← Chapters

​ လျှို့ဝှက်ချက်

Vol. 67 Ch. 931

​ လျှို့ဝှက်ချက်

Vol. 67 Ch. 931

​"မူလကောင်းကင် ရှေးဟောင်းကောလိပ်က ကျန်းဝမ်ယု…"

​လီလော့ ဤစာကြောင်းကို စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။ သူသည် ယခင်က ကြယ်တာခရီးရှည်ကောလိပ်တွင် ပညာသင်ခဲ့သူ ဖြစ်ခဲ့သဖြင့် ရှေးဟောင်းကောလိပ်မှ ပါရမီရှင်များအပေါ် အထူးစိတ်ဝင်စားနေသည်။

​ကျန်းဝမ်ယုသည် ရှေးဟောင်းကောလိပ်၏ ကြယ်သုံးပွင့်ခန်းမမှ ဖြစ်သည်။ ထို့အပြင် ကောင်းကင် ပုလဲနှစ်လုံးအဆင့်တွင် ရှိနေသည်။ ၎င်းမှာ ကြယ်တာယာခရီးရှည်ကောလိပ်က ကြယ်သုံးပွင့်ခန်းမထက် များစွာ ပိုမိုသန်မာသည်။ ရှင်းလင်းသည်မှာ ရှေးဟောင်းကောလိပ်မှ ကျောင်းသားများ၏ အရည်အသွေးမှာ ပိုမိုမြင့်မားပြီး ကောလိပ်၏ အခြေခံအုတ်မြစ်မှာလည်း ပိုမိုခိုင်မာသည်။

​"အဆင့် (၈) မီးနဲ့ လေ ပဲ့တင်ထပ်သံနှစ်မျိုး" ဟု လီလော့ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

ဤပေါင်းစပ်မှုမှာ အဆင့်ကိုးတပိုင်းအဆင့်ထက် သေချာပေါက် ပိုမိုသန်မာသည်။ ပဲ့တင်ထပ်သံနှစ်မျိုး၏ စွမ်းအားများက အတူတကွ လုပ်ဆောင်နေသဖြင့် ၎င်းကို အဆင့်နိမ့် အဆင့် (၉) ဟုပင် သတ်မှတ်နိုင်သည်။

​ထို့ကြောင့် ကျန်းဝမ်ယု၏ နာမည်ကို တွေ့လိုက်ရချိန်တွင် လီလော့၏ အကြည့်များ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ ခဏအကြာတွင် စာရင်းကို ဆက်လက် ဖတ်ရှုခဲ့သည်။

ထိုစာရင်းတွင် လီချင်းဖန် အပါအဝင် ထူးခြားသည့် ပုဂ္ဂိုလ်များစွာ ပါဝင်နေသည်။

​ကောင်းကင်ဧကရာဇ်သွေးမျိုးဆက် (၄) ခုနှင့် မူလကောင်းကင် ရှေးဟောင်းကောလိပ်မှလွဲ၍ အခြားအင်အားစုများမှ ထူးခြားသည့် အရည်အသွေးရှိသူ အချို့လည်း ပါဝင်သည်။ ဤအင်အားစုများ၏ အခြေခံအုတ်မြစ်မှာ ကောင်းကင်ဧကရာဇ် အင်အားစုများထက် အားနည်းသော်လည်း ရှပြည်ထောင်စုထက်တော့ များစွာ သာလွန်သည်။ ဤနေရာတွင် အမှိုက်ဟု သတ်မှတ်ထားသောအရာပင်လျှင် ထိုနေရာတွင် ဘုရင်အဖြစ် သတ်မှတ်ခံရနိုင်သည်။ ဤအချက်တစ်ခုတည်းနှင့်ပင် အတွင်းပိုင်း နတ်ဘုရားကုန်းမြေနှင့် ကွာခြားချက် မည်မျှရှိသည်ကို ပြသနေသည်။

အပြင်ဘက် နတ်ဘုရားကုန်းမြေမှသူများကို ​လီဟုန်လီ အထင်အမြင်သေးခြင်းမှာ မဆန်းတော့ပေ။ ဤမျှ ကြီးမားသော ကွာဟချက်ကို မြင်တွေ့ရချိန်တွင် သူမက ၎င်းကို ဖုန်းဆိုးမြေအဖြစ် ရှုမြင်ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

​လီလော့က စာရင်းကို ဖတ်ရှုပြီးနောက် စာလိပ်ကို ဘေးသို့ ချကာ သက်ပြင်းချလိုက်သည်။

"ဒါက တကယ်ကို အကောင်းဆုံးထဲက အကောင်းဆုံးတွေရဲ့ စာရင်းပဲ… ရှေ့ဆက်ရမယ့်လမ်းမှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်လာမှာ သေချာတယ်" ဟု ဆိုလိုက်သည်။

​ခေါင်းကို ငုံ့၍ ဝါးပင်များကို ခုတ်ထစ်နေသည့် လီကျင်းဇယ် သာမန်သဘောဖြင့် ပြန်လည်ဖြေကြားလိုက်သည်မှာ…

"ဒါတွေက မင်းတို့မျိုးဆက်ထဲက ထူးခြားသူတွေပဲ ရှိပါသေးတယ်…ငါ ထင်တာကတော့ မင်းနဲ့ မင်းရဲ့ သူငယ်ချင်းတွေက ပဲ့တင်ထပ်သံ လှိုဏ်ဂူရဲ့ စစ်မှန်တဲ့ ဇာတ်ဆောင်တွေတောင် ဖြစ်မလာနိုင်ဘူး" ဟူ၍ပင်ါ

​ထိုစကားကို ကြားသောအခါ လီလော့ ရယ်မောလိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ တကယ်ပင် ချင်းရီလို ထိပ်တန်းပါရမီရှင်များပင် ပုလဲနှစ်လုံးအဆင့်တွင်သာ ရှိနေသည်။ ယခင်မျိုးဆက်မှ ပါရမီရှင်များမှာလည်း ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာကြလိမ့်မည်။ ထိုသူများသည် ယေဘုယျအားဖြင့် ပုလဲငါးလုံးအဆင့်ထက် ပိုမိုမြင့်မားကြမည်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားအရ အသာစီး ရရှိထားကြသူများဖြစ်ပေသည်။

​"ပဲ့တင်ထပ်သံလှိုဏ်ဂူထဲကို ဝင်ပြီးရင် ဝမ်းကွဲအစ်မလင်းကျင်းနဲ့ ကပ်နေမှပဲ" ဟု လီလော့က နောက်ပြောင်လိုက်သည်။

​လက်ရှိတွင် လီလင်းကျင်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ တဖြည်းဖြည်းနှင့် ပြန်လည် ကောင်းမွန်လာသည်။ သူ့ ခန့်မှန်းချက်အရ သူမသည် နဂါးစွယ်အစောင့်အရှောက်များနှင့် အနီးစပ်ဆုံး ဖြစ်လိမ့်မည်။

​"ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ အလွန်တန်ဖိုးရှိတဲ့ အခွင့်အရေးတွေ ရှိတယ်…မင်းရဲ့ ပဲ့တင်ထပ်သံအဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ ရတနာတွေက တန်ဖိုးဖြတ်လို့မရဘူး…ဒီလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့တဲ့ သူက တကယ်ကို ထူးခြားလွန်းတယ်.. အနည်းဆုံးတော့… အခုအချိန်မှာ မူလကောင်းကင် နတ်ဘုရားကုန်းမြေထဲမှာ အဲဒီလို လုပ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး"

​"ကောင်းကင်ဧကရာဇ်တွေတောင် မလုပ်နိုင်ဘူးလား? ပဲ့တင်ထပ်သံ လှိုဏ်ဂူကို ဖန်တီးခဲ့တဲ့သူက ဘယ်လောက်တောင် စိတ်ကူးကြည့်ဖို့ ခက်ခဲတဲ့သူလဲ"

"ငါတို့ နှစ်ပေါင်းများစွာ စုံစမ်းခဲ့ကြတယ်… ဒါပေမဲ့ လှိုဏ်ဂူမှာ ထူးဆန်းပြီး လျှို့ဝှက်တဲ့ အကာအကွယ်တွေ ရှိတယ်…အကယ်၍ အဲဒီထက် ပိုသန်မာတဲ့သူက ကျူးကျော်ဖို့ ကြိုးစားရင် လှိုဏ်ဂူတစ်ခုလုံး ပေါက်ကွဲသွားလိမ့်မယ်.. ဒါက လျှို့ဝှက်နယ်မြေကို ပြန်လည်ပြင်ဆင်လို့မရအောင် ပျက်စီးသွားစေမှာမို့လို့ ငါတို့အတွက် အကျိုးအမြတ်ထက် အရှုံးများစေတယ်… ဒါကြောင့် အတင်းအကျပ် မလုပ်ဆောင်ရဲဘူး… ဒါပေမဲ့… နှစ်ရှည်လများအတွင်းမှာ တစ်ခုခုတော့ ရှာဖွေတွေ့ရှိခဲ့တယ်"

​"ပဲ့တင်ထပ်သံ လှိုဏ်ဂူက မှတ်တမ်းတင်ထားတဲ့သမိုင်းတစ်လျှောက် အသန်မာဆုံး ရှေးဟောင်းဂိုဏ်းဖြစ်တဲ့ 'မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်းနဲ့ ဆက်စပ်နေနိုင်တယ်…"

​ထိုစာကြောင်း လီလော့၏ နားထဲသို့ ရောက်ရှိသွားချိန်တွင် လှုပ်ရှားမှုမေား ရပ်တန့်သွားပြီး မျက်လုံးများ တောက်ပလာသည်။

​မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်း?

​ထိုနေရာသည် သူရရှိထားသော ပဲ့တင်ထပ်သံပုံသွင်းခြင်း ပညာရပ်ကို ရရှိခဲ့သည့်နေရာဖြစ်သည်။ အမှန်တကယ်တော့ သူ မူလကောင်းကင် နတ်ဘုရားကုန်းမြေသို့ ရောက်လာချိန်တွင် နောက်ထပ် ရည်မှန်းချက်တစ်ခု ရှိသေးသည်။

သူသည် အနာဂတ်တွင် မြို့စားအဆင့်သို့ ရောက်ရှိချိန်တွင် ရှေ့ဆက်ရမည့်လမ်းကို ဆုံးဖြတ်ပေးမည့် 'အဆင့်မြင့် ပဲ့တင်ထပ်သံပုံသွင်းခြင်း ပညာရပ်'ကို ရှာဖွေလိုခြင်း ဖြစ်သည်။ ဤ 'မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံ ဂိုဏ်း' နှင့် ဆက်စပ်မှုမှာ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။

​"မင်းရဲ့ မိဘတွေက မင်းကို 'မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံ ဂိုဏ်း' အကြောင်း ပြောပြထားပုံပဲ" ဟု လီကျင်းဇယ်က လီလော့၏ အပြောင်းအလဲကို ခံစားမိလိုက်သည့်အတွက် မေးလိုက် သော်လည်း အလွန် အံ့ဩသွားခြင်း မရှိပေ။

​"ကျွန်တော့် မိဘတွေက 'မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်းရဲ့ အပျက်အစီးတွေထဲ ဝင်ခဲ့ကြတာ မဟုတ်လား"

​ "အင်း..…သူတို့ ပထမဆုံး အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ချိန်မှာ ဘာမှန်း မသိခဲ့ကြဘူး…ဒါက မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်းက ချန်ထားခဲ့တဲ့ အပျက်အစီးတွေလို့ ဘယ်သူမှ မထင်ခဲ့ကြဘူး…သူတို့က အဲဒီနေရာကို ဝင်ရောက်ခဲ့တဲ့ ပထမဆုံးသူတွေပဲ…သတင်းတွေ နောက်ပိုင်း ပျံ့နှံ့သွားချိန်မှာ ကုန်းမြေတစ်ခုလုံးမှာ မငြိမ်မသက်မှုတွေ ဖြစ်လာခဲ့တယ်… ကောင်းကင်ဧကရာဇ် အင်အားစုတွေတောင် စိတ်ဝင်စားခဲ့ကြတယ်..မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်း တကယ့်ကို ထင်ရှားခဲ့တာကိုး"

​"အပျက်အစီးတွေက အခု ဘယ်မှာလဲ? အဲ့ဒီ့နေရာတွေ အခုထိ ပွင့်နေတုန်းပဲလား" ဟု လီလော့က စိုးရိမ်တကြီး မေးလိုက်သည်။ အကယ်၍ အဆင့်မြင့်ပဲ့တင်ထပ်သံပုံသွင်းခြင်း ပညာရပ်အတွက် အရိပ်အမြွက် တစ်စုံတစ်ရာ လိုချင်လျှင် ထိုနေရာကို ရှာဖွေရမည် ဖြစ်သည်။

​ "အဲဒီလို ရှေးဟောင်းအပျက်အစီးတွေက သူတို့ရဲ့ ကိုယ်ပိုင် စည်းကမ်းချက်တွေနဲ့ အာကာသတွေ ရှိကြတယ်…. ကောင်းကင်ဘုရင်တွေတောင် အတင်းအကျပ် မဝင်ရောက်နိုင်တဲ့ ထူးဆန်းတဲ့ အကာအကွယ်တွေနဲ့ ကာကွယ်ထားတယ်… မင်းရဲ့ မိဘတွေက ကံကောင်းလို့ ပထမဆုံး ဝင်ရောက်နိုင်ခဲ့တာပါ…အဲဒီနောက်ပိုင်းမှာ အပျက်အစီးတွေက ကမ္ဘာပေါ်ကနေ ဘယ်သူမှ မတွေ့နိုင်အောင် ပျောက်ကွယ်သွားခဲ့ပြီး နှစ်ပေါင်းများစွာကြာသည်အထိ ပြန်ပေါ်မလာခဲ့ဘူး…ဒါပေမဲ့ တစ်နေ့နေ့မှာ ပြန်ပေါ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်…ဒါက ကောင်းကင်ဧကရာဇ် အင်အားစုအားလုံးက စောင့်မျှော်နေတဲ့အရာပဲ… အပျက်အစီးတွေ ပြန်ပေါ်လာမယ့်နေ့မှာ သူတို့အားလုံးက ဝင်ရောက်ရှာဖွေကြလိမ့်မယ်… မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်းက ထင်ရှားကျော်ကြားခဲ့တဲ့အတွက် သူတို့ချန်ထားခဲ့တဲ့ ရတနာတွေက ကောင်းကင်ဧကရာဇ် အင်အားစုတွေအတွက်တောင် ဆွဲဆောင်မှု ရှိနေဆဲပဲ"

​ထိုစကားကို ကြားသောအခါ လီလော့ အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်လည်း ထိုခံစားချက်မှာ စိတ်သက်သာရာရမှုနှင့်အတူ တွဲလျက် လိုက်ပါလာသည်။ စိတ်ပျက်ရခြင်းမှာ မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်း၏ အပျက်အစီးများ မည်သည့်အခါ ပြန်ပေါ်လာမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။ စိတ်သက်သာရာရခြင်းမှာ အခြားသူများ မဝင်ရောက်နိုင်သေးသောကြောင့် ဖြစ်သည်။ ထိုအခါ သူ လိုချင်သည့် အဆင့်မြင့်ပဲ့တင်ထပ်သံပုံသွင်းခြင်း ပညာရပ်က သူ့ကို စောင့်မျှော်နေဦးမည် ဖြစ်သည်။

​အရာအားလုံးကို အလောတကြီး လုပ်ဆောင်ရန် မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြို့စား ဖြစ်မလာသေး၍ ဤပညာရပ်ကို ရရှိရန်မှာ အရေးတကြီး ကိစ္စ မဟုတ်သေးသောကြောင့် ဖြစ်သည်။

​"နှစ်ပေါင်းများစွာအတွင်းမှာ အင်အားစုအသီးသီးက မြင့်မြတ်သော ဟင်းလင်းပြင် ပဲ့တင်ထပ်သံဂိုဏ်းကို ရှာဖွေဖို့ အခွင့်အရေးရနိုင်မလားဆိုပြီး ပဲ့တင်ထပ်သံလှိုဏ်ဂူပေါ်မှာပဲ အဓိကထား အာရုံစိုက်နေကြတယ်.. ဒါပေမဲ့ တိုးတက်မှု မရှိသလောက်ပဲ" ဟု လီကျင်းဇယ်က ရိုးသားစွာ ရှင်းပြလိုက်သည်။

"ဒါနဲ့ ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ မင်းရဲ့ ပဲ့တင်ထပ်သံအဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ ရတနာတွေ အများကြီး ရှိတယ်…အဲဒီထဲမှာ ထိပ်ဆုံးက အရာတစ်ခု ရှိတယ်… မင်းအခွင့်အရေးရရင် အဲဒါကို ရအောင် တိုက်ခိုက်ပါ"

​ထိုစကားကို ကြားသောအခါ လီလော့ စိတ်ဝင်တစား သွားသည်။

"ဘယ်လောက်ထိ ထူးခြားတဲ့ အရာမို့လို့လဲ"

​"မူလဉာဏ်အလင်းပွင့် အသီး”

ယခင်က တစ်ခါမျှ မကြားဖူးသဖြင့် ​လီလော့ ထိုစကားလုံးကို နားမလည်စွာဖြင့် ပြန်ရွတ်လိုက်သည်။

​"မကြားဖူးတာ သဘာဝပါပဲ…အဲဒီလို တန်ဖိုးရှိတဲ့ ရတနာမျိုးက အတွင်းပိုင်း နတ်ဘုရားကုန်းမြေမှာတောင် အလွန်ရှားပါးတယ်…မင်း ဒီအရာရဲ့ အရိပ်အမြွက်တွေကို မြင့်မြတ်တဲ့စစ်တလင်းမှာပဲ ရှာဖွေနိုင်လိမ့်မယ်"

​"အဲ့ဒီ့အသီးက ဘယ်လို အာနိသင်ရှိလို့လဲ."

​ "မင်း ပဲ့တင်ထပ်သံ မူလအစဆိုတာကို ကြားဖူးလား"

​ "အရင်က ကြားဖူးတယ်…ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ရှိတဲ့သူတွေပဲ ဆက်သွယ်နိုင်တာ မဟုတ်လား"

​ "အင်း…မင်းရဲ့ ပဲ့တင်ထပ်သံ မူလအစကို နားလည်ခြင်းက မင်းရဲ့ ပဲ့တင်ထပ်သံအပေါ် ပိုမိုနက်ရှိုင်းတဲ့ နားလည်မှု ရှိလာတာနဲ့ တူတူပဲ…သာမန်အားဖြင့်ဆိုရင် ဒါက ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို ရောက်ရှိပြီးသူတွေပဲ လုပ်ဆောင်နိုင်တာ… ဒါက မြို့စားတစ်ဦး မဖြစ်လာခင် မဖြစ်မနေ လိုအပ်တဲ့ အဆင့်တစ်ခုပဲလေ… တနည်းအားဖြင့် ပြောရရင် မင်းက မင်းရဲ့ ပဲ့တင်ထပ်သံ မူလအစကို နားမလည်ရင် မင်းရဲ့ မြို့စားရဲတိုက်တွေကို ဘယ်တော့မှ ပုံသွင်းနိုင်မှာ မဟုတ်ဘူး… ဒါက မြို့စားတစ်ဦး ဖြစ်လာဖို့အတွက် ပထမဆုံး အဆင့်ပဲ!"

​လီလော့ အနည်းငယ် အံ့ဩသွားသည်။ အကယ်၍ မြို့စားရဲတိုက်များကို မပုံသွင်းနိုင်လျှင် မြို့စားတစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေ။ ပဲ့တင်ထပ်သံ မူလအစကို နားလည်ခြင်းက ဤမျှ အရေးကြီးလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

​"ပဲ့တင်ထပ်သံ မူလအစကို နားလည်သူတိုင်းက သူတို့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားမှာ ဆင့်ကဲပြောင်းလဲမှုတစ်ခုကို ရရှိလိမ့်မယ်.. ဒါက အလွန်ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ..ဘာကြောင့်လဲဆိုတော့ ဒီအခွင့်အရေးက မင်း အနာဂတ်မှာ မြို့စားတစ်ဦး ဖြစ်လာနိုင်မလားဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်လို့ပဲ"

​ထိုအခိုက်တွင် လီကျင်းဇယ်က လီလော့ကို လေးနက်သော အမူအရာဖြင့် ကြည့်၍ သတိပေးလိုက်သည်။

"အကယ်၍ မင်း ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ အဲဒီအသီးအကြောင်း ကြားမိရင် အဲဒီအရာကို ရအောင် တိုက်ခိုက်ဖို့ မမေ့နဲ့…."

​လီလော့ တိတ်ဆိတ်စွာပင် ခေါင်းညိတ်၍ သဘောတူလိုက်သည်။

​ဤသည်မှာ သူ အခွင့်အရေးရလျှင် မည်သည့်နည်းဖြင့်မဆို ရယူရမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

All Chapters