← Chapters

စတင်ထွက်ခွာခြင်း

Vol. 67 Ch. 939

စတင်ထွက်ခွာခြင်း

Vol. 67 Ch. 939

​နောက်တစ်နေ့တွင် လီလော့သည် လီရုန်ယွင့်၏ နေအိမ်သို့ သွားရောက်၍ လီလင်းကျင်းကို ခေါ်ဆောင်ကာ စုဝေးရာနေရာသို့ ထွက်ခွာလာခဲ့သည်။

​"လီလော့..လင်းကျင်းကို နင့်လက်ထဲ အပ်လိုက်ပြီ.. ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ အန္တရာယ်တွေ ပေါများတာမို့ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ" ဟု လီရုန်ယွင့်က လှပသော လူငယ်စုံတွဲကို ကြည့်၍ အပြုံးဖြင့် သတိပေးလိုက်သည်။

​ရိုးသားစွာ ပြောရလျှင် လီလော့က အဘက်ဘက်မှ ထူးချွန်သောသူ ဖြစ်သည်။ အကြီးအကဲတစ်ဦးအနေဖြင့် လီရုန်ယွင့်ကတော့ လီလင်းကျင်းနှင့် လီလော့တို့ကို အလွန်ပင် လိုက်ဖက်သည်ဟု ခံစားရသည်။ တစ်ခုတည်းသော ပြဿနာမှာ လီလော့၌ စေ့စပ်ထားသူ ရှိနှင့်ပြီးဖြစ်ကြောင်း လီရုန်ယွင့် သိရှိထားခြင်း ဖြစ်သည်။

ကျန်းချင်အာဆိုသူလေးက အလွန်ပင် တောက်ပလွန်းလှပြီး အပြင်ဘက် နတ်ဘုရားကုန်းမြေမှ ထိုသို့သော ရင်သပ်ရှုမောဖွယ် ဖီးနစ်ငှက်မျိုး ပေါက်ဖွားလာနိုင်သည်ကို လူတိုင်း အံ့ဩကြရသည်။ ကျန်းချင်းအာ ရှိနေသဖြင့် 'ရေနတ်သမီး' ချင်းရီပင်လျှင် လီလော့၏ အကြည့်ကို အချိန်ကြာမြင့်စွာ ဖမ်းစားနိုင်မည် မဟုတ်ကြောင်း လီရုန်ယွင့် ခံစားရသည်။

​လီလော့က ခါးသီးစွာ ပြုံးလိုက်ပြီး…

"အဒေါ်ယွင့်…ပြောင်းပြန် ဖြစ်နေပြီထင်တယ်.. ကျွန်တော်ကသာ ဝမ်းကွဲအစ်မ လင်းကျင်းရဲ့ အင်္ကျီစကို ကိုင်ပြီး သူ ကျွန်တော့်ကို ကာကွယ်ပေးဖို့ မျှော်လင့်ရမှာပါ!"

​ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲသို့ ဝင်ရောက်မည့်သူများမှာ အကောင်းဆုံးထဲမှ အကောင်းဆုံးများ ဖြစ်သည်။ကောင်းကင် ပုလဲနှစ်လုံးအဆင့်မှာ အားနည်းလွန်းပြီး လီလင်းကျင်းလို ပုလဲခြောက်လုံးအဆင့်ရှိသူများသာ ထိုနေရာတွင် ထိပ်တန်းသားကောင်များ ဖြစ်နိုင်သည်။

​လီလင်းကျင်းက သူမ၏ သွယ်လျလှပသော လက်ချောင်းများဖြင့် လီလော့၏ ပုခုံးကို ပုတ်လိုက်ပြီး လခြမ်းကွေးကဲ့သို့ မျက်လုံးများဖြင့် ပြုံးလိုက်ကာ…

"ဝမ်းကွဲမောင်လေး ..စိတ်ချပါ… ဘယ်သူမဆို နင့်အပေါ် မကောင်းတဲ့ စိတ်အကြံအစည် ရှိရင် ငါ ခွင့်မလွှတ်ဘူး…"

"ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်၊ ဝမ်းကွဲအစ်မ"

​"ယဉ်ကျေးလိုက်တာ။"

လီလင်းကျင်း အနည်းငယ် ပြုံးလိုက်မိသည်။ သူမသည်လည်း ပဲ့တင်ထပ်သံ လှိုဏ်ဂူကို အလွန်ပင် မျှော်လင့်နေပုံရသည်။ ဒဏ်ရာကြောင့် အနားယူခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မိမိမျိုးဆက်မှ ပါရမီရှင်များနှင့် ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

​လီလော့ စကားဆက်မပြောတော့ဘဲ လီရုန်ယွင့်ကို နှုတ်ဆက်၍ လီလင်းကျင်းကို ခေါ်ဆောင်ကာ သတ်မှတ်ထားသော စုဝေးရာနေရာသို့ သွားရောက်ခဲ့သည်။

​သူတို့နှစ်ဦး ရောက်ရှိချိန်တွင် လီဖုန်းယီ၊ လီကျင်းထောင်နှင့် အခြားသူများ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။ သူတို့ကလည်း လီလော့ကို ဝမ်းမြောက်စွာ လက်ပြနှုတ်ဆက်ကြသည်။

​လီဖူလင်က လီဖုန်းယီဘေးတွင် ရပ်နေပြီး လီလော့ကို တစ်ချက်ကြည့်ကာ သူ့နောက်က သွယ်လျသည့် ပုံရိပ်ထံသို့ အကြည့်ရောက်သွားသည်။ သူမ ထိုရင်းနှီးသော မျက်နှာကို မှတ်မိသွားချိန်တွင် ငေးငိုင်သွားသည်။

​ခဏအကြာတွင် လီဖူလင် သတိပြန်ဝင်လာပြီး လီလင်းကျင်းကို စူးစိုက်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် "လီလင်းကျင်း၊ မတွေ့တာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။

​ဘေးနားရှိ လီရွှမ်းနှင့် လုဇီတို့ကလည်း စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြသည်။ သူတို့ သူမအကြောင်း ကြားဖူးသည်။ နှစ်ပေါင်းများစွာကတည်းက သူမ၏ နာမည်မှာ နဂါးစွယ်ကလန်ရှိ လူငယ်တိုင်း ရင်းနှီးသည့် နာမည်တစ်ခု ဖြစ်ခဲ့သည်။ တံခွန် (၂၀) အတွက် စမ်းသပ်မှုတွင် သူမမှာ နဂါးခေါင်းဆောင် ရာထူးအတွက် ရေပန်းစားခဲ့သည်။ သို့သော် ရလဒ်များ ထွက်ပေါ်လာချိန်တွင် သူမ စာရင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ သူမ နတ်ဆိုးတစ်ကောင်၏ ဖျက်ဆီးခြင်း ခံလိုက်ရပြီး သူမ၏ အခြေခံအုတ်မြစ် ပျက်စီးသွားကြောင်း နောက်မှသာ သိရှိခဲ့ရသဖြင့် ဤကံဆိုးမှုအတွက် လူအများ၏ သနားမှုကို ရရှိခဲ့သည်။

​သို့သော် ယနေ့တွင် သူမ သူတို့၏ ရှေ့တွင် ရပ်တည်နေချေပြီ။ အမှန်တကယ်တော့ ထိုနှစ်များက ကြုံတွေ့ခဲ့ရသော အခက်အခဲများမှ ပြန်လည် နာလန်ထူလာပုံရသည်။

​လီဖူလင်၏ အကြည့်ကို ရင်ဆိုင်ရင်း လီလင်းကျင်း၏ လှပသော မျက်နှာလေး ပြုံးရွှင်သွားသည်။

"လီဖူလင်…နင် ငါ့ကို မှတ်မိသေးတာလား?"

"ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ… နင် ငါ့ကို ပေးခဲ့တဲ့ ကတိကို မှတ်မိသေးလား. ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပေမဲ့ နင် ဘယ်တော့မှ မလာခဲ့ဘူး…"

​နဂါးစွယ်ကလန်၏ လူငယ်ခေါင်းဆောင်များ ဖြစ်ကြသော လီလင်းကျင်းနှင့် လီဖူလင်တို့က လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက တွေ့ဆုံခဲ့ကြပြီး တိုက်ခိုက်မှုများပင် ပြုလုပ်ခဲ့ကြသည်။ မည်သူမျှ မနိုင်သဖြင့် တံခွန် (၂၀) သို့ ရောက်ရှိမှ အဖြေရှာရန် သဘောတူခဲ့ကြသည်။

​ "ဟုတ်လား..တောင်းပန်ပါတယ်…"

သူမ၏ အေးစက်သော လေသံတွင် နောင်တရသည့် အရိပ်အယောင် လုံးဝ မရှိပေ။ ဖြစ်နိုင်သည်မှာ ဤကတိကို ထိန်းသိမ်းခြင်းမှာ သူမ ဖြတ်သန်းခဲ့ရသော နှစ်များစွာနှင့် ယှဉ်လျှင် ရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့နေခြင်း ဖြစ်နိုင်သည်။

​သူမ၏ ပြတ်သားသော အဖြေကြောင့် လီဖူလင် မျက်မှောင်ကြုတ်သွားသည်။ အရှေ့ပိုင်းဒေသမှ ယခင်က မာနကြီးသော အမျိုးသမီးလေး မရှိတော့ပေ။ သူမ ပြောင်းလဲသွားခဲ့ပြီ။

​လီလော့၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော လီလင်းကျင်းက စကားဆက်ပြောရန် စိတ်မဝင်စားသဖြင့် နေရ ထိုင်ရ အဆင်မပြေဖြစ်လာသည်။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် လေထု တုန်ခါသွားပြီး ပုံရိပ်များ ထွက်ပေါ်လာသည်။

​အဖွဲ့ကို ဦးဆောင်လာသူမှာ လီကျင်းဇယ် ဖြစ်သည်။ သူ့နောက်တွင် နဂါးစွယ်ကလန်၏ အကြီးအကဲများ ဖြစ်ကြသော လီကျင်းပန်နှင့် လီချင်းဖန်တို့ ပါလာကြသည်။

​"ကလန်ခေါင်းဆောင်ကို အရိုအသေပေးပါတယ်!"

​လီကျင်းဇယ်က လူအုပ်ကို ဝှေ့ယမ်းကြည့်ရှုလိုက်ပြီး… "မကြာမီ မင်းတို့တွေ ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲကို ဝင်ရောက်ကြတော့မယ်… အဲဒီနေရာမှာ တန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အရေးတွေ ရှိတာမို့ အကောင်းဆုံး အသုံးချနိုင်ဖို့ မျှော်လင့်တယ်..ပဲ့တင်ထပ်သံ လှိုဏ်ဂူက မူလကောင်းကင် နတ်ဘုရားကုန်းမြေက ပါရမီရှင်အားလုံးကို ဆွဲဆောင်ထားတာမို့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လိမ့်မယ်.. နဂါးပျံတက်ခြင်းပွဲထက်တောင် ပိုပြင်းထန်လိမ့်မယ်..ဒါကြောင့် အားလုံး သတိထားကြပါ…"

​လီကျင်းဇယ်၏ သတိပေးချက်များကို အဖွဲ့ဝင်များအားလုံး လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။

​ထို့နောက် လီကျင်းဇယ်က စကားမပြောတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများ ထွက်ပေါ်လာပြီး လူအုပ်ရှေ့တွင် ရပ်တန့်သွားသည်။

​လီလော့သည် မိမိရှေ့တွင် ရပ်တန့်သွားသော ရွှေရောင်အလင်းလုံးကို ကြည့်လိုက်သည်။ သူသည် ၎င်းကို ဆုပ်ကိုင်လိုက်ရာ ရွှေရောင်အလင်းမှာ မှော်စာလုံးများ ရေးထိုးထားသော ရွှေရောင် အဆောင်လက်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

​"ဒါက ရွှေရောင် ပဲ့တင်ထပ်သံ အဆောင်လက်ဖွဲ့လား..”

လီကျင်းဇယ်၏ စကားများကို ပြန်တွေးမိရင်း လီလော့ တုန်လှုပ်သွားသည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲသို့ ဝင်ရောက်ရန် ဤအဆောင်လက်ဖွဲ့များ လိုအပ်သည်။ ၎င်းတို့ကို အဆင့် (၃) ခု ခွဲခြားထားပြီး ရွှေရောင်မှာ အမြင့်ဆုံး ဖြစ်ကာ အဓိက နေရာများသို့ ဝင်ရောက်ခွင့် ရရှိသည်။

​"စည်းကမ်းအရ နဂါးပျံတက်ခြင်းပွဲရဲ့ ထိပ်ဆုံး (၅) ဦးသာ ရွှေရောင် အဆောင်လက်ဖွဲ့ကို ရရှိဖို့ အရည်အချင်း ပြည့်မီတယ်…ဒါပေမဲ့ လီလော့က နဂါးခေါင်းဆောင် ရာထူးကို ရရှိထားတာမို့ တံခွန်ဦးစီး (၄) ဦးစလုံးကိုလည်း ပေးအပ်လိုက်တာပဲ…"

​လီဖုန်းယီက သူမရှေ့ရှိ ရွှေရောင်အလင်းလုံးကို ကြည့်၍ ပျော်ရွှင်နေပြီး လီလော့ကို ပြုံးပြလိုက်သည်။

"မောင်လေး၊ ငါတို့တွေ နင့်ရဲ့ အရောင်အဝါအောက်မှာကို ရောက်သွားပုံပဲ…"

​သူမနှင့် တျန့်ဖုန်းရှန်က ထိပ်ဆုံး (၅) ဦးထဲ မဝင်ခဲ့ပေ။ ထို့ကြောင့် လီလော့၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့်သာ ရွှေရောင် အဆောင်လက်ဖွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

​တျန့်ဖုန်းရှန်ကလည်း ရွှေရောင် အဆောင်လက်ဖွဲ့ကို ရရှိပြီး လီလော့ကို ခေါင်းညိတ်ပြသည်။

လီဖူလင်၊ လုဇီနှင့် လီရွှမ်းတို့မှာလည်း ရွှေရောင် အဆောင်လက်ဖွဲ့များ ရရှိခဲ့ကြောင်း သူ သတိပြုမိလိုက်သည်။ ကျန်ရှိသော နဂါးစွယ်အစောင့်အရှောက်များကတော့ ငွေရောင် အဆောင်လက်ဖွဲ့များသာ ရရှိကြသည်။

​လီလင်းကျင်းမှာလည်း သူမ၏ အခြေအနေကြောင့် ရွှေရောင် အဆောင်လက်ဖွဲ့ကို ရရှိထားသည်။

​"မင်းတို့ လက်ထဲမှာ ကိုင်ထားတဲ့ ရွှေရောင် အဆောင်လက်ဖွဲ့တွေက ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ အရသာရှိတဲ့ အစားအစာတွေနဲ့ တူတယ်… ငါ ဒီလောက် အများကြီး ပေးလိုက်တာက အလွယ်တကူ ရနိုင်လို့ မဟုတ်ဘူး… ငါတို့မှာ အများကြီး ရှိနေတာက နဂါးသွေးမျိုးဆက်ရဲ့ စွမ်းအားကြောင့်ပဲ…တခြား အင်အားစုတွေမှာဆိုရင် ပါရမီရှင်များစွာက ရွှေရောင် အဆောင်လက်ဖွဲ့တစ်ခု ရဖို့အတွက် အသက်နဲ့ရင်းပြီး တိုက်ခိုက်ကြရတယ်… တခြားသူတွေက အဆောင်လက်ဖွဲ့တချို့ ရဖို့အတွက် စစ်တောင် တိုက်နိုင်ကြတယ်…"

​" ကြေးရောင် ဒါမှမဟုတ် ငွေရောင် အဆောင်လက်ဖွဲ့ တစ်ခုခု ရဖို့ ကံကောင်းတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ မမေ့နဲ့…သူတို့ ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲ ဝင်လာတဲ့အခါ မင်းတို့ရဲ့ ရွှေရောင် အဆောင်လက်ဖွဲ့တွေကို လိုချင်ကြလိမ့်မယ်.. နဂါးသွေးမျိုးဆက်ရဲ့ အဖွဲ့ဝင် ဖြစ်နေတာက သူတို့ရဲ့ မျက်စိကျခြင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး… အတိုချုပ်ပြောရရင် အခွင့်အရေး လိုချင်ရင် ကိုယ့်စွမ်းအားကိုပဲ အားကိုးပါ…မဟုတ်ရင် အလုခံရလိမ့်မယ်" ဟု လီကျင်းဇယ်က တည်ငြိမ်စွာ ရှင်းပြနေသည်။

​ဤစကားကြောင့် အားလုံး လေးနက်သွားပြီး အဆောင်လက်ဖွဲ့များကို ဂရုတစိုက် သိမ်းဆည်းလိုက်ကြသည်။

​လီကျင်းဇယ်က သူတို့၏ လုပ်ဆောင်ချက်များကို ကြည့်၍ စကားဆက်မပြောတော့ပေ။

​ထိုအခိုက်တွင် လီကျင်းပန်နှင့် လီချင်းဖန်တို့ ရှေ့သို့ တိုးလာကြသည်။ တစ်ချိန်တည်းမှာပင် နဂါးပုံစံ ပျံသန်းသော သင်္ဘောကြီးတစ်ခု တိမ်တိုက်များကို ဖောက်ထွက်၍ တောင်ထိပ်သို့ ဆင်းသက်လာသည်။

​"သွားရအောင်…ငါတို့တွေ ဦးဆောင်ပြီး ပဲ့တင်ထပ်သံ လှိုဏ်ဂူဆီ ခေါ်သွားပေးမယ်"

ထိုစကားကြားရသည်နှင့် ​အဖွဲ့ဝင်များက ခေါင်းညိတ်လိုက်ပြီး သူတို့၏ ကျောပြင်တွင် စွမ်းအင်ဖြင့် ဖန်တီးထားသော နဂါးတောင်ပံများ ပေါ်လာသည်။ လီလော့တို့ တိမ်တိုက်များထဲသို့ ပျံတက်သွားပြီး နဂါးသင်္ဘောပေါ်သို့ ဆင်းသက်လိုက်ကြသည်။

​လီချင်းဖန်နှင့် လီကျင်းပန်တို့လည်း လီကျင်းဇယ်ကို နှုတ်ဆက် ထွက်ခွာသွားကြသည်။

​လီကျင်းဇယ်က နဂါးသင်္ဘောကြီး တိမ်တိုက်များထဲသို့ ပျံသန်းသွားပြီး အဝေးသို့ ရောက်ရှိသွားသည်ကို တောင်ထိပ်တွင် လက်နောက်ပစ်၍ စောင့်ကြည့်နေသည်။

​သူသည် ခဏမျှ ငေးမောနေပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။

​"တိုင်ရွှမ်၊ မင်းရဲ့ သားက မင်းရဲ့ ခြေရာကို နင်းဖို့ ကံကြမ္မာ ပါလာပုံပဲ.. သူ့နာမည်က မကြာခင် ကုန်းမြေတစ်ခုလုံးမှာ ပျံ့နှံ့သွားလိမ့်မယ်…"

​...

​ကောင်းကင်ဧကရာဇ် ချင်မျိုးဆက်တွင်…

​တောင်ထိပ်ရှိ အနီရောင် နန်းတော်အတွင်း၌ …

​နန်းတော်၏ လသာဆောင်တွင် နတ်သမီးတမျှ လှပသော ပုံရိပ်တစ်ခု ရပ်နေသည်။ သူမသည် အရပ်ရှည်ပြီး လှပကာ မျက်နှာလေးက ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး ပတ်ဝန်းကျင်ကို မှေးမှိန်သွားစေသည်။ သူမ၏ မျက်လုံးများကလည်း ကြည်လင်သော ရေကန်တစ်ခုလို ဆွဲဆောင်မှုများ ရှိနေသည်။

ရေနတ်သမီး ချင်းရီ….

​သူမ၏ နောက်မှ ခြေသံများ ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ပြီး အခန်းထဲသို့ ဝင်လာသူကို ရိုသေစွာ နှုတ်ဆက်သည်။

"အမေ…"

​ရောက်ရှိလာသူမှာ မီးကြာပန်း ခန်းမသခင် ချင်းလျန် ဖြစ်သည်။

​ချင်းလျန်က သူမ၏ သမီးဆီသို့ ချဉ်းကပ်လာပြီး …

"လီလော့က ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ ပါဝင်မှာ သေချာတယ်" ဟု တိုးညင်းစွာ ပြောလိုက်သည်။

ထိုအခါ ​ချင်းရီ၏ အကြည့်များ အနည်းငယ် တုန်လှုပ်သွားပြီး "သူ နဂါးခေါင်းဆောင် ရာထူးကို ရခဲ့တယ်လို့ ကြားတယ်" ဟု ပြန်ဖြေသည်။

​ဤစကားကြောင့် ချင်းလျန်၏ အမူအရာ အေးစက်သွားသည်။

"ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်ရဲ့ လူငယ်တွေက အမှိုက်တွေပဲ…လီလော့က အပြင်ဘက် ကုန်းမြေမှာ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ပြီး တစ်နှစ်တည်းနဲ့ သူ့မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်နိုင်ခဲ့တယ်.. မျိုးဆက်တိုင်းက အားနည်းလာသလိုပဲ.. သူတို့ ဒီထက် ပိုကြာကြာ တောင့်ခံနိုင်မယ်လို့ မထင်ဘူး.."

​ချင်းရီ ဘာမှပြန်မပြောခဲ့ပေ။ လီလော့ကို ချီးကျူးခြင်းမှာ သူမ မိခင် သည်းခံနိုင်သည့်အရာ မဟုတ်ကြောင်း သူမ သိသည်။

​ချင်းလျန်က ချင်းရီ၏ လှပသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး…

"နင်သာ ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ လီလော့နဲ့ တွေ့ခဲ့ရင် ငါ့အတွက် တာဝန်တစ်ခု ရှိတယ်"

​"ဘာတာဝန်လဲ" ဟု ချင်းရီက မေးလိုက်ရင်း မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

​"သူ့ရဲ့ အသားတစ်စတစ်စကို ဖြတ်ယူခဲ့…"

All Chapters