အခန်း (၁၁၂၉-၁၁၃၂)
Vol. 58 Ch. 1129-1132
အခန်း ၁၁၂၉။ လွယ်ကူသော
သူတို့အားလုံး ချူပ်နှောင်ခံထားရစဉ် မြူခိုးများ လွင့်ပြယ်လို့သွားသည်။
ဝတ်ရုံနက်အမျိုးသားများသည် ရှဲ့ချောင်အား ကြည့်နေကြကာ အခြားသူများ၏ မျက်လုံးများတွင်မူ ကြောက်ရွံမှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်လျက်။
တချို့ဆိုလျှင် စစချင်းကတည်းက သူတို့ပါးစပ်ထဲရှိ အဆိပ်များကို မျိုချကာ သေသွားကြလေပြီ။ ကျန်ရှိသည့် ၁၂ ယောက်ခန့်မှာမူ သတ်သေ၍မရခင် ရှဲ့ဖင်းကနးဆီ၌ ထိန်းချုပ်ခံထားကြရသည်။
“ဆရာတူအစ်မ… ရာသီဥတုကို ဘယ်လိုပြောင်းလိုက်တာလဲ?!”
ရှောင်းယွိရုန်မှာ မရှင်းပြနိုင်ခဲ့ပေ။
ရှဲ့ချောင်၏ မျက်နှာမှာ ဖြူဖျော့လို့နေ၏။ သူမကိုယ်သူမ တည်ငြိမ်စေလျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အကုန်လုံးက အတုယောင်တွေ…”
မြူခိုးများဆိုသည်ထက် အမှောင်စွမ်းအင်နှင့် ပိုတူပေသည်။
တချို့သော အစွမ်းထက်သည့်ဝိဉာဉ်များသည် သူတို့၏ ကိုယ်ပိုင်အိမ်များအား ပုံရိပ်ယောင်မျိုးစုံအဖြစ် ဖန်တီးနိုင်စွမ်းရှိသည်။ ဤသို့သော ပုံရိပ်ယောင်များသည် လက်တွေ့၌ အမှန်တကယ်တည်ရှိခြင်းမရှိ။ စင်စစ်၊ သူတို့၏ အရှိန်အဝါများနှင့် အခြားလျှို့ဝှက်ဆန်းကြယ်သော အချက်များကိုသုံး၍ ပုံရိပ်ယောင်များအား လူတွေမြင်အောင်လုပ်ထားခြင်းပင်။
သူမ၌လေနှင့်မိုးအား ဆင့်ခေါ်နိုင်သည်အရည်အချင်း မည်သို့ရှိမည်နည်း။
သေဆုံးသွားသောဝိဉာဉ်များ၏ အင်အားများပေါင်းစု၍ သူမအား ကူညီခဲ့ခြင်းသာ။
ရှဲ့ချောင်သည် သေဆုံးဝိဉာဉ်များ ပြန်ပို့ပြီးဖြစ်၏။
သက်ရှိလူသားများအား ဖြေရှင်းရန် သေဆုံးဝိဉာဉ်များကို ထိန်းချုပ်ရခြင်းသည် သေဆုံးဝိဉာဉ်များကို ဖြေရှင်းရခြင်းနှင့် ကွာခြားလှသည်။ သို့ဖြစ်ရာ ယခုအချိန်၌ သူမသည် အလွန်ပင်ပန်းနေပြီဖြစ်ပြီ သူမ၏လက်တို့သည်ပင် တုန်ယင်နေချေပြီ။ သူမ၏ ပြီးပြည့်စုံသောပုံရိပ်အား ထိန်းသိမ်းရန်
အကောင်းဆုံးကြိုးစားနေရကာ သူမ၏ခံစားချက်များအား ထုတ်ဖော်မပြစေရန် ထိန်းထားရသည်။
ရှောင်းယွိရုန်နှင့် စန်းယောင်တို့မှာ ၎င်းအားပြောနိုင်ခြင်းမရှိခဲ့။ သူတို့၏ ဆရာတူအစ်မသည် အလွန်အစွမ်းထက်သူဟုသာ ထင်နေခဲ့ကြသည်။
သို့သော် ရှဲ့ချောင်လဲကျတော့မည့်အချိန် ကျောက်ရွှမ်ကျင်းသည် လက်လှမ်းလာကာ သူမ၏ခါးအား ထိန်းပွေ့ထားလိုက်သည်။
ဆရာတူညီသူံးယောက်သား မျက်လုံးများပြူးကျယ်သွားရကာ အနည်းငယ်ဇဝေဇဝါဖြစ်သွားခဲ့ကြသည်။
စင်စစ်၊ ဤနေရာ၌ ရန်သူများစွာရှိနေသော်လည်း အဆုံးထိတိုက်ခိုက်လျှင်ပင် ရှုံးမည်မဟုတ်ကြောင်း ကျောက်ရွှမ်ကျင်းပြောချင်နေခဲ့သည်။ သူသည် မီးရှုးအား ပစ်လွှတ်ထားပြီးလေပြီ။ သူသာ အချိန်ဆွဲထားသ၍ သူ့အသက်အား ကယ်တင်ရန်ပြဿနာကြီးကြီးမားမားရှိလိမ့်မည်မဟုတ်။
သို့သော် သူသည် လူပေါင်းများစွာကိုသတ်ခဲ့သဖြင့် အချို့သောစကားများအား ပြောရန်အချိန်မရှိဟု ထင်ခဲ့၏။
ရှဲ့ချောင်၏ အကူအညီကြောင့်အင်အားချွေတာရာရောက်သွားခဲ့သည်။ လူပေါင်းများစွာ အသက်ရှင်လျက် ကျန်နေလျှင်ပင် ချောချောမွေ့မွေ့ဖြစ်ပေလိမ့်မည်။
သူ၏ မျက်လုံးထဲ၌ ရင်နာမှုတို့ဖြင့်ပြည့်နေခဲ့၏။ ရှဲ့ချောင်အား ဆွဲလိုက်ပြီးနောက် သူမအား ပွေ့ကာ မြင်းလှည်းကိုယ်ထည်ပေါ်တွင် ထိုင်စေခဲ့သည်။
မလိုအပ်သော စကားလုံးများမှာ မှိန်ဖျော့သွားရ၏။
“ဆရာတူအစ်မဘာဖြစ်လို့လဲ၊ သူ အဆင်ပြေရဲ့လား”
ရှောင်းယွိရုန်နှင့် အခြားသူများမှာ သူမတစ်ခုခုဖြစ်နေကြောင်း သဘောပေါက်သွားကြသည်။
သူတို့အားလုံး စိုးရိမ်နေကြ၏။
ရှဲ့ချောင်သည် ခေါင်းခါလျက်
“ဘာမှမဖြစ်ပါဘူး၊ ဒီလောက်ကတော့ အလွယ်လေးရယ်”
သူမသည် သတိမလစ်သွားခဲ့သည့်အတွက် ထွေထွေထူးထူးမဟုတ်ပေ။
သူမအနည်းငယ်ပင်ပန်းသွားသည်ဆိုရုံသာ။ အနားယူရန်လိုအပ်ပေသည်။
“အရှင့်သား မနက်ဖြန်မနက် စောစောပြန်သင့်တယ်၊ ဆရာတူအစ်မကတော့.. မကောင်းဆိုးဝါးဝိဉာဉ်ကို ကတိပေးထားပြီးသားဖြစ်နေတော့ စကားကိုပြန်ရုတ်သိမ်းလို့မကောင်းဘူး၊ မနက်ဖြန်မနက်ကျ ကျွန်တော်တို့တွေ ဆရာတူအစ်မကို မကောင်းဆိုးဝါးဝိဉာဉ်ကိစ္စဖြေရှင်းဖို့ အနီးနားက ရွာဖြစ်ဖြစ် မြို့ဖြစ်ဖြစ် ခေါ်သွားလိုက်မယ်”
စန်းယောင်သည် ခဏတာတွေးပြီးနောက် ဆိုလိုက်လေသည်။
“ဟုတ်တယ်”
ဤလူများသည် အိမ်ရှေ့စံမင်းသားအတွက်ရောက်လာကြခြင်းဖြစ်သဖြင့် အိမ်ရှေ့စံမင်းသားသာ အပြင်မှာကြာကြာနေလျှင် ပိုပြီး အန္တရာယ်များရုံသာရှိ၏
ယနေ့တွင်ပင် လူအယောက် ၅၀ ၆၀ လောက်လာခဲ့ကြသည်။ မနက်ဖြန်ည၌ လူအယောက် ၅၀၀ ၆၀၀ လောက်သာ ရောက်လာခဲ့သော်။
ဤမျှများပြားလှသော လူအရေအတွက်အားရရန်အနည်းငယ်ခက်ခဲပေသည့်နိုင် ဖြစ်နိုင်ချေရှိနေသေးသည်မဟုတ်လော။
“အရှင့်သားက မနက်ဖြန်မနက်စောစောပြန်ဖို့လိုရုံတင်မဟုတ်ဘူး၊ ပြန်ရောက်ရင်လည်း နန်းမြို့တော်အပြင်က အိမ်ရှေ့စံမင်းသားအိမ်တော်မှာ နေလို့မဖြစ်သေးဘူး၊ အန္တရာယ်ကင်းဖို့အတွက်ဆို အရှေ့နန်းဆောင်ဆီ တတ်နိုင်သမျှ မြန်မြန်ပြန်မှဖြစ်မယ်!”
ရှောင်းယွိရုန် ဆိုလေသည်။
ကျန်းကျင်လုသည်လည်း ခေါင်းညိတ်လိုက်၏။
နန်းမြို့တော်၌ အစောင့်အကြပ်များစွာရှိသဖြင့် ပြဿနာရှိလာလိမ့်မည်မဟုတ်။ သို့သော် မြို့တော်ထဲ၌ လုပ်ကြံသူတစ်ယောက်ပုန်းနေရန်မှာမူ မခက်ခဲလှချေ။
အိမ်ရှေ့စံမင်းသားသည် အမြဲတမ်းလိုလို ခေါင်းမာတတ်ကာ ထင်ရာစိုင်းတတ်သူတစ်ယောက်
ဖြစ်သည်။ အချိန်တိုင်း ကံကောင်းနေလိမ့်မည်မဟုတ်။
ကျောက်ရွှမ်ကျင်းမှာ အေးစက်လို့နေ၏။
သူတို့က သူ့ဇနီးကိုထားခဲ့ပြီး တစ်ယောက်ထဲ မြို့တော်ကို ပြန်သွားခိုင်းစေချင်နေကြတာလား?
ဤကိစ္စနှင့်ပတ်သက်ပြီး အဘယ်ကြောင့် ထူးဆန်းသည်ဟုခံစားနေရသနည်း။
သူသည် ဝတ်ရုံနက်နှင့် လူအား သုန်မှုန်သောအကြည့်ဖြင့်ကြည်လျက် အံကြိတ်ကာ
“ငါအဆင်ပြေတယ်၊ အစောင့်တွေမနက်ဖြန်အရုဏ်တက်လောက် ရောက်လာကြလိမ့်မယ်၊ မနက်ဖြန်ကျ ဒီလိုထပ်တူညီတဲ့ကိစ္စမျိုး ထပ်ဖြစ်လာမှာမဟုတ်ဘူး၊ ပြန်ရောက်ရင် ဒီလူတွေကို ဝန်ကြီးရှဲ့လက်ထဲအပ်လိုက်မယ်၊ ကြိုက်တဲ့နည်းလမ်းသုံး ဒီကိစ္စနောက်ကွယ်ကလူဘယ်သူလဲဆိုတာ ဖော်ထုတ်ရမယ်!”
မည်သို့သော မျိုးမစစ်ကများ သူအသက်ကိုတောင် ဂရုမစိုက်ဘဲ ရမ်းကားရဲသည်ကိုသာ ရှာတွေ့ခဲ့သော်.. ဟား!
••••••
အခန်း ၁၁၃၀။ ဘယ်ကိုသွားမလို့လဲ?!
အိမ်ရှေ့စံမင်းသားသည် ရန်လိုမှုအပြည့်ရှိနေ၏။ ရှောင်းယွိရုန်နှင့် တခြားသူများသည် သူ့ကို ရန်မစရဲသဖြင့် ဆက်လက်၍ မစည်းရုံးနိုင်ခဲ့ကြပေ။
ရှဲ့ချောင်မှာဖျားနေပုံပင်။ ခဏအကြာတွင် မြင်းလှည်းထဲသို သွားရောက်အနားယူခဲ့သည်။ တခြားတစ်ဖက်တွင်မူ သခင်မချိုင်သည် မြင်းလှည်းအပြင်ဘက်သို သူမခေါင်းအားထုတ်ကာကြည့်လိုက်၏။ သူမပုံမှာ တုန်လှုပ်နေပုံမရသည့်အပြင် အနည်းငယ်ပင် စိတ်လှုပ်ရှားနေသယောင်။
ကျန်းကျင်လုသည် သခင်မချိုင်အပေါ် သိချင်စိတ်အလွန်ပြင်းပြနေသည်။
မည်သို့ပင်ဆိုစေ၊ သူမသည် သူ့ဘဝတွင် ပထမဆုံး မြင်ဖူးသည့် ရှင်လျက်သေနေသူတစ်ယောက်ပင်။
သူသည် သတ္တိကို မွေးကာ သခင်မချိုင်အား ပြောလိုက်သည်။ “မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ခင်ဗျား မကြောက်သွားဘူးလို့ မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက်တွင် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။ သခင်မချိုင်သည် ယခု မုန့်ကျားပေါင်၏ မျက်နှာကို ဝတ်ဆင်ထားသည် မဟုတ်ပါလား။ သူသည် ထူးဆန်းနေပြီး၊ နုပျိုကာ အနည်းငယ်လည်း ရုပ်ချောသည်လေ...
သခင်မချိုင်သည် သူမ၏ လက်ရှိရုပ်ရည်ကို အတော်လေး ကျေနပ်နေပုံရသည်။ သူမသည် ကျန်းကျင်လု၏ စကားကို ကြားသောအခါ အနည်းငယ်ပြုံးကာ ခေါင်းခါလိုက်သည်။ “မကြောက်ပါဘူး၊ အတော်လေးကို ဆွဲဆောင်မှုရှိသားပဲ”
“ဆွဲဆောင်မှုရှိတယ်?” ကျန်းကျင်လု၏ ပါးစပ်များ တွန့်လိမ်သွားပြီး သူ နားကြားမှားသည်ဟု ထင်လိုက်သည်။ သူက သခင်မချိုင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမက အတည်ပြုကြောင်း ခေါင်းညိတ်နေသည်ကို မြင်သောအခါ ရှုပ်ထွေးသောပုံစံဖြင့် ပြောလိုက်သည် “မနေ့ညက လူတွေ အများကြီး သေဆုံးခဲ့တယ်...”
“ဒါပေမယ့် လူတွေက နေ့တိုင်းသေတာပဲ မဟုတ်ဘူးလား” သခင်မချိုင်က တကယ်ဖြစ်သင့်သည်ဟူသော ပုံစံဖြင့် ပြောလိုက်သည်။ “ငါလည်း သေခဲ့တာပဲမဟုတ်လား”
ကျန်းကျင်လုသည် ချက်ချင်းပင် သဘောပေါက်သွား၏။
သူမသည် မုန့်ကျားပေါင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း အသက်ရှင်နေသူ မဟုတ်တော့ပေ။ သူမ၏ စိတ်နေစိတ်ထားသည်လည်း ပြောင်းလဲသွားပြီဖြစ်သည်။
သူမ၏မျက်လုံးများထဲတွင် မည်သို့ပင်ဆိုစေကာမူ သူမသည် သေဆုံးပြီးသားလူတစ်ယောက်ဖြစ်နေ
ခဲ့သည်။
သူမသည် မုန့်ကျားပေါင်ကို သတ်ရန် ဆိုးညစ်သောအတွေးများ မရှိခဲ့သည်မှာ ကံကောင်းခြင်းပင်။ မဟုတ်ပါက သူမသည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိလျှင် မုန့်ကျားပေါင်၏အသက်မှာ အန္တရာယ်ဖြစ်လာပေလိမ့်မည်။
ကျန်းကျင်လုသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သခင်မချိုင်သည် အသက်ရှင်စဉ်က သာမန်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ရမည်။ သူမသေဆုံးပြီးနောက်တွင် ဤမျှကြီးမားသော ပြောင်းလဲမှုတစ်ခု ရှိလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ သေဆုံးပြီးနောက်တွင် မည်သို့ဖြစ်လာမည်ကိုတော့ သူ မသိပေ။
သခင်မချိုင်သည် ဤအရာကို လုံးဝဂရုမစိုက်ပေ။ သူမသည် အသက်ရှင်စဉ်က မမြင်ဖူးခဲ့သည့် ဤမြင်ကွင်းများကိုပင် အလွန်စိတ်ဝင်စားနေသည်။
သူမသည် တစ်စုံတစ်ဦးကို ပူးဝင်ရန် မလွယ်ကူကြောင်း သိသည်ဖြစ်ရာ ဤအချိန်ကို အလွန်တန်ဖိုးထားခဲ့သည်။
ဥပမာအားဖြင့် ကျန်းကျင်လု ချက်ပြုတ်နေစဉ်တွင် သူမသည် အကြိမ်အနည်းငယ်မျှ ဝင်စွက်ဖက်ချင်ခဲ့သော်လည်း စဉ်းစားပြီးနောက်တွင် ရပ်တန့်ခဲ့သည်။ သို့သော်လည်း သူမသည် အခြားသူများကို တမင်တကာ ဒုက္ခမပေးခဲ့ပေ။ သူမ၏ရှိနေခြင်းသည် အသက်ရှင်စဉ်ကအခြေအနေနှင့် အမှန်တကယ်တူညီနေသော်လည်း အတိအကျတော့မတူညီခဲ့ပေ။ အကယ်၍ ရှဲ့ချောင်သာ ရှိမနေခဲ့ပါက ရှဲ့ဖင်းကန်းနှင့် အခြားသူများပင်လျှင် သူမအကြောင်းကို မေ့လျော့သွားကြပေလိမ့်မည်။
နာရီအနည်းငယ်ကြာပြီးနောက်တွင် နေအလင်းရောင် ထွက်ပေါ်လာပြီး အိမ်ရှေ့စံမင်းသား၏ အစောင့်တပ်ဖွဲ့များ ရောက်ရှိလာသည်။
ရှဲ့ချောင်သည် အတော်လေး နားထားပြီးဖြစ်ရာ အနည်းငယ်ပို၍ ကောင်းလာပုံရသည်။
သို့သော်လည်း လှည်းထဲမှ ထွက်လာပြီးနောက်တွင် သူမကို စိုးရိမ်နေသော ရှောင်းယွိရုန်မှာ ထိတ်လန့်သွားခဲ့သည်။
သူသည် သူမကို တအံ့တဩကြည့်နေသည်။
ရှဲ့ချောင်သည် အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်ပြီး သူမ၏ ခြေထောက်များမှာ အားနည်းနေသည်။ ရှောင်းယွိရုန်၏ အံ့အားသင့်နေသောအမူအရာကို မြင်သောအခါ သူမသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။“ဘာဖြစ်ပြန်ပြီလဲ”
ရှောင်းယွိရုန်မှာ ခဏမျှ တအံ့တဩဖြစ်သွားသည်။
ရင်းနှီးသော ခံစားချက်တစ်ခုက သူ့ရင်ထဲတွင် ပေါ်ပေါက်လာ၏။
ဆရာတူအစ်မရဲ့ မျက်လုံးတွေ... ထိုမျက်လုံးများကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ပင်...
သို့မဟုတ် သူ့ဆရာတူအစ်မ၏ မျက်နှာအပေါ်ပိုင်းကို ဖြစ်လိမ့်မည်...
ရှောင်းယွိရုန်သည် ပါးစပ်ဖွင့်လိုက်သော်လည်း သူမကို အရင်က ဘယ်မှာမြင်ဖူးသည်ကို မမှတ်မိနိုင်ခဲ့ပေ။
ထိုအချိန်တွင် ရှဲ့ဖင်းကန်း လျှောက်လာ၏။
သူသည် ဤအနက်ရောင်ဝတ်ဆင်ထားသော လူများကို စစ်မေးရန် ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။ မထွက်ခွာမီ သူသည် ဆရာမကို နှုတ်ဆက်ရဦးမည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်၌ မိုက်မဲသော အပြုံးတစ်ခုဖြင့် ပြေးလာခဲ့၏။
သူသည် အဝေးတွင် ရှိနေစဉ်ကပင် သူ့မျက်နှာပေါ်၌ အပြုံးရှိနေခဲ့သည်။ သို့သော် သူက ရှဲ့ချောင်၏ရှေ့သို့ ရောက်လာသောအခါ သူ့မျက်နှာအမူအရာမှာ တစ်စုံတစ်ဦးကို စားတော့မည့်ဟန်သို့ ပြောင်းလဲသွားခဲ့သည်။
ရှဲ့ချောင် တစ်စုံတစ်ခု မှားနေသည်ဟု ခံစားလိုက်ရ၏။
သူမသည် ရုတ်တရက် သူမ၏မျက်နှာကို သတိရသွားပြီး သူမမျက်နှာကို အလျင်အမြန်အုပ်လိုက်ကာ နောက်လှည့်ပြီး မြင်းရထားပေါ်သို့ ပြန်တက်သွားသည်။
သို့သော်လည်း သူမသည် လှည်းထဲသို့ ခေါင်းလှည့်ဝင်နေစဉ်မှာပင် သူမ၏ ကျောပြင်ကို ရှဲ့ဖင်းကန်းက ဖမ်းဆွဲလိုက်သည်။ “ဘယ်ကိုသွားမလို့လဲ?!”
ရှဲ့ချောင်မှာ မျှော်လင့်ချက်မဲ့သွားရ၏။ အိုး၊ မဟုတ်သေးဘူး။ သူ သူမကို သိသွားပြီ ဖြစ်ရမယ်!
••••••
အခန်း ၁၁၃၁။ ညီမအရင်း
ရှဲ့ချောင် ညကအခြေနေအား ပြန်တွေးကြည့်နေမိ၏…
မနေ့ညက မီးပုံတစ်ခုရှိနေခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် ဖုန်မှုန့်များစွာကပ်တင်နေသဖြင့် ညစ်ပတ်ပြီး ယားယံစေခဲ့သည်။ နောက်တော့ သူမ မူးနောက်နောက်ဖြစ်နေခိုက် သူမ၏နဖူးအား အင်္ကျီလက်ဖြင့် ပွတ်လိုက်မိပုံရသည်လော။
သူမ မမှတ်မိတော့ပေ။
ကျောက်ရွှမ်ကျင်းသည် ကျို့ဝေ့ကျုံးနှင့်အတူ ရပ်နေကာ ထိုဝတ်ရုံနက်နှင့် လူများအား စစ်မေးနေ၏။
စစ်မေးနေစဉ်အတွင်း ရှဲ့ဖင်းကန်း၏ တိုက်ခိုက်မှုကို မြင်လိုက်ရသည်။
သူ မြင်လိုက်ရုံသာမက စန်းယောင်နှင့် ကျန်းကျင်လုတို့သည်လည်း ကျို့ဝေ့ကျုံး၏ အပြုအမူကြောင့် ထိတ်လန့်သွားခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် နီးနေသဖြင့် ချက်ချင်းဆိုသလို ထပြေးသွားကြ၏။
“ရှဲ့သခင်လေး စကားပြောရအောင်လေ၊ ဘာလုပ်တာလဲ?!”
ဤလူသည် လွန်လွန်းနေပြီဟု စန်းယောင်ထင်မိလေသည်!
သူသည် အားကောင်းမောင်းသန်ယောကျာ်းကြီးတစ်ယောက်ဖြစ်၏။ သူ ရှဲ့ဖင်းကန်းဆီမှ အနိုင်ကျင့်ခံရခြင်းသည် ပြဿနာမရှိလှသော်လည်း သူ၏ ဆရာတူအစ်မသည်ကား အားနွဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်ပေသည်။ သူမသည် မနေ့က ကိစ္စကြီးတစ်ခုကို လုပ်ခဲ့ရပြီး ပင်ပန်းနေပြီ! သူ မည်သို့များ သူမအပေါ်ရက်စက်နိုင်သနည်း?!
“ငါ သူနဲ့စကားမပြောနိုင်ဘူး!”
ရှဲ့ဖင်းကန်းတစ်ယောက် ဒေါသအမျက် တထောင်းထောင်းထွက်နေလေသည်။
သူ၏ မျက်နှာမှာ ဖြူစုပ်နေပြီး ရှဲ့ချောင်အား အတင်းမရမက ဆွဲပစ်ရန်အတွက်သာ လုံးပန်းနေ၏။
ရှဲ့ချောင်၏ သေးကွေးလှသော ခန္ဓာကိုယ်သည် ရှဲ့ဖင်းကန်း၏ အင်အားအား မည်သို့များ ခံနိုင်မည်နည်း။
သူသည် သူမအား ချီမလိုက်သည်နှင့် သူမ ရုန်းကန်နေသည်အား ရပ်သွားခဲ့သည်။ သူမသည် အင်္ကျီလက်ဖြင့် မျက်နှာအား ဖုံးကွယ်ထားလျက် ခေါင်းအား သစ်ပင်ပေါ် တွဲလောင်းချိတ်နေသော လင်းနို့တစ်ကောင်ပမာ ကျုံ့လို့ထားသည်။
“ရှဲ့သခင်လေး! ဆရာတူအစ်မရဲ့ ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ သူ့ကိုလွှတ်ပေးလိုက်ပါ”
ကျန်းကျင်လုသည်လည်း အော်ပြောလေ၏။
ရှဲ့ဖင်းကန်းသည် စန်းယောင်နှင့် ကျန်းကျင်လုတို့နှစ်ယောက်လုံးအား စိုက်ကြည့်နေသည်မှာ သူ၏ ရန်သူများအလား။
ရှောင်းယွိရုန်သည် သူ၏ခေါင်းအား ရုတ်တရက်ပုတ်လျက် ပြောလိုက်လေသည်။
“ဒါ- ဒါ ရှဲ့သခင်မလေးပဲ!”
ရှဲ့ချောင်ခမျာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးတို့ကိုသာ မှိတ်ထားခဲ့၏။
သူမသည် အမွှေးနှုတ်ခံထားရသော ကြက်ပေါက်တစ်ကောင်ပမာ။ အသက်ရှင်ချင်သည့်ဆန္ဒမရှိတော့ပေ။
“ဘယ်က ရှဲ့သခင်မလေးလဲ?”
စန်းယောင်နှင့် ကျန်းကျင်လုတို့မှာ ဆွံ့အနေကြသည်။ အစ်ကိုရှောင်းဆိုလိုသည့်အဓိပ္ပာယ်အား သဘောမပေါက်ခဲ့ကြပေ။
ရှောင်းယွိရုန်သည် စကားပြောပြီးသွားသည့်နောက် သူ၏မျက်နှာမှာ ဖြူဖျော့သွားရသည်။ သူ၏ နှလုံးသားထဲ၌ နာကျင်လာရကာ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
“မင်း-မင်းက သူလား?!”
ဒါ… အရည်အချင်းရှိတဲ့ ရှဲ့သခင်မလေး!
တခြားနည်းနဲ့ပြောရရင်… အိမ်ရှေ့စံမိဖုရား!
သူမသည် အသက် ၁၈ နှစ် ၁၉ နှစ်မျှသာရှိသေး၏။
အသက် ၂၀ ပင်မဟုတ်သေး!
ရှောင်းယွိရုန်၏ မျက်နှာမှာသွေးရောင်မရှိဖြစ်နေပြီး မဆင်မပြေနေသည်မှာ ပြင်းထန်စွာဒဏ်ရာရထားသည့်အလား။ စန်းယောင်နှင့် ကျန်းကျင်လုတို့မှာ နားမလည်နိုင်ကြဆဲ။ အစ်ကိုရှောင်း၏ တုံ့ပြန်ပုံအား မြင်ရပြီးနောက် အင်မတန်သိချင်နေကြလေသည်။
ရှဲ့ဖင်းကန်းသည် သူမအား လည်ပင်းညှစ်သတ်ပစ်ချင်လုနီးနီးပင် ဖြစ်နေ၏။
သူ၏ ညီမအရင်းသာဆိုပါက ပြန်ခေါ်သွားပြီး ကောင်းကောင်းရိုက်နှက်ဆုံးမပြီးနေလေချေပြီ!
ယခုထိလည်း သူ အင်မတန်ဒေါသထွက်နေဆဲဖြစ်၏။
“မင်းက ပုန်းနေရဲသေးတယ်ပေါ့?!
ရှဲ့ဖင်းကန်း ခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
ရှဲ့ချောင်သည် ခေါင်းအား အလျင်စလိုခါယမ်းလျက်
“ မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး…”
ထို့နောက် သူမသည် အိုးတိုးအမ်းတမ်းဖြင့် လှည့်လာကာ ရှဲ့ဖင်းကန်းအား မျက်လုံးပြူးကျယ်လျက် ကြည့်လိုက်လေ၏။ ထို့နောက်… သူမတောင့်တင့်သွားရကာ ငြင်းခုံချင်ခဲ့သည်။ ခဏတာ စဉ်းစားပြီးနောက် အကောင်းဆုံးကြိုးစား၍ အကြောက်အလန့်ကင်းသော မျက်နှာအမူအရာအားထိန်းထားကာ သူမ၏အကြည့်တို့မှာမူ ကြင်နာပြီး ကျက်သရေရှိနေလေသည်။
“ရှင် ကျွန်မကိုတစ်ယောက်ယောက်နဲ့ အထင်လွဲနေတယ်နဲ့တူတယ်.?”
“ငါ့ကိုအကန်းများထင်နေလား?!”
ရှဲ့ဖင်းကန်း သူမအား စိုက်ကြည့်လိုက်သည်။
သူ၏ ညီမအရင်းအား မမှတ်မိဘဲညနေမည်လော?!
သူမ၏ မျက်နှာတစ်ဝက်လောက်သည် ရှဲ့ချောင်၏မျက်နှာနှင့်တူညီနေသည်။သူမ၏ အသားရေသည် သင့်တင့်လှကာ အင်မတန်လှပေသည်!
ဆရာမမော့၌ မျက်နှာအတုအယောင်ရှိနေကြောင်း သူသိနေသော်လည်း ထိုအတုအယောင်မျက်နှာ
အောက်၌ သူ၏ ညီမအရင်းဖြစ်နေလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးချေ။
သူလှည့်စားခံလိုက်ရသည်!
“ရှဲ့သခင်လေး တကယ်ကိုမှားနေပြီ၊ ကျွန်မက ရှင့်ရဲ့ညီမနဲ့ တစ်ပုံစံတည်းတူလို့လား၊ ဟူး ဒီအညတရဆရာက နှစ်သုံးလေးဆယ်လောက် ကျင့်ကြံလာပေမဲ့ နဂိုထဲက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို လှတဲ့သူလေ၊ ပြဿနာမဖြစ်အောင်ဆိုပြီး ကျွန်မရဲ့ပုံစံကို ပြောင်းခဲ့ရတာ၊ ရှင့်ညီမနဲ့တူနေတာကတော့ တိုက်ဆိုက်မှုသက်သက်ပါပဲ..ဒါမှမဟုတ် ရှင့်ရဲ့ညီမပြောသလို ရှင့်အမေနဲ့ကျွန်မက…”
ရှဲ့ချောင်သည် ဤစကားပြောမည့်အချိန်၌ အနည်းငယ်သတ္တိကြောင်နေမိသော်လည်း သူမကိုယ်သူမ အရဲစွန့်ပြီး ပြောလိုက်သည်။
"ရှင့်အမေနဲ့ကျွန်မက.."
“နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ညီအစ်မတွေဖြစ်ချင်ဖြစ်မှာပေါ့..”
••••••
အခန်း ၁၁၃၂။ စဉ်းစားလေလေ ဒေါသထွက်ရလေ
သူမ၏ နောက်ဆုံးစကားသုံးခွန်းကိုမူ မည်သူမျှမကြားခဲ့ကြချေ။
ရှဲ့ချောင်စိတ်ထဲ၌ အပြစ်ရှိစိတ်ခံစားနေရကာ သူမ၏နှလုံးသားထဲ၌ ပြေရာပြေရာကြောင်းပြုလုပ်ရန်ကြိုးစားနေခဲ့ရှာသည်။
“အမေ သမီးတကယ်တောင်းပန်ပါတယ်…”
သူမ၏ ဤအစ်ကိုကြီးသည် အင်မတန်ခက်ထန်လွန်းကာ ကြောက်စရာကောင်းလှသည်။ သူမအား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ရုံဖြင့်ပင် သူမ၏ အရိုးများတုန်ယင်လာသကဲ့သို့ ခံစားနေရသည်မှာ မကြာခင်သေရတော့မလည့်အလား…
“ညီအစ်မတွေ..ငါမင်းကိုတကယ်ရိုက်ပစ်တော့မယ်!”
ရှဲ့ဖင်းကန်းသည် သူမအား ထိုးခါနီးလေးပင်!
သူ၏လက်သီးအားမြှောက်၍ ရှဲ့ချောင်အား ထိုးတော့မည့်အချိန် ကျောက်ရွှမ်ကျင်း၏ ပုခုံးအား ထိုးမိသွားခဲ့သည်။
ရှဲ့ဖင်းကန်း မှင်တက်သွားခဲ့သည်။
ထို့နောက်တွင်မူ သူ ဒူးထောက်ချလိုက်လေ၏။
သူတစ်ယောက်တည်း ဒူးထောက်ရုံတင်မက ရှောင်းယွိရုန်နှင့် အခြားသူများသည်လည်း သူ့ဘေးတွင် ဒူးထောက်လိုက်ကြသည်။
အရှင့်သား၏ အဖိုးတန်ခန္ဓာကိုယ် ပျက်စီးသွားချေပြီ!
စန်းယောင်မှာ ရှဲ့ဖင်ကန်းအား မျက်လုံးမလှိမ့်မိဘဲ မနေနိုင်ခဲ့။
ဤကိုယ်ခံပညာရှင်သည် သူ၏တိုက်ခိုက်မှုအား မည်သို့ရုတ်သိမ်းရမည်ကို အဘယ်ကြောင့်များမသိရသနည်း။
ဤထိုးချက်ကြောင့် အရှင့်သား၏ပုခုံးသည် ရက်ပိုင်းခန့် နာကျင်နေတော့မည်ပင်!
ထိုမျှမက သူပြောပုံအရဆိုလျှင် သူ၏ဆရာတူအစ်မကြီးမဟုတ်ဘဲ သူ၏ညီမငယ်ဖြစ်နေသည် မဟုတ်လော။
သို့သော် သူ၏ညီမငယ်သာဆိုလျှင် ကောင်းကောင်းမွန်မွန် စကားပြောလို့ရပေ၏။
အဘယ်ကြောင့် အလျှင်လိုနေရသနည်း။
ဟုတ်ပြီ သူရဲ့ဆရာတူအစ်မကြီးဘယ်ရောက်သွားတာလဲ?
စန်းယောင်မှာ ပိုပိုပြီး ဇဝေဇဝါဖြစ်လာပေသည်။
ရှဲ့ဖင်းကန်းအား တားဆီးရန် ကျောက်ရွှမ်ကျင်း၏ရုတ်တရက်ပေါ်လာမှုသည် ရှဲ့ချောင်အား လန့်ဖျပ်သွားစေခဲ့၏။
သူမသည် အလျင်စလို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
“နာသွားလား”
“ရပါတယ်” ကျောက်ရွှမ်ကျင်းသည် မသိမသာ မျက်မှောင်ကြုတ်လို့နေ၏။
နာပေသည်။
မည်သို့များ မနာဘဲနေမည်နည်း။
ရှဲ့ဖင်ကန်းသည် သူ၏ခွန်အားကြောင့် ကျော်ကြားသူတစ်ယောက်ပေ။
ရှဲ့ဖင်းကန်း၏ ထိုးနှက်ချက်သည် ရှဲ့ချောင်ဆီသို့ ကျရောက်သွားခြင်းမရှိသော်လည်း ဤမိုက်မဲသည့်ယောက်ဖသာ ဒေါသထွက်ပြီး တစ်ခုခုလုပ်ခဲ့သော် ရှဲ့ချောင်တစ်ယောက် အိပ်ယာထဲ၌ လဝက်နီးပါး အိပ်ယာထဲမှထနိုင်လိမ့်မည်မဟုတ်ချေ။
“မင်း သူ့ကိုဖမ်းလိုက်တာလား”
ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းအား စိုက်ကြည့်လျက် မေးလေသည်။
“ကျွန်တော်သူ့ကို မရုံလေးပဲ.. ဒီညီမလုပ်တဲ့သူက ကျွန်တော်ကို လိမ်ထားတာ! အရှင့်သား ကျွန်တော့်အတွက် တာဝန်ယူပေးသင့်တယ်မဟုတ်ဘူးလား၊ သူ့ကို အိမ်ရှေ့စံမင်းသားအိမ်တော်မှာ လိမ်လိမ်မာမာလေးနေနေတယ် ထင်ထားတာ၊ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး၊ သူ့ကြည့်ရတာ အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်!”
ရှဲ့ဖင်းကန်း အလျင်စလို အော်ပြောလေသည်။
“သူက ငါ့ဇနီး၊ ငါတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောဘူး”
ကျောက်ရွှမ်ကျင်းက ခပ်ဖျော့ဖျော့ဆိုလေသည်။
“ဒါပေမဲ့ သူကကျုပ်ညီမ!”
ရှဲ့ဖင်းကန်း မသိစိတ်မှတဆင့်ပြန်ပြောလိုက်မိလေ၏။
“ဒါဆို ခင်ပွန်းနဲ့ဇနီးကြားက ဆက်ဆံရေးက ပိုနီးစပ်တယ်ထင်လား၊ အစ်ကိုနဲ့ညီမကြားက ဆက်ဆံရေးက ပိုနီးစပ်တယ်ထင်လား”
ကျောက်ရွှမ်ကျင်းသည် အန္တရာယ်ပြုတော့မည့် အရိပ်အယောင်ဖြင့် မေးလာခဲ့သည်။
မောင်နှမကြားက ပိုရင်းနှီးတာပေါ့!
သူနှင့် ရှဲ့ချောင်သည် သန္ဓေတစ်ခုတည်းမှလာကြသူများဖြစ်သည်။ သူမ မည်သူ့ကိုလိမ်လိမ်၊ သူ့ကိုတော့ မလိမ်ခဲ့သင့်ပေ။ သူ့ကိုလိမ်လျှင်ပင် ကိစ္စမရှိသော်လည်း သူမဘာလုပ်ခဲ့လဲ?
မော့ချူးရှန်းအဖြစ်ပင် ရုပ်ဖျက်ခဲ့၏!
မှန်ပေသည်,စိတ်တိုစရာအကောင်းဆုံးမှာ မော့ချူးရှန်းအဖြစ် ရုပ်ဖျက်ခြင်းခဲ့ပင်!
သူသည် အစ်ကိုကြီးတစ်ယောက်၊ ရှဲ့မိသားစုတစ်ခုလုံး၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူ၏ အသုံးမကျသောအဖေမှလွဲလျှင် မိသားစု၏ အငယ်မိသားစုဝင်အားလုံး သူ၏ ညွှန်ကြားမှုနှင့် သင်ပြမှုများကိုသာ နားထောင်သင့်သည်။ သူ၏ အမိန့်အား ကလန်ကဆန်မပြုသင့်ပေ!
သို့သော် ရှဲ့ချောင်သည်ကား…
ဤအခိုက်အတန့်၌ မရေမတွက်နိုင်သော ပုံရိပ်များစွာ ရှဲ့ဖင်းကန်း၏ အတွေးအာရုံထဲ ပေါ်လာခဲ့
သည်။
ပုံရိပ်တစ်ခုချင်းစီတွင် ဤနက်နဲလှသော ဆရာမအား လေးစားအားကျမှုတို့ ရှိနေခဲ့သော သူ၏ ရိုးရှင်း၍ရိုးသားသော ပုံစံတစ်ခု ရှိနေခဲ့သည်….
အတိတ်၌ သူသည် ဆရာမအား ကြည်ညိုလေးစားခဲ့၏
ယခုမူ.. သူသည်.. သူ၏ ညီမအရင်းအား ကြည်ညိုလေးစားမိသကဲ့သို့ ဖြစ်နေခဲ့သည်မဟုတ်လော?
သူ၏ ညီမအရင်းရှေ့တွင် ရှဲ့ချောင်သည် အသုံးမကျသူ၊ ဆရာကဲ့သို့ အထင်ကြီးစရာမကောင်းကြောင်း ဆက်တိုက်ပြောနေခဲ့မိသည်မဟုတ်လော?!
၎င်းသည် သူ၏ညီမအား သင်ပြပေးခဲ့သည့်ပုံမဟုတ်။ ယခု ရှဲ့ချောင်သည် သူ့ဆီမှ ချီးကျူးခံနေရသဖြင့် သူမကိုယ်သူမ မယုံကြည်နိုင်စရာကောင်းသူဟုထင်ပြီး ကောင်းကင်သို့ပင် ပျံ့တက်သွားလောက်ပေ၏!
သူ စဉ်းစားလေလေ ဒေါသထွက်လာရလေလေပင်!
ရှဲ့ဖင်းကန်း၏ မျက်နှာမှာဒေါသကြောင့် နီရဲလာခဲ့သည်။
ရှဲ့ဖင်းကန်းဒေါသထွက်နေကြောင်း ကျောက်ရွှမ်ကျင်းလည်းသိသည်။ သူသည် ကြားတွင်နေရန် ကောင်းမည်မဟုတ်။ မောင်နှမများသည် နောင်တစ်ချိန်တွင်လည်း တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်သွယ်ရပေဦးမည်။
“ရှဲ့ဝန်ကြီး ထ”
ကျောက်ရွှမ်ကျင်း၏ အသံအနေအထားမှာ ရုတ်တရက်နူးညံ့သွားသည်။
သူသည် ရှဲ့ဖင်းကန်းအား ထရန်ကူပေးခဲ့ကာ
“မင်းရဲ့ ခံစားချက်ကိုငါနားလည်ပါတယ်.. တကယ်တော့.. ငါက မင်းထက်တောင် ပိုပြီးဒေါသထွက်သေးတယ်!”
ရှဲ့ချောင်ခြေတစ်လှမ်းနောက်ဆုံးလိုက်မိသည်။
•••••••