သတိပေးစကားများ
Vol. 67 Ch. 934
"မဟူရာမြစ်ရဲ့နဂါးအလံတော်!"
မဟူရာမြစ်၏ လှိုင်းလုံးများပေါ်တွင် စီးနင်းလျက် ခန့်ညားပြီး သက်ဝင်လှုပ်ရှားနေသော နဂါးကြီး လေထဲသို့ ပျံတက်သွားပြီး ဧရာမ စွမ်းအင်လှိုင်းများ တိုက်ပွဲဝင်ရာနေရာအနှံ့သို့ ရိုက်ခတ်သွားကယ အဆင့် (၃) မြို့စားအဆင့်ရှိ နတ်ဆိုးခေါင်းဆောင်၏ မျက်နှာဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ဝုန်း!
ထိုအခါ ကြမ်းတမ်းသော စွမ်းအင်မုန်တိုင်းကြီး ပေါက်ကွဲထွက်လာပြီး အောက်ခြေရှိ မြေပြင်မှာ အရပ်မျက်နှာအနှံ့သို့ ကွဲထွက်သွားသည်။
၎င်းမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုပင်။
နတ်ဆိုးခေါင်းဆောင်မှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် လွင့်စင်သွားခဲ့ပြီး ရိုက်ခတ်မှုကြောင့် လက်တစ်ဖက် ဖျက်စီး ခံလိုက်ရသဖြင့် ဒဏ်ရာမှ ထူထဲသောအနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။
သို့သော် နတ်ဆိုးခေါင်းဆောင်က အလွန်ပင် ခံနိုင်ရည်ရှိသည်။ လီလော့၏ အပြည့်အဝ အားဖြည့်ထားသော မဟူရာမြစ်၏နဂါးအလံတော်ပညာရပ် အပြင်းအထန် ထိမှန်ထားသော်လည်း ခိုင်မာစွာ ဆက်လက် ရပ်တည်နေဆဲပင်။
ဝေါင်းးးး!
နတ်ဆိုးခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားကာ တိမ်တိုက်များကို တုန်ခါသွားစေသည်။
"နဂါးငွေ့တန်းကိုးခုအသွင်းပြောင်းလဲခြင်းပညာရပ်… ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်း!"
လီလော့ အကာအကွယ် ဆက်လယူားပြီး တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသဖြင့် ကြီးမားလှသော စွမ်းအင်များ စုစည်းသွားပြီး ဧရာမ ကောင်းကင်နဂါးပုံစံအဖြစ် ပြောင်းလဲသွားသည်။ ထိုကောင်းကင်နဂါးကြီးမှာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးအုပ်သွားပြီး နတ်ဆိုးခေါင်းဆောင်ထံမှ ထွက်ပေါ်လာသော နတ်ဆိုးအရှိန်အဝါကို တန်ပြန်နိုင်ရန်အတွက် နဂါးဖိအားများထုတ်လွှတ်နေသည်။
ရွေ့လျားနိုင်ခြင်းမရှိသော တောင်ကြီးသဖွယ် တောင့်တင်းသန်မာသည့် နတ်ဆိုးခေါင်းဆောင်မှာ ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်း၏ ဖိအားအောက်တွင် ခြေထောက်များ မြေပြင်ထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားသည်ကို ခံစားလိုက်ရသည်။
နတ်ဆိုးခေါင်းဆောင်၏ အရှိန်၊ စွမ်းအားနှင့် နတ်ဆိုးစွမ်းအင်များအားလုံး ဖိနှိပ်ခံလိုက်ရပြီ…
” ကောင်းကင်နဂါး လျှပ်စီး..!"
လီလော့ တွန့်ဆုတ်ခြင်းမရှိဘဲ ကောင်းကင်နဂါး လျှပ်စီးပညာရပ်ကို အသုံးပြုလိုက်ပြန်သည်။ထိုအခါ ကောင်းကင်နဂါး၏ ပုံရိပ်က ပါးစပ်ကို ဟလိုက်ပြီး လျှပ်စီးများမှုတ်ထုတ်လိုက်သည်။ နောက်တစ်ခဏတွင် ၎င်းမှာ ကြယ်ကြွေသကဲ့သို့ နတ်ဆိုးခေါင်းဆောင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။
လီလော့၏ ကောင်းကင်နဂါး လျှပ်စီးပညာရပ်ကို ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်းပညာရပ်ဖြင့် အားဖြည့်ခြင်း ခံလိုက်ရသဖြင့် သတ်ဖြတ်နိုင်စွမ်း ပိုမိုမြင့်တက်သွားခြင်း ဖြစ်သည်။
လီလော့သည် နဂါးငွေ့တန်းကိုးခုပညာရပ်များနှင့် အသားကျစေရန် နတ်ဆိုးလှိုဏ်ဂူကို အသုံးပြုခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်းပညာရပ်၏ နောက်ထပ် လက္ခဏာတစ်ခုကို တွေ့ရှိခဲ့ရသည်။ ၎င်းမှာ နဂါးငွေ့တန်းကိုးခုပညာရပ်များ၏ အခြားသော စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် စွမ်းရည်ပင် ဖြစ်သည်။
ဤအချက်ဖြင့် ကောင်းကင်နဂါး ပဲ့တင်ထပ်သံ ဉာဏ်အလင်းပညာရပ်က နဂါးငွေ့တန်းကိုးခုပညာရပ် (၁၈) ခုထဲတွင် အရှားပါးဆုံးတစ်ခု ဖြစ်ရသည့် အကြောင်းရင်းကို လီလော့ နားလည်သွားခဲ့သည်။
ကောင်းကင်ယံမှတဆင့် လျှပ်စီးများ နတ်ဆိုးခေါင်းဆောင်ဆီသို့ တိုက်ရိုက် ထိုးနှက်သွားသော်လည်း နတ်ဆိုးက အဆုံးသတ်ကို ငြိမ်ခံမနေခဲ့ပေ။ သူသည် ပါးစပ်ကို ဟလိုက်ပြီး ကြီးမားသော နတ်ဆိုးစွမ်းအင်များ စီးဆင်းလာကာ အနက်ရောင် ဓားကြီးတစ်လက်အဖြစ် စုစည်းသွားသည်။ ထိုဓားဖြင့် ခုတ်လိုက်သောအခါ ပေပေါင်းသောင်းချီ ရှည်လျားသော နတ်ဆိုးစွမ်းအင် ဓားအလင်းတန်းကြီး ကောင်းကင်သို့ ထိုးတက်သွားသည်။
ထိုဓားချက်က နဂါးလျှပ်စီးများနှငွ တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံသွားသည်နှင့် ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများမှာ တိုက်ပွဲဝင်ရာနေရာအနှံ့သို့ ရိုက်ခတ်သွားကာ အထက်ရှိ တိမ်တိုက်များမှာ အပိုင်းပိုင်း ပြိုကွဲသွားပြီး တိုက်ပွဲဝင်ရာနေရာတစ်လျှောက် အဆုံးမရှိသော ချိုင့်ဝှမ်းများ ပွင့်ထွက်သွားသည်။
ဤကြောက်စရာကောင်းသော စွမ်းအင်မုန်တိုင်းမှာ ခဏမျှကြာပြီးနောက်မှသာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
လီလော့ လေထဲကနေ တိုက်ပွဲအပြီးမြင်ကွင်းကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။ လက်ရှိတွင် လီလော့သည် ပေါင်းစည်းခြင်းမှ ရရှိနိုင်သော စွမ်းအင်၏ တစ်ဝက်ကို အသုံးပြုပြီး ဖြစ်သည်။ သို့သော် နတ်ဆိုးခေါင်းဆောင်မှာ ရှုံးနိမ့်ခြင်း မရှိသေးပေ။ နတ်ဆိုးခေါင်းဆောင်မှာ အသက်ရှင်ကျန်ရစ်နေဆဲဖြစ်ပြီး ခံနိုင်ရည်ကို ပြသနေသဖြင့် လီလော့ ထင်ထားသည်ထက် ပိုမိုခက်ခဲနေသည်။
၎င်းမှာ အဆုံးသတ်တိုင်အောင် ခါးသီးသော တိုက်ပွဲ ဖြစ်လာလိမ့်မည်။
"အားလုံး၊ ဆက်တိုက်ဖို့ စွမ်းအား ကျန်သေးလား" ဟု လီလော့က လေးနက်သော အသံဖြင့် မေးလိုက်သည်။
လီလော့၏ အဖွဲ့ဝင် (၈,၀၀၀) ၏ မျက်နှာများမှာ ဖြူဖျော့နေေသော်လည်း လက်တွေ့ လုပ်ဆောင်ချက်များဖြင့်သာ ပြန်လည်ဖြေကြားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ သူတို့၏ အမူအရာများ ပြတ်သားသွားပြီး စွမ်းအားအားလုံးကို လီလော့လက်ရှိအသုံးပြုနေသောပညာရပ်ထံသို့ ပေးပို့လိုက်သည်။
ဤသည်က နောက်ဆုတ်ခြင်း မရှိဘဲ စွမ်းအားအားလုံးကို လီလော့အတွက် ပေါင်းစည်းခြင်း ထံသို့ ပေးအပ်လိုက်ခြင်းပင်။
လီလော့သည်လည်း မိမိခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ထပ်မံ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အစိမ်းရောင်နယ်သာတံခွန်အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်သည်။
သူတို့နှင့် နတ်ဆိုးခေါင်းဆောင်ကြားတွင် မည်သူ အောင်ပွဲခံမည်ကို ဆုံးဖြတ်မည့် နောက်ဆုံး တိုက်ပွဲ ဖြစ်လာတော့မည်။
ထိုအခါ လီလော့၏ အကြည့်များ ထက်မြက်သွားပြီး လျှပ်စီးများ ဝန်းရံထားသော ယပ်တောင်တခုထဲသို့ စွမ်းအင်များကို စုစည်းလိုက်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်ကာ အစွမ်းကုန် လွှဲယမ်းလိုက်သည်။
နောက်တစ်ခဏတွင် လေတိုးသံများပြင်းထန်လာပြီး မိုးခြိမ်းသံများ ပဲ့တင်ထပ်ကာ လျှပ်စီးများ ကောင်းကင်ယံကို ဖုံးအုပ်သွားသည်။ ၎င်းမှာ လီလော့၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်လိမ့်မည်။
……
နတ်ဆိုးလှိုဏ်ဂူရှေ့ရှိ ကွင်းပြင်တွင် နဂါးစွယ်ကလန်မှ အခြားတံခွန် (၃) ခုက ကျောက်တံတိုင်းပေါ်ရှိ အလင်းဖန်သားပြင်ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် လီဖုန်းယီနှင့် လီဖူလင်တို့ ကွင်းပြင်ရှိ ကျောက်သာဇရပ်အတွင်းသို့ ရောက်ရှိလာကြသည်။
သူတို့ ရောက်ရှိလာသည်ကို သတိပြုမိလိုက်သော တံခွန်အဖွဲ့ဝင်များက စိတ်ဝင်တစားဖြင့် ကြည့်ရှုလိုက်ကြသောအခါ လီဖူလင်၏ ဝတ်စုံကို ကြည့်ခြင်းဖြင့် နဂါးစွယ်အစောင့်အရှောက်များမှ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
ကောင်းကင်နဂါးကလန်၅ ခု၏ အစောင့်အရှောက် တပ်မတော်မှာ လူငယ်များ ရောက်ရှိနိုင်သည့် အမြင့်ဆုံးနေရာ ဖြစ်သည်။ ၎င်းမှာ တံခွန် (၂၀) ထဲမှ အကောင်းဆုံးများ စုဝေးရာဖြစ်သဖြင့် လူတိုင်း၏ ရည်မှန်းချက်ပင် ဖြစ်သည်။
သို့သော်လည်း အစောင့်အရှောက် တပ်မတော်ထဲသို့ ဝင်ရောက်ရန် လိုအပ်ချက်များမှာ အလွန်ပင် တင်းကျပ်လှသည်။ အနည်းဆုံး ကောင်းကင်စစ်သူကြီးအဆင့် ရှိမှသာ အရည်အချင်း ပြည့်မီပေမည်။
လီဖူလင် ရောက်ရှိလာသည်ကို သတိပြုမိလိုက်သော လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့ မတ်တပ်ထရပ်လိုက်ပြီး သူမကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
လီဖူလင်က အပြုံးဖြင့်သာ နှုတ်ဆက်လိုက်ပြီး အလင်းဖန်သားပြင်ဆီသို့ အကြည့်ပို့လိုက်သည်။
အစိမ်းရောင်နယ်သာတံခွန်က ရွှေသွေးတံခွန်နှင့် ပထမနေရာအတွက် သရေကျနေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများမှာ တောက်ပသွားသည်။
နဂါးစွယ်ကလန် တံခွန် (၄) ခု၏ ယခင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ လီဖူလင်သည်လည်း နတ်ဆိုးလှိုဏ်ဂူအတွင်း လုပ်ဆောင်ချက်များကို ကောင်းစွာ ရင်းနှီးသည်။ အလားတူပင် ထိပ်ဆုံးနေရာသို့ ရောက်ရှိရန် မည်မျှ ခက်ခဲသည်ကိုလည်း သူမ နားလည်သည်။
"တံခွန်ဦးစီး လီလော့က တော်တော်လေး အရည်အချင်းရှိပုံပဲ" ဟု လီဖူလင်က ချီးကျူးစကားဆိုလိုက်သည်။
"ဒါပေမဲ့ လီလော့က လီတိုင်ရွှမ်ရဲ့ အဆင့်အထိတော့ အဝေးကြီး လိုသေးတယ်… အနည်းဆုံးတော့ လီတိုင်ရွှမ် အစိမ်းရောင်နယ်သာတံခွန်ရဲ့ တံခွန်ဦးစီး ဖြစ်တုန်းက ပထမနေရာအတွက် ဘယ်သူနဲ့မှ သရေကျခဲ့တာမျိုး မရှိဘူး" ဟု သူမက လျင်မြန်စွာ ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လီဖုန်းယီက လီလော့ဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။
"ဝမ်းကွဲအစ်မ…. ဒါက သင့်လျော်တဲ့ နှိုင်းယှဉ်ချက် မဟုတ်ဘူးနော်… လီလော့က အစိမ်းရောင်နယ်သာတံခွန်မှာ ရှိနေတာ တစ်နှစ်တောင် မပြည့်သေးပေမဲ့ အရာရာကို ပြောင်းလဲပေးနိုင်ခဲ့တယ်… သူက မကြာသေးခင်ကမှ အပြင်ဘက် နတ်ဘုရားကုန်းမြေကနေ ပြန်ရောက်လာတာ ဖြစ်လို့ သူ့ရဲ့ ကျင့်ကြံမှုကို နောက်ကျစေခဲ့တယ်… အကယ်၍ သူသာ တတိယဦးလေးလိုမျိုး နဂါးစွယ်ကလန်မှာ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့ရင် သေချာပေါက် ပိုသန်မာတဲ့ စွမ်းအားတစ်ခု ဖြစ်လာမှာပဲ!"
"ဒါက မှန်ကောင်းမှန်နိုင်ပါတယ်… ဒါပေမဲ့... ဒါတွေက ဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေတွေပဲလေ"
"လီလော့ အဆင့် (၆၃) ကို ရှင်းလင်းပြီးတဲ့အခါ အစိမ်းရောင်နယ်သာတံခွန်က ထိပ်ဆုံးမှာ တစ်ဦးတည်း ရှိနေလိမ့်မယ်"
"ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့"
မိန်းကလေးနှစ်ဦး အငြင်းပွားနေသည်ကို ကြည့်ရင်း လီကျင်းထောင်မှာ မည်သည့်စကားမျှ မပြောဘဲ ပြုံးနေလိုက်သည်။ သူသည်လည်း ရလဒ်ကို စိတ်ရှည်စွာ စောင့်ဆိုင်းရင်း အလင်းဖန်သားပြင်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
တျန့်ဖုန်းရှန်မှာလည်း ကျောက်သားဇရပ်၏ အစွန်းတွင် ရပ်၍ ဂရုတစိုက် ကြည့်ရှုနေစဉ် လူတစ်ဦး သူ့ဆီသို့ လျှောက်လာသည်ကို သတိပြုမိလိုက်သည်။
"အကြီးအကဲ လုဇီ…." တျန့်ဖုန်းရှန် ထိုသူကို ချက်ချင်း မှတ်မိသွားပြီး ထိုသူ့ကို ခေါင်းညိတ်ပြလိုက်သည်။ ယ
ဤပုဂ္ဂိုလ်မှာ ရွှေအလင်းတံခွန်၏ ယခင်မျိုးဆက်မှ တံခွန်ဦးစီး ဖြစ်သည်။
"ရွှေရောင်အလင်းတံခွန်ကို ဦးဆောင်ခဲ့တဲ့ တျန့်ဖုန်းရှန်…မင်းက နဂါးစွယ်ကလန်ရဲ့ တံခွန် (၄) ခုထဲမှာ ထိပ်ဆုံးမှာ မဟုတ်ဘူးလား…ဘယ်လိုလုပ်ပြီး လမ်းတစ်ဝက်ကနေ ဖြတ်လာတဲ့သူရဲ့ အနောက်ကို ရောက်သွားရတာလဲ" ဟု လုဇီက အပြုံးဖြင့် မေးလိုက်သည်။
"အရင်တုန်းက ခန်းမသခင်ကြီးက မင်းကို အများကြီး ချီးကျူးခဲ့တယ်…လက်ရှိမျိုးဆက်ရဲ့ ရွှေအလင်းတံခွန်က ငါတို့မျိုးဆက်ထက် အများကြီး သန်မာတယ်လို့ ပြောခဲ့တယ်…ဒါပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်က သူ့ရဲ့ မျှော်လင့်ချက်ကို မပြည့်မီဘူးလို့ ထင်ရတယ်"
ထက်မြက်လှသော စကားများကို ရင်ဆိုင်ရင်း တျန့်ဖုန်းရှန်က တည်ငြိမ်သော မျက်နှာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"အကြီးအကဲ လုဇီက ကျွန်တော့်ကို အလွန်အမင်း ချီးကျူးနေတာပဲ… လီချင်းဖုန်းတောင် လီလော့ကို မတားဆီးနိုင်ရင် ကျွန်တော် ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ"
လုဇီက ရယ်မော၍ " ဒါပေမယ့် မင်းက လီလော့နဲ့အစိမ်းရောင်နယ်သာတံခွန်ရဲ တိုးတက်မှုကို တားဆီးဖို့ ဘာမှ မလုပ်ခဲ့ဘူး…တကယ်ဆို မင်း လုပ်နိုင်တာပဲလေ… နောက်ဆုံးမှာ ဘာမှ မပြောင်းလဲသွားရင်တောင်မှ သူ့ကို နှောင့်နှေးစေပြီး အချိန်အနည်းငယ် ရနိုင်ခဲ့မှာ…ဘာမှ မလုပ်ဘဲနေခဲ့တဲ့အတွက် လီလော့ တိုးတက်လာပြီး အစိမ်းရောင်နယ်သာခန်းမထဲကို ဝင်ရောက်လာအောင် ခွင့်ပြုလိုက်တာပေါ့… ဥပမာအားဖြင့် အစိမ်းရောင်နယ်သာခန်းမရဲ ခန်းမသခင်အသစ်ကို ကလန်ခေါင်းဆောင်က လီလော့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ကျေနပ်လို့ ချွင်းချက်အနေနဲ့ ရွေးချယ်လိုက်တာလေ၊ ဟုတ်တယ်မလား? အကယ်၍ အစိမ်းရောင်နယ်သာခန်းမ ပတ်ဝန်းကျင်မှာ အခြေအနေပြောင်းလဲမှုတွေ ရှိလာရင် ဒါက ငါတို့ ရွှေအလင်းခန်းမကို မလွဲမသွေ သက်ရောက်မှု ရှိလိမ့်မယ်.. အစိမ်းရောင်နယ်သာခန်းမက ရွှေအလင်းခန်းမရဲ့ အခွင့်အရေးအချို့ကို သိမ်းယူသွားတာကို မင်း သတိရသင့်တယ်"
ဤစကားများကို ကြားရသောအခါ တျန့်ဖုန်းရှန် သေချာစွာ စဉ်းစားလိုက်သည်။ ထို့နောက် လုဇီကို စိုက်ကြည့်ရင်း "ဒီစကားတွေက ဘယ်သူ့ဆီကလဲ" ဟု မေးလိုက်သည်။
လုဇီ၏ လက်ရှိအခြေအနေဖြင့် ရွှေအလင်းခန်းမ၏ ကိစ္စရပ်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် အခွင့်အရေး မရှိပေ။
" ခန်းမသခင် ကျောက်ရွှမ်းမင်ဆီကမလား… လက်ရှိ အခြေအနေတွေအပေါ် မကျေမနပ်ဖြစ်ပြီး ငါ့ကို ဆူပူနေတယ်လို့ ဆိုလိုတာလား?"
သို့သော်လည်း လုဇီက အနည်းငယ်သာ ပြုံး၍… "တျန့်ဖုန်းရှန်၊ ငါတို့နှစ်ယောက်စလုံးက တိုက်ရိုက်မျိုးဆက် မဟုတ်ကြဘူး… ငါတို့က ရွှေအလင်းခန်းမရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးပြီး ငါတို့အတွက် အကျိုးရှိမယ့် အရာတွေကို လုပ်ဆောင်သင့်တယ်… ဒါကြောင့် ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ လီလော့ရဲ့ အမိန့်တွေကို မျက်စိစုံမှိတ်ပြီး မလိုက်နာပါနဲ့…သူ အသုံးချတာ မခံရစေနဲ့... အကယ်၍ အခွင့်အရေးရရင် သူ့ခရီးစဉ် ချောမွေ့မသွားအောင် တစ်စုံတစ်ရာ လုပ်ဆောင်လိုက်… သိသာအောင်တော့ မလုပ်နဲ့ဉီးနော်… ဘာ့ကြောင့်လဲဆိုတော့သူက ကလန်အကြီးအကဲရဲ့ အချစ်ဆုံး မြေးလေ…”
တျန့်ဖုန်းရှန်က နားထောင်သော်လည်း ဆက်လက် မှတ်ချက် မပေးတော့ပေ။
လုဇီက သူ့ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် တိုးညင်းသော အသံဖြင့်… "မှတ်ထားပါ.. ဒီနေ့ မင်း ဒီနေရာမှာ ရှိနေတာက ရွှေအလင်းခန်းမကြောင့်ပဲ" ဟု ပြော၍ စကားကို အဆုံးသတ်လိုက်သည်။
ပြောစရာရှိသည်များကို ပြောပြီးနောက် လုဇီ ထွက်ခွာသွားခဲ့သည်။
တျန့်ဖုန်းရှန်ကတော့ မူလနေရာ တိတ်ဆိတ်စွာပင် ရပ်နေပြီး မရေမရာသော အကြည့်များဖြင့် ဖန်သားပြင်ကို မော့ကြည့်နေလေတော့သည်။