← Chapters

အခန်း ၃၉၆

Vol. 40 Ch. 396

အခန်း ၃၉၆

Vol. 40 Ch. 396

အခန်း (၃၉၆) ပရမ်းပတာဖြစ်နေသော နန်းတော်မြို့တော်

"ကောင်းဖန်စစ်တပ် အရေးနိမ့်သွားပြီ..."

"ကောင်းဖန်စစ်တပ် တစ်တပ်လုံး သေကုန်ပြီလို့ ငါကြားတယ်..."

ကောင်းဖန်နိုင်ငံ၏ အထက်တန်းလွှာများသည် ကောင်းဖန်စစ်တပ်တစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရသည်ဟူသော သတင်းကို သိရှိသွားကြပြီဖြစ်ရာ ချက်ချင်းပင် ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့၏။

ထိုအထက်တန်းလွှာများသည် ကောင်းဖန်နိုင်ငံတွင် ကိုယ်ပိုင်စီးပွားရေးနှင့် ပိုင်ဆိုင်မှုများ အသီးသီးရှိကြသည်။ ကောင်းဖန်နိုင်ငံ၏ အကျပ်အတည်းကို ရိပ်မိပြီးနောက် ၎င်းတို့က ပိုင်ဆိုင်မှုအားလုံးကို စုဆောင်းရန် လူများကို ချက်ချင်းစီစဉ်စေကာ အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်နေကြ၏။

ကြီးမားလှသော ဓနဥစ္စာများက နန်းတော်မြို့တော်ထဲသို့ စီးဝင်လာသည်ဟု ဆိုနိုင်ပေသည်။

ဤအချိန်တွင် ထုံထျန်းငွေလဲဌာန၏ ရုံးချုပ်။

အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တာဝန်ခံကလည်း ကောင်းဖန်စစ်တပ်တစ်ခုလုံး သေဆုံးသွားကြောင်းကို သိရှိထားလေသည်။

"ဘယ်လိုလုပ်ကြမလဲ..."

"မဟာချင်စစ်တပ်က ကောင်းဖန်နိုင်ငံကို တိုက်ခိုက်လာရင် ငါတို့ သူတို့ကို တားဆီးနိုင်ပါ့မလား..."

တာဝန်ခံမှာ သူ၏ ရုံးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ညာဘက်လက်သီးဖြင့် ဘယ်ဘက်လက်ကို ထိုးကာ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေ၏။

"တားလို့မရနိုင်ဘူး သေချာပေါက် တားလို့ရမှာမဟုတ်ဘူး..."

"မွန်းတည့်ချိန်က လာတဲ့ကောင်က ရေခဲသခင်ကျီလျဲ့အဖြစ် ဟန်ဆောင်ရဲတယ်…သူက သေချာပေါက် မဟာချန်မင်းဆက်က ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်..."

"ဒါဆို မဟာချန်မင်းဆက်က ကျင့်ကြံသူတွေက ကောင်းဖန်နိုင်ငံထဲကို တိတ်တဆိတ် ဝင်ရောက်လာကြပြီ ထင်တယ်..."

"အခြေအနေက မကောင်းဘူး..."

"ရတနာဂိုဒေါင်ထဲမှာရှိတဲ့ ငွေပြားသန်းဆယ်ချီက သေတ္တာ ငါးရာထဲမှာ ရှိတယ်... အဲ့ဒါတွေကို တင်ဖို့ နဂါးပျံသင်္ဘောကို သုံးရင် သင်္ဘောတစ်စီးစာ အတိအကျပဲ ဖြစ်လိမ့်မယ်..."

"..."

တာဝန်ခံက သူ့ဘာသာ တီးတိုးရေရွတ်နေပြီး ပရမ်းပတာဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ငွေလဲဌာန၏ ရတနာဂိုဒေါင်ထဲမှ ငွေသားအားလုံးကို ခိုးယူရန် စဉ်းစားနေလေပြီ။

ထိုအခိုက်တွင် ထုံထျန်းငွေလဲဌာနရှိ မည်သည့်ဝန်ထမ်းကမှ မှင်နက်ကျောက်တုံးဖြင့် ပြုလုပ်ထားသော နံရံခြောက်ဖက်ရှိသည့် ရတနာဂိုဒေါင်တည်ရှိရာ မြေအောက်ခန်း ဖောက်ထွင်းခံလိုက်ရမည်ဟု မမျှော်လင့်ထားကြပေ။

ကျောက်လင်က အိမ်များဘက်မှ မြေကြီးကို တူးဖော်ကာ ရတနာဂိုဒေါင်ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့၏။

"ငွေပြားတွေ အများကြီးပဲ..."

ရတနာဂိုဒေါင်ထဲရှိ သပ်ရပ်စွာ စီထားသော သံစင်များပေါ်တွင် ငွေပြားများ အပုံလိုက် ရှိနေသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်၏ မျက်လုံးများက အရောင်လက်သွားလေသည်။

မျက်စိရှေ့ရှိ ငွေပြားသန်းဆယ်ချီ မြင်ကွင်းက တကယ့်ကို အံ့သြမှင်တက်ဖွယ်ကောင်းလှပေသည်။

ခဏတာမျှ ငေးမောကြည့်ရှုပြီးနောက် ကျောက်လင်က ပျံသန်းသွားကာ ငွေပြားများအားလုံးကို စနစ်နေရာလွတ်ထဲသို့ ထည့်လိုက်၏။

ထို့နောက် ချက်ချင်းပင် ကျောက်လင်က မြေပြင်မှ ပျံသန်းထွက်ခွာသွားလေသည်။

ဤတစ်ကြိမ်တွင် ကျောက်လင်က လမ်းမြှောင်ကို မပိတ်ဆို့ခဲ့ပေ။ တစ်စုံတစ်ယောက်က လမ်းမြှောင်တူးကာ ရတနာဂိုဒေါင်ထဲမှ ငွေပြားအားလုံးကို ခိုးယူသွားကြောင်း ထုံထျန်းငွေလဲဌာနမှ လူများကို သူ သိစေချင်၍ဖြစ်သည်။

လူနေအဆောက်အအုံထဲမှ ပျံသန်းထွက်ခွာလာပြီးနောက် ကျောက်လင်က အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ တည်ငြိမ်စွာ သွားလိုက်၏။

အစားအသောက်နှင့် သောက်စရာများ မှာယူပြီးနောက် ကျောက်လင်က ပြတင်းပေါက်နားရှိ စားပွဲတစ်လုံးတွင် တည်ငြိမ်စွာ ထိုင်နေလိုက်သည်။

"စနစ်... ငွေပြားတွေအားလုံးကို စနစ်အမှတ်တွေအဖြစ် ပြောင်းလဲလိုက်..."

ကျောက်လင်က သူ၏ စိတ်ထဲမှနေ၍ အမိန့်ပေးလိုက်၏။

စနစ်အမှတ် - ၄၅,၂၁၁,၀၀၀,၀၀၀

ထိုးဖောက်မှုက အမှတ်ပေါင်း ဘီလီယံလေးဆယ်ကျော်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခုအခါ နယ်မြေအတွင်းရှိ အလုပ်ရုံ နှစ်ထောင်အတွက် ထုတ်လုပ်ရေးလိုင်း စက်ပစ္စည်းများကို စနစ်ဈေးဆိုင်မှ သေချာပေါက် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထုံထျန်းငွေလဲဌာနမှ ဝန်ထမ်းတစ်ဦးက ငွေသားထုတ်ယူရန် ရတနာဂိုဒေါင်ဆီသို့ သွားခဲ့၏။

ရတနာဂိုဒေါင် တံခါးကို ဖွင့်လိုက်ပြီးနောက်။

အထဲတွင် ခြင်တစ်ကောင်မျှပင် မရှိတော့လောက်အောင် ဟာလာဟင်းလင်း ဖြစ်နေလေသည်။

"အား..."

"အခိုးခံလိုက်ရပြီ..."

ထိုဝန်ထမ်းက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ချက်ချင်းပင် ထုံထျန်းငွေလဲဌာနမှ

ဝန်ထမ်းအားလုံး အခင်းဖြစ်ပွားရာသို့ ပြေးလာကြသည်။ ရတနာဂိုဒေါင်ထဲသို့ ဝင်ရောက်ပြီးနောက် ကြေးပြားတစ်ပြားမျှပင် မကျန်တော့ကြောင်း ၎င်းတို့ တွေ့ရှိလိုက်ကြ၏။ မြေပြင်ပေါ်ရှိ အလွန်သိသာထင်ရှားနေသော အပေါက်ကြီးက တစ်စုံတစ်ယောက်သည် တွင်းတူးကာ ငွေပြားများအားလုံးကို ယူဆောင်သွားကြောင်း လူတိုင်းကို ယုံမှားသံသယမရှိ ပြောပြနေပေသည်။

"ဒါ မဖြစ်နိုင်ဘူး..."

"ဒါက အဋ္ဌမအဆင့် ရေခဲသခင်တောင် မဖျက်ဆီးနိုင်တဲ့ ရှန်းမိုကျောက်တုံးလေ... တစ်စုံတစ်ယောက်က ဘယ်လိုလုပ်ပြီး ဖောက်ထွင်းတူးဖော်နိုင်ခဲ့တာလဲ..."

တာဝန်ခံက ရတနာဂိုဒေါင်သို့ ရောက်လာပြီးနောက် တံခါးဝတွင် ငေးမောစွာ ရပ်နေရင်းမှ ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။

တာဝန်ခံက ဤငွေပြားသန်းဆယ်ချီကို သူ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားခဲ့ရာ ယခုတော့ ထိုအတိုင်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဆုံးရှုံးမှုခံစားချက်က ကြီးမားလွန်းလှပြီး ဤထိုးနှက်ချက်ကို သူ လက်မခံနိုင်ဖြစ်နေ၏။

"တာဝန်ခံ... အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..."

ဝန်ထမ်းတစ်ဦးက အလျင်စလို မေးခွန်းထုတ်လိုက်သည်။

"ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ... အာဏာပိုင်တွေဆီ ချက်ချင်း အစီရင်ခံလိုက်... အဲ့ဒီသူခိုးကို ငါတို့ ဖမ်းရမယ်..."

တာဝန်ခံက သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ထိတ်လန့်တကြား တုံ့ပြန်လိုက်၏။

ဝန်ထမ်းများကလည်း ချက်ချင်း လူစုခွဲသွားကြလေသည်။

မကြာမီပင် နန်းတော်နှင့် နန်းတော်မြို့စောင့်တပ်မှ လူများ ရောက်ရှိလာကြပြီး အရာရှိအုပ်စုကြီးတစ်စုသည် ထုံထျန်းငွေလဲဌာနထဲသို့ ပြုံတိုးဝင်လာကြ၏။

အလုပ်များစွာ ရှုပ်သွားပြီးနောက် မည်သည့်သဲလွန်စမျှ မတွေ့ရပေ။ မည်သူက မြေတွင်းကို တူးခဲ့သည်ကို မည်သူမျှ မသိကြသလို ငွေပြားသန်းဆယ်ချီကို မည်သူ ယူဆောင်သွားသည်ကိုလည်း ၎င်းတို့ ရှာမတွေ့နိုင်ကြချေ။

"တာဝန်ခံကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ..."

နောက်ဆုံးတွင် အရာရှိများမှာ မည်သည့်အရာမျှ ရှာမတွေ့ခဲ့သဖြင့် တာဝန်အကြီးဆုံးဖြစ်သည့် တာဝန်ခံကို ဖမ်းဆီးထိန်းသိမ်းရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ထုံထျန်းငွေလဲဌာနရှိ ခိုးမှုသတင်းက ပျံ့နှံ့သွားလေသည်။

နှင်းနတ်ဘုရားမြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းအားလုံး အံ့အားသင့်သွားကြပြီး တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေကြ၏။

မည်သို့ပင်ဆိုစေ ထုံထျန်းငွေလဲဌာန ရုံးချုပ်ရှိ ငွေသားများသည် ကောင်းဖန်နိုင်ငံတစ်ခုလုံးရှိ စီးပွားရေးအရောင်းအဝယ်များအတွက် အလွန်အရေးပါလှပေသည်။

ငွေပြားသန်းဆယ်ချီ အခိုးခံရမှုက ငွေပြားသန်းတစ်ရာဖိုးရှိ စီးပွားရေးလည်ပတ်မှုကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။

မကြာမီ နှင်းနတ်ဘုရားမြို့တွင် ရှင်းပြ၍မရသော ရုန်းရင်းဆန်ခတ်မှုကြီးတစ်ခု ဖြစ်ပွားလာခဲ့၏။ ဆိုင်ရှင်ဖြစ်စေ၊ တာဝန်ခံဖြစ်စေ၊ အစေခံများဖြစ်စေ လူတိုင်းက အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ကိုယ်ပိုင်အစီအစဉ်များကို ပြုလုပ်နေကြသည်။

ဆိုင်တစ်ဆိုင် မီးလောင်သွားပြီး မီးက အလျင်အမြန် ကူးစက်သွားလေသည်။

အစေခံများနှင့် ဆိုင်ဝန်ထမ်းများသည် လုယက်ကြရန် စတင်လာကြပြီး သူတို့၏ ကိုယ်ပိုင်ဆိုင်ရှင်ထံမှ ငွေများကို လုယူကာ အိမ်နီးချင်းဆိုင်များဆီသို့ သွား၍ ငွေပြားများကို ဆက်လက် လုယက်ကြ၏။

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် မီးလောင်ကုန်ကြသည်။

ထို့အပြင် မီးငြှိမ်းသတ်ရန် အခွင့်အရေးပင် မရှိတော့ချေ။

မည်သို့ပင်ဆိုစေ တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေတွင် လူတိုင်းက ချမ်းသာကြွယ်ဝလာစေရန်နှင့် အနာဂတ်အတွက် ပြင်ဆင်ရန် အခွင့်အရေးကို ဆုပ်ကိုင်ချင်ကြသည်။

ရလဒ်အနေဖြင့် အစေခံများနှင့် မြေအောက် ရာဇဝတ်ဂိုဏ်းအသီးသီး၏ အကူအညီဖြင့် နှင်းနတ်ဘုရားမြို့တစ်ခုလုံးသည် လုံးဝကို ပရမ်းပတာဖြစ်ကာ စည်းကမ်းမဲ့သွားလေသည်။

အချို့လူများက ငွေပြားများကို လုယက်ကြပြီး အချို့ကမူ လက်စားချေရန်နှင့် သတ်ဖြတ်ရန် အခွင့်အရေးကို ယူကာ ပို၍ပို၍ ပရမ်းပတာဖြစ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော လေထုကို ဖန်တီးနေကြ၏။

နန်းတော်မှ ထွက်ခွာလာပြီးနောက် အကြံပေးအမတ်ကြီး တာ့ဝါသည် ဒဏ်ရာများမှ ပြန်လည်သက်သာလာစေရန် အခွင့်ကောင်းယူနိုင်မည်ဟု မျှော်လင့်ကာ နှင်းနတ်ဘုရားနန်းတော်သို့ ချက်ချင်းပြန်သွားခဲ့သည်။

ဧကရာဇ်မြို့တော်တစ်ခုအနေဖြင့် နှင်းနတ်ဘုရားမြို့သည် ပရမ်းပတာဖြစ်သွားပါက နိုင်ငံ၏ အခြေခံအုတ်မြစ်ကိုပါ အန္တရာယ်ဖြစ်စေနိုင်သည့် အန္တရာယ်ရှိနေသည်။

ကျင့်ကြံခြင်းလုပ်ငန်းစဉ်တွင် ရှိနေသော အကြံပေးအမတ်ကြီး တာ့ဝါသည် ရုတ်တရက် သွေးတစ်ပွက် အန်ချလိုက်လေသည်။

"နိုင်ငံတော်ကံကြမ္မာက ဘယ်လိုလုပ်ပြီး ထပ်အားနည်းသွားရပြန်တာလဲ..."

ဝမ်းနည်းမှုနှင့် ဒေါသတို့ ပြည့်နှက်နေသော မျက်နှာဖြင့် အကြံပေးအမတ်ကြီး တာ့ဝါသည် နှင်းနတ်ဘုရားနန်းတော်ထဲမှ ချက်ချင်း ပျံသန်းထွက်ခွာလာခဲ့၏။

ထို့နောက် တောင်အောက်ရှိ နှင်းနတ်ဘုရားမြို့၏ ပရမ်းပတာဖြစ်နေသော မြင်ကွင်းကို အကြံပေးအမတ်ကြီး တာ့ဝါ မြင်လိုက်ရသည်။ နေရာအနှံ့တွင် မီးလောင်ကျွမ်းနေပြီး တစ်မြို့လုံး အမည်းရောင်မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းကာ အသက်ရှင်လျက် ငရဲအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

"ဘယ်လိုလုပ်ပြီး..."

နှင်းနတ်ဘုရားမြို့က အမှောင်ကမ္ဘာအဖြစ်သို့ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို အကြံပေးအမတ်ကြီးတာ့ဝါခမျာ လုံးဝ နားမလည်နိုင်ဖြစ်နေ၏။

"မဟာချန်မင်းဆက်က ကျင့်ကြံသူတွေ ဝင်ရောက်လာတာကို ငါ မခံစားမိပါဘူး... ဒီလို ပရမ်းပတာအခြေအနေက ဘယ်လိုဖြစ်လာရတာလဲ..."

အကြံပေးအမတ်ကြီးတာ့ဝါမှာ အူကြောင်ကြောင်ဖြစ်နေ၏။

တောင်ဘက်တောင်တန်းပေါ်တွင် ကျောက်လင်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေကာ နှင်းနတ်ဘုရားမြို့အတွင်းရှိ ကမ္ဘာပျက်မည့် မြင်ကွင်းကို ကြည့်နေရင်း သူ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာလေသည်။

"လူတိုင်းက ပရမ်းပတာအခြေအနေကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ်... ဒါပေမဲ့ နောက်ဆုံးမှာ နှင်းနတ်ဘုရားမြို့က ဓနဥစ္စာတွေအားလုံး ငါ့လက်ထဲကို ရောက်လာလိမ့်မယ်..."

ကျောက်လင်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။

နှင်းနတ်ဘုရားမြို့ကို အရင်ဆုံး ပရမ်းပတာဖြစ်စေပြီး အင်အားစုအသီးသီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခိုင်းကာ လူအနည်းငယ်၏ လက်ထဲတွင် ဓနဥစ္စာများကို စုစည်းစေလိုက်သည်။ ထို့နောက် ကျောက်လင်က သူ၏ လှုပ်ရှားမှုကို ပြုလုပ်ကာ ငွေပြားများအားလုံးကို သိမ်းပိုက်လိမ့်မည် ဖြစ်သည်။

"တန်းနျီချင်းရွှယ်က အဲ့ဒီမိန်းမစိုးကြီးနဲ့အတူ နှင်းနတ်ဘုရားမြို့ကနေ ထွက်သွားပြီး နဂါးပျံသင်္ဘောနဲ့ မဟာချန်မင်းဆက်ဆီကို ဦးတည်နေပြီ..."

"တန်းနျီချင်းရွှယ်ကို မဟာချန်မင်းဆက်ရဲ့ တော်ဝင်မိသားစုလက်ထဲ ငါက ဘယ်လိုလုပ် အကျခံနိုင်မှာလဲ..."

"နှင်းနတ်ဘုရားမြို့ကို အရင်ဆုံး ပရမ်းပတာဖြစ်ခိုင်းထားလိုက်... တန်းနျီချင်းရွှယ်ကို ငါ သွားလုယူရမယ်..."

ကျောက်လင်က တန်းနျီချင်းရွှယ်ကို ပြန်ပေးဆွဲတုန်းက သူမ၏ သွေးတစ်စက်ကို တိတ်တဆိတ် ယူဆောင်ခဲ့သောကြောင့် တန်းနျီချင်းရွှယ်၏ ပုံရိပ်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းတွင် အမြဲရှိနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကျောက်လင်သည် တန်းနျီချင်းရွှယ်၏ အခက်အခဲကို မြင်တွေ့ခဲ့ရပြီဖြစ်ရာ သဘာဝကျစွာပင် သူ လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်ရပေမည်။

ကျောက်လင်အနေဖြင့် ထိုမျှ လှပလွန်းလှသော အလှပန်းလေးကို လက်လွှတ်လိုက်ရန် လုံးဝ မဖြစ်နိုင်ချေ။

All Chapters