အခန်း (၁၁၂၁-၁၁၂၂)
Vol. 113 Ch. 1121-1122
အခန်း (၁၁၂၁) - သွေးချောင်းစီးတိုက်ပွဲ
အကယ်၍သာ ကောင်းကင်လူသားမျိုးနွယ် ၏ ထိပ်သီးပညာရှင်များသာ ယခုမြင်ကွင်းကို မြင်တွေ့ခဲ့လျှင် ဧကန်မုချ မျက်နှာပျက်မတတ် ထိတ်လန့်အံ့ဩသွားကြပေလိမည်။ ဤလူ့ပြည်လောကမှ တာအိုဆရာတစ်ဦးက အရှိန်အဝါပိုင်းတွင် ရှေးဟောင်းနတ်ဘုရား 'ကုယူဟွမ်' ကို ဖိနှိပ်ထားနိုင်သည်ဟူသောအချက်မှာ လုံးဝပင် ယုံကြည်နိုင်စရာမရှိအောင် ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်နေသောကြောင့်တည်း။
ကုယူဟွမ်သည် နတ်ဘုရားအလင်းတန်းများအလယ်တွင် ထိုင်နေပြီး သူ၏ဦးခေါင်းနောက်ကွယ်၌မူ စူးရှတောက်ပသော ရောင်ဝါစက်ဝိုင်းကြီးတစ်ခုက တရိပ်ရိပ်လည်ပတ်နေကာ ကြီးမားလှသော နေမင်းတစ်စင်းအလား ထင်မှတ်ရပေသည်။ သူ၏စွမ်းအားမှာ အတိုင်းအဆမရှိ ပြည့်လျှံထွက်နေသဖြင့် မိမိထက် ကျင့်စဉ်အဆင့်မြင့်မားသူကိုပင် ကျော်လွန်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။ သို့ဖြစ်ရာ မိမိထက် ကျင့်စဉ်အဆင့် အခြေအနေများစွာ နိမ့်ကျလှသော 'လီယန်ချူ' ကို ရင်ဆိုင်ရသည်မှာ ပြောနေရန်ပင် မလိုတော့ချင်ပြီ။
“ငါကတော့ ကောင်းကင်ဘုံတစ်ခုလုံးကို လှည့်လည်သုတ်သင်လာခဲ့တာ မင်းလိုလူမျိုးတစ်ယောက်နဲ့ တစ်ခါမှ မကြုံဖူးသေးဘူး။”
ကုယူဟွမ်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ထို့နောက်တစ်ခဏ၌ သူသည် ဟင်းလင်းပြင်ကို တိုက်ရိုက်ဆုတ်ဖြဲကာ ကောင်းကင်တုန်ဟည်းမတတ် အရှိန်အဝါများဖြင့် လီယန်ချူ၏ ရှေ့မှောက်သို့ အရှိန်ပြင်းစွာဖြင့် သတ်ဖြတ်ရန် ရောက်ရှိလာတော့သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် နတ်သျှင်ရောင်ခြည်များအလယ်တွင် ငြိမ်သက်စွာ ထိုင်မနေတော့ဘဲ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်ချလိုက်လေပြီ။
လီယန်ချူကလည်း နေမင်းမီးဖိုတော်ကြီး စွမ်းအင်ကို ထုတ်ဖော်ကာ လက်သီးမုဒြာကို ကျစ်ကျစ်ပါအောင်ဆုပ်၍ တန်ပြန်လက်သီးတစ်ချက် ထိုးနှက်ကာ ခုခံလိုက်တော့သည်။ တရဲရဲတောက်လောင်နေသော မီးဖိုတော်ကြီးမှာ ကြီးမားလှသော တောင်တန်းကြီးတစ်ခုကဲ့သို့ပင်။
ဝုန်းးးး
ကြောက်မက်ဖွယ်ကောင်းလှသော အင်အားလှိုင်းကြီးတစ်ခုသည် မြင့်မားလှသော ကောင်းကင်ယံထက်တွင် အုန်းကနဲ ပေါက်ကွဲထွက်သွားပြီး မိုင်ပေါင်းရာချီသော နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားကာ အလွန်တရာ စူးရှတောက်ပလှသော အလင်းရောင်စက်ဝိုင်းကြီးတစ်ခု အပြင်ဘက်သို့ ကူးစက်လျှံထွက်သွားတော့သည်။
ထိုကဲ့သို့သော အခြေအနေတွင် ရှိနေသည့် ကုယူဟွမ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလွန်းလှသည်။ သူ၏ ကောင်းကင်လူသားခန္ဓာကိုယ် မှာ အလွန်အမင်း ထုထည်ကြီးမားသန်မာလှသဖြင့် လက်သီးကို ထပ်မံလွှဲယမ်းကာ ထိုးချလိုက်သည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး တဆတ်ဆတ်တုန်ခါသွားရပြီး မှော်စာလုံး များမှာ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော မြစ်ရေပြင်ကြီးတစ်ခုအသွင် ပြောင်းလဲကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံ၍ လိပ်တက်လာတော့သည်။
လီယန်ချူ၏ မီးနတ်ဘုရားကိုယ်ပွား မှာ မီးတောက်လှံ ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက် တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး လှံရှည်ကို အလျားလိုက် လွှဲယမ်းကာ ထိုမှော်စာလုံးမြစ်ကြီးကို ရိုက်ချေဖျက်ဆီးပစ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ အကြိမ်ပေါင်း ရာနှင့်ချီ၍ ထိပ်တိုက်ရင်ဆိုင်မိသွားကြပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အပြင်ဘက်သို့ လျှံထွက်လာမှုကြောင့် မြင်တွေ့ရသူတို့အား အသည်းထိတ် နှလုံးထိတ် ဖြစ်စေတော့သည်။ အကယ်၍ သာမန် မြေပြင်နတ်ဘုရား များသာဆိုလျှင် ဤမျှ ပြင်းထန်လှသော ဖိအားဒဏ်ကို တောင့်ခံနိုင်ကြမည်မဟုတ်ပေ။
ဒုန်းးးး
သူတို့နှစ်ဦးမှာ တစ်ယောက်တစ်လမ်းစီသို့ နောက်ဆုတ်သွားကြသည်။ ကုယူဟွမ်၏ လက်ထဲတွင်မူ ပါးလွှာထက်မြက်လှပြီး သဘာဝအတိုင်း အပြစ်အနာအဆာကင်းမဲ့စွာ သွန်းလုပ်ထားသော ဓားရှည်တစ်စင်း ပေါ်ပေါက်လာခဲ့လေပြီ။ ၎င်းကား ရှေးဟောင်းနတ်လက်နက် ဖြစ်သော ဟန်ရှားဓား ပင်တည်း။
ချွင် ချွင်
ရှေးဟောင်းနတ်လက်နက်ဖြစ်သော ဟန်ရှားဓား၏ အစွမ်းဖြင့် ကောင်းကင်လူသား ကုယူဟွမ်သည် ရွှေနဂါးကတ်ကြေး ၏ တိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ပယ်ဖျက်မောင်းထုတ်နိုင်ခဲ့သည်။ သူ၏ အသက်ရှူသံမှာ သက်တံကဲ့သို့ တက်ကြွနေပြီး သူဖြတ်သန်းသွားသမျှ နေရာတိုင်းတွင် မိုးကြိုးမုန်တိုင်းများ ဝန်းရံလျက် ရှိနေကာ သူ၏ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ပျောက်ကွယ်လိုက်၊ ပြန်လည်ပေါ်ပေါက်လာလိုက် ဖြစ်နေတော့သည်။ သူ၏ လှုပ်ရှားမှုအဆင့်အတန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ဆိုရပေမည်။
ဦးခေါင်းနောက်ကွယ်မှ ရောင်ဝါစက်ဝိုင်းကြီးမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ကျုံ့ဝင်သွားပြီး ကုယူဟွမ်၏ မျက်ဝန်းအစုံမှ နတ်သျှင်အလင်းတန်းများ ပန်းထွက်လာကာ သူ၏အရှိန်အဝါမှာလည်း ယခင်ကထက် ပိုမိုပြင်းထန်ခိုင်မာလာခဲ့သည်။
လီယန်ချူသည် အပြာရောင်အလံတော်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ရွှေနဂါးကတ်ကြေးကို ထပ်မံလှုံ့ဆော်ကာ ကုယူဟွမ်နှင့် တစ်နေရာတည်းတွင် ပူးပေါင်းတိုက်ခိုက်တော့သည်။ ကုယူဟွမ်၏ ရုပ်ကလာပ်မှာ သန်မာထွားကျိုင်းလှပြီး အော်ရာစွမ်းအင် များမှာလည်း သမုဒ္ဒရာပမာ ပြည့်လျှံနေသည့်အပြင် လက်ထဲတွင်လည်း ဟန်ရှားဓား ရှိနေပြန်ရာ လီယန်ချူနှင့် အကြိမ်ပေါင်း ရာနှင့်ချီ၍ ပြင်းထန်စွာ တိုက်ခိုက်ကြသော်လည်း အရှုံးအနိုင် မပေါ်သေးချေ။ နှစ်ဦးသား ထိတွေ့မိသည့်အခါတိုင်း နတ်ရောင်ခြည်လှိုင်းများ တဖြန်းဖြန်း ပေါက်ကွဲထွက်သွားကြပြီး ဟင်းလင်းပြင်ထဲတွင် တစ်ယောက်တစ်ဖက်စီ ရပ်တန့်ကာ အကဲခတ်နေကြသည်။
ကုယူဟွမ်က တည်ငြိမ်အေးဆေးသော လေသံဖြင့်
“နတ်စွမ်းအင်နဲ့ သိုင်းစွမ်းအင် နှစ်ခုစလုံးကို ပူးတွဲကျင့်ကြံတာက တကယ်ကို ရှားပါးတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းဟာ ကျင့်စဉ်အဆင့် (၄) ပဲ ရှိသေးတဲ့ မြေပြင်နတ်ဘုရား တစ်ယောက် ဖြစ်နေတာပဲ။”
ဟု ဆိုသည်။
လီယန်ချူသည် မျက်နှာထားကို တင်းမာခက်ထန်စွာ ထားလျက် ခပ်အေးအေး လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
“မင်းကို သတ်ဖို့အတွက်တော့ ဒီလောက်ဆို လုံလောက်ပါတယ် ”
ကုယူဟွမ်မှာ ကျင့်စဉ်အဆင့် (၈) ရှိသော ကောင်းကင်လူသားဖြစ်ပြီး ဟန်ရှားဓားကို မထုတ်သုံးဘဲနှင့်ပင် မိမိထက် ကျင့်စဉ်မြင့်မားသူကို ကျော်လွန်တိုက်ခိုက်နိုင်စွမ်း ရှိရာ ကျင့်စဉ်အဆင့် (၉) ရှိသော ကောင်းကင်လူသားများစွာပင်လျှင် သူ၏လက်အောက်တွင် အရေးနိမ့်ခဲ့ကြရသည်။ ယခုအခါ ရှေးဟောင်းနတ်လက်နက် ဟန်ရှားဓားကိုပါ ပေါင်းစပ်လိုက်သည့်အခါ အလွန်အမင်း ထက်မြက်လှသဖြင့် အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော ပြိုင်ဘက်တစ်ဦး ဖြစ်နေတော့သည်။ သို့မဟုတ်ပါက သူသည် ကောင်းကင်ဘုံတစ်ခုလုံးကို လှည့်လည်သုတ်သင်နိုင်လိမ့်မည်မဟုတ်သလို၊ ကြီးမားကျယ်ပြန့်လှသော ကောင်းကင်လူသားမျိုးနွယ်စုကြီးတစ်ခုလုံးတွင် ထိပ်သီးအဆင့် (၃) အတွင်း ဝင်ဆံ့သော ပါရမီရှင် ဧကရာဇ်တစ်ဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။
ကုယူဟွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် ထူးခြားဆန်းပြားလှသော နတ်ရောင်ခြည်များ ဖုံးလွှမ်းနေသည်။ လီယန်ချူ၏ သွေးကြောထဲမှ စွမ်းအင်များမှာမူ ပင်လယ်သမုဒ္ဒရာကြီးအလား ပြည့်လျှံနေပြီး သူ၏မျက်ဝန်းအစုံမှာ လျှပ်စီးကြောင်းကဲ့သို့ စူးရှကာ တိုက်ပွဲနတ်ဒေဝါတစ်ပါးအလား ထင်မှတ်ရပေသည်။ နှစ်ဦးသားမှာ တိမ်ပင်လယ်ကြီး၏ အထက်ထက်တွင် ထိပ်တိုက်ရင်ဆိုင်နေကြပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် အပြန်အလှန် သတ်ဖြတ်ရန် အတင်းတိုးဝင်လာကြတော့သည်။
ကုယူဟွမ်သည် နတ်ဘုရားလောက၏ တားမြစ်အတတ်စွမ်းအင်များကို တတ်မြောက်ထားပြီး၊ လီယန်ချူကမူ ကမ္ဘာမြေကို ကျုံ့စေသော အတတ် ၊ လေညင်းစီးအတတ်နှင့် ပေါင်းစပ်ထားသော ဓားသိုင်းအမျိုးမျိုးတို့ကို အသုံးပြုနေသည်။ နှစ်ဦးသား၏ အလျင်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် အဆက်မပြတ် တိုက်ခိုက်မိကြရာ အလင်းရောင်ခြည်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း တဖြန်းဖြန်း ပေါက်ကွဲထွက်ပေါ်နေတော့သည်။
ကုယူဟွမ်၏ အော်ရာစွမ်းအင်မှာ အမှန်တကယ်ပင် သိပ်သည်းလွန်းလှသည့်အပြင် အမြင့်ဆုံးအလျင်ကိုပါ ပိုင်ဆိုင်ထားရာ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဓားအလင်းတန်းများကို တစ်ခုပြီးတစ်ခု ခုတ်ပိုင်းထုတ်လွှတ်လိုက်ရာ ဓားအော်ရာများက အရပ်မျက်နှာအနှံ့ ဝန်းရံသွားတော့သည်။ သူသည် လီယန်ချူ၏ အော်ရာစွမ်းအင်များကို တမင်တကာ ကုန်ခမ်းစေရန် ကြံရွယ်နေခြင်း ဖြစ်သည်။ အကြောင်းမူကား ဤမျှ အစွမ်းထက်လှသော နတ်လက်နက်များကို ဆက်တိုက်လှုံ့ဆော်အသုံးပြုခြင်းမှာ ရေရှည်တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူကောင်းစွာ သိရှိထားသောကြောင့်ဖြစ်ပြီး၊ ၎င်းအပြင် ရွှေနဂါးကတ်ကြေးနှင့် မီးနတ်ဘုရားကိုယ်ပွားတို့ပါ ရှိနေသေးသောကြောင့်ဖြစ်သည်။
ဤကဲ့သို့သော လုံးပန်းတိုက်ခိုက်မှုအောက်တွင် လီယန်ချူ၏ အော်ရာစွမ်းအင်များမှာ အမှန်တကယ်ပင် များစွာကုန်ခမ်းသွားခဲ့ရသည်။ သို့သော် ပို၍အရေးကြီးသောအချက်မှာ သူ၏ခန္ဓာကိုယ်ပွား နှစ်ခုမှာ လူ့ပြည်လောက၏ အရပ်ရပ်သို့ သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ဆောင်နေရသောကြောင့် ဖြစ်သည်။
ဟန်ရှားဓားမှာ ရှေးဟောင်းနတ်လက်နက် ဖြစ်သဖြင့် ကုယူဟွမ်၏ လှုံ့ဆော်မှုအောက်တွင် ဓားအော်ရာလှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ထိုဓားအော်ရာများဖြင့် ပြည့်နှက်သွားပြီး ဤနေရာတစ်ခုလုံးကို ပိတ်လှောင်ထားသကဲ့သို့ ဖြစ်သွားတော့သည်။ လီယန်ချူကမူ အပြာရောင်အလံတော်ကြီးကို ဝှေ့ယမ်းလိုက်ရာ နတ်အလင်းတန်းများ ဖြတ်သန်းသွားပြီး ထက်မြက်လှသော ထိုဓားအော်ရာများကို တစ်ခုပြီးတစ်ခု ရိုက်ချေဖျက်ဆီးပစ်လိုက်သည်။
တောင်တန်းကြီးတစ်ခုကဲ့သို့ မြင့်မားလှသော မီးနတ်ဘုရားကိုယ်ပွားမှာ ကွယ်ပျောက်သွားပြီး လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အော်ရာစွမ်းအင်များမှာ တဖြည်းဖြည်း ခန်းခြောက်လာနေပြီး ဤကဲ့သို့သော ပြင်းထန်လှသော စွမ်းအင်သုံးစွဲမှုအောက်တွင် သူ၏စွမ်းအင်တည်တံ့မှုမှာ အလွန်တရာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတော့သည်။
ကုယူဟွမ်၏ မျက်ဝန်းအစုံတွင် အရှိန်အဝါများ ပြည့်လျှံနေပြီး အေးစက်လှသော လေသံဖြင့် -
“ဘယ်လိုလဲ၊ မင်း နောက်ဆုံးတော့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူးမလား။” ဟု ဆိုသည်။
လီယန်ချူသည် သူ၏ ကမ္ဘာငယ် ထဲမှ လက်ကို ဆန့်ထုတ်ကာ ရွှေရောင်နတ်သစ်ပင်ငယ် ကို ဆွဲထုတ်လိုက်ရာ နတ်အော်ရာစွမ်းအင်များ ပျံ့နှံ့သွားပြီး လူကို စိတ်ဓာတ်တက်ကြွကာ အသက်ဝင်လန်းဆန်းသွားစေသည်။ သူသည် ထိုနတ်သစ်ပင်ငယ်ကို တိုက်ရိုက်ပင် ဝါးမြိုစားသောက်လိုက်ရာ သူ၏မျက်ဝန်းအစုံမှ နတ်အလင်းတန်းများ တောက်ပလာပြီး အသက်ရှူလိုက်သည့်အခါတိုင်း နီရဲသောရောင်ခြည်တန်းများ ပန်းထွက်လာတော့သည်။
“နတ်သစ်ပင်ငယ်ပါလား။”
ကုယူဟွမ် အနည်းငယ် အံ့ဩသွားရသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လီယန်ချူ၏ အခြေအနေမှာ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့လေပြီ။ ထိုမျှမက ကြီးမားလှသော ဆေးစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ တရဟော စီးဆင်းလှုပ်ရှားနေတော့သည်။ ယခုအခါ လီယန်ချူ၏ အရှိန်အဝါမှာ ခန့်ညားထည်ဝါလှပြီး ရဲရင့်သော စွမ်းအင်များ ထွက်ပေါ်နေသည်။ သူသည် ရွှေရောင်အဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။
“မိုးကြိုးငါးပါး စင်ကြယ်သောယန်စွမ်းအင်၊ မြေကမ္ဘာ၏ တရားဥပဒေတော်။ သတ်စေ။”
လီယန်ချူ၏ အော်ဟစ်သံမှာ မိုးခြိမ်းသံကဲ့သို့ တုန်ဟည်းသွားသည်။ သူသည် ဤကောင်းကင်လူသားကို ရင်ဆိုင်ရန်အတွက် မိုးကြိုးငါးပါး အဆောင် ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ဝုန်းးးး
မိုးကြိုးမုန်တိုင်းများ ဝုန်းဒိုင်းကြဲကာ ကျရောက်လာတော့သည်။ မြေကမ္ဘာတစ်ခုလုံး ဖြူဖွေးသွားပြီး အလွန်အမင်း ပူပြင်းတောက်လောင်လာခဲ့လေပြီ။
ကောင်းကင်လူသား ကုယူဟွမ်သည် ဤမြေကမ္ဘာ၏ အရှိန်အဝါအာဏာကို ခံစားမိလိုက်သဖြင့် ရုတ်တရက် ခေါင်းမော့ကြည့်ကာ ဓားကို လွှဲယမ်း၍ ခုခံလိုက်တော့သည်။ တောင်ထိပ်တစ်ခုကဲ့သို့ ထုထည်ကြီးမားလှသော ထက်မြက်သည့် ဓားအော်ရာကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီ။
မိုးကြိုးမှော်စွမ်းအင်မှာ အလွန်အမင်း အာဏာပြင်းထန်လှသော စွမ်းအားဖြစ်ပြီး လီယန်ချူသည် ယခုအခါ မိုးကြိုးလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှု အလွန်မြင့်မားနေပြီဖြစ်သည်။ ကြီးမားကျယ်ပြန့်လှသော ဤမိုးကြိုးမှော်စွမ်းအင်နှင့် ဓားအော်ရာတို့ ထိပ်တိုက်တွေ့ဆုံမိသည့်အခါ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားအော်ရာကို အမှုန့်ခြေဖျက်ဆီးပစ်လိုက်တော့သည်။
ကုယူဟွမ်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မိုးကြိုးဒဏ်ကို ထိမှန်သွားခဲ့ရသဖြင့် ချက်ချင်းပင် မန္တန်စွမ်းအင်များကို လှုံ့ဆော်ကာ ဤစွမ်းအားကို အရည်ပျော် ပယ်ဖျက်လိုက်ရသည်။ ကောင်းကင်ထက်တွင်မူ ကြီးမားကျယ်ပြန့်လှသော မိုးကြိုးမှော်စွမ်းအင်များ တစ်ခုပြီးတစ်ခု ကျရောက်နေပြီး အလွန်တရာ စူးရှတောက်ပနေတော့သည်။
ကုယူဟွမ်သည် မိုးကြိုးစွမ်းအင် ဆယ်ကြိမ်တိုင်တိုင် အဆင့်မြင့်ပြီးနောက် ဤမိုးကြိုးမှော်စွမ်းအင်မှာ အဆုံးအစမရှိဘဲ စီးဆင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်ပတ်လည်၌ မိုးကြိုးလျှပ်စီးများ လွှမ်းခြုံသွားပြီး -
“မိုးကြိုးစွမ်းအင်အကြောင်း ပြောရရင် ငါက မင်းထက် ဘယ်တော့မှ အားမနည်းဘူး။”
ကုယူဟွမ်သည် လက်နှစ်ဖက်ဖြင့် မုဒြာတစ်ခုကို ဖွဲ့စည်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ နတ်အလင်းတန်းများမှာ ရှေးဟောင်းမိုးကြိုးရေကန်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ ကုယူဟွမ်သည် ထိုရေကန်၏ အလယ်တွင် ရပ်တန့်နေပြီး ဆံပင်ရှည်များ လေထဲတွင် ဝဲပျံနေကာ မျက်ဝန်းအစုံတွင်လည်း မိုးကြိုးအလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ သူသည် ယခင်က ကောင်းကင်ဘုံအသီးသီးမှ မြေပြင်နတ်ဘုရား များ နှင့် တိုက်ခိုက်ဖူးသဖြင့် စွမ်းရည်မှာ အလွန်တရာ သန်မာလှပြီး အတွေ့အကြုံလည်း အလွန်ကြွယ်ဝလှသူ ဖြစ်သည်။
မိုးကြိုးစွမ်းအင်တစ်ခုမှာ မိုးကြိုးရေကန်ထဲမှ ပျံသန်းထွက်ပေါ်လာပြီး လီယန်ချူ၏ မိုးကြိုးငါးပါး တရားဥပဒေတော်နှင့် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ပေါက်ကွဲပျောက်ကွယ်သွားကြတော့သည်။
……………………
ကွမ်လင်ခရိုင် မြို့တော်
ဤနေရာတွင် မူလက ပညာရှိကြီး တစ်ဦး ရှိခဲ့ဖူးပြီး ဖြူဆွတ်သောသမင် စာပေအကယ်ဒမီ ၏ ကျောင်းအုပ်ကြီးဖြစ်ကာ မရေမတွက်နိုင်သော ကွန်ဖြူးရှပ်တပည့်များကို သွန်သင်ဆုံးမပေးခဲ့သူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ စာအုပ်စာပေများ ရေးသားပြုစုခဲ့သော ထိုကျောင်းအုပ်ကြီးမှာ ကွမ်လင်မြို့တော်ကြီး၏ ရှေ့မှောက်တွင် အသက်ပေးကာ တိုက်ပွဲဝင်သွားခဲ့လေပြီ။
သူ့အပြင် ကွမ်လင်မြို့တော်ကြီး၏ ရှေ့တွင် သွေးများမှာ ချောင်းစီးမတတ် ဖြစ်နေပြီး ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး ရှေ့ဆင့်နောက်ဆင့် တိုးဝင်တိုက်ခိုက်ခဲ့ကြသော်လည်း ထိုကောင်းကင်လူသား၏ သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ကြရသည်။ ဖြူဆွတ်သောသမင် စာပေအကယ်ဒမီမှ စာပေပညာရှင် သုံးရာတို့မှာ ယခုအခါတွင်မူ မည်သည့်သိက္ခာနှင့် အမူအရာကိုမျှ ဂရုမစိုက်နိုင်ကြတော့ဘဲ ကျောင်းအုပ်ကြီး သေဆုံးသွားပြီးနောက်ပိုင်း ဤစာပေသမားများမှာ လုံးဝပင် ရူးသွပ်သွားကြတော့သည်။ ကျင့်စဉ်အဆင့်အတန်း ကြီးမားစွာ ကွာခြားလှသည်ကို အမှုမထားဘဲ မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံများအလား အတင်းအဓမ္မ တိုးဝင်သတ်ဖြတ်ကြတော့သည်။
ဖြူဆွတ်သောသမင် စာပေအကယ်ဒမီ၏ ဆရာများ၊ နည်းပြများနှင့် တာဝန်ခံများမှာလည်း တားဆီးပိတ်ပင်ခြင်း မပြုကြသလို၊ အကယ်ဒမီအတွက် မျိုးဆက်ချန်ထားရန်ဟူသော စိတ်ကူးမျိုးလည်း မရှိကြပေ။ ဘာကြောင့်လဲဆိုသော် ကျောင်းအုပ်ကြီး သေဆုံးပြီးနောက်ပိုင်း သူတို့ကိုယ်တိုင်က ကလဲ့စားချေရန်အတွက် အရင်ဦးဆုံး တိုးဝင်တိုက်ခိုက်ခဲ့ကြသူများ ဖြစ်နေသောကြောင့်တည်း။ ယခုအခါ သူတို့အားလုံး ကွမ်လင်မြို့တော်ရှေ့တွင် သေဆုံးသွားကြပြီဖြစ်ရာ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိတော့ချေ။
ထိုတိုက်ပွဲမှာ အလွန်တရာ စိတ်မကောင်းစရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်လှသဖြင့် ထိပ်သီးပညာရှင် အများအပြားလည်း တိုက်ပွဲထဲသို့ တစ်ဦးပြီးတစ်ဦး ပါဝင်လာခဲ့ကြသည်။ နှုတ်ခမ်းနီနီနှင့် မျက်နှာဖြူဝင်းလှသော ချောမောသည့် စာပေသမားလူငယ်လေးတစ်ဦးသည် အပြာရောင်အဝတ်အစား ဝတ်ဆင်ထားသော အစေခံအိုကြီးတစ်ဦးကို ခေါ်ဆောင်ကာ တိုက်ပွဲထဲသို့ သတ်ဖြတ်ရန် ဝင်ရောက်လာခဲ့သည်။
ကွမ်လင်မြို့တော်ရှေ့ရှိ ကောင်းကင်လူသားမှာ ခန္ဓာကိုယ် ထုထည်ကြီးမားလှပြီး လက်ထဲတွင် သံမဏိခက်ရင်းခွကြီး တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ၏အရှိန်အဝါမှာ ကြည့်ရသည်မှာ အလွန်တရာ သန့်ရှင်းမွန်မြတ်လှသည်ဟု ထင်ရသော်လည်း သူ၏ရုပ်သွင်မှာမူ ဘီလူးသရဲ ကဲ့သို့ပင် ဖြစ်နေပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မည်သူမျှ သူ၏ခြေလှမ်းကို တားဆီးနိုင်ခြင်း မရှိပုံရပေ။
အပြာရောင်အဝတ်အစား ဝတ်ဆင်ထားသော အစေခံအိုကြီးမှာ အသတ်ခံလိုက်ရပြီးနောက် သူ၏မူလရုပ်သွင် ပေါ်ပေါက်လာရာ လိပ်အိုကြီးတစ်ကောင် ဖြစ်နေတော့သည်။ ထိုကောင်းကင်လူသားသည် ၎င်းလိပ်အိုကြီးကို သံမဏိခက်ရင်းဖြင့် ထိုးမြှောက်လိုက်ပြီး ထိုချောမောသော စာပေသမားလေး၏ မျက်နှာရှေ့မှောက်တွင်ပင် လိပ်ခွံကို ခွာထုတ်ပစ်လိုက်ရာ ချက်ချင်းပင် သွေးများ တဖြန်းဖြန်း ပန်းထွက်လာတော့သည်။
“မင်းတို့လို ခြင်ကောင်၊ ပုရွက်ဆိတ်တွေက ဘာဖြစ်လို့ အမြဲတမ်း တော်လှန်ဖို့ပဲ စိတ်ကူးနေကြတာလဲ။”
သံမဏိခက်ရင်းကို ကိုင်ဆောင်ထားသော ထုထည်ကြီးမားလှသည့် ကောင်းကင်လူသားက အေးစက်စွာ ပြောဆိုလိုက်သည်။
သူသည် လက်ကို ဝှေ့ယမ်းကာ နတ်အလင်းတန်းတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်ရာ နှုတ်ခမ်းနီနီနှင့် ချောမောသော ထိုစာပေသမားလေးမှာ ထပ်မံ၍ လွင့်စင်သွားခဲ့ရပြန်သည်။ ယခုအခါတွင်မူ ထိုစာပေသမားလေး၏ ဆံပင်များ ဖရိုဖရဲဖြစ်သွားပြီး သူမမှာ အမှန်စင်စစ် အမျိုးသမီးတစ်ဦး ဖြစ်နေတော့သည်။ သူမကား ကွန်ဖြူးရှပ်သူတော်စင် ၏ တပည့်ဖြစ်သူ လူဝင်စား ဖြစ်ပေသည်။
မိမိနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သော အစေခံအိုကြီး အသတ်ခံရပြီး မိမိ၏မျက်စိရှေ့မှောက်တွင်ပင် အသားများကို နွှာယူခြင်း ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုအမျိုးသမီး၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် သွေးကဲ့သို့ နီရဲသွားတော့သည်။
“မင်းရဲ့ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက တော်တော်ထူးဆန်းတာပဲ။ စင်ကြယ်တဲ့ စာပေသမားတစ်ယောက်နဲ့ မတူဘူး။ အင် ”
ထိုကောင်းကင်လူသားသည် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအော်ရာ များ ဖုံးလွှမ်းနေသည်ကို ခံစားမိလိုက်သဖြင့် -
“သိသိသာသာကြီး လူသားမျိုးနွယ် ဖြစ်နေတာကို ဘာဖြစ်လို့ မိစ္ဆာအော်ရာတွေ ရှိနေရတာလဲ။”
ကောင်းကင်လူသားက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
တိုက်ပွဲမြေပြင်ထက်တွင် လူရိပ်တစ်ခု လေထဲမှ ပေါ်ပေါက်လာခဲ့ပြီး ၎င်းကား အလွန်တရာ နွမ်းပါးလှသော သက်လတ်ပိုင်း စာပေသမားတစ်ဦး ဖြစ်နေတော့သည်။
“အစ်မကြီး။”
ထိုသက်လတ်ပိုင်း စာပေသမားမှာ ခရီးပန်းလာပုံရပြီး မျက်နှာပေါ်တွင်လည်း လောကဓံကို ဖြတ်သန်းခဲ့ရသော အမူအရာများ ရှိနေသည်။ ထိုမောင်ငယ်လေးကို မြင်တွေ့လိုက်ရသည့်အခါ အမျိုးသမီးမှာ အနည်းငယ် ကြောင်အမ်းသွားရပြီးနောက် သူမ၏မျက်ဝန်းများမှာ ဓားကဲ့သို့ ထက်မြက်လာကာ ထိုကောင်းကင်လူသား၏ ခန္ဓာကိုယ်ပေါ်သို့ စူးစိုက်ကြည့်လိုက်ရင်း -
“ငါ့ကို ကူညီပါ။”
အမျိုးသမီးက လေးနက်သော လေသံဖြင့် ဆိုသည်။
သက်လတ်ပိုင်း စာပေသမားက ခေါင်းညိတ်လိုက်ပြီး ရှေ့ဆင့်နောက်ဆင့် တိုးဝင်တိုက်ခိုက်နေကြသော စာပေသမားများကို ကြည့်ကာ သူ၏လက်အင်္ကျီစကို ဝှေ့ယမ်းလိုက်သည်။
“စာဖတ်တဲ့ မျိုးစေ့လေးတွေကိုတော့ ချန်ထားရဦးမယ်။”
အသက်စွန့်ရန် ဆုံးဖြတ်ထားကြသော ထိုစာပေသမားများမှာ နောက်တစ်ခဏ၌ ကွမ်လင်မြို့တော်ကြီး၏ အတွင်းသို့ ရောက်ရှိသွားကြပြီ ဖြစ်ရာ ဤမန္တန်စွမ်းအင်မှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလှသည်။
ထိုသက်လတ်ပိုင်း စာပေသမားက
“အစ်မကြီး၊ ငါ မင်းကို ရှာနေခဲ့တာ နှစ်ပေါင်းရာချီ ရှိနေပြီ။ မင်းကို ပြောချင်တဲ့ စကားအချို့ ရှိလို့ပါ။” ဟု ဆိုသည်။
အမျိုးသမီးက ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။ သို့သော် သက်လတ်ပိုင်း စာပေသမားကမူ ရှေ့သို့သာ စိုက်ကြည့်လျက် ခပ်အေးအေးလေး ပြုံးကာ -
“နည်းနည်း နောက်ကျသွားပုံရတယ်။” ဟု ရေရွတ်လိုက်သည်။
စကားဆုံးသည်နှင့်တပြိုင်နက် နူးညံ့သိမ်မွေ့သော အော်ရာစွမ်းအင်တစ်ခုမှာ ဤအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့နေသော မိစ္ဆာအော်ရာများမှာ ချက်ချင်းပင် ငြိမ်သက်ကျုံ့ဝင်သွားတော့သည်။ သူမ၏ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်ခဏ၌ တစ်ကိုယ်လုံး ကွမ်လင်မြို့တော်အတွင်းသို့ ရောက်ရှိသွားခဲ့လေပြီ။ ထိုမျှမက တိုက်ပွဲမြေပြင်ထက်ရှိ ကျင့်ကြံသူအားလုံးလည်း ကွယ်ပျောက်သွားကြပြီး ကွမ်လင်မြို့တွင်းသို့ ရောက်ရှိသွားကြတော့သည်။
အမျိုးသမီးမှာ အလွန်တရာ ထိတ်လန့်သွားရသည်။
သက်လတ်ပိုင်း စာပေသမားမှာ ခြေလှမ်းတစ်လှမ်းကို ဖြည်းညှင်းစွာ လှမ်းလိုက်ရာ သူ၏အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ အစဉ်အမြဲ မြင့်မြတ်လှသည်ဟု မိမိကိုယ်ကိုယ် ယူဆထားပြီး လူ့ပြည်လောကက ကျင့်ကြံသူများကို မြက်ပင်သစ်ရွက်ကဲ့သို့ သဘောထားခဲ့သော ထိုကောင်းကင်လူသားမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရတော့သည်။ မိမိရှေ့မှောက်ရှိ အလွန်တရာ နွမ်းပါးလှသော ဤသက်လတ်ပိုင်း စာပေသမားမှာ သူ့အား အန္တရာယ်ရှိသော ခံစားချက်မျိုးကို ပေးစွမ်းနေသောကြောင့် ဖြစ်သည်။
ရွှမ်ဝမ်ကျိုး ၊ သူကား ကွန်ဖြူးရှပ်သူတော်စင်၏ အငယ်ဆုံးတပည့်ဖြစ်ပြီး ပါရမီမှာ သာမန်မျှသာ ရှိသည်။ ချွန်းချိုးလင် ၏ ဘိုးဘေးကြီးမှာ သေဆုံးသွားသည့်တိုင်အောင် ဆရာဖြစ်သူက ဘာဖြစ်လို့ ဤကဲ့သို့သော လူမျိုးကို ဂိုဏ်းတွင်းသန့်ရှင်းရေးလုပ်ရန် ရွေးချယ်ခဲ့ရသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သူသည် အလွန်တရာ ကြောက်တတ်ပြီး တိုက်ခိုက်ရသည်ကိုလည်း မနှစ်သက်ချေ။
ရွှမ်ဝမ်ကျိုးသည် ထိုကောင်းကင်လူသားကို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။ ဤအချိန်တွင်ပင် သူ၏ခန္ဓာကိုယ်၌ မည်သည့်ရဲရင့်ထည်ဝါသော စွမ်းအင်မျိုးမျှ ရှိမနေပေ။
“ငါ မင်းကို သတ်ကြည့်ဖို့ စမ်းသပ်ချင်တယ်။”
သူ၏လေသံမှာ ပြင်းထန်လှသည်ပင် မဟုတ်ဘဲ မေးမြန်းနေသကဲ့သို့ ရှိနေပြီး ယုံကြည်ချက် ကင်းမဲ့နေပုံရသည်။ အသက်စွန့်သွားခဲ့ကြသော လူ့ပြည်လောက ကျင့်ကြံသူများ၏ ရဲရင့်မှုမျိုးနှင့် လုံးဝပင် မနှိုင်းယှဉ်နိုင်ချေ။
မရှေးမနှောင်းတွင် သူ၏အရှိန်အဝါကြောင့် အနည်းငယ် လန့်သွားခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ထိုကောင်းကင်လူသားမှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့သည်။ ခုနက မိမိသည် ထိုကဲ့သို့သော ကျင့်ကြံသူတစ်ဦးကြောင့် ထိတ်လန့်သွားခဲ့ရသည်တကား။
“မင်းတစ်ယောက်တည်းနဲ့လား။”
ကောင်းကင်လူသားက လှောင်ပြုံး ပြုံးလိုက်သည်။
နောက်တစ်ခဏ၌ ထိုသက်လတ်ပိုင်း စာပေသမားမှာ လှုပ်ရှားလိုက်ရာ မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားတော့သည်။
ဤနေ့တွင် ကွမ်လင်မြို့တော်ရှေ့၌ နတ်လက်နက်ကို ကိုင်ဆောင်ထားသော ကောင်းကင်လူသားတစ်ပါး အသက်ပျောက်သွားခဲ့ရလေပြီ။ မူလက ကွမ်လင်မြို့တော်ကြီး သေချာပေါက် ပျက်စီးရမည့် စစ်တုရင်ကစားကွက်ကြီးမှာ ပယ်ဖျက်ခြင်း ခံလိုက်ရတော့သည်။
………………
အရပ်ရပ်တွင် သွေးချောင်းစီးတိုက်ပွဲများ ဆက်တိုက်ပေါက်ကွဲနေသည်။ အပြင်လောကသို့ ပေါ်ပေါက်လာခဲ့ပြီးဖြစ်သော နတ်ဘုရား နယ်မြေ အချို့တွင် နတ်ဘုရားတို့၏ စိတ်ဆန္ဒအကြွင်းအကျန် များ ရှိနေကြရာ လီယန်ချူသည် ဖန်းတီးခြင်းရွှေကျမ်းစာ ကို လှုံ့ဆော်ကာ ၎င်းတို့၏ရုပ်သွင်ကို စုစည်းပေးခဲ့သည်။ ကောင်းကင်လူသားတို့ သန်မာလှသော အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ ထိုစိတ်ဆန္ဒအကြွင်းအကျန်များမှာလည်း ထွက်ပေါ်လာပြီး ကောင်းကင်လူသားများကို ခုခံတိုက်ခိုက်ကြတော့သည်။
၎င်းတို့ထဲတွင် မျက်နှာထား သန့်ရှင်းတည်ငြိမ်လှသော သက်လတ်ပိုင်း အမျိုးသားများ၊ လောကီအညစ်အကြေး ကင်းစင်လှသော နတ်သမီးများ၊ နတ်ဘုရားတို့၏ အမူအရာရှိသော တာအိုရဟန်းအိုကြီးများ ပါဝင်ကြသည်။ နတ်ဘုရားတို့၏ စိတ်ဆန္ဒအကြွင်းအကျန်များသည် အရပ်ရပ်သို့ သတ်ဖြတ်ရန် တိုးဝင်သွားကြပြီး ကောင်းကင်လူသားများကို ခုခံနေကြတော့သည်။
စွမ်းအင်လှိုင်းများမှာ ကောင်းကင်ထက်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲနေပြီး ချန်နိုင်ငံတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။ ဤတိုက်ပွဲမှာ အလွန်တရာ ပင်ပန်းဆင်းရဲလှသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေသည်။ ဤနတ်ဘုရားနယ်မြေများတွင် အခြေစိုက်နေကြသော မြေပြင်နတ်ဘုရား များသည် နှစ်ပေါင်းရာချီပြီးနောက်ပိုင်းတွင် သူတို့၏နတ်စွမ်းအားကို ထပ်မံထုတ်ဖော်လိုက်ကြခြင်း ဖြစ်သည်။ မူလကပင် လေထဲတွင် လွင့်မျောနေသော စိတ်ဆန္ဒအကြွင်းအကျန်အချို့မှာ မန္တန်စွမ်းအင်အချို့ကို ထုတ်ဖော်ပြီးနောက်ပိုင်း လုံးဝပင် ပျောက်ကွယ်သွားကြတော့သည်။
ယခုတစ်ကြိမ် လူ့ပြည်သို့ ဆင်းသက်လာကြသော ကောင်းကင်လူသားများမှာ အလွန်အမင်း သန်မာလွန်းလှသည်။ သို့သော် အရပ်ရပ်တွင် သွေးချောင်းစီးတိုက်ပွဲများ ပေါက်ကွဲနေချိန်၌ အေးစက်လှသော အမျိုးသမီး တစ်ဦးမှာ ဓားကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ဓားတစ်ချက်ဖြင့် ကောင်းကင်ကို ဖြတ်ပိုင်းလိုက်ရာ ကောင်းကင်လူသားကို ပေပေါင်းထောင်ချီ နောက်ဆုတ်သွားစေသည်။ အလွန်အမင်း လှပလှသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည်လည်း ခြေထောက်ကို အနည်းငယ်ကွေးကာ ပြေးဝင်လာပြီး ခရမ်းရောင် သက်တံအလင်းတန်းတစ်ခုအလား အရှိန်ပြင်းစွာ ဝင်တိုက်လိုက်ရာ ဆီးတားသမျှ အရာအားလုံး ပျက်စီးသွားတော့သည်။
တာအိုဆရာတစ်ဦးသည် ဓားရှည်ကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး သွေးကြောထဲမှ စွမ်းအင်များမှာ ပင်လယ်ကဲ့သို့ ပြည့်လျှံနေသည်။ ထိုမျက်နှာမျိုးပင် အခြားနေရာတစ်ခုတွင် ထပ်မံပေါ်ပေါက်လာပြီး တာအိုဆရာတစ်ဦးသည် လှံရှည် ကို ကိုင်ဆောင်ကာ နတ်အာဏာဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။
နောက်ဆုံးတွင်တော့ နေရာအများအပြားကို ကာကွယ်နိုင်ခဲ့သဖြင့် ချန်နိုင်ငံ၏ ကံကြမ္မာစွမ်းအင် များ လုံးဝဥဿုံ ပျက်စီးသွားခြင်းမှ သက်သာရာရခဲ့သည်။ ယခုတစ်ကြိမ် လူ့ပြည်သို့ ဆင်းသက်လာကြသော ကောင်းကင်လူသားများ၏ စွမ်းရည်မှာ အလွန်တရာ သန်မာလှသည့်အပြင် အချို့မှာ ရှေးဟောင်း တိရစ္ဆာန်ရိုင်းကြီးများကို စီးနင်းလာကြပြီး၊ အချို့မှာမူ နတ်ဘုရားလောက၏ အဖိုးတန်ရတနာများကိုပါ ယူဆောင်လာခဲ့ကြသည်။ အကယ်၍ သူတို့သည် မိမိတို့၏အာဏာကို ပြသရန်အတွက် သတ်ဖြတ်ခြင်းမျိုးမဟုတ်ဘဲ လူ့ပြည်လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် အတင်းအဓမ္မ ကြံရွယ်ခဲ့ကြမည်ဆိုလျှင် ထိုတိုက်ပွဲမှာ ယခုထက်ပို၍ ရက်စက်ကြမ်းကြုတ်သွားပေလိမည်။
ဓားကို ကျောပိုးထားသော သက်လတ်ပိုင်း တာအိုရဟန်းတစ်ဦးသည် ဟင်းလင်းပြင်ကို နင်းလျှောက်ကာ ရောက်ရှိလာပြီး ဓားအော်ရာများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေကာ ဓားစိတ်ဆန္ဒမှာလည်း အလွန်ထက်မြက်လှသည်။ သူ၏ဘေးတွင်မူ ဆံပင်နှစ်ဖက်ခွဲကျစ်ထားသော လှပလှသည့် မိန်းကလေးငယ်တစ်ဦးမှာ ရွှေတူကြီး ကို လက်တွင် ဆုပ်ကိုင်ထားသည်။ ယခုတစ်ကြိမ်တွင် သူမ၏ ကျင့်စဉ်အဆင့်မှာ အလွန်ကွာခြားလွန်းလှသဖြင့် တိုက်ပွဲထဲသို့ ဝင်ရောက်ခြင်း မပြုဘဲ ဆရာဖြစ်သူ ပေးအပ်ထားသော အဖြူရောင်အလံငယ်လေးကိုသာ လှုံ့ဆော်လျက် မိမိတို့နောက်ကွယ်ရှိ လူသားမျိုးနွယ်၏ မြို့တော်ကြီးကို ကာကွယ် စောင့်ရှောက်ထားတော့သည်။
သက်လတ်ပိုင်း တာအိုရဟန်း ရင်ဆိုင်နေရသူမှာ အဖြူရောင်ဝတ်စုံဝတ် ကောင်းကင်လူသားတစ်ဦး ဖြစ်ပြီး ခန္ဓာကိုယ်မှာ တောင်တန်းကဲ့သို့ မြင့်မားကာ မျက်ဝန်းအစုံမှာ မီးရှူးတိုင်ကဲ့သို့ စူးရှနေသည်။ သူကား အသက်ရှည်ကျန်းမာလှသော သန်မာသည့် ကောင်းကင်လူသားတစ်ဦး ဖြစ်ပေသည်။ ဓားကို ကျောပိုးထားသော ဤသက်လတ်ပိုင်း တာအိုရဟန်းကို မြင်တွေ့လိုက်ရသည့်အခါ အစပိုင်းတွင် သူသည် အမှုမဲ့အမှတ်မဲ့သာ နေခဲ့သော်လည်း စိတ်စိုက်၍ ထိုတာအိုရဟန်း၏ ရုပ်သွင်ကို သေချာစွာ မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး -
“ရွှေချွန်းရန် ”
“မင်း မသေသေးဘူးပဲ ”
ထိုကောင်းကင်လူသားသည် ခန္ဓာကိုယ် သွယ်လျရှည်လျားပြီး တောင်တန်းကဲ့သို့ မြင့်မားရာ ယခုအခါ ဤသက်လတ်ပိုင်း တာအိုရဟန်းကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ တုန်ဟီးသွားတော့သည်။
ဓားကျောပိုးထားသော သက်လတ်ပိုင်း တာအိုရဟန်းက ခပ်အေးအေးလေးပင် -
“မင်း ငါ့ကို သိတာလား။” ဟု မေးသည်။
“မင်းက မသေသေးဘဲ အသက်ရှင်နေတာကိုး၊ တကယ်ပဲ အကြွင်းအကျန်တွေ ကျန်နေခဲ့တာပဲ။”
ကောင်းကင်လူသားက အေးစက်စွာ ပြောဆိုလိုက်သည်။
သက်လတ်ပိုင်း တာအိုရဟန်းမှာ အလွန်တရာ ခန့်ညားလှပြီး လောကီအသွင် ကင်းစင်လျက် နတ်ဘုရားတို့၏ အမူအရာမျိုး ရှိနေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူတစ်ကိုယ်လုံးမှာ ဓားအိမ်မှ ထုတ်လိုက်သော ရတနာဓားတစ်စင်းအလား ပြောင်းလဲသွားသည်။
“မင်းက ဒီအကြောင်းအရာတွေကို သိနေတယ်ဆိုမှတော့ မင်းကို ပိုပြီးတော့ ချန်ထားလို့မရတော့ဘူး။”
ရွှေချွန်းရန်က ခပ်အေးအေးလေး ပြောလိုက်သည်။
“အသက်လုပြီး ပြေးခဲ့ရတဲ့ ရှုံးနိမ့်သွားတဲ့ သူကများ ငါ့ကို ဒီလို စကားကြီးစကားကျယ် ပြောရဲသေးတယ်ပေါ့။”
ကောင်းကင်လူသားက လှောင်ပြုံး ပြုံးလိုက်သည်။ သူသည် လက်ဖဝါးကို မြှောက်ကာ ထိုသက်လတ်ပိုင်း တာအိုရဟန်းထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ယခုတစ်ကြိမ် လူ့ပြည်သို့ ဆင်းသက်လာခြင်းမှာ ဧကရာဇ် ကုယူဟွမ်ကို အဓိကထားခြင်း ဖြစ်ပြီး သူတို့ကဲ့သို့သော ထိပ်သီးပညာရှင်များက ဘေးမှ စောင့်ရှောက်ပေးခြင်း ဖြစ်သဖြင့် အလွန်တရာ လွယ်ကူလှသော အလုပ်တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ဘာကြောင့်လဲဆိုသော် ထိုကမ္ဘာမြေကြီးမှာ ကြာမြင့်လှပြီဖြစ်သော အချိန်ကတည်းက သန့်စင်ခြင်း ခံခဲ့ရပြီးသား ဖြစ်သောကြောင့်တည်း။ သို့သော် ကောင်းကင်လူသားသည် ထိုစဉ်က အကြွင်းအကျန်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်သည်။
“သူ့အပြင် တခြား အကြွင်းအကျန်တွေ လူ့ပြည်မှာ ကျန်နေသေးလား မသိဘူး။”
ကောင်းကင်လူသားက စိတ်ထဲမှ တွေးလိုက်သည်။
သူသည် လက်ဖဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်ရာ မီးတောက်များ ဝန်းရံနေသော ဖီးနစ်ငှက်ကြီး တစ်ကောင် ပျံသန်းထွက်ပေါ်လာသကဲ့သို့ ရှိနေပြီး ကမ္ဘာပျက်မတတ် နတ်မီးတောက်များကို ယူဆောင်လာကာ ဤတိုက်ခိုက်မှုမှာ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာတော့သည်။
သက်လတ်ပိုင်း တာအိုရဟန်း ရွှေချွန်းရန်သည် လှည့်ကြည့်ကာ မိမိ၏တပည့်ငယ်လေးအား လေသံတိုးတိုးဖြင့် -
“သေချာကြည့်ထားပါ၊ ငါ ဓားတစ်ချက်ပဲ ထုတ်မှာ။”
ဟု ဆိုသည်။
ရို့လီ မှာ စိတ်လှုပ်ရှားသွားပြီး -
“ဆရာကတော့ ကြွားပြန်ပြီ။” ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
နောက်တစ်ခဏ၌ အလွန်တရာ စူးရှတောက်ပလှသော ဓားအလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့လေပြီ။
ထိုကောင်းကင်လူသား၏ နဖူးပြင်မှာ သွေးပေါက်တစ်ခု အဖောက်ခံလိုက်ရပြီး ဦးခေါင်းနောက်ကွယ်မှ ပေါက်ကွဲထွက်သွားတော့သည်။ မျက်နှာထား သန့်ရှင်းတည်ငြိမ်လှသော ထိုသက်လတ်ပိုင်း တာအိုရဟန်းမှာ သွေးပေါက်ထဲမှ ပျံသန်းထွက်ပေါ်လာပြီး လက်ထဲတွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားပုံရသည်။
ရို့လီမှာ အလွန်တရာ ထိတ်လန့်သွားရသည်။ ဆရာဖြစ်သူ ဤမျှအထိ သန်မာလိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့ပေ။
သက်လတ်ပိုင်း တာအိုရဟန်း မြေပြင်သို့ သက်ဆင်းကာ ရို့လီ၏ ရှေ့တွင် ရပ်တန့်လိုက်ရင်း -
“ဒီလောက်အထိ အံ့ဩနေဖို့ မလိုပါဘူး။ အစစ်အမှန် အရှုံးအနိုင်က ဧကရာဇ်မြို့တော် မှာ ရှိတာ။ ဒီလူက ကျင့်စဉ်အဆင့် မြင့်မားတယ်ဆိုပေမဲ့ အဲဒီ ကောင်းကင်လူသားကိုတော့ မမှီဘူး။”
ဟု ဆိုသည်။
ဆံပင်နှစ်ဖက်ခွဲကျစ်ထားပြီး လက်တွင် ရွှေတူကို ကိုင်ဆောင်ထားသော ရို့လီမှာ ထိတ်လန့်တကြားဖြင့် -
“ဧကရာဇ်မြို့တော်မှာ ဒီထက်ပိုပြီး သန်မာတဲ့ ကောင်းကင်လူသား ရှိသေးတာလား။”
ဟု မေးမြန်းလိုက်သည်။
မျက်နှာထား သန့်ရှင်းတည်ငြိမ်လှသော သက်လတ်ပိုင်း တာအိုရဟန်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
“ဒီတစ်ကြိမ် လူ့ပြည်လောကကြီး ကပ်ဘေးကနေ ကျော်လွန်နိုင်မလားဆိုတာက ဧကရာဇ်မြို့တော် တိုက်ပွဲရဲ့ ရလဒ်အပေါ်မှာပဲ မူတည်တယ်။”
ရို့လီ၏ ကြည်လင်လှသော မျက်ဝန်းအစုံတွင် လေးနက်သော အမူအရာများ ပေါ်ပေါက်လာသည်။
“ဒီလိုဆိုရင် ကျွန်မတို့ ဧကရာဇ်မြို့တော်ကို သွားကြမလား။” ဟု ဆိုသည်။
တာအိုရဟန်းက ခေါင်းခါပြလိုက်ပြီး -
“အခုသွားလည်း အပိုပဲ။” ဟု ပြောသည်။
ရို့လီက နားမလည်နိုင်ဘဲ -
“ဘာဖြစ်လို့လဲ။” ဟု မေးသည်။
တာအိုရဟန်း၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများမှာမူ အနည်းငယ် အထီးကျန်နေပုံရပြီး -
“ဆရာ ပြောခဲ့ပြီးပြီလေ၊ ဓားတစ်ချက်ပဲ ထုတ်နိုင်တာ။” ဟု ဆိုသည်။
နောက်တစ်ခဏ၌ သူ၏လက်ချောင်းများမှာ စတင်၍ ပျောက်ကွယ်လာခဲ့ပြီး လက်မောင်းမှသည် ခန္ဓာကိုယ်အထိ ဖြစ်နေတော့သည်။
မိန်းကလေးငယ် ရို့လီမှာ မျက်နှာပျက်မတတ် ထိတ်လန့်သွားရသည်။
“ဆရာ။” ဟု အော်ဟစ်လိုက်တော့သည်။
ဆရာဖြစ်သူတွင် မိမိထင်မှတ်ထားသည်ထက် ကျော်လွန်သော လျှို့ဝှက်စွမ်းရည်များ ရှိနေသည်ဟု အောက်မေ့ကာရှိသေး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်တော့မည် တကား။
တာအိုရဟန်း ရွှေချွန်းရန်က ခေါင်းခါပြလိုက်ပြီး ပါးစပ်မှ ရှေးဟောင်းကျမ်းစာတစ်ပုဒ်ကို စတင်ရွတ်ဖတ်လိုက်သည်။ ၎င်းကား အလွန်တရာ နားလည်ရခက်ခဲလှသော တာအိုဂိုဏ်း၏ ရှေးဟောင်းမှော်နည်းလမ်းတစ်ခု ဖြစ်ပုံရသည်။ သူ၏ခန္ဓာကိုယ် ပျောက်ကွယ်နေမှုမှာ ရပ်တန့်သွားပြီး ဖြည်းညှင်းစွာ ပြန်လည်စုစည်းလာခဲ့သည်။
ရို့လီမှာ ယခုအခါ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံနေပြီး မျက်နှာတစ်ခုလုံး နီရဲလျက် မျက်ရည်များ တရဟော စီးကျလာသည်။
“ဆရာ၊ ဆရာ မသေပါနဲ့။”
ရွှေချွန်းရန်၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ စုစည်းသွားခဲ့ပြီး မျက်ဝန်းထဲတွင် စိတ်သက်သာရာရသော အမူအရာများ ပေါ်ပေါက်လာကာ ရို့လီ၏ ဦးခေါင်းကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးလိုက်သည်။
“မင်း နတ်ဘုရား မဖြစ်သေးခင်အထိတော့ ဆရာ စိတ်မချနိုင်သေးဘူး။ ကောင်းကင်ဘုံနဲ့ အသက်လုပြီးတော့လည်း မင်း ကြီးပြင်းလာတာကို ကြည့်ရဦးမယ်။”
သူ၏အရှိန်အဝါမှာ အလွန်တရာ အားနည်းနေပြီး စကားတစ်ခွန်း ပြောလိုက်သည့်အခါတိုင်း ချောင်းဆိုးနေရရာ ကြီးမားလှသော နာကျင်မှုဒဏ်ကို ခံစားနေရပုံရသည်။ ထင်ရှားသည်မှာ ဤကဲ့သို့သော တားမြစ်ထားသည့် တာအိုဂိုဏ်း ရှေးဟောင်းမှော်နည်းလမ်းမှာ ကြောက်မက်ဖွယ်ကောင်းသော ပေးဆပ်မှုကို တောင်းဆိုနေခြင်း ဖြစ်ပေသည်။
ရို့လီမှာ ဝမ်းနည်းပက်လက်ဖြစ်ကာ မျက်ရည်များ ဝဲလျက် -
“ဆရာ၊ နောက်ဆိုရင် ကျွန်မ စကားနားထောင်ပါ့မယ်။ ကျွန်မ သေချာပေါက် ကျင့်ကြံပါ့မယ်။”
တာအိုရဟန်းက သူမ၏ဦးခေါင်းကို စိတ်သက်သာရာရစွာ ပွတ်သပ်ပေးလိုက်သည်။
“ဟောကိန်းအရဆိုရင် သေဘေးကိုးခါကြုံပြီးမှ အသက်ရှင်ခွင့်တစ်ခါ ရမှာဆိုတော့ လုံးဝ လမ်းစမရှိတာတော့ မဟုတ်ပါဘူး။”
“ဒါပေမဲ့ အဓိကကတော့ ဘယ်သူက ထာဝရလူသားတွေကို လူ့ပြည်ဆင်းသက်အောင် ဆွဲဆောင်ခဲ့တာလဲ။”
တာအိုရဟန်း၏ မျက်နှာထားမှာ လေးနက်နေတော့သည်။
…………
သျှူကျိုးခရိုင်
ဤနေရာတွင်မူ သွေးချောင်းစီးတိုက်ပွဲများ ပေါက်ကွဲခြင်း မရှိပေ။ သို့သော် သောင်းနှင့်ချီသော သက်ရှိဝိညာဉ်အားလုံးတို့၏ မျက်ဝန်းများမှာမူ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး အလွန်တရာ သစ္စာရှိစွာဖြင့် အရပ်သား ပြည်သူအားလုံးတို့သည် ကောင်းကင်ထက်မှ နတ်သမီး၏ ကြာပန်းကြီးအတွင်းသို့ စုပ်ယူခြင်း ခံနေကြရသည်။ ထိုမြင်ကွင်းမှာ အလွန်တရာ ဆန်းကြယ်လှသည့်အပြင် မျှော်လင့်ချက်ကင်းမဲ့သော အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။
လက်ကောက်ဝတ်တွင် စိမ်းစိုသော ကျောက်စိမ်းလက်ကောက်ကို ဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာခဲ့သည်။ သူမကား အလွန်တရာ ဆွဲဆောင်မှုရှိလှပြီး ကိုယ်လုံးကိုယ်ထည်မှာလည်း အချိုးအစားကျလွန်းလှသဖြင့် ဝတ်ဆင်ထားသော အဝတ်အစားများမှာပင် ပြဲထွက်လုမတတ် ဖြစ်နေရသည်။ ကောင်းကင်ထက်မှ ထိုသန့်ရှင်းမွန်မြတ်လှသော နတ်သမီးနှင့် နှိုင်းယှဉ်လိုက်လျှင် ဤအမျိုးသမီးမှာ မိစ္ဆာမတစ်ဦးနှင့် ပို၍တူပေသည်။
'ယွမ်ချွီ' ၊ သူမကား 'ယွမ်ရှောင်လျှို့ဝှက်နယ်မြေ' ထဲမှ နတ်သမီးတစ်ပါး ဖြစ်ပြီး လီယန်ချူ၏ ကူညီမှုဖြင့် မိမိ၏မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကာ မိမိ၏ကျင့်စဉ်များကို ပိတ်လှောင်ထားသော ကျောက်စိမ်းလက်ကောက်ကို ပြန်လည်ရရှိခဲ့သူ ဖြစ်သည်။
“ဟဲ့ ”
ယွမ်ချွီသည် ဤနေရာသို့ ရောက်ရှိလာပြီးနောက် အေးစက်လှသော အော်ဟစ်သံတစ်ချက်ကို ထုတ်ဖော်လိုက်သည်။ အသံမှာ မကျယ်လောင်သော်လည်း ထိုတိတ်ဆိတ်လှသော သျှူကျိုးမြို့တော်ကြီးအတွင်း၌မူ မိုးခြိမ်းသံကဲ့သို့ တုန်ဟည်းသွားတော့သည်။ ပြည်သူများကို သိမ်းဆည်းနေသော ထိုကြာပန်းကြီးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီ။ သျှူကျိုးမြို့တွင်း၌ ပျံ့နှံ့နေသော ထိုစွမ်းအားများမှာ အနည်းငယ် အားနည်းသွားပုံရပြီး လူအများအပြားမှာ တစ်ယောက်ပြီးတစ်ယောက် သတိပြန်လည်လာကြတော့သည်။ မိမိတို့ပတ်ဝန်းကျင်၌ ကိုးကွယ်နေကြသော အခြားပြည်သူများကို ကြည့်ကာ စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်သွားကြရသည်။
မွန်မြတ်လှသော ထိုနတ်သမီးသည် လက်ထဲတွင် ကြာပန်းကို ဆုပ်ကိုင်ထားပြီး မျက်နှာထားမှာ တည်ငြိမ်လျက် ကြာပန်းကို ကြည့်ကာ ပြုံးနေသည်။ ပြောမပြတတ်အောင်ပင် ထူးခြားမွန်မြတ်လှပြီး ခန္ဓာကိုယ်ပတ်လည်တွင် နတ်ရောင်ခြည်များ ဖုံးလွှမ်းနေသဖြင့် လူကို ဆွဲဆောင်နေကာ ကြည့်ရသူတို့အား အလိုအလျောက် ကိုးကွယ်လိုသော စိတ်ကို ဖြစ်ပေါ်စေသည်။
သူမ၏ မျက်ခုံးအစုံမှာ ယွမ်ချွီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး လေသံတိုးတိုးဖြင့် -
“ဘယ်ကလာတဲ့ မိစ္ဆာမလဲ။”
ဟု ဆိုသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် နတ်ရောင်ခြည်များ ဖုံးလွှမ်းနေပြီး သန့်ရှင်းသော အရှိန်အဝါများ ပျံ့နှံ့နေကာ လမင်းကြီးအလား ဖြူစင်ဝင်းပနေသည်။ သူမကား ကောင်းကင်လူသားမျိုးနွယ်စုတွင် အလွန်တရာ ကျော်ကြားလှသော အလှပဂေးတစ်ဦးဖြစ်ပြီး ပါရမီမှာလည်း အထူးပင် လွန်ကဲလှသူ ဖြစ်သည်။
ယွမ်ချွီက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း -
“ဒီနေရာက ငါ့ရဲ့နယ်မြေပဲ။ မင်းက လူလာသတ်တာကို ငါ့ကို နှုတ်ဆက်ခဲ့ရဲ့လား။”
ဟု ဆိုသည်။
ယွမ်ချွီ၏ ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်ခြင်းအော်ရာများ ပြည့်နှက်နေသဖြင့် လူကို ထိတ်လန့်စေသည်။ သူမတွင် ထိုကဲ့သို့သော သန့်ရှင်းမွန်မြတ်သည့် အာဏာမျိုး ရှိမနေဘဲ လောကကြီးကို မှောက်မှားစေမည့် မိစ္ဆာမတစ်ဦးနှင့်သာ ပို၍တူနေတော့သည်။
မွန်မြတ်လှသော ထိုလှပသည့် ကောင်းကင်လူသားနတ်သမီးက တည်ငြိမ်စွာဖြင့် -
“ငါက သူတို့ကို ကယ်တင်ဖို့ လာတာ။” ဟု ဆိုသည်။
နောက်တစ်ခဏ၌ သူမ၏ မျက်ခုံးအလယ်မှ သွေးရောင်ခြည်တစ်ခု ပေါက်ကွဲထွက်သွားပြီး လက်ထဲမှ ကြာပန်းမှာ ဖြတ်တောက်ခြင်း ခံလိုက်ရသဖြင့် မိုးကြိုးထိမှန်ခံရသကဲ့သို့ ဖြစ်သွားတော့သည်။
“ကောင်းကင်လူသားတွေမှာ ကံကောင်းခြင်းတွေ ရှိတယ်ဆိုပေမဲ့ မိမိကိုယ်တိုင်လည်း သံသရာရဲ့ ဒုက္ခကို ခံစားရမှာပဲ။ ကယ်တင်ခြင်းအကြောင်း ဘာပြောစရာ ရှိလို့လဲ။”
ယွမ်ချွီက လှောင်ပြုံး ပြုံးလိုက်သည်။
ခုနက သူမ ထုတ်ဖော်လိုက်သည်မှာ စိတ်ဓား ဖြစ်ပြီး လီယန်ချူသည် သူမ၏ ယွမ်ရှောင်းလျှို့ဝှက်နယ်မြေ ဂူဗိမာန်ထဲမှ ရရှိခဲ့သော ဤကွက်ကွင်းကို ယွမ်ချွီကိုယ်တိုင်လည်း သဘာဝကျစွာ တတ်မြောက်ထားခြင်း ဖြစ်သည်။ ခုနက ထိုစိတ်ဓားတစ်ချက်သည် အမျိုးသမီး ကောင်းကင်လူသားနှင့် မန္တန်စွမ်းအင်တို့အကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သျှူကျိုးမြို့တော်ကြီးတစ်ခုလုံးရှိ လူသားများမှာ အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားကြပြီး ခုနက မြင်ကွင်းကို ပြန်လည်တွေးတောမိလိုက်သည့်အခါ မျက်နှာထားများမှာ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
အခန်း (၁၁၂၂) - တိုင်းပြည်ပျက်သုဉ်း၊ ဇာတိမြေကြွေလွင့်
ထိုကောင်းကင်လူသား အမျိုးသမီးမှာ အလွန်တရာ ချောမောလှပသည် ဖြစ်ပေရာ လူ့လောကရှိ သာမန်မိန်းမပျိုများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။ ထို့အပြင် သူမ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာလည်း ထူးမြတ်လှပြီး သနားကြင်နာတတ်သော နတ်ဘုရားမတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသည်။
သူမ၏ ခန္ဓာကိုယ်ထက်တွင် နတ်အလင်းတန်းများ တဖျတ်ဖျတ် လက်ခနဲ လင်းပြောင်သွားပြီး ဒဏ်ရာများကို မျက်တောင်တစ်ခတ်အတွင်း ပြန်လည်ချောမွေ့သွားစေတော့သည်။
“မင်းကိုး... အဲဒီတုန်းက လူ့ပြည်ကို ဆင်းသက်သွားတဲ့ မိစ္ဆာမ... နတ်ပြည်ရဲ့ ဝရမ်းပြေးပေါ့...”
ကောင်းကင်လူသား အမျိုးသမီးက တိုးညှင်းသော လေသံဖြင့် ဆိုလိုက်ရာ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပုံရသည်။
သူမသည် 'ယွမ်ချွီ' ကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။
ဤလောကဓာတ်ကြီး၏ တာအိုလမ်းစဉ်မှာ ချို့ယွင်းချက် ရှိနေသဖြင့် နတ်မိစ္ဆာများ ဆင်းသက်လာလျှင်ပင် အလွန်မြင့်မားသော ကျင့်စဉ်အဆင့်ကို ပြန်လည်မရရှိနိုင်ကြောင်း သူမ သိထားသောကြောင့်တည်း။
သူမသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ကြာပန်းတစ်ပွင့် ထပ်မံပေါ်ပေါက်လာခဲ့သည်။
ထိုကြာပန်းမှာ နတ်ဘုရားလောကမှ လာခြင်းမဟုတ်ဘဲ နတ်အပင်တစ်ပင် ဖြစ်ပြီး တစ်စုံတစ်ဦးက ကြီးမားလှသော မှော်စွမ်းအားဖြင့် မှော်ရတနာအဖြစ် သွန်းလုပ်ထားခြင်း ဖြစ်ပေသည်။
“ဒီနေ့တော့ မင်းလို မိစ္ဆာမကို ငါကိုယ်တိုင် နှိမ်နင်းပြရတာပေါ့...”
အလွန်လှပပြီး မြင့်မြတ်လှသော ဤမိန်းမပျိုက ဆိုလိုက်သည်။
နှစ်ယောက်စလုံးမှာ တစ်ဦးကိုတစ်ဦး မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း အားပြိုင်နေကြတော့သည်။
ထိုအချိန်တွင် ကောင်းကင်ယံအဝေးမှ အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး မြေပြင်သို့ သက်ဆင်းလာသည့်အခါတွင်မူ စာပေပညာရှင်အလား နူးညံ့သိမ်မွေ့ပြီး ချောမောခန့်ညားသော လူငယ်တာအိုဆရာလေးတစ်ဦး ဖြစ်နေတော့သည်။
ဤသည်ကား လီယန်ချူ၏ ကိုယ်ပွားအတတ် ဖြင့် ခွဲထုတ်ထားသော ကိုယ်ပွားတစ်ခု ဖြစ်ပေသည်။
သူ၏လက်ထဲတွင်မူ ကန့်လန့်ဖြတ်လှံရှည်ကြီး တစ်စင်းကို ကိုင်ဆောင်ထားပြီး ကောင်းကင်ယံကို တုန်ဟီးစေနိုင်လောက်သော စစ်နတ်ဘုရားတစ်ပါးအလား သတ်ဖြတ်ခြင်းအော်ရာများ ဖုံးလွှမ်းနေတော့သည်။
လီယန်ချူသည် ဤနေရာသို့ ရောက်ရှိလာပြီးနောက် ယွမ်ချွီကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားမိသော်လည်း ချက်ချင်းပင် တစ်ဖက်လူကို ခေါင်းညိတ်ပြလိုက်သည်။
ယွမ်ရှောင် လျှို့ဝှက်နယ်မြေမှာ မူလကပင် ရှူကျိုးခရိုင်နယ်နိမိတ်အတွင်း၌ ရှိနေခြင်း ဖြစ်သော်လည်း ယွမ်ချွီပါ ဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
“သူတို့တွေက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားတွေကို လုယူချင်နေကြတာ... ဧကရာဇ်မြို့တော်က အဓိကအကျဆုံးပဲ... ရှူကျိုးမြို့ရဲ့ ကံကြမ္မာစွမ်းအားတွေ ရှိနေသေးတယ်ဆိုပေမယ့် ချန်နိုင်ငံရဲ့ တိုင်းပြည်ကံကြမ္မာကတော့ ပျောက်ကွယ်သွားပြီဆိုတာကို ငါ ခံစားမိနေတယ်...” ယွမ်ချွီက ဆိုသည်။
လီယန်ချူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ဓားကဲ့သို့ ထက်မြက်သွားခဲ့ရသည်။ ကိုယ်ပွားအတတ်ဖြင့် ခွဲထုတ်ထားသော ကိုယ်ပွား၏ ကျင့်စဉ်အဆင့်မှာ မူလခန္ဓာကိုယ်နှင့် အတူတူပင် ဖြစ်ပေသည်။
သို့သော် အကွာအဝေး အလွန်ဝေးကွာနေပါက လက်ရှိတွင် မူလခန္ဓာကိုယ်နှင့် စိတ်ချင်းဆက်သွယ်၍ မရနိုင်သလို၊ အချိန်အကြာကြီးလည်း ထိန်းထားရန် ခဲယဉ်းပေသည်။
သို့သော်လည်း အကျိုးကျေးဇူးများကမူ အလွန်တရာ များပြားလှပေသည်။
လှံရှည်ကြီးကို ကိုင်ဆောင်ထားသော လီယန်ချူက ထိုစကားကို ကြားလိုက်ရသည့်အခါ အေးစက်လှသော လေသံဖြင့် -
“နှစ်ယောက်ပေါင်းပြီး သူမကို သတ်ကြစို့...”
ယွမ်ချွီက ချိုသာစွာ ပြုံးလိုက်ရင်း -
“ကောင်းပြီလေ...”
လက်ထဲတွင် ကြာပန်းကို ကိုင်ဆောင်ထားပြီး ခန့်ညားထည်ဝါလှသော အလှပဂေး မိန်းမပျိုမှာမူ ချက်ချင်းပင် ပြင်းထန်သော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။
ထိုနေရာတွင် ရပ်နေသည်မှာ လူငယ်တာအိုဆရာတစ်ဦး မဟုတ်ဘဲ နတ်ဘုရားလောကမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးအလား ခံစားနေရသောကြောင့်တည်း။
သူ၏နတ်ဘုရားအရှိန်အဝါမှာ ရဲရင့်လှပြီး သတ်ဖြတ်ခြင်းအော်ရာများမှာလည်း တဟုန်းဟုန်း တောက်လောင်နေသည်။
ဤလူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမည်ဖြစ်ရာ ကောင်းကင်လူသားမျိုးနွယ်စု၏ ဤရတနာမြေကျောက်မျက်ရတနာလေးမှာလည်း စိတ်ထဲတွင် သေချာရေရာမှု မရှိတော့ချေ။
မြို့တော်၏ တိမ်ပင်လယ်ထက်တွင်မူ -
ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခုမှာ ပြင်းထန်စွာ ပေါက်ကွဲနေတော့သည်။
လီယန်ချူနှင့် ကောင်းကင်လူသားလူငယ် 'ကူယူဟွမ်' တို့သည် အကွက်ပေါင်း ငါးရာကျော်အထိ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီဖြစ်ပြီး၊ ရွှေရောင်နတ်အပင်ကိုလည်း သူက စုပ်ယူ သန့်စင်ပြီး ဖြစ်ပေသည်။
ကူယူဟွမ်သည် ရှေးဟောင်းနတ်ဘုရားလက်နက်ဖြစ်သော ဟန်ရှားဓား ကို ကိုင်ဆောင်ထားပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျနေခဲ့ပြီ။
ထိုသွေးများမှာ တောက်ပလှသော ရွှေရောင်များ ဖြစ်ကြပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်။
သူ၏ ဝမ်းဗိုက်တွင်လည်း ဒဏ်ရာအပေါက်ငယ်တစ်ခု ရှိနေချေပြီ။
အခြားတစ်ဖက်တွင်မူ လီယန်ချူသည် အပြာရောင်နတ်အလံ ကို ကိုင်ဆောင်ထားပြီး၊ မီးနတ်ဘုရားကိုယ်ပွားမှာ ခုနက တိုက်ခိုက်မှု အောင်မြင်ပြီးနောက်တွင်မူ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းထားပြီး ဖြစ်သည်။
သူ၏ ပခုံးထက်တွင်မူ ဓားချက်ထိမှန်ထားသော ဒဏ်ရာတစ်ခု ရှိနေပြီး သွေးများ တသွင်သွင် စီးကျနေသည်။ သူ၏ လက်ရှိသန်မာလှသော ခန္ဓာကိုယ်အပြင် ခရမ်းရောင်နတ်ဝတ်စုံ ဖြင့် ကာကွယ်ထားပါသော်လည်း ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်ကား ကူယူဟွမ် ခုနက အသုံးပြုခဲ့သော တားမြစ်နတ်ဘုရားအတတ်ကြောင့် ဖြစ်ပွားခဲ့ရခြင်းပင်။
ခရမ်းရောင်နတ်ဝတ်စုံ မှာ ဓားလှံလက်နက်များကို ခုခံနိုင်စွမ်း ရှိသော်လည်း၊ အချို့သော ထူးခြားလှသော တိုက်ခိုက်မှုများနှင့် မှော်ရတနာများ၏ စွမ်းအားကိုမူ လုံးဝ ဖျောက်ဖျက်ပစ်နိုင်ခြင်း မရှိချေ။
ကူယူဟွမ် ခုနက အသုံးပြုခဲ့သော ကွက်မှာ ဤအမျိုးအစားထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။
သို့သော် ကူယူဟွမ်၏ စိတ်ထဲတွင်မူ အံ့ဩတုန်လှုပ်မှုများ ရှိနေဆဲပင်။ ခုနက တိုက်ကွက်မှာ ကမ္ဘာမြေကို တုန်လှုပ်စေပြီး နတ်ဘုရားများနှင့် မိစ္ဆာများကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
သို့သော် ၎င်းက လီယန်ချူ၏ ပခုံးကိုသာ သွေးထွက်အောင် ပြုလုပ်နိုင်ခဲ့သဖြင့် ဤလူ၏ ခန္ဓာကိုယ် သန်မာမှုမှာ တကယ်ကို ကြောက်ခမန်းလိလိပင်။
“ဒီလူ့ရဲ့ စိတ်ဝိညာဉ်အော်ရာက အလွန်ငယ်ရွယ်သေးတယ်... ဒါပေမဲ့ ဘယ်သူ့ရဲ့ လူဝင်စားလဲဆိုတာကိုတော့ လုံးဝ အကဲခတ်လို့ မရဘူး...”
ကူယူဟွမ် စိတ်ထဲမှ တွေးလိုက်မိသည်။
သူသည် လောကဓာတ်အနှံ့ လှည့်လည်ကျက်စားခဲ့ပြီး သန်မာလှသော ကျွမ်းကျင်သူပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ဖူးသလို၊ ရှေးဟောင်းသားရဲကြီးများနှင့် ခန္ဓာကိုယ်သန်မာလှသော မိစ္ဆာနတ်ဘုရားများကိုလည်း မြင်ဖူးသတ်ဖူးခဲ့သည်။
သို့သော် ထိုလူငယ်တာအိုဆရာ၏ ခန္ဓာကိုယ်မှာမူ တကယ်ကို အစွမ်းထက်ပြီး အလွန်တရာ မာကျောလှပေသည်။
ကူယူဟွမ်သည် လက်နှစ်ဖက်ကို မရပ်မနား လှုပ်ရှားကာ မန္တန်တံဆိပ်များကို ဆက်တိုက် ဖော်ဆောင်လိုက်ရာ၊ သူ၏ဦးခေါင်းနောက်ကွယ်တွင် ရုတ်တရက်ပင် နတ်အလင်းကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအလင်းကွင်းမှာ ယခင်က သူ၏ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်နေခြင်းဖြစ်ပြီး၊ ယခုအခါတွင်မူ ရုတ်တရက် ပေါက်ကွဲထွက်လာကာ မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်အလင်းတန်းများ ဝင်းကနဲ လင်းထိန်သွားတော့သည်။
သူသည် လေထက်သို့ ဝုန်းခနဲ ခုန်တက်လိုက်ပြီး လက်ထဲမှ ဟန်ရှာဓားကို ဝှေ့ယမ်းလိုက်သည်။
အလွန်တရာ သေးသွယ်လှသော ဓားမြှောင်လိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ တစ်လောကလုံးကို ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားစေတော့သည်။
ဤထက်မြက်လှသော ဓားအော်ရာမှာ ဟင်းလင်းပြင်ကိုပင် ဆွဲဖြဲပစ်နိုင်စွမ်း ရှိပုံရပေသည်။
လီယန်ချူသည် လက်ထဲမှ အပြာရောင်အလံကြီးကို ခါယမ်းလိုက်ရာ ထိုရွှေရောင်အလင်းတန်းများမှာ အမှုန့်ခြေဖျက်ခြင်း ခံလိုက်ရသော်လည်း၊ ထိုထက်မြက်လှသော ဓားအလင်းတန်းမှာမူ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ချေပြီ။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ထိုဒဏ်ရာကို လုံးဝ ကာကွယ်နိုင်ခြင်း မရှိခဲ့သဖြင့် ချက်ချင်းပင် သွေးများ တသွင်သွင် စီးကျလာတော့သည်။
ဤဓားထဲတွင် အလွန်တရာ ထက်မြက်လှသော စွမ်းအားများ ကိန်းအောင်းနေသောကြောင့်တည်း။
ထိုရွှေရောင်အလင်းတန်းများမှာ ရှေးဟောင်းမှော်အတတ်တစ်ခု ဖြစ်ပြီး၊ အမှန်တကယ် ခံစားသိရှိမှုကို ပိတ်ဆို့ထားကာ မိမိကိုယ်ကိုယ် ၎င်းအထဲတွင် ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။
လီယန်ချူသည် ဤဓားချက်ကြောင့် ဒဏ်ရာရရှိခဲ့သည်။
သို့သော် ကောင်းကင်လူသား ကူယူဟွမ်၏ လက်ချောင်းလေးချောင်းမှာလည်း ရွှေနဂါးကပ်ကြေး ၏ ညှပ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် လက်ချောင်းလေးချောင်းစလုံး သွေးချင်းချင်းနီသွားခဲ့ရသည်။
ကူယူဟွမ်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ထွက်ပေါ်လာပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
“ဒဏ်ရာချင်း လဲတာပေါ့... ခုနက မင်း တမင်တကာ လုပ်တာပဲ...”
သူသည် ဤလူငယ်တာအိုဆရာက မိမိ၏ ဓားအော်ရာကို အတင်းအဓမ္မ ခုခံဝံ့လောက်အောင် ဤမျှအထိ ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
လီယန်ချူ၏ ခြေထောက်အောက်တွင် လေမီးဘီး များ ထွက်ပေါ်လာပြီး၊ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်တစ်ခုအလား ကောင်းကင်လူသား ကူယူဟွမ်ထံသို့ ထပ်မံ၍ သတ်ဖြတ်ရန် ဦးတည်သွားတော့သည်။
ကူယူဟွမ်၏ ဦးခေါင်းနောက်ကွယ်တွင် နတ်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ ရွှေရောင်အလင်းတန်းများမှာ တစ်လောကလုံးကို ထပ်မံ၍ ဖုံးလွှမ်းသွားပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ဓားအော်ရာများမှာ ရေလှိုင်းကြီးတစ်ခုအလား စီးဆင်းလာပြီး လီယန်ချူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
သူသည် ဟန်ရှားဓား၏ စွမ်းအားကို အသုံးပြု၍ လီယန်ချူ၏ တာအိုအခြေခံကို ဖျက်ဆီးပစ်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။
ထိုဓားကျမ်းမှာ နတ်ဘုရားဘုရင်တစ်ပါးထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး နတ်ဘုရားလောက၏ အမြင့်ဆုံး အမွေအနှစ် ဖြစ်ပေသည်။
'ဓားဖြင့် ကြယ်စင်မြစ်ကို ဖြတ်တောက်ခြင်း' ပင် ဖြစ်တော့သည်။
သို့သော် သူသည် ရုတ်တရက် သတိပြုမိလိုက်သည်မှာ၊ လီယန်ချူသည် ဤရွှေရောင်အလင်းတန်းများထဲတွင် လွတ်လပ်စွာ လှုပ်ရှားနေနိုင်ပြီး မိမိ၏ ဓားအော်ရာ ရေလှိုင်းကြီးကို ပြတ်သားစွာ မြင်တွေ့နေရသည့်အလားပင်။
ထို့အပြင် မိမိ၏ ဓားဖြင့် ကြယ်စင်မြစ်ကို ဖြတ်တောက်ခြင်း စွမ်းအားမှာလည်း ပုံမှန်ထက် များစွာ အားနည်းနေချေပြီ။
ကူယူဟွမ်သည် ဤအပြောင်းအလဲက ဘယ်ကနေ ရောက်လာသလဲဆိုသည်ကို မတွေးတောနိုင်ခင်မှာပင်၊ ရွှေနဂါးကပ်ကြေးမှာ ရွှေရောင်နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲကာ သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ချေပြီ။
သူသည် လေထဲသို့ ခုန်တက်ကာ အဝေးသို့ ထွက်ပြေးရန် ကြံရွယ်လိုက်သော်လည်း ချက်ချင်းပင် ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့ရသည်။
လီယန်ချူ၏ လက်သီးချက်မှာ သူ၏ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး၊ ကူယူဟွမ်က လက်ကိုလှည့်၍ ဓားဖြင့် ပြန်လည်ခုခံလိုက်ရာ ဓားအော်ရာက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားမှုမှာ နဂါးဟိန်းသံအလားပင်။
လီယန်ချူသည် လက်ထဲမှ အပြာရောင်အလံကြီးကို ခါယမ်းကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချပစ်လိုက်သည်။
ဒိုင်း
ကူယူဟွမ်မှာ လွင့်စင်သွားခဲ့ရပြီး ကလီစာငါးပါးစလုံး တုန်လှုပ်သွားခဲ့ရသည်။
သို့သော် နောက်တစ်ခဏ၌ သူသည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်သွားခဲ့သဖြင့် ရွှေနဂါးကပ်ကြေး၏ လိုက်လံသတ်ဖြတ်မှုကို ရှောင်ရှားနိုင်ခဲ့သည်။
သူသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး ရင်ဘတ်ထက်တွင် သွေးများ စီးကျနေခဲ့ပြီ။ အပြာရောင်အလံ၏ နတ်အလင်းတန်းမှာ နောက်ဆုံးတွင် သူ့အား ထိမှန်သွားခဲ့ခြင်း ဖြစ်ပေသည်။
ဤတိုက်ပွဲမှာ သူ့အတွက်လည်း အလွန်ပင်ပန်းလှသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
သူသည် နတ်ဘုရားလောကအတွက် လောကအနှံ့ စစ်ခင်းခဲ့ဖူးသော်လည်း ဤမျှအထိ ခဲယဉ်းသော ပြိုင်ဘက်မျိုးနှင့် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
လီယန်ချူ၏ ခန္ဓာကိုယ်ထဲတွင် ငါးရောင်ခြည်ကျောက်တုံး လည်ပတ်နေပြီး၊ သက်စောင့်စွမ်းအားများ စီးဆင်းလာသဖြင့် ပခုံးနှင့် ရင်ဘတ်ထက်မှ ဒဏ်ရာများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ရသည်။
“မင်းမှာ နည်းလမ်းတွေ တကယ်ကို မနည်းပါလား...”
ကူယူဟွမ်က သက်ပြင်းချလိုက်မိသည်။
သူ၏ လက်ချောင်းလေးချောင်းမှာ ဖြတ်တောက်ခြင်း ခံထားရသဖြင့် သွေးချင်းချင်းနီနေပြီး၊ ၎င်းအထဲတွင် ရွှေနဂါးကပ်ကြး၏ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအော်ရာများ ရှိနေသဖြင့် သူ မဖျောက်ဖျက်နိုင်ချေ။
သွေးများမှာ မရပ်မနား စီးကျနေပြီး အလွန်တရာ သိပ်သည်းလှကာ၊ ရွှေရောင်သွေးများမှာ ချော်ရည်ပူများအလား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
သို့သော် ကူယူဟွမ်၏ အရှိန်အဝါမှာ သန်မာနေဆဲဖြစ်ပြီး အခြေခံကို ထိခိုက်ခြင်း မရှိသေးချေ။
သူ၏မျက်ဝန်းထဲတွင် စစ်လိုလားသောစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။
“မင်းလို ပြိုင်ဘက်မျိုးနဲ့ မတွေ့ရတာ တော်တော်ကြာပြီ...”
“ဒါပေမဲ့ မင်းမှာ နတ်ဘုရားစွမ်းအား ဘယ်လောက်ကျန်သေးလို့လဲ... မင်းတစ်ယောက်တည်းနဲ့ ဒီလူ့ပြည်လောကကို ကယ်တင်နိုင်မှာ မဟုတ်ဘူး...”
ကူယူဟွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ပြင်းထန်သော တိုက်ပွဲကြီးအပြီးတွင် လီယန်ချူ စုပ်ယူထားသော နတ်အပင်၏ စွမ်းအားများမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဆိုသည်ကို သူ သိရှိထားသောကြောင့်တည်း။
ဤအချိန်တွင် အလွန်တရာ ထက်မြက်လှသော ဓားအလင်းတန်းတစ်ခုမှာ တိမ်ပင်လယ်ကို ဖြတ်သန်းကာ ရုပ်သွင် ပေါ်ပေါက်လာခဲ့သည်။
၎င်းကား ဓားရှည်ကို ကိုင်ဆောင်ထားပြီး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော တာအိုဆရာတစ်ဦး ဖြစ်လာပြီး၊ သွေးလေအော်ရာများမှာ ပင်လယ်အလား ထုထည်ကြီးမားလှကာ တဟုန်းဟုန်း တောက်လောင်နေသော မီးဖိုကြီးတစ်ခုအလားပင်။
မကြာမီမှာပင် နောက်ထပ် အလင်းတန်းတစ်ခု ထပ်မံရောက်ရှိလာခဲ့ပြီး၊ ၎င်းကား လှံရှည်ကြီးကို ကိုင်ဆောင်ထားသော လူငယ်တာအိုဆရာတစ်ဦး ဖြစ်ကာ အလွန်တရာ ခန့်ညားထည်ဝါလှသည်။
“ကိုယ်ပွားအတတ်...”
ကောင်းကင်လူသားလူငယ်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ထွက်ပေါ်လာခဲ့သည်။
ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဓားကို ကိုင်ဆောင်ထားသော လီယန်ချူက -
“ဘယ်နှစ်ယောက်မှ မကျန်တော့ဘူး... မင်းတို့ တစ်အုပ်စုလုံး ပြန်လို့ရမှာ မဟုတ်တော့ဘူး...”
ဟု ဆိုလိုက်သည်။
ကောင်းကင်လူသားလူငယ် ကူယူဟွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
ယခင်က ထိုလူသည် ကိုယ်ပွားတစ်ခုတည်းဖြင့် မိမိနှင့် ဤမျှအထိ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ကိုး။
ကူယူဟွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး -
“ကောင်းကင်လူသားတွေ လူ့ပြည်ကို ဆင်းသက်လာပြီး အားလုံး သေဆုံးရတာ မဆန်းတော့ပါဘူး...”
“ဒါပေမဲ့ ကိုယ်ပွားသုံးခုစလုံးက အလှည့်ကျ တိုက်ခိုက်နေတာဆိုတော့၊ မင်းရဲ့ အစွမ်းအစ စစ်စစ်ကို ဘယ်လောက်အထိ ထုတ်ဖော်နိုင်မှာလဲ...”
ဤလူသည် တကယ်ကို တည်ငြိမ်အေးဆေးလှပြီး မာနကြီးလွန်းခြင်း မရှိချေ။ အပြန်အလှန်အားဖြင့် သူသည် အားသာချက်များကို အသုံးချရန် အလွန်အကျွမ်းတဝင် ရှိလှသည်။
“မင်းကို ရိုက်သတ်လိုက်ရင် သိရမှာပေါ့...”
လှံရှည်ကြီးကို ကိုင်ဆောင်ထားသော လီယန်ချူက လှောင်ပြုံး ပြုံးလိုက်သည်။
သူသည် လေထဲသို့ ခုန်တက်ကာ လှံရှည်ကြီးကို ဝှေ့ယမ်း၍ ဖြတ်ပိုင်းချလိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
လီယန်ချူသည် ကိုယ်ပွားအတတ်ကို အသုံးပြု၍ ဤကောင်းကင်လူသားမျိုးနွယ်စု၏ ပါရမီရှင်လူငယ်ကို ဝိုင်းရံတိုက်ခိုက်တော့သည်။
ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ပျံ့နှံ့နေပြီး ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါနေတော့သည်။
အကယ်၍ ကျင့်စဉ်အဆင့် အနည်းငယ်နိမ့်ပါးသော မြေပြင်နတ်ဘုရား များ နီးကပ်လာပါက ချက်ချင်းပင် ဆွဲဖြဲပစ်ခြင်း ခံရပေလိမည်။
လီယန်ချူသည် ကိုယ်ပွားအတတ်ကို အသုံးပြုထားရာ၊ တစ်ဦးက ဓားအလင်းတန်းများဖြင့်၊ တစ်ဦးက ရွှေနဂါးကပ်ကြေး၏ သတ်ဖြတ်ခြင်းအော်ရာများဖြင့်၊ အခြားတစ်ဦးကမူ လှံရှည်ကြီးဖြင့် ဖြတ်ပိုင်းချနေခြင်း ဖြစ်သည်။
တိုက်ရိုက်ပင် ဝိုင်းရံကာ အနီးကပ် လုံးထွေးသတ်ဖြတ်ကြတော့သည်။
ကူယူဟွမ်သည် ဟန်ရှားနတ်ဘုရားဓားကို ကိုင်ဆောင်ထားပြီး ယခင်က တိုက်ခိုက်လိုစိတ်များ ရှိနေသေးသော်လည်း၊ ယခုကဲ့သို့ လုံးထွေးတိုက်ခိုက်ရသည့်အခါတွင်မူ ဤလူငယ်တာအိုဆရာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို အမှန်တကယ် ခံစားလိုက်ရတော့သည်။
ထိုကဲ့သို့သော သတ်ဖြတ်ခြင်းအသိစိတ်နှင့် မှော်အတတ်စွမ်းရည်များမှာ တကယ်ကို ကြောက်ခမန်းလိလိပင်။
သိုင်းနတ်ဘုရားနည်းလမ်းအရ အနီးကပ် လုံးထွေးသတ်ဖြတ်သည့် နယ်ပယ်တွင်မူ အမြင့်ဆုံးအဆင့်ဟု ဆိုရပေမည်။
ထို့အပြင် လှံရှည်ကို ကိုင်ဆောင်ထားသော လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှင်းဟွမ်အလံ ရှိနေပြီး နတ်အလင်းတန်းများ ကျရောက်နေသဖြင့် မည်သည့်မှော်အတတ်မျှ မသီနိုင်ချေ။
တိုက်ကွက်ပေါင်းများစွာမှာ ထိုရှင်းဟွမ်ချီကြောင့် ကာကွယ်ခြင်း ခံလိုက်ရသည်။
မြေခွေးနတ်သမီးအလား ဆွဲဆောင်မှုရှိလှသော ယွမ်ချွီသည် ဤတိုက်ပွဲကို အာရုံစိုက်ကြည့်ရှုနေပြီး မျက်ဝန်းလှလှများထဲတွင် အံ့ဩတုန်လှုပ်မှုများ ထွက်ပေါ်လာခဲ့သည်။
“အဆင့်လေးက အဆင့်ရှစ်ကို တိုက်နေတာလား...”
“ဒါတောင် ဒီလို ပါရမီရှင်လူငယ်၊ ကောင်းကင်လူသားမျိုးနွယ်စုက အလေးထားပျိုးထောင်ထားတဲ့ ပါရမီရှင်ကိုပေါ့...”
သူမ မြင်တွေ့နိုင်သည်မှာ၊ ကူယူဟွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်မြင့်မားပြီး အနီးကပ် လုံးထွေးသတ်ဖြတ်မှု အတွေ့အကြုံလည်း အလွန်များပြားလှသဖြင့် နတ်ဘုရားလောက၏ လူသတ်သမားတစ်ဦးအဖြစ် အမြဲတမ်း တာဝန်ယူခဲ့ပုံရပေသည်။
ဒိုင်း ဒိုင်း
ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ မရပ်မနား ထွက်ပေါ်နေပြီး၊ ဟင်းလင်းပြင်ကြီးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်လိုက်၊ ပြန်လည်စေ့ပိတ်သွားလိုက်ဖြင့် အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်နေတော့သည်။
ထိုမြင်ကွင်းမှာ ဒဏ္ဍာရီလာ ဇာတ်ကောင်များ တိုက်ခိုက်နေကြသည့်အလား တောင်တန်းများကို လောင်ကျွမ်းစေပြီး ပင်လယ်များကို ဆူပွက်စေနိုင်လောက်ပေသည်။
ကိုယ်ပွားအတတ်မှာ အလွန်တရာ ကြမ်းတမ်းလှပြီး လီယန်ချူ သုံးဦးနှင့် ညီမျှပေသည်။
တိုက်ကွက်ပေါင်း ဆယ်ဂဏန်းကျော် အပြန်အလှန် တိုက်ခိုက်ပြီးနောက် ကူယူဟွမ်သည် ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး ဒူးနှစ်ဖက်စလုံးမှာ အမြစ်မှ ဖြတ်တောက်ခြင်း ခံလိုက်ရသဖြင့် သွေးများ တသွင်သွင် စီးကျလာတော့သည်။
ကြီးမားလှသော မိုးကြိုးလျှပ်စီးများမှာ သူ၏ခန္ဓာကိုယ်ပေါ်မှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ယခင်က လီယန်ချူ၏ မိုးကြိုးအတတ်နှင့် အပြန်အလှန် တိုက်ခိုက်စဉ်က သူသည် ကျင့်စဉ်အဆင့်အရ အားသာချက်ရှိသော်လည်း၊ လီယန်ချူတွင် နတ်ဘုရားလက်နက်ဖြစ်သော 'ဝမိုးကြိုးငါးပါးအဆာင် ရှိနေသဖြင့် -
နောက်ဆုံးတွင် သူသည် အနည်းငယ် ရှုံးနိမ့်ခဲ့ရသည်။
သို့သော် ဤသို့ဖြစ်လင့်ကစား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းဆဲဖြစ်ပြီး၊ ကြီးမားလှသော မိုးကြိုးမှော်အတတ်ထဲတွင် ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေကာ လှိုင်းလုံးကြီးတစ်ခုအလား ပျံ့နှံ့သွားတော့သည်။
ရှူး
လူရိပ်တစ်ခုမှာ မိုးကြိုးများကို ဖြတ်သန်းကာ သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
ချက်ချင်းပင် တဟုန်းဟုန်း တောက်လောင်နေသော မီးဖိုကြီးတစ်ခု ပေါ်ပေါက်လာပြီး ကူယူဟွမ်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချပစ်လိုက်တော့သည်။
ချက်ချင်းပင် သွေးများ စီးကျလာပြီး အရိုးကျိုးသံများပါ ထွက်ပေါ်လာခဲ့ရသည်။
ကူယူဟွမ်သည် ဒိုင်းသုံးခုကို ထုတ်ဖော်လိုက်ရာ ထိုဒိုင်းသုံးခုမှာ မြို့ရိုးအလား မြင့်မားလှပြီး အလွန်တရာ ထုထည်ကြီးမားကာ ၎င်းအပေါ်တွင် တောင်တန်း၊ မြစ်ရေ၊ ပန်း၊ ငှက်၊ ငါး၊ ပိုးမွှား ပုံစံများ ရှိနေသည်။
မူလက လေးခုရှိခဲ့ခြင်းဖြစ်ပြီး ပြီးပြည့်စုံသော နတ်ရတနာတစ်ခု ဖြစ်သည်။
ယခင်က လီယန်ချူနှင့် တိုက်ခိုက်စဉ်က တစ်ခု ပျက်စီးသွားခဲ့ရသဖြင့် ယခုအခါ အောက်ဖျားသို့ ရောက်ရှိနေချိန်တွင် ဤဒိုင်းများကို ထပ်မံထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
သို့သော် အချိန်အကြာကြီး မခံလိုက်ချေ။ ကျန့်ကျောင်းဓား ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားများ ရှိနေသဖြင့် လက်နက်များကို ဖျက်ဆီးပစ်နိုင်ရာ၊ ဒိုင်းများမှာ တစ်ခုပြီးတစ်ခု ပျက်စီးကုန်တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း
ကူယူဟွမ်ကဲ့သို့ သန်မာလှသူပင်လျှင် စိတ်ထဲမှ သက်ပြင်းချလိုက်မိတော့သည်။
“အခြေအနေတွေ ပြီးဆုံးသွားပြီ...”
သူ၏စိတ်ထဲတွင် အလွန်တရာ ဒေါသထွက်နေမိသည်။ သူ လောကအနှံ လှည့်လည်ကျက်စားခဲ့စဉ်ကတည်းက ဤမျှအထိ သိက္ခာကျဖူးခြင်း မရှိခဲ့ချေ။
တိုက်ကွက်ပေါင်း ဆယ်ဂဏန်းကျော် ထပ်မံတိုက်ခိုက်ပြီးနောက် ကူယူဟွမ်သည် နတ်အလင်းတန်း ထိမှန်ခြင်းကို ခံလိုက်ရသဖြင့် ကလီစာငါးပါးစလုံး ကြေမွသွားခဲ့ရသည်။
လီယန်ချူက ကူယူဟွမ်ကို သတ်ဖြတ်တော့မည့်အချိန်တွင်မူ၊ ကောင်းကင်ယံကြီးမှာ ရုတ်တရက် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်း၏ နောက်ကွယ်တွင်မူ ဖြူလွလွ ကမ္ဘာကြီးတစ်ခု ရှိနေပြီး အလွန်တရာ ထူးခြားလှသည်။
ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာခဲ့ချေပြီ။
ဤလက်ကြီးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး အတိုင်းအဆမရှိ ကျယ်ပြန့်လှသည်။
လက်တစ်ဖက်တည်းဖြင့် ကြယ်စင်များကို ဆွတ်ခူးနိုင်လောက်ပေသည်။
ယခုအခါ ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည့်အခါ စည်းမျဉ်းစည်းကမ်းများ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည့်အလား ၎င်းအပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေတော့သည်။
ဤသည်ကား မြေပြင်နတ်ဘုရား အဆင့်ထက် ကျော်လွန်သော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး ဖြစ်ပေသည်။
ကူယူဟွမ်ကဲ့သို့သော ကောင်းကင်လူသားမျိုးနွယ်စု၏ ပါရမီရှင်များတွင်မူ စောင့်ရှောက်သူ ရှိနေသည်မှာ သဘာဝကျပေသည်။
ကြီးမားလှသော အဖိုးအခကို ပေးဆောင်ခဲ့ရသော်လည်း ထိုလက်ဝါးကြီးမှာ ကူယူဟွမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဆွဲခေါ်သွားခဲ့ချေပြီ။
ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးက လူကို ရင်ခုန်စိတ်လှုပ်ရှားစေပြီး အလွန်တရာ ကြမ်းတမ်းလှသည်။
လီယန်ချူသည် ကိုယ်ပွားအတတ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အရှိန်အဝါကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ကာ လက်ထဲမှ အပြာရောင်အလံကြီးကို ခါယမ်းလိုက်သည်။
ဖြူလွလွ အလင်းတန်းတစ်ခု ဟင်းလင်းပြင်ကို ဖြတ်သန်းသွားတော့သည်။
ကူယူဟွမ် ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး အရေပြားများမှာ တစ်လက်မချင်း အက်ကွဲကုန်ကာ သွေးများ တသွင်သွင် စီးကျလာတော့သည်။
သူ၏မျက်ဝန်းထဲမှ သက်စောင့်စွမ်းအားများမှာလည်း လျင်မြန်စွာ မှေးမှိန်သွားခဲ့ရသည်။
သို့သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်လှသော လက်ဝါးကြီး၏ ကယ်တင်ခြင်းကို ခံလိုက်ရဆဲဖြစ်ပြီး၊ ကြီးမားလှသော အက်ကွဲကြောင်းကြီး၏ ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ပျံ့နှံ့ကာ ရုတ်တရက် ပြန်လည်စေ့ပိတ်သွားတော့သည်။
ကောင်းကင်ယံကြီးမှာ ကြည်လင်ပြတ်သားသွားပြီး တိမ်တစ်စမျှ ရှိမနေတော့ချေ။
လီယန်ချူတစ်ဦးတည်းသာ အပြာရောင်အလံကြီးကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်ထဲတွင် ရပ်တန့်နေတော့သည်။
လောကကြီးတွင် ပြိုင်ဘက်မရှိသူအလားပင်။
ကောင်းကင်လူသားမျိုးနွယ်စု၏ သန်မာလှသော ပါရမီရှင်ပင်လျှင် သူ၏လက်ထဲတွင် ရှုံးနိမ့်ခဲ့ရချေပြီ။
နတ်ဘုရားလောက၏ နတ်ဘုရားဘုရင်တစ်ပါးက ကြီးမားလှသော အဖိုးအခကို ပေးဆောင်ကာ ကယ်ဆယ်သွားခဲ့ရခြင်း ဖြစ်သည်။
မြေခွေးနတ်သမီးအလား ဆွဲဆောင်မှုရှိလှသော ယွမ်ချွီ၏ ရေလှိုင်းအလား ကြည်လင်လှသော မျက်ဝန်းများထဲတွင် ဆန်းကြယ်သော အရောင်အဝါများ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ယံထက်တွင် ခန့်ညားထည်ဝါလှသော လီယန်ချူကို စိုက်ကြည့်ရင်း -
“နတ်ဘုရားလောကရဲ့ အရှင်သခင်ကြီးကို ဒီလောက်အထိ ကြီးမားတဲ့ အဖိုးအခ ပေးဆောင်စေပြီး လူကို ကူးပြောင်းကယ်ဆယ်ခိုင်းရလောက်အောင် ဖိအားပေးနိုင်ခဲ့တာလား...”
ဤလောကကြီး၏ တာအိုလမ်းစဉ်မှာ ချို့ယွင်းချက် ရှိနေသော်လည်း စည်းမျဉ်းစည်းကမ်းများ၏ စွမ်းအား ရှိနေဆဲပင် ဖြစ်သည်။
ထိုနတ်ဘုရားလောက၏ အရှင်သခင်ကြီးက လူကို ကယ်တင်ချင်ပါက ပေးဆောင်ရမည့် အဖိုးအခမှာ စိတ်ကူးကြည့်ရန် ခဲယဉ်းပေသည်။
နတ်အလင်းတန်းများအလယ်တွင် ထိုင်ကာ ရှေးဟောင်းနတ်ဘုရားဓားကို ကိုင်ဆောင်၍ ဆင်းသက်လာခဲ့သော လူငယ်ကျွမ်းကျင်သူကြီးမှာ ရှုံးနိမ့်၍ ဆုတ်ခွာသွားခဲ့ချေပြီ။
ထို့ကြောင့် ဤတစ်ကြိမ် ကောင်းကင်လူသားများ၏ ကျူးကျော်မှုမှာ လုံးဝ ကျရှုံးသွားခဲ့ရပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်တော့သည်။
ထိုတိုက်ပွဲမှာ လီယန်ချူအတွက်မူ နတ်တာအိုလမ်းစဉ်ရော၊ သိုင်းလမ်းစဉ်ပါ လေ့ကျင့်ပြီးသား ဖြစ်သွားခဲ့ရသည်။
သူ့တွင် ကြိုတင်သိမြင်မှုတစ်ခု ရှိနေသည်မှာ၊ အချိန်တိုအတွင်း၌သာ သီးသန့်ကျင့်ကြံပြီး ဤတစ်ကြိမ် နားလည်သဘောပေါက်မှုများကို ကောင်းစွာ စုပ်ယူနိုင်မည်ဆိုပါက၊ မည်သည့်နတ်ဆေးဝါးကိုမျှ အသုံးမပြုဘဲ ကျင့်စဉ်အဆင့်ကို ကျော်ဖြတ်နိုင်ရန် အလွန်ဖြစ်နိုင်ချေ ရှိပေသည်။
“နောက်တစ်ခါ လူ့ပြည်ကို ထပ်လာခဲ့ရင် မင်းကို ခုတ်ပိုင်းပစ်မယ်...”
လီယန်ချူ၏ မျက်ဝန်းများမှာ ထက်မြက်လှပေသည်။
အပြာရောင်ဝတ်စုံဝတ် လူရိပ်တစ်ခုမှာ ဧကရာဇ်မြို့တော်အတွင်းသို့ ပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်လူသားလူငယ်မှာ လူတစ်ယောက်တည်းဖြင့် တစ်လောကလုံးရှိ သက်ရှိများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
လီယန်ချူသည် ယခင်က သူနှင့် ကောင်းကင်ယံထက်တွင် တိုက်ခိုက်နေခဲ့ရသဖြင့် နတ်ဆရာကြီးများနှင့် အခြားသူများကို ကယ်ဆယ်ရန် အချိန်မရခဲ့ချေ။
ကောင်းကင်လူသားလူငယ် ပြုလုပ်ခဲ့သော ဒဏ်ရာများမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လျှို့ဝှက်ဆေးဝါးပေါင်းများစွာကို သောက်သုံးခဲ့ကြရသော်လည်း ဒဏ်ရာများမှာ ပြန်လည်သက်သာလာခြင်း မရှိချေ။
နတ်ဆရာကြီးမှာ ယခုအခါ ဒူးနှစ်ဖက်စလုံး ဖြတ်တောက်ခြင်း ခံထားရပြီး၊ လက်မောင်းထက်တွင် သွေးများ စီးကျနေသဖြင့် ကြည့်ရသည်မှာ အလွန်တရာ သနားစရာကောင်းလှသည်။
လီယန်ချူက ရှေ့သို့တိုးကာ သူ့အား ကယ်ဆယ်လိုက်ပြီး ငါးရောင်ခြယ်ကျောက်တုံး ကို လည်ပတ်စေကာ သိပ်သည်းလှသော သက်စောင့်စွမ်းအားများကို စီးဆင်းသွားစေတော့သည်။
နတ်ဆရာကြီး၏ ဖြတ်တောက်ခံထားရသော ခြေလက်များမှာ ချက်ချင်းပင် ပြန်လည်ပေါက်ဖွားလာခဲ့ပြီး ခန္ဓာကိုယ်မှာလည်း မည်သည့်ချို့ယွင်းချက်မျှ မရှိတော့ချေ။
နတ်ဆရာကြီးမှာ ခုနကအထိ ထိုကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများ၏ နှိပ်စက်မှုကို ခံနေရခြင်းဖြစ်ပြီး ယခုအခါမှသာ စိတ်သက်သာရာ ရသွားခဲ့တော့သည်။
လီယန်ချူသည် လုံဟူရှန်း တောင်တန်းမှ ဓားကို ကိုင်ဆောင်ထားသော တာအိုဆရာအိုကြီး၏ ရှေ့မှောက်သို့ ထပ်မံရောက်ရှိလာခဲ့ရာ၊ ကံကောင်းထောက်မစွာဖြင့် တာအိုဆရာအိုကြီးမှာ သေဆုံးခြင်း မရှိသေးချေ။
တာ့ရှန့်ကော်ကျောင်းမှ လူငယ်ရဟန်းလေးမှာလည်း ထို့အတူပင်။
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသော်လည်း သေဆုံးခြင်း မရှိကြချေ။
အကယ်၍ သာမန်လူတစ်ယောက်သာ ဤနေရာတွင် ရှိနေပါက မြေပြင်နတ်ဘုရား ဖြစ်နေလျှင်ပင် ကောင်းမွန်သော နည်းလမ်း ရှိလိမ့်မည် မဟုတ်ချေ။
သို့သော် လီယန်ချူတွင် ငါးရောင်ခြယ်ကျောက်တုံး ရှိနေပြီး၊ ၎င်းအထဲတွင် သက်စောင့်စွမ်းအားများ ကိန်းအောင်းနေသဖြင့် သေလူကို ယှဉ်စေနိုင်ပြီး အရိုးများကို ပြန်လည်ပေါက်ဖွားစေနိုင်ရာ၊ ဒဏ်ရာ မည်မျှပင် ပြင်းထန်ပါစေ ပြန်လည်သက်သာစေနိုင်စွမ်း ရှိပေသည်။
သူသည် ကျင့်စဉ်စွမ်းအားများကို ထုတ်ဖော်ကာ မြေပြင်နတ်ဘုရား နှစ်ဦးကို ကယ်တင်လိုက်တော့သည်။
မူလက သေမလိုဖြစ်နေခဲ့သော အခြေအနေမှာ ယခုအခါ လီယန်ချူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ကြချေပြီ။
သို့သော် လူငယ်ဧကရာဇ် 'ချန်ကျန်း' ၏ အခြေအနေမှာမူ အနည်းငယ် ထူးခြားလှသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ထင်ရှားလှသော ဒဏ်ရာ မည်သည့်အရာမျှ ရှိမနေချေ။
သို့သော် ငါးရောင်ခြယ်ကျောက်တုံး ၏ သိပ်သည်းလှသော သက်စောင့်စွမ်းအားများ စီးဆင်းဝင်ရောက်သွားပါသော်လည်း သူသည် နိုးထလာခြင်းမရှိဘဲ တစ်ကိုယ်လုံး နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်အလားပင်။
လုံဟူရှန်းမှ တာအိုဆရာအိုကြီးက -
“ဧကရာဇ်က ဘယ်လိုလျှို့ဝှက်မှော်အတတ်ကို သုံးလိုက်တယ်မသိဘူး... တိုင်းပြည်ကံကြမ္မာကို စိတ်အာရုံထဲမှာ သိမ်းဆည်းထားတာ... အခုတော့ အားလုံး အလုခံလိုက်ရပြီ...”
“တိုင်းပြည်ပျက်ရင် ခန္ဓာကိုယ်လည်း ပျက်စီးရတာပဲ... ဒီတစ်ကြိမ် ချန်နိုင်ငံရဲ့ တိုင်းပြည်ကံကြမ္မာ တုန်လှုပ်သွားတာက သူ့ကို အလွန်တရာ ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့တာ... ကံကြမ္မာစွမ်းအားတွေကိုလည်း ကောင်းကင်လူသားက လုယူသွားခဲ့ပြန်တယ်... ဒါကြောင့်လည်း သူ အိပ်ပျော်နေရတာပဲ...”
“ဒါပေမဲ့ ခဏနေရင်တော့ နိုးလာပါလိမ့်မယ်...”
လုံဟူရှန်းမှ တာအိုဆရာအိုကြီးက ဤကိစ္စကို သိရှိထားခြင်း ဖြစ်သည်။ ယခင်က သူသည်လည်း ထိုမြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ ဖြစ်သောကြောင့်တည်း။
လူငယ်ရဟန်းလေးက သက်ပြင်းချလိုက်ရင်း -
“အမိထော်ဖော်...” ဟု ရေရွတ်လိုက်သည်။
လီယန်ချူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
လုံဟူရှန်းမှ တာအိုဆရာအိုကြီးက -
“လူ့ပြည်ရဲ့ စစ်အခြေအနေက ဘယ်လိုလဲ...” ဟု မေးမြန်းလိုက်သည်။
လီယန်ချူက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း -
“ကျွန်တော် ကိုယ်တိုင် သွားကြည့်ရဦးမယ်...”
စကားဆုံးသည်နှင့်တပြိုင်နက် သူသည် လူသုံးဦးကို လက်နှစ်ဖက်မြှောက်ကာ အရိုအသေပေးလိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ခွာသွားတော့သည်။
အလင်းတန်းတစ်ခု ကောင်းကင်ယံထက်တွင် ဖြတ်သန်းသွားတော့သည်။
မြေခွေးနတ်သမီးအလား ဆွဲဆောင်မှုရှိလှသော ယွမ်ချွီသည်လည်း လေထဲသို့ ခုန်တက်ကာ သူနှင့်အတူ ယှဉ်တွဲ၍ လိုက်ပါလာခဲ့သည်။
ဇာတိမြေကြွေလွင့်ကာ တိုင်းပြည်ပျက်သုဉ်းလျက်၊ မုန်တိုင်းများ ထန်နေတော့သည်။
ထိုတိုက်ပွဲကြီးမှာ အလွန်တရာ ဆိုးဝါးလှပြီး ကျင့်ကြံသူ မည်မျှ သေဆုံးခဲ့ရသည်ကို မသိနိုင်ချေ။
လူအများအပြားမှာ မြို့ရိုးရှေ့တွင် သေဆုံးခဲ့ကြရချေပြီ။
လီယန်ချူသည် ကျွေ့ဟွာ၊ ဖန့်ချင်းလန်တို့နှင့် ပြန်လည်ဆုံတွေ့ခဲ့ပြီး နေရာအနှံ့အပြားသို့ သွားရောက်ကာ ပြဿနာများကို ဖြေရှင်းပြီး နောက်ဆက်တွဲကိစ္စရပ်များကို ကိုင်တွယ်တော့သည်။
သူတို့နှစ်ဦးအနက် တစ်ဦးမှာ ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု၏ အရှင်သခင်ကြီး သွေးမျိုးဆက်ဖြစ်ပြီး၊ အတုမရှိသော ခန္ဓာကိုယ်ကို ဖွဲ့စည်းထားကာ နတ်ဘုရားကိုယ်ပွား၊ နဂါးကိုယ်ပွားများကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားအတတ်များကို ကျွမ်းကျင်သူ ဖြစ်သည်။
အခြားတစ်ဦးမှာမူ လာရာလမ်းကြောင်း လျှို့ဝှက်ဆန်းကြယ်လှသော အမျိုးသမီး ဓားနတ်သမီးတစ်ပါး ဖြစ်ပြီး၊ နတ်ဘုရားလောကမှ လာသူဟု သံသယဖြစ်ဖွယ် ရှိကာ စိတ်ဝိညာဉ်သန့်စင်ပြီး ဓားသိုင်းအတတ်မှာ နတ်ဘုရားအဆင့် ရှိသူ ဖြစ်သည်။
အမျိုးသမီးနှစ်ဦးစလုံးမှာ ကောင်းကင်လူသားများကို သတ်ဖြတ်ခဲ့ကြသည်။
လီယန်ချူသည် နေရာအနှံ့အပြားသို့ လှည့်လည်သွားလာခဲ့ရာ၊ တိုင်းပြည်ပျက်သုဉ်းကာ ကျင့်ကြံသူများ သေဆုံးနေကြသည့် ဆိုးဝါးလှသော မြင်ကွင်းများကို မြင်တွေ့ရသဖြင့် မျက်နှာထားမှာ အလွန်တရာ လေးနက်သွားခဲ့ရသည်။
လူ့ပြည်လောကတွင် မြေပြင်နတ်ဘုရားများမှာ အလွန်တရာ ရှားပါးလှပြီး၊ ယခင်အကြိမ် နတ်ဘုရားလောကသို့ ပျံသန်းမည့် လမ်းကြောင်း ပွင့်လှစ်ခဲ့စဉ်က လူအများအပြားမှာ ပျံသန်းသွားခဲ့ကြပြီ ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ် လူ့ပြည်သို့ ဆင်းသက်ကာ သန့်စင်ရန် လာခဲ့ကြသော ကောင်းကင်လူသားများ၏ စွမ်းအားမှာ အလွန်တရာ သန်မာလှသဖြင့် သာမန်မြေပြင်နတ်ဘုရားများမှာလည်း ၎င်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
ကျန်းနန်မြို့တော်၏ ရှေ့မှောက်တွင်မူ ဝူမိန်နန် ၏ ခန္ဓာကိုယ်မှာ ကြေမွပျက်စီးသွားခဲ့ရပြီး မူလခန္ဓာကိုယ်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရကာ၊ စိတ်ဝိညာဉ်မှာမူ လေထဲမှ ဖယောင်းတိုင်မီးအလား ဖြစ်နေသဖြင့် ကောင်းကင်လူသားများ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော ကြီးမားလှသော ညစ်ညမ်းမှုများကို ဖယ်ရှားရန် စွမ်းအား မရှိတော့ချေ။
ကြီးမားလှသော နယ်မြေတစ်ခုလုံးမှာ ညစ်ညမ်းခြင်း ခံလိုက်ရသဖြင့် သစ်ပင်ပန်းမန်များမှာ ရူးသွပ်စွာ ကြီးထွားလာပြီး ဆန်းကြယ်လှသော အရာများစွာ ပေါ်ပေါက်လာခဲ့သည်။
ကျန်းနန်မြို့တော်မှာ တစ်ဝက်နီးပါးခန့် ဖြတ်တောက်ခြင်း ခံလိုက်ရပြီး သေဆုံးဒဏ်ရာရသူပေါင်း မရေမတွက်နိုင်အောင် ရှိနေကာ၊ နာကျည်းမှုအော်ရာများမှာလည်း ကောင်းကင်သို့ တိုင်နေတော့သည်။
ဝူမိန်နန်၏ စိတ်ဝိညာဉ်မှာ လုံးဝ ကြေမွသွားခြင်း မရှိသေးသဖြင့် လီယန်ချူက ဖမ်းဆွဲကာ သူ၏လက်အင်္ကျီစထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
တစ်ချိန်တည်းမှာပင် မီးတောက် ကို ထုခွဲလိုက်ရာ ကောင်းကင်လူသားများ၏ အလောင်းများမှ ကျန်ရစ်ခဲ့သော ညစ်ညမ်းမှုများကို ဖျက်ဆီးပစ်လိုက်တော့သည်။
“ဝမ်ဖူဖုန်းရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ရှန့်ရှန်းနန်းတော် ပျက်စီးသွားခဲ့ပြီ... နောက်ဆုံးကျန်ခဲ့တဲ့ နတ်ဘုရားရုပ်ထုတွေလည်း ပင်လယ်ထဲမှာ ပျက်စီးသွားခဲ့ပြီမို့ ကောင်းကင်လူသားတွေကို ထပ်ပြီး ဆင်းသက်လာအောင် လုပ်လို့ရမှာ မဟုတ်တော့ဘူး...”
“ဒါဆို ဒီကိစ္စကို တကယ်တော့ ဘယ်သူလုပ်ခဲ့တာလဲ...”
လီယန်ချူ၏ မျက်နှာထားမှာ အလွန်တရာ အေးစက်နေပြီး သတ်ဖြတ်ခြင်းအော်ရာများ ပြည့်နှက်နေတော့သည်။
ကောင်းကင်လူသားများ၏ ဘေးဒုက္ခမှာ ဤမျှအထိ ပြင်းထန်လှရာ၊ အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်သူ သို့မဟုတ် အထူးလမ်းကြောင်းကို ရှာမတွေ့နိုင်ပါက -
နောက်တစ်ကြိမ် ထပ်မံဆင်းသက်လာလျှင် သက်ရှိသတ္တဝါ မည်မျှအထိ သေဆုံးရဦးမည်ကို မသိနိုင်ချေ။
လီယန်ချူသည် ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်ပြီး၊ ယခင်က ဆွဲဖြဲခဲ့သော ကြီးမားလှသော အက်ကွဲကြောင်းကြီးနှင့် ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဝါးကြီးကို ပြန်လည်တွေးတောမိလိုက်သည်။
“နောက်တစ်ကြိမ် ဆင်းသက်လာမှာက ဘယ်အချိန်ဖြစ်မလဲ... ပြီးတော့ ဘယ်လိုလူမျိုးတွေ ရောက်လာဦးမှာလဲဆိုတာ မသိနိုင်ဘူး...”
လီယန်ချူသည် နေရာအနှံ့အပြားသို့ သွားရောက်ကာ ပြဿနာများကို ဖြေရှင်းခြင်း၊ ညစ်ညမ်းမှုများကို ဖယ်ရှားခြင်း၊ ဒဏ်ရာရသူများကို ကုသပေးခြင်းနှင့် သေဆုံးသွားသော ဝိညာဉ်များကို ကောင်းရာမွန်ရာသို့ ပို့ဆောင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
လူ့ပြည်လောက၏ မြင်ကွင်းမှာ တကယ်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။
မူလက အေးဆေးတည်ငြိမ်ပြီး လောကုတ္တရာဆန်လှသော ဤတာအိုဆရာလေး၊ လက်ရှိလောက၏ နတ်ဘုရားကြီး၏ မျက်နှာထားမှာ အလွန်တရာ အေးစက်နေခဲ့ပြီ။
သူ၏စိတ်ဝိညာဉ်ထဲတွင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေပြီး၊ လှောင်အိမ်ထဲမှ ထွက်လာတော့မည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်အလားပင်။
“တစ်နေ့နေ့မှာတော့ ငါ နတ်ဘုရားလောကကို ကိုယ်တိုင်တက်သွားပြီး၊ ကောင်းကင်လူသားတွေရဲ့ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ် သတ်ပစ်မယ်... သူတို့ကို သွေးပင်လယ်ဝေအောင် သတ်ပစ်မယ်...”
လီယန်ချူ၏ မျက်နှာမှာ ခန့်ညားထည်ဝါလှပြီး မျက်ဝန်းအစုံမှာ နေမင်းကြီးနှစ်စင်းအလား တောက်ပနေတော့သည်။
သူ၏ကိုယ်ပေါ်မှ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအော်ရာများကြောင့် ဖန့်ချင်းလန်၊ ကျွေ့ဟွာ၊ ယွမ်ချွီတို့အားလုံးမှာ စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။
ဟင်းလင်းပြင်ကြီးထဲတွင် တစ်စုံတစ်ခုက တုံ့ပြန်နေသည့်အလား မိုးခြိမ်းသံများ တဟုန်းဟုန်း တုန်ဟည်းသွားတော့သည်။
ကျွေ့ဟွာမှာ လူ့ပြည်တွင်သာ အမြဲရှိနေခဲ့သူဖြစ်သော်လည်း၊ ဖန့်ချင်းလန်နှင့် ယွမ်ချွီတို့မှာမူ အရာအားလုံးကို ရိပ်မိလိုက်ကြသည်။ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလားတော့ မသိနိုင်သော်လည်း -
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် ယခုအခါ တာအိုလမ်းစဉ်၏ အရှိန်အဝါကြီးတစ်ခု ပျံ့နှံ့နေချေပြီတကား။