← Chapters

အဆင့် (၆၃)

Vol. 67 Ch. 933

အဆင့် (၆၃)

Vol. 67 Ch. 933

​နတ်ဆိုးလှိုဏ်ဂူ၏ အဆင့် (၆၃) အတွင်း၌…..

​နေရာမှာ အဆုံးအစမရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး ဖြစ်သည်။ လက်ရှိတွင် ထိုမြက်ခင်းပြင်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ပျက်စီးယိုယွင်းလျက်ရှိပြီး အောက်ခြေရှိ မြေပြင်များမှာလည်း အပိုင်းပိုင်း ကွဲကြေနေသည်။

​စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်ယံတစ်ခုလုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံများလည်း ပဲ့တင်ထပ်နေသည်။

​အနီးကပ် လေ့လာကြည့်မည်ဆိုပါက လူပေါင်းတစ်ထောင်ကျော်တို့သည် မိမိတို့၏ ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားများအားလုံးကို စုစည်းပြီး လေထဲတွင်ရှိနေသော လူငယ်တစ်ဦးထံသို့ ပေးပို့နေသည်ကို တွေ့မြင်နိုင်သည်။

​လီလော့၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ဖြာထွက်နေ၏။

​သူ့အကြည့်များမှာ ရှေ့မှဖြတ်သန်းလာသော နတ်ဆိုးအရှိန်အဝါကြီးထံတွင် စူးစိုက်နေပြီး ပတ်ပတ်လည်တွင် နတ်ဆိုးများမှာ အဆုံးအစမရှိ များပြားလှပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသည်။

​"သူတို့တွေ ထပ်လာကြပြန်ပြီလား" ဟု လီလော့ တိုးညင်းစွာ ရေရွတ်လိုက်သည်။

သူသည် အလားတူ တိုက်ခိုက်မှုမျိုးကို (၁၀) ကြိမ်ခန့် ကြုံတွေ့ပြီး ဖြစ်သည်။ အဆင့် (၆၃) မှာ အလွန်ပင် ခက်ခဲလွန်းလှပြီး တစ်လက်မချင်းစီ တိုးတက်ရန်အတွက်ပင် ခါးသီးစွာ တိုက်ခိုက်ခဲ့ရသည်။

​"တတိယနဲ့ စတုတ္ထတပ်ခွဲတွေ အနားယူကြပါ… ကျန်တဲ့ တပ်ခွဲ (၃) ခု၊ယကတော့ မင်းတို့ရဲ့ နဂါးငွေ့တန်းပညာရပ်ကိုကို အသက်သွင်းပြီး ပေါင်းစည်းခြင်း အခြေနေကို ထိန်းထားပါ… နောက်ထပ် လှိုင်းတစ်ခုကို ငါတို့ ခုခံရဉီးမယ်" ဟု လီလော့က အမိန့်ပေးလိုက်သည်။

ထိုအခါ လီလော့၏ အသံက အစိမ်းရောင်နယ်သာတံခွန် အဖွဲ့ဝင်အားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။ ချက်ချင်းဆိုသလိုပင် တတိယနှင့် စတုတ္ထတပ်ခွဲများက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး စွမ်းအင်နှင့် ပင်ပန်းနွမ်းနယ်မှုကို ပြန်လည်ဖြည့်တင်းရန်အတွက် မျက်လုံးများကို မှိတ်လိုက်ကြသည်။

​ကျန်သူများကတော့ ပေါင်းစည်းခြင်း အခြေအနေကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။

​သို့သော်လည်း တပ်ခွဲနှစ်ခု၏ အကူအညီ မရရှိတော့သဖြင့် လီလော့ရရှိသော စွမ်းအင်ပမာဏများ လျော့နည်းသွားခဲ့သည်။ သို့သော်လည်း ကောင်းကျိုးမှာ နတ်ဆိုးများက အရေအတွက်အရသာ ခြိမ်းခြောက်မှု ရှိပြီး အရေးကြီးသော ခြိမ်းခြောက်မှု မဟုတ်ပေ။

​သူတို့၏ အဓိက ရည်ရွယ်ချက်မှာ အစိမ်းရောင်နယ်သာတံခွန် အဖွဲ့ဝင်များ၏ ပဲ့တင်ထပ်သံစွမ်းအားများ ကုန်ခမ်းစေရန်နှင့် နတ်ဆိုးခေါင်းဆောင်ထံသို့ ချဉ်းကပ်မှုကို နှောင့်နှေးစေရန်သာ ဖြစ်သည်။

​လီလော့ကတော့ တည်ငြိမ်နေဆဲပင်။ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လက်ဟန်တစ်ခုကို ပုံဖော်လိုက်သည်နှင့် သဘာဝစွမ်းအင်များ လှုံ့ဆော်ခံလိုက်ရပြီး ကောင်းကင်ယံကို ဖုံးအုပ်သွားမည့် မိုးတိမ်များအဖြစ် စုစည်းသွားကာ မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေပြင်ကို ဝေဝါးသွားစေမည့် ရေပြင်တစ်ခုလိုပင်ထင်ရလောက်သည်။

​မိုးစက်တိုင်းတွင် လျှပ်စီးဓာတ်များ ပါဝင်နေပြီး အဝေးမှ ကြည့်လျှင် အလွန်ပင် ထူးခြားဆန်းပြားသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

မြို့စားအဆင့်တပိုင်းပညာရပ် - မိုးကြိုးမုန်တိုင်း…..

​သာမန်နတ်ဆိုးများကို ရင်ဆိုင်ရန်အတွက် မြို့စားအဆင့်ပညာရပ်များ သို့မဟုတ် နဂါးငွေ့တန်းကိုးခုလို အစွမ်းထက်သည့် ပညာရပ်များကို အသုံးပြုရန် မလိုပေ။ ထိုပညာရပ်များကို အသုံးပြုမည်ဆိုပါက ပဲ့တင်ထပ်သံစွမ်းအား ကုန်ဆုံးမှု များပြားလှပြီး ပေါင်းစည်းခြင်း၏ အကူအညီဖြင် စစ်မှန်သော မြို့စားတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မြို့စားအဆင့်တပိုင်းပညာရပ်ဖြင့်ပင် လုံလောက်သော အစွမ်းကို ပြသနိုင်သည်။

​မိုးကြိုးမုန်တိုင်း ဆက်လက် ထစ်ချုန်းနေစဉ် နတ်ဆိုးအုပ်စုများက လီလော့ထံသို့ ချဉ်းကပ်ရန် ရှုပ်ထွေးစွာဖြင့် ရုန်းကန်နေကြသည်။ ဤမိုးကြိုးမုန်တိုင်းမှာ အလွန်အမင်း သတ်ဖြတ်နိုင်စွမ်း မရှိသော်လည်း ထိမိလျှင် သူတို့၏ ခန္ဓာကိုယ်များမှာ ထုံကျဉ်သွားလိမ့်မည်။ ထိုအခါ သူတို့၏ ရိုးရှင်းသော စိတ်အခြေအနေကြောင့် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လဲကျသွားကြသည်။

​ထိုအခိုက်တွင် လီလော့ လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ရာ စွမ်းအင်ရောင်ခြည်တန်းတစ်ခု မြေပြင်သို့ ကျရောက်သွားခဲ့သည်။ မြေပြင် တုန်ခါသွားပြီးနောက် ဧရာမ သစ်ပင်ကြီးတစ်ပင် ပေါက်လာကာ ၎င်း၏ အကိုင်းအခက်များက ကောင်းကင်ကို ဖုံးအုပ်သွားလေသည်။

​ထို့နောက် အကိုင်းအခက်များမှာ အမြန်ဆုံးအရှိန်အဟုန်ဖြင့် မြစိမ်းရောင် နဂါးပုံစံသို့ ပြောင်းလဲသွားကြသည်။

​လီလော့လည်း မိမိဖန်တီးလိုက်သော ထိုရက်စက်သည့် သတ္တဝါကို ကြည့်ရင်း အံ့ဩမိနေသည်။ ၎င်းမှာ မြို့စားအဆင့်တပိုင်းပညာရပ်သာ ဖြစ်သော်လည်း ပေါင်းစည်းခြင်း၏ အကူအညီဖြင့် ၎င်း၏ စွမ်းအားမှာ သူ အကြိမ်ကြိမ် အသုံးပြုနိုင်သော 'ရေနဂါးစွယ်ဓား' ထက်ပင် များစွာ သာလွန်နေသည်။

​၎င်းမှာ စွမ်းအား တိုးတက်လာခြင်းကြောင့် ရရှိလာသော အားသာချက် ဖြစ်သည်။

​မြို့စားအဆင့်များက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကောင်းကင် ပဲ့တင်ထပ်သံအဆင့်ရှိသူတို့၏ မြို့စားအဆင့်ပညာရပ်များကိုပင် အနိုင်ယူနိုင်သည်။

​"ငါ... ဒီလောက် စွမ်းအားမျိုးကို ဘယ်အချိန်မှာ ရရှိနိုင်မလဲ" ဟု လီလော့၏ စိတ်ထဲတွင် မျှော်လင့်ချက်ဖြင့် တွေးတောမိလိုက်သည်။

​ထို့နောက် သစ်သားနဂါးကြီးမှာ နတ်ဆိုးအုပ်စုများထဲသို့ ရိုင်းစိုင်းစွာ တိုးဝင်သွားပြီး ခြေလှမ်းတိုင်းတွင် ကွဲအက်သွားလေသည်။

​နတ်ဆိုးများစွာ ပျက်စီးသွားကြသော်လည်း အခြားနတ်ဆိုးများ မရပ်မနား ဆက်လက် ပေါ်ထွက်လာပြီး သစ်သားနဂါးကြီးနှင့် ထိပ်တိုက် ရင်ဆိုင်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့မှာ တစ်ခုနှင့်တစ်ခု ရောထွေးသွားသကဲ့သို့ ထင်ရသည်။

​လီလော့ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ကို ဖုံးအုပ်ထားသည့် မိုးကြိုးမုန်တိုင်းမှာ သစ်သားနဂါးကြီးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထို့နောက် သစ်သားနဂါးကြီးမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် အရောင်အဆင်း ပြောင်းလဲသွားသည်။

​မိုးစက်များ လျှပ်စီးများနှင့် ပေါင်းစပ်သွားပြီး သစ်သားနဂါးကြီး၏ အသွင်အပြင်ကို ပြောင်းလဲသွားစေခဲ့သည်။

​ဝုန်း!

​ ကျောက်စိမ်းရင့်ရောင် သစ်သားနဂါးကြီးမှာ ကြောက်စရာကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားပြီး ၎င်း၏ လက်သည်းတစ်ချက်တိုင်းက နတ်ဆိုးများကို မြက်ပင်များရိတ်သိမ်းနေသလို ပျက်စီးစေသည်။

​အသတ်ဖြတ်မြန်နှုန်းကြောင့် ကျောက်ယန်ဇီတို့လို တံခွန်အဖွဲ့ဝင်များမှာ အံ့ဩစွာ သက်ပြင်းချလိုက်ကြသည်။ လီလော့၏ မြို့စားအဆင့်တပိုင်းပညာရပ်ကို အသုံးပြုပုံမှာ အလွန်ပင် ထူးခြားလှသည်။ ၎င်းကို မြက်ခင်းပြင်ရှင်းရန်အတွက်သာ အသုံးပြုသည်ဆိုလျှင်ပင် မည်သူမျှ လီလော့ကို ဖြုန်းတီးသည်ဟု မထင်မှတ်ကြပေ။ အရေးကြီးဆုံးမှာ ထိုပညာရပ်က သူတို့၏ စွမ်းအင်ကို သက်သာစေသည်မဟုတ်လော။

​ဤပုံစံအတိုင်းဆိုလျှင် နတ်ဆိုးများ အချိန်အကြာကြီး ဆက်လက် တောင့်ခံနိုင်မည် မဟုတ်ပေ။

​သူတို့တွေ နတ်ဆိုးလှိုင်း (၁၀) လှိုင်းကျော်ကို ရင်ဆိုင်ပြီးပြီဖြစ်သောကြောင့် နတ်ဆိုးခေါင်းဆောင်နှင့် ရင်ဆိုင်ရန် အချိန်တန်ပြီ မဟုတ်လော။

​ဝုန်း!

​သစ်သားနဂါးကြီး နတ်ဆိုးများကို ရှင်းလင်းနေစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သာမန် နတ်ဆိုးတစ်ကောင်က ပါးစပ်ကို ဟ၍ တစ်စုံတစ်ရာကို ထွေးထုတ်လိုက်သည့်အခါ နက်မှောင်နေသော ဆူးချွန်တစ်ခုက စိတ်ကူးယဉ်ဖို့ ခက်ခဲသော အရှိန်ဖြင့် လီလော့၏ ခေါင်းဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။

​၎င်းအတွင်း၌ ကြောက်စရာကောင်းသော အော်ဟစ်သံများ ပါဝင်နေသည်။

​"နတ်ဆိုးခေါင်းဆောင်ရဲ့ ဝိညာဉ်ဆူးချွန်! ခန်းမသခင်! သတိထားပါ! အဲဒါက နတ်ဆိုးခေါင်းဆောင်ပဲ!"

ရုတ်တရက် ဖြစ်ပျက်မှုကြောင့် တံခွန်အဖွဲ့ဝင်များက လီလော့ကို သတိပေးလိုက်ကြသည်။ သို့သော် သူတို့၏ အသံများ မရောက်ရှိမီပင် အနက်ရောင် ရောင်ခြည်တန်းက လီလော့၏ ခေါင်းထံသို့ ရောက်ရှိသွားခဲ့ချေပြီ။

​သို့သော် ထိုအချိန်တွင် လီလော့၏ ခန္ဓာကိုယ်၌ နဂါးအမှတ်အသားတစ်ခု ပေါ်လာပြီး အတွင်း၌ အလင်းရောင်များ ဖြာထွက်နေသည့် အကြေးခွံကိုးခု ရှိနေကာ နဂါး ဟိန်းသံကို လူတိုင်း ကြားလိုက်ရသည်။

​နဂါးအမှတ်အသား အသက်ဝင်သွားချိန်တွင် လီလော့၏ ခန္ဓာကိုယ် ရုတ်တရက် ကြီးထွားလာပြီး အရေပြားပေါ်တွင် နဂါးအကြေးခွံများ ပေါ်လာပြီး လက်သည်းများကလည်း နဂါးလက်သည်းသဖွယ် ပြောင်းလဲသွားကာ ထက်မြက်သောအလင်းများ ဖြာထွက်နေသည်။

​ယခုအခါ လီလော့မှာ လူတပိုင်း နဂါးတစ်ပိုင်းသတ္တဝါ ဖြစ်သွားခဲ့ပြီ….

​ဒင်!

နဂါးအမှတ်အသားနှင့် ​ဆူးချွန် ထိမိချိန်တွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ထိုးဖောက်နိုင်ခြင်း မရှိဘဲ ပျက်စီးသွားသည်။

​သို့သော် လီလော့ မူးဝေသွားပြီး ခြေလှမ်း (၃၀) ခန့် အနောက်သို့ယိမ်းယိုင် သွားပြီးမှသာ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။

​ထိုအခါ လီလော့၏ အမူအရာ အေးစက်သွားပြီး အဝေးသို့ စိုက်ကြည့်လိုက်သည်။ အစက သာမန် နတ်ဆိုးတစ်ကောင်ဟု ထင်ရသောသူမှာ ရုတ်တရက် ကြီးထွားလာပြီး ပေရာနှင့်ချီ မြင့်မားသွားသည်။

ထိုနတ်ဆိုးတွင် ခေါင်းများစွာနှင့် လက်များစွာ ရှိပြီး မျက်နှာတိုင်းမှာ ရက်စက်သည့် အမူအရာများ ရှိသည်။ သူ အသက်ရှူလိုက်တိုင်း အနက်ရောင်လေများ ထွက်ပေါ်လာပြီး ထိုနတ်ဆိုး ပေါ်ထွက်လာသည်နှင့် ကြောက်စရာကောင်းသော ဖိအားများ မြေပြင်သို့ ကျရောက်လာသည်။

​၎င်းမှာ အဆင့် (၆၃) ၏ နတ်ဆိုးခေါင်းဆောင် ဖြစ်သည်။

​သူသည် လိမ္မာပါးနပ်စွာဖြင့် သာမန်နတ်ဆိုးများကြားတွင် ပုန်းကွယ်နေခဲ့ပြီး လီလော့ အကာအကွယ်မရှိချိန်တွင် တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

​နတ်ဆိုးခေါင်းဆောင်၏ ဝိညာဉ်ဆူးချွန်ဖြင့် လီလော့၏ ခေါင်းကို ထိုးဖောက်ရန် ကြိုးစားခဲ့ခြင်းမှာ လီလော့ကို ဒဏ်ရာရရှိစေပြီး ဆုတ်ခွာသွားစေရန် ဖြစ်သည်။

​ကံကောင်းစွာပင် လီလော့က 'အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ' ကို ကျင့်ကြံထားခဲ့သည်။ ထိုအရေးပေါ် အခြေအနေတွင် သူ့ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်ကာ ကာကွယ်ပေးခဲ့သဖြင့် တိုက်ခိုက်မှု ပျက်စီးသွားခဲ့သည်။

​"ခန်းမသခင်!"

​"စိတ်မပူကြပါနဲ့…အားလုံး အနားယူတာ ရပ်လိုက်ကြတော့…ငါတို့ အစွမ်းကုန် တိုက်ခိုက်ပြီး ပေါင်းစည်းခြင်း စွမ်းအားတွေအပြည့်အဝကို သုံးရမယ်… နတ်ဆိုးခေါင်းဆောင်က ငါတို့ ရှေ့မှာ ရှိနေပြီ! ဒါက အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကို ရောက်ဖို့အတွက် နောက်ဆုံးအတားအဆီးပဲ!"

​"ကောင်းပါပြီ ခန်းမသခင်!"

တံခွန်အဖွဲ့ဝင် (၈,၀၀၀) စိတ်ဓာတ်မြင့်တက်လျက် လီလော့ကို စိုက်ကြည့်နေကြသည်။ ထိပ်ဆုံးနေရာကို ရရှိခြင်းမှာ လူငယ်တိုင်း၏ ရည်မှန်းချက် ဖြစ်သည်။ အစိမ်းရောင်နယ်သာတံခွန်ကို လီတိုင်ရွှမ် ထိပ်ဆုံးသို့ ခေါ်ဆောင်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ လီလော့သည်လည်း ထိုရာထူးကို ရယူပြီး ဂုဏ်ယူဖွယ်ရာကို ပြန်လည် ဆောင်ကြဉ်းပေးတော့မည်။

အဆုံးမရှိသော စွမ်းအင်များကို ခံစားရပြီးနောက် လီလော့က နတ်ဆိုးခေါင်းဆောင်ကို စိုက်ကြည့်ရင်း မိမိကိုယ်ကို တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ငါ သစ်သားနဂါးစွယ်ဓားကို အောင်မြင်စွာ ကျင့်ကြံနိုင်မလားဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်၊ နတ်ဆိုးလေး..."

All Chapters