← Chapters

အခန်း (၂၃၅၉-၂၃၆၀)

Vol. 236 Ch. 2359-2360

အခန်း (၂၃၅၉-၂၃၆၀)

Vol. 236 Ch. 2359-2360

အခန်း (၂၃၅၉) - အပြင်တွင် ကြမ်းတမ်း၊ အတွင်းတွင် ဘုရင်

ခန်းမအတွင်းရှိ တပည့်ကြီး၊ တပည့်ငယ်များမှာ တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။ တစ်ခါတစ်ရံ ခေါင်းညိတ်လိုက်၊ တစ်ခါတစ်ရံတွင်မူ ထူးဆန်းသော အမူအရာများ ပေါ်လာသည်။

ဒီနေ့မှာတော့ အားလုံးက ကိုယ့်လျှို့ဝှက်ချက်တွေကို အကုန်ထုတ်ဖော်ပြသကြသည့် ဝန်ခံချက်ပေးပွဲ တစ်ခုနှင့် ဆင်တူနေသည်။

“ဒါတောင် မသေချာသေးဘူး၊ ဝှက်ထားတာတွေ ကျန်သေးရင် ကျန်သေးမှာ။”

ဖန့်ချန် စိတ်ထဲတွင် ရေရွတ်လိုက်ပြီး အကြည့်များမှာ ရှူရှန့် ထံသို့ ရောက်သွားသည်။ ကရုဏာတောင်တွင် အမှန်တကယ်ပင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားခဲ့မှသာ ရှူရှန့် တစ်ယောက် ဒီနေ့ ဒီလောက်အထိ ဒေါသထွက်ပြီး ယခင်ပုံစံကို ပြောင်းလဲကာ တပည့်များကို ကောင်းကင်ငါးပါး စစ်မြေပြင်သို့ အတင်းအကြပ် စေလွှတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ဝမ်ချုံစန်း တို့၏ အကြည့်များမှာလည်း ရှူရှန့် ထံသို့ ရောက်ရှိသွားသည်။ ကျန်းတောက်ယွဲ့ တို့အဖွဲ့ကပင် တစ်ခုခု လျှိုဝှက်ထားသေးလျှင် ဤ ရှူဆရာ ဆိုသူမှာလည်း လျှို့ဝှက်ချက်များ ရှိနေဦးမည် မဟုတ်ပါလား။

လူတိုင်းကို စိတ်ပျက်မသွားစေခဲ့ပေ။ ရှူရှန့် ၏ ခန္ဓာကိုယ်မှ စွမ်းအားများမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။ နောက်ဆုံးတွင်မူ လူတိုင်း နားမလည်နိုင်တော့သည့် အဆင့်အထိ ရောက်ရှိသွားသည်။

“ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့် လား…”

ဖန့်ချန် စိတ်ထဲတွင် အံ့ဩမိသည်။ ကရုဏာတောင်၏ ဆရာတစ်ဦးမှာ အမှန်တကယ်တွင် ကောင်းကင်နိမိတ် သူတော်စင် တစ်ပါး ဖြစ်နေပြီး လူသားမျိုးနွယ်စု ပညာသင်ကျောင်းတော်၏ ထိပ်တန်း ကာကွယ်ရေးဆရာများနှင့်ပင် ယှဥ်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိပါ့မလဲ။

“ငါဟာ ‌ချင်းမင်သံတမန် ရာထူးကို လက်ခံထားပြီးပြီ၊ မကြာခင်မှာ ချင်းမင် နယ်မြေ တစ်ခွင်ကို လှည့်လည် စစ်ဆေးရတော့မယ်။ နောင်အခါမှာ ကရုဏာတောင်ရဲ့ ဆရာက မင်းတို့ရဲ့ အစ်ကိုကြီး ကျန်းတောက်ယွဲ့ ဖြစ်လိမ့်မယ်။ နောက်တစ်ခါ ကရုဏာတောင်ကို ဝင်လာမယ့် တပည့်တွေကတော့ မင်းတို့ရဲ့ တပည့်တူတွေ ဖြစ်လာကြတော့မယ်။”

ရှူရှန့် က ပြောသည်။

“ဆရာ ချင်းမင် သံတမန် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ”

ကျန်းတောက်ယွဲ့ က စကားဆုံးသည်နှင့် ဦးစွာ လက်ယှက်၍ အရိုအသေပြုသည်။ လူတိုင်းမှာလည်း ထိုနည်းအတိုင်းပင် ဂုဏ်ပြုစကား ဆိုကြသည်။ ရှူရှန့် ကမူ နှာခေါင်းရှုံ့ကာ ရယ်မောသည်။

“ဂုဏ်ယူစရာ ဘာရှိလို့လဲ၊ ဖြစ်နိုင်ရင် ငါ ဒီ ချင်းမင် သံတမန် ရာထူးကို မယူချင်ဘူး။ ငါတို့ရဲ့ လီရွှမ်ရှု ဘိုးဘေး ရွှမ်ရှင်းပင်လယ် မှာ အကြောင်းမဲ့ သေဆုံးသွားတာ မမြင်ကြဘူးလား သူလည်း ချင်းမင် ‌ သံတမန် တစ်ယောက်ပါပဲ။”

လူတိုင်း၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်သွားသည်။

“ဆရာ… ဒီတစ်ခါ… ဘာတွေ ဖြစ်ခဲ့တာလဲ ”

ဖန့်ချန် က ရုတ်တရက် မေးလိုက်သည်။ ဝမ်ချုံစန်း တို့အဖွဲ့မှာလည်း နားစွင့်နေကြသည်။ သူတို့လည်း သိချင်နေကြသော်လည်း အဆင့်အတန်းကြောင့် မမေးရဲခဲ့ကြပေ။ ဖန့်အစ်ကိုကြီးမှာမူ ကရုဏာတောင်တစ်ခုလုံးတွင် အထူးခြားဆုံး ဖြစ်ပြီး လူသားမျိုးနွယ်စု ပညာသင်ကျောင်းတော်၏ တရားစီရင်ရေးအကြီးကဲ လည်း ဖြစ်သလို၊ နေမင်းခုနှစ်ပါး ခန်းမတွင်လည်း ထူးချွန်သော တိုက်ပွဲမှတ်တမ်းများ ရှိသည်။နံပါတ်တစ် သူတော်စင် ဟူသည့် အမည်နာမနှင့်အတူ ထိုမေးခွန်းကို မေးရန် အရည်အချင်း ပြည့်မီသည်။

“မင်းတို့ သိတဲ့အတိုင်းပဲ၊ ငါတို့ ကရုဏာတောင်က အရင်က ‘အပြင်တွင် သူတော်စင်၊ အတွင်းတွင် ဧကရာဇ်’ ဆိုတဲ့ လမ်းစဉ်ကို လိုက်ခဲ့ကြတာ။ ငါတို့တွေ စာဖတ်ပြီးပဲ အချိန်ကုန်တယ်၊ ဘယ်သူ့ကိုမှ ရန်မလိုဘူး၊ ဘယ်တိုက်ပွဲမှာမှ မပါဝင်ဘူး။ ဘယ်အဖွဲ့အစည်းဘက်မှ မရပ်တည်ဘူး၊ တပည့်တွေရဲ့ အနှစ်သာရ ပြည့်စုံဖို့နဲ့ နောင်အခါမှာ သူတော်စင် လမ်းကြောင်းပေါ်မှာ ဝေးဝေးသွားနိုင်ဖို့ပဲ ဆုတောင်းခဲ့တာ။”

ရှူရှန့် က ဖန့်ချန် ကို ကြည့်၍ ပြောသည်။

“ဒါပေမဲ့ တစ်ယောက်ယောက်က ငါတို့ကို မနှစ်မြို့ကြဘူး၊ အတင်းအကျပ် ဖိအားပေးလာကြတယ်။ ဒီတစ်ခါမှာတော့ မင်းတို့ရဲ့ အစ်မတော် ဝမ်ယန် က ရွှမ်ရှင်းပင်လယ် မှာ အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ရပြီ လီရွှမ်ရှု ဘိုးဘေးရဲ့ သေဆုံးမှုအတွက်လည်း ဘယ်သူကမှ အဖြေမပေးနိုင်သေးဘူး။

တပည့်တွေကလည်း တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးနေတယ်။ အထက်က ဘိုးဘေးတွေက အဖြေရှာဖို့ ကြိုးစားပေမဲ့ သူတို့ကို ဟင်းလင်းပြင် တံခါးကို စောင့်ကြပ်ဖို့ အတင်းစေလွှတ်ခြင်း ခံလိုက်ရတယ်။

ဟမ့်… ဒါက တစ်ယောက်ယောက်က ငါတို့ ကရုဏာတောင်ကို လျှို့ဝှက်ပြီး အကွက်ချနေတာပဲ။”

စကားသံ ထွက်ပေါ်လာသည်နှင့် လူတိုင်း အံ့ဩသွားကြသည်။

“ဒီတစ်ခါ ငါနဲ့ မင်းတို့ရဲ့ အစ်ကိုကြီးတွေ အပြင်ကို သွားခဲ့တာက ဝမ်ယန် ပျောက်ဆုံးမှုအကြောင်း မေးမြန်းဖို့ပဲ။ သူတို့က ငါတို့ကို ပညာသင်ကျောင်းတော်က သူတော်စင်တွေလောက်ပဲ ရှိသေးတာ၊ ချင်းမင် နယ်မြေ ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မသင့်တော်ဘူး၊ ပြန်သွားပြီး သတင်းစောင့်နေကြပါဆိုပြီး ငါတို့ကို အလွယ်တကူပဲ မောင်းထုတ်လိုက်ကြတယ်။

ဘယ်သူ့ကိုမှ မယှဉ်ပြိုင်၊ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ နေပါလျက်နဲ့ အတင်းအကျပ် ဖိအားပေးလာရင်တော့ ငါတို့ ကရုဏာတောင်က နောက်ထပ် လမ်းကြောင်းတစ်ခုကို ရွေးရတော့မယ်။ ဒီလမ်းကြောင်းကို ‘အပြင်တွင် ကြမ်းတမ်း၊ အတွင်းတွင် ဧကရာဇ်’ လို့ ခေါ်တယ်။”

ရှူရှန့် က အေးစက်စက် ရယ်မောသည်။

“နောင်အခါ အပြင်က သူတော်စင်တွေကို အားနာစရာ မလိုတော့ဘူး။ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူလဲဆိုတာ မကြာခင် သူတို့ ကိုယ်တိုင် ပေါ်လာလိမ့်မယ်။”

ခေတ္တရပ်နားပြီးနောက်

“ပြီးတော့ စာကြည့်တိုက်က စာအုပ်တွေ၊ သွားချင်ရင် သွား၊ မသွားချင်ရင်လည်း နေပေါ့။ အရင်က မင်းတို့ကို အဲဒီစာအုပ်တွေ ဖတ်ခိုင်းတာက ကရုဏာတောင်က ဘိုးဘေးတစ်ယောက် အဲဒီထဲကနေ တစ်စုံတစ်ခု အစွမ်းထက်တဲ့ အရာကို ရခဲ့လို့၊ အရာရာကို သိရှိနိုင်တဲ့ စာအုပ် တစ်အုပ်ကို ရခဲ့လို့ပဲ။ အဲဒီအချိန်ကစပြီး ကရုဏာတောင်က စာဖတ်တဲ့ အလေ့အကျင့် ဖြစ်လာတာ။

ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဘာမှ မရခဲ့ဘူး။ အရင်လမ်းစဉ်ဟောင်းအတိုင်း လျှောက်လို့ မရတော့ဘူးဆိုတာ သိသာနေပြီ။”

ဖန့်ချန် - “……”

“အရာရာကို သိရှိနိုင်တဲ့ စာအုပ်”

လူတိုင်း အံ့ဩသွားကြသည်။ သို့သော် ကျန်းတောက်ယွဲ့ တို့၏ အမူအရာကို ကြည့်ရသည်မှာ ဤအကြောင်းကို သိရှိပြီးသား ဖြစ်ပုံရပြီး နောက်မှ ဝင်လာသည့် တပည့်များသာ မသိကြခြင်း ဖြစ်သည်။

“လောကမှာ တကယ်ပဲ အရာရာကို သိနိုင်တဲ့ စာအုပ် ရှိလို့လား ”

လူတိုင်း သံသယ ဖြစ်နေကြသော်လည်း ကရုဏာတောင် ဘိုးဘေးတစ်ဦး၏ အတွေ့အကြုံ ဖြစ်သည့်အတွက် အနည်းငယ်တော့ ယုံကြည်မှု ရှိနေကြသည်။

“စာကြည့်တိုက်မှာ အဲဒီစာအုပ်ကို ရှာမတွေ့ပေမဲ့ စာအုပ်တွေက ဘိုးဘေးတွေ နေရာအနှံ့ကနေ စုဆောင်းထားတာဆိုတော့ တစ်ခါတစ်ရံ ဖတ်ကြည့်တာ အကျိုးရှိပါတယ်။ ဟင်းလင်းပြင်၊ အတွင်းကမ္ဘာ တားမြစ်နယ်မြေ၊ အတွင်းရတနာ တွေအကြောင်း သိခွင့်ရတာပေါ့။”

ရှူရှန့် က ပြောသည်။

စကားဆုံးသော် သူသည် လက်ကို ဝှေ့ယမ်းလိုက်သည်။

“မင်းတို့ ပြန်ကြတော့၊ ငါ နင်ကျောင်းအုပ်ကြီး ကို သွားပြီး အကြောင်းကြားရဦးမယ်။ အချိန်အတော်ကြာ ပြန်မလာနိုင်ဘူး၊ ဘာကိစ္စရှိရှိ မင်းတို့ရဲ့ အစ်ကိုကြီးကိုပဲ မေးကြ။”

စကားပြောပြီးသည်နှင့် ရှူရှန့် သည် ခန်းမထဲမှ ထွက်ခွာသွားပြီး သူ၏ အတွင်းကမ္ဘာ ကို အသုံးပြု၍ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားသည်။

ကျန်းတောက်ယွဲ့ က သက်ပြင်းချလိုက်ပြီး လူတိုင်းကို ကြည့်သည်။

“ဆရာ ချင်းမင်သံတမန် ဖြစ်လာတာက အန္တရာယ် ရှိပါတယ်။ သူ ချင်းမင်နယ်မြေမှာ အချိန်အတော်ကြာ လှုပ်ရှားနေရလိမ့်မယ်။ မင်းတို့ ကျင့်စဉ်နဲ့ ပတ်သက်ပြီး နားမလည်တာ ရှိရင် ငါ့ကို မေးနိုင်သလို လီမော့ ကိုလည်း မေးနိုင်ပါတယ်။”

လီမော့ က ခေါင်းညိတ်သည်။

“ငါ့ကို မေးလည်း ရတယ်၊ အစ်ကိုကြီးကို မေးလည်း ရတယ်၊ စိတ်ကြိုက်ပဲ။”

လီမော့ အပြင် ကမ္ဘာကြီးအဆင့် သူတော်စင် စွမ်းအားကို ပိုင်ဆိုင်သူ သုံးဦး ထပ်ရှိသေးသည်။ သူတို့မှာ တတိယမြောက် ဖုန်းလီခန်၊ စတုတ္ထမြောက် ထဲ့လင်ရီ၊ ပဉ္စမမြောက် ရှန်တောက် တို့ ဖြစ်ကြသည်။ ဤသုံးဦးမှာ သာမန်အချိန်တွင် အလွန်တိတ်ဆိတ်ပြီး တပည့်များနှင့် ထိတွေ့မှု အလွန်နည်းသည်။

ဖန့်ချန် ကိုယ်တိုင်လည်း သူတို့နှင့် ထိတွေ့မှု အလွန်နည်းပါးခဲ့သည်။ ယခုမှသာ သူတို့သည် အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့ကြမှန်း သိလိုက်ရသည်။

“ပညာသင်ကျောင်းတော် စည်းကမ်းအရ တောင်တစ်ခုမှာ ဆရာ အများဆုံး နှစ်ယောက်ပဲ ထားရမယ်၊ ပိုရင် လစာ မပေးဘူး။ ဒါကြောင့် မင်းတို့ရဲ့ အစ်ကိုကြီးသုံး၊ အစ်မတော်လေး၊ အစ်ကိုကြီးငါး တို့က ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ မှာ ရာထူးတက်ဖို့ သွားကြလိမ့်မယ်။ ချင်မင်းသံတမန်တော့ မဟုတ်ပေမဲ့ အလွန် အရေးပါတဲ့ ရာထူးတွေကို ရယူကြလိမ့်မယ်။”

“နောင်အခါမှာ ငါနဲ့ မင်းတို့ရဲ့ အစ်ကိုကြီးနှစ်ယောက်ပဲ ကရုဏာတောင်မှာ ရှိနေလိမ့်မယ်။ မင်းတို့အတွက်ကတော့ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ သတ္တိရှိရှိနဲ့ တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုမို ပြည့်စုံအောင် လုပ်ကြပါ”

ဟု ကျန်းတောက်ယွဲ့ က ပြုံးလျက် ပြောသည်။

ထိုသူသုံးဦးပါ ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှာ တာဝန်ယူရမည်ဆိုပါက ကရုဏာတောင်၏ ပြောင်းလဲမှုမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။

“ဖန့်ညီလေး၊ မင်း ကောင်းကင် ငါးပါး စစ်မြေပြင်မှာ အကြိမ်ကြိမ် အောင်နိုင်ခဲ့သူပဲ၊ အောက်က ညီငယ်၊ ညီမငယ်တွေကို မင်းပဲ ဂရုစိုက်ပေးပါဦး”

ကျန်းတောက်ယွဲ့ က ဖန့်ချန် ကို ကြည့်၍ ပြုံးလျက် ပြောသည်။

ဖန့်ချန် သည် ချက်ချင်းပင် လက်ယှက်၍ ဂါရဝပြုသည်။

“အစ်ကိုကြီး စိတ်ချပါ၊ ကျွန်တော် တာဝန်ယူပါ့မယ်။ ဝမ်ယန် အစ်မတော်က…”

“ဝမ်ယန် မသေသေးဘူး၊ ယင်လောကမှာ သူ့ရဲ့ ဝိညာဉ်ကို မတွေ့ရသေးဘူး။ ဒီကိစ္စကို မင်းတို့ စိတ်မပူကြနဲ့၊ မဟာမိတ်အဖွဲ့ဘက်ကို ဖိအားပေးဖို့ လူလွှတ်ထားပြီးသား။ မင်းတို့ကတော့ ကျင့်ကြံခြင်းမှာပဲ စိတ်နှစ်ထားကြပါ။”

“ဟုတ်ကဲ့”

“ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားမယ်ဆိုရင်တော့ မင်းတို့ နားလည်ထားရမယ့် အစွမ်း တစ်ခု ရှိတယ်။ ဒါကို ‘လက်နက်’ စွမ်းအားလို့ ခေါ်နိုင်တယ်။ စွမ်းအားကို လက်နက်အဖြစ် ပြောင်းလဲနိုင်ပြီး အောင်နိုင်သူ မရှိအောင် တိုက်ခိုက်နိုင်တယ်။ ဒါက ငါတို့ ကရုဏာတောင် ဘိုးဘေးတစ်ဦးက ကံကောင်းလို့ တွေ့ခဲ့တဲ့ အတွင်းကမ္ဘာ တားမြစ်နယ်မြေ တစ်ခုကနေ ရခဲ့တာ၊ အပြင်လူတွေ မသိကြဘူး။”

ကျန်းတောက်ယွဲ့ က ပြုံးသည်။

“မင်းတို့ ငါ့ရဲ့ အတွင်းကမ္ဘာ ထဲ လိုက်ခဲ့ကြ၊ အတူတူ သွားလေ့လာကြမယ်၊ ကံကောင်းရင် နောက်တစ်ကြိမ် ကောင်းကင် ငါးပါး စစ်မြေပြင် မတိုင်ခင် လေ့လာနိုင်သွားလိမ့်မယ်။”

အခန်း (၂၃၆၀) - နဂါးဓား တားမြစ်နယ်မြေ

“လက်နက် စွမ်းအား ဟုတ်လား အစ်ကိုကြီး၊ ငါတို့ ကရုဏာတောင်မှာ လက်နက် စွမ်းအား လက်ဆင့်ကမ်းမှု ရှိလို့လား အစ်ကိုကြီးက ငါတို့ကို နောက်နေတာ မဟုတ်ပါဘူးနော် ”

လင်ဖုန်း က အံ့ဩတကြီးဖြင့် ပထမဆုံး မေးခွန်းထုတ်သည်။ ဝမ်ချုံစန်း တို့အဖွဲ့မှာမူ နားမလည်နိုင်သလို ဖြစ်နေကြသည်။ ဖန့်ချန် စိတ်ထဲတွင်လည်း အနည်းငယ် အံ့ဩသွားသည်။ လက်နက် စွမ်းအား အကြောင်းကို ရှေးဟောင်း ကျမ်းဂန်များတွင် ဖတ်ရှုဖူးသည်။ ဤစွမ်းအားမျိုးကို အတွင်းကမ္ဘာ ထဲတွင် ထွင်းထုထားနိုင်ပါက ၎င်းသည် အစွမ်းထက်သည့် နတ်လက်နက် တစ်ခုကဲ့သို့ ဖြစ်လာသည်။

၎င်း၏ ပြင်းအားမှာလည်း သူတော်စင်၏ ကျင့်စဉ်အဆင့်နှင့်အမျှ မြင့်တက်လာမည် ဖြစ်သည်။ ထို့အပြင် လက်နက် စွမ်းအား၏ ရက်စက်ပြင်းထန်မှုမှာ သာမန် စွမ်းအားများထက် များစွာ သာလွန်လေ့ရှိသည်။

“သာမန် လက်နက် စွမ်းအား တွေကတောင် နတ်ဘုရား စွမ်းအား တွေနဲ့ ယှဉ်နိုင်တယ်။ ပြီးတော့ ကျင့်ကြံရတာလည်း နတ်ဘုရား စွမ်းအား တွေလို မခက်ခဲဘူး။ ဒါပေမဲ့ လက်ဆင့်ကမ်းမှုတွေက အရမ်း နည်းပါးတယ်။ အနည်းဆုံးတော့ ပညာသင်ကျောင်းတော်မှာ ရွှေဟွေးတံဆိပ် နဲ့ လက်နက် စွမ်းအား ကို လေ့လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါတွေက လျှို့ဝှက်ပြီး လက်ဆင့်ကမ်းရတဲ့ ပညာရပ်တွေပဲ။”

ဖန့်ချန် ထိုအချက်ကို တွေးမိသည်နှင့် ဝမ်ချုံစန်း တို့အဖွဲ့ကို စိတ်အာရုံဖြင့် လှမ်းပြောလိုက်ပြီး လက်နက် စွမ်းအား အကြောင်း အသေးစိတ်ကို ရှင်းပြပေးလိုက်သည်။ လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေကြသည်။

နတ်ဘုရား စွမ်းအား နှင့် ယှဉ်နိုင်သည် ဟုတ်လား ထိုသို့ဆိုလျှင် သူတို့အတွက်မူ ဤစွမ်းအားကို ကျင့်ကြံပြီးမှ ကောင်းကင်ငါးပါး စစ်မြေပြင်သို့ ဝင်ရောက်နိုင်ပါက ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်မည် မဟုတ်ပါလား။ ပြိုင်ဘက်များသည်လည်း သူတို့၏ စွမ်းအားအလိုက် ပြောင်းလဲလာမည် ဖြစ်သော်လည်း ပြိုင်ဘက်က ပိုသန်မာလေလေ၊ ကိုယ့်ကိုယ်ကိုယ် ပွတ်တိုက် သွေးရလေလေ ဖြစ်သဖြင့် အလွန်ကောင်းမွန်သည့် အချက်သာ ဖြစ်သည်။

“လင်ဖုန်းညီလေး၊ အစ်ကိုကြီးက ဒီလို ကိစ္စမျိုးမှာ မင်းတို့ကို နောက်နေမှာလား မင်းတို့ရဲ့ အဆင့်အတန်းအရဆိုရင် ကမ္ဘာတည်ဆောက်ခြင်း အဆင့်ကို ရောက်မှသာ နဂါးဓား တားမြစ်နယ်မြေကို ခေါ်သွားဖို့ ရှိတာ။

အခု အခြေအနေက မတူတော့လို့ မင်းတို့ကို စောပြီး လေ့လာခွင့် ပေးလိုက်တာ။”

လီမော့ က လင်ဖုန်း ကို တစ်ချက် ကြည့်လိုက်သည်။ လင်ဖုန်း လည်း စိတ်ပျက်စွာ ပြုံးလိုက်ပြီး ဆက်မပြောရဲတော့ပေ။

“ဖန့်ညီလေး၊ မင်းရဲ့ အတွင်းကမ္ဘာ မှာ နောက်ထပ် စွမ်းအား တစ်ခု ထပ်ထွင်းထုလို့ ရသေးလား ”

ကျန်းတောက်ယွဲ့ က ဖန့်ချန် ကို ကြည့်ကာ ပြုံး၍ မေးသည်။

ဖန့်ချန် ၏ မျက်နှာ အမူအရာ ထူးဆန်းသွားပြီး ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။ ဖမ်းဆီခေါ်ယူခြင်း နည်းလမ်း ကို ထွင်းထုပြီးနောက် သူ၏ အတွင်းကမ္ဘာ မှာ ပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သန့်စင်သော အဆင့် အကန့်အသတ်ကို ကျော်လွန်ရန်သာ လိုတော့သည်။ အကယ်၍ အဆင့်ကျော်လွန်ပြီးနောက် မြင့်တက်လာသည့် ပမာဏကို ကြည့်၍ စွမ်းအား တစ်ခု ထပ်ထွင်းထုနိုင်ကောင်း ထွင်းထုနိုင်မည် ဖြစ်သော်လည်း၊ လက်ရှိတွင်မူ မဖြစ်နိုင်ပေ။

“ငါလည်း ဒီအတိုင်းပဲ ထင်တယ်။ မင်းက စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကို တက်လှမ်းတာ မကြာသေးပေမဲ့ အခြေခံအုတ်မြစ် အစွမ်းကုန် ရောက်နေပြီ။ ကမ္ဘာတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့လည်း ကြာတော့မှာ မဟုတ်ဘူး။”

ကျန်းတောက်ယွဲ့ က သက်ပြင်းချကာ

“မင်းတို့ အသုတ်မှာ မင်းက စွမ်းအင်စုစည်းခြင်း အဆင့် ကို တက်လှမ်းတာ သိပ်မမြန်ပေမဲ့ အခုတော့ အချိန်အတန်ကြာ စုဆောင်းထားတာတွေက အခုမှ အသီးအပွင့် ဖြစ်လာတာပဲ။”

“အားလုံးက. စင်ကြယ်သော ဗောဓိသီးရဲ့ ကျေးဇူးတွေပါ။”

ဖန့်ချန် က ပြုံး၍ ပြောသည်။

ဝမ်ချုံစန်း တို့၏ မျက်လုံးများမှာလည်း အနည်းငယ် လှုပ်ရှားသွားသည်။ သူတို့လည်း ဖန့်အစ်ကိုကြီး၏ ကျေးဇူးကြောင့် စင်ကြယ်သော ဗောဓိသီး ကို မှီဝဲဖူးကြသည်။

“ဖန့်ညီလေး စွမ်းအား ထပ်မထွင်းထုနိုင်တော့ဘူးဆိုရင်တော့ ဒီခရီးကို မလိုက်လာပါနဲ့တော့။ မင်းက လူအတော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေထားတဲ့သူမို့ အပြင်ထွက်ရင် ဒုက္ခများတတ်တယ်၊ တစ်စုံတစ်ယောက်ရဲ့ အကဲခတ်ခြင်း မခံရအောင် ရှောင်နေတာ ပိုကောင်းတယ်။”

ကျန်းတောက်ယွဲ့ က ပြောပြီးနောက် ဝမ်ချုံစန်း တို့အဖွဲ့ကို သူ၏ အတွင်းကမ္ဘာ ထဲသို့ ဝင်ခိုင်းကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။ လင်ဖုန်း လည်း အတူတူ လိုက်သွားသည်။

ကျန်ရှိနေခဲ့သည့် အစ်ကိုကြီး၊ အစ်မကြီး (၇) ဦး၊ (၈) ဦးမှာ ထိုလက်နက် စွမ်းအား ကို ကျင့်ကြံပြီးသား ဖြစ်မည်ဟု ဖန့်ချန် ထင်သည်။ သို့သော် သာမန်အချိန်တွင် ထုတ်ဖော်ပြသခြင်း မရှိခဲ့ခြင်းသာ ဖြစ်သည်။

“ဖန့်ညီလေး၊ အခြေအနေကို ကြည့်ရရင် ငါတို့ မျိုးဆက်က မကြာခင်မှာ ချင်းမင် နယ်မြေ မှာ တာဝန်ယူရတော့မယ့်ပုံပဲ။ တစ်နေ့ကျရင် ဒီ ကရုဏာတောင် ကို မင်းပဲ ဆက်ခံရတော့မယ်။”

ဖုန်းလီခန် က ဖန့်ချန် ဘေးသို့ လာ၍ ဟင်းလင်းပြင်ကို ငေးကြည့်ရင်း တိုးတိုးလေး ပြောသည်။

“ဖန့်ညီလေး၊ ဟော်ဆွေ့ မျိုးနွယ်စု ကို သတိထားပါ။ မင်းရဲ့ လက်ရှိ ပါရမီနဲ့ဆိုရင် ကောင်းကင်အရှင် ရဲ့ အရိုက်အရာကို ဆက်ခံဖို့ လုံလောက်နေပြီ။ ဒါပေမဲ့ လူသားမျိုးနွယ်စုထဲမှာ ဟော်ဆွေ့ ဘိုးဘေး တစ်ဦးတည်းပဲ ကောင်းကင်အရှင် ဖြစ်တယ်။ အခုလက်ရှိ အရိုက်အရာ ဆက်ခံသူက ချင်ဖိုကျား ဖြစ်ပြီး သူက အဲဒီမျိုးနွယ်စုကပဲ။

အပြင်လူတွေအနေနဲ့ ကောင်းကင်အရှင်ရဲ့ လေ့ကျင့်ပေးမှုကို ရဖို့ဆိုတာ လူသားမျိုးနွယ်စုမှာ အရင်းအမြစ် နည်းပါးနေတဲ့ အခြေအနေမှာ အလွန် ခက်ခဲတယ်။

ဒါပေမဲ့ ကဲ့ရဲ့သံတွေ မထွက်ရအောင် ဟော်ဆွေ့ မျိုးနွယ်စုက လျှို့ဝှက်ပြီး လုပ်ကြံဖို့ မဆုတ်မနစ် ကြိုးစားလာနိုင်တယ်။”

ထဲ့လင်ရီ က ဖန့်ချန် ကို စူးစိုက်ကြည့်ကာ အလေးအနက် ပြောသည်။ သူမ စကားမှာ အလွန် ပွင့်လင်းလွန်းသဖြင့် ဟော်ဆွေ့ မျိုးနွယ်စု သူတော်စင်များ ကြားသွားပါက ကြီးမားသည့် ပြဿနာ ဖြစ်နိုင်သည်။

“အစ်မတော်. ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပိုပြီး သတိထားပါ့မယ်။”

ဖန့်ချန် က ပြောသည်။ တကယ်တမ်းတွင် ခိင်ဖိုကျား မှာ လုပ်ကြံရန် ကြိုးစားခဲ့ပြီးသား ဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။ အပြန်အလှန်အနေဖြင့် ချင်ဝူဆန့် မှာလည်း အချုပ်နှောင်ခံထားရသည်။

“ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို လုပ်ဆောင်ချင်ရင် ဖိအားတွေကို ရင်ဆိုင်ရမှာပဲ။ ဟော်ဆွေ့ မျိုးနွယ်စုက တကယ်ပဲ လုပ်ကြံရဲရင် ငါတို့က သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်။ ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ မှာ ဟော်ဆွေ့ မျိုးနွယ်စုက သိက္ခာကို အနည်းငယ်တော့ ထိန်းရလိမ့်မယ်၊ အရှက်တကွဲ လုပ်ရဲရင်လည်း ငါတို့က မကြောက်ဘူး။”

ရှန်တောက် က အေးစက်စက် ရယ်မောသည်။

“ပဉ္စမမြောက် ညီလေး ပြောတာလည်း အချက်ကျပါတယ်။ ဒါပေမဲ့ ဟော်ဆွေ့ မျိုးနွယ်စုက ထင်ထင်ရှားရှား လုပ်ရဲမလားဆိုတာပဲ။ နောက်ဆုံး ကိစ္စတောင် ဘာမှ အဖြေမထွက်သေးဘူးလေ။”

ဖုန်းလီခန် က ပြုံး၍ ဖန့်ချန် ကို ပြောသည်။

“အခု အစ်ကိုကြီးနဲ့ ဒုတိယမြောက် အစ်ကိုကြီးတို့က ညီငယ်၊ ညီမငယ်တွေကို ခေါ်ပြီး နဂါးဓား တားမြစ်နယ်မြေ ကို သွားကြပြီ။ ငါတို့ သုံးယောက်လည်း ချင်းမင် နယ်မြေကို သတင်းပို့ဖို့ ထွက်ရတော့မယ်။ ဒီ ကရုဏာတောင် ကိုတော့ ဖန့်ညီလေးပဲ စောင့်ကြည့်ပေးပါဦး။”

“အစ်ကိုကြီးသုံး၊ အစ်မတော်လေး၊ အစ်ကိုကြီးငါး၊ ခရီးစဉ် အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။”

ဖန့်ချန် က လက်ယှက်၍ အရိုအသေပြုသည်။

“ကောင်းပြီ ”

သူတို့ ထွက်သွားပြီးနောက် ကျန်ရှိသည့် အစ်ကိုကြီး၊ အစ်မတော်များလည်း နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ ကျယ်ပြောလှသည့် ကရုဏာတောင်မှာ ရုတ်တရက် တိတ်ဆိတ်ခြောက်ကပ်သွားသည်။ သို့သော် မကြာမီအချိန်အတွင်း လူသားမျိုးနွယ်စု ပညာသင်ကျောင်းတော်ရှိ တောင်ထိပ် အားလုံးမှာ အံ့အားသင့်သွားကြလိမ့်မည်ဟု ဖန့်ချန် သိထားသည်။

……

အတွင်းကမ္ဘာနယ်မြေ

ဖန့်ချန် စိတ်အာရုံကို လွှတ်လိုက်ရာ ကြီးမားသော လိုက်ကာ မှာ ပေါ်လာသည်။ ထိုအထဲတွင် ကျန်းတောက်ယွဲ့ တို့အဖွဲ့မှာ ဟင်းလင်းပြင်အတွင်း လျင်မြန်စွာ ပျံသန်းနေသည်ကို မြင်နိုင်သည်။ ဖန့်ချန် အကြည့်ကို လွှဲကာ လိုက်ကာ ထဲတွင် ဝမ်ယန် အစ်မတော်ကို ရှာဖွေသည်။ သို့သော် ကံမကောင်းစွာပင် မတွေ့ရပေ။ သူမ၏ အကြောင်းရင်း မှာ လောကထဲတွင် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

“ဒါပေမဲ့ ဆရာက ယင်လောကမှာ သူမအကြောင်း သတင်းမရဘူးလို့ ပြောတယ်…”

ဖန့်ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။ ဖြစ်နိုင်ခြေ နှစ်မျိုး ရှိသည်။ ပထမတစ်ခုမှာ ကရုဏာတောင်၏ ယင်လောက လမ်းကြောင်း မကျယ်ပြန့်၍ ဝမ်ယန် အစ်မတော်၏ သတင်းကို မရခြင်း ဖြစ်နိုင်သည်။ ဒုတိယတစ်ခုမှာ ဝမ်ယန် သည် ယင်လောက ထဲသို့ လုံးဝ မဝင်ခဲ့ခြင်း ဖြစ်ပြီး ဝိညာဉ် လွင့်စင်သွားခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က လျှို့ဝှက်နည်းလမ်းဖြင့် အတွင်းကမ္ဘာ ထဲတွင် ဖိနှိပ်ထားခြင်း ဖြစ်နိုင်သည်။

ဖန့်ချန် သည် ကျွန်ပြုခံထားရသည့် ဟင်းလင်းပြင် ကွပ်မျက်သူ ကို သတိရသွားသည်။ ထိုကိစ္စ၏ နောက်ကွယ်တွင် ချင်းမင် နယ်မြေ အတွင်းတိုက်ပွဲများနှင့် ပတ်သက်နေလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

အချိန်အတော်ကြာပြီးနောက် ဖန့်ချန် သည် အာရုံကို ကျန်းတောက်ယွဲ့ တို့အဖွဲ့ထံသို့ ပြန်လှည့်လိုက်သည်။ ခရီးလမ်းမှာ ဆယ်နှစ်ခန့် ကြာမြင့်ပြီးနောက် အဆုံး၌ သူတို့သည် နဂါးဓား တားမြစ်နယ်မြေ သို့ ရောက်ရှိသွားကြသည်။ ဤ နဂါးဓား တားမြစ်နယ်မြေ ၏ တည်နေရာမှာ ပညာသင်ကျောင်းတော်နှင့် မဝေးလှသော်လည်း ဟင်းလင်းပြင် ဆိုသည်မှာ အဆုံးမရှိ ကျယ်ပြောလှသည်။

လမ်းပြမရှိပါက ကံစမ်း၍ ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကျန်းတောက်ယွဲ့ မှာ အကျွမ်းတဝင် ရှိလှသဖြင့် လူတိုင်းကို ဘေးကင်းစွာဖြင့် ပို့ဆောင်ပေးလိုက်သည်။

သူသည် ဦးတည်ရာ တစ်ခုကို ညွှန်ပြလိုက်သည်။

“အဲဒီ တောင်ကို မြင်လား၊ အဲဒါကို နဂါးဓားတောင် လို့ ခေါ်တယ်။ ဒီ နဂါးဓား တားမြစ်နယ်မြေ မှာ စည်းကမ်း အနည်းငယ် ရှိတယ်၊ ဒါပေမဲ့ မတင်းကျပ်ပါဘူး။ မင်းတို့ ဒီနေရာကို မဖျက်ဆီးသရွေ့ အန္တရာယ် မရှိပါဘူး။

ဖြစ်သင့်တဲ့ အန္တရာယ်မှန်သမျှကို ငါတို့ ဘိုးဘေးတွေက ကြိုတင် ရှင်းထုတ်ထားပြီးသား။ အခု နဂါးဓားတောင် ကို သွားပြီး လေ့လာကြ။ တစ်ခါတည်းနဲ့ မရရင် နှစ်ခါ လေ့လာပေါ့။ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်။”

ဝမ်ချုံစန်း တို့အဖွဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် နဂါးဓားတောင် ဘက်သို့ ပျံသန်းသွားကြသည်။ လူတိုင်း တောင်ခြေသို့ ရောက်ရှိပြီး ကျင့်ကြံစပြုချိန်တွင် လီမော့ က ကျန်းတောက်ယွဲ့ ကို ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုကြီး၊ သူတို့ထဲက တစ်ယောက်ယောက်က တကယ်ပဲ အောင်မြင်အောင် ကျင့်ကြံနိုင်မယ်လို့ ထင်လား နဂါးဓား စွမ်းအား ရဲ့ ခက်ခဲမှုက ကရုဏာတံဆိပ် ထက် မလျော့ဘူးနော်။”

“တစ်ယောက်ယောက် အောင်မြင်ရင်တောင် ကောင်းတာပဲ၊ စမ်းကြည့်တာ အမှားမရှိပါဘူး။”

ကျန်းတောက်ယွဲ့ က ပြုံးလျက် ပြောသည်။

စကားပြောနေစဉ် သူတို့နှစ်ဦးလုံး မသတိထားလိုက်မိသည့် နောက်ကွယ်ရှိ ဟင်းလင်းပြင်တွင် အရိပ်တစ်ခု ပေါ်လာသည်။ ဒီတစ်ကြိမ်တွင် ဖန့်ချန် သည် လိုက်ကာ ထဲတွင် ရှင်းလင်းစွာ မြင်လိုက်ရပြီး သူ၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

All Chapters