← Chapters

အခန်း (၆၃၇-၆၄၈)

Vol. 55 Ch. 647-648

အခန်း (၆၃၇-၆၄၈)

Vol. 55 Ch. 647-648

အပိုင်း (၆၄၇)

နန်းတက်ပွဲ ပြီးဆုံးသွားပြီးနောက် အောက်မင်က ရှေ့သို့ထွက်ကာ လျှောက်တင်လိုက်သည်။ “မယ်တော်ကြီးနဲ့ အရှင်မင်းကြီး... ဖူယန်ထူနဲ့ တခြားသူတွေက နတ်ဧကရာဇ်မင်းမြတ်ကို အလွန်ဆိုးရွားစွာ စော်ကားခဲ့လို့ အပြစ် ကြီးမားပါတယ်။ ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူပါ။”

မယ်တော်ကြီးက အေးစက်ခက်ထန်သော အသံဖြင့် အမိန့်ပေးလိုက်၏။ “လာကြစမ်း... နတ်ဧကရာဇ်ကို စော်ကားတဲ့ ဒီအမတ်ကို သေတဲ့အထိ ရိုက်သတ်ကြ။

စစ်ရေးဝန်ကြီး ဖူယန်ထူ... ရှင်က မူလတည်းက သူပုန်ဖြစ်ခဲ့ပေမဲ့ နတ်ဧကရာဇ်က သဘောထားကြီးစွာနဲ့ သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးခဲ့ရုံသာမကဘူး။ အပြစ်ကို ချေဖျက်ဖို့ အခွင့်အရေးပေးပြီး စစ်ရေးဝန်ကြီး အဖြစ်တောင် ခန့်အပ်ခဲ့သေးတယ်။

အခု ရှင်က သူ့ကို စော်ကားရဲတယ်ပေါ့လေ။ တိရစ္ဆာန်လောက်တောင် အသိအမြင်မရှိတဲ့ကောင်။ လူလာကြ... ဖူယန်ထူကို အခုချက်ချင်း ဖမ်းလိုက်စမ်း။”

ဖူယန်ထူ၏ သိုင်းပညာမှာ အလွန်အစွမ်းထက်လှသောကြောင့် အလွယ်တကူ အဖမ်းခံမည်မဟုတ်ဘဲ ရုန်းကန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့ရာတွင် ဝူကွန်းဟောက် ပိုင်ကျန်းက ရှေ့သို့ထွက်လာကာ ပြင်းထန်စွာ တစ်ချက်ရိုက်ချလိုက်သည်။ ဖူယန်ထူလည်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများအန်ထုတ်လိုက်ရတော့၏။

ထို့နောက် သွေးစွန်းတပ်ဖွဲ့ စစ်သည်အချို့က ရှေ့တိုးလာကာ ဖူယန်ထူကို မြေပြင်ပေါ်တွင် ဖိချုပ်ထားပြီး သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်ကြသည်။

“ဟား... ဟား... ဟား... ဟား...”

ဖူယန်ထူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “အောက်မင်... ခင်ဗျားက တကယ့်ကို အဆိပ်ပြင်းတဲ့လူပဲ။ ကျုပ်တို့အားလုံး ခင်ဗျားကို အထင်သေးခဲ့ကြတာပဲ။ တာယင်အင်ပါယာ စစ်တပ်တွေ ရောက်လာပြီဆိုတာကိုတောင် ကျုပ်တို့တာ့ကျိုးက ဒီလို အတွင်းရေး အရှုပ်အထွေးတွေနဲ့ အမတ်တွေကို သတ်ဖြတ်နေကြတုန်းပဲ။ ဒီလို တာ့ကျိုး နိုင်ငံတော်ကြီး ပျက်တော့မယ်ကွ... ပျက်တော့မယ်။ ဟား... ဟား... ဟား...”

ယန်ဖြန်ရှန်က ရှေ့သို့တိုးလာကာ ဖူယန်ထူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ သွေးများ အန်ထုတ်လိုက်ရပြန်သည်။

ထို့နောက် ယန်ဖြန်ရှန်က အရိုအသေပေးလျက် လျှောက်တင်လိုက်၏။ “မယ်တော်ကြီးနဲ့ အရှင်မင်းကြီး... ချင်ဝမ် ကျိုးကျီက ကိုယ့်ကိုယ်ကိုယ် လုပ်ကြံခံရဟန်ဆောင်ပြီး မယ်တော်ကြီးကို စွပ်စွဲဖို့ ကြိုးစားခဲ့တာကို ကျုပ် စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က အလွန်ယုတ်မာပါတယ်။ မယ်တော်ကြီး အပြစ်ပေးတော်မူပါ။”

ထိုစကားကြောင့် ကျိုးကျီမှာ လုံးဝသတိမေ့လုမတတ် ဖြစ်သွားရ၏။ ထို့နောက် ကျိုးကျီမှာ မှင်သက်နေပြီး သူ၏လူယုံစစ်သည်များက သက်သေထွက်ဆိုသည်ကိုသာ ကြည့်နေရတော့သည်။

အပြစ်တစ်ခုပြီးတစ်ခု စွဲချက်တင်ခံရပြီး အားလုံးအတွက် ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေ၏။

မယ်တော်ကြီး ပိုင်ရွှယ်က အမိန့်ပေးလိုက်သည်။ “ချင်ဝမ် ကျိုးကျီဟာ ပုန်ကန်ဖို့ ကြံစည်မှုကြောင့် အပြစ် ကြီးမားလှတယ်။ သူ့ရဲ့ ရာထူးတွေအားလုံးကို ရုပ်သိမ်းပြီး ဟေးပင်းထိုင် အကျဉ်းထောင်ထဲ ထည့်ထားလိုက်။”

မိန်းမစိုးအချို့ ရှေ့သို့တိုးလာပြီး ကျိုးကျီ၏ မင်းသားဝတ်ရုံနှင့် ရွှေသရဖူကို ချွတ်ယူကာ သံကြိုးများဖြင့် ချည်နှောင်၍ ဆွဲထုတ်သွားကြ၏။

မယ်တော်ကြီးက မျက်ရည်ကျကာ ပြောလိုက်သည်။ “ဧကရာဇ်လေးက ငယ်ပါသေးတယ်။ တာယင် အင်ပါယာကလည်း ခြိမ်းခြောက်နေတယ်။ ကျွန်မတို့ တာ့ကျိုးက အန္တရာယ်ရှိနေပြီ။ ကျွန်မကလည်း မိန်းမသားတစ်ယောက်ပဲဆိုတော့ တိုင်းရေးပြည်ရာ အားလုံးကို အမတ်ကြီးတို့ဆီပဲ အပ်နှင်းပါတယ်။”

ထို့နောက် မယ်တော်ကြီးက အမိန့်တော် ထုတ်ပြန်လိုက်သည်။ လင်ကုန်း၊ အောက်တုန်း၊ ပိုင်ကျန်းနှင့် ကျိုးကျ တို့ကို အထူးအကြံပေးအမတ်ကြီး လေးပါးအဖြစ် ခန့်အပ်လိုက်၏။

ကျိုးကျဆိုသည်မှာ အလွန်ရိုးသားဖြူစင်သော စုချင်ဝမ်၏ သားဖြစ်၏။ ယခုအခါ သူသည် စုချင်ဝမ်သစ် ဖြစ်လာရုံသာမက တော်ဝင်တရားရုံး အကြီးအကဲနှင့် အထူးအကြံပေးအမတ်ကြီးပါ ဖြစ်လာခဲ့သည်။

အထူးအကြံပေးအမတ်ကြီး လေးပါးတွင် ကျိုးကျတစ်ဦးတည်းသာ တာ့ကျိုးတော်ဝင်မျိုးနွယ် ဖြစ်သည်။ သူ ဤနေရာသို့ ရောက်လာရခြင်းမှာ အစွမ်းထက်သောကြောင့် မဟုတ်ဘဲ အလွန်တုံးအလွန်းသောကြောင့်သာ ဖြစ်၏။

ယခုမှစ၍ တာ့ကျိုးနန်းတွင်းသည် အောက်မိသားစု၏ လက်အောက်သို့ ရောက်ရှိသွားတော့၏။ အောက်တုန်းနှင့် အောက်မင် သားအဖနှစ်ဦးက အာဏာအားလုံးကို ချုပ်ကိုင်ထားလိုက်ကြပြီး ပိုင်ကျန်းနှင့် လင်ကုန်းတို့ပင်လျှင် သူတို့ကို အလျှော့ပေးရမည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

လဝက်အကြာတွင်...

ရှစ်လပိုင်း ဆယ့်ကိုးရက်နေ့၌ တာယင်အင်ပါယာ စစ်သည်လေးသိန်းက မြို့အောက်သို့ ရောက်ရှိလာ၏။

ဆယ်စုနှစ်ပေါင်းများစွာ အကြာတွင် တာ့ကျိုးအင်ပါယာ မြို့တော်သည် ရန်သူ့စစ်တပ်၏ ဝန်းရံခြင်းကို ထပ်မံခံရပြီး တာ့ကျိုးအင်ပါယာကို နိုင်ငံဖျက်ဆီးမည့် စစ်ပွဲကြီး တရားဝင် စတင်တော့သည်။

သို့ပေမည့် တာ့ကျိုးမြို့တော် တစ်ခုလုံးမှာ အထူးတိတ်ဆိတ်ငြိမ်သက်နေပြီး အနည်းငယ်မျှပင် ထိတ်လန့် တုန်လှုပ်နေခြင်း မရှိချေ။

ဤသည်မှာ တည်ငြိမ်နေခြင်းကြောင့်လား။ မဟုတ်ချေ... ထုံထိုင်းသွားခြင်းကြောင့်သာ ဖြစ်၏။

ယခင်က တာ့ကျိုးအင်ပါယာ၏ စစ်တပ်နှင့် ပြည်သူများက ထျန်းကျိုး နတ်ဧကရာဇ်အပေါ် ယုံကြည်မှုနှင့် ရူးသွပ်မှု အမြောက်အမြားကို ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

နတ်ဧကရာဇ် နတ်ရွာစံပြီးနောက် တာ့ကျိုး တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ရှည်လျားသော အေးစက်ထုံထိုင်းမှုထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်၏။

ယခုအချိန်တွင် တာ့ကျိုးမြို့တော်အတွင်း၌ စစ်တပ်အင်အား မည်မျှရှိသနည်း။

ခြောက်သိန်း...

အမြင်မှားခြင်း မဟုတ်ချေ။ အစစ်အမှန် ခြောက်သိန်း ဖြစ်၏။

နတ်ဧကရာဇ် နတ်ရွာစံသည့် သတင်းပျံ့နှံ့လာပြီးနောက် ပတ်ဝန်းကျင်မှ စစ်တပ်များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြို့တော်သို့ လာရောက်စုရုံးခဲ့ကြသည်။

ကျင်းကျိုးကာကွယ်ရေးတပ်များကလည်း မတိုက်ခိုက်ဘဲ ပြိုကွဲသွားကာ စစ်တပ် နှစ်သိန်းကျော်က မြို့တော်သို့ အားလုံး ဆုတ်ခွာလာခဲ့ကြ၏။

ယခုအခါ တာ့ကျိုးအင်ပါယာ တစ်ခုလုံးရှိ စစ်တပ် ခြောက်ဆယ်ရာခိုင်နှုန်းကျော်က မြို့တော်တွင် ရှိနေသည်။

ယင်းကျင်းမှာ အထူးမြို့ကြီး တစ်မြို့ဖြစ်လျှင်တောင် ယခုအချိန်တွင် ကြပ်ညပ်နေပြီ ဖြစ်၏။

စစ်သည်လေးသိန်းဖြင့် မြို့အများစုကို တိုက်ခိုက်ရန် လုံလောက်သော်လည်း ယင်းကျင်းမြို့အောက်တွင်မူ အနည်းငယ် နည်းပါးနေပုံရပြီး မျက်နှာစာလေးဖက်မှပင် ဝန်းရံနိုင်ခြင်း မရှိချေ။

တာယင်အင်ပါယာ စစ်သည်လေးသိန်းက ယင်းကျင်းမြို့အောက်သို့ ရောက်ရှိလာပြီးနောက် ချက်ချင်း စစ်မတိုက်ဘဲ နေရာယူကာ စခန်းချအနားယူကြ၏။

ယန်ဖြန်ရှန်က လူတစ်ယောက်ကို လျှို့ဝှက်စွာ တွေ့ဆုံနေသည်။

“အမတ်မင်းယန်ကို ဂါရဝပြုပါတယ်။”

ဤသူမှာ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး ထိုအချိန်က တာယင်အင်ပါယာ ဟေးလုံထိုင်တွင်ရှိစဉ်က ယန်ဖြန်ရှန်၏ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသူ ဖြစ်၏။

ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ရှင်းကျိုး... ခင်ဗျားက ကျုပ်ကို လာတွေ့ရဲသေးတယ်ပေါ့။”

တာယင်အင်ပါယာ ဟေးလုံထိုင်သူလျှို ရှင်းကျိုးက ပြန်ဖြေ၏။ “ကျုပ်က ဘာလို့ မတွေ့ရဲရမှာလဲ။”

ယန်ဖြန်ရှန်က အေးစက်စွာ ပြုံးလိုက်သည်။ “ကျုပ်က တာယင်အင်ပါယာရဲ့ အကြီးမားဆုံး သစ္စာဖောက် ဆိုတာကို သတိရအုံးလေ။”

ရှင်းကျိုးက ပြောလိုက်၏။ “အခြေအနေတွေက ပြောင်းလဲသွားပြီ။ အခု တာ့ကျိုးအင်ပါယာက ပျက်သုဉ်းတော့မယ်။ အမတ်မင်းယန်က အသိဉာဏ်ရှိသူဆိုတော့ ဘယ်လိုရွေးချယ်ရမလဲဆိုတာ သေချာပေါက် သိမှာပါ။”

ယန်ဖြန်ရှန်က ပြန်ပြောသည်။ “နိုင်ငံ ပျက်သုဉ်းတော့မယ် ဟုတ်လား။ ကျုပ်တို့ တာ့ကျိုးအင်ပါယာက အခက်အခဲတချို့နဲ့ ကြုံတွေ့နေရတာ မှန်ပေမဲ့ ခင်ဗျားတို့ တာယင်အင်ပါယာက ဒီလို အန္တရာယ်များတဲ့ လှမ်းကွက်ကို လှမ်းတာ ကိုယ့်သေတွင်း ကိုယ်တူးတာလည်း ဖြစ်နိုင်တယ်လေ။

မြို့တော်အတွင်းမှာ ကာကွယ်ရေးတပ် ခြောက်သိန်းရှိပြီး အကောင်းဆုံး သွေးစွန်းတပ်ဖွဲ့၊ တာ့ကျိုး စစ်သည်သစ် သုံးသောင်းလည်း ရှိသေးတယ်။ ပြီးတော့ မရေမတွက်နိုင်တဲ့ ယမ်းမှုန့်တွေလည်း ရှိနေသေးတယ်။

ခင်ဗျားတို့ လူလေးသိန်းလေးနဲ့ ကျုပ်တို့ မြို့တော်ကို လာတိုက်ရဲတယ်ပေါ့လေ။ ဒီလိုရူးသွပ်တဲ့ စွန့်စားမှုက အမြော်အမြင်ရှိတဲ့ ဧကရာဇ်တစ်ပါးရဲ့ လုပ်ရပ်နဲ့ လုံးဝ မတူဘူး။ ဒီလိုကောင်းမွန်နေတဲ့ အခြေအနေကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ။

တကယ်လို့ ဒီစစ်ပွဲကို မင်းတို့ ရှုံးသွားခဲ့ရင် ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ စိတ်ဓာတ်တွေ ပြန်လည် နိုးကြားလာလိမ့်မယ်။ ခင်ဗျားတို့ရဲ့ စစ်သည် လေးသိန်းလုံး အကုန် ပျက်သုဉ်းသွားရင် ခင်ဗျားတို့ ခက်ခက်ခဲခဲ သိမ်းပိုက်ထားတဲ့ ပိုင်ရှင်မဲ့နယ်မြေကိုလည်း ပြန်လည် လက်လွှတ်ရလိမ့်မယ် ဆိုတာကို ခင်ဗျားတို့ စဉ်းစား ကြည့်ဖူးရဲ့လား။”

ထို့နောက် ယန်ဖြန်ရှန်က အေးစက်စက် ပြုံးကာ ဆက်ပြော၏။ “အခုအခြေအနေက မသေချာမှုတွေနဲ့ ပြည့်နှက်နေတာကို တာ့ကျိုးအင်ပါယာ ပျက်သုဉ်းတော့မယ်လို့ ပြောရဲသေးတယ်။ တကယ့်ကို ရယ်စရာပဲ။”

ရှင်းကျိုးက ပြန်ဖြေသည်။ “ကျုပ်က အမတ်မင်းယန်ကို စကားနိုင်လုဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စကားတစ်ခွန်းတော့ မေးချင်တယ်။ တကယ်လို့ ဒီတစ်ကြိမ် တာ့ကျိုး နိုင်သွားခဲ့ရင်တောင် နောင်တစ်ချိန် နန်းတွင်းမှာ အမတ်မင်းအတွက် နေရာ ရှိအုံးမှာလား။”

ယန်ဖြန်ရှန်က အထင်သေးစွာ ပြောလိုက်၏။ “ဘာကြောင့် မရှိရမှာလဲ။”

ရှင်းကျိုးက ပြောလိုက်သည်။ “ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ တကယ်လို့ ကျိုးကျီက နန်းတက်ခဲ့ရင် တာ့ကျိုးရဲ့ မူလအမတ်တွေအတွက် အခွင့်အရေး ရှိလာနိုင်တယ်။ သူက တာ့ကျိုးလူမျိုး ဖြစ်နေလို့ တာ့ရှန်း အင်ပါယာနဲ့ မဟာမိတ်ဖွဲ့ရင်တောင် တာ့ကျိုးလူမျိုးတွေကို အရေးပေးပြီး နုဧကရာဇ်ရဲ့ မျိုးဆက်တွေကို ထိန်းချုပ်ထားနိုင်တယ်။

ဒါပေမဲ့ အခု မယ်တော်ကြီးပိုင်ရွှယ်နဲ့ အိမ်ရှေ့စံကျိုးလင်က လုံးဝ ပိုင်ယင်မြို့က လူတွေ ဖြစ်နေတယ်။ နောင်တစ်ချိန်မှာ နုဧကရာဇ်ရဲ့ မျိုးဆက်တွေ အဆက်မပြတ် နန်းတွင်းကို ဝင်ရောက်လာလိမ့်မယ်။ အဲဒီအခါကျရင် အမတ်မင်းတို့အတွက် နေရာ ရှိပါအုံးမလား။ အမတ်မင်းယန်က ဘယ်လိုပဲပြောပြော နုဧကရာဇ်ရဲ့ မျိုးဆက်မဟုတ်လို့ သူတို့လူ မဟုတ်ဘူးလေ။”

ယန်ဖြန်ရှန်က ပြန်ပြော၏။ “ပြောတာ အရမ်း ကောင်းတယ်။ ဒါဆို ကျုပ်လည်း စကားတစ်ခွန်း အသိပေးလိုက်မယ်။ ကျုပ်က နုဧကရာဇ်ရဲ့ မင်ကျင်းကို စနစ်တကျ စတင်လေ့လာနေပြီ။ တာ့ရှန်းအင်ပါယာနဲ့ တက်ကြွစွာ ပူးပေါင်းဖို့ ပြင်ဆင်နေပြီး ပိုင်ယင်မြို့က အမျိုးသမီးတစ်ယောက်ကိုလည်း ဇနီးအဖြစ် လက်ထပ်ဖို့ စီစဉ်ထားပြီးပြီ။”

ရှင်းကျိုး၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ယန်ဖြန်ရှန်ကို စိုက်ကြည့်နေ၏။ အတော်ကြာမှ သူက စကားစလိုက်သည်။ “ကျုပ်တို့ အရောင်းအဝယ်တစ်ခု လုပ်ကြမလား။”

ယန်ဖြန်ရှန်က မေးလိုက်သည်။ “ပြောကြည့်စမ်း။”

ရှင်းကျိုးက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့ကို ကယ်တင်ဖို့ ကူညီပေးပါ။”

ယန်ဖြန်ရှန်က ပြန်မေးလိုက်သည်။ “ကျုပ် လိုချင်တာကို ခင်ဗျားတို့က ဘာပေးနိုင်မှာမို့လို့လဲ။ လုံးဝ မရှိဘူး။ ရွှေငွေ၊ ရာထူးလား။ ကျုပ် ဘာကိုမှ စိတ်မဝင်စားဘူး။”

ရှင်းကျိုးက ပြန်ဖြေလိုက်၏။ “အမတ်မင်းရဲ့ ဇာစ်မြစ်နဲ့ လဲလှယ်မယ်။ အမတ်မင်းရဲ့ မိဘအရင်းတွေ ဘယ်သူလဲဆိုတာကို ကျုပ်တို့ သိထားတယ်။”

ထိုစကားကြောင့် ယန်ဖြန်ရှန်၏ မျက်နှာက အနည်းငယ် တုန်ယင်သွားပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။”

ရှင်းကျိုးက မေးလိုက်သည်။ “အမတ်မင်းယန်က ကုန်းဆွန်းယန်ကို သိတယ် မဟုတ်လား။”

ယန်ဖြန်ရှန်က ဖြေ၏။ “သေချာပေါက် သိတာပေါ့။”

ရှင်းကျိုးက ဆက်မေးသည်။ “သူက လိမ်ပြောမယ်လို့ ထင်လို့လား။”

ယန်ဖြန်ရှန်၏ အသက်ရှူသံက ခေတ္တ ရပ်တန့်သွားပြီး ဘာမှဆက်မပြောတော့ချေ။

ရှင်းကျိုးက ပြောလိုက်၏။ “ကျုပ်တို့ ဟေးလုံထိုင်က ကြီးမားတဲ့ တန်ဖိုးတွေ ပေးဆပ်ပြီးမှ အမတ်မင်းရဲ့ မိဘအရင်းတွေကို ရှာတွေ့ခဲ့တာ။ သေချာတာကတော့ ကျုပ် မသိဘူး။ ကုန်းဆွန်းယန် တစ်ယောက်ပဲ သိတယ်။

ယွင်ကျုံးဟဲ့ကို ကယ်တင်ဖို့ ကူညီပေးတာနဲ့ အမတ်မင်းရဲ့ ဇာစ်မြစ်ကို ပြောပြမယ်လို့ သူက ပြောလိုက်တယ်။ ဘယ်အရာကမှ အမတ်မင်းကို မသိမ်းသွင်းနိုင်ပေမဲ့ အမတ်မင်းရဲ့ ဇာစ်မြစ်ကတော့ ခြွင်းချက်ဖြစ်တယ်ဆိုတာကို သူက သိနေတယ်။”

ယန်ဖြန်ရှန်က ဆက်လက် တိတ်ဆိတ်နေဆဲပင်။

ရှင်းကျိုးက ပြောလိုက်သည်။ “စိတ်ချပါ။ အချိန် ရပါသေးတယ်။ ကျုပ်တို့ တာ့ကျိုးမြို့တော်ကို တိုက်ခိုက်ဖို့ အချိန်အနည်းငယ် ယူရအုံးမယ်။ ဒီရက်ပိုင်းအတွင်း အမတ်မင်း စဉ်းစားဖို့ အချိန်လုံလောက်ပါတယ်။”

ယန်ဖြန်ရှန်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။ “လာကြစမ်း... ဒီတာယင်အင်ပါယာ ဟေးလုံထိုင်က သူလျှိုကို ဖမ်းပြီး အမတ်မင်း နန်ကုန်းချော့ဆီ ပို့လိုက်စမ်း။”

ထိုစကားကြောင့် ရှင်းကျိုး၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး မေးလိုက်သည်။ “အမတ်မင်းယန်... နောက်ဆုတ်ဖို့ လမ်းမချန်တော့ဘဲ အပြတ်ဖြတ်လိုက်တော့မလို့လား။”

ယန်ဖြန်ရှန်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ကျုပ်က အမြဲတမ်း လမ်းတစ်လမ်းတည်းကိုပဲ လျှောက်တယ်။ ဘယ်တော့မှ နောက်ဆုတ်ဖို့ လမ်းမချန်ထားဘူး။”

ထို့နောက် ဟေးပင်းထိုင် စစ်သည်အချို့ ဝင်ရောက်လာပြီး ထိုတာယင်အင်ပါယာ ဟေးလုံထိုင် သူလျှိုကို ချက်ချင်း ဖမ်းဆီးသွားကြတော့သည်။

..........................

တာ့ကျိုး ဟေးပင်းထိုင်အတွင်း၌ ဤတာယင်အင်ပါယာ သူလျှိုရှင်းကျိုးကို စစ်ဆေး မေးမြန်းနေကြ၏။

ဟေးပင်းထိုင် ရဲတိုက်တွင် မီတာနှစ်ဆယ်ခန့် မြင့်သော မျှော်စင်တစ်ခုရှိပြီး ထိုနေရာမှနေ၍ မြို့ပြင်ရှိ မရေမတွက်နိုင်သော တာယင်အင်ပါယာ စစ်တပ်များကို မြင်တွေ့နိုင်သည်။

နန်ကုန်းချော့က ယန်ဖြန်ရှန်နှင့် သူ၏ခွက်ထဲသို့ လက်ဖက်ရည်ထည့်ပေးလိုက်၏။

အမတ်မင်း နန်ကုန်းချော့သည် ဟေးပင်းထိုင် စစ်သူကြီးချုပ် ဖြစ်နေဆဲ ဖြစ်သော်လည်း တစ်ပိုင်း အနားယူနေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်တည်းက လူလုံးထွက်ပြခြင်း နည်းပါးခဲ့ကာ စိတ်ပျက်အားလျော့နေပုံ ရသည်။

နန်ကုန်းချော့က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “ရည်မှန်းချက်တွေ အားလုံးက လေမုန်တိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ။ ရှောင်ယန်... ခင်ဗျားက အရမ်းထူးခြားတဲ့ လူတစ်ယောက်ဆိုတော့ ကျုပ်က အမှန်တရားတချို့ကို ပြောပြဖို့ ဝန်မလေးပါဘူး။ ကျုပ် တကယ်ကို စိတ်ပျက်အားလျော့နေပြီ။

ကျုပ် ပထမဆုံးအကြိမ် စိတ်ပျက်ခဲ့တာက ဧကရာဇ်ဝမ်ယွင်က ခင်ဗျားကို သတ်ချင်ခဲ့တုန်းကပဲ။ အိမ်ရှေ့စံ ကျိုးလီလည်း ခင်ဗျားကို မကယ်နိုင်ခဲ့သလို ကျုပ်လည်း မကယ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ဧကရာဇ်ဟောင်းကပဲ ကိုယ်ပွားနည်းလမ်းကို သုံးပြီး ခင်ဗျားကို ကယ်တင်ခဲ့တယ်။

အဲဒီကိစ္စကို ကျုပ် သိပေမဲ့ မသိဟန်ဆောင် နေခဲ့တယ်။ အဲဒီတုန်းက ကျုပ် တွေးမိတာက ဒီအမိန့်ကို ပေးခဲ့တာက ဧကရာဇ်ဝမ်ယွင်သာ ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ပေါ့။ အဲဒါဆိုရင် သူက အမြော်အမြင်ရှိတဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာမှာပဲ။”

နန်ကုန်းချော့က ဆက်ပြောသည်။ “ကျုပ် ဒုတိယအကြိမ် စိတ်ပျက်ခဲ့ရတာက အိမ်ရှေ့စံကျိုးလီ လုပ်ကြံခံရတုန်းကပဲ။ အဲဒီတုန်းက ကျုပ် လုံးဝ ပြိုလဲသွားလုနီးပါး ဖြစ်ခဲ့တယ်။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ဘယ်နှကြိမ်တောင် ပြောခဲ့မိမှန်း မသိဘူး။

ဒါ ဧကရာဇ်ပဲ။ သူ့ရဲ့ အာဏာကို ဘယ်သူမှ လာထိခိုက်တာကို ခွင့်ပြုမှာ မဟုတ်ဘူး။ သူက ဧကရာဇ်ကောင်းတစ်ပါး၊ အမြော်အမြင်ရှိတဲ့ ဧကရာဇ်တစ်ပါး ဖြစ်နေသရွေ့ ဘယ်လောက်ပဲ ရက်စက်ပါစေ ခွင့်လွှတ်လို့ ရတယ်လို့ပေါ့လေ။

ကျုပ် တတိယအကြိမ် စိတ်ပျက်ခဲ့ရတာကတော့ အဲဒီကိစ္စပဲ။ ခင်ဗျားလည်း သိပါတယ်။ အရှေ့ပိုင်း ယဉ်ကျေးမှုက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ ကျုပ်တို့ရဲ့ အမြစ်ပဲလေ။ ဒါကို ဒီလိုမျိုး ဖျက်ဆီးပစ်လိုက် မှာလား။”

အပိုင်း (၆၄၈)

ယန်ဖြန်ရှန်က သတိပေးလိုက်၏။ “အမတ်မင်း နန်ကုန်း... စကားကို ဆင်ခြင်ပါ။ ဒီစကားတွေ အပြင်ရောက်သွားရင် အသက်အန္တရာယ် ရှိနိုင်တယ်။”

နန်ကုန်းချော့က ပြန်ပြောသည်။ “စိတ်ချပါ။ ဒီစကားတွေကို ကျုပ် ခင်ဗျားကိုပဲ ပြောတာပါ။ ခင်ဗျားက ချမ်းသာကြွယ်ဝမှုအတွက် ကျုပ်ကို ရောင်းစားမှာ မဟုတ်ဘူးဆိုတာကို ကျုပ် ယုံတယ်။ ပြီးတော့ ကျုပ် တစ်သက်မှာ တာယင်အင်ပါယာကို လက်နက်ချမှာ မဟုတ်ဘူး။ တစ်သက်လုံး ရန်သူတွေ ဖြစ်ခဲ့ပြီးမှ တာယင်အင်ပါယာကို လက်နက်ချရမလား။ အဲဒါက ကျုပ်ရဲ့ မျိုးဆက်အဆက်ဆက်အတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်။ ဒီအတိုင်းပဲ နေလိုက်တော့မယ်။ အရာအားလုံးက ကျုပ်နဲ့ မသက်ဆိုင်တော့ပါဘူး။”

ထို့နောက် နန်ကုန်းချော့က မေးလိုက်၏။ “ရှောင်ယန်... ခင်ဗျားမှာ ဘဝရည်မှန်းချက် ဘာရှိလဲ။”

ယန်ဖြန်ရှန်က ဖြေသည်။ “အမတ်မင်းနန်ကုန်း... ကျုပ်က အမတ်မင်းနဲ့ မတူဘူးဗျ။ အမတ်မင်းက မျိုးရိုးမြင့် မိသားစုက ဆင်းသက်လာပြီး အခြေခံအမြစ်ရှိတယ်။ ကျုပ်ကတော့ မိဘမဲ့ပါ။ အမြစ်မရှိဘူး။

ဘဝရည်မှန်းချက်တစ်ခုကို မဖြစ်မနေ ရှာရမယ်ဆိုရင်တော့ တာယင်အင်ပါယာကို အနိုင်ယူဖို့ပါပဲ။ ဒါမှသာ အဲဒီတုန်းက ကျုပ်ရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်းကို သက်သေပြနိုင်မယ်။ ကျုပ်တို့လို လူတွေက အရမ်း ခေါင်းမာတယ်။ သေးငယ်တဲ့ ရည်မှန်းချက်လေးတစ်ခုအတွက်နဲ့တောင် အရာအားလုံးကို ပေးဆပ်နိုင်ကြတယ်။”

အမတ်မင်း နန်ကုန်းချော့က ပခုံးတွန့်ပြလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

ယန်ဖြန်ရှန်က ညတွင်းချင်း နန်းတော်တွင်းသို့ ဝင်ရောက်ကာ မယ်တော်ကြီးနှင့် ဝူကွန်းဟောက် ပိုင်ကျန်းတို့ကို သွားရောက်တွေ့ဆုံကာ ပြောလိုက်၏။ “မယ်တော်ကြီးကို လျှောက်တင်ပါတယ်။ တာယင်အင်ပါယာ ဟေးလုံထိုင်က သူလျှိုက ကျုပ်ဆီလာပြီး အရောင်းအဝယ်လုပ်ဖို့ ကြိုးစားတယ်။ ကျုပ်ရဲ့ ဇာစ်မြစ်နဲ့ ယွင်ကျုံးဟဲ့ကို လဲလှယ်ဖို့ ကြိုးစားတာပါ။”

မယ်တော်ကြီးပိုင်ရွှယ်က ပြောလိုက်သည်။ “အမတ်မင်းယန်ရဲ့ သစ္စာစောင့်သိမှုကို ကျွန်မ သိပါတယ်။”

ယန်ဖြန်ရှန်က ဆက်ပြောလိုက်၏။ “ကျုပ် မယ်တော်ကြီးဆီ လာတာ ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူလျှိုနှိမ်နင်းရေးအတွက်ပါ။”

ပိုင်ကျန်းက ပြောလိုက်သည်။ “အမတ်မင်းယန်... ပြောပါအုံး။”

ယန်ဖြန်ရှန်က ရှင်းပြ၏။ “မယ်တော်ကြီးနဲ့ ဝူကွန်းဟောက်... ကျုပ်နဲ့ တာယင်အင်ပါယာရဲ့ ရန်ငြိုးကို သိရှိပြီး ဖြစ်ပါလိမ့်မယ်။”

မယ်တော်ကြီးပိုင်ရွှယ်က ဖြေသည်။ “သိပါတယ်။ အမတ်မင်းယန်က တာ့ကျိုးကနေ တာယင်အင်ပါယာကို စေလွှတ်ခဲ့တဲ့ အအောင်မြင်ဆုံး သူလျှိုဖြစ်ပြီး တာယင်အင်ပါယာ ဟေးလုံထိုင်ကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်ခဲ့တာပဲ။”

ယန်ဖြန်ရှန်က ဆက်ပြော၏။ “မှန်ပါတယ်။ ဒါကြောင့် ကျုပ် တာ့ကျိုးကို ပြန်ရောက်လာပြီးနောက် တာ့ကျိုးမှာရှိတဲ့ တာယင်အင်ပါယာရဲ့ သူလျှိုကွန်ရက် ရှစ်ဆယ်ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က နတ်ဧကရာဇ်မင်းမြတ်ရဲ့ ရှန်ချင်းနန်းဆောင်မှာ အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့ရတာကို မယ်တော်ကြီး သိပါလိမ့်မယ်။

အဲဒီအချိန်မှာ တာယင်အင်ပါယာက တာ့ကျိုးအတွင်းကို သူလျှိုအများအပြား ထည့်သွင်းခဲ့တယ်။ တာယင် အင်ပါယာရဲ့ သူလျှိုနေရာချထားမှုက အလွန်စိတ်ရှည်တယ်။ အလွယ်တကူ လှုပ်ရှားလေ့ မရှိဘူး။ ယွင်ကျုံးဟဲ့ကို ကြည့်ရင် သိနိုင်ပါတယ်။”

မယ်တော်ကြီးပိုင်ရွှယ်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့က အမတ်မင်းယန်ကို ကျော်လွန်သွားတဲ့ တစ်ဦးတည်းသော သူလျှိုဖြစ်တယ်။ ရန်သူ့နိုင်ငံက သူလျှိုတစ်ယောက်က တာ့ကျိုးအင်ပါယာရဲ့ ဝန်ကြီးချုပ်တောင် ဖြစ်လုနီးပါး ဖြစ်ခဲ့တာကိုး။”

ယန်ဖြန်ရှန်က ဆက်ရှင်းပြလိုက်သည်။ “တာယင်အင်ပါယာက သူလျှို နေရာချထားတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်။ သူလျှိုတစ်ယောက်က ကိစ္စတစ်ခုကိုပဲ တာဝန်ယူပြီး အခြားအရာအားလုံးက သူနဲ့ မသက်ဆိုင်ဘူး။ သူလျှိုအများစုက တစ်သက်လုံး လှုပ်ရှားဖို့ အမိန့်မရတတ်ဘဲ ဟူယုံးလိုမျိုး ဒုတိယမျိုးဆက် သူလျှိုတွေတောင် ပေါ်ပေါက်လာခဲ့တယ်။

အခု တာယင်အင်ပါယာ စစ်သည်လေးသိန်းက ကျုပ်တို့ မြို့တော်ကို လာတိုက်နေပြီ။ ဒါက နိုင်ငံ ပျက်သုဉ်းမယ့် စစ်ပွဲဖြစ်ပြီး အရေးအကြီးဆုံး အချိန်လည်း ဖြစ်တယ်။ ဒါကြောင့် တာ့ကျိုးမြို့တော်မှာရှိတဲ့ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှိုတွေအားလုံး လှုပ်ရှားလာကြလိမ့်မယ်။ အရင်က တစ်ခါမှ မပေါ်လာခဲ့ဖူးတဲ့ စစ်တပ်အတွင်းက သူလျှိုတွေလည်း လှုပ်ရှားလာနိုင်တယ်။”

မယ်တော်ကြီးပိုင်ရွှယ်၏ မျက်လုံးများက အနည်းငယ် တုန်ယင်သွားပြီး ပြောလိုက်၏။ “ဆက်ပြောပါအုံး။”

ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ကျုပ် သံသယဖြစ်မိတာက ကျုပ်တို့ တာ့ကျိုး စစ်တပ်ရဲ့ အထက်ပိုင်း အရာရှိတွေထဲမှာ တာယင်အင်ပါယာရဲ့ သူလျှိုတွေ ရှိနေနိုင်တယ်ဆိုတာပါပဲ။”

မယ်တော်ကြီးပိုင်ရွှယ်က မေးလိုက်၏။ “ဘယ်သူ ဖြစ်မယ်ထင်လဲ။”

ယန်ဖြန်ရှန်က ဖြေသည်။ “ကျုပ်မှာ ဘာသက်သေမှ မရှိပါဘူး။ ခန့်မှန်းချက် သက်သက်ပါပဲ။”

မယ်တော်ကြီးက အမိန့်ပေးလိုက်၏။ “ပြောစမ်း။”

ယန်ဖြန်ရှန်က လျှောက်တင်လိုက်သည်။ “ပထမဆုံး သူလျှိုက ထန်ထိုင်ကျင့် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။”

မယ်တော်ကြီးက အံ့အားသင့်သွားပြီး မေးလိုက်၏။ “သူလား... အဲတုန်းက ထန်ထိုင်မြဲ့မင်က ယွင်ကျုံးဟဲ့ကို သစ္စာဖောက်ခဲ့ပြီး ရှင့်ကို ယွင်ကျုံးဟဲ့ရဲ့ ဇာစ်မြစ်မှန်ကို အရင်ဆုံး လာပြောပြခဲ့တာ မဟုတ်လား။”

ယန်ဖြန်ရှန်က ရှင်းပြသည်။ “မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်ထင်တာက ထန်ထိုင်မြဲ့မင်ဟာ အဲဒီအချိန်တည်းက ကျုပ်ကို မှတ်မိနေလောက်ပြီ။ ဒါကြောင့် သူက ထန်ထိုင်ကျင့်ကို ပိုပြီး လုံခြုံစွာ ပုန်းအောင်းနိုင်ဖို့အတွက် ယွင်ကျုံးဟဲ့ကို တမင်ဖော်ထုတ်ပြလိုက်တာ ဖြစ်နိုင်တယ်။”

မယ်တော်ကြီးက မေးလိုက်၏။ “သက်သေ ရှိလို့လား... ထန်ထိုင်ကျင့်ဟာ ကျွန်မတို့ကို အပြည့်အဝ သစ္စာစောင့်သိတဲ့ မြို့တော်စစ်သေနာပတိပါ။ ကျိုးကျီကို နှိမ်နင်းတဲ့နေရာမှာ သူက ကြီးမားတဲ့ အကျိုးပြုမှု မရှိခဲ့ပေမဲ့ အရမ်း တက်ကြွခဲ့တယ်လေ။”

ယန်ဖြန်ရှန်က ပြန်ဖြေသည်။ “ကျုပ်မှာ ဘာသက်သေမှ မရှိပါဘူး။ ခန့်မှန်းချက် သက်သက်သာဖြစ်ပြီး ပင်ကိုယ်အသိစိတ်အရ ပြောရတာပါ။”

“ပင်ကိုယ် အသိစိတ်လား။”

မယ်တော်ကြီးက ဆက်ပြော၏။ “ထန်ထိုင်မြဲ့မင်က ကောက်ကျစ်စဉ်းလဲပြီး အကျိုးမရှိဘဲ ဘာမှမလုပ်တဲ့ လူမျိုးပါ။ အဲဒီလို လူမျိုးက ယွင်ကျုံးဟဲ့ကို သစ္စာစောင့်သိပြမှာလား။”

ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ကျုပ်မှာ သက်သေ မရှိပါဘူး။ ပင်ကိုယ်အသိစိတ် သက်သက်သာ ဖြစ်ပါတယ်။”

မယ်တော်ကြီးက ပြောလိုက်၏။ “ကောင်းပြီလေ။ ဒီထန်ထိုင်ကျင့်ကို ဘေးဖယ်ထားအုံး။ နောက်ထပ် သံသယရှိတဲ့လူ ရှိသေးလား။”

“ရှိပါတယ်။”

ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “ချန်းနျူဝေ့ စစ်သူကြီး ရှုဝမ်လျန် ပါ။”

မယ်တော်ကြီးက အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “သူလား... သူက မျိုးရိုးမြင့် မိသားစုက ဆင်းသက်လာပြီး မျိုးဆက်အဆက်ဆက် တာ့ကျိုးအင်ပါယာရဲ့ မြို့စားတွေ ဖြစ်ခဲ့ကြတာလေ။ သက်သေရှိလို့လား။”

ယန်ဖြန်ရှန်က ရှင်းပြသည်။ “မယ်တော်ကြီး... ဒီလို ထိပ်တန်းသူလျှိုမျိုးတွေဆီကနေ ဘာသက်သေမှ ရနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ တစ်ခုတည်းသော တာဝန်က ပုန်းအောင်းနေဖို့ဖြစ်ပြီး သတင်းတွေပို့ဖို့ မလိုလို့ ဘာအားနည်းချက်မှ ရှိမှာ မဟုတ်လို့ပါပဲ။”

မယ်တော်ကြီးက မေးလိုက်၏။ “ဒါဆို ရှင် ဘယ်လိုသိလဲ။”

ယန်ဖြန်ရှန်က ရှင်းပြသည်။ “ထူးဆန်းတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်က ဒီချန်းနျူဝေ့ စစ်သူကြီးဟာ အမြဲတမ်း အရိပ်ထဲမှာပဲနေပြီး တစ်ခါမှ လူလုံးထွက်မပြခဲ့ဘူး။ အထူးသဖြင့် ဧကရာဇ်ဝမ်ယွင်နဲ့ နတ်ဧကရာဇ်တို့ အားပြိုင်မှု အပြင်းထန်ဆုံးအချိန်မှာ စစ်သူကြီးအများစုက တစ်ဖက်ဖက်ကို ရွေးချယ် ခဲ့ကြပေမဲ့ ရှုဝမ်လျန်ကတော့ ဘယ်ဘက်ကိုမှ မပါခဲ့ဘူး။”

မယ်တော်ကြီးက ဆက်ပြော၏။ “အဲဒီတုန်းက ဘယ်ဘက်မှ မပါတဲ့လူက ရှုဝမ်လျန် တစ်ယောက်တည်း မဟုတ်ဘူးလေ။ အခြားမျိုးရိုးမြင့်သူတွေလည်း ရှိသေးတယ်။ ဥပမာ အရင် မြို့တော် စစ်သေနာပတိဟောင်း လိုမျိုးပေါ့။ သူလည်း ဘယ်ဘက်မှ မပါခဲ့ဘူးလေ။”

ယန်ဖြန်ရှန်က ထောက်ခံလိုက်သည်။ “မှန်ပါတယ်။ ယွီချန်ဟောက် ရှန်ကျုံးလည်း ဘယ်ဘက်မှ မပါဘဲ ပျင်းရိစွာ နေခဲ့တာပါပဲ။”

မယ်တော်ကြီးက မေးလိုက်၏။ “ဒါဆို ရှုဝမ်လျန်က ဘယ်ဘက်မှ မပါတာနဲ့ သူလျှိုဖြစ်ရမှာလား။”

ယန်ဖြန်ရှန်က ရှင်းပြသည်။ “အရင်က ရှုဝမ်လျန်က ဘယ်ဘက်မှ မပါခဲ့ရင် အခုလည်း ပါစရာ မလိုဘူးလေ။ ဒါပေမဲ့ ဘာကြောင့် အခုတစ်ကြိမ်မှာ သူက တစ်ဖက်ဖက်ကို ရွေးချယ်လိုက်ရတာလဲ။”

ထိုစကားကြောင့် ပိုင်ကျန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

ယန်ဖြန်ရှန်က ဆက်ပြောသည်။ “ဝူကွန်းဟောက်... အမတ်မင်းက ထိုက်ဝေ့ဖြစ်ပြီး ဆူမီယွမ် ဒုအကြီးအကဲလည်းဖြစ်ပြီးတော့ မြို့တော်ကာကွယ်ရေးတပ်တွေကို အုပ်ချုပ်နေတယ်။ ဒီရှုဝမ်လျန်က အမတ်မင်းရဲ့ လက်အောက်ငယ်သားပါ။

အိမ်ရှေ့စံမင်းသားကို ထောင်ချောက်ဆင်အောင် ဖိအားပေးဖို့အတွက် ရှုဝမ်လျန်က အမတ်မင်းကို ကူညီပြီး ကျိုးကျီဆီကို အယောင်ဆောင် ပူးပေါင်းခဲ့တယ်။ ဒါက ကျိုးကျီကို ပိုပြီး ယုံကြည်မှု ရှိသွားစေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှုဝမ်လျန်ဟာ အမတ်မင်းရဲ့ လက်အောက်ငယ်သား ဖြစ်နေလို့ပါပဲ။ အရင်က အရိပ်ထဲမှာ နေခဲ့တဲ့ ရှုဝမ်လျန်က ဘာကြောင့် အခုတစ်ကြိမ်မှာ တက်ကြွလာရတာလဲ။”

ပိုင်ကျန်းက ခေါင်းညိတ်လိုက်ပြီး အလွန် ယုတ္တိရှိသည်ဟု ထင်သွား၏။

ယန်ဖြန်ရှန်က ဆက်ပြောသည်။ “တကယ်လို့ ဒီရှုဝမ်လျန်ဟာ ဆက်ပြီး အရိပ်ထဲမှာနေမယ်ဆိုရင် အိမ်ရှေ့စံ နန်းတက်သည်ဖြစ်စေ၊ ကျိုးကျီ နန်းတက်သည်ဖြစ်စေ သူ့ရဲ့ ချန်းနျူဝေ့ စစ်သူကြီး ရာထူးက ပြောင်းလဲမှာ မဟုတ်ဘူး။ သူက အခုအချိန်မှာ ထွက်လာတာ နည်းနည်း တက်ကြွလွန်းနေတယ် မဟုတ်လား။

တာယင်အင်ပါယာက ကျုပ်တို့ တာ့ကျိုးမြို့တော်ကို လာတိုက်တာနဲ့ ဆက်စပ်စဉ်းစားကြည့်ရင် ရှုဝမ်လျန်က လှုပ်ရှားဖို့ အမိန့်ရလိုက်ပြီး အမတ်မင်းဆီကို ပိုပြီး နီးကပ်လာဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် နောက်လာမယ့် စစ်ပွဲမှာ သူက ပိုပြီး အရေးပါတဲ့နေရာကနေ ပါဝင်လာနိုင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အမတ်မင်းက သူ့ကို ပိုယုံကြည်လာမှာမို့လို့ပါပဲ။ သူ့ရဲ့ ချန်းနျူဝေ့ စစ်သူကြီးရာထူးက အရေးပါပြီးသားဖြစ်ပြီး စစ်ပွဲစတင်ချိန်မှာ သူက မြို့တံခါးကို ရုတ်တရက် ဖွင့်ပေးလိုက်မယ်ဆိုရင်ကော။”

ထိုစကားကြောင့် ထိုက်ဝေ့ ပိုင်ကျန်း၏ နားထင်ကြောများ တဆတ်ဆတ် ခုန်သွား၏။

ယန်ဖြန်ရှန်က လျှောက်တင်လိုက်သည်။ “မယ်တော်ကြီး... ထိုက်ဝေ့... ဒီလိုအရေးကြီးတဲ့ အချိန်မှာ အမှားအယွင်းခံလို့ မဖြစ်ပါဘူး။ သံသယရှိရင် ဖမ်းဆီးရမှာပါ။ တကယ်လို့ တစ်ယောက်လွတ်သွားခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်ကို စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး။”

မယ်တော်ကြီးပိုင်ရွှယ်က လှပသော မျက်လုံးများကို မှိတ်ကာ အတော်ကြာ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်၏။ “လျှို့ဝှက်အမိန့်တော်... အမတ်မင်းယန်ဖြန်ရှန်... ထန်ထိုင်ကျင့်နဲ့ ရှုဝမ်လျန် နှစ်ယောက်ကို ချက်ချင်း လျှို့ဝှက်ဖမ်းဆီးစေ။”

ယန်ဖြန်ရှန်က အရိုအသေပေးကာ ဖြေလိုက်သည်။ “အမိန့်တော်အတိုင်းပါ။”

မယ်တော်ကြီးပိုင်ရွှယ်က ဆက်မေး၏။ “ရှင့်မှာ အခြား သံသယရှိတဲ့သူ ရှိသေးလား။”

ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “ဒီလို ထိပ်တန်း သူလျှိုမျိုး တစ်ယောက်ရှိတာတောင် အလွန် အံ့မခန်း ဖြစ်နေပါပြီ။ စစ်တပ်အထက်ပိုင်းမှာ သူလျှို အများအပြား ရှိနေဖို့ မဖြစ်နိုင်ပါဘူး။”

ပိုင်ကျန်းက ရုတ်တရက် မေးလိုက်၏။ “နန်ကုန်းချော့ရော... သူက ဟေးပင်းထိုင် စစ်သူကြီးချုပ် ဖြစ်ပေမဲ့ အရမ်း စိတ်ပျက်အားလျော့နေပုံ ရတယ်နော်။”

ယန်ဖြန်ရှန်က ရှင်းပြသည်။ “နန်ကုန်းချော့ စိတ်ပျက်အားလျော့နေတာက ဧကရာဇ်ဝမ်ယွင်နဲ့ ထျန်းကျိုး နတ်ဧကရာဇ်တို့က သူ့ကို စိတ်ဒဏ်ရာ ရစေခဲ့လို့ပါ။ သူက မျိုးရိုးမြင့် မိသားစုက ဆင်းသက်လာပြီး အရှေ့ပိုင်း ယဉ်ကျေးမှုအပေါ် ခိုင်မာတဲ့ ယုံကြည်မှုရှိသူဖြစ်လို့ တာ့ရှန်းအင်ပါယာကို အလွန် မုန်းတီးတယ်။ ဒါကြောင့် သူက စိတ်ပျက်အားလျော့နေတာပါ။

ဒါပေမဲ့ သူက တာယင်အင်ပါယာကို ပိုပြီး ရန်သူလို သဘောထားတဲ့အတွက် သစ္စာဖောက်မှာ မဟုတ်ဘဲ တစ်သက်လုံး စိတ်ပျက်အားလျော့နေရုံသာ ရှိပါလိမ့်မယ်။”

မယ်တော်ကြီး ပိုင်ရွှယ်က ပြောလိုက်၏။ “အမတ်မင်းယန်... ကျွန်မနဲ့ ရှင် သိပ်မရင်းနှီးပေမဲ့ ကျွန်မနဲ့ ကျင်းကျုံးယွဲ့ကတော့ သိကျွမ်းပါတယ်။ ရှင်က သူ့ကို ဆွေမျိုးလို သဘောထားတယ် မဟုတ်လား။”

ယန်ဖြန်ရှန်က ဖြေသည်။ “မှန်ပါတယ်။ သူက ကျုပ်ကို လှံနဲ့ထိုးခဲ့ပေမဲ့ ကျုပ်ရဲ့ ရင်ထဲမှာတော့...”

မယ်တော်ကြီးက ဆက်ပြော၏။ “ကျွန်မ ကျင်းကျုံးယွဲ့နဲ့ ရှင့်အကြောင်းကို နားလည်ပါတယ်။ ရှင်တို့ နှစ်ယောက်လုံးက မိဘမဲ့တွေဖြစ်ပြီး မှီခိုရာ မရှိဘူး။ ကျွန်မတို့က ရှင်တို့လို လူတွေကို နွေးထွေးတဲ့ မှီခိုရာ ဖြစ်လာစေချင်တယ်။ ရှင်တို့လို လူတွေကို ကျွန်မတို့က လက်ခံပါတယ်။

တကယ်တော့ ပိုင်ယင်မြို့က နုဧကရာဇ်ရဲ့ မျိုးဆက်အများစုဟာ ပြည်သူတွေကြားကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး သူတို့က အစတည်းက ပိုင်ယင်မြို့မှာ နေထိုင်ခဲ့ကြတာ မဟုတ်ဘူး။ ကျင်းဝူရွမ်းဆိုရင် အကောင်းဆုံး ဥပမာပဲ။”

ယန်ဖြန်ရှန်က လျှောက်တင်လိုက်သည်။ “ကျုပ်... ကျုပ်က တာယင်ကို အနိုင်ယူပြီး ကျုပ်ရဲ့ ရွေးချယ်မှု မှန်ကန်ကြောင်းကို သက်သေပြချင်ရုံ သက်သက်ပါ။”

မယ်တော်ကြီးပိုင်ရွှယ်က ပြောလိုက်၏။ “ရှင်က နုဧကရာဇ် မင်ကျင်းကို ဖတ်နေပြီပဲ။ ကျွန်မတို့အကြောင်းကို ပိုနားလည်လာတာနဲ့အမျှ ပြီးတော့ ပိုင်ယင်မြို့က အမျိုးသမီးတစ်ယောက်ကို လက်ထပ်လိုက်တာနဲ့ ရှင့်မှာ အိမ်တစ်အိမ် ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရလာပါလိမ့်မယ်။”

ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “မယ်တော်ကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးအထူးတင်ပါတယ်။။”

ပိုင်ကျန်းက ပြောလိုက်၏။ “အမတ်မင်းယန်... သေချာစဉ်းစားကြည့်ပါအုံး။ ကျုပ်တို့ တာ့ကျိုးစစ်တပ် အထက်ပိုင်းမှာ တာယင်အင်ပါယာရဲ့ သူလျှို ရှိနိုင်သေးလား။ သံသယရှိရင်တောင် ရတယ်။ သက်သေ မလိုဘူး။ ပင်ကိုယ်အသိစိတ်အရ ပြောပါ။”

ယန်ဖြန်ရှန်က ခဏ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။ “လောလောဆယ် ကျုပ် သံသယရှိတာက ရှုဝမ်လျန်နဲ့ ထန်ထိုင်ကျင့် နှစ်ယောက်တည်းပါ။ ဒါပေမဲ့ ယွင်ကျုံးဟဲ့ကို စစ်ဆေးမေးမြန်းကြည့်လို့ ရပါတယ်။ သူက တာယင်အင်ပါယာရဲ့ အမြင့်ဆုံး သူလျှိုဆိုတော့ တာ့ကျိုးမြို့တော်က သူလျှိုစာရင်းကို သူ သိထားနိုင်တယ်။”

မယ်တော်ကြီးက အမိန့်ပေးလိုက်၏။ “ကောင်းပြီ။ ရှင်သွားပြီး သူ့ကို စစ်ဆေးမေးမြန်းပါ။ ဘယ်လို နည်းလမ်းကိုမဆို သုံးခွင့်ရှိတယ်။”

ယန်ဖြန်ရှန်က အရိုအသေပေးကာ ဖြေလိုက်သည်။ “အမိန့်တော်အတိုင်းပါ။”

ထိုညမှာပဲ ယန်ဖြန်ရှန်က ဟေးပင်းထိုင် စစ်သည်များ၊ သွေးစွန်းတပ်ဖွဲ့ စစ်သည်များကို ဦးဆောင်ကာ ရှုဝမ်လျန်နှင့် ထန်ထိုင်ကျင့်တို့ကို လျှို့ဝှက်စွာ ဖမ်းဆီးလိုက်၏။

ထိုလူနှစ်ဦးမှာ လုံးဝကြိုတင်မသိရှိခဲ့သောကြောင့် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သတင်းပို့ရန်ပင် အချိန် မရလိုက်မီ ဟေးပင်းထိုင် အကျဉ်းထောင်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသည်။

မူလက လာမည့်စစ်ပွဲကြီးတွင် ထန်ထိုင်ကျင့်နှင့် ရှုဝမ်လျန်တို့သည် မြို့ရိုးတစ်စိတ်တစ်ပိုင်းစီကို တာဝန်ယူပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်ရမှာဖြစ်၏။

ထို့ကြောင့် စစ်ပွဲစတင်သည်နှင့် ဤအထက်တန်း စစ်သူကြီးနှစ်ဦးသာ သစ္စာဖောက်လိုက်ပါက တာယင် အင်ပါယာအတွက် အလွန် အကျိုးရှိမှာဖြစ်သည်။

သို့ပေမည့် ယခုမူ ဤအရေးပါသော သူလျှိုနှစ်ဦး လှုပ်ရှားခွင့်မရမီမှာပဲ ယန်ဖြန်ရှန်က ဖယ်ရှားပစ်လိုက်ပြီ ဖြစ်၏။

All Chapters