သန္ဓေတည်စ ဓားရိပ်
Vol. 67 Ch. 938
ဉာဏ်အလင်းပွင့် ဆေးလုံးသည် လီလော့အတွက် အလွန်ပင် အရေးပါလှသည်။ ၎င်းမှာ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ၏ ဒုတိယမြောက် နဂါးစွယ်ဓား ဖြစ်သည့် 'သစ်သားနဂါးစွယ်ဓား' ကို ကျင့်ကြံနိုင်ရန် အထောက်အကူ ဖြစ်စေနိုင်သည်။
လီလော့တွင် ပင်မ ပဲ့တင်ထပ်သံ (၃) မျိုး ရှိသည့်အနက် သစ်သားနှင့် နဂါး ပဲ့တင်ထပ်သံတို့အတွက် နဂါးစွယ်ဓားများ ဖန်တီးရန် လိုအပ်နေသေးသည်။
"သစ်သားနဂါးစွယ်ဓားကို ကျင့်ကြံပြီးရင် နဂါး ပဲ့တင်ထပ်သံ တစ်မျိုးပဲ ကျန်တော့တယ်"
လီလော့ သက်ပြင်းချလိုက်မိသည်။ ရေနှင့်အလင်း ပဲ့တင်ထပ်သံမှာ အဆင့် (၈) အောက်အဆင့် ဖြစ်ပြီး သစ်သားနှင့်မြေ ပဲ့တင်ထပ်သံမှာ ဝိညာဉ်အရည်များနှင့် သန့်စင်သော အလင်းတန်းများဖြင့် အားဖြည့်ပေးထားသဖြင့် အဆင့် (၇) အထက်အဆင့်သို့ ရောက်ရှိနေသည်။ သို့သော် လျှပ်စီးနဂါး ပဲ့တင်ထပ်သံကတော့ အဆင့် (၇) အောက်အဆင့်တွင်သာ ရှိနေသေးသည်။
အကယ်၍ အခြားသော ပဲ့တင်ထပ်သံများကို အသုံးပြု၍ နဂါးစွယ်ဓားကို ဖန်တီးလိုလျှင် ၎င်းတို့မှာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ အခြား ပဲ့တင်ထပ်သံများမှာ အပိုဆောင်းသာ ဖြစ်ပြီး ပဲ့တင်ထပ်သံစွမ်းအားကို ပိုမိုသန့်စင်ပြီး သန်မာစေနိုင်သော်လည်း ပင်မ ပဲ့တင်ထပ်သံဖြစ်သော ရေနှင့်အလင်း ပဲ့တင်ထပ်သံလောက် မသန်မာပေ။
လီလော့၏ နားလည်မှုအရ အခြား ပဲ့တင်ထပ်သံများက အဆင့် (၈) အောက်လျော့နေပါက အောင်မြင်နိုင်ခြေ အလွန်ပင် နည်းပါးသည်။
ထို့ကြောင့် လီလော့၏ ရည်မှန်းချက်မှာ ပဲ့တင်ထပ်သံ လှိုဏ်ဂူ၌ သစ်သားမြေ ပဲ့တင်ထပ်သံနှင့် လျှပ်စီးနဂါး ပဲ့တင်ထပ်သံတို့ကို အဆင့် (၈) သို့ ရောက်ရှိစေရန် ဖြစ်သည်။
အကယ်၍ ၎င်းကို အောင်မြင်နိုင်လျှင် ပဲ့တင်ထပ်သံ (၃) မျိုးစလုံး အတူတူပင် ဖြစ်လာလိမ့်မည်။ ထိုအခါ လီလော့ ပိုင်ဆိုင်ထားသော ပဲ့တင်ထပ်သံစွမ်းအားမှာ အဆင့် (၉) အလယ်အဆင့်ထက်ပင် ကျော်လွန်သွားလိမ့်မည်။
အဆင့် (၉) ပဲ့တင်ထပ်သံများတွင်သာ အဆင့်ခွဲ (၃) ခု ရှိသည်။ လူအများစုက ထိုကွဲပြားခြားနားမှုကို မခွဲခြားနိုင်ကြပေ။ အဆင့် (၉) ပဲ့တင်ထပ်သံရှိသူနှင့် တွေ့ဆုံခြင်းမှာပင် ရှားပါးလှပြီး အဆင့် (၉) အောက်၊ အလယ် သို့မဟုတ် အထက် ဖြစ်ခြင်းမှာ အရေးမကြီးပေ။ ထိုသူတို့မှာ လုံးဝ ကွဲပြားခြားနားသော အဆင့်တွင် ရှိနေသူများ ဖြစ်သည်။
အခြားသူများ၏ အမြင်တွင် သူဌေးတစ်ဦးမှာ သူဌေးတစ်ဦးသာ ဖြစ်ပြီး မည်မျှ ချမ်းသာသည်ကို စိတ်မဝင်စားကြပေ။
လီလော့အနေနှင့် ပါရမီရှင်များ ပြည့်နှက်နေသော အတွင်းပိုင်း နတ်ဘုရားကုန်းမြေ၌ပင် အဆင့် (၉) အလယ်အဆင့် ပဲ့တင်ထပ်သံရှိသူနှင့် မတွေ့ဖူးသေးပေ။
လီလော့ အကောင်းဆုံး တွေ့ခဲ့ရသည်မှာ ချင်းရီ၏ အဆင့်နိမ့်အဆင့် (၉) ရေပဲ့တင်ထပ်သံ ဖြစ်သည်။ ထို့အပြင် 'ဝိညာဉ်စား နတ်ဆိုး' ကို ရင်ဆိုင်ပြီးနောက် အဆင့်တက်လာသည့် လီလင်းကျင်း၏ 'ငရဲမြွေ' ပဲ့တင်ထပ်သံလည်း ရှိသေးသည်။
"ကျန်းချင်းအာကို တွေးကြည့်ရင် သူ့ရဲ့ အလင်း ပဲ့တင်ထပ်သံက အဆင့် (၉) အလယ်အဆင့် ဖြစ်မလား" ဟု လီလော့ တွေးတောမိလိုက်သည်။
စိတ်ကို ပြန်လည် စုစည်းပြီးနောက် လီလော့သည် ဉာဏ်အလင်းပွင့် ဆေးလုံးထံသို့ အာရုံစိုက်လိုက်ပြန်သည်။ နဂါးစွယ်ဓားတစ်လက်ကို ထပ်မံ ဖန်တီးခြင်းမှာ အလွန်ပင် ခက်ခဲလှပြီး ယခုအချိန်အထိ 'ရေနဂါးစွယ်ဓား' တစ်လက်ကိုသာ ဖန်တီးနိုင်သေးသည်။ ၎င်းမှာ လီကျင်းဇယ်၏ ကောင်းကင်ဘုံကျောင်းကြာပန်း၏ အကူအညီကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသော ရတနာများမှာ မြို့စားများပင် တန်ဖိုးထားသည့်အရာများ ဖြစ်သဖြင့် နောက်တစ်ကြိမ် တောင်းဆိုရန် လီလော့ မဝံ့ရဲပေ။
ထို့ကြောင့် လီလော့၏ နောက်ထပ် အစီအစဉ်မှာ ဤဆေးလုံးကို အားကိုးရန် ဖြစ်သည်။ ၎င်း၏ အာနိသင်မှာ ကောင်းကင်ဘုံကျောင်းကြာပန်းနှင့် မယှဉ်နိုင်သော်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။
ထို့အပြင် သစ်သားနဂါးစွယ်ဓားကို တကြိမ်တည်းနှင့် ဖန်တီးနိုင်မည်ဟု မမျှော်လင့်ထားပေ။ လက်ရှိ ရည်မှန်းချက်မှာ 'စကြဝဠာ ဓားအလိုဆန္ဒ' ဖြင့် ပုံစံတစ်ခုကို အရင်ဆုံး ဖန်တီးရန် ဖြစ်ပြီး နောက်ဆုံးတွင် အတွေ့အကြုံများ ရရှိလာချိန်၌ အောင်မြင်လာပါလိမ့်မည်။
ထိုအတွေးက စိတ်သက်သာရာ ရစေသဖြင့် ဉာဏ်အလင်းပွင့်ဆေးလုံး ကို ပါးစပ်ထဲသို့ ထည့်လိုက်ရာ အေးမြသော စွမ်းအင်တစ်ခု ခန္ဓာကိုယ်အနှံ့ လှည့်ပတ်သွားသည်။ထိုအခါ ပို၍ပင် စိတ်ကြည်လင်လာပြီး ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ပဲ့တင်ထပ်သံစွမ်းအားကို သိသာစွာ ခံစားလိုက်ရသည်။
ထို့ကြောင့် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး သူ၏ စိတ်အခြေအနေကို ခန္ဓာကိုယ်အတွင်းသို့ နှစ်မြှုပ်လိုက်သည့်အခါ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ပြီး ကြီးမားသော ဓား၀င်္ကပါကို ခံစားမိလိုက်သည်။
ထို၀င်္ကပါကနေ အလွန်ထက်မြက်သော ဓားဆန္ဒများ ဖြာထွက်နေပြီး ထိုဓားဆန္ဒများ ဖြတ်သန်းသွားပါက ပဲ့တင်ထပ်သံစွမ်းအားများပင် ပျက်စီးသွားလိမ့်မည်။
ထိုဓား၀င်္ကပါ၏ ထောင့်တစ်နေရာတွင် အပြာရောင် နဂါးစွယ်ဓားတလက် ငြိမ်သက်စွာ ရှိနေပြီး ၎င်းမှာလည်း အဆုံးအစမရှိသော ဓားဆန္ဒများ ဖြာထွက်နေ၏။
လီလော့က ရေနဂါးစွယ်ဓားကို တိတ်ဆိတ်စွာပင် ချီးကျူးပြီးနောက် 'စကြဝဠာ ဓားဆန္ဒ' ထဲသို့ စိတ်နှစ်လိုက်သည်။
ပြီးခဲ့သည့် တစ်လလုံး အနားမယူဘဲ ဓားဆန္ဒများကို စုဆောင်းခဲ့သဖြင့်အောင်မြင်နိုင်ခြေ မြင့်တက်လာနိုင်သည်။
ထိုစိတ်ကူးနှင့်အတူ စကြဝဠာ ဓားဆန္ဒများ လီလော့၏ ရှေ့တွင် စုစည်းသွားပြီး သစ်သားနဂါးစွယ်ဓား၏ အခြေခံပုံစံအဖြစ် ပေါင်းစပ်လိုက်သည်။
တစ်နာရီကြာပြီးနောက်...
ပျောက်ကွယ်သွားသော စကြဝဠာ ဓားဆန္ဒများကို လီလော့ စိုက်ကြည့်လိုက်ပြီး ဗလာနတ္တိ ဖြစ်သွားပြီးသဖြင့် တိတ်ဆိတ်သွားခဲ့သည်။
ခါးသီးသော ကြိုးပမ်းမှုများကြားမှ စကြဝဠာ ဓားအဆန္ဒအမျင်၂၀ ထိုသို့ပင် ကုန်ဆုံးသွားခဲ့ပြီ… .
"တကယ်ပဲ ဒီလောက် ခက်တာလား" ဟု လီလော့ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
ရေနဂါးစွယ်ဓားကို ဖန်တီးတုန်းက အောင်မြင်နိုင်ခြေ ယခုလောက် မနိမ့်ကျခဲ့ပေ။သို့သော် ယခုအချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားရသည်။
"ဒါဟာ ကောင်းကင်ဘုံကျောင်း ကြာပန်း ရဲ့ အာနိသင်ကြောင့် ဖြစ်မလား" ဟု လီလော့ စဉ်းစားမိလိုက်သည်။
၎င်းမှာ အရင်နှင့် ယခုကြားရှိ အဓိက ကွာခြားချက် ဖြစ်သည်။ ကောင်းကင်ဘုံကျောင်းကြာပန်းကို အသုံးပြုစဉ်က အရာအားလုံး လွယ်ကူနေသည်။ သို့သော် ယခုအခါ ဉာဏ်အလင်းပွင့်ဆေးလုံး၏ အကူအညီဖြင့် ဖန်တီးမှုတွင် ကွာခြားချက်များစွာ ရှိနေသည်။
၎င်းမှာ ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားနေသည်။
ကောင်းကင်ဘုံကျောင်းကြာပန်းက မြို့စားများပင် လိုချင်သည့် ရတနာ ဖြစ်သည်မှာ မဆန်းတော့ပေ။ ဆေးလုံးတစ်လုံးက မည်သို့ ယှဉ်နိုင်ပါ့မလဲ။
လီလော့ စိတ်ကို ငြိမ်သက်အောင် ထားပြီးနောက် ကျန်ရှိနေသော စကြဝဠာ ဓားဆန္ဒများကို နဂါးစွယ်ဓားပုံစံထဲသို့ ပေါင်းစပ်ရန် ဆက်လက် လုပ်ဆောင်ပြန်သည်။
လာမည့် ရက်အနည်းငယ်အတွင်း သစ်သားနဂါးစွယ်ဓားကို ဖန်တီးရန် အချိန်နှင့် အားထုတ်မှုအားလုံးကို အသုံးပြုခဲ့သည်။ တိုးတက်မှု နှေးကွေးသော်လည်း သစ်သားနဂါးစွယ်ဓား၏ အောင်မြင်နိုင်ခြေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့သည်။
ပဉ္စမမြောက်နေ့တွင် လီလော့ စုဆောင်းထားသော စကြဝဠာ ဓားဆန္ဒများအားလုံး ကုန်ဆုံးသွားသော်လည်း သစ်သားနဂါးစွယ်ဓားကတော့ ပြီးမြောက်ခြင်း မရှိသေးပေ။
အစိမ်းရောင်ဓား၏ မှေးမှိန်သော ပုံရိပ်မှာ နဂါးစွယ်ဓား၀င်္ကပါထဲတွင်ပေါ်လာသော်လည်း ပုံရိပ်ယောင်တခုလို ဝေဝါးနေသည်။
၎င်းမှာ သစ်သားနဂါးစွယ်ဓား ဖြစ်သည်။ သို့သော်လည်း မပြီးမြောက်သေးသဖြင့် 'သန္ဓေတည်စ ဓားရိပ်' ဟုသာ ခေါ်ဆိုနိုင်သည်။
၎င်းမှာ လီလော့၏ ခါးသီးသော ကြိုးပမ်းမှုများ၏ ရလဒ် ဖြစ်သည်။
"သန္ဓေတည်စ ဓားရိပ် ရှိတာက ဘာမှမရှိတာထက် ပိုကောင်းပါတယ်" ဟု လီလော့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
ထို့နောက် အပြင်ဘက်ကို အာရုံစိုက်လိုက်ကာ ခုတင်ပေါ်မှ ဆင်းကာ ဆန့်တန်းလိုက်ပြီး ကောင်းကင်ကို ကြည့်ရှုရန် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
"မနက်ဖြန်ပဲ…"
ထိုသို့ဆိုရင်း လီလော့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပေါ်လာခဲ့သည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပြီး မူလကောင်းကင် နတ်ဘုရားကုန်းမြေရှိ လူငယ်များအားလုံး စုဝေးရောက်ရှိလာတော့မည်။
ဖွင့်လှစ်ချိန်တိုင်းတွင် ပါရမီရှင်များစွာက နာမည်ဂုဏ်သတင်းကျော်ကြားလာရန် အကောင်းဆုံး ယှဉ်ပြိုင်ကြသည်။ သူတို့ထဲမှ အတော်ဆုံးသူများက ထိပ်ဆုံးသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကောင်းကင်ဧကရာဇ် မှတ်တမ်းထဲသို့ ဝင်ရောက်ကာ သူတို့၏ နာမည်ဂုဏ်သတင်းသည်လည်း ကုန်းမြေအနှံ့ ပျံ့နှံ့သွားလိမ့်မည်။
တရားမျှတစွာ ပြောရလျှင် လီလော့ကတော့ ထိုကဲ့သို့သော အောင်မြင်မှုများကို စိတ်မဝင်စားပေ။ သူသည် လက်တွေ့ကျသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသာ မြို့စားတစ်ဦး မဖြစ်လာလျှင် ကမ္ဘာပေါ်ရှိ ဂုဏ်ကျက်သရေများမှာ အောက်မေ့ဖွယ်အဖြစ်သာ ကျန်ရှိနေမည် ဖြစ်သောကြောင့်ပင်။
သူသည် အံ့ဩစရာ ပါရမီကို ပိုင်ဆိုင်ထားပြီး... ပိုမို အံ့ဩစရာကောင်းသော သက်တမ်းကို ပိုင်ဆိုင်ထားသည်။
"ငါ့ရဲ့ ပဲ့တင်ထပ်သံ (၃) မျိုးစလုံး အဆင့် (၈) ကို ရောက်ရှိနိုင်မလားဆိုတာက ဒီအပေါ်မှာပဲ မူတည်တယ်…”