အခန်း ၃၉၄
Vol. 40 Ch. 394
အခန်း (၃၉၄) နောက်တစ်ကြိမ် ငါ မင်းကို ကယ်တင်ခဲ့ရင် မင်းက ငါ့ဇနီး ဖြစ်လာရမယ်
"အချည်းနှီး ရုန်းကန်မနေနဲ့တော့..."
ကျောက်လင်က တန်းနျီချင်းရွှယ်ကို တောင်ပိုင်းတောင်တန်းများရှိ ဂူတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။ သူမ၏ နာကြည်းနေသော မျက်နှာထားကို မြင်လိုက်ရသောအခါ သူက မနေနိုင်ဘဲ စကားတစ်ခွန်း ဆိုလိုက်သည်။
"လူယုတ်မာ... ငါက ဘယ်သူလဲဆိုတာ နင် သိရဲ့လား..."
"ငါက ကောင်းဖန်နိုင်ငံရဲ့ မင်းသမီးနဲ့ နှင်းနတ်ဘုရားနန်းတော်ရဲ့ သူတော်စင်မပဲ... နင် ငါ့ကို ဖမ်းဆီးထားမယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ လိုက်လံဖမ်းဆီးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်..."
တန်းနျီချင်းရွှယ်၏ လှပပြီး အပြစ်အနာအဆာကင်းသော မျက်နှာလေးတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေ၏။
ကျောက်လင်သည် လှပသော ဇနီးရာပေါင်းများစွာကို လက်ထပ်ခဲ့ပြီး ဖြစ်သော်လည်း ဤနိုင်ငံခြားသူဆန်ဆန် ရေခဲတမျှ အေးစက်လှပသော မိန်းမချောလေးကို မြင်လိုက်ရသောအခါ အနည်းငယ် မှင်တက်သွားဆဲ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျောက်လင်က သူ၏ မျက်နှာဖုံးကို ခွာချလိုက်ရာ သူ၏ မျက်နှာအစစ်အမှန် ပေါ်လွင်သွား၏။
အလွန်ခန့်ညားသော လူငယ်ပင်ဖြစ်သည်။
တန်းနျီချင်းရွှယ်သည် ကျောက်လင်၏ မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
"မင်းသမီး... ငါက မင်းကို ကယ်တင်နေတာပါ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
"ငါ့ကို ကယ်တင်နေတာ ဟုတ်လား..."
"ငါက ဘာအန္တရာယ် ကျရောက်နေလို့လဲ..."
"နင့်လို လူဆိုးကြီးကလွဲရင် ငါ့အတွက် ဘာအန္တရာယ်မှ မရှိဘူး..."
တန်းနျီချင်းရွှယ်က မထီမဲ့မြင် အမူအရာဖြင့် ပြန်ပြောလိုက်၏။
ကျောက်လင်သည် ကျောက်တုံးတစ်တုံးကို ပျင်းရိပျင်းတွဲ မှီလိုက်ပြီး တန်းနျီချင်းရွှယ်၏ ဆွဲဆောင်မှုရှိသော အလှအပကို ငေးကြည့်နေကာ သူ၏ လောဘကို ဖုံးကွယ်ထားရန် အနည်းငယ်မျှပင် မကြိုးစားချေ။
"မင်းသမီး... မင်း အဲ့ကိစ္စကို မသိသေးတာ ဖြစ်နိုင်တယ်... မဟာချင်မင်းဆက်ဆီ ဝင်ရောက်သွားတဲ့ မင်းတို့ ကောင်းဖန်နိုင်ငံက စစ်တပ်တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ..."
"ဒီသတင်းကို မင်း ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက်ဆို သိရလိမ့်မယ်..."
"အခုဆိုရင် မဟာချင်မင်းဆက်က ကျင့်ကြံသူတွေဟာ မင်းတို့ ကောင်းဖန်နိုင်ငံကို ကျူးကျော်ဝင်ရောက်လာပြီး မြို့အသီးသီးကို ဖျက်ဆီးနေကြပြီ..."
"မင်းတို့ရဲ့ ကောင်းဖန်နိုင်ငံဟာ တစ်လအတွင်းမှာ ပျက်စီးသွားလိမ့်မယ်..."
"မင်းဘာသာမင်း စဉ်းစားကြည့်ပါ... ကောင်းဖန်နိုင်ငံသာ ကျဆုံးသွားခဲ့ရင် မင်းသမီးတစ်ပါးဖြစ်တဲ့ မင်းက မဟာချင်မင်းဆက်ရဲ့ သုံ့ပန်းတစ်ယောက် ဖြစ်မသွားဘူးလား... အခြားလူတွေရဲ့ ကစားစရာ ဖြစ်မသွားဘူးလား..."
ကျောက်လင်က တန်းနျီချင်းရွှယ်၏ အလှအပကို လွတ်လပ်စွာ ငေးကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။
ထိုသတင်းကို ကြားလိုက်ရသောအခါ တန်းနျီချင်းရွှယ်၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာသည်။
မည်သို့ပင်ဆိုစေ ကောင်းဖန်စစ်တပ်တွင် ၎င်းတို့ကို ကာကွယ်ပေးနေသော နဝမအဆင့် အကြံပေးအမတ်ကြီးတစ်ပါး ရှိနေသည်ဖြစ်ရာ သူတို့ကို တစ်ခုခုဖြစ်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။
ကောင်းဖန်စစ်တပ် ရှုံးနိမ့်သွားလျှင်တောင်မှ သူတို့အားလုံး သေဆုံးသွားရန် မဖြစ်နိုင်ပေ။ အချို့သော စစ်သားများက သေချာပေါက် လွတ်မြောက်လာကြမည် ဖြစ်သည်။
"ဒါဆို နင်က မဟာချင်မင်းဆက်က ကျင့်ကြံသူတစ်ယောက်ပေါ့..."
"နင့်ကို ငါက ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ..."
"ဟွန့်... အခု နင်က ငါတို့ ကောင်းဖန်နိုင်ငံထဲကို ဝင်ရောက်လာပြီး ဒီမင်းသမီးကိုတောင် အကျဉ်းချထားချင်သေးတာလား... နင်က သေဒဏ်ထိုက်တဲ့ပြစ်မှုကို ကျူးလွန်လိုက်တာပဲ..."
"နင်က ရေခဲသခင် ကျီလျဲ့အဖြစ် ဟန်ဆောင်ရဲတယ်ပေါ့လေ... ရေခဲသခင်ရဲ့ အထောက်အထားသာ ပေါ်လာခဲ့ရင် ရေခဲသခင် ကျီလျဲ့က နင့်ကို ကမ္ဘာမြေအဆုံးတိုင်အောင် လိုက်လံသတ်ဖြတ်လိမ့်မယ်..."
တန်းနျီချင်းရွှယ်က အရာအားလုံးကို သိနေသည့်အလား ကြည့်လိုက်၏။
ကျောက်လင်က အသံထွက်၍ ရယ်မောလိုက်သည်။
"နင်က ဘာလို့ ရယ်နေတာလဲ..."
တန်းနျီချင်းရွှယ်က နားမလည်နိုင်သော အမူအရာဖြင့် ကျောက်လင်ကို စိုက်ကြည့်လိုက်၏။
"ချစ်စရာကောင်းတဲ့ မင်းသမီးလေး... ငါက တခြားသော ရေခဲသခင်တွေအဖြစ် ဟန်မဆောင်ဘဲ ဘာလို့ ကျီလျဲ့အဖြစ် ဟန်ဆောင်ခဲ့ရသလဲဆိုတာကို မင်း တစ်ခါမှ မတွေးမိဘူးလား..."
ကျောက်လင်က နောက်ပြောင်ချင်သော အပြုံးတစ်ခုကို ပြသလိုက်သည်။
တန်းနျီချင်းရွှယ်မှာ အံ့အားသင့်စွာဖြင့် ကျောက်လင်ကို စိုက်ကြည့်နေပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ သူမ၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။
"မဖြစ်နိုင်ဘူး... ရေခဲသခင်ကျီလျဲ့က အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်လေ... နင်နဲ့ ငါက ဆဋ္ဌမအဆင့် ကျင့်ကြံသူတွေပဲ ရှိသေးတာ... နင်က ရေခဲသခင်ကျီလျဲ့ကို ဘယ်လိုလုပ် အန္တရာယ်ပေးနိုင်မှာလဲ..."
တန်းနျီချင်းရွှယ်၏ အသံမှာ အနည်းငယ် ကျယ်လောင်သွားသည်။ သူမသည် ကျောက်လင်၏ စကားများကို မယုံကြည်သော်လည်း ကျောက်လင်အနေဖြင့် လိမ်လည်ပြောဆိုစရာ အကြောင်းမရှိဟု သူမ၏ အလိုသိစိတ်က ခံစားနေရ၏။
ဤအခိုက်အတန့်တွင် ကျောက်လင်က စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။
"မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးပါဘူး..."
"ဒါက ကျီလျဲ့ရဲ့ စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားပဲ... အခုတော့ ငါ့လက်ထဲကို ရောက်နေပြီ..."
ကျောက်လင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
တန်းနျီချင်းရွှယ်သည် ရေခဲစွမ်းအားအပေါ် အလွန်အာရုံခံစားနိုင်စွမ်း ရှိသည်။ သွေးကြောများကို ချိတ်ပိတ်ထားခြင်း ခံရသော်လည်း သူမ၏ စိတ်စွမ်းအားက ရှိနေသေးသဖြင့် စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြား၏ စွမ်းအားကို သူမ ခံစားသိရှိနိုင်၏။
ဤအခိုက်တွင် တန်းနျီချင်းရွှယ်သည် ကျီလျဲ့ တကယ်ပဲ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်လိုက်ပြီ ဖြစ်သည်။
"စောစောက နင် ပြောလိုက်တာ ကောင်းဖန်စစ်တပ် အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီဆို..."
တန်းနျီချင်းရွှယ်မှာ အနည်းငယ် တုန်လှုပ်သွားသည်။ ကျောက်လင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ကျောက်လင် ယခုလေးတင် ပြောလိုက်သည့် စကားများမှာ အမှန်တရားဖြစ်ကြောင်း သူမ၏ အလိုသိစိတ်က ပြောပြနေ၏။
အဘယ်ကြောင့်ဆိုသော် ကျောက်လင်အနေဖြင့် လိမ်လည်ပြောဆိုရန် အကြောင်းပြချက် တကယ့်ကို မရှိသောကြောင့် ဖြစ်သည်။
"ဟုတ်တယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
တန်းနျီချင်းရွှယ်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။
မင်းသမီးတစ်ပါးအနေဖြင့် တန်းနျီချင်းရွှယ်သည် မဟာချင်မင်းဆက်သို့ ဝင်ရောက်သွားသော လူနှစ်သိန်းတစ်သောင်းအင်အားရှိသည့် စစ်တပ်မှာ ကောင်းဖန်နိုင်ငံ၏ ထိပ်တန်းစစ်တပ် ဖြစ်ကြောင်းကို ကောင်းစွာ သိရှိထား၏။
သူတို့အားလုံးသာ သေဆုံးသွားပါက ကောင်းဖန်နိုင်ငံသည် နှစ်အတော်ကြာသည်အထိ ပြန်လည်နာလန်ထနိုင်မည် မဟုတ်ပေ။
ထို့အပြင် မဟာချင်မင်းဆက်၏ ကျင့်ကြံသူများသည် ကောင်းဖန်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီဖြစ်ကာ မြို့များကို တစ်မြို့ပြီးတစ်မြို့ ဖျက်ဆီးနေကြပြီဟု ကျောက်လင်က ယခုလေးတင် ပြောခဲ့သည်။
အကယ်၍သာ ထိုသို့ဆိုလျှင် ကောင်းဖန်နိုင်ငံ၏ အင်အားမှာ အလွန်အမင်း လျော့ကျသွားမည်ဖြစ်သည်။
ကောင်းဖန်နိုင်ငံ၏ နိုင်ငံတော်ကံကြမ္မာ အားနည်းသွားသည်နှင့် တစ်ပြိုင်နက် ကောင်းဖန်နိုင်ငံကို ကာကွယ်ပေးနေသော အကြံပေးအမတ်ကြီး၏ ခွန်အားမှာလည်း အားနည်းသွားမည်ဖြစ်ပြီး ထိုအခါ သူသည် အခြားသော နဝမအဆင့် သိုင်းပညာရှင်များအတွက် သားကောင်ဖြစ်လာပေလိမ့်မည်။
အနည်းငယ် တွေးကြည့်လိုက်ရုံဖြင့် တန်းနျီချင်းရွှယ်သည် ဖိအားများကို ခံစားလိုက်ရ၏။
ကောင်းဖန်နိုင်ငံ ပျက်စီးတော့မည်ဟု ကျောက်လင် ပြောခဲ့ခြင်းမှာ ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ပေ။
"ငါ့ကို လွှတ်ပေးလို့ရမလား..."
"ခမည်းတော်ဆီကို ငါ သတင်းပို့ဖို့ လိုအပ်နေတယ်..."
တန်းနျီချင်းရွှယ်က ရုတ်တရက် သနားစရာကောင်းသော အမူအရာကို ပြသလိုက်ပြီး ကျောက်လင်ကို တောင်းပန်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းကို လွှတ်ပေးဖို့က ပြဿနာမရှိပါဘူး..."
"ဒါပေမဲ့ ငါ့မှာ စည်းကမ်းချက်တစ်ခု ရှိတယ်..."
ကျောက်လင်က ရယ်မောလိုက်၏။
"ဘာစည်းကမ်းချက်လဲ..."
ကျောက်လင်က သူမကို မသတ်သည့်အပြင် စော်ကားရန် ရည်ရွယ်ချက်လည်း မရှိကြောင်းကို တန်းနျီချင်းရွှယ် မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် ဝမ်းသာသွားသည့် အမူအရာ ချက်ချင်း ပေါ်လာသည်။
"နောက်တစ်ကြိမ် ငါ မင်းကို ကယ်တင်ခဲ့ရင် မင်းက ငါ့ဇနီးလုပ်ဖို့ သဘောတူရမယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ယခင်လုပ်ရပ်များ အားလုံးမှာ ဤစကားတစ်ခွန်းအတွက်သာဖြစ်သည်။
ကျောက်လင်က ဤအက်စ်အဆင့် အလှမယ်လေးကို သူ့လူအဖြစ် သဘာဝကျကျပင် မှတ်ယူထားပြီး ဖြစ်၏။
"အာ..."
တန်းနျီချင်းရွှယ်သည် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်လျက် ကျောက်လင်ကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျောက်လင်သည် သူမ၏ အလှအပအပေါ် ခံနိုင်ရည်မရှိကြောင်းနှင့် သူမ၏ ရုပ်ရည်ကို တပ်မက်နေကြောင်း တန်းနျီချင်းရွှယ် သဘောပေါက်သွား၏။
"ဘယ်လိုလဲ..."
"မင်း သဘောမတူချင်ဘူးလား..."
ကျောက်လင်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း မေးလိုက်သည်။
"ငါ သဘောတူပါတယ်..."
တန်းနျီချင်းရွှယ်သည် ယခုအခါ သွေးကြောများ ချိတ်ပိတ်ခံထားရပြီး မပျံသန်းနိုင်သည့်အပြင် သူမ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းလည်း မရှိပေ။
ယခု ထွက်ပြေးရန် အခွင့်အရေး ရလာပြီဖြစ်ရာ တန်းနျီချင်းရွှယ်က ဘာမှဆက်မပြောတော့ချေ။ သူမသည် ကျောက်လင်၏ လက်မှ လွတ်မြောက်လိုပြီး ကျောက်လင်ကို နောက်ထပ် ဘယ်တော့မှ မမြင်ချင်တော့ပေ။
ဤအခိုက်တွင် တန်းနျီချင်းရွှယ်က ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ နန်းတော်သို့ ပြန်ရောက်ပြီးနောက် ကောင်းဖန်စစ်တပ် ပျက်စီးသွားကြောင်း ခမည်းတော်နှင့် မိဖုရားကြီးကို ပြောပြမည်ဖြစ်ပြီး ထို့နောက် နှင်းနတ်ဘုရားနန်းတော်သို့ ထွက်ပြေးပုန်းအောင်းကာ နောက်ထပ် ဘယ်တော့မှ ထွက်မလာတော့ပေ။
ကောင်းဖန်နိုင်ငံ၏ အစောင့်အရှောက်နတ်ဘုရားဖြစ်သော နှင်းနတ်ဘုရားနန်းတော်တွင် ဂိုဏ်းအတွင်း၌ နဝမအဆင့် အစီအရင်တစ်ခုရှိပြီး ယင်းမှာ နဝမအဆင့် သိုင်းပညာရှင်များပင် ဖောက်ထွင်းဝင်ရောက်ရန် ခက်ခဲလှသည်။
ထို့ကြောင့် တန်းနျီချင်းရွှယ်သည် နှင်းနတ်ဘုရားနန်းတော်အတွင်း၌ နေထိုင်နေသမျှ ကာလပတ်လုံး သူမက မည်သူ့ကိုမျှ ကြောက်စရာ မလိုတော့ပေ။
"ကောင်းပြီ... အခု မင်းရဲ့ ချိတ်ပိတ်ထားမှုကို ဖြေပေးမယ်..."
ထိုအဖြေကို ရရှိပြီးနောက် ကျောက်လင်က မတ်တပ်ရပ်ကာ တန်းနျီချင်းရွှယ်၏ ကျောကို ခပ်ဖွဖွ ပုတ်လိုက်၏။
ထို့နောက် တန်းနျီချင်းရွှယ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကို ခံစားလိုက်ရသည်။ ချိတ်ပိတ်ထားမှု ပြေပျောက်သွားပြီး သူမ၏ ပေါင်းစည်းခြင်းနယ်ပယ် စွမ်းအားများ ပြန်လည်ရရှိလာခဲ့သည်။
ချက်ချင်းပင် တန်းနျီချင်းရွှယ်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ဂူထဲမှ ပျံသန်းထွက်ခွာသွားပြီး နန်းတော်ဆီသို့ ဦးတည်သွားတော့၏။
"တကယ့်ကို အပြစ်ကင်းတဲ့ မင်းသမီးလေးပဲ..."
"မင်း ထွက်သွားနိုင်ရုံနဲ့ ငါ့လက်ထဲကနေ တကယ်ပဲ လွတ်မြောက်သွားနိုင်မယ်လို့ ထင်နေတာလား..."
"ကောင်းဖန်နိုင်ငံက အခု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ... ပြီးတော့ မင်းသမီးဖြစ်တဲ့ မင်းက အဲ့အကျပ်အတည်းကို ဖြေရှင်းပေးမယ့် နယ်ရုပ်လေးပဲ..."
"ငါက မင်းကို ကယ်တင်မယ်လို့ ပြောခဲ့ရင် တကယ် ကယ်တင်မှာပေါ့..."
ကျောက်လင်သည် တန်းနျီချင်းရွှယ် ပျံသန်းထွက်ခွာသွားသည်ကိုကြည့်ရင်း ခပ်အေးအေးပင် ပြောလိုက်သည်။
"ငွေစက္ကူ သန်းဆယ်ကျော်လောက်ကို ထုံထျန်းငွေလဲဌာနဆီ ပေးခဲ့ပြီးပြီဆိုတော့ အခု ငွေသားတွေ အားလုံးကို သိမ်းဆည်းဖို့ အချိန်ရောက်ပြီပဲ..."
ထိုသို့ပြောပြီးနောက် ကျောက်လင်သည် ဂူထဲမှ ပျံသန်းထွက်ခွာသွားပြီး မကြာမီ ထုံထျန်းငွေလဲဌာန ရုံးချုပ်အနီးရှိ အိမ်တစ်လုံးတွင် ဆင်းသက်လိုက်၏။