← Chapters

အရည်အချင်းအမျိုးမျိုး

Vol. 67 Ch. 940

အရည်အချင်းအမျိုးမျိုး

Vol. 67 Ch. 940

​

​ကောင်းကင်ဧကရာဇ် ကျောက်မျိုးဆက်၏ အဆောက်အအုံတစ်ခုရှေ့တွင်….

​ထူးခြားသောအရှိန်အဝါနှင့် ခန့်ညားသော လူငယ်များစွာ စုဝေးရောက်ရှိနေပြီး လူငယ်များရှေ့တွင် ထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ ထိုသူမှာ ပိန်ပါးသော်လည်း ရိုင်းစိုင်းပြီး ကြမ်းတမ်းသော အရှိန်အဝါကို ဖြာထွက်နေသည်။

ထိုသူက ​အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သတ္တဝါများစွာပုံစံ ရေးထိုးထားသော အနီရောင် လှံကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ စွမ်းအင်များ စီးဆင်းနေစဉ် လှံတံပေါ်တွင် ခရမ်းရောင် မျက်လုံးအမှတ်အသား နှစ်ခုကို မြင်တွေ့နိုင်သည်။

​ထိုသူမှာ ကောင်းကင်ဧကရာဇ် ကျောက်မျိုးဆက်၏ ထိပ်တန်းလူငယ် ကျောက်ရှန်ကျန်း ဖြစ်သည်။

​ကျောက်ရှန်ကျန်း၏ နောက်တွင် ခေါင်းငုံ့၍ လက်ကို စိုက်ကြည့်နေသော လူငယ်တစ်ဦး ရှိသည်။ ထိုလူငယ်၏ အကြည့်များတွင် သွေးဆာသော အငွေ့အသက်များ ပါဝင်နေသည်။

​ထိုလူငယ်မှာ လီလော့ အမှောင်နယ်မြေတွင် တွေ့ဆုံခဲ့ဖူးသည့် ကျောက်ကျင်းယွီ ဖြစ်သည်။

​လီလော့နှင့် ကျောက်ကျင်းယွီတို့ အမှောင်နယ်မြေတွင် တိုက်ခိုက်ခဲ့စဉ်က ကျောက်ကျင်းယွီ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ သို့သော် ထူးခြားသော ဆေးဝါးများဖြင့် လက်သစ်ကို ပြန်လည် ဖန်တီးနိုင်ခဲ့သည်။ သို့သော် ထိုလက်မှာ ယခင်လို မဟုတ်တော့ပေ။

ကောင်းကင်ဧကရာဇ် ကျောက်မျိုးဆက်မှ လူငယ်များနှင့် စမ်းသပ်တိုက်ခိုက်ရာတွင် ကျောက်ကျင့်ယွီ၏ စွမ်းဆောင်ရည်များ သိသိသာသာ ကျဆင်းသွားခဲ့သည်။

​ဤသည်ကလည်း ကျောက်ကျင်းယွီအတွက် လီလော့ကို မုန်းတီးပြီး သတ်ဖြတ်လိုသည့် အကြောင်းရင်းဖြစ်လာခဲ့သည်။

​ကျောက်ရှန်ကျန်းက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော ကျောက်ကျင်းယွီကို ကြည့်လိုက်ပြီး…

"လီလော့ နဂါးခေါင်းဆောင် ရာထူးကို ရရှိထားတယ်လို့ ကြားတယ်…မင်း အခုပုံစံနဲ့ သူ့ကို ရင်ဆိုင်ရင် အသာစီးရမှာ မဟုတ်ဘူး"

​"စိတ်တိုလိုက်တာ!"

ကျောက်ကျင်းယွီ၏ မျက်နှာမှာ ဒေါသဖြင့် ရှုံ့တွသွားပြီး ကျောက်ရှန်ကျန်းကို ကြည့်ကာ…

"စီနီယာ! ကျွန်တော့်အတွက် လက်စားချေပေးပါ!" ဟု တောင်းဆိုလိုက်သည်။

​ကျောက်ရှန်ကျန်းက ရက်စက်စွာ ပြုံးလိုက်ပြီး…

"ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ အခွင့်အရေး ရရင် သူ့လက်နှစ်ဖက်ကို ဖြတ်ပြီး လက်ဆောင်အဖြစ် ပေးမယ်…"

ကျောက်ရှန်ကျန်းဆိုသူက သူတို့၏ တံခွန် (၂၀) ထဲတွင် အထူးချွန်ဆုံးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သူအဖြစ် ကျော်ကြားသည်။ သူသည် မည်သူ့ကိုမျှ မညှာတာဘဲ နှစ်ပေါင်းများစွာအတွင်း သူ့လက်ချက်ကြောင့် လူတော်တော်များများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ဇိုရှန်းကျန်းမှာ ရက်စက်ခြင်း၊ တိုက်ပွဲကို စွဲလမ်းခြင်းနှင့် မညှာတာခြင်းတို့ကြောင့် လူသိများသည်။

​မည်သူမျှ ဇိုရှန်းကျန်းကို မဆွပေးလိုကြပေ။

​ကံကောင်းစွာပင် ဇိုရှန်းကျန်း၏ ပစ်မှတ်က လီလော့ ဖြစ်လာခဲ့သည်။ ကလန်နှစ်ခုကြားတွင် နက်ရှိုင်းသော မုန်းတီးမှုများ ရှိနေသဖြင့် ဇိုရှန်းကျန်းက လီလော့ကို အနိုင်ယူလိုက်လျှင် သူတို့၏ အုပ်စု သာလွန်ကြောင်း ပြသခြင်းသာ ဖြစ်ပေလိမ့်မည်။

​ဤစကားကြောင့် ကျောက်ကျင်းယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကျောက်ကျင်းယွီက လီလော့၏ ဘဝကို ငရဲခန်းအဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်!

​……

​မူလကောင်းကင် ရှေးဟောင်းကောလိပ်…

​ရှေးဟောင်းကောလိပ်၏ ဗဟိုချက်မှာ ကောင်းကင်ကို ဖုံးအုပ်ထားသော 'ပဲ့တင်ထပ်သံ စွမ်းအင်သစ်ပင်' ဖြစ်သည်။ ၎င်းမှာ ကြယ်တာယာခရီးရှည်ကောလိပ်၏ သစ်ပင်ထက် များစွာ သာလွန်သည်။

​ထိုအချိန်တွင် ကျောင်းသူအုပ်စုတစ်စု ထွက်ခွာရန် ပြင်ဆင်နေကြပြီး သူတို့ကို ပတ်ဝန်းကျင်မှ ကျောင်းသားများက နှုတ်ဆက်နေကြသည်။

​ကျောင်းသူများထဲတွင် အထူးခြားဆုံးမှာ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သွယ်လျသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမက တခြားသူမဟုတ်ဘဲ ကျောင်းသူ ကျန်းဝမ်ယုပင် ဖြစ်သည်။

သူမသည် ကြယ်သုံးပွင့်ခန်းမသို့ မကြာသေးမီကမှ ဝင်ရောက်လာသော်လည်း ကောင်းကင် ပုလဲနှစ်လုံးအဆင့်သို့ရောက်နေပြီဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ကျန်းဝမ်ယုသည် လေနှင့်မီး ပဲ့တင်ထပ်သံ (၂) မျိုးရှိသော်လည်း အေးစက်သော စိတ်ထားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

တိုက်ပွဲတွင်မူ ကျန်းဝမ်ယုက ရက်စက်ကြမ်းကြုတ်စွာပြုမူတတ်သည်။ ဤကွဲပြားခြားနားမှုကပင် ကျန်းဝမ်ယုကို ပရိသတ်များစွာ ရရှိစေသည်။

“ စီနီယာကျန်း အကောင်းဆုံးကြိုးစားခဲ့နော်… ကျွန်တော်တို့ကောလိပ်ဂုဏ်တက်အောင် ကြိုးစားခဲ့ပါ…”

“ စီနီယာကျန်း…ပဲ့တင်ထပ်သံလှိုဏ်ဂူထဲမှာ အန္တာရာယ်များတယ် ဂရုစိုက်နော်…”

​ကျန်းဝမ်ယုကတော့ တိတ်ဆိတ်နေပြီး သူမ၏ အိတ်ဆောင်စက်လုံးထဲမှ အရေးကြီးသည့်အရာများ ကျန်ရစ်ခဲ့ခြင်း ရှိမရှိ စစ်ဆေးနေသည်။

​"ဂျုနီယာ ကျန်းဝမ်ယု.."

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်။ သူမှာ ကျုံးရှား ဖြစ်သည်။ ကျုံးရှားသည် ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားဖြစ်ပြီး အသင်း၏ ခေါင်းဆောင်လည်း ဖြစ်သည်။

​ကျုံးရှားက…

"ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲ ဝင်တဲ့အခါ မင်း သတိထားရမယ့်သူတွေ ရှိတယ်။ ကောင်းကင်ဧကရာဇ် ကျောက်မျိုးဆက်ရဲ့ ကျောက်ရှန်ကျန်း၊ ကောင်းကင်ဧကရာဇ် ချင်မျိုးဆက်ရဲ့ ချင်းရီ၊ ကောင်းကင်ဧကရာဇ် ကျိုးမျိုးဆက်ရဲ့ ကျိုးတာ့ယွီ၊ ပြီးတော့ ငါ မမေ့ခင် ပြောရဦးမယ်၊ ကောင်းကင်ဧကရာဇ် လီမျိုးဆက်ရဲ့ လီလော့…သူက ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ မင်း သတိထားရမယ့်သူပဲ" ဟု အကြံပေးလိုက်သည်။

​ကျန်းဝမ်ယုက…

"ကျွန်မ သူတို့ကို အကြောင်းမဲ့ ရန်မစပါဘူး… ဒါပေမဲ့ အခွင့်အရေးအတွက် တိုက်ခိုက်ရရင်တော့ ရှောင်လွှဲလို့ မရဘူး… အချိန်တန်ရင် စီနီယာဘက်က ပိုသန်မာတဲ့ ကောင်းကင်ပုလဲအဆင့် ကျောင်းသားတွေကို ထိန်းထားပေးရင် လုံလောက်ပါပြီ"

​ ၎င်းမှာ သူ့ တာဝန် ဖြစ်သော်ကြောင့် ကျုံးရှား ခေါင်းညိတ်လိုက်သည်။

​…………

​မူလကောင်းကင် နတ်ဘုရားကုန်းမြေ၊ ရွှေနဂါးဘဏ် ရုံးချုပ်….

​ရွှေနန်းတော်အတွင်း၌ လူအများ၏ အသံများ ထွက်ပေါ်နေသည်။ ရွှေနဂါးဘဏ်သည်လည်း သူတို့၏ ပါရမီရှင် လူငယ်များကို တိုးတက်စေရန် အားထုတ်ကြပြီး အတော်ဆုံး ပါရမီရှင်များကို ပဲ့တင်ထပ်သံ လှိုဏ်ဂူသို့ စေလွှတ်ကြသည်။

ရွှေနဂါးဘဏ်သည် ‘သင့်မြတ်ခြင်းက စည်းစိမ်ဥစ္စာကို ဆောင်ကြဉ်းပေးသည်’ ဟု ယုံကြည်ထားသော်လည်း မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့ကို စီးပွားရေးသက်သက် လုပ်ကိုင်သည့်ဘဏ်တစ်ခုအဖြစ် အမှန်တကယ် မရှုမြင်ကြပေ။ ၎င်းတို့တွင် အနှိုင်းမဲ့အဆမတန်များပြားသော ဘဏ္ဍာရေးဓနဥစ္စာများ ရှိနေကြရာ ထိုရတနာများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ကြီးမားလှသော အင်အားစွမ်းပကားလည်း လိုအပ်ပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် အသတ်ခံရရန် စောင့်ဆိုင်းနေသည့် ဆူဖြိုးသောသိုးတကောင်လို ဖြစ်သွားပေလိမ့်မည်။"

​ရွှေနန်းတော်၏ အေးဆေးသော နေရာတစ်ခုတွင် အဖွဲ့တစ်ဖွဲ့ ရှိနေသည်။ အားလုံးထဲတွင် အထူးခြားဆုံးမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ရွှေနဂါးဘဏ် ရုံးချုပ်၏ ဒုတိယဥက္ကဋ္ဌတစ်ဦး၏ သမီး ပိုင်လင်းယန် ဖြစ်သည်။

ပိုင်လင်းယန်သည် သူမ၏အဖော်များနှင့် စကားလက်ဆုံကျနေသော်လည်း ရွှေရောင်ခန်းမမဏ္ဍိုင်၏ အလယ်ဗဟိုရှိ ထိုင်ခုံတစ်ခုဆီသို့ မကျေမနပ်ဖြစ်နေသော အကြည့်တို့ဖြင့် စိုက်ကြည့်နေမိသည်။

​သူမ မကျေမနပ်ဖြစ်ရသည့် အကြောင်းရင်းမှာ ပဲ့တင်ထပ်သံလှိုဏ်ဂူသို့သို့ သွားမည့်အဖွဲ့ထဲတွင် ရွှေနဂါးဘဏ်က မျှော်လင့်မထားဘဲ လူသစ်များကို ရုတ်တရက် ထည့်သွင်းပေးခဲ့သောကြောင့် ဖြစ်၏။ အထူးသဖြင့် သူမ၏အာရုံကို ဖမ်းစားထားသည့် လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးတစ်ဦး ရှိနေသည်။

​ထိုမိန်းကလေးသည် လွန်စွာမှ ထူးကဲတောက်ပလွန်းလှသည်။ သူမသည် မျက်နှာဖုံးပုဝါကို ဆင်မြန်းထားသော်လည်း မျက်ခုံးတန်းတို့က ပုဝါအောက်တွင် ဖုံးကွယ်ထားသည့် တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်သော ညို့ဓာတ်ပြင်းသည့် မျက်နှာလှလှလေးရှိကြောင်း ရိပ်စားမိစေသည်။ သူမ၏အသားအရေက ရွှေနန်းတော်၏ တောက်ပမှုပင် မှေးမှိန်သွားရလောက်အောင် ဝင်းပနေပြီး ဖြူစင်သော ဆီးနှင်းပွင့်များနှင့် ဆင်တူလှ၏။ ထို့ပြင် သူမ၏သွယ်လျသော ခြေတံရှည်များကို ဆီးနှင်းကဲ့သို့ ဖွေးဖွေးလှုပ်နေသော ခြေအိတ်ရှည်များဖြင့် ဆင်မြန်းထားရာ ခြေတံအလှကို ပိုမိုပေါ်လွင်စေပြီး မြင်တွေ့ရသူတိုင်းအား သဘာဝအတိုင်း ထင်ရှားသည့် အလှတရားတစ်မျိုးကို ခံစားမိစေသည်။

​ထိုမိန်းကလေးကို ကြည့်ရုံမျှဖြင့် ပိုင်လင်းယန်မှာ မသိစိတ်ကြောင့် အံကြိတ်မိသွာသည်။ တချိန်က သူမသည် ဤအဖွဲ့၏ ဗဟိုချက်မ ဖြစ်ခဲ့ဖူးသော်လည်း ယခုမူ သူမနှင့် အဆင့်အတန်းတူသော အခြားသော လူငယ်များက ထိုလူသစ် မိန်းကလေး၏အနားတွင်သာ ဝိုင်းအုံနေကြတော့သည်။

​"အစ်ကိုကြီး ကျောက်ရင်း... သူက ဘယ်သူလဲဟင်… ဘာလို့ အဖွဲ့ထဲကို ဒီလိုလူစိမ်းတစ်ယောက်ကို ရုတ်တရက်ကြီး ညှပ်ထည့်လိုက်ရတာလဲ… ကျွန်မ တို့ ရွှေနဂါးဘဏ်က ဘယ်လိုလူမဆို ကြုံသလို ဝင်ခွင့်ပေးရလောက်အောင်အထိ နိမ့်ကျသွားပြီလား" ဟု ပိုင်လင်းယန်က ဘေးနားရှိ လူငယ်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။

​ကျောက်ရင်းဟု ခေါ်သော လူငယ်မှာ ခေတ္တမျှ စကားဆွံ့အသွားရ၏။ သူ့ဖခင်က ရွှေနဂါးဘဏ်၏ အဆင့်မြင့် စီမံခန့်ခွဲမှုရာထူးကို ရယူထားသူ ဖြစ်သည်။ ထို့အပြင် ပဲ့တင်ထပ်သံလှိုဏ်ဂူထဲသို့ ဝင်ရောက်ခွင့်ရမည့်သူများကို ရွေးချယ်သည့်နေရာတွင်လည်း သူ့ဖခင်က တာဝန်ယူထားရသဖြင့် ဤကိစ္စနှင့် ပတ်သက်၍ သူ တစ်ခုခုကို သိထားမည်မှာ အမှန်ပင်။

​"လင်းယန်... သူ့ကို သွားပြီး ပြဿနာမရှာပါနဲ့.. သူက ငါတို့အဖွဲ့ထဲကို ကြုံသလို ထည့်လိုက်တဲ့လူ မဟုတ်ဘူး" ဟု ထိုလူငယ်က သတိပေးလိုက်သည်။

​"ဟမ်..."

​ထိုလူငယ်က လေသံကို နှိမ့်၍ ပြန်ဖြေသည်မှာ -

"သူက 'တောင်ပေါ်' က လာတာ"

​ဤစကားလုံးသည် ပြင်ပလူတစ်ဦးအတွက် ဝေခွဲမရနိုင်စရာ ဖြစ်သော်လည်း ပိုင်လင်းယန်မှာ ရွှေနဂါးဘဏ်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် အတွင်းလူတစ်ယောက်ဟု ဆိုနိုင်သည်။ ထို့ကြောင့် 'တောင်ပေါ်' ဟူသည်မှာ အဘယ်အရာကို ကိုယ်စားပြုကြောင်း ကောင်းစွာနားလည်သဖြင့် သူမ၏မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

​“တောင်ပေါ်” ဟူသော အသုံးအနှုန်းမှာ ရွှေနဂါးတောင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

​ထိုနေရာသည် ရွှေနဂါးဘဏ်၏ စစ်မှန်သော အဓိကဗဟိုချက် တည်ရှိရာနေရာပင်။

​ထိုစကားတစ်ခွန်းကြောင့် ပိုင်လင်းယန်၏ မျက်နှာအမူအရာမှာ ချက်ချင်း မှုံမှိုင်းသွားလေသည်။

​"သူ့ရဲ့ မျိုးရိုးက 'လု'တဲ့"

ထိုအခါ ​ပိုင်လင်းယန် အံတင်းတင်းကြိတ်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးထံမှ သူမ၏စူးရှသော အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။

​ရွှေနဂါးတောင်တန်းတွင် 'လု' ဟူသော မျိုးရိုးအမည်ရှိသည့် မိသားစု တစ်စုတည်းသာ ရှိသည်။ အကယ်၍ ထိုလူသစ်သာ လုမျိုးနွယ် အမှန်ဖြစ်ပါက သူမ၏ အဆင့်အတန်းမှာ မူလကောင်းကင်နတ်ဘုရားတိုက်ကြီးရှိ ရွှေနဂါးဘဏ်ဌာနချုပ်မှ လူများထက် တစ်ဆင့်မက မြင့်မားနေပေလိမ့်မည်။ သူတို့ကြားက ကွာခြားချက်မှာ မြို့တော်မှ တော်ဝင်မင်းသမီးတစ်ပါးနှင့် ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသမှ မင်းသမီးငယ်တစ်ပါးတို့၏ ကွာခြားချက်ကဲ့သို့ပင် ဖြစ်တော့သည်။

All Chapters