အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း(၂၇၉)
“အင်း... သူငယ်ချင်းအချို့နဲ့ လျှောက်လည်ပြီးမှ ညဘက်နောက်ကျမှ ပြန်လာခဲ့မယ်။ မနက်ဖြန်မှ ပြန်ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ မဟုတ်ပါဘူး အမေရာ... အမေ့သမီးက အဲလောက်ကြီးအထိ ဆိုးရွားတဲ့ထဲမပါပါဘူး။ ဘာပြောတယ်... အင်းပါ... ကောင်းပြီလေ... အိမ်တံခါး ဂျက်ချဖို့ မမေ့နဲ့ဦးနော်”
ယိုဂျင် ဖုန်းချလိုက်တယ်။
“မင်းရဲ့ မိဘတွေတော့ မင်းအတွက် စိုးရိမ်လို့ ရင်တုန်ပန်းတုန် ဖြစ်နေကြတော့မှာပဲ”
“ဘာတွေ လျှောက်ပြောနေတာလဲ... သူတို့မှာ ဒီလောက် အရည်အချင်းရှိတဲ့ သမီးတစ်ယောက် ရှိနေတာပဲကို”
မာရူးက သူ့လျှာကို တောက်တစ်ချက်ခတ်လိုက်ပြီး တခြားဘက်ကို မျက်နှာလွှဲသွားတယ်။
သူတို့တွေ ဘတ်စကားတစ်စီးပေါ်မှာ ရောက်နေကြတာပါ။ ဆိုးလ်ကို သွားဖို့ ဆုံးဖြတ်ချက်က တော်တော်လေး ရုတ်တရက်ဆန်ခဲ့ပေမဲ့ ဘာပြဿနာမှတော့ မရှိခဲ့ပါဘူး။ ယိုဂျင် သူ့ဖုန်းထဲက အချိန်ကို ကြည့်လိုက်တယ်။ ၁၁ နာရီထိုးဖို့ ကိုးမိနစ်ပဲ လိုတော့တယ်။ တစ်နေ့တာက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီလေ။
ဘတ်စကားထဲမှာ ငိုက်မြည်းနေတဲ့ လူတွေနဲ့ ပြည့်နှက်နေတယ်။ ယိုဂျင်က ဒီလို မြင်ကွင်းမျိုးကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့ရဲ့ တစ်နေ့တာကို အပြည့်အဝ ကုန်လွန်ဖြတ်သန်းခဲ့ကြတဲ့ လူတွေအတွက် ဒါဟာ ခေတ္တအနားယူရတဲ့ အချိန်အခိုက်အတန့်လေးတစ်ခုလို ခံစားရလို့ပဲ။ တိတ်ဆိတ်ပြီး နွေးထွေးအေးချမ်းလှတယ်။ သူမက ဆူညံလှုပ်ရှားနေတာထက်စာရင် တိတ်ဆိတ်မှုကို ပိုပြီး သဘောကျတာပေါ့။
သူမ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဒေးမြောင်နဲ့ မာရူးကို လှမ်းကြည့်လိုက်တယ်။ သူတို့နှစ်ယောက်က ယောကျ်ားလေးတွေမို့လို့ သူမကို ထိုင်ခုံ ဖယ်ပေးခဲ့ကြလို့သာ သူမ ထိုင်ခုံ ရခဲ့တာပါ။ အဲဒီနှစ်ယောက်က သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အတည်အပေါက် ဆွေးနွေးနေကြတယ်။ အဲဒါနဲ့ သူမလည်း သူတို့ရဲ့ စကားဝိုင်းကို စိတ်မဝင်စားသလိုမျိုး ဟန်ဆောင်ပြီး ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်နေလိုက်ပေမဲ့ နားကတော့ စွင့်ထားမိသားပဲ။ သူတို့ကို စိုက်ကြည့်နေရင် စကားဆက်ပြောကြတော့မှာ မဟုတ်ဘူးလို့ ထင်နေလို့လေ။
“ဒါဆို ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေကို မင်း ဆုံးဖြတ်လိုက်ပြီပေါ့”
“အင်း... ဒါပေမဲ့ ရာနှုန်းပြည့်တော့ မသေချာသေးဘူး။ ဇာတ်လမ်းရဲ့ တည်ဆောက်ပုံက ဘယ်အချိန်မဆို ပြောင်းလဲသွားနိုင်တယ်လို့ စီနီယာဂွတ်ဂျွန် က ငါ့ကို ပြောဖူးတယ်။ ဒါက ငါ့ရဲ့ ပထမဆုံး လက်ရာဖြစ်လို့ စာရေးတဲ့အခါမှာ စိတ်ကို အတတ်နိုင်ဆုံး လွတ်လွတ်လပ်လပ် ထားဖို့က အရေးကြီးတယ်လို့ သူက ဆိုတယ်လေ”
“ဒါဆို အဲဒါကို ရုပ်ရှင်ဇာတ်ညွှန်း ပုံစံမျိုးအဖြစ် ပြောင်းလဲရေးသားချင်တယ်ဆိုရင်တော့ အချိန်အနည်းငယ် ယူရဦးမယ် ထင်တယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒါကို အမြန်ကြီး အဆုံးသတ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ အချိန်အေးအေးဆေးဆေးယူပြီး အကြောင်းအရာမျိုးစုံကို လေ့လာသင်ယူရမှာပေါ့”
“ဒါတောင် အခြေအနေတွေက ကောင်းမွန်စွာ ဖြစ်ထွန်းသွားတယ်လို့ ပြောရမှာပဲ။ စီနီယာဂျွန် က စိတ်ဆက်ပြီး ပေါင်းရခက်တဲ့ ဘက်မျိုး ရှိတော့ မင်းကို ကူညီမှာ မဟုတ်ဘူးဆိုပြီး ငါ စိုးရိမ်နေခဲ့တာ”
“သူ့ဆီကို ပထမဆုံး မက်ဆေ့ခ်ျ ပို့တုန်းကတော့ ငါ တကယ်ကို ရင်တုန်နေခဲ့တာ။ သူက ငါ့ကို တွေ့ချင်တယ်လို့ ပြောလာတဲ့အချိန်မှာ ပိုပြီးတော့တောင် ရင်တုန်သွားသေးတယ်။ ဒါပေမဲ့ သူ့ကို လူကိုယ်တိုင် တွေ့လိုက်ရတဲ့အခါကျတော့ အမှန်တကယ်ကြီး အဲလောက်အထိ ကြောက်စရာမကောင်းပါဘူး။ သူက စကား သိပ်မပြောချင်စရာကောင်းတဲ့ လူစားမျိုးလို ပုံစံ ပေါက်နေတာတော့ အမှန်ပဲ။ ဟားဟား”
ယိုဂျင်တစ်ယောက် ‘ဂွတ်ဂျွန်’ ဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါမှာတော့ မနေနိုင်မထိုင်နိုင်ဘဲ ကြားဖြတ်မေးလိုက်မိတော့တယ်။
“မင်းတို့ပြောနေတဲ့ ဂွတ်ဂျွန် က ငါသိတဲ့ ဂွတ်ဂျွန် လား။ အဲလိုမျိုးလား”
“ဘယ်သူက ဂွတ်ဂျွန် မို့လို့၊ ဘယ်သူကကော ဂွတ်ဂျွန် ဖြစ်နေလို့လဲ”
“ငါ့ရှေ့မှာ လာပြီး မသိသလို ဟန်ဆောင်မနေနဲ့စမ်းပါ။ သူတို့က တကယ်ပဲ တစ်ယောက်တည်းလား။ မင်းတို့ အမှန်တကယ်ပဲ ငါတို့ရုပ်ရှင်ရဲ့ မူရင်းစာရေးဆရာအကြောင်းကို ပြောနေတာလား”
“ဟုတ်တယ်”
“ဒါနဲ့ ဒေးမြောင်က အဲလိုလူမျိုးဆီမှာ ပညာသင်ယူနေတာပေါ့။ သူက ဘာလဲ... တပည့် ဘာညာ အဆင့်မျိုးလား”
အဲဒီမေးခွန်းကို ကြားတော့ ဒေးမြောင်က ပျာပျာသလဲနဲ့ သူ့လက်ကို ယမ်းခါလိုက်တယ်။
“ဘာတပည့်လဲဗျာ... အဲလောက်ကြီးအထိ ခမ်းနားကြီးကျယ်တာမျိုး မဟုတ်ပါဘူး”
“သူက မင်းကို သင်ပေးနေပြီး မင်းကလည်း သူ့ဆီမှာ ပညာသင်နေတယ်ဆိုရင် အဲဒါ သူ့တပည့်ဖြစ်တာပဲပေါ့။ ဝါး... မင်းတို့တွေ တော်တော်လေး ဟန်ကျနေကြတာပဲ”
ယိုဂျင်က သူမရဲ့ လက်ညှိုးနဲ့ နှုတ်ခမ်းအောက်ခြေကို ခေါက်ရင်း စဉ်းစားခန်း ဝင်နေမိတယ်။ သူမ မြင်ခဲ့ဖူးတဲ့ ဂွတ်ဂျွန် ရဲ့ ပုံစံအရဆိုရင် သူက ချဉ်းကပ်ရ တော်တော်လေး ခက်ခဲတဲ့ လူစားမျိုးပါ။ သူက မျက်မှန်အမည်းကြီး တပ်ထားပြီး တီရှပ်အမည်း၊ ဘောင်းဘီအမည်းတွေကို ဝတ်ဆင်ထားလေ့ရှိတယ်။ ရာသီဥတုက ပူအိုက်နေတာတောင်မှ အနက်ရောင်တွေချည်း ဆင်မြန်းထားပြီး သူ့ရဲ့ မျက်လုံးတွေကလည်း တကယ့်ကို ခြောက်ကပ်ဖျော့တော့နေတာပဲ။ ဇာတ်ညွှန်းဖတ်ပွဲ တောက်လျှောက်မှာ ဂွတ်ဂျွန် ကို စကားလှမ်းပြောတဲ့သူဆိုလို့ မွန်ဂျောင်၊ ဒါရိုက်တာနဲ့ သူ့ဆီကနေ အင်တာဗျူး တောင်းရမယ့် သတင်းထောက်အချို့ပဲ ရှိတယ်။ ယိုဂျင်က သူ သတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူး လုပ်နေတာကို ခဏတစ်ဖြုတ် စောင့်ကြည့်ဖူးပြီး အဲဒီတုန်းက အင်တာဗျူးအဖြေပေးရာမှာ အဲလောက်အထိ စေတနာမပါတဲ့ အင်တာဗျူးဖြေဆိုသူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
‘ဇာတ်လမ်းကို ဘယ်လိုမျိုး စိတ်ကူးရရှိပါသလဲ’ ဆိုတဲ့ မေးခွန်းကို သူက ‘ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်ရည် အရှိဆုံးအတိုင်းပါပဲ’ လို့ ဖြေခဲ့ပြီး၊ ‘ဇာတ်ကောင်တွေကို ဘယ်လိုမျိုး ဖန်တီးပါသလဲ’ ဆိုတဲ့ မေးခွန်းကိုတော့ ‘ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုအားလုံးနဲ့ပါ’ လို့ ပြန်ဖြေခဲ့တယ်။ ‘မေးခွန်းကောင်းမှ အဖြေကောင်းရမယ်’ ဆိုတဲ့ စကားပုံအတိုင်းဆိုရင် အဲဒီမေးခွန်းတွေက လုံးဝကို မေးခွန်းကောင်းတွေ မဟုတ်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒါတွေက ပေါ့ပျက်ပျက်နဲ့ ရိုးရိုးစမား မေးခွန်းတွေပဲလေ။ သို့သော်လည်း အဲဒီအဖြေတွေက ဘာသဘောလဲ။
အင်တာဗျူးပြီးသွားတဲ့အခါမှာ သတင်းထောက်က ‘သူ့ကိုယ်သူ ဟဲမင်းဝေး များ ထင်နေလားမသိဘူး’ လို့ တိုးတိုးတိတ်တိတ် ညည်းတွားသွားတာကို ယိုဂျင် ကြားလိုက်သေးတယ်။
လူတစ်ယောက်ကို အဲဒီအချက်ကလေးတစ်ခုတည်းနဲ့တင် တန်ဖိုးဖြတ်ကောက်ချက်ချဖို့က မကောင်းနိုင်ပေမဲ့ ဂွတ်ဂျွန် က ဘယ်သူမဆိုနဲ့ စာပေအကြောင်း လျှောက်ပြောနေမယ့် လူစားမျိုးတော့ လုံးဝမဟုတ်တာ အသေအချာပဲ။ ဒီလိုနဲ့ အခုတော့ ဒေးမြောင်က အဲဒီလိုလူမျိုး ဖြစ်နေခဲ့တာပေါ့။
‘မာရူးက တစ်ပိုင်းထားဦး၊ ဒါပေမဲ့ ဖြစ်နိုင်တာက သူလည်း...’
သူမ သူတို့ရဲ့ စကားဝိုင်းကို ကြားဖြတ်နားထောင်မိပြီး ဒေးမြောင်က ဇာတ်လမ်းတစ်ပုဒ် ရေးနေရုံတင်မကဘဲ ဇာတ်ညွှန်းတစ်ခုကိုပါ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတယ်။ ဖြစ်နိုင်တာက ရုပ်ရှင်လား။ ဒါမှမဟုတ် ဇာတ်လမ်းတွဲလား။ မဟုတ်ဘူး၊ ဒါဟာ ပြဇာတ်တစ်ခု ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်လေး များပါတယ်။ သူက အဲဒီလိုအရာမျိုးကို ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ရေးသားနေတာပဲ။
ဖြစ်နိုင်တာက မာရူးရဲ့ သရုပ်ဆောင်မှု စွမ်းရည်တွေက ဒီလောက်အထိ တိုးတက်လာရတဲ့ အကြောင်းအရင်းဟာ သူ့အနီးအနားမှာ ဒီလိုသူငယ်ချင်းမျိုး ရှိနေခဲ့လို့ပဲ ဖြစ်မှာပေါ့။ အခုလို ပြန်စဉ်းစားကြည့်လိုက်တော့ မာရူးရဲ့ ဘေးပတ်ဝန်းကျင်မှာ အမြဲတမ်း အံ့ဩစရာကောင်းတဲ့ လူတွေ ရှိနေခဲ့ကြတာပဲ။ သူက ဂျူဟယွန်း၊ ဆူယွန်း၊ ဂွန်ဆူနဲ့ မွန်ဂျောင်တို့နဲ့တောင်မှ ရင်းနှီးကျွမ်းဝင်နေတဲ့ ပုံစံမျိုး ပေါက်နေတယ်။ သူက ရုပ်ရှင် ဒါမှမဟုတ် ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေမှာ ဘယ်တုန်းကမှ မပါဝင်ဖူးသေးတဲ့ အထက်ကျောင်းသားတစ်ယောက် ဖြစ်နေတာတောင်မှပေါ့။ သူက ဒီနယ်ပယ်နဲ့ ဘာမှမပတ်သက်ဘဲနဲ့ အဲဒီလိုလူမျိုးတွေနဲ့ ဘယ်လိုများ ဆုံတွေ့ခွင့် ရခဲ့ပါလိမ့်။ ဖြစ်နိုင်တာက သူ့ကုမ္ပဏီရဲ့ ဩဇာလွှမ်းမိုးမှုကြောင့်များလား။
‘ငါလည်း မကြာခင် ကုမ္ပဏီတစ်ခုခုကို ရှာဖွေသင့်ပြီလား’
ပထမဆုံး ချုပ်ဆိုမယ့် စာချုပ်က သိပ်ကို အရေးကြီးတာမို့လို့ ကုမ္ပဏီတစ်ခုထဲ မဝင်ခင်မှာ အတွေ့အကြုံတွေ ပိုမိုရယူပြီး သူမရဲ့ သရုပ်ဆောင်သက်တမ်းကို ပိုပြီး မြှင့်တင်ထားသင့်တယ်လို့ သူမရဲ့ အမေက အကြံပေးခဲ့ဖူးတယ်။ အမည်မသိ ဘဝမှာတင် စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ ဘယ်တော့မှ အလင်းမပြနိုင်တော့တဲ့ သရုပ်ဆောင်တွေ အများကြီး ရှိတယ်လို့ သူမက ဆိုခဲ့တယ်လေ။
သို့သော်လည်း မာရူးကို ကြည့်ရတာတော့ ကုမ္ပဏီတစ်ခုထဲ ဝင်ရောက်တာက အဲလောက်ကြီး ဆိုးဝါးတဲ့ အကြံဉာဏ်မျိုး မဟုတ်သလိုပဲ။ ကောင်းမွန်တဲ့ ကုမ္ပဏီတွေမှာ တော်ရုံထက်ကျော်တဲ့ သရုပ်ဆောင်တွေ ရှိတတ်ကြပြီး အဲဒီလူတွေနဲ့ ဆုံတွေ့ခွင့်ရမယ့် အခွင့်အရေးကိုလည်း သဘာဝအတိုင်း ရရှိနိုင်တာပေါ့။ အဲဒီလို ဆုံတွေ့မှုတွေက သူမရဲ့ အမြင်ကို ပိုမိုကျယ်ပြန့်စေမှာဖြစ်ပြီး အမြင်ကျယ်ပြန့်လာတာကလည်း သရုပ်ဆောင်မှုကို ပိုပြီး ကောင်းမွန်စေနိုင်လိမ့်မယ်။
“ငါ JA ကို သွားရမလား”
“အဲဒါက ဘာလို့ ရုတ်တရက်ကြီးလဲ”
“အဲဒါက မင်းရဲ့ လျှို့ဝှက်ချက်လို့ ငါ ထင်တယ်”
“မင်းပြောတာကို ငါ ဘာမှ နားမလည်ပေမဲ့ မင်းစိတ်ကြိုက်သာ လုပ်ပါလေ”
မာရူးက သူမကို ဂရုမစိုက်ဘဲ ပစ်ပယ်ထားတာကို မြင်တော့ ယိုဂျင်က နှုတ်ခမ်း စူလိုက်တယ်။
မာရူးက ကားမှတ်တိုင်ဆင်းမယ့် ဘဲလ်ကို မနှိပ်ခင် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ သူတို့ ရောက်ရှိလာကြပြီ ထင်ပါရဲ့။ မာရူး ဘတ်စကားပေါ်က ဆင်းသွားတော့ သူမလည်း နောက်ကနေ လိုက်ဆင်းခဲ့တယ်။ မာရူးက အဆောက်အအုံအကြီးကြီးတွေ ရှိတဲ့ လမ်းမကြီးတွေကို ထားခဲ့ပြီး အိမ်ငယ်လေးတွေ ရှိတဲ့ နေရာဆီကို လျှောက်လှမ်းသွားတယ်။ သူက ပိုပြီး အထဲကို နက်နက်နဲနဲ ဝင်သွားပြီး နောက်ဆုံးမှာတော့ လမ်းမီးတိုင်တွေတောင် ရှားပါးလှတဲ့၊ ပြီးတော့ ဟောင်းနွမ်းနေတဲ့ ကုန်သွယ်ရေး အဆောက်အအုံတွေ တစ်ခုနဲ့တစ်ခု ကပ်လျက် တည်ရှိနေတဲ့ လမ်းတစ်ခုဆီကို ရောက်ရှိလာခဲ့ကြတယ်။
မာရူးရဲ့ လမ်းလျှောက်နှုန်းက တော်တော်လေး မြန်ပြီး သူက အမြဲတမ်း အဝေးကြီးကို ရောက်နှင့်နေတာပဲ။ ယိုဂျင်က ဒါကို အခွင့်အရေးတစ်ခုလို့ မှတ်ယူပြီး ဒေးမြောင်ကို စကားလှမ်းပြောလိုက်တယ်။
“ဟေ့”
“အင်... ဟုတ်ကဲ့”
“နင်က ဘာလို့ အဲလောက်တောင် လန့်ဖျပ်သွားရတာလဲ”
ဒေးမြောင်က အူကြောင်ကြောင်နဲ့ ပြုံးပြတယ်။ ယိုဂျင်က ဒီကောင်ကတော့ တကယ့်ကို ရိုးသားလွန်းတဲ့ကောင်ပဲလို့ တွေးမိလိုက်တယ်။
“မင်း မာရူး တစ်ယောက်တည်း လေ့ကျင့်နေတာကို မြင်ဖူးသလား”
“လေ့ကျင့်တာလား”
“သူ့ရဲ့ စွမ်းရည်တွေက ရုတ်တရက်ကြီး တိုးတက်လာတယ်လေ မဟုတ်ဘူးလား။ သူ ကျောင်းပြင်ပမှာ တစ်ခုခု သီးသန့် သင်တန်း တက်နေတာမျိုးလားလို့ ငါ သိချင်နေတာ”
“အဲဒါကတော့... သူ အဲဒီလို အကြောင်းအရာမျိုး ပြောတာကို ငါ တစ်ခါမှ မကြားဖူးပါဘူး”
“တကယ်ကြီးလား။ ဒါဆို အဲဒါက ဘာကြီးဖြစ်နေလို့လဲ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ထင်မြင်ယူဆချက်ကို မင်းကို ပြောပြမယ်”
ယိုဂျင်က ဒေးမြောင်ကို မာရူးရဲ့ စွမ်းရည်တွေ သိသိသာသာ တိုးတက်လာရတဲ့ အကြောင်းအရင်းက သူ့ရဲ့ ဘေးပတ်ဝန်းကျင်မှာ သူငယ်ချင်းကောင်းတွေ ရှိနေလို့၊ ပြီးတော့ သူ သင်ယူလေ့လာနိုင်မယ့် လူတွေ ရှိနေလို့ဖြစ်မယ်ဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ဒေးမြောင်က သူမရဲ့ စကားတွေကို ကြားပြီးနောက် ခေါင်းညိတ်ပြတယ်။ သူက သူမရဲ့ စကားတွေကို သဘောတူတဲ့ ပုံစံမျိုး ပေါက်နေတာပဲ။ သို့သော်လည်း သူက တခြားပုံစံမျိုးနဲ့ ပြောဆိုလာတယ်။
“မာရူးရဲ့ ဘေးပတ်ဝန်းကျင်မှာ အံ့ဩစရာကောင်းတဲ့ လူတွေ အများကြီး ရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလူတွေက မာရူးကို တိုးတက်အောင် ကူညီပေးခဲ့တာလားလို့ မေးရင်တော့ ငါက မဟုတ်ဘူးလို့ပဲ ဖြေရလိမ့်မယ်။ အဖြစ်အပျက်တွေရဲ့ အစီအစဉ်က ကွဲပြားခြားနားနေတယ်လေ”
“အဖြစ်အပျက်တွေရဲ့ အစီအစဉ်က ကွဲပြားခြားနားနေတယ် ဟုတ်လား”
“မာရူးက မူလက သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဘာစိတ်ဝင်စားမှုမှ မရှိခဲ့ဘူး။ သူ ပြဇာတ်ကလပ်ကို ပထမဆုံး လာတုန်းက သူက စင်မြင့်နောက်ကွယ်က ဝန်ထမ်းပဲ လုပ်ချင်တာလို့ ပြောခဲ့တာ။ အမှန်အတိုင်းပြောရရင် သူ ပထမနှစ် ပိတ်ရက် ပြီးဆုံးတဲ့အထိကို ဘာစနစ်တကျ လေ့ကျင့်မှုမှ မလုပ်ခဲ့ဖူးဘူး”
“တကယ်ကြီးလား”
“အင်း”
“ဒါဆို ဘာက သူ့ကို သရုပ်ဆောင်ဖို့ တွန်းအားပေးခဲ့တာလဲ။ သူက ဘာစိတ်ဝင်စားမှုမှ မရှိခဲ့ဘူးလို့ ထင်နေတာကို”
“သူ့ရဲ့ စိတ်ကို ဘာက အတိအကျ ပြောင်းလဲစေခဲ့လဲဆိုတာတော့ ငါလည်း မသိပါဘူး။ သို့သော်လည်း နည်းပြက မာရူးကို သရုပ်ဆောင်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တာကတော့ အမှန်ပဲ။ သူမက မာရူးရဲ့ ပါရမီကို အကဲခတ်မိသွားလို့ နေမှာပေါ့။ အဲဒီနောက်မှာ သူက ဥက္ကဋ္ဌ လီဂျွန်မင်း နဲ့ ဆုံတွေ့ခဲ့တယ်။ ဒါကြောင့် အတိအကျ ပြောရရင်တော့ အဲဒီလူတွေကြောင့် သူ ပိုပြီး ကျွမ်းကျင်လာတာက မှန်ပေမဲ့ သူတို့ စိတ်ဝင်စားမှု ခံရလောက်အောင်ကိုပဲ သူ့မှာ ကြီးမားတဲ့ ပါရမီတစ်ခု ရှိနှင့်နေပြီးသားလို့ ပြောလို့ရတာပေါ့”
“ဒါဆို ဘာလဲ... ဘာစိတ်ဝင်စားမှုမှ မရှိတဲ့ကောင်က အပျော်တမ်း သရုပ်ဆောင် အတန်းကို မဝင်ခင် စာသင်နှစ် ဝက်လောက်ပဲ လေ့ကျင့်ခဲ့ရသေးတယ် ဟုတ်လား”
ယိုဂျင်တစ်ယောက် စိတ်ပျက်အားလျော့စွာနဲ့ သက်ပြင်းချလိုက်ရင်း မာရူးရဲ့ ကျောပြင်ကို လှမ်းကြည့်လိုက်မိတယ်။ မြောင်ဒုံ မှာ ကျင်းပခဲ့တဲ့ အပျော်တမ်း သရုပ်ဆောင် အတန်းမှာ သူက အဓိကဇာတ်ကောင် နေရာကို ဆွတ်ခူးသွားခဲ့တာလေ။ သူက တခြားလူတွေအကုန်လုံး သူတို့ရဲ့ အရှုံးကို ဝန်ခံရလောက်အောင်အထိ တော်လွန်းခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒေးမြောင်က အဲဒါဟာ စာသင်နှစ် ဝက်လောက်ပဲ လေ့ကျင့်ခဲ့တဲ့ ရလဒ်လို့ သူမကို ပြောပြနေတာလား။ သို့သော်လည်း အဲဒီအချိန်မှာတင် မာရူး သူမကို ပြောခဲ့ဖူးတဲ့ စကားလုံးတွေက ခေါင်းထဲကို ဖျတ်ခနဲ ဝင်လာတယ်။
‘တိုးတက်အောင် လုပ်မယ့် နည်းလမ်းလား... မင်း နောက်တစ်ကြိမ် ပြန်လည်မွေးဖွားရလိမ့်မယ်’
ဖြစ်နိုင်တာက သူက သူ့ရဲ့ မွေးရာပါ ပါရမီကို ဖော်ပြဖို့ အဲလို ပြောခဲ့တာ နေမှာပေါ့။
“သူက တကယ့်ကို ဘဝင်မြင့်တဲ့ကောင်ပဲ။ အဲဒါက သူ့ကို ပါရမီရှင်တစ်ယောက် ဖြစ်စေတာပဲပေါ့” သူမ စိတ်ပျက်စရာ ခံစားချက်ကလေး ဖြစ်ပေါ်လာလို့ အသံကျယ်ကျယ်နဲ့ ပြောချင်ရာ ပြောလိုက်မိတော့တယ်။
ရှေ့ကနေ လမ်းလျှောက်နေတဲ့ မာရူးက မျက်မှောင်ကုတ်ရင်း လှည့်ကြည့်လာတယ်။
“အခုကော ဘာဖြစ်ပြန်တာလဲ”
“မင်းမှာ ကံကောင်းခြင်းတွေ ရှိနေတယ်လို့ ငါ ပြောနေတာပါ”
“ငါကတော့ အဲဒါကို အမြဲတမ်း ကြားနေရတာပဲ” အဲလိုပြောပြီး မာရူးက ဘယ်ဘက်ကို ကွေ့သွားတယ်။
“အချို့လူတွေက ဒီအဆင့်ကို ရောက်ဖို့ ငါးနှစ်လောက် အချိန်ဖြုန်းရပေမဲ့ တခြားတစ်ယောက်ကတော့ တစ်နှစ်အတွင်းမှာတင် အမီလိုက်နိုင်တယ် ဟုတ်လား။ အဲဒါက တရားလွန်လွန်းတယ် မဟုတ်ဘူးလား” သူမ ဒေးမြောင်ကို မေးလိုက်တယ်။
“အဲ... ဒါကတော့... ငါကတော့ အဲဒါကို မတရားဘူးလို့ တစ်ခါမှ မခံစားရဖူးပါဘူး”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့ မာရူးက ငါ့ထက် ပိုပြီး အားထုတ်ကြိုးပမ်းလို့ပဲ။ သူက ငါ့ထက် ပိုပြီးတော့လည်း ဝီရိယရှိရှိ လေ့ကျင့်တယ်။ အဲဒါကြောင့် သူ့ရဲ့ စွမ်းရည်တွေက ကောင်းမွန်နေတာပေါ့။ ဟုတ်ပါတယ်... ပါရမီ အချို့လည်း ပါဝင်နိုင်တာပေါ့လေ။ သို့သော်လည်း လူတစ်ယောက်က ဘယ်လောက်ပဲ ပါရမီရှိပါစေဦးတော့၊ လေ့ကျင့်မှု မရှိရင် ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး။ မာရူးက လေ့လာဖို့နဲ့ လေ့ကျင့်ဖို့အတွက် သူ့ရဲ့ စွမ်းဆောင်နိုင်ရည်ရှိသမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့တာ။ မင်း အခွင့်အရေး ရမယ်ဆိုရင် မာရူးရဲ့ ဇာတ်ညွှန်းကို တစ်ကြိမ်လောက် ဖတ်ကြည့်လိုက်စမ်းပါ။ သူ့ရဲ့ အတွေးအမြင် အစအနတွေအားလုံးကို ခြစ်ထုတ်လိုက်၊ ပြန်ရေးလိုက်၊ ခြစ်ထုတ်လိုက်၊ ထပ်မံ ပြန်ရေးလိုက် လုပ်ထားတဲ့ လက်ရာခြေရာတွေကို မင်း မြင်ရလိမ့်မယ်။ သူ ဇာတ်ညွှန်းကို လေ့လာဖို့အတွက် အချိန်တွေ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံခဲ့ရမလဲဆိုတာကို ငါ စိတ်တောင် မကူးရဲပါဘူး”
“...အဲဒါကိုတော့ ငါ မငြင်းနိုင်ပါဘူး”
ယိုဂျင်တစ်ယောက် မြောင်ဒုံ အနုပညာပြဇာတ်ရုံ ထဲမှာ မာရူးနဲ့အတူ ပြဇာတ်တစ်ခုအတွက် ပြင်ဆင်နေတုန်းက တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖူးခဲ့တဲ့ မာရူးရဲ့ ဇာတ်ညွှန်းကို ပြန်လည်အမှတ်ရမိသွားတယ်။ သူက ဇာတ်ကောင်တစ်ခုချင်းစီတိုင်းကို အသေးစိတ် စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာထားပြီး အဲဒီ အရေအတွက် ပမာဏကတင်ပဲ သူမကို ခေါင်းမူးသွားစေနိုင်တာ။ ဇာတ်ညွှန်းထဲက မည်သည့်အရာမျှ သူ့ရဲ့ အတွေးအမြင်တွေကို ဖြတ်သန်းခြင်းမရှိဘဲ ရေးသားထားတာ မရှိပါဘူး။ ဒီလိုမျိုးအရာတစ်ခုကို ဖန်တီးဖို့အတွက် သူ ခွဲခြမ်းစိတ်ဖြာမှုတွေ ဘယ်လောက်အထိ လုပ်ခဲ့ရမလဲဆိုတာ တွေးလိုက်ရုံနဲ့တင် သူမ ခေါင်းတွေ မူးနောက်သွားရတယ်။
သူမက မာရူးမှာ ပါရမီတွေအကုန်လုံး ရှိနေတာပဲဆိုပြီး တွာတွာတာတာ ညည်းတွားနေခဲ့ပေမဲ့ သူမ အမှန်တကယ်ကြီး ရည်ရွယ်ပြောဆိုတာတော့ မဟုတ်ပါဘူး။ လူတစ်ယောက်မှာ ဘယ်လောက်ပဲ ပါရမီရှိပါစေဦးတော့၊ အဲဒီပါရမီတွေကို သွေးမကူဘူးဆိုရင် ပါရမီက ဟောင်းနွမ်းဆွေးမြည့်သွားမှာပဲ။ ဒါက ကမ္ဘာပေါ်မှာ လူသိများကြတဲ့ ပါရမီရှင်လို့ ခေါ်ဆိုကြတဲ့ လူတွေရဲ့ ဘဝတွေကို ကြည့်လိုက်ရင် အလွယ်တကူ သက်သေပြနိုင်တဲ့ အချက်ပဲလေ။ မိမိတို့ရဲ့ ပါရမီကို အစဉ်အမြဲ သွေးမြှင့်နေတဲ့သူတွေသာလျှင် ပါရမီရှင်တွေရဲ့ အဆင့်အတန်းဆီသို့ တက်လှမ်းနိုင်ကြတာပေါ့။
“ဒါပေမဲ့လည်း သူက သိပ်ကို အမြင်ကတ်စရာကောင်းတာပဲ။ သူက တော်လွန်းနေတယ်လေ”
“အဲဒါတော့ ဟုတ်တယ်”
မာရူးက စားသောက်ဆိုင်တစ်ခုရဲ့ ရှေ့မှာ ရပ်လိုက်တယ်။ အဲဒါက တကယ့်ကို စုတ်ပြတ်သတ်နေတဲ့ ပုံစံမျိုး ပေါက်နေတဲ့ စားသောက်ဆိုင်တစ်ခုပါ။ သူတို့ သစ်သားလျှောတံခါးကနေတစ်ဆင့် အထဲကို ဝင်လိုက်တဲ့အခါမှာတော့ စပ်ဖျဉ်းဖျဉ်း လေထုကြီးက သူတို့ရဲ့ မျက်နှာတွေကို လာရောက်ရိုက်ခတ်တော့တယ်။ ယိုဂျင် ချောင်းဆိုးလိုက်ပြီးမှ အထဲကို လှမ်းကြည့်လိုက်မိတယ်။ လစခား ဝန်ထမ်းတွေလို့ ထင်ရတဲ့ လူတွေ ရှိနေကြတာပဲ။ စားပွဲအများစုပေါ်မှာလည်း အစိမ်းရောင် ပုလင်းတွေ ရှိနေကြတယ်။
“ကျွန်တော် ရောက်ပါပြီ” မာရူးက အထဲဝင်ရင်း နှုတ်ဆက်စကား ဆိုလိုက်တယ်။
ဆိုင်ရှင်လို့ ထင်ရတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး လွတ်နေတဲ့ စားပွဲတစ်ခုဆီကို သူ့ရဲ့ မေးစေ့နဲ့ ဝှေ့ယမ်းပြတယ်။ မာရူးက ပြုံးလိုက်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်တယ်။
“ဒါက ဘာနေရာကြီးလဲ” ယိုဂျင် မေးလိုက်တယ်။
ဆိုင်ရှင်ကလည်း သဘောကောင်းမယ့်ပုံမပေါ်ဘူး၊ ပြီးတော့ ဒီနေရာကြီးကလည်း ရှုပ်ပွနေတဲ့ အမှိုက်ပုံကြီးလိုမျိုးပဲ။ နံရံမှာ ချိတ်ဆွဲထားတဲ့ တီဗီက သတင်းတွေကို ထုတ်လွှင့်နေပြီး လူတွေကလည်း အဲဒါကို ကြည့်ရင်း အမျိုးမျိုး အော်ဟစ်ဆဲဆိုနေကြတယ်။ ဒီနေရာကြီးက တကယ့်ကို ကမောက်ကမနိုင်လှတာပဲ။
“သူက ဒီမှာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဝက်သားစပ်ချိုကြော် တွေကို ချက်ပြုတ်တာ။ အဖိုး... ဒီမှာ သုံးယောက်စာအတွက် ဝက်သားစပ်ချိုကြော်သုံးပွဲလောက် ပေးပါဦး”
ဆိုင်ရှင်က ဖြည်းဖြည်းကလေး ထရပ်လိုက်ပြီး မီးဖိုချောင်ဆီကို လျှောက်သွားတယ်။ တရှဲရှဲ မြည်သံနဲ့အတူ မီးခိုးဖြူတွေကလည်း အထက်ကို လွင့်ပျံတက်လာတော့တယ်။ စားသောက်ဆိုင်ထဲက စပ်ဖျဉ်းဖျဉ်း လေထုက ဒီ ဝက်သားစပ်ချိုကြော် ကြောင့် ဖြစ်မယ် ထင်ပါရဲ့။
“မင်းက ငါတို့ကို ဘာလို့ ဒီလိုနေရာမျိုးဆီ ခေါ်လာရတာလဲ”
ယိုဂျင်ရဲ့ မျက်လုံးတွေက စပ်ဖျဉ်းဖျဉ်း ဖြစ်လာတာမို့လို့ သူမ မျက်မှောင်ကုတ်လိုက်မိတယ်။ မီးခိုးတွေက တကယ့်ကို ပြင်းထန်လွန်းတယ်။ အဝင်ဝနားမှာ ထိုင်နေတဲ့ ဖောက်သည်တွေက လျှောတံခါးကို ဖွင့်လိုက်ပြီး “ဟေ့... ဆိုင်ရှင်ကြီး... မီးခိုးတွေ သိပ်များနေပြီဗျို့” လို့ လှမ်းအော်ကြတယ်။ သူတို့က စိတ်ဆိုးဒေါသထွက်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ရှိနေကြတာပဲကိုး။
“အပြင်ထွက်ပြီး အသက်ရှူလိုက်ကြလေ” အဲဒါက ဆိုင်ရှင်ရဲ့ ပြန်လည်တုံ့ပြန်မှုပဲ။
“ဒီမှာ ကောင်းပါတယ်”
“ဘာ... ဒီနေရာကြီးက ကောင်းတယ် ဟုတ်လား”
မာရူး ပြုံးနေတာကို မြင်တော့ ယိုဂျင်လည်း ဒေးမြောင်ကို လှမ်းကြည့်လိုက်တယ်။ ဒေးမြောင်က ဒီထူးဆန်းတဲ့ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောလိမ့်မယ်လို့ သူမ မျှော်လင့်နေမိတာ။
သို့သော်လည်း ဒေးမြောင်က မာရူးနဲ့ တစ်လေသံတည်း ဖြစ်နေပုံရတယ်။
“အနံ့က ကောင်းတာပဲ”
“ငါ ဒီနေရာအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဖူးဘူး။ အမှန်တော့ ဆိုဂျူတစ်ပုလင်းက ဒီ ဝက်သားစပ်ချိုကြော် နဲ့ တကယ့်ကို လိုက်ဖက်ညီလှတာ၊ ဒါပေမဲ့ ဒီက ဆိုင်ရှင်က ဥပဒေကို တိကျစွာ လိုက်နာတဲ့ လူတစ်ယောက် ဖြစ်နေလို့လေ”
“မင်းက အမွေးမပြောင်သေးတဲ့ ကြက်ပေါက်စလေး ဖြစ်နေပြီးတော့ ငါ့ကို ဆိုင်ရှင်လို့ ဘယ်လိုများ ခေါ်ရဲရတာလဲ”
ဆိုင်ရှင်ကြီးက မာရူးရဲ့ ခေါင်းကို ပိတ်ရိုက်လိုက်ပြီးမှ ဝက်သားစပ်ချိုကြော်ကို စားပွဲပေါ်က အကင်မီးဖိုပေါ် တင်ပေးလိုက်တယ်။
“မင်း နောက်တစ်ခါ မလာရင် တကယ် ပိုကောင်းလိမ့်မယ်။ မင်းတို့လို လူငယ်တွေက ဒီလိုနေရာမျိုးနဲ့ မထိုက်တန်ပါဘူး”
“ကျွန်တော်က အဖိုးရဲ့ အရောင်းအဝယ် တိုးတက်အောင် လာတာပါနော်”
“ငါ မင်းရဲ့ ပိုက်ဆံကို မလိုချင်ပါဘူး”
နှာခေါင်းရှုံ့ရင်းနဲ့ပဲ ဆိုင်ရှင်ကြီးက လွတ်နေတဲ့ ကုလားထိုင်တစ်ခုပေါ်မှာ ဝင်ထိုင်လိုက်တယ်။ ယိုဂျင်တစ်ယောက် ဒီဆိုင်ရဲ့ အငွေ့အသက်ကို လုံးဝ ရိုးရိုး မဖြစ်နိုင်တော့ဘူး။ လေထုထဲမှာ အစားအသောက်နံ့၊ အရက်နံ့နဲ့ ချွေးနံ့တွေက ရောပြွမ်းနေတာမို့လို့ သူမကို ခေါင်းမူးနောက်သွားစေပြီး အတော်လေးလည်း ဆူညံလှတာပဲ။ သူမ မာရူးနဲ့ ဒေးမြောင်ဆီကို စကားလှမ်းပြောဖို့အတွက် အတော်လေးကို အသံမြှင့်လိုက်ရတယ်။
‘ပြီးတော့ သူက စေတနာပါပါနဲ့ ဆက်ဆံနေတာလည်း မဟုတ်ဘူး’
အသားတွေ ရောက်ရှိလာပြီးနောက် မာရူး ပထမဆုံး လုပ်ဆောင်လိုက်တဲ့အရာကတော့ ထမင်းအိုးထဲကနေ ထမင်းအချို့ကို ခပ်ယူလိုက်ပြီး ရေခဲသေတ္တာထဲကနေ ကင်မ်ချီနဲ့ မုန်လာဥချဉ်အချို့ကို ယူဆောင်လိုက်တာပဲ။
“အဲဒါတွေအကုန်လုံးက ကိုယ့်ဘာကိုယ် လုပ်ရတာလား”
“အင်း”
“မဖြစ်နိုင်တာ”
ဒါက ယိုဂျင်အတွက်တော့ ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုတစ်ခုပါပဲ။ ဒါဟာ သူမရဲ့ အမေနဲ့အတူ သွားလေ့ရှိတဲ့ ဆိုင်တွေမှာဆိုရင် စိတ်ကူးလို့တောင် မရနိုင်တဲ့ အရာမျိုးလေ။ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ သွားလေ့ရှိတဲ့ ကျောင်းနားက ဆိုင်တွေတောင်မှ ဒီလောက်အထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး။
“ငါတို့ကို ပန်းကန်တွေပါ ဆေးခိုင်းဦးမှာတော့ မဟုတ်ပါဘူးနော်”
“ဆိုင်ရှင်က ခိုင်းရင်တော့ ငါတို့ လုပ်ရမှာပေါ့။ ဟေ့... ဟေ့... အေးကုန်တော့မယ်။ ဒေးမြောင်... အများကြီးစားနော်။ ယိုဂျင်... မင်းကတော့ အဲလောက်အထိ အများကြီး မစားသင့်ဘူး။ ဪ... နေဦး... မင်းက ပိုက်ဆံရှင်းမယ့်သူ မဟုတ်လား။ ဒါဆို မင်းလည်း အများကြီး စားသင့်တာပေါ့လေ”
“ဟူး...”
ယိုဂျင်က မာရူးနဲ့ ဒေးမြောင်ကို အံ့အားသင့်မှင်တက်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်မိတယ်။ သူတို့တွေက ဒီလိုနေရာမျိုးမှာ စားသောက်နိုင်ကြတယ် ဟုတ်လား။
“ဟေ့... ပတ်ဒေးမြောင်... မင်း ဒီအတိုင်း အဆင်ပြေရဲ့လား”
“ဘာကိုလဲဗျာ”
“ဒီစားသောက်ဆိုင်ကြီးလေ”
“အင်း... ငါကတော့ ဒီနေရာကို ကောင်းတယ်လို့ ထင်တာပဲ။ အသက်ဝင်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတာပဲကို”
“ဖြစ်ရလေခြင်း”
ယိုဂျင် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်မိတယ်။ မိန်းကလေးတစ်ယောက်မှ ရှိမနေဘူး။ သိသာတာကတော့ မိန်းကလေး အနည်းငယ်မျှသာ ဒီလို ပတ်ဝန်းကျင်မျိုးကို သဘောကျကြမှာပဲလေ။ ယိုဂျင် တွန့်ဆုတ်သွားပြီး သူမရဲ့ နှာခေါင်းကို သူမရဲ့ အင်္ကျီလက်အင်္ကျီနဲ့ ကပ်ထားလိုက်တယ်။ အသားညှော်နံ့တွေက တကယ့်ကို နံစော်နေပြီကိုး။
“ငါ မင်းကို အိမ်ပြန်ရင် ပိုကောင်းလိမ့်မယ်လို့ ပြောခဲ့သားပဲကို”
“မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ မဟုတ်လား။ ငါက မင်းကို စိတ်အနှောင့်အယှက် ပေးနေလို့လား။ ဟုတ်လား”
“မင်းက ငါ့ကို အာဃာတအသေးအဖွဲလေးတွေ ထားတတ်တဲ့ လူစားမျိုးလို့ ထင်နေတာလား။ ဒါမှမဟုတ် ငါက မင်းကို အဲလောက်ကြီးအထိ ဂရုစိုက်နေတယ်လို့ ထင်လို့လား။ စကားအများကြီး မပြောဘဲ စားသာစားစမ်းပါ။ ပြီးမှ မင်း ဘာထင်လဲဆိုတာ ငါ့ကို ပြောပြ”
မာရူးက နှမ်းရွက်ထုပ် တစ်ခုကို ကမ်းပေးလာတယ်။ သူမက ရွဲ့တဲ့တဲ့နဲ့ ငြင်းပယ်ဖို့ လုပ်လိုက်ပေမဲ့ မာရူးက မကောင်းဆိုးဝါး အပြုံးမျိုးနဲ့ ပြုံးနေတာမို့လို့ အဲဒီစကားလုံးတွေကို ပြောလိုက်ရင်ပဲ သူမ ရှုံးနိမ့်သွားလိမ့်မယ်လို့ ခံစားလိုက်ရတယ်။ ယိုဂျင်က သူမရဲ့ မျက်လုံးတွေကို မှေးစင်းလိုက်ပြီး တရုတ်နံနံညှပ်နဲ့ နှမ်းရွက်ထုပ်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်တော့တယ်။
သူမ အဲဒါကို စားနေတုန်းမှာ အတွေးတစ်ခုပဲ ရှိနေခဲ့တာ ဒါက အရသာရှိတယ်လို့ ဘယ်တော့မှ မပြောဘူးဆိုတာပဲ။ နာမည်ကြီး စားသောက်ဆိုင် အများအပြားကို သွားရောက်ဖူးလို့ လေ့ကျင့်ပျိုးထောင်ထားတဲ့ သူမရဲ့ အရသာခံစနစ်က ဒီလိုအရာမျိုးကို ရှုံးနိမ့်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက် သူမမှာ ရှိနေခဲ့တာကိုး။
“......”
ယိုဂျင် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သူမ မာရူးကို လှမ်းကြည့်လိုက်မိတယ်။ မာရူးက ကျေနပ်အားရတဲ့ အပြုံးမျိုး ပြုံးလိုက်ပြီးမှ စကားဆိုလာတယ်။
“ငါ မင်းကို အဲလောက်ကြီးအထိ အမြင်မကတ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ မင်းရဲ့ မျက်နှာအမူအရာတွေမှာ လိမ်ညာလှည့်ဖြားမှုတွေ မရှိလို့ပဲ။ ဒေးမြောင်... သူ့မျက်နှာကို ကြည့်လိုက်စမ်း။ သူမက မိမိရဲ့ အတွင်းစိတ်ထဲက မကောင်းဆိုးဝါးတွေနဲ့ တိုက်ပွဲဝင်နေရတာမို့လို့ ကြည့်ရတာ တော်တော်လေးကို ဟန်ကျနေတာ။ မင်းက ဒါကို အရသာရှိတယ်လို့ ပြောလာလိမ့်မယ်လို့ ငါ မျှော်လင့်မနေပါဘူး၊ ဒါကြောင့် ဒီအတိုင်း ဆက်စားသာစားပါ။ မင်း ညစာ မစားရသေးလို့ ဗိုက်ဆာနေတော့မှာပဲ”
ယိုဂျင် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး သက်ပြင်းချလိုက်မိတော့တယ်။ ပြီးတော့ တရုတ်နံနံကို ပြန်ကောက်ကိုင်လိုက်ပြီးမှ ပြောလိုက်တယ်။
“အဖိုးကြီး... ကျေးဇူးပြုပြီး ဒီမှာ တစ်ပွဲ... မဟုတ်ဘူး၊ နှစ်ပွဲလောက် ထပ်ပေးပါဦး”
သူမရဲ့ အရသာခံစနစ်က ဒီလောက်အထိ ရိုးသားလွန်းနေရတာကို သူမ ပထမဆုံးအကြိမ်အဖြစ် နာကျည်းမိသွားတော့တာပဲ။
မာရူးတစ်ယောက် အောင်နိုင်သူရဲ့ အပြုံးမျိုးနဲ့ ပြုံးနေတာကို မြင်တော့ ယိုဂျင် အသားအချို့ကို ကောက်ယူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမ ပထမဆုံးအနေနဲ့ ဗိုက်ဖြည့်ထားရမှာပဲလေ။
“...ဒါက လုံးဝကို အရသာမရှိပါဘူး”
အဲဒီစကားလုံးတွေက သူမရဲ့ မာနအတွက် အသုံးမဝင်တဲ့ ခုခံကာကွယ်မှုတွေသာ ဖြစ်မှန်း သိရှိသွားတဲ့အခါမှာတော့ ယိုဂျင်တစ်ယောက် လက်မြှောက်အရှုံးပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီအတိုင်း စားသာစားလိုက်ပါတော့။ အစားအသောက်ကတော့ အပြစ်မရှိပါဘူး မဟုတ်လား။
“ဒါပေမဲ့ အသားတွေက ကယ်လိုရီ သိပ်များတယ်လို့ ငါ ကြားဖူးတယ်” မာရူးက အဲဒီစကားလုံးကို ခိုးကြောင်ခိုးဝှက် ညှပ်ပြောလာပြန်တယ်။
သူကတော့ တကယ့်ကို အဆုံးသတ်အထိ အမြင်ကတ်စရာကောင်းတဲ့ကောင်ပဲ။
* * * * * * * * *