လီဝူရွမ်
Vol. 67 Ch. 936
"ညီလေး… ဂုဏ်ယူပါတယ်! နဂါးစွယ်ကလန်မှာ နတ်ဆိုးလှိုဏ်ဂူရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ!" ဟု လီကျင်းထောင်က ဝမ်းမြောက်စွာဖြင့် ချီးကျူးလိုက်သည်။
လီလော့၏ အောင်မြင်မှုက နဂါးစွယ်ကလန်၏ ဂုဏ်သတင်းကို မြှင့်တင်ပေးလိုက်သဖြင့် သူ့ လေသံထဲတွင် ဝမ်းမြောက်မှုများ ပေါ်လွင်နေသည်။
နဂါးပျံတက်ခြင်းပွဲမှာ လီလော့၏ ကိုယ်ပိုင်စွမ်းအားကို ပြသခြင်း ဖြစ်သည်။ နတ်ဆိုးလှိုဏ်ဂူမှာမူ လီလော့၏ တံခွန်ကို ဦးဆောင်နိုင်စွမ်းကို စမ်းသပ်ခြင်း ဖြစ်သည်။ အဆင့်သတ်မှတ်ချက်တွင် အစိမ်းရောင်နယ်သာတံခွန်က တံခွန် (၂၀) ထဲတွင် အသန်မာဆုံး ဖြစ်ကြောင်းကို တိုက်ရိုက် သက်သေပြလိုက်သည်။
ပို၍အရေးကြီးသည်မှာ ၎င်းမှာ နဂါးသွေးကလန်အတွက် အရှုံးတစ်ခု ဖြစ်သွားခဲ့သဖြင့် နောင်လာမည့်ရက်များတွင် သူတို့မှာ ယခင်ကလို လွှမ်းမိုးနိုင်တော့မည် မဟုတ်ပေ။
လီဖုန်းယီကလည်း ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြုံးရွှင်နေသည်။ လီဖုန်းယီက ရှေ့သို့တိုးကာ လီလော့၏ ပုခုံးကို ပုတ်လိုက်ပြီး လီဖူလင်ကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်ကာ…
"ဝမ်းကွဲအစ်မ …အခုဆိုရင် နဂါးပျံတက်ခြင်းပွဲနဲ့ နတ်ဆိုးလှိုဏ်ဂူ ထိပ်ဆုံးနေရာ နှစ်ခုစလုံးက နဂါးစွယ်ကလန်မှာပဲ ရှိနေပြီ… အစ်မ ဘယ်လို ထင်လဲ"
လီဖူလင်က လီလော့ကို သေချာစွာ စိုက်ကြည့်လိုက်ပြီး သူ့အကြည့်များက လီလော့၏ မျက်နှာပေါ်တွင် ခဏမျှ ရပ်တန့်နေသည်။ လီတိုင်ရွှမ်နှင့်လီလော့တို့ ရုပ်ချင်းဆင်သည်ကို သူမ မြင်တွေ့နေရသည်။ လီတိုင်ရွှမ်၏ ပုံရိပ်မှာ သူမ၏ မိခင် အမြဲတမ်း ပြောပြလေ့လေ့ရှိသည့်အရာ အကြောင်းအရာပင်။
သူမ၏ မိခင်မှာ ငယ်စဉ်က မူလကောင်းကင် နတ်ဘုရားကုန်းမြေတွင် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ရင်း အခက်အခဲများနှင့် ကြုံတွေ့နေရစဉ် ကံကောင်းစွာဖြင့် လီတိုင်ရွှမ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
လီတိုင်ရွှမ်၏ အလွန်သန်မာသော စွမ်းအားနှင့် ခန့်ညားသော ပုံစံမှာ မည်သည့်အမျိုးသမီးကိုမဆို စွဲဆောင်နိုင်လောက်သည်။ ထိုအချိန်မှစ၍ လီတိုင်ရွှမ်မှာ သူမ၏ နှလုံးသားထဲတွင် အခိုင်အမာ ကိန်းဝပ်သွားခဲ့သည်။ လီတိုင်ရွှမ်သည် နေမင်းကြီးကဲ့သို့ တောက်ပနေပြီး သူ့ကို ချစ်ခင်သူများပြားလှသဖြင့် လီဖူလင်၏ မိခင်မှာ ထိုခံစားချက်ကို ဘယ်သောအခါမျှ ထုတ်ဖော်မပြသရဲခဲ့ပေ။
နောက်ပိုင်းတွင် သူမ၏ မိခင်သည် မိမိမနှစ်သက်သည့်သူနှင့် လက်ထပ်ရန် စီစဉ်ပေးခြင်း ခံခဲ့ရသည်။ သူတို့တွေ နှစ်ပေါင်းများစွာ အတူနေထိုင်ရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသော်လည်း အဆင်မပြေမှုများကြောင့် နောက်ဆုံးတွင် ကွဲကွာသွားခဲ့ကြသည်။ ထိုအခါ လီဖူလင်က မိခင်နှင့်အတူ လိုက်ပါသွားခဲ့ပြီး လီတိုင်ရွှမ်ကို ပြိုင်ဘက်ကင်းသူအဖြစ် သတ်မှတ်ရန် လွှမ်းမိုးမှု ခံခဲ့ရသည်။
သူမ အရွယ်ရောက်လာပြီး တံခွန် (၂၀) သို့ ဝင်ရောက်ကာ နောက်ဆုံးတွင် နဂါးစွယ်အစောင့်အရှောက်များဆီသို့ ရောက်ရှိချိန်၌ လီတိုင်ရွှမ်၏ စွမ်းဆောင်ချက်များကို ပိုမိုသိရှိလာခဲ့သည်။ ထို့ကြောင့် သူမ၏ ကိုးကွယ်စိတ်များ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် လီတိုင်ရွှမ်၏ သားဖြစ်သူ လီလော့နှင့် တွေ့ဆုံချိန်တွင် လီဖူလင်၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
တစ်နည်းအားဖြင့် လီလော့ကိုမြင်ရသည့်အခါ ရင်းနှီးမှု တစ်စုံတစ်ရာ ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် ငြင်းပယ်ချင်စိတ်လည်း ရှိနေသည်။
လီလော့ပင် ဖြစ်နေပါစေဉီတော့ လီတိုင်ရွှမ်နှင့် မည်သူ ယှဉ်နိုင်ပါ့မလဲ။
လီဖူလင်က ခါးသီးစွာ ပြုံးလိုက်ပြီး…
"တံခွန်ဦးစီး လီလော့က တကယ်ကို ပါရမီရှင်တယောက်ပဲ… တံခွန် (၂၀) ထဲမှာ ထိပ်ဆုံးနေရာကို ရယူနိုင်တာ ချီးကျူးစရာ ကောင်းပါတယ်။"
လီဖူလင်သည် လီလော့၏ အောင်မြင်မှုကို အထင်မသေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်လည်း တံခွန် (၂၀) တွင် အချိန်ဖြုန်းခဲ့ဖူးသည်။ ထိုနေရာမှာ နဂါးစွယ်ကလန်၏ ပါရမီရှင်များ စုဝေးရာဖြစ်ပြီး သူတို့ကို အထင်သေးခြင်းမှာ မိမိကိုယ်ကိုယ် အထင်သေးခြင်းနှင့် အတူတူပင် ဖြစ်သည်။
လီဖုန်းယီက လက်မလျှော့ဘဲ "ဒါဆို လီလော့ကို တတိယဦးလေးနဲ့ ဘယ်လို ယှဉ်မလဲ" ဟု မေးလိုက်သည်။
လီဖူလင်က သူမကို စူးရဲစွာ ကြည့်လိုက်ပြီး…
"ခန်းမသခင် လီတိုင်ရွှမ်က ပြိုင်ဘက်ကင်းတဲ့သူ… သူ ထွက်ခွာသွားပြီးနောက်ပိုင်း မူလကောင်းကင် နတ်ဘုရားကုန်းမြေမှာ သူ့အဆင့်ကို ဘယ်သူမှ မရောက်နိုင်သေးဘူး….နဂါးခေါင်းဆောင်တွေ အများကြီး ရှိပေမဲ့ လီတိုင်ရွှမ်က တစ်ယောက်တည်းပဲ ရှိတယ်!"
ထို့နောက် လီလော့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
လီလော့ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ နောက်ဆုံးစကားက သူ့ကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပုံရသည်။ သို့သော် လီဖူလင် အဘယ့်ကြောင့် သူ့အဖေအပေါ် ဒီလောက်ထိ စွဲလမ်းနေရသနည်း။
လော့လန်အိမ်တော်တွင် နေထိုင်စဉ်က လီလော့တို့သားအဖ အမြဲတမ်း ရန်ဖြစ်နေကြသော်လည်း အပြင်ဘက်တွင် အနည်းငယ် ပုံစံပြောင်းသွားသည်။ လီလော့က ဖခင်ဖြစ်သူ ဂုဏ်တက်စေရန် လေးစားမှု ရှိကြောင်း ပြသလိုက်သည်။
"ကျွန်တော့် အဖေအစား ကျေးဇူးတင်ကြောင်း ပြောပါရစေ။"
ဤစကားကို ကြားသောအခါ လီဖူလင်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
လီဖုန်းယီက ရယ်မောချင်စိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေရင်း…
"နင် အပြင်ရောက်လာပြီဆိုတော့ အားလုံးနဲ့ မိတ်ဆက်ပေးမယ်..သူက ဝမ်းကွဲအမ လီဖူလင်… အရင်မျိုးဆက်က တံခွန်ဦးစီးဟောင်း ဖြစ်ပြီး အခုဆိုရင် နဂါးစွယ်အစောင့်အရှောက်တွေထဲ ရောက်နေပြီ… သူလည်း ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ ပါဝင်မှာ…."
လီလော့ အခြားသူနှစ်ဦးဆီသို့ လှည့်ကြည့်လိုက်တော့ ထိုသူများမှာ ရွှေအလင်းတံခွန်၏ ယခင်မျိုးဆက် တံခွန်ဦးစီး လုဇီနှင့် အစိမ်းရောင်နယ်သာတံခွန်၏ တံခွန်ဦးစီး လီရွှမ်းတို့ ဖြစ်ကြသည်။
လုဇီက ပြုံး၍ နှုတ်ဆက်ပြီး လီရွှမ်းက ရှုပ်ထွေးသော အကြည့်ဖြင့် လက်ကို ဆုပ်ကိုင်လိုက်ကာ…
“အရင် ခန်းမသခင်က အစိမ်းရောင်နယ်သာတံခွန်ကို ပြိုင်ဘက်ကင်းတဲ့ ဂုဏ်ကျက်သရေဆီ ခေါ်ဆောင်သွားခဲ့တယ်။ ဒီနေ့ တံခွန်ဦးစီး လီလော့…မင်းက သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ အရောင်အဝါကို ပြန်လည် ဆောင်ကြဉ်းပေးခဲ့တယ်…ဒါက အနာဂတ်မှာ ပြောပြစရာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တစ်ခု ဖြစ်လာမှာပါ။"
လီလော့က ပြုံး၍..
"ဒါပေမဲ့ ဒီနေ့အထိ အစိမ်းရောင်နယ်သာတံခွန်ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းထားတာက အရင်မျိုးဆက် တံခွန်ဦးစီးတွေပဲ။ သူတို့ကသာ အစိမ်းရောင်နယ်သာတံခွန်နဲ့ ခန်းမကို မျှော်လင့်ချက်တွေ ထားရှိနိုင်အောင် လုပ်ပေးခဲ့တာပါ… အစ်ကိုတို့ရဲ့ အခြေခံအုတ်မြစ် မရှိရင် ကျွန်တော် ဒီနေရာအထိ ရောက်နိုင်မှာ မဟုတ်ဘူး"
လီလော့နေနှင့် လီရွှမ်း၏ ခံစားချက်ကို နားလည်နိုင်သည်။ လီရွှမ်း၏ အောင်မြင်မှုမှာ လီလော့နှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျသော်လည်း အခြားတစ်ဖက်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန် နူးညံ့စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
လီရွှမ်း ရှက်ရွံ့သွားပြီး….
"တံခွန်ဦးစီးလီလော့က အရည်အချင်းတွေနဲ့ ပြည့်စုံနေတာမို့ နဂါးစွယ်အစောင့်အရှောက်တွေဆီ ရောက်တဲ့အခါ တောက်ပနေမှာ သေချာပါတယ်..အစိမ်းရောင်နယ်သာတံခွန်အတွက် အမှတ်တချို့ ရနိုင်မှာပါ.."
လီလော့က ခေါင်းခါလိုက်ပြီး…
"နဂါးစွယ်အစောင့်အရှောက်မှာ အထူးချွန်ဆုံး ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာ ကျွန်တော် ဘယ်လိုလုပ် လုပ်တိုးနိုင်မှာလဲ..တောင်ပေါ်မှာ ကျားမရှိရင် မျောက်က ဘုရင်ဖြစ်မှာပေါ့…"
လီဖုန်းယီက နှုတ်ခမ်းကို စူလိုက်ပြီး…
"ဟေ့၊ နင်က ဟန်ဆောင်နေတာပဲ.. နင်က မျောက်ဆိုရင် ငါတို့က ဘာဖြစ်မလဲ…"
လီလော့မှာ စိတ်ပျက်စွာဖြင့် စကားရပ်လိုက်ရသည်။
သူ တကယ်ကို ရိုးသားစွာ ပြောခြင်းသာ ဖြစ်သည်။ နဂါးစွယ်အစောင့်အရှောက်တွေထဲမှာ သူ့ကို ချက်ချင်း အနိုင်ယူနိုင်တဲ့သူတွေ မရှိလောက်ပါဘူး... ဟုတ်တယ်မလား…
လီဖူလင်က လီလော့ကို စူးရဲစွာ ကြည့်၍…
"တံခွန်ဦးစီး လီလော့၊ လီဖုန်းယီက နင် လီလင်းကျင်းနဲ့ အရမ်းရင်းနှီးတယ်လို့ ပြောတယ်… သူ အခု နဂါးစွယ်ကလန်မှာ ရှိနေတာလား" ဟု ရုတ်တရက် မေးလိုက်သည်။
ဤမေးခွန်းကြောင့် လီလော့ အံ့ဩသွားရသည်။
"အစ်မက ဝမ်းကွဲအစ်မ လီလင်းကျင်းကို သိလို့လား"
"သိတာပေါ့… ငါတို့က တစ်မျိုးဆက်တည်းပဲ၊ သူလဲ နာမည်ကြီးခဲ့ဖူးတယ်…သူ နဂါးစွယ်ကလန်ကို ပြန်လာပြီး ငါနဲ့ ယှဉ်ပြိုင်ဖို့ အမြဲတမ်း မျှော်လင့်ခဲ့ပေမဲ့..."
"ဝမ်းကွဲအစ်မ လီလင်းကျင်းက ကံကောင်းပါတယ်.. သက်သာနေပြီမို့ ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာလည်း ပါဝင်မှာပါ..”
"ဒါကို ငါ စောင့်မျှော်နေတာ…"
လီဖူလင်၏ အကြည့်ထဲတွင် စိတ်အားထက်သန်မှုများ ပေါ်လွင်နေသည်။
လီဖုန်းယီက…
"ဒီနေ့က နဂါးစွယ်ကလန်အတွက် အောင်ပွဲခံရမယ့်နေ့ပဲ.. ငါ အားလုံးကို အစားအသောက်တွေနဲ့ ဧည့်ခံပေးမယ်!"
ဤစကားကြောင့် လူတိုင်း ပြုံးရွှင်သွားကြသည်။
…………..
နဂါးစွယ်ကလန်တွင် ပျော်ရွှင်စရာ အငွေ့အသက်များ ရှိနေချိန်တွင် နဂါးသွေးကလန်ဘက်တွင်မူ အေးစက်သွားခဲ့သည်။ တစ်နေရာလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမပြောရဲကြပေ။
လီချင်းဖုန်း ခေါင်းမော့၍ နတ်ဆိုးလှိုဏ်ဂူ အဆင့်သတ်မှတ်ချက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
သူ့နောက်တွင် လီဟုန်လီနှင့် အခြားတံခွန်ဦးစီးနှစ်ဦးမှာလည်း အလားတူပင် စိတ်ပျက်နေကြသည်။
သူတို့အဖို့ နတ်ဆိုးလှိုဏ်ဂူ၏ ထိပ်ဆုံးနေရာကို ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးမားသော အရှုံးတစ်ခု ဖြစ်သည်။ ဤသည်မှာ သူတို့၏ နောက်ဆုံး အားကိုးရာ ဖြစ်ပြီး ယခုဆို နဂါးသွေးကလန်မှာ အစိမ်းရောင်နယ်သာတံခွန်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
"ဒီလောက်တောင် စိတ်ဓာတ်ကျနေကြတာလား၊ နတ်ဆိုးလှိုဏ်ဂူက အရမ်း ဝမ်းနည်းစရာ ကောင်းတဲ့နေရာ ဖြစ်သွားပြီထင်တယ်" ဟု တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသဖြင်် စိတ်အနှောင့်အယှက်ဖြစ်နေသော အဖွဲ့ဝင်များက ထိုသို့ ရဲဝံ့စွာ ပြောဆိုရဲသူကို ကြည့်ရန် ခေါင်းလှည့်လိုက်ကြသည်။
သူတို့၏ အကြည့်များ ကွင်းပြင်ထဲသို့ လျှောက်လာသော လူအုပ်စုတစ်ခုဆီသို့ ရောက်သွားတော့ ထိုသူတို့မှာ ထူးခြားသော အရှိန်အဝါများ ရှိပြီး ဖိနှိပ်မှု အာရုံကို ပေးစွမ်းနိုင်သည်။ အထူးခြားဆုံးမှာ သူတို့၏ သွေးနီရောင် တိုက်ပွဲဝင်ဝတ်စုံများ ဖြစ်သည်။
"နဂါးသွေး အစောင့်အရှောက်တွေလား?" ဟု တံခွန်အဖွဲ့ဝင်များက မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။ ထို့နောက် ရှေ့ဆုံးမှ လူဆီသို့ အကြည့် ရောက်သွားသည်။
ထိုသူသည် သူရဲကောင်းဆန်သော အမူအရာရှိပြီး အရပ်ရှည်သွယ်လျသော လူငယ်ဖြစ်သည်။မျက်ခုံးများက ဓားကဲ့သို့ ထက်မြက်ပြီး ထူးခြားသော အရှိန်အဝါကို ဖြာထွက်နေသည်။
လီချင်းဖုန်းနှင့် လီဟုန်လီတို့ ထိုသူကို မြင်လိုက်ရချိန်တွင် အံ့ဩသွားကြသည်။
လီဟုန်လီ၏ မျက်လုံးများ တောက်ပလာပြီး ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်သည်က…
"ဝမ်းကွဲအစ်ကို လီဝူရွမ်?" သူမ သူ့နာမည်ကို အော်ခေါ်လိုက်ချိန်တွင် ကွင်းပြင်တခုလုံး တုန်ခါသွားတော့မတတ်ပင်။
လီဝူရွမ်… ဤသူမှာ ယခင်မျိုးဆက်၏ ရွှေသွေးတံခွန်ဦးစီး တဖြစ်လဲ ယခင်မျိုးဆက်၏ နဂါးခေါင်းဆောင်ပင်ဖြစ်လေသည်။