← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 55 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 55 Ch. 645-646

အပိုင်း (၆၄၅)

တာ့ရှန်း အင်ပါယာ ပျက်သုဉ်းသွားပြီးနောက် လောကကြီးက နှစ်ပေါင်းများစွာ ထပ်မံ ရှုပ်ထွေးနေခဲ့ပြီး တာရှ အင်ပါယာက အရင်ဆုံး ထွန်းကားလာကာ ထို့နောက် တာ့ကျိုး ထွန်းကားလာပြီး တာယင်အင်ပါယာက နောက်ဆုံးမှ ထွန်းကားလာခဲ့ခြင်း ဖြစ်၏။

ထို့နောက် ရှည်လျားသော နှစ်ရာပေါင်းများစွာ အတွင်း တာ့ရှန်း နတ်ဆိုး နိုင်ငံမှာ အရှေ့ပိုင်းရှိ ပြည်သူ သန်းပေါင်းများစွာ၏ အိပ်မက်ဆိုး ဖြစ်လာခဲ့ပြီးမျိုးဆက် အဆက်ဆက် မိစ္ဆာ၊ အမှောင်ထုနှင့် ဆိုးရွားမှုတို့၏ ကိုယ်စားပြု အဖြစ် တည်ရှိနေခဲ့သည်။

သို့ပေမည့် လွန်ခဲ့သော နှစ်ပေါင်း သုံးရာအတွင်း တာ့ရှန်း အင်ပါယာနှင့် နုဧကရာဇ်၏ သမိုင်းများက တဖြည်းဖြည်း ဖျောက်ဖျက်ခံလိုက်ရ၏။

သမိုင်း စာအုပ်များ အားလုံးတွင် နုဧကရာဇ်နှင့် တာ့ရှန်း အင်ပါယာ ရှိခဲ့ကြောင်းကို ရှာမတွေ့နိုင်တော့ပေ။ မကြာမီမှာပဲ လူအများစုက တာ့ရှန်း အင်ပါယာ အပေါ် မည်သည့် ခံစားချက်မှ မရှိကြတော့ချေ။

ပိုင်ယင်မြို့နှင့် တာ့ရှန်း အင်ပါယာတို့၏ ဆက်စပ်မှုကို လူအများစုက မသိကြသည်မှာ ဆိုဖွယ်ရာ မရှိတော့ချေ။ အခြားသူများကို ထားလိုက်ပါတော့။ ယွမ်ထျန်းရှဲ့ ကသာ မပြောပြခဲ့လျှင် ယွင်ကျုံးဟဲ့ ပင်လျှင် ဤလျှို့ဝှက်ချက်ကို သိရှိမည် မဟုတ်ပေ။

ဤအရာက မည်သည့်အရာကို သက်သေပြနေသနည်း။

တာ့ရှန်း နတ်ဆိုး နိုင်ငံက အရှေ့ပိုင်း လောက အတွင်းသို့ အလွန် နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်ကြောင်း သက်သေပြနေ၏။

ထျန်းကျိုး နတ်ဧကရာဇ်က ပိုင်ယင်မြို့ကို တာ့ကျိုးသို့ ခေါ်သွင်းလာခြင်းအပေါ် အမတ် အများစုက ထူးခြားသော ခံစားချက် မရှိကြသော်လည်း ဖြောင့်မတ်သော ပညာတတ်များ၊ အထူးသဖြင့် တာ့ရှန်း အင်ပါယာ သမိုင်းကို အနည်းငယ် သိရှိထားသူများ အတွက်မူ လုံးဝ လက်ခံနိုင်စရာ မရှိချေ။

ထို့ကြောင့် ဤလူများ အားလုံးက နန်းတွင်းမှ ပျောက်ကွယ်သွားကြခြင်း ဖြစ်၏။

ကျိုးကျီက မြို့တော်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ပိုင်ယင်မြို့ မင်းသမီး ပိုင်ဖေးဖေးကို လျှို့ဝှက်စွာ သွားတွေ့သည်။

ကျိုးကျီက ပြောလိုက်၏။ “မင်းသမီး... အရင် သဘောတူညီချက် အရဆိုလျှင် ခင်ဗျားတို့က ကျုပ်ခမည်းတော်နဲ့ ပူးပေါင်းရမှာပဲ။ ဧကရာဇ်ဟောင်းက အရမ်း အစွမ်းထက်ပြီး ဧကရာဇ် ဝမ်ယွင်ကို ဖြုတ်ချနိုင်ခဲ့လို့ ခင်ဗျားတို့က သူနဲ့ ပူးပေါင်းခဲ့ခြင်းတာ။ ဒါပေမဲ့ ယခု ထျန်းကျိုး နတ်ဧကရာဇ် သေဆုံးသွားပြီ ဆိုတော့ ကျုပ်တို့ အရင် သဘောတူညီချက်ကို ပြန်လည် အသက်သွင်းလို့ ရပြီ။”

ပိုင်ဖေးဖေးက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မဖြေပေ။

ကျိုးကျီက ဆက်မေးလိုက်သည်။ “ပိုင်ရွှယ်က မင်းရဲ့ အစ်မလား။”

ပိုင်ဖေးဖေးက ဖြေ၏။ “ဟုတ်တယ်လို့ ပြောလို့ရပါတယ်။”

ကျိုးကျီက ပြောလိုက်သည်။ “ကျိုးလင်ကို နန်းတင်လိုက်ရင် ပိုင်ရွှယ်က တာ့ကျိုးအင်ပါယာရဲ့ မယ်တော်ကြီး ဖြစ်လာပြီး အာဏာအားလုံးကို ချုပ်ကိုင်သွားလိမ့်မယ်။ အကယ်၍ ခင်ဗျားတို့သာ ကျုပ်ဘက်က ထောက်ခံပေးမယ်ဆိုရင် ကျုပ်က ခင်ဗျားကို မယ်တော်မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ပေးမှာပါ။”

ပိုင်ဖေးဖေးက ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်၏။

ကျိုးကျီက ထပ်ပြောလိုက်သည်။ “ဒါတင်မကသေးဘူး၊ ခင်ဗျားကို ထျန်းဟောက် အဖြစ် ခန့်အပ်ပြီး ကျုပ်နဲ့အတူ တာ့ကျိုးအင်ပါယာကို အုပ်ချုပ်ခွင့် ပေးမယ်။ ခင်ဗျားတို့ တာ့ရှန်းအင်ပါယာ ပြန်လည်ရှင်သန်လာဖို့ လိုလားနေတာ မဟုတ်လား။ အခု ကျုပ်ကို ရွေးချယ်လိုက်တာက ခင်ဗျားတို့အတွက် ပိုတောင် အကျိုးရှိအုံးမှာပါ။

ဒါ့အပြင် နောက်ထပ် တစ်ချက် ရှိသေးတယ်။ ထျန်းကျိုးနတ်ဧကရာဇ်သာ သေဆုံးသွားရင် နန်းတွင်းက အမတ်အများစုက ကျုပ်ကိုပဲ ထောက်ခံကြမှာပါ။ မိဖုရားကြီး ပိုင်ရွှယ်မှာတော့ ဘာအခြေခံမှ ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်ကို ရွေးချယ်လိုက်တာက ပိုင်ယင်မြို့ရဲ့ အကျိုးစီးပွားနဲ့ အကိုက်ညီဆုံးပဲ ဖြစ်ပါလိမ့်မယ်။”

ပိုင်ဖေးဖေးက အတော်ကြာ စဉ်းစားပြီးနောက် ဖြေလိုက်၏။ “ဒီကိစ္စကို ပိုင်ယင်မြို့ကို တစ်ခေါက်ပြန်သွားပြီးမှ ရှင့်ကို အကြောင်းပြန်ပေးပါ့မယ်။”

ထို့နောက် ပိုင်ဖေးဖေး ထွက်ခွာသွားသည်။

ထျန်းကျိုး နတ်ဧကရာဇ်၏ ရုပ်အလောင်း မြို့တော်သို့ ပြန်လည် ရောက်ရှိလာချိန်မှာတော့ အမတ် အားလုံးက ဒူးထောက် ကြိုဆိုကြ၏။

ပြည်သူ သန်းပေါင်းများစွာက ဝမ်းနည်းပူဆွေးနေကြပြီး မြို့တော် တစ်ခုလုံး အဖြူရောင် လွှမ်းသွား၏။ လူများစွာက ဝမ်းနည်းခြင်းထက် ပို၍ ထိတ်လန့် တုန်လှုပ်နေကြသည်။

နတ်ဧကရာဇ်က နတ်ဘုရား ဖြစ်သည်။ အဘယ်ကြောင့် ရှုံးနိမ့်နိုင်မည်နည်း။ မည်သည့်အကြောင်းကြောင့် သေဆုံးနိုင်မည်နည်း။

ဤစစ်ပွဲကြီးကို ထောက်ပံ့ရန်နှင့် နတ်ဧကရာဇ်၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကို ထောက်ပံ့ရန် မြို့တော်ရှိ ပြည်သူ သန်းပေါင်းများစွာက ဆင်းရဲကျပ်တည်းစွာ နေထိုင်လာခဲ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။ မြို့တော် အတွင်းရှိ စီးပွားရေး လုပ်ငန်းများ အားလုံးနီးပါးလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခု ထျန်းကျိုး နတ်ဧကရာဇ် သေဆုံးသွားပြီ ဖြစ်ရာ လူတိုင်း၏ အိပ်မက်များလည်း နိုးထသွားကြပြီး ဤသို့ စတေးခဲ့ရခြင်းမှာ တန်ဖိုး ရှိ၊ မရှိကိုပင် သံသယ ဝင်လာကြ၏။

သို့ပေမည့် ပြည်သူများ တုံ့ပြန်ရန် အချိန်မရမီမှာပဲ နန်းတွင်း၌ ပိုမို ပြင်းထန်သော အားပြိုင်မှုများ စတင်လာတော့သည်။

နတ်ဧကရာဇ် နတ်ရွာစံသွားပြီ ဖြစ်ရာ အိမ်ရှေ့စံ နန်းတက်ရမည်မှာ သဘာဝပင်။

သို့ပေမည့် ချင်ဝမ် ကျိုးကျီက နန်းရင်ပြင်တွင် ကျယ်လောင်စွာ ကြေညာလိုက်၏။ ယွင်ကျုံးဟဲ့ကို သတ်ဖြတ်ပြီး နတ်ဧကရာဇ်အတွက် ကလဲ့စားချေပြီးမှသာ နန်းတက်ပွဲကို ဆက်လက် ဆွေးနွေးမည်ဟု ပြောလိုက်သည်။

ဤလူက အလွန် ကောက်ကျစ်စဉ်းလဲလှ၏။ ကျိုးလင်က အိမ်ရှေ့စံ မဟုတ်ကြောင်းနှင့် သူ ကိုယ်တိုင် ဧကရာဇ် လုပ်မည်ဖြစ်ကြောင်း တိုက်ရိုက် မပြောချေ။

နတ်ဧကရာဇ်အတွက် ကလဲ့စားချေမည် ဆိုသော အကြောင်းပြချက်က အလွန် ခိုင်လုံသော အကြောင်းပြချက်ကောင်း တစ်ခု ဖြစ်နေသည်။

သို့ပေမည့် ဤပါရမီရှင်က တစ်ဖက်တွင် ယွင်ကျုံးဟဲ့ကို သတ်ရန် အော်ဟစ်နေပြီး အခြားတစ်ဖက်တွင်မူ အခြားသူများ ယွင်ကျုံးဟဲ့ကို မသတ်နိုင်ရန် တားဆီးနေပြန်၏။

ဤသည်မှာ တကယ့်ကို အံ့မခန်း လုပ်ရပ်ပင်။ ဘယ်ဘက်လက်က သတ်မည်ဟု ပြောပြီး ညာဘက်လက်က မသတ်ရန် တားဆီးနေခြင်း ဖြစ်သည်။

ထို့ကြောင့် အိမ်ရှေ့စံ ကျိုးလင် နန်းတက်မည့် ကိစ္စမှာ အမတ်များစွာ၏ ကန့်ကွက်မှုကြောင့် ယာယီ ရပ်ဆိုင်းသွားရသည်။

ထျန်းကျိုး နတ်ဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်က မည်သူကမှ မဆန့်ကျင်ရဲဘဲ သူပြောသမျှ စကားတိုင်းက နတ်ဘုရား၏ အမိန့်တော်များ ဖြစ်ခဲ့၏။

သို့ပေမည့် ယခု နတ်ဧကရာဇ် သေဆုံးသွားပြီ ဖြစ်ပြီး အိမ်ရှေ့စံက အသက် လေးနှစ်သာ ရှိသေးကာ မိဖုရားကြီးတွင်လည်း မည်သည့် အခြေခံမှ မရှိသောကြောင့် လူတိုင်းက သူမစကားကို နားထောင်စရာ အကြောင်း မရှိတော့ချေ။

အောက်တုန်း နှင့် ဖူယန်ထူ တို့က ကျိုးကျီ၏ လူများ ဖြစ်ကြောင်း မမေ့သင့်ချေ။ ယခုအချိန်တွင် နန်းတွင်း၌ ကျိုးမျိုးနွယ်စု၏ အင်အားက ကြီးမားနေဆဲဖြစ်ပြီး ဆူမီယွမ် အတွင်းရှိ ဝန်ကြီး နှစ်ဦးကလည်း တော်ဝင်မျိုးနွယ်များ ဖြစ်ကြသည်။

ထိုတော်ဝင်မျိုးနွယ်များက ဇာစ်မြစ် မသေချာသော မိဖုရားကြီး ပိုင်ရွှယ်ထက် ကျိုးကျီ နှင့် ပိုမို ရင်းနှီးကြသည်မှာ သေချာ၏။

သို့ပေမည့် အချို့သူများက အပေါ်ယံတွင် ကျိုးကျီကို ထောက်ခံသော်လည်း လျှို့ဝှက် အကြံအစည်များ ရှိနေကြသည်။

မိဖုရားကြီး ပိုင်ရွှယ်တွင် နန်းတွင်း၌ အခြေခံ မရှိသလို အိမ်ရှေ့စံ ကျိုးလင် ကလည်း အသက်ငယ် လွန်းလှသည်။ ဤသို့သော ဧကရာဇ်မျိုးကသာ အကောင်းဆုံး ဖြစ်ပြီး အာဏာသိမ်းမည့် အမတ်ကြီးများ ပေါ်ပေါက်လာရန် အခွင့်အလမ်း အများဆုံး ဖြစ်၏။

ဆန့်ကျင်ဘက် အနေဖြင့် ကျိုးကျီက အရွယ်ရောက်နေပြီ ဖြစ်ပြီး အလွန် ကောက်ကျစ်စဉ်းလဲသူ ဖြစ်ရာ သူ ဧကရာဇ် ဖြစ်လာပါက လူတိုင်းအတွက် အလုပ်အကျွေးပြုရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် နန်းတွင်း တစ်ခုလုံး အရှုပ်အထွေးကြီး ဖြစ်သွားတော့၏။

အစပိုင်းတွင် အနည်းငယ် ထိန်းသိမ်းထားနိုင်ကြသေးသော်လည်း နောက်ပိုင်းတွင် အာဏာလုပွဲက အလွန် ပြင်းထန်လာခဲ့သည်။

ထို့နောက် ထျန်းကျိုး နတ်ဧကရာဇ်၏ ရုပ်အလောင်းမှာလည်း ရက်ပေါင်းများစွာ ကြာသည်အထိ မြေမမြှုပ်ရသေးဘဲ ထားရှိရာ နောက်ဆုံးတွင် လောက်ကောင်များ ထွက်လာတော့၏။

တစ်နေ့တွင် ထိုလောက်ကောင်များက အခေါင်းထဲမှ တွားသွားထွက်လာရာ အနားရှိ အမျိုးသမီးများ ချက်ချင်း အန်ကုန်ကြ၏။

တကယ့်ကို ဝမ်းနည်းစရာ ကောင်းသည့် အခြေအနေပင်။ သက်ရှိထင်ရှား ရှိစဉ်က အမြင့်ဆုံး နေရာတွင် ရှိသော နတ်ဧကရာဇ် ဖြစ်ခဲ့သော်လည်း သေဆုံးပြီးနောက်တွင်မူ ဘာမှ မဟုတ်တော့ဘဲ အလောင်းက ပုပ်ပွကာ လောက်ကောင်များ ထွက်လာခြင်းမှာ ချီဟွမ်ကုန်း၏ အဖြစ်ဆိုးနှင့် တစ်ထပ်တည်း ဖြစ်သည်။

(ချီဟွမ်ကုန်း - တရုတ်ပြည်နယ်များကို စုစည်းပြီး ပထမဆုံး အင်ပါယာ ထူထောင်ခဲ့သူ ချင်းရှီဟွမ်

သမိုင်းမှတ်တမ်းများအရ ချင်းရှီဟွမ်သည် ခရီးသွားနေစဉ်အတွင်း ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ထိုခေတ်အခါက အလောင်းကို ချက်ချင်း ပြန်မသယ်နိုင်ဘဲ အဝေးကြီး ခရီးနှင်ရသည့်အတွက် ရာသီဥတု ပူပြင်းမှုကြောင့် အလောင်းပုပ်ပွပြီး အနံ့အသက်ဆိုးများ ထွက်လာခဲ့သည်။ ထိုအနံ့ကို ဖုံးကွယ်ရန်အတွက် အလောင်းတင်ဆောင်ထားသော ယာဉ်နောက်မှ ငါးသေကောင်များတင်ဆောင်ထားသော ယာဉ်များကို လိုက်ပါစေခဲ့ရသည်။)

ဤသို့သော အာဏာလုပွဲများက တစ်နေ့တွင် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွား၏။

ဒုတိယမင်းသား ကျိုးကျီ လုပ်ကြံခံလိုက်ရ၏။ ထိုညက သူ နတ်ဧကရာဇ်အတွက် အသုဘစောင့်ပြီး အိမ်အပြန်လမ်းတွင် လူအများရှေ့၌ လုပ်ကြံခံရကာ ဗိုက်ကို ဓားဖြင့် ထိုးခံလိုက်ရခြင်း ဖြစ်သည်။

ဤလုပ်ကြံမှုက ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ လက်ညှိုး အားလုံးက မိဖုရားကြီး ပိုင်ရွှယ် နှင့် ဝူကွန်းဟောက် ပိုင်ကျန်း တို့ထံသို့ ဦးတည်သွားကြ၏။

သူတို့ လုပ်ဆောင်ခြင်း ဖြစ်မည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ကျိုးကျီကို သတ်လိုက်ပါက ကျိုးလင် နန်းတက်ရန် အဟန့်အတား ရှိတော့မည် မဟုတ်သောကြောင့်ပင်။

ထို့နောက် ကောလာဟလ တစ်ခု ထွက်ပေါ်လာသည်။

အိမ်ရှေ့စံ ကျိုးလင်က နတ်ဧကရာဇ်၏ သားအရင်း လုံးဝ မဟုတ်ကြောင်း၊ နတ်ဧကရာဇ်က အသက် ရှစ်ဆယ်ကျော်နေပြီ ဖြစ်သောကြောင့် အပြင်ပန်း နုပျိုနေသော်လည်း ကလေး မရနိုင်တော့ကြောင်း ကောလာဟလ ထွက်ပေါ်လာ၏။

ကျိုးလင် နှင့် ဝူကွန်းဟောက် ပိုင်ကျန်းတို့၏ ရုပ်သွင်က အလွန် တူညီနေသည်ကို ကြည့်ရန် ပြောဆို လာကြသည်။

ထို့ကြောင့် မိဖုရားကြီး ပိုင်ရွှယ် နှင့် ဝူကွန်းဟောက် ပိုင်ကျန်းတို့က မောင်နှမ အရင်း မဟုတ်ဘဲ ဖောက်ပြန်နေကြကာ ကျိုးလင်က ပိုင်ကျန်း၏ သွေးမျိုးဆက် ဖြစ်နိုင်ကြောင်း စွပ်စွဲလာကြ၏။

အကယ်၍ ကျိုးလင်ကို ဧကရာဇ် အဖြစ် တင်မြှောက်လိုက်ပါက တာ့ကျိုး နိုင်ငံတော်က အခြားသူများ၏ လက်ထဲသို့ ကျရောက်သွားမည် မဟုတ်ပါလား။

ဤကောလာဟလက အလွန် ပြင်းထန်သော သက်ရောက်မှု ရှိသွားခဲ့သည်။ ထို့ကြောင့် အိမ်ရှေ့စံ ကျိုးလင်သည် နတ်ဧကရာဇ်၏ သွေးမျိုးဆက်အရင်း ဖြစ်ကြောင်း သက်သေပြရန် သွေးစက်ချ အရိုးစစ်ဆေးခြင်း ပြုလုပ်ရန် တောင်းဆိုလာကြ၏။

သို့ပေမည့် နတ်ဧကရာဇ်က သေဆုံးသွားပြီ ဖြစ်ရာ မည်သို့ စစ်ဆေးမည်နည်း။

ထို့ကြောင့် ကျိုးလင်၏ သွေးကို နတ်ဧကရာဇ်၏ အရိုးပေါ်သို့ ချကာ သွေးက အရိုးထဲသို့ စိမ့်ဝင်သွားပါက သားအရင်း ဖြစ်ကြောင်း သက်သေပြနိုင်မည် ဖြစ်ပြီး မစိမ့်ဝင်ပါက သားအရင်း မဟုတ်ကြောင်း သက်သေပြနိုင်မည်ဟု အဆိုပြုလာကြ၏။

ဤကဲ့သို့ အရေးကိစ္စများ ဖြစ်ပေါ်လာသောကြာင့် ပိတ်ထားသော ထျန်းကျိုး နတ်ဧကရာဇ်၏ အခေါင်းကို ပြန်ဖွင့်ရပြန်သည်။ သေဆုံးပြီးသည်အထိ အေးချမ်းစွာ မနေရချေ။

ကျင်းကျိုးမြို့ ကျဆုံးသွားပြီး တာယင်အင်ပါယာ စစ်တပ်များ တောင်ဘက်သို့ ဆင်းလာသည်ကို လုံးဝ ဂရုမစိုက်နိုင်ဘဲ ဤပြည်တွင်း အာဏာလုပွဲကို ရပ်တန့်နိုင်ခြင်း မရှိကြသေးပေ။

လျှို့ဝှက်ခန်း အတွင်း၌...

ကျိုးကျီက အလွန် စိတ်လှုပ်ရှားနေပုံဖြင့် မေးလိုက်၏။ “အကုန်လုံး ချိတ်ဆက်ပြီးပြီလား။”

အောက်မင်က ပြန်ဖြေသည်။ “အရှင်မင်းသား... အကုန်လုံး အဆင်ပြေသွားပါပြီ။ ကျုပ်ဆရာရော၊ အဖေပါ အရှင်မင်းသားဘက်က ထောက်ခံပေးမှာ အသေအချာပါပဲ။ နိုင်ကော်နဲ့ ဆူမီယွမ်တို့ကလည်း အရှင်မင်းသားဘက်မှာ ရှိနေကြပါတယ်။”

ကျိုးကျီက ထပ်မေးလိုက်၏။ “ဟေးပင်းထိုင် ကရော”

အောက်မင်က ဖြေသည်။ “ယန်ဖြန်ရှန်ကတော့ ကြားနေ နေတာပါ။ ဒါပေမဲ့ သူက ဒု-စစ်သူကြီးချုပ်ပဲ ရှိသေးပြီး နန်ကုန်းချော့ကတော့ အရှင်မင်းသားဘက်မှာ ရှိနေပါတယ်။”

ထို့နောက် အောက်မင်က ဆက်ပြောလိုက်၏။ “အရှင်မင်းသား... ကျုပ် လူနှစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ။”

ခဏအကြာတွင် မြို့တော် စစ်သေနာပတိ ထန်ထိုင်ကျင့် နှင့် ချန်းနျူဝေ့ စစ်သူကြီး ရှုဝမ်လျန် တို့ လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်လာပြီး ကျိုးကျီကို ဒူးထောက် အရိုအသေပေးကာ ပြောလိုက်ကြသည်။ “အရှင်မင်းသားကို ဂါရဝပြုပါတယ်။”

အောက်မင်က ရှင်းပြလိုက်၏။ “မြို့တော်ရဲ့ စစ်အာဏာကို အပိုင်းလေးပိုင်း ခွဲထားပါတယ်။ ပိုင်ကျန်းက တစ်ပိုင်း၊ ကျုပ်အဖေက တစ်ပိုင်း၊ စစ်သေနာပတိ ထန်ထိုင်ကျင့်က တစ်ပိုင်း ပိုင်ထားကြတာပါ။ စစ်သူကြီး ရှုဝမ်လျန်က ပိုင်ကျန်းလက်အောက်မှာ ရှိနေရမှာဖြစ်ပေမဲ့ သူကိုယ်တိုင်ကလည်း အရှင်မင်းသားကို သစ္စာစောင့်သိဖို့ ဆန္ဒရှိနေပါတယ်။”

ရှုဝမ်လျန်က ပြောလိုက်သည်။ “ကျုပ် သစ္စာစောင့်သိတာဟာ တာ့ကျိုးနိုင်ငံတော်အတွက်ပါ။ လူတစ်ယောက် အတွက် သီးသန့် မဟုတ်ပါဘူး။”

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။”

ကျိုးကျီက ရှေ့သို့ တိုးလာကာ ရှုဝမ်လျန် နှင့် ထန်ထိုင်ကျင့် တို့ကို ထူပေးလိုက်ပြီး ပြောလိုက်၏။ “ကျုပ်ရဲ့ လုပ်ရပ်တွေ အားလုံးကလည်း တာ့ကျိုးအတွက်ပဲ။ နှစ်ရာနဲ့ချီပြီး တည်ဆောက်လာခဲ့ရတဲ့ နိုင်ငံတော်ကြီးကို သူစိမ်းတွေလက်ထဲ လုံးဝကျရောက် မခံနိုင်ဘူး။ ဒီကိစ္စတွေ အောင်မြင်သွားရင် စစ်သူကြီးနှစ်ယောက်ရဲ့ ကျေးဇူးကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး။”

ထို့နောက် ထန်ထိုင်ကျင့် နှင့် ရှုဝမ်လျန် တို့ နှစ်ဦး ထွက်ခွာသွားကြသည်။

အောက်မင်က ပြောလိုက်၏။ “အရှင်မင်းသား... အခု ပြဿနာက ဟိုဘက်တစ်ခုတည်းမှာပဲ ရှိနေတာပါ။”

အပိုင်း (၆၄၆)

အောက်မင် ပြောသော ဟိုဘက် ဆိုသည်မှာ သေချာပေါက် ပိုင်ယင်မြို့ ဖြစ်သည်။

တာ့ကျိုးအင်ပါယာ၏ အကြီးမားဆုံး စစ်ရေး အင်အားက ပိုင်ယင်မြို့ ဖြစ်ပြီး ယခု စစ်တပ် အတွင်းရှိ အဓိက စစ်သူကြီး အများစုမှာလည်း ပိုင်ယင်မြို့မှ လာသူများ ဖြစ်ကြ၏။

ယမ်းမှုန့် နှင့် အဆိပ်ဓာတ်ငွေ့ဗုံး ဟူသော အဖျက်စွမ်းအားကြီး လက်နက် နှစ်ခုကိုလည်း ပိုင်ယင်မြို့ကသာ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ထို့အပြင် ပိုင်ရွှယ်မှာ ပိုင်ယင်မြို့၏ မင်းသမီး တစ်ပါး ဖြစ်၏။

ကျိုးကျီက ပြောလိုက်သည်။ “ပိုင်ယင်မြို့ အတွင်းမှာလည်း အာဏာလုပွဲတွေ ရှိနေတယ်။ ကျုပ် ဧကရာဇ် ဖြစ်လာတာနဲ့ မင်းသမီး ပိုင်ဖေးဖေးကို မယ်တော်မိဖုရားခေါင်ကြီး အဖြစ် တင်မြှောက်မယ်။ အဲဒီအခါကျရင် ပိုင်ယင်မြို့ ကလည်း ကျုပ်တို့ တာ့ကျိုးရဲ့ အကူအညီနဲ့ ပြန်လည် ရှင်သန်နိုင်မှာပဲ။

ကျုပ်တို့က ပိုင်ယင်မြို့ကို မစော်ကားချင်သလို ပိုင်ယင်မြို့ ကလည်း ကျုပ်တို့ကို မစော်ကားချင်ဘူး။ ဒါကြောင့် အခုအချိန်မှာ အရာအားလုံးကို အပြီးသတ်ဖို့ လိုအပ်တယ်။ ပိုင်ရွှယ်နဲ့ ကျိုးလင်ကို ဖြုတ်ချပြီး ကျုပ် ဧကရာဇ် ဖြစ်လာရင် ပိုင်ယင်မြို့ကလည်း ကျုပ်နဲ့ မဖြစ်မနေ မဟာမိတ် ဖွဲ့ရတော့မှာ။ ပြီးတော့ မူလ အစီအစဉ် အရဆိုရင် ပိုင်ဖေးဖေးက ကျုပ်နဲ့ လက်ထပ်ရမှာပဲ။”

အောက်မင်က ပြောလိုက်၏။ “ဒီလိုဆိုရင်တော့ အရာအားလုံး အဆင်ပြေသွားပြီပေါ့။ နိုင်ကော်၊ ဆူမီယွမ်၊ ဟေးပင်းထိုင်နဲ့ အမတ်တွေအားလုံးက အရှင်မင်းသားကို ထောက်ခံနေကြပြီဆိုတော့ အရှင်မင်းသား နန်းတက်မယ့်လမ်းကို ဘယ်သူများ တားဆီးနိုင်အုံးမှာလဲ။”

ကျိုးကျီက အောက်မင်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “အောက်မင်... ခင်ဗျားက လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက ကျုပ်နောက် လိုက်ခဲ့တာ၊ ခင်ဗျားက ကျုပ်ရဲ့ အကြံပေး သာမက ကျေးဇူးရှင်လည်း ဖြစ်တယ်။

ခင်ဗျား အသက်သုံးဆယ်ကျော်ပဲ ရှိပါသေးတယ်။ နိုင်ငံတော် အကျပ်အတည်း ဖြစ်နေတဲ့အချိန်မျိုးမှာ ပါရမီရှင်တွေကို ရဲရဲဝံ့ဝံ့ သုံးတတ်ဖို့ လိုတာပေါ့။ အသက်လေးဆယ်မတိုင်ခင် ဝန်ကြီးချုပ် ဖြစ်လာတဲ့သူတွေ ရှိခဲ့တာပဲ မဟုတ်လား။ ချန်ကျုံးဧကရာဇ် လက်ထက်တုန်းကဆိုရင် အသက်သုံးဆယ့်ခုနစ်နှစ်အရွယ် ဝန်ကြီးချုပ်တစ်ယောက်တောင် ရှိခဲ့သေးတယ် မဟုတ်လား။”

အောက်မင်က ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။ “အရှင်မင်းသားရဲ့ ချီးမြှောက်မှုကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် အောက်မင်က ဆက်ပြောလိုက်သည်။ “ဒါဆိုရင် မနက်ဖြန် နန်းရင်ပြင်မှာ မိဖုရားကြီး ပိုင်ရွှယ်နဲ့ အိမ်ရှေ့စံကျိုးလင်ကို တရားဝင် ဖြုတ်ချကြမယ်။”

ကျိုးကျီက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ... မနက်ဖြန်ကျရင် ကျုပ်တို့ အလုပ်ကြီးတစ်ခု လုပ်ကြတာပေါ့။”

အောက်မင်က ပြောလိုက်သည်။ “သွေးစက်ချပြီး အရိုးစစ်ဆေးတဲ့ကိစ္စကိုတော့ အရှင်မင်းသားဆီပဲ အပ်နှင်းလိုက်ပါတယ်။”

ကျိုးကျီက ဖြေလိုက်၏။ “လုံးဝ အမှားအယွင်းမရှိစေရဘူး။”

အိမ်ရှေ့စံ ကျိုးလင်၏ သွေးက နတ်ဧကရာဇ်၏ အရိုးထဲသို့ မစိမ့်ဝင်အောင် လုပ်ရန်မှာ အလွန် လွယ်ကူလှ၏။ နတ်ဧကရာဇ်၏ အရိုးများကို ဆေးရည် တစ်မျိုးမျိုးဖြင့် စိမ်ထားလိုက်ရုံသာ ဖြစ်သည်။

ဤကိစ္စကို ကျိုးကျီက ကြိုတင် စီစဉ်ထားပြီး ဖြစ်ကာ နတ်ဧကရာဇ်၏ အခေါင်းကို သူ၏ လူများက အလုံးစုံ ထိန်းချုပ်ထားပြီး မည်သူ့ကိုမှ အနားကပ်ခွင့် မပေးခဲ့ချေ။

နောက်တစ်နေ့ နန်းရင်ပြင်တွင်...

မူလက ယနေ့ ဆွေးနွေးမည့် ကိစ္စမှာ ယွင်ကျုံးဟဲ့ကို သတ်ဖြတ်ပြီး နတ်ဧကရာဇ်အတွက် ကလဲ့စားချေမည့် ကိစ္စ ဖြစ်သည်။

သို့ပေမည့် အမတ် တစ်ဦးက ရှေ့ထွက်လာ၏။ သူသည် ဘယ်ဘက် အကြံပေး အရာရှိ ဖြစ်ပြီး ဟူယုံးက ဧကရာဇ် ဝမ်ယွင် အား အပြစ်ဝန်ခံစာ ထုတ်ပြန်ရန် ဖိအားပေးခဲ့ပြီးနောက်ပိုင်း ဤသို့သော အသက်အန္တရာယ် ရှိသည့် အလုပ်များကို ဤရာထူးကသာ တာဝန်ယူရတော့ပုံပင်။

ထိုအမတ်က မေးလိုက်သည်။ “မိဖုရားကြီး... အိမ်ရှေ့စံမင်းသား... လတ်တလော ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ကြားပြီးကြပြီလား။”

ထိုစကားကြောင့် မိဖုရားကြီး၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွား၏။

‘တကယ်ပဲ တစ်စုံတစ်ယောက်က ဒီကိစ္စကို ထုတ်ဖော်ပြောဆိုရဲပြီး အိမ်ရှေ့စံကျိုးလင်ဟာ နတ်ဧကရာဇ်ရဲ့ သားအရင်း မဟုတ်ကြောင်း မေးခွန်းထုတ်ရဲနေကြတယ်ပေါ့။’

ထို အမတ်က ဆက်ပြောလိုက်သည်။ “ဒီကိစ္စက တာ့ကျိုးအင်ပါယာရဲ့ နိုင်ငံတော်ကံကြမ္မာနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ မိဖုရားကြီးရဲ့ ဂုဏ်သိက္ခာကို သက်သေပြဖို့၊ ပြည်သူလူထုကို ရှင်းလင်းချက်ပေးဖို့နဲ့ ဘိုးဘေးတွေကို အပြစ်မတင်ရအောင် အိမ်ရှေ့စံကို သွေးစက်ချပြီး အရိုးစစ်ဆေးမှု ပြုလုပ်ပေးဖို့ ကျုပ် တောင်းဆိုပါတယ်။”

မိဖုရားကြီး ပိုင်ရွှယ်က ပြောလိုက်၏။ “ဒီကိစ္စက လုံးဝယုတ္တိ မရှိတာပဲ။ နတ်ဧကရာဇ်မင်းမြတ်ရဲ့ အခေါင်းကိုတောင် ပိတ်ထားပြီးပြီကို ပြန်ဖွင့်မယ်ဆိုရင် မြေအောက်က နတ်ဧကရာဇ်မင်းမြတ် အေးချမ်းစွာ မနေရအောင် လုပ်ရာမကျဘူးလား။ ဒါ့အပြင် ဒီလိုစွပ်စွဲချက်က နတ်ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပဲ မဟုတ်လား။ လူတွေ... ဒီရူးသွပ်နေတဲ့ကောင်ကို ဆွဲထုတ်သွားပြီး ပါးအချက် ငါးဆယ် ရိုက်လိုက်စမ်း။”

စစ်သည် အချို့ ဝင်ရောက်လာပြီး ဤ ရဲတင်းသော အမတ်ကို ဆွဲထုတ်ကာ ပါးရိုက်ရန် ပြင်ဆင်လိုက် ကြသည်။

သို့ပေမည့် ထိုအချိန်တွင် စစ်ရေးဝန်ကြီး ဖူယန်ထူက ရှေ့ထွက်လာကာ ပြောလိုက်၏။ “ကျုပ် မိဖုရားကြီးကို လုံးဝ မစော်ကားရဲပါဘူး။ ဒါပေမဲ့ ဒီကိစ္စက အလွန်အရေးကြီးနေလို့ပါ။ ကောလာဟလတွေကလည်း ပိုပြီး ပြန့်နှံ့လာနေတဲ့အတွက် ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ စစ်တပ်ရဲ့စိတ်ဓာတ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါကြောင့် ပြည်သူလူထုကို ရှင်းလင်းချက်ပေးနိုင်ဖို့ အိမ်ရှေ့စံကို သွေးစက်ချပြီး အရိုးစစ်ဆေးမှု ပြုလုပ်ပေးဖို့ တောင်းဆိုရတာပါ။”

ထို့နောက် အမတ်များ တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာကာ အရိုအသေပေးလျက် လျှောက်တင်လိုက်ကြသည်။

“အိမ်ရှေ့စံကို သွေးစက်ချပြီး အရိုးစစ်ဆေးမှု ပြုလုပ်ပေးဖို့ တောင်းဆိုပါတယ်။”

ချက်ချင်းပဲ မိဖုရားကြီးက ငိုကြွေးလိုက်ပြီး သနားစရာကောင်းသော အသံဖြင့် ပြောလိုက်၏။ “နတ်ဧကရာဇ် မင်းမြတ်ရဲ့ အရိုးတွေတောင် မအေးသေးဘူး။ ရှင်တို့က ကျွန်မတို့ သားအမိကို ဒီလိုမျိုး အနိုင်ကျင့်ကြတယ်ပေါ့။ တကယ့်ကို သစ္စာရှိတဲ့ အမတ်တွေပဲ။”

ထို့နောက် အမတ် အားလုံးက ဒူးထောက်ကာ လျှောက်တင်လိုက်ကြသည်။ “အိမ်ရှေ့စံကို သွေးစက်ချပြီး အရိုးစစ်ဆေးမှု ပြုလုပ်ပေးခြင်းဖြင့် လောကပြည်သူတွေကို ရှင်းလင်းချက်ပေးဖို့ တောင်းဆိုပါတယ်။”

အမတ် အားလုံး၏ တစ်သံတည်း တောင်းဆိုမှုရှေ့တွင် မိဖုရားကြီးနှင့် ဝူကွန်းဟောက် တို့လည်း မကန့်ကွက်နိုင်တော့ချေ။

ထိုသို့ဖြင့် ယုတ္တိ မရှိသော သွေးစက်ချ အရိုးစစ်ဆေးခြင်းကို တရားဝင် စတင်လိုက်၏။ နှစ်လတိုင်တိုင် ထားရှိခဲ့သော ထျန်းကျိုး နတ်ဧကရာဇ်၏ အခေါင်းကို ပြန်လည် ဖွင့်လှစ်လိုက်ပြန်သည်။

ချက်ချင်းပဲ အလွန် ဆိုးရွားသော အပုပ်နံ့များ လှိုင်ထွက်လာသည်။ ပုပ်ပွနေပြီး လောက်ကောင်များပင် မရှိတော့ဘဲ အရည်ပျော်နေသော အနှစ်များသာ ကျန်ရှိတော့၏။

ထျန်းကျိုး နတ်ဧကရာဇ်က အလွန် ဉာဏ်ကောင်းသူ ဖြစ်ရာ သူ သေဆုံးပြီးနောက် ဤသို့သော အဖြစ်ဆိုးမျိုး ကြုံတွေ့ရမည်ကို ကြိုတင် တွေးမိခဲ့ပုံရ၏။ ထို့ကြောင့် သူ၏ နောက်ဆုံး မှာကြားချက်တွင် မည်သည့် ကိစ္စကိုမှ မမှာကြားခဲ့ဘဲ ယွင်ကျုံးဟဲ့ကို အလွန် ဆိုးရွားသော ကျိန်စာတိုက်ခြင်း တစ်ခုတည်းကိုသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သမားတော်က နှာခေါင်းကို ပိတ်ကာ အန်ချင်စိတ်ကို အောင့်အည်းလျက် ထျန်းကျိုး နတ်ဧကရာဇ်၏ လက်မောင်းရိုးကို ယူကာ ပိတ်စဖြင့် သန့်ရှင်းရေး ပြုလုပ်လိုက်၏။

လက်မောင်း တစ်ခုလုံးက ပုပ်ပွနေပြီး အဖြူရောင် အရိုးများသာပေါ်လွင်နေသည်။

ထို့နောက် မိဖုရားကြီးက ဓားငယ်ဖြင့် အိမ်ရှေ့စံ ကျိုးလင်၏ လက်ချောင်းကို ခွဲကာ သွေးစက်များ ချလိုက်၏။

အိမ်ရှေ့စံက အသက် လေးနှစ်သာ ရှိသေးသော်လည်း ဤသို့သော အပုပ်နံ့များရှေ့တွင် အန်ခြင်း မရှိ၊ အော်ဟစ်ခြင်း မရှိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေခြင်းက အလွန် အံ့အားသင့်စရာ ကောင်းလှသည်။

လူတိုင်း အသက်ရှူအောင့်ကာ သွေးစက်ချ အရိုးစစ်ဆေးခြင်း၏ ရလဒ်ကို စောင့်ကြည့်နေကြ၏။

သို့ပေမည့် ကျိုးကျီ ကမူ စိတ်ထဲမှ လှောင်ပြောင် ရယ်မောနေ၏။ မည်သည့် ရလဒ်မှ ထွက်ပေါ်လာမည် မဟုတ်သည်မှာ သေချာနေပြီး အိမ်ရှေ့စံ ကျိုးလင်၏ သွေးက နတ်ဧကရာဇ်၏ အရိုးထဲသို့ စိမ့်ဝင်မည် မဟုတ်ကြောင်း ယုံကြည်လို့နေသည်။

အကြောင်းမှာ နတ်ဧကရာဇ်၏ အရိုးများကို သူ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့်ပင်။

သွေးစက်ချ အရိုးစစ်ဆေးခြင်း မအောင်မြင်သည်နှင့် ကျိုးလင်က နန်းတက်ရန် အရည်အချင်း မရှိတော့ဘဲ အိမ်ရှေ့စံ ရာထူးမှ ဖယ်ရှားခံရမည် ဖြစ်ကာ မိဖုရားကြီး လည်း ရာထူးမှ ဖယ်ရှားခံရမှာ ဖြစ်၏။

ထို့နောက် သူ ကျိုးကျီက ဧကရာဇ် အဖြစ် နန်းတက်မည်။ အရာအားလုံး ပြီးဆုံးသွားချိန်မှာတော့ ပိုင်ယင်မြို့ ကလည်း ဤရလဒ်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး ကျိုးကျီ နှင့် ဆက်လက် မဟာမိတ် ဖွဲ့ရပေလိမ့်မည်။

တာယင်အင်ပါယာ စစ်တပ်များက မလှမ်းမကမ်းတွင် ရောက်ရှိနေသော်လည်း ဘာဖြစ်သနည်း။ ကျိုးကျီ၏ အမြင်တွင် ပြင်ပ ရန်သူကို မတိုက်ခိုက်မီ ပြည်တွင်းရေးကို အရင် ဖြေရှင်းရမည်ဟု ယုံကြည်ထား၏။

နန်းမွေခံ ကိစ္စကို အရင် ဆုံးဖြတ်ပြီး ဧကရာဇ်သစ် ရှိလာမှသာ ပြည်သူ အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြင်ပ ရန်သူကို ခုခံနိုင်မည် မဟုတ်ပါလား။

ကျိုးကျီက သူ ဧကရာဇ် အဖြစ် နန်းတက်မည့် မြင်ကွင်းကို စိတ်ကူးယဉ်လာမိသည်။

သူက ယွင်ကျုံးဟဲ့ကိုပဲ အနည်းငယ် ကျေးဇူးတင်မိသေး၏။ ယွင်ကျုံးဟဲ့ကသာ နတ်ဧကရာဇ်ကို မသတ်ခဲ့လျှင် နတ်ဧကရာဇ်က နောက်ထပ် နှစ်သုံးလေးဆယ်ခန့် အသက်ရှင်နေဦးမည် ဖြစ်ပြီး သူ ကျိုးကျီသည် ဘယ်တော့မှ ဧကရာဇ် ဖြစ်လာခွင့် ရမည် မဟုတ်ချေ။

ယခု တာ့ကျိုး နိုင်ငံတော်က ပျက်စီးယိုယွင်းနေသော်လည်း ပျက်စီးနေသော နိုင်ငံ၏ ဧကရာဇ် ဖြစ်ရခြင်းက ချင်ဝမ်တစ်ပါး ဖြစ်ရခြင်းထက်များစွာ သာလွန်သည်။

“ကောင်းကင်ဘုံ...” ရုတ်တရက် အမတ် အချို့ထံမှ အံ့အားသင့်သံများ ထွက်ပေါ်လာ၏။

ကျိုးကျီက ချက်ချင်း လှမ်းကြည့်လိုက်ရာ ကြက်သီးမွေးညင်း ထသွားလေတော့သည်။

အကြောင်းမှာ အိမ်ရှေ့စံ ကျိုးလင်၏ သွေးက ထျန်းကျိုး နတ်ဧကရာဇ်၏ အရိုးထဲသို့ တကယ်ပဲ စိမ့်ဝင်သွားသောကြောင့်ပင်။

သွေးစက်ချ အရိုးစစ်ဆေးခြင်း အောင်မြင်သွားပြီဖြစ်သည်။

‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နတ်ဧကရာဇ်ရဲ့ အရိုးတွေကို ကျုပ် ကြိုတင် ပြင်ဆင်ထားခဲ့တာလေ။ ဒီ သွေးစက်ချ အရိုးစစ်ဆေးခြင်းက လုံးဝ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။’

ကျိုးကျီ တစ်ကိုယ်လုံး အေးစက်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

မိဖုရားကြီး ပိုင်ရွှယ်က အေးစက်သော အသံဖြင့် မေးလိုက်သည်။ “အခု သွေးစက်ချ အရိုးစစ်ဆေးခြင်း ကလည်း အောင်မြင်သွားခဲ့ပြီဆိုတော့ အမတ်မင်းတို့အနေနဲ့ ဘာများ ဆက်ပြောစရာ ရှိသေးလဲ။”

ထိုအချိန်မှာပဲ အောက်မင်က ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အိမ်ရှေ့စံမင်းသား... နန်းတက်ဖို့ ကျုပ် တောင်းဆိုပါတယ်။”

ထို့နောက် ချက်ချင်းပဲ ဝန်ကြီးချုပ် လင်ကုန်းက ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ပြည်သူတွေမှာ ဧကရာဇ် မရှိဘဲ တစ်ရက်တောင် နေလို့ မဖြစ်ပါဘူး။ အိမ်ရှေ့စံမင်းသား နန်းတက်တော်မူဖို့ ကျုပ် တောင်းဆိုပါတယ်။”

ထို့နောက် စစ်သေနာပတိ အောက်တုန်းက ဒူးထောက်ကာ လျှောက်တင်ပြန်၏။ “အိမ်ရှေ့စံမင်းသား... နန်းတက်ဖို့ ကျုပ် တောင်းဆိုပါတယ်။”

ထိုနေရာတွင် ရှိနေသော အမတ် အားလုံးက ဒူးထောက်ကာ ကျယ်လောင်စွာ လျှောက်တင်ကြတော့သည်။ “အိမ်ရှေ့စံမင်းသား... နန်းတက်ဖို့ ကျုပ် တောင်းဆိုပါတယ်။”

ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့က အနည်းငယ်တွေဝေပြီးနောက် ဒူးထောက်ကာ လျှောက်တင် လိုက်၏။ “အိမ်ရှေ့စံမင်းသား... နန်းတက်ဖို့ ကျုပ် တောင်းဆိုပါတယ်။”

ကျိုးကျီ တစ်ကိုယ်လုံး တုန်ယင်နေပြီး နှုတ်ခမ်းများ ပြာနှမ်းနေကာ အောက်မင်ကို လက်ညှိုးထိုးလျက် အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား... ခင်ဗျား... ခင်ဗျား...”

သူ အခုမှ အားလုံးကို သဘောပေါက်သွားခဲ့သည်။ ဤအရာ အားလုံးမှာ အောက်မင်၏ အကြံအစည်များ ဖြစ်သည်။

အောက်မင်၊ လင်ကုန်း၊ အောက်တုန်းတို့ သုံးဦးမှာ အစတည်းက မိဖုရားကြီးနှင့် အိမ်ရှေ့စံဘက်တွင် ရှိနေခဲ့ကြခြင်း ဖြစ်သည်။ သို့ပေမည့် နန်းတွင်း၌ ကျိုးကျီကို ထောက်ခံသူများက များပြားနေဆဲ ဖြစ်၏။

ထို့ကြောင့် အောက်မင်က ဤအဆိပ်ပြင်းသော အကြံအစည်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ကြောက်မက်ဖွယ် ကောင်းသော တန်ပြန် လှည့်စားမှုကြီး ဖြစ်သည်။

ကျိုးကျီ လုပ်ကြံခံရခြင်း၊ ကျိုးလင်က နတ်ဧကရာဇ်၏ သားအရင်း မဟုတ်ဟူသော ကောလာဟလ ထွက်ပေါ်လာခြင်းနှင့် သွေးစက်ချ အရိုးစစ်ဆေးခြင်း ပြုလုပ်ရန် တောင်းဆိုခြင်းတို့ အားလုံးက အောက်မင်၏ ဖန်တီးမှုများသာ ဖြစ်၏။

သူက ကျိုးကျီကို အောင်မြင်တော့မည်ဟု ထင်မှတ်စေကာ အိမ်ရှေ့စံနှင့် မိဖုရားကြီးကို တိုက်ခိုက်ရန် နည်းလမ်း ရှာတွေ့သွားသည်ဟု ထင်မြင်စေခဲ့သည်။

အရေးအကြီးဆုံး အချိန်ရောက်မှသာ အောက်မင်က အသေအလဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် သွေးစက်ချ အရိုးစစ်ဆေးခြင်း၏ ရလဒ်ကို အသုံးပြုကာ အိမ်ရှေ့စံကို နန်းပလ္လင်ပေါ်သို့ တိုက်ရိုက် တင်ပေးလိုက်ခြင်း ဖြစ်၏။

ကျိုးကျီ တစ်ကိုယ်လုံး တုန်ယင်နေသည်။ အလွန် ကောက်ကျစ်စဉ်းလဲလှသော၊ တကယ့်ကို ပြိုင်ဘက်ကင်း အဆိပ်ပြင်းသောလူ အောင်မင် ပင်ဖြစ်သည်။

ထိုသို့ဖြင့် အောက်မင်၊ လင်ကုန်း နှင့် အောက်တုန်းတို့၏ ကြိုးကိုင်မှုအောက်တွင် အိမ်ရှေ့စံ ကျိုးလင်က ဧကရာဇ် အဖြစ် တရားဝင် နန်းတက်သွားတော့သည်။ အခမ်းအနားက အလွန် ရိုးရှင်းပြီး နာရီဝက်ပင် အချိန်မယူခဲ့ရချေ။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော် သောင်းကျော် ရှည်ပါစေ။”

“မယ်တော်ကြီးကို ဂါရဝပြုပါတယ်... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ...”

မှူးမတ်အပေါင်းတို့သည် အသက်လေးနှစ်အရွယ်သာရှိသေးသော ကျိုးလင်ကို သုံးကြိမ်ဒူးထောက်ကာ ကိုးကြိမ်တိုင်တိုင် ဦးညွှတ်ခစားကြသည်။

ဤသို့ဖြင့် တာ့ကျိုးအင်ပါယာ၏ နှစ်လတိုင်တိုင် ကြာမြင့်ခဲ့သော အာဏာလုပွဲကြီး ပြီးဆုံးသွားခဲ့ပြီး၊ အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် တာ့ကျိုးအင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာခဲ့တော့၏။

All Chapters