← Chapters

အခန်း (၆၄၃-၆၄၄)

Vol. 55 Ch. 643-644

အခန်း (၆၄၃-၆၄၄)

Vol. 55 Ch. 643-644

အပိုင်း (၆၄၃)

ယခင်က တာ့ကျိုးအင်ပါယာနှင့် စစ်ပွဲများတွင် သူ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။ သူတို့၏ စစ်တပ်မှာ အလွန်တောင့်တင်းပြီး တိုက်ခိုက်ရန် အလွန်ခက်ခဲသည့် ပြိုင်ဘက်များ ဖြစ်သည်။

လေခွင်းမြို့ကို တိုက်ခိုက်စဉ်က စစ်သည် သုံးသိန်းငါးသောင်းနှင့်လည်းကောင်း၊ ထန်ထိုင်မြို့ကို တိုက်ခိုက်စဉ်က နှစ်သိန်းလေးသောင်းနှင့်လည်းကောင်း ရင်ဆိုင်ခဲ့ရ၏။

ထိုစစ်ပွဲများမှာ အင်အားအပြတ်အသတ် သာလွန်မှုကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်၏။ ယခုမူ စစ်သည်တစ်သိန်းသုံးသောင်းဖြင့်ပင် နှစ်သိန်းခွဲရှိသော ရန်သူကို အလွယ်တကူ အနိုင်ရရှိခဲ့သည်။

သူတို့သည် ထျန်းကျိုးနတ်ဧကရာဇ် နတ်ရွာစံခြင်း၏ သက်ရောက်မှုကို အထင်သေးခဲ့ကြသည်။ တာ့ကျိုးအင်ပါယာ၏ စစ်သည်နှစ်သန်းကျော်တွင် အများစုမှာ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်အတွင်း စုဆောင်းထားသည့် စစ်သည်သစ်များ ဖြစ်ကြပြီး၊ သူတို့၏ တိုက်ခိုက်လိုစိတ်မှာ နတ်ဧကရာဇ်အပေါ် ထားရှိသည့် ရူးသွပ်သော ယုံကြည်မှုမှ လာခြင်းဖြစ်၏။

ထျန်းကျိုးဧကရာဇ် ကွယ်လွန်သွားသောအခါ၌မူ ထိုစစ်သည်တို့၏ စိတ်ဓာတ်ခွန်အားမှာ အလုံးစုံ ပြိုလဲသွားပြီး တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးကာ အလွယ်တကူ အရှုံးပေးသွားခြင်း ဖြစ်သည်။

ကျင်းကျိုးမြို့ကို သိမ်းပိုက်ပြီးနောက် လက်အောက်ခံ စစ်သူကြီးအချို့က နောက်ထပ်မြို့များကို ဆက်လက် တိုက်ခိုက်ရန် တိုက်တွန်းကြသည်။ ထိုသို့ပြုလုပ်မှသာ ပြိုင်ဘက်ကင်းသော အောင်မြင်မှုကြီးကို ရရှိနိုင်မည်ဟု ပြောကြ၏။

ဖုန်းရှောက်ထျန်းကမူ ဘာမှပြန်မပြောဘဲ ထိုစစ်သူကြီးကို ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်နှက်ရန် အမိန့်ပေးလိုက်သည်။

သူသည် မျက်နှာအမူအရာ ကင်းမဲ့ပြီး ရက်စက်သူတစ်ဦးဖြစ်သော်လည်း ယခုအခါ၌မူ သူ့မျက်နှာ ကြွက်သားများ အနည်းငယ် တုန်ယင်နေသည်။ အောင်ပွဲမှာ လျင်မြန်လွယ်ကူလွန်းနေသောကြောင့် သူ ပိုမိုတည်ငြိမ်နေရန် လိုအပ်နေသည်။ မဟုတ်ပါက သူကိုယ်တိုင် ခွေးရူးတစ်ကောင်ကဲ့သို့ အသိဉာဏ် မဲ့သွားနိုင်သည်ဟု ယူဆထား၏။

ကျင်းကျိုးမြို့ကို သိမ်းပိုက်နိုင်ခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နိုင်သော်လည်း၊ အကယ်၍ ဤမြို့သာ သူ့လက်ထဲမှ ပြန်လည်လွတ်မြောက်သွားပါက ကြီးလေးသော အပြစ်ဖြစ်သွားလိမ့်မည်။

ယခုအချိန်တွင် တာယင်အင်ပါယာမှာ အဆက်မပြတ် အောင်ပွဲခံနေပြီး ဤကဲ့သို့သော အရှိန်အဟုန်မျိုးကို ရရှိရန် မလွယ်ကူသောကြောင့် မည်သည့်အဟန့်အတားမှ ဖြစ်ပေါ်လာရန် ခွင့်မပြုနိုင်ပေ။ တာ့ကျိုး အင်ပါယာမှာလည်း တောင်ပြိုသလို ပြိုလဲနေပြီး ဤအခြေအနေမျိုးကို မည်သို့မှ ပြောင်းလဲခွင့်ပေး၍ မဖြစ်ပေ။

အကယ်၍ ဖုန်းရှောက်ထျန်းက မာနထောင်လွှားကာ အခြားမြို့များကို ဆက်တိုက်ရာမှ တာ့ကျိုးစစ်တပ်က ကျင်းကျိုးမြို့ကို ပြန်လည်သိမ်းယူသွားပါက စစ်ပွဲအခြေအနေတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ဒု-စစ်သေနာပတိချုပ် ဖုန်းရှောက်ထျန်းမှာ ပိုမိုသတိထားလာပြီး ကိစ္စနှစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ပထမဆုံးအနေဖြင့် အတိုတောင်းဆုံးအချိန်အတွင်း ရိက္ခာများအားလုံးကို သိမ်းယူ၍ ချိတ်ပိတ်ထား လိုက်သည်။ ဒုတိယအနေဖြင့် ကျင်းကျိုးမြို့ရှိ ပြည်သူသိန်းချီအား သုံးရက်စာ ရိက္ခာဝေပေးပြီး မြို့ပြင်သို့ အားလုံးနှင်ထုတ်လိုက်၏။

ထို့ကြောင့် အောက်တုန်းနှင့် ပိုင်ကျန်းတို့က အကောင်းဆုံးစစ်တပ် သုံးသောင်းကို ဦးဆောင်၍ ကျင်းကျိုးမြို့သို့ ရောက်ရှိလာချိန်တွင်၊ ဖုန်းရှောက်ထျန်းသည် မြို့ကို အလွန်ခိုင်ခံ့အောင် ကာကွယ်ထားပြီးဖြစ်ရာ မည်သည့်အားနည်းချက်မှ မရှိတော့ချေ။

မြို့တွင်းရှိ အကြီးမားဆုံး အန္တရာယ်မှာ တာ့ကျိုး ပြည်သူများ ဖြစ်သော်လည်း အားလုံး နှင်ထုတ်ခံလိုက်ရပြီ ဖြစ်သောကြောင့် မြို့ထဲတွင် တာယင်အင်ပါယာ စစ်သည် တစ်သိန်းသုံးသောင်းသာ ကျန်ရှိတော့၏။

အောက်တုန်း နှင့် ပိုင်ကျန်း တို့က သူတို့၏ စစ်တပ် သုံးသောင်းဖြင့် မြို့ကို တိုက်ခိုက်ရန် စဉ်းစားခဲ့သော်လည်း အကြိမ်ကြိမ် တွေဝေပြီးနောက် လက်လျှော့လိုက်ကြသည်။

အကြောင်းမှာ သူတို့က တောင်တန်းပေါင်းများစွာကို ဖြတ်ကျော်ကာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး နောက်ဘက်တွင်လည်း ဟူယန်ကျောက်၏ စစ်သည် သိန်းချီ ရှိနေကာ အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်သောကြောင့် ဖြစ်၏။

အရေးအကြီးဆုံးမှာ ထွက်ပြေးလာရခြင်း ဖြစ်သောကြောင့် မည်သည့် မြို့သိမ်း လက်နက်မှ မပါလာသလို စစ်ရိက္ခာလည်း အများအပြား မပါလာပေ။

ထို့ကြောင့် အောက်တုန်း၊ ပိုင်ကျန်း အစရှိသော ခေါင်းဆောင်ကြီးများမှာ ဒေါသထွက်စွာဖြင့် အကောင်းဆုံး စစ်တပ် သုံးသောင်းကို ခေါ်ဆောင်ကာ ကျင်းကျိုးမြို့ကို ရှောင်ကွင်း၍ တာ့ကျိုး မြို့တော်သို့သာ ဦးတည်သွားကြရတော့သည်။

.....................

ထန်ထိုင်မြို့ အတွင်း၌...

စစ်သူကြီးချုပ် ဟူယန်ကျောက်က တာယင်အင်ပါယာ၏ အခြားသော အဓိက တပ်မကြီး နှစ်သိန်း ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေ၏။

မထင်မှတ်ဘဲ သူက အောင်ပွဲ သတင်း တစ်ခုကို လက်ခံရရှိလိုက်သည်။ ဒု-စစ်သူကြီးချုပ် ဖုန်းရှောက်ထျန်းက ကျင်းကျိုးမြို့ကို သိမ်းပိုက်လိုက်ပြီ ဆိုသည့် သတင်းပင်။

ချက်ချင်းပဲ စစ်သူကြီးချုပ် ဟူယန်ကျောက်မှာ မှင်သက်သွားပြီး ရင်ထဲတွင် စကား နှစ်ခွန်းသာ ရှိတော့၏။ ‘ချီးတဲ့မှ... ဘာတွေ ဖြစ်ကုန်တာလဲ။’

မူလအစီအစဉ်မှာ သုံးလကြာမြင့်မှ စစ်သည်ခြောက်သိန်းကို စုစည်းကာ ကျင်းကျိုးမြို့ကို တိုက်ခိုက်ရန် ဖြစ်၏။ ခြောက်လအတွင်း ကျင်းကျိုးမြို့ကို သိမ်းပိုက်နိုင်လျှင်ပင် ၎င်းမှာ ကြီးမားလှသော အောင်ပွဲတစ်ခုဟု သတ်မှတ်နိုင်မှာဖြစ်သည်။

ကျင်းကျိုးမြို့ကို သိမ်းပိုက်နိုင်လိုက်သည်နှင့် တာ့ကျိုးမြို့တော်အား တိုက်ရိုက်ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် တာ့ကျိုးနတ်ဧကရာဇ်က ရှုံးကျိုးမြို့ကို လာရောက်တိုက်ခိုက်ခြင်းမှာ တာယင်အင်ပါယာကို နိုင်ငံပျက်သုဉ်းစေမည့် စစ်ပွဲကြီး စတင်ခြင်းကို အဓိပ္ပာယ်သက်ရောက်သည်။

အလားတူပင် တာယင်အင်ပါယာက ကျင်းကျိုးမြို့ကို သိမ်းပိုက်လိုက်ခြင်းသည်လည်း တာ့ကျိုးကို နိုင်ငံပျက်သုဉ်းစေမည့် စစ်ပွဲစတင်ခြင်းဖြစ်၏။

ဤသည်မှာ အလွန် ကြီးကျယ်ခမ်းနားသည့်ကိစ္စဖြစ်၍ အလွန်အမင်း သတိကြီးစွာဖြင့် စနစ်တကျ လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်၏။ ဤသည်မှာ သမိုင်းတွင် မှတ်တမ်းတင်ရမည့် စစ်ပွဲကြီးတစ်ခု ဖြစ်သည်။

ယခုမူကား တစ်ရက်တည်းဖြင့်ပင် သိမ်းပိုက်လိုက်နိုင်ခဲ့ပြီဖြစ်သည်။ ကျင်းကျိုးမြို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်သိန်းကျော်မှာလည်း အလွယ်တကူပင် ပြိုလဲသွားခဲ့ရ၏။

‘ကောင်းကင်ဘုံ... သမိုင်းဝင် ဆိုတဲ့ စကားလုံးကို နည်းနည်းလောက် လေးစားပေးလို့ မရဘူးလား။’

နှစ်ရက် အကြာတွင် ဟေးလုံထိုင် ခေါင်းဆောင် ကုန်းဆွန်းယန် နှင့် ဆူမီယွမ်မှ ယင်းချင်ဝမ် တို့က စစ်တပ် နှစ်သိန်းကို ဦးဆောင်ကာ ထန်ထိုင်မြို့သို့ ရောက်ရှိလာကြသည်။

ယင်းချင်ဝမ်သည် ဧကရာဇ်၏ ညီတော် ဖြစ်ပြီး တာယင်အင်ပါယာ၏ အလွန် အားကောင်းသော စစ်သူကြီး တစ်ဦး ဖြစ်ကာ မင်းသား ယင်ချွဲ့၏ သိုင်းပညာ ဆရာလည်း ဖြစ်ခဲ့ဖူးသည်။ သူသည် ဤနိုင်ငံတော် တစ်ခုလုံး ပါဝင်ဆင်နွှဲသော စစ်ပွဲကြီး၏ စစ်သူကြီးချုပ် ဖြစ်၏။

ဖုန်းရှောက်ထျန်းထံမှ ပေးပို့လာသော အောင်ပွဲ သတင်းကို မြင်တွေ့ရချိန်မှာတော့ ယင်းချင်ဝမ်လည်း အလွန် အံ့အားသင့်သွားပြီး အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားသည်။

တာယင်အင်ပါယာ ဆူမီယွမ်တွင် နောက်သုံးလ အကြာ ဖြစ်ပွားမည့် ကျင်းကျိုး စစ်ပွဲအတွက် အားလုံး စီစဉ်ထားပြီး ဖြစ်ကာ စစ်ရိက္ခာများကိုလည်း အကြီးအကျယ် စတင် ပို့ဆောင်နေပြီဖြစ်ပြီး အရန် စစ်တပ်များလည်း စတင် စုရုံးနေပြီ ဖြစ်၏။

ကျင်းကျိုး စစ်ပွဲကို ကံကြမ္မာ အဆုံးအဖြတ် စစ်ပွဲ တစ်ခု အနေဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ထိုအစီအစဉ်က စက္ကူပေါ်တွင်သာ ရှိနေသေးချိန်မှာပင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

အတော်ကြာပြီးနောက် ယင်းချင်ဝမ်က ပြောလိုက်၏။ “အမတ်မင်းယန်… ကျုပ်တို့ စစ်ရေး အခြေအနေကို ပြန်လည် သုံးသပ်ဖို့ လိုနေပြီ။ တာ့ကျိုးအင်ပါယာရဲ့ ပြိုလဲမှုက ကျုပ်တို့ ထင်ထားတာထက် အများကြီး ပိုပြင်းထန်နေတယ်။”

ကုန်းဆွန်းယန်က အသားစားရင်း ခေါင်းညိတ်လိုက်သည်။

စစ်သူကြီးချုပ် ဟူယန်ကျောက်က ပြောလိုက်၏။ “ထျန်းကျိုး နတ်ဧကရာဇ် နတ်ရွာစံသွားတာ အရမ်း ရုတ်တရက် ဆန်လွန်းတော့ တာ့ကျိုးအင်ပါယာမှာ ဆက်တိုက် အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာတာပါ။ တာ့ကျိုး တစ်ခုလုံးရဲ့ စိတ်ဓာတ်ခွန်အား ပြိုကျသွားတော့ အခွင့်အရေးက မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားနိုင်တယ်။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “နည်းနည်း ပိုရဲတင်းဖို့ လိုတယ်။ အရမ်း မချုပ်တည်းထားနဲ့။ တာ့ကျိုးအင်ပါယာက နှစ်ရာချီ သက်တမ်းရှိတဲ့ အားကောင်းတဲ့ အင်ပါယာ တစ်ခု ဖြစ်ပြီး အလွယ်တကူတော့ မပြိုလဲနိုင်ဘူး။

အခု နိုင်ငံတော် တစ်ခုလုံးရဲ့ စိတ်ဓာတ်နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုက အလုံးစုံ ပြိုလဲနေပြီး စိတ်ဓာတ်တွေ အလွန် ကျဆင်းနေတဲ့ အချိန်ပါ။ ဒါက နှစ်ထောင်ချီ အတွင်း တစ်ခါမှ မကြုံဖူးတဲ့ စစ်ရေး အခွင့်အရေး တစ်ခုပဲ။ အကယ်၍ သူတို့သာ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သွားရင် တာ့ကျိုးကို ဖျက်ဆီးဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်။”

ယင်းချင်ဝမ်က မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ မြေပုံကို ကြည့်ရင်း မေးလိုက်သည်။ “အမတ်မင်း နှစ်ယောက်ရဲ့ သဘောက အချိန်ဆွဲမနေဘဲ စစ်တပ်ကြီးနဲ့ တာ့ကျိုး မြို့တော်ကို တိုက်ရိုက် သွားတိုက်မယ်။ နိုင်ငံဖျက်ဆီးမည့် စစ်ပွဲကို တိုက်ရိုက် ဆင်နွှဲမယ် ဆိုတဲ့ သဘောလား။”

ကုန်းဆွန်းယန်က ဖြေ၏။ “ဟုတ်တယ်။”

ယင်းချင်ဝမ်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့ လက်ထဲမှာ စစ်တပ် ငါးသိန်းပဲ ရှိတယ်။ ကျင်းကျိုးမြို့ကို ကာကွယ်ဖို့ တစ်သိန်း ချန်ထားခဲ့ရဦးမယ်။ စစ်တပ် လေးသိန်းနဲ့ တာ့ကျိုး မြို့တော်ကို သွားတိုက်မှာလား။ ဒါက အရမ်း ကြီးမားတဲ့ စွန့်စားမှုကြီး ဖြစ်နေတယ်။”

တာ့ကျိုး မြို့တော်က ကျင်းကျိုးနှင့် မတူပေ။ လောကတွင် အခိုင်မာဆုံး မြို့ကြီး ဖြစ်ပြီး ကာကွယ်ရေး အစီအမံများက အလွန်တရာ ခိုင်ခံ့လွန်းလှ၏။

ထိုအချိန်က ရှီးလျန်နိုင်ငံ၏ မြင်းတပ်များက မြို့အောက်သို့ ရောက်ရှိလာခဲ့သည့်အချိန်တွင် တာ့ကျိုး အင်ပါယာက အားအနည်းဆုံး အချိန် ဖြစ်သော်လည်း အဘယ်ကြောင့် ရှီးလျန် နိုင်ငံက တာ့ကျိုး မြို့တော်ကို မတိုက်ခိုက်ခဲ့သနည်း။

အကြောင်းမှာ မျှော်လင့်ချက် မရှိမှန်း သိနေသောကြောင့် ဖြစ်၏။ ဤကြီးကျယ်ခမ်းနားသော မြို့ကြီး၏ အောက်တွင် ရပ်နေရုံမျှဖြင့် မျှော်လင့်ချက်မဲ့ခြင်းကို ခံစားရစေသည်။

ယခု တာယင်အင်ပါယာ၏ စစ်သည် သိန်းချီက လုံလောက်သော ရိက္ခာ မရှိ၊ လုံလောက်သော မြို့သိမ်း လက်နက်များ မရှိဘဲ ဤသို့ တစ်ကိုယ်တော် ဝင်ရောက်ကာ တာ့ကျိုး မြို့တော်ကို တိုက်ရိုက် သွားတိုက်မည်လား။

ဤအရာက တကယ့်ကို ကောင်းကင်ကို တုန်လှုပ်စေမည့် စွန့်စားမှုကြီးဖြစ်သည်။ သို့ပေမည့် ဤ နှစ်ထောင်ချီ အတွင်း တစ်ခါမှ မကြုံဖူးသော စစ်ရေး အခွင့်အရေးကို လက်လွှတ်လိုက်ရပါက အလွန် နှမြောစရာ ကောင်းပေလိမ့်မည်။

တာ့ကျိုးအင်ပါယာက အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သွားပါက နောင်တစ်ချိန်တွင် စစ်သည် တစ်သန်းကျော် လိုအပ်မှာဖြစ်ပြီး ဤနှစ်ရာချီ သက်တမ်းရှိသော အင်ပါယာကို ဖျက်ဆီးရန် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်ကာ ထိုအခြေအနေက အကောင်းဆုံး အခြေအနေသာ ဖြစ်၏။

ယခုမူ ကြီးမားသော အခွင့်အရေး တစ်ခုက မျက်စိရှေ့တွင် ရှိနေပြီး တစ်ချက်တည်းဖြင့် အခြေအနေ တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့် အခွင့်အရေး ဖြစ်သည်။

တစ်ချက်တည်းဖြင့် နိုင်ငံကို ဖျက်ဆီးနိုင်ခြင်း… ဤသည်မှာ မည်မျှ ကြီးမားသော သွေးဆောင်မှု ဖြစ်သနည်း။

ထိုအချိန်က ကျင်းနိုင်ငံက မြောက်ပိုင်းစုန့်၏ ပျန်လျန်ကို တိုက်ခိုက်ရာတွင်လည်း ဤသို့ပင် အလွန် လျင်မြန်ခဲ့ခြင်း ဖြစ်၏။

ယင်းချင်ဝမ်က ပြောလိုက်သည်။ “အမတ်မင်း နှစ်ယောက်… ကျုပ်နဲ့အတူ အရှင်မင်းကြီးဆီ လျှို့ဝှက် သဝဏ်လွှာ ပို့ပြီး ဆုံးဖြတ်ချက် တောင်းခံကြရအောင်။ ဒါပေမဲ့ ကျုပ်တို့ဘက်ကလည်း အချိန်မဆွဲဘဲ စစ်တပ်ကြီးကို စုစည်းပြီး တောင်ဘက်ကို ဆင်းဖို့ ပြင်ဆင်ထားကြတာပေါ့။”

“အမိန့်တော်အတိုင်းပါ။”

နာရီဝက် အကြာတွင် ဟေးလုံထိုင် သိုင်းပညာရှင် တစ်စုက ထန်ထိုင်မြို့မှ အမြန်ဆုံးနှုန်းဖြင့် မြောက်ဘက်သို့ ထွက်ခွာသွားကြပြီး အမတ်မင်း သုံးဦး၏ လျှို့ဝှက် သဝဏ်လွှာကို တာယင် ဧကရာဇ်ထံသို့ အမြန်ဆုံး ရောက်ရှိရန် ကြိုးစားကြလေတော့၏။

ထိုအချိန်တွင် တာယင် ဧကရာဇ်က တာယင် နယ်နိမိတ်အတွင်းတွင် မရှိဘဲ လေခွင်းမြို့တွင် ရောက်ရှိနေသည်။

အမတ်မင်း သုံးဦး၏ လျှို့ဝှက် သဝဏ်လွှာကို လက်ခံရရှိပြီးနောက် တာယင်အင်ပါယာ ဧကရာဇ်၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် တောက်ပသွားသော်လည်း မျက်နှာကတော့ တည်ငြိမ်နေပြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေ၏။

‘ကျင်းကျိုးမြို့က ဒီလောက်တောင် အလွယ်တကူ ကျဆုံးသွားလိမ့်မယ်လို့ တကယ့်ကို မထင်မှတ်ထားဘူး။ တာ့ကျိုးအင်ပါယာ စစ်တပ်တွေရဲ့ စိတ်ဓာတ်က ဒီလောက်တောင် မြန်မြန်ဆန်ဆန်နဲ့ အလုံးစုံ ပြိုလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။’

သို့ပေမည့် ဤအမတ်မင်း သုံးဦး၏ လျှို့ဝှက် သဝဏ်လွှာက တကယ့်ကို အံ့မခန်း စွန့်စားမှုကြီး တစ်ခုဖြစ်၏။

တည်ငြိမ်စွာ ဖြည်းဖြည်းချင်း တိုက်ခိုက်မလား။ သို့မဟုတ် ဤစစ်ရေး အခွင့်အရေးကို ဆုပ်ကိုင်မလား။

တည်ငြိမ်စွာ လုပ်ဆောင်မည် ဆိုပါက တာယင်အင်ပါယာ နယ်နိမိတ်အတွင်းမှ စစ်တပ် သုံးသိန်း ထပ်မံ စုစည်းကာ တောင်ဘက်သို့ ဆင်းလာပြီး သုံးလေးလ အကြာတွင် စစ်သည် ခြောက်သိန်း ခုနစ်သိန်းခန့်ဖြင့် တာ့ကျိုးအင်ပါယာ မြို့တော်ကို ဝန်းရံ တိုက်ခိုက်ရမှာ ဖြစ်၏။

ထိုအချိန် ရောက်ချိန်မှာတော့ တာ့ကျိုးအင်ပါယာက အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သွားမည် ဖြစ်ပြီး ကြာရှည်သော စစ်ပွဲကြီး ဖြစ်သွားနိုင်သည်။

ယခု စစ်သည် လေးသိန်းဖြင့် အရှိန်အဟုန်ဖြင့် ဝင်ရောက်ကာ တာ့ကျိုး မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်မည် ဆိုပါက ဖြစ်နိုင်ခြေ နှစ်ခု ရှိ၏။

ကျင်းကျိုး ကဲ့သို့ပင် တာ့ကျိုး မြို့တော်ကလည်း ပြည်သူများ၏ စိတ်ဓာတ်နှင့် စစ်သည်များ၏ စိတ်ဓာတ်များ ပြိုလဲနေပြီး တစ်ချက်တည်းနဲ့ နိုင်ငံ ပျက်သုဉ်းသွားနိုင်သည်။

နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုမှာ တာ့ကျိုး စစ်တပ်နှင့် ပြည်သူများ ပူးပေါင်း ခုခံကြပြီး တာယင်အင်ပါယာ စစ်သည် လေးသိန်း အကြီးအကျယ် ရှုံးနိမ့်သွားနိုင်၏။

‘ဒီလိုစွန့်စားမှုမျိုးကို လုပ်သင့်သလား။ ဒီလိုအချိန်မျိုးမှာ ပိုပြီး တည်ငြိမ်ဖို့ လိုအပ်နေတာ မဟုတ်ဘူးလား။’

သို့သော်လည်း တည်ငြိမ်ခြင်းဟူသည်မှာ နောက်ဆုတ်ခြင်း မဟုတ်ဘဲ အချိန်အခါ သင့်သလို ပြတ်သားစွာ ဆုံးဖြတ်နိုင်ခြင်းသာ ဖြစ်သည်။

အပိုင်း (၆၄၄)

စစ်သည်လေးသိန်းဖြင့် တာ့ကျိုးမြို့တော်ကို ချီတက်တိုက်ခိုက်မည်ဆိုပါက ရိက္ခာအထောက်အပံ့မှာ မည်မျှ ကြာရှည်ခံမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် တာ့ကျိုးနယ်နိမိတ်အတွင်းရှိ ရိက္ခာများကိုသာ အားထား၍ လုယက်ယူငင်ရန် လိုအပ်လိမ့်မည်။

တာယင်အင်ပါယာမှ ရိက္ခာအထောက်အပံ့ကို စောင့်မျှော်နေမည်ဆိုပါက အနည်းဆုံး လအနည်းငယ်ခန့် ကြန့်ကြာသွားမည်မှာ ဖြစ်၏။

အကယ်၍သာ တာ့ကျိုးအင်ပါယာကို နတ်ဧကရာဇ် နတ်ရွာစံသွားသည့် အကျပ်အတည်းမှ လွတ်မြောက်ခွင့် ပေးလိုက်မည်ဆိုပါက၊ နောင်တစ်ချိန်တွင် နှစ်ရာချီသက်တမ်းရှိသည့် ဤအင်ပါယာကြီးကို ဖျက်ဆီးရန် အတွက် ယခုထက် အဆဆယ်၊ အဆရာကျော်မျှ တန်ဖိုးကြီးမားသော ပေးဆပ်မှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုအချိန်သို့ ရောက်ရှိလာပါက တာ့ရှီးအင်ပါယာနှင့် တာရှအင်ပါယာတို့က တာယင်အင်ပါယာကို တာ့ကျိုးအပေါ် နိုင်ငံပျက်သုဉ်းစေမည့် စစ်ပွဲဆင်နွှဲရန် အလွယ်တကူ ခွင့်ပြုပေးပါ့မည်လား။

ထိုအခါတွင်မူ သူသည် အင်အားကြီးမားလှသော ရန်သူသုံးဦးကို တပြိုင်နက်တည်း ရင်ဆိုင်ရမည့် ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။

ယခုလက်ရှိအချိန်၌မူ တာ့ရှီးနှင့် တာရှအင်ပါယာတို့မှာ စစ်ရေးအရ အသင့် မဖြစ်သေးပေ။ သူတို့သည် တာယင်အင်ပါယာအတွက် စိုးရိမ်ပူပန်နေကြဆဲဖြစ်ပြီး လွန်ခဲ့သည့် တစ်လကပင် တာယင်အင်ပါယာကို အဆက်မပြတ် ကူညီထောက်ပံ့နေကြဆဲ ဖြစ်သည်။

တာယင် ဧကရာဇ်က မျက်လုံးမှိတ်ကာ ဆယ့်ငါးမိနစ်ခန့် စဉ်းစားလိုက်၏။

ထို့နောက် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး မြေပုံပေါ်ရှိ တာ့ကျိုး မြို့တော်ကို စိုက်ကြည့်လိုက်သည်။

“အမိန့်တော် ထုတ်ပြန်လိုက်… ယင်းချင်ဝမ်ကို စစ်သူကြီးချုပ်၊ ဟူယန်ကျောက်ကို ဒု-စစ်သူကြီးချုပ်၊ ဖုန်းရှောက်ထျန်းကို ရှေ့ပြေးတပ်မှူး အဖြစ် ခန့်အပ်ပြီး တာ့ကျိုး မြို့တော်ကို တိုက်ခိုက်စေ...”

တာယင်အင်ပါယာ ဧကရာဇ်၏ အမိန့်တော် ထွက်ပေါ်လာပြီးနောက်...

ထန်ထိုင် ကာကွယ်ရေးမျဉ်းရှိ စစ်သည် သိန်းချီ အားလုံး ထွက်ခွာကာ ကျင်းကျိုး ကာကွယ်ရေးမျဉ်းသို့ သွားရောက်ကြ၏။

ကျင်းကျိုးမြို့ကို ကာကွယ်ရန် စစ်တပ် တစ်သိန်း ချန်ထားခဲ့ပြီး ကျန်ရှိသော စစ်သည် လေးသိန်းက ကြီးကျယ်ခမ်းနားစွာဖြင့် တာ့ကျိုး မြို့တော်သို့ ဦးတည် တိုက်ခိုက်ကြတော့သည်။

တာယင်အင်ပါယာက ရူးသွပ်သော စွန့်စားမှုကြီးကို စတင်လိုက်ပြီ ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ မြို့များ အားလုံးကို ရှောင်ကွင်းကာ မြို့တော်ကိုသာ တိုက်ရိုက် တိုက်ခိုက်မှာဖြစ်၏။

စစ်ရေးတွင် အမြန်နှုန်းသည် အရေးကြီးဆုံး ဖြစ်၏။ နိုင်ငံဖျက်ဆီးမည့် အဆုံးအဖြတ် စစ်ပွဲကြီး တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

ကျင်းကျိုးမှ တာ့ကျိုး မြို့တော်သို့ မိုင်အနည်းငယ်သာ ကွာဝေးသည်။

တာ့ကျိုး နန်းတွင်းက ထိုသတင်းကို ကြားသိလိုက်ရချိန်မှာတော့ လုံးဝမှင်သက်သွားကြ၏။

‘တာယင်အင်ပါယာ ဧကရာဇ်က ဒီလောက်တောင် ရူးသွပ်နေတာလား။ တစ်ခဏလေးတောင် မနားဘဲ စစ်သည် လေးသိန်းနဲ့ မြို့တော်ကို တိုက်ရိုက် လာတိုက်တယ်ပေါ့။ ကျုပ်တို့ တာ့ကျိုးအင်ပါယာကို ဖျက်ဆီးဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေတာလား။’

ယခင်က ဧကရာဇ်ဟောင်းကို သစ္စာစောင့်သိခဲ့သော အမတ်များ မည်သည့်နေရာသို့ ရောက်သွားကြသည် မသိချေ။

လျန်ချင်ဝမ် ကွယ်လွန်သွားခဲ့ပြီ။ ဝန်ကြီးချုပ် ဝူကျစ် အနားယူသွားခဲ့ပြီ။ ကျူ့လန်ထျန်း လည်း အနားယူ သွားခဲ့၏။ အမတ်မင်း ယွီကျန်း၊ အမတ်မင်း မင်ကျင်းယွမ် တို့ အားလုံး အနားယူသွားခဲ့ကြသည်။

ထိုသူများသာမက အမတ် ရာပေါင်းများစွာက တိတ်ဆိတ်စွာဖြင့် တပြိုင်နက်တည်း အနားယူသွားခဲ့ကြ၏။

အကယ်၍ ထျန်းကျိုး နတ်ဧကရာဇ်က အိမ်ရှေ့စံ ကျိုးလီကို လုပ်ကြံရုံသာ ဆိုလျှင် လူတိုင်းက သည်းခံနိုင် ကြသေးသည်။

ဧကရာဇ်တစ်ပါးအနေဖြင့် ရိုးသားဖြူစင်ရန် သစ္စာရှိသော အမတ်များက မျှော်လင့်မည် မဟုတ်ဘဲ အကြံအစည် ကြီးမားခြင်းမှာ သာမန်သာ ဖြစ်၏။

သို့ပေမည့် ထျန်းကျိုး နတ်ဧကရာဇ်၏ ပိုင်ယင်မြို့ကို တာ့ကျိုးသို့ ခေါ်သွင်းခြင်း၊ တာ့ရှန်း အင်ပါယာ၏ အကြွင်းအကျန်များကို တာ့ကျိုးသို့ ဝင်ရောက်ခွင့်ပြုခြင်း စသည့် နောက်ဆက်တွဲ လုပ်ရပ်များက ဤဖြောင့်မတ်သော အမတ်များ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထျန်းကျိုး နတ်ဧကရာဇ်က အလွန် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သော်လည်း အားလုံးက အရူးများ မဟုတ်ကြချေ။ ယခု စစ်မေးပွဲတွင် အောင်မြင်ခဲ့သော လူရာပေါင်းများစွာ အနက် ခုနစ်ဆယ် ရာခိုင်နှုန်းက မည်သည့် ဇာစ်မြစ်မှန်း မသိရဘဲ ရုတ်တရက်ပေါ်ပေါက်လာသူများ ဖြစ်ကြ၏။

ထို့အပြင် ထိုတပ်မှူးသစ်များက စစ်တပ်အတွင်းသို့ ချက်ချင်း ဝင်ရောက်ကာ အာဏာရှိသော ရာထူးများကို ရယူခဲ့ကြသည်။

ထိုမှသာမက ဤမိဖုရားကြီး ပိုင်ရွှယ်၏ ဇာစ်မြစ်က မည်သို့ ရှိသနည်း။ သူမ၏ အစ်ကို ဖြစ်သူ ပိုင်ကျန်းက ဝူကွန်းဟောက် အဖြစ် ခန့်အပ်ခံရပြီးနောက် စစ်တပ်၏ ထိပ်တန်း အဆင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့၏။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာတည်းက အင်ပါယာကြီးများ၏ သမိုင်းတွင် တာ့ရှန်း အင်ပါယာ အကြောင်းကို ဖျောက်ဖျက်ပစ်ခဲ့ပြီး နုဧကရာဇ်၏ သမိုင်းများကို အလုံးစုံ ဖျက်ဆီးခဲ့ကြရာ တာ့ရှန်း အင်ပါယာက ရုတ်တရက် ထွက်ပေါ်လာသော လူရိုင်း နိုင်ငံတစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့၏။ သို့ပေမည့် ပညာတတ်များကမူ အမှန်တရားကို ရှင်းလင်းစွာ သိရှိကြသည်။

နုဧကရာဇ်၏ နတ်ဆိုး စစ်တပ်က ထိုအချိန်က ဆယ်နှစ်ကျော်အတွင်း လောကတစ်ခုလုံးကို သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့ပြီး အရှေ့ပိုင်း ယဉ်ကျေးမှုကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့၏။

တာ့ရှန်း အင်ပါယာ ကြီးထွားလာချိန်တွင် မည်သို့ လုပ်ဆောင်ခဲ့သနည်း။ အရှေ့ပိုင်း ယဉ်ကျေးမှု၏ စာအုပ်စာပေ အားလုံးကို ဖျက်ဆီးခဲ့၏။ သစ္စာတရား၊ မိဘဝတ္တရား၊ ကိုယ်ကျင့်တရား အားလုံးကို ဖျက်ဆီးခဲ့ပြီး သူတော်စင်များ၏ ကျမ်းစာများကိုလည်း ဖျက်ဆီးခဲ့သည်။

လူ့ခန္ဓာကိုယ်ကို ဆိုးရွားစွာ ပြုပြင်ပြောင်းလဲကာ သက်တမ်းကို စတေး၍ ကိုယ်ပိုင် သိုင်းပညာ စွမ်းအား တိုးတက်အောင် လုပ်ဆောင်ခဲ့ကြ၏။

လူသားများကို သွေးမျိုးဆက် ဇာစ်မြစ်အရ အလွှာများ ခွဲခြားခဲ့ပြီး အောက်ခြေလူတန်းစား အများစုမှာ လုံးဝ ကျွန်များ ဖြစ်သွားကြကာ တစ်သက်လုံး အလုပ်ကြမ်း လုပ်ရပြီး ကိုယ်ပိုင် မြေယာ၊ ကိုယ်ပိုင် ပိုင်ဆိုင်မှု မရှိဘဲ နာမည်ပဲ မရှိခဲ့ကြချေ။

တာ့ရှန်း အင်ပါယာ တစ်ခုလုံးက စစ်ရေးကိုသာ အဓိကထား၏။

ကလေးများ မွေးဖွားလာသည်နှင့် နတ်ဆရာများက ရွေးချယ်ကာ ခန္ဓာကိုယ်နှင့် သွေးမျိုးဆက် အကောင်းဆုံး များကို တာ့ရှန်း အင်ပါယာက အစွမ်းကုန် ပြုစုပျိုးထောင်၍ အကောင်းဆုံး စစ်သည်များအဖြစ် ဖန်တီးကြသည်။

အလယ်အလတ် ရှိသူများကို လယ်လုပ်ရန်၊ ပန်းပဲထုရန်၊ လက်မှုပညာ လုပ်ရန် စေခိုင်းပြီး အနိမ့်ဆုံး ရှိသူများကိုမူ အားလုံး မြေမြှုပ် သတ်ဖြတ်ပစ်ကြကာ အသက်ရှင်ခွင့် မပေးခဲ့ကြချေ။

တာ့ရှန်း အင်ပါယာ၏ ဥပဒေအရ အားနည်းသူများက ဖယ်ရှားခံရမည်မှာ သေချာလှသည်။ တာ့ရှန်း အင်ပါယာတွင် အကောင်းဆုံး သွေးမျိုးဆက် ဇာစ်မြစ် ရှိသူများသာ မျိုးဆက်ပွားခွင့် ရှိ၏။

ဤသို့ဖြင့် မျိုးဆက်ပေါင်းများစွာ အကြာတွင် တာ့ရှန်း အင်ပါယာ၌ အကောင်းဆုံး လူသားမျိုးနွယ်များသာ ကျန်ရှိတော့ပြီး ညံ့ဖျင်းသူများ အားလုံး ဖယ်ရှားခံခဲ့ရသည်။

တာ့ရှန်း အင်ပါယာတွင် နတ်ဆရာများက ဆေးပညာ၊ အဆိပ်ပညာ၊ သတ္တုကျိုချက်နည်း အစရှိသည်တို့ကို လေ့လာကြပြီး စစ်သည်များက တိုက်ခိုက်ရေးကို တာဝန်ယူကြ၏။

နတ်ဆရာ တစ်ဦးကို လူတစ်ထောင်ထဲမှ ရွေးချယ်ပြီး စစ်သည် တစ်ဦးကို လူတစ်ရာထဲမှ ရွေးချယ်ကြသည်။

ထို့အပြင် သွေးမျိုးဆက် အကောင်းဆုံး ကလေးတိုင်းက ငယ်စဉ်တည်းက အလွန် ရက်စက်သော လေ့ကျင့်မှု များကို ခံယူရသောကြောင့် သွေးမျိုးဆက် ကောင်းမွန်လျှင်တောင် တစ်ဝက်ခန့်က အရွယ်မရောက်မီ သေဆုံးသွားကြ၏။

သို့ပေမည့် ထိုသို့ ပြုစုပျိုးထောင်ထားသော စစ်သည်များမှာ တကယ့်ကို လူတစ်ရာ၊ လူတစ်ထောင်ထဲမှ ရွေးချယ်ထားသူများ ဖြစ်ပြီး အလွန်တရာ အားကောင်းလှသည်။

အရွယ်ရောက်လာသော စစ်သည်များကို မြေယာနှင့် ကျွန်များ ခွဲဝေပေးပြီး အိမ်ထောင်ဖက် ရွေးချယ်ခွင့် အပြည့်အဝ ရရှိကြ၏။

အင်ပါယာ တစ်ခုလုံးရှိ အလှဆုံးနှင့် သွေးမျိုးဆက် အကောင်းဆုံး အမျိုးသမီးများ အားလုံးကို ဤစစ်သည်များက ရွေးချယ်ခွင့် ရှိပြီး စစ်သည် တစ်ဦးလျှင် ပျမ်းမျှအားဖြင့် အကောင်းဆုံး အမျိုးသမီး ငါးဦးကို ပိုင်ဆိုင်နိုင်ကြသည်။

ထိုအမျိုးသမီးများက စစ်သည်များ မဟုတ်ပါက သူတို့တွင် တာဝန် တစ်ခုတည်းသာ ရှိ၏။ အဆက်မပြတ် မျိုးဆက်ပွားကာ ကလေးများ မွေးဖွားပေးရန်သာ ဖြစ်၏။

ထူးချွန်သော ကလေးများ မွေးဖွားလာပါက မျိုးနွယ်စုထံ အပ်နှံ၍ ပြုစုပျိုးထောင်စေပြီး သာမန် ကလေးများကိုမူ ကျွမ်းကျင်မှု ပညာရပ်များ သင်ယူစေ၏။ အားနည်းသော ကလေးများကိုမူ အားလုံး သတ်ပစ်လိုက်ကြသည်။

ထို့အပြင် တာ့ရှန်း အင်ပါယာတွင် အမြင့်ဆုံး တော်ဝင် မိသားစု အချို့မှလွဲ၍ မိသားစု ဆက်ဆံရေး ဆိုသည်မှာ မရှိသလို အမေနှင့် သား ဆက်ဆံရေးလည်း မရှိချေ။ အကြောင်းမှာ အကောင်းဆုံး ကလေးများကို မွေးဖွားပြီး မကြာမီမှာပဲ စစ်ရေး ကျောင်းတော်များသို့ ပို့ဆောင်ကာ လေ့ကျင့်ပေးသောကြောင့်ပင်။

တာ့ရှန်း အင်ပါယာက မိသားစုကို အခြေခံထားခြင်း မဟုတ်ဘဲ ကြီးမားသောမျိုးနွယ်စုများ အဖြစ် ခွဲခြားထားသည်။ နတ်ဆရာမျိုးနွယ်စု၊ စစ်သည်မျိုးနွယ်စု ဟူ၍ ရှိ၏။

ထို့ကြောင့် ဤနိုင်ငံမှာ အလွန် ထူးဆန်းသော နိုင်ငံတစ်ခု ဖြစ်ပြီး စပါတာ နိုင်ငံနှင့် အနည်းငယ် တူသော်လည်း ပို၍ အစွန်းရောက်သည်။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်များ ဖုံးလွှမ်းနေသောကြောင့် ပို၍ ကြောက်မက်ဖွယ် ကောင်းပြီး ဆိုးရွားလှ၏။

ထို့ကြောင့် အရှေ့ပိုင်း ယဉ်ကျေးမှုက တာ့ရှန်း အင်ပါယာကို နတ်ဆိုး နိုင်ငံဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ဤလောကတွင် နတ်ဆိုးမျိုးနွယ်များ ရှိနေခြင်း မဟုတ်ပေ။

တာ့ရှန်း အင်ပါယာက နတ်ဆိုး လမ်းစဉ်ကို ကျင့်သုံးပြီး လူ့ကျင့်ဝတ် တရားများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးပစ်သောကြောင့် နတ်ဆိုး နိုင်ငံဟု ခေါ်ဆိုခြင်းသာ ဖြစ်၏။

ထိုအချိန်က အရှေ့ပိုင်း လောက တစ်ခုလုံး အလွန် ရှုပ်ထွေးနေပြီး တာ့ယန် မင်းဆက် ပျက်သုဉ်းသွားသည်မှာ နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လောက တစ်ခုလုံးက အင်အားစု ရာပေါင်းများစွာ ကွဲထွက်နေပြီး အသေအကြေ တိုက်ခိုက်နေခဲ့ကြသည်။

ရာဇဝင်များအရ နုဧကရာဇ်က သန့်စင်သော ကျောင်းတော်သို့ သွားရောက်ပြီးနောက် နတ်ဆိုး ပညာရပ်များကို ရရှိခဲ့ကာ တာ့ရှန်း အင်ပါယာကို တည်ထောင်ခဲ့သည်ဟု ဆို၏။

ဤသို့သော ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးရွားသော စနစ်အောက်တွင် တာ့ရှန်း အင်ပါယာက အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး အချိန်တိုအတွင်း မိုင်သောင်းချီ ကျယ်ဝန်းသော အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့သည်။

အရှေ့ပိုင်း ယဉ်ကျေးမှု တစ်ခုလုံးကို ဖျက်ဆီးပြီး လောက တစ်ခုလုံးကို သူ၏ အမှောင် အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းလုနီးပါး ဖြစ်ခဲ့၏။

အကယ်၍ တာ့ရှန်း အင်ပါယာသာ လောကကို စုစည်းသွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်နည်း။

ယဉ်ကျေးမှု အားလုံး ဖျက်ဆီးခံရမည်။ လူ့ကျင့်ဝတ် တရားများ အားလုံး ဖျက်ဆီးခံရမည်။ လူ ရှစ်ဆယ် ရာခိုင်နှုန်းက နာမည် မရှိ၊ မြေယာ မရှိ၊ ပိုင်ဆိုင်မှု မရှိသော ကျွန်များအဖြစ် ကျရောက်သွားမည်။

လူ တစ်ထောင်တွင် တစ်ယောက်က နတ်ဆရာ ဖြစ်လာပြီး လူ တစ်ရာတွင် တစ်ယောက်က စစ်သည် ဖြစ်လာကာ သူတို့က အမြင့်ဆုံး နေရာတွင် နေထိုင်ပြီး အရာအားလုံးကို ပိုင်ဆိုင်ကြမည်။

ကလေး သုံးပုံတစ်ပုံက မွေးဖွားလာသည်နှင့် စွန့်ပစ်ခံရမည် ဖြစ်ပြီး အများစုသော ကလေးများက အသက် နှစ်နှစ် အရွယ်မှ စ၍ အမေ မရှိတော့ဘဲ စုပေါင်း ပြုစုပျိုးထောင်ခြင်း ခံရမည်။ အမျိုးသမီး ကိုးဆယ့်ငါး ရာခိုင်နှုန်းကမျိုးဆက်ပွား စက်ရုပ်များ အဖြစ် လုံးဝ ကျရောက်သွားမည်။

ဤသည်မှာ နတ်ဆိုး နိုင်ငံ မဟုတ်လျှင် ဘာဖြစ်မည်နည်း။ ထို့ကြောင့် တာ့ချင် အင်ပါယာနှင့် လုံးဝ နှိုင်းယှဉ်၍ မရချေ။ ချင်ရှီဟွမ်က နိုင်ငံကို စည်းရုံးခဲ့ခြင်းမှာ ကြီးကျယ်ခမ်းနားသော လုပ်ရပ် ဖြစ်၏။

နုဧကရာဇ်ကမူ ယဉ်ကျေးမှုကို ဖျက်ဆီးသူ ဖြစ်ပြီး သူ၏ စိတ်ကူးထဲရှိ ကြောက်မက်ဖွယ် ယဉ်ကျေးမှု တစ်ခုကို တည်ထောင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

တာ့ရှန်း အင်ပါယာ ကြီးထွားလာခြင်းကြောင့် အရှေ့ပိုင်း လောကရှိ ပညာရှင်များက ပျက်သုဉ်းမည့် အန္တရာယ်ကို ခံစားခဲ့ရခြင်း ဖြစ်၏။

ထို့ကြောင့် အချင်းချင်း တိုက်ခိုက်နေကြသော နယ်စားများက အရင်က အာဃာတများကို အားလုံး စွန့်လွှတ်ကာ စည်းလုံးညီညွတ်စွာဖြင့် တာ့ရှန်း အင်ပါယာကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

ထိုအချိန်က တာ့ရှန်း အင်ပါယာသည် လောက တစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့၏။

နုဧကရာဇ် ရုတ်တရက် သေဆုံးသွားပြီးနောက် ပြိုင်ဘက်ကင်း အားကောင်းလှသော တာ့ရှန်း အင်ပါယာလည်း အလျင်အမြန် ပြိုကွဲသွားပြီး တာ့ရှန်း အင်ပါယာ၏ အကြွင်းအကျန်များလည်း ထွက်ပြေး သွားခဲ့ကြသည်။

ထို့နောက် အရှေ့ပိုင်း လောကရှိ နယ်စားများက ဆက်လက် ပြည်တွင်းစစ် ဆင်နွှဲကာ လောကကို လုယူခဲ့ကြပြန်၏။

သို့ပေမည့် တာ့ရှန်း နတ်ဆိုး နိုင်ငံကို ဝိုင်းဝန်း တိုက်ခိုက်ရန် ခေတ္တ စည်းလုံးခဲ့ခြင်းကြောင့် ကြီးမားသော အင်ပါယာကြီးများ ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။

All Chapters