← Chapters

အခန်း (၂၃၅၃-၂၃၅၄)

Vol. 236 Ch. 2353-2354

အခန်း (၂၃၅၃-၂၃၅၄)

Vol. 236 Ch. 2353-2354

အခန်း (၂၃၅၃) - ဒီလူ့လောကက အမှိုက်သရိုက်ကို ငါယူမယ်

အကျပ်အတည်းလား

မျက်စိရှေ့က အခြေအနေကတော့ အမှန်တကယ်ပင် လမ်းမရှိတော့သည့် အကျပ်အတည်းဟု ဆိုရပေမည်။

အနည်းဆုံးတော့ ဖန့်ချန် အတွက်ကတော့ လွန်ခဲ့သည့် နှစ်များအတွင်း မဟာရှ အင်ပါယာတုန်းက သူကိုယ်တိုင် အကျပ်အတည်းထဲ ကျရောက်ခဲ့သည့် တစ်ကြိမ်သာ ရှိခဲ့သည်။

ထိုအချိန်မှစ၍ သူ၏ ခြေလှမ်းတိုင်းမှာ တည်ငြိမ်ပြီး သေချာခဲ့သည်။ အနည်းဆုံးတော့ သူ ကျောထောက်နောက်ခံ တစ်ခုခု ချန်ထားလေ့ရှိပြီး ယခုကဲ့သို့ နည်းလမ်းပေါင်းစုံ သုံးမရသည့် အခြေအနေမျိုး မကြုံဖူးခဲ့ပေ။

ဟင်းလင်းပြင် ထွက်ပြေးခြင်း နည်းလမ်းလား

ရိပ်ခြေဗုဒ္ဓ နည်းလမ်းလား

ကရုဏာ တံဆိပ်တော်လား

သိုင်းသူတော်စင် အသွင်ကိုယ်ထည်လား

မလွန်ဆန်နိုင်သော အင်အားကြီးမားသည့် ဖိအားအောက်တွင် ဤကျောထောက်နောက်ခံများက ယခုအခြေအနေကို ဘာမျှ အထောက်အကူ မပြုနိုင်တော့ပေ။

သာမန် သူတော်စင်များနှင့်သာ ရင်ဆိုင်ရမည်ဆိုလျှင် ရိပ်ခြေဗုဒ္ဓ နည်းလမ်းနှင့်ပင် သူ လွတ်မြောက်နိုင်သေးသည်။

သို့သော်လည်း ဤ ဟင်းလင်းပြင် ကွပ်မျက်သူများမှာမူ သူထက်ပင် ဟင်းလင်းပြင်နှင့် ပိုမို နီးကပ်စွာ တည်ရှိနေကြသည်။

သံအလောင်းရဟန္တာ မှာ ဖန့်ချန် ဘာတွေကို တွေးတောနေသည်ကို ခန့်မှန်းမိသည့်အလား -

သူက ရယ်မောလိုက်သည်။

“မင်းက သာမန် သူတော်စင်တွေထက် ဒီ ဟင်းလင်းပြင်ကို ပိုကျွမ်းကျင်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်း ရင်ဆိုင်နေရတာက ငါတို့ အစစ်မှန်ဝိညာဉ်မျိုးနွယ်စုလေ။

ဘယ်နေရာကနေ ထွက်ပြေးရမလဲဆိုတာ မစဉ်းစားနဲ့တော့။

ငါတို့ကို ဒီလောက်အထိ အင်အားသုံးပြီး ဝိုင်းပတ်ဖမ်းဆီးစေနိုင်တာကပဲ မင်း အသက်ရှင်လျက်နဲ့ ပြန်သွားနိုင်ရင် တစ်သက်လုံး ကြွားလုံးထုတ်ဖို့ လုံလောက်နေပါပြီ။

ကံမကောင်းတာက မင်းရဲ့ ကျင့်စဉ်အဆင့်က အရမ်း နိမ့်ကျလွန်းနေတာပဲ။ ကမ္ဘာငယ် သူတော်စင် အဆင့် ကျင့်စဉ်ပဲလား”

သူက အနီးအနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

“ဒီနေရာမှာတင် ကမ္ဘာကြီး သူတော်စင် အဆင့်ရှိတဲ့ အစစ်မှန်ဝိညာဉ်မျိုးနွယ်စုဝင် တစ်ရာကျော် ရှိနေပြီ။

မင်းအနေနဲ့ ဝိညာဉ်ထိန်းသိမ်းရေးရုံး တားမြစ်နယ်မြေထဲက နတ်ဘုရားစွမ်းအားကို ဟုတ်တိုင်းမှန်ရာ အကုန်ပြောပြဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိတော့ဘူး။”

အဖွဲ့အသီးသီးမှ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ တစ်ယောက်ကိုတစ်ယောက် အောင်ပွဲခံသည့် အပြုံးဖြင့် ကြည့်လိုက်ကြသည်။

သူတို့အမြင်တွင် မျက်စိရှေ့က ဖန့်ချန် မှာ ကြက်ပေါက်စလေးနှင့် ဘာမှ မထူးခြားတော့ပေ။

သူ့ကို အခုထိ မစားရသေးခြင်းမှာ သူတို့ လိုချင်သည့် သတင်းအချက်အလက်ကို ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်သည်။

“သံအလောင်းရဟန္တာ ပြောတာ မကြားဘူးလား ငေးမနေနဲ့၊ မြန်မြန်ပြော”

“အမှိုက်ကောင် ဘာကြောင့် ဝိညာဉ်ထိန်းသိမ်းရေးရုံးရဲ့ နတ်ဘုရားစွမ်းအားကို မင်းက နားလည်သွားရတာလဲ”

အရင်က ဖန့်ချန် နှင့်အတူတူ ဝိညာဉ်ထိန်းသိမ်းရေးရုံးသို့ နတ်ဘုရားစွမ်းအားကို နားလည်ရန် လိုက်ပါလာခဲ့သည့် ဟင်းလင်းပြင် ကွပ်မျက်သူများမှာ ဒေါသတကြီး အော်ဟစ်ဆဲဆိုကြသည်။ သူတို့၏ အသံထဲတွင် မနာလိုမှုနှင့် မကျေနပ်မှုများ အပြည့် ပါဝင်နေသည်။

“ပြောပြလိုက်ရင် ငါ ဒီနေရာကနေ ထွက်သွားလို့ ရမှာလား ”

ဖန့်ချန် က အလေးအနက် မေးသည်။

“ဟားဟားဟားဟား”

တစ်နေရာပြီးတစ်နေရာ ဟားတိုက် ရယ်မောသံများ ထွက်ပေါ်လာသည်။

ဖန့်ချန် ကတော့ ဂရုမစိုက်ဘဲ သံအလောင်းရဟန္တာ ၏ အဖြေကိုသာ ငြိမ်သက်စွာ စောင့်နေသည်။

“ယင်လောကက အမှိုက်သရိုက်တွေကို ငါတို့ တွေ့မိရင် အသက်ရှင်လျက် ဒီနေရာကနေ ထွက်သွားဖို့ဆိုတာ မရှိဘူး။

ဒါပေမဲ့ မင်း ပြောပြမယ်ဆိုရင်တော့ အခုချက်ချင်း အသတ်မခံရအောင် ငါ ကတိပေးနိုင်တယ်။ မင်းကို ကွမ်းမိုဟိုင်ဆီ ခေါ်သွားပေးမယ်။”

သံအလောင်းရဟန္တာ က ပြုံးလျက် ပြောသည်။

ဖန့်ချန် စိတ်ထဲတွင် တွေးတောနေသည်။

တစ်ဖက်လူ၏ ကတိစကားကို ယုံကြည်ရမလားဆိုသည်မှာ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ သူ၌ တခြား ရွေးချယ်စရာ မရှိတော့ခြင်းပင်။

မပြောလျှင် အသေစားခံရမည်။

ပြောပြလိုက်လျှင် တခါတရံ လွတ်မြောက်နိုင်သည့် အခွင့်အရေး ရှိကောင်းရှိနိုင်မည် မဟုတ်လား။

“ဒါဆိုရင်လည်း ရှေ့ဆောင်ကြီးကပဲ ကျွန်တော့်ကို ကွမ်းမိုဟိုင်ဆီ ခေါ်သွားပေးပါ၊ ကျွန်တော် ရှေ့ဆောင်ကြီးကိုပဲ ပြောပြမယ်။ ဘာလို့လဲဆိုတော့ တားမြစ်နယ်မြေထဲက နတ်ဘုရားစွမ်းအားက အကျိုးဆက်တွေ အများကြီး ပါဝင်နေလို့ပါ။”

ဖန့်ချန် က ရယ်မောလျက် ပြောသည်။

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် သံအလောင်းရဟန္တာ နှင့် အင်အားချင်း မတိမ်းမယိမ်းရှိသော ကျိုကျူးတောင်မှ ဟင်းလင်းပြင် ကွပ်မျက်သူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ဖန့်ချန် ကို ကြည့်သည့် အကြည့်မှာ ပို၍ အေးစက်လာပြီး သံအလောင်းရဟန္တာ ကိုလည်း စောင်းငဲ့ကြည့်လိုက်သည်။

“ဟားဟား၊ ဒီအချိန်မှာ သွေးခွဲဖို့ မကြိုးစားပါနဲ့တော့။ ဝိညာဉ်ထိန်းသိမ်းရေးရုံး တားမြစ်နယ်မြေက ငါတို့ ကွမ်းမိုဟိုင်တစ်ခုတည်း ပိုင်တဲ့နေရာ မဟုတ်ဘူး။ ကောင်းတဲ့အရာဆိုရင် အားလုံး ဝေမျှစားသောက်သင့်တာပေါ့။”

သံအလောင်းရဟန္တာ က ရယ်မောလျက် ပြောလိုက်ရာ သူ၏ အကြည့်ထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

အဖွဲ့အသီးသီးမှာမှ စိတ်အေးသွားကြပြီး ဖန့်ချန် ကို အေးစက်စက် လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကြသည်။

“ဒါဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့…”

ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ၏ အတွင်းကမ္ဘာနယ်မြေထဲမှ စွမ်းအားများမှာ ခန္ဓာကိုယ်ထဲသို့ တရစပ် စီးဝင်နေသည်။

သူ အလွယ်တကူ လက်မြှောက်အရှုံးပေးမည် မဟုတ်သလို၊ ဟင်းလင်းပြင် ကွပ်မျက်သူများ၏ လက်ထဲသို့လည်း အမိဖမ်းခံမည် မဟုတ်ပေ။

ယခုတွင်တော့ သူ၏ သိုင်းသူတော်စင် အသွင်ကိုယ်ထည်ကို အသုံးပြု၍ သေဆုံးချိန်တွင် အနည်းငယ် လှပစွာ သေဆုံးနိုင်ရန်သာ ကြိုးစားရတော့မည်။

“ကံကောင်းတာက ဝမ်အိုကြီး တို့က ရွှေဟွေးတက္ကသိုလ်မှာ ရှိနေတာပဲ။ သူ မှတ်ဉာဏ်တွေ ပြန်ရလာတဲ့ တစ်နေ့ကျရင် အဘိုးကြီးတို့ရဲ့ အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်ပေးနိုင်မယ့်သူ ရှိနေဦးမှာပါ…”

ဖန့်ချန် ၏ မျက်လုံးထဲမှ အရောင်အဆင်းများ မှိန်ဖျော့သွားပြီး စင်ကြယ်သော အဖြူရောင် ဖြစ်လာသည်။

ဒါက သူ့ရဲ့ တကယ့် မူလ မျက်လုံးပင် ဖြစ်ပြီး ယနေ့တိုင် ဤမျက်ဝန်းစုံမှာ အရင်အတိုင်း ပြန်မဖြစ်လာသေးပေ။

သံအလောင်းရဟန္တာ မှာ အမူအရာ ပြောင်းလဲသွားသည်။ အနီးအနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများ အားလုံးမှာ ဖန့်ချန် ထံမှ သူတို့ အကျွမ်းဝင်ဆုံး အနံ့တစ်မျိုးကို ရလိုက်ကြသည်။

အသေကောင် အနံ့။

ဒီကောင်က သူတို့ကို နောက်ဆုံးအထိ ရင်ဆိုင်တိုက်ခိုက်တော့မှာလား။

သူတို့ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားကြသည်။

“ဟေ့”

သံအလောင်းရဟန္တာ က အေးစက်စက် ရယ်မောလိုက်ပြီး စကားတစ်ခုခု ပြောမည်အပြုတွင် ချက်ချင်းပင် သူ၏ မျက်နှာမှာ ပြောင်းလဲသွားကာ အသိစိတ်မရှိဘဲ တစ်နေရာသို့ လှည့်ကြည့်လိုက်သည်။

ကျန်သူများလည်း တစ်စုံတစ်ခုကို သတိပြုမိသွားကာ ထိုနေရာဆီသို့ အကြည့်ရောက်သွားကြသည်။

ထိုနေရာရှိ ဟင်းလင်းပြင်ထဲတွင် ဧရာမ ပေါ်လောပေါ်နေသော အလောင်းကြီး တစ်လောင်း ပေါ်လာသည်။

“ဒါက…”

ဖန့်ချန် လှည့်ကြည့်လိုက်ရာ စိတ်ထဲတွင် အံ့အားသင့်သွားသည်။

သူ ထိုအလောင်းကို မြင်ဖူးသည်။ အရင်က တားမြစ်နယ်မြေသို့ သွားသည့်လမ်းတွင် သူ မြင်ဖူးခဲ့သည်။

သို့သော် ထိုစဉ်က သူ၏ ကိုယ်ပေါ်တွင် ဟွမ်းရှီီီး ရှိနေ၍ ဤအလောင်းမှာ သူ လူ့လောကမှ လာသည်ကို မသတိပြုမိခဲ့ပေ။

ဖန့်ချန် မျက်ဝန်းဖြင့် အနီးအနားရှိ သံအလောင်းရဟန္တာ အပါအဝင် ဟင်းလင်းပြင် ကွပ်မျက်သူများကို တစ်ချက် ကြည့်လိုက်ရာ သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့်အတူ... ရိုသေလေးစားမှုများ ပါဝင်နေသည်ကို တွေ့ရသည်။

ထိုအလောင်းက သံအလောင်းရဟန္တာ တို့ထက်ပင် အဆပေါင်းများစွာ သာလွန် အစွမ်းထက်နေတာလား။

“ကွမ်မိုဟိုင် မှ သံအလောင်း၊ ဟွာကျစ်ဇိုင်းရှီ ကို ဂါရဝပြုပါတယ် ”

သံအလောင်းရဟန္တာ မှာ လက်ယှက်၍ လေးလေးစားစား အရိုအသေပေးသည်။

ကျိုကျူးတောင်မှ တစ်ယောက်လည်း မပေါ့ဆရဲဘဲ အလျင်အမြန်ပင် ဂါရဝပြုသည်။

တစ်ခဏချင်းတွင်ပင် ဤနေရာတွင် ရှိနေသော မာနကြီးသည့် ဟင်းလင်းပြင် ကွပ်မျက်သူများမှာ ထိုအလောင်းဆီသို့ အဝေးကပင် အရိုအသေပေးလိုက်ကြပြီး အလွန်ပင် ရိုကျိုးနေသည့် အမူအရာများ ပေါ်လွင်နေသည်။

“ဟွာကျစ်ဇိုင်းရှီ လား”

ဖန့်ချန် တစ်ချက်မျှ မလှုပ်ရှားဘဲ အရိုအသေ မပေးသလို၊ ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးရန်လည်း မကြိုးစားခဲ့ပေ။

သူ မပြေးချင်၍ မဟုတ်ဘဲ၊ ထိုနေရာတစ်ဝိုက်တွင် မသိမသာ ဖုံးလွှမ်းနေသော စွမ်းအားတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ ထိုစွမ်းအားကို ပို၍ အာရုံခံနိုင်ပြီး ပို၍လည်း ကြောက်ရွံ့နေကြသည်။

“မင်းတို့ ဒီနေရာမှာ ဆူညံနေကြတာပါလား၊ ဘာကိစ္စ ဖြစ်နေတာလဲ ”

ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ဖန့်ချန် ၏ ကိုယ်တွင်းမှ ဓားငယ်လေးမှာ တုန်ခါနေသည်။

သူကိုယ်တိုင်လည်း ထိုအသံမှာ အလွန်ပင် ရင်းနှီးနေသည်ဟု ခံစားရသည်။

ထိုဧရာမ အလောင်းကြီးမှာ တဖြည်းဖြည်း သေးငယ်သွားပြီးနောက် နောက်ဆုံးတွင် (၁၀) တောင်ခန့် အရွယ်အစား ဖြစ်သွားသည်။

အလောင်းပေါ်တွင် ရပ်နေသည့် ပုံရိပ်တစ်ခုမှာ -

အမြင့် (၃) ပေသာရှိပြီး (၄) နှစ်၊ (၅) နှစ်အရွယ် ကလေးငယ်တစ်ယောက်အလား သံအလောင်းရဟန္တာ တို့ကို ပြုံးရယ်လျက် ကြည့်နေသည်။

“အဲဒါက…”

ဖန့်ချန် ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။

တစ်ဖက်လူမှာ အနည်းငယ် ကြီးပြင်းလာပြီး မျက်နှာသွင်ပြင်လည်း အနည်းငယ် ပြောင်းလဲသွားသော်လည်း -

သူ၏ အမူအရာမှာမူ အရင်ကနှင့် ဘာမှ မခြားနားပေ။

ဝိညာဥ်ကလေးငယ်

ဤသည်မှာ ဟွာကျိသိုက်မယ်တော် ယခင်က နှိပ်ကွပ်ရန် တာဝန်ယူခဲ့ဖူးသော ဝိညာဥ်ကလေးငယ်ဖြစ်သည်။

ဖန့်ချန် အံ့အားသင့်နေစဉ်မှာပင် ဝိညာဥ်ကလေးငယ်က သူ့ကို မျက်တောင်ခတ်ပြလိုက်သည်ကို တွေ့လိုက်ရသည်။

သို့သော် သူ သေချာကြည့်လိုက်သောအခါ တစ်ဖက်လူမှာ သူ့ကို လုံးဝ မကြည့်နေသည်ကို တွေ့လိုက်ရသည်။

ခုနက ခံစားချက်မှာ အမှားအယွင်း တစ်ခုလား မသိနိုင်တော့ပေ။

“ဟွာကျစ်ဇိုင်းရှီ အမိန့်အတိုင်းပါ၊ ကျွန်တော်တို့က ဒီလူ့လောကက လာတဲ့ အမှိုက်တွေကို ဝိုင်းပတ်ဖမ်းဆီးနေတာပါ။”

သံအလောင်းရဟန္တာ မှာ ရိုသေလေးစားစွာ ပြောသည်။

သူ့၏ ကိုယ်နေဟန်မှာ ကလေးငယ်တစ်ယောက်နှင့် ရင်ဆိုင်နေရချိန်တွင် ကြောင်တစ်ကောင်က ကျားကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

တကယ်ပင် ရယ်စရာကောင်းသော်လည်း ထိုနေရာရှိ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ မည်သူမျှ ရယ်မောနိုင်ခြင်း မရှိကြပေ။

ပေယွမ်ဇီ တို့ဆိုလျှင် ချွေးစေးများပင် ပြန်နေကြသည်။

မျက်စိရှေ့က လူ၏ နောက်ခံမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။

ကောင်းကင်အရှင် သူတော်စင် ကိုပင် နောက်ခံအဖြစ် ရှိထားကြသည့် သူတို့လို လူများပင် ဤနေရာတွင် တုန်လှုပ်ချောက်ချားနေကြရသည်။

“လူ့လောကက လာတဲ့ အမှိုက်သရိုက်တွေ”

ဟွာကျစ်ဇိုင်းရှီ မှာ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဘာတွေ ဖြစ်ပျက်နေတာလဲဆိုတာ ငါ့ကို ပြောပြစမ်းပါ။”

သံအလောင်းရဟန္တာ တို့မှာ မဖုံးကွယ်ရဲဘဲ ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းပင် အကုန် ပြောပြလိုက်သည်။

“ဘာကိစ္စလဲလို့ ငါ ထင်လိုက်တာ၊ ဝိညာဉ်ထိန်းသိမ်းရေးရုံး တားမြစ်နယ်မြေလား အဲဒါက သာမန် ဝိညာဉ်မျိုးနွယ်စု သေဆုံးပြီးနောက် ကျန်ခဲ့တဲ့ တားမြစ်နယ်မြေတစ်ခုပဲ၊ မင်းတို့ကတော့ ရတနာတစ်ခုလို သဘောထားနေကြတာ။”

ဟွာကျစ်ဇိုင်းရှီ မှာ လှောင်ပြောင်လိုက်သည်။

“အားလုံး ထွက်သွားကြတော့၊ ဒီလူ့လောကက လာတဲ့ အမှိုက်ကို ငါယူမယ်။”

“…”

အခန်း (၂၃၅၄) - အဖေ

“ဒီ……”

ဟင်းလင်းပြင် ကွပ်မျက်သူများအားလုံး ကြောင်အသွားကြသည်။

သံအလောင်းရဟန္တာ ၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်ခြင်းနှင့် အံ့အားသင့်သံသယဖြစ်ခြင်းများ ရောထွေးနေသည်။

“ဘယ်လိုလဲ မထွက်သွားသေးဘူးလား”

ဟွာကျစ်ဇိုင်းရှီ မှာ ပြုံးလျက် ပြောသည်။

သူ၏ အသံမှာ ကလေးငယ်တစ်ယောက်အလား နုနယ်နေသော်လည်း ယခုအချိန်တွင်မူ ကောင်းကင်နှင့် မြေကြီးကိုပင် ဖိထားနိုင်လောက်သည့် အရှိန်အဝါများ ပြည့်နှက်နေသည်။

သံအလောင်းရဟန္တာ ၏ ကိုယ်ခန္ဓာမှာ တုန်ယင်သွားသည်။ ဖန့်ချန် ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ယှက်ကာ ပြောလိုက်သည်။

“ကျွန်တော်မျိုးတို့ ချက်ချင်း ထွက်သွားပါ့မယ်။”

ပြောပြီးသည်နှင့် သူသည် နောက်ကြောင်းပြန်လှည့်ကာ မတုံ့ဆိုင်းဘဲ ထွက်ခွာသွားသည်။

ကျိုကျူးတောင်မှ တစ်ယောက်လည်း ပေယွမ်ဇီ တို့ကို ခေါ်ဆောင်ကာ အလျင်အမြန်ပင် ထွက်ခွာသွားသည်။

ကျန်ရှိနေသော ဟင်းလင်းပြင် ကွပ်မျက်သူများမှာလည်း ကြောက်ရွံ့လွန်းသဖြင့် တစ်ခဏအတွင်းပင် ပျောက်ကွယ်သွားကြတော့သည်။

ဖန့်ချန် သည် မျက်စိရှေ့က ကလေးငယ်မှာ အရင်က ဝိညာဉ်ကလေးငယ် ဖြစ်သည်ဟု ယူဆထားသည်။

သူ့ကိုယ်တွင်းမှ ဓားငယ်လေးကလည်း ထိုအတိုင်းပင် ထင်မှတ်နေသည်။

သို့သော် နှစ်ဦးသားကြားတွင် ယခင်ကကဲ့သို့ ‘အမိန့်ပေး စေခိုင်းခြင်း’ ဆက်ဆံရေးမျိုး မရှိတော့ပေ။

အရင်က နယ်မြေကိုးခုတွင် သေခြင်းမှ ရှင်သန်လာပြီးနောက် သူ အမိန့်ပေး ချုပ်ကိုင်ထားခဲ့သော အရာအားလုံးမှာ ငရဲမင်းအမိန့်တော်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ထိုသူများအားလုံး ပြန်လည်ဝင်စားသွားပြီဟု ထင်မှတ်ခဲ့သည်။

တစ်ချို့သော သူများကို သူ အလယ်ခေါင် မဟာနယ်မြေထဲတွင် မြင်တွေ့ခဲ့ရသည်။

ဝိညာဉ်ကလေးငယ်မှာ ဤနေရာသို့ ရောက်ရှိလာပြီး ဟင်းလင်းပြင် ကွပ်မျက်သူများထဲမှ လူကြီးမင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူသည် မျက်စိရှေ့က ဝိညာဉ်ကလေးငယ်မှာ အရင်အတိုင်း ရှိသေးသလားဆိုသည်ကို အတည်ပြု၍ မရပေ။

ထို့ကြောင့်သာ တိတ်ဆိတ်စွာဖြင့် တစ်ဖက်လူကို ကြည့်နေလိုက်သည်။

ဟွာကျစ်ဇိုင်းရှီ သည် ဟင်းလင်းပြင် ကွပ်မျက်သူများ အားလုံး ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးနောက် ထိုဧရာမ အလောင်းကြီးကို နင်းလျှောက်ကာ ဖန့်ချန် အနားသို့ ရောက်ရှိလာသည်။

အလောင်းကြီး နီးကပ်လာသည်နှင့်အမျှ ဖန့်ချန် သည် ထိုအလောင်းထံမှ အလွန် ပြင်းထန်သော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

ဤခံစားချက်မှာ အရင်က သူ ကော်ယန်ရှောင်း ၏ အထွတ်ထိပ်တာအိုအဆင့် နှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် ပိုမို ပြင်းထန်နေသေးသည်။

ဟွာကျစ်ဇိုင်းရှီ သည် ဖန့်ချန် ကို စူးစိုက်ကြည့်နေပြီး စကားမပြောပေ။

နှစ်ဦးသား ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ဟွာကျစ်ဇိုင်းရှီ သည် ရုတ်တရက် ရယ်မောလိုက်သည်။

“အဖေ ကျွန်တော့်ကို မမှတ်မိတော့ဘူးလား”

အမှန်ပင်၊ အရင်က ဝိညာဉ်ကလေးငယ် မဟုတ်တော့ပေ။

ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

အရင်က ဝိညာဉ်ကလေးငယ်ဆိုလျှင် ဖေဖေ ဟုသာ ခေါ်လေ့ရှိသည်၊ ဘယ်မှာ အဖေ ဟု ခေါ်ပါ့မလဲ။

“မင်းက ဝိညာဉ်ကလေးငယ် မဟုတ်လား"

ဖန့်ချန် က တိုးတိုးလေး မေးသည်။

ဟွာကျစ်ဇိုင်းရှီ သည် ပျော်ရွှင်စွာ ပြောသည်။

“အဖေ ကျွန်တော့်ကို မှတ်မိနေသေးတာပဲ။”

“ အခုက အရင်နဲ့ မတူတော့ဘူး။ မင်းနဲ့ ငါနဲ့ကြားမှာ အမိန့်ပေးချုပ်ကိုင်မှု ဆက်ဆံရေး မရှိတော့ဘူး။

မင်းရဲ့ စိတ်ဓာတ်တွေကလည်း အခု တည်ငြိမ်နေပုံပဲ။

ဘာကြောင့် ငါ့ကို အဖေ လို့ ခေါ်နေသေးတာလဲ”

ဖန့်ချန် သည် စကားလုံးများကို ရွေးချယ်၍ ပြောသည်။

“ကျွန်တော်တို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး အသိပဲ၊ ပြောစရာရှိရင် တိုက်ရိုက်သာ ပြောကြတာ ပိုကောင်းမယ်။”

ဟွာကျစ်ဇိုင်းရှီ သည် ခဏမျှ ကြောင်သွားပြီးနောက် ဖန့်ချန် ကို မယုံကြည်နိုင်စွာ ကြည့်သည်။

“အဖေက ကျွန်တော့်ကို မမှတ်မိချင်တော့တာလား”

သူ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး မျက်ရည်များမှာ မြင်သာသောနှုန်းဖြင့် နီရဲလာသည်။

ထို့နောက် မျက်ရည်စက်များမှာ တစ်စက်ပြီးတစ်စက် ကျလာသည်။

အသံထွက်၍ ငိုကြွေးခြင်း မရှိသော်လည်း ယခုမြင်နေရသည့် ပုံစံမှာ အလွန်ပင် ဝမ်းနည်းကြေကွဲနေသည့် ပုံပင်။

သူ့ခြေအောက်ရှိ အလောင်းကြီး၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကြမ်းတမ်းလာသည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တဖြည်းဖြည်းနှင့် ကွဲအက်လာသည်။

ဟင်းလင်းပြင်ကြီး တစ်စစီ ပြိုကွဲတော့မည့်အလား။

ဖန့်ချန် သည် ဝိညာဉ်ကလေးငယ်၏ ဝမ်းနည်းမှုမှာ အမှန်တကယ် ဖြစ်ပြီး သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ခံစားမိသည်။

ဟင်းလင်းပြင်မှာ သူ၏ ရှေ့အထိ ကွဲအက်လာတော့မည်ကို မြင်သောအခါ အလျင်အမြန်ပင် ပြောလိုက်သည်။

“အရင်ငိုနေတာ ရပ်လိုက်ဦး၊ ငါတို့သားအဖ နှစ်ယောက် တစ်နေရာရာမှာ ထိုင်ပြီး သေချာ စကားပြောကြရအောင်။”

ဟွာကျစ်ဇိုင်းရှီ သည် ချက်ချင်း ငိုသံရပ်လိုက်ပြီး ပျော်ရွှင်စွာ ဖိတ်ခေါ်သည်။

“အဖေ လာခဲ့ပါ။”

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက်။

ဧရာမ အလောင်းကြီးမှာ ဟင်းလင်းပြင်ထဲတွင် ဆက်လက် မျောလွင့်နေဆဲပင်။

သို့သော် ယခုမူ သူ၏ ပုံစံမှာ မူလအတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သည်။

ကြယ်တာရာ တစ်စင်းအလား။

ဖန့်ချန် သည် ခြေဖျားဖြင့် မြေပြင်ကို နင်းကြည့်လိုက်သည်။ သူသည် အလောင်းတစ်လောင်းပေါ်တွင် ရပ်နေသည်ဟု ဘယ်သူက ယုံပါ့မလဲ။

ဟွာကျစ်ဇိုင်းရှီ သည် ဟီးဟီးရယ်မောလျက် ပြောသည်။

“အဖေ၊ ကျွန်တော်တို့ ဒီနေရာမှာဆို အလွန်လုံခြုံပါတယ်။ အနည်းဆုံးတော့ အစစ်မှန်ဝိညာဉ်မျိုးနွယ်စုထဲမှာ ကျွန်တော် စားမှာ ကြောက်လို့ ဘယ်သူမှ လွယ်လွယ်နဲ့ မလာရဲကြဘူး။”

“မင်းမှာ အခု နာမည် ရှိလား ”

ဖန့်ချန် ခဏတွန့်ဆုတ်ပြီးနောက် မေးသည်။

“ရှိတာပေါ့၊ ကျွန်တော့်နာမည် ဖန့်ဖိန်အန်း ပါ။”

ဖန့်ဖိန်အန်း က ပျော်ရွှင်စွာ ပြောသည်။

“အင်း၊ ဒီနာမည်လေးက ကောင်းသားပဲ၊ ငြိမ်းချမ်းပြီး အန္တရာယ်ကင်းတယ်၊ တော်တော်လေး ကောင်းတယ်။”

ဖန့်ချန် ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အခု အခြေအနေက ဘာလဲ၊ အရင်က နယ်မြေကိုးခု မှာ ဖြစ်ခဲ့သမျှ အားလုံးက ချင်းမင် မဟာမိတ်ဘက်မှာ ဝင်စားသွားကြရမှာ မဟုတ်လား။

ဘာကြောင့် မင်းက ဒီနေရာကို ရောက်နေရတာလဲ။

သူတို့က ဘာလို့ မင်းကို ဟွာကျစ်ဇိုင်းရှီ လို့ ခေါ်နေကြတာလဲ”

“ကျွန်တော်လည်း မသိဘူး……”

ဖန့်ဖိန်အန်း ၏ မျက်ဝန်းများတွင် မရေရာမှုများ ပေါ်လာသည်။

“အားလုံးကို ပြန်သတိရလာတဲ့အခါ ကျွန်တော် ဒီနေရာကို ရောက်နေပြီ။ တွမ်းမူ ဦးလေးကပဲ ကျွန်တော့်ကို စောင့်ရှောက်ပေးတာ။

ဒီက အစစ်မှန်ဝိညာဉ်တွေက တွမ်းမူ ဦးလေးကို အရမ်း ကြောက်ကြတာ။ သူတို့ ကျွန်တော့်ကို မြင်ရင် ဟွာကျစ်ဇိုင်းရှီ လို့ ခေါ်ကြတယ်၊ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်တော်လည်း မသိဘူး။

ဒါပေမဲ့ သူတို့က ကျွန်တော့်ကိုလည်း အရမ်း ကြောက်ကြတယ်။ ကျွန်တော် ဘာပြောပြော သူတို့ ပြန်မပြောရဲကြဘူး။”

တွမ်းမူ ဦးလေး

ဖန့်ချန် ၏ မျက်လုံးများမှာ ပိုမိုလေးနက်သွားသည်။ အမှားအယွင်း မရှိပါက ဤသူမှာ ဟင်းလင်းပြင် ကွပ်မျက်သူများထဲမှ လူကြီးမင်းတစ်ဦး ဖြစ်ပေလိမ့်မည်။

ဆိုလိုသည်မှာ…

ဝိညာဉ်ကလေးငယ်မှာ အကြောင်းရင်း မသိရဘဲ ချင်းမင် နတ်ဘုံတွင် မဝင်စားဘဲ ထိုလူကြီးမင်း၏ တပည့် ဖြစ်သွားခြင်းလား။

ဒါကြောင့် သံအလောင်းရဟန္တာ အပါအဝင် ဟင်းလင်းပြင် ကွပ်မျက်သူများမှာ သူ့ကို အလွန် ကြောက်ရွံ့နေကြတာလား။

“ထျန်းချင်ဇီ တို့ နောက်ကွယ်မှာ ကောင်းကင်အရှင် သူတော်စင် ရှိတယ်၊ ပြီးတော့ ကွမ်းမိုဟိုင်ရဲ့ အင်အားစုက သူတို့ထက် ပိုတောင် သာလွန်သေးတယ်။ ဒါပေမဲ့ သံအလောင်းရဟန္တာ က ဝိညာဉ်ကလေးငယ်ကို... မဟုတ်ဘူး၊ ဖိန်အန်း ကို မြင်လိုက်ရတဲ့အချိန်မှာ အဲဒီလောက်ထိ ကြောက်ရွံ့နေခဲ့တာ။ သူပြောတဲ့ တွမ်းမူ ဦးလေးဆိုတာက...”

ဖန့်ချန် စိတ်ထဲတွင် လှိုင်းထန်သွားသည်။

တစ်ဖက်လူမှာ ကောင်းကင်အရှင် သူတော်စင် အဆင့်ရှိသည့် ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်နေမလား။

“ဖိန်အန်း၊ မင်းရဲ့ လက်ရှိ အစွမ်းအစက ဘယ်အဆင့်မှာ ရှိလဲ ”

ဖန့်ချန် စိတ်ထဲက အတွေးများကို ဖိနှိပ်လိုက်ပြီး ဖန့်ဖိန်အန်း ကို မေးလိုက်သည်။

ဖန့်ဖိန်အန်း သည် အရင်က ဝိညာဉ်ကလေးငယ်ပုံစံနှင့် အတော်လေး ပြောင်းလဲသွားသည်။

သူ၏ အသားအရည်မှာ လူအရှင်တစ်ယောက်နှင့် မတူသေးသော်လည်း အလွန်ပင် ချောမောလှပပြီး မျက်နှာသွင်ပြင်များမှာလည်း ပန်းပုထုထားသလို လှပနေသည်။

သူ့ခြေအောက်တွင် မည်မျှ အစွမ်းထက်သည့် ဟင်းလင်းပြင် ကွပ်မျက်သူရှိနေသည်ကို မသိဘဲ၊ ခုနကပင် သံအလောင်းရဟန္တာ တို့ကို ကြောက်လန့်အောင် လုပ်ခဲ့သည်ကိုသာ မမြင်ခဲ့လျှင် ဖန့်ဖိန်အန်း ၏ သာမန် အရှိန်အဝါနှင့် ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး သူသည် အလွန် အစွမ်းထက်သည့် ဟင်းလင်းပြင် ကွပ်မျက်သူတစ်ဦး ဖြစ်မည်ဟု ဘယ်သူမှ ယုံမည်မဟုတ်ပေ။

“ဘယ်အဆင့်လဲဆိုတော့… တွမ်းမူ ဦးလေး ပြောတာကတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေကို သွားမစော်ကားသရွေ့ အစစ်မှန်ဝိညာဉ်မျိုးနွယ်စုရဲ့ နယ်မြေထဲမှာ ကျွန်တော့်ကို ယှဉ်နိုင်မယ့်သူ မရှိဘူးတဲ့။”

ဖန့်ဖိန်အန်း က ပြောသည်။

စကားစပ်မိရာမှ သူ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဖန့်ချန် ကို ပြောသည်။

"အဖေ အဖေက လူအရှင်တစ်ယောက်ပါ၊ ဒီနေရာကို လာတာ အန္တရာယ် အရမ်းများတယ်။

အဖေရဲ့ အသက်ရှုသံက အစစ်မှန်ဝိညာဉ်တွေကို အမြဲ သတိပေးနေသလိုပဲ။ သူတို့က လူအရှင်တွေကို စားရတာ အရမ်း ကြိုက်ကြတယ်၊ ပြီးတော့ ၁၈ ထပ် ယင်လောကက ဝိညာဉ်မျိုးနွယ်စုတွေကိုလည်း စားကြတယ်။

နောက်ဆို အရေးမကြီးရင် ဒီဘက်ကို မဆင်းလာပါနဲ့တော့။

တကယ်လို့ မဖြစ်မနေ လာရမယ်ဆိုရင် ကျွန်တော့်ကို အသိပေးပါ။

ဒါပေမဲ့ အစစ်မှန်ဝိညာဉ်တွေက အဖေတို့နဲ့ အရမ်း ရင်းနှီးလို့ မရဘူး၊ ဒါကြောင့် ကျွန်တော် အဖေ့ကို ဘေးကနေပဲ ကာကွယ်ပေးနိုင်မှာပါ။”

ပြောပြီးသည်နှင့် သူသည် ရင်ဘတ်ထဲမှ နံ့သာတိုင်တစ်ချောင်းကို ထုတ်ကာ ဖန့်ချန် ကို ပေးသည်။

"အဖေ၊ အဖေ ဆင်းလာတဲ့အခါ ၁၉ ထပ် ဟင်းလင်းပြင်မှာ ဒီတိုင်ကို မီးရှို့လိုက်ရင် အဖေရောက်နေမှန်း ကျွန်တော် သိလိမ့်မယ်။”

“သတင်းပို့ နံ့သာတိုင်ပဲပေါ့။”

ဖန့်ချန် လက်ခံယူလိုက်သည်။

သူ စဉ်းစားခန်း ဝင်မည့်အချိန်မပေးဘဲ ဖန့်ဖိန်အန်း က တိုးတိုးလေး ပြောသည်။

“မကောင်းတော့ဘူး၊ တွမ်းမူ ဦးလေး လာနေပြီထင်တယ်။ ဖခင်ကြီး မြန်မြန် ထွက်သွားပါ။”

“ဖိန်အန်း၊ နောက်တစ်ခါ ငါ မင်းဆီ လာလည်မယ်၊ ဒီမှာ... သတိထားနေပါဦး။”

ဖန့်ချန် ၏ မျက်ဝန်းများမှာ လေးနက်သွားသည်။

ထိုအချိန်တွင် ကိုယ်တွင်းမှ အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

ဓားငယ်လေးမှာ လူပုံစံ ပြောင်းလဲသွားပြီး ဖန့်ဖိန်အန်း ကို ဖက်ထားလိုက်သည်။

“ဓားငယ်အစ်မ ”

ဖန့်ဖိန်အန်း အလွန် ပျော်ရွှင်နေသည်။

“ဖန့်ချန် စကား နားထောင်နော်၊ ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့ရင် သတိထားပါ၊ အနိုင်ကျင့် မခံရအောင် နေနော်။”

ဓားငယ်လေးမှာ မခွဲချင်သလို မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

All Chapters