အခန်း ၃၉၂
Vol. 40 Ch. 392
အခန်း (၃၉၂) ကမ္ဘာ့အမြုတေနှင့် နှင်းနတ်ဘုရားမြို့သို့ ရောက်ရှိလာခြင်း
"ကောင်းဖန်စစ်တပ်ရဲ့ အဓိကအင်အားတွေ တစ်ပြိုင်နက်တည်း အမြစ်ပြတ်သွားပြီ..."
"ဒီသတင်းသာ ကောင်းဖန်နိုင်ငံဆီ ရောက်သွားရင်တော့ ကောင်းဖန်နိုင်ငံမှာ သေချာပေါက် ကမောက်ကမတွေ ဖြစ်ကုန်တော့မှာပဲ..."
"ဒါပေမဲ့ ဒီသတင်း မရောက်လာခင် ငါက မြို့တော်မှာ အကြီးအကျယ် လှုပ်ရှားရဦးမယ်..."
မောင်းသူမဲ့ယာ်ထဲတွင် ထိုင်နေစဉ် ကျောက်လင်က အဏုမြူဗုံးနှစ်လုံးဖြင့် ကောင်းဖန်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းလိုက်သည့် မြင်ကွင်းအား ဝိညာဉ်ကြွက်လေး၏ အမြင်အာရုံမှတစ်ဆင့် မြင်တွေ့လိုက်ရပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
သို့သော်လည်း ဤသည်က အကောင်းဆုံးပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းဖန်နိုင်ငံသည် ထိုဆုတ်ယုတ်မှုမှ ဘယ်တော့မှ ပြန်လည်နလန်ထလာနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
"ဟင်... ချီလင်ခန်းမကြီးရဲ့ ဒုတိယခန်းမသခင်က ကောင်းဖန်နိုင်ငံရဲ့ အကြံပေးအမတ်ကြီးကို ချုံခိုတိုက်ခိုက်လိုက်တာပဲ..."
"သူတို့နှစ်ယောက်လုံးက နဝမအဆင့် သိုင်းပညာရှင်တွေဆိုတော့ ခုလိုမြင်ကွင်းမျိုးကို မြင်ရဖို့ဆိုတာ တကယ့်ကို ရှားရှားပါးပါးပဲ..."
ကျောက်လင်သည် ကောင်းကင်ယံထက်မှ နဝမအဆင့် သိုင်းပညာရှင်နှစ်ဦး၏ တိုက်ပွဲကို ဝိညာဉ်ကြွက်လေး၏ အမြင်အာရုံမှတစ်ဆင့် မြင်တွေ့လိုက်ရ၏။
ထိုနဝမအဆင့် သိုင်းပညာရှင်နှစ်ဦး၏ တိုက်ပွဲသည် အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းနေပြီး ကလေးများ ရန်ဖြစ်နေသည့်အလား ဓားချက်များကို အပြန်အလှန် ဖလှယ်နေကြသည်။
သို့သော် နဝမအဆင့် သိုင်းပညာရှင်များ၏ တိုက်ပွဲသည် သူတို့၏ သက်ဆိုင်ရာ ကမ္ဘာ့စွမ်းအားများ ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ကျောက်လင်က ကြိုသိထားပြီး ဖြစ်၏။
ကမ္ဘာ့စွမ်းအားများကို ထုတ်ဖော်လိုက်သောအခါ တစ်ပြင်လုံးရှိ ဟင်းလင်းပြင်ကို ပိတ်လှောင်လိုက်သဖြင့် ဟင်းလင်းပြင် ခရီးသွားလာရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် နဝမအဆင့် သိုင်းပညာရှင်နှစ်ဦး၏ တိုက်ပွဲသည် ကမ္ဘာ့စွမ်းအားများကို ယှဉ်ပြိုင်ကြခြင်းပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်က အကြံပေးအမတ်ကြီး တာ့ဝါကို သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
ထို့နောက် အကြံပေးအမတ်ကြီး တာ့ဝါ၏ ရင်ဘတ်ထဲမှ လင်းလက်တောက်ပနေသော ပုလဲလုံးတစ်လုံးကဲ့သို့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ အစောဆုံးစွမ်းအားများကို စုစည်းသွားလေသည်။
ဤသည်မှာ ကမ္ဘာ့အမြုတေပင်ဖြစ်၏။
လင်းလက်နေသော အလင်းလုံးကို မြင်လိုက်ရသောအခါ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်က ချက်ချင်း လက်လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး ဤကမ္ဘာ့အမြုတေ အပိုင်းအစကို သူပိုင်အဖြစ် သိမ်းပိုက်ရန် ရည်ရွယ်လိုက်သည်။
ဤကမ္ဘာ့အမြုတေကို သန့်စင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ ကမ္ဘာ့အမြုတေမှာ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး သူ၏ ခွန်အားများလည်း အလားတူ တိုးလာမည်ဖြစ်သည်။
အကြံပေးအမတ်ကြီး တာ့ဝါက သူ၏ ကမ္ဘာ့အမြုတေ ပျောက်ကွယ်သွားမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်၏ လက်မောင်းကို ချိုးဖြတ်ရန် ရည်ရွယ်၍ သူ၏ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။
ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်က ဤလှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။ သူက ညာဘက်လက်ဖြင့် ဓားကို ဝှေ့ယမ်းကာ အကြံပေးအမတ်ကြီး တာ့ဝါ၏ ဓားရှည်ကို ကာကွယ်လိုက်ပြီးနောက် ဘယ်ဘက်လက်ဖြင့် ကမ္ဘာ့အမြုတေ အပိုင်းအစကို ဖမ်းဆုပ်လိုက်လေသည်။
အကြံပေးအမတ်ကြီး တာ့ဝါမှာ ထိတ်လန့်သွား၏။ သူက တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ် ကမ္ဘာ့အမြုတေကို ဖမ်းဆုပ်လိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏အတွင်းမှ ကမ္ဘာ့စွမ်းအားများကို ဓားအလင်းတန်းအဖြစ် ပြောင်းလဲလိုက်သည်။
ဓားအလင်းတန်းက အကြံပေးအမတ်ကြီး တာ့ဝါ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ဤနေရာမှ ထွက်ခွာသွားလေသည်။ ထို့နောက် အကြံပေးအမတ်ကြီး တာ့ဝါသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဟင်းလင်းပြင် တည်နေရာပြောင်းရွှေ့ခြင်းဖြင့် ထွက်ပြေးလွတ်မြောက်သွား၏။
ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်က ကမ္ဘာ့အမြုတေ အပိုင်းအစတစ်ခုကို လုယူလိုက်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ကာ နောက်ထပ် ဓားတစ်ချက်ဖြင့် တပ်မှူး ကျောက်ကဲစန်းနှင့် သတ္တမအဆင့် ရေခဲစစ်သည် နှစ်ဦးကို သတ်ပစ်လိုက်လေသည်။
ထို့နောက် ချက်ချင်းပင် ဒုတိယခန်းမသခင် ရွှမ်ယွမ်ဖေးဟယ်လည်း ထွက်ခွာသွားလေသည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ဝိညာဉ်ကြွက်လေးသည် ကျောက်တုံးအက်ကြောင်းထဲမှ ပျံသန်းထွက်ခွာလာပြီး ကောင်းဖန်နိုင်ငံဘက်သို့ ဦးတည်သွား၏။
ကျောက်လင်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်း အပေါ် မှီခိုကာ ဝိညာဉ်ကြွက်လေး၏ ပျံသန်းရာလမ်းကြောင်းကို လမ်းညွှန်ပေးပြီး မျဉ်းဖြောင့်အတိုင်း ပျံသန်းနိုင်စေခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင်။
မွန်းတည့်ချိန်လောက်တွင် ကျောက်လင်က နှင်းနတ်ဘုရားမြို့သို့ ရောက်ရှိလာခဲ့၏။
ဤမြို့ကို တောင်တန်းနှစ်ခု ဝန်းရံထားသော တောင်ကြားကြီးတစ်ခုထဲတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ကောင်းဖန်နိုင်ငံ၏ ဘိုးဘေးများသည် သူတို့၏ ကြီးမားလှသော စွမ်းအားများဖြင့် တောင်တန်းနှစ်ခုကြားတွင် တစ်မိုင်စီ ကျယ်ဝန်းသော ချောက်ကမ်းပါးနှစ်ခုကို ထွင်းထုခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး ယင်းတို့သည် နှင်းနတ်ဘုရားမြို့၏ ဝင်ပေါက်နှင့် ထွက်ပေါက်နှစ်ခု ဖြစ်လာခဲ့လေသည်။
နှင်းနတ်ဘုရားမြို့၏ မြောက်ဘက်တောင်တန်းပေါ်တွင် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ရေခဲများဖြင့် တည်ဆောက်ထားသည့် ဧရာမနန်းတော်ကြီးတစ်ခု တည်ရှိနေပြီး ဤသည်မှာ ကောင်းဖန်နိုင်ငံ၏ အမြင့်မြတ်ဆုံးသော နေရာပင်ဖြစ်၏။
နှင်းနတ်ဘုရားနန်းတော်။
ကောင်းဖန်နိုင်ငံရှိ ရေခဲစစ်သည် အများစုသည် နှင်းနတ်ဘုရားနန်းတော်မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဤနှင်းနတ်ဘုရားနန်းတော်သည် တစ်နှစ်ပတ်လုံး နှင်းများဖြင့် တောက်ပနေပြီး ၎င်း၏ အလင်းရောင်က နှင်းနတ်ဘုရားမြို့ တစ်ခုလုံးကို လင်းထိန်စေသည်။
နှင်းနတ်ဘုရားနန်းတော်၏ မြောက်ဘက်တွင် ယခင်က ကျယ်ပြောလှသော ရေကန်ကြီးတစ်ခု ရှိခဲ့ဖူးသော်လည်း ပြင်းထန်သော အအေးဒဏ်ကြောင့် ရေကန်ကြီးတစ်ခုလုံး ရေခဲတုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ဤဧရိယာကို ရေခဲလွင်ပြင်အဖြစ်သို့
ပြောင်းလဲသွားစေခဲ့သည်။
နှင်းနတ်ဘုရားနန်းတော်မှ ရေခဲစစ်သည်များသည် ဤရေခဲလွင်ပြင်ပေါ်တွင် ပုံမှန်ကျင့်ကြံလေ့ရှိကြပြီး ထိုနေရာတွင် ရေခဲ၏ စွမ်းအားကို အလွယ်တကူ ခံစားနိုင်ပေသည်။
အမြင့်တစ်နေရာမှ ကျောက်လင်က ကင်မရာမှတစ်ဆင့် နှင်းနတ်ဘုရားနန်းတော် တစ်ခုလုံးကို မြင်တွေ့ခဲ့ရပြီး ရေခဲလွင်ပြင်ပေါ်တွင် ကျင့်ကြံနေကြသော ရေခဲစစ်သည် တစ်ထောင်နီးပါးကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရ၏။
"ဒီနှင်းနတ်ဘုရားနန်းတော်သာ ပျက်စီးသွားရင် ကောင်းဖန်နိုင်ငံရဲ့ အမှတ်တံဆိပ်လည်း ပျက်စီးသွားလိမ့်မယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။
သို့သော်လည်း ကျောက်လင်က နှင်းနတ်ဘုရားနန်းတော်ကို ဖျက်ဆီးရန် အလျင်လိုမနေပေ။ သူ၏ အဓိကရည်ရွယ်ချက်မှာ နှင်းနတ်ဘုရားမြို့ရှိ ငွေသားများကို သိမ်းပိုက်ရန် ဖြစ်၏။
"ငွေသားအများဆုံးနေရာက ဘယ်မှာလဲလို့ မေးရင်တော့ ထုံထျန်းငွေလဲဌာနပဲဖြစ်မှာ သေချာတယ်..."
ကျောက်လင်က ရုတ်တရက် ရယ်မောလိုက်လေသည်။
မှန်ပေသည်။ ကောင်းဖန်နိုင်ငံတွင် ငွေလဲလှယ်ရန်အတွက် တရားဝင်နေရာမှာ ထုံထျန်းငွေလဲဌာနဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ်နိုင်ငံလုံးက ထုံထျန်းကုန်းပြင်မြင့်ပေါ်တွင် တည်ရှိနေသောကြောင့် ထိုအမည်ကို ပေးထားခြင်းဖြစ်သည်။
"နှင်းနတ်ဘုရားမြို့ကို ဓားပြတိုက်တာက ထုံထျန်းငွေလဲဌာနကနေ စတင်ရမယ်..."
ကျောက်လင်က အလွန်ပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက်၏။
ယာဉ်က တောင်ဘက်တောင်တန်းပေါ်သို့ ဆင်းသက်သွားသည်။ ကျောက်လင်က ၎င်းကို သူ၏ စနစ်နေရာလွတ်ထဲတွင် ချက်ချင်း သိမ်းဆည်းလိုက်ပြီးနောက် မျက်နှာဖုံးကို တပ်ဆင်လိုက်ကာ သူ၏ ရုပ်ရည်သွင်ပြင်ကို အဋ္ဌမအဆင့် ရေခဲစစ်သည် ကျီလျဲ့၏ ပုံစံအဖြစ် ပြောင်းလဲလိုက်လေသည်။
ဤအဋ္ဌမအဆင့် ရေခဲစစ်သည်က သံမဏိခွာ စာမရီ စားကျက်တွင် ကျောက်လင်၏ ဝိညာဉ်ရတနာကို လုယူရန် ကြိုးပမ်းခဲ့သော်လည်း ကျောက်လင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ကောင်းဖန်နိုင်ငံမှ မူလ အဋ္ဌမအဆင့်ရေခဲစစ်သည် ငါးဦးအနက် ကျီလျဲ့သည် အလွတ်လပ်ဆုံးသော သူတစ်ဦး ဖြစ်၏။
ကျောက်လင်က ကျီလျဲ့အဖြစ် သရုပ်ဆောင်ရန်အတွက် အလွန်အံဝင်ခွင်ကျ ဖြစ်နေသည်။
လမ်းတစ်လမ်း၏ အစွန်းသို့ ရောက်သောအခါ ကျောက်လင်က မြင်းလှည်းတစ်စီးကို ငှားရမ်းကာ ထုံထျန်းငွေလဲဌာန ဌာနချုပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ထုံထျန်းငွေလဲဌာန၏ ဌာနချုပ်သည် အမှန်တကယ်တွင် နန်းတော်အနီး၌ တည်ရှိ၏။
သို့သော်လည်း ဤသည်က နားလည်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာက ကောင်းဖန်နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ ကောင်းဖန်နိုင်ငံ၏ စီးပွားရေး အခြေအနေကို အစဉ်အမြဲ သိရှိနိုင်ရန်အတွက် ကောင်းဖန်နိုင်ငံ၏ နန်းတွင်းက ထုံထျန်းငွေလဲဌာန ဌာနချုပ်ကို သဘာဝကျကျ ကြီးကြပ်ကွပ်ကဲရန် လိုအပ်ပေသည်။
ကျောက်လင်က မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် ငွေလဲဌာန အဝင်ဝတွင် စုရုံးနေကြသော ရေခဲစစ်သည်တစ်စုက သူ့ကို မြင်လိုက်ရပြီး ချက်ချင်း ပြေးလာကြသည်။
"ရေခဲသခင်... ဘယ်လေတိုက်လို့ ငွေလဲဌာနကို ရောက်လာတာလဲ..."
ရှေ့ဆုံးမှ ပြေးလာသော ပဉ္စမအဆင့် ရေခဲစစ်သည်က ကျီလျဲ့နှင့် တူသော ကျောက်လင်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်၏။
"ငါက ငွေပြားဆယ်သန်း လာလဲတာပဲ..."
ကျောက်လင်က ခေါင်းကို မော့ကာ မတ်မတ်ရပ်နေပြီး အထက်တန်းစားတစ်ဦး၏ အမူအရာကို ယူဆောင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်လင်က လန်ရှင်းဟိုင်မြို့နှင့် ပင်လယ်အမြွာမြို့တို့ကို ဓားပြတိုက်စဉ်ကလည်း ငွေစက္ကူ အမြောက်အမြားကို ရရှိခဲ့သည်။ ယခု ကျောက်လင်က ဤငွေစက္ကူများကို အသုံးပြု၍ ထုံထျန်းငွေလဲဌာနရှိ ငွေသားအားလုံးကို လဲလှယ်လိုခြင်း ဖြစ်၏။
"ဟင်..."
"ရေခဲသခင်... ခင်ဗျားဆီမှာ အဲ့ဒီလောက်များတဲ့ ငွေစက္ကူတွေရှိလို့လား..."
"ငွေပြားဆယ်သန်းဆိုတော့... ငွေလဲဌာနမှာ အဲ့ဒီလောက် ငွေသားရှိမယ် မထင်ဘူးနော်..."
ရေခဲစစ်သည်များက ကျောက်လင်အား အလွန် အံ့သြစွာဖြင့် ကြည့်လိုက်ကြသည်။
ကျောက်လင်က ပြုံးယောင်ယောင်သာ ပြုလိုက်ပြီး ထုံထျန်းငွေလဲဌာနအတွင်းသို့ လှမ်းဝင်သွားလေသည်။
"ငွေလဲဌာနထဲဝင်ဖို့ နံပါတ်ယူရမယ်လေ..."
ကျောက်လင်သည် ထုံထျန်းငွေလဲဌာန အဝင်ဝသို့ ရောက်သောအခါ တာဝန်ကျနေသော ဆဋ္ဌမအဆင့် ရေခဲစစ်သည်တစ်ဦးက သူ့ကို တားဆီးရန် လက်လှမ်းလိုက်ပြီး တည်ငြိမ်စွာ အော်ပြောလိုက်၏။
ကျောက်လင်က သူ့ကို တစ်ချက်ပင် မကြည့်ဘဲ ညာဘက်လက်ကို ဝှေ့ယမ်းကာ မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက် တိုက်ကွက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဝိညာဉ်စွမ်းအင်များက ဆဋ္ဌမအဆင့် ရေခဲစစ်သည်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ အတွင်းရှိ သွေးကြောများ အားလုံးကို ချက်ချင်း ချိတ်ပိတ်လိုက်လေသည်။
"မင်းလို မျက်ကန်းကောင်က ငါ့လမ်းကို ဘယ်လိုများ ရဲရဲတင်းတင်း လာပိတ်ရဲတာလဲ..."
ကျောက်လင်က အေးစက်စက် စကားတစ်ခွန်း ပစ်ချလိုက်ပြီး ငွေလဲဌာန ခြံဝင်းအတွင်းသို့ လှမ်းဝင်သွား၏။
"မင်းက ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့..."
ဆဋ္ဌမအဆင့် ရေခဲစစ်သည်က ဒေါသတကြီးဖြင့် ကျောက်လင်၏ ကျောပြင်ကို လက်ညှိုးထိုးလိုက်သည်။
"မင်းက မျက်ကန်းလား ကောင်လေး... သူက ကျီလျဲ့လေ... အဋ္ဌမအဆင့် ရေခဲသခင်ပဲ..."
"အဋ္ဌမအဆင့် ရေခဲသခင်ကိုတောင် မင်းက တားရဲတယ်ဆိုတော့... သေချင်နေတာပဲ..."
ကျောက်လင် နောက်မှ ငွေလဲဌာန အဝင်ဝအထိ လိုက်ပါလာကြသော ရေခဲစစ်သည်များက ဆဋ္ဌမအဆင့် ရေခဲစစ်သည်သည် အရိုက်ခံရပြီးသည့်တိုင် ကျောက်လင်အား လက်ညှိုးထိုးရဲသေးသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း ဆူပူကြိမ်းမောင်းလိုက်ကြလေသည်။