← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 55 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 55 Ch. 649-650

အပိုင်း (၆၄၉)

ဟေးပင်းထိုင် အကျဉ်းထောင်အတွင်း၌ ယွင်ကျုံးဟဲ့ သတိမေ့နေရာမှ နိုးထလာ၏။ မျက်လုံး ဖွင့်လိုက်သည်နှင့် ရုတ်တရက် တုန်လှုပ်သွားပြီး သူ၏ရှေ့တွင် ရှိနေသော လူသုံးဦးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

‘မွေးစားအဖေ ဖုန်းရှင်းမြဲ့၊ ချန်းနျူဝေ့ စစ်သူကြီး ရှုဝမ်လျန်နှင့် မြို့တော်စစ်သေနာပတိ ထန်ထိုင်ကျင့်... နောက်ထပ် လူနှစ်ဦးပါ အဖမ်းခံလိုက်ရပြီလား။’

ယန်ဖြန်ရှန်က အေးစက်စွာ ပြုံးကာ ပြောလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့... ဒီလူသုံးယောက်ကို ခင်ဗျား အရမ်း ရင်းနှီးမှာပါ။ တစ်ယောက်က ခင်ဗျားရဲ့ မွေးစားအဖေ ဟေးလုံထိုင်က အမတ်မင်း ဖုန်းရှင်းမြဲ့... ကျန်တဲ့ နှစ်ယောက်ကတော့ တာယင်အင်ပါယာ ဟေးလုံထိုင်က တာ့ကျိုးမှာ ထားထားတဲ့ ထိပ်တန်းသူလျှို နှစ်ယောက် မဟုတ်လား။”

ယွင်ကျုံးဟဲ့၏ မျက်လုံးများက ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် စကားတစ်ခွန်းမှ မဟတော့ချေ။

ယန်ဖြန်ရှန်က ပြုံးကာ ဆက်ပြောသည်။ “ကျုပ်ထင်တာတော့ တာယင်အင်ပါယာက တာ့ကျိုး မြို့တော်မှာ ထားထားတဲ့ အခြား သူလျှိုတွေ ရှိအုံးမယ်။ အမတ်မင်း ယွင်ကျုံးဟဲ့ သိထားမှာ သေချာတယ်။ ဒါကြောင့် ခင်ဗျားကို ဝန်ခံခိုင်းချင်တာ ရမလား။”

ယွင်ကျုံးဟဲ့က ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်၏။

ယန်ဖြန်ရှန်က အေးစက်စွာ ပြုံးလိုက်သည်။ “စိတ်ချပါ။ ခင်ဗျားကို ကျုပ် နှိပ်စက်မှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ နှိပ်စက်လိုက်တာနဲ့ သတိမေ့သွားမယ်။ အသက်တောင် သေသွားနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ မွေးစားအဖေ ဖုန်းရှင်းမြဲ့ရဲ့ အသက်အန္တရာယ်ကိုတော့ ဂရုစိုက်မယ် မဟုတ်လား။”

ထို့နောက် မီးရဲနေသော သံပူပြားတစ်ခုကို ယူဆောင်လာကြ၏။

ယန်ဖြန်ရှန်က သံပူပြားကို ယူကာ ထန်ထိုင်ကျင့်၏ မျက်နှာပေါ်တွင် တင်လျက် ပြောလိုက်သည်။ “အရမ်း ခန့်ညားတဲ့ မျက်နှာလေးပဲ။ အမှတ်တံဆိပ် ခတ်လိုက်ရင် ပျက်စီးသွားမလား မသိဘူး။”

ထို့နောက် ယန်ဖြန်ရှန်က မေးလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့... ပြောစမ်း... မြို့တော်အတွင်းမှာ ဟေးလုံထိုင်ရဲ့ သူလျှို ဘယ်သူတွေ ရှိသေးလဲ။ အမတ်မင်း ယွင်ကျုံးဟဲ့... မပြောဘူးလား။”

ယန်ဖြန်ရှန်က မီးရဲနေသော သံပူပြားဖြင့် ထန်ထိုင်ကျင့်၏ မျက်နှာကို ပြင်းထန်စွာ ဖိချလိုက်သည်။

“အာ့...”

ထန်ထိုင်ကျင့်၏ လည်ချောင်းထဲမှ အက်ကွဲသော အသံတစ်သံ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွား၏။

သူ၏ ခန့်ညားသော မျက်နှာက သံပူပြားဖြင့် ဖိကပ်ခံရသောကြောင့် အလွန်တရာ နာကျင်နေမည်မှာ သေချာလှသည်။ သို့ပေမည့် သူက ကျယ်လောင်စွာ မအော်ဟစ်ခဲ့ချေ။

ယွင်ကျုံးဟဲ့လည်း နှုတ်ခမ်းမဟခဲ့ပေ။ ထို့နောက် ယန်ဖြန်ရှန်က အခြား မီးရဲနေသော သံပူပြားတစ်ခုကို ယူကာ ရှုဝမ်လျန်၏ နဖူးပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်ပြန်သည်။

“အား... အား... အား...” ရှုဝမ်လျန်က အလွန်တရာ နာကျင်စွာ အော်ဟစ်လိုက်၏။ သူက သည်းမခံနိုင်တော့ချေ။

“ဘာကြောင့်လဲ... ဘာကြောင့်လဲ။ ကျုပ် တာ့ကျိုးကို သစ္စာစောင့်သိခဲ့တာကို ဘာကြောင့် ဒီလို ဆက်ဆံရတာလဲ။” ရှုဝမ်လျန်က ကျယ်လောင်စွာ အော်ဟစ် မေးမြန်းလိုက်သည်။

နောက်ဆုံးတွင် ယန်ဖြန်ရှန်က မီးရဲနေသော သံပူပြားကို ဖုန်းရှင်းမြဲ့၏ နှလုံးသားနေရာတွင် တင်လိုက်ပြီး ပြောလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့... ဒါ ခင်ဗျားရဲ့ မွေးစားအဖေလေ။ ခင်ဗျားက မိဘမဲ့ဆိုတော့ ဒီလောကမှာ အဖေလို သဘောထားတဲ့ လူနှစ်ယောက်ပဲ ရှိတယ် မဟုတ်လား။ တစ်ယောက်က ဖုန်းရှင်းမြဲ့ဖြစ်ပြီး နောက်တစ်ယောက်က အောက်ရှင်းလေ။

အမတ်မင်း ဖုန်းရှင်းမြဲ့က အရင်က နှိပ်စက်ခံထားရပြီးသား။ ဒီသံပူပြားကို နှလုံးသားနေရာမှာ ဖိချလိုက်ရင် သေသွားနိုင်တယ်နော်။ အမတ်မင်း ယွင်ကျုံးဟဲ့... ဝန်ခံမလား။ တာ့ကျိုးမြို့တော်မှာ တာယင်ရဲ့ သူလျှို ဘယ်သူ ရှိသေးလဲ... ပြောစမ်း။ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...”

ယန်ဖြန်ရှန်က မီးရဲနေသော သံပူပြားဖြင့် ဖုန်းရှင်းမြဲ့၏ နှလုံးသားနေရာသို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။

ချက်ချင်းပင် တူးခြစ်နေသော အနံ့နှင့်အတူ မီးခိုးများ ထွက်ပေါ်လာ၏။

အမတ်မင်း ဖုန်းရှင်းမြဲ့က အသံတစ်သံမှ မထွက်ဘဲ အားနည်းနေသော ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားကာ ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။

ယွင်ကျုံးဟဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံကြိတ်ထားသောကြောင့် သွေးများ ထွက်လာကာ ပြောလိုက်၏။ “ယန်ဖြန်ရှန်... ခင်ဗျားကို ကျုပ် အစိတ်စိတ် အမြွှာမြွှာ ခုတ်ထစ်ပစ်မယ်။ အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ်ပစ်မယ်။”

“မလောပါနဲ့... မလောပါနဲ့...”

ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ကျုပ်တို့မှာ အချိန် အများကြီး ရှိပါသေးတယ်။”

ထို့နောက် နာရီဝက်တိုင်တိုင် ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့ကို နည်းလမ်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းတော့သည်။ ထိုအထဲတွင် ဆေးရည်များအသုံးပြုခြင်း၊ ဖုန်းရှင်းမြဲ့တို့ကို နှိပ်စက်ခြင်းအစရှိသည်တို့ ပါဝင်၏။

နာရီဝက်အကြာတွင် ယန်ဖြန်ရှန် ထွက်လာခဲ့၏။ ထိုက်ဝေ့ပိုင်ကျန်းက အပြင်ဘက်တွင် နားထောင်နေပြီး စကားပြောရန် ပြင်လိုက်သည်။

ယန်ဖြန်ရှန်က လက်ကာပြလိုက်ပြီး ဤနေရာတွင် စကားမပြောရန် သတိပေးလိုက်၏။ အပြင်သို့ သတင်း ပေါက်ကြားသွားနိုင်သောကြောင့်ပင်။

မြေပြင်ပေါ်သို့ ရောက်ချိန်မှာတော့ ထိုက်ဝေ့ ပိုင်ကျန်းက ပြောလိုက်၏။ “တာယင်အင်ပါယာက ကျုပ်တို့ စစ်တပ် အထက်ပိုင်းမှာ သူလျှိုထားထားအုံးမှာ သေချာတယ်။ ယွင်ကျုံးဟဲ့နဲ့ ဖုန်းရှင်းမြဲ့တို့ရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် သိနိုင်ပါတယ်။”

ယန်ဖြန်ရှန်က ပြန်ပြောသည်။ “ဒါဆို ကျုပ်တို့ ယွင်ကျုံးဟဲ့ကို နှိပ်စက်ရမယ်။ သူက ကြက်ကလေးတစ်ကောင်ကိုတောင် မသတ်နိုင်တဲ့လူဆိုတော့ နာကျင်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ နှိပ်စက်ရင် ဝန်ခံလာပါလိမ့်မယ်။”

ထိုက်ဝေ့ပိုင်ကျန်းက ပြောလိုက်၏။ “သူ့ရဲ့ သွေးတွေက အရမ်း တန်ဖိုးရှိတယ်။ နှိပ်စက်လို့ မဖြစ်ဘူး။ ဝက်တစ်ကောင်လို မွေးထားရမယ်။”

ထို့နောက် ထိုက်ဝေ့ပိုင်ကျန်းက ဆက်မေးသည်။ “သာမန်အားဖြင့် တိုင်းပြည်တစ်ခုရဲ့ အမြင့်ဆုံး သူလျှိုတွေအတွက် သူလျှိုစာရင်းကို ဘယ်သူက ကိုင်ထားလေ့ ရှိလဲ။”

ယန်ဖြန်ရှန်က ဖြေ၏။ “ဧကရာဇ်ရယ်၊ ဟေးလုံထိုင်က ကုန်းဆွန်းယန်ရယ်၊ နောက်ပြီး တိုက်ရိုက်တာဝန်ခံ တစ်ယောက်ပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်းဆွန်းယန်က ကိုယ်တိုင်လာပြီး သူလျှိုကို လှုပ်ရှားခိုင်းမှာ မဟုတ်လို့ သီးသန့် လူတစ်ယောက်ကို စေလွှတ်ရမယ်လေ။”

ပိုင်ကျန်းက ဆက်ပြောသည်။ “ဒါဆို ယွင်ကျုံးဟဲ့ဟာ အမြင့်ဆုံး သူလျှိုဖြစ်ပေမဲ့ သူက သူလျှိုတစ်ယောက် သက်သက်သာဖြစ်ပြီး တိုက်ရိုက်တာဝန်ခံမဟုတ်ဘူးဆိုတော့ သူလျှိုစာရင်းကို သူသိဖို့ အခွင့်အရေး နည်းတယ်ပေါ့။”

ယန်ဖြန်ရှန်က ဖြေ၏။ “ပုံမှန်အားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခြွင်းချက်ရှိနိုင်တယ်။ သူတာဝန်ယူရတဲ့ ကိစ္စက အရမ်းအရေးကြီးလို့ တာယင်အင်ပါယာက သူ့အပေါ် အစွမ်းကုန် ယုံကြည်ပြီး သူ့ရဲ့ လုံခြုံရေးအတွက် သူလျှိုစာရင်း အားလုံးကို သူ့ဆီ ပေးထားတာမျိုး ဖြစ်နိုင်တယ်။ လိုအပ်လာရင် သူလျှိုအားလုံးက သူတစ်ယောက်တည်းအတွက် အလုပ် လုပ်ပေးရမယ်လေ။”

ပိုင်ကျန်းက ပြောလိုက်သည်။ “ဒီလိုကြည့်ရင် ယွင်ကျုံးဟဲ့ မသိဖို့ အခွင့်အရေး ပိုများတယ်။ တကယ်လို့ အခြား အထက်တန်း သူလျှိုတွေ ရှိနေသေးရင် ဒီရက်ပိုင်းအတွင်း သူတို့ ပိုလှုပ်ရှားလာနိုင်တယ် မဟုတ်လား။”

ယန်ဖြန်ရှန်က ထောက်ခံလိုက်၏။ “မှန်ပါတယ်။ ဒါက အရေးကြီးတဲ့ အချိန်ဆိုတော့ သူတို့က ပေါ်သွားမယ့် အန္တရာယ်ကို လျစ်လျူရှုပြီး တာယင်အင်ပါယာ မြို့ကိုလာတိုက်ဖို့ ကူညီပေးကြလိမ့်မယ်။”

ပိုင်ကျန်းက အမိန့်ပေးလိုက်သည်။ “ခင်ဗျားကို လျှို့ဝှက်တာဝန်တစ်ခု ပေးမယ်။ လျှို့ဝှက်အမိန့်တော်နဲ့ တာ့ကျိုးစစ်တပ် အထက်ပိုင်း အဆင့်လေးအထက် အရာရှိအားလုံးကို စုံစမ်းစစ်ဆေးပါ။ တစ်ယောက်မှ အလွတ်မပေးနဲ့။ ဒါပေမဲ့ ဒီစုံစမ်းစစ်ဆေးမှုကို လျှို့ဝှက်စွာ လုပ်ရမယ်နော်။ ထိတ်လန့်တုန်လှုပ်မှုတွေ မဖြစ်စေရဘူး။”

ယန်ဖြန်ရှန်က အရိုအသေပေးကာ ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။”

နောက်ရက်များအတွင်းတွင် တာ့ကျိုးမြို့တော် အတွင်းအပြင်ရှိ လေထုက ပိုမိုလေးလံလာပြီး ပိုမို အန္တရာယ်များလာသည်။

တာယင်အင်ပါယာ စစ်သည်လေးသိန်းက ချက်ချင်း မြို့ကို မတိုက်သေးဘဲ ခံတပ်များကိုသာ တည်ဆောက်နေကြသည်။ အဆုံးအဖြတ်စစ်ပွဲကြီး၏ ခြေသံက ပိုမိုနီးကပ်လာပြီ ဖြစ်၏။

တစ်ချိန်တည်းမှာပဲ ယန်ဖြန်ရှန်က မယ်တော်ကြီး၏ လျှို့ဝှက်အမိန့်တော်ဖြင့် စစ်တပ်အထက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ စတင်တော့သည်။

သူ့ထံတွင် မယ်တော်ကြီး၏ ရွှေတံဆိပ်ပြား ရှိသောကြောင့် မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးခွင့် ရှိပြီး မည်သည့်နေရာကိုမဆို ဝင်ရောက်ခွင့် ရှိ၏။

သူက အလွန်လျင်မြန်ပြတ်သားစွာ လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ်အတွင်း သံသယရှိသူ ငါးဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကာ နောက်ဆုံးတွင် သုံးဦးမှာ တာယင်အင်ပါယာ၏ သူလျှိုများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

တစ်ခဏချင်းအတွင်းမှာပဲ တာယင်အင်ပါယာက တာ့ကျိုးမြို့တော်တွင် ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အမြင့်ဆုံး သူလျှိုကွန်ရက်ကြီးကို ယန်ဖြန်ရှန်က အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက် တော့သည်။ အလွန်လျှို့ဝှက်သော အစီအစဉ်များစွာလည်း အလုံးစုံ ပျက်စီးသွားခဲ့၏။

ဟေးပင်းထိုင်၏ မြေအောက်လျှို့ဝှက် အကျဉ်းထောင်တွင် ဖမ်းဆီးခံရသော ဟေးလုံထိုင် သူလျှိုများ ပိုမိုများပြားလာသည်။

တာယင်အင်ပါယာ ဟေးလုံထိုင်က တာ့ကျိုးတွင် ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သမျှ အားလုံးနီးပါးကို ယန်ဖြန်ရှန်က ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

ဤထိပ်တန်းသူလျှိုများ၏ အကူအညီမပါဘဲ တာယင်အင်ပါယာ စစ်သည်လေးသိန်းက တာ့ကျိုးမြို့တော်ကို သိမ်းပိုက်ရန်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှသည်။

မည်သို့ပင်ဆိုစေ တာ့ကျိုးမြို့တော်အတွင်းတွင် ကာကွယ်ရေးတပ် ခြောက်သိန်းကျော် ရှိနေသေးသည် မဟုတ်ပါလား။

ထို့အပြင် ယမ်းမှုန့်ပေါင် တစ်သန်းကျော် ရှိနေသေးပြီး အဆိပ်ဓာတ်ငွေ့ဗုံးများ နည်းပါးသွားသော်လည်း ရာဂဏန်းခန့် ကျန်ရှိနေသေး၏။ ဤယမ်းမှုန့်ပေါင် တစ်သန်းကျော်က တာယင်အင်ပါယာ စစ်တပ်ကို အကြီးအကျယ် ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ထို့အပြင် ဤယမ်းမှုန့်များကို ပိုင်ယင်မြို့က ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ထိုက်ဝေ့ ပိုင်ကျန်း တစ်ဦးတည်းကသာ တာဝန်ယူထားသောကြောင့် မည်သည့်နေရာတွင် သိုလှောင်ထားသည်ကို သူတစ်ဦးတည်းသာ သိရှိသော လျှို့ဝှက်ချက် ဖြစ်၏။

စစ်ပွဲစတင်ချိန်ရောက်မှသာ ဤယမ်းထုပ်များကို ခွဲဝေ၍ မြို့ရိုးပေါ်သို့ ပို့ဆောင်ကာ ကျောက်ခဲပစ်စက်များဖြင့် ပစ်လွှတ်ပြီး တာယင်အင်ပါယာ စစ်တပ်များကို အကြီးအကျယ် ဖျက်ဆီးမှာဖြစ်သည်။

အိမ်ထဲတွင် ယန်ဖြန်ရှန်က မြေပြင်ပေါ်တွင် ထိုင်ကာ မလှုပ်မယှက် ရှိနေသည်။ သူက မျက်လုံးများကို မှိတ်ထားပြီး ဦးနှောက်ထဲတွင် အလွန်ရှုပ်ထွေးသော ပုံကြမ်းတစ်ခုကို ရေးဆွဲနေ၏။

စက္ကူပေါ်တွင် ရေးဆွဲ၍မရသလို မြေပြင်ပေါ်တွင်လည်း ရေးဆွဲ၍ မရဘဲ အားလုံးကို ဦးနှောက်ထဲတွင်သာ လုပ်ဆောင်နေရခြင်း ဖြစ်ပြီး မြို့တော်တစ်ခုလုံး၏ မြေပုံက သူ၏ ဦးနှောက်ထဲတွင် ရှိနေသည်။

‘ဖယ်ထုတ်မယ်... ဖယ်မယ်...’

ဤရက်ပိုင်းအတွင်း သူက သူလျှိုစုံစမ်းစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် မြို့တော်၏ ကာကွယ်ရေး နယ်မြေ အားလုံးကို လှည့်လည်သွားလာခဲ့သည်။ စစ်သူကြီးတိုင်း၏ ကိုယ်ပေါ်မှ အနံ့များကို ရှူရှိုက်ခဲ့ပြီး နေရာတိုင်း၏ အနံ့အသက်များကိုလည်း ရှူရှိုက်ခဲ့၏။

ထို့အပြင် ယမ်းမှုန့်သိုလှောင်သည့်နေရာသည် မီးဘေးကာကွယ်ရေး၊ စိုထိုင်းမှုကာကွယ်ရေးနှင့် အလွန် လျှို့ဝှက်သော ပြင်ဆင်မှုများ လုပ်ဆောင်ထားရမှာဖြစ်သည်။

ဤအချက်အလက်များ အားလုံးကို ပေါင်းစပ်လိုက်ပြီး သဲလွန်စ ဆယ်ခုကျော်နှင့် တွက်ချက်ကြည့်လိုက်၏။

နောက်ဆုံးတွင် ယန်ဖြန်ရှန်က ကောက်ချက်တစ်ခု ချနိုင်ခဲ့သည်။ ပိုင်ယင်မြို့မှ ပို့ဆောင်လာသော ယမ်းမှုန့်များကို အနည်းဆုံး နေရာသုံးနေရာတွင် သိုလှောင်ထားသည်။

ထိုအထဲမှ ယမ်းမှုန့် မြေအောက်လျှို့ဝှက်သိုလှောင်ရုံ တစ်ခုက အရှေ့ဘက်မြို့ရိုးတွင် ရှိပြီး မြို့တံခါးမှ ခုနစ်မိုင်ခန့် ကွာဝေးသော နေရာတွင် ရှိသည်။ ထိုလျှို့ဝှက်မြေအောက် သိုလှောင်ရုံက အရှေ့ဘက်မြို့ရိုးမှ ပေအနည်းငယ်မျှသာ ကွာဝေး၏။

စစ်တိုက်ရာတွင် အဆင်ပြေစေရန် ဤယမ်းမှုန့် မြေအောက်သိုလှောင်ရုံများက မြို့ရိုးနှင့် အလွန်မဝေးရသလို အလွန်လည်း မနီးရချေ။ တွက်ချက်မှုမှန်ကန်လျှင် ယမ်းမှုန့်သို့လှောင်ရာ နေရာကို ရှာတွေ့ထားသည်မှာ မှားမည် မဟုတ်တော့ချေ။

ဤယမ်းမှုန့် မြေအောက်သိုလှောင်ရုံ နေရာသုံးနေရာက ရာခိုင်နှုန်း ရှစ်ဆယ်၊ ကိုးဆယ်ခန့် သေချာနေပြီ ဖြစ်ပြီး အနည်းဆုံး နှစ်နေရာကတော့ သေချာပေါက် မှန်ကန်ပေလိမ့်မည်။

ဤသည်မှာ ယမ်းမှုန့်ပေါင် တစ်သန်းကျော်ဖြစ်ပြီး အကယ်၍ ကြိုတင်ပေါက်ကွဲသွားမည်ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။

တကယ့်ကို ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီး ဖြစ်လာမှာဖြစ်ပြီး တာ့ကျိုး ကာကွယ်ရေးတပ်များကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်မှာ ဖြစ်၏။

တိတိကျကျ ပြောရလျှင် ပိုင်ယင်မြို့ကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်မှာဖြစ်၏။ ကံကောင်းလျှင် မြို့ရိုးကိုပင် အက်ကြောင်းတစ်ခု ဖြစ်အောင် ဖြိုခွဲနိုင်စွမ်း ရှိသည်။

အလုံးစုံ သေချာသွားပြီးနောက် ယန်ဖြန်ရှန်က မြို့တော် မြေပုံကြီးရှေ့သို့ သွားကာ နေရာသုံးနေရာတွင် အမြန် အမှတ်အသား လုပ်လိုက်၏။

ဤသည်မှာ သူတွက်ချက်ရရှိထားသော ယမ်းမှုန့်ပေါင် တစ်သန်းကျော်ရှိသည့် လျှို့ဝှက်မြေအောက် သိုလှောင်ရုံ နေရာများ ဖြစ်သည်။

ထို့နောက် သူက အခြား မလိုအပ်သော လှုပ်ရှားမှုများ လုံးဝ မလုပ်တော့ချေ။

ခဏအကြာတွင် အမဲရောင် ဝတ်စုံဝတ် လူတစ်ယောက်က မှော်ဆန်စွာဖြင့် အမှောင်ထဲသို့ ပျောက်ကွယ် သွားတော့၏။

ဤလူမှာ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ယွမ်ထျန်းရှဲ့ ပင်ဖြစ်သည်။

ယန်ဖြန်ရှန်က မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ တွေးလိုက်၏။ ‘ယွင်ကျုံးဟဲ့... ကျုပ် ဒီလိုလုပ်တာ ခင်ဗျားအတွက် မဟုတ်ဘူး။ တာယင်အင်ပါယာအတွက်လည်း မဟုတ်သလို လက်နက်ချတာလည်း မဟုတ်ဘူး။ ကျုပ်က အိမ်ရှေ့စံကျိုးလီအတွက် ကလဲ့စားချေပေးတာ၊ အရှေ့ပိုင်း ယဉ်ကျေးမှုကို ကာကွယ်တာ။ ပြီးတော့ ကျုပ် ယန်ဖြန်ရှန်ဟာ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေနိုင်တဲ့ လူတစ်ယောက်ဆိုတာကို သက်သေပြချင်တာ။ ကျုပ်က အသုံးချခံ ခွေးတစ်ကောင် မဟုတ်ဘူး။’

.................

အပိုင်း (၆၅၀)

လုပ်ရမည့် ကိစ္စအားလုံးကို ယန်ဖြန်ရှန်က လုပ်ဆောင်ပြီးစီးခဲ့ပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ လူယုံများ၊ တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုများ အားလုံးကို ဟေးပင်းထိုင်၏ အကျဉ်းထောင်ထဲသို့ ပို့ဆောင်ထားလိုက်ပြီ ဖြစ်သည်။ စုစုပေါင်း ထိပ်တန်းသိုင်းပညာရှင် ဆယ်ဦးကျော်ခန့် ရှိ၏။

ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် ထိုပေါက်ကွဲမှုကြီးကို စောင့်ဆိုင်းရုံသာ ရှိတော့သည်။

အကြောင်းမှာ ထိုအချိန်ရောက်လျှင် ပေါက်ကွဲမည်မှာ ယမ်းမှုန့်များ သိုလှောင်ထားသော လျှို့ဝှက် မြေအောက်သိုလှောင်ရုံများသာ မဟုတ်ချေ။ ဟေးပင်းထိုင် အကျဉ်းထောင်လည်း ပါဝင်၏။

အခြားနေရာများကို ယန်ဖြန်ရှန်က မထိန်းချုပ်နိုင်သော်လည်း ဟေးပင်းထိုင် အကျဉ်းထောင်က သူ၏ နယ်မြေဖြစ်သောကြောင့် သတ်မှတ်ထားသော နေရာတစ်ခုတွင် ဖောက်ခွဲပြီး ထွက်ပေါက်တစ်ခု ဖန်တီးပေးရန်မှာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။

သေချာပေါက် ဟေးပင်းထိုင် အကျဉ်းထောင်အတွင်းတွင် မရေမတွက်နိုင်သော ဟေးပင်းထိုင် စစ်သည်များက စောင့်ကြပ်နေကြမှာဖြစ်၏။

ထွက်ပေါက်တစ်ခု ပွင့်သွားလျှင်တောင် ယွင်ကျုံးဟဲ့က သူ၏ အားနည်းသော သိုင်းပညာဖြင့် ကိုယ်တိုင် ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်ချေ။

ယန်ဖြန်ရှန် ကိုယ်တိုင် သွားရောက် ကယ်တင်ရမည်လား။ သူ အဲဒီလောက်အထိ မလုပ်နိုင်ပေးနိုင်ချေ။ ထိုသို့လုပ်မည်ဆိုပါက သူ၏ အဆင့်အတန်း အရမ်း နိမ့်သွားပေလိမ့်မည်။

ထို့အပြင် ယန်ဖြန်ရှန်၏ သိုင်းပညာက အလွန်မြင့်မားသော်လည်း အမြင့်ဆုံး အဆင့် မဟုတ်သောကြောင့် ယွင်ကျုံးဟဲ့ကို ကယ်တင်ရန်အတွက် သူ့အသက်ကို စတေးပြီး စွန့်စားရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ထို့ကြောင့် ယန်ဖြန်ရှန်က တာယင်အင်ပါယာက တာ့ကျိုးမြို့တော်အတွင်းမှာ ထားရှိသော သူလျှိုများ အားလုံးကို ယွင်ကျုံးဟဲ့ အနားသို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်၏။

‘ထွက်ပေါက်ပွင့်သွားပြီးတဲ့နောက်မှာ ခင်ဗျားတို့လို သိုင်းပညာရှင်အများအပြား ရှိနေတာတောင် ယွင်ကျုံးဟဲ့ တစ်ယောက်ကို မကယ်နိုင်ကြဘူးဆိုရင်တော့ ဒါဟာ ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုသက်သက်လို့ပဲ သတ်မှတ်ရမယ်။’

ဤအရာများ အားလုံးလုပ်ဆောင်ပြီးစီးသွားပြီးနောက် ယန်ဖြန်ရှန်က အဆုံးအစ မရှိသော ဟာလာဟင်းလင်း ဖြစ်မှုကိုသာ ခံစားနေရသည်။

သူ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ပုရွက်ဆိတ်တစ်အုပ်က ဖလံကောင် အသေတစ်ကောင်ကို သယ်ဆောင် သွားနေသည်ကို ကြည့်နေမိ၏။

နန်ကုန်းချော့က စိတ်ပျက်အားလျော့နေသလို သူ ယန်ဖြန်ရှန်ရော ထိုသို့ ဖြစ်မနေဘူးလား။

ထိုအချိန်က ဧကရာဇ်ဟောင်းက သူ့ကို ကယ်တင်ခဲ့သောကြောင့် သူ အလွန်ကျေးဇူးတင်ခဲ့သော်လည်း သူ၏ ရင်ထဲတွင် အနက်ရှိုင်းဆုံး သစ္စာစောင့်သိမှုမှာ အိမ်ရှေ့စံကျိုးလီ အပေါ်တွင်သာ ရှိ၏။ ကျိုးလီကသာ သူနှင့် ကျင်းကျုံးယွဲ့ကို အမှောင်ထုထဲမှ ကယ်တင်ခဲ့ပြီး ဘဝသစ်ပေးခဲ့သူ ဖြစ်သည်။

ဧကရာဇ်ဟောင်းက ယန်ဖြန်ရှန်၏ အသက်ကို ကယ်တင်ခဲ့ပြီးနောက် ဧကရာဇ်ဟောင်း၏ အာဏာသိမ်းမှု အောင်မြင်သွားချိန်မှာတော့ ယန်ဖြန်ရှန်၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့၏။ အကြောင်းမှာ သူ၏ အစွမ်းအစများကို ပြသရန် အချိန်ရောက်ပြီဟု ထင်မှတ်ခဲ့သောကြောင့်ပင်။

သူက ကုန်းဆွန်းယန်ကို ကျော်လွန်ပြီး လောကတွင် အစွမ်းအထက်ဆုံး သူလျှိုခေါင်းဆောင် တစ်ယောက် ဖြစ်လာချင်ခဲ့၏။ သူက ဧကရာဇ်ဟောင်းနှင့် ကျိုးလီတို့ လောကကို စည်းလုံးနိုင်အောင် ကူညီပေးချင်ခဲ့သည်။

အကြောင်းမှာ ထိုအချိန်က ဧကရာဇ်ဟောင်းက တိတိကျကျ ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။ သူလုံးဝ နန်းမတက်ဘဲ ဧကရာဇ်ဝမ်ယွင်ကို ဖြုတ်ချပြီးသည်နှင့် ကျိုးလီကို တိုက်ရိုက် နန်းတင်ပေးမည်ဟု ပြောခဲ့၏။

ယန်ဖြန်ရှန်က ဧကရာဇ်ဟောင်း၏ မျက်နှာ အစစ်အမှန်ကို မမြင်ခဲ့ဘူးလား။ လုံးဝမမြင်ခဲ့ဘူးဟုတော့ မဆိုနိုင်ချေ။

သို့ပေမည့် ဧကရာဇ်ဟောင်းက ဟန်ဆောင် အလွန်ကောင်းလွန်းပြီး ယန်ဖြန်ရှန်၏ အမြင်တွင် ကျိုးလီ ဧကရာဇ်ဖြစ်လာပြီး ဧကရာဇ်ဟောင်းက နောက်ကွယ်မှ အုပ်ချုပ်မည့် အခြေအနေက အလွန် ကောင်းမွန်သည်ဟု ထင်မြင်ခဲ့၏။

ကျိုးလီက ဧကရာဇ်အနေဖြင့် စစ်တပ်ကို ဦးဆောင်ကာ ကိုယ်တိုင် စစ်တိုက်ထွက်နိုင်ပြီး ဧကရာဇ်ဟောင်းက မြို့တော်တွင် နေရစ်ကာ နောက်တန်းကို ထိန်းသိမ်းပေးမည်ဆိုပါက အကောင်းဆုံး အခြေအနေပင် ဖြစ်သည်။

သို့ပေမည့် ထိုနေ့က အိမ်ရှေ့စံကျိုးလီကို ဧကရာဇ်ဟောင်းက လုပ်ကြံခဲ့သည်။ ယန်ဖြန်ရှန်၏ စိတ်ဓာတ် လုံးဝပြိုလဲသွားပြီး မည်သူ့ထက်မဆို ပို၍ဒေါသထွက်ကာ ပို၍မုန်းတီးခဲ့သည်။ သို့ပေမည့် သူ မလှုပ်ရှားနိုင်ခဲ့သလို မလှုပ်ရှားရဲခဲ့ချေ။

ဧကရာဇ်ဟောင်းက ကြောက်စရာ ကောင်းလွန်းပြီး သိုင်းပညာ အလွန်မြင့်မားသည့်အပြင် ပြန်လည် နုပျိုလာပြီးနောက် သူ၏ ခန္ဓာကိုယ်က အဆိပ်အများစုကို ခုခံနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

ထို့အပြင် ယန်ဖြန်ရှန်က အနည်းငယ်မျှ ထူးခြားသော လှုပ်ရှားမှု ပြုလုပ်လိုက်သည်နှင့် အလောင်းပင် ရှာမတွေ့အောင် သေဆုံးသွားမည်ဖြစ်ရာ သူက သည်းခံနေခဲ့ရသည်။

နောက်ထပ် အချက်တစ်ခုမှာ ယန်ဖြန်ရှန်သည် အချို့သော ကိစ္စများတွင် ယွင်ကျုံးဟဲ့ကို အလွန်ယုံကြည်မှု ရှိ၏။ လူသတ်တဲ့နေရာမှာ ယွင်ကျုံးဟဲ့ကို ကျော်လွန်နိုင်တဲ့လူ ရှိမည်မထင်ချေ။

ထိုအချိန်က ဧကရာဇ်ဟောင်းကို အမုန်းဆုံးလူမှာ သူ ယန်ဖြန်ရှန်အပြင် နောက်တစ်ဦးမှာ ယွင်ကျုံးဟဲ့ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့နှစ်ဦး ပူးပေါင်းမည်လား။

လုံးဝ မဖြစ်နိုင်ချေ။ ထိုသို့သော သဘောထားမျိုးပင် ပြသ၍မရချေ။ မဟုတ်လျှင် နှစ်ယောက်လုံး သေသွားနိုင်၏။

ထို့ကြောင့် ယန်ဖြန်ရှန်က တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး လျှို့ဝှက်ချက်များစွာကို ရင်ထဲတွင် သိမ်းဆည်းထားကာ ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြု၊ အလကား အကူအညီလည်း မပေးခဲ့ချေ။

တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်...

အမှန်အတိုင်း ပြောရလျှင် ယန်ဖြန်ရှန်က မျှော်လင့်ချက်ကိုပင် လက်လွှတ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်၏။ အကြောင်းမှာ ယွင်ကျုံးဟဲ့က မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ အချိန်အများစု၌ သတိမေ့နေခဲ့သောကြောင့် ဖြစ်သည်။

သူက ယွင်ကျုံးဟဲ့နှင့် မည်သည့်အဆက်အသွယ်မှ မလုပ်ရဲသေးချေ။ အကြောင်းမှာ ထိုမြင်ကွင်းက ယနေ့တိုင်အောင် သူ့ကို ကြက်သီးထစေဆဲ ဖြစ်သောကြောင့် ဖြစ်၏။

ထိုညက ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့ကို အဆိပ်ခတ်ရန် သွားခဲ့ရာ ဧကရာဇ်ဟောင်းက အမှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ တစ္ဆေတစ်ကောင်အလား ပေါ်လာခဲ့၏။ ယခင်က သူ ဧကရာဇ်ဟောင်း ရှိနေကြောင်း လုံးဝ သတိမထားမိခဲ့ချေ။

လွန်ခဲ့သော လအနည်းငယ်က ယွင်ကျုံးဟဲ့ လွတ်မြောက်လာပြီး ထျန်းကျိုး နတ်ဧကရာဇ်က သူ့ကို ရှုံးကျိုးမြို့ ပျက်သုဉ်းမှုနှင့် တာယင်အင်ပါယာ ဧကရာဇ် ရှုံးနိမ့်မှုကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုစေခဲ့၏။

ယွင်ကျုံးဟဲ့က စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း ထို့သူ့တွင် နည်းလမ်းရှိနေပြီ ဖြစ်ကြောင်း ယန်ဖြန်ရှန်က သေချာပေါက် သိနေသည်။

အထူးသဖြင့် တွမ်ကောရှင်း ကဗျာကို ယန်ဖြန်ရှန်က ပထမဆုံး မြင်တွေ့ခဲ့ရပြီး ဤကဗျာက နိမိတ် မကောင်းကြောင်း သူ ခံစားမိခဲ့၏။

အထူးသဖြင့် ကျိုးကုန်း မင်းသားက အစာကို ထွေးထုတ်ကာ ဧည့်ခံသကဲ့သို့… လောကတစ်ခုလုံး၏ နှလုံးသားကို သိမ်းပိုက်ရမည် ဟူသော စာကြောင်းပင်ဖြစ်သည်။

သေချာသည်မှာ ဤသို့သော နိမိတ်မကောင်းသည့် ခံစားချက်ကို အလွန်ခံစားလွယ်သူများသာ သိရှိနိုင်သည်။ ရလဒ်အနေဖြင့် ယန်ဖြန်ရှန် မျှော်လင့်ထားသည့်အတိုင်း ယွင်ကျုံးဟဲ့က ယခင်က တစ်ခါမှ မရှိဖူးသော နည်းလမ်းဖြင့် ထျန်းကျိုး နတ်ဧကရာဇ်ကို သတ်ဖြတ်လိုက်၏။

‘ကျေနပ်စရာ ကောင်းလိုက်တာ။’

ထိုခဏတွင် ယန်ဖြန်ရှန်က စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

‘အိမ်ရှေ့စံကျိုးလီ... အရှင့်အတွက် ကလဲ့စားကို နောက်ဆုံးတော့ ချေနိုင်ခဲ့ပြီ။ ဒီနတ်ဆိုးကြီး နောက်ဆုံးတော့ သေသွားပြီ။ ဟားဟား... ဟား... ဟား...’

ထျန်းကျိုး နတ်ဧကရာဇ် လဲကျသွားပြီးနောက် ဖုန်းရှင်းမြဲ့က လူဒါဇင်ပေါင်းများစွာနှင့်အတူ ကောင်းကင်မှ ခုန်ချကာ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် ကြိုးစားခဲ့၏။

မည်ကဲ့သို့ ကယ်နိုင်မည်နည်း။ ထိုအချိန်က ယွင်ကျုံးဟဲ့ ဘေးတွင် ဟေးပင်းထိုင် သိုင်းပညာရှင်များနှင့် ပိုင်ယင်မြို့ သိုင်းပညာရှင်များ ရာချီ ရှိနေခဲ့သည်။

ထို့ကြောင့် ယန်ဖြန်ရှန်က စင်မြင့်၏ သစ်သားပြားများကို ခွဲကာ ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်၍ ရေအောက်သို့ ငုပ်လျှိုးသွားခဲ့ခြင်း ဖြစ်၏။

ထျန်းကျိုး နတ်ဧကရာဇ် သေဆုံးသွားပြီးနောက်...

ယန်ဖြန်ရှန်လည်း ရည်မှန်းချက်နှင့် ဦးတည်ချက် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဤအပိုင်းတွင် သူနှင့် ကျင်းကျုံးယွဲ့က တစ်ထပ်တည်း တူညီနေ၏။

လေခွင်းမြို့ အရေးအခင်းပြီးနောက် ကျင်းကျုံးယွဲ့လည်း မည်သည့်ရည်မှန်းချက်မှ မရှိတော့ဘဲ မြင်းဓားပြ လုပ်ရန်သာ စိတ်ဝင်စားတော့၏။ သို့ပေမည့် ယန်ဖြန်ရှန်၏ ရင်ထဲတွင် သေးငယ်သော ရည်မှန်းချက်လေး တစ်ခု ရှိနေသေးသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း သူက နတ်ဧကရာဇ်၏ သစ္စာရှိသော ခွေးတစ်ကောင်ကဲ့သို့ အသုံးချခံနေခဲ့ရ သောကြောင့် လူများစွာက နှုတ်မှမပြောသော်လည်း ရင်ထဲတွင် သူ့ကို အထင်သေးနေကြကြောင်း သူသိ၏။

‘ထျန်းကျိုး နတ်ဧကရာဇ်က ကျိုးလီကို လုပ်ကြံခဲ့တာကို လူတိုင်းသိကြပြီး ကျိုးလီက ခင်ဗျားရဲ့ ကျေးဇူးရှင် ဖြစ်နေတာတောင် ခင်ဗျားက ကလဲ့စားမချေတဲ့အပြင် နတ်ဧကရာဇ်ကိုပါ အပြည့်အဝ သစ္စာစောင့်သိ နေတယ်ပေါ့။ ခင်ဗျားက မိဘမဲ့ဖြစ်နေရင်တောင် အနည်းဆုံးတော့ အရှေ့ပိုင်းပြည်သူတစ်ယောက်ပဲ။ တာ့ရှန်းနတ်ဆိုးနိုင်ငံက အရှေ့ပိုင်း ယဉ်ကျေးမှုကို ဖျက်ဆီးမှာကို ဒီအတိုင်း ကြည့်နေတော့မလို့လား။’

လောကတစ်ခုလုံး ရှေ့တွင် ယန်ဖြန်ရှန်က သေချာပေါက် သူ့ကိုယ်သူ သက်သေပြရပေလိမ့်မည်။

‘ခင်ဗျားတို့ရဲ့ မျက်လုံးတွေ ကန်းနေတာပဲ။ ကျုပ်က အသုံးချခံ ခွေးတစ်ကောင် မဟုတ်သလို အရှေ့ပိုင်း ယဉ်ကျေးမှုရဲ့ သစ္စာဖောက်လည်း မဟုတ်ဘူး။ ကျုပ် ယန်ဖြန်ရှန်ဟာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် ဖြစ်ရင်တောင် အရှေ့ပိုင်းလောကရဲ့ အဆိပ်ပြင်း မြွေတစ်ကောင်ပဲဆိုတာကို ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့် အဖြစ်အပျက်တစ်ခုနဲ့ လောကပြည်သူတွေကို ပြောပြမယ်။’

ဤအရာအားလုံး လုပ်ဆောင်ပြီးစီးသွားချိန်မှာတော့ သူက လုံးဝထွက်ခွာသွားပြီး အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားမှာဖြစ်၏။

နာမည်ဖျောက်ကာ လောကအနှံ့ လှည့်လည်နေထိုင်မည်။ တာယင်အင်ပါယာကို လက်နက်ချမည်လား။ ချမ်းသာကြွယ်ဝမှုကို ရှာဖွေမည်လား။ မဖြစ်နိုင်ချေ။

..............

လျှို့ဝှက်စာကြည့်ခန်း တစ်ခုအတွင်း၌...

ဝန်ကြီးချုပ်လင်ကုန်းနှင့် အောက်မင်တို့ ဆရာတပည့်နှစ်ဦး လျှို့ဝှက်ဆွေးနွေးနေကြ၏။

“ဆရာ... ဒီအခြေအနေက နည်းနည်း ထူးဆန်းနေတယ်။” အောက်မင်က ပြောလိုက်သည်။

လင်ကုန်းက စစ်တုရင်ခုံကို ကိုယ်တိုင် ပြင်ဆင်နေရင်း မေးလိုက်၏။ “ဘယ်လို ထူးဆန်းနေတာလဲ။”

အောက်မင်က ပြန်မေးလိုက်သည်။ “သက်တမ်းတိုးပြီး ထာဝရအသက်ရှင်ခြင်း... ဒီသွေးဆောင်မှုက ကြီးမားသလား။”

လင်ကုန်းက ဖြေ၏။ “သေချာပေါက် ကြီးမားတာပေါ့။ လောကရဲ့ ဘယ်သွေးဆောင်မှုထက်မဆို ပိုကြီးမားတယ်။”

အောက်မင်က ဆက်ပြောသည်။ “ဧကရာဇ်ဟောင်း အရင်က စားခဲ့တဲ့ သက်တမ်းတိုးဆေးကို ပိုင်ယင်မြို့က ပေးခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲက သွေးသားက မစင်ကြယ်လို့ စားပြီးတဲ့နောက် သက်တမ်းတော့ တိုးသွားပေမဲ့ လေဖြတ်သွားပြီး အသုံးမကျတဲ့ လူဖြစ်သွားခဲ့တယ်။

မီတျဲချိုင့်ဝှမ်းက ပိုင်ယင်မြို့ရဲ့ ထာဝရအသက်ရှင်ခြင်း ပညာရပ်ကို တစ်ဦးတည်း မချုပ်ကိုင်နိုင်အောင် ဒီအပိုင်းကို အထူးလေ့လာခဲ့ပြီး နုဧကရာဇ်ရဲ့ သွေးမျိုးဆက် မဟုတ်တဲ့သူတွေ သက်တမ်းတိုးဆေး စားပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။

ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့ပေမဲ့ အောင်မြင်မှု မရှိခဲ့ဘဲ ယွင်ကျုံးဟဲ့ မီတျဲချိုင့်ဝှမ်းကို ရောက်သွားမှ သူတို့ရဲ့ လေ့လာမှုက အောင်မြင်သွားခဲ့တယ်။ ဧကရာဇ်ဟောင်းရဲ့ ခန္ဓာကိုယ်က ပြန်လည်နိုးထလာပြီး တကယ့်ကို ပြန်လည်နုပျိုလာကာ သက်တမ်း တိုးသွားခဲ့တယ် မဟုတ်လား။”

လင်ကုန်းက ထောက်ခံလိုက်၏။ “မှန်တယ်။”

အောက်မင်က ပြောလိုက်သည်။ “ဆိုလိုတာက နုဧကရာဇ်ရဲ့ သွေးမျိုးဆက်မဟုတ်တဲ့ သူတွေလည်း ပြန်လည်နုပျိုဖို့ မျှော်လင့်ချက် ရှိတယ်ပေါ့။ ဒါပေမဲ့ ပိုင်ယင်မြို့နဲ့ မီတျဲချိုင့်ဝှမ်းရဲ့ ဆေးနှစ်မျိုး ပေါင်းစပ်မှ အကျိုးသက်ရောက်မှု ရှိတာပဲ။”

လင်ကုန်းက ပြန်ပြောလိုက်၏။ “အဲဒီလိုလည်း မဟုတ်ဘူး။ တာ့ရှန်းနတ်ဆိုးနိုင်ငံက အရှေ့ပိုင်းလောကကို ထိုးဖောက်ဝင်ရောက်နေတာ ကြာပြီ။ ကျုပ်တို့ရဲ့ ထျန်းကျိုး နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲမှာ နုဧကရာဇ်ရဲ့ သွေးမျိုးဆက် မရှိဘူးလို့ မပြောနိုင်ဘူး။ သန့်စင်မှု မရှိတာပဲ ဖြစ်လိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်း ပိုင်ယင်မြို့က အရှေ့ပိုင်းလောကကို အမျိုးသမီး ဘယ်လောက်တောင် လျှို့ဝှက် ပို့ဆောင်ခဲ့သလဲဆိုတာ ခင်ဗျား သိသလား၊ နုဧကရာဇ်ရဲ့ သွေးသားမျိုးစေ့တွေကို အရှေ့ပိုင်း အင်ပါယာတွေမှာ ဘယ်လောက်တောင် ဖြန့်ကြဲခဲ့သလဲဆိုတာကော သိလား။”

အောက်မင်က ပြောလိုက်သည်။ “တာ့ရှီး အင်ပါယာဧကရာဇ်က အဲဒီထဲက ဥပမာတစ်ခုပဲ။”

လင်ကုန်းက ခေါင်းညိတ်လိုက်၏။ “မှန်တယ်။ သူလည်း တစ်ယောက်အပါအဝင်ပဲ။”

အောက်မင်က ဆက်ပြောသည်။ “ဆိုလိုတာက လောကက ဧကရာဇ်တွေ အားလုံးက ထာဝရ အသက်ရှင်ခြင်းရဲ့ သွေးဆောင်မှုကို မခံနိုင်ကြဘူးပေါ့။”

ဝန်ကြီးချုပ်လင်ကုန်းက မေးလိုက်၏။ “ခင်ဗျား ဘာကို ပြောချင်နေတာလဲ။”

အောက်မင်က ရှင်းပြလိုက်သည်။ “ဒါကြောင့် တာ့ရှန်းအင်ပါယာက လောက တစ်ခုလုံးကို လွှမ်းမိုးဖို့ သေချာနေပြီ မဟုတ်လား။”

ဝန်ကြီးချုပ်လင်ကုန်းက ပြန်မေး၏။ “ဘယ်လို သိနိုင်သလဲ။”

အောက်မင်က ရှင်းပြလိုက်သည်။ “အရင်က တာ့ရှန်းနတ်ဆိုးနိုင်ငံဟာ တားဆီးလို့ မရအောင် အားကောင်း ခဲ့တယ်။ လောက က အင်အားစုတွေ အားလုံးပေါင်းရင်တောင် တာ့ရှန်းအင်ပါယာကို မယှဉ်နိုင်ခဲ့ဘူး။ နုဧကရာဇ် ရုတ်တရက် သေဆုံးသွားလို့သာ တာ့ရှန်းအင်ပါယာ ပျက်သုဉ်းသွားခဲ့ရတာ။

အဲအချိန်က တာ့ရှန်းအင်ပါယာကို နတ်ဆိုးနိုင်ငံလို့ ခေါ်ခဲ့ကြတာက အရှေ့ပိုင်းယဉ်ကျေးမှုကို ဖျက်ဆီးချင်လို့ပဲ။ ပြီးတော့ သူတို့ရဲ့ နည်းလမ်းတွေက ရက်စက်ပြီး လူ့ကျင့်ဝတ် တရားတွေကို ဆန့်ကျင်နေတယ်။ နတ်ဆရာနဲ့ စစ်သည်တွေ မဟုတ်ရင် ဘယ်သူမှ နေရာမရနိုင်ဘူး။ ဒါက လောကပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေလို့ အားလုံးက သူ့ကို ဆန့်ကျင်ခဲ့ကြတာပဲ။”

ဝန်ကြီးချုပ်လင်ကုန်းက ဆက်မေး၏။ “ပြီးတော့ရော။”

အောက်မင်က ဆက်ပြောသည်။ “ဒါပေမဲ့ အခု တာ့ရှန်းအင်ပါယာက လောကနဲ့ လိုက်လျောညီထွေ ဖြစ်လာပြီ မဟုတ်လား။ သူတို့ လောကနဲ့ လိုက်လျောညီထွေဖြစ်သွားတာနဲ့ လုံးဝ တားဆီးလို့ မရနိုင်တော့ဘူး မဟုတ်လား။”

ဝန်ကြီးချုပ်လင်ကုန်းက ပြော၏။ “အားကောင်းတဲ့ လက်နက်တွေ ရှိတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ အားကောင်းတဲ့ စစ်သည်တွေ ရှိတယ်။ ပြီးတော့ ပြန်လည်နုပျိုစေတဲ့ ဆေးလည်းရှိသေးတယ်ဆိုတော့ တကယ်ပဲ တားဆီးလို့ မရနိုင်တော့ဘူးပေါ့။”

အောက်မင်က မေးလိုက်သည်။ “ဒါဆို အခု ပိုင်ယင်မြို့၊ တာ့ရှန်းအင်ပါယာက ဒီလို တားဆီးလို့မရနိုင်တဲ့ အရှိန်အဟုန်မျိုး ပြသနေပြီလား။ မရှိသေးဘူးထင်တယ်။ သူတို့ ဘာကို စောင့်နေကြတာလဲ။ ဘာကို ဖုံးကွယ်ထားကြတာလဲ။”

လင်ကုန်းက ဘာမှမပြောချေ။

အောက်မင်က ဆက်ပြော၏။ “အိမ်ရှေ့စံကျိုးလင် နန်းတက်ပြီးနောက် နန်းတွင်းတစ်ခုလုံးက တာ့ရှန်းနတ်ဆိုးနိုင်ငံကို ရွေးချယ်လိုက်ပြီဆိုတော့ ဒီစစ်ပွဲမှာ ကျုပ်တို့ သေချာပေါက် နိုင်မှာပဲ။ နောက်ဆိုရင် မြောက်ဘက်ကို ဆက်တက်ပြီး တာယင်ကိုပါ ဖျက်ဆီးပစ်နိုင်တယ် မဟုတ်လား။”

လင်ကုန်းက ဖြေလိုက်သည်။ “ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ကျုပ် သံသယ မရှိပါဘူး။ ပိုင်ယင်မြို့ရဲ့ နုဧကရာဇ် စစ်သင်္ဘောတွေတောင် အရိပ်မပြသေးဘူး။ သူတို့ရဲ့ အားအကောင်းဆုံး စစ်တပ်တွေ ကမ်းပေါ် မတက်လာသေးဘူး။”

အောက်မင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါကြောင့် ဒီစစ်ပွဲကြီး ရှုံးသွားမယ်ဆိုပြီး စိုးရိမ်နေတာက အပိုပဲပေါ့။”

လင်ကုန်းက ရယ်မောကာ ပြောလိုက်သည်။ “သေချာပေါက် အပိုပဲပေါ့။”

အောက်မင်က အရိုအသေပေးလျက် ပြောလိုက်၏။ “ဆရာ့ရဲ့ သွန်သင်မှုအတွက် ကျေးဇူးတင်ပါတယ်။”

..............

All Chapters