အခန်း (၁၁၀၁-၁၁၀၄)
Vol. 57 Ch. 1101-1104
အခန်း ၁၁၀၁ နတ်မျက်စိ
ယခုအချိန်တွင် ကြမ္မာဥယျာဉ်မှ ထွက်လာသော မုန့်ကျိဖန်သည် ကံဆိုးမှုများကို ခံစားနေရသည်။
သူသည် လှည်းယာဥ်ထဲတွင် ထိုင်နေသော်လည်း သူ့ကိုယ်သူ တစ်ခုခု မှားယွင်းနေသည်ကို ခံစားနေရ၏။
ပထမ၌ သူသည် မိမိဘာသာ အများကြီး တွေးနေသည်ဟု ထင်ခဲ့မိသည်။ ဤစုန်းမကိုယ်တိုင်ကပင် မကောင်းတာတစ်ခုခု ရှိကြောင်း ပြောလာ၍ မယုံချင်သော်လည်း စိတ်ထဲတွင်မူ မကျေနပ်မှုများ ပြည့်နှက်နေခဲ့၏။
သူသည် ခဏကြာ စဉ်းစားခဲ့သည်။ တစ်စုံတစ်ယောက်သည် သူ့အား သောက်ခြင်းသည် ရဲရင့်စေကြောင်း ပြောသဖြင့် သူသည် စားသောက်ဆိုင်တစ်ဆိုင်ကိုသွားကာ ဗိုက်ပြည့်အောင် စားပြီးမှ ပြန်ထွက်လာခဲ့သည်။
သို့သော် အလွန်အကျွံသောက်ပြီးနောက် သူ၏အာရုံများသည် ပိုမို ထက်မြက်လာခဲ့၏။
အရိပ်လို လိုက်ခံနေရသော ခံစားချက်သည် သည်းမခံနိုင်စရာပင်။
သူသည် အမှန်ပင် ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင် ဖြစ်နေခဲ့၏။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီးနောက် သူ၏စိတ်အခြေအနေသည် ပိုမိုဆိုးရွားလာသည်။ သူသည် ပိုမိုကောင်းမွန်လာပုံ မပေါ်ပေ။ ထို့အပြင် သူ၏မျက်နှာသည် ပိုမို အရုပ်ဆိုးလာ၏။ သူ၏မျက်နှာသည် မဲမှောင်နေပြီး သူ၏မိဘများကပင် သူ့အားနည်းချက်ကို ခံစားမိခဲ့သည်။ သို့သော် သူတို့သားသည် အမြဲတမ်း ပြဿနာရှာတတ်သူဖြစ်၍ သူ၏အခြေအနေကို မြင်သောအခါ အပြင်၌ မိန်းမတစ်ယောက်ထားကာ ပျော်ပါးနေသည်ဟု ထင်ခဲ့ကြ၏။၎င်းသည် သူ့အတွက် သင်ခန်းစာကောင်းတစ်ခု ဖြစ်ခဲ့သည်။
မုန့်ကျိဖန်လည်း စကားမပြောနိုင် ဖြစ်နေခဲ့၏။
သူသည် သူ့မိဘများကို ဝိဉာဉ်ပူးကပ်သည့်အကြောင်း မပြောချင်ခဲ့ပေ။
သတင်းပေါက်ကြားသွားကာ သူ၏ဂုဏ်သိက္ခာ ကျဆင်းမည်ကိုလက်မခံနိုင်ပေ။
ဤနှစ်ရက်တာလုံး လှည့်လည်သွားလာပြီး ကြမ္မာဥယျာဉ်သို့ သွားရောက်ခဲ့ပြီးနောက် သူသည် ယွီရွှီဘုရားကျောင်းကို သွားရန် စဉ်းစားခဲ့၏။ သို့သော် မော့ချူးရှန်းသည် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော်လည်းသူမ၏ အရည်အချင်းများသည် ထူးချွန်ထက်မြက်ပေ၏။ သူမသည် သူ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ သူမသာ ဤမကောင်းသောအရာများကို ရှင်းလင်းပေးမည်ဆိုလျှင် ပိုပြီး ချောမွေ့နိုင်လိမ့်မည်။
မုန့်ကျိဖန်ကို မြင်သောအခါ ရှဲ့ချောင်သည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။
သိပ်မကြာသေးသော်လည်း ဤလူသည် အမှန်ပင် အတော်လေးပိန်သွားခဲ့၏။ သူ၏မျက်ခွံများသည် တွဲကျနေပြီး အရက်သောက်ထားသောပုံစံ ပေါက်နေသည်။သူ၏အသားအရေသည်လည်း များစွာ မဲညစ်သွားပြီး တက်ကြွနေသော လူငယ်တစ်ယောက်လို မဟုတ်တော့ပေ။
“ဆရာမ ကျွန်တော့်ကို ရယ်နေတာလား” မုန့်ကျိဖန်သည် စုန်းမမော့၏ အကြည့်သည် အလွန်စူးရှနေကြောင်း ခံစားလိုက်ရ၏။
ထို့ပြင် သူမသည် မည်သည်ကိုရယ်မောနေသနည်း။
သူမ၏မျက်နှာတွင် နားလည်ရခက်သောအမူအရာရှိပြီး အလွန်ကြင်နာဟန်ဆောင်တတ်ပြီး လျှို့ဝှက်ဆန်းကြယ်ပေ၏။
သူမသည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်းသိသာပေ၏။
“ဒီနွမ်းပါးတဲ့ ဆရာမက မင်းကို ရယ်နေတယ်ဆိုတာ သေချာလို့လား” ရှဲ့ချောင်၏ နှုတ်ခမ်းများ ကော့တက်သွားပြီး သူမ၏အသံသည် ကြောက်စရာကောင်းပေ၏။
“ဒီမှာ ဘယ်သူမှ မရှိပါဘူး…” သူမ စကားပြောပြီးနောက် မုန့်ကျိဖန်သည် သူ့ဘေး၌ မကောင်းသောအရာတစ်ခု ရှိနေသေးသည်ကို သတိရသွားပြီး သူ၏စကားများကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ “ဆရာမတို့ အချင်းချင်း သိတာလား။ သိရင်တော့ အရမ်းကောင်းတာပေါ့။ သူ့ကို မောင်းထုတ်လိုက်ပါ။ ကျွန်တော့နောက်ကို မလိုက်စေနဲ့တော့”
ရှဲ့ချောင်သည် ထိုင်နေဆဲပင်။
မုန့်ကျိဖန်သည် ဒေါသထွက်ကာ သူ၏နှလုံးသား နာကျင်နေ၏။ သူသည် ငွေသား ၅၀၀ ကိုထုတ်ယူပြီး ရှဲ့ချောင်ရှေ့တွင် ချထားလိုက်သည်။ “ဒီလောက်ဆို လုံလောက်တယ် မလား”
ရှဲ့ချောင်သည် အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။ “လုံလောက်ပါတယ်”
ရှဲ့ချောင် စကားပြောပြီးနောက် သူသည် နံ့သာပေါင်းကို မီးညှိလိုက်၏။
ဤအရိပ်ဝိဉာဥ်သည် ပုန်းအောင်းနိုင်၏။ သူသည် အရိပ်ထဲသို့ ဝင်သွားသည်နှင့် ရေထဲဝင်သွားသော ရေဝိဉာဥ်ကဲ့သို့ ဖြစ်သွားပြီး သူ့အား ဖမ်းရန် အလွန် ခက်ခဲပေလိမ့်မည်။ သူ့ကို အတင်းအကျပ် ဖယ်ရှားလိုက်ရင် မုန့်ကျိဖန်၏ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေလိမ့်မည်။
မုန့်ကျိဖန်သည် နှစ်ကြိမ် ရှူလိုက်၏။ နံ့သာပေါင်းသည် ထူးဆန်း၏။ မဆိုးရွားသော်လည်း သူ ယခင်က ရှူဖူးသည်နှင့် မတူဘဲ ထူးဆန်းနေ၏။
ရှဲ့ချောင်သည် သူ၏ပတ်ပတ်လည်မှ လိုက်ကာများကို ပြန်ဖုံးလိုက်ပြီး ဖယောင်းတိုင်တစ်တိုင် ထွန်းညှိလိုက်သည်။
မုန့်ကျိဖန်၏ အရိပ်သည် ပိုပြီး ထင်ရှားလာ၏။
ရှဲ့ချောင်သည် ပိုမို ရှင်းလင်းစွာ မြင်နေရသည်။ သူမသည် ဝိဉာဉ်ကို စိုက်ကြည့်ကာ “ဒီမိုက်မဲတဲ့ သခင်လေးက မင်းကို စော်ကားခဲ့တာလား။ ငါ့ကို ပြောပြပါ။ သူက မင်းကို တစ်ခုခု အကြွေးတင်နေတယ်ဆိုရင် ငါ သူ့ကို ပြန်ပေးခိုင်းပ့ါမယ်”
“မင်း…” မုန့်ကျိဖန်၏ နှလုံးသားသည် တုန်လှုပ်သွား၏။ သူမသည် သူ့အား စကားပြန်မပြောတော့ပေ…
သူမသည် မကောင်းဆိုးဝါးဝိဉာဉ်နှင့် တိုက်ရိုက် ဆက်သွယ်နေခြင်းပင်။
၎င်းသည် ဒဏ္ဍာရီလာ နတ်မျက်စိပင်လော။
မုန့်ကျိဖန်သည် သူမကို စူးစိုက်ကြည့်နေ၏။ သူသည် အနည်းငယ် စူးစမ်းချင်စိတ် ရှိနေသလို မယုံနိုင်ကြည်နိုင်လည်း ဖြစ်နေ၏။
သူ စဉ်းစားနေစဉ်မှာပင် ခေါင်းလှည့်လိုက်ပြီး သူ၏အရိပ် မဟုတ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
သူသည် ထိုနေရာတွင် ရိုကျိုးစွာ ထိုင်နေခဲ့သော်လည်း နံရံပေါ်၌ ပုံရိပ်ထင်နေသော အရိပ်သည် လက်တစ်ဖက်အား ဆန့်ထုတ်နေ၏။
••••••
အခန်း ၁၁၀၂ ခက်ခဲလွန်းလှသော
မုန့်ကျိဖန်သည် တုန်ယင်နေပြီး သူ၏ကျောပြင်တစ်ခုလုံး အေးစက်သွား၏။
သူ စိတ်ကူးနှင့်ပုံဖော်စဉ်က ထင်ယောင်ထင်မှားဖြစ်သည်ဟူ၍ မိမိကိုယ်ကို လိမ်လို့ရသေး၏။ သိုသော် ယခု၌ သူ့မျက်လုံးဖြင့် အရိပ်ထဲတွင် လက်တစ်ဖက်ပိုနေသည်ကို မြင်လိုက်ရပြီ ဖြစ်သည်။
ထိုလက်သည် တစ်ခုခုကို တူးဆွနေသလို ရှိပြီး သူ၏အရိပ်ထဲမှ တစ်စတစ်စ ထွက်လာခဲ့၏။
နောက်ဆုံး၌ သူ၏ခြေထောက်ကို ဗဟိုပြု၍ သူ့ဘေးတွင် နောက်ထပ် အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော် ဤအရိပ်တွင်... ခေါင်းမရှိပေ။
ခေါင်းမရှိသော အရိပ်တစ်ခုပင်။
သူ တုန်လှုပ်သွားခဲ့၏။
ရှဲ့ချောင်သည်လည်း မုန့်ကျိဖန်အား ဂရုဏာသက်စွာ ကြည့်နေခဲ့သည်။ အရိပ်ဝိဉာဉ်များသည် ထိုသို့ ဖြစ်၏။ သူတို့သည် လူတို့ကို ကြောက်လန့်အောင် လုပ်ရသည်ကို သဘောကျ၏။ သူမ၏ နံ့သာပေါင်းဖြင့် ဆွဲဆောင်၍ အပြင်ထွက်လာသည့်အချိန်မှာပင် မုန့်ကျိဖန်အား ရန်စရန် မမေ့ပေ။
ရှဲ့ချောင် မြင်ရသည်နှင့် မုန့်ကျိဖန် မြင်ရသည်က မတူပေ။
သူမ မြင်ရသည်မှာ မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်ပြီး မုန့်ကျိဖန် မြင်ရသည်မှာ ထူးဆန်းသောအရိပ်တစ်ခု ဖြစ်၏။
ဤမကောင်းဆိုးဝါးဝိဉာဉ်သည် မှုန်ဝါးမည်းမှောင်နေပြီး တကယ်ပင် ခေါင်းမရှိပေ။ သူသည် သူ့ခေါင်းကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူ၏ရင်ဘတ်ရှေ့တွင် ထားကာ သူမကို ကြည့်နေ၏။
သူမ၏ခေါင်းတွင် သွေးများ သိပ်မရှိသဖြင့် ခေါင်းဖြတ်ခံရပုံ မပေါ်ပေ။ သူမသည် ခေါင်းကို ဖြုတ်ထားရခြင်း အကြောင်းရင်းမှာ လူများကို ခြောက်လန့်ရန်ပင် ဖြစ်သည်။
သူမသည် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ သေဆုံးချိန်တွင် အသက် သုံးဆယ်ကျော် လေးဆယ်ဝန်းကျင် ရှိလိမ့်မည်။
သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းဖွယ်ရာ အမူအရာများရှိနေခဲ့၏။ သူမ၏ မျက်ခုံးမွှေးများကြားတွင် သိသာထင်ရှားသော အရေးအကြောင်းများ ရှိ၏။ သူမ အသက်ရှင်စဉ်က မကြာခဏ မျက်မှောင်ကြုတ်ခဲ့သည်။
သူမသည် ရိုးရှင်းကာ ကြမ်းတမ်းသောလျှော်ထည်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်သွားခဲ့သော်လည်း သူမ၏ အသားအရေသည် ကြမ်းတမ်းပြီး ညိုမဲနေကာ သူမ၏ လက်များသည် ကွဲအက်နေပြီး သူမ၏ ကျောပြင်မှာလည်း အနည်းငယ် ကုန်းနေသည်ကို မြင်နိုင်ပေသည်။
“မင်းရဲ့ဘဝက အသက်ရှင်စဉ်တုန်းက ခက်ခဲခဲ့တာပဲ” ရှဲ့ချောင် ပြော၏။ ရှဲ့ချောင်သည် သူမကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“ခက်ခဲတယ်တဲ့လား” အရိပ်ဝိဉာဉ်၏ အသံမှာကွဲရှရှဖြစ်နေ၏။ သူမ၏ လက်များသည် သူမ၏ခေါင်းကို ထိပြီး သူမ၏ပါးလွှာကာ ခြောက်သွေ့နေသော ဆံပင်များကို ထိလိုက်၏။ “ဖြစ်နိုင်တာပေါ့…”
သူမ၏ ဘဝတစ်လျှောက်လုံးတွင် ၎င်းကိုပင် ကြုံတွေ့ဖူးသည်မှာ ဖြစ်နိုင်၏။ ခက်ခဲသော ဘဝအား အချိန်အကြာကြီး ကြုံတွေ့ပြီးနောက် သူမသည် မည်သည်နှင့်တူမှန်း မပြောတတ်တော့ပေ။
“ဒီလူကို ဒုက္ခပေးတာက အဆုံးသတ်မကောင်းဘူး။ မင်းရဲ့ နောက်ဘဝအတွက်လည်း မကောင်းဘူး” ရှဲ့ချောင်သည် သူမကို ကြည့်ပြီး ပြောလိုက်၏။ သူမသည် များများစားစား မပြောခဲ့သော်လည်း သူမ၏ စကားလုံးများမှာ နူးညံ့ပြီး နားထောင်ရသည်မှာ ကောင်း၏။
မုန့်ကျိဖန်သည် ထိုစကားကို ကြားသောအခါ ခေါင်းမော့ပြီး အံ့သြစွာဖြင့် သူမကို ကြည့်လိုက်၏။
ဒီအချိန်၌ သူသည်အမှန်ပင် စိတ်သက်သာရာရသွား၏။
ဤစုန်းမ၏ အသံသည် နွေးထွေးပေ၏။
“ငါ နောက်ဘဝကို မလိုချင်ဘူး။ ငါ အနားယူချင်တယ်”အရိပ်ဝိဉာဉ်သည် ထပ်ပြော၏။
ရှဲ့ချောင်သည် ထိုစကားကို ကြားသောအခါ ပင်ပန်းနွမ်းနယ်သလို ခံစားရ၏။ “ငါ့ကို ပြောပြ၊ မင်း အသက်ရှင်စဉ်တုန်းက ဘယ်လိုမျိုးလဲဆိုတာ။ နည်းနည်းလောက် ရင်ဖွင့်တာက အမြဲတမ်းအကျိုးရှိပါတယ်။ ပြီးတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါ ကူညီနိုင်တယ်။ မင်းက တခြားသူတွေကို မထိခိုက်သရွေ့ မင်းအတွက် ငါ လုပ်နိုင်တာကို အကောင်းဆုံး ကြိုးစားပြီး လုပ်ပေးမယ်”
အရိပ်ဝိဉာဉ်သည် ကာလကြာရှည် လွင့်မျောနေခဲ့ပေလိမ့်မည်။
သို့မဟုတ် သူမ အသက်ရှင်စဉ်က မည်သူမှ သူမ၏စကားကို နားထောင်ရသည်ကို မကြိုက်ခဲ့ခြင်း ဖြစ်နိုင်၏။ ဤအချိန်၌ ရှဲ့ချောင်၏ တောင်းဆိုမှုကို ကြားသောအခါ သူမသည်အမှန်ပင် မငြင်းဆန်ဘဲ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်၏။
သူမသည် သူမ၏ခေါင်းကို လက်ထဲတွင် ကိုင်ထားရင်း ထိုင်လိုက်၏။
သူမသည် အလွန် ပိန်လှီနေပြီး သူမနှင့် နှိုင်းယှဉ်လျှင် မုန့်ကျိဖန်၏ မျက်နှာသည် အလွန်သန့်ရှင်းပြီး တက်ကြွနေသည်။
“လူတိုင်းက ငါ့ကို အားနျန်လို့ ခေါ်ကြတယ်၊ ဒါပေမဲ့ ငါ့မှာ နာမည်မရှိဘူး…” သူမ၏ ခေါင်းမှ ပါးစပ်သည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ၎င်းသည် သူမ၏လည်ပင်းနှင့် မချိတ်ဆက်ထားသော်လည်း သူမ စကားပြောနိုင်ပြီး သူမ၏ အသံသည် ပုံရိပ်ယောင်ကဲ့သို့ပင် ဖြစ်နေသည်။
“ငါ့ဘဝမှာ ထူးခြားတာ ဘာမှမရှိဘူး… မင်္ဂလာမဆောင်ခင် အလုပ်လုပ်ခဲ့တယ်၊ မင်္ဂလာဆောင်ပြီးတော့ အလုပ်လုပ်ခဲ့တယ်၊ ကလေးတွေ မွေးခဲ့တယ်…” သူမ အနည်းငယ် ရှုပ်ထွေးနေပုံပေါ်၏။
“မဟုတ်သေးဘူး။ မင်းကို တစ်မျိုးတစ်ဖုံ ခံစားရစေတဲ့၊ မင်းကို စိတ်နာကြည်းစေတဲ့ တစ်ခုခုတော့ ရှိရမယ်” ရှဲ့ချောင် ပြော၏။
ဤမကောင်းဆိုးဝါးဝိဉာဉ်၏ မကျေနပ်ချက်သည် အလွန် ပြင်းထန်၏။
သူမ ခဏကြာ လေးနက်စွာ စဉ်းစားနေပုံရသည်။
ထိုပါးစပ်မှ ရုတ်တရက် ပြုံးလိုက်၏။ “ဪ၊ ရှိတယ်…”
“ငါနေခဲ့တဲ့ ရွာက… ဝမ်ယာ့ရွာပဲ။ လခြမ်းပုံစံနဲ့တူတယ်။ အရမ်းသေးငယ်ပြီး လှပတယ်။
ငါ အိမ်ထောင်ကျပြီး ကလေးတော်တော်များများ မွေးခဲ့တယ်။ ယောက္ခမတွေနဲ့ ခင်ပွန်းလည်း ရှိတယ်… သူတို့အားလုံး အသက်ရှင်နေကြသေးပေမဲ့ ငါတစ်ယောက်ပဲ သေဆုံးခဲ့ရတာ”
“ဘာလို့ သေခဲ့ရတာလဲ” ရှဲ့ချောင် မေး၏။
“ဘာလို့လဲဆိုတော့ ငါ့ကို မေ့သွားကြလို့ပဲ…”
••••••
အခန်း ၁၁၀၃ နိမိတ်မကောင်းသောမြေ
ရှဲ့ချောင်၏ မျက်လုံးများ မှိန်ဖျော့သွားခဲ့သည်။ သူမသည် မကောင်းဆိုးဝါးဝိဉာဉ်၏ စကားကို ကြားသောအခါ ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရ၏။
“မင်းကို တခြားသူတွေက ဘယ်လို… မေ့လျော့သွားတာလဲ” ရှဲ့ချောင် ဖြည်းဖြည်းချင်း မေးခဲ့၏။
“သေချာစဉ်းစားကြည့်တော့ ဘယ်သူကမှ ငါ့ကို ဘယ်တုန်းကမှ မမှတ်မိခဲ့ဘူး” မကောင်းဆိုးဝါးဝိဉာဉ်၏ အသံသည် အေးစက်ညင်သာလွန်းပြီး လူတို့၏ စိတ်ထဲတွင် နှင်းကျနေသကဲ့သို့ ခံစားရ၏။
“နေ့တိုင်း ကြက်ခြံတွေကို သန့်ရှင်းရေးလုပ်တယ်၊ ကလေးတွေကို ဂရုစိုက်တယ်၊ မီးဖိုမှာ ချက်ပြုတ်ရတယ်။ လယ်လုပ်တာနဲ့ အလုပ်ရှုပ်နေတဲ့အခါ နွားတစ်ကောင်လိုပဲ။ ခေါင်းက မြေကြီးထဲ ထိုးကျပြီး နေ့တိုင်း မတ်မတ်မရပ်နိုင်အောင် ပင်ပန်းတယ်။ နွေဦးရောက်တော့ ငါ့ခင်ပွန်း၊ ယောက္ခမနဲ့ ကလေးတွေက အဝတ်အသစ်တွေ ဝတ်ကြတယ်။ ငါ့ခန္ဓာကိုယ်ကတော့ အမြဲတမ်း ညစ်ပတ်ပြီး ဟောင်းနွမ်းနေတယ်။ အထွက်နှုန်း ကောင်းတဲ့အခါ ကြက်သားဟင်းချက်တယ်။ ငါ ဘယ်တုန်းကမှ မမြည်းစမ်းဖူးဘူး… ငါက ငါးနဲ့အသားကို မကြိုက်ဘူးလို့ လူတိုင်းက ပြောကြတယ်…”
“ရွာသားတွေက ငါကို့ အလုပ်များတဲ့သူလို့ ပြောကြတယ်။ ငါ့အိမ်နီးချင်းတွေက ငါ့ကို ချီးကျူးပြီး ကောင်းမွန်တဲ့ ဇနီး၊မိခင်တစ်ယောက်လို့ ပြောကြတယ်…”
“သူတို့က ကောင်းကောင်းမွန်မွန်နေထိုင်ကြတယ်၊ ငါလည်း အဆင်ပြေပြေပါပဲ။ ဒါပေမဲ့… သူတို့ ဘယ်လိုလုပ် ငါ့ကို မေ့နိုင်ရတာလဲ”
“ဆောင်းရာသီမှာ ကြယ်တွေ ကောင်းကင်ကနေ ကျလာပြီး ရွာနားတစ်ဝိုက်မှာ ကျတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ငါက အပြင်မှာရှိပြီး သူတို့ကို ရှာဖို့ အိမ်ကို အမြန်ပြန်လာတယ်။ ချော်လဲပြီး ပြုတ်ကျတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး၊ ဒါပေမဲ့ ငါ သေဆုံးခဲ့ရတယ်”
သူမ သေဆုံးပြီးနောက်မှာတောင်ပင် သူမသည် သူမ၏မိသားစုကို သတိရနေသေးတာကြောင့် ဒီလောကတွင် ရှိနေခဲ့သည်။
ရွာသည် အလွန်သေးငယ်ပြီး အိမ်ခြေနှစ်ဆယ်မှ သုံးဆယ်သာ ရှိသည်။ သူမ၏ မိသားစုသည် ကံမကောင်းခဲ့ပေ။ မီးတောက်ငယ်လေးတစ်ခု ကျလာပြီး အိမ်၏ တစ်ဝက် ပျက်စီး
သွားခဲ့ရသည်။
မည်သူမျှ ဒဏ်ရာမရခဲ့သော်လည်း မိသားစုမှ မွေးထားသော ကြက်နှင့် ဘဲများ အားလုံး ပျောက်ကွယ်သွားခဲ့၏။
သူမ၏ဝိဉာဥ်သည် မိသားစုတစ်စုလုံး ကြက်နှင့် ဘဲများအတွက် ငိုကြွေးနေပုံ၊ အိမ်အတွက် ငိုကြွေးနေပုံနှင့် သူတို့၏ ကံကြမ္မာအတွက် အော်ဟစ်နေသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရ၏။
ရွာတစ်ခုလုံး ရှုပ်ထွေးနေပြီး မည်သည်တို့အားလုပ်ရမည်ကို ဆွေးနွေးရန် စုဝေးခဲ့ကြသည်။
တစ်ည၊ နှစ်ည ကုန်ဆုံးသွားပြီးနောက် သူမကို လာရှာသူ တစ်ယောက်မှ မရှိခဲ့ပေ။
သား၊ သမီး၊ ခင်ပွန်းနှင့် ယောက္ခမများ အားလုံးမှာ ကိုယ်စီ စိုးရိမ်ပူပန်စရာများ ရှိနေခဲ့၏။ သူမ ယခုလောက်ကြာအောင် ပြန်မလာသည်နှင့် သူမ တစ်ခုခု ဖြစ်သွားသည်ကို သူတို့ မသိခဲ့ကြပေ။
သုံးရက်ပင်။ သူမ၏ ခန္ဓာကိုယ်ကို အပြင်တွင် သုံးရက် ထားခဲ့သည်။ နောက်ဆုံး၌ ရွာသားများ ရှာတွေ့ပြီး ပြန်ပို့ပေးခဲ့တယ်။ ထိုအချိန်ကျမှပင် သူမ ထိုနေရာတွင် ရှိနေသည်ကို သတိရကြ၏။
သူတို့ အနည်းငယ် ငိုကြွေးပြီးနောက် အရာရှိများကို သူမ သေဆုံးကြောင်း သတင်းပို့ခဲ့သည်။ သူတို့သည် ငွေအချို့ ရရှိခဲ့၏။
သူမ ပြုတ်ကျသေဆုံးခဲ့သည်မှာထင်ရှားသော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့သည်ဟုမှတ်ယူကြ၏။
ငွေသားရလာပြီးနောက် သူမကို ဤနေရာတွင် မြှုပ်နှံခဲ့သော်လည်း သူမ၏ မိသားစုသည် ရွှေ့ပြောင်းသွားခဲ့ကြ၏။
ရွာသည် အလွန်သေးငယ်ပြီး ကြယ်များကြောင့် အပေါက်များ ဖြစ်ခဲ့ရသည်။ ၎င်းသည် နိမိတ်မကောင်းသောမြေဖြစ်ပြီး မည်သူမျှ ဆက်လက်နေထိုင်၍ မရနိုင်ပေ။
သူမ၏ အောက်မေ့ဖွယ် ကျောက်ပြားကို ယူသွားသင့်သော်လည်း သူတို့ မထွက်ခွာမီ ပစ္စည်းအများအပြားကို ရွှေ့ပြောင်းရမည် ဖြစ်သည်။ နောက်တစ်ကြိမ် သူမကို မေ့လျော့
သွားခဲ့ကြပြန်၏။
သူမ နားမလည်ခဲ့ပေ။ သူမသည် ယခုလို ခက်ခဲသောဘဝကို နေထိုင်ခဲ့ပြီး သူမ၏ ဘဝတစ်ခုလုံးကို မိသားစုအတွက် ပေးဆပ်ခဲ့၏။ အဘယ့်ကြောင့် သူမအား ဘယ်သူကမျှ အလေးအနက် မထားခဲ့ပါသနည်း။
မကောင်းဆိုးဝါးဝိဉာဉ်သည် စိတ်တည်ငြိမ်စွာ ပြောဆိုခဲ့သော်လည်း ဝမ်းနည်းပူဆွေးမှုသည် ပြင်းထန်လွန်းတာကြောင့် လူတို့၏ မျက်လုံးများကို နီရဲလာစေခဲ့သည်။
သူမ၏ မကျေနပ်မှုသည် ပြင်းထန်လွန်း၍ ရှဲ့ချောင်သည်လည်း စိတ်ခံစားမှုများကို မနည်းထိန်းချုပ်လိုက်ရ၏။ မုန့်ကျိဖန်သည် သူ့ကိုယ်သူ ဘာဖြစ်နေမှန်းမသိတော့ပေ၊ အကောင်းပကတိမှ တဖြည်းဖြည်း ငိုချင်စိတ်ပေါ်လာခဲ့၏။
သူသည် ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး သူ့ကို မပျော်မရွှင် ဖြစ်စေတဲ့ အရာအချို့ကို သတိရသွား၏။
သူ၏မိသားစုသည် မြင့်မြတ်သော မိသားစုဖြစ်ပြီး သူ့အဒေါ်သည် နန်းတော်တွင် နန်းတွင်းကိုယ်လုပ်တော် ဖြစ်သည်။
သူသည် ငယ်ရွယ်သော်လည်း ငယ်စဉ်ကတည်းကပင် မည်သည့်အခါကမှ မတရားမှုနဲ့ မကြုံခဲ့ရဖူးပေ။
ယခင်က သူအား နာကျင်စေခဲ့သည့်အဖြစ်အပျက် များများစားစားမရှိပေ။ ယင်းတို့ထဲမှ တစ်ခုသည် သူ ငယ်စဥ်က အိမ်ရှေ့စံမင်းသားကို မလေးမစားလုပ်မိခြင်းပင်။ အရိုက်ခံရ၍ သေလုနီးပါး ဖြစ်ခဲ့ရ၏။
ကြာပြီဖြစ်၍ သူသည် မေ့လုနီးပါး ဖြစ်နေခဲ့၏။
ယခုအချိန်တွင် သူသည် ရုတ်တရက် သတိရသွားခဲ့၏။
သူ၏မျက်လုံးများ နီရဲနေကာ ငိုတော့မည့် ပုံစံဖြင့် ရုတ်တရက်ပြောလိုက်၏ “ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဘယ်တုန်းကမှ မရိုက်ဖူးဘူး၊ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက ကျွန်တော့်အသက်ကို သေလုနီးပါး ဖြစ်အောင်လုပ်ခဲ့တာ။ ဒါတောင် လူတိုင်းက သူ့ဘက်က ရပ်တည်တယ်။ ကျွန်တော် ရိုက်ခံရပြီးတော့ ဒူးထောက်ပြီးတောင် တောင်းပန်လိုက်ရသေးတယ်”
သူသည် စိတ်ခံစားချက်ပြင်းထန်လာပြီး ရုတ်တရက် အော်ဟစ်လိုက်၏။ ရှဲ့ချောင် အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
••••••
အခန်း ၁၁၀၄ အပြစ်လုပ်မိခြင်း
မုန့်ကျိဖန်၏သည်းခံနိုင်စွမ်းသည် အလွန်ဆိုးရွားပေ၏။
ဤရုတ်ချည်းအော်သံကြောင့် ရှဲ့ချောင် လန့်သွားခဲ့သည်။
မုန့်ကျိဖန်ကိုယ်တိုင်ပင် ခဏမျှ ကြောင်သွားပြီး နဖူးကို ပုတ်လိုက်၏။ “ကျွန်တော် ဘာဖြစ်သွားတာလဲ။ စိတ်အခြေအနေမဟန်ဘူးပဲ။ ကျွန်တော်ခုနကပြောတာ ကြားလိုက်လား။ လျှောက်မပြောနဲ့နော်။”
ရှဲ့ချောင်သည် သူ့အားကြည့်ရင်း အတွေးနယ်ချဲ့နေလေသည်။
မုန့်မိသားစု၏ အခြေအနေအရ သူ့အား ဒူးထောက်တောင်းပန်ခိုင်းနိုင်သူသည် တော်ဝင်မျိုးနွယ် ဆွေတော်မျိုးတော်တစ်ဦးသာ ဖြစ်လိမ့်မည်။
မုန့်ကျိဖန်သည် အိမ်ရှေ့စံမင်းသားအပေါ် အမြင်ကြည်ခဲ့သည်ကို ထောက်ရှု၍ သူ့အား ရိုက်နှက်ခဲ့သူသည် အိမ်ရှေ့စံမင်းသား ဟုတ်၊ မဟုတ်ကို သူမ သံသယရှိနေခဲ့၏။
“ဒီနိမ့်ပါးတဲ့အရာနဲ့ ဆွေးနွေးပြီးပြီလား။ သူမကို မြန်မြန်ထွက်သွားခိုင်းလိုက်စမ်းပါ။” မုန့်ကျိဖန် ချက်ချင်းဆိုသလို ပြောလိုက်၏။
ဤနိမ့်ပါးသောအရာသည် သူ့အား ထိခိုက်မှုရှိစေပြီး ဒေါသထွက်အောင် လုပ်ခဲ့ပေလိမ့်မည်။
“သူမ ဘယ်လိုလုပ် ခုလိုထွက်သွားနိုင်မှာလဲ။ သူမ ဘာလို့ ရှင့်နောက်ကို လိုက်လာတာလဲဆိုတာ ကျွန်မမေးရဦးမှာပေါ့” ရှဲ့ချောင်သည် သူ့ကို မျက်စောင်းထိုးကြည့်ပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်ကို ကြည့်ကာ “မင်းကို ရွာမှာ မေ့ထားခဲ့တာပဲ။ အဲ့နောက် ဘာတွေဖြစ်ခဲ့သေးလဲ။”
မကောင်းဆိုးဝါးဝိဉာဉ်သည် သူမခေါင်းကို လည်ပင်းပေါ် ပြန်မတင်သေးပေ။
“အစတုန်းက လူတွေအများကြီးလာတယ်။ ကြွေကျနေတဲ့ကြယ်တွေက ဘယ်လိုပုံလဲဆိုတာ ကြည့်ချင်ကြတယ်။ နောက်တော့ ကြယ်တွေကို အရာရှိတွေက ရွှေ့ပြောင်းယူသွားကြတော့ ရွာသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတယ်။ နောက်ဆုံးတော့ အားလုံးထွက်သွားကြတာပဲ။ မကောင်းဆိုးဝါး နည်းနည်းပါးပါးပဲကျန်ပြီး သူတို့အားလုံးစုဝေးကြတယ်…”
ထိုမကောင်းဆိုးဝါးဝိဉာဉ်များသည် သူမကို အထင်သေးကာ မည်သည့်အခါမျှ အဆက်အဆံမလုပ်ကြပေ။
သူတို့သည် စုဝေးကြပြီးလျှင် သူမသည် ငတုံးတစ်ယောက်၊ ယောက်ျားများနှင့် ကလေးများကို ကျွန်ကဲ့သို့ ပြုစုစောင့်ရှောက်သည့်အကြောင်းတို့ကို ပြောကြ၏။ နောက်ဆုံး၌ သူမသေဆုံးသွားတာကို ဘယ်သူမျှ မသိကြပေ။ အားလုံးသည် သူမကို လှောင်ပြောင်ကြ၏။ သူမသေဆုံးပြီးနောက် စိတ်များပိုမိုကြမ်းလာကောင်းလာပေလိမ့်မည်။ တစ်နေ့တွင် မခံမရပ်နိုင်တော့သောကြောင့် ထိုမကောင်းဆိုးဝါးဝိဉာဉ်အားလုံးကို စားပစ်လိုက်၏။
“ဘာလို့ ဒီသခင်လေးကို လိုက်ခြောက်လှန့်နေရတာလဲ” ရှဲ့ချောင် ထပ်မေးလိုက်၏။
ဤအရိပ်ဝိဉာဉ်သည် သာမန်မကောင်းဆိုးဝါးဝိဉာဉ်ထက် ပို၍ အစွမ်းထက်သည်ကို သူမခံစားရ၏။ လူတစ်ဦးအား သူမ၏ ကြောက်စရာကောင်းသော အရိပ်ကို မြင်စေနိုင်ရန် အတော်လေး စွမ်းဆောင်နိုင်စွမ်းရှိရပေမည်။
ထိုခေါင်းသည် အနည်းငယ်မြင့်တက်လာပြီး ထူးဆန်းသောအပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သူမ မပြောပေ။
သူမ၏ ဝိညာဉ်တစ်ဝက်သည် အရိပ်ထဲတွင် ပုန်းကွယ်နေဆဲဖြစ်ပြီး ရှဲ့ချောင်သည် သူမကို ဘာမှမလုပ်နိုင်ခဲ့ပေ။
ရှဲ့ချောင်သည် သက်ပြင်းချပြီး မီးရှို့ထားသည့် နံ့သာပေါင်းကို ငြှိမ်းသတ်လိုက်ကာ မုန့်ကျိဖန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ “ရှင် အဲ့ဒီရွာမှာ ဘယ်လိုထူးခြားတဲ့အရာတွေ လုပ်ခဲ့တာလဲ။ ပုံမှန်အားဖြင့် အရိပ်ဝိဉာဉ်တွေက မရဲတင်းဘူး။တကယ်လို့ အဖမ်းခံရရင် ထွက်သွားမှာပဲ။ ဒါပေမဲ့ ရှင့်ဘေးကဝိဉာဥ်ကတော့ မတူဘူး။ သူမ ရှင့်ကို အတော်လေး မကျေမနပ်ဖြစ်နေပုံရတယ်။ ရှင် သူ့အပေါ်အမှားလုပ်ထားတာလား”
“မလုပ်ပါဘူး” မုန့်ကျိဖန် ငိုချင်နေဆဲပင်။ “အဲ့ဒီညက ကျွန်တော်…”
သူ ထရပ်လိုက်ပြီး သူ၏ ထောင်လွှားသောဟန်ပန်ကို ထိန်းချုပ်လိုက်၏။ ဘယ်ညာကြည့်ပြီးနောက် နောက်ဆုံးတွင် အနည်းငယ်စိတ်ဆိုးကာ တိုးတိုးလေးပြောလိုက်သည်။ “အဲ့ဒီညက ကျွန်တော်တကယ်ကြောက်နေခဲ့တာ။ ကြွက်လေးကို မြှုပ်ပြီးကတည်းက အိမ်ထဲကနေ မထွက်ခဲ့ဘူး။ မြေကြီးပေါ်မှာ ထိုင်ပြီး တစ်ညလုံးမအိပ်ဘဲ နေခဲ့တယ်။ နောက်နေ့မနက်
ရောက်တော့ ချက်ချင်းထွက်လာခဲ့တယ်”
“ဒါ့အပြင် ဒီလိုပြိုကျနေတဲ့ရွာမှာ ကျွန်တော်ဘာတွေများ ကြည့်စရာရှိမှာလဲ။ ပုပ်နေတဲ့သစ်သားတွေ၊ ဖုန်တွေ၊ ပင့်ကူတွေ၊ ကြွက်တွေ၊ ပေါင်းပင်တွေ၊ ကျောက်တုံးတွေ၊ ခြောက်သွေ့နေတဲ့ရေတွင်းတွေပဲရှိတယ်။ ဒီလိုနေရာမျိုးကို ကြည့်ဖို့တောင် ကျွန်တော်စိတ်မဝင်စားဘူး။ ဘယ်သူ့ကိုများ ကျွန်တော်ကစိတ်ဆိုးအောင်လုပ်ရမှာလဲ”
သူ ခံပြင်းနေခဲ့၏။
သူ့နောက်သို့၎င်းလိုက်လာခြင်းက ပိုကောင်းပေမည်။
မုန့်ကျိဖန်သည် သန့်ရှင်းမှုကို နှစ်သက်သော သခင်လေးတစ်ဦးဖြစ်၏။ ထိုကဲ့သို့သောနေရာမျိုးတွင် မြေကြီးကိုပင် မထိချင်လောက်ပေ။
“ရှင် မမှတ်မိဘူးဆိုရင် ကျွန်မနဲ့အတူ ရွာကို ပြန်လိုက်ခဲ့ပါ။ သေချာစုံစမ်းပြီး အကြောင်းရင်းကို ရှာဖွေပြီး သူမကို တောင်းပန်ပါ။ အဲ့ဒါမှပဲ ရှင့်ကို သူမ ခွင့်လွှတ်လာအောင် နည်းလမ်းရှာနိုင်မှာပါ။ ကျွန်မ သူမကို အတင်းအဓမ္မ ခေါ်သွားမယ်ဆိုရင် မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ မကျေနပ်မှုက ပိုကြီးလာမှာဖြစ်ပြီး ရှင့်အတွက်လည်းအကျိုးမရှိဘူး” ရှဲ့ချောင် ပြော၏။
“ဆရာမက ထပ်သွားချင်တာလား” မုန့်ကျိဖန်သည် ထိုနေရာကို စဉ်းစားမိလိုက်သောအခါ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာခဲ့သည်။
ထိုရွာသည် တကယ်ပင် ကြောက်စရာကောင်းလှ၏။
အထူးသဖြင့် ညလယ်၌ လေတိုက်သံကပင် လူများကို ကြက်သီးထစေ၏။
••••••