အခန်း (၁၁၀၅-၁၁၀၈)
Vol. 57 Ch. 1105-1108
အခန်း ၁၁၀၅ ယောက်ျားနှင့်မိန်းမ နှစ်ဦးတည်းသာ
မုန့်ကျိဖန်သည် ခေါင်းမှခြေဖျားအထိ ခုခံနေပြီး အခြေအနေ မကောင်းလှပေ။
“ကျွန်တော် ဆရာမကို ပိုက်ဆံပေးပြီးပြီပဲ။ တခြားနည်းလမ်းတစ်ခု စဉ်းစားလို့မရဘူးလား” မုန့်ကျိဖန် ထပ်မေး၏။
“မရဘူး” ရှဲ့ချောင် တိုတိုတုတ်တုတ် ပြောလိုက်၏။ “မနက်ဖြန် မနက်အစောကြီး ထွက်မယ်။ ဝေးတဲ့အတွက် အဲ့ဒီမှာ ညအိပ်ရလိမ့်မယ် ထင်တယ်။ ညအိပ်ဖို့အတွက် ပစ္စည်းတွေကို ရှင့်ကိုပဲ ပြင်ဆင်ခိုင်းရတော့မယ်။ ပိုက်ဆံတော့ ယူထားပြီးပေမယ့် ရှင်ကြောက်ပြီး လမ်းတစ်ဝက်မှာ လက်လျှော့ပြီး သေသွားရင်တော့ ပိုက်ဆံ ပြန်မပေးနိုင်ဘူး”
မုန့်ကျိဖန်သည် သူမကို စူးစိုက်ကြည့်လိုက်၏။
၎င်းသည် အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။
သူ အဘယ့်ကြောင့် ပိုက်ဆံပြန်မရသနည်း။ သူသည် အဆင့်အတန်းမြင့်မားသော်လည်း ငွေရေးကြေးရေးကျပ်တည်းနေ၏။ သူ့မိသားစုသည် သူ့အား တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ဤစုန်းမအတွက် ပိုက်ဆံအများကြီးဖြုန်းနိုင်ရန် အချိန်အတော်ကြာ စုဆောင်းခဲ့ရ၏။
ထို့အပြင်သူသည် ဤပြဿနာကို ကြန့်ကြာအောင် မလုပ်ရဲပေ။
“ဆရာမနဲ့ ကျွန်တော် နှစ်ယောက်တည်းလား” မုန့်ကျိဖန် မျက်မှောင်ကြုတ်လိုက်၏။ “ယောက်ျားနဲ့ မိန်းမ နှစ်ယောက်တည်း သွားတာ မသင့်တော်ဘူးမလား”
တစ်ဖက်လူမှာ တာအိုဆရာမဖြစ်နေသော်ငြားလည်း။
မော့ချူးရှန်းအနေဖြင့် ရှဲ့ချောင်သည် ကျားမကိစ္စကို ဘယ်တော့မှ အရေးမထားခဲ့ပေ။
သို့သော် သူပြောသည့်အတိုင်းဆိုလျှင်…
“စိတ်မပူပါနဲ့။ ကူညီဖို့အတွက် လူနည်းနည်း ခေါ်သွားမယ်” ရှဲ့ချောင် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်၏။
ညအိပ်ရမည်ဖြစ်သောကြောင့် အိမ်ရှေ့စံမင်းသားကို အကြောင်းကြားရပေမည်။ ထိုသို့ဆိုလျှင် သူမ မိသားစုကိုပါ ခေါ်သွားသည်က အကောင်းဆုံးပင်။ အိမ်ရှေ့စံမင်းသားနှင့်အတူ
နွေဦးအပန်းဖြေခရီးထွက်ရင်း အနားယူရန် အခွင့်အရေး ကောင်းလည်း ဖြစ်ပေ၏။
သို့သော် မော့ချူရှင်းအနေဖြင့် အိမ်ရှေ့စံမင်းသားနှင့် အလွန်နီးစပ်လျှင် မကောင်းပေ။ ထိုသို့ဆိုလျှင်…
သူမ၏ အခြားဆရာတူမောင်လေးများကိုပါ ခေါ်သွားပါက ပိုကောင်းလိမ့်မည်။ ထို့ကြောင့် တစ်ဦးကိုတစ်ဦး ဂရုစိုက်နိုင်မည်ဖြစ်ပြီး ကောလာဟလများ ပျံ့နှံ့မည်ကို စိုးရိမ်စရာ မလိုပေ။
မုန့်ကျိဖန်သည် သူမ လူခေါ်သွားမည်ကို ကြားသောအခါ ပို၍ပင် စိုးရိမ်လာခဲ့၏။
ဤတာအိုဆရာမသည် သူ့အား လျှို့ဝှက်စွာဖြင့် ထိခိုက်အောင် လုပ်ရန် ကြိုးစားနေသလော။ သူသာမရှိတော့လျှင် သူ့အဖေသည် အတော်လေး ထိခိုက်ခံစားရမှာ သေချာ၏။ သူသည် အိမ်ရှေ့စံမင်းသားကို ခဏတာ ဒုက္ခပေးနိုင်တော့မည်မဟုတ်ပေ။
“ဒါဆို ကျွန်တော်လည်း လူနည်းနည်းခေါ်သွားမယ်” သူ့သူငယ်ချင်းကောင်းများ၏အကူအညီယူရန် အချိန်လည်း ကျပြီဖြစ်၏။
“ကောင်းပြီ” ရှဲ့ချောင် မငြင်းခဲ့ပေ။
ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် အဆောင်တစ်ခုထုတ်ကာ သူ့ကို ပေးလိုက်၏။ “ဒါကို ကိုယ်နဲ့မကွာထားပါ။ ဒီည ကောင်းကောင်းအိပ်ပျော်လိမ့်မယ်။ ရှင့်ရဲ့စိတ်ဝိညာဉ်လည်း လုံခြုံလိမ့်မယ်”
မုန့်ကျိဖန်သည် အဆောင်ကိုမြင်သောအခါ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။
ယခုလေးတင် ခေါင်းပြတ်အရိပ်ကို မြင်လိုက်ရသောအခါ သူ တကယ်ပင် ကြောက်လန့်ခဲ့၏။ ဤညလည်း ထပ်ကြောက်ရဦးမည်ဟု ထင်ခဲ့သည်။ ယခု အဆောင်ရှိနေပြီဖြစ်သောကြောင့် နောက်ဆုံးတွင် စိတ်အေးနိုင်ပြီဖြစ်သည်။
သူသည် မသိစိတ်ကပင် မော့ချူးရှန်း၏ စကားများကို မယုံမသင်္ကာမဖြစ်တော့ပေ။
ဤသူကို ပြန်လွှတ်လိုက်ပြီးနောက် ရှဲ့ချောင်သည် တော်ဝင်ကျောင်းတော်သို့ သွားရောက်ကာ သူမ၏ ဆရာတူမောင်လေးများကို ရှာဖွေခဲ့၏။
ကံအားလျော်စွာဖြင့် ကျန်းကျင်လုလည်း ခရီးပန်းလာပြီး သူမ ရောက်ရှိလာစဉ်တွင် ရထား
ဖြင့် အမြန်ပြန်လာခဲ့သည်။
သူသည် အနည်းငယ် ပုံပန်းမကျ ဖြစ်နေ၏။ သူ၏မျက်နှာပေါ်မှ မုတ်ဆိတ်မွှေးများသည် ထိုးထိုးထောင်ထောင်ဖြစ်နေ၏။ ရှဲ့ချောင်ကို မြင်သောအခါ သူမကို ခေါ်ပြီး သူစုဆောင်းထားသော နွားမျက်ရည်များကို အပြစ်ရှိသလို မျက်နှာဖြင့် ယူလာခဲ့၏။
“အတော်လေးကြာအောင်ရှာဖွေခဲ့ရတယ် မြို့ပြင်က ရွာတွေအားလုံးနီးပါးကို သွားခဲ့တာတောင် မျက်ရည်ကျတဲ့ နွားအိုတွေ အရမ်းနည်းတယ်။ တကယ်ကို အရမ်းနည်းနေတာပဲ…” ကျန်းကျင်လုသည် အသက်ပိုကြီးလာပုံပေါ်နေ၏။
သူသည် သုံးလေးလလောက်သာ အပြင်ထွက်ခဲ့ရသေး၏။
သို့သော် သူသည် ဆရာနှင့်အတူ ခရီးထွက်စဥ်ကထက် ပို၍ပင် ခက်ခဲခဲ့၏။
ပထမဆုံးအကြိမ် သေခါနီး နွားအိုတစ်ကောင်ကို တွေ့သောအခါ သူသည် ဝမ်းနည်းစိတ်ကို မထိန်းနိုင်ခဲ့ပေ။
နွားအိုသည် အလုပ်လုပ်ရန် ခွန်အားမရှိတော့ပေ။ အသက်ကြီးနေပြီး အထူးသဖြင့် ပိန်လှီနေပုံရ၏။ နောက်ဆုံးတွင် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး ၎င်း၏ မျက်လုံးများက အဝေးကို ကြည့်နေပုံရသည်။ သူသည် နွားခြံထဲတွင် ဂရုတစိုက် ထိုင်ချလိုက်ပြီး နွားမျက်ရည်များကို ယူရန်သွားသောအခါ နွားအိုတစ်သက်တာလုံး ပင်ပန်းဆင်းရဲခဲ့ရသည်ကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ သူသည် သူ့ဘဝက ကောင်းမွန်သောကြောင့် လူအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်ဟူ၍ တွေးလိုက်၏။
နောက်ပိုင်းတွင် သူသည် ရွာပတ်လည်တွင် လှည့်လည်သွားလာရင်း နွားများသည် အမှန်ပင် ပင်ပန်းစွာ အလုပ်လုပ်ကြရသည်ကို တွေ့ရှိခဲ့၏။
လယ်ယာလုပ်ငန်းရှိသောအခါ မြေဆွပေးရသည်။ အလုပ်မရှိသောအခါ လှည်းဆွဲရသည်။
လယ်သမားများသည်လည်း နွားအိုများကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေခဲ့ကြ၏။
••••••
အခန်း ၁၁၀၆ သူ့ကိုဂိုဏ်းမှနှင်ထုတ်ပါ
ကျန်းကျင်လုသည် ယခုရက်ပိုင်းအတွင်း တွေ့ကြုံခဲ့ရသည်များကို တွေးမိသောအခါ မြို့တော်၏ ကြွယ်ဝချမ်းသာမှုသည် အနည်းငယ် လက်တွေ့မဆန် သည်ကိုခံစားရ၏။
ငယ်စဉ်က ဆရာသည် တပည့်အဖြစ် လက်ခံခဲ့သည်ဖြစ်ရာ စားဝတ်နေရေးအတွက် ပူပန်စရာမလိုခဲ့ပေ။ အချို့သူများက သူ့ကို ချစ်ခင်မြတ်နိုးခဲ့ကြ၏။ သူ၏ဆရာတူအစ်ကိုများကဲ့သို့ ငွေကြေးများစွာ မရရှိသော်လည်း သာမန်မိသားစုများနှင့် နှိုင်းယှဉ်လျှင် များစွာသာလွန်နေပေသည်။
သူ့အား ဆင်းရဲသော ကျောင်းသားတစ်ဦးဟူ၍ သတ်မှတ်၍မရပေ။
ကျေးလက်ဒေသများတွင် မျက်ရည်များကို ရှာဖွေနေစဉ် နွားအိုတစ်ကောင်ကဲ့သို့ ပင်ပန်းနွမ်းနယ်နေသော လယ်သမားများကို မြင်ခဲ့ရ၏။ အိပ်ရေးပျက်၊ အစားပျက်ကာ စာကျက်နေသော ပညာရှင်များကိုလည်း တွေ့မြင်ခဲ့ရသည်။ သူအများဆုံးတွေ့ခဲ့ရသည်မှာ မည်သည့်အရာမျှမသိဘဲ မိသားစုက ပြောသည့်လမ်းအတိုင်း လျှောက်လှမ်းနေသော ကလေးများပင်ဖြစ်သည်။
၎င်းသည် သူ ငယ်စဉ်က ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို သတိရစေခဲ့၏။
ကျန်းကျင်လုသည် ယခင်ကထက် ပိုမိုတည်ငြိမ်လာပြီး စကားနည်းလာခဲ့၏။ ပုလင်းကို ရှဲ့ချောင်ထံ ပေးပြီးနောက် နွားမျက်ရည်များ မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်မည်ကို အလျင်စလို မမေးတော့ပေ။
“မင်း အပြင်မှာ အများကြီး သင်ယူခဲ့ပုံရတယ်” ရှဲ့ချောင် အတော်လေး အံ့အားသင့်စွာ ပြောလိုက်၏။
“ကျွန်တော် သာမန်လူတွေရဲ့ ဘဝတွေကိုပဲ မြင်ခဲ့ရတာပါ...” ကျန်းကျင်လု ဦးညွတ်ကာ ရိုသေစွာ ပြောခဲ့၏။
ဟုတ်ပေသည်။ သူသည်လည်း ဒုက္ခများစွာ ခံခဲ့ရ၏။ မျက်ရည်များကြောင့် လူများက သူ့အား အရူးဟု သဘောထားကာ ရိုက်နှက်ခဲ့ကြသည်။
“မင်း ဆရာ့နောက် လိုက်တုန်းက စားရေးသောက်ရေးအတွက် ပူပန်စရာမလိုခဲ့ဘူး။ ဆရာက သူဘယ်သူဘယ်ဝါဆိုတာကို ထုတ်မပြောရင်တောင် သူ့ရဲ့ အပြုအမူကြောင့် မင်းရဲ့ ဘဝကို ပိုဆိုးရွားအောင် လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် နောင် ခရီးသွားဖို့လိုရင် မင်း
တစ်ယောက်တည်း သွားတာ ပိုကောင်းလောက်တယ်” ရှဲ့ချောင်သည် သူ့အပြုံး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ၎င်းသည် အတော်လေး အဆင်ပြေသည်ကို ခံစားရ၏။
ကျန်းကျင်လုသည် မတတ်သာစွာ ပြုံးလိုက်ရ၏။
ဤခရီးစဉ်ပြီးနောက် ဆရာနှင့်အတူ ရှိနေစဉ်က သူမည်မျှ ပျော်ရွှင်ခဲ့သည်ကို သဘောပေါက်သွားခဲ့၏။
ထို့အပြင် သူသည် အဝေးကြီး မသွားခဲ့ရသေးပေ။
“မျက်ရည်တွေ ရပြီဆိုတော့ မနက်ဖြန် ငါနဲ့အတူ ခရီးသွားလို့ရပြီ။ မင်းအမြဲတမ်း မြင်ချင်ခဲ့တာတွေကို ငါပြမယ်” ရှဲ့ချောင် ပြော၏။
ကျန်းကျင်လုသည် ရိုကျိုးစွာ ခေါင်းညိတ်ပြီး မျှော်လင့်နေခဲ့၏။
ကျောက်ရွှမ်ကျင်းသည် သူ၏ဆရာဘေးတွင် ထိုင်ပြီး စကားများစွာ မပြောပေ။ ရှဲ့ချောင်သည် သူ့ကို ရံဖန်ရံခါ ကြည့်လိုက်သောအခါ သူသည် တည်ကြည်သော အမူအရာဖြင့် ရှိနေပြီး သူမနှင့် လုံးဝ မရင်းနှီးသယောင် ဟန်ဆောင်ထား၏။
ကျောက်ရွှမ်ကျင်းသည် သူမထက်ပင် ဟန်ဆောင်ကောင်းပေသည်။
သူသည် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်ကာ တည်ကြည်ခန့်ညားနေလေ၏။
အကယ်၍ သူသည် အိမ်ရှေ့စံမင်းသား၏ နန်းဆောင်တွင် ရှိနေခဲ့ပါက သူမနှင့် စကားပြောရန် ရောက်လာပေလိမ့်မည်။
“ဆရာတူမောင်လေး မနက်ဖြန် မုန့်မိသားစုက သခင်လေးကို အပနှင်ဖို့ သွားမှာ မင်း ငါနဲ့အတူ လိုက်မလား” ရှဲ့ချောင် သတိထားကာ မေးလိုက်၏။
“မုန့်မိသားစုလား” ကျောက်ရွှမ်ကျင်း ရယ်မောလိုက်၏။ “သူ့ကို မကောင်းဆိုးဝါးပူးနေတာလား။ အံ့ဩစရာပဲ။ ကျွန်တော် အချိန်ယူပြီး သွားကြည့်လိုက်ပါ့မယ်”
“အရှင့်သား အရှင့်သားမင်္ဂလာဆောင်တာ မကြာသေးဘူးမဟုတ်လား။ အိမ်ရှေ့စံမိဖုရားနဲ့ ပိုပြီး အချိန်မဖြုန်းသင့်ဘူးလား” စန်းယောင် ကြင်နာစွာ မေးလိုက်၏။
အိမ်ရှေ့စံမင်းသား၏ မင်္ဂလာပွဲနေ့တွင် သူလည်း သွားခဲ့၏။
သူမ မျက်နှာခြုံလွှာကို ဖယ်လိုက်သောအခါ သူသည် လူအုပ်ထဲမှ ခိုးကြည့်ခဲ့သည်။
အိမ်ရှေ့စံမိဖုရား၏ ရုပ်ရည်မှာ…
အသက်ရှူမှားလောက်စရာပင်။
ယခင်က သူသည် အိမ်ရှေ့စံမင်းသားမှာ ချောမောပြီး ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသည်ဟု ထင်ခဲ့သည်။ သာမန်အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရခြင်းမှာ အလွန်ပင် နှမြောစရာကောင်းသည်ဟူ၍ ခံစားခဲ့ရ၏။ သို့သော် ထိုနေ့ပြီးနောက် သူတို့နှစ်ဦးသည် ပြီးပြည်စုံသောစုံတွဲဖြစ်သည်ဟူ၍ ခံစားခဲ့ရပြီး အပြစ်ရှာစရာပင်မရှိပေ။
ချောမောလှပသော ထိုနှစ်ဦးကို နေ့တိုင်း အတူတကွ မြင်တွေ့ရရန် သူဆန္ဒရှိခဲ့၏။ ပန်းချီဆွဲကာ ထာဝရ သိမ်းထားနိုင်လျှင် အကောင်းဆုံးပင်။
ကံမကောင်းစွာဖြင့် အိမ်ရှေ့စံမင်းသား မင်္ဂလာဆောင်ပြီးနောက်တွင် သူတို့ကို သူ၏နန်းဆောင်သို့ ဖိတ်ကြားခြင်းမရှိခဲ့ပေ။
သူသည် အိမ်ရှေ့စံမိဖုရားကို နောက်ထပ်အကြိမ်အနည်းငယ် ကြည့်ချင်သော်လည်း အခွင့်အရေး မရခဲ့ပေ…
ဟုတ်ပေ၏။ စန်းယောင်သည် ကျောက်ရွှမ်ကျင်း တကယ်တမ်း ဖိတ်ကြားလိုသည်ကို မသိခဲ့ပေ။ သို့သော် စန်းယောင်၏ ဆိုးရွားသော အပြုအမူကို တွေးမိသောအခါ သူသည် ထိုစိတ်ကူးကို လက်လျှော့ခဲ့၏။
မော့ချူးရှန်းအား ဆရာတူအစ်ကိုကြီး ချစ်မြတ်နိုးနေရုံနှင့် လုံလောက်ပေသည်။ အကယ်၍ စန်းယောင်သည် နောင်တွင် သူမ၏ အလှအပကြောင့် တိတ်တဆိတ် ချစ်မိသွားလောက်အောင် အရှက်တရားကင်းမဲ့သွားလျှင် ဆရာအတွက် သူ့ကို ဂိုဏ်းမှ မောင်းထုတ်ရလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ကျောက်ရွှမ်ကျင်းသည် စန်းယောင် ပြောသည်ကို ကြားသောအခါ ရှဲ့ချောင်ကို ကြည့်လိုက်ပြီး တမင်တကာ ပြောလိုက်သည်မှာ “ချောင်ချောင်က နူးညံ့သိမ်မွေ့ပြီး စာနာထောက်ထားတတ်တယ်၊စိတ်ထားဖြူစင်ပြီး ချစ်စရာကောင်းတယ်။ သူမက ဆရာတူအစ်မကြီးကိုလည်း လေးစားမြတ်နိုးတယ်။ ငါ ဆရာတူအစ်မကြီးနှင့်အတူ အပြင်ထွက်မယ်ဆိုရင် သူမ စိတ်ချလက်ချရှိမှာပဲ”
••••••
အခန်း ၁၁၀၇ နတ်သမီးလေး
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ကို စိုက်ကြည့်လိုက်၏။
ရှဲ့ချောင် ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပါတယ် သခင်မလေးရှဲ့က အေးအေးချမ်းချမ်း နေရတာကို ကြိုက်တယ်။ ဆရာတူအိမ်ရှေ့စံမောင်လေး အိမ်မှာ မရှိလည်းအဆင်ပြေပါတယ်”
ကျောက်ရွှမ်ကျင်းသည် ရယ်ရခက်၊ ငိုရခက် ဖြစ်နေ၏။
လီရှီးယန်သည် သူ၏ တပည့်နှစ်ဦး ပရောပရည်လုပ်နေသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး ချောင်းခြောက်ဟန့်လိုက်ကာ ပြောလိုက်၏။ “ရှဲ့အာ အဲ့ဒီရှဲ့ချောင်က မင်းရဲ့ ဆရာတူ တူမလေး မဟုတ်လား။ အဲ့ဒီကလေးက ရှေးဖိန်ဟွိုက်ရဲ့ မွေးချင်းညီမလည်း ဖြစ်တယ်။ မင်း အချိန်ရရင် သူ့ကို ခေါ်လာပေးပါဦး။ ငါ တွေ့ချင်လို့ပါ”
ရှဲ့ချောင် စကားမပြောနိုင် ဖြစ်သွားသည်။
သူ၏ဆရာသည်လည်း ဟန်ဆောင်ရာတွင် ကောင်းကောင်းလုပ်တတ်သူပင် ဖြစ်၏။
“ဟုတ်သားပဲ ဆရာ၊ ကျွန်တော်တို့ အဲ့ဒီသခင်မလေးရှဲ့အကြောင်း ပြောရမယ်ဆိုရင် သူက တကယ့်ကို ထူးချွန်တဲ့သူပါ။ သူ့ဆရာက ဘယ်သူလဲတော့ မသိဘူး၊ ဒီလို ငယ်ရွယ်တဲ့အရွယ်မှာကိုပဲ ဗဟုသုတတွေ အပြည့်ပဲ။ အစောပိုင်းတုန်းက ကျွန်တော် သူ့ကို တပည့်အဖြစ် ခေါ်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကျွန်တော်တို့ ကံမပါခဲ့ပါဘူး…” ရှောင်းယွိရုန် သက်ပြင်းချလိုက်၏။
လီရှီးယန်သည် ထိုစကားကိုကြားသောအခါ ဂုဏ်ယူဝမ်းမြောက်သွား၏။
သူမသည် မည်သူ၏တပည့်ပင်နည်း။
မှန်ပေ၏ သူ၏တပည့်ပင် ဖြစ်သည်။
လီရှီးယန်သည် စိတ်အခြေအနေကောင်းနေ၏။ အထူးသဖြင့် ဤကောင်လေးသည် တပည့်လိုချင်သော်လည်း အငြင်းခံလိုက်ရသည်ကို ကြားရသောအခါ ပျော်ရွှင်နေမိ၏။ သူသည် သနားစိတ်ဖြင့် ကြည့်လိုက်ရာ ရှောင်းယွိရုန်မှာ ထူးဆန်းသည်ကို ခံစားရ၏။
စန်းယောင်သည် ရှဲ့ချောင်ကို အလွန်စိတ်ဝင်စားနေ၏။
“အိမ်ရှေ့စံမိဖုရားရဲ့ မင်္ဂလာပွဲမတိုင်ခင်တုန်းက ကျွန်တော့်ရဲ့ ဥယျာဉ်ထဲက ပန်းတွေကို မတော်တဆ ဖျက်ဆီးမိလို့ အလွယ်တကူ ပြန်ရှင်အောင်လုပ်ပေးခဲ့တယ်လို့ ကျွန်တော့်ခြံထဲက အလုပ်သမားဆီကနေ ကြားသိရတယ်။ အရှင့်သား၊ အိမ်ရှေ့စံမိဖုရားမှာ ပန်းမွေးမြူတဲ့ ဆေးနည်းများရှိသလား မသိပါဘူး။ အရှင့်သား ကျွန်တော့်အတွက် မေးပေးနိုင်မယ်ဆိုရင် ကျွန်တော် အရမ်းကျေးဇူးတင်မိမှာပါ” စန်းယောင် ပြောပြီး တိတ်တဆိတ် သက်ပြင်းချလိုက်၏။
ယခုလိုမျိုး လှပသော အမျိုးသမီးလေးကို သူသည် စောစောစီးစီး မသိခဲ့ရပေ။
အခုအချိန်၌ ဤလူသည် လက်ထပ်သွားပြီး အိမ်ရှေ့စံမိဖုရား ဖြစ်သွားပြီဆိုသောအခါ နောင်တွင် သူမအား စကားပြောရန် အခွင့်အရေးပင် ရတော့မည်မဟုတ်ပေ။
“နောက်ရက်ကျရင် မင်းအတွက် ဥယျာဉ်မှူးနှစ်ယောက်ကို ငှားပေးလိုက်မယ်။ ဒီလိုကိစ္စသေးသေးလေးအတွက် အိမ်ရှေ့စံမိဖုရားကို မနှောင့်ယှက်ပါနဲ့” ကျောက်ရွှမ်ကျင်းသည် အခန်းထဲတွင်ရှိသော ဆရာတူအစ်ကို၊ညီငယ်တို့နှင့်ပက်သက်၍ စိုးရိမ်နေ၏။
စန်းယောင်သည် အိမ်ရှေ့စံမင်းသား သဝန်တိုနေသည်ကို မြင်သောကြောင့် သူသည် ဆက်၍ မတောင်းဆိုနိုင်တော့ပေ။
“အရှင့်သားက တကယ့်ကို ကံကောင်းတာပဲ” စန်းယောင် သက်ပြင်းချလိုက်၏။
အိမ်ရှေ့စံမိဖုရားနှင့်ပတ်သက်ပြီး သူ့၌ စွဲထင်နေရသော နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ ဤလူသည် သူ့ဆရာ အရင်က ပြောပြခဲ့သော ဆရာတူအစ်မကြီးနှင့်တူနေသည်ဟူ၍ ခံစားရ၏။
ဆရာတူအစ်မကြီးကို သူ့မျက်စိနှင့် မမြင်ရခင်က သူ့စိတ်ထဲတွင် ပုံရိပ်တွေကို အကြိမ်ပေါင်းများစွာ ပုံဖော်ခဲ့ဖူး၏။ မျက်မှောင်ကြုတ်လိုက်တိုင်း၊ ပြုံးလိုက်တိုင်းတွင် နတ်သမီးတစ်ပါးလို ဖြစ်နေ၏။ အိမ်ရှေ့စံမိဖုရားကို မြင်လိုက်ရသောအခါ သူမ၏စိတ်နေသဘောထားနဲ့ ပုံပန်းသဏ္ဍာန်သည် စိတ်ထဲရှိ ပုံရိပ်နှင့် ကိုက်ညီနေသည်ကို ခံစားရပြီး ပြီးပြည့်စုံနေ၏။
ကံမကောင်းစွာဖြင့် ဆရာတူအစ်မကြီးအစစ်သည် ရုပ်ဆိုးပေ၏။
သူမသည် အိမ်ရှေ့စံမိဖုရားထက် အများကြီး နိမ့်ကျနေ၏။
သူသည် သူမ၏မျက်နှာအား ကြည့်ရတာကို နှစ်သက်ပေသည်။ သူ၏ဆရာတူအစ်မ
ကြီး၏ မျက်နှာမှာ ကြည့်လို့မကောင်းပေ။ သူမ၏ ပန်းချီသည် မည်မျှပင် လက်ရာမြောက်ပါစေ သူ့ကို စိတ်ခံစားမှု ရစေမည်မဟုတ်ပေ။
ယခင်က သူသည် ကဗျာများရေးသောအခါ ရပ်တန့်ခြင်းမရှိပေ။ သူ၏ဆရာတူအစ်မကြီးကို မြင်လိုက်ရကတည်းကပင် သူသည် ယခုနှစ်များတွင် လှည့်စားခံခဲ့ရသည်ဟူ၍ အမြဲခံစားရ၏။ လပေါင်းများစွာကြာပြီးနောက် သူ ကဗျာတစ်ပုဒ်ပင် မရေးနိုင်တော့ပေ။
ဤအရာကို တွေးပြီး သူ၏ဆရာတူအစ်မကြီးကို ခါးသီးစွာ ကြည့်လိုက်၏။
သူမ၏ ဆရာတူမောင်လေးများအားလုံး အရူးအမူးဖြစ်နေကြပြီး ရှဲ့ချောင်သည် ၎င်းနှင့် ပက်သက်၍ဘာမှ မလုပ်နိုင်ပေ။
သူမသည် အလွန်တည်ငြိမ်ပြီး ဤဆရာတူမောင်လေးများ မလေးမစားမလုပ်ရအောင် သူမ၏ဂုဏ်သိက္ခာကို အကောင်းဆုံးတတ်နိုင်သမျှ ထိန်းသိမ်းရန် ကြိုးစားခဲ့၏။
သူမသည် တော်တော်လေး တတ်စွမ်းနိုင်သူပင် ဖြစ်သည်။ သူမကို ခဏကြည့်ပြီးနောက် စန်းယောင် သက်ပြင်းချကာ အကြည့်လွှဲလိုက်၏။ ‘ငါ့ရဲ့ ဆရာတူအစ်မကြီးက ကြည့်လေ ကြည့်လေ ရုပ်ဆိုးလေပဲ’
ဆရာသည် တကယ်ပင် အိုနေပြီ။ ဤကဲ့သို့သော သာမန်ရုပ်ရည်အား နတ်သမီးလေးကဲ့သို့ မည်သို့ပင် ပုံဖော်နိုင်ခဲ့ပါလိမ့်။
ဟာ…
တစ်အိမ်လုံးရှိ ဆရာတူအစ်ကိုနှင့်ညီလေးများ စုဝေးပြီး စကားပြောနေကြ၏။ ခဏကြာ စကားပြောပြီးနောက် ရှဲ့ချောင်သည် နွားမျက်ရည်ကို ပြင်ဆင်ရန် ကြမ္မာဥယျာဉ်သို့ သွားခဲ့သည်။
ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည့်အတွက် လုပ်ငန်းစဉ်သည် မြန်ပေ၏။
ညဘက်တွင် သူမသည် ဇနီးမောင်နှံအဖြစ် နေထိုင်ရန် အိမ်ရှေ့စံမင်းသား၏နန်းဆောင်သို့ ပြန်ရန် အချိန်ရှိနေသေး၏။
နောက်တစ်နေ့နံနက်တွင် သူမသည် သူမ၏ဆရာတူမောင် များကို ကြမ္မာဥယျာဉ်သို့ ဖိတ်ခေါ်ခဲ့သည်။
အချိန်ကျသောအခါ မုန့်ကျိဖန်သည် သူ၏အစ်ကိုများနှင့်အတူ ရောက်လာလေ၏။ သူသည် သူ့တွင် အစွမ်းအစ အလုံအလောက် မရှိမှာကို စိုးရိမ်သောကြောင့် အတော်လေးရန်လိုပြနေ၏။
သို့သော်လည်း ကြမ္မာဥယျာဉ်တွင်ရှိသော တခြားသူတွေကို မြင်လိုက်ရသောအခါ မုန့်ကျိဖန် ပါးစပ်အဟောင်းသား ဖြစ်သွားရပေတော့သည်။
••••••
အခန်း ၁၁၀၈ တခမ်းတနားဖြစ်ရန်မလို
ကြမ္မာဥယျာဉ်ထဲတွင် လူခုနစ်၊ ရှစ်ယောက်လောက် ရှိနေ၏။
အိမ်ရှေ့စံမင်းသားသည် အဓိကထိုင်ခုံနေရာတွင် ထိုင်နေ၏။ သူသည် သူ့လက်ထဲတွင်ရှိသော သစ်သားအိမ်လေးကို သေသေချာချာ ကြည့်နေ၏။ ဓားကိုင်ထားသော ကျို့ဝေကျုံးသည် မျက်နှာထားတည်တည်ဖြင့် သူ့နောက်တွင် ရပ်နေလေ၏။ သူသည် လုပ်ကြံသူတစ်ယောက်ကဲ့သို့ သူ့ကို ကြည့်နေပြီး သူ့မျက်နှာတွင် အကြင်နာတရား မရှိပေ။
စားပွဲ၏ဘေးနှစ်ဖက်တွင် ကျောင်းတော်မှ ဆရာရှောင်းနှင့် ဆရာစန်းတို့ ရှိနေ၏။ ဆရာရှောင်း၏ဘေးတွင် မြို့တော်မှ ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သော ကျန်းကျင်လု ထိုင်နေ၏။
မြို့တော်မှ ပညာရှင်များ၏ အဆင့်သတ်မှတ်ချက်အား အသက်အရွယ်အလိုက် ခွဲထားသည်။ သူတို့သည် အခမ်းအနားပြုလုပ်ရမည့် အသက်အရွယ်သို့ မရောက်သေးပေ။
ကျန်းကျင်လု၏ မျက်နှာချင်းဆိုင်၊ဆရာစန်း၏ဘေးတွင် ထိုင်နေသူမှာ…
ရက်စက်ပြီး ဆင်ခြင်တုံတရားမရှိသော ရှဲ့ဖင်းကန်းပင်။
မော့ချူးရှန်းအနေဖြင့် သူမ စိတ်လှုပ်ရှားနေ၏။ သူမသည် ဤလူများ၏လက်ထဲတွင်ရှိသော အရာများကို စိုက်ကြည့်နေပြီး စိတ်ဆိုးနေပုံရ၏။
မုန့်ကျိဖန်၏ ခြေထောက်များ တောင့်တင်းသွား၏။
သူ့နောက်တွင် တခြားသူများအကြောင်း ပြောနေစရာပင် မလိုပေ။ ထိုအချိန်တွင် သူတို့သည် မျက်နှာထားတည်သွားပုံရ၏။ သူတို့သည် မည်သည့်မျက်နှာအမူအရာမှ ပြရန် မဝံ့ရဲကြပေ။ သူတို့သည် အတွင်းထဲမှ လူများကို ကြည့်နေကြပြီး အသက်ပင် မရှူရဲကြပေ။
မုန့်ကျိဖန်သည် တံတွေးမျိုချလိုက်ပြီး သူ၏အားငယ်မှုနှင့် အသုံးမကျမှုတို့ကို ဖုံးကွယ်ရန် ချောင်းခြောက်ဟန့်ကာ ပြောလိုက်၏။ “မော့ချူးရှန်း… ကျွန်တော်တို့ ဘယ်တော့ ပြန်ကြမလဲ”
သူ ပြောလိုက်သောအချိန်တွင် မင်းသား၏လက်မှာ တောင့်တင်းသွား၏။
အိမ်ရှေ့စံမင်းသားသည် ဘာမှမပြောသော်လည်း ဆရာရှောင်းမှာ မျက်မှောင်ကြုတ်ကာ
ပြောလိုက်၏ “မင်းက မုန့်မိသားစုရဲ့ သခင်လေးမဟုတ်လား။ မင်းက ဒီအသက်အရွယ်တောင်ရောက်နေပြီ ဘယ်လိုစာအုပ်မျိုးတွေများ ဖတ်ဖူးလဲ။ လူမှုဆက်ဆံရေးလေးတောင် မသိဖူးလား”
သူ၏ဆရာတူအစ်မကြီးသည် အမှန်ပင် တာအိုကျွမ်းကျင်သူ ဖြစ်၏။ သို့သော် သူမ၏အသက်နှင့် သူမ၏အောင်မြင်မှုများကြောင့် သခင်လေးမုန့်သည် သူမကို ဆရာမ၊ ဆရာမော့၊ သို့မဟုတ် အစ်မကြီးမော့လို့ ခေါ်ဖို့ လုံလောက်ပေသည်။
အကယ်၍ အဆင်မပြေဘူးဆိုလျှင်တောင် သူသည် ဆရာမမော့ဟူ၍ ခေါ်၍ရသည်ကို ပြော၏။
မုန့်ကျိဖန်၏ မျက်နှာအမူအရာက ရှုပ်ထွေးနေပြီး သူသည် စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်နေ၏။
ဤမော့ချူးရှန်းသည် အလွန်ပင် ကြောက်စရာကောင်း၏။
သူမ၏ဖျားနာမှုကို ကုသရန် အပြင်ထွက်ဖို့ သဘောတူခဲ့သော်လည်း သူမသည် အမှန်တွင် လူအများကြီးကို ခေါ်လာပေ၏။
လူအနည်းငယ်ကို ခေါ်သည်က အဆင်ပြေသည်။ သို့သော် ဤလူများမှာ ဘယ်သူများပေနည်း။
သူသည် စတုတ္ထမင်းသား၏လူဖြစ်သည်ကို သူမ ရှင်းရှင်းလင်းလင်း သိနေသော်လည်း သူတို့သည် မင်းသားကို ခေါ်လာသေး၏။ ၎င်းသည် တမင်တကာလုပ်တာ လုပ်နေခြင်းပင်။ ထို့အပြင် သူသည် တော်ဝင်ကျောင်းတော်မှ ကျောင်းသားဖြစ်၍ ကျောင်းတော်မှ ဆရာများကို အရိုအသေပေးရ၏။ သူ့ရှေ့တွင် ဆရာနှစ်ယောက် ထိုင်နေသေးသည်…
မုန့်ကျိဖန်သည် သခင်လေးတစ်ဦး၏ စိတ်နေစိတ်ထားရှိသော်လည်း သူသည် ကျောင်းသားတစ်ယောက်အနေဖြင့် ကျောင်းတော်မှ ဆရာများရှေ့တွင် မာန်မာနကြီး၍ မရသည်ကို သူ သိနေ၏။
မဟုတ်လျှင် သတင်းပေါက်ကြားသွားကာ သူသည် ရှဲ့ဖင်းကန်းကဲ့သို့ ပညာရှင်များ၏ လှောင်ပြောင်မှုကို ခံရမည်ဖြစ်ပြီး ကောင်းမွန်သောဘဝကို ပိုင်ဆိုင်ရမည် မဟုတ်ပေ။
ထို့အပြင် သူသည် အလေအလွင့်တစ်ယောက် ဖြစ်သော်လည်း ကောင်းမွန်သော အနာဂတ်ကိုလည်း လိုချင်၏။ ဆရာသည် ဖခင်နှင့်တူသော အစ်ကိုတစ်ယောက် ဖြစ်ပေ၏။ သူ
တော်ဝင်ကျောင်းတော်တွင် ရှိနေသရွေ့ သူသည် ကျောင်းတော်မှ ဆရာများကို မလေးမစားလုပ်မည်မဟုတ်ပေ။
မုန့်ကျိဖန်သည် တုန်လှုပ်နေပြီး သူ တကယ်ပင် အားနည်းနေသည်ကို ခံစားရ၏။
သူသည် သူ၏သတ္တိကို မြှင့်တင်ရန် သူ့သူငယ်ချင်းများကို လှည့်ကြည့်လိုက်၏။
သို့သော်လည်း…
“အရှင့်သားကို ဂါရဝပြုပါတယ်” ဆရာရှောင်း ပြောသည်ကို ကြားပြီးနောက် သူတို့ ချက်ချင်း အရိုအသေပေးကာ သူတို့လက်များကို ဆုပ်ကိုင်လိုက်ကြ၏။ ထို့နောက် သူတို့သည် ခပ်သွက်သွက်ပြောလိုက်ကြ၏ “ဆရာရှဲ့၊ ဆရာကျို့၊ ဆရာရှောင်း၊ ဆရာစန်း၊ ဆရာမမော့တို့ကို ဂါရဝပြုပါတယ်…”
သူတို့အားလုံး ကြောက်ရွံ့ထိတ်လန့်နေပုံရသည်။
မုန့်ကျိဖန်၏ ပါးစပ်ထောင့်က နှစ်ခါတွန့်သွားပြီး သူသည် သူ့၏ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားပြီဟူ၍ ချက်ချင်း ခံစားလိုက်ရ၏။
သူသည် သူ၏အစ်ကိုများကို အစွမ်းပြရန်နှင့် ဆရာမမော့အား ရိုကျိုးစွာ ဆက်ဆံရန် ဤသို့ ခေါ်လာခြင်းဖြစ်သည်။ သူသည် သူ့အား ပရိယာယ်ဆင်ကာလှည့်စားတာမျိုး မလိုချင်ခဲ့ပေ။
သိုသော် အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။
“ထကြ” ကျောက်ရွှမ်ကျင်းသည် သူတို့ကို ကြည့်ပြီး လေသံမာမာဖြင့် ပြောလိုက်၏ “မင်းတို့အားလုံး ဒီကို ဘာလို့ ရောက်နေကြတာလဲ”
“ကျွန်တော်တို့… ဆရာမမော့ရဲ့ ဂုဏ်သတင်းကို ကြားလို့ သူ့ကို လာတွေ့တာပါ။ အခု သူ့ကို တွေ့လိုက်ရပြီဆိုတော့ ကျွန်တော်တို့ အံ့သြလို့မဆုံးပါဘူး…”
သူတို့သည် အဓိပ္ပာယ်မရှိသည်များကို ပြောနေကြသည်။
အမှန်တွင် သူတို့သည် ဆရာမမော့ မည်သို့သောပုံစံရှိသည်ကို မမြင်ရသေးပေ။
သို့သော်လည်း ကောင်းမွန်သောအရာများ ပြောရန် လုံလောက်နေ၏။
သူတို့သည် ဤတွင်ရှိနေသူများကို အမှန်ပင် စိတ်ဆိုးအောင် လုပ်၍မရပေ။ အနည်းဆုံး အပြင်ပန်းအားဖြင့် သူတို့သည် လေးစားစွာ ဆက်ဆံရ၏။
“မင်းတို့ တွေ့ပြီးပြီဆိုရင် ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ။ ပြန်ကြတော့” ကျောက်ရွှမ်ကျင်းသည် လေသံလျော့ကာ ပြောပြီး မုန့်ကျိဖန်ကို ကြည့်ကာ ပြောလိုက်၏။ “ငါတို့က မြို့တံခါးအပြင်ကိုပဲ သွားကြမှာ။ အရမ်းကြီး တခမ်းတနား လုပ်ဖို့မလိုဘူး”
••••••