အခန်း (၁၁၄၉-၁၁၅၂)
Vol. 59 Ch. 1149-1152
အခန်း ၁၁၄၉။ ဘာလို့ ငါ့ကိုအပြစ်တင်တာလဲ
ရှဲ့ချောင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူမသည် စိတ်ပျက်ဝမ်းနည်းမှုနှင့် ကူရာမဲ့မှုကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ သူမက သူမ၏ဆရာကြီးအတွက် ရေချိုးရန်နှင့်အဝတ်အစားလဲရန် ရေနွေးနှင့်အဝတ်အစားများကို လျင်မြန်စွာ ပြင်ဆင်ပေးရန် အစေခံတစ်ဦးကို မှာကြားလိုက်သည်။
သူမဆရာကြီး၏ အဝတ်အစားများက ရွှံ့နွံတွင်းထဲမှ လူးလှိမ့်လာခဲ့ပုံ ပေါ်နေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် နံစော်သောအနံ့များထွက်နေသည်။ သေချာကြည့်လျှင်သေနေသောပိုးမွှားတချို့က ရွှံ့နှင့်ရောနေပုံရသည်...။
သူ့ဆံပင်များပွယောင်းနေပြီးဖိနပ်များလည်းပြတ်နေသည်။ သူ့ခြေထောက်များက တုန်ယင်နေပြီးလက်သည်းများတွင်လည်း ရွှံ့များပေကျံနေသည်...။
သူမက သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“နေဦး၊ ငါအရူးတစ်ယောက်ကိုတောင် နန်းမြို့တော် ထဲအထိခေါ်လာခဲ့သေးတယ်။ ဒီမြင့်မားတဲ့ခြံဝန်းထဲကို ဝင်ဖို့မလွယ်ဘူးလို့ ငါထင်ခဲ့တယ်။ သူတို့သာ ငါ့ကိုရိုက်နှက်ခဲ့ရင် အဲ့ဒီအရူးကိုခေါ်ပြီးပြေးဖို့ခက်ခဲမှာစိုးလို့ သူ့ကိုအပြင်မှာထားခဲ့တာ…”ဟု မော့လင်းကျစ်က အမြန်ပြောလိုက်သည်။
ရှဲ့ချောင်မှာ ရယ်ရမလို ငိုရမလိုပင်။ “ဆရာရယ်၊ ဆရာက ဒီလိုပုံစံဖြစ်နေတာတောင် နောက်တစ်ယောက်ကိုခေါ်လာခဲ့သေးတာလား? ဆရာပဲ ဒီလူကို အရူးဖြစ်အောင် မလုပ်ခဲ့ဘူးဆိုတာ သေချာလား?!”
မော့လင်းကျစ်သည် ရင်ဘတ်ကို အပစ်ခံလိုက်ရသလိုခံစားလိုက်ရပြီး အသံကလည်းကြောက်ရွံ့သည့်ပုံစံမျိုးဖြစ်သည်။ “ငါလုပ်ခဲ့တယ်၊ ဒါပေမဲ့ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး… ဘာဖြစ်လို့လဲဆိုတော့ ဒီအရူးက ငါ့နောက်ကို တစ်လျှောက်လုံး လိုက်နေခဲ့တာကိုး...”
“ဆရာ တကယ်လုပ်ခဲ့တာလား!” ရှဲ့ချောင်က အသက်ပြင်းပြင်း ရှူလိုက်သည်။
သူမ၏ ဆရာကြီးသည် ထိုကဲ့သို့ပုံစံမျိုးဖြစ်နိုင်သည့် စွမ်းရည်ရှိသည်မှာ တကယ့်ကို အံ့သြစရာပင်။
သူမသည် ရွှေယွဲ့တာအိုဘုရားကျောင်းမှ ထွက်ခွာလာချိန်တွင် ဆရာတူညီလေး၊ မောင်လေးအချို့ကို ချန်ထားခဲ့သည်။ သေချာသည်မှာ သူတို့သည် ရွှေယွဲ့တာအိုဘုရားကျောင်း၏ တိုက်ရိုက် တပည့်များမဟုတ်ဘဲ ဘုန်းတော်ကြီးကျောင်းသို့ ဝင်ရောက်လာသည့် တပည့်များဖြစ်သည်။ သူတို့အားလုံးသည် ကြင်နာပြီး တာဝန်ကျေသည့် သူများဖြစ်သောကြောင့် သူတို့ရှိနေသရွေ့ သူမ၏ ဆရာကြီးသည် မိုက်မဲစွာ ပြုမူခြင်းမရှိသရွေ့ ရွှေယွဲ့တာအိုဘုရားကျောင်း ဆက်လက်တည်ရှိရန် ခက်ခဲမည်
မဟုတ်ပေ။
လူများအပြင် သူမသည်ပိုင်ဆိုင်မှုများကိုလည်းချန်ထားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူမသည် အဆောင်များနှင့် တရားရေးဆိုင်ရာ ပစ္စည်းများစွာကို စုဆောင်းခဲ့သည်။ ရတနာတိုက်ထဲသို့များစွာသိုလှောင်ထားခဲ့သည့်အပြင် ရွှေ၊ ငွေ နှင့် သာမန်ကုန်ပစ္စည်းများကိုလည်း သောင်းနှင့်ချီ ရှိသည်။ သူမသည်ယခင်က ယွင်ဝေ့ ၏ပန်းချီကားများမှရရှိခဲ့သည့်ငွေအားလုံးနီးပါးကို သူ့အားပေးခဲ့သည်။
ထို့အပြင် ရွှေယွဲ့တာအိုဘုရားကျောင်း၏ တောင်ခြေရင်းရှိလူများသည်လည်း သူ့အားအလွန်လေးစားစွာဆက်ဆံကြ၏။ သူ နန်းမြို့တော် ထဲသို့ဝင်လိုလျှင် တောင်ခြေရင်းသို့သွား၍လှည်းအဖွဲ့ကိုသာရှာရန်လိုသည်။ သူ့ခရီးကသေချာပေါက်ချောမွေ့နေပေလိမ့်မည်။
နောက်ဆုံးမှာတော့ သူဓားပြတိုက်ခံခဲ့ရသည်...။
ရှဲ့ချောင်က သူသည် ပုံမှန်လမ်းကြောင်းအတိုင်း လုံးဝမသွားခဲ့ကြောင်း သေချာသည်။
ပုံမှန်လမ်းကြောင်းမှာ ထိုကဲ့သို့ ရဲရင့်သည့်ဓားပြများမရှိပါ။!
ရှဲ့ချောင်က တစ်ချက်ကြည့်လိုက်ရုံနဲ့ အကုန်သိသွားသည်။ မော့လင်းကျစ်က ရှဲ့ချောင်ကို မကြည့်ရဲပေ။ သူသည် ခေါင်းကိုကြောက်ရွံ့စွာ လှည့်လိုက်ပြီး အသံတိုးတိုးနဲ့ “ဘိုးဘိုးကြီးက ငါ့မှာ ဥစ္စာပစ္စည်းတွေစုဆောင်းဖို့ကံမပါဘူးလို့ တစ်ခါက ပြောခဲ့ဖူးတယ်…”ဟု ရေရွတ်နေသည်။
“ဆရာ၊ စည်းကမ်းကို ထပ်ချိုးဖောက်ခဲ့ပြန်ပြီ မဟုတ်လား?” ရှဲ့ချောင်၏ လေသံသည်အေးဆေးတည်ငြိမ်နေ၏။
မော့လင်းကျစ် ၏နှလုံးသားက တုန်ခါသွားသည်။
သူအမှန်အတိုင်းမပြောချင်ပေ။
ရှဲ့ချောင်သည် ရုတ်တရက်သူမ၏ရင်ဘတ်ကိုဖိပြီး ပြင်းထန်စွာချောင်းစဆိုးတော့သည်။ “ဆရာ... ကျွန်မကို သေအောင်ကို စိတ်ဆိုးအောင်လုပ်ပြန်ပြီ…...”
သူမ၏ဖြူဖတ်နေသောမျက်နှာသည်အလွန်ကြောက်စရာကောင်းနေ၍ မော့လင်းကျစ်၏နှလုံးသည် ရင်ဘတ်မှထွက်ကျလာလုနီးပါး ဖြစ်သွား၏။ ရှဲ့ချောင်သာ ကျောက်ရွှမ်ကျင်း ၏လက်ဖဝါးကို ဆိတ်မထားခဲ့လျှင် ကျောက်ရွှမ်ကျင်းပင်လျှင်ယခုအချိန်တွင်ကြောက်လန့်သွားပေလိမ့်မည်။
“ဒ...ဒေါသမထွက်ပါနဲ့၊ ဒေါသမထွက်ပါနဲ့! ငါမှားခဲ့တာပါ။ ငါတောင်ပေါ်ကနေ ဆင်းလာတုန်း
က...မုဆိုးမတစ်ယောက်နဲ့ တွေ့ပြီး အဲ့ဒီလမ်းကနေသူ့နောက်ကိုလိုက်ခဲ့မိတာ။ ငါလည်းသိချင်စိတ်ရှိခဲ့တယ်လေ။ အဓိကလမ်းကနေမသွားဘဲ ဘာလို့သူမနောက်တစ်လမ်းလုံးလိုက်ခဲ့မိတာလဲလို့စဉ်းစားခဲ့မိတယ်။ သူမကလူတွေကိုဖြားယောင်းဖို့ အဲ့ဒီကိုသွားနေမှန်းဘယ်သူသိမှာလဲ”
ရှဲ့ချောင် အံ့ဩသွားသည်။
သူမဆရာကြီးက တိုးတက်လာပြီလား?
မော့လင်းကျစ်၏ မျက်နှာက နီရဲလာသည်။ “ငါ ဘာမှမလုပ်ခဲ့ပါဘူး...ငါ အဲဒီအမျိုးသမီးနဲ့ စကားပဲပြောပြီး... သူ့ကံကြမ္မာကို ဟောပေးခဲ့တာပါ…”
အဓိကအားဖြင့်သူသည် သူမ၏လက်ဖဝါးကိုကြည့်ပေးခဲ့ခြင်းဖြစ်သည်။
သူမ၏ ကံကို ဖတ်သောကြောင့် သူမ၏လက်ကို ဆွဲပြီး ပိုနီးကပ်စွာကြည့်ရှုရန် မလွဲမသွေလိုအပ်သည်။ သူမ၏လက်ဖဝါးကို ဖတ်ပြီးနောက်တွင် သူသည် ထိုအမျိုးသမီး၏ဘဝသည် မကောင်းကြောင်း တွေ့ရသဖြင့် သူ့စကားများက အနည်းငယ် ကြမ်းတမ်းခဲ့သည်။
သူမသည် ပြည့်တန်ဆာဘဝဖြင့် နေရမည့်ကံရှိသည်ဟုပြောခဲ့၏။ မျိုးရိုးသုံးဆက်အထိ မလိမ္မာသော အမျိုးအနွယ်များရှိမည်ဖြစ်ပြီး ထိုကဲ့သို့ယုတ်မာသူတစ်ယောက်သည် နောက်ဘဝတွင် ဝက် သို့မဟုတ် ခွေးအဖြစ်ပြန်လည်မွေးဖွားလာလိမ့်မည်ဟုပြောခဲ့သည်...။
အတိုချုပ်ပြောရလျှင် သူသည် အဘယ်ကြောင့် ဤသို့ပြောမိသည်ကို မသိခဲ့ပေ။
“အဲဒီအမျိုးသမီးက ငါ့ကို အစက ဓားပြတိုက်ဖို့ မရည်ရွယ်ခဲ့ဘူး၊ ငါက အသက်ကြီးတဲ့ဆရာတစ်ယောက်ဆိုတာကို မြင်တော့ပေါ့...”ဟု မော့လင်းကျစ်က ကိုယ်တိုင်ဝန်ခံလိုက်သည်။ “ဒါပေမဲ့ သူ့ဘဝက မကောင်းခဲ့ဘူး၊ ပြီးတော့ သူမက ငါ့ကို သူ့ကံကြမ္မာကို ဟောဖို့ အတင်းအကျပ်ခိုင်းခဲ့တယ်။ ဒါဆို ဘာလို့အဲ့လောက်ဒေါသထွက်ပြီး ငါ့ကိုအပြစ်တင်နေတာလဲ”
•••••
အခန်း ၁၁၅၀။ ဘဝမှာ အကြီးအကျယ်ထိခိုက်ပျက်စီးနေမှု
မော့လင်းကျစ်သည် ထိုမိန်းမအကြောင်း ပြောသောအခါ ရှဲ့ချောင်ကိုလည်း မမေ့မလျော့ တိုင်တန်းလိုက်သေးသည်။ "ဗေဒင်လာမေးပြီး ပိုက်ဆံမပေးသွားတာက ပိုပြီး အကျင့်စာရိတ္တမကောင်းတာပဲ! အစကတော့ ငါ့စိတ်ထဲမှာ သူ့ရုပ်ရည်လေးက လှတာကြောင့် ကောင်းမယ်လို့ထင်ထားတာ။ တကယ်တမ်းတော့ သူ့ကံကြမ္မာက အရမ်းဆိုးတယ်။ လက်ဖဝါးမှာလည်း အလုပ်သမားနဲ့ သေဆုံးမှုပုံစံတွေ ရှိနေတယ်။ သူက ပုံမှန်လူမဟုတ်ဘူး။ ငါ့မျက်လုံးတွေကို ညစ်နွမ်းစေတယ်လို့တောင် ငါက မပြောရသေးဘူး၊ သူက ငါ့ကို လုဖို့ကြိုးစားလာတယ်..."
ရှဲ့ချောင်မှာ ဘာမှမတတ်နိုင်ဘဲ သူ့ဆရာ၏ ပါးစပ်ကို ပိတ်ချင်စိတ်ပင် ပေါက်လာသည်။
"ဆရာကြီး၊ တခြားသူတွေရဲ့ အကောင်းအဆိုးတွေအကြောင်း မပြောပါနဲ့တော့။" ရှဲ့ချောင်က ခေါင်းယမ်းလိုက်၏။ "အခု ကျွန်မတို့ ဒီလောက်အဝေးကြီးကိုရောက်နေပြီဆိုတော့ ဆရာကြီးက လူခေါ်ပြီး လက်စားချေလို့လည်း မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒီကိစ္စပြီးသွားပြီဆိုရင် ထပ်မပြောပါနဲ့တော့။ ဆရာကြီးရဲ့ ကိုယ်ကျင့်သီလကိုပဲ အလဟဿဖြစ်စေလိမ့်မယ်။"
ရှဲ့ချောင်သည် သူ့ဆရာ၏ သဘောထားအကြောင်းကို ပြောနေခြင်းဖြစ်သည်။
သူပို၍ စိတ်တိုလေလေ တစ်ခုခု ဖြစ်ရန် ပိုလွယ်လေလေပင်။
ကျောက်ရွှမ်ကျင်းသည် ထိုအဖိုးကြီးနှင့်အတူ ရှိနေသော ရှဲ့ချောင်က တပည့်တစ်ယောက်ထက် ဆရာကြီးတစ်ယောက်နှင့် ပိုတူသည်ဟု ခံစားမိ၏။
"ငါ သိပါတယ်။ ငါ့တပည့်လေးကိုတိုးတိုးလေးပဲ ပြောပြနေတာပါ။ ငါ အဲဒီမိန်းမအကြောင်းကို ငါ လုံးဝမေ့လိုက်တော့မယ်။ အရင်ဆုံး အဲဒီကောင်လေးကို သွားခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ဦး။ သူအကြာကြီး ထွက်သွားရင် လမ်းပျောက်သွားမှာ စိုးရိမ်လို့... အခု သူလူလိမ္မာလေးဖြစ်နေမလား မသိဘူး" ဟု မော့လင်းကျစ်က ပြောလိုက်သည်။
သူသည် သူ့တပည့်ကို အမိန့်ပေးရန် အတော်ပင် အကျင့်ရနေခဲ့သည်။
ရှဲ့ချောင်မှာလည်း အကျင့်ဖြစ်နေပြီးသားပင်။ လိပ်စာကို အတည်ပြုပြီးနောက် သူမက လူတစ်ယောက်ကို စေလွှတ်လိုက်၏။
မော့လင်းကျစ်သည် ရေချိုးရန် မစောင့်ဆိုင်းတော့ပေ။ ထိုကောင်လေးကို ခေါ်လာသည်အထိ စောင့်မည်ဟု အတင်းအကျပ်ပြောသဖြင့် ရှဲ့ချောင်လည်း သူ့ကို ထားလိုက်တော့သည်။
ခဏအကြာတွင် မော့လင်းကျစ်သည် သူ့ဘေးနားရှိ ကျောက်ရွှမ်ကျင်းကို သတိထားမိပုံရသည်။
ထိုအခါ အံ့ဩသွားသော အမူအရာ ပေါ်လာခဲ့သည်။ “ဟင်...ငါ့တပည့်မလေး၊ မင်းရဲ့ အကြိုက်က တကယ်ကိုကောင်းပါလား။ ဒီအိမ်ရှေ့စံမင်းသားက မိုင်တစ်သောင်းအတွင်းမှာ ရှာရခက်တဲ့ တကယ်ကို ချောမောခန့်ညားတဲ့ သူတစ်ယောက်ပဲ။ သူ့မှာ ဧကရာဇ်မင်းရဲ့ မျက်နှာသွင်ပြင်လည်း ရှိတယ်။ သူ့ရဲ့ အရိုးတည်ဆောက်ပုံကလည်း ပိုပြီးတောင် ပြီးပြည့်စုံသေးတယ်။ တောင်ပေါ်မှာ ကျောက်စိမ်း၊ ပင်လယ်ထဲမှာ ပုလဲ၊ ပြီးတော့ ကောင်းကင်ဘုံက ကြွယ်ဝတဲ့ ခမ်းနားထည်ဝါတဲ့ ရုပ်ရည်သွင်ပြင်လည်း ပါဝင်တယ်။ မဆိုးဘူး၊ မဆိုးဘူး...”
မော့လင်းကျစ်သည် ကျောက်ရွှမ်ကျင်းပတ်ပတ်လည်ကို ကြည့်လိုက်၏။ "လူတစ်ယောက်ရဲ့ ဘဝမှာ ချမ်းသာမှု၊ ဆင်းရဲမှု၊ အသက်ရှည်မှု၊ ကံကောင်းခြင်းနဲ့ ဆိုးခြင်းတွေအားလုံးဟာ ဒီခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။ ငါ့တပည့်မလေး၊ မင်းရဲ့ခင်ပွန်းက တကယ်ကိုချောတယ်။ သူ့ရဲ့ ရုပ်ရည်၊ အသားအရေ၊ ဆံပင်၊ အရိုး၊ အသားအရေနဲ့ အသံတွေအားလုံး ကောင်းတယ်။ မင်းအဖေကတော့ အဲဒီလောက် မကောင်းဘူး။ မင်းရဲ့ခင်ပွန်းကို ရွေးချယ်တဲ့ သူ့ရဲ့စွမ်းရည်က တကယ်မဆိုးပါဘူး။ အားနည်းချက်တွေအကြောင်း ပြောရမယ်ဆိုရင်တော့...
"ကောင်လေး၊ မင်းရဲ့ ခါးက ကောင်းတယ်၊ ဒါပေမဲ့ မင်းရဲ့လက်က နည်းနည်း မသန်မစွမ်းဖြစ်နေတယ်။ မင်း တစ်သက်လုံး မသန်စွမ်းဖြစ်သွားမှာကို ငါစိုးရိမ်မိတယ်" မော့လင်းကျစ်သည် ရှဲ့ချောင် မတားခင်မှာပင် ပြောနှင့်ပြီးဖြစ်သည်။
ရှဲ့ချောင်သည် သက်ပြင်းချလိုက်ပြီး ကျောက်ရွှမ်ကျင်းကို ကြည့်ကာ ရယ်ရခက်၊ ငိုရခက်ဖြစ်နေခဲ့၏။
တခြားသူတစ်ယောက်ယောက်ဆိုပါက ကျောက်ရွှမ်ကျင်းသည် ဒေါသထွက်နေလိမ့်မည်။
သူ့ ညာဘက်လက်သည် အမြဲတမ်း ပိတ်ပင်ထားသော အရာဖြစ်ပြီး မည်သူမျှ ပြောဆိုဝံ့ခြင်းမရှိပေ။
မော့လင်းကျစ်သည် သူနှင့် အခုလေးတင် တွေ့ဆုံဖူးသည်ဖြစ်သော်လည်း သူ့အားနည်းချက်ကို တစ်ခွန်းတည်းနှင့် တိုက်ရိုက်ဖော်ထုတ်ပြလိုက်ခြင်းပင်။ သူသည် တကယ်ကို သေတွင်းရှာနေသူဖြစ်သည်ဟု ပြောရမည်။
"ဆရာကြီး" ရှဲ့ချောင်က ဟန့်တားလိုက်ပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ မော့လင်းကျစ်သည် သူမှားပြီး ပြောမိသည်ကို ချက်ချင်းသိလိုက်၏။ သူသည် ရှက်ရွံ့စွာဖြင့် ကျောက်ရွှမ်ကျင်းကို ကြည့်လိုက်ပြီးနောက် နောက်သို့ ပြန်၍ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
သူ့ကိုယ်သူ လှုပ်ခါလိုက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ဟန်ဆောင်ကာ သူ့လက်များကို ကိုယ်ရှေ့တွင် ထားလိုက်သည်။
သူသည် သူ့အဖိုးတန်တပည့်လေးကို အချိန်အကြာကြီး မတွေ့ခဲ့ရသောကြောင့် အရမ်းစိတ်လှုပ်ရှားနေသဖြင့် စကားများသွားခြင်းဖြစ်သည်။
ဟုတ်ပါသည်၊ သူ့ဘဝမှာ... သူပါးစပ်ကို မပိတ်နိုင်ခဲ့ပေ။
ထိုပါးစပ်ကြောင့်ပင် သူသည် လူအများအပြားကို စိတ်ဆိုးအောင်လုပ်ခဲ့သည်။
သူကပြောင်းလဲချင်စိတ် မရှိသည်မဟုတ်၊ သို့သော်... တကယ်ကို မပြောင်းလဲနိုင်ခဲ့ပေ။
"ဆရာကြီး၊ အိမ်ရှေ့စံမင်းသားရဲ့ လက်က ကောင်းပါတယ်။ သူ့ရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှုမရှိပါဘူး။ သူ့ရဲ့ ညာဘက်လက်နဲ့ ကိုယ်ခံပညာလေ့ကျင့်ဖို့ မကောင်းတာပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ လူတိုင်း ကိုယ်ခံပညာကို သင်ယူဖို့ မလိုအပ်ပါဘူး" ဟု ရှဲ့ချောင်က ရှင်းပြသည်။
မော့လင်းကျစ်သည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ကိစ္စမရှိပါဘူး။ ခင်ဗျားအကြောင်းကို ကျွန်တော် အရင်ကတည်းက ကြားဖူးပါတယ်။ ဆရာကြီးက ပွင့်လင်းရိုးသားတဲ့သူတစ်ယောက်ပါ။ အကယ်၍ လူတိုင်းက ကျို့ဝေ့ကျုံးလိုပဲ ကျွန်တော့်ကို အမြဲတမ်း သတိထားနေမယ်ဆိုရင် ပျင်းစရာကောင်းနေမှာ" ကျောက်ရွှမ်ကျင်း သူ့ညာလက်အား မြှောက်ပြကာ ရယ်မောပြောဆိုလိုက်၏။
••••••
အခန်း ၁၁၅၁။ နဂါးသတ်လက်နက်
မော့လင်းကျစ်က တခြားအရာတစ်ခုကို မြင်လိုက်ရ၏။
အိမ်ရှေ့စံမင်းသားသည် မစွမ်းမသန်ဖြစ်မည့်ပုံမပေါ်ပေ။ နဂါးစွမ်းအင်သည် အတော်လေးအားကောင်းပုံရသည်။ သို့သော်... မှေးမှိန်စွာ စိမ့်ထွက်နေ၏။
သို့သော်လည်း အလွန်အကျွံ ယိုစိမ့်မှုမရှိခဲ့ပေ။ ၎င်းသည် မည်သို့ထိခိုက်ခဲ့သနည်း။
မော့လင်းကျစ်သည် ယခင်က အိမ်ရှေ့စံမင်းသား၏ နဂါးစွမ်းအင်သည် ဤမျှအားမကောင်းခဲ့သည်ကို မသိခဲ့ပေ။ ထိုကိစ္စမှာ ရှဲ့ချောင်သည် အလွန်အားကောင်းနေခြင်းကြောင့်လည်း ဖြစ်သည်။ ရှဲ့ချောင်သည် အိမ်ရှေ့စံမင်းသားနှင့် အတူတူရှိနေပြီးကတည်းက သူ့အတွက် ကောင်းမှုကုသိုလ်များစွာကို မကြာခဏပြုလုပ်ပေးခဲ့သည်။ သူမ ကိုယ်တိုင် နတ်ဘုရားများအား နံ့သာပေါင်းပူဇော်ပြီး ကျောက်ရွှမ်ကျင်း၏ နာမည်ဖြင့်လည်း ပူဇော်ပေးခဲ့သည်။
ထိုသို့ကြာလာသောအခါ နဂါးစွမ်းအင်သည် သဘာဝအတိုင်း ပြန်ပြည့်လာ၏။
ထို့အပြင် ရှဲ့ချောင်သည် သူ့အား အဆောင်များစွာ ပေးထားရာ ၎င်းတို့သည်လည်း "စွမ်းအင်စိမ့်ထွက်ခြင်း" အခြေအနေကို ထိန်းချုပ်ထားသည်။
“အိမ်ရှေ့စံမင်းသား၊ အရင်က မကောင်းဆိုးဝါးစွမ်းအင် အများကြီးရှိတဲ့ တစ်ခုခုနဲ့ ထိတွေ့ဖူးလား။ ကျွန်တော်အရင်က အရာတစ်ခုကို မြင်ခဲ့ရဖူးတယ်။ အဲဒါရဲ့ မကောင်းဆိုးဝါးစွမ်းအင်က အတော်လေးကို ပြင်းထန်တယ်...” မော့လင်းကျစ်သည် ခဏတာစဉ်းစားပြီးနောက်တွင် နောက်ဆုံး၌ လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်၏။ “မင်းသားလေး အဲဒါကို မထိတွေ့ခဲ့ဖူးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒီ ဆင်းရဲသားဆရာက စပ်စုတဲ့အနေနဲ့ မေးကြည့်ရုံသက်သက်ပါ”
ရှဲ့ချောင်သည် ထိုစကားကိုကြားသောအခါ နားစွင့်လိုက်ပြီး စိတ်ဝင်စားသွားသည်။ “ဆရာကြီး၊ ဘယ်လိုအရာမျိုးက နဂါးသွေးကြောရဲ့ စွမ်းအင်ကို ခြိမ်းခြောက်နိုင်တာလဲ။ အိမ်ရှေ့စံမင်းသားက ဧကရာဇ်မင်းရဲ့ သားတော်အရင်းဖြစ်ပြီး ဧကရာဇ်မင်းကလည်း သူ့ကို ဦးစားပေးတယ်၊ အသက်တစ်ဆယ့်နှစ်နှစ်မတိုင်ခင်အထိ အရာရာတိုင်းအဆင်ပြေပြေနဲ့ ခရီးတွင်ခဲ့တယ်၊ ယုတ္တိရှိရှိ စဉ်းစားရင် ဒီနဂါးစွမ်းအင်က အများကြီးအားကောင်းသင့်တယ်လေ...”
“နဂါးသွေးကြောကို ခြိမ်းခြောက်နိုင်တဲ့အရာက သိပ်မရှိပါဘူး။ ဒါပေမဲ့ နဂါးစွမ်းအင်ကတော့ ထိခိုက်ဖို့ ပိုပြီးလွယ်ပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ကျွန်တော်မြို့တော်ကို ရောက်လာခဲ့တုန်းက နဂါးသတ်လက်နက်လို့ ခေါ်တဲ့ အရာတစ်ခုကို မြင်ခဲ့ရတယ်”
“နဂါးသတ်လက်နက်လား” ဤအမည်ကိုကြားသောအခါ မကောင်းဆိုးဝါးစွမ်းအင်က အားကောင်းပုံပင်?
ကျောက်ရွှမ်ကျင်းသည်လည်း စိတ်ဝင်စားသွားသဖြင့် ထိုင်ပြီး သေချာနားထောင်နေ၏။
သို့သော်လည်း မော့လင်းကျစ်၏ ခန္ဓာကိုယ်မှ မသိမသာနံနေသော အနံ့ဆိုးသည် လူများကို လုံးဝအသက်အောင့်ထားစေသည်။ ၎င်းကို မခံမရပ်နိုင်အောင် ဖြစ်၏။
“ဒါက လူတွေကို ကြောက်အောင်ပေးထားတဲ့ နာမည်သက်သက်ပါပဲ။ တကယ်တမ်းမှာတော့ အရင်ခေတ်က ဧကရာဇ်မင်းရဲ့ ကျောရိုးတွေနဲ့ လုပ်ထားတာပါ။ အရိုးတွေကို ပွတ်တိုက်ပြီး တစ်ခုချင်းစီ ဆက်ထားတာ နောက်ဆုံးမှာတော့ တုတ်ချောင်းနဲ့တူပေမဲ့ တုတ်ချောင်းလည်း မဟုတ်ဘူး၊ ကျည်ပွေ့နဲ့ တူပေမဲ့လည်း ကျည်ပွေ့လည်း မဟုတ်တဲ့ အရာတစ်ခုဖြစ်လာခဲ့တာပါပဲ။ ဒီမင်းဆက်နှစ်ခုရဲ့ စွမ်းအင်တွေက ထိပ်တိုက်တွေ့ပြီး အချင်းချင်းရန်သူဖြစ်ဖို့ မွေးဖွားလာကြတာပါ။ အဲဒီအရာကို လုပ်ပြီးရင်တော့ တကယ့်ကို နဂါးတွေကို သတ်နိုင်တဲ့ အရာတစ်ခုအဖြစ် ဖန်တီးလို့ရတယ်။ ဒါပေမဲ့ အဲလိုလုပ်ဖို့က မလွယ်ပါဘူး။ ကံကြမ္မာရဲ့ဝန်ထုပ်ဝန်ပိုးကြီးပါ ” ဟု မော့လင်းကျစ်က ထပ်ပြော၏။
သူသည် ထိုအချိန်ကလည်း ၎င်းအရာကို သေသေချာချာ ကပ်ကြည့်ခဲ့သေးသည်။
တာအိုအစည်းအဝေးပွဲတွင် အဆောင်များနှင့် ကျမ်းဂန်အချို့အပြင် လူတိုင်းသည် အစွမ်းထက်သော တာအိုပစ္စည်းများကိုလည်း ယူဆောင်လာပြီး ယှဉ်ပြိုင်ကြ၏။ ထိုပုဂ္ဂိုလ်သည် နဂါးသတ်လက်နက်ကို ပြသခဲ့ပြီး ထိုသို့သောအမည်ကို ပေးထားခဲ့သည်။ သို့သော်လည်း နဂါးသတ်လက်နက်မှာ ပြင်းထန်သော မကောင်းဆိုးဝါးစွမ်းအင်ရှိသော်လည်း ၎င်း၏စွမ်းအားက မကြီးမားပေ။ ၎င်းသည် သွေးကိုတစ်ခါမှ မမြင်ဖူးသည့် စက္ကူကျားတစ်ကောင်သာ ဖြစ်သည်။
သွေးကို တစ်ခါမှမမြင်ဖူးသောကြောင့် လူတိုင်းကြည့်ရှုနိုင်ရန် ၎င်းကို ထုတ်ယူလာနိုင်ခြင်းပင်။
သူသည် အိမ်ရှေ့စံမင်းသားကို မြင်သောအခါမှသာ ထိုပစ္စည်းကို သတိရ၏။
၎င်းသည် နောက်ပိုင်းမှ စွမ်းအားတိုးလာပြီး အသုံးပြုရန် အသင့်တော်ဆုံးဖြစ်နိုင်သည်ဟု သူ သံသယရှိခဲ့သည်။
“ဆရာ၊ ဒီ နဂါးသတ်လက်နက်ကို ဘယ်သူပိုင်တာလဲ၊ ဘယ်လိုစရိုက်မျိုးရှိတာလဲ၊ အိမ်ရှေ့စံမင်းသားရဲ့ နဂါးစွမ်းအင်ယိုစိမ့်မှုအတွက် အကြောင်းရင်းကို ကျွန်မတို့နှစ်ယောက် စုံစမ်းနေပါတယ်...” ရှဲ့ချောင်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်ဟု ခံစားရ၏။
နဂါးစွမ်းအင်ကို စားသုံးနိုင်သော အရာတစ်ခုကို ရှာတွေ့ရန် တကယ်ပင် ရှားပါးသည်။
အထူးသဖြင့် အိမ်ရှေ့စံမင်းသား၏ နဂါးစွမ်းအင်သည် ယခင်က အလွန်အားကောင်းခဲ့သဖြင့် သူသည် နောင်တစ်ချိန်တွင် ဧကရာဇ်မင်းဖြစ်လာရန် ကံကြမ္မာပါလာသည်ဟု ပြောနိုင်သည်။ နဂါးစွမ်းအင်ကို အတင်းအကျပ် ခိုးယူခြင်း၏ အဖိုးအခသည် ပုံမှန်မဟုတ်ပေ။
ထိုသို့သော နဂါးသတ်လက်နက်အကြောင်း ကြားရသည်မှာ ရှားပါးသဖြင့် ရှဲ့ချောင်သည် သဘာဝ
အတိုင်း ထိုအကြောင်းကို မေးခဲ့၏။
“ဒီလူလား” မော့လင်းကျစ် ခဏစဉ်းစားလိုက်သည်။ “အဲဒီ တာအိုဆရာကြီးရဲ့ နာမည်ကို ငါ တကယ်မမှတ်မိတော့ဘူး၊ အချိန်အတော်ကြာခဲ့ပါပြီ၊ ပြီးတော့ အဲဒီလူက တစ်ခါပဲပေါ်လာဖူးတယ်၊ သူထုတ်လာတဲ့အရာက ရှားပါးပေမဲ့ သူဘာထူးထူးခြားခြားမှ လုပ်ခဲ့တာမရှိဘူး”
ထိုအချိန်က သူသည် လူများစွာကို ပြစ်မှားခဲ့သော်လည်း ထိုပုဂ္ဂိုလ်ကိုမူ ပြစ်မှားခဲ့ခြင်းမရှိပေ။
မည်သို့ပင်ဆိုစေ ဧကရာဇ်မင်း၏ အရိုးများသည် အမှန်ပင် ရှားပါး၏။ သူသည် ၎င်းကို မထီမဲ့မြင်ပြုခြင်း၊ အလွဲသုံးစားလုပ်ခြင်းမျိုး မလုပ်လိုပေ။
ရှဲ့ချောင်သည် နှမြောမိသည်ဟု ခံစားရသော်လည်း သူ့ဆရာကြီးသည် သူမကို လိမ်ညာမည်မဟုတ်။ ယခုအချိန်တွင် ပြဿနာ၏အမြစ်ကို ဖော်ထုတ်ရန် အသုံးမဝင်တော့ပေ။
•••••
အခန်း ၁၁၅၂။ ကောင်းမွန်သော ရတနာတစ်ပါး
ထိုလူသုံးယောက်သည် နေ့စဉ်ဘဝအကြောင်းများကို ပြောဆိုခဲ့ကြသည်။ သေချာသည်မှာ ရှဲ့ချောင်သည် အဓိကပြောဆိုသူဖြစ်၏။
သူမ ရွှေယွဲ့တာအိုဘုရားကျောင်းမှ ထွက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို ဆရာကြီးအား ပြောပြခဲ့၏။ မော့လင်းကျစ်သည် ထိုအကြောင်းအရာများကို ကြားသောအခါ စိတ်သက်သာရာရသွားခဲ့သည်။
“ဒီတစ်ခါ မင်းကိုတွေ့တော့ မင်းအလုပ်များနေမှန်း ငါသိပါတယ်၊ မင်းထွက်သွားတုန်းကထက် အများကြီး ပိုကြည့်ကောင်းလာတယ်၊ ဒီလိုဖြစ်လာမယ်ဆိုတာသာ ငါသိခဲ့ရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက မင်းကို ထွက်သွားခိုင်းပြီး မင်းဘာသာမင်း သွားခိုင်းလိုက်မှာ၊ အခုဆိုရင် မင်းကိုယ်ခံပညာတွေတောင် လေ့ကျင့်နိုင်လောက်ပြီ” ဟု မော့လင်းကျစ်က ထပ်ပြောခဲ့သည်။
ဤစကားများသည် စကားလုံးသက်သက်သာ ဖြစ်၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ရှဲ့ချောင်သည် မကြာခဏဆိုသလို သတိလစ်နေတတ်ပြီး အဝေးသို့ မသွားနိုင်ခဲ့ပေ။ သူမသည် ရွှေယွဲ့တာအိုဘုရားကျောင်းအနီးရှိ မြို့ငယ်လေးအနီးတစ်ဝိုက်တွင်သာ လှည့်လည်သွားလာနိုင်ခဲ့သည်။
ရှဲ့နျိုရှန်းက တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်သောအခါ မော့လင်းကျစ်သည် ရှဲ့ချောင် သတိလစ်သည့် အကြိမ်အရေအတွက် အများကြီး လျော့နည်းသွားသည်ကို သိလိုက်ရသည်။ ထို့ကြောင့်သာ သူမကို သွားခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူမကို မြို့တော်ကဲ့သို့သော လူစည်ကားရာနေရာသို့ ဝေးလံစွာ သွားခွင့်ပြုရဲမည် မဟုတ်ပေ။
ကျောက်ရွှမ်ကျင်းသည်လည်း ထိုအရာကို တွေ့ခဲ့၏။
မော့လင်းကျစ်၏ စကားများသည် နှစ်လိုဖွယ်မရှိသော်လည်း သူသည် တကယ်ကို အရည်အချင်းရှိသူ ဖြစ်သည်။
ထို့အပြင် သူသည် ရှဲ့ချောင်၏ ဖခင်အရင်းဖြစ်သူ ရှဲ့နျိုရှန်းထက်ပင် ရှဲ့ချောင်ကို ပို၍ ချစ်ခင်မြတ်နိုးပုံရ၏။
သူသည် လက်နှင့်လည်ပင်းမှ အရာဝတ္ထုတစ်ခုကိုပင် ထုတ်ယူခဲ့သည်။ ထိုအရာသည် ညစ်ပတ်နေပြီး ဖုန်မှုန့်များစွာပေနေ၏။ ၎င်းသည် မည်သည့်အရာဖြစ်သည်ကို မပြောနိုင်သော်လည်း သူက ထိုအရာကို ရှဲ့ချောင်အား ပျော်ရွှင်စွာ ပေးလိုက်သည်။
မော့လင်းကျစ်၏ ကလိမ်ကကျစ်ကျသော မျက်လုံးများသည် အတော်ပင် တောက်ပနေခဲ့သည်။
“ဒါက ငါလမ်းမှာရလာတဲ့ အဖိုးတန်ပစ္စည်းကောင်းတစ်ခုပဲ။ သေချာထိန်းသိမ်းထား”
ရှဲ့ချောင်က အံ့အားသင့်စွာဖြင့် ထိုအရာကို ယူလိုက်သည်။ သူမသည် ၎င်းကို သုတ်လိုက်ပြီး ကြည့်လိုက်၏။ ထို့နောက် သူမအံ့ဩတုန်လှုပ်စွာဖြင့် “ဆရာကြီး၊ ဒါ... ဓါတ်တော်လုံးလား”
“ဟုတ်တယ်၊ အဲ့ဒါက ဘုန်းကြီးတစ်ပါးရဲ့ ဓါတ်တော်လုံးပဲ။ ဒီကိုလာတဲ့လမ်းမှာ ငါဘုရားကျောင်းတစ်ခုကိုတွေ့တော့ အဲ့ဒီထဲကိုဝင်ပြီး သူတို့နဲ့တိုက်ခိုက်လိုက်တာ၊ မတော်တဆနဲ့ သူတို့ရဲ့ ဘိုးဘေးကို ငါအနိုင်ရလိုက်တာပေါ့။ ကြည့်ပါဦး၊ ပုတီးစေ့လေးတွေက သပ်သပ်ရပ်ရပ်လေး၊ ငါသေချာတိုက်ချွတ်ထားတာ၊ အဲ့ဒါကို ဘုရားစင်ပေါ်မှာတင်ပြီး သေချာစောင့်ရှောက်ထားခဲ့သေးတယ်၊ နေ့တိုင်းလည်း ငါအဲ့ဒါကို ကိုင်ပြီး ကျမ်းစာအုပ်တွေ အကြိမ်ပေါင်းများစွာ ဖတ်ခဲ့သေးတယ်၊ ဒါကြောင့်လည်း အရမ်းချောမွတ်နေတာ၊ မင်းဒါကို မင်းနဲ့အတူ ယူသွားလို့ရတယ် ဒါမှမဟုတ် မင်းမိသားစုကို ပေးလို့လည်းရတယ်” ဟု မော့လင်းကျစ်သည် စိတ်လှုပ်ရှားစွာ ရှင်းပြသည်။
ရှဲ့ချောင်က ထိုအရာကို ထိလိုက်သောအခါ အနည်းငယ် ပူနေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ သူမက ၎င်းကို ထိမိသွားခဲ့သည်။
ရှဲ့ချောင် ခေါင်းကိုက်သွားခဲ့သည်။
ကျောက်ရွှမ်ကျင်းက ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ သူဓါတ်တော်လုံးကို ကြည့်လိုက်ပြီး သက်ပြင်းချမိ၏။
မည်သည့်ဘုရားကျောင်းသည် ဤမျှကံမကောင်းခဲ့သည်ကို သူ မသိပေ...
မော့လင်းကျစ် အဖိုးတန်သည်ဟု ယူဆသော ဓာတ်တော်လုံးသည် သာမန်ဘုန်းကြီးတစ်ပါး၏ ဓာတ်တော်လုံးဖြစ်မည် မဟုတ်ပေ။ ၎င်းသည် နာမည်ကြီး ဘုန်းတော်ကြီးတစ်ပါးပင် ဖြစ်နိုင်သည်။
သူသည် ဓာတ်တော်လုံးကို အနိုင်ရပြီးသားဖြစ်၏။ သူမသာ လက်မခံပါက ဆရာကြီးသည် စိတ်မကောင်းဖြစ်သွားလိမ့်မည်။ ရှဲ့ချောင်သည် သဘောတူပြီး ခေါင်းညိတ်လိုက်ရုံသာ ရှိတော့သည်။ “ဆရာ၊ နောက်တခါဆိုရင် ဆရာ့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ကျွန်မယုံတော့မှာ မဟုတ်ဘူး။ ဆရာက အရက်၊ ကာမ၊ မာန်မာနနဲ့ လောင်းကစားတွေကနေ ရှောင်ကြဉ်ရမယ့် စည်းကမ်းတွေကို တစ်ခုမှ မလိုက်နာဘူး”
“မင်းအတွက် ကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ငါဟောကိန်းမထုတ်ခဲ့ဘူးလား၊ ငါက မင်းကို အမွေပေးချင်လို့ပါ...” မော့လင်းကျစ်သည် လုံးဝ ဂရုမစိုက်ဘဲ “ငါက အရွယ်အိုနေပြီ၊ ငါအမှားအနည်းငယ် လုပ်တာက ကိစ္စမရှိဘူး၊ ငါ့ဘဝမှာ ငါ့ပိုက်ဆံတွေကို ထိန်းသိမ်းထားလို့မရဘူး၊ ငါအမြဲတမ်း အရိုက်ခံရတယ်၊ အဲ့ဒီကံကြမ္မာ အားလုံးကို ငါပြန်ဆပ်ပြီးပြီ၊ ဒီဓာတ်တော်လုံးကိုလည်း သူများတွေက ငါ့ကို ဆန္ဒအလျောက် ပေးခဲ့တာပါ။ သူတို့က သူတို့ရဲ့ ဘိုးဘေးကို ဆုံးရှုံးခဲ့တာဆို
တော့ ငါ့ကို ဘယ်လိုများ အပြစ်တင်နိုင်မှာလဲ။ သူတို့ရဲ့ဘိုးဘေးက ငါ့ကို အပြစ်တင်ချင်တယ်ဆိုရင်တောင် သူ့ရဲ့ မျှော်လင့်ချက်တွေအတိုင်း မလုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ မြေးတွေကိုဘဲ အပြစ်တင်နိုင်မှာ”
ရှဲ့ချောင်သည် ပြောစရာစကားမရှိတော့ပေ။
သူမသည် ထပ်ခါတလဲလဲ သက်ပြင်းချနိုင်ရုံသာ ရှိ၏။
“ဒါက ကောင်းတဲ့အရာပဲ။ မင်းက အဲဒီကံကြမ္မာနဲ့ မွေးဖွားလာတာဆိုတော့ မင်းဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီရတနာနဲ့ဆိုရင်တော့ အရာရာတိုင်းက ပြောင်းလဲသွားလိမ့်မယ်” မော့လင်းကျစ်က ထပ်ပြောသည်။
သူမ၏ မိသားစုအတွက် သေစေနိုင်သည့် ကံကြမ္မာကို ကောင်းမွန်သော ရတနာတစ်ပါးဖြင့် ဖိနှိပ်နိုင်၏။
ဤအရာကို ကောင်းမွန်သောရတနာအဖြစ် သတ်မှတ်နိုင်သည်။
ရှဲ့နျိုရှန်းမှာလည်း ငယ်တော့သည်မဟုတ်ပေ။ သူသည် မတော်တဆသေဆုံးခဲ့လျှင်တောင် အရေးမကြီးပေ။ ၎င်းက မဟုတ်ပေ။
ထို့အပြင် အဆောင်များ၏ အကာအကွယ်ဖြင့် ၎င်းတို့သည် အချိန်အကြာကြီး အတူမနေသရွေ့ အခြားဆွေမျိုးများကလည်း ပြဿနာဖြစ်မည်မဟုတ်ပေ။
သူမြို့တော်သို့ ရောက်ပြီး ဤမိန်းကလေးသည် လက်ထပ်ပြီးသည်ကို သိလိုက်ရသောအခါ ဤအရာသည် သူမအတွက် အသင့်တော်ဆုံး ဖြစ်သည်ဟု ခံစားရသည်။ သူမ မတော်တဆ ကလေးတစ်ယောက် ရလာခဲ့လျှင်လည်း ထိုကလေးကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
••••••