အခန်း (၁၁၆၅-၁၁၆၈)
Vol. 60 Ch. 1165-1168
အခန်း ၁၁၆၅။ စုံစမ်းစစ်ဆေးခြင်း
ရှဲ့ဖင်းကန်းမှာ စိတ်ထိခိုက်သွားရ၏။ သူ၏ ညီအရင်းသာဆိုပါက တစ်ချက်လောက်ရိုက်ပစ်ပြီးနေလောက်လေပြီ။
သူ့အား မကူညီလောက်ပေလော။
ရှဲ့ချောင်နှင့် မျက်နှာချင်းဆိုင်နေရချိန်တွင်မူ သူ၏နှလုံးသားမှာ အနည်းငယ်နူးညံ့သွားရစမြဲ။
သူ အံကြိတ်လျက် ခေါင်းညိတ်လိုက်သည်။
“ကျုပ်မှာ ပိုက်ဆံမရှိဘူး၊ ကျုပ်ကိုသာ ပိုက်ဆံလုံလုံလောက်လောက်ပေးထားမယ်ဆိုရင်တော့ အဲဒီကလေးတွေကို ကျုပ်ရဲ့သားအရင်းလို ပြုစုပျိုးထောင်ပေးမယ်၊ အဆင်ပြေလား”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။
သူမ၏ ဤအစ်ကိုကြီးသည် ကြမ်းကြုတ်သူဖြစ်ကာ ကြောက်စရာကောင်းသောဂုဏ်သတင်းရှိ၏။ နောက်တစ်ချိန်တွင် သူသည် ထိုကလေးများနှင့်ထိတွေ့ဆက်ဆံရမည်။ မိဘမရှိတော့ကြသော ဤကလေးများအား မည်သူမျှ အနိုင်ကျင့်ရဲမည်မဟုတ်မှာ ကျိန်းသေပင်။ သူတို့အား ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရန်အတွက် ကိုယ်ခံပညာသင်ပေးလျှင် ပို၍ပင်ကောင်းလေသည်။
ရှဲ့ဖင်းကန်းအား လာရှာရခြင်းအကြောင်းမှာ သူမအစ်ကိုကြီး၏ ကံကြမ္မာသည် ကောင်းနေခြင်းမဟုတ်၍ပင်။
သူသည် တင်းကျပ်လွန်း၏။ သူသာ ကလေးအနည်းငယ်အား ပျိုးထောင်ပေးသော် ၎င်းသည် သူ့အတွက် အကျိုးရှိလိမ့်မည်ဖြစ်သည်။
အထီးကျန်ကံကြမ္မာသည် ပြောင်းလဲနိုင်သည့်အတွက် သူ့အနေဖြင့် ဖြည်းဖြည်းမှန်မှန်နှင့် သည်းခံပြီး ပျောက်ကွယ်သွားချိန်အထိ စောင့်ရန်သာလိုပေသည်။
ထိုမျှမက သူအသက်ကြီးလာသည်နှင့်အမျှ စိုးရိမ်ကြောင့်ကြစိတ်နည်းပြီး စိတ်လက်မာန်ပါလုပ်တတ်ခြင်းလည်း နည်းလာလိမ့်မည်။
သူ၏ ဒေါသအား တဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်လျှင် သူ၏ ကံကြမ္မာသည်လည်း အလိုလို ပျော့ပြောင်းလာလိမ့်မည်။
ရှဲ့ဖင်းကန်း၏ မျက်နှာသည် တည်ငြိမ်နေကာ သက်ပြင်းချလိုက်၏။
“မကျန်းမာတဲ့အချိန်ကျရင် အဲဒီရွှေတွေအကုန်လုံးကို နှမြောနေမိမှာလား၊ တခြားသူရဲ့ ကလေးကိုပျိုးထောင်တာက ကိုယ့်ကလေးနဲ့ယှဉ်လို့ရမှာတဲ့လား, ကျုပ်က တူလေးကိုစောင့်ရှောက်ပေးဖို့ ပြင်ဆင်…”
ရှဲ့ဖင်းကန်းသည် သူမအား တိုက်တွန်းနေစဉ် အိမ်ရှေ့စံမင်းသား၏ အကြည့်အား ခံစားမိသောအခါ သူ၏စကားလုံးအား ရုတ်တရက်ပြောင်းလဲလိုက်သည်။
“ကျုပ်ညီမကို ပိုကြိုးစားဖို့ပြောပေးပါ.. “
ရှဲ့ချောင်သည် သူ့အား ပြောစရာစကားမဲ့စွာဖြင့် စိုက်ကြည့်နေမိလေသည်။
ကံကောင်းစွာဖြင့် သူ့စကားအားပြန်ထိန်းလိုက်နိုင်၍သာ။သူသာ လျှို့ဝှက်ချက်အားထုတ်ပြောမိသော် သူမခန္ဓာကိုယ်ပေါ်ရှိ အဆောင်စာရွက်အားလုံးအား ဖယ်၍ သူ့အား သတ်ပစ်ပြီးနေလောက်လေပြီ။
သူတို့စကားပြောနေစဉ်ပင် အနက်ရောင်ဝတ်စုံနှင့်လူအား ချည်ထားသော ရေပြစ်ဒဏ်ပေးရာနေရာဆီရောက်လာခဲ့ကြသည်။
ဤနေရာသည်… မှောင်မည်းကာ စိုစွတ်နေရုံသာမက
မြွေ၊ အင်းစက်နှင့် ကြွက်များစွာ ရှိလောက်၏။ ဤနေရာအား ကြည့်ရုံဖြင့်ပင် ကြက်သီးမွေးညင်းများ ထစေလေသည်။
ရှဲ့ချောင်၌ သေဆုံးသွားသောစစ်သည်များအတွက် ကရုဏာသက်နေရန် အချိန်မရှိ။ ဤကဲ့သို့သောမင်းဆက်မျိုးတွင် ရာထူးဂုဏ်သိမ်အဆင့်အတန်းများမှာ တင်းကျပ်လွန်း၏။ အချို့သူများသည် အသက်ကိုဝယ်နေကြစဉ် အချို့က သူတို့၏အသက်ကို ရောင်းစားနေကြလေသည်။ တာအိုဆရာမတစ်ယောက်အနေဖြင့် ၎င်းအား သူမ ဘာမှမလုပ်ပေးနိုင်ချေ။
ထို့အပြင် ဤလူများသည် သူမနှင့် အိမ်ရှေ့စံမင်းသားတို့အား သတ်ပစ်လုနီးနီးဖြစ်ခဲ့၏။
“ဘယ်လိုလဲ၊ တစ်ခုခုတွေ့လား”
ရှဲ့ဖင်းကန်းသည် စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။
ကျောက်ရွှမ်ကျင်းသည်လည်း ဘေးဘက်တွင်ရပ်နေ၏။ ကြီးမားလှသော လူသားသဏ္ဌာန် တိုင်လုံးကြီးနှစ်လုံးက ရှဲ့ချောင်အား စိတ်သက်သာရာရစေလေသည်။ သူမအရှေ့တွင် လွင့်မြောနေသော မကောင်းဆိုးဝါးဝိဉာဉ်ကိုလည်း ကြောက်စိတ်လျော့သွားခဲ့သည်။
မှုခင်းစီရင်ရေးဌာနရှိ မကောင်းဆိုးဝါးဝိဉာဉ်များသည် အခြားသောနေရာများထက် ပို၍ကြောက်စရာကောင်းလှသည်။
သူတို့၏ ပုံပန်းသွင်ပြင်များနှင့် မကျေမနပ်ချက်များက ထိတ်လန့်ဖွယ်ရာပင်။
“မြင်တော့မြင်ရပေမဲ့… မကောင်းဆိုးဝါးဝိဉာဉ်တွေက အများကြီးဆိုတော့ ခွဲခြားဖို့လိုသေးတယ်”
ရှဲ့ချောင်သည် သူတို့အား စောင့်ရန်လက်ဟန်ပြလိုက်သည်။
ဤနေရာရှိ မကောင်းဆိုးဝါးဝိဉာဉ်အားလုံးသည် အင်မတန်ရိုင်းလှ၏။
မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ရှိနေကြောင်းအား သတိပြုမိရန် မခက်ခဲလှ။ အခြားသောအကောင်များနှင့် အလွန်ကွဲပြားပေ၏။ ၎င်းသည် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေကာ မျက်လုံးများသည် ကြက်သေသေနေ၏။ သူသည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားထဲမှ တစ်ယောက်နောက်သို့ လိုက်နေသည်။
ရှဲ့ချောင်သည် ထိုလူအား လက်ညှိုးထိုးပြကာ ခေါ်လာရန်အတွက် ရှဲ့ဖင်းကန်းအားခိုင်းလိုက်၏။
ဤဝတ်ရုံနက်နှင့်လူသည် အသက်မျှင်မျှင်သာရှုတော့သည့်အထိ နှိပ်စက်ခံထားရပြီးနေလေပြီ။ သူသည် လူသေတစ်ယောက်နီးနီးပင်။ ရှဲ့ချောင်သည် ထိုလူအား မြင်သောအခါ ထိတ်လန့်သွားရသည်။
အပြင်လောကရှိလူများ မှုခင်းစီရင်ရေးဌာနနာမည်ကြားသည်နှင့် တုန်လှုပ်နေကြသည်မှာ မထူးဆန်းတော့ပေ….
ဤနေရာသို့ ဝင်လာချိန်တွင် သူ့၌ အကောင်းတိုင်းကျန်သော အသားရေမရှိတော့။ သို့သော် မှုခင်းစီရင်ရေးဌာနသည် သာမန်ပြစ်မှုများအား ဂရုစိုက်လေ့မရှိ။ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရသော ရာဇဝတ်သားများမှာ ဥပဒေငြိစွန်းသူများသာ ဖြစ်သဖြင့် သနားစရာမကောင်းပေ။
ရှဲ့ချောင်မှာ ဤရေပြစ်ဒဏ်စင်၌ အသက်မရှုနိုင်လုနီးနီးပင်။
အိမ်ရှေ့စံမင်းသားနှင့် ရှဲ့ဖင်းကန်းတို့အတွက်မူ ဤနေရာရှိ အနံ့သက်မှာ အနည်းငယ်ဆိုးနေရုံသာ ခံစားရသော်လည်း သူမအတွက်မူ မတူညီပေ။ သူမ၏ မျက်စိရှေ့တွင် ထိုမသန့်ရှင်းသော
မကောင်းဆိုးဝါးဝိဥာဥ်တို့ရှိနေပေသည်။ အသက်တစ်ချက်ရှုလိုက်သည်နှင့် သူမခန္ဓာကိုယ်ထဲသို့ ဝင်လာကြတော့မည့်အလား။
ဤနေရာရှိ အမှုထမ်းများနှင့် အကျဥ်းသားများအား အမှုထမ်းများ၏ သမာဓိဖြင့် ကာကွယ်ထားသည်။ သူတို့အတွက် အသက်များစွာရှုလည်း အဆင်ပြေသော်ငြား ထိုအကျဥ်းသားများအတွက်မူ ကွာခြားပေသည်။ သူတို့သည် ဤနေရာ၌ ကြာကြာနေလေ သူတို့၏ စိတ်ဝိဥာဥ်များမှာ ဆိုးလာလေပင်။ ညှင်းပန်းနှိပ်စက်ခြင်းမခံရလျှင်ပင် ဤနေရာ၌ ဆယ်ရက်မှ ရှစ်လအထိနေခဲ့သော် သူတို့၏ ခန္ဓာကိုယ်သည် အနည်းဆုံး နှစ်အနည်းငယ်အတွင်း ပြန်လည်သက်သာလာလိမ့်မည်မဟုတ်။
ကျောက်ရွှမ်ကျင်းသည် သန့်ရှင်းသော အခန်းတစ်ခု ပြင်ရန်စေခိုင်းလိုက်၏။
ထိုနေရာတွင် မည်သူမျှသေဆုံးထားခြင်းမရှိသည့်အပြင် နေအလင်းရောင်သည်လည်း လူတစ်ယောက်အား သက်တောင့်သက်သာဖြစ်စေလေသည်။
ဝတ်ရုံနက်နှင့် လူလျှင်ပင် ဤအခန်းအတွင်းသို့ဝင်လာပြီးနောက် အနည်းငယ်စိတ်ငြိမ်သွားပုံရသည်။ သနားစရာကောင်းသည့်ပုံမပေါ်တော့ချေ။
••••••
အခန်း ၁၁၆၆။ လူသတ်ခြင်း
ရှဲ့ချောင်သည် ဝတ်ရုံနက်နှင့်အမျိုးသားအား စစ်မေးနေစဥ် သတိလစ်မသွားစေရန် သူ့အတွက် ထိုင်ခုံတစ်လုံး ယူခိုင်းလိုက်၏။
သို့သော် သူမ၏ အပြုအမူများသည် ဝတ်ရုံနက်နှင့်လူအား ပို၍ပင် ထိတ်ထိတ်ပျာပျာဖြစ်သွားစေခဲ့သည်။
သူသည် အသက်လည်းမရှင်နိုင်၊ သေလည်းမသေနိုင်ဘဲ…. ပြင်းထန်လှသော အပြစ်မှုများစွာအား သည်းခံနေရသည်….ပြစ်ဒဏ်ပေးခံပြီးလျှင် သေရလောက်သည်ဟု ထင်ခဲ့သော်လည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားလိမ့်ဦးမည်ဟု မထင်ခဲ့ပေ။
သူတို့ ဘာလုပ်နေကြတာလဲ…
သူပြန်သက်သာသွားရင် ထပ်ပြီးအပြစ်ပေးဦးမလို့လား?
“မင်းနာမည် ဘယ်လိုခေါ်လဲ” ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဥာဥ်အား မေးလိုက်၏။
ဝတ်ရုံနက်နှင့်အမျိုးသားသည် ရှဲ့ချောင်သူ့ကိုမေးနေခြင်းဖြစ်လောက်သည်ဟုထင်သော်လည်း အံ့ကြိတ်ကာ မည်သည့်စကားမှမဆိုခဲ့ပေ။ မကောင်းဆိုးဝါးဝိဥာဥ်သည် ရှဲချောင် သူ့အား တန်းတန်းမတ်မတ်စိုက်ကြည့်နေပုံရကြောင်း မြင်သော်လည်း ရှဲ့ချောင်သူ့ကိုကြည့်မနေဘဲ တိတ်တဆိတ်ရေရွတ်လိုက်သည်။
“ ကျုပ်က သုန့်ယွီက ဖုအန်းခိုင်.. ကျုပ်မှာ သားနဲ့သမီးတစ်ယောက်ရှိတယ်၊ ကျုပ်သားတွေက ဖုကျန်းနဲ့ဖုချောင်...ကျုပ်သမီးက.. ဖုရော့ကျန်း…”
“ဖုအန်းခိုင်” ရှဲ့ချောင် ထပ်ပြော၍ “ဒီရှေ့ကလူက မင်းကိုသတ်ခဲ့တာလား”
ရှဲ့ချောင်၏ အသံအား ကြားလိုက်ရသည်နှင့် ဝတ်ရုံနက်နှင့်လူ၏ မျက်နှာထက်၌ ကြောက်လန့်နေသော အမူအရာများဖြစ်သွားကာ သူမအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာ၏။ သူသည် မရပ်မနားတမ်း ရုန်းကန်နေသည်မှာ လွတ်မြောက်ချင်နေသည့်အလားပင်။
ဖုအန်းခိုင်၏ ဝိဥာဥ်သည်လည်း သူမအား ထိတ်လန့်စွာဖြင့် ကြည့်နေ၏။ ရုတ်တရက်ဆိုသလို မူလ
က အသက်ရှုခြင်းပင်မရှိသော မကောင်းဆိုးဝါးဝိဥာဥ်သည် ဂနာမငြိမ်ဖြစ်သွားသည်။
“သူတို့တွေ ! သူတို့လုပ်ခဲ့တာ သူဓားနဲ့ ကျုပ်ရယ် ကျုပ်မိန်းမရယ်ကိုထိုးခဲ့တာ။ ကျုပ်တစ်မိသားစုလုံးလူကြီးရော၊ အစေခံတွေရော ကလေးတွေရော ကျုပ်သမီးလေးကလွဲလို့ အကုန်သေကုန်ပြီ! ၁၇ ယောက်တောင် သေခဲ့ရတာ! ကျုပ်အတွက် တရားမျှတမှုရှာပေးပါ!”
“၁၇ ယောက်၊ မင်းငါ့ကို အသေးစိတ်ပြောပြပါလား”
ရှဲ့ချောင်ထပ်မေးလိုက်သည်။
အတိတ်အားပြန်လည်တမ်းတခြင်းသည် နာကျင်စရာကောင်းသော်လည်း ဤဝတ်ရုံနက်နှင့်လူသည် သူ၏နာမည်အား ဂရုစိုက်သည်မှာ သိသာလှ၏။ သူ ပြောလေလေ ဝတ်ရုံနက်နှင့်လူအား အမှန်အတိုင်းထုတ်ပြောလာအောင် လုပ်လေလေပင်။
“ကျုပ်မိသားစုက တော်တော်လေးချမ်းသာတယ်၊ ကျုပ်တို့က ငါးဖယ်သမားတွေဆီကနေ ပင်လယ်စာတွေဝယ်တဲ့လုပ်ငန်းနဲ့ အသက်မွေးကြတော့ သွားလိုက်လာလိုက်လုပ်ကြတဲ့ ကုန်သည်တွေအများကြီးကိုသိတယ်၊ အဲဒီညက ကျုပ်နဲ့ကျုပ်ဇနီး စောစောအိပ်ယာတင်တဲ့ည၊ ညလယ်ခေါင်းလောက်ကျတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲအသံကိုကြားတာနဲ့ ထွက်လည်းကြည့်လိုက်ရော လူတွေကို ဓားနဲ့လိုက်သတ်နဲ့ တိရိစ္ဆာန်တစ်စုကို တွေ့လိုက်ရတယ်! ကျုပ်ရဲ့ အသက်ကြီတဲ့မိဘတွေဆို ဓားနဲ့အထိုးခံရပြီးနေပြီ၊ ကျုပ်နဲ့ ကျုပ်ဇနီးလည်း ခြံဝန်းထဲမှာပဲ အသတ်ခံလိုက်ရတာ…သေသွားပြီးနောက်ပိုင်း ကျုပ်က ဆန္ဒမရှိတာနဲ့ ခြံဝန်းထဲမှာပဲ လျှောက်ပတ်သွားနေခဲ့တာ….
“ကျုပ်မိဘတွေက ဓားနဲ့ဆယ်ချက်မကအထိုးခံခဲ့ရပြီးတော့ သားနှစ်ယောက်နဲ့ သမီးလေး.. ကျုပ်သမီးလေး ဘယ်ရောက်နေမှန်းတောင် မသိဘူး၊ ကျုပ်သားတွေကတော့….”
သူသည် ပြောနေရင်းဖြင့် မျက်ရည်များကျဆင်းလာကာ မုန်းတီးစွာဖြင့် ဆိုလာလေသည်။
“ဒီတိရိစ္ဆာန်ကောင်တွေ၊ ကျုပ်ရဲ့အငယ်ဆုံးသားလေးက ၁၇နှစ် ၁၈နှစ်လောက်ပဲရှိသေးတဲ့ကလေး၊ သူရဲ့လက်မောင်းတွေ အဖြတ်ခံလိုက်ရတယ်၊ သူခမျာ သွေးထွက်လွန်းပြီး သေသွားရတာ၊ ကျုပ်ရဲ့သားကြီးကလည်း သူတတ်နိုင်သမျှ ပြန်တိုက်ခဲ့တာပဲ၊ သူကိုသတ်ပြီး ရေတွင်းထဲတွန်းချလိုက်ကြတာ!
အစေခံတွေအကုန်လုံးလည်း အသက်ရှင်ခွင့်မရခဲ့ဘူး;”
“ကျုပ်သူတို့နောက်ကို တစ်ချိန်လုံးလိုက်နေပေမယ့် ဘာမှမလုပ်နိုင်ဘူး၊ သူတို့က လူတိုင်းကိုသတ်ပြီး ကျုပ်တစ်အိမ်လုံးကို ပိုက်စိပ်တိုက်ရှာခဲ့တယ်၊ ကျုပ်အိမ်ရဲ့ ဂိုထောင်ထဲမှာရှိတဲ့ ပုလဲတွေ၊ သန္တာတွေ ပြီးတော့ တခြားပစ္စည်းကောင်းတွေအကုန်လုံး ဓားပြတိုက်ခံလိုက်ရတာပဲ”
“ဒီတိရိစ္ဆာန်တွေက ငွေလိုချင်တယ်ဆိုလို့ ကျုပ်ပေးခဲ့တယ်လေ၊ ဘာလို့ ကျုပ်မိသားစုကိုသတ်ပစ်ပြီး ကျူပ်သမီးလေးကို ခေါ်သွားရတာလဲ”
“ဒီလူက ကျုပ်ကိုသတ်ခဲ့တဲ့သူ၊ သူ့နောက်ကို လိုက်ပေမယ့် ကျုပ်သမီးကိုမရှာနိုင်ခဲ့ဘူး..”
တကယ်ကို အဖြစ်ဆိုးလှပေ၏။
ရှဲ့ချောင်သည် သူ၏စကားများအား တစ်ခွန်းချင်းစီပြန်ပြေနေ၏။
ဝတ်ရုံနက်နှင့်အမျိူးသားမှာ နားထောင်လေလေ ပိုပြီးကြောက်ရွံ့လာပင်။
ထိုနေ့က အခြေနေအား သူအသိဆုံးပင်!
ထိုနေရာတွင် သန္တာနှင့်ပုလဲများ မည်မျှရှိနေသည်ကို အခြားသူများထက် သူပိုသိသည်!
ထိုအချိန်က သူသည် ဖုမိသားစုတစ်စုလုံးအား သုတ်သင်ရန်အတွက် သူတို့နောက်ကိုလိုက်ခဲ့သည်။ တချို့မှာ ယခင်ကတည်းက သေသွားကြပြီဖြစ်သော်လည်း တချို့မှာမူ သူတို့နောက်သို့ လုံးဝမလိုက်ကြတော့ပေ။ ဤတစ်ကြိမ် အိမ်ရှေ့စံမင်းသားအား လုပ်ကြံသည့်အခေါက်တွင် ဤကိစ္စအား အသေးစိတ်ကျကျသိသော သူတစ်ယောက်မှမရှိ။ ရက်ပေါင်းများစွာကြာပြီးသည်အထိ သူ စကားတစ်ခွန်းမှ မဟခဲ့ချေ။
ဤ-ဤပုဂ္ဂိုလ်က မည်သို့များ ထိုမျှသိနေရသနည်း?!
“ကျုပ်တောင်းပန်ပါတယ်၊ လက်စားချေဖို့ မတောင်းဆိုပါဘူး ၊ကျုပ်မိသားစုက ဒီအခြေနေတောင်ရောက်နေပြီးပဲကို၊ ကျုပ်သမီးလေး ဘယ်မှာရှိလဲပဲ သိချင်တာပါ…”
ဖုအန်းခိုင်က ဆိုလေသည်။
ဝတ်ရုံနက်နှင့်အမျိူးသားနောက်သို့ အချိန်ကြာမြင့်စွာလိုက်ခဲ့ပြီးနောက် သူ အဘယ်ကြောင့် သေခဲ့ရသည်ကို သိလောက်လေပြီ။
လက်စားချေခြင်းအရာသည် အင်မတန်ခက်ခဲလွန်းသဖြင့် တစ်ခါမှမတွေးခဲ့ဖူးပေ။
••••••
အခန်း ၁၁၆၇။ ကိုက်သည့်ခွေး မဟောင်
ရှဲ့ချောင်သည် ဤမကောင်းဆိုးဝါးဝိဉာဉ်၏ သေဆုံးရခြင်းအကြောင်းအား မေးမြန်းခဲ့ပြီဖြစ်၍ သူ၏တောင်းဆိုမှုအား သဘောတူရုံသာရှိလေသည်။
“ကျွန်မ အကောင်းဆုံးလုပ်ပေးမှာပါ၊ ဒါပေမဲ့ ဒီဝတ်ရုံနက်နဲ့လူက နှုတ်လုံလွန်းတယ်၊ သူ့ကိုစစ်မေးဖို့က လွယ်မယ်မထင်ဘူး”
ရှဲ့ချောင် ထပ်ပြောလိုက်၏
“အကောင်းဆုံးလုပ်ပေးနေတယ်ဆိုရင်ပဲ ရပါပြီ၊ ကျုပ်လို သူ့နောက်ကနေလိုက်နေပြီး စစ်မေးနိုင်တဲ့အရည်အချင်းမရှိတာနဲ့စာရင်တော့ တော်ပါသေးတယ်”
ဖုအန်းခိုင်သည် အင်မတန်အကျိုးအကြောင့်သင့်သူတစ်ယောက်ဖြစ်၏။
ထိုသို့မြင်ရသောအခါ ရှဲ့ချောင်သည် ဤလူအတွက် ပို၍ပင်စိတ်မကောင်းဖြစ်သွားရသည်။
“ဒါဆို မင်းဘာလို့ ဒုက္ခရောက်ခဲ့ရလဲဆိုတာ ပြောပြပါလား၊ ပြီးတော့ ဒီလူ့ရဲ့နောက်က သခင်ဘယ်သူလဲဆိုတာရော သိလား”
ရှဲ့ချောင် ထပ်မေးပြန်သည်။
ရှဲ့ချောင် ထိုသို့ပြောပြီးနောက် ကျောက်ရွှမ်ကျင်းသည် အေးတိအေးစက်ဆိုလာ၏။
“မင်းသားရုန် ဖြစ်နေမှာစိုးတယ်”
ရှဲ့ချောင်သည်လည်း မင်းသားရုန်အား တွေးမိသေးသည်။
မြို့တော်သည် ပင်လယ်နှင့်မနီးလှ။ ဤတစ်ကြိမ်မြို့တော်သို့ လာသူများတွင် မင်းသားရုန်တစ်ယောက်တည်းကသာ ရက်ရောသူဖြစ်၏။ ယခင်ကဆိုလျှင် သူသည် ရှဲ့မိသားစုအား အလွန်အဖိုးတန်းသော သန္တာကျောက်ကိုပင် ပေးခဲ့ဖူးသော်လည်း ၎င်းအား မင်းကြီးထံ လွှဲပြောင်းဆက်သခဲ့ပြီးလေပြီ။ သို့သော် သန္တာကျောက်အပြင် မင်းသားရုန် မြို့တော်၌ရှိနေစဉ် ပုလဲများစွာကိုလည်း ပေးခဲ့သည်ဟု ဆိုကြ၏။ မိသားစုတိုင်းအတွက် လက်ဆောင်များမှာ အင်မတန်ရက်ရောလွန်းပေသည်။
ဤပုဂ္ဂိုလ်သည် သံသယဖြစ်စရာအကောင်းပင်။
အိမ်ရှေ့စံမင်းသား၏ စကားအား ကြားပြီးနောက် ဝတ်ရုံနက်အမျိုးသား၏ မျက်နှာထက်မှာ အမူအရာသည် အရာအားလုံးကို ရှင်းပြနေလေသည်။
“ကျုပ် သူ့နောက်ကိုတစ်ချိန်လုံးလိုက်လာတာ၊ သူတခြားသူတွေနဲ့ စကားပြောတာကိုလည်း ကြားဖူးတယ်၊ အဲ့တော့မှ ကျုပ်မိသားစု ဘယ်လောက်တောင်မတရားခံခဲ့ရလဲ သိရတော့တယ်”
“လွန်ခဲ့တဲ့နှစ်နှစ်လောက်က ပင်လယ်ထွက်ပစ္စည်းတွေအများကြီးကို ကျုပ်မိသားစုရခဲ့ဖူးတယ်၊ သွေးနီရောင်သန္တာကျောက်တောင်ပါသေး.. အများကြီးပဲ၊ သကြားသီးအရွယ်အစား ပုလဲလည်းပါတယ်၊ ဒီဟာတွေက တန်ဖိုးမဖြတ်နိုင်တဲ့အရာ၊ ကျုပ်ကိုတိုင်လုပ်ထားရတဲ့အရာတွေဆိုပေမယ့် လုပ်ငန်းအသေးစားလေးတစ်ခုပဲရှိသေးတယ်၊ ကျုပ်က တစ်ဆင့်ခံလုပ်ပေးတဲ့သူကိုး၊ ပင်လယ်ထဲသွားရတဲ့ ငါးဖမ်းသမားရယ် ကျုပ်ရယ်က ပိုက်ဆံသိပ်မရဘူး…. လုပ်ငန်းကိုလည်း တခြားလူကစီစဉ်ထားတာဆိုတော့ စာချုပ်ဖျက်ပြီး မရောင်းဘဲမနေရဲဘူး”
“ဒါပေမဲ့ တစ်ရက်ကျတော့ လူတစ်ယောက်ရောက်ချလာပြီး ကျုပ်ပစ္စည်းတွေကို ယူသွားချင်တယ်လို့ ပြောလာပါလေရော၊ သူကမ်းလှမ်းတဲ့ တန်ဖိုးက တော်တော်ကိုနည်းတာ၊ အဲဒီလူရဲ့ မျက်နှာကခက်ထန်ပြီးတော့ ပြဿနာသွားမရှာသင့်တဲ့လူပုံစံပေါက်တယ်၊ ဒါပေမဲ့ ကျုပ်လည်း သူ့ကိုကလန်ကဆန်မလုပ်ရဲတာနဲ့ အမှန်အတိုင်းထုတ်ပြောလိုက်ရတာပေါ့၊ တစ်ဖက်လူက အဲဒီအချိန်တုန်းကကျ ဘာမှပြောမသွားဘဲနဲ့ ဒီလိုလုပ်ရဲမျိုးလုပ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ!”
“ကျုပ် ကြားတုန်းကဆို ဒေါသထွက်ရလွန်းလို့ ရူးမတတ်ပဲ၊ ဒါပေမဲ့ ဘာမှမတတ်နိုင်ခဲ့ဘူးလေ”
“သူတို့က လူအများကြီး၊ တစ်ခါတစ်လေ တစ်နေရာတည်းမှာ သိုင်းလေ့ကျင့်ကြပြီး လျှို့ဝှက်တာဝန်ထမ်းဆောင်တာမျိုး ရှိတတ်တယ်၊ တော်တော်များများက လူသတ်ကြတာ၊ ကျုပ်က မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ဖြစ်လာတယ်ဆိုပေမဲ့ အဲဒီလိုဟာတွေမြင်ရင် ကြောက်တုန်း”
“တစ်ခါလေးပဲ ဒီလူ့ကို သူ့သခင်ခေါ်ဖူးတာ၊ သူက အမျိုးသမီးတစ်ယောက်…”
ဖုအန်းခိုင် ထပ်ပြောလိုက်၏။
ရှဲ့ချောင်ကြားသောအခါ သူမလည်း အနည်းငယ် မသင်္ကာဖြစ်မိသွားသည်။
“အမျိုးသမီး?”
မင်းသမီးရုန်များလား။
သို့သော်ငြား မင်းသမီးရုန်၏ ပုံပန်းသွင်ပြင်မှာ ကောင်းသည်ဟုဆိုမရသော်လည်း မကောင်းသည့်စွမ်းအင်များစွာ ရှိနေပုံမပေါ်ပေ။
သွေးများစွာ စွန်းထင်စရာအကြောင်းရင်းမရှိသင့်သည် မဟုတ်လော။
“ဟုတ်တယ် အမျိုးသမီးတစ်ယောက်.၊ သူတို့က သူ့ကို မယ်မယ်လို့ခေါ်နေကြတာ… ကြင်ယာတော်တစ်ယောက်ဖြစ်မယ်ပုံပဲ၊ အဲဒီလူက တော်တော်လေး မျိုးရိုးမြင့်တာ!”
ဖုအန်းခိုင်းက အလျင်စလို ထပ်ပေါင်းပြောပြန်လေသည်။
“အဲ့တုန်းကဆို ကျုပ်မှာ လက်စားပြန်ချေချင်လိုက်တာဆိုတာ၊ အဲဒီ ကြင်ယာတော်မှာ အရမ်းအစွမ်းထက်တဲ့ အဆောင်စာရွက်ရှိမယ်မထင်ထားဘူး၊ ကျုပ် သူ့နားကိုကပ်တောင်မကပ်နိုင်ဘူး လေဘဝကိုတောင် ပြောင်းခါနီးလေး…”
တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည်လည်း ဤတစ်ကြိမ် သူနှင့်အတူ မြို့တော်သို့ ရောက်လာပုံပင်။
တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည် မျိုးရိုးမြင့်သောနောက်ခံမှ လာခံခြင်းမဟုတ်သလို၊ သူမသည် ကျန်းမာရေးလည်း မကောင်းချေ။ ထို့ကြောင့် မင်းသားရုန်ငယ်စဉ်က တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့ထံ၌ ပျိုးထောင်းခြင်းခံခဲ့ရသည်။ တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့သည် တစ်ချိန်က ရှဲ့ချောင် နန်းတော်သို့ဝင်စဉ် ပန်းပင်များအား မြေဩဇာကျွေးရန်အတွက် အရိုးမှုန့်အား အသုံးပြုခဲ့သာ လူထူးဆန်းပင်။
မင်းသားရုန်သည် ငယ်စဉ်က သူ၏မွေးမိခင်နှင့်မရင်းနှီးသော်လည်း မင်းကြီးနန်းတက်သောအခါ မင်းသားရုန်သည် အမှားတစ်ခုလုပ်လိုက်မိ၍ မြို့တော်မှာ နှင်ထုတ်ခြင်းခံခဲ့ရသည်။ သို့တိုင် သူသည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့အား ဖိတ်ကာ သူ့အားထောက်ပံ့ပေးရန်အတွက် နယ်မြေသို့ ခေါ်ခဲ့၏။
မင်းကြီးသည် ငယ်ရွယ်သေးသော သူ့အား သနား၍ သဘောတူခဲ့သည်။
အနှီပုဂ္ဂိုလ်သည် အမြဲတမ်းလိုလို ပျောက်နေသောသူတစ်ယောက်ဖြစ်၏။ မိဖုရားကြီး၏ ယောက္ခမပက်လျှင် ထိုလူအား မမှတ်မိကြဟု ခန့်မှန်းကြသည်။
မျှော်လင့်ထားသည့်အတိုင်း “ကိုက်တတ်သောခွေး မဟောင်” ဟူသော ဆိုရိုးအတိုင်းပင်။
ဤပုဂ္ဂိုလ်သည် များပြားလှသော စက်ဆုပ်ဖွယ်ရာလုပ်ရပ်အား လုပ်ခဲ့လိမ့်မည်ဟု မည်သူကများထင်မည်နည်း။
•••••••
အခန်း ၁၁၆၈၊
ကျောက်ရွှမ်ကျင်းသည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ ပုံစံအား ပြန်စဥ်းစားနေပုံရသော်ငြား သူမည်မျှစဥ်းစားနေကာမူ သူမနှင့်ပတ်သက်သော ထင်မြင်ချက်တစ်ခုမှရှိမနေခဲ့ချေ။
“သူ့ဆီမှာ အဆောင်စာရွက်တစ်ရွက်ရှိနေတာဆိုတော့ သူ့ဘေးမှာ ပညာရှင်တစ်ယောက်ယောက် ရှိနေလောက်တယ်”
ကျောက်ရွှမ်ကျင်းဆို၏။
သူ ရှဲ့ချောင်အား အနည်းငယ်စိတ်ပူမိသည်။
ဤဝတ်ရုံနက်နှင့် လူများသည် ပြဿနာကြီးကြီးမားမားမဟုတ်သော်လည်း ဤအဖြစ်အပျက်သည် အင်မတန်လျှို့ဝှက်ဆန်းကြယ်လွန်နေ၏။ သူတို့သာ နည်းလမ်းတစ်ခုခု သုံးထာပါက သူမ ကူညီနိုင်လိမ့်မည်မဟုတ်ချေ။
ရှဲ့ချောင်သည် ဖုအန်းခိုင်အား ကြည့်၍ ဆက်မေးလိုက်၏။
“မင်း ဒီလူ့နောက်ကိုလိုက်တုန်းက တစ်ခုခု မြင်လိုက်သေးလား။ သူတို့ ဘယ်လိုမကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့ကြတာလဲ”
ရှဲ့ချောင်သည် ပြောနေရင်းဖြင့် ရှဲ့ဖင်းကန်းအား အားလုံးကိုမှတ်တမ်းတင်ခိုင်းထားခဲ့သည်။
ဖုအန်းခိုင်သည် ခေတ္တခဏတွေးပြီးနောက်
“သူ လူအများကြီးကိုသတ်ခဲ့ပေမဲ့ ဘယ်သူတွေလဲတော့ ကျုပ်မသိဘူး၊ သူတို့က မင်းသားရုန်ရဲ့အပိုင်စားနယ်မြေကလူတွေ၊ တချို့ဆို ဆင်းရဲတဲ့မိသားစုကနေလာကြတာ. သူတို့ရဲ့ သမီးတွေ…သူတို့ရဲ့သမီးက အသက်ငယ်ငယ်နှင့် ချောချောလှလှလေးတွေ ဒါပေမဲ့ သူတို့ကို အတင်းဝယ်လို့မရတော့ တစ်မိသားစုလုံး ဒုက္ခခံစားရတော့တာပေါ့”
သူ၏ သမီးသည်လည်း ငယ်သေးကာ အသက် ၁၂ နှစ်သာရှိသေးသည်။
ရှဲ့ချောင်မှာ ထိုစကားကိုကြားပြီးနောက် အနည်းငယ်စိုးရိမ်သွား၏။
ဖမ်းခေါ်ခံသွားရသော အမျိုးသမီးများ၏ အဆုံးသတ်မှာ ကောင်းလေ့မရှိကြပေ။
ကျွန်များ ကိုယ်လုပ်တော်များ ဖြစ်လာာတတ်ကြပေ၏…
ပထမမင်းသမီး၏ ရောဂါသည် တောင်ဝင်ကိုယ်လုပ်တော်ဟွေ့နှင့် သက်ဆိုင်နေလိမ့်မည်ဟု ရှဲ့ချောင် သံသယရှိနေပြီးလေပြီ။ ထိုသို့ဆိုပါက တောင်ဝင်ကိုယ်လုပ်တော်ဟွေ့အနား၌ ယုတ်ညံ့သူတစ်ယောက် ရှိလိမ့်မည်။ ဤလူယုတ်မာသည် အောက်လမ်းနည်းများကို ဆောင်ရွက်သည့်အခါ
ကလေးများနှင့် အမျိုးသမီးများ၏ သွေးကို မကြာခဏဆိုသလို လိုတတ်ကြ၏…
ထိုသို့ဆိုလျှင် ဖုအန်းခိုင်၏ သမီးသည် အသက်အန္တရာယ်ရှီနိုင်ချေ အရှိဆုံးပင်။
ရှဲချောင်သည် သူ့အား မျှော်လင့်ချက်များစွာမပေးဘဲ အမှန်အတိုင်းပြောပြခဲ့၏။
ဖုအန်းခိုင် ကြားရချိန်တွင် သူ၏ဝိဥာဥ်တစ်ခုလုံး မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။ ပို၍ပင် ဖြူဖျော့ပြီး အားနည်းလာပုံရကာ အင်မတန်သနားစရာကောင်းလှပေသည်။
“ကျုပ်-ကျုပ်က အသုံးမကျဘူး၊ ကျုပ်က စီးပွားရေးလုပ်ငန်းသေးသေးလောက်လုပ်ပြီး ကျုပ်မိဘရော ဇနီးရော သားသမီးတွေကိုရော အမှုပတ်စေခဲ့တယ်.၊ အခုချိန်မှာ ကျုပ်သမီးလေးကို ရှာတွေ့ရင်တောပ ကောင်းတာပေါ့။ မရှာနိုင်ဘူးဆိုလည်း…ဆရာမ..သူရဲ့အလောင်းလေးပဲဖြစ်ဖြစ် ရှာဖို့ကြိုးစားပေးပါ.. မဟုတ်လည်း ကျုပ်သမီးကိုသတ်ခဲ့တဲ့သူကို စတေးပြီး ကောင်းကင်ဘုံဆီဆက်ပေးပါ!”
မူလ၌ သူ့တွင် လက်စားချေရန်အတွေးတစ်စက်ကလေးမျှ မရှိခဲ့ချေ။
ယခု သူ့သမီးသည် ပယောဂဆရာတစ်ယောက်ဆီမှ အသတ်ခံရနိုင်ချေကို ကြားလိုက်ရချိန်တွင်မူ…
သူ၏ ခံစားချက်သည် လုံးဝကွာခြားသွားခဲ့ချေပြီ။
သူသာ ထိုပယောဂဆရာနှင့်ပတ်သက်မိပါက သူ၏ ဝိဥာဥ်သည်ပင် ဆုံးရှုံးသွားရလောက်သည်။ သေဆုံးခြင်းသက်သက်တင်မကဘဲ…
မည်သို့များ အမျက်မကြီးဘဲနေနိုင်မည်နည်း?
ထိုအချိန် ဝတ်ရုံနက်အမျိုးသား၏ နှလုံးသားမှာ အေစက်နေပြီဖြစ်သည်။
ဤအရာသည် မည်သို့များစစ်မေးခြင်းနည်း။ ရှဲ့ချောင်သည် သူ့ကို ကြည့်ရုံသာကြည့်နေပြီး သူအတိတ်၌ပြုခဲ့သော အရာအားလုံးအား စေ့စေ့စပ်စပ် စစ်မေးပြီးနေလေပြီ!
စင်စစ် ကိစ္စများစွာသည် သူတစ်ယောက်တည်းသာ သိထားခြင်းဖြစ်သော်လည်း ယခုမူ အားလုံးပေါ်သွားလေပြီ!
သူ မည်သို့များ ဖုံးကွယ်နိုင်ဦးမည်နည်း?!
သူသည် စိတ်လှုပ်ရှားနေပုံရသော်လည်း တာအိုဆရာမသည် သူ့အားမေးခွန်းမေးမည့်ရည်ရွယ်ချက်မရှိကြောင်း မြင်ရသောအခါ ပို၍ပင် ပျာယာခတ်လာရသည်။
“ကျုပ်ဘေးမှာ….တစ်ခုခုရှိနေတာလား”
ရှဲ့ချောင်သည် ထိုစကားအား ကြားသောအခါ သရော်လိုက်၏။
“မင်းက ငါ့ကိုစစ်မေးမလို့လား ဒါမှမဟုတ် ငါကမင်းကို စစ်မေးရမှာလား”
ဝတ်ရုံနက်အမျိုးသား၏ ခြေထောက်တို့ တုန်ယင်နေလျက်။
သူသည် သက်ရှိအရာများအား တကယ်အကြောက်အလန့်မရှိ၊
သို့သော် သေဆုံးပြီးသားသူဆိုလျှင်မူ…
သူသည် မကောင်းမှုများစွာကို လုပ်ခဲ့သည့်အတွက် သေဆုံးပြီးနောက်တွင် ဝတ်ကျွေးပြန်ဆပ်ရမည်ကိုလည်း စိုးရိမ်နေမိသည်… အိပ်မက်ထဲ၌ မကောင်းဆိုးဝါးဝိဥာဥ်များ သူ့ကိုလာရှာခြင်းအား မကြောက်သော်လည်း ဤဘဝတွင် ပြုခဲ့မိသော အမှားများသည် နောင်ဘဝထိပါသက်ရောက်မည်ကို ကြောက်နေမိသည်။
သူသည် အဆင့်တန်းနိမ့်စွာဖြင့် မွေးဖွားလာရသဖြင့် သူ့ကိုယ်ဟသ ကံမကောင်းသူဟု ထင်ခဲ့မိ၏။ သို့တိုင် ဤဘဝတွင် ဖြစ်ပျက်ခဲ့သောအရာများကြောင့် ကျန်ဘဝသက်တမ်းတစ်လျှောက်လုံး ဒုက္ခခံစားရမည်ဆိုလျှင်မူ… တစ်ကျော့ပြန်လာနိုင်မည့် အခွင့်အရေးမည်သို့များ ရှိနိုင်တော့မည်နည်း။
“ငါသိသင့်တာတွေကိုသိပြီးနေပြီ။ မင်းဘက်က ရှင်းပြချင်တဲ့ မရှင်းတဲ့ဟာတစ်ခုခုရှိတယ်ဆိုရင်တော့ ငါမင်းကိုမတားပါဘူး။ မရှိဘူးဆိုရင်တာ့ ခဏနေ ပြန်ပို့ပေးမယ်”
ရှဲ့ချောင်၏ လေသံသည် အရေးမလုပ်ဟန်ဖြစ်နေကာ သူမသည် လူသေတစ်ယောက်အား ကြည့်နေသည့်ပမာပင်။
ဝတ်ရုံနက်နှင့် လူသည်လည်း ရတက်မအေးဖြစ်နေ၏။
သူသည် ဂရုတစိုက်ဖြင့် “င-ငရဲက ဘယ်လိုမျိုးလဲ…”
•••••