်ပေါ်လာတဲ့ အဲဒီစကားသံကြောင့် ဒေးမြောင် လန့်ဖျပ်သွားရတယ်။ လှည့်ကြည့်လိုက်တော့ သူ လုံးဝ မေ့နေခဲ့တဲ့ ယိုဂျင်က ဒီမှာ ရပ်နေတာကို တွေ့လိုက်ရတာပဲ။ ယိုဂျင်က မိမိကိုယ်ကို မာရူးရဲ့ သူငယ်ချင်းလို့ မိတ်ဆက်ထားသူ ဖြစ်ပါတယ်။ ဒီနေ့ဆို သူမ ဒီကို လာနေတာ လေးရက်မြောက် ရှိနေပြီပေါ့။ ပထမတော့ တစ်ရက်နှစ်ရက်နေရင် မလာတော့ဘူးလို့ ထင်ထားခဲ့တာ၊ အခုတော့ ကလပ်အဖွဲ့ဝင်တွေထက်တောင် အခန်းထဲကို စောစောရောက်နေတတ်ပြီ။
“မပြန်သေးဘူးလား” မာရူးက ဇာတ်ညွှန်းကို ကြည့်ရင်း လှမ်းမေးလိုက်တယ်။
“နင်တို့ ပြန်တဲ့အထိ စောင့်မလို့လေ”
ယိုဂျင်က ထိုင်ချလိုက်တယ်။
“နင်တို့နှစ်ယောက် ထပ်ပြီး လေ့ကျင့်ကြဦးမှာ မဟုတ်လား။ ဒါဆိုရင် ဒီတစ်ခေါက်တော့ ငါ့ကိုပါ ပေးပါဦး”
ပြုံးပြုံးလေးနဲ့ လက်ကမ်းပေးနေတဲ့ ယိုဂျင်ဆီကို ဒေးမြောင်က ဇာတ်ညွှန်းစာအုပ်တစ်အုပ် ကမ်းပေးလိုက်တယ်။ ပထမတော့ သူမက လေ့ကျင့်တာကို တိတ်တိတ်ကလေး စောင့်ကြည့်နေရုံပဲ လုပ်ခဲ့တာ၊ ဒါပေမဲ့ မနေ့ကစပြီး သူမပါ ဝင်လုပ်လာခဲ့တယ်။ သူမက အရမ်း ကျွမ်းကျင်တာမို့ ဒေးမြောင်အနေနဲ့လည်း သူမ ဝင်ပါလာတာကို ဝမ်းသာမိတာပေါ့။
မာရူးက လခစားဝန်ထမ်းနဲ့ အရက်သမားနေရာကို ယူတယ်၊ ယိုဂျင်က လူလိမ်နဲ့ ဘားမယ်နေရာကို ယူတယ်၊ ဒေးမြောင်ကတော့ ရဲနဲ့ လမ်းသူရဲနေရာကို ယူလိုက်တယ်။ လူအင်အား မလုံလောက်လို့ သူတို့ ဘာအမူအရာမှတော့ မလုပ်ဖြစ်ကြဘူး။
ရှစ်နာရီကျော်ကျော်မှာ စတင်ခဲ့တဲ့ လေ့ကျင့်မှုက ကိုးနာရီမှာ ပြီးဆုံးသွားတယ်။ ဒေးမြောင်က ဇာတ်ညွှန်းကို နှစ်ခေါက်ချိုး ခေါက်လိုက်ပြီး တခြားနှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုက တကယ်ကို အခြေခိုင်လွန်းလှတယ်။ ပြဇာတ်ကလပ်က အမြဲတမ်း လေ့ကျင့်နေခဲ့ကြတယ်ဆိုပေမဲ့ ဒိုဝူးနဲ့ ပထမနှစ်ကျောင်းသားတွေကတော့ ဟိုနားဒီနားမှာ အမှားအယွင်းလေးတွေ ရှိနေသေးတာပဲ။ အားလုံးထက် အဓိကကျတာက သူတို့ဟာ အရင်က သရုပ်ဆောင်တာကို လုံးဝ စိတ်မဝင်စားခဲ့ကြသူတွေမို့ သရုပ်ဆောင်ရတာကို အသားမကျသေးတာပဲ ဖြစ်ပါတယ်။ သူတို့ သေသေချာချာ လေ့ကျင့်ခဲ့တာ တစ်လတောင်မပြည့်သေးဘူးဆိုတာကို ထည့်တွက်ရင် တကယ်ကို အံ့ဩစရာကောင်းလောက်အောင် တော်နေကြပြီဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရှေ့က နှစ်ယောက်နဲ့ ယှဉ်ရင်တော့ အများကြီး လိုနေသေးတာပေါ့။
အထူးသဖြင့် ယိုဂျင်ဆိုရင် ဘားမယ်နဲ့ လူလိမ်နေရာတွေကို အာရမ်နဲ့ ဂျီယွန်းတို့ သူမဆီကနေ လေ့လာသင်ယူစေချင်လောက်အောင်အထိ ကျွမ်းကျင်လှတယ်။ သူမ သူတို့လေ့ကျင့်တာကို စောင့်ကြည့်ခဲ့တာ လေးရက်ပဲ ရှိသေးတာ၊ ဒါပေမဲ့ အဲဒီလေးရက်အပြီးမှာ တစ်လလုံး လေ့ကျင့်လာခဲ့တဲ့ သူ့ရဲ့ ဂျူနီယာနှစ်ယောက်ထက် ပိုတော်နေခဲ့ပြီ။
ဒါပေါ့လေ၊ နာမည်ကျော် ကလေးသရုပ်ဆောင်ဟောင်းကတော့ တကယ့်ကို ကွာခြားတာပေါ့။ သူမက ဇာတ်လမ်းတွဲတွေမှာတောင် ပါဝင်ခဲ့ဖူးတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲလေ။
စိတ်ဝင်စားဖို့ကောင်းတာက ယိုဂျင်က မာရူးကို ကြည့်တဲ့ အကြည့်ပဲ။
အလိုလောဘ။ သူမကိုယ်တိုင်က အရမ်းတော်နေတာတောင် မာရူးကို ကြည့်တဲ့အခါ သူမရဲ့ မျက်လုံးတွေထဲမှာ အဲဒီစိတ်ခံစားချက်က အထင်အရှား ရှိနေခဲ့တယ်။
ဒေးမြောင်ရဲ့ အမြင်မှာတော့ ယိုဂျင်က မာရူးနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ထူးချွန်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပုံရတယ်။ အဲဒီလို ဖြစ်နေရက်သားနဲ့ကို သူမက မာရူးအပေါ် တစ်စုံတစ်ခု သိမ်ငယ်စိတ် ဝင်နေသလိုမျိုး ခံစားနေရတာ။ သူ အထင်မှားတာလည်း ဖြစ်နိုင်ပေမဲ့ လွန်ခဲ့တဲ့ လေးရက်လုံးလုံး သူမဆီကနေ သူ မြင်တွေ့ခဲ့ရတာအရဆိုရင်တော့ ဒါက အသေအချာပါပဲ။
သူမက ဘာကြောင့် မာရူးကို အဲဒီလိုမျက်လုံးတွေနဲ့ ကြည့်နေရတာပါလိမ့်။ အကြာကြီး စဉ်းစားပြီးတဲ့နောက် ဒေးမြောင်က နိဂုံးတစ်ခုကို ရောက်ရှိသွားခဲ့တယ်။
‘ငါက မာရူးရဲ့ အရည်အချင်းတွေ အကုန်လုံးကို မမြင်နိုင်တာလည်း ဖြစ်နိုင်တာပဲ’
ဒေးမြောင်ရဲ့ စိတ်ထဲမှာတော့ မာရူးရော ယိုဂျင်ပါ ထူးချွန်တဲ့ သရုပ်ဆောင်တွေချည်းပါပဲ။ ဒါပေမဲ့ အကယ်၍ သူတို့က အဆင့်အတန်း တူညီနေမယ်ဆိုရင် ယိုဂျင်အနေနဲ့ မာရူးကို လာရောက်စောင့်ကြည့်ဖို့ သူတို့ကျောင်းဆီ လာစရာအကြောင်း မရှိသလို၊ မာရူးကို သိမ်ငယ်စိတ်နဲ့ ကြည့်နေမယ့် သူမရဲ့ မျက်လုံးတွေ နောက်ကွယ်မှာလည်း ဘာအကြောင်းပြချက်မှ ရှိလာမှာမဟုတ်ဘူး။ ဒီတော့ မိမိကိုယ်တိုင်က မာရူးရဲ့ အရည်အချင်းအပြည့်အစုံကို လှမ်းမမြင်နိုင်တဲ့ အဆင့်ပဲ ရှိသေးတယ်လို့ သူ ကောက်ချက်ချလိုက်မိတာပေါ့။
ဒေးမြောင်က မာရူးကို လှမ်းကြည့်လိုက်တယ်။
ပြဇာတ်ကလပ်အတွင်းမှာ မာရူးက အားလုံးကို လမ်းပြပေးတဲ့ ခေါင်းဆောင်နေရာကို ယူထားတာ။ မိသားစုတစ်ခုနဲ့ နှိုင်းယှဉ်ရရင် မာရူးက ဖခင်နဲ့ တူပြီး ဒေးမြောင်က မိခင်နဲ့ တူတယ်။ မိခင်ရဲ့ အခန်းကဏ္ဍက ကလေးတွေကို ပိုပြီး ဂရုတစိုက်နဲ့ အနီးကပ် စောင့်ရှောက်ပေးဖို့ပဲ။ ငိုနေတဲ့ ကလေးတွေကို ချော့မြှူပေးတာ၊ ကောင်းတာလုပ်ရင် ချီးမွမ်းပေးတာမျိုးပေါ့။ ဖခင်ကတော့ နည်းနည်း ကွာခြားတယ်။ ဖခင်က အသေးအဖွဲ ကိစ္စတွေထဲ ဝင်မပါပေမဲ့ မိသားစုတစ်ခုလုံးကို ဦးဆောင်ခေါ်သွားတတ်တယ်။ ကလေးတစ်ယောက်ဟာ မိခင်ရဲ့ ရင်ခွင်ထဲမှာ ကြီးပြင်းပြီး ဖခင်ရဲ့ ကျောပြင်ကို ကြည့်ရင်း အသက်ရှင်ရတယ်လို့ ပြောကြတယ်မဟုတ်လား။ သူ အထင်မှားတာလည်း ဖြစ်နိုင်ပေမဲ့ အခု လက်ရှိ ပြဇာတ်ကလပ်ရဲ့ ပုံစံက အဲဒီလိုမျိုး ဖြစ်နေတယ်လို့ ဒေးမြောင်က တွေးမိတာပေါ့။
လူတိုင်းက မာရူးရဲ့ သရုပ်ဆောင်မှုကို ကြည့်ပြီး သူတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်နေကြတာ။ မကြာခင်မှာ ဒီပြဇာတ်ကလပ်ဟာ တည်ငြိမ်တဲ့ ကာလတစ်ခုထဲ ရောက်ရှိသွားပြီး အဖွဲ့ဝင်တွေက သူတို့ရဲ့ အရည်အချင်းတွေကို အပြည့်အဝ ထုတ်ပြနိုင်ကာ တခြားသူတွေ ကြည့်ရှုဖို့အတွက် အဆင့်မြင့် ပြဇာတ်တစ်ခုကို ပြသနိုင်လိမ့်မယ်ဆိုတာကို ဒေးမြောင် မသံသယဖြစ်ပါဘူး။
ဒါပေမဲ့ သူ မှားနေတယ်ဆိုတာကို သူ သဘောပေါက်လိုက်ရတယ်။
ဟုတ်ပါတယ်၊ သူတို့ရဲ့ ယေဘုယျ အရည်အချင်းတွေကတော့ တိုးတက်လာမှာပါ။ ပြီးခဲ့တဲ့နှစ်က သူတို့ မရရှိခဲ့တဲ့ အဓိကဆုကြီးကိုတောင် လှမ်းမျှော်မှန်းနိုင်ရင် မျှော်မှန်းနိုင်လိမ့်မယ်။
ဒါပေမဲ့ သူတို့နဲ့ မာရူးကြားက ကွာဟချက်ကိုတော့ ဘယ်တော့မှ ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး။ အကယ်၍ မာရူးက ဒေးမြောင်တောင် လှမ်းမမြင်နိုင်တဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်ဆိုရင် အခုမှ စတင်ခဲ့တဲ့ တခြားသူတွေအနေနဲ့ သူတို့ ဘယ်လောက်ပဲ ကြိုးစားပမ်းစား လုပ်ပါစေဦးတော့၊ သူ့ရဲ့ အဆင့်အတန်းနား ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပါပဲ။
ဒါက ကောင်းတဲ့အချက်လား။ ပြဇာတ်ကလပ်တစ်ခုလုံး အနေနဲ့ ကြည့်ရင်တော့ ဒါက မကောင်းတဲ့အချက် မဟုတ်ပါဘူး။ အပြင်ပန်းက ကြည့်ရင်တော့ ကလပ်တစ်ခုလုံးဟာ လွှမ်းမိုးမှုရှိတဲ့ တော်လွန်းတဲ့ လူတစ်ယောက်နောက်ကို လိုက်ရင်း တိုးတက်နေကြသလို မြင်ရတာကိုး။ အကယ်၍ ဒါက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင်တော့ မာရူးရဲ့ အရည်အချင်းတွေကြောင့် ပြဿနာအချို့ ရှိလာနိုင်ပေမဲ့ သရုပ်ဆောင်မှုမှာတော့ စည်းလုံးညီညွတ်မှုကသာ ရှေ့ဆက်ရမယ့် တစ်ခုတည်းသော လမ်းဖြစ်လို့ အဲဒီလို ပြဿနာမျိုး ဖြစ်လာနိုင်ခြေက အရမ်းနည်းပါတယ်။ ဒါတင်မကဘဲ မာရူးက မိမိကိုယ်ကို ကြွားဝါရတာကို ဝါသနာပါတဲ့ လူစားမျိုးလည်း မဟုတ်ဘူးလေ။ သူက လိုအပ်တဲ့ အချိန်တွေမှာသာ သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြတတ်ပြီး တကယ်တမ်းကျတော့ ဝင့်ဝါပြတာမျိုး ဒါမှမဟုတ် အဲဒါအတွက် အကျိုးအမြတ် လိုချင်တာမျိုး မရှိပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် ပြဇာတ်ကလပ်က နောင်အနာဂတ်မှာလည်း တည်တည်ငြိမ်ငြိမ် ရှိနေဦးမှာပဲ။
ဒါပေမဲ့ အကယ်၍ အမြင်ကို မာရူးရဲ့ ဘက်ကနေ ပြောင်းကြည့်လိုက်ရင်ကော။
‘အကယ်၍ သူက ပိုကောင်းတဲ့ သရုပ်ဆောင်မှုကို ထုတ်ပြနိုင်တဲ့ အခြေအနေမှာ ရှိနေရက်သားနဲ့ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ကန့်သတ်ချက်တွေကြောင့် အဲဒီလို မလုပ်နိုင်ဘဲ ဖြစ်နေရတယ်ဆိုရင်...'
မိမိရဲ့ အရည်အချင်းတွေကို အပြည့်အဝ ထုတ်မပြနိုင်တာက တကယ်ကို ရင်နာစရာ ကောင်းလိမ့်မယ်။ မဟုတ်သေးဘူး၊ စိတ်ပျက်စရာနဲ့ နာကျင်စရာတွေကို ခဏဖယ်ထားဦးတော့၊ ဒါက တကယ်ကို ထိရောက်မှု မရှိတာပဲလေ။ အားလုံးကို ခြုံကြည့်လိုက်ရင် သူ့ပတ်ဝန်းကျင်က လူတွေကြောင့် သူကိုယ်တိုင်လည်း ဘာတိုးတက်မှုမှ မရရှိတော့တဲ့ အဓိပ္ပာယ် ဖြစ်နေလို့ပါပဲ။
“ငါတို့ ခဏလောက် နားကြမလား”
အဲဒီစကားသံကို ကြားရမှ ဒေးမြောင် သတိပြန်ဝင်လာတယ်။ သူ့ရဲ့ ဒိုင်ယာလော့ခ်ကို ပြောရမယ့် အလှည့် ရောက်နေပြီကိုး။ ဒေးမြောင်က ခါးသက်သက် အပြုံးတစ်ခုနဲ့ ခေါင်းကို ခါလိုက်မိတယ်။ အခု လက်ရှိ သူ လုပ်ပေးနိုင်တာဆိုလို့ မာရူးနဲ့အတူ စီးမျောပေးဖို့ပဲ ရှိတာလေ။ အဲဒါကိုတောင် သူ မလုပ်ပေးနိုင်ဘူးဆိုရင် အားနာစရာကြီး ဖြစ်နေတော့မယ်။
“ဒီတစ်ခေါက် ပြီးရင်တော့ နားကြတာပေါ့။ ငါ့အလှည့် ဟုတ်တယ်မလား”
“အင်း”
ဒေးမြောင်က ခေါင်းညိတ်ပြလိုက်ပြီး ဇာတ်ညွှန်းအတိုင်း ဆက်ဖတ်လိုက်တယ်။
* * * * * * * * *
“ဆယ်နာရီတောင် ကျော်သွားပြီပဲ”
ဒေးမြောင်က မှောင်ကျနေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ပြောလိုက်တယ်။ အိမ်ပြန်ရမယ့် အချိန် ရောက်ပြီပေါ့။ နောက်ဆုံး ဘတ်စ်ကားကို လွတ်သွားရင် အိမ်အထိ လမ်းလျှောက်ပြန်ဖို့က မလွယ်ဘူးလေ၊ ခြေလျင်ဆို တစ်နာရီနီးပါးလောက် ကြာမှာကိုး။
မာရူးက အိမ်သာသွားဦးမယ်ဆိုပြီး ခဏ ထွက်သွားခဲ့တယ်။ ယိုဂျင်နဲ့ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဒေးမြောင်က စိတ်မလုံမလဲ ဖြစ်တာနဲ့ စာသင်ခန်း ထောင့်တစ်နေရာကို သွားပြီး ဇာတ်ညွှန်းကိုပဲ စိုက်ကြည့်နေမိတော့တယ်။
“နင် ဟန်မာရူးကို တကယ်ပဲ ဘယ်လိုလူလို့ ထင်နေတာလဲ” ယိုဂျင်က သူ့အနား တိုးလာရင်း လှမ်းမေးတယ်။
ဒေးမြောင်က သူမကို ပြန်ကြည့်ရင်း မျက်တောင်ကို တဖျတ်ဖျတ် ခတ်နေမိတာပေါ့။
“ပြဇာတ်ကလပ်ရဲ့ လေထုက ကောင်းတယ်ဆိုတာ ငါ သိပါတယ်။ နင်တို့ လေ့ကျင့်တဲ့ ပုံစံကလည်း ကောင်းပါတယ်။ နင်တို့တွေက တကယ်လည်း အလေးအနက် ထားကြတာပဲ။ ဘာအပြစ်အနာအဆာမှ ရှာမတွေ့ပေမဲ့ အဲဒါလောက်နဲ့တင်တော့ ရှင်းပြလို့ မရနိုင်သေးဘူး” ယိုဂျင်က ပြတ်ပြတ်သားသား ပြောလိုက်တယ်။
“နင်ကော ဘယ်လို ထင်လဲ”
“ဘာ... ဘာကိုလဲ”
“ဟန်မာရူး အကြောင်းကို ပြောတာလေ။ သူ ဘာတွေ လုပ်ခဲ့လို့ အဲဒီလောက်အထိ တိုးတက်လာရတာလဲ။ အား... ဒါက ငါ့ကို ရူးအောင်လုပ်နေတာပဲ။ ဒီကိုလာရင် သဲလွန်စတစ်ခုခု ရမလားလို့ အောက်မေ့တာ၊ အခုတော့ ပိုပြီး ရှုပ်ထွေးကုန်ပြီ” ယိုဂျင်က သူမရဲ့ ဆံပင်တွေကို ရှုပ်ပွသွားအောင် ကုတ်ခြစ်ရင်း ပြောရှာတယ်။
ဒေးမြောင်က သူမကို စိုက်ကြည့်နေမိတယ်။ သူ ထင်ထားခဲ့တဲ့အတိုင်းပဲ ယိုဂျင်က မာရူးနဲ့ယှဉ်ရင် သူမကိုယ်သူမ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောနေတာပဲ။ ကြည့်ရတာ မာရူးက သူ သတိမပြုမိနိုင်တဲ့ အတိုင်းအတာထက်ကို ပိုပြီး တော်နေခဲ့တာ အမှန်ပဲပေါ့။
“ဘာလဲ၊ နင်က ငါ့ကို ဘာလို့ အဲဒီလိုကြီး ကြည့်နေရတာလဲ”
ယိုဂျင်က သူ့မျက်နှာနားအထိ တိုးကပ်လာတာမို့ ဒေးမြောင်က ဘာမှမဟုတ်ပါဘူးဆိုပြီး လက်ကို ယမ်းပြလိုက်မိတယ်၊ ဒါပေမဲ့ ယိုဂျင်ကတော့ သံသယမျက်လုံးတွေနဲ့ ဆက်ပြီး မေးမြန်းနေတုန်းပဲ။ နောက်ဆုံးတော့ ဒေးမြောင်လည်း သူ့စိတ်ထဲမှာ တွေးနေမိတာတွေကို ဖွင့်ပြောလိုက်ရတော့တာပေါ့။ ယိုဂျင်က မာရူးနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ် တစ်ခုခု ခံစားနေရတယ်လို့ သူ ထင်မိပေမဲ့ သူမကို ဘာမှ မကူညီနိုင်တာကြောင့် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း၊ ပြီးတော့ ကလပ်အဖွဲ့ဝင်တွေက မာရူးကို ပိုပြီး တော်မလာအောင် ဆွဲထားသလို ဖြစ်နေမလားဆိုတဲ့ အချက်တွေကို ပြောပြလိုက်တယ်။
“နင့်မျက်လုံးတွေက တော်တော် စူးရှတာပဲ”
“ဘာကြီး”
“နင်က အကဲခတ် ကောင်းတယ်လို့ ပြောတာပါ။ ဒါတင်မကဘဲ အရာရာကို ခွဲခြမ်းစိတ်ဖြာတတ်သေးတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း နင်တို့ကို စောင့်ကြည့်ရင်း ငါ ခံစားမိတာကတော့ နင်က သရုပ်ဆောင် လုပ်တာထက်စာရင် လမ်းညွှန်ပြသတဲ့ ဒါရိုက်တာ ဒါမှမဟုတ် ပြဇာတ်ထုတ်လုပ်သူ လုပ်တာက ပိုပြီး သင့်တော်လိမ့်မယ် ထင်တယ်”
“နင်... နင် တကယ်ပဲ အဲလို ထင်လို့လား”
အမှန်တော့ ဒါက အဟုတ်ပဲဆိုတာနဲ့ သူ တခြားအရာတစ်ခုကို ပြင်ဆင်နေပါတယ်လို့ ထုတ်ပြောချင်တဲ့ စိတ်ဆန္ဒကို သူ မျိုသိပ်လိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူက သူမနဲ့ အဲဒီလောက်အထိ ရင်းနှီးတဲ့ အခြေအနေမျိုး မရောက်သေးဘူးလို့ ယုံကြည်နေလို့ပါပဲ။ မလိုအပ်တဲ့ စကားတွေ သွားပြောမိလို့ အခြေအနေက အနေခက်စရာကြီး ဖြစ်သွားရင် တော်တော်လေး ရှက်ဖို့ကောင်းမှာကိုး။
“နင် ပြောတာ မှန်ပါတယ်။ ငါ မာရူးအပေါ် သိမ်ငယ်စိတ် ရှိတာ ဟုတ်တယ်။ မဟုတ်ဘူးလေ၊ ဘယ်သူမဆို ဖြစ်မှာပဲ မဟုတ်လား။ သူက လွန်ခဲ့တဲ့ ကာလတစ်ခုအထိ ငါနဲ့ အဆင့်တူနီးပါး ရှိနေခဲ့တာလေ၊ ဒါပေမဲ့ အခုတော့ ငါ့ထက် အများကြီး ဝေးရာကို ရောက်သွားပြီ။ သူက ငါ့ရဲ့ မာနကို ထိခိုက်အောင် လုပ်ခဲ့တာမို့ နင် ငါ့ကို အပြစ်တင်လို့ မရဘူးလေ”
စိတ်ပျက်စရာ စကားလုံးတွေကို ပြောနေတာဆိုပေမဲ့ ယိုဂျင်ရဲ့ ပုံစံက တော်တော်လေး တည်ငြိမ်နေပုံရတယ်။ မဟုတ်သေးဘူး၊ သူမရဲ့ မျက်လုံးတွေထဲမှာ စိန်ခေါ်ချင်စိတ်တွေ ပြည့်နှက်နေပြီး ညအချိန်ကြီး ဖြစ်နေတာတောင် သူမရဲ့ မျက်လုံးတွေက တောက်ပနေသလိုပဲ။
“ငါ လိုအပ်ချက် ရှိနေသေးတယ်ဆိုရင် သင်ယူရမှာပေါ့။ ကွာဟချက်က ကြီးမားသွားပြီဆိုရင် ဖြည့်ဆည်းရမှာပေါ့။ မာရူးက အဲဒီလောက် ကောင်းမွန်တဲ့ ဖော်ပြချက် အရည်အချင်းတွေကို ဘယ်လို ရရှိသွားလဲဆိုတာ ငါ မသိပေမဲ့ သူ့ကို ဆက်ပြီး စောင့်ကြည့်နေရင် အရိပ်အမြွက်တစ်ခုခုတော့ ရနိုင်လိမ့်မယ်လို့ နင် မထင်ဘူးလား။ ဒါပေါ့၊ ငါလည်း စိတ်တိုမိတာပေါ့။ ကြည့်ရတာ ကောင်းကင်ကြီးက သူ့ကိုပဲ ပါရမီတွေ ပေးသနားပြီး ငါ့ကိုကျတော့ မပေးဘူးလို့ ခံစားရတာကိုး။ ဒါပေမဲ့ တခြားသူတွေကိုပဲ အပြစ်တင်နေမယ့် လူမိုက်တစ်ယောက်တော့ ငါ မဖြစ်ချင်ဘူး။ ငါ တတ်နိုင်သမျှ အစွမ်းကုန် အရင် ကြိုးစားကြည့်ဦးမှာပါ။ နင်ကော အဲလို မထင်ဘူးလား”
ယိုဂျင်က ပြုံးလိုက်တယ်။ သူမဆီကနေ မီဆို ရဲ့ ပုံရိပ်ဖျော့ဖျော့လေးကို ခံစားလိုက်ရသလိုပဲ။ ခဏတာမျှပဲ ဆိုပေမဲ့ ဒေးမြောင်က အဲဒီကောင်မလေးနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်လိမ့်မယ်လို့ ခံစားလိုက်ရတယ်။ မိမိရဲ့ သိမ်ငယ်စိတ်ကို တက်ကြွလှုပ်ရှားမှု ဖြစ်လာအောင် တွန်းအားအဖြစ် အသုံးချတတ်တဲ့သူ။ သူမက တကယ်ကို လေးစားဖို့ကောင်းတဲ့သူပဲ။
“ဒါဆိုရင် ငါလည်း ပိုပြီး တော်အောင် လုပ်ရတော့မှာပဲ” ဒေးမြောင်က စကားပြောရင်း ခေါင်းကို မဆိုစလောက် လေး ညွှတ်လိုက်တယ်။
“ဟေး... ဒါနဲ့ပဲ နင်လည်း လိုက်ခဲ့ချင်လား” ယိုဂျင်က မျက်လုံးလေး ဝိုင်းပြီး လှမ်းမေးတယ်။
လိုက်ခဲ့ရမယ်။ ဘယ်ကိုလဲ။
“၁၈ ရက်နေ့လေ။ အဲဒီနေ့က မာရူး ရိုက်ကူးရေး ရှိတဲ့နေ့ပဲ။ ငါတို့ သွားပြီး သူ ဘယ်လိုလုပ်လဲဆိုတာ စောင့်ကြည့်ကြရအောင်။ မာရူး ဒီမှာ သရုပ်ဆောင်တာနဲ့ ရိုက်ကူးရေးကွင်းထဲမှာ သရုပ်ဆောင်တာက တော်တော်လေး ကွာခြားတယ်။ ဘယ်လိုလဲ။ နင် မလိုက်ချင်ဘူးလား”
“လိုက်ချင်တာတော့ လိုက်ချင်ပါတယ်... ဒါပေမဲ့ သူ့ကို အနှောင့်အယှက် ဖြစ်မနေဘူးလား”
“ရပါတယ်။ ငါတို့က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မှာမှ မဟုတ်တာ။ အဲဒီနေ့ကျရင် ငါတို့က မာရူးရဲ့ မန်နေဂျာအဖြစ် သွားတာလို့ပဲ သတ်မှတ်လိုက်လေ”
“အဲ... အဲဒါ တကယ်ပဲ အဆင်ပြေပါ့မလား”
“စမ်းကြည့်ရတာ တန်တာပဲဥစ္စာ”
ယိုဂျင်က လက်မ ထောင်ပြလိုက်တယ်။ သူမရဲ့ ဇွတ်တရွတ်နိုင်မှုက တကယ်ကို မီဆို အတိုင်းပါပဲ။
“နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ” မာရူး အိမ်သာကနေ ပြန်ရောက်လာပြီ။
ဒေးမြောင်က ဘာမှမဖြစ်ပါဘူးဆိုပြီး ခေါင်းခါပြလိုက်တယ်။
“ဒေးမြောင်”
“အင်း”
“နင် ဒီည အပြင်မှာ အိပ်လို့ရမလား”
“အပြင်မှာ အိပ်ရမယ်။ အမေကို ပြောလိုက်ရင်တော့ ရလောက်ပါတယ်၊ အဆင်ပြေမှာပါ”
“တကယ်လား။ ဒါဆိုရင် ငါတို့တစ်ခုခု သွားစားကြရအောင်”
“တစ်ခုခု သွားစားဖို့အတွက် အပြင်မှာ အိပ်ဖို့အထိ လိုလို့လား”
“အဲဒါက ဆိုးလ် မှာလေ။ ဩော်... နင်ကတော့ ပြန်တော့လေ။ နင်က ဆိုးလ်မှာ နေတာ မဟုတ်လား။ နောက်ဆုံး ဘတ်စ်ကား လွတ်သွားရင် ဒုက္ခရောက်လိမ့်မယ်” မာရူးက ယိုဂျင်ကို လှမ်းပြောလိုက်တယ်။
ဒေးမြောင်က စိတ်မသက်မသာ ဖြစ်ရတဲ့ အပြုံးတစ်ခု ပြုံးလိုက်မိတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီနေရာမှာ ရှိနေတဲ့သူ အားလုံးကို ဖိတ်ခေါ်တာမျိုး ဒါမှမဟုတ် အဲဒီလူနဲ့ နှစ်ယောက်တည်း ရှိနေတဲ့အချိန်ကျမှ ပြောပြတာမျိုးက လုပ်ထုံးလုပ်နည်း ဖြစ်နေပေမဲ့ မာရူးကတော့ သူ့စကားတွေကို တကယ်ကို ဒေါင်လိုက်ကြီး ပြောချင်သလို ပြောချင်တဲ့ ပုံစံမျိုးပဲ။
“ငါလည်း လိုက်ခဲ့မယ်”
“နင်လို ကလေးစုတ်က ဒီနေရာနဲ့ မဆိုင်ဘူး။ အိမ်ကိုပဲ လိမ်လိမ်မာမာ ပြန်ပါတော့။ နင့်မိဘတွေ စိတ်ပူနေလိမ့်မယ်”
“ငါက နင်နဲ့ အသက်တူတူပဲလေ သိရဲ့လား။ ဒေးမြောင်... ငါလည်း လိုက်သွားလို့ ရတယ်မလား။ ရပါတယ်နော်။ အဆင်ပြေမှာပါ ဟုတ်တယ်မလား”
မာရူးက မျက်မှောင်ကြီး ကုပ်ထားသလို ယိုဂျင်ကလည်း သွားချင်လွန်းလို့ ဇွတ်တောင်းဆိုနေတာမို့ ဒေးမြောင် ဘာမှ ပြန်မပြောမိတော့ဘူး။ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ်အောင် လုပ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားနေတာကိုး။
“...အကယ်၍ တကယ်ပဲ လိုက်ချင်တယ်ဆိုရင်တော့ နင့်ထမင်းဖိုး နင်ဘာသာ စိုက်ပေါ့”
“ရပြီလေ”
ယိုဂျင်က မာရူးနဲ့ ဒေးမြောင်ရဲ့ ကြားထဲမှာ ဝင်ရပ်လိုက်ပြီး သူတို့နှစ်ယောက်လုံးရဲ့ လက်မောင်းတွေကို ချိတ်လိုက်တယ်။ ဒေးမြောင် လန့်သွားပြီး လက်ကို ပြန်ရုန်းဖို့ ကြိုးစားပေမဲ့ သူမက အတင်း ဆုပ်ကိုင်ထားတာမို့ ပြန်ရုန်းလို့ မရခဲ့ပါဘူး။
“သွားကြစို့။ ငါတို့ရဲ့ ချစ်ကြည်ရေးအတွက်ပေါ့”
“ဘယ်သူက နင်နဲ့ သူငယ်ချင်း ဖြစ်လို့လဲ”
သူတို့နှစ်ယောက် ကြောင်နဲ့ခွေးလိုမျိုး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး အငြင်းပွားနေကြတာကို ကြည့်ရင်း ဒေးမြောင် သက်ပြင်းပဲ ချမိတော့တယ်။
* * * * * * * * *