အခန်း (၆၅၃-၆၅၄)
Vol. 55 Ch. 653-654
အပိုင်း (၆၅၃)
မျက်စိရှေ့မှ မြင်ကွင်းက အလွန်ယုတ္တိ မရှိလှသောကြောင့် လူတိုင်း မှင်သက်သွားကြ၏။
ဤစစ်ပွဲကြီးအတွက် လဝက်ကျော်တိုင်တိုင် ပြင်ဆင်လာခဲ့ကြပြီး လူတိုင်းက ကြီးမားသော တိုက်ပွဲကြီး ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
လပေါင်းများစွာ ကြာမြင့်နိုင်ပြီး နှစ်ဖက်စလုံး လူသိန်းချီ သေဆုံးကာ နောက်ဆုံးသွေးတစ်စက် ကျန်သည်အထိ တိုက်ခိုက်ပြီးမှ အနိုင်အရှုံးပေါ်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။
ဤသည်မှာလည်း ဖြစ်သင့်သော ဇာတ်လမ်းတစ်ခုပင်။ အင်ပါယာကြီး နှစ်ခုလုံးက ဤနိုင်ငံပျက်သုဉ်းမည့် စစ်ပွဲကြီးကို နှစ်နှစ်၊ သုံးနှစ်ခန့် တိုက်ခိုက်ရန် စစ်သည် သန်းချီကို ပြင်ဆင်ထားပြီး ဖြစ်၏။
သို့ပေမည့် တကယ် စစ်မတိုက်ရသေးခင်မှာပဲ ပြီးဆုံးသွားသည်လား။
တာယင်အင်ပါယာ စစ်တပ်ဘက်ကလည်း အံ့အားသင့်သွားကြပြီး ယင်းချင်ဝမ်၊ ဟူယန်ကျောက်နှင့် ဖုန်းရှောက်ထျန်း စစ်သူကြီး သုံးဦးစလုံး မှင်သက်သွားကြ၏။
‘ဒါ… ဒါ… ဒါက… ကျုပ်တို့စစ်တပ် မြို့ရိုးအောက်တောင် မရောက်သေးဘူးလေ… ပြီးသွားပြီပေါ့။ ဒါ ဘာစစ်ပွဲလဲ။ ကျင်းကျိုးမြို့က အဲဒီလိုဖြစ်သွားတာကိုတောင် ယုတ္တိမရှိဘူးလို့ ထင်နေတာ။ အခု မြို့တော်က ပိုတောင် ဆိုးနေသေးတယ်။ ကြီးမားတဲ့ စစ်တပ်ကြီးက ဒီအတိုင်းကြီး သစ္စာဖောက်သွားကြတယ်ပေါ့။’
အချို့လူများ ပြောသည်မှာ မှန်၏။ ထျန်းကျိုး နတ်ဧကရာဇ် သေဆုံးပြီးနောက် တာ့ကျိုးဧကရာဇ် နေရာကို ဆက်ခံရန် အသင့်တော်ဆုံးသူမှာ ကျိုးလီပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး သူ့ကို လူတိုင်း မေ့လုနီးပါး ဖြစ်နေခဲ့သော်လည်း နတ်ဧကရာဇ် သေဆုံးသွား ချိန်မှာတော့ လူတိုင်းက ကျိုးလီကိုသာ ပြန်လည်သတိရမိကြပြီး သူကသာ လူတိုင်းမျှော်လင့်သော ဧကရာဇ် ဖြစ်၏။
သို့ပေမည့် ကျိုးလီက မီတျဲချိုင့်ဝှမ်းတွင် ရှိနေပြီး အသက်ရှင်လျက် ရှိ၊ မရှိပင် မသိရသေးသောကြောင့် နန်းတက်ရန် မဖြစ်နိုင်ချေ။
ကျိုးလီ မဖြစ်နိုင်ပါက ကျိုးကျီကို နန်းတင်သင့်သည်။ ကျိုးကျီက အရင်က အောက်ယွီ၊ ကျိုးလီတို့နှင့် အားပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သော်လည်း တာ့ကျိုး တော်ဝင်မျိုးနွယ် အစစ်ဖြစ်ပြီး နန်းတွင်း၌လည်း အခြေခံ ခိုင်မာစွာ ရှိနေသေး၏။
သို့ပေမည့် ကျိုးကျီကို လင်ကုန်း၊ အောက်မင်နှင့် ပိုင်ကျန်းတို့က ပူးပေါင်းကာ လုပ်ကြံလိုက်ကြ၏။ အာဏာကို မယ်တော်ကြီး ပိုင်ရွှယ်၊ ထိုက်ဝေ့ ပိုင်ကျန်းနှင့် အသက်လေးနှစ်အရွယ် ဧကရာဇ်လေးတို့က ရယူသွားကြ၏။
ဤလုပ်ငန်းစဉ် အတွင်းတွင် အမတ်အများစုက ဘာမှန်းမသိ ဖြစ်နေကြပြီး ခေါင်းဆောင်များ လုပ်သလိုသာ လိုက်လုပ်ခဲ့ကြသည်။
သို့ပေမည့် လူအများစု၏ ရင်ထဲတွင် မယ်တော်ကြီး ပိုင်ရွှယ်နှင့် ပိုင်ကျန်းတို့မှာ သူစိမ်းများသာဖြစ်ပြီး မည်သည့် ဂုဏ်သိက္ခာမှ မရှိချေ။
ထို့အပြင် ထိုသူနှစ်ဦးမှာ တာ့ရှန်းနတ်ဆိုးနိုင်ငံမှ လူများဖြစ်ပြီး အရှေ့ပိုင်း ယဉ်ကျေးမှုကို ဖျက်ဆီးရန် ရောက်လာသူများဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသေး၏။
စစ်တပ်၏ စိတ်ဓာတ်နှင့် ပြည်သူများ၏ ယုံကြည်မှုက အလွန်တရာ အားနည်းနေပြီး အပြင်ဘက်တွင်လည်း တာယင်အင်ပါယာ၏ စစ်တပ်သိန်းချီက ဝန်းရံထားသည်။
ဤလဝက်အတွင်း တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုများက အဆင့်အသီးသီးမှ အမတ်များနှင့် စစ်သူကြီးများကို အဆက်မပြတ် လျှို့ဝှက်စည်းရုံးခဲ့ကြ၏။
ယန်ဖြန်ရှန်က ထိုသူလျှိုများကို ချက်ချင်း ဖမ်းဆီးခဲ့သော်လည်း တာ့ကျိုး၏ အမတ်များနှင့် စစ်သူကြီးများမှာ စည်းရုံးခံလိုက်ရပြီး တာယင်အင်ပါယာ၏ ကမ်းလှမ်းချက်များကို လက်ခံရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ဤအချိန်တွင် တာ့ကျိုးမြို့တော်အတွင်း၌ စစ်သည် ခြောက်သိန်းကျော် ရှိနေသော်လည်း တကယ် တိုက်ခိုက်လိုစိတ် ရှိသူမှာ ပိုင်ကျန်း၏ လူယုံစစ်တပ် ခုနစ်သောင်းသာ ရှိပြီး ကျန်သူများ အားလုံးက စောင့်ကြည့်နေကြခြင်း ဖြစ်၏။
အကယ်၍ ပိုင်ကျန်း၏ လူယုံစစ်တပ်က အလွန်အားကောင်းပြီး တာယင်အင်ပါယာ စစ်တပ်ကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်မည်ဆိုပါက တာ့ကျိုး၏ ကာကွယ်ရေးတပ် သိန်းချီလည်း နောက်မှ လိုက်ပါကာ တာယင်အင်ပါယာကို တိုက်ခိုက်ပြီး အောင်ပွဲခံကြမှာ ဖြစ်သည်။
သို့ပေမည့် စစ်ပွဲစတင်သည်နှင့် မြို့တွင်း၌ ကောင်းကင်ကို တုန်လှုပ်စေသော ကြီးမားသည့် ပေါက်ကွဲမှုကြီး လေးခု ဖြစ်ပေါ်လာပြီး ပိုင်ယင်မြို့၏ အဖျက်စွမ်းအားကြီး လက်နက်ဖြစ်သော ယမ်းမှုန့်များ အားလုံး ပျက်စီးသွားပြီဖြစ်ကြောင်း လူတိုင်း သိရှိလိုက်ကြ၏။
ကြီးမားသော ပေါက်ကွဲမှုကြီးကြောင့် လူအများအပြား မသေဆုံးခဲ့သော်လည်း မြင်ကွင်းကမူ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
အရှေ့ဘက်မြို့ရိုးတွင် ပိုင်ကျန်း၏ လူယုံစစ်တပ်များ ရှိနေပြီး ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းကြောင့် မရေမတွက်နိုင်သော လူများ လွင့်စင်သွားကာ မြို့ရိုးများတွင်လည်း အက်ကြောင်းများ အများအပြား ဖြစ်ပေါ်သွား၏။
တစ်ချက်ကြည့်လိုက်လျှင် လေတိုက်ခံရသော ဂျုံခင်းကဲ့သို့ လူသောင်းချီ တပြိုင်နက်တည်း လဲကျ သွားကြသည်။
လင်ကုန်းသည် နိုင်ကော် ဝန်ကြီးချုပ်ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာ မည်သို့ပင် ရှိစေကာမူ သူသည် ဧကရာဇ် သုံးဆက်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သော အမတ်ကြီးတစ်ဦး ဖြစ်၏။
ထိုသို့သောလူက အရင်ဆုံး သစ္စာဖောက်ပြီး တာယင်အင်ပါယာကို လက်နက်ချလိုက်ခြင်းက အခြားသူများအပေါ် ကြီးမားသော သက်ရောက်မှု ရှိသွားစေခဲ့သည်။
ထို့နောက် ကမ်းလှမ်းချက်များ လက်ခံရရှိထားသော စစ်သူကြီးများလည်း တစ်ယောက်ပြီးတစ်ယောက် လက်နက်ချကြတော့၏။
နောက်ကျမှ လက်နက်ချရင် နောင်တစ်ချိန် နန်းတွင်းမှာ နေရာရှိမှာ မဟုတ်တော့ဘဲ အပြစ်ပေးခံရနိုင်သည် မဟုတ်ပါလား။ လက်နက်ချပြီးပြီ ဖြစ်သောကြောင့် သစ္စာရှိမှုကို ပြသဖို့ အစွမ်းကုန် ကြိုးစားရပေတော့မည်။
“အားလုံး ကျုပ်နောက် လိုက်ခဲ့… မြို့တံခါးကို ဖွင့်ပြီး တာယင်အင်ပါယာ စစ်တပ်ကို ကြိုဆိုကြမယ်။” သတ္တိရှိသော စစ်သူကြီးတစ်ဦးက စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ကာ မြို့တံခါးဆီသို့ အပြေးအလွှား သွားလိုက်၏။
ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ... ရေလှိုင်းများကဲ့သို့ များပြားလှသော တာ့ကျိုး ကာကွယ်ရေး စစ်သည်များက မြို့တံခါးဆီသို့ ပြေးဝင်သွားကြသည်။
ဤအချိန်တွင် တစ်ယောက်ယောက် မြို့တံခါးကို ဖွင့်ပြီး တာယင်စစ်တပ်ကို ကြိုဆိုနိုင်မည်ဆိုပါက ကြီးမားသော အောင်မြင်မှုတစ်ရပ် ဖြစ်ပေမည်။
ထို့ကြောင့် ဤကြီးမားသော အောင်မြင်မှုကို လုယူရန်အတွက် တာ့ကျိုး ကာကွယ်ရေးတပ်၏ စစ်သူကြီး အသီးသီးက ရူးသွပ်စွာ ပြေးလွှားနေကြပြီး အချင်းချင်း တိုက်ခိုက်နေကြ၏။
အောက်တုန်းက ဖျင်ရှီးဟောက် ဖြစ်ရုံသာမက စစ်သေနာပတိလည်း ဖြစ်သောကြောင့် မြို့တံခါး သွားဖွင့်ရန် လုယက်သည့် အလုပ်မျိုးကို တကယ် မလုပ်နိုင်ချေ။ အလွန် အရှက်ရစရာ ကောင်းလွန်းလှသည်။
အောက်မင်ကမူ အဖေဖြစ်သူကို ဒေါသထွက်နေ၏။ ‘အဖေ… အခုအချိန်က ဘယ်အချိန် ရောက်နေပြီလဲ။ ကျုပ်တို့က လက်နက်ချတာ နောက်ကျနေပြီဆိုတော့ အခြေအနေက မကောင်းဘူး။ အခု မြို့တံခါးဖွင့်တဲ့ အောင်မြင်မှုကိုတောင် သွားမလုဘူးလား။ ဒီလို အရေးကြီးတဲ့ အချိန်မှာတောင် အစွမ်းကုန် မကြိုးစားဘူးလား။ ဘယ်သူကမှ ကျုပ်တို့ လက်နက်ချတဲ့ အစီအစဉ်ကို မှတ်မထားဘူး ထင်နေလား။ လူတိုင်းက တိတိကျကျ မှတ်ထားကြတယ်။’
“အဖေ… မြို့တံခါးဖွင့်တာကို သွားလုပါ။ သွားလုပါ။” အောက်မင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အောက်တုန်းက အံကြိတ်ကာ စစ်သေနာပတိ ဟူသော ဂုဏ်သိက္ခာကို ဘေးဖယ်ထားပြီး စစ်တပ်ကို ဦးဆောင်ကာ မြို့တံခါးဆီသို့ အပြေးအလွှား သွားတော့၏။
ပိုင်ကျန်းကလည်း တာ့ကျိုး ကာကွယ်ရေးတပ်များကို မယုံကြည်သောကြောင့် မြို့တံခါးများကို သူ၏ လူယုံ တာ့ကျိုး စစ်သည်သစ်များကိုသာ စောင့်ကြပ်ခိုင်းထားသည်။
မြို့တံခါးတစ်ခုစီတိုင်းတွင် တာ့ကျိုး စစ်သည်သစ် တစ်ထောင်စီ ရှိနေပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်က အလွန် မြင့်မားလှသည်။ သို့ပေမည့် သူတို့ ရင်ဆိုင်နေရသည်မှာ ဆယ်ဆ၊ အဆနှစ်ဆယ် များပြားသော ကိုယ့်လူများပင် ဖြစ်နေ၏။
အပြင်ဘက်မှ မြို့တံခါးကို တိုက်ခိုက်ရန် ခက်ခဲသော်လည်း အတွင်းဘက်မှ မြို့တံခါးကို တိုက်ခိုက်ရန်မှာ မည်သူက တားဆီးနိုင်မည်နည်း။
“ဘုန်း... ဘုန်း... ဘုန်း...”
ခဏတာ ပြင်းထန်ပြီး ရက်စက်သော တိုက်ပွဲအပြီးတွင် တောင်ဘက်မြို့တံခါး ပွင့်သွား၏။ ထို့နောက် အနောက်ဘက် မြို့တံခါး၊ မြောက်ဘက် မြို့တံခါးတို့ပါ ပွင့်သွားကြသည်။
အောက်တုန်းသည် စစ်သေနာပတိဖြစ်ပြီး စစ်သည် နှစ်သိန်းကျော်ကို အုပ်ချုပ်ကာ လူယုံစစ်သည် သောင်းချီ ရှိနေသော်လည်း နောက်ကျသွားခဲ့၏။
တောင်ဘက် မြို့တံခါးကို ဖွင့်သည့် အောင်မြင်မှုကို ယွီလင်ဝေ့၏ ဒု-စစ်သူကြီးတစ်ဦးက လုယူသွားခဲ့သည်။
တာ့ကျိုးတွင် ပါရမီရှင်များ များပြားလှသည်။ ထို ဒု-စစ်သူကြီး၏ သိုင်းပညာက ဤမျှ မြင့်မားလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ကြဘဲ သူက ရှေ့ဆုံးမှ ပြေးဝင်ကာ လူများစွာကို သတ်ဖြတ်ပြီး မြို့တံခါးကို ဖွင့်နိုင်ခဲ့ခြင်း ဖြစ်၏။
စစ်သူကြီးချုပ် အောက်တုန်းက မျက်နှာပြောင်တိုက်ပြီး မြို့တံခါး သွားလုသော်လည်း အခြားသူက အရင် လက်ဦးသွားခဲ့သည်။
“ဝုန်း… ဝုန်း… ဝုန်း…”
ထိုအချိန်မှာပဲ နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်၏။
ဤသည်မှာ ဟေးပင်းထိုင်ဘက်မှ ဖြစ်ပြီး ယန်ဖြန်ရှန်က ဟေးပင်းထိုင် အကျဉ်းထောင်ကို ဖောက်ခွဲကာ ထွက်ပေါက်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့ ချောမွေ့စွာ ထွက်ပြေးနိုင်စေရန် ယန်ဖြန်ရှန်က တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှို ဒါဇင်ပေါင်းများစွာကို ဟေးပင်းထိုင် အကျဉ်းထောင်အတွင်းသို့ ဖမ်းဆီးထည့်သွင်းကာ ယွင်ကျုံးဟဲ့နှင့် အတူတူ ထားရှိခဲ့၏။
ထွက်ပေါက် ပွင့်သွားသည်နှင့် ထိုသူများက ယွင်ကျုံးဟဲ့ကို ကာကွယ်ပြီး ထွက်ပြေးနိုင်မည်ဟု ထင်မှတ်ထားခဲ့၏။ ရလဒ်အနေဖြင့် အခြေအနေက ထင်မှတ်ထားသည်ထက် ပို၍ ယုတ္တိမရှိ ဖြစ်နေသည်။
မြို့တံခါးဖွင့်သည့် အောင်မြင်မှုကို မရလိုက်သော စစ်သူကြီး အများအပြား၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားကြ၏။
‘အောင်မြင်မှု ရနိုင်တာ ရှိသေးတယ်။ အောင်မြင်မှု ရနိုင်တာ ရှိသေးတယ်။ အမတ်မင်း ယွင်ကျုံးဟဲ့က ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာ ရှိနေသေးတယ် မဟုတ်လား။’
ထို့နောက် ပထမဆုံး တွေးမိသော စစ်သူကြီးက ချက်ချင်းပဲ သူ၏ လူယုံစစ်တပ်ကို ဦးဆောင်ကာ ဟေးပင်းထိုင် အကျဉ်းထောင်ဆီသို့ အပြေးအလွှား သွားတော့သည်။
သူ ဉာဏ်ကောင်းသလို အခြားသူများကလည်း မတုံးအကြချေ။
ထို့နောက် ဒုတိယ စစ်သူကြီး၊ တတိယ စစ်သူကြီးတို့လည်း အားလုံး ဟေးပင်းထိုင်ဆီသို့ ပြေးသွားကြသည်။
ပထမဆုံး တွေးမိသော စစ်သူကြီးက ထိတ်လန့်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကျုပ် စစ်သူကြီး ဝမ်ကျောက်… အမတ်မင်း ယွင်ကျုံးဟဲ့ကို ကယ်တင်ဖို့ သွားမယ်။ အားလုံး ကျုပ်နောက် လိုက်ခဲ့ကြ။”
ဘာပဲဖြစ်ဖြစ် နာမည် အရင်ထုတ်ပြောထားရမည် မဟုတ်လား။ သူက အမတ်မင်း ယွင်ကျုံးဟဲ့ကို ကယ်ဖို့ အရင်ဆုံး လာသူ ဖြစ်သည်။
“ကျုပ် စစ်သူကြီး ဟူပေါက်… အမတ်မင်း ယွင်ကျုံးဟဲ့ကို ကယ်တင်မယ်။ အားလုံး ကျုပ်နောက် လိုက်ခဲ့ကြ။”
“ကျုပ် စစ်သူကြီး ကျန်းဆုန်း… အမတ်မင်း ယွင်ကျုံးဟဲ့ကို ကယ်တင်ဖို့လာပြီ။ အားလုံး ကျုပ်နောက် လိုက်ခဲ့ကြ။”
ထို့နောက် ရေလှိုင်းများကဲ့သို့ များပြားလှသော စစ်တပ်များက ဟေးပင်းထိုင်ဆီသို့ ပြေးဝင်သွားကြပြီး ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် ကြိုးစားကြတော့၏။
ယန်ဖြန်ရှန်က ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ လုံးဝ မှင်သက်သွားသည်။ ‘ဒီလောကကြီးက ဒီလောက်တောင် မှော်ဆန်နေပြီလား။’
ထို့နောက် သူက အမြန် ရုပ်ဖျက်လိုက်ပြီး သာမန်စစ်သည်တစ်ဦး၏ အဝတ်အစားကို လဲလှယ်ဝတ်ဆင်ကာ ပုန်းအောင်းနေလိုက်၏။
သူ မပုန်း၍ မဖြစ်ချေ။ ဤအချိန်တွင် သူသာ မပုန်းအောင်းပါက ထိုတာ့ကျိုး စစ်တပ်များက သူ့ကို ဖမ်းဆီးပြီး ယွင်ကျုံးဟဲ့ထံ အောင်မြင်မှုအနေဖြင့် သွားရောက်ဆက်သကြမည်မှာ သေချာသည်။
ထိုသို့ဆိုလျှင် အလွန် အရှက်ရစရာ ကောင်းပေလိမ့်မည်။ သူယန်ဖြန်ရှန်၏ မြင့်မြတ်သော ပုံရိပ်များ အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် အမတ်မင်းယန်ဖြန်ရှန်မှာ အတော်ကြာ မှင်သက်နေပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ ချက်ချင်း ထွက်ပြေးတော့၏။
လမ်းကြားတစ်ခုကို ဖြတ်သွားစဉ် ရုတ်တရက် ရှေ့တွင် အမည်းရောင်ဝတ် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူကလည်း ရုပ်ဖျက်ထားသော်လည်း ယန်ဖြန်ရှန်က တစ်ချက်ကြည့်ရုံဖြင့် ထိုသူမှာ ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့မှန်း သိလိုက်၏။
သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး အလွန် အနေရခက်သော မျက်နှာထားများ ဖြစ်သွားကြသည်။
“အမတ်မင်း ဘယ်ဘက်ကို သွားမှာလဲ။” ယန်ဖြန်ရှန်က မေးလိုက်၏။
နန်ကုန်းချော့က ဖြေသည်။ “ညာ… ညာဘက်ကို။”
“ဂရုစိုက်ပါ။ နှုတ်ဆက်ပါတယ်။” ယန်ဖြန်ရှန်က ပြောလိုက်ပြီး ဘယ်ဘက် လမ်းကြားထဲသို့ အပြေးအလွှား ဝင်ရောက်ကာ အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွား၏။
နန်ကုန်းချော့လည်း ညာဘက် လမ်းကြားထဲသို့ ပြေးဝင်သွားပြီး ပျောက်ကွယ်သွားသည်။
တာ့ကျိုး စစ်သူကြီးချုပ် ထိုက်ဝေ့ ပိုင်ကျန်းက ဤမြင်ကွင်းကို မှင်သက်စွာ ကြည့်နေပြီး တစ်ကိုယ်လုံး တုံ့ပြန်နိုင်စွမ်း ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေ၏။
မူလက သူ ထင်မှတ်ထားသော အဆိုးရွားဆုံး အခြေအနေမှာ သူ၏ စစ်သည် ခုနစ်သောင်းက သေလုမတတ် တိုက်ခိုက်နေပြီး ကျန်ရှိသော စစ်တပ် ငါးသိန်း ခြောက်သောင်းက ဝိုင်းကြည့်နေမည်ဟူ၍သာ ဖြစ်သည်။
သို့ပေမည့် ယခုအခြေအနေက သူထင်ထားသည်ထက် ပိုဆိုးနေပြီး လူတစ်သန်းကျော်က သူ၏ လူ ခြောက်သောင်း ခုနစ်သောင်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်း ဖြစ်၏။
သူ၏ သွေးစွန်းတပ်ဖွဲ့၊ တာ့ကျိုး စစ်သည်သစ်များက အလွန် အားကောင်းပြီး ယမ်းမှုန့်များ မရှိတော့လျှင်တောင် အလွန် အားကောင်းနေဆဲ ဖြစ်သည်။
သို့ပေမည့် ယခုစစ်ပွဲကို ဘယ်လိုဆက်တိုက်ရမည်နည်း။
မြို့ရိုးအပြင်ဘက်ရှိ တာယင်အင်ပါယာ၏ စစ်တပ်သိန်းချီက တကယ် စစ်မတိုက်ရသေးခင်မှာပင် မြို့တွင်းရှိ သစ္စာဖောက်သွားသော တာ့ကျိုး စစ်တပ်သိန်းချီက စတင် တိုက်ခိုက်နေကြပြီ ဖြစ်၏။
သူတို့က အောင်မြင်မှုအသစ်များကို ရရှိရန် ရူးသွပ်စွာ လုယက်နေကြသည်။ ယွင်ကျုံးဟဲ့ကို ကယ်တင်ခြင်းက ကြီးမားသော အောင်မြင်မှု ဖြစ်၏။ နန်းတော်ကို တိုက်ခိုက်ခြင်းကလည်း ကြီးမားသော အောင်မြင်မှု ဖြစ်သည်။
ထို့ကြောင့် စစ်သည် သိန်းချီက နန်းတော်ဆီသို့ ပြေးဝင်သွားကြပြီး ဧကရာဇ်နှင့် မယ်တော်ကြီးကို ဖမ်းဆီးရန် ကြိုးစားကြတော့၏။
အပိုင်း (၆၅၄)
ထိုအချိန်ရောက်မှသာ ပိုင်ကျန်းက ပိုင်ယင်မြို့သည် အဘယ်ကြောင့် ဤမျှ အားကောင်းနေသနည်း၊ တာ့ရှန်း အင်ပါယာသည် အဘယ်ကြောင့် ဤမျှ အားကောင်းနေသနည်း၊ သို့ပေမည့် အဘယ်ကြောင့် အရှေ့ပိုင်း အင်ပါယာများကို မှီခိုနေရသနည်း ဆိုသည်ကို အမှန်တကယ် နားလည်သွားတော့သည်။
အကြောင်းမှာ ပြည်သူများ၏ ယုံကြည်မှုနှင့် တရားမျှတမှု ဆိုသည်မှာ အလွန် အရေးကြီးလွန်းသောကြောင့် ဖြစ်၏။
ပြည်သူများ၏ ယုံကြည်မှုနှင့် တရားမျှတမှု မရှိပါက သူတို့ကို ဧကရာဇ်၊ မယ်တော်ကြီး ဖြစ်ခွင့် ပေးထားလျှင်တောင် အသုံးမဝင်ချေ။
နတ်ဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်က သူနှင့် ပိုင်ယင်မြို့ ပူးပေါင်းထားကြောင်းကို လူတိုင်း မသိကြဘူးလား။
သေချာပေါက် သိကြသည်။
သို့ပေမည့် လူတိုင်း၏ ရင်ထဲတွင် နတ်ဧကရာဇ်ကို အမြင့်ဆုံး အရှင်သခင်အဖြစ် သတ်မှတ်ထားပြီး သူ့နောက်သို့လိုက်ကာ ချမ်းသာကြွယ်ဝမှုကို ရှာဖွေချင်ခဲ့ကြ၏။
ကျိုးလင်နှင့် မယ်တော်ကြီး ပိုင်ရွှယ်တို့ကတော့ မရချေ။ ယခု ပိုင်ကျန်း ဘာလုပ်နိုင်မည်နည်း။ ဤ လူခုနစ်သောင်းနှင့် လူတစ်သန်းကို တိုက်ခိုက်မည်လား။
သူ အံကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မယ်တော်ကြီးကို ကယ်။ အရှင်မင်းကြီးကို ကယ်ကြ...”
ထိုသို့ဖြင့် အမတ်မင်း ပိုင်ကျန်းသည် လူ ခြောက်သောင်း၊ ခုနစ်သောင်းကို ဦးဆောင်ကာ မြို့ရိုးကို စွန့်လွှတ်ပြီး နန်းတော်ဆီသို့ အပြေးအလွှား ပြန်သွားတော့သည်။
ထိုသို့ဖြင့် အရှေ့ဘက် မြို့တံခါးလည်း ပွင့်သွားခဲ့၏။
ယင်းချင်ဝမ်သည် စစ်သည် သိန်းချီကို ဦးဆောင်ကာ ဘာမှန်းမသိဘဲ မြို့တော်အတွင်းသို့ ဝင်ရောက်သွားတော့သည်။ ‘ချီးတဲ့မှ... တစ်သက်နဲ့တစ်ကိုယ် ဒီလိုစစ်ပွဲမျိုး တစ်ခါမှ မတိုက်ဖူးဘူး။ စစ်ပွဲမစခင်မှာ လူလေးသိန်းရှိပြီး စစ်ပွဲပြီးသွားတော့ လူတစ်သန်း ဖြစ်သွားတယ်။ ကြီးမားတဲ့ စစ်ပွဲကြီးဆိုတာကလည်း ကျောက်ခဲပစ်စက် တစ်ကြိမ်ပဲ ပစ်ရသေးတယ် ပြီးသွားပြီ။’
ပိုင်ကျန်းက လူခြောက်သောင်းကျော်ကို ဦးဆောင်ကာ နန်းတော်သို့ ရောက်ရှိလာချိန်တွင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
နန်းတော်က အတိုက်ခံရပြီး ကျဆုံးသွားပြီဖြစ်ကာ စစ်သည်သောင်းချီက နန်းတော်အတွင်းသို့ ဝင်ရောက် သွားကြပြီ ဖြစ်သည်။
မယ်တော်ကြီး ပိုင်ရွှယ်၏ သိုင်းပညာက အလွန် မြင့်မားသလို သူမဘေးရှိ အမျိုးသမီး သက်တော်စောင့်များ၏ သိုင်းပညာကလည်း ပို၍ပင် မြင့်မားပြီး ပိုင်ယင်မြို့မှ သိုင်းပညာရှင် တစ်ထောင်ကျော်လည်း ရှိနေသေး၏။ သို့ပေမည့် အရူးအမူး ဗုံးကြဲတိုက်ခိုက်မှုကိုတော့ မခံနိုင်ချေ။
တာ့ကျိုး ကာကွယ်ရေးတပ်များ၏ မြို့ရိုးပေါ်တွင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပစ်ခတ်ရန် လုံလောက်သော ယမ်းထုပ်များ ရှိနေပြီး စုစုပေါင်း ရာပေါင်းများစွာ ရှိ၏။
သူတို့က ထိုယမ်းထုပ်များကို တာယင်အင်ပါယာ စစ်တပ်ကို တိုက်ခိုက်ရန် အသုံးမပြုဘဲ နန်းတော်ကို ဗုံးကြဲရန် အသုံးပြုလိုက်ကြသည်။
ပိုင်ယင်မြို့၏ သက်တော်စောင့် တစ်ထောင်ကျော်က ဧကရာဇ် ကျိုးလင်နှင့် မယ်တော်ကြီးကို ကာကွယ်ကာ ချန်းအန်းနန်းဆောင်တွင် ရှိနေကြသည်။ အကြောင်းမှာ ထိုနေရာရှိ နံရံများက မြင့်မားပြီး အလွန် ခိုင်ခံ့သောကြောင့်ပင်။
သို့ပေမည့် ထိုလက်နက်ချသွားသော စစ်သည်များက နန်းတော်ကို ဖောက်ထွင်းဝင်ရောက်ပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ ယမ်းထုပ်များဖြင့် အရူးအမူး ပစ်ပေါက်ကြတော့၏။
ချန်းအန်း နန်းဆောင်က ဧရိယာ ဆယ်ဧကကျော်ခန့်သာ ကျယ်ဝန်းပြီး ယမ်းထုပ် ရာပေါင်းများစွာ ပစ်ပေါက်ခံရသောကြောင့် အထဲတွင် အကုန်လုံး အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားတော့သည်။
ပို၍ ရူးသွပ်စရာကောင်းသည်မှာ ထိုသစ္စာဖောက်သွားသော တာ့ကျိုး စစ်တပ်များတွင် အဆိပ်ဓာတ်ငွေ့ဗုံး ဆယ့်တစ်လုံး ရှိနေသေးခြင်း ဖြစ်သည်။ ထို့နောက် ထိုဗုံးများကိုလည်း ချန်းအန်း နန်းဆောင်အတွင်းသို့ အားလုံး ပစ်ထည့်လိုက်ကြ၏။
မယ်တော်ကြီး ပိုင်ရွှယ်၏ ဘေးရှိ သက်တော်စောင့်များ၏ သိုင်းပညာက မည်မျှပင် မြင့်မားနေပါစေ ဤသို့သော အရူးအမူး ဗုံးကြဲတိုက်ခိုက်မှုကို မခံနိုင်ချေ။
ချက်ချင်းပဲ သေဆုံးဒဏ်ရာရသူများ မရေမတွက်နိုင်အောင် များပြားသွားပြီး အပြင်ဘက်မှ စစ်တပ်များက တစ်ဟုန်ထိုး ချန်းအန်း နန်းဆောင်အတွင်းသို့ ဝင်ရောက်သွားကြတော့၏။
ယခုအချိန်တွင် မယ်တော်ကြီး ပိုင်ရွှယ်၊ ဧကရာဇ် ကျိုးလင်တို့ ဘေးတွင် သိုင်းပညာရှင် တစ်ရာကျော်ခန့်သာ ကျန်ရှိတော့သည်။
တာ့ကျိုး သိုင်းပညာရှင် သောင်းချီ၏ ဝန်းရံခြင်းကို ခံထားရပြီး မရေမတွက်နိုင်သော လေးမြားများဖြင့် ချိန်ရွယ်ခံထားရကာ ကျောက်ခဲပစ်စက် ဆယ်ခုကျော်ဖြင့်လည်း ချိန်ရွယ်ခံထားရ၏။ မည်မျှ အစွမ်းထက်နေပါစေ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ချေ။
သို့ပေမည့် တာ့ကျိုး စစ်သည်များကလည်း မပစ်ခတ်ရဲကြချေ။ အကယ်၍ ဧကရာဇ်လေးနှင့် မယ်တော်ကြီးကို ဗုံးကြဲသတ်ဖြတ်မိပါက အကျိုးဆက်က ကြီးမားလွန်းသောကြောင့် ဖြစ်၏။ ဤအချိန်တွင် မည်သူကမှ ဆုံးဖြတ်ချက် မချရဲကြပေ။
အကြောင်းမှာ နန်းတော်အတွင်းသို့ ဝင်ရောက်လာသူများက တာ့ကျိုး၏ စစ်သူကြီးများ ဖြစ်ကြပြီး လူတိုင်းက မယ်တော်ကြီးနှင့် ဧကရာဇ်ကို ဖမ်းဆီးသည့် အောင်မြင်မှုကို ရယူလိုကြသည်။ သို့ပေမည့် ဧကရာဇ်လေးနှင့် မယ်တော်ကြီးကို ထိခိုက်မိပါက မည်သူကမှ တာဝန် မယူရဲကြချေ။
“အောက်ကော်ကွန်း ရောက်လာပြီ။ အောက်ကော်ကွန်း ရောက်လာပြီ။”
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က လူထောင်ပေါင်းများစွာကို ဦးဆောင်ကာ ဝင်ရောက်လာ၏။
“အောက်ကော်ကွန်း မဟုတ်ဘူး။ အမတ်မင်း ယွင်ကျုံးဟဲ့ပဲ။”
ချက်ချင်းပဲ လူတိုင်းက အားထားရာ ရသွားသကဲ့သို့ တစ်အုပ်ပြီးတစ်အုပ် ညီညာစွာ ဒူးထောက်လိုက်ကြသည်။ “အမတ်မင်း ယွင်ကျုံးဟဲ့ကို ဂါရဝပြုပါတယ်။”
ယွင်ကျုံးဟဲ့ ဖြတ်သွားသော နေရာတိုင်းတွင် မည်သည့် ဂုဏ်ဒြပ်ရှိသူဖြစ်စေ၊ မည်မျှ မြင့်မားသော ရာထူးရှိသူဖြစ်စေ အားလုံး ဒူးထောက်လိုက်ကြ၏။ အကြောင်းမှာ သူတို့က တာ့ကျိုး၏ လက်နက်ချ အမတ်များ ဖြစ်နေသောကြောင့်ပင်။
“အမတ်မင်း ယွင်ကျုံးဟဲ့… အမတ်မင်း ရောက်လာပြီလား။ ကျုပ်တို့က မိဖုရား အတုနဲ့ ဧကရာဇ် အတုကို ဖမ်းမိထားပါပြီ။ အမတ်မင်း အမိန့်ပေးတော်မူပါ။”
လူတိုင်းက လမ်းဖယ်ပေးလိုက်ကြပြီး အားလုံး၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွား၏။
သူ ရောက်လာသည်နှင့် တပြိုင်နက် ထိုနေရာရှိ အမြင့်ဆုံး အာဏာကို တိုက်ရိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က ရှေ့သို့ တက်သွားပြီး ထန်ထိုင်ကျင့်၊ ရှုဝမ်လျန်နှင့် အခြားသူများက မျက်နှာစာ လေးဖက်မှ သူ့ကို ကာကွယ်ထားကြ၏။
“မယ်တော်ကြီး… အရှင်မင်းကြီး… အမတ် ယွင်ကျုံးဟဲ့ ဂါရဝပြုပါတယ်။” ယွင်ကျုံးဟဲ့က အရိုအသေပေးကာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ ရောက်လာသည်နှင့် အခြေအနေကို သတ်မှတ်ပေးလိုက်ခြင်း ဖြစ်၏။
ဧကရာဇ်လေး ကျိုးလင်သည် ဧကရာဇ် အတု မဟုတ်ချေ။ ထိုသို့ဖြစ်မှသာ သူက တာ့ကျိုး အင်ပါယာ၏ ပျက်သုဉ်းမှုကို ကြေညာပိုင်ခွင့် ရှိမှာဖြစ်သည်။
မဟုတ်လျှင် နောက်ပိုင်းတွင် တာ့ကျိုး၏ အခြားနယ်မြေများတွင် ဧကရာဇ် မည်မျှ ထွက်ပေါ်လာမည်ကို မသိနိုင်ချေ။
မယ်တော်ကြီး ပိုင်ရွှယ်၏ လှပသော မျက်နှာလေး တုန်ယင်သွားပြီး မေးလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့… နေကောင်းပါရဲ့လား။”
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြန်ပြောသည်။ “မယ်တော်ကြီး… ကျေးဇူးပြုပြီး လက်နက်ချပါ။ ခင်ဗျားတို့ သားအမိရဲ့ လုံခြုံရေးကို ကျုပ် အာမခံပါတယ်။”
သူ၏ အသံက အလွန် တည်ငြိမ်နေသော်လည်း ယုံကြည်စိတ်ချရသော စွမ်းအားများ ပြည့်နှက်နေ၏။
အတော်ကြာပြီးနောက် မယ်တော်ကြီး ပိုင်ရွှယ်က အမိန့်ပေးလိုက်သည်။ “လက်နက်ချကြ။”
ချက်ချင်းပဲ သူမဘေးရှိ သက်တော်စောင့် တစ်ရာကျော်က လက်နက်များကို ချလိုက်ကြ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လူလာကြ… တာ့ကျိုး မယ်တော်ကြီးနဲ့ ဧကရာဇ်ကို ခေါ်ဆောင်သွားကြ။”
တာယင် ဟေးလုံထိုင်၏ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာက ရှေ့သို့သွားကာ မယ်တော်ကြီး ပိုင်ရွှယ်နှင့် ဧကရာဇ် ကျိုးလင်တို့ကို ခေါ်သွားလိုက်ကြ၏။
ထိုအချိန်တွင် ပိုင်ကျန်းက စစ်တပ် ခုနစ်သောင်းကို ဦးဆောင်ကာ နန်းတော် အပြင်ဘက်သို့ ရောက်ရှိလာသည်။
နန်းတော်မြို့ရိုပေါ်တွင် ယွင်ကျုံးဟဲ့က မယ်တော်ကြီး ပိုင်ရွှယ်ကို ပြောလိုက်၏။ “မယ်တော်ကြီး… ဒီအခြေအနေ ရောက်နေပြီကို သွေးထွက်သံယိုမှုတွေ ဆက်လုပ်ချင်သေးလား။ မယ်တော်ကြီးရဲ့ အစ်ကိုဘေးက လူခြောက်သောင်း၊ ခုနစ်သောင်းက လူတစ်သန်းကျော်ကို ယှဉ်နိုင်မယ်ထင်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့က သူစိမ်းတွေပဲလေ။”
မယ်တော်ကြီး ပိုင်ရွှယ် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဤလူခြောက်သောင်း၊ ခုနစ်သောင်းကို နန်းတော်ကို တိုက်ခိုက်ရန် အမိန့်ပေးချင်စိတ် တကယ် ရှိနေသည်။
သို့ပေမည့် ယခု အသက်လေးနှစ်အရွယ် သားဖြစ်သူက ယွင်ကျုံးဟဲ့ လက်ထဲတွင် ရှိနေပြီး သူမ၏ ကိုယ်ပိုင် အသက်လည်း ယွင်ကျုံးဟဲ့ လက်ထဲတွင် ရှိနေသည်။ တကယ်လို့သာ ရန်သူဖြစ်သွားပါက ယွင်ကျုံးဟဲ့က သူတို့ကို သတ်ပစ်မှာဖြစ်၏။
“မယ်တော်ကြီး… မယ်တော်ကြီးရဲ့ စစ်တပ်တွေကို လက်နက်ချဖို့ အမိန့်ပေးလိုက်ပါ။ ဒါဆိုရင် အသက်ရှင်ဖို့ လမ်းစ ရှိသေးတယ်။” ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
မယ်တော်ကြီး ပိုင်ရွှယ်က မေးလိုက်၏။ “ကျွန်မက ရှင့်ကို ဘာလို့ ယုံရမှာလဲ။ အကယ်၍ သူတို့ လက်နက်ချလိုက်ရင် ရှင်တို့ သတ်ဖြတ်တာကို ခံရမှာ မဟုတ်ဘူးလား။”
ထိုအချိန်မှာပဲ မြေပြင်တစ်ခုလုံး ထပ်မံ တုန်ဟည်းသွားပြီး တာယင်အင်ပါယာ၏ ရေလှိုင်းများကဲ့သို့ များပြားလှသော စစ်တပ်များက ဝင်ရောက်လာကြ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ယင်းချင်ဝမ်ပင် ဖြစ်သည်။
“အမတ်မင်း ယွင်ကျုံးဟဲ့… နေကောင်းရဲ့လား။”
ယင်းချင်ဝမ်က ကျယ်လောင်စွာ အော်၍ မေးလိုက်၏။ “စတုတ္ထ မင်းသားရော။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “စတုတ္ထ မင်းသား ဘေးကင်းပါတယ်။ အခု အိပ်ပျော်နေတယ်။”
ယင်းချင်ဝမ်က ကျယ်လောင်စွာ ပြောလိုက်၏။ “အမတ်မင်း ပိုင်ကျန်း… အခု ခင်ဗျားတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပထမတစ်ခုက အဆုံးထိ ခုခံပြီး နောက်ဆုံး သွေးတစ်စက် ကျန်တဲ့အထိ တိုက်မယ်။ ဒုတိယတစ်ခုက လက်နက်ချပြီး ပိုင်ယင်မြို့ကလာတဲ့ သူတွေအားလုံး ပိုင်ယင်မြို့ကို ပြန်သွားကြမယ်။”
မယ်တော်ကြီး ပိုင်ရွှယ်က မေးလိုက်သည်။ “အမတ်မင်း ယွင်ကျုံးဟဲ့… ကျွန်မနဲ့ ဧကရာဇ်က ပိုင်ယင်မြို့ကို ပြန်သွားလို့ ရသလား။”
ယွင်ကျုံးဟဲ့က ခေါင်းယမ်းကာ ဖြေ၏။ “တောင်းပန်ပါတယ်။ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မယ်တော်ကြီးက တာ့ကျိုးရဲ့ မယ်တော်ကြီး ဖြစ်ခဲ့ဖူးသလို သူကလည်း ဧကရာဇ် ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် ခင်ဗျားတို့ သားအမိက တာယင်အင်ပါယာ မြို့တော်ကို သွားပြီး တစ်သက်လုံး နေထိုင်ရမှာ ဖြစ်ပါတယ်။”
မယ်တော်ကြီး ပိုင်ရွှယ်၏ လှပသော မျက်လုံးလေးများ တုန်ယင်သွားပြီး ဤသည်မှာ လွတ်လပ်ခွင့်ကို ထာဝရ ဆုံးရှုံးရမည်ဟု အဓိပ္ပာယ် သက်ရောက်ကြောင်း သိလိုက်သည်။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “မယ်တော်ကြီး… မယ်တော်ကြီးနဲ့ ဧကရာဇ်က သူစိမ်းတွေဖြစ်ပြီး တရားဝင်မှု မရှိဘူး။ တာ့ကျိုး နိုင်ငံတော် ပျက်သုဉ်းသွားရင်တောင် ဧကရာဇ်ကို မင်းသားအဖြစ် ခန့်အပ်အုံးမှာပါ။ သေချာပေါက် အာဏာမရှိတဲ့ မင်းသားတစ်ပါးပေါ့။
ဒါပေမဲ့ ဒီလို မင်းသားနေရာကိုတောင် လုချင်တဲ့သူ ရှိတယ်။ ကျိုးကျီက ဒီလိုမင်းသားဖြစ်ချင်ပြီး သူက ပိုပြီး တရားဝင်မှု ရှိတယ်။ အကယ်၍ သူသာ မင်းသား ဖြစ်သွားရင် မယ်တော်ကြီးရဲ့ သားက ဘယ်လို နေရမှာလဲ။ သူ့ကို ပိုင်ယင်မြို့ ပြန်လွှတ်မှာလား။
မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက တာ့ကျိုး ဧကရာဇ် ဖြစ်ခဲ့ဖူးလို့ ရည်မှန်းချက်ကြီးတဲ့ သူတွေ လက်ထဲ ရောက်သွားရင် ပုန်ကန်ဖို့ အသုံးချခံရလိမ့်မယ်။ သူ့ကို ဆက်ထားမလား။ တာ့ကျိုးမှာ မင်းသား နှစ်ပါး ရှိလို့ မဖြစ်ဘူးလေ။ ဒါကြောင့် သူက အကျဉ်းသားတစ်ယောက် အဖြစ်ပဲ နေရလိမ့်မယ်။
မယ်တော်ကြီး… မယ်တော်ကြီးကို ပိုင်ယင်မြို့က စွန့်လွှတ်လိုက်ပြီ။ အခု မယ်တော်ကြီးက သားဖြစ်သူ အတွက်ရော ကိုယ့်ကိုယ်ကိုယ် အတွက်ပါ စဉ်းစားသင့်ပြီ။”
မယ်တော်ကြီး ပိုင်ရွှယ်က မျက်လုံးများကို မှိတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်နေသည်။ ဤနှစ်အနည်းငယ် အချိန်လေးက တကယ့်ကို အိပ်မက်တစ်ခုလိုပင်။
ထျန်းကျိုး နတ်ဧကရာဇ်နှင့် လက်ထပ်ခဲ့ချိန်တည်းက အိပ်မက်တစ်ခုလို ဖြစ်နေခဲ့၏။ နတ်ဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်က ဤအိပ်မက်က ပို၍ လက်တွေ့ဆန်ပြီး ခြေလှမ်းတိုင်းက ခိုင်မာသည်ဟု ခံစားရသည်။
သို့ပေမည့် နတ်ဧကရာဇ် သေဆုံးသွားပြီးနောက် သားဖြစ်သူ ကျိုးလင်က ဧကရာဇ် ဖြစ်လာလျှင်တောင် အလွန် လွင့်မျောနေသကဲ့သို့ ခံစားရ၏။
ပတ်ဝန်းကျင် တစ်ခုလုံးက မြူနှင်းများ ဖုံးလွှမ်းနေပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ခြေလှမ်းတိုင်းကလည်း လွင့်မျောနေသည်။
ယခုအချိန် ရောက်မှသာ ဧကရာဇ်တစ်ပါး ဖြစ်လာရန် မည်မျှ ခက်ခဲကြောင်း သူမ အမှန်တကယ် နားလည်သွားတော့၏။ ဂုဏ်သိက္ခာမရှိ၊ တရားမျှတမှု မရှိလျှင် လုံးဝ မဖြစ်နိုင်ချေ။
မယ်တော်ကြီး ပိုင်ရွှယ်က မျက်လုံးများကို ဖွင့်ကာ ပိုင်ကျန်းကို ကြည့်ပြီး ပြောလိုက်သည်။ “အစ်ကို… လက်နက်ချလိုက်ပါ။ ပြီးတော့ ရှင်တို့ သွားကြတော့။”
ထိုက်ဝေ့ ပိုင်ကျန်း၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်နေပြီး အလွန်တရာ နာကျင်ဝမ်းနည်းနေ၏။
သူက ပိုင်ရွှယ်၏ အစ်ကို ဟုတ်သည်လား။ ဟုတ်သည်ဟု ဆိုနိုင်သော်လည်း သွေးသားရင်းချာ မောင်နှမတော့ လုံးဝ မဟုတ်ချေ။ တာ့ရှန်း အင်ပါယာက မျိုးနွယ်စုများဖြင့် ခွဲခြားထားခြင်းဖြစ်ပြီး လူတစ်စုလုံးက ပိုင်မျိုးနွယ်များ ဖြစ်ကြသည်။
တကယ်တော့ ပိုင်ရွှယ်နှင့် ပိုင်ကျန်းတို့က ယခင်က ချစ်သူတွေ ဖြစ်ခဲ့ကြပြီး မူလက သူတို့နှစ်ဦးက လက်ထပ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ပိုင်ရွှယ်က ထျန်းကျိုး နတ်ဧကရာဇ်နှင့် လက်ထပ်သွားခဲ့သောကြောင့် သူတို့ နှစ်ဦး၏ ဖူးစာလည်း ပြတ်တောက်သွားခဲ့သည်။
ပိုင်ကျန်းကလည်း အစ်ကို အမည်ခံဖြင့် တာ့ကျိုး အင်ပါယာသို့ ရောက်ရှိလာပြီး သွေးစွန်းတပ်ဖွဲ့နှင့် တာ့ကျိုး စစ်သည်သစ်များကို အုပ်ချုပ်ခဲ့၏။ သို့ပေမည့် သူနှင့် ပိုင်ရွှယ်တို့၏ ဆက်ဆံရေးက ဖြူစင်ပြီး ဖောက်ပြန်ခြင်း မရှိခဲ့ချေ။
အကြောင်းမှာ ပိုင်ရွှယ်က သံယောဇဉ် ပြောင်းသွားခဲ့ပြီး ထျန်းကျိုး နတ်ဧကရာဇ်နှင့် လက်ထပ်ပြီးနောက် ခန္ဓာရော စိတ်ပါ ပေးအပ်ခဲ့သောကြောင့် ဖြစ်၏။
ထိုအချိန်က ထျန်းကျိုး နတ်ဧကရာဇ်၏ ဆွဲဆောင်မှုက အလွန် ကြီးမားလှပြီး အသက် အရမ်း ကြီးနေသော်လည်း ပြန်လည် နုပျိုလာသောကြောင့် အသက် လေးဆယ်ကျော် အရွယ်သာ ရှိပုံရသည်။
အတော်ကြာပြီးနောက် ထိုက်ဝေ့ ပိုင်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “လက်နက်ချကြ။”
ချက်ချင်းပဲ သူ၏ လက်အောက်ရှိ သွေးစွန်းတပ်ဖွဲ့၊ တာ့ကျိုး စစ်သည်သစ် ခြောက်သောင်းကျော်က လက်နက်များကို ချလိုက်ကြတော့၏။ ထိုသို့ဖြင့် ဤတာ့ကျိုး မြို့တော် စစ်ပွဲကြီး လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
................................