← Chapters

အခန်း (၆၅၁-၆၅၂)

Vol. 55 Ch. 651-652

အခန်း (၆၅၁-၆၅၂)

Vol. 55 Ch. 651-652

အပိုင်း (၆၅၁)

ဖျင်ရှီးဟောက် အိမ်တော်အတွင်း၌ အောက်မင်နှင့် သူ၏အဖေ အောက်တုန်းတို့ လျှို့ဝှက်ဆွေးနွေးနေ ကြသည်။

“အဖေ... ဒီအခြေအနေက အရမ်း ထူးဆန်းနေတယ်။ လုံးဝ အကဲခတ်လို့ မရဘူး။”

အောက်မင်က ပြောလိုက်၏။ “ကျုပ် ဆရာ့ဆီ သွားတွေ့ခဲ့တယ်။ တာ့ကျိုး သေချာပေါက် နိုင်မှာမို့လို့ ကျုပ်တို့ စိုးရိမ်စရာ မလိုဘူးလို့ ပြောတော့ သူက ကျုပ်အမြင်ကို ထောက်ခံတယ်။”

အောက်တုန်း၏ မျက်ခုံးများ ထိစပ်လုမတတ် ဖြစ်သွား၏။ ထို့အပြင် လင်ကုန်းမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက အနည်းငယ် ထူးဆန်းနေကြောင်း အောက်မင်က အရင်တည်းက ပြောခဲ့ဖူးသည်။

အောက်မင်က ဆက်ပြော၏။ “ပထမဆုံး သေချာတဲ့အချက်က ပိုင်ယင်မြို့က အစွမ်းကုန် မထုတ်သေးဘူး။ အများကြီး ဖုံးကွယ်ထားသေးတယ်။ ထျန်းကျိုး နတ်ဧကရာဇ်နဲ့ လက်ထပ်ခဲ့တဲ့သူက ဘာကြောင့် ပိုင်ဖေးဖေး မဟုတ်ဘဲ ပိုင်ရွှယ် ဖြစ်နေရတာလဲ။

နောက်ထပ် တစ်ချက် ရှိသေးတယ်။ မင်းသမီး ပိုင်ဖေးဖေး ထွက်သွားတာ အတော်ကြာနေပြီ။ ဘာကြောင့် တာ့ကျိုးမြို့တော်ကို ပြန်မလာသေးတာလဲ။ ဒီစစ်ပွဲမှာ ပိုင်ယင်မြို့က တကယ်ပဲ ဝင်ပါအုံးမှာလား။”

အောက်တုန်းက ပြောလိုက်သည်။ “တာယင်အင်ပါယာ စစ်သည် လေးသိန်း၊ တာ့ကျိုး ကာကွယ်ရေးတပ် ခြောက်သိန်း နှစ်သောင်း... ပြီးတော့ မရေမတွက်နိုင်တဲ့ ယမ်းမှုန့်တွေ ရှိသေးတယ်။”

အောက်မင်က မေး၏။ “ဘယ်လောက် ရှိသလဲ။”

အောက်တုန်းက ဖြေလိုက်သည်။ “ဒါက လျှို့ဝှက်ချက်ပဲ။ ပိုင်ကျန်း တစ်ယောက်တည်းပဲ သိတယ်။ ဒါပေမဲ့ ကျုပ်ခန့်မှန်းချက်အရဆိုရင် ပေါင်နှစ်သန်းအောက် မနည်းနိုင်ဘူး။ ယမ်းထုပ် ငါးသောင်းလောက် လုပ်လို့ ရတယ်။”

အောက်မင်က ပြောလိုက်၏။ “ထျန်းကျိုး နတ်ဧကရာဇ်က ပိုင်ရှင်မဲ့နယ်မြေကို တိုက်တုန်းက မြို့ကို တိုက်တာတောင် ယမ်းမှုန့် ပေါင်နှစ်သန်းပဲ သုံးခဲ့တာလေ။ အခု ကျုပ်တို့က မြို့ကို ကာကွယ်ရုံလေးနဲ့တင် ယမ်းမှုန့် ပေါင်နှစ်သန်း ရှိတယ်ပေါ့။ ပြီးတော့ ဒါက အနည်းဆုံး ခန့်မှန်းထားတာပေါ့။”

အောက်တုန်းက ထောက်ခံလိုက်သည်။ “မှန်တယ်။”

ယမ်းထုပ်များကို မြို့ကိုတိုက်ရန် သုံးပါက စွမ်းအားအပြင်းထန်ဆုံး မဟုတ်သော်လည်း မြို့ကို ကာကွယ်ရန် သုံးမည်ဆိုပါက မြို့အောက်ရှိ ရန်သူများကို သတ်ဖြတ်ရန် အလွန်စွမ်းအား ကြီးမားလှသည်။

အောက်တုန်းက ဆက်ပြော၏။ “ထန်ထိုင်ကျင့်၊ ရှုဝမ်လျန်နဲ့ နောက်ထပ် အထက်တန်း စစ်သူကြီး ငါးယောက် လျှို့ဝှက်ဖမ်းဆီးခံလိုက်ရပြီ။ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှိုတွေလို့ သံသယရှိလို့တဲ့။ ယွီချန်ဟောက် ရှန်ကျုံးတောင် နေအိမ်အကျယ်ချုပ် ချခံထားရတယ်။”

အောက်မင်က မေးလိုက်သည်။ “ဒါကြောင့် ဒီစစ်ပွဲကို တာ့ကျိုးက သေချာပေါက် နိုင်မှာပေါ့။”

အောက်တုန်းက ပြန်မေး၏။ “တာယင်ဧကရာဇ်အကြောင်း တခြားသူတွေပြောတာ ကြားဖူးလား။”

အောက်မင်က ဖြေသည်။ “ဒီလောကမှာ အရမ်း ကြောက်စရာကောင်းတဲ့ လူတချို့ ရှိတယ်။ တာယင် ဧကရာဇ်က အဲဒီထဲမှာ သေချာပေါက် ပါတာပေါ့။”

အောက်တုန်းက ပြော၏။ “သူက ဒီလောက် ကြီးမားတဲ့ အန္တရာယ်ကိုယူပြီး တစ်ကိုယ်တော် ဝင်လာကာ တာ့ကျိုး မြို့တော်ကို လာတိုက်တာ အကြောင်းပြချက် ရှိလိမ့်မယ်။ တကယ်ပဲ လောင်းကစားသမား စိတ်ဓာတ်နဲ့ လုပ်တာ မဖြစ်နိုင်ဘူး။ ရှုံးကျိုးစစ်ပွဲမှာ ယွင်ကျုံးဟဲ့က ထျန်းကျိုး နတ်ဧကရာဇ်ကို မသတ်ခဲ့ရင်တောင် တာယင်ဧကရာဇ် နိုင်မှာပဲဆိုတာ သတိရအုံး။”

အောက်မင်က မေးလိုက်သည်။ “အဖေ... အဖေ့လက်ထဲမှာ စစ်သည် ဘယ်လောက်ရှိလဲ။”

ဖျင်ရှီးဟောက် အောက်တုန်းက ဖြေ၏။ “ငါက အခု စစ်တပ်ထဲမှာ ဒုတိယ အာဏာအရှိဆုံး လူပဲ။ ငါ အုပ်ချုပ်ခွင့်ရှိတဲ့ စစ်သည်က နှစ်သိန်းကျော် ရှိတယ်။”

အောက်မင်က ထပ်မေးသည်။ “ဒါဆို အဖေ့ကို အပြည့်အဝ နာခံတဲ့ လူယုံစစ်သည် ဘယ်လောက်ရှိလဲ။”

အောက်တုန်းက ဖြေ၏။ “ငါးသောင်း။”

အောက်မင်က ပြောလိုက်သည်။ “ငါးသောင်းလား... လောက်ပါပြီ။ အဖေ... ကျုပ်တို့ မိသားစုရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဆုံးဖြတ်မယ့်အချိန် ရောက်လာပြီ။ အနည်းငယ် အမှားအယွင်းဖြစ်တာနဲ့ မျိုးနွယ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။”

အောက်မိသားစုက အားလုံးနီးပါး ပျက်စီးသွားပြီဖြစ်ပြီး ယခု အောက်တုန်းနှင့် အောက်ရှင်းတို့သာ ကျန်ရှိတော့၏။

အောက်မင်က ဆက်ပြောလိုက်သည်။ “ကျုပ်တို့ အစီအစဉ် နှစ်ခု လုပ်ထားရမယ်။ စစ်ပွဲစတင်ပြီးနောက် အချက်ပြနှစ်ခု ပေါ်လာရင် အဖေ့ရဲ့ လူယုံစစ်သည်တွေက ချက်ချင်း သစ္စာဖောက်ပြီး တာယင် အင်ပါယာဘက်ကို ကူးပြောင်းရမယ်။”

အောက်တုန်းက မေးလိုက်၏။ “ရှင်းရှင်းပြောစမ်း။”

အောက်မင်က ရှင်းပြသည်။ “ပထမ အချက်ပြက မြို့တော်အတွင်းက တာ့ကျိုး ကာကွယ်ရေးတပ်တွေ အကြီးအကျယ် ပုန်ကန်မှု ဖြစ်လာတာပဲ။ ဒုတိယ အချက်ပြက စစ်ပွဲစတင်ပြီးနောက် သွေးစွန်းတပ်ဖွဲ့တွေ ပစ်လွှတ်လိုက်တဲ့ ယမ်းထုပ်တွေ မပေါက်ကွဲတာပဲ။ တကယ်လို့ ဒီအချက်ပြနှစ်ခု ပေါ်လာရင် ဒီစစ်ပွဲကို တာ့ကျိုး ရှုံးတော့မယ်ဆိုတာကို သက်သေပြနေတယ်။”

အောက်တုန်းက ပြောလိုက်၏။ “ဆိုလိုတာက ငါတို့ အရင်စပြီး သစ္စာမဖောက်ရဘူးပေါ့။”

အောက်မင်က ဖြေသည်။ “မလုပ်ရဘူး။ အချက်ပြကို ကြည့်ရမယ်။ အခုအခြေအနေက လုံးဝ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ပိုင်ယင်မြို့ရဲ့ အစစ်အမှန် သဘောထားကို ကျုပ်တို့ လုံးဝ မသိဘူး။ ဘယ်လို လှုပ်ရှားမှုပဲလုပ်လုပ် အမြောက်စာ ဖြစ်သွားနိုင်တယ်။ တာယင်အင်ပါယာ ဟေးလုံထိုင်ဘက်က အဖေ့ဆီလာတွေ့တဲ့လူ ရှိသလား။”

အောက်တုန်းက ဖြေလိုက်၏။ “ရှိတယ်။”

အောက်မင်က မေးလိုက်သည်။ “တစ်ဖက်က ဘာအပေးအယူ လုပ်လဲ။”

ဖျင်ရှီးဟောက် အောက်တုန်းက ဖြေ၏။ “ပိုဟောက် (နယ်စားငယ်) နဲ့ ရှီးကျင်း စစ်ရေးဝန်ကြီး။”

ယခု အောက်တုန်းက ဟောက် (နယ်စား) ဖြစ်ပြီး လက်နက်ချပြီးနောက် တစ်ဆင့်လျှော့ချခံရမှာ ဖြစ်၏။ ရှီးကျင်း စစ်ရေးဝန်ကြီး ဆိုသည်မှာ မည်သည့် ရာထူးနည်း။

တာယင်အင်ပါယာက ယခင်က မြို့တော် ပြောင်းရွှေ့ခဲ့ဖူးပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ ပြောင်းရွှေ့ ခဲ့ခြင်း ဖြစ်ကာ၊ အနောက်ဘက် မြို့ဟောင်းတွင်လည်း အစိုးရအဖွဲ့တစ်ခု ထားရှိခဲ့၏။

ထို့ကြောင့် ရှီးကျင်း စစ်ရေးဝန်ကြီး ဆိုသည်မှာ အာဏာ အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း အစစ်အမှန် စစ်ရေးဝန်ကြီးနှင့်တော့ မယှဉ်နိုင်ချေ။

အောက်မင်က ပြောလိုက်သည်။ “ဒီအပေးအယူက မမြင့်ပေမယ့် အနည်းဆုံးတော့ ယုံကြည်ရတယ်။”

ဖျင်ရှီးဟောက် အောက်တုန်းက ဆက်ပြော၏။ “တာယင်အင်ပါယာက မြို့ကို ဝန်းရံထားတာ ရက်အတော်ကြာပြီ ဖြစ်ပေမဲ့ စစ်မတိုက်သေးဘူး။ ဒါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု လုပ်နေတာပဲ။ တာ့ကျိုး ကာကွယ်ရေးတပ်တွေက စိတ်ဓာတ်တွေ ပြန့်ကျဲနေပြီး မယုံကြည်နိုင်ရတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။”

မယုံကြည်နိုင်ရသော အခြေအနေဆိုသည်မှာ မည်သည့်အရာနည်း။ တာ့ကျိုး၏ ကာကွယ်ရေးတပ် ခြောက်သိန်းသုံးသောင်းအနက် ခြောက်သောင်း ခုနစ်သောင်းခန့်က ပိုင်ကျန်း၏ လူယုံများဖြစ်ပြီး တာ့ရှန်းအင်ပါယာ၏ တာ့ကျိုးရှိ လူယုံစစ်သည်သစ်များ ဖြစ်ကြ၏။ ဆိုလိုသည်မှာ သွေးစွန်းတပ်ဖွဲ့နှင့် တာ့ကျိုး စစ်သည်သစ်များ ဖြစ်သည်။

မယ်တော်ကြီးပိုင်ရွှယ်၏ အခြေခံက နည်းပါးပြီး ဧကရာဇ်ကျိုးလင်ကလည်း အသက်လေးနှစ်သာ ရှိသေးရာ တာ့ကျိုးစစ်သည်အများစု၏ ရင်ထဲတွင် ထိုသူတို့က သူစိမ်းများသာ ဖြစ်ကြ၏။

ဤသို့သော ဧကရာဇ်မျိုးအပေါ် တာ့ကျိုးစစ်တပ်နှင့် ပြည်သူများက တကယ်ပဲ အားကိုးယုံကြည်မှု ရှိကြမည်လား။

ထို့ကြောင့် စစ်ပွဲစတင်သည်နှင့် လူခုနစ်သောင်းက အသေအကြေ တိုက်ခိုက်နေပြီး ကျန်ရှိသော လူငါးသိန်းခြောက်သောင်းက ဝိုင်းကြည့်နေမည့် အခြေအနေမျိုး ဖြစ်လာနိုင်မည်လား။ စစ်တပ်နှစ်ခုလုံးက ယခုအချိန်အထိ စစ်မတိုက်ကြသေးချေ။

သို့ပေမည့် တာ့ကျိုးမြို့တော်အတွင်း၌ လျှို့ဝှက်လှုပ်ရှားမှုများက အလွန်ပြင်းထန်နေပြီး တာယင်အင်ပါယာ ဟေးလုံထိုင်က အသက်ကို ပဓာနမထားဘဲ အဆင့်အသီးသီးမှ စစ်သူကြီးများကို အဆက်မပြတ် လျှို့ဝှက် စည်းရုံးနေကြ၏။

ထို့အပြင် သူလျှိုအမြောက်အမြားကို လှုပ်ရှားစေခဲ့ရာ ထိုသူလျှိုများက အထက်တန်း စစ်သူကြီးများ မဟုတ်ဘဲ အလယ်အလတ် တပ်မှူးများ၊ ကုန်သည်များ၊ အလယ်အလတ်နှင့် အောက်ခြေ အရာရှိများ ဖြစ်ကြသည်။

ထိုသူလျှိုများက မိုးရွာပြီးနောက် မှိုများပေါက်လာသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပြီး မီးတောက်ထဲ ခုန်ဆင်းသော ဖလံများအလား တစ်ဖွဲ့ပြီးတစ်ဖွဲ့ လှုပ်ရှားလာကြ၏။

ထိုအချိန်တွင် ယန်ဖြန်ရှန်က သူ၏ အစွမ်းအစများကို အပြည့်အဝ ပြသကာ ဟေးပင်းထိုင် စစ်သည်များကို ဦးဆောင်ပြီး မိုးကြိုးပစ်သကဲ့သို့ အရှိန်အဟုန်ဖြင့် လှုပ်ရှားတော့သည်။

တာယင်အင်ပါယာ ဟေးလုံထိုင် သူလျှို တစ်သုတ်ပြီးတစ်သုတ်ကို ဖမ်းဆီးခဲ့၏။

များသောအားဖြင့် ထိုသူလျှိုများက လှုပ်ရှားရန် အမိန့်ရပြီး စတင်လှုပ်ရှားသည်နှင့် ချက်ချင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အစပိုင်းတွင် တစ်ရက်လျှင် ဆယ်ဂဏန်းခန့်သာ ဖမ်းဆီးရသော်လည်း နောက်ပိုင်းတွင် တစ်ရက်လျှင် ဒါဇင်ချီ၊ ရာချီအထိ ဖမ်းဆီးလာရ၏။

ဟေးလုံထိုင်က တာ့ကျိုး မြို့တော်အတွင်း၌ အောက်ခြေသူလျှို မည်မျှတောင် ထားရှိခဲ့သည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။

နန်ကုန်းချော့က ပျင်းရိကာ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေသော်လည်း ယန်ဖြန်ရှန် ကမူ အလွန် ထက်မြက်ပြီး ဆောင်းဦးလေက သစ်ရွက်ကြွေများကို တံမြက်လှည်းသကဲ့သို့ လုပ်ဆောင်နေ၏။

တာယင်ဟေးလုံထိုင်၏ အထက်တန်း သူလျှိုကွန်ရက် အားလုံးကို သူ ရှင်းလင်းပစ်ခဲ့၏။ အလယ်အလတ်၊ အောက်ခြေ ဟေးလုံထိုင် သူလျှိုကွန်ရက်များကိုလည်း တစ်နေရာပြီးတစ်နေရာ အမြစ်ပြတ် ရှင်းလင်း ပစ်ခဲ့သည်။

ထိုသို့ဖြင့် တစ်နေ့တွင် ယန်ဖြန်ရှန်က တာယင် ဟေးလုံထိုင်ကို လုံးဝ ဒေါသထွက်စေခဲ့ရာ ကုန်းဆွန်းယန်က အားကောင်းသော လုပ်ကြံသူတစ်အုပ်ကို စေလွှတ်ကာ ယန်ဖြန်ရှန်ကို ရူးသွပ်စွာ လုပ်ကြံစေခဲ့၏။

လမ်းမပေါ်တွင် လုပ်ကြံခြင်းဖြစ်သောကြောင့် အသက်စွန့် လုပ်ကြံသူ အမြောက်အများ၏ သွေးများက ရေအိုင်ငယ်များအလား ကျဆင်းခဲ့ရသည်။

ယန်ဖြန်ရှန်၏ ဘေးရှိ သက်တော်စောင့်ရာချီ သေဆုံးသွားပြီး တစ်ဖက်ကလည်း နှစ်ဆခန့် အကျအဆုံး များခဲ့ကာ ယန်ဖြန်ရှန် ကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး အဆိပ်မြား သုံးစင်း ထိမှန်သွားခဲ့၏။

အသက်အန္တရာယ် စိုးရိမ်ရပြီး ကုသရန် ဆေးမရှိတော့သည့် အချိန်တွင် မယ်တော်ကြီးက လျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီးတစ်ဦး၊ တစ္ဆေကဲ့သို့သော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ယန်ဖြန်ရှန်၏ အဆိပ်ကို ဖြေပေးခဲ့သောကြောင့် သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

“မီတျဲချိုင့်ဝှမ်းက တီထွင်ထားတဲ့ အဆိပ်ပြင်းတွေကို တာယင်အင်ပါယာက ကုသိုလ်ဒင်္ဂါးတွေနဲ့ ဝယ်ယူသွားပြီး ပထမဆုံးအကြိမ်အနေနဲ့ အမတ်မင်း ယန်ဖြန်ရှန်ကို လုပ်ကြံဖို့ သုံးလိုက်တာပဲ။”

ထိုတစ္ဆေကဲ့သို့သော အရိပ်မှာ မီတျဲချိုင့်ဝှမ်း၏ သစ္စာဖောက်ဖြစ်ပြီး ယခင်က ထျန်းကျိုး နတ်ဧကရာဇ် ဘေးတွင် အမြဲတမ်း ရှိနေခဲ့သူ ဖြစ်၏။

ထျန်းကျိုး နတ်ဧကရာဇ်ကို ယွင်ကျုံးဟဲ့က လုပ်ကြံခဲ့ပြီးနောက် ထိုတစ္ဆေက ကုသပေးခဲ့သောကြောင့် ထျန်းကျိုး နတ်ဧကရာဇ်က တစ်လ၊ နှစ်လခန့် အသက်ဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မီတျဲချိုင့်ဝှမ်း၏ သစ္စာဖောက် တစ္ဆေအရိပ်က သက်ပြင်းချကာ ပြောလိုက်၏။ “အမတ်မင်းယန်ဖြန်ရှန်... ခင်ဗျားက တာယင် ဟေးလုံထိုင်ကို လုံးဝ ဒေါသထွက်သွားစေပြီ။ သူတို့က ခင်ဗျားကို သေချာပေါက် သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြပြီ။”

ယန်ဖြန်ရှန်လည်း လက်မြှောက် အရှုံးပေးချင်သွား၏။ အကြောင်းမှာ ယခုတစ်ကြိမ် ဟေးလုံထိုင်က သူ့ကို လုပ်ကြံခြင်းမှာ အလွန်ရက်စက် ကြမ်းကြုတ်လွန်းသောကြောင့်ပင်။

‘တကယ့်ကို သရဲတစ္ဆေနဲ့ တွေ့တာပဲ။ ယွမ်ထျန်းရှဲ့နဲ့ တာယင်ဟေးလုံထိုင်က လုံးဝ မတူညီတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မသက်ဆိုင်ဘူး။ ကျုပ် ယန်ဖြန်ရှန်ရဲ့ အစစ်အမှန် ရည်ရွယ်ချက်ကို တခြားသူတွေ မသိရင်တောင် ခင်ဗျား ကုန်းဆွန်းယန်က မသိဘူးလား။’

ယန်ဖြန်ရှန်က အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “မြန်မြန် စစ်တိုက်ကြပါတော့... မဟုတ်ရင် အားလုံး ရူးကုန်လိမ့်မယ်။”

ထိုက်ဝေ့ပိုင်ကျန်းက ပြောလိုက်သည်။ “မြန်ပါပြီ။ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှိုကွန်ရက်ကို အမတ်မင်းယန်က ဒီလောက်အထိ ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ဆက်ပြီး စစ်မတိုက်ရင် တာယင်အင်ပါယာ အတွက် အခြေအနေ ပိုဆိုးသွားလိမ့်မယ်။”

ယန်ဖြန်ရှန်က မေးလိုက်၏။ “အခု ထိုက်ဝေ့က စစ်ရေးအခြေအနေကို သေချာ သိနေပြီလား။”

ထိုက်ဝေ့ပိုင်ကျန်းက ဖြေသည်။ “တာယင်အင်ပါယာက အမတ်မင်းယန်ကို အခုလို လုပ်ကြံတာကို ကြည့်ရင် သူတို့ ဒေါသထွက်ပြီး အကြံအစည် ကုန်သွားပြီဆိုတာကို သိသာစေတယ်။ သူတို့က ဟန်ရေးပြနေတာ သက်သက်ပဲ။ ဒီစစ်ပွဲမှာ ကျုပ်တို့ သေချာပေါက် နိုင်မှာပဲ။

ဒီစစ်ပွဲပြီးဆုံးလို့ တာယင်အင်ပါယာ စစ်သည် လေးသိန်းကို ဖျက်ဆီးပြီးသွားရင် အမတ်မင်းယန်က ပထမအကြီးဆုံး ကျေးဇူးရှင် ဖြစ်လာမှာမို့ ဧကရာဇ်က အမတ်မင်းကို ဟောက် (နယ်စား) အဖြစ် ခန့်အပ်သင့်တယ်။”

မယ်တော်ကြီးပိုင်ရွှယ်က အမိန့်ပေးလိုက်၏။ “မဟုတ်ဘူး။ အခု ချက်ချင်း ခန့်အပ်သင့်တယ်။ အမိန့်တော် ထုတ်ပြန်လိုက်... ယန်ဖြန်ရှန်ကို ဟေးပင်းထိုင် စစ်သူကြီးချုပ်၊ ပိုင်ယဲ့ဟောက်အဖြစ် ခန့်အပ်လိုက်တယ်။”

ယန်ဖြန်ရှန်က ခက်ခဲစွာ ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ်... မယ်တော်ကြီးရဲ့ ကျေးဇူးတော်ကို အထူးကျေးဇူးတင်ပါတယ်။”

ထိုက်ဝေ့ပိုင်ကျန်းက ပြောလိုက်၏။ “တာယင်အင်ပါယာက အကြံကုန်သွားပြီ။ ချက်ချင်း စစ်တိုက်တော့မယ်။”

ယန်ဖြန်ရှန်က သတိပေးလိုက်သည်။ “ထိုက်ဝေ့... အောက်တုန်းတို့လို အထက်တန်း စစ်သူကြီးတွေကို သတိထားပါ။ သူတို့က ယိမ်းယိုင်လွယ်တယ်။ ဒါကြောင့် စစ်ပွဲစတင်တာနဲ့ တာယင်စစ်တပ်ကို အကြီးအကျယ် ဖျက်ဆီးပစ်ရမယ်။ ဒါမှသာ တာ့ကျိုးက စစ်သူကြီးတွေ ယိမ်းယိုင်ဖို့ မရဲတော့ဘဲ ကျုပ်တို့နဲ့ တစ်သားတည်း ဖြစ်လာပြီး တာယင်ကို အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မယ်။ စစ်ပွဲစတင်တဲ့ အဲဒီအချိန်လေးက အရမ်း အရေးကြီးတယ်နော်။”

ထိုက်ဝေ့ပိုင်ကျန်းက ဖြေလိုက်၏။ “ပိုင်ယဲ့ဟောက်ရဲ့ အမြင်က အလွန်ကောင်းမွန်ပါတယ်။ ကျုပ်တို့ အားလုံး ပြင်ဆင်ပြီးပါပြီ။ စစ်ပွဲစတင်တာနဲ့ တာယင်အင်ပါယာကို အကြီးအကျယ် သတ်ဖြတ်ပစ်မယ်။”

ထိုက်ဝေ့ပိုင်ကျန်းက တကယ်ပဲ ပြင်ဆင်ပြီးနေပြီ ဖြစ်၏။ လူခုနစ်သောင်း ပါဝင်သော အားအကောင်းဆုံး လူယုံစစ်တပ်က အန္တရာယ် အများဆုံး အရှေ့ဘက် မြို့ရိုးကို ကာကွယ်ထားပြီး ယမ်းမှုန့် ပေါင် နှစ်သန်း ရှစ်သိန်း၊ ယမ်းထုပ်ပေါင်း ခြောက်သောင်းက ကြီးကျယ်ခမ်းနားသော သတ်ဖြတ်မှုကြီးကို ဖန်တီးပေးနိုင်မှာ ဖြစ်သည်။

အပိုင်း (၆၅၂)

ထိုက်ဝေ့နှင့် ယန်ဖြန်ရှန်တို့၏ ခန့်မှန်းချက်က မမှားယွင်းခဲ့ချေ။

သုံးရက်အကြာတွင် တာယင်အင်ပါယာ စစ်တပ်က နောက်ဆုံးတော့ သည်းမခံနိုင်တော့ချေ။ မိုးမလင်းမီမှာပင် စစ်သည်လေးသိန်းက စတင် စုရုံးလာကြ၏။

ထို့နောက် ကောင်းကင်ကို တုန်လှုပ်စေသော စစ်စည်သံများ၊ ကြီးကျယ်ခမ်းနားသော ခရာမှုတ်သံများ ထွက်ပေါ်လာ၏။ ဤနေ့က နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

တာယင်အင်ပါယာ စစ်သူကြီးချုပ် ယင်းချင်ဝမ်က စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားပြီး တာယင်ဧကရာဇ်၏ စစ်ပွဲကြေညာစာတမ်းကို ဖတ်ကြားလိုက်၏။

အသံက စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဤကြေညာစာတမ်းက စိတ်အားထက်သန်စေပြီး ခမ်းနားကြီးကျယ်လွန်း၏။ တာယင်စစ်တပ်ကို ကြားစေရန်သာမက မြို့တွင်းရှိ တာ့ကျိုး ကာကွယ်ရေးတပ် များကိုပါ ကြားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ကျုပ်တို့ တာယင်အင်ပါယာက တာ့ကျိုး မြို့တော်ကို လာတိုက်တာ ကျိုးမျိုးနွယ်ကို ဖျက်ဆီးဖို့ မဟုတ်ဘဲ အရှေ့ပိုင်း ယဉ်ကျေးမှုကို ကယ်တင်ဖို့ပဲ။ တာ့ကျိုးအင်ပါယာဟာ တာ့ရှန်းနတ်ဆိုးနိုင်ငံရဲ့ အမှောင် အုပ်ချုပ်မှုအောက်ကို ကျရောက်သွားပြီ။

အရှေ့ပိုင်း ယဉ်ကျေးမှုအတွက်၊ ခမ်းနားကြီးကျယ်တဲ့ ယဉ်ကျေးမှုအတွက်၊ လောကပြည်သူ သန်းပေါင်းများစွာ အတွက် တာယင်အင်ပါယာ စစ်သည်တွေဟာ နောက်ဆုံးသွေးတစ်စက် ကျန်တဲ့အထိ တိုက်ခိုက်သွားမယ်။ နောက်ဆုံးစစ်သည် တစ်ယောက်ကျန်တဲ့အထိ တိုက်ခိုက်ပြီး ခြေတစ်လှမ်းမှ နောက်မဆုတ်ဘူး။

မဟုတ်ရင် လောကတစ်ခုလုံးက အမှောင်ထုထဲကို လုံးဝ ကျရောက်သွားလိမ့်မယ်။ တရားမျှတမှုအတွက်၊ အလင်းရောင်အတွက် သေတဲ့အထိ တိုက်ခိုက်ကြမယ်။”

တာယင်ဧကရာဇ်၏ ဤကြေညာစာတမ်းက တာ့ကျိုး ကာကွယ်ရေးတပ်များအပေါ် အလွန်ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်ကို ဝန်ခံရမှာဖြစ်၏။

ဤရက်ပိုင်းအတွင်း တာ့ကျိုးအင်ပါယာက ပိုင်ယင်မြို့၊ နုဧကရာဇ် မျိုးဆက်များ၏ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီဆိုသော ကောလာဟလများက အဆက်မပြတ် ပြန့်နှံ့နေခဲ့သည်။

“တာ့ကျိုးရဲ့ နောက်ဆုံး တော်ဝင်မင်းသား ကျိုးကျီလည်း လုပ်ကြံခံလိုက်ရပြီ။ အခု ဧကရာဇ်ကျိုးလင်က နုဧကရာဇ်ရဲ့ မျိုးဆက်ဖြစ်ပြီး မယ်တော်ကြီး ပိုင်ရွှယ်ကလည်း တာ့ကျိုးပြည်သူ လုံးဝမဟုတ်ဘဲ တာ့ရှန်းနတ်ဆိုးနိုင်ငံက နတ်ဆိုးမတစ်ယောက်တဲ့။”

ဤတစ်ဝက်မှန်၊ တစ်ဝက်မှား ကောလာဟလများက အလွန်ကြီးမားသော သက်ရောက်မှု ရှိသည်။ ဤကြေညာစာတမ်း ထွက်ပေါ်လာသည်နှင့် တာ့ကျိုး ကာကွယ်ရေးတပ်များ၏ မျက်နှာများ ညှိုးနွမ်းသွားကြ၏။

တာ့ကျိုး ကာကွယ်ရေးတပ် စစ်သူကြီးချုပ် ပိုင်ကျန်းက ကြေညာစာတမ်းကို မဖတ်ကြားဘဲ အောက်တုန်းကို ဖတ်ကြားစေခဲ့သည်။ အကြောင်းမှာ သူက တာ့ကျိုး၏ အစစ်အမှန် မျိုးရိုးမြင့် ဖြစ်သောကြောင့်ပင်။

တာ့ကျိုးဧကရာဇ်၏ ကြေညာစာတမ်းတွင် နတ်ဧကရာဇ်၏ ကြီးမြတ်မှုကို အစွမ်းကုန် တမ်းတထားပြီး တာယင်အင်ပါယာ၏ ယုတ်မာမှုနှင့် ထျန်းကျိုး နတ်ဧကရာဇ်ကို လုပ်ကြံခဲ့မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားသည်။

ထို့အပြင် တာယင်အင်ပါယာ၏ ကျူးကျော်မှုကို ရှက်ဖွယ်ကောင်းသော သစ္စာဖောက်မှုအဖြစ် သတ်မှတ်ပြီး တာယင်ဧကရာဇ်၏ အရှက်မဲ့သော ရည်မှန်းချက်များကို ပြစ်တင်ထား၏။

ဤကြေညာစာတမ်းကလည်း တရားမျှတဟန် ရှိသော်လည်း သက်ရောက်မှုကတော့ တာယင်ဧကရာဇ်၏ ကြေညာစာတမ်းကို မယှဉ်နိုင်ချေ။

အကြောင်းမှာ အမှန်တရားက အမှန်တရားသာဖြစ်ပြီး လူတိုင်း၏ ရင်ထဲတွင် ချိန်ခွင်တစ်ခု ရှိနေကြသောကြောင့် ဖြစ်၏။

ကြေညာစာတမ်း ဖတ်ကြားပြီးနောက် ထိုက်ဝေ့ပိုင်ကျန်းက သော့သုံးချောင်းကို ထုတ်ယူကာ အယုံကြည်ရဆုံး ပိုင်ယင်မြို့ စစ်သူကြီး သုံးဦးထံသို့ ပေးအပ်လိုက်သည်။

ထိုစစ်သူကြီး သုံးဦးက လူထောင်ပေါင်းများစွာကို ဦးဆောင်ကာ လျှို့ဝှက် မြေအောက်သိုလှောင်ရုံ သုံးခုဆီသို့ သွားရောက်ပြီး ယမ်းမှုန့်များကို သယ်ဆောင်ကြမှာဖြစ်၏။

စစ်ပွဲမစတင်မီ အချိန်လေးတွင်မှ ဤလျှို့ဝှက်သိုလှောင်ရုံ သုံးခုကို တရားဝင် ဖွင့်လှစ်ခြင်း ဖြစ်၏။ ထို့အပြင် လူယုံသွေးစွန်းတပ်ဖွဲ့များသာလျှင် ယမ်းမှုန့်များကို သယ်ဆောင်ခွင့် ရှိသည်။

အကြောင်းမှာ ဤအရာက စစ်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့် အဖျက်စွမ်းအားကြီး လက်နက် ဖြစ်သောကြောင့်ပင်။

အချိန်က လုံလောက်၏။ နှစ်ဖက်စစ်တပ်က ကြေညာစာတမ်း ဖတ်ကြားပြီးနောက် စစ်ကြောင်း ပြင်ဆင်ရဦးမှာဖြစ်၏။ ထို့နောက်မှသာ မြို့ကို တိုက်ခိုက်ကြမှာဖြစ်သည်။

အနည်းဆုံး နာရီဝက်ခန့်ကြာမှသာ စစ်ပွဲ တရားဝင် စတင်မှာဖြစ်သည်။ ထို့အပြင် မြို့ရိုးပေါ်တွင် နှစ်ကြိမ် ပစ်ခတ်ရန် လုံလောက်သော ယမ်းထုပ်များကို ပြင်ဆင်ထားပြီး ဖြစ်၏။

သွေးစွန်းတပ်ဖွဲ့ စစ်သူကြီးတစ်ဦးက နေရာတစ်ခုသို့ ရောက်ရှိသွားပြီး သော့တစ်ချောင်းဖြင့် သာမန်အိမ် တစ်အိမ်ကို ဖွင့်လိုက်သည်။

ထို့နောက် အိမ်တွင်းရှိ နံရံပေါ်မှ လျှို့ဝှက်ခလုတ်ကို ဖွင့်လိုက်ရာ မြေအောက်လျှို့ဝှက်တံခါးတစ်ခု ပွင့်လာပြီး ထိုနေရာတွင် လျှို့ဝှက်အစောင့်များ နေရာအနှံ့ ရှိနေ၏။

လျှို့ဝှက်တံခါးကို ဖွင့်လိုက်ချိန်မှာတော့ ရှည်လျားသော မြေအောက် လမ်းကြောင်းတစ်ခု ပေါ်လာ၏။ ဤလျှို့ဝှက်သိုလှောင်ရုံမှာ မြေအောက်ပေအနည်းငယ် အနက်တွင် ရှိသည်။

မြေအောက်လမ်းကြောင်း၏ အဆုံးတွင် ထူထဲသော သံတံခါးကြီးတစ်ချပ် ရှိ၏။ ဤသံတံခါးကြီးကို သံမဏိများဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး ဓားလှံများဖြင့် ထိုးခုတ်၍ မရသလို မည်သူကမှ အင်အားသုံး၍ ဖွင့်နိုင်မည် မဟုတ်ချေ။

လွှများ၊ ဓားလှံများ၊ မည်သည့် ကိရိယာဖြင့်မဆို ဖွင့်၍ မရနိုင်ချေ။ ထို့အပြင် လျှို့ဝှက် သော့ခလောက်ဖြစ်ပြီး လူသုံးဦး၏ သော့များဖြင့်သာ ဖွင့်နိုင်သည်။

သွေးစွန်းတပ်ဖွဲ့ စစ်သူကြီးက သော့ကို ထုတ်ယူလိုက်ပြီး သူ၏နောက်မှ လူနှစ်ဦးကလည်း ရှေ့ထွက်လာကာ ကိုယ်စီသော့များကို ထုတ်ယူလိုက်ကြ၏။

သော့သုံးချောင်းကို တပြိုင်နက်တည်း လှည့်လိုက်မှသာ ဤထူထဲသော သံတံခါးကြီးကို ဖွင့်နိုင်မှာဖြစ်၏။ ယမ်းမှုန့်ပေါင် တစ်သန်းကျော်က ဤတံခါးအနောက်ဘက်တွင် ရှိနေသည်။

သွေးစွန်းတပ်ဖွဲ့ စစ်သည်သုံးဦးက ခွန်အား အများကြီးသုံးကာ ဤထူထဲသော သံတံခါးကြီးကို ဖွင့်လိုက်ပြီး သိုလှောင်ရုံအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ယမ်းမှုန့်ပေါင် တစ်သန်းကျော်မှာ တောင်လိုပုံနေသည်ကို မြင်လိုက်ရ၏။

ဤအရာက တကယ့်ကို ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားပင် ဖြစ်သည်။

သို့ပေမည့် ထိုအချိန်တွင် ရုတ်တရက် သွေးစွန်းတပ်ဖွဲ့ စစ်သည်တစ်ဦး၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွား၏။ အကြောင်းမှာ သိုလှောင်ရုံ၏ နံရံပေါ်တွင် လက်သီးဆုပ် အရွယ်အစားခန့်ရှိသော အပေါက်တစ်ပေါက် ပေါ်နေသောကြောင့်ပင်။

‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီနံရံတွေ အားလုံးက ကျောက်ဆောင်တွေ ဖြစ်ပြီး အထဲဆုံးမှာ သံမဏိအလွှာတစ်ခု ရှိသေးတယ်လေ။ ဘယ်လိုလုပ် ဖောက်ခွဲလို့ ရမှာလဲ။’

သို့ပေမည့် သိုလှောင်ရုံ နံရံပေါ်ရှိ သံမဏိအလွှာတွင် အပေါက်ကြီးတစ်ခု လောင်ကျွမ်းနေပြီ ဖြစ်၏။

‘ဒါကဘာလဲ။ သံမဏိကိုတောင် လောင်ကျွမ်းစေနိုင်တယ်ပေါ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

ထို့အပြင် ဤယမ်းမှုန့် သိုလှောင်ရုံ၏ နေရာက လုံးဝ လျှို့ဝှက်ချက်ဖြစ်ပြီး ထိုက်ဝေ့ပိုင်ကျန်းမှလွဲ၍ မည်သူကမှ မသိနိုင်ချေ။

“ရွှီး… ရွှီး… ရွှီး…”

လူတိုင်း မှင်သက်နေစဉ်မှာပဲ မီးမြားတစ်စင်းက ထိုအပေါက်ထဲမှနေ၍ ဝင်ရောက်လာ၏။

“မြန်မြန်... မီးငြှိမ်းကြ။” သွေးစွန်းတပ်ဖွဲ့ စစ်သူကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ပေမည့် ဤမီးမြားကို ငြှိမ်းသတ်၍ မရနိုင်ချေ။ အကြောင်းမှာ ထိုမီးကို မီးစုန်းနှင့် အလူမီနီယမ်နှင့် သံအောက်ဆိုဒ် အရောအနှော (တာမိုက်) တို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ရေဖြင့် ငြှိမ်းသတ်လျှင်တောင် မငြိမ်းနိုင်သောကြောင့် ဖြစ်၏။

သွေးစွန်းတပ်ဖွဲ့ စစ်သူကြီး တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြက်သီးမွေးညင်းထကာ လုံးဝ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ‘ပြီးပြီ။ အားလုံး ပြီးဆုံးသွားပြီ။’

တာ့ကျိုးမြို့တော်၊ အရှေ့ဘက် မြို့ရိုးအပြင်ဘက်တွင်...

တာယင်စစ်တပ် သိန်းချီက စစ်ကြောင်းပြင်ဆင်ပြီးစီးသွားပြီဖြစ်ပြီး စစ်သူကြီးချုပ် ယင်းချင်ဝမ် ကိုယ်တိုင် စစ်စည်ကို တီးခတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “စစ်သည်တို့... ဒီစစ်ပွဲမှာ တာ့ကျိုးမြို့တော်ကို မဖျက်ဆီးနိုင်ရင် လုံးဝ နောက်မဆုတ်ဘူး။ ခင်ဗျားတို့အားလုံး သေကုန်ရင် ကျုပ်ကိုယ်တိုင် ဝင်တိုက်မယ်။

စစ်တပ်... မြို့ကိုတိုက်...”

ချက်ချင်းပဲ တာယင်အင်ပါယာ၏ အကောင်းဆုံး စစ်တပ်များက စတုရန်းပုံ စစ်ကြောင်း ဒါဇင်ပေါင်းများစွာ ဖွဲ့စည်းကာ ညီညာသော ခြေလှမ်းများဖြင့် တာ့ကျိုးမြို့တော်ဆီသို့ ချီတက်လာကြသည်။

တစ်ချိန်တည်းမှာပဲ မြို့ရိုးပေါ်ရှိ တာ့ကျိုး ကာကွယ်ရေးတပ် သိန်းချီက အပြည့်အဝ အသင့်ပြင်ထားကြ၏။

ထိုက်ဝေ့ပိုင်ကျန်း၏ မျက်လုံးများက အေးစက်နေပြီး လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။ သူ့တွင် ယမ်းထုပ်ပေါင်း နှစ်သန်းရှစ်သိန်း ရှိပြီး လူမရေမတွက်နိုင်အောင် သတ်ဖြတ်ရန် လုံလောက်သည်။

‘ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မှာပဲ။ ခင်ဗျားတို့ တာယင်အင်ပါယာက လာသေပေးရုံ သက်သက်ပဲ။ ဟား... ဟား... ဟား...’

“အသင့်။”

မြို့ရိုးပေါ်ရှိ ဧရာမ ကျောက်ခဲပစ်စက်ကြီး ရာပေါင်းများစွာ အားလုံး အသင့်ဖြစ်နေပြီဖြစ်ပြီး ယမ်းထုပ် ရာပေါင်းများစွာကို ပစ်ခတ်မည့် ခွက်များထဲတွင် ထည့်ထားပြီး ဖြစ်၏။

အမိန့်ပေးလိုက်သည်နှင့် ဤယမ်းထုပ်များက မီတာရာချီ အဝေးသို့ လွင့်စင်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲကာ သတ်ဖြတ်မှုများ ပြုလုပ်မှာဖြစ်သည်။

မြို့ရိုးပေါ်ရှိ ယမ်းထုပ်များက နှစ်ကြိမ်၊ သုံးကြိမ် ပစ်ခတ်ရန်သာ လုံလောက်ပြီး အများကြီး တင်ထား၍ မရချေ။ အကြောင်းမှာ ဤအရာများက အလွန် အန္တရာယ်များလွန်းပြီး ရန်သူ့မီးမြား မှန်သွားပါက မြို့ရိုးပေါ်မှာတင် ပေါက်ကွဲသွားနိုင်သောကြောင့်ပင်။

တာယင်အင်ပါယာ စစ်တပ်များက မြို့ရိုးနှင့် ပိုမို နီးကပ်လာပြီး ခြေလှမ်းများကလည်း ပိုမို မြန်ဆန်လာသည်။ ထို့နောက် အရှိန်တင်၍ ပြေးဝင်လာကြ၏။

“သတ်... သတ်... သတ်...”

စစ်သူကြီး ဖုန်းရှောက်ထျန်းက ကျယ်လောင်စွာ အော်လိုက်ပြီး တာယင်အင်ပါယာ၏ အကောင်းဆုံး စစ်တပ်များက ရေလှိုင်းများကဲ့သို့ မြို့ရိုးဆီသို့ ပြေးဝင်လာကြသည်။

ခြောက်ရာမီတာ၊ ငါးရာမီတာ၊ လေးရာမီတာ...

မြေပြင်တစ်ခုလုံး တုန်ယင်လာပြီး သတ်ဖြတ်သံများက ကောင်းကင်ယံသို့ ပျံ့နှံ့သွား၏။

ထိုက်ဝေ့ပိုင်ကျန်း၏ လက်က အောက်သို့ ရုတ်တရက် ကျဆင်းသွားသည်။

“ပစ်... ပစ်... ပစ်...” ကျောက်ခဲပစ်စက် ရာပေါင်းများစွာက ပြင်းထန်စွာ ပစ်လွှတ်လိုက်ကြ၏။

ယမ်းထုပ်ရာပေါင်းများစွာက လေထဲတွင် မျဉ်းကွေးတစ်ခု ရေးဆွဲကာ တာယင်အင်ပါယာ၏ ပြေးဝင်လာသော စစ်တပ်များဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာကြသည်။

အောက်တုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သားဖြစ်သူ၏ စကားကို သတိရသွားသည်။ အကယ်၍ ဤယမ်းထုပ်များ မပေါက်ကွဲပါက အလွန် ကြောက်မက်ဖွယ်ကောင်းသော အချက်ပြဖြစ်ပြီး သူ၏ စစ်တပ်များ ချက်ချင်း သစ္စာဖောက်ရမှာဖြစ်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ယမ်းထုပ် ရာပေါင်းများစွာက ပြင်းထန်စွာ ပေါက်ကွဲသွား၏။ ထိမှန်နှုန်းက သိပ်မမြင့်သော်လည်း ထိမှန်သွားပါက သတ်ဖြတ်နိုင်စွမ်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

တာယင်အင်ပါယာ စစ်သည်များ အများအပြားက အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ကောင်းကင်ပေါ်သို့ လွင့်စင်သွားကြ၏။

အောက်တုန်းက တာယင်အင်ပါယာ စစ်သည်များ၏ အလောင်းများ လွင့်စင်သွားသည့် မြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ‘တာယင်အင်ပါယာ... ခင်ဗျားမှာ ဒီနည်းလမ်းပဲ ရှိတာလား။ တကယ်ပဲ လူ့အသက်တွေနဲ့ရင်းပြီး တိုက်ချင်တာလား။ လူသိန်းချီ အသက်နဲ့ လောင်းကစားလုပ်တာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ မဟုတ်ဘူးလား။’

သို့ပေမည့် ထိုအချိန်မှာပဲ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

တကယ့်ကို ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော၊ တောင်ပြို မြေကွဲမတတ် ပေါက်ကွဲမှုကြီး ဖြစ်သည်။

အရှေ့ဘက် မြို့ရိုးအတွင်း၌ ကြီးမားသော ငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ မြေပြင်တစ်ခုလုံး ရုတ်တရက် မြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မြေနဂါးကြီး လူးလွန့်သွားသကဲ့သို့ ဖြစ်သွား၏။

ထို့နောက် ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်များ၊ ကြောက်မက်ဖွယ်ကောင်းသော မှိုပွင့်ပုံ တိမ်တိုက်ကြီးများက ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ဖြင့် တက်သွားသည်။

ပြင်းထန်သော ပေါက်ကွဲမှု အတန်းဆက်ကြီးများ ဖြစ်ပေါ်လာပြီး ယမ်းမှုန့်ပေါင် တစ်သန်းကျော်က လုံးဝ လွတ်လပ်စွာ ပေါက်ကွဲသွားကြ၏။

အံ့မခန်း စွမ်းအားက ပတ်လည်မီတာ ထောင်ချီအတွင်းရှိ အရာအားလုံးကို အမှုန့်ဖြစ်သွားအောင် ဖျက်ဆီးပစ် လိုက်သည်။

မရေမတွက်နိုင်သော အိမ်များ အလုံးစုံ ဖျက်ဆီးခံလိုက်ရ၏။

မြို့ရိုးအောက်၊ မြို့ရိုးပေါ်ရှိ မရေမတွက်နိုင်သော တာ့ကျိုး ကာကွယ်ရေးတပ်များ၊ အကောင်းဆုံး သွေးစွန်းတပ်ဖွဲ့များ၊ တာ့ကျိုး စစ်သည်သစ်များ အားလုံး ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းကြောင့် လွင့်စင်သွားကြတော့သည်။

သို့ပေမည့် ဤသည်မှာ အစသာ ရှိသေး၏။

ထို့နောက် မြို့တော်၏ တောင်ဘက်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီးများ ဆက်တိုက် ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး အမှုန့်ဖြစ်သွားပြန်သည်။

ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်များ၊ မှိုပွင့်ပုံ တိမ်တိုက်ကြီးများ ကောင်းကင်ယံသို့ တက်သွား၏။

ဒုတိယမြောက် လျှို့ဝှက်ယမ်းမှုန့် သိုလှောင်ရုံ ပေါက်ကွဲသွားခြင်း ဖြစ်သည်။

တတိယမြောက် လျှို့ဝှက်ယမ်းမှုန့် သိုလှောင်ရုံ ပေါက်ကွဲသွား၏။

“ဝုန်း... ဝုန်း... ဝုန်း...” စတုတ္ထမြောက် ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။

‘သောက်ကျိုးနည်း...’

ဤလေးကြိမ်မြောက် ပေါက်ကွဲမှုကြောင့် ယန်ဖြန်ရှန်ပင် မှင်သက်သွား၏။ ‘ဒီစတုတ္ထမြောက် ပေါက်ကွဲမှုက ဘယ်က ရောက်လာတာလဲ။ ငါ စုံစမ်းတွေ့ရှိခဲ့တာ သုံးခုပဲ ရှိတာလေ။ ကျန်တဲ့တစ်ခုက ဘယ်က ရောက်လာတာလဲ။’

ကြီးမားသော ပေါက်ကွဲမှုကြီး လေးခု...

မြို့တော်တစ်ခုလုံး တုန်ယင်နေပြီး ကြီးမားသော ငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွား၏။ မရေမတွက်နိုင်သော စစ်သည်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

ပေါက်ကွဲမှု အပြင်းထန်ဆုံးဖြစ်သော အရှေ့ဘက်မြို့ရိုးမှာ အပေါက်ကြီး ဖြစ်မသွားသော်လည်း ကြီးမားသော အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ပြိုကျလုနီးပါး ဖြစ်သွား၏။

ထိုအချိန်မှာပဲ ဝန်ကြီးချုပ်လင်ကုန်းက သူ၏ မိသားစုစစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ကာ ရုတ်တရက် ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တာယင်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။ တာ့ရှန်းနတ်ဆိုးနိုင်ငံကို နှိမ်နင်းပြီး အရှေ့ပိုင်း ယဉ်ကျေးမှုကို ကာကွယ်ကြမယ်။”

အောက်တုန်း တစ်ယောက် ခေါင်းနပန်းကြီးသွားသည်။ အရင်တည်းက သူ့ဆရာ လင်ကုန်း၏ ရပ်တည်ချက်က ထူးဆန်းနေတယ်ဟု သားဖြစ်သူ အောက်မင် ပြောခဲ့ဖူးတာကို သတိရလိုက်၏။

‘ခင်ဗျားက ဒီလောက်တောင် ပြတ်သားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။’

သို့ပေမည့် ထိုအရာက အစသာ ရှိသေး၏။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ စစ်သူကြီးများက အသီးသီး ကျယ်လောင်စွာ အော်ဟစ်လာကြသည်။ “တာယင်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

ဤစစ်သူကြီးများက စစ်မြေပြင်မှာတင် တိုက်ရိုက် သစ္စာဖောက်လိုက်ကြခြင်း ဖြစ်၏။

အောက်တုန်း အလွန် ထိတ်လန့်သွားသည်။ ‘ယန်ဖြန်ရှန်... ခင်ဗျားက တာယင်ဟေးလုံထိုင်ရဲ့ သူလျှိုတွေ အားလုံးကို ဖမ်းမိပြီလို့ ပြောခဲ့တယ် မဟုတ်လား။ ခွေးမသားတွေ... ခင်ဗျားတို့ သစ္စာဖောက်မယ်ဆိုရင် ဘာလို့ ကျုပ်ကို ကြိုမပြောကြတာလဲ။ အသိတောင် မပေးဘူးပေါ့။’

ထိုအချိန်တွင် သားဖြစ်သူ အောက်မင်က အပြေးအလွှား ရောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“အဖေ... မြန်မြန်... မြန်မြန်... မြန်မြန်။”

ဖျင်ရှီးဟောက် အောက်တုန်းက ရင်ခွင်ထဲမှ တာယင်အင်ပါယာ၏ နဂါးအလံကို အမြန် ထုတ်ယူလိုက်ပြီး အစွမ်းကုန် ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ “တာယင်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ... တာယင်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

...................

All Chapters